21 Sept 2014

အောင်မြင်တဲ့ လူငယ် တစ်ယောက်ဖြစ်ဖို့




၁။ စိတ်ဓါတ်ခိုင်မာခြင်း - ဘယ်အချိန်မှာ ဘာလုပ်မယ် ... ဘာဖြစ်ချင်တယ်ဆိုတာကို ကိုယ့်စိတ်ထဲမှာ စွဲနေအောင် နှလုံးသွင်းထားပါ။ ထိုကဲ့သို့ မိမိ၏ စိတ်ကို တိတိကျကျ သေသေချာချာ ခိုင်ခိုင်မာမာ ပြင်ဆင်ထားခြင်းက လုပ်ငန်းဆောင်ရွက်ရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့် အာရုံစူးစိုက်မှု အားကောင်းကာင်းဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် “ငါလုပ်ရင် ဖြစ်ပါ့မလား” ဆိုတဲ့ မယုံမရဲ စိတ်တွေကို ရှောင်ရှားနိုင်ပါလိမ့်မည်။


“ငါလုပ်ရင် ဖြစ်တယ်” ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓါတ်ကို မွေးမြူပါ။


၂။ အချိန်ကို စီမံခန့်ခွဲနိုင်ခြင်း - ငယ်ရွယ်စဉ်ကတည်းက လိုအပ်တဲ့အချိန်ကို ရယူနိုင်ရန်လေ့ကျင့်ထားပါ၊ မလိုလားအပ်သော နေရာများတွင် အကြောင်းမဲ့ အချိန်မဖြုန်းပါနှင့်။


၃။ အလုပ်တွင် အပြည့်အဝအာရုံစိုက်ခြင်း - စတင်လုပ်ဆောင် လိုက်သော ကိစ္စရပ်တစ်ခုကို မည့်သည့် အတွက်ကြောင့်ဖြစ်စေ ကိုယ့်ဖက်က မဖျက်ပါနှင့်၊ မိမိပတ်ဝန်းကျင်က လေးစား ယုံကြည်တန်ဖိုးထား ရသော သူတစ်ယောက်ဖြစ်အောင် မိမိအလုပ်ကို တန်ဖိုးထားလေးစားပါ။


၎။ ပတ်ဝန်းကျင်ကို လေးစားခြင်း - သူငယ်ချင်း၊ အပေါင်းအသင်း၊ မိတ်ဆွေ အားလုံးကို လေးလေးစားစား ဆက်ဆံပါ၊ တစ်ပါးသူ၏ အမြင်၊ သဘောထား၊ ခံစားချက်များကို အလေးထားကာ အတတ်နိုင်ဆုံး နားလည်ပေးပါ။


၅။ ပူးပေါင်းဆောင်ရွက်ခြင်း - အများနှင့်သက်ဆိုင်သော ကိစ္စတစ်ရပ်များကို ဆောင်ရွက်ရာတွင် မိမိဆန္ဒတစ်ခု တည်းကို ဦးစားမပေးပါနှင့်၊ မိမိတစ်ဦးတည်း သဆောဆန္ဒကိုသာ ဇွတ်မလုပ်ပါနှင့်၊ တစ်ပါးသူ၏ အကြံအဉာဏ်များကို အလေးထားဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်ပါ။


၆။ နားထောင်တတ်ခြင်း - ထောင်တတ်သောနား ရှိပါ၊ မည်သည့်ကိစ္စတွင်မဆို တစ်ပါးသူ ပြောသည့်အခါ စိတ်ဝင်တစား နားထောင်တတ်ရန် အရေးကြီးပါသည်။ အယူအဆတူသည်ဖြစ်စေ ... မတူသည်ဖြစ်စေ စိတရှည်လကရှည် နားထောင်ပါ။


၇။ ရိုးသားခြင်း - လိမ်ညာဟန်ဆောင်ခြင်းသည် ခဏတာ အထင်ကြီးမှုကို ရကောင်း ရနိုင်သော်လည်း ရေရှည်တွင် ပတ်ဝန်းကျင်၏ ယုံကြည်မှုကို ဆုံးရှုံးနိုင်ပါသည်၊ အမှန်တရားကို ချစ်မြတ်နိုးပါ၊ ရိုးသားမှုကို တန်ဖိုးထားပါ။

 
အောင်ကိုဦး (UMK)
Be the Best !

Credit to Aung Ko U - UMK 


18 Sept 2014

မန္တလေးနဲ့ စစ်ကိုင်းမှာ ရေကြီး ရေလျှံပြီး လူသေဆုံး

  
မြန်မာနိုင်ငံမှာ ရေကြီး ရေလျှံမှုတွေ မကြာခဏ ဖြစ်နေ
 
 
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် နွယ်ရုံရွာ အနောက်ဘက်က ရေမျက်ရွာမှာ တောင်ကျရေ လျှံပြီး ရွာကို သဲဖုံးသွားခဲ့ရာမှာ လူသေဆုံးမှု အထိ ရှိခဲ့ပါတယ်။


မနက် ၂နာရီလောက်မှာ မိုးရွာအပြီး တောင်ကျရေ လျှံခဲ့ရာကနေ သဲတွေပါ ပါလာပြီး တရွာလုံးကို သဲဖုံးသွားခဲ့ကြောင်း၊ အိမ်ခြေ တရာလောက်ရှိတဲ့ အဲဒီ ရွာမှာ အိမ်ခြေ ၃ပုံ ၂ပုံလောက် လုံးဝ ပျက်စီးသွားကြောင်း ဒေသခံ အမျိုးသမီးတဦးက ဘီဘီစီကို ပြောပါတယ်။


ချောင်းဖျား ဆည်ပိတ် ဆောက်လုပ်မှုကြောင့် ဆည်ကျိုးပေါက်ပြီး အခုလို ရေလျှံခဲ့တာလို့ ဆိုပါတယ်။


စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာလည်း ရေကြီးမှုကြောင့် တံတား တစင်း ကျိုးပြီး အိမ်တွေ မျောပါ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ တိုင်ဖွန်း မုန်တိုင်း အကြွင်းအကျန် ဝင်ရောက်ပြီး မိုးကြီးနိုင်တဲ့အတွက် ရေကြီး ရေလျှံမှုတွေ ဖြစ်နိုင်တယ်လို့ မိုးလဝသ ပညာရှင်တွေက သတိပေးထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


14 Sept 2014

"ဦးရွှေရိုးနှင့် ဒေါ်မိုးအက" ဘယ်ကစ


ရှင်ပြုအလှူမင်္ဂလာပွဲများ စီတန်းလှည့်လည်ရာတွင် အိုးစည်ဒိုးပတ်ဝိုင်းများ ပါဝင်လေ့ရှိပြီး မြူးကြွသွက်လက် သော အိုးစည်ဒိုးပတ် သံများနှင့်အတူ ဦးရွှေရိုးနှင့် ဒေါ်မိုးအကကို မကြာခဏမြင်တွေ့ကြရသည်။ ခေါင်း၊ ခါး၊ ခြေ၊ လက်၊ မျက်ခုံး၊ မျက်လုံး၊ နှာတံ၊ ပါးစပ် တစ်ပြိုင်နက် လှုပ်ရှား၊ တီးလုံးတီးကွက်များဖြင့် စည်းဝါးတကျ ဟာသလေးတွေနှောပြီး ကပြကြသည်မှာ ဘယ်ခါကြည့်ကြည့် မရိုးနိုင်။ မြန်မာတို့၏ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဂီတ၊ မူပိုင်ကကွက်ဖြစ်သည့် အတွက် မြန်မာ့ယဉ်ကျေးမှု ပြယုဂ်တစ်ခု အဖြစ် ဂုဏ်ယူဖွယ်ရာ ကောင်းလှသည်။ သို့ဖြစ်သောကြောင့် နိုင်ငံတော်အဆင့် ဖျော်ဖြေတင်ဆက်ရသည့် ဧည့်ခံပွဲကြီးများ၊ နိုင်ငံရပ်ခြားသို့ ချစ်ကြည်ရေးအရ လှည့်လည်ကပြရ သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲများတွင် ထိုအကကို ထည့်သွင်းကပြလေ့ရှိသည်။


