21 Apr 2014

အသည်းရောဂါအတွက် ဆေးတလက်


ယခုရေးမည့် ဆေးပင်အကြောင်းကား ဆရာကြီးသာဂဒိုး ရေးပြသောဆေးပင်ဖြစ်သည်။ ထိုဆေးကြောင့် အနာရောဂါကင်းပျောက်ပုံ သာဓကဖြစ်ရပ်မှန်ကို တင်ပြအပ်ပါသည်။
အသည်းရောဂါသည် ယခုအခါမှ ဖြစ်ပေါ်သည်မဟုတ်။
ရှေးအခါခေတ်မီဆေးဝါး မထွန်းကားမီ ကာလကတည်းက
ဖြစ်ခဲ့ကြသည်။ အသည်းရောဂါဟူ၍ အမည်မတပ်ခဲ့ကြ။
ရှေးလူကြီးသူမတို့က အသားနက်ရောဂါဟူ၍ အမည်တပ်ခဲ့ကြပါသည်။
ဆေးပညာထွန်းကားလာသောအခါ ဆရာဝန်ကြီးများသည် စီပိုး၊ ဘီပိုကြောင့် အသည်းရောဂါဖြစ်သည်ဟူသော အကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ 


အသည်းရောဂါဖြစ်လျှင် သေဆုံးသည်ကများသည်။ ဆရာဝန်များနှင့်စမ်းသပ်၍ အသည်းရောဂါစီပိုးတွေ့
သည်ဆိုလျှင် အသည်းရောဂါရှင်များစိတ်အားငယ်ကြတော့သည်။
တာမခံ ဖားကန့်မှ အသည်းရောဂါရှင် ဒေါ်ခင်မိုးဦးကိုမန္တလေးမြို့သို့ စာရေးသူ သွားစဉ် တွေ့ခဲ့သည်။ မန္တလေးမြို့ မဟာဓမ္မိကာရာမတိုက် မင်္ဂလာအုတ်ကျောင်းတွင် တည်းခို၍ဆေးခန်းပြနေသည်ကို တွေ့ရသည်။ဒေါ်ခင်မိုးဦးသည် အသည်းခြောက်သောရောဂါကိုခံစားနေရသည်။ အသားဖြူသော အသားအရေမှာ မဖြူတော့ဘဲ မဲခြောက်ပြာနှမ်းနှမ်း ဖြစ်နေသည်။ အသည်းရောဂါထလာပြီး
ရောဂါတိုးလျှင် ဆေးရုံကြီး အမြန်သွား၍ ကုသမှုခံယူရသည်။ တန်ဖိုးကြီးသော အသည်းဆေးကို အလျင်အမြန် ထိုးရသည်။


ပထမတော့ ဒေါ်ခင်မိုးဦး၏ ခင်ပွန်း ဦးစိုင်းထွန်းထွန်း ကိုယ်တိုင်လာ၍ ကြပ်မတ်ကုသပေးသည်။
နှစ်ရှည်လများ ဖြစ်လာသောအခါ ငွေကြေးရှာဖွေရေးကလည်း တဖက် ရှိသေးသမို့ အခါခပ်သိမ်း မလာနိုင်တော့ဘဲ ငွေသာ ပို့ပေးနိုင်တော့သည်။အသည်းခြောက်ရောဂါရှင် ဒေါ်ခင်မိုးဦး ကုသရသော
နှစ်ကာလမှာ ၂-နှစ်ကျော်မျှ ကြာခဲ့ပြီ။ ဆေးဖိုးနှင့် ကုသစရိတ် သိန်း ရာကျော်မျှ ကုန်ကျနေပြီ။ ရောဂါမှာ ပျောက်သည်ဟူ၍ မရှိ၊ သက်သာရုံ ခံသာရုံမျှသာ ရှိသည်။ နေရပ်ပြန်၍လည်း မဖြစ်သဖြင့် မန္တလေးမြို့ ဘုန်းတော်ကြီးကျော်းတွင် တည်းခို၍ ၂-နှစ်ကျော်
ကာလ အိမ်မပြန်ဘဲ နေရတော့သည်။


တနေ့နေ့တော့ ဒီအသည်းရောဂါဖြင့် ကွယ်လွန်လိမ့်မည်ဟု
ဒေါ်ခင်မိုးဦးရော ဦးစိုင်းထွန်းထွန်းပါ မှတ်ချက်ချထားမိကြသည်။
ဒေါ်ခင်မိုးဦးသည် (*****)မြို့ ဆေးရုံတွင် ဗိုက်ခွဲ မီးဖွားစဉ်က
သွေးသွင်းရာတွင် ရရှိခဲ့သော အသည်းရောဂါ ပိုးကြောင့် ကူးစက်ခံရခြင်း ဖြစ်သည်။ ထိုရောဂါကို ၂-နှစ်ကျော် ၃-နှစ်နီးပါး ကုသမှုခံယူရပြီး ယခုအခါ ပျောက်ကင်းသွားပြီ။
ပြည်သူ့ဆေးရုံကြီးတွင် စမ်းသပ်သည့်အခါ အသည်းရောဂါပိုး မရှိတော့ကြောင်း သိရသည်။ သို့ဖြင့် ဇာတိဌာနေ ကချင်ပြည်နယ်၊ တာမခံ ဖားကန့်နယ်မြေသို့ ပျော်ရွှင်ဝမ်းမြောက်စွာ
ပြန်သွားနိုင်လေပြီ။


ရွာက ဆွေမျိုးသားချင်း မိတ်ဆွေတို့ကမူသေလူအဖြစ် သတ်မှတ်သော ဒေါ်ခင်မိုးဦး ပြန်ရောက်လာ၍ အံ့သြ၀မ်းသာ ဖြစ်ကြပေတော့သည်။ဒေါ်ခင်မိုးဦး၏ အသည်းခြောက်ရောဂါ ပျောက်သောဆေးမှာ
တောရွာကျေးလက်များတွင် ငွေမကုန်ဘဲ လမ်းဘေးတွင် ခူးဆွတ်သုံးစွဲနိုင်သော ဆေးပင်ဖြစ်သည်။
ဆေးရုံကပေးသော ဆေးကိုလည်းစားရင်း အဆိုပါဆေးပင်ဆေးတို့ကိုလည်း မှန်မှန်သောက်သဖြင့် ပျောက်ကင်းချမ်းသာခဲ့ခြင်း ဖြစ်သည်။ ထိုဆေးပင်ဆေးကို သောက်သုံးစကပင် သိသိသာသာ သက်သာလာသောကြောင့် မှန်မှန် နံနက်ည လက်ဖက်ရည်ပန်းကန်တလုံး သောက်ခဲ့ရာမှ အသည်းရောဂါပိုးသေပြီး ကျန်းမာပကတိ ချမ်းသာစွာ ရှိခဲ့ခြင်းဖြစ်သည်။



ထိုအသည်းခြောက်ရောဂါကို အနိုင်ယူနိုင်သော ဆေးရွက်ကားမြို့တိုင်း၊ ရွာတိုင်း၊ နယ်တိုင်း၊ နေရာဒေသ တိုင်းတွင်ပေါက်ရောက်သော လွယ်ကူသော ဆေးပင်ဖြစ်သည်။
ထိုဆေးပင်ကား လမ်းဘေးတွင် ချုံပင်များအဖြစ် ပေါက်ရောက်၍တောင်သူလယ်သမားများ အမြဲတမ်း ခုတ်ထွင်ရှင်းလင်း မီးရှို့ပစ်ရသော ဆေးပင်ဖြစ်သည်။ ထိုဆေးပင်သည် ပွင့်ပြီးလျှင် မျိုးကျ၍ မိုးကျလျှင် အပင်ငယ်များ ပြန်ပေါက်သည်။ ဒီဇင်ဘာလလောက်တွင် အရွက်ကြွေကျပြီး ရွက်သစ်ပေါက်သောအခါ ရှင်သန်နေသော နှစ်ရှည်ခံပင် ဖြစ်သည်။


မခုတ်ထွင်ဘဲထားလျှင် ၁၀-ပေ၊ ၁၂-ပေခန့်ရှည်၍ တက်သွားတတ်သည်။ အသက်ကြီးသော အပင်များမှာ လက်မောင်းခန့်၊ ခြေသလုံးခန့် အပင်ကြီးများအထိ ရှိတတ်သည်။
ထိုအပင်၏ မူလအပင်လုံးမှာ ဖျော်ရည်သောက်စုပ်တံခန့်ရှိပြီး အလယ်တွင် အူကြောင်းအခေါင်းရှိသည်။ အကိုင်းဆတ်သည်။ ချိုးယူ၍ရသည်။ အရွက်မှာ ခွေးသွားစိပ်ကျဲကျဲရှည်ရှည် ပါရှိသည်။ နှစ်လက်မခွဲ၊ သုံးလက်မခန့် ရှိသည်။


နှစ်လက်မခန့် ပြန့်ကျယ်သည်။ ထိုအရွက်၏ အရသာမှာ စပ်ရှိန်းရှိန်း ရှိသည်။ ထိုအရွက်၊ ထိုဆေးပင်ကို လူတိုင်းသိနေကြသည်။ အပွင့်အဆုပ်လိုက် ပွင့်သည်။ အပွင့်မှာ အပြာရောင် (ဗေဒါရောင်) ရှိ၍ ကုန်းဗေဒါဟူ၍၄င်း၊
ဝံသာနုပင်ဟူ၍၄င်း၊
ဂျာမနီချုံပင်ဟူ၍၄င်း၊
ပိစပ်ကြီးပင်ဟူ၍၄င်း၊ ခေါ်ကြသည်။
အချို့အရပ်ဒေသများတွင် ဇီယာအရသာ အနံ့ရှိ၍ တောဇီယာဟူ၍
လည်း ခေါ်ကြသည်။


အဖြူပွင့်၊ အပြာပွင့် နှစ်မျိုးရှိရာ အပြာပွင့်ကို အသုံးများကြသည်။ အပြာပွင့်မှာ ပေါလည်းပေါသည်။
ထိုအရွက်သည် ပူ၍ စပ်ရှိန်းရှိန်းရှိသဖြင့် ကျွဲနွားများ ထိခိုက်ရှနာဖြစ်လျှင် ထောင်းထု၍ အုံကြသည်။ အနာအကျက်မြန်သည်။ အသည်းရောဂါရှင် ဒေါ်ခင်မိုးဦးသည် ထိုအပင်ကို ထောင်း၍ အရည်ကို နံနက်ည မှန်မှန်သောက်ခဲ့သည်။
သို့ဖြင့် အသည်းရောဂါ တနေ့တခြား သက်သာလာပြီး
ပျောက်ကင်းခဲ့သည်။


ထိုဆေးရွက်ကို သောက်သုံးသည့်အခါ မည်သို့နေပါသလဲ-ဟု စာရေးသူက မေးကြည့်သည်။ ဒေါ်ခင်မိုးဦးက တကိုယ်လုံး ပူရှိန်းရှိန်း ရှိသည်။ ဓာတ်သက်သည်။ ဆီးဝမ်းလေ မှန်သည်။ ထိုဆေးကြောင့် ဆိုးကျိုးရောဂါ တခုမျှ ဖြစ်ပေါ်မလာ။ သူ့ကိုသောက်ပြီးကတည်းက ပေါ့ပါးသွက်လက်လာသည်-ဟု ဆိုပါသည်။
ဤဆေးရွက်ရည်သောက်ပြီးကတည်းက ဆေးရုံမသွားရတော့ဘဲ ပျောက်ကင်းချမ်းသာလာပါသတဲ့။ ယင်းသို့ဆိုလျှင် ဤဆေးရွက်ဆေးပင်သည်အသည်းခြောက်ရော
ဂါကို အနိုင်ယူကုသပေးနိုင်သော ဆေးပင်အဖြစ်
ဆေးမှတ်တမ်းတခု ဖြစ်ပါတော့သည်။


သို့ရာတွင် တန်ဆေး လွန်ဘေး ဖြစ်တတ်သဖြင့် ဤဆေးရွက်ကိုမှီဝဲသုံးဆောင်ပြီး ဆရာဝန်များနှင့် စမ်းသပ်ခံယူ၍ အသည်းရောဂါပိုး မရှိတော့လျှင် မသောက်သင့်တော့ပါ။ အခြားသော ခန္ဓာကိုယ် အကျိုးပြု ပိုးမွှားများသေဆုံးသွားနိုင်သည်ကို သတိပြုသင့်ပါသည်။
ဤငါးမည်ရ ဆေးရွက်သည် အသည်းရောဂါပိုး နှိမ်နင်းပုံကို ကိုယ်တွေ့ခံစား၍ လက်တွေ့သောက်သုံး ပျောက်ကင်းသူ ကချင်ပြည်နယ်၊ မိုးကောင်း မြို့နယ်၊ တာမခံဖားကန့်မှ ဒေါ်ခင်မိုးဦး
၏ လက်တွေ့ပျောက်ကင်းပုံ သာဓကကို အမည်များ လွဲပြောင်း၍
ဖြစ်ရပ်မှန်ကို တင်ဆက်လိုက်ပါသည်။ ရှာဖွေသောက်သုံး၍ အသည်းရောဂါဝေဒနာရှင်များ ကျန်းမာပကတိ ချမ်းသာစွာ ရှိကြပါစေသော်။

ကသာဆွေဝင်း (ရွှေလီငါးတဲ ဆရာတော်)
(မြတ်မင်္ဂလာ ၂၀၀၇-ခု အောက်တိုဘာလ)
ရေးမိရေးရာလေးများ


 
MyawadyNews

“ရန်ကုန်မြို့က မစ္ဆရိယပြိတ္တာမ ”


                  
♦မစ္ဆရိယသည် သေးငယ်လျှင် “မိမိပစ္စည်း”ကိုသာ ဝန်တိုသည်။
♦ကြီးလာလျှင် “သူတပါး၏ ပစ္စည်း”ကိုပါလိုက်ပြီး ဝန်တိုလာတတ်သည်။
ကျွန်ုပ်၏ တပည့်မလေးတစ်ယောက်မှ တစ်ဆင့်သိရသော အဖွားကြီးတစ်ယောက်၏
အဖြစ်သည်ကား သနားစရာလည်းကောင်း၊ သံဝေဂရစရာလည်း ကောင်းလှပါသည်။
ထိုအဖွားကြီးသည် မစ္ဆရိယ၏ နှိပ်စက်မှုကြောင့် မပေးနိုင်မကမ်းနိုင် နှမြောစေးနည်း ဝန်တိုလှသည်။

မစ္ဆိရိယက ကြီးသထက်ကြီးလာသောအခါ မိမိပစ္စည်းကိုသာ ဝန်တိုရုံမကတော့ပဲ
အိမ်သားအားလုံး၏ ပစ္စည်းများကိုပါလိုက်ပြီး ဝန်တိုလာသဖြင့် အိမ်သားများ မည်သူ ဒါနပြုပြု၊
မပြုရန် တားဆီးပိတ်ပင်တော့သည်။ ထိုသို့ပြုခြင်းကို စာပေ၌ ပုညန္တရာယ် ဟုခေါ်သည်။
သူတစ်ပါး၏ “ကုသိုလ်ပျက်စီးအောင် အန္တရာယ်ပြုခြင်း”ဟု အဓိပ္ပါယ်ရသည်။ အလွန်အကုသိုလ်ကြီးသော အမှုပါတည်း။

တစ်နေ့တွင် ထိုအဖွားကြီးဆုံးသွားလေရာ ဗုဒ္ဓဘာသာတို့၏ ထုံးစံအတိုင်း ရက်လည်ဆွမ်းကျွေးပြီး
နောက်တစ်နေ့မှာပင် သူ၏ မြေးမလေးအား အိမ်မက်ပေးလေသည်။ အိမ်မက်ထဲတွင်
အဖွားကြီးမှာ ပိန်လှီနေပြီး အရိုးပေါ်အရေတင် ရုံသာရှိသည်။အဝတ်အစားလည်းမရှိဘဲ ကိုယ်တုံးလုံးကြီး ဖြစ်လျှက်ရှိသည်။အိမ်မက်ထဲ၌ မြေးနှင့်အဖွားပြောနေကြသည်မှာ...

