8 May 2014

လာမည့်နှစ် သူငယ်တန်း တက်ရောက်မည့် သူတိုင်းကို အသက်ပြည့်၊ မပြည့် တင်းကျပ်မည်

 
 
 လာမည့်နှစ် သူငယ်တန်း တက်ရောက်မည့် သူတိုင်းကို အသက်ပြည့်၊ မပြည့် တင်းကျပ်မည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာ မူလတန်းကျောင်းများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စ၍ သူငယ်တန်း တက်ရောက်မည့် သူတိုင်းကို အသက် ၅ နှစ် ပြည့်၊ မပြည့် တင်းကျပ်စွာ စစ်ဆေးမည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောကြားသည်။

မေလ ၇ ရက်နေ့တွင် အလုံမြို့နယ်၊ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသော ကျောင်းဖွင့်ရာသီ မတိုင်မီ သတ်မှတ်ချက် စည်းမျဉ်း စည်းကမ်းများ အကြောင်း ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။

ကျောင်းအပ် လက်ခံစဉ် အသက်ငါးနှစ် မပြည့်ပါက အသက် တစ်လလိုလျှင် သက်ဆိုင်ရာ ကျောင်းအုပ်ခွင့်ပြုချက်၊ အသက် နှစ်လလိုလျှင် မြို့နယ် ပညာရေးမှူး ခွင့်ပြုချက်နှင့် အသက် သုံးလလိုလျှင် သက်ဆိုင်ရာ အခြေခံပညာ ဦးစီးဌာနအထိ ခွင့်ပြုချက် တင်ရမည် ဖြစ်ကြောင်း၊ အဆိုပါ ကျောင်းအပ်လက်ခံ စာရင်းများကို ကျောင်းစစ်ဆေးရေး အဖွဲ့က လာရောက်စစ်ဆေးရန် စီစဉ်ထားကြောင်း ဒေါ်စန်းစန်းရီက ပြောဆိုသည်။

“စာသင်ဖို့ အဆင်သင့် ဖြစ်တဲ့ ကလေးကိုပဲ လက်ခံပေးပါ။ အဆင်သင့် မဖြစ်သေးရင် နောက်နှစ်မှ ကျောင်းထားဖို့ မိဘကို နားလည်အောင် ပြောပြပါ” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် သူငယ်တန်း ကျောင်းဝင်ခွင့် အသက်ကို အသက်ငါးနှစ် သတ်မှတ်ထားသော်လည်း အချို့ အခြေခံပညာ ကျောင်းများတွင် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမနှင့် မိဘများက နားလည်မှုနှင့် အသက်မပြည့်သော ကလေးငယ်များကို ကျောင်းအပ် လက်ခံလေ့ ရှိသည်။
နိုင်ငံတကာ ကလေးသူငယ် ပညာရှင်များက အသက်မပြည့်မီ ပညာသင်ကြားခြင်းသည် ဉာဏ်ရည် ဖွံ့ဖြိးမှု ခြားနားချက်ကြောင့် ကလေး၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးကို ထိခိုက်စေကြောင်း သုတေသနစာတမ်းများ ဖတ်ကြားလေ့ ရှိသည်။

ပညာရေး ဝန်ကြီးဌာန၏ စနစ်သစ်အရ ကျောင်းအပ်သော ကလေးငယ်၏ အသက် မှန်ကန်ကြောင်း အုပ်ထိန်းသူ၏ သဘောတူလက်မှတ် ကောက်ခံပြီး ယင်းစာရင်းအတိုင်း စစ်ဆေးရေးက စစ်ဆေးကာ တင်းတင်းကျပ်ကျပ် ဆောင်ရွက်မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယခု ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ကို မေလ နောက်ဆုံးပတ်တွင် လက်ခံရန် စီစဉ်နေကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းထံမှ သိရသည်။

The Voice Weekly


ပရဟိတလုပ်ငန်းတွေ လုပ်နေတယ်ဆိုတာ ပေါ်ပင်ဖြစ်ချင်လို့ မဟုတ်ပါဘူးလို့ ဆိုလိုက်တဲ့ နန်းခင်ဇေယျာ

 
နိုင်ငံ့ဂုဏ်ဆောင် Miss ဖြစ်တဲ့ နန်းခင်ဇေယျာက ပရဟိတလုပ်ငန်းတွေကို ပုံမှန်လုပ်ဖြစ်နေတဲ့ အနုပညာရှင်တစ်ဦးပါ။ ခုလို ပရဟိတလုပ်ဖြစ်ပုံအကြောင်းတွေကို သူမကို မေးဖြစ်တဲ့အခါ ‘အနုပညာရှင်တွေ ပရဟိတ လုပ်တာကို တချို့က အောင်မြင်ချင်လို့ထင်ကြတယ်။ အမှန်က အနုပညာရှင်တွေ ပရဟိတလုပ်ရင် ပြည်သူတွေက သိတယ်။

ပြည်သူတွေကလဲ ဥပမာ ရန်ကုန်မှာရှိတဲ့ မရမ်းချောင်းမှာဆို တီဗီရောဂါ
သည်တွေရှိတယ်။ အဲဒီမှာကိုယ်က သွားလိုက်တယ်။ သြော် ဒီနေရာမှာ ဒီလိုမျိုးလူတွေရှိပါလားဆိုတာ ပရိသတ်က သိသွားတယ်။ အဲဒီမှာပရိသတ်က သိသွားပြီးတော့ အဲဒီကို သွားလှူကြတယ်။ အနုပညာရှင်တွေပရဟိတလုပ်မှ ပိုသိကြတယ်။ တစ်ခါတလေ ပြည်သူတွေ သိတာမျိုးလဲ ရှိပါတယ်။


မသိတဲ့နေရာတွေလဲ ရှိတယ်ပေါ့နော်။ အဲဒီလိုအခါမျိုးကျရင် အနုပညာရှင်တွေ ပြောမှ ပရိသတ် သိတာမျိုးလဲ ရှိတယ်လေ။ ညီမတို့ပရဟိတ လုပ်တယ်ဆိုတာ ပေါ်ပင်ဖြစ်ချင်လို့မဟုတ်ဘူး။ ပေါ်ပင် လုပ်ချင်တဲ့သူတွေကတော့ တစ်လ နှစ်လထက် ပိုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ညီမတို့ပရဟိတ လုပ်တယ်ဆိုတာ ပရဟိကို တကယ် လုပ်ချင်စိတ်ရှိလို့ လုပ်တာပါ။ ဒါပေမဲ့ လုပ်တဲ့ ချိန်မှာလဲ တကယ်ပေးဆပ်ပြီး လုပ်တာလား ။ မလုပ်တာလားဆိုတာ သိနိုင်ပါတယ်။ အခုလိုပရဟိတ လုပ်နေရတဲ့တွက်လဲ အရမ်းကို ကျေနပ်မိပါတယ်။

တချို့ဆို မိဘမဲ့လေးတွေရှိတယ်။ မိထွေးနဲ့နေရပြီးတော့ စိတ် မပျော်ရွှင်ရတဲ့ ကလေးတွေအတွက် စိတ်ထွက်ပေါက်အနေနဲ့ အားပေးစကားက အလွန်ကို လိုအပ်ပါတယ်။ အဲဒီအခါကျရင် သူတို့ရဲ့ စိတ်ထဲမှာ ပျော်ရွှင်မှုတွေရလာအောင် အားပေးစကားပြောရတဲ့ခါ ကိုယ်ကိုတိုင်လဲ ပျော်ရွှင်မိတယ်။ ဒါတွေက ဘယ်အရာနဲ့မှလဲ မလဲနိုင်ဘူး။’လို့ သူမက ပြောပြခဲ့ပါတယ်။

Trend Myanmar


ကွက်လပ်လေးတွေ ဖြည့်ပေးပါ


ကွက်လပ်လေးတွေ ဖြည့်ပေးပါ

(Written by: ညီအောင်ညီ)

"နေတတ်ရင် ကျေနပ်စရာ၊ ပျော်စရာတွေချည်းပဲ" လို့ ကျွန်တော်တို့ ပြောမိတတ်ကြပါတယ်။ အဲဒီစကားက အားလုံးကို ကိုယ်စားမပြုမှန်းသိကြမှာပါ။ ကျေနပ်စရာမရှိသေးတဲ့ ဘ၀ပေးအခြေအနေမျိုးစုံမှာ နေကြရသူတွေ၊ ပျော်စရာဆိုတာထက် နေရေး၊ စားရေးကိုပဲ မိုးလင်းမိုးချုပ် စက်ဝိုင်းသံသရာထဲမှာပဲ တ၀ဲဝဲလည်နေကြရတော့ ပျော်စရာဆိုတာ "သီးခြားကမ္ဘာ" တစ်ခုအဖြစ်သာ ရှိနေကြရသူတွေ ကျွန်တော်တို့နိုင်ငံထဲမှာ အများကြီးပါပဲ။

"သတ္တ၀ါအားလုံးဟာ တစ်ခုခုတော့ အမြဲလိုအပ်နေတယ်" ဆိုတဲ့ "ဘုရားဟောစကားတော်" ရှိပါတယ်။ လူတိုင်းဟာ "ကွက်လပ်လေး" တွေကိုယ်စီနဲ့ပါ။ လစ်ဟာနေတဲ့ ကွက်လပ်လေးတွေကို ကိုယ်ချင်းစာတရား ရှေ့တန်းတင်ပြီး လူသားအချင်းချင်း ဖြည့်ဆည်းပေးကြမယ်ဆိုရင် "သာယာတဲ့ လောက၊ ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ လောက" ကို မြင်တွေ့နိုင်၊ ပီတိဖြစ်နိုင်ကြမှာပါ။

သူတစ်ပါးရဲ့ လိုအပ်ချက်များကို အထူးသဖြင့် နှလုံးသားရဲ့ လိုအပ်ချက်များကို ဖြည့်စွက်ပေးနိုင်ရပါလို၏လို့ သီတဂူဆရာတော်ကြီးရဲ့ အဓိဋ္ဌာန်တစ်ခုကို သတိရမိပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ လူအချင်းချင်း၊ ပြည်သူအချင်းချင်းရဲ့ လိုအပ်ချက်၊ လစ်ဟာချက်၊ ကွက်လပ်လေးတွေကို စိတ်ကောင်း၊ စေတနာကောင်းလေးတွေယှဉ်ပြီး ဖြည့်ဆည်းကြရမှာပါ။

ပြီးခဲ့တဲ့ "လ" က "သပြေ" (Tha Byae) ကလေးလူငယ် ပညာရေး၊ ကျန်းမာရေးထောက်ပံ့မှုအဖွဲ့နဲ့အတူ "စေတနာဝန်ထမ်း" အဖြစ် ပါဝင်အားဖြည့်ရင်း ဆင်းရဲနွမ်းပါးတဲ့ ကလေးသူငယ်များကို အခမဲ့ပညာသင်ပေးနေတဲ့ "သီလရှင်စာသင်ကျောင်း" တစ်ကျောင်းကို ရောက်ခဲ့ပါတယ်။ "သပြေအဖွဲ့" ဆိုတာက ကိုရီးယားနိုင်ငံရောက်မြန်မာများနဲ့ ကိုရီးယားမိတ်ဆွေအချို့ရဲ့အား ဖြည့်ကူညီမှုနဲ့ ကလေးသူငယ်ပညာရေး၊ ကျန်းမာရေးထောက်ပံ့မှုတွေကို ဆောင်ရွက်နေတဲ့ ပြည်တွင်း NGO အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံအတွင်းမှာရှိတဲ့ စာကြည့်တိုက်ပေါင်း "၃၁၀" ကျော်နဲ့ စာသင်ကျောင်းအချို့မှာ ကလေးဗဟိုပြု၊ ကလေးစာပေ၊ စာအုပ်တွေ ရိုက်နှိပ်ပြီး အခမဲ့ဖြန့်ဝေလှူဒါန်းနေတဲ့ အဖွဲ့အစည်းငယ်တစ်ခုပါပဲ။

အဲဒီသပြေအဖွဲ့ရဲ့ Plan တွေထဲက "ပျော်ရွှင်စရာ ကလေးကမ္ဘာ" ဆိုတဲ့ အစီအစဉ်လေးကို သဘောကျနှစ်သက်ခဲ့မိပါတယ်။ ကလေးတွေရှိတဲ့နေရာကိုသွားပြီး "ကလေးဖတ်စာအုပ်တွေ"၊ "ကလေးကစားစရာတွေ"၊ အရောင်ခြယ်လို့ရမယ့် ပန်းချီကာတွန်း စာရွက်လေးတွေကိုယူသွားပြီး ကလေးတွေပျော်ရွှင်စေဖို့ ၀န်ဆောင်မှုအပြည့်ပေးတဲ့ ပျော်ရွှင်စရာကလေးကမ္ဘာ အစီအစဉ်လေးပါပဲ။

ကလေးကစားကွင်းတွေ၊ ပန်းခြံတွေမှာ ကစားနိုင်၊ အပန်းဖြေနိုင်တဲ့ ကလေးတွေရှိသလို အဲဒီနေရာတွေကို ငွေကြေးချို့တဲ့မှုအပါအ၀င် အခြားအကြောင်းအမျိုးမျိုးကြောင့် အပန်းမဖြေနိုင်၊ မကစားနိုင်တဲ့ ဆင်းရဲချို့တဲ့တဲ့ ကလေးတွေလည်း အများကြီးရှိပါတယ်။ ပျော်ရွှင်စရာကလေးကမ္ဘာ အစီအစဉ်ဟာ လိုအပ်နေတဲ့ကလေးတွေရဲ့ ကွက်လပ်အချို့ကို အချိန်ပိုင်းအနေနဲ့ ဖြည့်ဆည်းပေးခြင်းပါပဲ။

ပထမဆုံးရတဲ့ ကြည်နူးမှုကတော့ ကလေးတွေ ပျော်ရွှင်နေကြခြင်းကြောင့်ပါပဲ။ သူတို့မဖတ်ဖူးတဲ့ စာအုပ်စာပေတွေကို ၀မ်းသာအားရဖတ်ကြပါတယ်။ သူတို့မ၀ယ်နိုင်တဲ့ ကစားစရာပစ္စည်းအချို့ကို စိတ်ကြိုက်ကိုင်တွယ်ကစားခွင့်ရကြပါတယ်။ သူတို့ရေးဆွဲချင်တဲ့ပုံတွေ၊ သူတို့အရောင်ခြယ်ချင်တဲ့ပုံတွေကို စိတ်ကြိုက်ရေးခြယ်ခွင့်ရကြပါတယ်။ သူတို့လေးတွေရဲ့ ၀မ်းသာအားရကစားနေကြပုံတွေ၊ စာဖတ်နေကြတဲ့ပုံတွေ၊ ပုံအရောင်ခြယ်နေကြပုံတွေကိုကြည့်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံမှာ "စာဖတ်ခွင့်၊ ကစားခွင့်၊ ပျော်ရွှင်ခွင့်" ဆုံးရှုံးနေတဲ့ကလေးတွေ ဘယ်လောက်တောင်များနေပါလိမ့်လို့ တွေးနေခဲ့မိပါတယ်။

ဆင်းရဲချို့တဲ့တဲ့ ကလေးသူငယ်တွေကို အဲဒီလိုပွဲလေးတွေလုပ်ပေးတဲ့အခါမှာ သူတို့ရဲ့ "မီးခဲပြာဖုံး" ဖြစ်နေတဲ့ ထက်မြက်မှု၊ လိမ္မာမှုလေးတွေကိုတွေ့မြင်ရသလို သူတို့ရဲ့ဆန္ဒ၊ သူတို့ရဲ့ခံစားမှု၊ အတိမ်အနက်၊ သူတို့ရဲ့ ရည်မှန်းချက်တွေကိုလည်း သိခဲ့၊ ကြားခဲ့ရပါတယ်။ တတ်နိုင်သရွေ့ ဖြေရှင်းပေးချင်ခဲ့ပါတယ်။ စိတ်မကောင်းစရာတစ်ခုက ကလေးတွေကို ပျော်ရွှင်အောင်လုပ်ပေးတဲ့အဖွဲ့အစည်းတွေ နည်းပါးနေသေးတယ်။ ကလေးသူငယ်တွေကို ဗဟိုပြုတဲ့အဖွဲ့အစည်းလေးတွေ များများရှိစေချင်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ဖြစ်တဲ့ ကလေးငယ်တွေရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတွေကို ကျွန်တော်တို့နိုင်ငံသားတွေကပဲ ၀ိုင်းဝန်းမြှင့်တင်ပေးကြရမှာပါ။