ထိုအက ဘယ်ကစ မြန်မာ့ယဉ်ကျေးမှုအနုပညာကို မြတ်နိုးတန်ဖိုးထားသူများ သိချင်ကြပေလိမ့်မည်။ ထိုအက ပေါ်ပေါက်ခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း (၉၀)ကျော်ခဲ့ပြီ။ ၁၉၂၀ ခုနှစ်တွင် မြန်မာ့ရုပ်ရှင် စတင်ပေါ်ပေါက် ခဲ့ရာ ၁၉၂၃ ခုနှစ်တွင် မြန်မာအဆွေဖလင် (နောင်သော် ဗ-၁ ဖလင်)မှ ဒါရိုက်တာ ဦးညီပု (မောင်ဘဌေး) ရိုက်ကူး ခဲ့သော တောမြိုင်စွန်က လွမ်းအောင်ဖန် အသံတိတ်ရုပ်ရှင် ဇာတ်ကားတွင် ဦးညီပု၏ ယောက်ဖတော်စပ်သူ ထိုစဉ်က ကာတွန်းအကျော်အမော် ဦးဘကလေးက ဦးရွှေရိုးအဖြစ် သရုပ်ဆောင်ပြီး ဒေါ်မိုးဆိုသူနှင့် တွဲဖက်ကပြခဲ့သည်။ ထိုဇာတ်ကားတွင် မင်းသားဦးညီပု၊ မင်းသမီးမခင်သစ်၊ ဦးဘကလေးက ဇာတ်ပို့၊ ဇာတ်လမ်းမှာ သတ္တုရှာဖွေရေး သမား လူငယ်တစ်ဦးနှင့် ဥစ္စာစောင့်မလေးတို့၏ ဒဏ္ဍာရီ ဆန်ဆန်အချစ်ဇာတ်လမ်း၊ ရုပ်ပြောင်းရုပ်လွှဲမိတ်ကပ် ပညာများ၊ ကင်မရာလှည့်စား (Camera Trick)များ၊ အထူးပြုလုပ်ချက် (Special Effect) များ ပေါင်းစပ်ပြီး အချစ်၊ အလွမ်းနှင့် ဟာသဇာတ်ကွက်များ ပုံဖော်ရိုက်ကူး ခဲ့ရာ ထိုကာလက အထူးပင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည်။ မင်းသားဦးညီပုမှာ သတ္တုရှာဖွေရေး သမား မောင်ဘဌေးအဖြစ် သရုပ်ဆောင်ခဲ့ရာ ပီပြင်သည့် အတွက် ဦးညီပုသည် မောင်ဘဌေးအဖြစ် လည်းကောင်း၊ ဦးဘလေးသည် ဦးရွှေရိုးအဖြစ် သရုပ်ဆောင်ခဲ့ရာ ပရိသတ် အကြိုက်တွေ့ခဲ့ သည့်အတွက် ဦးဘလေးသည် ဦးရွှေရိုးအဖြစ် လည်းကောင်း အမည်တွင် ထင်ပေါ်ကျော်ကြားခဲ့သည်။ မင်းသမီး၏ အထိန်းတော် ဒေါ်မိုးကို ဦးရွှေရိုးက နောက်ပိုးသောအခန်းမှာ ပရိသတ်များကား တဝါးဝါး၊ တဟားဟား၊ ဦးရွှေရိုးက ဒေါ်မိုးကို ရေပြွန်တိုနှင့် ရေလိုက်ပက်သည့်အခန်းတွင် နန်းတော်ရှေ့ဆရာတင်၏ တေး သီချင်းက ရုပ်ရှင်ပိတ်ကားရှေ့တီးဝိုင်းမှ အားဖြည့်ပံ့ပိုး ပြန်သည့်အတွက် ဦးရွှေရိုးနှင့် ဒေါ်မိုးဇာတ်ဝင်ခန်းမှာ မြူးကြွ သွက်လက်ပြီး ပရိသတ်များ စွဲမက်မဆုံး တပြုံးပြုံး၊ ရုပ်ရှင်ကား ပြီးသွားသော်လည်း ပရိသတ် ပါးစပ်ဖျား တွင် မပြီး၊ အပ်ကြောင်းထပ်မျှ ပြောကြဆိုကြ။ ခေါင်းပေါင်း တလူလူ၊ မျက်ခုံးမွှေးတထူထူ၊ နှုတ်ခမ်း မွှေးတကားကား၊ မာဖလာလည်စည်းပဝါ တဖားဖား၊ တောင်ရှည်ပုဆိုးကွက်ကြားနှင့် ပုသိမ်ထီးဆောင်း ထားပြီး ထီးကို နောက်ကျွမ်းပစ်သကဲ့သို့ ပတ်လည်လှည့်ကာ ဝေ့ကာ ဝိုက်ကာ နှုတ်ခမ်းမွှေးက တလှုပ်လှုပ်တရွရွ၊ ခန္ဓာကိုယ်ကိုယိမ်းလိုက် နွဲ့လိုက်၊ ရှေ့တိုးနောက်ဆုတ်၊ အဖိုးကြီးတစ်ဦး ကဲ့သို့ ကွတကွတ ထီးကလေး တမမဖြင့် ကပြသွားပုံများမှာ ကကွက်တစ်မျိုးနှင့်တစ်မျိုး မရိုး၊ အိုးစည်ဒိုးပတ်များနှင့် အညီ စည်းဝါးတကျ ကခုန်သွားကြသည်မှာ ပညာသားပါလှ၏။ တွဲဖက်ကပြသူ ဒေါ်မိုးကလည်း ဦးရွှေရိုးနှင့် အပြိုင် အပေးအယူ အချိတ်အဆက် အတိုင်အဖောက် ညီလှ၏။


အပြောင်/အပြက်ဟုဆိုသော်လည်း ကြုံသလို လှုပ်ခါရမ်းပြီးမရ၊ စည်းဝါးတကျ ဟန်ပန်အမူအယာ ကကြိုးကကွက် ပီပြင်စွာ ရုပ်လုံးကပြရသည်။ သာမန်ကတတ်သူတို့ ထိုအကကို ရုတ်တရက်မကရဲ။ ရဲတင်းဖို့လိုသည်။ လက်ချင်းချိတ်ပြီး ဆွဲမွှေ့ဆွဲပစ်လိုက်သောအခန်း တင်ချင်း ပေါက်ကပြရသော အခန်းတို့မှာ ရဲရဲဝံ့ဝံ့ပီပြင်စွာကပြပါက အလွန်ကြည့်ကောင်းပြီး အနုပညာရသ မြောက်သော ယဉ်ကျေးမှုကကွက်ဖြစ်လေသည်။ သို့ဖြစ်သောကြောင့် ဦးရွှေရိုးနှင့် ဒေါ်မိုးအက "တောမြိုင်စွန်က လွမ်းအောင် ဖန်" ဇာတ်ကားမှ စသည်ဟု ဆိုပါရစေ။

တင့်လွင်ဦး (စီးပွားရေး တက္ကသိုလ်)
MOI Webportal Myanmar

အတုအစစ်ခွဲရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေပြီး ငွေတုပြုလုပ်ခြင်းကို စစ်ဆေးရန်နှင့် ပြည်သူများ ငွေတုငွေစစ်ခွဲခြားနိုင်ရေး ထုတ်ပြန်ပေးရန် လိုအပ်နေ

ငွေကြိုးနှင့် ကြာပန်းပုံရေစာ ပါဝင်နေပြီး မျက်နှာပြင်ပါ ကြမ်းတမ်းနေမှုကြောင့် ခွဲခြားရခက်သော်လည်း ကြာပန်းပုံရေစာ ပိတ်နေမှုကြောင့် အတုအဖြစ်ခွဲနိုင်ကာ ပုဂ္ဂလိကဘဏ်တစ်ခုမှ အပေါက်ဖောက်လိုက်သည့် ငွေတုနှင့် အစစ်ပုံအား ယှဉ်တွဲတွေ့ရစဉ်

အတုအစစ်ခွဲခြားရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေပြီး ငွေတုများအား ပြည်သူများခွဲခြားနိုင်မှု မရှိခြင်းကြောင့် နစ်နာမှုများ ကြုံတွေ့နေရသဖြင့် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နိုင်ရန်နှင့် ငွေတုငွေစစ်အား ပြည်သူများခွဲခြားနိုင်ရန် မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ပေးရန် လိုအပ်လာနေကြောင်း သတင်းရရှိသည်။