“မြေးလေးရေ... အဖွားကို ကယ်ပါဦး၊ အဖွားမှာ စားစရာလည်းမရှိ၊
ဝတ်စရာလည်းမရှိ ဖြစ်နေပြီ။ မြေးလေး မြင်ရတဲ့ အတိုင်းပဲ”

“အဖွားရယ်... မြေးလေးတို့တစ်တွေ အဖွားဆုံးတဲ့နေ့ကလည်း သက်ပျောက်ဆွမ်းကပ်တယ်။
သင်္ဂြိုဟ်တဲ့နေ့ကလည်း မြေဆင်းဆွမ်း ကပ်လှူတယ်။ ရက်လည်တဲ့နေ့ကျတော့လည်း အဖွားသက်စေ့
သံဃာတွေပင့်ပြီး ဆွမ်းတွေ၊ သင်္ကန်းတွေ လှူခဲ့တာပဲ။ မြေးလေးတို့ အမျှပေးတာ အဖွား သာဓုမခေါ်ရဘူးလား”

“ခေါ်လို့မရပါဘူး ငါ့မြေးရယ်”

“ဘာလို့လဲ အဖွားရဲ့”

“ကိုယ်ပြုတဲ့ဒဏ် ကိုယ့်ပြန်ခံရတာပဲ ငါ့မြေးရယ်။ အဖွားမသေခင်တုန်းက ကိုယ်ကိုယ်တိုင်
ဒါနမပြုခဲ့တဲ့အပြင် သူတပါးပြုတဲ့ဒါနကိုလိုက်ပြီး တားဆီးခဲ့တဲ့ သူတစ်ပါးကုသိုလ်ကို ပိတ်ပင်တားဆီးခဲ့တဲ့
အကုသိုလ်ကံကြောင့် အခုအဖွားမှာ သာဓုခေါ်စရာ ပါးစပ်ပေါက်ပါမလာဘူး မြေးလေးရယ်”
ဟုပြောပြီး ပါးစပ်ပေါက် မပါသော သူ့မျက်နှာကို လှည့်ပြသဖြင့် မြေးဖြစ်သူမှာ လန့်ပြီး အိပ်ရာမှ နိုးသွားခဲ့ရပါသည်။

ထိုအဖွားကြီးကား ပြိတ္တာဘုံဘဝမှ ကျွတ်လွတ်ရန်မလွယ်တော့ပါချေ။ “ဣဿာမစ္ဆရိယ”သည်
ထိုကဲ့သို့ လောကီချမ်းသာများဆုတ်ယုတ်အောင် လုပ်သည်သာမကသေး၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊
နိဗ္ဗာန်ချမ်းသာမရအောင်လည်း လုပ်ပါသေးသည်။ “သုတ္တနိပါတ်ပါဠိတော်” ၌ “အဇိတရသေ့” က ဗုဒ္ဓအား-
ကေနသု နိဝုတောလောကောကေနသုန ပကာသတိ။ကိဿာ ကိလေပနံ ဗြူသိ။
ကိဿမဿံ မဟဗ္ဗယံ။

မြတ်စွာဘုရား ပရမတ်ရုပ်နာမ် သင်္ခါရတွေ အမြင်အောင် ဝါ မဂ်ဖိုလ်မရအောင် အဘယ်တရားတွေက
ပိတ်ဖုံးထာပါသလဲဘုရား ဟုမေးလျှောက်ရာ ဗုဒ္ဓက-ဝေဝိဇ္ဇာ ပမာဒါ ဉာဏပတံနကရောတိ။

ဣဿာမစ္ဆရိယ တရားနှစ်ပါးနှင့် မေ့လျော့ခြင်း၊ပမာဒတရားများက မဂ်ဖိုလ်မရအောင်
တားဆီးတတ်ကြောင်း ဟောကြားထားရာဣဿာမစ္ဆရိယသည် သာမန် အကုသိုလ်မဟုတ်။
မဂ်ဖိုလ်မရအောင်ပင် တားတတ်သည့် အကုသိုလ်တရားကြီးဖြစ်ကြောင်း သတိပြုကြရပါမည်။

[မေတ္တာရှင်(ရွှေပြည်သာ)၏ “အတွင်းရန်သူ” မှ-]
 
 

ဂန္ဒီ၏ ကမ္ဘာကျော် ဆိုရိုးစကားအချို့ 



မဟတ္တမ ဂန္ဒီနေ့ လို့ အိန္ဒိယနိုင်ငံသား တို့ သတ်မှတ်ထားကြပါတယ်။ ယင်းနေ့ဟာ အိန္ဒိယလွတ်လပ်ရေး ဖခင် (ကမ္ဘာ့ ငြိမ်းချမ်းရေး ခေါင်းဆောင် တစ်ဦး) ဖြစ်တဲ့ ဂန္ဒီရဲ့ မွေးဖွားရက် လည်း ဖြစ်ပါတယ်။ ဂန္ဒီရဲ့ ကမ္ဘာကျော် ဆိုရိုးစကား အချို့ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ မနက်ဖန်သေရမယ်လို့ မှတ်ယူပြီး အသက်ရှင်ပါ။ တစ်သက်လုံး အသက်ရှင်ရမယ်လို့ မှတ်ယူပြီး လေ့ လာသင်ကြားပါ။

၂။ ရန်ကိုရန်ချင်း တုံ့ပြန်နေရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်ဆီးသွားပါလိမ့်မယ်။

၃။ လူဆိုတာ သူတွေးသလို ဖြစ်လာခြင်း ဖြစ်ပါတယ်။

၎။ နိုင်ငံတစ်နိုင်ငံ ဘယ်လောက်ထိ ကြီးကျယ်မြင့်မြတ်တယ်ဆိုတာ သူတို့ တိရစ္ဆာန် တွေကို ဘယ်လိုကျွေးမွေးတယ် ဆိုတာကို ကြည့်ပြီး ဆုံးဖြတ် နိုင်ပါ တယ်။

၅။ ပထမဆုံး သင့်ကို လစ်လျူရှုမယ်။ ပြီးတော့ သင့်ကို ရယ်မော လောင်ပြောင်မယ်။ ပြီးတော့ သင့်ကို တိုက်ခိုက်မယ်။ ဒီနေရာမှာ အနိုင်ရနေရသူဟာ သင်ပဲ ဖြစ်ပါတယ်။

1. Live as if you were to die tomorrow. Learn as if you were to live forever.

2. An eye for an eye only ends up making the whole world blind.

3. A man is but the product of his thoughts what he thinks, he becomes.

4. The greatness of a nation can be judged by the way its animals are treated.

5. First they ignore you, then they laugh at you, then they fight you, then you win.

 
 
Credit To : Lsomaungmaung Maung

Myanmar News Update


ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့် ရုပ်တုများ


ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့် ရုပ်တုများ (Tallest Statues in the World) အကြောင်းကို ဗဟုသုတ ရရှိအောင် ဖော်ပြ ပေးလိုက်ပါတယ်။

(၁) Spring Temple Buddha

ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော် ရုပ်တုကတော့ တရုတ်နိုင်ငံ Henan ပြည်နယ်မှာ တည်ရှိပါတယ်။ မှတ်တမ်းအရ အမြင့် ၁၂၈ မီတာ(ပေ ၄၂ဝ) ရှိသော်လည်း ကြာဖူး၊ ပလ္လင်အမြင့်နဲ့ အောက်ခံပါဆို စုစုပေါင်း ၂ဝ၈မီတာ (၆၈၂ ပေ) ရှိပါတယ်။ ၂ဝဝ၂ ခုနှစ်မှာ ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော် အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။


(၂) Laykyun Sekkya (လေးကျွန်းစကြာ၊ မုံရွာ)

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့မှာ ကိုးကွယ်တော်မူ ထားတဲ့ လေးကျွန်းစကြာ ရုပ်ပွားတော်မြတ်ကြီးဟာ

၁၉၉၆ ခုနှစ်မှာ စတင်တည်ထားပြီး ၂ဝဝ၈ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ ၁၁၆ မီတာ (၃၈၁ ပေ) အမြင့်ရှိတယ်လို့ တရားဝင် မှတ်တမ်းတင် ထားပါတယ်။

(၃) Ushiku Daibutsu

ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ ရုပ်ပွားတော်ပါ။ မီတာ ၁ဝဝ (ပေ ၃၆ဝ) မြင့်ပြီး အောက်ခံခုံ အပါအဝင် မီတာ ၁၂ဝ (၃၉၄ ပေ) မြင့်ပါတယ်။

၁၉၉၅ ခုနှစ်မှာ တည်ဆောက် ပြီးစီးခဲ့ပြီး ဂျပန်နိုင်ငံ၏ အမှတ်တံဆိပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

(၄) Nanshan Haishang Guanyin

မြန်မာတို့သိကြတဲ့ ကွမ်ရင်မယ်တော် ရုပ်တုပါ။ တရုတ်နိုင်ငံ Henan ပြည်နယ်မှာ တည်ရှိပြီး ၁ဝ၈ မီတာ (၃၅၄ ပေ) မြင့်ကာ ၂ဝဝ၅ ခုနှစ်မှာ တည်ဆောက် ပြီးစီးခဲ့ပါတယ်။ ရေပြင်မှာ တည်ထားတာပါ။

Myawady News



''ဟံသာဝတီဦးဝင်းတင်ဆိုတာ ဘယ်လို လူစားမျိုးလဲ အပြည့်အစုံဖတ်နိုင်ပါပြီ''


 
 
ဦးဝင်းတင် (၁၉၃ဝ - )
အမည် - ဦးဝင်းတင် အဖအမည် - ဦးပု
အမိအမည် - ဒေါ်အမာမွေးသက္ကရာဇ် -
၁၉၃ဝ ပြည့်နှစ်၊ မတ်လ ၁၂ ရက်
ဇာတိ - ပဲခူးတိုင်း ကြို့ပင်ကောက် မြို့

ပညာအရည်အချင်း - ၁၉၅၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ အင်္ဂလိပ် စာပေ၊ ခေတ်သစ် ရာဇဝင်နှင့် နိုင်ငံရေးသိပံ္ပဘာသာ တွဲဖြင့် ဝိဇ္ဇာဘွဲ့ ရခဲ့သည်။

ကလောင် အမည်ခွဲများ - မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းထင်၊ ပုည၊ ဝင်းဆွေ၊ သုတေသီ၊ အယ်ဒီတာ တဦး

ဦးဝင်းတင်သည် သားသမီး ၃ ဦး အနက် အကြီးဆုံး ဖြစ်သည်။ ဦးဝင်းတင်ဟာ အိမ်ထောင် မပြူဖူးပါ၊ လူပျိုကြီးအဖြစ် နေထိုင် နေသူတဦး ဖြစ်သည်။ တက္ကသိုလ်မှာ အင်္ဂလိပ် စာပေ၊ ခေတ်သစ် သမိုင်းနဲ့ နိုင်ငံရေးသိပ္ပံဘာသာတွဲကို ယူခဲ့ပြီး၊ ၁၉၅၃ မှာ ဘွဲ့ရခဲ့သည်။ ရန်ကုန်တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း တွေမှာ ဝင်းတင် အမည်နဲ့ကဗျာနဲ့ ဝတ္ထုတို တွေကို စတင် ရေးသားရင်း ကလောင် သွေးခဲ့သည်။

ရန်ကုန် တက္ကသိုလ်မှာ အရင်းနှီးဆုံး ကလောင် သွေးဖက်သည် မင်းယုဝေ ခေါ် ဦးဝင်းမောင် ဖြစ်သည်။ တက္ကသိုလ်မှာ ဦးထွန်းတင် (ရှေ့နေ)၊ စာရေး ဆရာ ကျော်အောင်၊ ကြည်လင်၊ မြသန်းတင် စတဲ့ သူတွေနဲ့လည်း ခေတ်ပြိုင် ကျောင်းနေဖက်များ ဖြစ်သည်။

အကျိုးဆောင် ဂျာနယ်မှာ လက်ထောက် အယ်ဒီတာ အဖြစ် ပထမဆုံး လုပ်ကိုင်ခဲ့သည်။ ၁၉၅၃ ခုနှစ်မှာ AFP နိုင်ငံခြား သတင်း ဌာနတွင် ည အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ စာပေ ဗိမာန်၌ လက်ထောက် အယ်ဒီတာ အဖြစ် ၁၉၅ဝ မှ ၁၉၅၄ ခုနှစ်ထိ တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၅၃ မှာ ဒဂုန်တာရာ ဦးစီး ထုတ်တဲ့ ဂန္ထဝင် ဂျာနယ်မှာ လက်ထောက် အယ်ဒီတာ အဖြစ် ကိုယ့်ထမင်း ကိုယ်စားပြီး လုပ်ရန် ရည်ရွယ် ထားသော်လည်း ဂျာနယ် ရပ်သွား သဖြင် စာပေ ဗိမာန်တွင် မြဲနေခဲ့ခြင်း ဖြစ်သည်။

