14 Sept 2014

ခင်ပွန်းရဲ့ မေတ္တာကို ထာဝရ ရရှိပိုင်ဆိုင်စေဖို့ နည်းလမ်း (၇) သွယ်

 
လူဆိုတာ ဘယ်အရာကိုဖြစ်စေ ကြာလေ ရိုးအီလေ ငြီးငွေ့လာလေပါပဲ။ ပစ္စည်းတစ်ခုခုကို အရမ်းကြိုက်နှစ်သက်လို့ မဖြစ်မနေ၀ယ်ခဲ့တာတောင် မကြာခင်မှာပဲ ရိုးအီသွားတတ်တယ် မဟုတ်လား။ သဘောသဘာဝချင်း မတူညီတဲ့ လူတစ်ဦးတစ်ယောက်အပေါ်မှာ အချိန်ကြာလာတဲ့ အခါ ရိုးအီငြီးငွေ့ လာတတ်ကြတာ သဘာဝပါပဲ။
 

ခင်ပွန်းသည်ရဲ့ ဂရုစိုက်မှုကို ပြန်လည်ရရှိလိုတဲ့ အိမ်ထောင်သည်အမျိုးသမီးများအနေနဲ့ လုပ်ဆောင်ရမယ့် အချက် (၇) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
 
 
(၁) တကိုယ်ရည် သန့်ရှင်းမှု ရှိပါ
 

ခင်ပွန်းဆိုတာ မိသားစုဝင်တစ်ဦးအနေနဲ့ အတူနေထိုင်တာ ကြာလာတဲ့အခါ ကိုယ်က သိပ်ကြီး သန့်ရှင်းလှပနေဖို့မလိုပဲ ဘိုသီဘတ်သီဖြစ်နေရင်တောင် ချစ်မယ်လို့ ထင်တတ်ကြပါတယ်။ ရေမွှေးမသုံးပဲ အပြင်ထွက်ရင်လည်း ရတယ်လို့ထင်ကြပါတယ်။ တကယ်တော့ သူတို့က အချစ်မပျက်တာမှန်ပေမဲ့ ဆွဲဆောင်မှုမရှိတော့တာလည်း အမှန်ပါပဲ။
 

စတင်တွေ့ဆုံခဲ့ကြတုန်းက ဘယ်လိုဆွဲဆောင်ခဲ့လဲ မိမိကိုယ်ကို ပြန်ဆန်း စစ်ကြည့်နော်။ ရေမိုးချိုး ဂျီးပြောင်နေအောင် တွန်းပြီး ရေမွှေးတွေလည်း တအားဆွတ်ထားခဲ့တယ်မလား။ ကိုယ့်ခင်ပွန်းက ကိုယ့်ကို မြတ်နိုးလို့ တစ်သက်လုံးတူတူနေဖို့ထိတောင် ဆုံးဖြတ်ခဲ့တာ သူ့ကို ဆွဲဆောင်နိုင်ဖို့ ကြိုးစားသင့်တယ်လေ။ ဒီတော့ ရေပုံမှန်ချိုး၊ သွားမှန်မှန်တိုက်ပြီး အမွှေးနံ့သာလေးသုံး ရေမွှေးလေး ဆွတ်ကြနော်။ ဒါလည်း ခင်ပွန်းရဲ့ ပိုက်ဆံနဲ့ ၀ယ်လို့ရတာပဲလေ။
 

ဒီလိုလုပ်ရင် ခင်ပွန်းရဲ့ ပိုမိုဂရုစိုက်မြတ်နိုးမှုကို ရလာရုံတင်မဟုတ်ပဲ မိမိကိုယ်ကိုလည်း ပိုမိုကျေနပ်ပျော်ရွှင်လာ မှာပါ။ သူများတွေက လှတယ်လို့ ချီးကျူးရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာပြီး ပျော်တာပဲ မလား။ မွှေးပျံ့ တဲ့ရနံ့ဟာ လူကို စိတ်ကြည်နူးစေလို့ ရေမွှေးလေးတွေ သုံးလိုက်ကြပါစို့နော်။
 
 (၂) လှလှလေး ၀တ်ပါ


တကယ်တမ်းဝန်ခံရရင် ကျမကိုယ်တိုင်လည်း ပွယောင်းယောင်းအ၀တ်အစား ကို ကြိုက်တာပေါ့။ သက်တောင့်သက်သာရှိတယ်လေ။ ဂါဝန်တိုကျပ် ကျပ်လေးနဲ့ ဒေါက်မြင့်ဖိနပ်အစား ဘောင်းဘီတိုနဲ့ တီရှပ်ဝတ်ချင်တာပေါ့။ ဒါပေမဲ့ ၀တုတ်တုတ်ပုံစံဖြစ်နေတာ သိပ်တော့မကောင်းဘူးလေ။ ခင်ပွန်းသည်က အဲဒီသဘာဝအလှလေးကို သဘောကျနေရင်တောင် အပြောင်းအလဲအဖြစ် လှလှပပလေးတော့ မြင်ချင်မှာပေါ့။ ရှင်တို့ရဲ့ အ၀တ်ဘီရိုထဲမှာ ဆွဲဆောင်မှု အပြည့်ရှိတဲ့ ကိုယ်ကျပ်ဂါဝန်တစ် ထည်လောက် တော့ ရှိကိုရှိမှာပါ။ ပွဲရှိရှိ မရှိရှိ လှလှပပလေး
ခဏခဏတော့ ၀တ်ပေးပေါ့။ ခင်ပွန်းသည်က တအံ့တသြနဲ့ ကြည့်မ၀ဖြစ်နေရင် ရှင်လည်း ပျော်မှာပဲလေ။



(၃) နှုတ်ခမ်းနဲ့ မျက်လုံးကို ဂရုစိုက်ပါ


နှုတ်ခမ်းနီ သို့မဟုတ် နှုတ်ခမ်းဆီ တစ်ခုခု လက်ကိုင်အိတ်ထဲ အမြဲထည့်ထား ပါ။ Eye Liner လည်းမရှိမဖြစ် အိတ်ထဲတည့်ထားဖို့ လိုအပ်ပါတယ်။ ဘယ်အချိန်အရေးပေါ်လိုမယ်မှန်း မသိနိုင်ဘူးလေ။ နှုတ်ခမ်းနီ၊ eyeliner နဲ့ မျက်တောင်ကော့ဆေးထည့်ထားတဲ့ အိတ်က အရေးအကြီးဆုံးလို့ မိန်းကလေးတော်တော်များများ ယူဆသင့်ပါတယ်။ နှုတ်ခမ်းလေး ရွှန်းစိုနေပြီး မျက်လုံးထင်းနေရင် တကယ့်ကို လှသွားနိုင်လို့ ပါးနီတွေ၊ မိတ်ကပ်တွေထက် ပိုအရေးကြီးပါတယ်။



(၄) ခန္ဓာကိုယ်အလှအပကို ထိန်းသိမ်းပါ


အလှပြင်ခန်းမကို သွားပြီး တကိုယ်လုံးပေါင်းတင်တာကို ခဏခဏလုပ်ရမယ် လို့ မဆိုလိုပါဘူး။ အိမ်မှာပဲ လွယ်လွယ်လုပ်လို့ရမယ့်နည်းတွေရှိပါတယ်။ လက်သည်းခြေသည်းလေးတွေကို အမြဲဂရုစိုက်ပါ။ လက်သည်း ဆိုးဆေး ပျက်နေတာ၊ ဂျီးတွေဝင်နေတာဟာ အရမ်းကိုရုပ်ဆိုးပါတယ်။ လက်သည်းခြေ သည်းပြုပြင်ဖို့ အလှပြင်ဆိုင်သွားဖို့ မတတ်နိုင်ရင်တောင် ကိုယ့်ဘာသာ အိမ်မှာ လုပ်လို့ရပါတယ်။ အနီရောင်လက်သည်းနီဟာ ချစ်မေတ္တာကို ကိုယ်စားပြုလို့ အနီရောင်ကို ရွေးချယ်သင့်ပါတယ်။ ခြေထောက်ကိုလည်း အမွှေးရိပ်လိုက်ပါ။



(၅) အတင်းတိုက်တွန်းတာမျိုးကို ရှောင်ပါ


ပြောရတာထက် လုပ်ရတာ ပိုခက်တာ လူတိုင်းအသိပါ။ ဒီတော့ ရှင်ပြောတဲ့အရာကို ခင်ပွန်းက မလုပ်သေးရင် ဘာမှမပြောသေးပဲ ဘယ်လိုနူးညံ့စွာပြောနိုင်မလဲ အရင်စဉ်းစားပါ။ တကယ့်ကို အလုပ်ဖြစ်တဲ့နည်းလမ်းလေးပါ။ ယောက်ျားတွေဟာ အလိုဆန္ဒသိပ်မများပေမဲ့ ခဏခဏ နားပူအောင်ပြောတာမျိုးကိုတော့မခံနိုင်ကြပါဘူး။ ဇနီးကောင်းတစ်ယောက်ဖြစ်ချင်ရင်တော့ ခင်ပွန်းကို အပြစ်တင်ဝေဖန်မှုတွေနဲ့ မဆက်ဆံသင့်ပါဘူး။



“ရန်ပဲဖြစ်ချင်နေတဲ့ ဇနီးတစ်ယောက်နဲ့ နေမယ့်အစား လမ်းဘေးမှာပဲနေတာ ပိုကောင်းတယ်” ဆိုတဲ့ စကားပုံတစ်ခုရှိပါတယ်။ ခင်ပွန်းကို အတင်း ထိန်းချုပ် ပြုပြင်ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ပြောင်းလဲစေချင်တာဟာ ဘ၀ကို ပိုကောင်းစေချင်လို့ဖြစ်ကြောင်း အေးအေးဆေးဆေးပြောပြ နိုင်ရင်တော့ ကောင်းပါတယ်။ အတင်းတိုက်တွန်းရုံနဲ့ မပြောင်းလဲနိုင်သလို ပြောင်းလဲခဲ့ရင်လည်း ခဏပါပဲ။ အေးဆေးနူးညံ့တဲ့ ဇနီးကောင်းမှသာ ခင်ပွန်းကို ပြောင်းလဲကောင်းမွန်လာစေတာပါ။



(၆)မိမိကိုယ်ကို ယုံကြည်မှုရှိပါ


မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းဟာ အလှဆုံးပဲလို့ပြောလေ့ရှိကြပါတယ်။ တကယ်လည်းအမှန်ပါပဲ။ ကိုယ့်ခင်ပွန်းတောင်မှ ကိုယ့်ရဲ့ ယုံကြည်မှုပြည့်ဝခြင်း ကို သတိပြုမိတတ်ပြီး အိမ်ထောင်ရေး အတွက် လက်တွဲညီသူအဖြစ် ယုံကြည်လာတတ်ပါတယ်။ ကိုယ့်ကိုကိုယ်ရော ခင်ပွန်းကိုပါ ယုံကြည်မှုအပြည့် ထားပါ။ သံသယ၀င်တိုင်း မစွပ်စွဲသင့်ပါဘူး။ ရှင့်ကို ယုံပါတယ်လို့ လွယ်လွယ် လေးပြောလိုက်ရုံနဲ့ ရှင့်ခင်ပွန်းသည်က တကယ်ကို ၀မ်းသာကျေနပ်မှာပါ။ ခင်ပွန်းသည်အကြောင်း ကို သူငယ်ချင်းတွေဆီ မကောင်းမပြောပါနဲ့။ ရှင်က စိတ်ဆိုးတုန်းပြောမိတာဆိုရင်တောင် ရှင့်မိတ်ဆွေတွေက သူ့ကို မကောင်းသူအဖြစ်ပဲမြင်ကြတော့မှာပါ။



ခင်ပွန်းသည်ကို လိုလိုလားလား လက်ထပ်ခဲ့ပြီးမှ တစ်လှေတည်းစီး မိသားစုဝင် အချင်းချင်း မကောင်းပြောတာဟာ သိပ်ကို ၀မ်းနည်းစရာအဖြစ်ပါ။ ယုံကြည်လို့ပဲ လက်ထပ်ခဲ့တာမဟုတ်လား။ သူရဲ့ နဂိုအားနည်းချက်တွေကို အပြစ်တင်ရင်း သူ့ကိုယ်သူ ယုံကြည်မှုမဲ့အောင် မလုပ်ပါနဲ့။ သူလုပ်သမျှ မကောင်းဘူးလို့ဝေဖန်တာ၊ တခြားမိန်းမတွေကို ကြည့်လို့ စိတ်ဆိုးတာတွေဟာ ရှင့်ဘာသာ ယုံကြည်မှုမရှိလို့ဖြစ်ရတာပါ။ ရှင်ကိုယ်တိုင် သူ့အပေါ်ယုံကြည်မှုရှိမှ သူ့မေတ္တာကို ရဖို့ တကယ်သေချာနိုင်မှာပါ။



(၇) နှစ်ကိုယ်တူ ကြည်နူးဖွယ်ကာလတွေ ဖန်တီးပါ


ခင်ပွန်းနဲ့ ဇနီး ခပ်စိမ်းစိမ်းဖြစ်နေရင်တော့ အိမ်ထောင်ရေးမသာယာနိုင်ပါဘူး။ မိန်းမတွေဟာ ယောက်ျားတွေထက် အာရုံပိုများလို့ ခင်ပွန်းအပေါ် ဂရုစိုက်မှုလျော့နိုင်ပါတယ်။ ဒီလိုနဲ့ပဲ ခင်ပွန်းသည်က တခြားမိန်းမဆီ စိတ်ယိုင်သွားရင်တော့ သူ့ကိုချည်းပဲ အပြစ်တင်ရုံနဲ့ မပြီးတော့ပါဘူး။ ဒီတော့ ခင်ပွန်းရဲ့ ယုယမှုကို ခံယူရင်း သူ့ကိုလည်း ပြန်လည်ယုယဖို့ အချိန်တစ်ခု ရအောင်ဖန်တီးပါ။
လူတိုင်းဟာ အလုပ်များပြီး ပင်ပန်းနွန်းနယ်ကြတာ အမှန်ဆိုပေမဲ့ ဒီအတွက်နဲ့တော့ ချစ်ခင်ကြင်နာ ဖို့ ပျက်ကွက်လို့ မဖြစ်ပါဘူး။ ဒါဟာ သိပ်ကို ဆိုးဝါးတဲ့ ဆင်ခြေပေးမှုပါ။ ခင်ပွန်းသည်က ချစ်မေတ္တာ လိုအပ်နေချိန် လျစ်လျူရှုတာဟာ တကိုယ်ကောင်းဆန်ခြင်းတစ်မျိုးပါပဲ။ သူ့ကို ရှင့်အနားမှာနေရင်း အိမ်အလုပ်တွေ ကူစေချင်ရင်တော့ သူ့ကို ကြင်နာပေးရမှာဖြစ်ပါတယ်။