"နိုင်ငံတစ်နိုင်ငံ၏ ကလေးများအကြောင်းကို ကျွန်ုပ်အားပြောပြပါ။ ထိုနိုင်ငံ၏ အနာဂတ်ကို ကျွန်ုပ်ဟောကိန်းထုတ်ပြပါမည်" ဆိုသောစကားကို ဗြိတိသျှနန်းရင်းဝန် "ဒစ္စရေလီ" က ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ကလေးများအကြောင်းကို ပြောကြမည်ဆိုလျှင် အားတက်စရာကောင်းသော ကလေးများအကြောင်းပဲ ဖြစ်စေချင်တာပါ။

လူဦးရေထူထပ်လာမှုထဲမှာ စီးပွားရေးကျပ်တည်းမှု၊ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားနေမှုများက တချို့သောကလေးငယ်များရဲ့ အခွင့်အရေးတွေကို ဆုံးရှုံးစေခဲ့ပါတယ်။ အကြိမ်ကြိမ်ဖြစ်နေတဲ့ တိုက်ပွဲတွေရှိနေတဲ့ ဒေသတွေ၊ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာလည်း ကလေးတွေရဲ့အခွင့်အရေးတွေ ဆုံးရှုံးနေခဲ့သလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်ကြေကွဲမှုတွေရှိနေခဲ့ပါတယ်။ ကလေးတွေရဲ့ အနာဂတ်၊ နိုင်ငံရဲ့အနာဂတ်ဟာ စိုးရိမ်စရာတွေ ဖြစ်ခဲ့တယ်ဆိုတာ အားလုံးအသိပါပဲ။

ကျွန်တော်တို့နိုင်ငံမှာ ဆင်းရဲမှုကြားထဲက ရုန်းကန်လှုပ်ရှားနေရတဲ့ကလေးတွေ၊ မပြည့်စုံတဲ့ကလေးတွေ၊ မိဘမဲ့ကလေးတွေ၊ ကိုယ်လက်အင်္ဂါမပြည့်စုံတဲ့ကလေးတွေ၊ ဆွံ့အနားမကြားတဲ့ကလေးတွေ စသဖြင့် ကွက်လပ်ဖြစ်နေတဲ့ကလေးတွေ အများကြီးရှိနေပါတယ်။ ကလေးများဟာ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်လေးများပါပဲ။ အနာဂတ်မှာ အညွန့်တလူလူတက်နိုင်မယ့် ကလေးတွေရဲ့အရေးကိုလည်း မေ့မထားသင့်ပါဘူး။

အဖွဲ့အစည်းဖြစ်မှ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်ကိုယ်တိုင်ချို့တဲ့တဲ့ ကလေးတွေအတွက် ကိုယ်တတ်စွမ်းသမျှ စွမ်းဆောင်မြှင့်တင်ပေးကြမယ်ဆိုရင်လည်း ကွက်လပ်ဖြည့်ခြင်းတစ်မျိုးပါပဲ။ အဖွဲ့အစည်းတွေ အနေနဲ့လည်း အင်နဲ့အားနဲ့ ကွက်လပ်ဖြည့်ကြတာပါပဲ။ ကျွန်တော်တို့နိုင်ငံက အနာဂတ်လေးများအတွက် ကျွန်တော်တို့နိုင်ငံသားတွေ အားလုံးဝိုင်းဝန်းပြီး ကွက်လပ်ဖြည့်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လစ်ဟာနေတဲ့ ကွက်လပ်လေးတွေ အများကြီးရှိနေကြောင်းပါ။

Eleven Media Group


သန်းခေါင်စာရင်း အတွက် ၂ လတိုးပြီး ဆက်လက် ကောက်ယူမည်

Photo: သန်းခေါင်စာရင်း အတွက် ၂ လတိုးပြီး ဆက်လက် ကောက်ယူမည်
Thursday, May 8, 2014

 သန်းခေါင်စာရင်း, လူဝင်မှုကြီးကြပ်ရေး, ဦးခင်ရီ
ကရင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကွင်းဆင်းနေသော ဝန်ကြီး ဦးခင်ရီ (ဓာတ်ပုံ – ရွှေတံခါးမှူး / Facebook)

 
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အပြီးသတ်ကောက်ယူရန် ၂ လ ထပ်မံ တိုးချဲ့ထားပြီး ကချင်ပြည်နယ်တွင် ကျေးရွာ ၉၇ ရွာနှင့် ရခိုင်ပြည်နယ်တွင် ခရိုင် ၅ ခုအနက် ခရိုင် ၃ ခုတို့ စာရင်းကောက်ယူရန် ကျန်သေးကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေလ ၇ ရက်နေ့က ကျင်းပသည့် သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက “နောက်ဆုံးကောက်ယူထားတဲ့ စာရင်းတွေအရ ကချင်ပြည်နယ်မှာ စာရင်းပေါက်တာ ၁၆၀၄ ရွာ ရှိပါတယ်။ အဲဒီထဲက ကျေးရွာ အုပ်စုပေါင်း ၂၅ အုပ်စုက ကျေးရွာ ၉၇ ရွာမှာ လုံခြုံရေး အခြေအနေအရ သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့ပါဘူး” ဟု ကချင်ပြည်နယ်နှင့် ပတ်သက်၍ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ခံမှု အခြေအနေနှင့် ပတ်သက်၍လည်း ၀န်ကြီး ဦးခင်ရီက “တနိုင်ငံလုံးမှာ ဘင်္ဂါလီဦးရေက အရင်က ကောက်ခံထားတဲ့ စာရင်းအရ ၁. ၃၃ မီလီယံ ရှိပါတယ်။ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ နေထိုင်တဲ့ ဘင်္ဂါလီက ၃ သိန်းကျော် ရှိတယ်။ အဲဒီ ၃ သိန်းကျော်လုံးကို ကောက်လို့ ရပါတယ်။ ရခိုင်ပြည်နယ်မှာ ခရိုင် ၅ ခု ရှိပါတယ်။ ခရိုင် ၂ ခုက ဘင်္ဂါလီတွေက သန်းခေါင်စာရင်း အကောက်ခံပါတယ်။ ခရိုင် ၃ ခုပဲ ကျန်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ၂ သောင်းကျော်လောက် ထပ်မံ ကောက်ခံရရှိပြီးပါပြီ” ဟု မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

နယ်မြေလုံခြုံမှု မရှိသေးဘဲ ပဋိပက္ခဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်း သန်းခေါင်စာရင်း ကောက်ခံမှုကို ဆက်လက် ဆောင်ရွက်နိုင်ရန် ဧပြီလ ၁၀ ရက် နောက်ဆုံး သတ်မှတ်ရက်အပြင် နောက်ထပ် ၂ လခန့် နောက်ဆုတ်ထားကြောင်း သိရှိရသည်။

ထပ်တိုးထားသည့် ၂ လအတွင်း ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် တတ်နိုင်သမျှ ကောက်ခံသွားရန် စီစဉ်ထားပြီး အားလုံး ကောက်ခံ၍ မရခဲ့လျှင် ခန့်မှန်းလူဦးရေစာရင်းဖြင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာနှင့် ယှဉ်လျှင် ကချင်နှင့် ရခိုင်ပြည်နယ်မှ စာရင်းအရေအတွက်သည် ၂ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း ဝန်ကြီး ဦးခင်ရီက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ခံထားသည့် တနိုင်ငံလုံးရှိ လူဦးရေစာရင်း အရေအတွက်များကို လာမည့် သြဂုတ်လ အတွင်း မြို့နယ်အဆင့်ရှိ လူဦးရေ စာရင်းအထိ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ
ကရင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကွင်းဆင်းနေသော ဝန်ကြီး ဦးခင်ရီ
 ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အပြီးသတ်ကောက်ယူရန် ၂ လ ထပ်မံ တိုးချဲ့ထားပြီး ကချင်ပြည်နယ်တွင် ကျေးရွာ ၉၇ ရွာနှင့် ရခိုင်ပြည်နယ်တွင် ခရိုင် ၅ ခုအနက် ခရိုင် ၃ ခုတို့ စာရင်းကောက်ယူရန် ကျန်သေးကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေလ ၇ ရက်နေ့က ကျင်းပသည့် သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက “နောက်ဆုံးကောက်ယူထားတဲ့ စာရင်းတွေအရ ကချင်ပြည်နယ်မှာ စာရင်းပေါက်တာ ၁၆၀၄ ရွာ ရှိပါတယ်။ အဲဒီထဲက ကျေးရွာ အုပ်စုပေါင်း ၂၅ အုပ်စုက ကျေးရွာ ၉၇ ရွာမှာ လုံခြုံရေး အခြေအနေအရ သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့ပါဘူး” ဟု ကချင်ပြည်နယ်နှင့် ပတ်သက်၍ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ခံမှု အခြေအနေနှင့် ပတ်သက်၍လည်း ၀န်ကြီး ဦးခင်ရီက “တနိုင်ငံလုံးမှာ ဘင်္ဂါလီဦးရေက အရင်က ကောက်ခံထားတဲ့ စာရင်းအရ ၁. ၃၃ မီလီယံ ရှိပါတယ်။ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ နေထိုင်တဲ့ ဘင်္ဂါလီက ၃ သိန်းကျော် ရှိတယ်။ အဲဒီ ၃ သိန်းကျော်လုံးကို ကောက်လို့ ရပါတယ်။ ရခိုင်ပြည်နယ်မှာ ခရိုင် ၅ ခု ရှိပါတယ်။ ခရိုင် ၂ ခုက ဘင်္ဂါလီတွေက သန်းခေါင်စာရင်း အကောက်ခံပါတယ်။ ခရိုင် ၃ ခုပဲ ကျန်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ၂ သောင်းကျော်လောက် ထပ်မံ ကောက်ခံရရှိပြီးပါပြီ” ဟု မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

နယ်မြေလုံခြုံမှု မရှိသေးဘဲ ပဋိပက္ခဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်း သန်းခေါင်စာရင်း ကောက်ခံမှုကို ဆက်လက် ဆောင်ရွက်နိုင်ရန် ဧပြီလ ၁၀ ရက် နောက်ဆုံး သတ်မှတ်ရက်အပြင် နောက်ထပ် ၂ လခန့် နောက်ဆုတ်ထားကြောင်း သိရှိရသည်။

ထပ်တိုးထားသည့် ၂ လအတွင်း ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် တတ်နိုင်သမျှ ကောက်ခံသွားရန် စီစဉ်ထားပြီး အားလုံး ကောက်ခံ၍ မရခဲ့လျှင် ခန့်မှန်းလူဦးရေစာရင်းဖြင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာနှင့် ယှဉ်လျှင် ကချင်နှင့် ရခိုင်ပြည်နယ်မှ စာရင်းအရေအတွက်သည် ၂ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း ဝန်ကြီး ဦးခင်ရီက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ခံထားသည့် တနိုင်ငံလုံးရှိ လူဦးရေစာရင်း အရေအတွက်များကို လာမည့် သြဂုတ်လ အတွင်း မြို့နယ်အဆင့်ရှိ လူဦးရေ စာရင်းအထိ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ


တရားဝင် မှတ်ပုံတင် ထားခြင်း မရှိသော အချိုရည် တစ်မျိုး မန္တလေးဈေးကွက် တွင် ရောင်းချမှုရှိနေ


(မန္တလေး-မေ ၈)

မန္တလေးမြို့ စားသောက်ကုန် ဈေးကွက် တွင် တရားဝင် မှတ်ပုံတင် ထားခြင်း မရှိသော summer အမည်ရှိ အချိုရည် တစ်မျိုးကို တွေ့ရှိ ရ ကြောင်း မန္တလေး တိုင်းဒေသကြီးကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာမှ သိရသည်။

အဆိုပါ အချိုရည် သည် summer ကုမ္ပဏီ လီမိတက် ကထုတ်လုပ် သည်ဟု သာပါရှိပြီ ထုတ်သည့် ရက် စွဲ၊ ကုန်ဆုံးရက် စွဲ ထုတ်လုပ်သည့် နေ ရာ ဖုန်း နံပါတ် မပါ ရှိ ကြောင်း ထို အချိုရည်သည် တရားဝင် မှတ်ပုံတင် ထားခြင်း လည်း မရှိ ကြောင်း သိ ရသည်။

ကျွန်တော် တို့ က ဈေးကွက် ထဲ ကိုဆင်း တာပေါ့ နော် ဈေးကွက် ထဲကို ဆင်းပြီးလိုက် ကြည့်တယ် လိုက် ကြည့်တဲ့ အချိန်မှာ ဒီပစ္စည်းတစ်ခုကို သွားတွေ့ရတယ်။ အဲဒီ summerက အချိုရည် ဘူးကြီး တစ်ဘူးကို ၄၀၀ နဲ့ ရောင်းတယ်။ ဒီ လောက် အချိုရည် ဘူးကြီးကို ၄၀၀ နဲ့ ရောင်းတယ် ဆိုတာကြီး က ဒါ မဖြစ် နိုင် တဲ့ဈေးကြီးဖြစ် နေတယ် အဲဒီမှာ မြေပြင် ဆင်းတဲ့ အဖွဲ့က ဝယ်လာတယ်။ ဝယ်လာပြီးတော့ ကြည့်လိုက် တဲ့ အချိန် ကျတော့ ထုတ်လုပ်ရက်စွဲ တွေ၊ကုန်ဆုံးရက်စွဲ တွေ ၊ဘာတွေနဲ့ ဖျော်ထား တယ် ဆိုတာမပါဘူး ၊လိပ်စာလည်း မပါလာဘူး အဲဒါနဲ့ ကုမ္ပဏီများ မှတ်ပုံတင် ရုံးကို ဒီsummer ကုမ္ပဏီ အ နေ နဲ့ သူတို့ ဆီမှာ တရားဝင် မှတ်ပုံတင် ထားတာ ရှိမရှိ ဆိုပြီးတော့ စုံစမ်းလိုက် တဲ့ အချိန်ကျတော့ ဒီကုမ္ပဏီ ဟာ သူတို့ ဆီမှာ မှတ်ပုံတင် ထားတာ မရှိပါဘူး ဆိုပြီးတော့ ပြောပါ တယ် ဟု အထက် ပါ ဌာနမှ ဒုတိယ တိုင်းဦးစီးမှုး ဦးအေးမင်းထွန်းက ပြောသည်။

အဆိုပါ အချိုရည် ကို ဖုန်းနံပါတ် လိပ်စာ မပါရှိသည့် အတွက် ထုတ်လုပ် သူမသိ ရ သေးဘဲ စုံစမ်း နေ ဆဲဖြစ် ကြောင်း ဓါတ်ခွဲစမ်းသပ်ရန် အတွက်လည်း ဆောင် ရွက် နေ ကြောင်း ပြည်တွင်းက ထုတ်လုပ် တယ် ဆိုတာ လည်း သိ ရှိ ကြောင်း မန္တလေး တိုင်းဒေသကြီး ကူးသန်းရောင်း ဝယ် ရေးနှင့် စားသုံးသူ ရေးရာဌာနမှသိ ရသည်။

ထို့အတူ မန္တလေး စားသောက် ကုန် ဈေးကွက် အတွင်း ပဲဆီ ဟုတံဆိပ် တပ်ပြီး ပဲဆီမဟုတ်သော ဆီများလည်း ဝင် ရောက် လျက် ရှိကြောင်း လည်း ဆီစက်လုပ် ငန်းရှင် အချို့ က ပြောကြားသည်။