၁၉၅၄ မှ ၁၉၅၇ ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ် ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ် ထုတ်ဝေမှု ပညာနှင့် စာနယ်ဇင်း ပညာ ဆည်းပူးရင်း တဘက်မှလည်း မြန်မာ ဘာသာပြန် စာအုပ် စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေး အယ်ဒီတာ အဖြစ် လုပ်ကိုင် ခဲ့သည်။

တဖက်တွင် စာသင် နေရင်း မြန်မာ နိုင်ငံ သတင်းများ စုစည်း ဖော်ပြသည့် 'ဒို့ပြည် သတင်း' သတင်း စာ စောင်ရေ ၅ဝဝ ခန့် ကိုယ့်ငွေနှင့်ကိုယ် ကိုယ်ဘာသာ ရေးသား ထုတ်ဝေ၍ ကမ္ဘာ တဝှမ်းရှိ ပြည် ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ ပေးပို့ ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ်၊ ဧပြီလ မြန်မာ နိုင်ငံ ပြန်လာ သည့် အချိန် အထိ လုပ်ဆောင် ခဲ့သည်။

ဥရောပမှာ ရှိစဉ် မင်းယုဝေ၊ ငွေတာရီ ဇနီး မောင်နှံ နှင့်အတူ ပန်းချီ ပြန်တိုက်တွေကို လှည့်လည် လေ့လာ ခဲ့သည်။ ထိုကြောင့် နောက်အခါ ပန်းချီ ဝေဖန်စာ များကို ရေးရာမှာ သူ့ အတွေ့အကြုံများကို တည့်သွင်း ရေးသား နိုင်ခြင်း ဖြစ်သည်။

၁၉၅၇ ခုနှစ် ကြေးမုံ သတင်းစာ စတင် ထူထောင် သူများတွင် ပါဝင် ခဲ့ပြီး ကြေးမုံ သတင်းစာ အမှုဆောင် အယ်ဒီတာ အဖြစ် ဇဝန၊ အောင်ဗလ (ကြေးမုံ ဦးသောင်း)၊ စိန်ခင်မောင်ရီ တို့နှင့် အတူ ဝင်ရောက် လုပ်ကိုင် ခဲ့ပြီး ကြေးမုံ သတင်းစာ ချိတ်ပိတ် ခံရသည့် အချိန်တွင် ပြည်သူ့ အိုးဝေသို့ ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ထိုမှ ကြေးမုံသို့ ပြန်ရောက် ခဲ့သည်။

၁၉၅၉ မှ ၁၉၆၄ ခုထိ စာနယ်ဇင်း ကောင်စီ အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

ကြေးမုံ သတင်းစာ ပြည်သူပိုင် အသိမ်း ခံရသည့် နောက်ပိုင်း ၁၉၆၉ ခုနှစ် အောက်တိုဘာလမှာ မန္တလေးမြို့မှာ ထုတ်ဝေတဲ့ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် အဲဒီ အချိန်က မြန်မာ နိုင်ငံရဲ့ နံပါတ်ဝမ်းကြီး ဖြစ်သည့် ဗိုလ်နေဝင်းက ခန့်အပ် ခဲ့သည်။ ဗိုလ်နေဝင်း ဘုန်းမီးနေလ တောက်ပစဉ် အချိန်က သူဟာ ဘယ်သူ့ကိုမှ ဂရု စိုက်ခဲ့တဲ့သူ မဟုတ်ပါ။ သို့သော်လည်း ဗိုလ်နေဝင်း မန္တလေး မြို့ကို လာတိုင်း တခြား သူများကို မတွေ့ရင်သာ နေမည် ဦးဝင်းတင် ကိုတော့ နန်းတော်ထဲ ခေါ်ပြီး တလေးတစား တွေ့ဆုံ တတ်ပါသည်။

ဦးဝင်းတင်သည် ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေး မြို့ထုတ် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

ထိုကာလ အတွင်း အနောက် ဥရောပနှင့် အရှေ့ အာရှ နိုင်ငံပေါင်း ၂ဝ ခန့်သို့ သတင်းစာ ဆရာ တယောက် အဖြစ် လေ့လာရေး ခရီး သွားရောက် ခဲ့သည်။ ထိုခရီးစဉ် အတွင်း ရောက်ရာ အရပ်မှ နေ၍ သတင်းများ ရေးသားပြီး မြန်မာပြည်သို့ ပို့ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် "ခြေတွင် စကား လက်ဖြား ကဗျာ မျက်နှာ ဇာတ်လမ်း" ဆိုသည့် အမည်ဖြင့် စာအုပ် ထုတ်ခဲ့သည်။

ဦးဝင်းတင်ဟာ သတင်းစာ ဆရာ ဘဝ ကိုသာ မြတ်နိုးပြီး ရာထူး ဂုဏ်ရှိန် များကို တတ်မက်ခဲ့သူ မဟုတ်ပါ။ ဟံသာဝတီ သတင်းစာမှာ အယ်ဒီတာချုပ် လုပ်ကိုင် နေစဉ်က ဦးဝင်းတင်ကို မဆလ အစိုးက ပြန်ကြားရေး ဌာနမှာ ဒုတိယ ဝန်ကြီး ပေးမယ်လို့ ကမ်းလှမ်း ခဲ့ဖူး သော်လည်း၊ ဦးဝင်းတင်သည် ထို ကမ်းလှမ်းချက်ကို လက်မခံ ခဲ့ပေ။

၁၉၆၈ ကနေ ၁၉၇၂ အထိ အထက် ဗမာနိုင်ငံ စာရေး ဆရာ အသင်း စာဆိုတော်နေ့ စာတမ်း ဖတ်ပွဲများ တွင် လူထု ဦးလှ၊ လူထု ဒေါ်အမာ တို့နှင့် အတူ ပါဝင် ဆောင်ရွက် ခဲ့သည်။ မန္ဈလေးတွင် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ယူရင်းပင် ရန်ကုန်သို့ ဆင်းကာ သတင်းစာ သတင်းများ တွင်လည်း ပို့ချပေး ခဲ့သည်။ သတင်းစာ သမိုင်း ပြုစုရန် ကိုလည်း ဦးထင်ကြီး၊ လူထု ဦးလှ၊ ရွှေဥဒေါင်း တို့နှင့် အတူ အထူး အားထုတ် ခဲ့သူ ဖြစ်သည်။

၁၉၇၇ - ၇၈ ခုတွင် မြန်မာ စာပေ လှုပ်ရှားမှု၌ အရေးပါသော မန္တလေး မြို့မှ ဟံသာဝတီ စနေ စာပေဝိုင်းကို ဦးဆောင် ကျင်းပခဲ့ပြီး စာတမ်း ဖတ်ပွဲများ ပြုလုပ် ပေးခဲ့သည်။ ထိုစာတမ်း များကို စာအုပ် အဖြစ်လည်း ရိုက်နှိပ် ထုတ်ဝေ ခဲ့သည်။

၁၉၇၈ ခုနှစ်မှာ ဦးဝင်းတင် ဦးဆောင် ကျင်းပတဲ့ စနေ စာပေဝိုင်းမှာ မဆလ တပါတီ လမ်းစဉ်ကို ဝေဖန်တဲ့ စာတမ်း တစောင် တင်သွင်း ဖတ်ကြား ခဲ့သည်။ ထို ဖြစ်ရပ်၏ ရလဒ် အဖြစ် အာဏာပိုင်များက ဟံသာဝတီ သတင်းစာကို ပိတ်ပစ် လိုက်ကာ ဦးဝင်းတင် ကိုလည်း ရာထူးမှ ထုတ်ပယ် ခဲ့သည်။

ဆရာ ဦးဝင်းတင်သည် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည် တို့နှင့် ပတ်သက်၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန် အကဲဖြတ်ချက် များကို 'ပေါ်သစ်' အမည်ဖြင့် ရေးသား ခဲ့ပြီး၊ 'ကွိ'၊ 'ဥတ္တရ အလင်း' စသည့် ဘာသာပြန် စာအုပ်များ ကိုလည်း ရေးသား ခဲ့သည်။ 'ကမ္ဘာနီတွင် တဒင်္ဂ' အမည်ရှိ ကွန်မြူနစ် နိုင်ငံများသို့ ခရီးသွား မှတ်တမ်း စာပေကိုလည်း ရေးသား ခဲ့သည်။ ပန်းချီ အကြောင်း ဖြစ်တဲ့ 'အလှ ရှာပုံတော်' ကိုလည်း ရေးသား ခဲ့သည်။ ဦးဝင်းတင် ရေးသား ထုတ်ဝေခဲ့သည့် အခြား စာအုပ်များမှာ 'ခြေတွင် စကား လက်ဖြား ကဗျာ၊ မျက်နှာ ဇာတ်လမ်း (မြန်မာ ဇာတ်သဘင် ဥရောပ ခရီး)' ဖြစ်သည်။

ရှစ်လေးလုံး အရေးတော်ပုံ အတွင်း အနုပညာရှင် ပေါင်းစုံတို့ လက်မှတ်ထိုး ထုတ်ပြန် ခဲ့သည့် ကြေညာချက် ထွက်ပေါ် လာရေး အတွက် ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။ စာနယ်ဇင်း သမဂ္ဂ ဖွဲ့စည်း လှုပ်ရှား ကြသည့် အခါ ဒု-ဥက္ကဋ္ဌ အဖြစ် ပါဝင် ဆောင်ရွက် ခဲ့သည်။

ဥက္ကဋ္ဌသည် ဆရာ မောင်သော်က (စစ်အစိုးရရဲ့ မတရား ဖမ်းဆီး နှိပ်စက်မှု များကြောင့် အကျဉ်းထောင် တွင်းတွင် ကွယ်လွန် ခဲ့ရသူ) ဖြစ်သည်။ ကျောင်းသား သမဂ္ဂမှ ရှစ်စောင်တိတိ ထုတ်ဝေ ခဲ့သည့် 'သမဂ္ဂ' သတင်းစာတွင် အင်တိုက် အားတိုက် ပါဝင် ရေးသား ခဲ့သည်။ ဆန္ဒဖော်သံ သတင်းစာကို ၃ဝ၊ ၈၊ ၈၈ တွင် ကိုယ်တိုင် ဦးစီး ထုတ်ဝေ ခဲ့သည်။

စစ်တပ်က အာဏာ သိမ်းပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် ဖွဲ့စည်းသည့် အခါ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် အဖြစ် တာဝန် ယူခဲ့သည်။ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု ၌လည်း ဒေါ်မြင့်မြင့်ခင်နှင့် အတူ နာယက အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အဖွဲ့ချုပ်မှ ဦးအောင်ကြီး နှုတ်ထွက် ခဲ့ပြီးနောက် ပြန်လည် ဖွဲ့စည်း ခဲ့သည့် ဗဟို အလုပ်အမှုဆောင် ကော်မတီတွင် အတွင်းရေးမှူး (၁) အဖြစ် တာဝန်ယူ ခဲ့သည်။

နိုင်ငံရေး ပါတီများ၏ လွတ်လပ်စွာ ရေးသား ထုတ်ဖော် စည်းရုံးခွင့်ကို ပိတ်ပင် ချုပ်ချယ်ရန် ရည်ရွယ်၍ စစ်အစိုးရ၏ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီး ဌာနမှ ၆၊ ၆၊ ၈၉ နေ့တွင် ကြေညာချက် အမှတ် (၃၈) ကို ထုတ်ပြန် ခဲ့သည်။

ထို့ကြောင့် အဖွဲ့ချုပ်မှ ဦးဆောင်၍ နိုင်ငံရေး ပါတီများမှ ထိုအမိန့်ကို ဆန့်ကျင်ရာ၌ သုံးစွဲခဲ့သည့် 'အများ ပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ' ဟူသော ဆောင်ပုဒ် ကို ရေးသားခဲ့သည်။

၁၉၈၈ ခုနှစ်၊ အောက်တိုဘာလတွင် ပြစ်မှုမှ ရှောင်တိမ်း နေသည့် တရားခံ (ထိုစဉ်က အဖွဲ့ချုပ် လူငယ် စိုးသိမ်း) ၏ ဖခင်ထံ တယ်လီဖုန်း ဆက်သွယ် စကားပြောဆို၍ ဟူသော အကြောင်းပြချက်ဖြင့် ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့တွင် ဆရာ ဦးဝင်းတင် ဖမ်းဆီး ခံရသည်။ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ် ခံရသည်။

လွတ်ရက် စေ့ကာနီးတွင် ဆရာ ဦးဝင်းတင်အား နိုင်ငံရေးကို စွန့်၍ စစ်အုပ်စုနှင့် လက်တွဲရန် စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ် သန်းထွန်းက စည်းရုံးခဲ့သည်။ ဆရာက "စစ်လွှမ်းမိုးရေး ဒဿန" ကို သူ အသက်ရှင် နေသရွေ့ အမြစ်ပြတ်အောင် တိုက်မည်ဟု တုန့်ပြန်ခဲ့သဖြင့် ၁၉၉၂ ခုနှစ်၊ ဇွန်လတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အများပြည်သူ ဆူပူ အုံကြွအောင် လုပ်ဆောင်ရာတွင် နောက်ကွယ်မှ ကြိုးကိုင် အားပေးခဲ့သည်ဟု စွပ်စွဲကာ အင်းစိန် ထောင်ထဲမှာပင် ထောင်ဒဏ် ၁၁ နှစ် ထပ်မံ ချမှတ် ခံရသည်။

ဦးဝင်းတင်အား ၁၉၈၉ ခု ဇူလိုင်လ ၄ ရက်နေ့ ဖမ်းဆီးချိန်မှ စ၍ အင်းစိန်ထောင် အထူး တိုက်ဝင်း အတွင်း ထားရှိ၍ ပတ်ဝန်းကျင်နှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက် ထားခဲ့သည်။ ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဦးဝင်းတင်အား အထူး တိုက်မှ အမှတ် ၃ တိုက်သို့ ပြောင်းရွှေ့ ထားခဲ့သည်။ အကျဉ်းထောင်တွင်း အာဏာပိုင် များ၏ မတရား ပြုမှုများကို ဆန့်ကျင် တိုက်ပွဲများတွင် အကြံဉာဏ်များ ပေးခဲ့သည်။

၁၉၉ဝ ၌ အင်းစိန် ထောင်တွင်း အစာငတ်ခံ တိုက်ပွဲကို ဦးဆောင် ဆင်နွဲခဲ့သည်။ ထောင်တွင်း လွတ်လပ်မှု ကို တိုက်ပွဲဝင်ရင်း အပတ်စဉ် မှတ်တမ်းလွှာ တခုကို တိုက်အတွင်း ထုတ်ဝေ နိုင်ခဲ့သည်။ ၁၉၉၂ ခု၊ ဖွန်လမှာ ထောင်ဒဏ် ၁၁ နှစ် တိုးခဲ့သည်။