အနှစ်ချုပ်ပြောရရင်တော့ တခြားအရာတွေထက် ရှင့်ရဲ့အိမ်ထောင်ရေးက ပိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ထောင်ရေးအဆင်မပြေရင် ကွဲကွာကြရင်တော့ အရာအားလုံး တစစီပြိုကွဲတတ်လို့ပါပဲ။ ကလေးတွေရှိနေရင်တောင် နှစ်ယောက်တည်းနေဖို့ အချိန်ကို ဖန်တီးပါ။ ချစ်ချစ်ခင်ခင်နဲ့ ၀ါသနာပါရာ တစ်ခုခု( သီချင်းဆို၊ ပန်းချီဆွဲ စသည်) ကို အတူတူ လုပ်ဆောင်ရင်း အချိန်ကုန်ဆုံးပါ။



ကိုယ့်ခင်ပွန်းကို တကယ်နှစ်သက်လို့ အိမ်ထောင်တစ်ခုပြုခဲ့ပြီးမှ သဘောထားကွဲလွဲတာ နားလည်မှုတွေ ညှိနိုင်းရခက်တာလောက်နဲ့ အနေဝေးကာ စိမ်းမသွားပဲ အိမ်ထောင်သက် ဘယ်လောက်ကြာကြာ လှလှပပပြင်ဆင်ပြီး ချစ်စဖွယ်ကောင်းတဲ့ ဇနီးကောင်းလေးတွေ ဖြစ်ကြစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။
 


စုစည်းတင်ပြသူ – Win Pa Pa San


12 Sept 2014

ကမ္ဘာ့ပထမဆုံးနေစွမ်းအင်သုံးလေယာဉ် မြန်မာ့လေပိုင်နက် အတွင်း ဝင်ရောက်ရပ်နားမည်


ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံးလေယာဉ် ကမ္ဘာပတ်မည့်အစီ အစဉ်တွင် မြန်မာ့လေပိုင်နက်အတွင်း ဝင် ရောက်ပျံသန်း ရပ်နားခွင့်ကို သမ္မတဦးသိန်းစိန် က ခွင့်ပြုလိုက်ကြောင်း သိရသည်။


စက်တင်ဘာ ၅ ရက်က ပြုလုပ်သော သမ္မတဦးသိန်းစိန်နှင့် ဆွစ်ဇာလန်သမ္မတ Burkhalter တို့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် ဆွစ်ဇာလန်နိုင်ငံ၌ တွေ့ဆုံစဉ် ဆွစ်ဇာလန် သမ္မတ၏ တောင်းဆိုမှုအား သမ္မတဦးသိန်းစိန် က ခွင့်ပြုလိုက်ခြင်းဖြစ်သည်။


''မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ် ကထက်စာရင် နိုင်ငံရေးပွင့်လင်းလာမှုက တိုး တက်လာနေပြီ။ ခုတွေ့ဆုံပွဲကစပြီး နောက် ပိုင်း ပုံမှန်တွေ့ဆုံမှုတွေ လုပ်ဖို့ရှိသလို နောက် လာမယ့်အချိန်မှာပဲ Solar Impluse လေ ယာဉ်ဟာ မန္တလေးလေဆိပ်ကို ဆင်းသက်ဖို့ ရှိပါတယ်'' ဟု အဆိုပါတွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။


အဆိုပါပြောကြားချက်ကို သမ္မတဦးသိန်း စိန်ကခွင့်ပြုခဲ့ပြီး လာမည့် ၂ဝ၁၅ ခုနှစ် မတ်လ အတွင်း မြန်မာနိုင်ငံရှိ မန္တလေးလေဆိပ်သို့ ဆင်းသက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။


ဆွစ်ဇာလန်ရှိ ကမ္ဘာ့ပထမဆုံး လောင် စာမလိုဘဲ ပျံသန်းနိုင်သည့် နေစွမ်းအင်သုံး လေယာဉှ်Solar Impluse 2 အား ၁၂ နှစ် ကြာ စမ်းသပ်တီထွင်ပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံတကာလေပိုင်နက်အတွင်း ဖြတ်
သန်းကာ ကမ္ဘာပတ်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါလေယာဉ်အား ၂ဝ၁၄ ဇွန် ၂ ရက် တွင် ဆွစ်ဇာလန်နိုင်ငံအတွင်း စမ်းသပ်မောင်း နှင်ခဲ့ပြီး အဆိုပါ စမ်းသပ်မောင်းနှင်မှုမှာ ကမ္ဘာ့ ပထမဆုံး လောင်စာအသုံးမပြုဘဲ နေစွမ်းအင် ဖြင့်သာ ကမ္ဘာတစ်ပတ် စမ်းသပ်မောင်းနှင် မည့် အကြိုမောင်းနှင်မှုတစ်ရပ်သာဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြပါရှိသည်။

အဆိုပါ လေထုညစ်ညမ်းမှုကို ကာကွယ် နိုင်မည့် နေစွမ်းအင်သုံးလေယာဉ်မှာ လက်ရှိ ကမ္ဘာ့အကြီးဆုံး ဘိုးရင်း ၇၄၇ ထက် ပိုမိုကြီး မားကာ အလေးချိန်မှာ ကားတစ်စီးထက် ပိုမို ပေါ့ပါးကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် မတ်လအတွင်း ကမ္ဘာပတ် မည့်ခရီးစဉ် စတင်မည်ဖြစ်ကာ အာရေဗျပင် လယ်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ် လေပိုင်နက် များအတွင်း ဖြတ်သန်းမောင်းနှင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ မန္တလေးလေဆိပ်တွင် ခေတ္တ ရပ်နားမည်ဖြစ်ကြောင်း သိရသည်။
 
 
 ရန်ကုန်တိုင်းမ်



သမ္မတ ဦးသိန်းစိန် ၂၀၁၅ မှာ အရွေးမခံတော့ဖို့ မန္တလေးမှာ ဆန္ဒပြ (ရုပ်/သံ)


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ဥရောပ ခရီးစဉ်အတွင်းမှာ တိုင်းပြည်အခြေအနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒအပေါ်မူတည်ပြီး ၂၀၁၅ ခုနှစ်မှာ သမ္မတအဖြစ် ရွေးကောက်ခံဖို့ ဆုံးဖြတ်မယ်လို့ ပြောကြားခဲ့တာကို ကန့်ကွက်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု MDCF အဖွဲ့ဝင်တွေက ဒီနေ့ မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။


သမ္မတအနေနဲ့  လက်ရှိတာဝန်ယူထားတဲ့ကာလမှာ ပြည်သူတွေရင်ဆိုင်နေရတဲ့ စားဝတ်နေရေး အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ပျက်ကွက်နေတဲ့အတွက် ကန့်ကွက်တာဖြစ်ကြောင်း MDCF အဖွဲ့ဝင် ကိုသိန်းအောင်မြင့်က ပြောပါတယ်။


"ပြည်သူတွေလည်း ထင်သာမြင်သာပြောဆို ဧရာဝတီမြစ်ဆုံကိုတောင် ပြီးဆုံးအောင် မရပ်နိုင်ဘူးဗျာ၊ သူ့သက်တမ်း တာဝန်ထမ်းဆောင်နေတဲ့ကာလမှာ ရပ်တန့်ထားတဲ့အနေအထား ဖျက်သိမ်းလိုက်တဲ့ အနေအထားတွေကိုတောင် မဆောင်ရွက်နိုင်ဘူး၊ အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေး အနေအထားတွေ၊ လက်ရှိအလုပ်အကိုင်ရှားပါးတဲ့ ပြဿနာတွေ၊ မြေယာကိစ္စတွေပေါ့နော်၊ အားလုံးမြင်တွေ့နေတယ်၊ မြေယာကိစ္စတွေလည်းမဖြေရှင်းဘူး၊ အဲ့ဒီတော့ အဲ့ကိစ္စတွေကို မဖြေရှင်းပဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန်ကို တန်းပြီးတော့မျှော်မှန်းတယ်ဆိုတာဟာ တော်တော်စိတ်လည်းမကောင်းပါဘူး၊ ယနေ့ လက်တလောဖြေရှင်းရမယ့် ဒီကိစ္စတွေကို ဖြေရှင်းပြီးမှသာလျှင် နောက်အနာဂတ်ကို မျှော်မှန်းသင့်ပါတယ်"


ဆန္ဒပြပွဲမှာ တောင်သူလယ်သမားနဲ့ အလုပ်သမားအရေး ကူညီသူများအဖွဲ့နဲ့ MDCF က အဖွဲ့ဝင် ၁၄ ယောက် ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက လယ်ယာမြေပြဿနာ၊ အခြေခံလုပ်ခလစာ ပြဿနာကိုလည်း ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။


 
RFA Burmese

ဓမ္မစေတီ ခေါင်းလောင်း ရန်ကုန်မြစ်ထဲ မရှိကြောင်း သမိုင်းသုတေသီတွေပြော (ရုပ်/သံ)


ဓမ္မစေတီ ခေါင်းလောင်းကြီး ရန်ကုန်မြစ်ထဲ မရှိဘူးလို့ သမိုင်းပညာရှင်တွေနဲ့ သမိုင်းသုတေသီတွေက ထုတ်ဖေါ် ပြောဆိုလိုက်ပါတယ်။

 

DVB TV

မအိုဆေး...




အရက်ကို မအိုဆေးဟူ၍ သုံးနှုန်းပြီး ရေးထားတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်ဖူးပါသည်။ ရုတ်တရက် ဘယ်လိုပါလိမ့်ဆိုပြီး နားမလည်သလို ဖြစ်သွားပါသည်။ ဆုံးအောင် ဖတ်လိုက်မှပဲ သဘောပေါက် သွားပါသည်။ ဆိုလိုတာကတော့ အရက်ကို စွဲစွဲမြဲမြဲသောက်တဲ့ သူဟာ မအိုလိုက်ရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရလို့ အရက်ကို မအိုဆေးလို့ တင်စားခေါ်တာ ဖြစ်လေသည်။ အရက် အလွန်အကျွံ သောက်ပြီး တွေ့ရာအိပ်လို့ လေဖြတ်သွား တာတွေ၊ အသည်း ကင်ဆာဖြစ်တာတွေ၊ အသည်းမှာ ဆန်ခါပေါက်ဖြစ်ပြီး အသက်ငယ်ငယ် ရွယ်ရွယ် လေးဆယ်ကျော် ငါးဆယ်လောက်တွေမှာ သေကုန်ကြတာ။ ဒါ့ကြောင့် အရက်ကို မအိုဆေးလို့ခေါ်တာ ဖြစ်လေသည်။


ကျွန်တော်တို့ ရပ်ကွက်လမ်းထိပ်မှာ အရက်ဖြူဆိုင်လို့ ရေးထားတဲ့ ဆိုင်းဘုတ်လေးနဲ့ အရက်ဆိုင်တစ်ဆိုင် ရှိပါ သည်။ ဆိုင်ရှေ့ကနေ ဖြတ်သွားတိုင်း ဆိုင်ထဲမှာ အမြဲတမ်းလိုလို လူတွေစည်ကားနေတာ တွေ့ရသည်။ အရက် ဆိုင်ထဲကို ၀င်သွားတဲ့သူတွေ ဆိုင်ထဲက ထွက်လာတဲ့သူတွေကို ကြည့်လိုက်တော့ လက်လုပ်လက်စား ဆင်းရဲသား လူတန်းစားတွေပဲ ဖြစ်သည်။ မျက်နှာတွေက ဖောသွပ်သွပ်ပုံစံတွေနဲ့ လူတွေက တုန်တုန်ချည့်ချည့်ပုံစံ၊ ငေးငေးငိုင်ငိုင်ပုံစံတွေ ဖြစ်နေသည်။ အရက်ကို အကြောင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ သောက်ကြသည်။ တချို့က စီးပွားရေး အဆင်မပြေလို့ သောက်သည်၊ စိတ်ညစ်လို့ သောက်သည်။ တချို့က အောင်မြင်လို့သောက်သည်၊ ပျော်လို့သောက်သည်။ တချို့က မသောက်ရမနေနိုင်လို့သောက်သည်။ အပေါင်းအသင်းကောင်းလို့သောက်သည်။


အရက်သမားတွေက ပုံစံအမျိုးမျိုးနဲ့ဖြစ်သည်။ တချို့က သောက်ပြီးတော့ သွေးဆူသည်။ တချို့က စကားများသည်။ ရမ်းတတ်သေးသည်။ ပြဿနာရှာသည်။ မိသားစုတစ်ခုမှာဆိုရင် အိမ်ထောင်ဦးစီးက အရက်သောက်လာလို့ကတော့ မိသားစုအားလုံး စိတ်ညစ်ရသည်။ စကားပြောလို့ဆိုလို့ မကောင်းတော့။ အရက်သမားတစ်ယောက်၏ ဆိုးကျိုးသည် သူကိုယ်တိုင်သာမက သူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း သူ့သားသမီးအထိပါ ရိုက်ခတ်နိုင်လေသည်။ အရက်မူးနေလို့ကတော့ မကောင်းမှုလုပ်ရမှာ မကြောက်တော့။ ဘာမဆို လုပ်ရဲကိုင်ရဲဖြစ်လာသည်။ ဒါ့ကြောင့် မကောင်းမှုလုပ်တဲ့နေရာမှာ အရက်ကိုရဲဆေးအဖြစ် သောက်ကြသည်။


မြန်မာနိုင်ငံတွင် အရက်သောက်သုံးခြင်း အပါအ၀င် အခြားသော အကြောင်းအမျိုးမျိုးကြောင့် နှစ်စဉ်လူဦးရေ ၁၅၀၀ ခန့် မိမိကိုယ်မိမိ အဆုံးစီရင်မှုများ ရှိနေပြီး၊ ယခု ၂၀၁၄ ခုနှစ် ပထမခြောက်လအတွင်း၌ မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ သူဦးရေ ၉၀၀ ခန့်ရှိကြောင်း စစ်တမ်းတစ်ခုက ဆိုပါသည်။ မိမိကိုယ်မိမိ အဆုံးစီရင်သူအများစုဟာ စိတ်ကျရောဂါ ဖြစ်နေသူများ ဖြစ်သည်။ စိတ်ကျရောဂါဖြစ်နေသူများထဲမှ အရက်ကြောင့်ဖြစ်တဲ့ စိတ်ကျရောဂါဝေဒနာရှင်တွေက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေက အများဆုံးဖြစ်သည်ဟု ဆိုပါသည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများအရ ကမ္ဘာ့လူဦးရေ သန်း ၂၀၀၀ ကျော်သည် အရက်ကို စွဲစွဲမြဲမြဲ သောက်သုံး ကြကြောင်း၊ သန်း ၈၀ နီးပါးသည် အရက်၊ ယမကာကြောင့်ဖြစ်သည့် နာမကျန်းမှုများ ဖြစ်နေကြောင်းနှင့် အသက် ၁၅ နှစ်အထက် လူတစ်ဦးသည် တစ်နှစ်လျှင် အရက် ၆ ဒသမ ၂ လီတာသောက်ပြီး အရက်ကို စွဲစွဲမြဲမြဲ သောက် သုံးသူများထဲမှ ၂၅ ရာခိုင်နှုန်းသည် တရားမ၀င်ရောင်းချသောအရက်ကို သောက်သုံးနေကြကြောင်း သတင်းတစ်ခု က ဆိုပါသည်။