“ဘဏ်မှာ ငွေသွားလွှဲတဲ့အချိန်မှာ ကျွန်တော့်ပိုက်ဆံ တစ်သောင်းကျပ်တန်ကို အတုဆိုပြီး သိမ်းမယ်လုပ်တယ်။ ကျွန်တော်က သိမ်းတော့မသိမ်းပါနဲ့။ သုံးမရအောင်လုပ်ပြီး ပြန်ပေးပါပြောမှ အပေါက်ဖောက်ပြီး ပြန်ပေးတယ်။ ဒီပိုက်ဆံကို ဘယ်အချက်ကြောင့် အတုဆိုတာသိအောင် နှစ်ရက်လောက် စဉ်းစားလိုက်ရတယ်။ ကျွန်တော်တို့ နည်းမျိုးစုံကိုင်ကြည့်တယ်။ အကုန်နီးပါးတူတယ်။ ၁ဝဝဝဝ လို့ရေးထားတဲ့ စာလုံးကလည်း ဖောင်းကြွပါပါတယ်” ဟု ကျပ်တစ်သောင်းတန် ငွေစက္ကူအတုအား တွေ့ရှိခဲ့သူတစ်ဦးက ရှင်းလင်းပြောကြားသည်။


အစစ်နှင့် အလွန်တူသည့် တစ်သောင်းကျပ်တန် အတုများတွင် ရေစာ (water-mark) ပါဝင်ခြင်း၊ ငွေကြိုးပါဝင်ခြင်းနှင့် ယခင်ကထွက်ရှိသည့် ငွေတုများကဲ့သို့ မျက်နှာပြင် ချောမွေ့နေခြင်းမရှိဘဲ နေရာတိုင်းနီးပါးတွင် အစစ်နှင့် ခွဲရခက်အောင် ကြမ်းတမ်းနေခြင်း စသည့်အချက်များကြောင့် ကျပ်တစ်သောင်းတန် ငွေစက္ကူ အစစ်နှင့် ခွဲရခက်လာခြင်းဖြစ်ကြောင်း Myanmar Property Market place လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။


“ကျွန်တော်က ဘဏ်လောကက မဟုတ်ပေမယ့် ကျွန်တော့်အစ်ကိုက ဘဏ်လောကကပါ။ ဒီပိုက်ဆံအတုကို တွေ့တဲ့အချိန်မှာ ကျွန်တော်တို့ဝိုင်းစစ်ဆေးတော့ ဒီပိုက်ဆံမှာ ငွေကြိုးနဲ့ ကြာပန်းပုံရေစာကပဲ သိသိသာသာ ကွာခြားနေတယ်။ ကျွန်တော်တို့ ဒီပိုက်ဆံကို တွေ့ခဲ့တာက လှည်းတန်းမှာရှိတဲ့ ဈေးဝယ်စင်တာတစ်ခုမှာ တွေ့ခဲ့တာပါ” ဟု Myanmar Property Market place မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။


အဆိုပါ ငွေအတုနှင့် အစစ်အား နှိုင်းယှဉ်ကြည်မှုအရ အရှေ့မျက်နှာတွင်ပါဝင်သည့် ရောင်ပြန်ကြိုးမှာ ဘယ်ညာရှုထောင့်ပြောင်း၍ လှုပ်ပြီးကြည့်ပါက အစစ်တွင် အရောင်ပြောင်း၍ ငွေစက္ကူအတုတွင် အရောင်ပြောင်းလဲမှုမရှိကြောင်း သိရသည်။


“ဘဏ်ဝန်ထမ်းတွေ အနေနဲ့တော့ အခုအချိန်ထိ ခွဲခြားနိုင်နေတုန်းပါပဲ။ သာမန်လူတွေကတော့ သတိထားသင့်တယ်” ဟု ဘဏ်နှင့်ငွေကြေးဆိုင်ရာ အကြံပေးလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာက ပြောကြားသည်။


ထို့ပြင် ကြာပန်းပုံ ရေစာနေရာတွင် အထူအပါး ကွာခြားခြင်း၊ အချောအကြမ်းကွာခြားခြင်းကို တွေ့ရှိရပြီး ငွေစက္ကအစစ်မှာ ပါး၍ကြမ်းတမ်းပြီး အတုမှာထူထဲ၍ ချောမွေ့နေသည်။ ယင်းအပြင် ငွေစက္ကူအတု၏ရေစာမှာ ပိုမိုကြီးမားနေပြီး အလင်းရောင်တွင်ကြည့်ရှုပါက အတုမှာ ပို၍အလင်းပိတ်သည်ဟု Myanmar Property Marketplace တွင် ဖော်ပြထားချက်အရ သိရသည်။


“သာမန်လူတွေကတော့ သိချင်မှသိမှာလေ။ ကျွန်တော်တို့ ဘဏ်ဝန်ထမ်းတွေကတော့ သိတယ်။ အစစ်လားအတုလားဆိုတာ ချက်ချင်းခွဲနိုင်အောင် ကျွမ်းကျင်တယ်လေ။ ဗဟိုဘဏ်ကိုလည်း လှမ်းမေးကြည့်ပါ။ သူတို့မှာ အတုအစစ်ခွဲတဲ့ နည်းတွေက အများကြီးပါ။ သူတို့က ပင်တိုင်ပဲလေ။ သူတို့ဆီမှာ သတင်းအစုံအလင် ရောက်တယ်။ အတုနဲ့အစစ် ခွဲရခက်တယ်ဆိုတာတော့ အခုမှကြားဖူးတယ်။ ကျွန်တော်တို့ကတော့ မခက်ဘူးထင်တာပဲ။ အရင်တုန်းက စူပါဒေါ်လာတောင် ပေါ်ဖူးတယ်။ ဒါကလည်း စစ်လိုက်ရင်သိတာပဲ။ အတုအစစ်ခွဲတဲ့ စက်တွေလည်း ရှိနေတာပဲ။ အတုက အတုပါပဲ။ အခု ကျွန်တော်တို့ ငွေစက္ကူတွေ ထုတ်နေတာကလည်း ဂျာမနီနည်းပညာနဲ့ ထုတ်နေတာပါ။ အဆင့်မြင့်ပါတယ်။ နောက်ပြီး အတုက ဘယ်လိုမှ စက္ကူ နှစ်ထပ်နဲ့ မဖြစ်နိုင်ဘူး။ စက်ကြီးတွေက အကြီးကြီးတွေ၊ ကုန်ကျစရိတ်က အရမ်းများသွားမယ်” ဟု ကမ္ဘောဇဘဏ်ဒုဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြံပေးဖြစ်သူ ဦးသန်းလွင်က စက်တင်ဘာ ၁၄ ရက်က ပြောကြားသည်။


    ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတုများမှာ မကြာခဏ တွေ့ရှိနေရသဖြင့် ပြည်သူများ သတိပြုနိုင်ရန် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအတုနှင့် အစစ်အကြား ကွာခြားချက်များအား ထုတ်ပြန်ပေးထားပြီး ငွေစက္ကူအတုတွင် စက္ကူထောင့်ဖြတ်ရာ ပါရှိခြင်း၊ ငွေစက္ကူ၏ ဘယ်ဘက်ထောင့်အလယ်၌ ဗဟိုဘဏ်မှ ရိုက်နှိပ်ဖော်ပြထားသည့် လုံခြုံရေးအမှတ်အသားဖြစ်သည့် ရေစာမပါရှိခြင်း၊ လုံခြုံ ရေးအမှတ်အသား တစ်ခုဖြစ်သည့် ငွေကြိုးပေါ်တွင် ငွေစက္ကူတန်ဖိုးအား ဖော်ပြသည့်စာသား မပါရှိခြင်း၊ ငွေစက္ကူ၏ ညာဘက်ထောင့်အလယ်၌ ဗဟိုဘဏ်က ရိုက်နှိပ်ထားသည့် ရေစာမပါရှိခြင်း စသည့်ခြားနားချက်များရှိကြောင်း . . . . .