၁၉၉၂ ခုနှစ် တွင် Su-SLORC Dialogue Policy ကို ရေးသား ထုတ်ဝေ ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ် ပေးရန်၊ အမျိုးသား ညီလာခံကို ဖျက်သိမ်း ပေးရန်၊ စစ်မှန်သော တွေ့ဆုံ ဆွေးနွေးမှုများ စတင်ရန် သဘောထား စာတမ်းကို ရေးသားခဲ့သည်။ ထိုနောက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ စတင်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ နဝတ၊ လူမျိုးစု ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှ သာလျှင် မြန်မာ နိုင်ငံ၏ အလုံးစုံသော ပြဿနာများ ဖြေရှင်း နိုင်မည် ဖြစ်ကြောင်း ထို့ကြောင့် နိုင်ငံရေး ပေါ်လစီ တရပ် ချမှတ် ထုတ်ပြန် ကြေညာ ခဲ့သည်။

၁၉၉၄ တွင် အမေရိကန် ကွန်ဂရက် အမတ် ရစ်ချဒ်ဆန်က ထောင်ထဲသို့ ဝင်ပြီး ဦးဝင်းတင်နှင့် တွေ့ ဆုံ မေးမြန်းခဲ့သည်။

၁၉၉၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာခဲ့ပြီး စစ်မှန်သော တွေ့ဆုံ ဆွေးနွေးပွဲများ အရိပ်အယောင် မတွေ့ရ သဖြင့် Appeal to the World ကမ္ဘာကြီးသို့ ပန်ကြားချက် တစောင်ကို ရေးသား ထုတ်ဝေ ခဲ့သည်။

ထိုစာတွင် စစ်အစိုးရ၏ လုပ်ရပ်များသည် မှန်ကန်မှု မရှိ၍ ကမ္ဘာကြီးမှ စစ်အာဏာရှင် တို့အား ပိတ်ဆို့ အရေးယူ ပေးပါရန် တောင်းဆို ခဲ့သည်။

ရက်ပိုင်း အတွင်း Appeal to the Public ကမ္ဘာ ပြည်သူများသို့ ပန်ကြားချက် တစောင်ကို ရေးသား ထုတ်ဝေ ခဲ့သည်။ ထို ပန်ကြားချက်တွင် စစ်အာဏာရှင် တို့သည် ကမ္ဘာ ပြည်သူများအား အဆိုးဝါးဆုံး လိမ်လည် လှည့်ဖြား နေသည့် အတွက် နည်းမျိုးစုံဖြင့် ဆန့်ကျင် ကန့်ကွက်မှုများ ပြုလုပ် ကြပါရန် တိုက်တွန်း ထားသည်။

ထိုကြောင့် ၁၉၉၅ တွင် ထောင်ဒဏ် ၅ နှစ် တိုးကာ စစ်ခွေးတိုက်သို့ အပို့ခံရသည်။ အာဏာပိုင် များ၏ ရိုက်နှက် ညှဉ်းပန်းခြင်း ကိုလည်း ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီး နောက်ပိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အမျိုးသား ညီလာခံမှ နှုတ်ထွက် သင့်ကြောင်း အကြံ ပြုချက်ကို ထောင်တွင်း နိုင်ငံရေး အကျဉ်းသားများ အင်အားစု များက လက်မှတ် ရေးထိုး၍ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ ခဲ့သည်။

လောလောဆယ် အရေး အကြီးဆုံး အလုပ် ၂ ခုကို လုပ်ရန် လိုအပ်ကြောင်း တိုက်တွန်း ခဲ့သည်။ တခုမှာ ပါတီ ပြုပြင်ရေး (Party Reform) နှင့် ညီလာခံ ပြုပြင် ပြောင်းလဲရေး (NC Reform) တို့ ဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် အဖွဲ့အစည်း အသီးသီး ပါသော ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ထောင် တွင်း ဖိနှိပ် ညှဉ်းပန်းမှုများ၊ ရဲဘက် စခန်း များ၏ ငရဲခန်းများ၊ လက်ရှိ မြန်မာ နိုင်ငံ အခြေအနေတို့ ပါဝင်သော ၈၃ မျက်နှာပါ 'ထောင်တွင်း လူ့အခွင်းအရေး ချိုးဖောက်မှုများ ဆိုင်ရာ အစီရင်ခံစာ' ကို ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ လိပ်မူ၍ ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ် ယိုဇိုယိုကိုတာ ထံသို့ လျှို့ဝှက် စာရေးသား ပေးပို့ ခဲ့မှုကြောင့် ၁၉၉၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ပုဒ်မ ၅ (ည) ဖြင့် ထပ်တိုး ထောင်ဒဏ် ၇ နှစ် ချမှတ် ခံရ ပြန်သည်။

ဦးဝင်းတင်သည် ထောင်တွင်းတွင် 'ထ' လေးလုံး ပေါ်လစီ ကိုလည်း ချမှတ် လမ်းညွှန်မှု ပေးခဲ့ ပေသည်။ 'ထူထောင်ရမယ်၊ ထိန်းသိမ်းရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ရမယ်' ဆိုသည့် ပေါ်လစီပင် ဖြစ်သည်။

ဦးဝင်းတင် အကျဉ်းထောင် ကျနေစဉ် အတွင်း ၂ဝဝ၁ ခုနှစ်တွင် ယူနက်စကို အဖွဲ့ကြီး၏ ယူနက်စကို၊ ဂွီလာရ်မိုကာနို ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဆု (UNESCO/ Guillermo Cano World Press Freedom Award) ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ထိုနှစ် တွင်ပင် ကမ္ဘာ့ သတင်းစာများ အသင်းကြီး (World Association of Newspapers, WAN) မှ ချီးမြှင့်သည့် လွတ်လပ်မှု ရွှေကလောင်ဆု (Golden Pen of Freedom Award) အား သာယာဝတီ စမ်းစမ်းနွဲ့ နှင့်အတူ ရရှိ ခဲ့သည်။ ၂ဝဝ၄ ခုနှစ်မှာ ဦးဝင်းတင်၏ ဆုငွေများနှင့် မတည်ပြီး မြန်မာ့ သတင်း သမဂ္ဂမှ ဥဒါန်း မဂ္ဂဇင်းကို ထုတ်ဝေ ခဲ့သည်။ ဦးဝင်းတင်ကို ဂုဏ်ပြုသည့် အနေဖြင့် ပြင်သစ် နိုင်ငံတွင် လမ်းတလမ်းအား "ဝင်းတင် လမ်း" ဟု အမည် ပေးထားသည်။

၁၉၉၆ ခုနှစ်၊ အင်းစိန်ထောင် စစ်ခွေးတိုက် အတွင်း ချုပ်နှောင် ခံနေရစဉ် ဘဝတူ နိုင်ငံရေး အကျဉ်းသား များကို ဦးဝင်းတင်က သူ့ ခံယူချက်နှင့် ပတ်သက်ပြီး "မြန်မာပြည်မှာ နိုင်ငံရေး လုပ်တော့မယ် ဆိုက တည်းက စစ်အာဏာရှင် တွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာ ကျနော်တို့ ကြိုတင် တွက်ဆ ထားရမယ်။ အာဏာရှင်ကို ပလ္လပေါ်က ဆွဲချတဲ့ အခါ အဆင် မသင့်ရင် အသက်တောင် ပေးချင် ပေးရလိမ့်မယ် ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့ လိုပါတယ်။ ကျနော်တို့ ခေတ်မှာ ကျနော်တို့ တာဝန် မကျေရင် နောက်လာမယ့် မျိုးဆက် တွေက ကျနော်တို့ကို အပြစ် တင်စရာ ဖြစ်လိမ့်မယ်။ အနည်းဆုံး နောက်တက် လာမယ့် လူငယ် မျိုးဆက်ကို လွတ်လပ်ရေးနဲ့ တရား မျှတမှု အတွက် ဘယ်လမ်းကို လျှောက်ရမယ် ဆိုတာ လောက်တော့ စံနမူနာ ပြနိုင်ရမယ်။ ကျနော်တို့ ကိုယ်တိုင် အလံ မလှဲစတမ်း စွန့်လွှတ် စွန့်စား ပြနိုင်မှ နောက် လူငယ် မျိုးဆက် ကလည်း ဒီအလံကို ဆက်လက် စွဲကိုင် ချီတက် ကြမှာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ စစ်လွှမ်းမိုးရေး ဒဿနကို အမြစ်က လှန်နိုင်ဖို့ ဒီပွဲမှာ အလံ မလှဲစတမ်း ယုံကြည်ချက်ကို မြဲမြဲ ဆုပ်ကိုင် ထားကြဖို့ လိုပါတယ်" ဟု ပြောကြား ခဲ့သည်။

ဦးဝင်းတင်နှင့် ၂ဝဝ၃ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက အကျဉ်းထောင် အတွင်း တွေ့ဆုံခွင့် ရခဲ့သူ မြန်မာ နိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး အထူး လေ့လာ စောင့်ကြည့်သူ ကုလ သမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပီညဲရိုးက "ဦးဝင်းတင် ကဲ့သို့ တိုင်းပြည်၏ နား မျက်စိ ဖြစ်သော သတင်းစာ ဆရာကြီး တဦးကို ဆယ်စုနှစ် တခုခွဲ ကြာသည် အထိ စစ်အာဏာပိုင် တို့က အငြိုး တကြီး ထောင်သွင်း ချုပ်နှောင် ထားသည်ကို သူ့ အနေဖြင့် နားမလည် နိုင်အောင် ဖြစ်ရကြောင်း၊ ဦးဝင်းတင် တဦးတည်း တိုက်ပိတ် ခံထားရ သဖြင့် သူ့ မှတ်ဉာဏ်များ ချွတ်ယွင်း မသွား စေရန် သမံ တလင်းနှင့် နံရံ များပေါ်တွင် စာများ ရေးလိုက် ဖတ်လိုက် လုပ်နေရ ပုံကို တွေ့ရှိ ခဲ့ရ၍ သူ လွန်စွာ စိတ် ထိခိုက် ခဲ့ရသည်" ဟု ဘန်ကောက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

၂ဝဝ၄ ခုနှစ်၊ ဒီဇင်ဘာလက နအဖ ထောက်လှမ်းရေးမှ မှားယွင်း ဖမ်းဆီး ထားသော အကျဉ်းသား များကို ပြန်လည် လွှတ်ပေးစဉ်က ဦးဝင်းတင်လည်း ပြန်လည် လွတ်မြောက် လာနိုးဖြင့် သူ့ကို လေးစား ချစ်ခင် သူများက မျှော်လင့် ခဲ့သည်။ ဒီအကြောင်းနှင့် ပတ်သက်ပြီး စာပေ အသိုင်းအဝိုင်းနှင့် လူထုက လေးစား ချစ်ခင်သည့် သတင်းစာ ဆရာမကြီး လည်းဖြစ်၊ စာရေး ဆရာမကြီး လည်းဖြစ်တဲ့ လူထု ဒေါ်အမာ ပြောပြ ခဲ့သည်မှာ၊

"အမေ ကလေ ကိုဝင်းတင်လဲ လွတ်လာတယ် ကြားတော့ ဝမ်းသာပြီး မျှော်နေတာပေါ့။ နောက်တော့ မပါဘူး ဆိုတော့လဲ အရင် ကတည်းက တွက်ထား ပြီးသားပဲလို့ အောက်မေ့ပြီး နေလိုက် တာပါပဲ။ နောက်တာ့ ဒုဝန်ကြီး ကိုယ်တိုင်က လွှတ်ပေးမယ့် လူတွေရဲ့ စာရင်း ထဲမှာ ဦးဝင်းတင် ပါတယ်လို့ ပြောတော့လဲ ပြန်ပြီး မျှော်နေ မိတာ ပေါ့ကွယ်။ ဟုတ်တယ် မို့လား။ ဒုဝန်ကြီး ကိုယ်တိုင်က ပြောနေတာကိုး။ နောက်ဆုံး ကျတော့လည်း လွတ် မလာဘူး။ အမေ့ စိတ်ထဲ ၂ ရက်လောက် စိတ်မကောင်း ဖြစ်သွားတယ်။ စားလိုလဲ မကောင်း အိပ်လိုလဲ မကောင်းနဲ့ အတော် နေမကောင်း ဖြစ်သွား ရတယ်။"

၂ဝဝ၇ မတ်လ ၁၂ ရက်က အသက် (၇၇) နှစ် ပြည့်မြောက်သည့် ဦးဝင်းတင်က သူ့ရဲ့ နိုင်ငံရေး ခံယူချက်များ မပြောင်းလဲ သေးကြောင်း သူ့အား ထောင်ဝင် သွားတွေ့သူ ဦးမောင်မောင်ခင် ကတဆင့် "သူဟာ ၁၂ ရက်နေ့ ဆိုရင် (၇၇) နှစ် ပြည့်ပြီတဲ့၊ အဲဒီ (၇၇) နှစ် ပြည့်တဲ့အချိန်မှာ ငါ့သဘောထား ကို ပြောပြ ချင်တယ် ကွာတဲ့၊ လူတွေ ကလည်း သိချင်မှာ ပေါ့တဲ့၊ အဲဒါ ဘာလဲဆိုတော့ သူဟာ တလျှောက် လုံး သူရပ်တည် ခဲ့တဲ့ သဘောထား ကနေပြီး ရွေ့ မသွား ပါဘူး၊ ဒီအတိုင်း ပါပဲတဲ့။ အဲဒါကတော့ သုံးခု ပေါ့ဗျာ၊ တခု ကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရေး၊ နှစ်က လွှတ်တော် ခေါ်ပေးရေး၊ သုံးက တွေ့ဆုံ ဆွေးနွေးရေး၊ ဒီဟာက လွဲလို့ ငါဘာမှ ကိုင်စွဲ ထားတာ မရှိပါ ဘူးတဲ့၊ ဒီဟာတွေ ကိုင်စွဲ ထားတဲ့ အတွက် ငါ့ကို မလွှတ်လည်း အရေး မကြီးပါ ဘူးတဲ့။" ဟု ပြောကြား ခဲ့သည်။

၂၀၀၈ စက်တင်ဘာ ၂၃ တွင် စစ်အာဏာပိုင်များက အကျဉ်းထောင်က လွှတ်ပေးလိုက်သည်။ ဦးဝင်းတင် အဆိုအရ သူ့ကို နေအိမ်သို့ ထောင်အာဏာပိုင်များက အတင်းအကြပ် ပြန်ပို့ပေးခဲ့သည်ဟု ဆိုသည်။
 
 
ရွှေမြန်မာမီဒီယာ 

ယိုးဒယားတို့ မြန်မာပြည်ကို အဆိပ်ခတ်လေသလော?