အရက်သောက်သည့်အခါ တစ်ကြိမ်တစ်ခါ များများသောက်လျှင်ပင် အရက်သောက်သည်ဟု သတ်မှတ်ထားပြီး တစ်ပတ်အတွင်း အနည်းဆုံးတစ်ကြိမ်အဖြစ် အီသနော အရက်ပြန်ပါဝင်မှု ရာခိုင်နှုန်း ၆၀ ရှိသော အရက် သို့မဟုတ် ယမကာအရည် တစ်ခုခုသောက်ခဲ့လျှင် အရက်သောက်သည်ဟု သတ်မှတ်ထားကြောင်း၊ ထိုကဲ့သို့ အရက်သောက်သူများသည် အမေရိကန်၊ အာဖရိက၊ ဥရောပတိုက်ရှိ နိုင်ငံများတွင် လူဦးရေ၏ ရာခိုင်နှုန်း ၃၀ အထက်တွင်ရှိနေပြီး မြန်မာနိုင်ငံတွင်မူ လူဦးရေ၏ ရာခိုင်နှုန်း ၂၀ ခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်းနှင့် ထိုကဲ့သို့ သောက်သုံးသူများသည် မတော်တဆ ထိခိုက်မှု၊ ခိုက်ရန်ဒေါသဖြစ်ပြီး လူကိုပါ ထိခိုက်ဒဏ်ရာရစေမှု အများဆုံးဖြစ်ကြောင်း သိရသည်။


အရက်မသောက်ရ မနေနိုင်သည့် အရက်စွဲရောဂါရှိသူများ အပါအ၀င် အရက်ကို စွဲစွဲမြဲမြဲသောက်သူများသည် အရက်ကြောင့် အစာဝင်သည့်လမ်းကြောင်း အာခံတွင်းမှစ၍ အစာမျိုသည့်ပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမမှအသည်း၊ ကစီအိမ်၊ ကျောက်ကပ် စသည့် အရေးကြီးအစိတ်အပိုင်းများကို အရက်၏အဆိပ်ကြောင့် ပျက်စီးစေကြောင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများသာမက ဦးနှောက်နှင့် အာရုံကြောများကိုပါ ထိခိုက်စေနိုင်ကြောင်း ကျန်းမာရေး စစ်တမ်းများက ဆိုပါသည်။


မြန်မာနိုင်ငံတွင်ဖြစ်ပွားသော လူသတ်မှု၊ ဒုစရိုက်မှု၊ ကားတိုက်မှုစသော မကောင်းမှုပြုလုပ်သူများကို စစ်ဆေးကြည့် လိုက်လျှင် အရက်စသည့် မူးယစ်ဆေးဝါး သုံးစွဲထားသည်ကို တွေ့ရတာများလေသည်။ မြန်မာနိုင်ငံတွင် အမျိုးသား၊ အမျိုးသမီးလူငယ်များတွင် အရက်သောက်သုံးမှုနှုန်း တစ်ရှိန်ထိုးမြင့်တက်လာသည်။ အရက်သောက်သုံးသူများ၏ ရာခိုင်နှုန်း ၇၀ မှာ တရားဝင်တင်သွင်းထားခြင်းမရှိသည့် အရည်အသွေးမမီ အရက်များဖြစ်နေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံ များ၏ အရက်သောက်သုံးမှုနှုန်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် ငါးနှစ်အတွင်းက သုတေသနပြုလုပ်ခဲ့ရာ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် အရက်သောက်သုံးမှုနှုန်းမှာ ယခင်ကထက် ၂၄ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်းနှင့် ယင်းတို့အနက် အရှေ့တောင်အာရှနိုင်ငံများမှာ ၆၈ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ဥရောပနိုင်ငံ အပါအ၀င် အခြားအရက် သောက်သုံးမှုနှုန်း များပြားသည့် နိုင်ငံများထက် နှစ်ဆကျော်မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ထားချက်များအရ သိရ သည်။


မြန်မာနိုင်ငံတွင် ရန်ကုန်၊ တောင်ကြီးနှင့် မော်လမြိုင်မြို့များရှိ အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ ၅၀၀၀ နီးပါးကို သုတေသန ပြုလုပ်ချက်အရ အရက်ဖြူသောက်သုံးမှုမှာ ၄၅ မှ ၇၅ ရာခိုင်နှုန်း၊ ၀ီစကီသောက်သုံးမှုမှာ ၁၀ ရာခိုင်နှုန်း အောက်၊ ရိုးရာခေါင်ရည် သောက်သုံးမှုမှာ ၁၀ ရာခိုင်နှုန်းနီးပါး၊ ဘီယာသောက်သုံးမှုမှာ ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းသုတေသန ပြုလုပ်ချက်များအရ သိရသည်။


ရပ်ကွက်ထဲက ဆင်းရဲသားလူတန်းစားများသည် အမိန့်ရ အရက်ဖြူဆိုင်လေးများမှာ အရည်အသွေးမမီတဲ့ အပေါစား အရက်များကို နှစ်ရာဖိုး၊ သုံးရာဖိုး စသည် သွားသွားသောက်နေကြသူများဖြစ်သည်။ အရက်သည် တန်ဖိုးနည်းပြီး အပေါစားဖြစ်လေ လူကိုဒုက္ခပေးမှု များလေဖြစ်လေသည်။ သူတို့ကိုကြည့်ရတာက အသားအရေ တွေက ပွယောင်းယောင်း၊ မျက်နှာတစ်ခုလုံးက ဖောပြီးနီနေသည်။ လက်ချောင်းတွေက တုန်တုန်ချည့်ချည့်။ ထိုသူတွေ ရှေ့ဆင့်နောက်ဆင့်ဆိုသလို သေကုန်ကြပြီး ဒါကို သင်ခန်းစာယူရကောင်းမှန်း မသိကြ။ အရက်ဆိုင်မှာ လူက စည်ကားမြဲ။ နောက်တက်လူငယ်များကလည်း လက်တည့်စမ်းလို့ကောင်းတုန်းပင်။ အရက်သမား တစ်ယောက် အိုသည်အထိ နေသွားတာ မတွေ့ဖူးသလောက် ရှားသည်။ သူတို့သည် မအိုလိုက်ကြရ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘ၀ပျက်ကြတာ များပါသည်။


အိုသည်အထိ ကျန်းကျန်းမာမာ နေချင်လျှင်တော့ အရက်ဆိုတဲ့ မအိုဆေးကိုတော့ ရှောင်ကြည်နေရပေလိမ့်မည်။ အရက်သောက်သုံးမှု လျော့နည်းသွားပါလျှင် ဒုစရိုက်မှုများလည်း နည်းပါးသွားပေလိမ့်မည်။

(ဆောင်းပါးရှင် - စိုးခိုင်ညိန်း)
 
 
Eleven Media Group


အနုပညာ လမ်းမပေါ်ရောက် ခင်ဝင့်ဝါရဲ့ စိတ်ခံစားချက်

 
 
(ရန်ကုန်၊ စက်တင်ဘာ ၈ )

အနုပညာ လမ်းပေါ် စပြီးရောက်တုန်း က ကိုယ်ပိုင် အချိန်တွေ ဆုံးရှုံးတာ ရှိသလို စိတ်မှာ တစ်မျိုးကြီး ခံစားခဲ့ ရကြောင်း ခင်ဝင့် ဝါက ပြောသည်။


”Miss တစ်ယောက် ဖြစ်တယ်။ အခု အနုပညာတွေ လည်းလုပ်တယ်။ ဒီလောက မှာ ကိုယ်က တဖြည်းဖြည်း သင်ယူပြီး အသား ကျလာပါပြီ။ အခု ဇာတ်ကားတွေ ရိုက်ကူး ရတာရော၊ ပရဟိတ အလုပ်မှာရော တောက် လျှောက်လုပ် လာတဲ့အခါမှာ ကျောင်းတက် ပြီး ပညာသင် ရသလိုပါပဲ” ဟု ခင်ဝင့်ဝါက ပြောသည်။


”အနုပညာလောက မှာ အားကျတဲ့ လူတွေ အများကြီး ရှိတယ်။ ပရဟိတမှာ တော့ ဦးကျော်သူတို့ ဇနီးမောင်နှံကို အား အကျဆုံးပဲ။ ခင်ဝင့်ဝါ အလှူတွေ၊ ပရ ဟိတ တွေမှာ ပါဝင်တာ ပေါ်ပြူလာ ဖြစ်ချင်လို့ မဟုတ်ပါဘူး။ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်မို့ လုပ်လာတာပါ” ဟု ၄င်းက ပြောသည်။


ခင်ဝင့်ဝါက လတ်တလောမှာ ဒါရိုက် တာ ပန်းချီစိုးမိုး ရိုက်ကူးသည့် ‘ကျွန်တော့် ရည်းစား ဘုရား မှာနေသည်’ ဇာတ်သိမ်းပိုင်း ကို ရိုက်ကူးလျက် ရှိပြီး ချောင်းသာတွင် ဇာတ်ကား အသစ် သွားရိုက်မည် ဖြစ်သည်ဟု သိရသည်။


ထူးထူး
 
Popular Journal



11 Sept 2014

ဖုန်း...ဖုန်း...ဖုန်း...တယ်လီဖုန်း

 
တယ်လီဖုန်းဆိုတဲ့ အရာကို အလက်ဇန်းဒါး ဂရေဟမ်ဘဲလ် ဆိုတဲ့သူက စပြီးတီတွင်ခဲ့တယ်။ သူရဲ့နောက်ပိုင်း အခုခေတ် အထိ ဖုန်းကို အမျိုးမျိုးတီထွင် ပြောင်းလဲတိုးတက် လာလိုက် တာ အခုဆို ဖုန်းကနေပြီး အသံတင်မဟုတ် အနံ့တောင် ပို့လွတ်လို့ ရနေပြီဆိုပဲ။


ကျွန်တော့် အနေနဲ့တော့ ဖုန်းဆိုတာကို စစချင်းသိဖူးတာက ငါးနှစ်သားလောက်မှာ အဖေက ပြည်ပရောက်နေတော့ အဖေကို ဆက်သွယ်ဖို့၊ စကားပြောဖို့ ဘေးအိမ် ငါးအိမ်၊ ခြောက်အိမ် ကျော်လောက်မှာ အခပေးပြီး ဖုန်းဆက်ရတယ်။ အမြဲတမ်းလည်း မဆက်နိုင်ဘူး။ တစ်လမှ တစ်ခါလောက် ဆက်နိုင်တာ။ ကျွန်တော်က ငယ်သေးတော့ ဘယ်ကို ဘယ်လိုခေါ်ရတယ်၊ ဖုန်းနံပါတ် ဘယ်လို နှိပ်ရတယ်ဆိုတာ မသိဘူး။ အဖေ့ဆီ ဖုန်းဆက်တဲ့အခါ အဲဒီဖုန်းပိုင်တဲ့အိမ်က အမေ့ကိုတောင် ဖုန်းနံပါတ် နှိပ်ခွင့်မပေးဘူး။ ဆက်သွယ်မယ့် ဖုန်းနံပါတ်ကိုပြပြီး ဖုန်းပိုင်ရှင်က ခေါ်ပေးတယ်။ ဖုန်းခလုတ်တွေ ပျက်မှာစိုးလို့တဲ့။ အဲဒီအချိန်က ဖုန်းဆိုတာ လူကုံထံတွေရဲ့ အဆောင်အယောင်၊ ဓနဥစ္စာရဲ့ ပြယုဂ်၊ ခေတ်မီခြင်းရဲ့ သင်္ကေတ။


နောက်ပိုင်း ကျွန်တော်တို့ ဘေးအိမ် ဆွေရိပ်မျိုးရိပ် မကင်းတဲ့အိမ်မှာ ဖုန်းပါမစ် (ငှားရမ်း အသုံးပြုခွင့်) ရလာတယ်။ ကျွန်တော်လည်း ၆ တန်း ၇ တန်းအရွယ် ရောက်ပြီ။ အဲဒီအချိန်မှာတော့ ဖုန်းကိုနံပါတ် နှိပ်ပြီး ခေါ်တတ်သွားပြီးပေါ့။ ကျောင်းနေဖက် ဖုန်းရှိတဲ့ သူငယ်ချင်းတွေက ကျွန်တော့်ဆီ ဖုန်းဆက်ရင် ကျွန်တော့်မှာ သွားကိုင်ရတာ အမော၊ ဖုန်းဆက်ပြီးပြောတဲ့ အကြောင်းအရာတွေက ကျောင်းပြေးဖို့၊ ရေကူးဖို့၊ ဘောလုံးစုကန်ဖို့ စတဲ့စတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို အဲဒီဖုန်းနဲ့ ပြောကြ ဆိုကြတာပေါ့။ ကျွန်တော် မိဘလူကြီး မပါဘဲ ဖုန်းကိုင်တတ် လာတယ်။ ဘယ်လို ဖုန်းခေါ်ရမလဲ စသိလာပြီ။


နောက် ကျွန်တော် ၁၀ တန်းပြီးတော့ ကျွန်တော့် ကြီးတော်အိမ်မှာ သွားနေရတယ်။ ကြီးတော်အိမ်က ဖုန်းကိုယ်ပိုင် ရှိတဲ့အပြင် ကြိုးမဲ့ဖုန်း (တစ်နည်း ဟန်းဖုန်း) လည်း ရှိတော့ ဒီဖုန်းတွေနဲ့ ပိုပိုပြီး ရင်းနှီးလာတယ်။ ဘယ်လို ဖုန်းခေါ် ရလဲ သိလာတယ်။ ဖုန်းနဲ့ ကောင်မလေးတွေ ကြူလိုက်၊ သူငယ်ချင်းတွေနဲ့ အလွမ်းသယ်လိုက် လုပ်တတ်လာ တယ်။ ဒါပေမဲ့ ဖုန်းဆိုတာ ငါတို့လူငယ်တွေ ကိုယ်ပိုင် ကိုင်စရာ အရာမဟုတ်ဘူးလို့ပဲ ထင်နေတုန်း။


တက္ကသိုလ် ရောက်တော့ ငွေကြေးချမ်းသာတဲ့ သူငယ်ချင်းတွေက ဖုန်းကို အသုံးအဆောင် အဖြစ်ရော၊ အဆင် တန်ဆာ အဖြစ်ရော လည်ပင်းမှာဆွဲပြီး လမ်းသလားကြတယ်။ ဖုန်းတွေက မဲနှိုက်ရတယ်။ ပေါက်ရင် ၁၅ သိန်းပေးပြီး (ငှားရမ်းခွင့်) ပါမစ်ရတယ်။ ပြန်ရောင်းမယ်ဆိုရင် သိန်း ၂၀၊ ၃၀ နဲ့ ရောင်းလို့ရတယ်။ အဲဒီအချိန်က ကျွန်တော့် သူငယ်ချင်းတွေ ပြောတာကတော့ ဖုန်းကို လည်ပင်းမှာဆွဲပြီး လမ်းသလားရင် စော်ကြည်သတဲ့။


နယ်ကနေပြီး ရန်ကုန်မှာ အပြီးနေမယ် ဆုံးဖြတ်ပြီး ရန်ကုန် ရောက်လာတော့ နယ်မှာထက် ရန်ကုန်က သူတွေက ဖုန်းကို ပိုကိုင်ကြတယ်ဆိုတာ တွေ့ရတယ်။ ဟန်းဖုန်း ဆိုတာမျိုးကို ငါတို့လည်း ကိုင်နိုင်မှာပါဆိုပြီး စတွေးမိတယ်။ ဘဝတူ သူငယ်ချင်းတချို့ ဖုန်းတွေ ဝယ်ကြတယ်။ ကျွန်တော်က သူတို့ဖုန်းနဲ့ ကပ်ဆက်တယ်။ တစ်နေ့ ငါလည်း ဖုန်းဝယ်နိုင်ရမယ်လို့ စိတ်ထဲ တေးထားမိတယ်။