ထိုသို့ သုံးသပ်ချက်အရ ငွေတုငွေစစ် ခွဲခြားရာတွင် ပြည်သူများအတွက် အသိပညာပေးရန်နှင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန် လိုအပ်သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုဥက္ကဋ္ဌဒေါက်တာဆက်အောင်အား ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသည့်အပြင် စာဖြင့်ပါ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်ဖြေဆိုမှု မရှိချေ။


ထိုသို့ ဘဏ်ဝန်ထမ်းများသာ အတုနှင့်အစစ် ခွဲခြားနိုင်နေပြီး သာမန်ပြည်သူများအနေနှင့် ခွဲခြားနိုင်မှုမရှိပါက နစ်နာမှုများနှင့် စိတ်မကောင်းစရာအဖြစ်များ တွေ့ကြုံရနိုင်ပြီး ကျပ်တစ်သောင်းတန်များအား သေချာစွာစစ်ဆေးသင့်ကြောင်း ဦးသန်းလွင်က ပြောကြားသည်။


“ကျွန်တော်တို့ ဗဟိုဘဏ်ကိုမေးကြည့်တော့ နယ်စပ်တွေမှာ နွားတွေဘာတွေ သွားရောင်းပြီး ငွေတုတွေရတယ်။ အဲဒါကို ဗဟိုဘဏ်သွားအပ်တဲ့အခါမှာ ပြဿနာလေးတွေ ဖြစ်တယ်ဆိုတာမျိုးတော့ ပြောဖူးတယ်။ အဲဒီလိုဆိုတော့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌလာတော့ မေးကြည့်တယ်။ ဗဟိုဘဏ်မှာတော့ ငွေစက္ကူ အတုနဲ့အစစ် ခွဲတဲ့စက်ကြီးတော့ ဝယ်ထားတယ်လို့ သိရတယ်။ ဟိုတုန်းကတော့ ကျွန်တော်တို့မှာ ဆန်ရှင်ရှိနေတော့ ကျွန်တော်တို့ ဂျာမနီကဝယ်ထားတဲ့ စက်တွေရဲ့ ဆေးတွေရော၊ အပိုပစ္စည်းတွေရော ဆယ်နှစ်လောက် ဝယ်လို့မရတာ ဖြစ်ခဲ့ဖူးတယ်။ ၂ဝ၁၁ နောက်ပိုင်းလွှတ်တော်တွေ ပြန်စချိန်မှာ အမေရိကန်ရဲ့ ဆန်ရှင်ကလည်း တဖြည်းဖြည်း လျော့လာတဲ့အချိန်မှာ ဆေးတွေ အပိုပစ္စည်းတွေ ပြန်ဝယ်လို့ရလာတယ်။ နိုင်ငံတကာအဆင့်မီ ငွေထုတ်လာနိုင်ပါတယ်။ သို့သော်လည်း သူတို့ထပ်ပြောတာက အမေရိကန်ဒေါ်လာမှာတောင် အတုအစစ်ဆိုတာ ရှိတာပဲ။ တုတယ်ဆိုတာကတော့ အဖိုးတန်တဲ့ပစ္စည်းမှာ တုတာပဲလေ။ တစ်သောင်းတန်၊ ငါးထောင်တန်ပဲ တုတာပေါ့လေ။ တစ်ထောင်တန်တို့ ငါးရာတန်တို့ကတော့ တုခဲတာပေါ့။ ၁ဝဝ ကျပ်တန်ဆိုရင် အတုတောင် မလုပ်ဖူးလို့ ကျွန်တော်တို့ အကြမ်းဖျင်းတော့ သိထားပါတယ်” ဟု ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။


မြန်မာနိုင်ငံတွင် ဒုတိယတန်ဖိုးအမြင့်ဆုံး ငွေစက္ကူဖြစ်သည့် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအား ၂ဝဝ၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်သုံးစွဲခဲ့ပြီး ကျပ် ၁ဝဝဝဝ တန် ငွေစက္ကူကို ၂ဝ၁၂ ခုနှစ် ဇွန် ၁၅ ရက်မှစတင်၍ ပြည်သူများအကြား လှည့်လည်သုံးစွဲနိုင်ရန် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။


ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတုများ မကြာခဏတွေ့ရှိပြီးနောက် အစစ်နှင့်ခွဲခြားရခက်လာသည့် ကျပ် ၁ဝဝဝဝ တန် ငွေစက္ကူအတုများ ပြည်သူများအကြားတွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတုများမှာ မကြာခဏ တွေ့ရှိနေရသဖြင့် ပြည်သူများ သတိပြုနိုင်ရန် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအတုနှင့် အစစ်အကြား ကွာခြားချက်များအား ထုတ်ပြန်ပေးထားပြီး ငွေစက္ကူအတုတွင် စက္ကူထောင့်ဖြတ်ရာ ပါရှိခြင်း၊ ငွေစက္ကူ၏ ဘယ်ဘက်ထောင့်အလယ်၌ ဗဟိုဘဏ်မှ ရိုက်နှိပ်ဖော်ပြထားသည့် လုံခြုံရေးအမှတ်အသားဖြစ်သည့် ရေစာမပါရှိခြင်း၊ လုံခြုံ ရေးအမှတ်အသား တစ်ခုဖြစ်သည့် ငွေကြိုးပေါ်တွင် ငွေစက္ကူတန်ဖိုးအား ဖော်ပြသည့်စာသား မပါရှိခြင်း၊ ငွေစက္ကူ၏ ညာဘက်ထောင့်အလယ်၌ ဗဟိုဘဏ်က ရိုက်နှိပ်ထားသည့် ရေစာမပါရှိခြင်း စသည့်ခြားနားချက်များရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ထားမှုအရ သိရသည်။


ထို့ပြင် ငွေစက္ကူအတုသည် သာမန်စက္ကူဖြင့် ရိုက်နှိပ်ထားသဖြင့် စာလုံးဆေးသား ကြည်လင်ပြတ်သားမှု မရှိခြင်း၊ စက္ကူသား သိပ်သည်းကျစ်လျစ်မှု မရှိသည့်အတွက် ရာသီဥတုနှင့် ရေစိုဒဏ်မခံနိုင်ခြင်း၊ ငွေစက္ကူပါနံပါတ်များမှာ နေရောင်အောက်တွင် နီရဲတောက်ပမှု မရှိခြင်း၊ ရေစာမှာလည်း အလင်းရောင်အောက်တွင် ကြည့်ရှုပါက ပေါ်လွင်ပြတ်သားမှု မရှိခြင်း၊ လုံခြုံရေးကြိုးမှာလည်း ငွေစက္ကူတွင် ဒေါင်လိုက်ထည့်သွင်းထားခြင်း မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကထုတ်ပြန်သည့် ငွေစက္ကူအတုနှင့်အစစ် ခွဲနည်းအရ သိရသည်။ ကျပ် ၅ဝဝဝ တန်ငွေစက္ကူများကို ကျပ် ၂၈ဝဝ ဘီလျံကျော်အထိ ထုတ်လုပ်ထားပြီး ပြင်ပလောကနှင့် စီးပွားရေးလောကတွင် ငွေတုများ ပျံ့နှံ့နေနိုင်သဖြင့် အတုအစစ်ခွဲခြားနိုင်ရန် ပညာပေးခြင်း၊ အမှုဖွင့်တိုင်ကြား အရေးယူခြင်းများ ပြုလုပ်နေကြောင်း ယခင်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ၂ဝ၁၃ ခုနှစ် အစောပိုင်းတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ ဆွေးနွေးထားသည်။