(မြန်မာမှန်လျှင် မျှဝေပေးပါ။ တစ်မျိုးသားလုံး သတိပြုပါ)

ကျွန်တော် ယိုးဒယားနယ်စပ်တွင် တာဝန်ထမ်းဆောင်စဉ်ကဖြစ်သည်။ နယ်စပ်တွင် ယိုးဒယား အအေးဈေးကွက် အလွန်ကြီးမားပါသည်။ ရောက်ခါစဆိုတော့ ဈေးသက်သာသဖြင့် ကဒ်လိုက်သုံးစွဲပါသည်။ တစ်လလောက်အကြာ လူမှာလေးလံထိုင်းမှိုင်းပြီး မအီမသာ ရက်ဆက်ခံစားရလေသည်။ တစ်နေ့ ရင်းနှီးသော ယိုးဒယားနိုင်ငံသားလေး အိမ်ကိုလာလည်ပါသည်။ ကျွန်တော်လည်း သူတို့နိုင်ငံထုတ် အအေးဘူးနှင့် ဧည့်ခံတော့ မသောက်ပါရစေနှင့်ဟု အတွင်တွင်ငြင်းပါသည်။ ပြီးတော့ သူတို့နိုင်ငံသားများ မသောက်ဖို့ အစိုးရက ညွှန်ကြားထားသည်ဟု ပြောပါသည်။

အဆ်ုပါအအေးများမှာ မြန်မာပြည်သားများအတွက် သီးသန့်ဖြစ်ပါကြောင်း ပြောပါသည်။ သူတို့ ယိုးဒယားနိုင်ငံတွင် ယိုးဒယားလူမျိုး အားရောင်းချပါက ဖမ်းဆီးအရေးယူ ကြောင်းပြောသည်။ ကျွန်တော် စိတ်ဝင်စားသွားသည်။ အအေးကြိုက်သူကျွန်တော်လေ။ ဒါဆိုဘယ်လို ခွဲခြားမလဲ မြန်မာလူမျိုးအများစုက ယိုးဒယားစာမှမ္တ်တာ ဟုမေးတော့ သူကရှင်းပြသည်။ (မြန်မာနိုင်ငံအတွက်ဆိုလျှင် ပုလင်းခွံတွင တံဆိပ်ကို ပလတ်စတစ်ပတ်ထားကြောင်း၊ ယိုးဒယားနိုင်ငံတွင် စက္ကူပတ်သာ ရောင်းချရကြောင်း။ ဘူးတွင်For Export Only ပါလျှင် လုံးဝမသောက်သင့်ကြောင်း) သူကပြောသည်။ ကျွန်တော်လန့်သွားသည်။ ထို့နောက်ပိုင်း ကျွန်တော် ယိုးဒယားမှလာသော အအေးများဖြတ်လိုက်သောအခါ လူမှာ ပုံမှန်လန်းဆန်းလာ သည်။ မြန်မာပြည်သူများ ဆင်ခြင်နိုင်ဖို့ ပြန်လည်မျှဝေပါသည်။

သတိထားသင့်သော အအေးများ ......................................

1.Singer Beer
2.Look Htaung(လူထု)
3.M.150
4.Karabaung(ကျွဲခေါင်းစိမ်း)
5.DeeDo

ယိုးဒယားနိုင်ငံမှ အခြားအအေးများစွာ ရှိပါသေးသည်။ အထက်ပါ တံဆိပ်များမှာ ယိုးဒယားနိုင်ငံသားများ မသုးံကြပါ။ စက္ကူတံဆိပ်ကပ်ထားလျှင်၊ For Export Only မပါလျှင် သုးံကြသည်။ ကျေးဇူးတင်စွာဖြင့်....

Credit to Online Advertising Group


ဦးဝင်းတင် ဘာကြောင့်ဆုံးပါးရသလဲ


• “ရွှေတောင်ကြီးပြိုပြီ” လို့ခိုင်းနှိုင်းလောက်တဲ့ ဆုံးရှုံးမှုကြီးဆိုတာ ရှားတယ်။
• ကျွန်တော်တို့ တခါက ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ကမ်းကို တက်ကြပြီး၊ (ကေအင်န်ယူ) စခန်းတခုမှာ အစည်းအဝေး လုပ်ကြတုံးကပါ။ တချို့က ထိုင်းထဲပြန်သွားစရာရှိလို့ သောင်ရင်းမြစ်ထဲဆင်းပြီး၊ လှေကလေးနဲ့ တဖက်ကမ်းကို ကူးဘို့လုပ်နေကြချိန်မှာ ကျန်နေတဲ့လူတွေက ညနေပိုင်းရေဒီယိုနားထောင်ပြီး၊ ကုန်းပေါ်ကနေ “ဦးဝင်တင် လွတ်ပြီ” ဆိုပြီး ဝမ်းသာအားရ အော်ပြောကြတယ်။ အားလုံးက လက်ခုပ်လက်ဝါးတီးကြပြီး၊ သတင်းကောင်းကို ကြိုဆိုကြတယ်။ နာရီပိုင်းအတွင်းမှာ ဦးဝင်းတင် ထောက်ထဲကမထွက်ရဘူးဆိုတဲ့သတင်းက ချက်ချင်းဆက်လာပါတော့တယ်။

• Occupational Health Risks လုပ်ငန်းခွင်ကျန်းမာရေးအန္တရာယ်ဆိုပြီး ဆေးပညာမှာ ကဏ္ဍတခု ရှိပါတယ်။
• မြန်မာပြည်မှာ ထူးထာတခုက Political Health Risks နိုင်ငံရေးလုပ်လို့ ကျန်းမာရေးအန္တရာယ်တွေကို တကယ် ကြုံကြရ၊ ခံစားကြရ၊ သေဆုံးကြရတာတွေရှိကြောင်း ဧပြီ ဂ ရက်နေ့က ကျွန်တော် ရေးလိုက်မိသေးတယ်။

• ဦးဝင်းတင်ရဲ့ရောဂါ(တွေ) ဟာ ဇရာကြောင့်လဲပါသလို “နိုင်ငံရေးကြောင့် ထောင်ထဲမှာ ဆေးဝါးကုသမှု ညံ့ဖျင်း အောက်ကျလွန်းလို့ ဖြစ်ရတယ်ဆိုတာ မဟုတ်ပါဘူးလို့" ငြင်းမဲ့သူရှိရင် စိန်ခေါ်ပါတယ်။

ဒေါက်တာတင့်ဆွေ

၂၁-၄-၂ဝ၁၄


ဒီလို မိန်းကလေးတွေဟာ...



(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလိုကြည်လင် ၀င်းပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်း ထဲမှာစစ်မှန်တဲ့ ရိုးသားမှုတွေ ရှိတယ်။

(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေ ဟာ ပန်းလေးတစ်ပွင့်နဲ့ တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ် ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။

(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။

(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့ မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက် တယ်။ ညှာတာကြင်နာတယ်။

(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာတယ်။

(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသား အရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။

မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့ လှလှပပ ရှင်သန်နေထိုင်သင့် တယ်................

Credit: တေးသီငှက်

Myanmar Forward



ဝက်ခြံပေါက်နေသူများ စိတ်မပူပါနဲ့



လူငယ်တွေ အတွက် မျက်နှာပေါ်တွင် ဝက်ခြံပေါက် ခြင်းဟာ ပြဿနာ တစ်ခု ဖြစ်မယ် ထင်ပါတယ်။

မျက်နှာပေါ်တွင် ဝက်ခြံပေါက် လာပြီဆိုလျှင် ထိုဝက်ခြံကို အမြန်ပျောက်ကင်း လိုသည့် ဆန္ဒရှိကြ ပါတယ်။ ထို့ကြောင့် နည်းအမျိုးမျိုးကို အသုံးပြုပြီး ကုသကြပါ တယ်။ အမျိုး သားတွေ အသက် ၄၀ ကျော်ရင် ၁ ရာခိုင်နှုန်းသာ ဝက်ခြံထွက် ပေမယ့် အမျိုးသမီး တွေမှာတော့ ၅ ရာခိုင်နှုန်းထိ ဝက်ခြံပြဿနာ ရှိနေ ပါတယ်။

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာများ

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာတွေ ကတော့ ပင်လယ်စာနဲ့ အိုင် အိုဒင်းပါတဲ့ ဆားတွေလို အိုင်အိုဒင်းဓာတ် များတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ တချို့သူတွေမှာ ချောကလက် စားရင် ဝက်ခြံထွက်တတ်ပါတယ်။ တစ်ချို့ လူတွေကြတော့ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖုဖြစ်စေနိုင်ပါတယ်။ မျက်နှာကို အဆီပြန်စေမယ့် အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ အပူအစပ်တွေကို အလွန်အမင်း စားသုံးခြင်းကိုလည်းကို ရှောင်သင့်ပါတယ်။

ဝက်ခြံမပေါက်အောင် စားသင့်သော အစားအစာများ

အခွံချွတ် မထားတဲ့ ကောက်နှံစာ၊ ဟင်းသီးဟင်းရွက်ပြုတ်၊ ဂျုံ၊ ကမာ ၊ သစ်သီးနဲ့ ပဲအမျိုးမျိုးကို စားသင့်ပါတယ်။ မှီဝဲသင့်တဲ့ ဖြည့်စွက်ဆေးတွေ ကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာ မင် B6 နဲ့ ဗီတာမင်အီးတို့ ဖြစ်ပါတယ်။

ရောဂါကုထုံး

တကယ်လို ဝက်ခြံဖြစ်လာပြီ ဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

(၁) ရေခဲကပ်ပါ။

(၂) ပင်လယ်ရေ စိမ်ပါ။

(၃) အာလူး ကပ်ပါ။

(၄) သခွားသီကပ်ပါ။

(၅) ရှားစောင်းလက်ပပ် အနှစ်သားကို လိမ်းပါ။

(၆) တစ်နေ့ ၂ ကြိမ် လောက်ပဲ ဆပ်ပြာ အပျော့စားနဲ့ မျက်နှာကို ဆေးပါ။

(၇) သံလွင်ဆီ လိမ်းပါ။

(၈) တရားထိုင်ပါ။

အထက်ပါ နည်းလမ်းတွေကို အသုံးပြုတာကြောင့် သင်၏ ဝက်ခြံကို ပျောက်ကင်းစေနိုင် ပါတယ်။

ကျော်လင်းနိုင် (ကျန်းမာရေးနှင့် အလှအပ သတင်းများ )


ဟံသာဝတီဦးဝင်းတင် ကွယ်လွန်

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ ဒီကနေ့ တနင်္လာနေ့ နံနက် ၆ နာရီခွဲ အချိန်  ရန်ကုန် ဆေးရုံကြီးမှာ ကွယ်လွန်အနိစ္စ ရောက်သွားပါတယ်။ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်ရတဲ့အတွက် ရန်ကုန်ဆေးရုံကြီး အရေးပေါ် အထူးကြပ်မတ် ကုသဆောင်မှာ ကုသမှုခံယူနေရင်း ကွယ်လွန်သွားတာပါ။

ဦးဝင်းတင်ကို  ပဲခူးတိုင်း ကြို့ပင်ကောက် မြို့မှာ မွေးဖွားခဲ့ပြီး  ၁၉၅၃ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်က အင်္ဂလိပ် စာပေ၊ ခေတ်သစ် ရာဇဝင်နှင့် နိုင်ငံရေး သိပံ္ပ ဘာသာတွဲနဲ့ ဝိဇ္ဇာဘွဲ့ ရခဲ့ပါတယ်။

၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင် ထူထောင်ရာမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ဦးဝင်းတင်ဟာ ကြေးမုံသတင်းစာ ပြည်သူပိုင် အသိမ်းခံရတဲ့ နောက်ပိုင်း မန္တလေးမြို့မှာ ထုတ်ဝေတဲ့ ဟံသာဝတီသတင်းစာမှာ အယ်ဒီတာချုပ်အဖြစ် ၁၀ နှစ်နီးပါး လုပ်ကိုင်ခဲ့ပြီးတဲ့နောက် ဟံသာဝတီ ဦးဝင်းတင်အဖြစ် လူသိများ ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။

ဆရာကြီးဦးဝင်းတင်ဟာ စာပေ၊ ပန်းချီ၊ သဘင်ဂီတ၊ နိုင်ငံရေး၊ ဆောင်းပါး စာတမ်း ဝေဖန် သုံးသပ်ချက် အစရှိတာတွေ အမြောက်အများ ရေးသားခဲ့သူဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် ဖွဲ့စည်းချိန်မှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

၁၉၈၉ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့မှာ ဦးဝင်းတင် ဖမ်းဆီးခံခဲ့ရပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသလို ထောင်တွင်းမှာ ထပ်တိုး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာ ခံခဲ့ရသူပါ။ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ဆရာကြီးဦးဝင်းတင်ဟာ အသက် ၈၅ နှစ် ရှိပြီဖြစ်ပါတယ်။

VOA


20 Apr 2014

၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ တစ်ဦးတည်းမူပိုင်ပြသခွင့် SKY NET ရရှိ


ရန်ကုန်- ဇွန်လတွင် ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲ စဉ်များ မြန်မာနိုင်ငံတွင် တိုက်ရိုက် ထုတ်လွှင့်ပြသခွင့်ကို SKY NET က တစ်ဦးတည်းမူပိုင်ရရှိထားပြီး ပွဲစဉ်အများစုကို ၎င်း၏ အခပေး ရုပ်သံလိုင်းများတွင် ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ကမ္ဘာပေါ်တွင် နိုင်ငံအသင်း လိုက် ဘောလုံးပြိုင်ပွဲများတွင် အကြီးအကျယ်ဆုံးနှင့် ပရိသတ်အားပေးမှုအများဆုံး ကမ္ဘာ့ဖလားပွဲကို ဘရာဇီးက အိမ်ရှင်အဖြစ် ကျင်းပပြီး ၂၀၁၄ ဇွန်လ ၁၂ ရက်တွင် စတင်မည်ဖြစ်သည်။ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ရုပ်သံ ထုတ်လွှင့်ပြသခွင့်ကို SKY NET က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံမှ တစ်ဦးတည်းမူပိုင်အဖြစ် ဝယ်ယူ ခဲ့ခြင်းဖြစ်သည်ဟု SKY NET မှ အထွေထွေမန်နေဂျာ ဒေါက်တာ သိန်းသန်းဦးက ပြောသည်။