နောက်ပိုင်း ကျွန်တော် အခွင့်အခါသင့်လို့ ပြည်ပကို သွားရောက်ခွင့် ရခဲ့တယ်။ ပြည်ပက အိမ်ရှင် သူငယ်ချင်းက ကျွန်တော့်ကို ဖုန်းဝယ်ပေးတယ်။ ကုန်ကျစရိတ်က မြန်မာငွေ သောင်းဂဏန်းပဲ ရှိတယ် (ဟန်းဆက်ပါ အပါအဝင်) ကျွန်တော် တေးထားတဲ့အရာ ဖြစ်လာခဲ့ပြီ။ ကျွန်တော့်ရဲ့ ပထမဆုံး ဟန်းဖုန်းပေါ့။ ပျော်လိုက် ဝမ်းသာလိုက်တဲ့ ဖြစ်ခြင်း။ ဖုန်းကို ကိုင်ရင်းနဲ့ လက်တောင်တုန်တယ်။ အဲဒီ တိုင်းပြည်မှာနေတဲ့ ကျွန်တော် သိသမျှ မြန်မာနိုင်ငံ သားတွေကို အကုန်ဖုန်းဆက်။ ငါဖုန်းရပြီ ဒီဖုန်းကို ခေါ်လို့ရတယ် သိလား၊ ဘာညာ အကြိမ်တစ်သောင်းလောက် ဆက်ပြီး ပြောခဲ့သေးတယ်။ တစ်ခါမှ မကိုင်ဖူးတဲ့ ဖုန်းကို ကိုင်ရလို့လား မသိ။ အပျော်တွေလွန်ပြီး ၃ ပတ်လောက် အကြာမှာ အဲဒီဖုန်းလေး ပျောက်သွားခဲ့တယ်။ အသစ်ပြန်ဝယ်ဖို့ စဉ်းစားပေမယ့် အဲဒီ တိုင်းပြည်ကနေ နောက် တိုင်းပြည်တစ်ခု ကူးရမှာမို့ နောက်ရောက်မယ့် တိုင်းပြည်မှာပဲ ဖုန်းဝယ်ဖို့ စဉ်းစားတယ်။


နောက်ရောက်တဲ့ တိုင်းပြည်မှာ ကျွန်တော် တစ်နှစ်နီးနီး နေရမှာမို့ ဖုန်းဝယ်တယ်။ အဲဒီမှာတော့ ဖုန်းဆင်းမ်ကတ် က ဝယ်ရတာ နည်းနည်း ဇယားနောက်တယ်။ ပတ်စပို့ မိတ္တူပေးရတယ်။ ဈေးကတော့ အရင်တိုင်းပြည်က ဈေးလိုပဲ ချိုမှချို။ မကောင်းတာ တစ်ခုတော့ ရှိတယ်။ သူက ကိုယ်ဝယ်တဲ့ ပြည်နယ်ထဲမှာ ဆက်ရင် ဖုန်းကသက်သာပြီး တခြားပြည်နယ်ကို ရောက်ရင် ဖုန်းခေါ်ဆိုခက ဈေးကြီးမှကြီး။ ဘာပဲပြောပြော ဖုန်းလေးရှိတာ အဆင်ပြေတာ ပေါ့ဗျာ။


ကျွန်တော် ကိုယ့်တိုင်းကိုယ့်ပြည် ပြန်လာတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ပြုပြင်ရေးတွေ စနေပြီတဲ့။ အရင်က ၁၅ သိန်းပေးရတဲ့ ဖုန်းက ငါးသိန်းပဲ ပေးရသတဲ့။ နောက်သိပ်မကြာပါဘူး။ ဖုန်းတွေက ၂ သိန်းနဲ့ (ငှားရမ်းခွင့်) ရပြီတဲ့။ ဘယ်သူဝယ်ဝယ် ၂ သိန်းနဲ့ ရပြီတဲ့။ ပျော်လိုက်တဲ့ ဖြစ်ခြင်း။ လက်ထဲမလည်း ငွေယားလေးရှိတုန်း အပြေးလေး သွားငှားလိုက်တယ်။ ဟန်းဆက်ကလည်း လန်းတယ်။ အရင် ပြည်ပမှာ ကိုင်ခဲ့တဲ့ ခပ်ပိန်းပိန်း ခလုတ်ဖုန်းတွေ မဟုတ်ဘူး။ ဖန်သားပြင်ကို ထိတွေ့ရတဲ့ဖုန်း၊ စက်ရုပ်ဖုန်း၊ အန်းဒရိုက်ဖုန်း။ ဖုန်းနာမည်က ဟွာဝေးဆိုပဲ။ ပေါ့သေးသေးတော့ မဟုတ်ဘူးနော်။


နောက်ဖုန်းတွေ (ငှားရမ်းခွင့်) ၁၅၀၀ ဆိုပဲ။ လူတိုင်းတော့ မရဘူးနော်။ ရပ်ကွက်ထဲမှာ အိမ်ထောင်စုစာရင်း ပုံစံတစ်ဆယ် ရှိသူတိုင်း မဲနှိုက်ခွင့် ရှိသတဲ့။ ကျွန်တော်တို့လို ဧည့်စာရင်းနဲ့ နေတဲ့သူအတွက် ဒီအခွင့်အရေးက မရဘူးပေါ့။ ထေရဝါဒ မြန်မာနိုင်ငံသားတွေ ကံအကြောင်းတရားတွေကို ပိုမိုသိရှိ နားလည်လာဖို့ နိုင်ငံတော်ရဲ့ မဲဖောက်ကံစမ်းတဲ့ အစီအစဉ်ဟာ သိပ်ပြီးတော်တည့် မှန်ကန်လှတာပဲ။ ကျေးဇူးကြီးလှပါတယ် မောင်မင်းကြီးသား တွေရယ်။


အဲဒါတွေပြီးတော့ ပြောင်းလဲရေး ဖြစ်စဉ်ရဲ့ရေချိန်က မြင့်သထက်မြင့် တိုးသထက်တိုးလာပေါ့။ မြန်မာ့ ဆက်သွယ် ရေးက အနစ်နာခံပြီး လုပ်ပေးတဲ့ တယ်လီကွန်မြူနီကေးရှင်း လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် လုပ်မယ်တဲ့။ နိုင်ငံ တကာ ကုမ္ပဏီတွေ လျှောက်ထားကြပါတဲ့။ အဲဒီကျမှ စာထဲ ခဏခဏ သင်ဖူးတဲ့ နိုင်ငံစုံ ကော်ပရေးရှင်း ဆိုတာ ကြီးကို နဖူးတွေ့ဒူးတွေ့ မြင်ဖူးကြားဖူးတော့တယ်။


ဒီလိုလုပ်ပိုင်ခွင့် လျှောက်လွှာတင်တဲ့ နိုင်ငံစုံ ကော်ပရေးရှင်းကြီးတွေ အများကြီးထဲက တယ်လီနောဆိုတဲ့ နော်ဝေ အခြေစိုက် ကုမ္ပဏီနဲ့ အော်ရီဒူးဆိုတဲ့ ကာတာအခြေစိုက် ကုမ္ပဏီတို့က လုပ်ပိုင်ခွင့်ရတယ်။


ဒီနိုင်ငံစုံ ကုမ္ပဏီက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အရှုံးခံပြီး အနစ်နာခံပြီး လုပ်နေတဲ့ တယ်လီဖုန်း ဆက်သွယ် ရေးလုပ်ငန်းကို အမြတ်ထွက်မယ်လို့ ထင်ပြီး သူတို့ ပျော်ပျော်ကြီး လာပြီး လုပ်ကိုင်ကြတယ်။ ကြော်ငြာတွေ အများကြီး ကြော်ငြာတယ်။


ဒီလို အကြော်ငြာကြီး ကြော်ငြာပြီး နောက်ပိုင်း အရင်ဆုံး ထွက်လာမယ့်ဖုန်းက အော်ရီဒူးတဲ့။ ဖုန်းခေါ်ခလည်း သက်သာမယ်၊ အင်တာနက်ကလည်း မြန်မယ်၊ လိုင်းကလည်း ကောင်းမယ်တဲ့။ ဘယ်လောက်တောင် ကောင်း လိုက်တဲ့ အော်ရီဒူးလဲ။ သူများအရှုံးခံပြီး အနစ်နာခံပြီး လုပ်နေတဲ့ လုပ်ငန်းကို ဈေးသက်သက်သာသာနဲ့ ဆောင် ရွက်ပေးမယ်တဲ့။ စိတ်ထား ကောင်းလိုက်တာ၊ ရက်ရောလိုက်တာ ဘုရားလောင်းတွေများ ဦးဆောင်နေတဲ့ ကုမ္ပဏီပဲ ဖြစ်မယ်လို့တောင် ကျွန်တော် ယူဆမိတယ်။


ဒီအော်ရီဒူးဖုန်းကို မသုံးဖို့ မဝယ်ဖို့ အခမ်းအနားတွေ ဘာတွေ လုပ်ကြတယ်။ ကြည့်လိုက်စမ်းပါ။ ကျုပ်တို့ မြန်မာ လူမျိုးတွေရဲ့ စိတ်ဓာတ် ဘယ်လောက်များ မြင့်မြတ်လိုက်သလဲ။ သူတစ်ပါး တိုင်းတစ်ပါး ကုမ္ပဏီ အနစ်နာခံ အရှုံးခံပြီး လုပ်မှာကို မကြည့်ရက်ကြဘူး၊ မနစ်နာစေချင်ဘူး ဘယ်လောက်များ မြင့်မြတ်လိုက်သလဲ။


ဒီလို ရှုံးမှာစိုးလို့ ကန့်ကွက်နေတဲ့ ကြားထဲက အော်ရီဒူး ဖုန်းကတ်တွေကို ရောင်းလိုက်ပြီ။ ၁၅၀၀ ကျပ်နဲ့ ကြိုက် သလောက်ဝယ် ငှားရမ်းတာ မဟုတ်ဘူး။ ဝယ်လိုက်တာ တရားဝင် ဖုန်းပိုင်ပြီဟေ့။ ရင်ခုန် စိတ်လှုပ်ရှားလွန်းလို့ ကျွန်တော် ခွဲထားတဲ့နှလုံး အပြင်ပေါက်ထွက် သွားမှာတောင် စိုးရတယ်။ အော်ရီဒူးက ၁၅၀၀ နဲ့ ရောင်းတာကို အပြင်မှာ ၂၀၀၀၊ ၃၀၀၀၊ ၄၀၀၀ နဲ့ ရောင်းကြတယ်။ အော်ရီဒူး ရှုံးမှာစိုးလို့ ဒီလို ရောင်းပေးတာပါ။


ကျွန်တော်လည်း အများနည်းတူ အားကျမခံ အော်ရီဒူးကို ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာတွေ မကုန်ဆုံးချင် တစ်ည အလိုမှာ ဝယ်လိုက်တယ်။ ဖုန်းဆင်းမ်ကတ် ကျွန်တော် ပိုင်ပြီ။ အခုလို ပိုင်ဆိုင်ခွင့်ပေးတဲ့ ဘုရားသခင်နဲ့ နိုင်ငံတော် အစိုးရကို သိပ်သိပ် ကျေးဇူးတင်တာပဲ။ ကျွန်တော် ဝယ်လိုက်တဲ့ ဆင်းမ်ကတ်က ကျွန်တော့်ဖုန်းနဲ့ မရကြောင်း ဝယ်ပြီးမှ ကျွန်တော် သိလိုက်ရတယ်။ ကျွန်တော်ကိုက မော်ဒယ်နိမ့်တဲ့ ၁ သိန်း ၉ သောင်းလောက်ပဲ ပေးရတဲ့ ဖုန်းခပ်စုတ်စုတ်ကို သွားဝယ်ကိုင်မိတာကို ဘယ်တတ်နိုင်မလဲ။


ကျွန်တော်ကိုင်တဲ့ ဖုန်းက မရပေမယ့် ကျွန်တော် ညီမလေး မသုံးတဲ့ ဖုန်းအအားလေး (အလွတ်) မှာ ဆင်းမ်ကတ် ထည့်ကြည့်တော့ရတယ်။ ငွေမဖြည့်မိတဲ့ MPT ဖုန်းကတ်နဲ့ ကျွန်တော့်ကို Miss Call ပေးတယ်။ ကျွန်တော်က အော်ရီဒူးဖုန်းနဲ့ ပြန်ခေါ်တယ်။ ဘယ်လောက် အဆင်ပြေလိုက်သလဲ။


ဖုန်းခေါ်က သက်သာတယ်။ ၁ မိနစ်မှ အော်ရီဒူး အချင်းချင်းဆို ၂၅ ကျပ် တခြားဖုန်းကို ဆိုရင် ၃၅ ကျပ် စာတို တစ်စောင် ၂၅ ကျပ် အင်တာနက်က ၁ လ 1 GB ကို ၁၀,၀၀၀ ကျပ်တဲ့။ ဖုန်း တစ်မိနစ်ကို ဆိုတာမျိုးက ဖုန်းခေါ်ပြီး ၁၀ စက္ကန့်ပြောလည်း ၁ မိနစ်ပဲ။ ၅ စက္ကန့်ပြောလည်း ၁ မိနစ်ပဲ။ ၁ စက္ကန့်ဝင်ပြီး ပြန်ကျသွားလည်း တစ်မိနစ်ပဲ။ ဘယ်လောက် တွက်ရတာ လွယ်သလဲ။ သာဓုပါတော် သာဓုပါတော် အော်ရီဒူး ပိုင်ရှင်တွေ ချမ်းသာကြပါစေ ကျန်းမာကြပါစေ ဘေးဘယာတွေ ဝေးကွာကြပါစေတော်။


သြ မေ့လို့။
အော်ရီဒူး ဆင်းကတ်ထည့်ထားတဲ့ ဖုန်းကို Ring Tone ပေးရဦးမယ်။ အော်ရီဒူး Ring Tone ကိုတော့ ကုသိုလ် ရအောင် မြဝတီမင်းကြီး ဦးစရေးတဲ့ ဘုရားရှင်ရဲ့ရောင်ခြည်တော် ခြောက်သွယ်ကို အဖွင့်ဆိုထားတဲ့ သီချင်းလေး ကိုပဲ Ring Tone ထားလိုက်ပါတော့မယ်။ ကျေးဇူးရှင် အော်ရီဒူး ပိုင်ရှင်တွေလည်း ကုသိုလ်ရအောင် အော်ရီဒူးဖုန်း က Ring အသံမြည်တိုင်း ကြည်ညိုသဒ္ဓါ ပွားမိတာ အမှန်ပါ။


‘ထူးမခြားနား... မီးရေစုံသား... ရောင်တော်ထွေပြား...ပြောင်းလိုလို့... များထွေ...ထူးထွေတည့် အံ့ရာသား...’ 