ခက်ဆစ်
Popular Myanmar News Journal

အဆိပ်များနဲ့ဝေးရာ


တွင်းတကာ့တွင်းတွေထဲ အနက်ဆုံးနဲ့ ပြန်တက်ရအခက်ဆုံးတွင်းကတော့ ဆင်းရဲတွင်းပဲထင်ပါရဲ့။ အဲဒီတွင်းကြီးထဲကနေ အပေါ်ပြန်ရောက်ဖို့ မြန်မာပြည်သူတွေ ဘယ်လောက်များ ကြိုးစားရုန်းကန်ရဦးမလဲ။ ဘာတွေများထပ်ပြီး ပေးဆပ်ကြရဦးမလဲ။ ဆက်ပြီး ရင်ဆိုင်ဖို့ အင်အားမရှိသူတွေကတော့ အဆုံးစီရင်ပြီး အရှုံးပေး လိုက်ကြတယ်။ အရှုံးမပေးနိုင်သူ တွေကတော့ ပြည်တွင်းမှာတစ် မျိုး၊ ပြည်ပမှာတစ်ဖုံ ဒုက္ခရောင်စုံ တွေနဲ့ နပန်းလုံးလို့ကောင်းတုန်း။

အဓိက ပြဿနာက ဆင်းရဲ လို့။ ဆင်းရဲခြင်းနောက်မှာ ကပ်ပါ နေတဲ့ ပြဿနာတွေကလည်းများ မှများ။ အခုပဲကြည့်လေ။ မထိတ် သာမလန့်သာသတင်း။ လှည်းကူး မြို့နယ်ထဲက စက်ရုံတစ်ရုံမှာ  အ လုပ်သမားတွေကို ကျွေးတဲ့ နံနက် စာပဲပြုတ်ထမင်းကြော်ထဲ ဆားနဲ့ ယမ်းစိမ်းမှားထည့်သတဲ့။ ကံ ကောင်းလို့မသေတယ်။ လူ သုံး ဆယ်ကျော်အရေးပေါ်ရောက် ကုန်ရော။ ဆေးဦးသွားလို့ပေါ့။

အရင်လတွေကလည်း အ လှူတချို့မှာ အစာအဆိပ်သင့်တဲ့ သတင်း မကြာခဏတွေ့မိပါ တယ်။ ပူပြင်းတဲ့ရာသီမှာအစား အစာတွေကို တစ်ရက်စောပြီး ချက်ထားတော့ ရာသီကြောင့် ဓာတ်ပြောင်းသွားပြီး အစာအ ဆိပ်သင့်တာ။ နဂိုချက်ထားတုန်း က အကောင်း။ အခုဟာကတော့ ယမ်းစိမ်းကိုစားမိလို့ဖြစ်တဲ့ နိုက် ထရိုက်ပွိုင်စင်။ ဆားပုလင်းနဲ့ ယမ်းစိမ်းရောထားမိလို့ မှားထည့် မိတာဖြစ်မှာ။

အမှတ်တမဲ့ကြည့်ရင်တော့ ဆားနဲ့ ယမ်းစိမ်းအရောင်ချင်း၊ အ ရသာချင်းတခြားစီ။မှားစရာလား။ ဒီလောက်တောင် ပေါ့ဆရသလားလို့ အပြစ်တင်စရာပေါ့။ဒါပေမဲ့ အဲဒီလိုမှားရခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်နိုင်ခြေတွေမှ အများကြီးရယ်။ ကျွန်မတို့ မြန်မာအခေါ် ‘မီးဖိုချောင်’ဆိုတဲ့ အစားအသောက်တွေ ခုတ်ထစ် ကြော်လှော် ချက်ပြုတ်တဲ့နေရာတွေကို ၀င်ကြည့်ဖူးပါသလား။ အိမ်တွေရဲ့ မီးဖိုချောင်တွေကတော့ ကိုယ့်မိသား စုအတွက် သီးသန့်မို့ ပထမတန်း စားသန့်ပြန့်မနေတောင် မညစ် ပတ်အောင်တော့ ဂရုစိုက်ကြပါ တယ်။ ကျန်းမာရေးဗဟုသုတရှိ တဲ့အပေါ် မူတည်လို့ပေါ့။

ဒါပေမဲ့ လူအများစာပြင်ဆင် ချက်ပြုတ်ကြတဲ့ ထမင်းဆိုင်၊စား သောက်ဆိုင်၊ အဆောင်၊ဘုန်းကြီး ကျောင်းစသဖြင့် မီးဖိုချောင်ကြီး တွေကတော့ နေရာတိုင်းမဟုတ် တောင် အများအားဖြင့်သန့်ရှင်းမှု အားနည်းတတ်ကြတယ်။ အထူး သဖြင့် ရန်ကုန်မြို့လိုနေရာအ ကျယ်အ၀န်းအခက်အခဲ၊ အမှိုက် စွန့်စရာခက်ခဲတဲ့အရပ်တွေက လူ အများစားဖို့ ချက်ပြုတ်စရာနေရာ တွေဟာ ပိုပြီးညစ်ပတ်လာကြ တယ်။ အရှေ့မျက်နှာစာမှာသာ စားချင်စဖွယ်သပ်သပ်ရပ်ရပ်ပြင် ဆင်ထားပေမယ့် ချက်တဲ့ပြုတ်တဲ့ နေရာတွေဝင်ကြည့်မိလို့ကတော့ စားချင်စိတ်ကုန်သွားလိမ့်မယ်။ အဲဒီ လိုတန်ရာတန်ကြေးပေးစားရတဲ့နေရာမျိုးတွေမှာတောင်သန့်ရှင်းမှုအားနည်းနေရင် အလကား ကျွေးတဲ့နေရာတွေမှာဖြစ်သလို စီ မံကျွေးနေတာရင်လေးစရာပါ။

အခု ဆားနဲ့ ယမ်းစိမ်းမှားစား တဲ့ နေရာက စက်ရုံတစ်ရုံရဲ့ အ လုပ်သမားတွေကို မနက်စာကျွေး တဲ့ အဆောင်။ တကယ်တော့ အ ဆောင်ထမင်းဟင်းဆိုတာ အလုပ် သမားကို အလုပ်သမားက ပြန်ချက်ကျွေးနေကြရတာ။ အစားအစာကို စနစ်တကျစီမံချက်ပြုတ်တဲ့စားဖိုမှူးတွေကို ငှားထားတာမဟုတ်ဘူး။ ကျွန်မလုပ်ခဲ့ဖူးတဲ့ လှိုင်သာယာ စက်မှုဇုန်ထဲက စက်ရုံတစ်ရုံမှာ အဲဒီလိုနေစရာပေး။ ထမင်းကျွေးတဲ့ အဆောင်မျိုးရှိတယ်။ တကယ့်ကို မှ ဖြစ်သလို။ အလုပ်ရှင်ရဲ့ ရည်ရွယ်ချက်က သူလက်ခံထားတဲ့ အော်ဒါအချိန်မီပြီးရေးအတွက် လိုအပ်တဲ့ အလုပ်သ

မားကိုလိုချင် တဲ့အချိန်ခေါ်ခိုင်းနိုင်ဖို့အဓိက။

အားလုံးသိကြတဲ့အတိုင်း နိုင်ငံအနှံ့က လူငယ်တွေကိုယ့်ရပ် ကိုယ့်ရွာမှာ အိုးမကွာအိမ်မကွာ လုပ်ကိုင်စားချင်ကြပေမယ့် အ လုပ်ကမရှိ။ ရှိတဲ့အလုပ်က မစား လောက်။ အဲဒီတော့ အလုပ်လုပ် ချင်စိတ်သာရှိ လုပ်စရာပေါတဲ့ ရန်ကုန်မြို့ကို အနယ်နယ်အရပ် ရပ်က အလုပ်လက်မဲ့တွေတက် လာကြတယ်။ အလုပ်ရှာကြ တယ်။ ဒါပေမဲ့ ရရာအလုပ်ကို ငွေ ရရင်ပြီးရော ၀င်မလုပ်ရဲဘူး။ နေ ရေးထိုင်ရေးကရှိသေးတာ။ ကိုယ် နေရမယ့်နေရာနဲ့အဆင်ပြေမယ့် အလုပ်ကိုရွေးကြရတယ်။

အဲဒီလို အလုပ်သမားတွေရဲ့ အဓိကပြဿနာကိုသိထားတဲ့ အ လုပ်ရှင်တွေက ကိုယ့်စက်ရုံမှာအ လုပ်သမားမလုံလောက်တဲ့ကိစ္စမ ဖြစ်ရအောင် အလုပ်ခေါ်ကတည်း က နေစရာပေးမယ်။ ထမင်းကျွေး  မယ်ဆိုတဲ့ မက်လုံးတွေပေးပြီးခေါ် ကြတယ်။ စက်မှုဇုန်နဲ့ နီးတဲ့ရပ် ကွက်ထဲက မြေနေရာကျယ်ကျယ် မှာ ပျဉ်ထောင်သွပ်မိုးထရံကာအ ဆောင်ကြီးတွေဆောက်ပြီး အ ဆောင်နေချင်တဲ့ နယ်ကအလုပ် သမားတွေကို ပေးနေခိုင်းတယ်။

ထမင်းကျွေးတယ်ဆိုတာက လည်း တကယ့်ကိုထမင်းဝရုံလေး ပါ။ ဖြစ်ဖြစ်မြောက်မြောက်အာ ဟာရမပါ။ အလုပ်သမားတစ် ယောက်ကို ဆန်နဲ့ထမင်းဖိုးမပါ ဟင်းအတွက် တစ်နေ့ငါးရာနှုန်း လောက်ပဲ အကုန်ခံတာ။ စာဖတ် သူတွက်ကြည့်ပေါ့။ လူတစ် ယောက်စာ တစ်နပ်ကိုငွေလေးနှစ် ရာကျော်နဲ့ ဘာဟင်းစားရမှာလဲ။ အသီးအရွက်ပဲစားရတော့မပေါ့။ အလုပ်သမားတွေဘာများ စောဒကတက်ရဲမလဲ။ နေစရာပေး၊ စားစရာကျွေးတာတောင်ကျေးဇူးတင်ရဦးမှာ။ ရွေးချယ်ခွင့်မရှိ။ ဆင်းရဲခြင်းအကြောင်းတရားက ပေးတဲ့ ဒုက္ခတွေ။

အလုပ်သမားတစ်ယောက် ဟာ လုံလောက်တဲ့လုပ်ခလစာ သာရကြည့်။ ဒီလိုဘယ်သူမှမနေ ချင်ဘူး။ ဘယ်သူမဆို အလုပ်က ပြန် ကိုယ့်အိမ်လေးမှာ အေးအေး ချမ်းချမ်းအနားယူ။ အိမ်က ချက် ပေးလိုက်တဲ့ ထမင်းချိုင့်လေးနဲ့ အလုပ်ထဲမှာစား။ အဲဒီလိုသာနေ ချင်ကြတော့မပေါ့။ အခုတော့ အ လုပ်သမားတစ်ယောက်ရဲ့ ၀င်ငွေ နဲ့အဆပေါင်းများစွာမြင့်တက်နေ တဲ့ နေထိုင်စားသောက်စရိတ်တွေ ကြောင့် အလုပ်ရှင်ထားရာနေ၊ စေရာသွား၊ ပြုသမျှနုနေကြရ တာ။

စားဖိုဆောင်ဝန်ထမ်းဆိုတာ လည်း ဘာထူးလဲ။ကျွမ်းကျင် အဆင့်စားဖိုမှူးတွေမှမဟုတ်ဘဲ။ ထမင်းဟင်းချက်တတ်တယ်။ လူအများစာချက်နိုင်တယ်ဆို ခန့်လိုက်တာပဲ။ စားဖိုဆောင်နဲ့ပတ်သက်လို့ ကျန်းမာရေးဗဟုသုတ ဘာမှမရှိ၊မသိ။ တစ်နေ့တစ်နေ့ရာနဲ့ချီတဲ့ အလုပ်သမားတွေ အချိန်မီစားနိုင်ဖို့ မနက်မီး၊ ညမီး ဆက်ပြီး ချက်ပြုတ်နေကြရတာ။ မီးဖိုဆောင်သန့်ရှင်းရေးလုပ်ဖို့နေနေသာသာ သူတို့ကိုယ်သူတို့တောင်အနိုင်နိုင်။စက်ရုံတာဝန်ရှိသူကလည်း ထိုနည်းလည်းကောင်း။ အဆင်ပြေနေရင်ပြီးရော။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ အခုလိုလည်းဖြစ်ရော ပြဿနာတက် ရော။

တော်သေးတာပေါ့။ ဆားနဲ့ ယမ်းစိမ်းမှားလို့။ ဆေးရုံလည်းအ ချိန်မီရောက်လို့။ မဆလာနဲ့ကြွက် သတ်ဆေးမှားထည့်ရင်တော့ ပြီး ပါလေရော။ တကယ်တော့ ဒီကိစ္စဟာ လေးလေးနက်နက်ထားစဉ်း စားရမယ့်ကိစ္စပါ။ အခုနိုင်ငံတ ကာ ရင်းနှီးမြှုပ်နှံသူတွေက မြန် မာ့နိုင်ငံရေးအရွေ့ကို သိမ်မယုံ သေးလို့ အုံနဲ့ကျင်းနဲ့ဝင်မလာသေး တာ။ ၂၀၁၅နောက်ပိုင်းစက်မှုဇုန် တွေအပြည့် စက်ရုံတွေလည်ပတ် တော့မယ်ဆိုရင် လုပ်ငန်းလိုအပ် ချက်ပြည့်အောင် ကိုယ့်စက်ရုံမှာ အလုပ်သမားမြဲအောင် မက်လုံး တွေမျိုးစုံသုံးပြီး ခေါ်ကြမှာပဲ။

သက်ဆိုင်ရာမြို့နယ်အလုပ် သမားရုံးက တာဝန်ရှိသူတွေအနေနဲ့ စက်ရုံတွေကိုစစ်ဆေးတဲ့အခါ အလုပ်ရှင်တွေ မျက်နှာချိုသွေး၊ လာဘ်လာဘပေးတာတွေကို သာ ယာပြီး ပြန်မသွားကြပါနဲ့။ စက်ရုံ ကြီးရဲ့ ဘွိုင်လာတွေ၊ မီးသွယ် တန်းတာတွေ၊ လူမှုဖူလုံရေး၊ အ ချိန်ပိုခိုင်းတဲ့ ကိစ္စတွေသာမကအ လုပ်သမားတွေကို စက်ရုံကစီစဉ် ပေးထားတဲ့နေရာတွေ၊ အစားအ သောက်ကျွေးမွေးတဲ့ ကိစ္စတွေကို ပါ  တကယ့်ကျန်းမာရေးနဲ့ ညီညွတ် ရဲ့လားဆိုတာ တိကျစွာစစ်ဆေး သင့်ပါတယ်။ မညီညွတ်ရင် ချက် ချင်းပြင်ခိုင်းသင့်ပါတယ်။ မလိုက် နာရင် ထိရောက်စွာအရေးယူသင့် ပါတယ်။

အလုပ်ရှင်ဆိုတာကတော့ ကုန်ကျစရိတ်နည်းလေ သူ့အ တွက် အမြတ်ကြမ်းလေးမို့ ငွေပို ကုန်မယ့် ကိစ္စမျိုးတွေလုပ်ချင်မှာ မဟုတ်ပါဘူး။ ဘာမှမဖြစ်ဘဲ အ ဆင်ပြေနေသေးသရွေ့ မှိန်းပြီး လုပ်နေမှာပါ။တကယ်ဖြစ်တော့ အသက်ပေးရမှာ ကိုယ့်လူမျိုးအ လုပ်သမားတွေ။ ကိုယ့်နိုင်ငံသား ကို ကိုယ်ကစပြီးတန်ဖိုးထားပြမှ တိုင်းတစ်ပါးက ရင်းနှီးမြှုပ်နှံသူ တွေကလည်း တန်ဖိုးထားဆက် ဆံမှာပေါ့။

ဆင်းရဲတွင်းက အလွတ်ရုန်း ဖို့ ပြိုင်တူတွန်းကြရမယ့်အချိန်မှာ အသက်အန္တရာယ်အတွက်လည်း သတိရှိကြရပါမယ်။ အခုအဖြစ် အပျက်ကို နမူနာယူလို့ ၀ိုင်းဝန်း ဂရုစိုက်စောင့်ကြည့်ကြမယ်ဆို ရင်တော့ လစာနည်း၊ ဆင်းရဲသား အလုပ်သမားလေးတွေအဆိပ်အ တောက်ကင်းတဲ့ အစားအစာတွေ ကို စိတ်ချလက်ချစားနိုင်လိမ့်မယ် ဆိုတာ ယုံကြည်မိပါတယ်။