မည်သူမဆို ငွေစက္ကူကိုဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကိုဖြစ်စေ လိမ်လည်အတုပြုလျှင်ဖြစ်စေ သို့မဟုတ် အတုပြုမှန်း မိမိသိလျက်နှင့် ထိုသို့လိမ်လည် အတုပြုလုပ်သည့် လုပ်ငန်းအဆင့်ဆင့်တွင် အဆင့်တစ်ခုခုကို ပါဝင်ပြုလုပ်ပါက ထိုသူအား ရာဇသတ်ကြီးပုဒ်မ ၄၈၉ (က) အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကို ဖြစ်စေ၊ ၁ဝ နှစ်အထိထောင်ဒဏ်ကို ဖြစ်စေ၊ တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်အရေးယူနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ထို့ပြင် ငွေစက္ကူကိုဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကိုဖြစ်စေ အတုမှန်းသိလျက် အစစ်အမှန်အဖြစ် အသုံးပြုပါက ရာဇသတ်ကြီးပုဒ်မ ၄၈၉ (ခ) အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကို ဖြစ်စေ၊ ၁ဝ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်အရေးယူနိုင်သည့်အပြင် ငွေဒဏ်လည်းချ မှတ်နိုင်ကြောင်း၊ ငွေစက္ကူများအား အတုပြုလုပ်ထားမှန်းသိလျက် သုံးစွဲရန်ကြံရွယ်ကာ လက်ဝယ်ထားပါက ထောင်ဒဏ်ခုနစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်အရေးယူနိုင်သည်ဟု ပြဌာန်းထားကြောင်း သိရသည်။


http://news-eleven.com/local

ဖတ်ပါ၊ မှတ်ပါ၊ လိုက်နာပါ

 
(၁)။စာမဖတ် တတ်သော သူသည် “မျက်မမြင်” နှင့် တူ၏။

(၂)။စာဖတ်တတ်ပါလျက် မဖတ်သော သူသည် အသွား ရှိပါလျက် မခုတ်ဘဲထားသော “ဓား”နှင့်တူ၏။


(၃)။စာဖတ်ပါလျက် မှတ်သားခြင်း မရှိသောသူသည် “ရေပြင်၌ ရေးထားသော အရုပ်” နှင့် တူ၏။


(၄)။မှတ်သားပါလျက် ကျိုးကြောင်းမှန်မှား မစဉ်းစားသော သူသည် အစာအာဟာရကို ညက်ညက် ၀ါးမစားဘဲ မျိုချ၍ ၀ါးစားသော သူနှင့်တူ၏။


(၅)။ကျိုးကြောင်းမှန်မှား စဉ်းစားပြီး၊ အမှန်ကို သိပါလျက် လက်ခံကျင့်သုံးခြင်း မရှိသောသူသည် ဟင်းလျာ၏
အရသာကို မြည်းစမ်းကြည့်ပြီး၊ ကောင်းမှန်းသိပါလျက် “မစားသုံးသော သူ”နှင့် တူ၏။


(ဗုဒ္ဓဓမ္မလောက စာစောင်မှ-)
-【လေးအိမ်စု အရှင်ဝိစိတ္တသာရ၏ စကားလက်ဆောင် တရားလက်ဆောင်မှ-】

 



နေ့ တစ်နေ့ကို ရှင်သန်ခွင့် ရခြင်းသည် သင့်ဘဝ၏ လက်ဆောင်တစ်ခု

 
 
တစ်ခုသော မနက်ခင်း ၈နာရီ လောက်မှာ အသက် ၉၂ နှစ် အရွယ် ကိုယ်လုံး ကိုယ်ထည် သေးသေး၊ အဝတ် အစားကို သေသပ်ကောင်းမွန်စွာ ဝတ်စားထားသော၊ ဆံပင်ကိုလည်း ပုံကျကျ ဖြီးသင်ထားပြီး မိတ်ကပ်ပါးပါး လိမ်းထားသော ကျက်သရေ ရှိပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပုံပေါ်တဲ့ အမျိုးသမီးကြီး တစ်ဦးဟာ ဘိုးဘွား ရိပ်သာ တစ်ခုသို့ ယနေ့ ပြောင်းရွှေ့ လာခြင်းပင် ဖြစ်ပါသည်။ သူမဟာ မျက်စိအမြင်အာရုံ မကောင်းသူ တစ်ယောက် ဖြစ်ပြီး နှစ်ပေါင်း ၇၀ ပေါင်းသင်းလာသည့် လင်ယောက်ျား မကြာသေးခင်က ဆုံးပါးသွားပြီး သည့်နောက် ယခုကဲ့သို့ ပြောင်းရွှေ့ နေထိုင်ရန် လိုအပ် လာခြင်းကြောင့် ဖြစ်ပါသည်။


ဘိုးဘွားရိပ်သာ ဧည့်ခန်းတွင် နာရီပေါင်းကြာအောင် စိတ်ရှည် သည်းခံ စောင့်ဆိုင်းပြီးသည့်နောက် သူမ၏ အခန်း အဆင်သင့်ဖြစ်ကြောင်း လာပြောသည့်အခါ ချိုမြသော အပြုံးတစ်ခုဖြင့် တုံ့ပြန်ခဲ့ပါသည်။ ကျင့်သားရနေပုံနှင့် သူမ၏ လမ်းလျှောက် တုတ် အကူအညီနှင့် ဓါတ်လှေကားသို့ လျှောက်လာကြစဉ် လိုက်ပို့သူ အမျိုးသမီးက သူမ၏ အခန်းကျဉ်းလေး အကြောင်း ရှင်းလင်း ပြောပြပါသည်။ သူမ အခန်း ပြတင်းပေါက်မှ ခန်းစည်းများ ချထားပုံ စသည့် မြင်ကွင်းတစ်ချို့ကို ပြောသည့်အခါ သူမက “ကျွန်မ သဘောကျတယ်” ဟု ရှစ်နှစ်အရွယ် ကလေးတစ်ယောက် ခွေးအသစ်ကလေး တစ်ကောင် လက်ဆောင်ရသည့် အခါ ပြောသည့် အသံမျိုးနှင့် စိတ်အားတက်ကြွစွာ ပြောပါ သည်။ 


“မစ္စက်ဂျုံး ရှင့် အခန်းကိုမှ မမြင်ရသေးပါပဲနဲ့ နေပါဦး”

“အဲဒါနဲ့ ပတ်သက်ပြီး တစ်ခုခု ရှိတာမှ မဟုတ်ပဲ၊ ပျော်ရွှင်မှု ဆိုတာ ကြိုပြီး ဆုံးဖြတ်လို့ ရတဲ့ အရာပဲ၊ ကျွန်မ အခန်းကို ကြိုက်မကြိုက် ဆိုတာ ပရိဘောဂတွေ ဘယ်လို နေရာချထားတယ် ဆိုတာ အပေါ် မမူတည်ဘူး၊ ကျွန်မ စိတ်ကို ဘယ်လို ပြင်ဆင်ထားတယ် ဆိုတဲ့ အပေါ်ပဲ မူတည်တယ်လေ၊ ကျွန်မက ဒါကို ကြိုက်ဖို့ ကြိုတင် ဆုံးဖြတ် ထားပြီးသားပါ။ ကျွန်မ မနက်တိုင်း အိပ်ရာထတဲ့ အချိန်မှာ ဆုံးဖြတ်ချက် တစ်ခု ချလေ့ ရှိတယ်။ ကျွန်မမှာ ရွေးချယ်စရာ တစ်ခု ရှိတယ်၊ အမြဲ ရှိနေမှာ မဟုတ်တဲ့ ဒီ ခန္ဓာကိုယ်ကြီး ရဲ့ အစိတ်အပိုင်းတွေနဲ့ ပတ်သက်ပြီး ပြန်ပြော ငြီးတွားပြီး အိပ်ရာထဲမှာ အချိန်ဖြုန်းနိုင်တယ်၊ ဒါမှ မဟုတ် အိပ်ရာက ထလာခွင့်ရတဲ့အတွက် ကျေးဇူး တင်စိတ်နဲ့လည်း အချိန်ဖြုန်းနိုင်တယ်၊ နေ့ရက်တိုင်းဟာ လက်ဆောင်တစ်ခုပဲ၊ ကျွန်မ မျက်စိတွေ ဖွင့်လာနိုင်သမျှ ပျော်ရွှင်စရာ အမှတ်တရတွေ အားလုံးနဲ့ နေ့ သစ်တစ်ရက်ကို အာရုံစိုက်မှာပါ၊ ကျွန်မ ဘဝရဲ့ ဒီအချိန် အခိုက် အတန့် လေးကိုပဲပေါ့။” ဟု သူမက ပြန်ပြောပါသည်။ 


“အသက်ကြီးလာတယ် ဆိုတာ ဘဏ်အကောင့် တစ်ခုလိုပဲလေ၊ ရှင် သွင်းထားတာတွေကို ပြန်ထုတ်လို့ရတယ်။ အဲဒီတော့ ကျွန်မ အကြံပေးချင်တာက အမှတ်တရ ဘဏ်ထဲမှာ ပျော်စရာ အမှတ်တရတွေ အများကြီး သွင်းထား ဖို့ပါပဲ၊ ကျွန်မရဲ့ အမှတ်တရ ဘဏ်မှာ ဖြည့်ဖို့အတွက် ရှင်နဲ့ ပတ်သက်တဲ့ အပိုင်းအတွက်လည်း ကျေးဇူးပဲ၊ ကျွန်မကတော့ ခုထက်ထိ ဖြည့်နေတုန်းပါပဲ” ဟု သူမက ဆက်လက် ရှင်းပြသည်။