မောင်ဥဂ္ဂါ
The Voice Journal


10 Sept 2014

ခေါင်းတလားထဲ တရားမှတ်ရင်း ပျံလွန်တော်မူမယ့် ဆရာတော်


 
ထိုင်းနိုင်ငံမှာ ဟိုးလေး တကြော်ဖြစ်နေတဲ့ သတင်းတပုဒ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက နာမည်ကြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တပါးရဲ့ စိတ်ဝင်စားဖွယ် ကိစ္စပါ။


သက်တော် ၆၅ နှစ်ရှိပြီ ဖြစ်တဲ့ ဘုန်းတော်ကြီး Luang Pu Pim လို့ ကျော်ကြားတဲ့ ဆရာတော် Phra Khru Weruwan Chantarungsi ဟာ စက်တင်ဘာလ ၉ ရက်နေ့ အင်္ဂါနေ့ညမှာ အသက်ရှုပေါက်ဖောက်ထား တဲ့ ခေါင်း တလားထဲ ၀င်ကာ တရား ရှု မှတ်ပွားများရင်း ဘ၀နတ်ထံ ပျံလွန်တော်မူမယ်လို့ သူ့နောက်လိုက် ရဟန်း တော်များနဲ့ သာဝကတွေ ကို အမိန့် ရှိထားပါတယ်။ 


အခု ကြာသပတေးနေ့ နေ့လယ်ပိုင်း ကျရင် ခေါင်းတလားထဲ တရားရှုမှတ်ပွားများရင်း သူ သေဆုံးမှု ရှိ၊ မရှိ ကို တပည့်သာဝကတွေက စစ်ဆေးကြဖို့လည်း မိန့်မှာထားတယ်လို့ ဆိုပါတယ်။ 


သေဆုံး ဖို့ ခေါင်းတလားကို ကျောင်းဝန်းက ကွက်လပ်တခုမှာ ထားပေးဖို့လည်း မိန့်တော်မူပါတယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ရေးထားပါတယ်။ 


 ဒီသတင်းကြောင့် ဆရာတော် Luang Pu Pim ကို လေးစားကြည်ညိုကြတဲ့ တပည့် ဒကာ၊ ဒကာမတွေ လည်း အင်္ဂါနေ့မနက်ကတည်းက လက်ရှိဆရာတော်သတင်းသုံးတဲ့ ဘုန်းကြီးကျောင်းမှာ လာရောက် ခဲ့ကြတယ်။ 


ပြီးတော့ ဆရာတော်ကို လာရောက်ဖူးမျှော်သူတွေက တဦးချင်းစီ နောက်ဆုံး ရှိခိုးကန်တော့ကြပါတယ်။ လာရောက်ဖူးမျှော်သူတော်တော်များများကလည်း ကြာသပတေးနေ့ နေ့လယ်ထိ ဘုန်းတော်ကြီးကျောင်း မှာပဲ ဆရာတော်ရဲ့ ပျံလွန်တော်မှုမယ့် ကိစ္စကို စောင့်စားကြည့်ရှုဖို့ အစီအစဉ်တွေ ရှိကြတယ်လို့ သိရပါ တယ်။ 


ဆရာတော်ထံကလည်း အင်္ဂါနေ့ နေ့လယ်ပိုင်းထိ သူ့ရဲ့ နောက်ဆုံးတရားဒေသနာတွေကို ဟောပြောခဲ့ပါ တယ်။ အဲဒီနေ့က ဆရာတော်ဟာ အထူးသဖြင့်တော့ တောတောင်ထဲမှာ ဘ၀နဲ့ပတ်သက်ပြီး ဘယ်လို ကျင့်ကြံတဲ့ ကိစ္စ ကို အများဆုံး ဟောပြောခဲ့ပြီး လူဆိုတာ သေမျိုးဖြစ်တာကြောင့် ဘ၀ရဲ့ အနှစ်သာရ ဟာ ဘာတွေဆို တာကို ဟောပြာခဲ့တယ်လို့ဆိုပါတယ်။ 


 ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာတော်က ဒါဟာ မိမိကိုယ်မိမိသေကြောင်းကြံတဲ့ ကိစ္စမဟုတ်ကြောင်း၊ သူ့အနေ နဲ့ သေဖို့ အချိန်ကျရောက်နေခဲ့ပြီဖြစ်တယ်လို့ မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။ 


ဆရာတော်က တပည့်သာဝကတွေကို မှာကြားတာကလည်း သတိ တရား လက်ကိုင်ထားဖို့နဲ့ ပညာဥာဏ် ဆိုက်အောင် ကြိုးစားကြဖို့လည်း မှာကြားတယ်လို့ သိရပါတယ်။ 


ဒါနဲ့ပဲ အင်္ဂါနေ့ ညနေ ၆ နာရီက ဆရာတော် Luang Pu Pim ရဲ့ ကျောင်းဆောင်ထဲက ခေါင်းတလားကို အပြင်ကို ထုတ်ယူလာခဲ့ကြပါတယ်။ လာရောက်ဖူးမျှော်ကြသူ ဒကာ ဒကာမတွေကိုလည်း ထိုင်းစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ပြန်ကြဖို့ ဆရာတော်ရဲ့ တပည့်သာဝကတွေက ပြောဆိုကြတယ်လို့ ဆိုတယ်။ 

 
ဘုန်းကြီးကျောင်း ဂေါပကတွေက ပြောတာမှာတော့ ဆရာတော်ဟာ ည ၉ နာရီလောက်က ကျောင်းပြင်မှာ ထားတဲ့ ခေါင်းတလားထဲကို ၀င်ပြီးလဲလျောင်းလိုက်တယ်လို့ ဆိုပါတယ်။ 


ဆရာတော်အနေနဲ့ တရားရှုမှတ်ပွားများနိုင်ဖို့ လေပေါက်ဖောက်ထားတဲ့ ခေါင်းတလားထဲ ၀င်ရောက်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းမှာ အခြားအတည်ပြုချက်တော့မရဘူးလို့ ရေးထားပါတယ်။ 


ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက်ရောက်တော့လည်း ဆရာတော်ကို လာရောက်ဖူးမျှော်လိုသူတွေ၊ စူးစမ်းလိုသူတွေ နဲ့ ဘုန်းကြီးကျောင်းမှာ စည်ကားနေပါတယ်တဲ့။ တော်တော်များများကလည်း ပြန်သွားကြပြီး ကြာသပတေး နေ့ ကျရင် လာကြည့်မယ်လို့ ဆိုသူတွေလည်းရှိပါတယ်တဲ့။ 


ဆရာတော် Luang Pu Pim ရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး အငြင်းအခုန်တွေလည်းဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။ ဒါကတော့ ဒီလိုလုပ်ရပ်ဟာ ဗုဒ္ဓ ကျမ်းဂန်၊ ဗုဒ္ဓအဆုံးအမနဲ့ မလျော်ညီ ဘူးလို့ ဝေဖန်သူတွေလည်း ရှိပါတယ် တဲ့။ 


ဒီကိစ္စကို ဆရာတော်ရဲ့ တပည့်သာဝကတွေကတော့ ပယ်ချတယ်လို့ ဆိုပါတယ်။ 


ဆရာတော်ဟာ နှစ်ပေါင်းများစွာ တရားကျင့်ကြံနေခဲ့တာဖြစ်ပြီး တပည့်သာဝကတွေကလည်း ဆရာတော် ကို အလွန်ယုံကြည်ပြီး ကြည်ညိုလေးစားကြပါတယ်။ 


ဆရာတော်ရဲ့ သမီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် Chanakarn Srisombat က ပြောတာမှာတော့ သူတို့ မိသားစုဟာ ဖခင်ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၁၀ ကျော်ကတည်းက ပြင်ဆင်ခဲ့ဖူးတယ်လို့ ဆိုထား ပါတယ်။ 


အဲဒီတုန်းက ဆရာတော်ဟာ ဘုန်းကြီးကျောင်းနားက ဂူ တခုထဲမှာ ဖျားနားခဲ့ပြီး တကြိမ် သေဆုံးခဲ့ဖူးကာ ထူးထူးဆန်းဆန်း အသက်ပြန်ရှင်ခဲ့တာဖြစ်တယ်လို့ ဆရာတော်ရဲ့ သမီးဖြစ်သူကပြောပါတယ်။ 
အဲဒီတုန်းက သူ့အနေနဲ့ Weruwan ဘုန်းကြီးကျောင်းဆောက်လုပ်ကာသာသနာ ပြုဖို့ အသက်ပြန်ရှင်ခဲ့တာ လို့ ဖခင်ဖြစ်သူက ပြောခဲ့တဲ့အကြောင်း၊ အခုတဖန် ဆရာတော်ရဲ့ မွေးနေ့ဖြစ်တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ လ ၉ ရက်နေ့မှာ တဖန် ပြန်လည် သေဆုံးရမှာဖြစ်တယ်ဆိုတာလည်း ဖခင်ဖြစ်သူက မှာကြားခဲ့တယ်လို့ သမီးဖြစ်သူက ဆိုထားပါတယ်။ 


ဧရာဝတီ

တန်ဖိုးရှိတဲ့ အချိန်တွေကို မကုန်လွန်ပါစေနဲ့

www.stunningmesh.com
 
အလံတိုင်ရဲ့ထိပ်မှာ ပုစဉ်းတစ်ကောင် နားနေတာကို ပိတုန်း တစ်ကောင်က မကျေမနပ်နဲ့ နေရာလုပါ တယ်။ ပိတုန်းရဲ့ ကိုယ်လုံးက ပုစဉ်းထက်စာရင် ကြီးတော့ ကိုယ်လုံးနဲ့ ၀င်တိုက်လိုက်ရင် ပုစဉ်း လွင့်ထွက် သွားလိမ့်မယ်လို့ ပိတုန်းက ထင်ပုံရပါ တယ်။ ဒါပေမယ့် ပိတုန်း ဘာလုပ်လုပ် ပုစဉ်းက ခန္ဓာကိုယ်ကို ထောင်ပြီး အလံတိုင်ထိပ်က သံကွင်း ကလေးကို သူ့ခြေတွေနဲ့ ဖက်တွယ်ထားတော့ ပိတုန်းလည်း ပုစဉ်းကို အလံတိုင်ထိပ်က ရွေ့သွား အောင် ဘယ်လိုမှ တွန်းထုတ်လို့ မရဘူးဖြစ်နေ ပါတယ်။ အဲဒါနဲ့ ပိတုန်းက အခြားတစ်နေရာကို ပျံသွားပြီး အလံတိုင်ထိပ်ကပုစဉ်း ထွက်သွားတဲ့ အချိန်ကိုစောင့်ပါတယ်။ ခဏနေတော့ ပုစဉ်းက နားနေရတာလည်း ကြာပြီ၊ အနားမှာလည်း ပိတုန်းကို မတွေ့တာနဲ့ အနီးအနားကို ထပျံပါတယ်။ အဲဒီမှာ ပိတုန်းက ချောင်းနေတဲ့ နေရာက ထွက်လာပြီး အလံတိုင်ထိပ်ကို တန်းတန်းမတ်မတ် အမြန်ဆုံး ပျံလာပါတယ်။ ဒါပေမယ့် ပုစဉ်းက ပိတုန်းမရောက်ခင် အလံတိုင်ထိပ်ကို ပြန်ဦးထားပြီး အရင်တုန်းကလိုပဲ ခန္ဓာကိုယ်ကိုထောင်၊ ခြေတွေနဲ့ အလံတိုင် ထိပ်က သံကွင်းကလေးကို တွယ်ထားပြန်ပါတယ်။ ပိတုန်းလည်း ပုစဉ်းကို လှည့်ပတ် တွန်းတိုက်ပြီး ဘာမှ မတတ်နိုင်တာနဲ့ လက်လျှော့ပြီး ထွက်သွားပါတော့တယ်။
 

အလံတိုင်ထိပ်နေရာကို ဘာဖြစ်လို့ ပုစဉ်းနဲ့ ပိတုန်း လုနေကြသလဲ မသိပါဘူး။ အလံတိုင်ထိပ်ထက် မြင့်တဲ့ သစ်ကိုင်းလို၊ သစ်ပင်ထိပ်ဖျားလို အခြားနေရာတွေလည်း အများကြီးပါပဲ။ ဒါပေမယ့် ရက်အတော်ကြာတဲ့ အထိ ပုစဉ်းက အလံတိုင်ထိပ်မှာ ရှိနေတုန်းပဲ၊ အခြားကို ခဏတစ်ဖြုတ် ပျံသွားတဲ့အခါ ရှိပေမယ့် မကြာခင် ပြန်လာ တယ်။ ပိတုန်းကလည်း မကြာမကြာလာပြီး ပုစဉ်းကို လှည့်ပတ် ရန်ရှာတယ်။
 

အလုပ်ထဲမှာ ရာထူးနေရာ၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ နာမည်ကောင်း စတာတွေနဲ့ ပတ်သက်ပြီး ဦးထားတဲ့သူက ဦးထား၊ ၀င်လုတဲ့သူက ၀င်လု လုပ်နေကြတာကို တွေ့တဲ့အခါ ပုစဉ်းနဲ့ပိတုန်း ဖြစ်ပျက်နေပုံနဲ့ တူတယ်လို့ တွေးမိ ပါတယ်။ နှစ်ဖက်စလုံး သိပ်ပြီးမသက်သာ လှပါဘူး။ မလုပ်ချင်တာ တွေကို ရက်လနှစ်တွေအကြာကြီး လုပ်နေကြ ရသလို လုပ်ချင်တာတွေကို လည်း ကာလကြာမြင့်စွာ မလုပ်နိုင်ဘဲရွှေ့ဆိုင်း ထားကြရပါတယ်။ ကျယ် ပြောတဲ့ ကောင်းကင်ပြာကြီးထဲမှာ တိမ်တွေ အဖြူရောင် မီးခိုးရောင် စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့ လွင့်မျောသွားကြတာတွေ၊ မြေပြင်ပေါ်မှာ ဖြူနီဝါညို အရောင်အမျိုးမျိုးရှိတဲ့ ပန်းတွေ ဖူးပွင့်နေကြတာတွေ၊ လေပြေ လေညှင်းကလေး တိုက်လာ လိုက်၊ ခပ်ကြမ်းကြမ်း လေကြမ်းတိုက်လာ လိုက် ဖြစ်နေချိန်မှာ ငှက်ကလေးတွေ တစ်ကျီကျီနဲ့ ဟိုဟိုသည်သည် ပျံသန်း သွားနေတာတွေကို မတွေ့မြင်မခံစားနိုင်တော့ဘဲ အလံတိုင်ထိပ် ဆိုတဲ့ နေရာကလေး တစ်ခုထဲကို သဲသဲမဲမဲ ဂရုပြု အာရုံစိုက်နေတာကို သူတို့အစား ဘေးနားက မြင်ရတဲ့သူတွေ စိတ်မောစရာ ဖြစ်ပါတယ်။
 