‘‘ကျွန်တော်တို့ SKY NET က အခပေးလိုင်းတွေမှာလည်းပြမှာ ဖြစ်သလို ပွဲစဉ်အချို့ကို အခမဲ့ ရုပ်သံလိုင်း MNTV မှာလည်းပြပါ မယ်။ ဒါပေမဲ့ MNTV ကတော့ ပွဲစဉ်အားလုံးပြမှာမဟုတ်ပါဘူး။ ဘောလုံးအဖွဲ့ချုပ်ကနေ ရုပ်သံ ထုတ်လွှင့်ပြသခွင့်ရောင်းကတည်း က အခပေးနဲ့ အခမဲ့ခွဲခြားပြီး ရောင်းတာမဟုတ်ပါဘူး။ သူတို့ စာချုပ်ပါ စည်းကမ်းတွေအတိုင်း ကျွန်တော်တို့က အားလုံးဝယ်ခဲ့ တာပါ။ ဝယ်ယူခဲ့တဲ့နှုန်းထားကို တော့ ပြောလို့မရပါဘူး’’ဟု ၎င်း က ပြောသည်။

သို့သော် MNTV မှာ အခမဲ့ ရုပ်သံလိုင်းဖြစ်သော်လည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖမ်းယူကြည့်ရှုနိုင်ခြင်း မရှိသေးဘဲ အနည်းဆုံးဒစ်ဂျစ်တယ်ဆက်တော့ပ်ဘောက်တစ်ခု ရှိမှသာ ဖမ်းယူကြည့်ရှုနိုင်ရာ SKY NET ရုပ်သံဖမ်းစက်နှင့် MNTV လိုင်းပါသည့် ကျပ် ၃,၆၀၀ တန် လိုင်း ၂၀ ပါ ဈေးအနည်းဆုံး package ကို မဖြစ်မနေဝယ်ယူ ကြည့်ရှုရမည်ဖြစ်သည်။

SKY NET စက်မှာ ကျပ်ငါး သောင်းခွဲဖြစ်ပြီး ကနဦးတပ်ဆင် ပါက ရုပ်သံလိုင်းများဝယ်ယူခြင်း၊ SKY NET စလောင်းတပ်ဆင်ရခြင်းစသည့် ကုန်ကျစရိတ် စုစုပေါင်း တစ်သိန်းဝန်းကျင်ရှိသည်။

SKY NET သည် လက်ရှိတွင်ကမ္ဘာပေါ်၌ ပရိသတ်အားအပေး ဆုံး အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲ၊ ချန်ပီယံလိဂ်ဘောလုံး ပွဲတို့ကိုလည်း တစ်ဦးတည်းမူပိုင် ပြသခွင့်ရထားခြင်းကြောင့် ဘော လုံးဝါသနာအိုးများက ဝေဖန်နေ ကြသည်။

‘‘ဒီလို ကမ္ဘာ့ဖလားလို ပွဲမျိုးတွေဆိုရင် လူတိုင်းကြည့်ချင် တာပေါ့။ အရင်တစ်ခေါက်က လည်း အခမဲ့ရုပ်သံလိုင်းတွေမှာ လွှင့်ခဲ့တာပဲ။ SKY NET ကလည်း တပ်ဖို့ဈေးကြီးတယ်။ ယောက်ျား လေးတွေကတော့ လက်ဖက်ရည် ဆိုင်၊ ဘီယာဆိုင်တွေမှာသွား ကြည့်လို့ရတယ်။ မိန်းကလေး တွေကျတော့ ဘယ်အဆင်ပြေပါ့ မလဲ။ အခမဲ့ရုပ်သံလိုင်းတွေက လွှင့်ရင်တော့ ကောင်းတာပေါ့’’ ဟု အသက်(၂၆)နှစ်အရွယ် ဒေါက်တာဆွေသူက ပြောသည်။

အခမဲ့ရုပ်သံလိုင်းများကပြ လျှင် ကြည့်မည်ဖြစ်ပြီး ဘောလုံး ပွဲကြည့်ရန်အတွက်နှင့် SKY NET ကို ဝယ်ယူတပ်ဆင်မည်မဟုတ် ကြောင်း အသက်(၂၆)နှစ်အရွယ် အင်ဂျင်နီယာ မဂျူးဂျူးက ပြော သည်။

ကမ္ဘာ့ဖလားဘောလုံးပွဲများ ကို မြန်မာနိုင်ငံက အစဉ်အဆက် အခမဲ့ရုပ်သံလိုင်းများက ထုတ် လွှင့်ပြသခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလား ပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြား၊ မြဝတီနှင့် MRTV-4 စသည့် အခမဲ့ရုပ်သံလိုင်းများတွင် ကြည့်ရှုနိုင်ခဲ့သည်။ အခြားအိမ် နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှားတို့တွင် အခပေးရုပ် သံလိုင်းများတွင် ထုတ်လွှင့်သလို အခမဲ့ရုပ်သံလိုင်းများ၊ အစိုးရပိုင် ရုပ်သံလိုင်းများကလည်း မတူ သည့်ပွဲစဉ်များကို ထုတ်လွှင့်ပြသ လေ့ရှိသည်။

သို့သော် ယခုနှစ်တွင် SKY NET ရုပ်သံဖမ်းစက်ရှိမှသာ ကြည့် ရှုနိုင်မည်ဖြစ်ပြီး SKY NET ကတစ် ဦးတည်းမူပိုင်ဝယ်ထားသည့်အ တွက် နှစ်ပေစလောင်း၊ ရှစ်ပေ စလောင်းများတွင်ပါလေ့ရှိသည့် ESPN အားကစားလိုင်းများမှ လည်း ဘောလုံးပွဲများကို ထုတ် လွှင့်တော့မည်မဟုတ်ချေ။

‘‘SKY NETက ဝယ်ထားတယ်ဆိုရင်တော့ ပြလို့မရဘူး။ကမ္ဘာ့ဖလားပြသခွင့်စာချုပ်ကစည်းကမ်းတွေအမျိုးမျိုးရှိတယ်။
 သေချာတော့ မပြောတတ်သေးပါဘူး’’ဟုအခမဲ့ပုဂ္ဂလိကရုပ်သံလိုင်း MRTV-4 မှ ဦးမျိုးမြတ်သူကပြောသည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲ ထုတ်လွှင့်ပြသခွင့်စာချုပ်ပါစည်း ကမ်းအရ အခမဲ့ရုပ်သံလိုင်းအချို့ တွင်ပြသရန်အချက်ပါဝင်သော် လည်း SKY NET က ၎င်းတို့ပိုင် MNTV တွင်သာ အခမဲ့အဖြစ် ပွဲစဉ်တချို့ထည့်သွင်းပြသမည် ဖြစ်ပြီး အခြားအခမဲ့ရုပ်သံလိုင်းများနှင့် ပြန်လည်မျှဝေပြသရန်မှာလည်း လောလောဆယ်အစီအစဉ်မရှိကြောင်း
 ဒေါက်တာ သိန်းသန်းဦးက ပြောသည်။

‘‘အရင်က တရားမဝင်ပြနေ ကြတာ။ အခုဟာက တရားဝင် ပိုက်ဆံနဲ့ပေးဝယ်ပြီးပြတာ။ လစဉ်ကြေးမများတော့ ကြည့်ပျော်ပါတယ်။ ဘောလုံးပွဲကြိုက်တဲ့သူတစ်ယောက်အတွက်တော့ မဆိုးပါဘူး။ SKY NET ကလွှင့်တဲ့ဟာအားလုံးကိုမဝယ်ဘဲ ကိုယ်ကြိုက်တဲ့လိုင်းလေးတွေကို ရွေးပြီးဝယ်လို့ရရင်ကောင်းမယ်။ အဲဒါဆိုရင် ပိုလည်းဈေးသက်သာမယ်။ အခုဟာကကြည့်ချင်၊ မကြည့်ချင် သူ့ Package အလိုက်အားလုံးဝယ်ထားရတာ’’ ဟု မင်္ဂလာတောင်ညွန့်ရှိ သင်တန်းကျောင်းတစ်ခုမှ ဝန်ထမ်း ကိုထူးအောင်က ပြောသည်။

‘‘ကမ္ဘာ့ဖလား အမီတော့ MNTV ကို ရိုးရိုးအင်တင်နာနဲ့ဖမ်း လို့ရအောင်လုပ်ပေးနေပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဖမ်း မရရင်လည်း SKY NET စက်လေး ဝယ်ပြီး MNTV ပါတဲ့ ၃,၆၀၀ တန် Package ကို ကမ္ဘာ့ဖလားတစ်လ ဝယ်ကြည့်လိုက်ပါ’’ဟု ဒေါက်တာ သိန်းသန်းဦးက ပြောသည်။

SKY NET ရုပ်သံသည် အစိုး ရပိုင်စက်ပစ္စည်းများနှင့် အခြေခံ အဆောက်အအုံများကို သုံးစွဲခွင့် ရထားပြီး ရုပ်သံလိုင်းအပါအဝင် အက်ဖ်အမ်ရေဒီယိုလိုင်းများတွင် လည်း ဈေးကွက်ဝေစုကို လက်ဝါး ကြီးအုပ်ထားသည်ဟု ဝေဖန်ခံနေ ရပြီး မြန်မာပြည်သူများ အသည်း စွဲ အင်္ဂလန်ပရီးမီးယားလိဂ်ဘော လုံးပွဲများ တစ်ဦးတည်းမူပိုင်ထုတ် လွှင့်ခွင့်ရခဲ့စဉ်ကလည်း ဘောလုံး ပရိသတ်များ၏ ဝေဖန်မှုကိုရရှိခဲ့ သည်။ ယခုတစ်ဖန် ကမ္ဘာ့ဖလား ဘောလုံးပွဲကိုပါ ၎င်းတစ်ဦးတည်း မူပိုင်ထုတ်လွှင့်ခွင့်ကိုရရှိခဲ့ခြင်း ဖြစ်ကြောင်း SKY NET ကို ဝေဖန် မှုများထွက်ပေါ်လာခဲ့သည်။

‘‘ဈေးကွက်စီးပွားရေးအရ အပြိုင်လုပ်ကြမှာပဲ။ ဒါပေမဲ့ ပရိ သတ်ကိုလည်းကြည့်သင့်တယ်။ ကိုယ့်ပရိသတ်က ဒီလောက် ပမာဏကိုသုံးနိုင်တဲ့အခြေအနေ ရှိရဲ့လားဆိုတာ။ မတန်တဆတော့ မလုပ်သင့်ဘူး’’ဟု ဘောလုံးဝါ သနာရှင်တစ်ဦးက ပြောသည်။

မန္တလေးမြို့ မဟာအောင် မြေမြို့နယ်မှ ဘောလုံးဝါသနာရှင် ကိုစည်သူကျော်ကလည်း အခ ပေး ရုပ်သံလိုင်းဖြစ်သော SKY NET တစ်ခုတည်းက ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ်များထုတ်လွှင့်ပြ သခွင့်ရရှိ ခဲ့ခြင်းကြောင့် အဆိုပါ စလောင်း တပ်ဆင်မထားနိုင် သော ဘောလုံးဝါသနာရှင်များ အတွက် အခက်အခဲ ဖြစ်စေကြောင်း ပြောကြားသည်။

 
7Day News Journal


ပျောက်ဆုံးမလေးရှားလေယာဉ်ကို ရေငုပ်သင်္ဘောဖြင့် ရှာဖွေမှု တတိယအကြိမ် ပြီးစီး


ပျောက်ဆုံးမလေးရှားလေယာဉ် ရှာဖွေရာတွင်အသုံးပြုသော Bluefin-21 ရေအောက်ရှာဖွေရေးယာဉ်အား သြစတြေးလျရေတပ်သင်္ဘောပေါ်သို့ ကရိန်းဖြင့် မတင်နေသည်ကို ဧပြီ ၁၇ ရက်က တွေ့ရစဉ် (LSIS Bradley Darvill/EPA)


No.352 Friday, April 18, 2014 
 
ပျောက်ဆုံးနေသည့် မ လေးရှားလေယာဉ်ကို ရေအောက် တွင် ရေငုပ်သင်္ဘောဖြင့် တတိယ အကြိမ်ရှာဖွေခဲ့မှုမှာ လုပ်ငန်းစဉ် အပြည့်အ၀ ဆောင်ရွက်ပြီးစီးခဲ့ ကြောင်း သိရသည်။

ယခုနှစ်ကြိမ်တွင် ထိုရေငုပ် သင်္ဘောငယ်ဖြင့် အိန္ဒိယသမုဒ္ဒရာ အောက်ခြေ၌ ရှာဖွေခဲ့မှုမှာ ရေ ယာဉ်၏ နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကြောင့် ခေတ္တသာ ရှာဖွေမှု လုပ်ခဲ့ရသည်။ ထိုရေငုပ် သင်္ဘောယာဉ်ငယ်မှ ရေအောက် တွင် ရှာဖွေစုဆောင်းလာခဲ့သော ဧရိယာတစ်ဝိုက်မှာ ပျောက်ဆုံး နေသည့် လေယာဉ်မှ ပျံသန်းမှု မှတ်တမ်း သေတ္တာနက်မှ ထုတ် လွှင့်သော အသံလှိုင်းအချက်ပြမှု များကို ဖမ်းယူရရှိခဲ့သည့်နေရာဟု ခန့်မှန်းရသည့်နေရာတစ်ဝိုက် တွင်ဖြစ်သည်။

သြစတြေးလျ စစ်သင်္ဘော အိုးရှင်းရှီးလ်ပေါ်မှ ရေချကာ အ မေရိကန်ရေတပ်က ထိန်းချုပ် မောင်းနှင်သော Bluefin-21 ရေ ငုပ်သင်္ဘောငယ်သည် ရေအောက် တွင် အလိုအလျောက်သွားနိုင် သည့် ရေငုပ်သင်္ဘောငယ်လည်း ဖြစ်သည်။

ထိုသင်္ဘောငယ်သည် ရေ အောက်အနက် မီတာ ၄,၅၀၀ (ပေ ၁၅,၀၀၀)ခန့်တွင် သွား ရောက်ရှာဖွေမှုများ လုပ်ခဲ့ပြီး ယ ခု တတိယအကြိမ်ရှာဖွေမှုတွင် စုစုပေါင်းအချိန် ၁၅ နာရီ ကြာမြင့် ခဲ့သည်။