ဂျေလှသင်
7day daily


အမှိုက်ကင်းစင်ရေး နာရေးကူညီမှုအသင်း လုပ်ဆောင်မည်

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုံ ဟောပြောပွဲ (ဓာတ်ပုံ - ကိုကျော်သူ)

ရန်ကုန်မြို့မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ အမှိုက်ကင်းစင်ရေးအတွက် မြန်မာနိုင်ငံက အလိုအပ်ဆုံးသူတွေအတွက် လူမှုအကူအညီတွေပေးနေတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) က လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။

ရန်ကုန်မြို့မှာ အမှိုက်ကို စနစ်တကျ မစွန့်ပစ်တာတွေ၊ အမှိုက်တွေ လမ်းပေါ်မှာ ပွနေတာ တွေကြောင့် နာရေး ကူညီမှုအသင်းအနေနဲ့ အမှိုက်စနစ်တကျ စွန့်ပစ်အောင် ဦးဆောင်ပြီး လုပ်မယ်လို့ အသင်းရဲ့ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်က ဒီဗွီဘီကို ပြောပါတယ်။
“ကျမတို့ အမှိုက်ကောက်တာထက် လူတွေကို အမှိုက်ကို စနစ်တကျ စွန့်ပစ်တက်အောင်လို့ ဦးဆောင်ပြီးတော့ပေါ့နော်။ ကျမတို့ ကောက်ရင် လူတွေက နည်းနည်းရှက်လာပြီးတော့ သူတို့ပါ ပါဝင်လာပြီး ကောက်တတ်လာမယ်။ နောက်ထပ် ပစ်ဖို့ အားနာလာမယ်ဆိုတဲ့ အခြေအနေမျိုးကို သွားချင်တာလေ။ ပထမဆုံးက ကျမတို့ ဒီအတိုင်းလျှောက်ကောက်တာထက် သူတို့ကို ပညာပေးဖို့ ဟောပြောပွဲလေးတွေ လုပ်ဖို့ ပြင်ဆင်နေတယ်။”

နာရေးကူညီမှုအသင်း(ရန်ကုန်)အနေနဲ့ အသင်းရုံးအခြေစိုက်ရာ မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်မှာ အမှိုက်စနစ်တကျ စွန့်ပစ်မှုတွေကို ပထမဆုံး စံပြအဖြစ် လုပ်ဆောင်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် အသင်းအနေနဲ့ ပညာပေးအနေနဲ့ လာမယ့် မေလ ၁၀ ရက်နေ့ကျရင် အသင်းသူ အသင်းသားတွေနဲ့ သူတို့မိသားစုတွေကို ပညာပေးမှာဖြစ်ပြီး ၁၅ ရက်နေ့ ကျရင်တော့ ရပ်ကွက်က လူတွေကိုခေါ်ပြီး ဟောပြောပွဲလုပ်ဆောင်မယ်လို့ ပြောပါတယ်။

အမှိုက်နဲ့ ပတ်သက်ရင် အများက စည်ပင်အလုပ်လို့ သတ်မှတ်ကြပေမယ့် စည်ပင်သာယာ ရေးဌာနအနေနဲ့ အမှိုက်သိမ်းဖို့ဖြစ်ပြီး စနစ်တကျ အမှိုက်စွန့်ဖို့ကတော့ ပြည်သူရဲ့ တာဝန်ဖြစ်တယ်လို့လည်း ဒေါ်ရွှေဇီးကွက်က ပြောပါတယ်။

“အဲဒီလိုပဲ ထင်ခဲ့ကြတာပဲနော်။ စည်ပင်ရဲ့အလုပ် ကိုယ်နဲ့မဆိုင်ဘူးပေါ့နော်။ စည်ပင် အလုပ်ကတော့ တကယ့်တကယ် အမှိုက်ကို သိမ်းရမယ်။ အမှိုက်ကို စနစ်တကျ စွန့်ပေးရမယ်။ ဒါပေမယ့် အမှိုက်တွေ လမ်းပေါ်မှာ ပွနေတာ။ အမှိုက်တွေ စနစ်တကျ မစွန့်ပစ်တာ တွေက ပြည်သူလူထုတာဝန် ဖြစ်သွားပြီ။ ပြည်သူလူထုက အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်ရမယ်။ အဲဒီလို စနစ်တကျစွန့်ပစ်တတ်အောင်လို့ ကျမတို့က လေ့ကျင့်ပေးချင်တာပါ။”

ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ နာရေးကူညီမှုအသင်းအနေနဲ့ အမှိုက်ကောက်ဖို့ လုပ်ဆောင်ခဲ့ရာမှာ စည်ပင်သာယာရေး အဖွဲ့ကနေပြီး ခွင့်ပြုချက်မရရှိခဲ့ပါဘူး။

ဒီနှစ်တော့ မြို့နယ်က စည်ပင်သာယာရေးအဖွဲ့နဲ့ ဆွေးနွေးထားပြီး သူတို့အဖွဲ့အနေနဲ့ ၀ိုင်းဝန်း ကူညီဖို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဟောပြောပွဲအတွက်တော့ ခွင့်ပြုချက် တောင်းခံထားပြီး အခုချိန်ထိ တစုံတရာ အဖြေမရသေးဘူးလို့ သိရပါတယ်။

DVB Burmese 


သရဲတစ္ဆေရန်ကို ကာကွယ်နည်း


       သရဲ တစ္ဆေစသည်တို့ဟာ ပြိတ္တာအမျိုးစားထဲမှာ ပါဝင်ပါတယ်။ အကျီးတန်အရုပ်ဆိုးပြီး ၀ဋ်ကျွေးခံစားနေရသူတွေပါ။ ညအမှောင်ဟာ သူတို့ရဲ့ လုပ်ရှုားသွားလာချိန်ကာလပေါ့။ သူတို့ကို တွေ့မြင်ရတဲ့သူတွေဟာ အသည်းထိတ်အောင် ကြောက်လန့် ထွက်ပြေးတတ်ကြပါတယ်။ မတွေ့မြင်သော်လည်း အမှောင်ထဲ တစ်ယောက်တည်းသွားလာတဲ့အခါ အသည်းငယ်သူများ စိတ် ချောက်ချား ကြောက်လန့်တတ်ကြတယ်။ နာနာဘာဝ ၀ိနာဘာဝ ဘီလူး၊ သရဲ၊ တစ္ဆေကြောက်တတ်တဲ့သူများဟာ မေတ္တာအားနည်း လို့ပါ။ မေတ္တာအားနည်းတော့ စိတ်မလုံခြုံဘူး။ စိတ်မလုံခြုံတော့ ကြောက်စိတ်တွေ ၀င်လာတာပေါ့။
       ဘုရားရှင်ကိုယ်တော်မြတ်က ရဟန်းတွေကို မိန့်တော်မူတယ်။

       "ရဟန်းတို့...၊ အမျိုးသားမရှိ မိန်းကလေးတွေကြီးပဲ ရှိတဲ့အိမ်ဟာ မလုံခြုံဘူး။ လူဆိုးသူခိုးတွေ လူရမ်းကားတွေက ၀င်ရောက် နှောက်ယှက်စော်ကားဖျက်ဆီးနိုင်တယ်။ အဲလိုပဲ မေတ္တာမပွားတဲ့သူတွေကို ဘီလူး၊ သရဲ၊ တစ္ဆေ၊ မှင်စာတွေဟာ အလွယ်တကူ ၀င်ရောက် ခြောက်လန့်အန္တရာယ်ပြုနိုင်တယ်။
       ရဟန်းတို့...၊ ယောကျာင်္းလေးတွေချည်းပဲ ရှိတဲ့အိမ်ကို လူဆိုးသူခိုး လူရမ်းကားများ မ၀င်ရဲကြဘူး။ အနိုင်ကျင့်မစော်ကားရဲ ကြဘူး။ ထို့တူ မေတ္တာပွားများနေတဲ့သူကို ဘီလူး၊ သရဲ၊ တစ္ဆေစသည်များ မနှောက်ယှက်ရဲကြပါဘူး။

       ရဟန်းတို့...၊ နောက်ဥပမာတစ်ခုက အသွားချွန်ပြီး ထက်နေတဲ့ လှံကို ထိခိုက်ရှမှာစိုးတဲ့အတွက် မည်သူမျှ လက်နဲ့ သွားမဆုပ် ကိုင်ကြပါဘူး။ ထို့အတူပဲ ဘီလူး၊ သရဲ၊ တစ္ဆေ၊ မှင်စာစသည်တို့ဟာလည်း မေတ္တာပွားနေတဲ့သူတွေကို အန္တရာယ်ပြုလိုသည့်တိုင် သွားမထိရဲကြပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် မေတ္တာပွားနေတဲ့သူကို အန္တရာယ်ပေးခြင်းဟာ သူတို့အတွက် ဆိုးကျိုးပဲ ဖြစ်မယ်ဆိုတာ သိလို့ပါ။

       ဒါကြောင့် တစ်ယောက်တည်း ညအမှောင် သရဲ တစ္ဆေကြောက်တတ်သူများ မေတ္တာပွားနေလိုက်ပါ။ “ဒီအနီးတ၀ိုက်မှာရှိတဲ့ နာနာဘာဝ ၀ိနာဘာဝ သရဲ၊ တစ္ဆေ၊ ဘီးလူး ပြိတ္တာများ ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ဘေးကင်းပါစေ။”ဟု အကြိမ်ကြိမ် စိတ်ပါလက်ပါ မေတ္တာပွားလိုက်ပါ။ ထိုသို့မေတ္တာပွားနေခြင်းဖြင့် ဘ၀လုံခြုံမှုကိုရှိပြီး အကြောက်တရားမှ ကင်းဝေးပါလိမ့်မယ်။

မေတ္တာအရှိန်အ၀ါကြောင့် အားလုံးဘေးကင်းကြပါစေ။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ


သရဲအား သွားရောက် စိန်ခေါ်မိသူ


ကျွန်တော့် အဖေက စစ်သားဆိုတော့ အဖေတာဝန်ကျရာနေရာကို ကျွန်တော်တို့ မိသားစုက လိုက်နေရပါတယ်…။ ဒါကြောင့် နေရာတော်တော်များများကိုကျွန်တော် ရောက်ဖူးပြီး မရိုးလှတဲ့ အတွေ့အကြုံ အသစ် များစွာကိုလည်း ရရှိခဲ့ရပါတယ်..။ကျွန်တော့်အနေနဲ့ အရင်တုန်းက ပြောခဲ့သလိုပါပဲ…၊ ကျွန်တော့်မှာ ထူးခြားတဲ့ ပါရမီခေါ်မလား..၊ကံပဲ နိမ့်တယ် ခေါ်မလား..၊ ကျွန်တော် ဟာ သရဲ၊ ၀ိဥာဉ် ၊ တို့ရဲ့ ခြောက်လှန့်ခြင်း ကိုအကြိမ်ပေါင်းများစွာ ခံခဲ့ရပါတယ်…။ဒီလိုဖြစ်ရပ်မျိုးတွေမှာ ကြောက်စရာသိပ်မကောင်းခဲ့တဲ့ဖြစ်ရပ်မျိုးတွေ ရှိပေမယ့် တစ်ချို့ဖြစ်ရပ်တွေကတော့အသည်းငယ်သူတွေအဖို့တော့သည်းချေပျက်နိုင်လောက်တဲ့ ဖြစ်ရပ်မျိုးတွေပါ…။ အဲ့ဒီထဲက ဖြစ်ရပ် တစ်ခုကို ကျွန်တော် ဒီပို့စ်လေးမှာ ဖောက်သည်ချပြီးပြောပြပါ့မယ်…။

ကျွန်တော့် အမေက ရှမ်းစစ်စစ်ပါ…။ စစ်သားဖြစ်တဲ့အညာသား အဖေက ရှမ်းပြည်နယ်ဖက်မှာ တာဝန်ကျရာ ကနေ အမေနဲ့ အကြောင်းပါခဲ့ပါတယ်..။ အမေ့ရဲ့ရွာဖြစ်တဲ့ မိုင်းယော်ဆိုတဲ့ရွာလေးက လားရှိုးကနေ မိုင် ၁၀၀ လောက် ကွာဝေးတဲ့ နေရာမှာရှိပါတယ်…။ တစ်နေ့မှာ… ရွာကို မရောက်ဖြစ်တာကြာပြီ ဖြစ်တဲ့ အမေက ရွာကို အလည်သွားမယ်..၊တစ်ခါမှ မရောက်ဖူးသေးတဲ့ ကျွန်တော့်ကိုလည်း အမျိုးတွေနဲ့ မိတ်ဆက်ပေးပြီး ခေါ်သွား မယ်လို့ပြောပါတယ်…။ ကျွန်တော်ကလည်း တစ်ခါမှ မရောက်ဖူးသေးတဲ့ ကိုယ့်ဆွေမျိုးတွေရှိရာ ရွာကိုသွား လည်ရမှာ ဆိုတော့ ပျော်လို့ရွှင်လို့ပေါ့ဗျာ…။အဲ့ဒီအချိန်တုန်းက ကျွန်တော့်အသက်ကက ၁၂ နှစ်သားအရွယ်လောက်သာ ရှိပါအုံးမယ်…။ မိုင်းယော်ဆိုတဲ့ ရွာကလည်း ကားလမ်းတောင် ကောင်းကောင်းမပေါက်သေးတဲ့ခေတ်မှာ အတော်ကို ခက်ခက်ခဲခဲ သွားလာ ရပါတယ်.. (အခုတော့ လမ်းတွေပေါက်ပြီး မြို့ တစ်ခုဖြစ်နေပါပြီ…)…။


ကားကို တစ်နေကုန် စီးလိုက်..ဗွက်နစ်ရင် ဆင်းတွန်း လိုက်…လုပ်ပြီး ၁၅ နာရီလောက်ကြာအောင်စီးလို့အပြီးမှာ အမေတို့ရွာ ကို ရောက်ပါတော့တယ်…။ကျွန်တော် ရွာကိုရောက်ပြီးမှ သိခဲ့ရတာကရွာက အယူသည်းမှုတွေကိုပါ..။ ထုံးစံ ဓလေ့လို့လည်း ပြောလို့ ရမှာပေါ့လေ…။ ဥပမာ – ဗိုက်ကြီးသည်ခရီးသည်ကို ရွာမှာရှိတဲ့ ဘယ်သူ့အိမ်မှာမှ ညအိပ်/ညနေ နေခွင့်မပြုပါဘူး..၊ အဲ့လိုပဲ လင်မယားခရီးသည်ကိုလည်းရွာမှာ တည်းခွင့်မပေးပါဘူး..။ တစ်ခြား အယူတွေ လည်းအများကြီးရှိပြီး အခုချိန်ထိတောင်ဒီအယူတွေ ရှိပါသေးတယ်…။ အဲ… ပိုဆိုးတာက… ရွာမှာ စုန်း.၊ ကဝေတွေ တတ်တဲ့ လူတွေလည်း အများသားဆိုပဲ…၊ အမေ ကတော့ သတိပေးတယ်..။ စကားပြောရင်သတိထားဖို့..၊ သူများတွေ စိတ်တိုအောင် မပြောဖို့..၊ အမြင်ကတ်အောင် မနေဖို့ ဘာညာပေါ့ဗျာ…။ ကျွန်တော်ကို့ အမေ သက်သက် ကြောက်အောင် ခြောက်ပြောတယ် ပဲ မှတ်နေခဲ့တာပါ..။ ကိုယ်တိုင်ကြုံမှပဲဒီအဖြစ်အပျက်တွေကို ကျွန်တော် ယုံကြည်ခဲ့ ရပါတော့တယ်….။