ဒါပေမဲ့ ပုစဉ်းနဲ့ ပိတုန်းတို့ဟာ အလံတိုင်ထိပ်ကို လုဖို့အတွက် မလုပ်ချင်တာတွေကို လုပ်နေကြရတယ်၊ လုပ်ချင် တာတွေကိုကျတော့ မလုပ်နိုင်ဘဲ ရွှေ့ဆိုင်းထားကြရတယ်၊ ကောင်းကင်ပြာကြီး၊ တိမ်ရောင်စုံ၊ အရောင်အသွေး စုံတဲ့ ပန်းအမျိုးမျိုး၊ လေပြေလေညှင်းနဲ့ လေကြမ်း၊ ငှက်ကလေးတွေ စသည်ဖြင့် ပတ်ဝန်းကျင်ရဲ့ သာယာမှုတွေ ကိုလည်း မခံစားနိုင်ကြဘူးလို့ထင်မြင်တာဟာ တကယ်ရောအမှန်တရားနဲ့ နီးစပ်ရဲ့ လား။ အလံတိုင်ထိပ်ကို လုနေတာဟာ ပုစဉ်းနဲ့ ပိတုန်းရဲ့ စိတ်အစဉ်မှာ တကယ့်အနှစ်သာရ ဘ၀အဓိပ်္ပာယ်နဲ့ ပြည့်ဝတဲ့တိုက်ပွဲကြီးကို ဆင်နွှဲနေ တာလား စဉ်းစားစရာ ရှိပါတယ်။
 

ရာထူးနေရာ၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ နာမည်ကောင်းတွေကို အသိစိတ်ထဲမှာ တကယ့်အနှစ်သာရ ဘ၀အဓိပ်္ပာယ်လို့ ထုတ်ဖော်ယူဆ ထားတာမျိုးမရှိပေမယ့် လက်တွေ့လုပ်ရပ်တွေက အဲဒီအတိုင်း ယူဆထား သလိုမျိုး ဖြစ်နေတတ်ပါ တယ်။ အထူးသဖြင့် ရာထူးနေရာ၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ နာမည်ကောင်းရှိသူတွေကို လူတော်တွေ၊ ရာထူးနေရာ၊ လုပ်ပိုင် ခွင့်၊ ခံစားခွင့်၊ နာမည်ကောင်းမရှိသူတွေကို လူညံ့တွေလို့ သတ်မှတ်တဲ့ ပတ်ဝန်းကျင်မှာ မွေးဖွားကြီးပြင်း လာသူတွေအဖို့ပတ်ဝန်းကျင်ရဲ့ အယူအဆတွေကို အလိုအလျောက် လက်ခံမိပြီး ဘယ်သူတွေအတွက် ဘယ်နေ ရာ ဘယ်အချိန်တွေမှာ ဘယ်လောက် အတိုင်းအတာ အထိဆိုရင် မှန်တယ်၊ ဘယ်သူတွေအတွက်၊ ဘယ်နေရာ ဘယ်အချိန်တွေမှာ ဘယ်လောက် အတိုင်းအတာထက် ကျော်လွန်မယ်ဆိုရင်တော့ မမှန်တော့ဘူး စသည်ဖြင့် မစိစစ်မိတော့ဘဲ လူပုဂ်္ဂိုလ် အချိန်နေရာမရွေး ဘယ်လောက် အတိုင်းအတာ အထိဖြစ်ဖြစ် အားလုံးအတွက် လုံးဝ 
ဥဿုံ မှန်ကန်တဲ့ အမှန်တရား အနေနဲ့ လက်ခံမိတတ်ပါတယ်။ တကယ်တော့ လူမှုလောကထဲက အမှန် တရားတွေ ဆိုတာ များသောအားဖြင့် လူပုဂ်္ဂိုလ် အချိန်နေရာ ရွေးပါတယ်၊ ဘယ်လောက် အတိုင်းအတာအထိပဲ မှန်တယ်ဆိုတဲ့ အကန့်အသတ်တွေ လည်း ကျိန်းသေပေါက် ရှိပါတယ်။ အဲဒီလိုမျိုး သူ့နေရာနဲ့သူမှ မှန်ကန်တဲ့ အမှန်တရားတွေကို အားလုံးအတွက် လုံးဝဥဿုံမှန်ကန်တဲ့ အမှန်တရား တွေလို့မှားယွင်းပြီး ယုံကြည်လက်ခံ မိနေတာမျိုး၊ အသိမဲ့ ကျင့်သုံး မိနေတာမျိုး မဖြစ်ဖို့ လိုပါတယ်။


ပုစဉ်းနဲ့ ပိတုန်းလို အချင်းချင်းရန်လုပ်ပြီး အလံတိုင်ထိပ် နေရာ ကလေးကိုလုရင်း တန်ဖိုးရှိတဲ့ အချိန်တွေကို မကုန်လွန်စေဘဲ အလိုရှိသလောက် အလံတိုင်တွေ စိုက်ထူနိုင်တဲ့ အောင်မြင်သူ လူသားအဖြစ်ကို ရရှိအောင် ကြိုးစားကြဖို့ ဖြစ်ပါတယ်။


ဆရာသုတ
JOB Seeker Journal



မလေးရှားနိုင်ငံမှ နာမည်အကြီးဆုံး Proton ကားထုတ်လုပ်သည့် ကုမ္ပဏီ မြန်မာနိုင်ငံ၌ အရောင်းပြခန်း ဖွင့်လှစ်ရန် စီစဉ်


ရန်ကုန် ၊ ၁၀-၉-၂၀၁၄
မလေးရှား နိုင်ငံမှ နာမည် အကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်သည့် Proton ကုမ္ပဏီသည် ရန်ကုန်မြို့ နှင့် မန္တလေး မြို့ကြီးများ၌ Proton ယာဉ်များ သီးသန့် ရောင်းချမည့် Proton ယာဉ် အရောင်း ပြခန်းကို ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


" Proton ကားက မလေးရှား နိုင်ငံရဲ့ ပြည်တွင်းဖြစ် ထုတ်လုပ်တဲ့ ကားကောင်း တွေပါ ၊ ကားတွေရဲ့ ဈေးနှုန်းကလည်း ဂျပန်ကား တွေရဲ့ ဈေးနှုန်းထက် အများကြီး သက်သာ ပါတယ် ၊ မလေးရှား နိုင်ငံထုတ် Proton ကားတွေကို မြန်မာ ပြည်သူတွေ ကြိုက်ကြမယ် လို့ ထင်ပါတယ် ၊ ဒါကြောင့် မြန်မာနိုင်ငံ အတွင်းမှာ Proton ကားတွေကို ရောင်းချဖို့ ရည်ရွယ်ပြီး Proton ယာဉ် အရောင်းပြခန်း တွေ ဖွင့်လှစ်ဖို့ စီစဉ် ထားတာပါ .. " ဟု ၄င်းက ပြောသည်။


Proton ကားကုမ္ပဏီ သည် မြန်မာနိုင်ငံ ၌ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် Proton ယာဉ် အရောင်း ပြခန်းများ ဖွင့်လှစ်ရန် စီစဉ် ထားပြီး ၂၀၀၉ ခုနှစ် မော်ဒယ်လ် အထက် ကားများကိုသာ တင်သွင်း ရောင်းချ သွားမည် ဖြစ်ကြောင်းလည်း သိရသည်။


အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံ ၌ Proton ယာဉ် အပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံကိုလည်း တည်ဆောက် သွားရန် စီစဉ်ထားကြောင်း သိရသည်။ Proton ယာဉ် အရောင်းပြခန်း ဖွင့်လှစ်သည့် အခါတွင် Proton Four Wheel ယာဉ်များထက် Proton ဆလွန်း များကိုသာ အဓိက ရောင်းချ သွားမည် ဖြစ်သည်။ Proton ကား အများစုသည် ဓာတ်ဆီကား အမျိုးအစားများ ဖြစ်ပြီး ဒီဇယ်ကား နည်းကြောင်း သိရသည်။


မလေးရှား နိုင်ငံ၌ ယင်းနိုင်ငံထုတ် Proton ကားများအား အသုံးပြုမှု များပြား၍ အစီးရေ သိန်းနှင့်ချီ၍ ရောင်းချ ရကြောင်း သိရှိရသည်။


မင်းသော်တာလွင်

#Themyawadydaily
 

9 Sept 2014

ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသောမေးခွန်းများကို တိကျသောဖြေရှင်းချက်


(ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသောမေးခွန်းများကို တိကျသောဖြေရှင်းချက်)
ဒုတိယအကြီမ် ပြန်လည် တ်ပေးခြင်းဖြစ်ပါသည်။

(၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက်
တာဝန်မဲ့ရာ မရောက်ဘူးလား။
(၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
(၆) - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
(၇) - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
(၈) - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
(၉) - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
(၁၀) - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
(၁၁) - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
(၁၂) - သင်က ဗုဒ္ဓဘာသာကိုအလွန်အထင်ကြီးတာပဲ။သင်ဟာသင့်ဘာသာတရားကိုမှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
(၁၃) - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။

(၁) မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဒ္ဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာသက်တော်၃၅နှစ်မှာ(ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ဗုဒ္ဓဘာသာဝင်ပေါင်းသန်းသုံးရာကျော် ရှိနေပါပြီ။လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်အထိတော့ဗုဒ္ဓဘာသာဟာအရှေ့တိုင်းဒဿနပညာရပ်တစ်ခု
အဖြစ်သာတည်ရှိခဲ့ပါတယ်။သို့သော်လဲယခုအချိန်မှာဥရောပနှင့်အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေတဖြည်းဖြည်း တိုးပွါးနေပါတယ်။

(၂) မေး - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
ဖြေ - ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ။ အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် "philo"ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလိုပါတယ်။ "sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီတော့ "Philosophy" ဆိုတာ “ပညာကို ချစ်ခင်ခြင်း“၊သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာအရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့သင်ပေးပါတယ်။ပြီးတော့ကျွန်ုပ်တို့ဟာသတ္တ၀ါအားလုံးရဲ့မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား တိုးပွါးအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး။ မြင့်မြတ်သော အတွေးအမြင်ပညာ (Supreme Philosophy) သာ ဖြစ်ပါတယ်။

(၃) မေး - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
ဖြေ - ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပိလ၀တ်ပြည်) ဘုရင် သုဒ္ဓေါဓနနှင့် မိဖုရား မယ်တော်မာယာတို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ်။ ဒီမင်းသားကလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းလာရသော်လဲ နောက်ဆုံးမှာ လောကီစည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ်။ ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖို့ဆုံးဖြတ်လိုက်တယ်။အသက်၂၉နှစ်ရှိတဲ့အခါဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော် (ယသောဓရာ)နှင့် သားတော်(ရာဟုလာ)ကို ထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြသော်လဲ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇာစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြဘူး။ သိဒ္ခတ္ထမင်းသားဟာ (ဥရုဝေလတော) မှာ ခြောက်နှစ် ကြာအောင် လေ့လာ ပွါးများ အားထုတ်ပြီးတဲ့ အခါမယ် အ၀ိဇ္ဇာကို ပယ်ခွါနိုင်တဲ့အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်သွားပါတယ်။ အဲဒီအချိန်ကစပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော် မြတ်ဘုရားဟာ အဲဒီအချိန်မှစပြီး ၄၅နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့ တရားတော်များကို လှည့်လည်ဟောပြော ခဲ့ပါတယ်။

(မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။ ထိုအကျင့်မှားကိုစွန့်၍အာနာပါနဈာန်အခြေခံလျက်မဂ္ဂင်ရှစ်တန်ပွါးမှသာဘုရားအဖြစ်သို့ ရောက်ပါသည်။) ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့မဟာကရုဏာတော်နှင့်ခန္တီတရားကြောင့်များစွာသော လူတို့ဟာ တပည့်သာဝကအဖြစ် ခံယူကြပါတယ်။ သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက်အိုခြင်းတရား၊နာခြင်းတရားများဖိစီးနှိပ်စက်ခံရသော်လဲချမ်းမြေ့အေးငြိမ်းလျက်ပင်
 
 နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင်စံတော် မူပါတယ်။

(၄) မေး - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။သူအချိန်အကြာကြီးစဉ်းစားပြီးတွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုး ကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါပဲ။ ကြီးမားတဲ့ မဟာ ကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်း ခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။

(၅) မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
ဖြေ - လျှပ်စစ်ဓါတ်ကိုတွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်း များစွာကို ကယ်နေဆဲပါပဲ။ ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင် ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။ ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။ သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။ သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲစေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။

(၆) မေး - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ဖြစ်စေ၊ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။

(၇) မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရား (God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။ ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ ပူဇော်ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။ ဗုဒ္ဓဘာသာဝင်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။ တခြား ကိုးကွယ် ဆည်းကပ်မှုတစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။ အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။ လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။ ဒီလို အရိုအသေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။ တင်ပလ္လင်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။

(၈) မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။ အဘိဓာန်များကတော့ ရုပ်တုကို ထာဝရဘုရား(God) အဖြစ်နဲ့ ရှိခိုးကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့ ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရားတစ်ပါး(God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။ သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။ ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။ ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ 
 
ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကို
ဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ် အသုံးပြုကြပါတယ်။ ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပါတယ် ထာဝရဘုရား သိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေဟာ မမှန်ပါဘူး။

(၉) မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက် ထူးဆန်းနေတတ်ပါတယ်။ အဲဒီလိုဟာတွေကို အထူးအဆန်း တွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေပဲ အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ်။ မှန်ပါတယ်၊ တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ တွေ့ရတတ်ပါတယ်။ ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။ အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့ “ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာအထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့ ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ်မဟုတ်ပေ။ ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက်ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေပါလျက်နဲ့ တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ။” ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း ကောင်းကောင်း နားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို မဆုံးဖြတ်သင့်ပါဘူး။

(၁၀) မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
ဖြေ - ဗုဒ္ဓဘာသာဝင်တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။ သင်မကြားမိတာကတော့ ဗုဒ္ဓ ဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်းကို ၀ါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းတော်တော်ကြာဆီက ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို ဟာ ဘာသာတရားအားလုံး ပေါင်စည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။ အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့ အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့ အတွက် ]နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု} ကို ရရှိခဲ့ပါတယ်။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့ (Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက် ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ စာသင်ကျောင်းတွေ၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင်ပေးနေပါတယ်။ ဗုဒ္ဓဘာသာဝင်များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ သူတို့ရဲ့ ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ်။ သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာ ဖြစ်ပါလိမ့်မယ်။

(၁၁) မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။ သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ။ သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ။ မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြားအမျိုးမျိုးအစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။
ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ၊ ဈင် ဗုဒ္ဓဘာသာ၊ အမိတာဘာ ဗုဒ္ဓဘာသာ၊ ယောဂါစာရ ဗုဒ္ဓဘာသာ၊ ၀ဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လဲ အနှစ်သာရအားဖြင့် အတူတူပါပဲ။ အဲဒီ အနှစ်သာရက
ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။ 
 
 
ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲ အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။ ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး။ သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ်။ တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။

(၁၂) မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။ ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရား တွေဟာ အချင်းချင်း ဘယ်လောက်များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။ အားလုံးသော ဘာသာတရားများက လူသားရဲ့ လက်ရှိ အခြေအနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးယုံကြည်ကြပါတယ်။ ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ်တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ်။ ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာတရားများက ဒီ လုံးဝအုပ်စုံ ပြည့်စုံတဲ့ သဘာဝကို ဘာသာစကား အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။ အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့ အခါမှာသာ သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ်ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။ စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။ 
 