‘‘Bluefin-21 ယာဉ်ဟာ ရှာ ဖွေရေးဧရိယာထဲမှာ သူ့မစ်ရှင်ကို အပြည့်အ၀ လုပ်ဆောင်ခဲ့ပြီး လက် ရှိမှာလည်း နောက်ထပ်ရှာ ဖွေရေးမစ်ရှင်ကို ဆောင်ရွက်ဖို့ ပြင်ဆင်နေပါပြီ’’ ဟု သြစတြေး လျ ဦးဆောင်သည့် ပူးပေါင်းရှာ ဖွေရေးအဖွဲ့ (JACC) မှ ထုတ်ပြန် သည့် ကြေညာချက်တွင်လည်း ဖော်ပြ ထားသည်။

အဖွဲ့က ရေငုပ်သင်္ဘောငယ် သည် ပင်လယ်ရေအောက် ကြမ်းပြင်တွင် အကျယ်အ၀န်း ကီလိုမီတာ ၉၀ ၀န်းကျင်နေရာကို ဆန်းစစ်ရှာ ဖွေခဲ့ကြောင်း ဆို သည်။

လက်ရှိတွင် ရေအောက် ကြမ်းပြင်၌ ထိုသို့ လေယာဉ်ပျက် မှဖြစ်နိုင်သည့် အပိုင်းအစများကို ရှာဖွေရေးမှာ ရက်သတ္တပတ်များ စွာမှ လနှင့်ချီသည်အထိ ကြာမြင့် နိုင်ကြောင်း တာဝန်ရှိသူများက သတိပေး ပြောကြားသည်။

—Ref: Channelnewsasia

7Day Daily



သင့်အသည်း ကျန်းမာရေး ကောင်းပြီး စွမ်းအင် အပြည့်အဝ ရရှိစေရန်


photo:google

သင်ရဲ့ခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါ တစ်ခု ဖြစ်တဲ့အသည်းဟာ သွေးတွေကို သန့်ရှင်းစင်ကြယ်စေပြီး အဆိပ်တွေကို ဖြိုခွဲနိုင်ကာ သွေးတွင်းသကြားအဆင့်နဲ့ စွမ်းအင်အဆင့်ကို တည်ငြိမ်စေနိုင်ပါတယ်။

အမေရိကန်မှ လေ့လာမှုအရ သူတို့လူမျိုး သုံးယောက်မှာ တစ်ယောက်နှုန်းဟာ အသည်းမှာ အဆီစုနေတာ ဒါမှမဟုတ် အာဟာရ ချို့တဲ့တာကြောင့် အသည်းရဲ့လုပ်ငန်းတွေ ကျဆင်းနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။

အသည်းရဲ့ လုပ်ဆောင်ချက်ကျဆင်းတဲ့ ပထမဆုံး လက္ခဏာဟာ ပင်ပန်းနွမ်းနယ်နေတာပါ။ အောက်ပါ နည်းတွေဟာ တစ်လအတွင်း သင့်အသည်းရဲ့ကျန်းမာရေးကို ပြန်လည် ကောင်းမွန်စေနိုင်ပြီး စွမ်းအင် အပြည့်အဝ ရရှိစေနိုင်မယ့် နည်းတွေပါ။



နံနက်စာအတွက် ကြက်ဥနှစ်လုံးနှင့် လိမ္မော်ရည်သောက်ပါ

 ကြက်ဥမှာ များစွာပါဝင်တဲ့ အမိုင် နိုအက်စစ်တွေဟာ အဆိပ်အတောက် တွေ ဖြစ်စေတဲ့ ဓာတုပစ္စည်းပေါင်း တစ်ရာ ကျော်ကို ပျက်ပြယ်စေတဲ့အတွက် အဆိပ် တွေကြောင့် အလုပ်ဒဏ်ပိနေတဲ့ အသည်းရဲ့ ကျန်းမာရေးကို ကောင်း မွန်စေပါတယ်။ လိမ္မော်ရည်တစ်ခွက်မှာ ပါဝင်တဲ့ ဗီတာမင်စီဟာလည်း ဆဲလ်တွေကို ပျက်စီးစေတဲ့ အဆိပ်တွေကို ရှင်းထုတ်တဲ့ အသည်းရဲ့လုပ်ငန်းစဉ်ကို၃၅ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေနိုင်ပါတယ်။



နေ့စဉ် မိနစ် ၂၀ လေ့ကျင့်ခန်းပြုလုပ် ပါ

လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် စက်ဘီးစီးတာလိုမျိုး လေ့ကျင့်ခန်း တွေကို ပုံမှန်ပြုလုပ်တာကြောင့် အသည်း အတွင်း သွေးလှည့်ပတ်မှုကောင်းမွန်စေ နိုင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေကို ရှင်းထုတ်နိုင်ကာ အသည်းကင်ဆာ ဖြစ်နိုင်ခြေ ၁၆ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ ဂျပန်မှ သုတေသီတွေ က တွေ့ ရှိခဲ့ပါတယ်။ ဒါ့အပြင် သွေးတွင်း ပိုလျှံနေ တဲ့သကြားဓာတ်တွေနဲ့ ထရိုင်ဂလစ် စရိုက်တွေ ကို လောင်ကျွမ်းစေနိုင်တာမို့ အသည်းမှာ အဆီတွေ စုဆောင်းမှုမဖြစ် အောင်လည်း ကာကွယ်နိုင်တယ်လို့ ချီကာဂိုဆေးရုံမှ ပါမောက္ခမေရီက ပြောပါတယ်။

ဆေးဖက်ဝင်အပင်အမျိုးအစားများကို မှီဝဲပါ

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များ စွာပါဝင်တဲ့ စပျစ်သီးအစေ့ (Grape seed extract) ကို နေ့စဉ် ၁၀ဝ မီလီ ဂရမ် မှီဝဲတာကြောင့် အသည်းကျန်းမာ ရေး ကောင်းမွန်စေနိုင်ပါတယ်လို့ သုတေ သီတွေက အကြံပေးထား ပါတယ်။ အသည်းရောဂါရှိနေသူဖြစ်ရင်လည်း Milk thistle ကို ၃၀ဝ မီလီဂရမ် မှီဝဲတာ ကြောင့် အသည်း ဆဲလ်အသစ် ကြီးထွား မှုနှုန်းမြန်ဆန်ပြီး ပင်ပန်းနွမ်းနယ်တာနဲ့ လေပွတာလိုမျိုး အသည်းရောဂါဝေဒနာ တွေ ဟာ နှစ်လအတွင်း သက်သာသွား နိုင်ပါတယ်။

ကျန်းမာရေးကောင်းစေသော အဆီကို အဓိကထား စားပါ

ဆီကြော်စာတွေကို တစ်ပတ်သုံး ကြိမ် ဒါမှမဟုတ် ဒါထက်ပိုစားခဲ့ရင် အသည်းမှာ ရောင်ရမ်း မှုဖြစ်နိုင်ခြေ မြင့်တက်လာပြီး အသည်းမှာ အမာရွတ်ဖြစ်စေနိုင်ပါတယ်လို့ ကနေဒါမှ လေ့လာမှု အရသိရပါတယ်။ ဒါကြောင့် ကျန်းမာရေး ကောင်းစေပြီး ရောင်ရမ်းမှုကို လျှော့ချ နိုင်တဲ့ သံလွင်ဆီလိုမျိုး အဆီ၊ မြေပဲ၊ ငါး၊ အခွံမာသီး၊ အစေ့နဲ့ ထောပတ်သီးလိုမျိုး အဆီတွေဟာ အသည်းပျက်စီးမှုကို ပြန် လည်ပြုပြင်နိုင်ပြီး ပင်ပန်းနွမ်းနယ်တာဟာလည်း တစ်လအတွင်းမှာ ၅၀ ရာခိုင် နှုန်းအထိ သက်သာစေနိုင်ပါ တယ်။

ဒေါက်တာ ခင်မိုးမိုး



အခြေခံစားသောက်ကုန်ဈေးနှုန်းများ အတက်မရပ်သေး၊ သင်္ကြန်အပြီးတွင် ဈေးပြန်မကျဘဲ ၂၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းထိ ဆက်တက်


ရန်ကုန်မြို့ရှိ အခြေခံစားသောက်ကုန်များ ရောင်းချရာဈေးအတွင်း ဈေးဝယ်နေကြသူများကို တွေ့ရစဉ်

မီတာခတိုးမြှင့်မှု၊ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်မှုဟူသော အရှိန်နှစ်ခုကြောင့် စတင်မြင့်တက်လာသော အခြေခံ စားသောက်ကုန်ဈေးနှုန်းများသည် သင်္ကြန်နှစ်ကူးကာလ ရောက်ရှိမှု အရှိန်ကြောင့် ဆက်လက်မြင့် တက်ခဲ့ပြန်သည်။

နှစ်စဉ် နှစ်ကူးကာလနီးကပ်ခြင်းနှင့် နှစ်ကူးကာလအတွင်း၌ အခြေခံစားသောက် ကုန်ဈေးနှုန်းများ မြင့် တက်လေ့ရှိပြီး နှစ်ကူးအလွန်တွင် ပြန်ကျမြဲဖြစ်သည်။

ယခုနှစ်တွင်မူ နှစ်ကူးကာလ လွန်မြောက်သော်လည်း ပြန်လည်ကျဆင်းခြင်း မရှိဘဲ အခြေခံစားသောက် ကုန်ဈေးနှုန်းအချို့မှာ ပို၍ပင် မြင့်တက်လာနေသည်။

ဈေးနှုန်းပြန်လည်ကျဆင်းရမည့်အစား သားငါးဈေးနှုန်းများသည် အနည်းဆုံး သင်္ကြန်မတိုင်ခင်ဈေးများထက် ၂၅ ရာခိုင်နှုန်းမှ အချို့ရာခိုင်နှုန်း ၁၀၀ အထိ ခုန်တက်လာခဲ့ခြင်းဖြစ်ရာ နှစ်ကူးကာလကြောင့် တက်ခြင်း မဟုတ်တော့ဘဲ မီတာခနှင့် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမှုကို အခြေပြု၍ မြင့်တက်ခြင်းမျိုး ဖြစ်နေသည်။

သင်္ကြန်ကာလနီးချိန်မှ စတင်ကာ အခြေခံစားသော ကုန်များဖြစ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းနှင့် အာလူးဈေးနှုန်းများ စတင်မြင့်တက်ခဲ့ပြီး ယခုသင်္ကြန်ကာလ ပြီးဆုံးချိန်တွင်လည်း ဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

ကြက်သွန်နီ တစ်ပိဿာယခင် ကျပ် ၆၀၀ မှ ယခု ၈၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ယခင် ကျပ် ၁၈၀၀မှ ယခု ၂၅၀၀၊ အာလူး တစ်ပိဿာ ယခင်ကျပ် ၆၀၀ မှ ယခု ၈၀၀၊ ချင်း တစ်ပိ ဿာ လျှင် ယခင်ကျပ် ၂၀၀ မှ ယခု ကျပ် ၄၀၀၀၊ ကြက်ဥ၊ ဘဲဥတစ်လုံးလျှင် ယခင် ကျပ် ၁၀၀၊ ၁၁၀မှ ယခုကျပ် ၁၃၀၊ ၁၅၀ အထိ အသီးသီး ဈေးနှုန်းမြင့် တက်လျက်ရှိကြောင်း သိရသည်။

“ချင်းဈေးဆိုရင် ခုထိမကျသေးဘူး။ ၂၀၀၀ ကနေ တက်သွားတာ။ ဒါပေမဲ့ ကြက်သွန်နီကတော့ တစ်ပိဿာကို ၅၀ လောက်ပဲ ကျသွားတယ်။ သိသိသာသာ ကျသွားတာတော့ မရှိဘူး။ ကျွန်တော်တို့ ကုန်စည်ဒိုင် မှာတောင် ဈေးအကျ သိပ်မရှိတော့ လက်လီဈေးကွက်ဆိုရင်တော့ ကျဖို့ မရှိသေးဘူး။ အခုရက်ပိုင်းတော့ ကြက်သွန်ဖြူတွေက အနီတော့ ဈေးနည်းနည်း ပိုကျတယ်။ ဒါပေမဲ့ သယ်ယူစရိတ်နဲ့ ပြန်တွက်ကြည့်မယ် ဆိုရင် လက်လီရောင်းသမားတွေက ဈေးကို အရမ်းချရောင်းမှာ မဟုတ်ဘူး”ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။



 
ကြက်သား တစ်ပိဿာ ယခင် ကျပ် ၃၀၀၀ မှ ၈၀၀၀၊ ယခုအခါတွင် ၇၀၀၀မှ ၁၂၀၀၀၊ ၀က်သား တစ်ပိဿာ ကျပ် ယခင် ၅၀၀၀ မှ ၇၀၀၀၊ ယခု ကျပ် ၇၀၀၀မှ ၉၀၀၀၊အမဲသား တစ်ပိဿာ ယခင်ကျပ် ၆၀၀၀မှ ၈၀၀၀၊ ယခုကျပ် ၇၀၀၀မှ ၁၀၀၀၀၊ ငါးကြင်း ယခင် တစ်ပိဿာ ကျပ် ၄၀၀၀မှ ယခုကျပ် ၈၀၀၀၊ ငါးမြစ်ချင်း ယခင်တစ်ပိဿာကျပ် ၂၀၀၀ မှ ယခုကျပ် ၄၀၀၀ အသီးသီး ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။ ငါးဈေးနှုန်းများမှာ ရာခိုင်နှုန်း ၁၀၀ (တစ်ဆ)မြင့်တက်နေပြီး အသားဈေးများမျာ ရာခိုင်နှုန်း ၄၀ ခန့် တက်လာသည် ကို တွေ့ရသည်။

“ဆန်၊ ဆီတွေကတော့ သိပ်မတက်ဘူး။ ဈေးသိသိသာသာ တက်တာက ကုန်ခြောက်တွေနဲ့ သားငါးတွေက တက်တယ်။ ငါးကြင်းတွေဆိုရင် တစ်ပိဿာ ၈၀၀၀ ရှိတယ်။ ဈေးနှုန်းကတော့ တက်ပြီးရင် ပြန်ကျရိုး ထုံးစံမှမရှိတာ။ သင်္ကြန်တက်ဈေးအတိုင်းပဲ ဖြစ်သွားတာ များတယ်”ဟု တာမွေမြို့နယ်နေ အိမ်ရှင်မတစ်ဦးက ဆိုသည်။