တစ်နေ့ ကျွန်တော့် ဦးလေးနဲ့ ရွာထဲလမ်းလျှောက်ထွက်လာရင်း သရဲမွေးတယ်လို့ နာမည်ကြီးတဲ့ အိမ်ကို ဦးလေးက ကျွန်တော့်ကိုအဝေးကနေ ပြပါတယ်..။ အိမ်က တဲကုပ်သာသာလေးဖြစ်ပြီး လူတွေနဲ့ ဝေးတဲ့ ရွာပြင်စပ်စပ်မှာတစ်လုံးတည်း တည်ရှိနေပါတယ်..။ ကျွန်တော် ဒီနေရာကို မှတ်ထားလိုက်တယ်..။ လူကလည်း ငယ်ငယ်…၊စူးစမ်းချင်စိတ်ကလည်းရှိတာမို့ ဒီနေရာ ကို ငါပြန်လာခဲ့အုံးမယ်လို့ စိတ်တေးထားလိုက်ပါတယ်..။ လူကြီးတွေ လစ်တဲ့ တစ်နေ့မှာ ကျွန်တော်အဲ့ဒီ အိမ်ကို ထွက်ခဲ့ပါတယ်..။ အချိန်ကတော့ နေ့လည်ကြီးပါ…၊ ညဘက်ထွက်ရအောင်တော့ ကျွန်တော်သတ္တိ မကောင်းပါဘူး..။ အဲ့ဒီတဲရှေ့ရောက်ပြီဆိုရင်ပဲ ကျွန်တော် ရပ်ပြီး သေချာကြည့်လိုက်တယ်…။ ဘာမှန်းမသိတဲ့ ၀မ်းနည်းတဲ့ ခံစားမှု တစ်ခုကို ကျွန်တော်ခံစားလာရပြီး ဒီအချိန်မှာပဲ ကျွန်တော့်တစ်ကိုယ်လည်းကြက်သီးမွေးညှင်းတွေ တဖြန်းဖြန်းထလာခဲ့ပါတယ်…။ ကျွန်တော် ကြောက်ကြောက်လန့်လန့်နဲ့ ခဲလုံးကိုကောက်ပြီးအိမ်ကို လေးငါးချက်လောက်ပေါက်လိုက်ပါတယ်…။ ပြီးတော့ သေးနဲ့လှည့်ပန်း လိုက်ပြီး “နင့်ကိုငါ မကြောက်ဘူးဟေ့…” ဆိုပြီးအော်ကာ အိမ်ကို ကျွန်တော် ထွက်ပြေးခဲ့ပါတော့တယ်…။ လုံးဝ မရပ်မနားပဲ အိမ်ကို တောက်လျှောက်ပြန်ပြေးခဲ့ရာမှာလမ်းမှာတော့ ကျွန်တော် တစ်ခါ ချော်လဲခဲ့ပါတယ်…။
ကျွန်တော် အဲ့ဒီနေ့ကစပြီး နောက်တစ်ပတ်အတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကျွန်တော် လုံးဝ မမှတ် မိတော့ပါ..။ အောက်ပါ ဖြစ်ရပ်များကအမေက ကျွန်တော့်ကို ပြန်ပြောပြခြင်းအား ရေးသားထားခြင်း ဖြစ်ပါသည်…။

ကျွန်တော် အိမ်ကို ချွေးတလုံးလုံးနဲ့ကမူးကတိုး ပြန်ပြေးလာပြီး အရမ်းကို မောဟိုက်နေပါတယ်..။ ကျွန်တော် ရှမ်းလို ရေသောက်ချင်တယ်လို့လှမ်းတောင်းပါသတဲ့ (ကျွန်တော် ခုချိန်ထိ ရှမ်းစကားလုံးဝကိုမတတ်ပါ..) အမေတို့ကတော့ အံ့သြလို့ပေါ့…။ အဲ့ဒီအချိန်မှာပဲ နောက်ဖေးမီးဖိုချောင်ထဲပြေးဝင်သွားပြီးအမဲသားရေခြောက် တွေကို အစိမ်းလိုက် ကိုက်စားနေပါတယ်..။ အမေတို့က ကျွန်တော့်ကို ၀ိုင်းပြီးချုပ်ပြီး မေးမြန်းကြပါတယ်..။ ဘယ်သွားခဲ့လဲ..? ဘယ်လုပ်ခဲ့လဲ ? ဘာစားခဲ့လဲ ဆိုတာတွေကိုပေါ့ဗျာ…။ကျွန်တော် ဘာမှကို ပြန်မဖြေပဲ ရုန်းပဲ ရုန်းနေပါသတဲ့..။ အမေပြောတာကတော့ အဲ့ဒီအချိန်မှာကျွန်တော်ဟာ ကျွန်တော်မဟုတ်တဲ့ တစ်ခြား တစ်ယောက် ဖြစ်နေတယ်ဆိုတာကိုပါပဲ…။ အမေတို့က ကျွန်တော့်ကို ဘုန်းကြီးတွေပင့်ပြီးကမ္မ၀ါဖတ်..၊ ပရိတ်ရွတ်လုပ်ပေးကြတယ်လို့ပြောပါတယ်..။ ကျွန်တော်ကတော့ မထူးခြားလာပါဘူး..၊နေ့တိုင်း နေ့ဘက်တွေဆိုငြိမ်ပြီး အိပ်နေတတ်ပေမယ့် ညသန်းခေါင်ချိန်ရောက် ရင် ထပြီး မီးဖိုချောင်ထဲမှာရှိသမျှ အသားစိမ်း၊ ငါးစိမ်းကို အကုန်စားပါသတဲ့..။ အထူးခြားဆုံးကတော့ ည (၁၂) ထိုးတိုင်းအိမ်ရှေ့ဟင်းလင်းပြင်ကိုထွက်ပြီး ရှမ်းသီချင်းအော်ဆိုကာ ရှမ်းအက ကို ကတော့တာပဲဖြစ်ပါတယ်…၊

အမေတို့ခမျာ ကြောက်ပြီး ဘယ်လို ခံစားနေရမလဲ စဉ်းသာ စဉ်းစားကြည့်လိုက်ပါတော့ဗျာ.။

နောက်ဆုံးလားရှိုးကိုပြန်ခေါ်ပြီး ကုဖို့ပဲ စီစဉ်ကြပါတော့တယ်…။

အဲ့ဒီအချိန်မှာ ဦးလေးဖြစ်သူက ကျွန်တော့်ကိုရွာစွန်က အိမ်ကို တစ်ခါခေါ်ပြဖူးကြောင်း ပြောပြလိုက်တော့ အဖိုး၊ အဖွားတို့ကို ဦးလေးဖြစ်သူကိုဆူပူကြိမ်းမောင်းလိုက်တာများ ဦးလေးခမျာ ငိုတောင်ငိုရတယ်လို့ ပြောပါတယ်.။

အဖြေက သေချာနေပြီလေ..ကျွန်တော် အခုလို ဖြစ်တာ အဲ့ဒီခြံရဲ့ လက်ချက်ပဲဆိုတာ..။ အဘိုးက ချက်ချင်းပဲ အဲ့ဒီခြံကို ထွက်သွားတယ်..နောက်ကနေအဘွားက ငှက်ပျောပွဲ၊ အုန်းပွဲနဲ့ လိုက်သွားတယ်..။ ခြံရှေ့မှာ အဘိုးအပါအ၀င် အသက်ကြီးတဲ့လူကြီးလေးငါးခြောက်ယောက်လောက်က လက် အုပ်ချီပြီး ဘုရားစာမဟုတ်တဲ့ ရှမ်းဂါထာတွေကို သံပြိုင်ရွတ်ဆိုကြပါတယ်။ အဲ့ဒီအချိန်မှာပဲ အဲ့ဒီတဲထဲက အသက် (၈၀) လောက်ရှိပြီ ဖြစ်တဲ့ အဘွားအိုတစ်ယောက် ထွက်လာပါတယ်..။အမေပြောပြတဲ့ အဘွားအို ပုံစံကို ကျွန်တော် မမှတ်မိတော့ပါ..။

တော်တော့်ကို ကြောက်စရာကောင်းကြောင်းတော့မှတ်မိပါသည်..။ အဘွားအိုက ရှမ်းလို… “အေး..နောက်ခါငါ့အိမ်ဘက် လာမဆော့စေနဲ့..၊ ငါ့သားတွေက အရင်လို ငါ့စကား သိပ်နားမထောင်တော့ဘူး..”လို့ပြောပြီး ဆေးလေးတစ်လုံး လာပေးပါတယ်…ပြီးတော့ ချက်ချင်းပဲ အိမ်ထဲပြန်ဝင်သွားပါတယ်…။ကျွန်တော် ပြန်မှတ်မိတာကတော့ အဲ့ဒီဆေးသောက်ပြီးနောက်ပိုင်းကာလတွေကိုပါ..။ ကျွန်တော် ဒီတစ်ပတ်ထဲ ဘယ်ရောက်ပြီး ဘာတွေလုပ်နေသလဲဆိုတာကတော့တော်တော်ကိုပြောဖို့ခက်တဲ့ ကိစ္စတစ်ခုပါ..။ ကျွန်တော် မဟုတ်တဲ့ ကျွန်တော့်ကို ၀င်ပူးတဲ့ရှမ်းကောင်လေးက ဟို အဘွားကြီးရဲ့ ရေနစ်ပြီးသေသွားတဲ့ သားလို့လည်း ပြောကြပြန်ပါတယ်..။ ကျွန်တော်တော့ မစဉ်းစားတတ်တော့ပါဘူး..။

အဘိုးတို့ ပြောကြတာကတော့ သူတို့က ဘယ်သူ့ကိုမှ ဒုက္ခမပေးတတ်ကြောင်း၊ သူ့တို့ဟာသူတို့နေကြတာဖြစ်ကြောင်းနဲ့ အဘွားကြီးမှာ ကျွန်တော့်အရွယ် သား (၃) ယောက်ရှိကြောင်း၊ ချောင်းထဲရေဆင်းကူးရင်း သုံးယောက်လုံး သေဆုံးသွားရာမှာ ကလေးတွေကို ခြံထဲမှာပဲ မြှပ်ထားကြောင်း၊ညဘက်ဆိုရင် အဲ့ဒီအိမ်မှ စကားပြောသံတွေ ကြားရကြောင်း ကျွန်တော် ပြန်ကြားသိရပါတယ်…။

ကျွန်တော်နဲ့ အမေကတော့ ကျွန်တော် ဆေးသောက်လို့နေကောင်းပြီး နောက်တစ်ရက်မှာပဲ လားရှိုးကို ပြန်လာခဲ့ကြပါတယ်..။ အခုချိန်မှာတော့ ဒီလိုမျိုးကိစ္စတွေအဲ့ဒီရွာလေးမှာ မရှိလောက်တော့ပါဘူး..၊ အခွင့်အခါကြုံရင်တော့ နောက်တစ်ကြိမ်သွားလည် ဖို့ကြိုးစားလိုက်ပါအုံး မယ်ဗျာ….။

One of Admins
ခေတ္တ – ဝါးနက်ချောင်းကျေးရွာ၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
Admin :ကြွေရုပ်
Ygn News (www.YgnNews.com)


အမှတ်မှားကြတဲ့ သိပ္ပံပညာ




Written by - ဒေါက်တာခင်မောင်ညို

“ဓာတုဗေဒနဲ့ ပတ်သက်လို့သာ ပြောရတာပါ။ ကျွန်တော် မပြောချင်ဘူး ဆရာညိုရေ”

ကိုဘသစ်ထံ ကျွန်တော်ရောက်တော့ သူက ညည်းတွားနေတာကို တွေ့ရတယ်။

“ဘာများပါလဲ”

“သိပ္ပံပညာကို ကျွန်တော်တို့က သစ္စာရှိကြရတယ်။ မှားလို့မရတာတွေ အများကြီးရှိတယ်”

“ဒါပေါ့။ ပညာရပ်ကို သစ္စာဖောက်လို့ မရဘူး။ ၀ိဇ္ဇာဘာသာရပ်မှာတော့ တို့တစ်တွေ့ အငြင်းပွားလို့ ရပေမယ့် သိပ္ပံဘာသာရပ်မှာတော့ မှားလို့မရဘူး။ ဓာတ်လိုက်ရင် ၀န်ကြီးလည်းသေ၊ သမ္မတလည်းသေ။ သူတောင်းစားလည်း သေတာပဲ။ ဒါပေမဲ့ အမှားအချို့ကိုတော့ သည်းခံလို့ ရကောင်းပါတယ်”

“ဟုတ်ကဲ့။ ဂျာနယ်လစ်တွေကတော့ လုပ်တတ်ကိုင်တတ် လာကြတယ်။ သူတို့က ပညာရှင်တွေကို မေးထားတာကို ပြောတာပါ။ အဲဒီ ပညာရှင်တွေကလည်း ဒေါက်တာ (ဆရာဝန်၊ ပါရဂူ) တွေဆိုတော့ အမှားတွေ ပြောလို့မသင့်ဘူး”

“ဘာဖြစ်လို့လဲ”

“သူတို့ ယူထားတဲ့ဘွဲ့တွေဟာ ပညာရဲ့ အထိမ်းအမှတ်တွေလေ။ သူတို့မသိဘဲ ရမ်းသန်းပြောတယ်ဆိုရင် သူတို့ကို အထင်သေးတာနဲ့ မပြီးဘူး။ ပညာကိုလည်း အထင်သေးတာပေါ့။ သူတို့ ပညာသင်ခဲ့တဲ့ကျောင်းတွေ နိုင်ငံတွေကိုလည်း အထင်သေးတော့တာပေါ့။ ခုဟာက “ဒေါက်တာ” ဆိုတဲ့ ဘွဲ့တွေကို ခံယူထားတဲ့လူတွေ ပြောတာတွေပါ”

“သူတို့ သတိထားသင့်ပါတယ်။ သူတို့ပြောတာက ဘာအကြောင်းအရာတွေ ပါလို့လဲ”

“Themos ဆိုတဲ့ ရေနွေးဓာတ်ဘူး အကြောင်းပါ။ မြန်မာတွေ အများစုကတော့ ဓာတ်ဘူးလို့ပြောတဲ့ Themos Flask အကြောင်းနဲ့ ပတ်သက်နေတယ်။ ရေနွေးဓာတ်ဘူးအကြောင်း မှားပြောကြတာပါ”

“ဒီအကြောင်းကတော့ ပညာရှင်တွေရယ်လို့ မဟုတ်ပါဘူး။ အင်တာနက်ထဲဝင်ပြီး Wikipedia လို စွယ်စုံကျမ်းမှာ Themos ဆိုပြီး ရိုက်ထည့်ကာကြည့်လိုက်ရင် ရတာပါပဲ။ အနောက်တိုင်းလို ခေတ်မီတိုးတက်တဲ့ နိုင်ငံရပ်ခြားမှာတော့ ဓာတ်ဘူးအကြောင်းကို မူလတန်း ကလေးကအစ သိပါတယ်။ သူတို့ ဘာတွေပြောလို့လဲ”

“တိတိကျကျ ပြောမှဖြစ်မယ် ဆရာညိုရေ။ ခင်ဗျားကရေးလိုက်ရင် ပြဿနာတက်နိုင်တယ်။ အကြောင်းကတော့ ယခုနှစ် ဧပြီ ၃၀ ရက်ထုတ်တဲ့ နေ့စဉ်သတင်းစာတစ်စောင်မှာ ရေးထားတာပါ။ ခေါင်းစဉ်က “ဓာတ်ဘူးအတွင်း ကြာရှည်ထားသည့် ရေကျက်အေးကို သောက်သုံးခြင်းသည် အန္တရာယ်ဖြစ်စေနိုင်သည်ဟုဆိုသော ယူဆချက် မှားယွင်းနေဟုဆို” ဖြစ်တယ်”

“အဲဒါ မှားလို့လား”

“ဒါမမှားပါဘူး။ သူတို့သုံးယောက် ဆွေးနွေးထားတယ်။ အဲဒီ သူတို့သုံးယောက်လုံးပြောတဲ့ စကားတွေကို နားထောင်ကြည့်ပါဦး။ ဓာတ်ဘူးတွေအထဲမှာ Silver Mirroring လုပ်ထားတာကို ပြဒါးပါတယ်လို့ ပြောနေကြလို့ပါ။ Silver ဆိုတာ Ag ပါ။ ပြဒါး (မာကျူရီ) Hg ပါ။ Ag နဲ့ Hg က တခြားဆီပါပဲ။

“ဒါက မြန်မာတွေ အမှတ်မှားတဲ့ ကိစ္စပါ။ ကြည့်မှန်တွေမှာ Silver Mirroring လုပ်တာကို ပြဒါးသုတ်တယ်လို့ ပြောကြတယ်။ အချို့ စာအုပ်တွေကလည်း ဒီလိုပဲရေးတယ်။ ဒီတော့ ဓာတ်ဘူးမှာလည်း ပြဒါးသုတ်တယ်ပဲ ပြောလေ့ရှိတာကိုး”