 
အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။
ပြင်သစ်က Tasse လို့ခေါ်တယ်။ တရုတ်က Pei ၊ အင်ဒိုနီးရှားက cawan လို့ခေါ်တယ်။ အဲဒါ သူ့အခေါ်မှန်တယ်၊ တစ်ခြားလူ့အခေါ် မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ် ကိုးကားပြီး အကြောက်အကန်
ငြင်းခုံးနေကြပါရော။ အဲဒီအခိုက်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး မော့သောက်ပြစ်လိုက်ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။ ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ၊
ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ၊ သောက်ဖို့ပန်းကန်ကို သောက်လိုက်မှ
အမောပြေပြီး လန်းဆန်းလာမှာပေါ့၊ အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာတရားများအပါ် ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။

 
(၁၃) မေး - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
ဖြေ - ဒီအမေးကို မဖြေမီ သိပ္ပံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာကြည့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အဘိဓာန်များက ဒီလိုဖွင့်ပြကြပါတယ်။ "သိပ္ပံ" ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာဝတစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်းတို့အပေါ် အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့ပညာ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လို့ သဘာဝကျတဲ့ နည်းလမ်း ဥပဒေသများ သတ်မှတ်ဖေါ်ပြတဲ့ ပညာပါပဲ။ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလဲ သိပ္ပံပါပဲ။ ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာရဲ့ လိုရင်း တရားဖြစ်တဲ့ သစ္စာလေးပါးကတော့ သေသေချာချာ ကိုက်ညီပါတယ်။
 
 
ပထမဆုံး အမှန်တရားက ဒုက္ခသစ္စာပါ။ ဒီမှာ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင်တွေ့သိ ခံစားရတဲ့ အရာပါ။ သူ့ကို အဓိပ္ပါယ် သတ်မှတ်လို့လဲ ရပါတယ်။ လက်တွေ့ ခံစားသိမြင်လို့လဲ ရပါတယ်။
ဒုတိယ အမှန်တရားက သမုဒယသစ္စာပါ။ လိုချင်တပ်မက်မှု တဏှာကို ဆိုလိုပါတယ်။ ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာဟာလဲ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပါ။ အဓိပ္ပါယ် သတ်မှတ်လို့လဲ ရတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။ ဒီဒုက္ခနဲ့ ဒုက္ခရဲ့ အကြောင်းတရား အမှန်ကို ဒဿနပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး။ ကိုယ်တွေ့ ခံစားသိမြင်ရတဲ့ အရာတွေပါ။
 
 
တတိယ အမှန်တရားကတော့ နိရောဓသစ္စာပါ။ ဆင်းရဲကုန်ဆုံးတဲ့သဘော၊ ဆင်းရဲငြိမ်းတဲ့သဘောပါ။ ဒီသဘောကို အနန္တ တန်ခိုးရှင်ဆိုသူ တစ်ဦးဦးကို အားကိုးလို့ မရပါဘူး။ ယုံကြည်ရုံမျှ ဆုတောင်ရုံမျှနဲ့လဲ မရနိုင်ပါဘူး။ ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားကို ပယ်သတ်နိုင်မှပဲ ရပါတယ်။
စတုတ္ထ အမှန်တရားကတော့ ဆင်းရဲငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂသစ္စာပါ။
ဒီဆင်းရဲငြိမ်းရေး နည်းလမ်းကလဲ ဒဿနပညာ သဘောတရားတွေနဲ့ လုံးဝ မသက်ဆိုင် ပါဘူး။ သတ်မှတ်ပေးထားတဲ့ နည်းလမ်းအတိုင်း လက်တွေ့ ကျင့်မှပဲ ရပါတယ်။ ဒီနည်းလမ်းကလဲ အစမ်းသပ်ခံ နည်းလမ်းပါ။ သိပ္ပံပညာမှာလိုပဲ ဗုဒ္ဓဘာသာကို ရှင်းပြဖို့လဲ အနန္တ တန်ခိုးရှင် အယူအဆကို လက်ခံဖို့ မလိုပါဘူး။ ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြာဝဠာ ကမ္ဘာလောကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့ ရှင်းပြထားပါတယ်။ ဒီအချက် အားလုံးက ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရကို သေချာစွာ ဖေါ်ဆောင် နေပါတယ်။ ဒီမှာလဲ ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာ အမြဲတစေ ဆုံးမခဲ့တဲ့ အဆုံးအမက ကျွန်ုပ်တို့ဟာ ဘယ်အရာကိုမဆို အကန်းယုံ အရမ်းယုံ မယုံမိကြဖို့၊ မေးမြန်း၊ စုံစမ်း၊ စစ်ဆေး၊ စမ်းသပ်ပြီးမှ ကိုယ်တိုင် တွေ့သိခံစားရတဲ့ အရာပေါ်မှာ အခြေခံပြီး ယုံသင့်မှ ယုံဖို့ပါပဲ။ ဒီအဆုံးအမမှာ တိကျတဲ့ သိပ္ပံနည်းကျ အမြင် ပါဝင်နေပါတယ်။
 
 
ရှင်တော်မြတ်ဘုရား ဆုံးမပုံက -
ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့် အစဉ်အဆက် ယုံကြည်လက်ခံလာတာ
ဖြစ်ရုံနှင့် မယုံကြည်ပါနှင့်။ သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့်
မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်
တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့် စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊
ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့် မိမိဆရာ ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ၊ အပြစ်ကင်းတဲ့ အရာပဲ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ၊ လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံပါ။
 
 
ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့်၀၀ သိပ္ပံ နည်းကျတယ်လို့ မဆိုနိုင်သော်လဲ အတော် ခိုင်မာတဲ့ သိပ္ပံနည်းကျ သဘောသဘာဝတွေတော့ ပါဝင်ပါတယ်။ ပြီးတော့ တခြား ဘာသာတရားတွေထက် ပိုပြီးသိပ္ပံ နည်းကျတယ်လို့တော့ ပြောနိုင်ပါတယ်။
 
 
နှစ်ဆယ်ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင် ဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်း က ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဒီလိုပြောပါတယ်။

 
နောင်တစ်ချိန်မှာ စကြ၀ဠာ တစ်ခုလုံး ကိုးကွယ်ကြတဲ့ ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီဘာသာတရားဟာ ထာဝရဘုရား အယူအဆကို လွှမ်းမိုးသွားလိမ့်မယ်။ တယ် တရားသေ ၀ါဒကိုလဲရှောင်လွှဲနိုင် လိမ့်မယ်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့ ဒီဘာသာတရားဟာ ရုပ်နာမ်နှစ်ပါးလုံး ကိုယ်တွေ့ ခံစား သိမြင်မှုနဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ပေါင်းစည်း ညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မယ်။ ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ်။ တကယ်လို့သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာတရားတစ်ခု ရှိတယ်ဆိုရင် အဲဒီ ဘာသာတရားဟာ ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်။.....
 
 
အရှင်မုနိန္ဒ(ပန်းထော်) ပြန်လည်မျှဝေပါသည်။
 
(by Ven S Dhammika)



7 Sept 2014

ပူပန်ကြောင့်ကြစိုးရိမ်ခြင်းဆိုတာအချိန်ဖြုန်းခြင်းပါပဲ

 
ပူပန်ကြောင့်ကြစိုးရိမ်ခြင်းဆိုတာအချိန်ဖြုန်းခြင်းပါပဲ။
ဘာမှလဲအပြောင်းအလဲဖြစ်မလာစေပါဘူး။ ပူပန်ကြောင့်ကြစိုးရိမ်ခြင်းက
သင့်ရဲ့ပျော်ရွှင်မှုတွေကိုခိုးယူပြီး သင်အခြားဘာမှမလုပ်ဖြစ်လောက်အောင်
အလုပ်ရှုပ်စေတာက လွဲပြီးဘာမှအကျိုးမရှိပါဘူး


လူတော်တော်များများက အစိုးရိမ်လွန်တတ်ကြပါတယ်။ တကယ်တော့
အဲ့လိုစိုးရိမ်နေတာက ဘာမှအကျိုးမရှိပါဘူး။ အဲဒိစိုးရိမ်တဲ့အချိန်အတွင်
မှာသင်စိတ်ဆင်းရဲနေရပါတယ်။ ပြီးတော့ သင်စိုးရိမ်ကြောင့်ကြလိုက်လို့လဲ
ဘာမှမပြောင်းလဲသွားပါဘူး။ နောက်တစ်ချက်က သင်ဘာမှလုပ်ချင်ကိုင်ချင်စိတ်
မရှိပဲဖြစ်နေပါလိမ့်မယ်။ အဲဒိတော့ သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရပါတယ်။
 
နောက်ဆုံးအရေးကြီးဆုံးတစ်ချက်ကတော့ သင့်ရဲ့ပူပန်စိုးရိမ်မှုတွေဟာ များသောအားဖြင့်တကယ်ဖြစ်လာတတ်ပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ သင့်ရဲ့စိတ်မှာကြီးမားတဲ့တန်ခိုးရှိပါတယ်။ဥပမာ သင်ခရီးတစ်ခုကို သင်ကိုယ်တိုင်ကားမောင်းသွားမယ်ဆိုပါစို့။ သင်က တစ်ခုခုဖြစ်မှာပဲလို့တွေးနေရင် သင့်ရဲ့စိတ်က အလိုလိုလေးလံလာပါတယ်။ အကျိုးဆက်အနေနဲ့ သင်ကားမောင်းရာမှာစိုးရိမ်စိတ်တွေဝင်လာပြီး
တစ်ခုတစ်ခုaccidentဖြစ်တတ်ပါတယ်။ 
 
တကယ်တော့ သင်တွေးတာနဲ့ ဖြစ်ပျက်သွားတာကတိုက်ရိုက်ကြီးပက်သက်နေတာတော့မဟုတ်ပါဘူး။ သင့်ရဲ့စိတ်က သင့်ရဲ့အပြုအမူတွေကိုလွှမ်းမိုးတယ်။သင့်ရဲ့အပြုအမူက အဖြစ်အပျက်တွေကိုလွှမ်းမိုးတယ်။ အဲ့လိုတစ်ဆင့်ချင်းဖြစ်ပွားလာတာပါ။


ဒီတော့အကောင်းမြင်စိတ်ဓာတ်နဲ့စိုးရိမ်ပူပန်ကြောင့်ကြမှုနည်းပြီး ပျော်ရွှင်စွာ
ဘ၀ကိုဖြတ်သန်းနိုင်ကြပါစေ။

မိုးရှင်း (I.M.T)
www.work.com.mm


4 Sept 2014

ကိုယ်လုံးတီးအလှကို ခံစားဖို့ ယဉ်ကျေးမှုရှော့ခ်တစ်ခုတည်း ရှိနေတာလား



လူ့ခန္ဓာကိုယ်ရဲ့ မိမွေးတိုင်းဖမွေးတိုင်း ကိုယ်လုံးတီးအလှကို အနုပညာမျက်လုံးနဲ့ ကြည့်နေတဲ့ ယဉ်ကျေးမှုဟာ မြန်မာပြည်မှာတော့ ယဉ်ကျေးမှုတံတိုင်းရဲ့ စည်းအပြင်ဖက်မှာပဲ ရှိနေပါသေးတယ်။ Nude Art ကို ခံစားဖို့၊ လက်ခံဖို့ စောနေတာဟာ ယဉ်ကျေးမှုပိုင်းမှာတင် ရှော့ခ်ရနေတာမဟုတ်ဘဲ အခြားသော ကဏ္ဍအားလုံးမှာ ရှော့ခ်ရှိနေပြီလား။

နိုင်ငံတကာအတွေ့အကြုံတွေနဲ့ မြန်မာ့လူမှုဘဝ၊ အမြင်တွေ တိုးတက်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ အကယ်ဒမီ ဆွေဇင်ထိုက်ကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေမှာလည်း မြန်မာပြည်သူတွေ ရှော့ခ်ရနေတာကြောင့် အခုလို ယဉ်ကျေးမှုရှော့ခ်ကိုလည်း လက်မခံနိုင်ကြသေးတာပါလို့ ရှင်းပြပါတယ်။ အတွေးအခေါ်တွေ ထိန်းချုပ်ခံခဲ့ရလို့ Nude Art ကို လက်ခံဖို့လည်း စောနေတာဖြစ်မှာပါလို့ သူက ဆိုပါတယ်။ ဒါပေမယ့် လူတိုင်းက ရွေးချယ်ခွင့်ရှိတာကြောင့် လူမှုကွန်ရက်တွေမှာခေတ်စားလာနေတဲ့ Nude Artနဲ့ပတ်သက်လို့ ကာယကံရှင်တွေ ဝေဖန်တုံ့ပြန်တာကိုခံရမှာမို့ ရွေးချယ်တဲ့သူအပေါ် မူတည်ပါတယ်လို့ ပြောပါတယ်။

မြန်မာ့ယဉ်ကျေးမှုအရ Nudity ဖြစ်တဲ့အရာကို အနုပညာလို့ လက်မခံနိုင်ကြသေးတာလို့ ပြောလာသူက ပန်းချီ ငြိမ်းချမ်းစုပါ။ သူက ကိုယ်ဗလာကျင်းလုနီးနီး ဓာတ်ပုံတွေ မြန်မာတွေရဲ့ လူမှုကွန်ရက်တွေမှာ ပြန့်နှံ့နေတာ ပွင့်လင်းမှုတစ်ခုအနေနဲ့ လက်ခံပေမယ့် ဓာတ်ပုံရှင်တွေက ကိုယ့်ဆုံးဖြတ်ချက် ကိုယ်တာဝန်ယူရမယ်လို့ ဆိုပါတယ်။
သံမဏိလိုတင်းမာတဲ့ စစ်အစိုးရရဲ့ ဆင်ဆာစိစစ်ရေးကာလ ရှည်ကြာခဲ့ပြီးနောက်မှာတော့ အနုပညာကို ပြောင်းလဲမခံစားတတ်ကြသေးပေမယ့် Nudeတိုင်းကိုတော့ အနုပညာအဖြစ် လက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မြန်မာလူမှုကွန်ရက်တွေမှာ ပွက်လောရိုက်လောက်အောင် Sexy Model အဖြစ် ရပ်တည်နေသူ ဇွန်သဉ္ဇာက သူ ဒီလိုဓာတ်ပုံတွေ အရိုက်ခံတဲ့အတွက် သူချစ်မြတ်နိုးရသူတွေကို စွန့်လွှတ်ခဲ့ရသလို တစ်ယောက်တည်း အထီးကျန်တဲ့အထိ အပြောအဆိုခံခဲ့ရပြီးမှ အနုပညာလမ်းပေါ် သူလှမ်းတတ်နိုင်ခဲ့တာပါလို့ ကမာရွတ်မီဒီယာကို သီးသန့်ပြောဆိုခဲ့ပါတယ်။