သူမက အပြုံးတစ်ခုနှင့် ပြောခဲ့သည်မှာ…

“ပျော်ရွှင်ဖို့အတွက် ရိုးစင်းတဲ့ နည်းလမ်း ငါးခုကိုပဲ မှတ်ထားပါ၊

၁။ ရှင့် အသည်းနှလုံးကို မနှစ်မြို့ခြင်းတွေထဲကနေ လွတ်ကင်းပါစေ။

၂။ ရှင့် စိတ်နှလုံးကို စိုးရိမ်ပူပန် ကြောင့်ကြခြင်းတွေကနေ လွတ်ကင်းပါစေ။

၃။ ရိုးစင်းစွာ နေထိုင်ပါ။

၎။ များများပေးပါ။

၅။ နည်းနည်းပဲ မျှော်လင့်ပါ။


Each day is a gift ကို ပြန်ဆိုပါသည်။

သိင်္ဂါကျော်

http://theingara.blogspot.com/2014/09/blog-post.html
 



ဟာသတိုလေးများနဲံ ရီလိုက်ရအောင်

   
 
သေပြီဆရာ
__________________________________
တစ်နေ့တစ်၌ ယောက်ျားပျိုတစ်ယောက်သည် သူ၏ညာဘက်တင်ပါးအပြင်တွင် စိမ်းနေ၍ ဆရာဝန်သွားပြ၏။
ဆရာဝန် မှစစ်ဆေးပြီးနောက်…….
“ မတတ်နိုင်ဘူးငါ့ညီရာ ခွဲထုတ်လိုက်ပါတော့ ”
ယောက်ကျားပျိုလည်းမတတ်သာအဆုံးခွဲထုတ်လိုက်ရသည်။
တစ်လကြာပြီးနောက်ဘယ်ဘက်တစ်ခြမ်းထပ်စိမ်းလေသည်။ဆရာဝန်ထံ ထပ်သွားပြသည်။
…ဝမ်းနည်းစွာနဲ့ပဲ ထပ်ခွဲထုတ်ခိုင်းသဖြင့် ခွဲထုတ်လိုက်ရသည်။
နောက်တစ်လခန့်….ကြာသော်….. အမျိုးသား အင်္ဂါ ပါထပ်စိမ်းလာသောအခါ ဆရာဝန်ထံသို့….ထပ်သွားပြသည်။ ဆရာဝန်က……
“အသက်အန္တရယ်မစိုးရိမ် ရအောင် ဖြတ်လိုက်ပါ ” ဆိုသဖြင့်…..
ယောက်ျားပျိုလဲ ယူကျုံးမရဖြစ်ကာ နောက်ဆုံးလှီး ဖြတ်ထုတ်လိုက်ရတော့သည် ။
ဖြတ်ထုတ်ပီး…. နောက်ထပ်တစ်ပတ်ခန့် တွင်မူ သူ့ ပေါင်ခြံ တစ်ပြင် လုံးစိမ်းလာပြန်လေ၏။
ထိုသူလည်း အလန့်တကြားဖြင့်ထိုဆရာဝန်ကိုပင်သွားပြန်ပြသည်။
ထိုအခါ ဆရာဝန်က ထပ်မံ သေချာ စစ်ဆေး၏။..ထို့နောက်….ဖြေးဖြေးချင်း ပြောလိုက်တာကတော့….
“အတွင်းခံသာ လဲလိုက်ပေ တော့ငါ့ညီ…..
လက်စသတ်တော့ ငါ့ညီအတွင်းခံက အရောင် တွေ ကျွတ်..ကျွတ်နေတာကို ထင်တော့ထင်သား..”
“ဗျာ”
__________________________________________

တခါတုန်းက လူတ‍ယောက်က အန္တရာယ်ကင်းတယ် အစွမ်းထက်တယ်ဆိုတဲ့ နတ်ရုပ်က‍လေးကို လည်ပင်းမှာ ဆွဲထားတာ‍ပေါ့,,
ဒါ‍ပေမယ့် တ‍နေ့မှာ သူဟာ ဆိုင်ကယ်‍မှောက်ပီး ‍သေဆုံးသွားတယ် ,,
သူ‍သေသွားပီ ၀ိဥာည်ဘ၀မှာအဲဒီနတ်နဲ့သွား‍တွေ့တယ် ,,
ခင်ဗျားက ကျုပ်ကို‍စောင့်‍ရှောက်မယ်ဆို ခု‍တော့ ကျုပ်မှာဆိုင်ကယ်‍မှောက်ပီး‍သေရပီ။
, ,,နတ်က ‍ပြန်‍မေးတယ်,,
မင်းက ဆိုင်ကယ်ကို ဘယ်နှကီလို‍မောင်းတာလဲ,,,
,“ကီလို 120 နဲ့‍မောင်းတာ‍လေ,,”
,“‍အေး ငါက ကီလို 80 မှာတင် ဆင်း‍နေခဲ့တာကွ,,,
____________________________________________

လူတယောက်သည် ကားကို သတ်မှတ်အရှိန်ထက် ကျော်လွန်၍ မောင်းနှင်နေရာ ယာဉ်ထိန်းရဲက နောက်မှ မှီလာ၍ မတတ်သာသောကြောင့် လမ်းဘေးချပြီး ကားရပ်လိုက်ရလေ၏။
ယာဉ်ထိန်းရဲ ။ ။ ဘယ်လိုအကြောင်းကြောင့်များ ဒါလောက်အရှိန်မြှင့် မောင်းရတာလဲဗျ။ အန္တရာယ် ဘယ်လောက်ကြီးတယ်ဆိုတာ မသိဘူးလား။
ကားသမား။ ။ဟုတ်ကဲ့၊ ဆရာ။ ဒါဟာ ကျနော့အတွက်သေရေးရှင်ရေး ဖြစ်နေလို့ပါ။ အခုလောလောဆယ် ကျနော့အခန်းထဲမှာ
အဝတ်အစားမပါ၊ ဗလာကျင်းနဲ့ မိန်းကလေးတယောက် ကျနော့ကို စောင့်နေလို့ပါ။
ယာဉ်ထိန်းရဲ ။ ။ (ရယ်မောလျက်) ဒါလားဗျ သေရေးရှင်ရေးလား။?
ကားသမား ။ ။ ဟုတ်၊ ကျနော် အိမ်ပြန်မရောက်ခင် ကျနော့မိန်းမသာ အရင်ရောက်သွားရင်တော့ ပွဲချင်းပြီးဘဲဗျို့။။
________________________________________

မိမိကိုယ်မိမိ သတ်သေရန် ဆုံးဖြတ်ထားပုံရသည့် လူတစ်ယောက် တိုက်၏ ခေါင်မိုးပေါ်မှ ခုန်ချရန်ပြင်နေသည်။
အောက်မှလူအုပ်သည် အပေါ် စိုးရိမ်စွာ မော့ကြည့်နေကြသည်။
ခုံချနိုးနှင့် အချိန်ကြာလာသဖြင့်
ကြည့်နေသူ မိန်းမတစ်ယောက်က ဘေးလူကိုပြောသည်။
“ဘုရား.. ဘုရား၊ နောက်ငါးမိနစ် အတွင်းသာ သူမခုန်ချရင်တော့ ကျွန်မ ရုံးနောက်ကျ
ပြီး လူကြီးအဆူခံရမှာ သေချာပြီ”
_________________________________________

အဘိုးကြီးတစ်ဦး ဟောင်ဖွာဟောင်ဖွာဖြင့်အော်နေသည်။
“ဘာအရည်အချင်းမှမရှိပဲ ထိုင်ခုံပေါ်တက်ထိုင်နေတယ်၊ ထိုင်နေတာလဲ
ဘယ်လောက်တောင်ကြာနေပြီလဲ။ အလကားလူ၊ ကိုယ့်ဘာသာဘာကိုမှလဲ မဆုံးဖြတ်ဘူး။နောက်လိုက်တွေရှိနေပြီး နောက်လိုက်ကောင်တွေကလဲ အလကားကောင်တွေပဲ´´
ထိုစဉ် အဆိုပါအဘိုးကြီးနား မာဖီ(အရပ်ဝတ်ဖြင့်) ရဲသားနှစ်ဦးကပ်လာပြီး
အဘိုးကြီးကိုမေးသည်။
“အဘိုးကြီး ခင်ဗျားဘယ်သူ့ကိုပြောနေတာလဲ´´
“ဘယ်သူဖြစ်ရမလဲ ဒီလိုင်းကားမောင်းတဲ့ဒရိုင်ဘာကိုပြောတာပေါ့´´
ရဲသားနှစ်ဦး ပြန်လှည့်ထွက်သွားသည်။
မကြာမီ ခုနကအဘိုးကြီး ကမျောကသောဖြင့် ရဲနှစ်ဦးနောက်သို့ လိုက်လာပြီး အမောတကော မေးသည်။
“မောင်ရင်တို့က ဘယ်သူ့ကိုပြောတယ် ထင်လို့လဲဟင်´
____________________________________________________