“သာမန်လူတွေ အမှတ်မှားတာကိုတောင် ပြန်တည့်ပေးရမယ့် ခေတ်ပါ။ ဒီခေတ်ဟာ ပညာခေတ် (knowledge Age) ပါ။ ဒေါက်တာဆိုတဲ့သူတွေ မှားတာကတော့ ဘယ်လိုပြောရမှန်းတောင် မသိအောင် ဖြစ်နေပါတယ်”

“နေပါဦး။ ဒီသုံးယောက် ဘာတွေပြောလဲဆိုတာကို ရှင်းရှင်းပြောပါဦး”

“ပထမတစ်ယောက် ကျန်းမာရေးဦးစီးဌာနက အကြီးစားပါ။ သူပြောတာက ‘ပြဒါးက ရေနွေးနဲ့ မထိပါဘူး။ အပြင်မှာ သုတ်ထားတဲ့အတွက် ရေကဘယ်လောက်ကြာကြာ အန္တရာယ်ရှိ ရှိပါဘူး’ တဲ့”

“ဒုတိယ တစ်ယောက်ကရော”

“သူက ‘ဒီလိုညသိပ် ရေနွေးသောက်လို့ အဆိပ်ဖြစ်ပြီး အစာအိမ်ထိခိုက်တာကတော့ ရေနွေးဓာတ်ဘူးထဲမှာ မာကျူရီဓာတ်တွေ၊ ပြဒါးဓာတ်တွေ အများကြီးပါလို့ ဖြစ်တာ’ တဲ့”။

“သြော်သြော်။ ဖြစ်ရလေ။ နောက်တစ်ယောက်က ဘာပြောလဲ”

“သူက ‘ဓာတ်ဘူးတွေမှာ မာကျူရီဓာတ် ၁၅ 15 ppb ပဲရှိရင် ဓာတ်ပြုဖို့ အင်မတန် နည်းပါတယ်။ လက်ဖက်ခြောက်ခတ်တဲ့ ရေနွေးထည့်ရုံနဲ့ စိုးရိမ်စရာ မရှိဘူး။ အက်စစ်တွေ ဗေ့တွေသုံးမှ မာကျူရီက ဓာတ်ပြုတာ။ ရေနွေးအဖြူဆိုရင် ပိုတောင်မဖြစ်ဘူး’ လို့ ပြောသွားတယ်”

“အင်း သူတို့သုံးယောက်တောင်ပြောတော့ ကျွန်တော်သိထားတဲ့ (Knowledge) တောင် ဘယ်ပျောက်သွားမှန်း မသိတော့ဘူး”

“ဖော်ပြထားတဲ့ ဓာတ်ဘူးပုံကို ကြည့်ပါ”

“ဖန်ဘူးဟာနှစ်ထပ်။ လေဟာနယ် လုပ်ထားတယ်။ အထဲမှာ (Silvered) လုပ်ထားတယ်။ ကြည့်မှန်လိုပါပဲ။ ဒါကြောင့် ပြဒါးသုတ်ထားတယ်လို့ အမှတ်မှားကြတာပါ”

“ကြည့်မှန်လည်း (Silvered) လုပ်ထားတာပဲ မဟုတ်လား။ မြန်မာတွေကသာ ပြဒါးသုတ်ထားတယ် ပြောတာလေ။ ပြဒါးက ဒီလိုသုတ်လို့ မရဘူး။ အငွေ့ပြန်ကုန်မှာပေါ့။ ပြီးတော့ (Silvered) လို့ နိုင်ငံခြားကလာတဲ့ မှန်တွေမှာ ရေးထားတယ်”

“ကျွန်တော်က တက္ကသိုလ်မှာ အနှစ် ၂၀ ကျော် ဆရာလုပ်ခဲ့ပါတယ်။ ကျောင်းသားတွေကိုလည်း ဒီလို Silver Mirror Test ကို အကြိမ်ပေါင်းများစွာ လုပ်ပြခဲ့ဖူးတယ်။ အထူးသဖြင့် အင်္ဂလန်မှာရှိစဉ်က ခရစ္စမတ် လက်ဆောင်ပေးတဲ့အခါ အလကားရတဲ့ အရက်ပုလင်းခွံ လှလှတွေကို (Silvered) လုပ်ပြီး မီးအုပ်ဆောင်းအတွက် ဒါမှမဟုတ် ပန်းအိုးထိုးကာ လက်ဆောင်ပေးတယ်။ သူငယ်ချင်းတွေလည်း လာတောင်းကြတယ်။ ခုလောလောဆယ် Peru မှာကျောင်း ဆရာလုပ်နေတဲ့ မြန်မာပြည်သူ Alan တင်ဝင်းနဲ့ အတူလုပ်ကြတာပါ”

“ဒါကတော့ ရှင်းပါတယ်။ ဓာတ်ဘူးမှာ ပြဒါးမပါတဲ့အတွက် ပြဒါးဆိပ် မသင့်ဘူးဆိုတာကို ရှင်းရှင်းသိအောင်တော့ ပြည်သူတွေကို အသိပေးဖို့ လိုတာပေါ့”

“မှန်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဒါကို ဆရာညို့ကို ရေးစေချင်တာပါ။ ကျွန်တော်တို့ တစ်ခါကလည်း ဖြစ်ဖူးတယ်။ အဲဒါက နိုင်ငံခြားကုမ္ပဏီတစ်ခုက ခဲတံကြော်ငြာတော့ သူတို့ခဲတံတွေဟာ ခဲဆိပ်မသင့်ဘူးဆိုပြီး ကြော်ငြာတယ်”

“ဒါကတော့ ဘယ်ခဲတံမဆို ခဲဆိပ်သင့်စရာ မရှိပါဘူး”

“ဟုတ်ပါတယ်။ ခဲတံတွေရဲ့ ခဲဆန်တွေဟာ Graphite နဲ့လုပ်ထားတာပါ။ ခဲ (Lead) မပါဘူး။ ဒါပေမဲ့ အားလုံးက ခဲဆန်တွေကို ခဲ (Lead) လို့ပဲ ခေါ်ကြတာကိုး။ အမှတ်မှားကြတာပေါ့”

“ကျွန်တော်ကတော့ ပညာရှင်များကို မေတ္တာရပ်ခံချင်တယ်။ တတ်နိုင်သမျှ အမှားတွေကို မပြောကြပါနဲ့။ အမှားစကားကို အမှီပြုပြီး လိမ်ညာစားသောက်သူတွေက လူထုကို လှည့်ဖြားကြလို့ပါပဲ။ အကြောင်းအရာ တစ်ခုကို တတ်နိုင်သမျှ လေ့လာကြပါ။ Little knowledge is dangerous. ဆိုတာ ကြားဖူးတယ် မဟုတ်လား”

“ခင်ဗျားပြောဖူးတဲ့ Integrity ဆိုတဲ့စကားဟာ Little knowledge is dangerous. ဆိုတာနဲ့ ဆန့်ကျင်ဘက်ဆိုတာ သဘောပေါက်ပါတယ် ကိုဘသစ်ရယ်။ ကျွန်တော်တို့ဟာ Integrity ဆိုတဲ့ အပြည့်အ၀ တတ်သိဖို့ အရေးကြီးတယ်”

“မှန်ပါတယ်။ သင်္ဘောအကြီးကြီးမှာ အပေါက်သေးသေးလေးဟာ အရေးမကြီးဘူးလို့ မထင်ပါနဲ့။ ဒါဟာ Integrity နဲ့ ဆိုင်တာကို သတိရကြဖို့ပါ”

Eleven Media Group


သတိထားရမည့် သင်ခန်းစာတစ်ရပ်


ဘီဘီစီကလွင့်သွားတဲ့ သတင်းတပုဒ်ကို သတိရမပါတယ် ။ သတင်းထောက်က မဲန်ဒဲလား ထောင်ကျနေစဉ်တုန်းက ရိုက်ခဲ့တဲ့ သတင်းတပုဒ်ကို မဲန်ဒဲလား ထောင်ကလွတ်လာပြီး မဲန်ဒဲလား သမ္မတ ဖြစ်ပြီးနောက်မှာ သူရိုက်ခဲ့တဲ့ သတင်းရဲ့ ၂၅ နှစ်လောက်ကြာတဲ့ အချိန် အဲ့ဒီနေရာကိုပြန်သွားပြီး အရင် ရိုက်ခဲ့တဲ့ နေရာမှာ ကင်မရာထားပြီး ပြန်ရိုက်ပြပါတယ် ။
လမ်းကျဉ်းလေး တခုကို ထိပ်ကနေ ရိုက်ပြထားတဲ့ ရိုက်ချက်ပါ ။ နှစ်ပေါင်း ၂၅ နှစ် ကျော်ကြာပေမဲ့ အိမ်တွေက အရင်အိမ်တွေပဲ ဖြစ်နေပြီ လမ်းထဲ မှာ ကလေးတွေ ဆော့ကစားနေတာ အဝတ်တွေ ကြိုးတန်းပြီး လှမ်းထားတာ ၊လူတွေက ကင်မရာကို ဝိုင်းအုံကြည့်နေကြတာ အရာအားလုံးနီးပါးဟာ အတူတူပဲ ဖြစ်နေတာကို ရိုက်ပြသွားပါတယ် ။
တောင်အာဖရိကမှာ လူနည်းစု လူဖြူတွေ ကြီးစိုးနေရာကနေ အစိုးရအဖွဲ.ဝင်တွေဟာ လူမဲတွေ သမ္မတ ဖြစ်အောင် မဲန်ဒဲလားရဲ့ ပါတီက စွမ်းဆောင်ခဲ့ပါတယ် ။ မဲန်ဒဲလားကိုလည်း ဒီမိုကရေစီရဲ့ ပြယုဒ် အဖြစ် တင်စားလာကြတဲ့ အထိပါပဲ ။
ဆိုလိုတာက ဒီမိုကရေစီ ဖြစ်စဉ်တခု ဖြစ်ထွန်းခဲ့တယ်ပေါ့ ။
ကျန်တဲ့ အရာတွေကရော ဘာတွေ ဆက်ဖြစ်လာသလဲ။ မဲန်ဒဲလားဟာ လူမဲ အစိုးရဖြစ်အောင် စွမ်းဆောင်ခဲ့တာကလွဲရင် နိုင်ငံက ထူးထူးခြားခြား ဘာမှ မပြောင်းလဲခဲ့ဘူးလို့ ဆိုပါတယ် ။ အထက်ကပြောခဲ့တဲ့ သတင်းသမား ရိုက်ပြတဲ့ ရိုက်ချက်လိုပဲ အရာရာဟာ အရင်ကနဲ့ ဘာမှ မထူးခြားသွားပါဘူး ။
ဒီနေရာမှာ သံဝေဂရစရာတွေ တွေ.လိုက်ရတာက ၊ လူဖြူ အာဏာရှင် အစိုးရကို တော်လှန်လို့ လူမဲ အစိုးရဖြစ်လာစေတယ် ။ လူမဲ အစိုးရဖြစ်ပေါ် လာပြီးတဲ့ နောက်မှာ တက်လာတဲ့ လူမဲ အစိုးရက သူတို့ တိုက်လို့ ဒီမိုကရေစီရတာပါဆိုပြီး ၊ စိတ်ကြီးဝင်လို့ သက်ဦးဆံပိုင်တွေလို သူတို့ကို သူတို့ စိတ်ကြီးတွေဝင်လာပါလေရော ။ မဲန်ဒဲလား လက်ထက်မှာ မြို.ပြနေ လူတွေ ဝင်ငွေကောင်းခဲ့ကြပေမဲ့ တောနေလူတန်းစားတွေက ကုန်ဈေးနှုံးရဲ့ ဒဏ်ကို အလူးအလဲ ခံခဲ့ရတယ်လို့ ဆိုပါတယ် ။ လူတွေမျှော်လင့်သလို ချက်ချင်း နိဗ္ဗာန်ဘုံပေါ်ရောက်သွားတဲ့ အဖြစ်ကိုတော့ မရခဲ့ပါဘူး ။ မဲန်ဒဲလား နောက်ဆက်ခံတဲ့ သမ္မတ ဇူးမားဟာ နိုင်ငံပိုင်ငွေ ဒေါ်လာ သန်း ၂၀ ကို သူ့ရဲ့နေအိမ်အတွက် သုံးစွဲခဲ့တယ်လို့ အငြင်းပွားဖွယ် ပြဿနာတက်ခဲ့ပါတယ် ။ သမ္မတက မဟုတ်ပါဘူး ငြင်းလိုက်ရုံနဲ့ နောက်ဆက်တွဲ ဘာမှ ဖြစ်မလာ တော့ပါဘူး ။ 
အခုတော့ တောနေလူတန်းစားတွေနဲ့ လူငယ်တွေက မဲန်ဒဲလားရဲ့ ပါတီ ANC ကို အာဏာရှင် အစိုးရ ၊ ဒီမိုကရေစီ မဆန်တဲ့ အစိုးရ ၊ ပြည်သူတွေနဲ့ လူငယ်တွေအတွက်ကို မစဉ်းစားတဲ့ အစိုးရဆိုပြီး ထောက်ခံမှုတွေ ကျဆင်းနေပါယ် ။ ၂၀၀၉ ခုနှစ်က ၆၅.၉% နဲ့ မဲနိုင်ခဲ့ပေမဲ့ အခုတကြီမ်မှာ တော့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုကြပါတယ် ။ သို့သော်လည်း အချို. အကဲခတ်တွေကတော့ ANC က ၆၄% ထိ မဲရနိုင်တယ်လို့ ဆိုပါတယ် ။
၁၉၉၄ ကစလို့ လူဖြူလူမဲ တွဲရွေးကောက်ပွဲဝင်တာ ဒီအကြိမ်ဟာ ၅ ကြိမ်မြောက်ပါ ။ နှစ်ပေါင်း ၂၀ ကျော်ကာလမှာ နိုင်ငံတိုးတက်မှု ထင်သလောက် ရှေ.တန်းမရောက်နိုင်သေးပါဘူး ။ အာဖရိက နိုင်ငံတွေရဲ့ တိုးတက်မှု မြင့်မားလာခြင်းကြောင် တောင်အာဖရိက နိုင်ငံပါ တွဲလျက် မြင့်တက်လာတဲ့ အနေအထားတွေမှာပဲ ရှိနေပြီး ။ ထူးထူးခြားခြား ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့ခြင်းတော့ မရှိပါဘူး ။
တော်လှန်ရေးသမားတွေ မှာ တူညီကြတဲ့ အချက်တွေက -
၁ ။ တော်လှန်ရေးသမားသည် တော်လှန်ရေးသာသိပြီး နိုင်ငံတခုကို စီမံခန့်ခွဲနိုင်စွမ်းမရှိခြင်း
၂ ။ တော်လှန်ရေး အောင်မြင်ပြီးသည့်အခါ သူတို့ကိုယ်တိုင် အာဏာရှင်တွေ ဖြစ်ကုန်ကြခြင်း
၃ ။ တော်လှန်ရေး ကာလအတွင်း အတူ ဒုက္ခခံခဲ့သူတွေကို သင့်တော်သူတွေထက် အုပ်ချုပ်ရေးမှာ နေရာပေးခြင်း
၎ ။ နိုင်ငံ အရေးထက် သူတို့ရဲ့ ပုဂ္ဂိုလ်ရေးကို ပိုမို အာရုံစိုက်ခြင်းတွေကို တွေ.ရပါလိမ့်မယ် ။
ရဲသူရိန်မင်း
Myanmar Journal


ကိုယ်သင်းနံ့လေးမွှေးစေဖို့ (ယောက်ျားများအတွက်အထူး)


လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်သင်းနံ့လေးကောင်းမွန်မှသာ မိမိကိုယ်မိမိ ယုံကြည်မှု ရှိပြီး ပေါင်းသင်းဆက်ဆံရေး မှာလည်း အောင်မြင်မှာပါ။ တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ်တတ်ပါတယ်။