တက္ကသိုလ်ဘွဲ့ရ ပညာတတ်မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ အနုပညာလောကမှာ လူသိများပြီး ထိုးဖောက်ဖို့အတွက် အဖော်အချွတ်နီးနီး လိင်လှုံ့ဆော်မှုဆန်တဲ့ ဓာတ်ပုံတွေ အရိုက်ခံခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်သဉ္ဇာတစ်ယောက် အောင်မြင်မှုအတွက် စွန့်လွှတ်ပေးဆပ်ရတာတွေ ထိုက်တန်ပါရဲ့လား။
ဘယ်လမ်းကြောင်းကပဲ အနုပညာလောကကို ဝင်လာတာဖြစ်ဖြစ် နောက်ဆုံးတော့ ကိုယ့်သမိုင်းကိုယ် ရေးကြရမှာမို့ အများတန်ဖိုးထားတဲ့ အနုပညာသည်အဖြစ် ရပ်တည်လို့ရသလို နာမည်ကြီးပြီးရောဆိုပြီး ခံယူပြီး ရပ်တည်မယ်ဆိုရင်တော့ အနာဂတ်လမ်းကြောင်းအတွက် စဉ်းစားစေချင်တယ်လို့ ဒေါ်ဆွေဇင်ထိုက်က အကြံပေးပါတယ်။ အနုပညာမှာလည်း ကျင့်ဝတ်ရှိပါတယ်လို့ ဆိုပါတယ်။


အနုပညာသမားတစ်ယောက်အနေနဲ့ ပရိသတ်က လက်ခံကြမယ်ဆိုရင်တော့ ဝေဖန်ပြစ်တင် ကဲ့ရဲ့စကားတွေဟာ နောင်အနှစ် ၂ဝကျရင် ရပ်သွားပါလိမ့်မယ်လို့ ငြိမ်းချမ်းစုက ပြောပါတယ်။


 http://kamayutmedia.com/



 
 
 
 

အိမ်ထောက်ဘက်နေ့နံများ


အိမ်ထောက်ဘက်နေ့နံများ

 
ဦး သာ စိန် ပန်း ဒန်းလှကိုရှာ
ဦး-သာ တနင်္ဂနွေနှင့်သောကြာအိမ်ထောင်ဖက်
စိန်-ပန်း အင်္ဂါနှင့်ကြာသပတေးအိမ်ထောင်ဖက်
ဒန်း-လှ စနေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်
ကို-ရှာ တနင်္လာနှင့် ရာဟု အိမ်ထောင်ဖက်`

အိမ်ထောက်ရန်ဖက်
ဓမ္မာ၊ သောက ၊ အင်းဝ၊ ရာဇာ
ဓ မ္မာ - စနေနဲ့ ကြာသပတေး အိမ်ထောင်ဖက်ရန် မသင့်
သော က - သောကြာနှင့် တနင်္လာ အိမ်ထောင်ဖက်ရန် မသင့်
အင်း-၀ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်ရန် မသင့်
ရာ-ဇာ ရာဟုနှင့် အင်္ဂါ အိမ်ထောင်ဖက်ရန် မသင့်

မိတ်ဖက်
အောင်ပ ကုလား ဆွေသား နောင်ရင်း
အောင် ပ တနင်္ဂနွေနှင့် ကြာသပတေး မိတ်ဖက်သင့်သည်
ကု လား တနင်္လာနှင့် ဗုဒ္ဓဟူး မိတ်ဖက်သင့်သည်
ဆွေ သား အင်္ဂါနှင့် သောကြာ မိတ်ဂြိုလ်သင့်သည်
နောင် ရင်း စနေနှင့် ရာဟု မိတ်ဂြိုလ်သင့်သည်

ကမ္ဘာ့ရန်
ဦးညို ခေမာ သုတ ဝေရီ
ဦး-ညို တနင်္ဂနွေနှင့် အင်္ဂါ ကမ္ဘာ့ရန်
ခေ-မာ တနင်္လာနှင့် ကြာသပတေး ကမ္ဘာ့ရန်
သု-တ သောကြာနှင့် စနေ ကမ္ဘာ့ရန်
ဝေ-ရီ ဗုဒ္ဓဟူးနှင့် ရာဟု ကမ္ဘာ့ရန်

ခုနှစ်နံနှင့် အုပ်စိုးသည့် သတ္တုရတနာများ
တနင်္ဂနွေ - ကြေးနီး
တနင်္လာ - ပတ္တမြား
အင်္ဂါ - ရွှေ
ဗုဒ္ဓဟူုး - ကျောက်သံပတ္တမြား
ကြာသပတေး -ငွေ
သောကြာ ပုလဲ
စနေ သံ

ရက်ရာဇာ ရွေးနည်း
တန်ခူး သာလှ - တန်းခူးလမှာ သောကြာ- ဗုဒ္ဓဟူး
ထွန်းပ ကဆုန် - ကဆုန်လမှာ စနေ - ကြာသပတေး
နယုန်ညွန့်စ - နယုန်လမှာ အင်္ဂါ
အောင်လှဝါဆို - ၀ါဆိုလတွင် တနင်္ဂနွေ- ဗုဒ္ဓဟူး
သာလိုဝါခေါင် - ၀ါခေါင်လတွင် ဗုဒ္ဓဟူး-သောကြာ
မြတောင် တော်သလင်း - တော်သလင်းလတွင် ကြာသပတေး- စနေ သီတင်းကျွတ် ဆီ - သီတင်းကျွတ်လတွင် အင်္ဂါ
သောရီ တန်ဆောင်မုန်း - တန်ဆောင်မုန်းလတွင် သောကြာ - ရာဟု
ချမ်းတုန် နတ်တော် နတ်တော်လတွင် တနင်္လာ - စနေ မိနော်ပြာသို ပြာသိုလတွင် ကြာသပတေး-စနေ
မိညိုတပို့တွဲ တပို့တွဲလတွင် အင်္ဂါ - ကြာသပတေး
ထဲဝင်တပေါင်း တပေါင်းလတွင် စနေ - ဗုဒ္ဓဟူး
ဆောင်တိုင်းအောင်မည့် ရက်ကောင်းရာဇာဖြစ်ပေသည်။

ပြဿဒါးရက်ရွေးနည်း
တန်ခူးဝါခေါင် ၊ တိမ်တောင်ထွန်းပေါ် လနတ်တော် မလျော မြွေနဲ့ကြွက် (စနေ ၊ ကြာသပတေး)

ကဆုန် တော်သလင်း ပြာသိုတွင်း စွယ်ရင်းဖြူစင် ပူးနှင့်ဆင် (သောကြာ ၊ ဗုဒ္ဓဟူး)

နယုန် ၀ါကျွတ် နှင်းစွတ်စိုရွှဲ တပို့တွဲ၊ ပျံဝဲတောင်ဟုန် ကျား ဂဠုန် (တနင်္လာ ၊ တနင်္ဂနွေ)

ဝါဆို တန်ဆောင်မုန်း ပူတုန်ချမ်းပြောင်း လတပေါင်း မကောင်းတဲ့နေ့ ဟိုင်းခြင်္သေ့ (ဟိုင်း= ရာဟု ၊ ခြင်္သေ့ = အင်္ဂါ)
မကောင်းနေ့များ ပြဿဒါး မုချရှောင်ကာသွား

ဲဂြိုလ်နေ ဂြိုလ်သက်များ
================
တနင်္ဂနွေ ဂြိုလ်သက် - ၆နှစ်
တနင်္လာ ဂြိုလ်သက် - ၁၅ နှစ်
အင်္ဂါ ဂြိုလ်သက် - ၈ နှစ်
ဗုဒ္ဓဟူး ဂြိုလ်သက် - ၁၇ နှစ်
ကြာသပတေး ဂြိုလ်သက် - ၁၉နှစ်
သောကြာ ဂြိုလ်သက် - ၂၁ နှစ်
စနေ ဂြိုလ်သက်- ၁၀ နှစ်
ရာဟုဂြိုလ် - ၁၂ နှစ်

အဲဒီ့ဂြိုလ်တွေအားလုံးပေါင်းလိုက်ရင် ၁၀၈ ရတယ် ၁၀၈ န၀င်းလို့ခေါ်ကြလေသည်။
 

ဝက်ခြံလုံးဝ မထွက်ချင်ရင် ဒီနည်းလမ်းတွေကို သုံးကြည့်လိုက်ပါ


 
 
လူငယ်တွေ အတွက် မျက်နှာပေါ်တွင် ဝက်ခြံပေါက် ခြင်းဟာ ပြဿနာ တစ်ခု ဖြစ်မယ် ထင်ပါတယ်။

မျက်နှာပေါ်တွင် ဝက်ခြံပေါက် လာပြီဆိုလျှင် ထိုဝက်ခြံကို အမြန်ပျောက်ကင်း လိုသည့် ဆန္ဒရှိကြ ပါတယ်။ ထို့ကြောင့် နည်းအမျိုးမျိုးကို အသုံးပြုပြီး ကုသကြပါ တယ်။ အမျိုး သားတွေ အသက် ၄၀ ကျော်ရင် ၁ ရာခိုင်နှုန်းသာ ဝက်ခြံထွက် ပေမယ့် အမျိုးသမီး တွေမှာတော့ ၅ ရာခိုင်နှုန်းထိ ဝက်ခြံပြဿနာ ရှိနေ ပါတယ်။

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာများ

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာတွေ ကတော့ ပင်လယ်စာနဲ့ အိုင် အိုဒင်းပါတဲ့ ဆားတွေလို အိုင်အိုဒင်းဓာတ် များတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ တချို့သူတွေမှာ ချောကလက် စားရင် ဝက်ခြံထွက် တတ်ပါတယ်။ တစ်ချို့ လူတွေကြတော့ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖုဖြစ်စေနိုင်ပါတယ်။ မျက်နှာကို အဆီပြန်စေမယ့် အစား အသောက်တွေကို ရှောင်သင့်ပါတယ်။ အပူအစပ်တွေကို အလွန်အမင်း စားသုံးခြင်း ကိုလည်းကို ရှောင်သင့်ပါတယ်။

ဝက်ခြံမပေါက်အောင် စားသင့်သော အစားအစာများ

အခွံချွတ် မထားတဲ့ ကောက်နှံစာ၊ ဟင်းသီးဟင်းရွက်ပြုတ်၊ ဂျုံ၊ ကမာ ၊ သစ်သီးနဲ့ ပဲအမျိုးမျိုးကို စားသင့်ပါတယ်။ မှီဝဲသင့်တဲ့ ဖြည့်စွက်ဆေးတွေ ကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာ မင် B6 နဲ့ ဗီတာမင်အီးတို့ ဖြစ်ပါတယ်။

ရောဂါကုထုံး

တကယ်လို ဝက်ခြံဖြစ်လာပြီ ဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

(၁) ရေခဲကပ်ပါ။

(၂) ပင်လယ်ရေ စိမ်ပါ။

(၃) အာလူး ကပ်ပါ။

(၄) သခွားသီကပ်ပါ။

(၅) ရှားစောင်းလက်ပပ် အနှစ်သားကို လိမ်းပါ။

(၆) တစ်နေ့ ၂ ကြိမ် လောက်ပဲ ဆပ်ပြာ အပျော့စားနဲ့ မျက်နှာကို ဆေးပါ။

(၇) သံလွင်ဆီ လိမ်းပါ။

(၈) တရားထိုင်ပါ။

Ref-healthnews

ကျော်လင်းနိုင် (ရိုးရာလေး)



3 Sept 2014

{ မန်းနီး }


{ မန်းနီး }

တစ်ချို့က ငွေကို မီးရှို့ဖွာရှိုက်နေကြတယ်.....
တစ်ချို့က ငွေကို ဝါးထွေးနေကြတယ်.....
တစ်ချို့က ငွေကိုသောက်ကာ မူးနေကြတယ်.....

တစ်ချို့က ငွေနဲ့ ရောဂါဝယ်ကြတယ်.....
တစ်ချို့က ငွေနဲ့ ရောဂါကုကြတယ်.....

ငွေဟာ
တရားမသိသူတွေရဲ့ လက်ထဲကို
ရောက်သွားတဲ့အခါ
တန်ဖိုးမဲ့သွားရသလို.....

ငွေဟာ
တရားသိသူတွေရဲ့ လက်ထဲကို
ရောက်သွားတဲ့အခါ
တန်ဖိုးရှိသွားပြန်တယ်......

ငွေဟာ
တရားမရှိသူတွေ လက်ထဲ
ရောက်သွားတဲ့အခါ
အကုသိုလ်မြင်ကွင်းတွေကို မြင်ကြရသလို......

ငွေဟာ
တရားရှိသူတွေ လက်ထဲ
ရောက်သွားတဲ့အခါ
ကုသိုလ်မြင်ကွင်းတွေ မြင်ခွင့်ရကြပြန်တယ်......

ငွေဟာ
တရားမကျင့်သူတွေ လက်ထဲ
ရောက်သွားတဲ့အခါ
ဆင်းရဲနွမ်းပါးသူတွေရဲ့ပါးကို
မောက်မာရိုင်းပြစွာရိုက်နိုင်သလို.......

ငွေဟာ
တရားကျင့်သူတွေရဲ့ လက်ထဲ
ရောက်သွားတဲ့အခါ
ဆင်းရဲနွမ်းပါးသူတွေရဲ့ အိတ်ကပ်ထဲကို
ရိုသေစွာ ထည့်လှူနိုင်ကြပြန်တယ်.....

အချို့က ငွေပင်ကို အကုသိုလ်မြေပေါ်မှာ
စိုက်တယ်.....
ထိုငွေပင်မှ သီးလာတဲ့ ငွေသီးဟာ
စိုက်ပျိုးသူကိုရော၊စားသုံးသူကိုပါ
ခါးသက်ပူလောင်စေတဲ့ အရသာကိုပေးတယ်.....

တစ်ချို့က ငွေပင်ကို ကုသိုလ်မြေပေါ်မှာ
စိုက်တယ်......
ထိုငွေပင်မှ သီးလာတဲ့ ငွေသီးဟာ
စိုက်ပျိုးသူကိုရော၊စားသုံးသူကိုပါ
ချိုမြိန်အေးမြတဲ့ အရသာကိုပေးတယ်.....

အချို့က ငွေကို ပျော်ပါးဖို့အတွက် သုံးတယ်.....
အချို့က ငွေကို မော်ကြွားဖို့အတွက် သုံးတယ်.....
အချို့က ငွေကို စော်များဖို့အတွက် သုံးတယ်.....
အချို့က ငွေကို ကျော်ကြားဖို့အတွက် သုံးတယ်.....
အချို့က ငွေကို ဉာဏ်များဖို့အတွက် သုံးတယ်.....

တစ်ချို့က ငွေနဲ့ အပါယ်လမ်း ဆင်းတယ်.....
တစ်ချို့က ငွေနဲ့ နိဗ္ဗာန်လမ်း ခင်းတယ်.....

အမှန်တကယ်တော့ ငွေဟာ
" အယောနိသောမနသိကာရ "ရှိသူအတွက်
လောဘ၊ဒေါသ၊မောဟ ကိလေသာတရားတွေ
တိုးပွားစေတဲ့ မာရ်နတ်တစ်ပါးဖြစ်သလို
" ယောနိသောမနသိကာရ "ရှိသူအဖို့တော့
စားဝတ်နေရေး၊ကုသိုလ်ရေး ပြေလည်စေတဲ့
စက္ကူတစ်ရွက်မျှသာ.......။

ဦးတိုးအောင်