ဆံသဆိုင်ထဲကို လူငယ်တစ်ယောက် ဝင်လာတယ်။
ဆိုင်ရှင်က မေးတယ်… …
“ဆံပင်ညှပ်မှာလား မောင်လေး”
“ဟုတ်ကဲ့…”
“ဒါဆို လာထိုင်၊ ဘယ်ပုံညှပ်မှာလဲ”
“ညာဘက်ခြမ်းကို တိုတို၊ ဘယ်ဘက်ခြမ်းကို ခပ်ရှည်ရှည်၊ နောက်က အပြောင်ရိတ်ပြီး ရှေ့ကဆံပင်ကို ကွက်တိကွက်ကြား ညှပ်ပေး”
“ဘုရားရေ… အဲလိုပုံမျိုး ဘယ်မှာများ တွေ့လာသတုန်း၊ အံ့သြဘကွယ်”
” ပြီးခဲ့တဲ့လက ခင်ဗျားပဲ အဲလိုညှပ်လိုက်ပြီးတော့များ


ခင်ပွန်းရဲ့ မေတ္တာကို ထာဝရ ရရှိပိုင်ဆိုင်စေဖို့ နည်းလမ်း (၇) သွယ်

 
လူဆိုတာ ဘယ်အရာကိုဖြစ်စေ ကြာလေ ရိုးအီလေ ငြီးငွေ့လာလေပါပဲ။ ပစ္စည်းတစ်ခုခုကို အရမ်းကြိုက်နှစ်သက်လို့ မဖြစ်မနေ၀ယ်ခဲ့တာတောင် မကြာခင်မှာပဲ ရိုးအီသွားတတ်တယ် မဟုတ်လား။ သဘောသဘာဝချင်း မတူညီတဲ့ လူတစ်ဦးတစ်ယောက်အပေါ်မှာ အချိန်ကြာလာတဲ့ အခါ ရိုးအီငြီးငွေ့ လာတတ်ကြတာ သဘာဝပါပဲ။
 

ခင်ပွန်းသည်ရဲ့ ဂရုစိုက်မှုကို ပြန်လည်ရရှိလိုတဲ့ အိမ်ထောင်သည်အမျိုးသမီးများအနေနဲ့ လုပ်ဆောင်ရမယ့် အချက် (၇) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
 
 
(၁) တကိုယ်ရည် သန့်ရှင်းမှု ရှိပါ
 

ခင်ပွန်းဆိုတာ မိသားစုဝင်တစ်ဦးအနေနဲ့ အတူနေထိုင်တာ ကြာလာတဲ့အခါ ကိုယ်က သိပ်ကြီး သန့်ရှင်းလှပနေဖို့မလိုပဲ ဘိုသီဘတ်သီဖြစ်နေရင်တောင် ချစ်မယ်လို့ ထင်တတ်ကြပါတယ်။ ရေမွှေးမသုံးပဲ အပြင်ထွက်ရင်လည်း ရတယ်လို့ထင်ကြပါတယ်။ တကယ်တော့ သူတို့က အချစ်မပျက်တာမှန်ပေမဲ့ ဆွဲဆောင်မှုမရှိတော့တာလည်း အမှန်ပါပဲ။
 

စတင်တွေ့ဆုံခဲ့ကြတုန်းက ဘယ်လိုဆွဲဆောင်ခဲ့လဲ မိမိကိုယ်ကို ပြန်ဆန်း စစ်ကြည့်နော်။ ရေမိုးချိုး ဂျီးပြောင်နေအောင် တွန်းပြီး ရေမွှေးတွေလည်း တအားဆွတ်ထားခဲ့တယ်မလား။ ကိုယ့်ခင်ပွန်းက ကိုယ့်ကို မြတ်နိုးလို့ တစ်သက်လုံးတူတူနေဖို့ထိတောင် ဆုံးဖြတ်ခဲ့တာ သူ့ကို ဆွဲဆောင်နိုင်ဖို့ ကြိုးစားသင့်တယ်လေ။ ဒီတော့ ရေပုံမှန်ချိုး၊ သွားမှန်မှန်တိုက်ပြီး အမွှေးနံ့သာလေးသုံး ရေမွှေးလေး ဆွတ်ကြနော်။ ဒါလည်း ခင်ပွန်းရဲ့ ပိုက်ဆံနဲ့ ၀ယ်လို့ရတာပဲလေ။
 

ဒီလိုလုပ်ရင် ခင်ပွန်းရဲ့ ပိုမိုဂရုစိုက်မြတ်နိုးမှုကို ရလာရုံတင်မဟုတ်ပဲ မိမိကိုယ်ကိုလည်း ပိုမိုကျေနပ်ပျော်ရွှင်လာ မှာပါ။ သူများတွေက လှတယ်လို့ ချီးကျူးရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာပြီး ပျော်တာပဲ မလား။ မွှေးပျံ့ တဲ့ရနံ့ဟာ လူကို စိတ်ကြည်နူးစေလို့ ရေမွှေးလေးတွေ သုံးလိုက်ကြပါစို့နော်။
 
 (၂) လှလှလေး ၀တ်ပါ


တကယ်တမ်းဝန်ခံရရင် ကျမကိုယ်တိုင်လည်း ပွယောင်းယောင်းအ၀တ်အစား ကို ကြိုက်တာပေါ့။ သက်တောင့်သက်သာရှိတယ်လေ။ ဂါဝန်တိုကျပ် ကျပ်လေးနဲ့ ဒေါက်မြင့်ဖိနပ်အစား ဘောင်းဘီတိုနဲ့ တီရှပ်ဝတ်ချင်တာပေါ့။ ဒါပေမဲ့ ၀တုတ်တုတ်ပုံစံဖြစ်နေတာ သိပ်တော့မကောင်းဘူးလေ။ ခင်ပွန်းသည်က အဲဒီသဘာဝအလှလေးကို သဘောကျနေရင်တောင် အပြောင်းအလဲအဖြစ် လှလှပပလေးတော့ မြင်ချင်မှာပေါ့။ ရှင်တို့ရဲ့ အ၀တ်ဘီရိုထဲမှာ ဆွဲဆောင်မှု အပြည့်ရှိတဲ့ ကိုယ်ကျပ်ဂါဝန်တစ် ထည်လောက် တော့ ရှိကိုရှိမှာပါ။ ပွဲရှိရှိ မရှိရှိ လှလှပပလေး
ခဏခဏတော့ ၀တ်ပေးပေါ့။ ခင်ပွန်းသည်က တအံ့တသြနဲ့ ကြည့်မ၀ဖြစ်နေရင် ရှင်လည်း ပျော်မှာပဲလေ။



(၃) နှုတ်ခမ်းနဲ့ မျက်လုံးကို ဂရုစိုက်ပါ


နှုတ်ခမ်းနီ သို့မဟုတ် နှုတ်ခမ်းဆီ တစ်ခုခု လက်ကိုင်အိတ်ထဲ အမြဲထည့်ထား ပါ။ Eye Liner လည်းမရှိမဖြစ် အိတ်ထဲတည့်ထားဖို့ လိုအပ်ပါတယ်။ ဘယ်အချိန်အရေးပေါ်လိုမယ်မှန်း မသိနိုင်ဘူးလေ။ နှုတ်ခမ်းနီ၊ eyeliner နဲ့ မျက်တောင်ကော့ဆေးထည့်ထားတဲ့ အိတ်က အရေးအကြီးဆုံးလို့ မိန်းကလေးတော်တော်များများ ယူဆသင့်ပါတယ်။ နှုတ်ခမ်းလေး ရွှန်းစိုနေပြီး မျက်လုံးထင်းနေရင် တကယ့်ကို လှသွားနိုင်လို့ ပါးနီတွေ၊ မိတ်ကပ်တွေထက် ပိုအရေးကြီးပါတယ်။