ဒါပေမဲ့ တကယ့်စစ်မှန် တဲ့ ကိုယ်သင်းနံ့ကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်ရတဲ့ အကြောင်းရင်း တွေထဲမှာ လိင်အမျိုးအစား အလိုက်လည်းကွာခြားပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ချွေးနံ့ပိုထွက် လေ့ရှိပါတယ်။ ဒါတွေအပြင်နေ့စဉ်စားသုံး နေတဲ့ အစားအစာတွေနဲ့ ဆေးဝါးတွေကလည်းချွေးနံ့ထွက်စေတဲ့ ကိစ္စတွေပါပဲ။

ကျန်းမာရေးချို့တဲ့ခြင်း၊ ဆေးပြင်းပြင်း များမှီဝဲခြင်း၊ အရက်သောက်ခြင်း၊ ဇင့်ဓာတ်လျော့နည်းခြင်းနဲ့ တစ်ကိုယ်ရေသန့် ရှင်းမှု မရှိခြင်းတွေကတော့ ခန္ဓာကိုယ် မှအနံ့ဆိုးထွက်စေတဲ့ အဓိက အကြောင်းအရာ တွေလို့ လေ့လာတွေ့ရှိရပါတယ်။
ချွေးနံ့သက်သာစေမည့် အစားအစာများအမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာများ၊ ဂျုံနဲ့လုပ်တဲ့ စားသောက်ဖွယ်ရာများ၊ အစိမ်းရောင်ခြယ်အသီးအနှံများ၊ဟင်းသီးဟင်းရွက်များနဲ့ မုန်လာဥနီကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းက ကိုယ်သင်းရနံ့ ကောင်းအောင် အထောက်အပံ့ဖြစ်စေပါတယ်။

ချွေးနံ့သက်သာစေမည့် အပြုအမူများ ချွေးနံ့သက်သာစေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။ နေ့စဉ် ရေမှန်မှန်ချိုးပြီး တစ်နေ့အဝတ် အစားတစ်နေ့ပုံမှန်လျှော်ပါ။ အဝတ်အစားများကို မလျှော်ဘဲထပ်တလဲလဲ ဝတ်ဆင်ခြင်းကိုတော့ လုံးဝရှောင်ကြဉ် သင့်ပါတယ်။ အခါအားလျော်စွာ ချွေးနံ့ထွက်စေတဲ့ နေရာများကို သန့်စင်တဲ့အဝတ်စ၊ တစ်သျှူးစတွေနဲ့ ပွတ်တိုက်ပေးပါ။ ရေများများသောက်ခြင်းကလည်း ချွေးနံ့ဆိုးများသက်သာစေတဲ့ နည်းလမ်းပါပဲ။ ပူပြင်းတဲ့ရာသီဥတုမှာအေးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများကိုသာဝတ်ဆင်ပါ။ ဒါပေမယ့်လက်ပြတ်အင်္ကျီဝတ်ဆင် ခြင်းကိုတော့ ရှောင်ကြဉ်ပါ။ ချွေးနံ့ကိုအတိုင်းသာ ပေါ်လွင်စေလို့ပါပဲ။

ချွေးနံ့သက်သာစေမည့် နည်းလမ်းများ
- ရှာလကာရည်ကတော့ ချွေနံ့အတွက် အစွမ်းထက်တဲ့ အိမ်တွင်းဆေးဝါးကောင်းပါပဲ။ ဂွမ်းနဲ့တို့ပြီးချွေးနံ့ထွက်စေတဲ့ ချိုင်းကြားနေရာတွေကို သုတ်လိမ်းပေးနိုင်ပါတယ်။ ချိုင်းမွေးနုတ်ပြီး ဒါမှမဟုတ် ရိတ်ပြီး စမှာတော့ ရှာလကာ ရည်ကို မသုံးဖို့သတိပြုပါ။
- မုန့်ဖုတ်ဆော်ဒါနဲ့ ရှောက်ရည်၊ သံပရာရည် စတာရောစပ်ပြီးသုတ်လိမ်းပေးခြင်းကလည်း ချွေးနံ့သက်သာစေပြီး ဘက်တီးရီးယားပိုးများကိုလည်း သေစေနိုင်ပါတယ်။

- ရေချိုးကန်ထဲမှာ ခရမ်းချဉ်သီးရည် ဒါမှမဟုတ် ပျားရည် အနည်းငယ်ထည့်ပြီး ၁၅ မိနစ်ခန့် ရေစိမ်ပေးခြင်းကလည်း ကိုယ်သင်းနံ့မွှေးစေနိုင်ပါတယ်။ အာလူးကို ပါးပါးလှီးပြီးချိုင်းကြားမှာ ကပ်ပေးပါ။ ခြောက်သွေ့သွားတဲ့အခါ ခွာပြီး ရေဆေးပေးရင် တစ်နေ့တာလုံး ချွေးနံ့ကင်းစင်စေမှာပါ။
- ခန္ဓာကိုယ် အနံ့ဆိုးထွက်စေတဲ့ အကြောင်းအရာတွေထဲမှာ ခြေဆီလို့ခေါ်တဲ့ ခြေထောက်မှ ထွက်တဲ့ ချွေးနံ့ကလည်း ပါဝင်ပါတယ်။ ဒါကြောင့်ခြေဖဝါးနဲ့ ခြေချောင်းလေးများကို နေ့စဉ် ချေးချွတ် သန့်စင်ပေးပြီး ဖိနပ်စီးရာမှာလည်း လေဝင် လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကိုစီးပါ။
 
By: Good Health


ခရမ်းလွန်ရောင်ခြည်နဲ့ နေကာမျက်မှန်

 
 
ရေဘူးနဲ့ ဖိနပ်မပါ၊ နွေအခါမှသိ ဆိုတဲ့ ဆိုရိုးစကားလေးက ဒီနေ့ခေတ်လို ပူနွေးတဲ့ကမ္ဘာကြီးမှာ မလုံလောက် တော့ပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ  UV Rays လို့ခေါ်တဲ့  Ultra Violet Rays ခရမ်းလွန် ရောင်ခြည်တွေဟာလည်း ကမ္ဘာကြီးရဲ့ နေရာအနှံ့အပြားမှာ တနေ့တခြား ညွှန်းကိန်းအဆင့် မြင့်မားမှုတွေနဲ့ လူသားတွေရဲ့ အရေပြားနဲ့ မျက်စိကျန်းမာရေးကို ခြိမ်းခြောက်မှုတွေ ပြုနေလို့ပါပဲ။
ဒါကြောင့်မို့လို့ ဒီလို တဖြည်းဖြည်းပူနွေးလာတဲ့ ဒီနေ့ ဒီအချိန်မှာ အပြင်ကို ထွက်တော့မယ်ဆိုရင် ရေဘူးနဲ့ ဖိနပ်တင်မက ထီး၊ နေကာမျက်မှန် အစရှိတဲ့ နေရောင်ကာကွယ်နိုင်တဲ့ ပစ္စည်းတခုမဟုတ် တခုကတော့ မရှိမဖြစ် လိုအပ်လို့လာ ပါတယ်။  အခုဆိုရင် မြန်မာနိုင်ငံရဲ့ အပူဆုံးလတွေလို့ ပြောလို့ရတဲ့ ကာလတွေကို ရောက်ရှိလာပြီး နေရောင်ပြင်းပြင်းရဲ့ ပူပြင်းစူးရဲတဲ့ အပူဒဏ်ကို ခံစားနေကြရတယ် မဟုတ်လား။

ဒီအချိန်မှာ တနေ့တခြား UV ညွှန်းကိန်းအဆင့် တွေက တရိပ်ရိပ် တက်နေ တာမို့ နေ့စဉ်နေပူထဲ သွားလာလှုပ်ရှားနေရသူတွေအတွက် UV ကာကွယ်ဖို့ ၁၀ဝ% UV Protection (ရာနှုန်းပြည့် ခရမ်းလွန်ရောင်ခြည်ကာကွယ်မှု) ပါဝင်တဲ့ နေကာမျက်မှန် ကောင်းကောင်းတလက်ရှိထားဖို့ အထူးလိုအပ်ပါတယ်။  ဘာလို့လဲ ဆိုတော့  ခရမ်းလွန်ရောင်ခြည်တွေက အမြင်လွှာကို ပျက်စီးစေနိုင်ပြီး မျက်သား တက်ခြင်း၊ အရွယ်မတိုင်ခင် စောစီးစွာမျက်စိအတွင်းတိမ်ဖြစ်ခြင်း အစရှိတဲ့ မျက်စိ ရောဂါတွေဖြစ်စေနိုင်တဲ့ အချက်ကြောင့်ပါပဲ။

ခရမ်းလွန်ရောင်ခြည်တွေက နေ့အချိန်အခါတွေမှာ နေရောင်ခြည်ပူပြင်းမှ ရှိနေတာမျိုးမဟုတ်ပါဘူး။  မိုးအုံ့မှိုင်းပြီး တိမ်ထူထပ်တဲ့နေ့မျိုးတွေမှာလည်း ခရမ်း လွန်ရောင်ခြည် အမြောက်အမြား ရှိနေနိုင်ပါတယ်။  အခုဆိုရင် မြန်မာနိုင်ငံရဲ့ ပူပြင်းတဲ့ ဒေသတချို့မှာဆိုရင် ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအဆင့်က ၁၅ ကျော်တဲ့အထိ ရောက်ရှိသွားတာကို သတင်းတွေမှာ ဖတ်ရပါတယ်။

ဒါကြောင့်မို့လို့ အပြင်မှာ နေ့စဉ်လှုပ်ရှားသွားလာနေရသူတွေအနေနဲ့  ကိုယ့် ခန္ဓာကိုယ် အသားအရေကို မပျက်စီးအောင် Body Lotion မှန်မှန်လိမ်း၊ အင်္ကျီ လက်ရှည်ဝတ် အစရှိတဲ့ ထိန်းသိမ်းစောင့် ရှောက်မှုတွေလုပ်သလိုပဲ ကိုယ့်ခန္ဓာကိုယ် မှာ အနူးညံ့ဆုံးနဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတခုဖြစ်တဲ့ မျက်လုံးတွေကိုလည်း ထိခိုက်ပျက်စီးမှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။

ဒီလိုဆိုရင်တော့ နူးညံ့တဲ့ မျက်လုံးလေးတွေအတွက် ခရမ်းလွန်ရောင်ခြည် ကာကွယ်မှု ရာနှုန်းပြည့်ပါဝင်တဲ့ နေကာမျက်မှန်

တလက်လောက်တော့ အပြင်သွားတိုင်း  UV ကာကွယ်ဖို့ မတပ်မဖြစ် တပ်ဆင်သင့်တယ်လို့ အကြံပြုချင်ပါတယ်။  နေကာမျက်မှန် တပ်တာဟာ ကျန်းမာရေးအရလည်း ကာကွယ်ပြီးသားဖြစ်သလို ခေတ်ရေစီးအရ လည်း ဖက်ရှင်ကျပြီး သင့်စတိုင်ကို အမိုက်စားဖြစ်အောင် ပံ့ပိုးပေးနိုင်ပါတယ်။

နေကာမျက်မှန်ဆိုတာနဲ့ လမ်းဘေးကဈေးပေါပေါနဲ့ရနိုင်တဲ့ တွေ့ကရာနေကာ မျက်မှန်တွေ ဝယ်တပ်မယ်ဆိုရင် ကိုယ့်မျက်စိအတွက်ကို စိတ်ချရတဲ့ အနေ အထားမျိုး ရနိုင်မှာမဟုတ်ပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ လမ်းဘေးက နေကာ မျက်မှန်အများစုက အလှတပ်ဖို့အတွက်လောက်သာ သင့်လျော်တဲ့ ကော်သားမှန်၊ ဒါမှမဟုတ် ဆေးရောင်သုတ်ထားတဲ့ မှန်အမျိုးအစားမျိုးတွေ အသုံးပြုထားတာ ဖြစ်တဲ့အတွက်ကြောင့် မျက်စိကျန်းမာရေးအတွက် မသင့်လျော်ဘဲ နေကာမျက်မှန် မတပ်ဘဲနေသူထက်တောင် မျက်စိကို ပိုပြီးအန္တရာယ်များစေပါတယ်။

မှန်သားမကောင်းတဲ့ နေကာမျက်မှန် တပ်ထားမယ်ဆိုရင် ခရမ်းလွန်ရောင် ခြည်ကို တကယ်လက်တွေ့ မကာကွယ်နိုင်တဲ့အတွက် အလင်းတွေစုပြီး မျက်စိကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။  ဒါကြောင့်မို့လို့ နေကာမျက်မှန် ဝယ်မယ်ဆိုရင် လည်း အရည်အသွေးကို သေချာစိစစ်ပြီးမှ ဝယ်ယူသင့်ပါတယ်။  နေကာမျက်မှန် တပ်ဖို့က လူငယ်၊ လူကြီးရယ်မှ မဟုတ်ပါဘူး၊ အသက်ရွယ်ကြီးတဲ့ အဘိုးအဘွား လူကြီးရွယ်အိုတွေနဲ့ ကလေးအရွယ်တွေလည်း တပ်ဖို့လိုအပ်ပါတယ်။

အခုဆိုရင် စိတ်ချရတဲ့ ရာနှုန်းပြည့်  UV ကာ ကွယ်တဲ့ နေကာမျက်မှန်တွေက နိုင်ငံပေါင်းစုံ  Brand မျိုးစုံကို အနည်းဆုံးဈေးနှုန်း သောင်းကျော်ဝန်းကျင် ကစလို့ သိန်းဂဏန်းကျော်တဲ့ထိ ဈေးနှုန်းအမျိုးမျိုးနဲ့ အာမခံချက်ရှိတဲ့ မျက်မှန်ဆိုင်ကြီး တွေမှာ ရနိုင်ပြီဖြစ်ပါတယ်။

ဒါဆိုရင် ကိုယ့်အတွက် ဖက်ရှင်လည်းကျ၊ ကျန်းမာရေးလည်း ကာကွယ် ပြီးသားဖြစ်အောင် ကိုယ်နဲ့လိုက်ဖက်မှုလည်းရှိ၊ ဈေးနှုန်းကလည်း ကိုယ်လက်လှမ်း မီနိုင်တဲ့ နေကာမျက်မှန်ကောင်းကောင်း တလက်ကို အခုချက်ချင်းပဲ အမြန်ဆုံး ပြေးဝယ်လိုက်ကြပါစို့လား။


သီဟတိုး


  Elle, ခြောက်သောင်းကျော်၊ ဂျပန် (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

 Esprit, သုံးသောင်းကျော်၊ ဂျပန်

Esprit, ခြောက်သောင်းကျော်၊ ဂျပန်

Versace,  နှစ်သိန်းကျော်၊ အီတလီ

 Puma, ခြောက်သောင်းကျော်၊ ဂျပန်

Coach,  တသိန်းကျော်၊ အီတလီ

Prada,  နှစ်သိန်းကျော်၊ အီတလီ

Porshe Design,  နှစ်သိန်းခွဲကျော်၊ အီတလီ

 
Ray Ban, တသိန်းခွဲကျော်၊ အီတလီ
 


ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ပန်ချီကားနှစ်ချပ် မန်း အင်အယ်လ်ဒီမှ လေလံတင်ရောင်းချမည်

Aye Chan Mon's photo.Aye Chan Mon's photo.