ဈေးနှုန်းမြင့်တက်ရာတွင် အနိမ့်ဆုံးကျပ် ၂၀၀၀ မှ ၄၀၀၀ အထိလည်းကောင်း၊ ကုန်ခြောက်ဈေးနှုန်းများမှာ ကျပ် ၅၀ မှ ၁၀၀၀ အထိ ယခင်ဈေးနှုန်းထက် မြင့်တက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဗဟိုစံပြငါးဈေးမှ ငါးဒိုင်တစ်ဦးက “ဒီသင်္ကြန် မတိုင်ခင်ကတည်းက ကုန်အ၀င်နည်းလို့ဈေးတက် တာ။ နောက်ပြီး ငါးသင်္ဘောတွေကလည်း အထွက်နည်းတယ်။ငါးအရလည်း နည်းတယ်။ ဒါကြောင့် ခါတိုင်း ဈေးထက် နှစ်ဆလောက် ငါးဈေးတွေ တက်သွားတယ်။ အဲဒါမှ ကျွန်တော်တို့အတွက် ကိုက်မှာ။ အရင် တီလားဗီးယား တစ်ပိဿာ ၁၀၀၀ ဈေးကနေ ၂၀၀၀ နီးနီးလောက်ဖြစ်တယ်”ဟု ဆိုသည်။

ကုန်ခြောက်နှင့် သားငါးဈေးနှုန်းမှာမူ သင်္ကြန်မတိုင်ခင်ကပင် တက်ရိပ်ပြခဲ့ပြီး သင်္ကြန်ကျော်လွန်သော်လ ည်း ဈေးနှုန်းကျဆင်းခြင်း မရှိသေးဘဲ ဆန်၊ ဆီဈေးနှုန်းမှာမူ သင်္ကြန်မတိုင်ခင်နှင့် သင်္ကြန်အပြီးတွင် လည်း ဈေးအတက်အကျမရှိဘဲ ဈေးငြိမ်နေကြောင်း သိရသည်။ ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်မှုရှိရာ၌ ဒိုင်မှဝယ်ယူရသည့် လက်ကားဈေးနှုန်း မှာသိသာစွာမြင့်တက်ခြင်းမရှိဘဲ လက်လီအရောင်းဈေးကွက် ၌သာ ဈေးနှုန်းများဆက်လက်မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယခုဈေးကွက်မှာ နှစ်ကူးအလွန်ကာလ ဈေးနှုန်းများဖြစ်၍ မတည်ငြိမ်သေးဟု ဆိုနိုင်သော်လည်း အကယ်၍ ဧပြီလကုန်ပိုင်းအထိ ယခုဈေးနှုန်းများအတိုင်း အခြေခံစားသောက်ကုန်အပြင် လူသုံးကုန်များပါ မြင့်တက် လာသည်ဆိုလျှင် အစိုးရ၏ မီတာခတိုးမြှင့်လိုက်မှုကြောင့်ဟု ယတိပြတ်ကောက်ချက်ချနိုင်ပြီ ဖြစ်သည်။

လျှပ်စစ်မီတာခတိုးလိုက်ခြင်း၊ ၀န်ထမ်းလစာ တိုးလိုက်ခြင်း အရှိန်များဖြင့် ကုန်ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာသော်လည်း အခြေခံလုပ်သားလစာများမှာမူ တိုးမြင့်လာခြင်း မရှိသည့်အတွက် ယခုဈေးနှုန်းများအတိုင်း ဆက်လက်သွားနေမည်ဆိုပါက ယခု ၂၀၁၄ ခုနှစ်အတွင်း အခြေခံလုပ်သားများ အနေဖြင့် စားဝတ်နေရေးအတွက် ပိုမို ရုန်းကန်ရဦးမည့် အခြေအနေရောက်ရှိလာမည် ဖြစ်သည်။

 
Eleven Media Group



ကြက်ဥ လတ်မလတ် အလွယ်စမ်းသပ်နည်း (၄)မျိုး


ဈေးဝယ်ထွက်တဲ့အခါ ကိုယ်ဝယ်မယ့်ကြက်ဥတွေ လတ်မလတ်နဲ့ ချက်ပြုတ်စားသောက်မယ့် ကြက်ဥလတ်မလတ် သိဖို့ စမ်းသပ်နိုင်မယ့် အလွယ်နည်းလမ်း (၄) မျိုးကို မျှဝေချင်ပါတယ်။

၁။ ကြက်ဥကို နား အနားမှာကပ်ပြီး လှုပ်ကြည့်ပါ။

ကြက်ဥတစ်လုံးကို ယူပြီး နားအနားမှာ အသာ ဖြေးဖြေးလှုပ်ကြည့်ပါ။ လတ်ဆတ်တဲ့ ကြက်ဥမှန်ရင် ဘာအသံမှ မထွက်ပါဘူး။ အဲလိုမဟုတ်ဘဲ ကြက်ဥထဲကနေ အသံထွက်နေပြီ ဆိုရင်တော့ အဲဒီကြက်ဥဟာ လတ်ဆတ်မှု မရှိတော့ပါဘူး။

၂။ ရေထဲသို့ထည့်ကြည့်ပါ။

ခွက်တစ်ခု ဒါမှမဟုတ် ဇလုံတစ်လုံးထဲကို ကြက်ဥ မြုပ်ပြီး ၁ လက်မခန့်လောက် ရေအေးထည့်ထားပါ။ ထိုဇလုံထဲသို့ ကြက်ဥများကို ဖြေးညှင်းစွာထည့်ကြည့်ပါ။ လတ်ဆတ်သော ကြက်ဥများသည် ရေအောက်သို့ နစ်မြုပ်သွားပြီး သိပ်မလတ်သော ကြက်ဥများသည် ရေထဲသို့ အနည်းငယ် နစ်သွားမည် ဖြစ်သည်။ လုံးဝမလတ်သော ကြက်ဥများသည် ရေပေါ်သို့ ပေါ်လာပါလိမ့်မည်။

၃။ ကြက်ဥ အနစ်ကို ကြည့်ပါ။

ကြက်ဥကို ခွဲပြီး အကာနှင့် အနှစ်ကို ကြည့်နိုင်ပါတယ်။ လတ်ဆတ်တဲ့ ကြက်ဥအနှစ်အရောင်က အ၀ါရောင် ကြည်တောက်နေပြီး အနှစ်ပုံစံကလည်း လုံးဝန်းနေပါသေးတယ်။ မလတ်ဆတ်တော့တဲ့ ကြက်ဥအနှစ်အရောင်ကတော့ အရောင်ဖျော့နေပြီးတော့ အနှစ်ပုံစံကလည်း ပြားနေပါလိမ့်မယ်။

၎။ ကြက်ဥ အကာကို ကြည့်ပါ။

ကြက်ဥတစ်လုံးကို ခွဲပြီး ပန်းကန်ပြားတစ်ချပ် ထဲသို့ ထည့်ကြည့်ပါ။ လတ်ဆတ်တဲ့ ကြက်ဥဆိုရင်တော့ အနှစ်က အကာထက် နည်းနည်းလေး မြင့်နေပြီးတော့ အနှစ်တ၀ိုက်မှာ အကာကရှိနေတာ တွေ့ရပါလိမ့်မယ်။ အဲလိုမှ မဟုတ်ဘဲ အကာက အနည်းငယ် ကြည်နေတယ် ဒါပေမယ့် အနှစ်နဲ့တော့ ကပ်နေသေးတယ် ဆိုရင် ဒီကြက်ဥ သိပ်မလတ်တော့ဘူးလို့ ပြောလို့ရပါတယ်။ လုံးဝမလတ်တော့တဲ့ ကြက်ဥဆိုရင်တော့ အကာက ရေလိုဖြစ်နေပြီး ကြက်ဥအနှစ်နဲ့ သိပ်မကပ်တော့ပါဘူး။


 
အထက်မှာ ပြောပြထားတဲ့ နည်းလမ်းတွေထဲက အစဉ်ပြေရာ စမ်းသပ်ကြည့်ပြီး အခြားသူတွေကိုလည်း မျှဝေပေးခြင်းဖြင့် World-Myanmar ကို ကူညီအားပေးကြပါဦးနော်။

အားလုံးပဲ ကျန်းမာချမ်းသာ နှစ်ဖြာသုခ ပိုင်ဆိုင်နိုင်ကြပါစေ။  
 
Source: The Kitchn

World Myanmar



အရေးပေါ် ဖုန်းအားသွင်းဖို့ လိုအပ်နေရင် အသုံးပြုနိုင်စေရန်



ဖုန်းသုံးနေတဲ့ သူတွေအတွက်ပါ။ အားကုန်နေတဲ့အချိန်မှာ အားသွင်းဖို့ အခက်အခဲရှိနေရင် အင်တာနက် ထဲကရတဲ့ သတင်းလေးပါ... အားကုန်နေတဲ့ ဘက်ထရီကို ထုတ်လိုက်ပါ.. ပြီးရင်ဆေးလိပ်ဘူးခွံ့ မှာပါ တဲ့  ငွေရောင်စက္ကူနဲ့ ပတ်လိုက်ပါ.. နေရာမလွတ်စေနဲ့နော်.. ပြီးရင်၂ မိနစ်လောက် မီးအပူပေးလိုက် ပါ.. နေရာအနှံ့ကိုပေါ့။ ပြီးရင် ၁၀ မိနစ်လောက် အအေးခံထား ပြီးပြန်သုံးရင် အရေးပေါ် ဖုန်းခေါ်ဆိုမှုတွေ အတွက် ဘက်ထရီအားဟာ အဆင်သင့်ဖြစ်နေတာကို တွေ့ရပါလိမ်မယ်.. အားရဲ့ ၅ ပုံ ၂ ပုံဟာ ပြန်ပြည့်နေ တာကို တွေ့ ရမှာပါ ...... လိုရာကို အရေးပေါ်ခေါ်ဆိုနိုင်မှာပါ။

 
ရွှေအိမ်စည် စာကြည့်တိုက်


ဧ၀ရတ်တောင်တက်မည့် မြန်မာအဖွဲ့ တောင်ခြေရောက်သည့်နေတွင် ရေခဲတောင်ပြိုကျမှုကြောင့် တောင်တက်သမား ၁၈ ဦး သေဆုံး

 
စနေနေ့၊ ဧပြီလ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ နီပေါနိုင်ငံရှိ ဧ၀ရတ်တောင်သို့ မြန်မာနိုင်ငံမှ တောင်တက်အဖွဲ့ ပထမအကြိမ် တက်ရောက်ရန် တောင်ခြေသို့ ရောက်ရှိသည့်နေ့(ဧပြီ ၁၈ရက်)၌ပင် ရာသီဥတုအခြေအနေအရေ
ရခဲတောင်ပြိုကျမှုကြောင့် တောင်တက်နေသည့် နိုင်ငံခြားသားလမ်းပြ ၁၈ ဦး သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံ တောင်တက်အဖွဲ့၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။


မြန်မာတောင်တက်အဖွဲ့သည် ဧဝရတ်တောင်သို့ တက်ရန် ပြင်ဆင်နေဆဲ ဖြစ်ပြီး တောင်ပြိုကျမှုသည် အမြင့်ပေ ၁၉,၀၀၀တွင် ရှိသော တောင်ထွတ် တစ်နေရာတွင်ဖြစ်သည်။ သေဆုံးသွားသူများမှာ နီပေါလမ်းပြ ၆ ဦး အပါအ၀င် နိုင်ငံခြားတောင်တက်သမားတို့ စုစုပေါင်း ၁၈ ဦးတို့ ဖြစ်သည်ဟု ဆိုသည်။

မြန်မာတောင်တက်အဖွဲ့မှ “ကျွန်တော်တို့ နိုင်ငံရဲ့ အလံကို ဧ၀ရတ်တောင်ထွဋ်မှာ လွှင့်မယ်ဆိုတာကိုတော့ အရှုံးပေးမှာ မဟုတ်ဘူး၊ သေတစ်နေ့ မွေးတစ်နေ့ စိတ်ဓါတ်နဲ့ မြန်မာ့အလံကို လွှင့်ထူဖို့ ကြိုးစားသွားမှာပါ"ဟု ပြောသည်။

မြန်မာနိုင်ငံ တောင်တက်အဖွဲ့များအနေဖြင့် တောင်ခြေစခန်းတွင် တောင်တက်တောင်ဆင်း
 လေ့ကျင်းခန်းပြုလုပ်နေဆဲပင်ဖြစ်သည်။ ရေခဲတောင်ပြိုကျမှုတွင် သေဆုံးခဲ့သည့် သူများကို ရဟတ်ယာဉ် ၁၃ စင်းဖြင့် ရှာဖွေရေးပြုလုပ်နေသည်ကိုလည်း မြင်တွေ့နေရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ တောင်တက်အဖွဲ့မှ တစ်ဦးဖြစ်သည့် ကိုရဲမင်းသူက “ အခု ရေခဲပျော်ကျမှုကြောင့် ဖြစ်ပျက်သွားတဲ့ သူတို့အားလုံးအတွက် ကျွန်တော်တို့ စိတ်မကောင်းဘူး၊ ပျောက်နေတဲ့ သူတွေကိုလည်း တွေ့ပါစေလို့ ဆုတောင်းနေတယ်"ဟု ဆိုသည်။

ဧ၀ရတ်တောင်ခြေသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်တတ်အဖွဲ့၏ ပြောကြားချက်အရ
 ရေခဲပျော်ကျမှုကာ နှင်းခဲရိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၈ ဦး၊ ဒဏ်ရာရသူ ၄ ဦးနှင့် ပျောက်ဆုံးနေသူ ၅ ဦးရှိသည်။

၁၉၅၃ ခုနှစ်တွင် ဧ၀ရတ်တောင်သို့ တတ်ရောက်ခဲ့ကြသည့် နယူးဇီလန်နိုင်ငံ တောင်တက်သမားများ၏ ပထမဦးဆုံးခရီးတွင် တောင်တက်သမား ၄၀၀၀ကျော် တက်ရောက်ရာ အောင်မြင်ခဲ့ကြသော်လည်း ထိုသူများထဲမှ ၁၀၀ ကျော်မှာ တောင်တက်နေရင်း သေဆုံးခဲ့သည်။

၁၉၉၆ ခုနှစ် မေလ ၁၁ ရက်တွင် တောင်တက်သမား ၈ ဦးမှာ တောင်ထွဋ်နား အရောက်တွင် နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးခဲ့ရမှုကို ဧ၀ရတ်တောင်၏ အဆိုးဆုံး အန္တရာယ်ဟု မှတ်တမ်းတင်ခံခဲ့ရသည်။

၁၉၇၀ ခုနှစ်တွင် နီပေါနိုင်ငံမှ တောင်တက်သမားလမ်းပြ ၆ ဦး ရေခဲပျော်ကျမှုကြောင့် သေဆုံးခဲ့သည်။

ဧဝရတ်တောင်သည် ပင်လယ်ရေပြင်အထက် အမြင့်ပေ ၂၉,၀၂၉ ပေရှိသည်။

နန်းလွင်နှင်းပွင့်

Mizzima Burmese