မျိုးသန့်

၂၀၁၄ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ခွပ်ဒေါင်းကြယ်ဖြူအလှပြယာဉ်၌ ချိတ်ဆွဲပြသခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ပုံတူ အခရိုင်းလစ် ( acrylic) ပန်ချီကားနှစ်ချပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မန္တလေးတိုင်းမှ လေလံတင် ရောင်းချမည်ဟု တိုင်းအတွင်းရေးမှူး ဦးတင်ကိုကိုက မေ ၈ရက်က မဇ္ဈိမကို ပြောသည်။

“တိုင်းဒီမိုရေစီအဖွဲ့ချုပ်ရန်ပုံငွေနဲ့ ဗဟိုရန်ပုံငွေအတွက် အသုံးပြုနိုင်အောင် ၁၃၇၅-၁၃၇၆ခုနှစ် မဟာ သင်္ကြန်ပွဲတော်မှာ ပထမဆုံးနဲ့ကြီးမားစွာ ခွပ်ဒေါင်းကြယ်ဖြူ အလှပြယာဉ်ထွက်ရှိခဲ့ပါတယ်။ အဲဒီမှာ ပြသခဲ့တဲ့ ပန်ချီကားနှစ်ချပ်ကို ရောင်းချတာဖြစ်ပါတယ်၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည် ခွင့်ပြုချက်လည်းရရှိပြီးပါပြီး၊
ဝယ်ယူသူကို အဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ရေးထိုး ထားတဲ့ ပန်းချီကားကို ရောင်းချပေးမှာဖြစ်ပါတယ် ” ဟု ဦးတင်ကိုကိုကပြောသည်။

ရောင်းချမည့်ပန်ချီကားမှာ သုံးပေ၊ လေးပေ ပန်းချီကားနှစ်ချပ်ဖြစ်ပြီး ပန်ချီဆရာကိုအောင်မင်းက ရေးဆွဲ ထားခြင်းဖြစ်သည်။ ရောင်းချရန်ရန်အတွက် မေ ၇ ရက်
ညနေလေးနာရီမှ စတင်ကာ ၀ယ်ယူလို သူများအနေဖြင့် တိုင်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်ဝယ်ယူနိုင်ပြီး မေ၁၈ရက် မတိုင်မီ ရောင်းချပေးမည်ဖြစ်သည်။

“ လေလံတင်ရောင်းချမှာဖြစ်ပေမယ့်၊ ကြမ်းခင်းဈေးကိုတော့သတ်မှတ်မထားပါဘူး၊ ဒါပေမယ့် ပြည်သူ့ခေါင်းဆောင်ဖြစ်တဲ့သူ တစ်ယောက်ရဲ့ ပန်ချီကားဖြစ်သည်နှင့် အညီ မဖြစ်နိုင်တဲ့ဈေးနှုန်းမျိုးကိုတော့ မပေးစေလိုပါဘူး၊ ကျွန်တော်တို့အနေနဲ့ ဈေးနှုန်းသတ်မှတ်တဲ့ သဘောလိုမဟုတ်ဘဲ ပန်ချီကား တစ်ချပ်ကို ကျပ်သိန်းငါးဆယ်
ဝန်းကျင်လောက်တော့ဖြစ်စေချင်ပါတယ် ” ဟု အတွင်းရေးမှူးကဆိုသည်။

ထို့အပြင် ပန်ချီကားရောင်းချခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို ရောင်းချခြင်းကဲ့သို့သော ထင်မြင်ယူဆချက်များကို မထားစေလိုကြောင်း၊ ရောင်းချရခြင်းမှာ အဖွဲ့ချုပ်ရန်ပုံငွေ၊ တိုင်းအဖွဲ့ချုပ် ရန်ပုံငွေရရှိရေးအတွက်သာ အဓိကထားရောင်းချရန်စီစဉ်ခြင်းဖြစ်သည်။ ပန်းချီကားရောင်းချခြင်းနှင့် ပက်သက်ကာ မေ ၁၂ရက်နေ့တွင်
တိုင်းဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သတင်းစာရှင်းလင်းပွဲတစ်ခုကို လုပ်ဆာင်သွားမည်ဖြစ်သည်။

ပန်ချီကားရောင်းချခြင်းအပြင် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းအတွင်း လူထုစည်းရုံးရေးများ၊ ပါတီတွင်း စည်းရုံးရေးများကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ပုံစာ- လေလံတင်ရောင်းချမည့် ပန်းချီဆရာ ကိုအောင်မင်း ရေးဆွဲသည့် ဒေါ်အောင်ဆန်းစုကြည် ပုံတုံပန်းချီကား။ (ဓာတ်ပုံ- မျိုးသန့်)

Mizzima - News in Burmese

ခင်ဦးမြို့နယ်၌ မိုးကြိုးထိမှန်၍ လူတစ်ဦးနှင့် ဆိတ်(၁၅)ကောင် သေဆုံး

ခင်ဦး ၊ မေ(၈)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကဘွက်ကျေးရွာအုပ်စု၊ ကြည်ပြုံးကျေးရွာတွင် မေလ(၇)ရက်နေ့ ညနေ(၄)နာရီခွဲခန့် က မိုးရွာနေစဉ် နေအိမ်အတွင်းရှိ ဒေါ်ထွေးညို(ဘ)ဦးဘအေး ၊အသက်(၄၁)နှစ်အား မိုးကြိုးပစ်ရာ မိုးကြိုးထိမှန်၍ ချက်ချင်းသေးဆုံးခဲ့ပြီး ၎င်း၏အိမ်ခြံဝင်းအတွင်းရှိ ဆိတ်(၁၅)ကောင်မှာလည်း မိုးကြိုးထိမှန် သေဆုံးခဲ့သည်။

အဆိုပါ ဆိတ်(၁၅)ကောင်၏ ကာလတန်ဘိုးမှာ (၁၀)သိန်း(၅)သောင်းကျပ် ဆုံးရှုံးခဲ့သည်။

မိုးကြိုး ထိမှန်သေဆုံးသူ ဒေါ်ထွေးညိုအား ရွာစဉ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ခင်ဦးရဲစခန်းမှ သေမှုသေခင်းဖွင့်ထားကြောင်း သိရှိရသည်။

MOI Webportal Myanmar

ရိုဟင်ဂျာဟု ဖြေဆို သည့် ဘင်္ဂါလီများကို လူမျိုး အမည်မမေးဘဲ သန်းခေါင်စာရင်း ဆက်လက် ကောက်ခံ သွားမည်ဟု ဝန်ကြီး ဦးခင်ရီပြော


သန်းခေါင်စာရင်းကောက်စဉ် ဝါးအိမ်ရှေ့တွင် လူမျိုး ရိုဟင်ဂျာဆိုသည့်အမှတ်အသားရေးသားထားသည်ကို တွေ့ရစဉ်။ Photo : EPA

ရန်ကုန်၊ မေ ၇- ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူမှုတွင် ကောက်ယူရန် ကျန် ရှိသော ရခိုင်ပြည်နယ်ရှိ  ရိုဟင်ဂျာဟု ဖြေ ဆိုနေသည့် ဘင်္ဂါလီများကို လူမျိုးအမည်မ မေးဘဲ သန်း ခေါင် စာရင်း ကို ဆက်လက် ကောက်ယူသွား မည်ဖြစ်ကြောင်း  ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူ ရေးကော်မတီ၏ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး  ဦးခင်ရီက ပြော သည်။

အဆိုပါ အကြောင်းအရာကို မေ ၇ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် ပြည်တွင်း၊ ပြည်ပမီဒီယာများ တက်ရောက်သည့် သန်းခေါင်စာရင်း ကောက် ယူ မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြည် ထောင်စုဝန်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။ ''ရိုဟင်ဂျာနဲ့ပတ်သက်ပြီး အစိုးရရပ် တည် ချက်ကိုတော့ ပြင်ဖို့မရှိပါဘူး။ ပြောရ မှာခက်ရင် ဘင်္ဂါလီလို့လဲမပြောနဲ့၊ ရိုဟင်ဂျာ လို့လဲ မပြောနဲ့။ လူမျိုးမေးခွန်းကိုမဖြေတဲ့ နည်းနဲ့ကြိုတင်ကြေညာပြီး ကောက်ပေး ဖို့ရှိ  ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကနဦး စာရင်းများ အရ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဘင်္ဂါလီ လူမျိုး ၁ဒသမ ၃၃သန်းရှိကာ ရခိုင်ပြည်နယ် တွင်  ၁၀ သိန်းကျော်နေထိုင်နေပြီး၊ ဘင်္ဂါလီ များနေထိုင်သည့် ရခိုင်ပြည် နယ် ရှိ ခရိုင်ငါးခု အနက် ခရိုင်နှစ်ခုရှိ ဘင်္ဂါလီများ လူဦးရေနှစ် သောင်းခန့်ကိုသာ လက်ရှိအချိန်အထိ စာရင်း ကောက်ယူထားနိုင်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ''နည်း ပညာပိုင်းဆိုင်ရာ အခက်အခဲအတွက် ကြန့် ကြာမှုကို သန်းခေါင်စာရင်းလုပ်ငန်း စဉ်ပြီးဆုံးပြီး ခြောက်ပတ်ကနေ၊ ရှစ်ပတ်အထိ ဆက်လက် ကောက်ယူခွင့် ပေးထား တာရှိတယ်။ မေလ ကုန်၊ ဇွန်ပထမအ ပတ်လောက် အထိ စာရင်း မပါသေးသူတွေကို စာရင်းကောက်ပေးမယ်''ဟု ပြော သည်။

အဆိုပါ ဘင်္ဂါလီများသန်းခေါင်စာရင်း ဖြည့်သွင်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်တွင် ဒုတိယဝန်ကြီး ဦးဆောင်ပြီး ဆွေးနွေးမှု များ ပြုလုပ် ခဲ့သော်လည်း အဆင်မပြေခဲ့သည့်အ တွက် လာမည့်ရက်ပိုင်း အတွင်း ပြည်ထောင်စု ဝန်ကြီး ကိုယ်တိုင်သွားရောက် ထပ်မံဆွေး နွေးရန်ရှိနေကြောင်းလည်း  သိရသည်။
''မေလကုန် ဇွန်ပထမအပတ်လောက် အထိ စာရင်းဆက်ကောက်နေမှာဖြစ်ပြီး မရရင် တော့ စာရင်းပိတ်မယ်၊  ဘင်္ဂါလီ စာရင်းကို တော့ အရင်က ဒုက္ခသည်စာရင်းတွေကို စခန်း တွေမှာ လိုက် ပြီး ကောက်ထားတာ ရှိတယ်၊ ကောက်လို့မရခဲ့ရင် ခန့်မှန်းအနေနဲ့ အဲဒီစာရင်း တွေကိုပဲ ပြန်သုံးမယ်' ဟု ဝန်ကြီး ဦးခင်ရီက ပြောသည်။

ယင်းအပြင် တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ရန်ကျန်ခဲ့သည့် ကျေးရွာအုပ်စု ၂၅စု ကိုလည်း မေလကုန်အထိ ဆက်လက်စာရင်း ကောက်ယူနိုင်ရေး ညှိနှိုင်း ဆောင်ရွက်နေ ကြောင်း ဝန်ကြီးက ပြောသည်။
လက်ရှိကောက် ယူရရှိထားသည့် သန်း ခေါင်စာရင်းဆိုင်ရာ ပထမအဆင့်လူဦးရေခန့် မှန်းစာရင်းကို လာမည့် ဩဂုတ်လတွင် ထုတ် ပြန်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီက ပြောသည်။ ''၂၀၁၄ ဩဂုတ်လထုတ်မယ့် စာရင်းကျရင် ကျား၊ မလူဦးရေ ဘယ်လောက်ဆိုတာပါမယ်၊ စာရင်းကတော့ အကြမ်းဖျင်းပါ။ စာရင်းအတိ ကျကိုတော့ လာမယ့် ၂၀၁၅ ခုနှစ် မေလမှ ထုတ်ပြန် နိုင်မှာ ပါ'' ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း ကောက် ယူမှု သမိုင်းကြောင်းအရ ၁၉၈၃ ခုနှစ် သန်း ခေါင်စာရင်းကောက်ခံမှုတွင် နိုင်ငံတစ်ဝန်း ရှိ ကျေးရွာအုပ်စုပေါင်း  ၉၂၄ အုပ်စု (ကျေးရွာ ပေါင်း ၁၀၀၀၀)  ကျော်ကို စာရင်းကောက်ခံ နိုင် ခြင်းမရှိခဲ့ဘဲ၊ ယခုအကြိမ်တွင် ကချင်ပြည်နယ်ရှိ ကျေးရွာအုပ်စု ၂၅အုပ်စုမှအပ နေရာအနှံ့ အပြားတွင် စာရင်းကောက်ခံနိုင်ခဲ့သည်။

 
Democracy today Daily Newspaper




အခြား တီလီကွန်ဆက်သွယ်ရေး ကွန်ရက် နှင့် ပထမဆုံး အောင်မြင်စွာ ချိတ်ဆက် ပြောဆိုနိုင်ပြီ ဖြစ်ကြောင်း Ooredoo မြန်မာ ယနေ့ သတင်းထုတ်ပြန်


ခေတ်မှီဆန်းသစ်သော တီလီကွန်ဆက်သွယ်ရေး ကွန်ရက်ဖြန့်ကျက် ရာတွင်
ယခု ကဲ့သို့ တိုးတက်ပြောင်းလည်းသော အဆင့် ကို မှတ်ကျောက်တင်နိုင်ခဲ့ရန်ကုန်၊ မြန်မာ
အခြား မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီ အသစ် တစ်ခု ၏ မိုဘိုင်း
ကွန်ရက် နှင့် အပြန်အလှန် အောင်မြင်စွာ ချိတ်ဆက် လိုက်နိုင်ပြီ ဖြစ်ကြောင်း Ooredoo မြန်မာက ယနေ့ ကြေငြာ လိုက်သည်။ ယင်းသည် မြန်မာပြည် တွင်
ကမ္ဘာ့အဆင့်မှီ တီလီကွန် ဆက်သွယ်ရေး စနစ်ကြီး ကိုတည်ဆောက်ရာတွင်
အဓိကကျ သော မှတ်ကျောက်တင်ခြင်း တစ်ရပ် ဖြစ်သည်။
 
 မတူသော ကွန်ရက် အချင်းချင်း အပြန်အလှန်ချိတ်ဆက် နိုင်ခြင်းသည် မြန်မာနိုင်ငံရှိ တိုင်းသူပြည်သားများစီးပွါးရေး ပြိုင်ဆိုင်မှုများက တစ်ဆင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများ ကို
ခံစားနိုင်ကြရာတွင် အရေးပါသော အကြောင်းရင်း ဖြစ်သည်။ Ooredoo သည်
3G ကွန်ရက်ကို ဖြန့်ကျက်မည်ဖြစ်သည်။ ဆိုလိုသည်မှာ Ooredoo ၏ ကွန်ရက်
ရှိသော နေရာတိုင်းတွင် အလွန်လျှင်မြန်သော အင်တာနက် နှင့် အချက်အလက်များ
ရယူနိုင်ကြတော့မည် ဖြစ်သည်။ 
 
ယခုကဲ့သို့ အပြန်အလှန်ချိတ်ဆက်ခြင်း
မှတ်ကျောက်သည် Ooredoo ၏ နောင်လာမည့် အနာဂတ် မျိုးဆက်သက်သစ်နည်းပညာ နှင့် အခြား မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီ အသစ်၏ လက်ရှိမျိုးဆက်နည်းပညာ တို့ကို ပေါင်းစည်းလိုက်ခြင်းပင် ဖြစ်သည်။ယနေ့ သတင်းထုတ်ပြန်ရာတွင် မိုဘိုင်း ဆက်သွယ်ရေးကုမ္ပဏီများ အကြား ကောင်းမွန်သော ဆက်ဆံရေးသည်
အရေး ကြီးသော အချက် နှင့် ပတ်သက်၍ Ooredoo မြန်မာ ၏ အလုပ်အမှုဆောင်အရာရှိချုပ် RossCormack   က ၊ “ကျွန်တော် တို့ ရဲ့လုပ်ငန်းမှာ ဆိုရင် သုံးစွဲသူ
ပြည်သူလူထု ရွေးချယ်နိုင်ဖို့၊ လုံးလုံးလျားလျား ချိတ်ဆက်နိုင်ဖို့ စတာတွေ အတွက်မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီများ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ အရေးအင်မတန်ကြီးပါတယ်။ မကြာတော့မယ့် အချိန်အတွင်းမှာ အခု လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရဲ့ ကွန်ရက် နဲ့ ချိတ်ဆက်မှုတွေ တိုးတက်လာတော့မယ် လို့လည်းကျွန်တော်တို့ မျှော်လင့်ပါတယ်။” ဟုပြောကြားလိုက်ပါတယ်။
 
ယခုအခါတွင် Ooredooမြန်မာသည် နောင်လာမည့် လများအတွင်း ၀န်ဆောင်မှုများကို စတင်မိတ်ဆက်ရန်
ပြင်ဆင်မှုများနှင့် အလုပ်များ နေသော မြန်မာနိုင်ငံသား ၀န်ထမ်းပေါင်း ၇၀၀ ၊ခုနစ်ရာကျော် ကို ခန့်အပ်ထားပြီး ဖြစ်သည်။
 
 Internet Journal