(၄) ခန္ဓာကိုယ်အလှအပကို ထိန်းသိမ်းပါ


အလှပြင်ခန်းမကို သွားပြီး တကိုယ်လုံးပေါင်းတင်တာကို ခဏခဏလုပ်ရမယ် လို့ မဆိုလိုပါဘူး။ အိမ်မှာပဲ လွယ်လွယ်လုပ်လို့ရမယ့်နည်းတွေရှိပါတယ်။ လက်သည်းခြေသည်းလေးတွေကို အမြဲဂရုစိုက်ပါ။ လက်သည်း ဆိုးဆေး ပျက်နေတာ၊ ဂျီးတွေဝင်နေတာဟာ အရမ်းကိုရုပ်ဆိုးပါတယ်။ လက်သည်းခြေ သည်းပြုပြင်ဖို့ အလှပြင်ဆိုင်သွားဖို့ မတတ်နိုင်ရင်တောင် ကိုယ့်ဘာသာ အိမ်မှာ လုပ်လို့ရပါတယ်။ အနီရောင်လက်သည်းနီဟာ ချစ်မေတ္တာကို ကိုယ်စားပြုလို့ အနီရောင်ကို ရွေးချယ်သင့်ပါတယ်။ ခြေထောက်ကိုလည်း အမွှေးရိပ်လိုက်ပါ။



(၅) အတင်းတိုက်တွန်းတာမျိုးကို ရှောင်ပါ


ပြောရတာထက် လုပ်ရတာ ပိုခက်တာ လူတိုင်းအသိပါ။ ဒီတော့ ရှင်ပြောတဲ့အရာကို ခင်ပွန်းက မလုပ်သေးရင် ဘာမှမပြောသေးပဲ ဘယ်လိုနူးညံ့စွာပြောနိုင်မလဲ အရင်စဉ်းစားပါ။ တကယ့်ကို အလုပ်ဖြစ်တဲ့နည်းလမ်းလေးပါ။ ယောက်ျားတွေဟာ အလိုဆန္ဒသိပ်မများပေမဲ့ ခဏခဏ နားပူအောင်ပြောတာမျိုးကိုတော့မခံနိုင်ကြပါဘူး။ ဇနီးကောင်းတစ်ယောက်ဖြစ်ချင်ရင်တော့ ခင်ပွန်းကို အပြစ်တင်ဝေဖန်မှုတွေနဲ့ မဆက်ဆံသင့်ပါဘူး။



“ရန်ပဲဖြစ်ချင်နေတဲ့ ဇနီးတစ်ယောက်နဲ့ နေမယ့်အစား လမ်းဘေးမှာပဲနေတာ ပိုကောင်းတယ်” ဆိုတဲ့ စကားပုံတစ်ခုရှိပါတယ်။ ခင်ပွန်းကို အတင်း ထိန်းချုပ် ပြုပြင်ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ပြောင်းလဲစေချင်တာဟာ ဘ၀ကို ပိုကောင်းစေချင်လို့ဖြစ်ကြောင်း အေးအေးဆေးဆေးပြောပြ နိုင်ရင်တော့ ကောင်းပါတယ်။ အတင်းတိုက်တွန်းရုံနဲ့ မပြောင်းလဲနိုင်သလို ပြောင်းလဲခဲ့ရင်လည်း ခဏပါပဲ။ အေးဆေးနူးညံ့တဲ့ ဇနီးကောင်းမှသာ ခင်ပွန်းကို ပြောင်းလဲကောင်းမွန်လာစေတာပါ။



(၆)မိမိကိုယ်ကို ယုံကြည်မှုရှိပါ


မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းဟာ အလှဆုံးပဲလို့ပြောလေ့ရှိကြပါတယ်။ တကယ်လည်းအမှန်ပါပဲ။ ကိုယ့်ခင်ပွန်းတောင်မှ ကိုယ့်ရဲ့ ယုံကြည်မှုပြည့်ဝခြင်း ကို သတိပြုမိတတ်ပြီး အိမ်ထောင်ရေး အတွက် လက်တွဲညီသူအဖြစ် ယုံကြည်လာတတ်ပါတယ်။ ကိုယ့်ကိုကိုယ်ရော ခင်ပွန်းကိုပါ ယုံကြည်မှုအပြည့် ထားပါ။ သံသယ၀င်တိုင်း မစွပ်စွဲသင့်ပါဘူး။ ရှင့်ကို ယုံပါတယ်လို့ လွယ်လွယ် လေးပြောလိုက်ရုံနဲ့ ရှင့်ခင်ပွန်းသည်က တကယ်ကို ၀မ်းသာကျေနပ်မှာပါ။ ခင်ပွန်းသည်အကြောင်း ကို သူငယ်ချင်းတွေဆီ မကောင်းမပြောပါနဲ့။ ရှင်က စိတ်ဆိုးတုန်းပြောမိတာဆိုရင်တောင် ရှင့်မိတ်ဆွေတွေက သူ့ကို မကောင်းသူအဖြစ်ပဲမြင်ကြတော့မှာပါ။



ခင်ပွန်းသည်ကို လိုလိုလားလား လက်ထပ်ခဲ့ပြီးမှ တစ်လှေတည်းစီး မိသားစုဝင် အချင်းချင်း မကောင်းပြောတာဟာ သိပ်ကို ၀မ်းနည်းစရာအဖြစ်ပါ။ ယုံကြည်လို့ပဲ လက်ထပ်ခဲ့တာမဟုတ်လား။ သူရဲ့ နဂိုအားနည်းချက်တွေကို အပြစ်တင်ရင်း သူ့ကိုယ်သူ ယုံကြည်မှုမဲ့အောင် မလုပ်ပါနဲ့။ သူလုပ်သမျှ မကောင်းဘူးလို့ဝေဖန်တာ၊ တခြားမိန်းမတွေကို ကြည့်လို့ စိတ်ဆိုးတာတွေဟာ ရှင့်ဘာသာ ယုံကြည်မှုမရှိလို့ဖြစ်ရတာပါ။ ရှင်ကိုယ်တိုင် သူ့အပေါ်ယုံကြည်မှုရှိမှ သူ့မေတ္တာကို ရဖို့ တကယ်သေချာနိုင်မှာပါ။



(၇) နှစ်ကိုယ်တူ ကြည်နူးဖွယ်ကာလတွေ ဖန်တီးပါ


ခင်ပွန်းနဲ့ ဇနီး ခပ်စိမ်းစိမ်းဖြစ်နေရင်တော့ အိမ်ထောင်ရေးမသာယာနိုင်ပါဘူး။ မိန်းမတွေဟာ ယောက်ျားတွေထက် အာရုံပိုများလို့ ခင်ပွန်းအပေါ် ဂရုစိုက်မှုလျော့နိုင်ပါတယ်။ ဒီလိုနဲ့ပဲ ခင်ပွန်းသည်က တခြားမိန်းမဆီ စိတ်ယိုင်သွားရင်တော့ သူ့ကိုချည်းပဲ အပြစ်တင်ရုံနဲ့ မပြီးတော့ပါဘူး။ ဒီတော့ ခင်ပွန်းရဲ့ ယုယမှုကို ခံယူရင်း သူ့ကိုလည်း ပြန်လည်ယုယဖို့ အချိန်တစ်ခု ရအောင်ဖန်တီးပါ။
လူတိုင်းဟာ အလုပ်များပြီး ပင်ပန်းနွန်းနယ်ကြတာ အမှန်ဆိုပေမဲ့ ဒီအတွက်နဲ့တော့ ချစ်ခင်ကြင်နာ ဖို့ ပျက်ကွက်လို့ မဖြစ်ပါဘူး။ ဒါဟာ သိပ်ကို ဆိုးဝါးတဲ့ ဆင်ခြေပေးမှုပါ။ ခင်ပွန်းသည်က ချစ်မေတ္တာ လိုအပ်နေချိန် လျစ်လျူရှုတာဟာ တကိုယ်ကောင်းဆန်ခြင်းတစ်မျိုးပါပဲ။ သူ့ကို ရှင့်အနားမှာနေရင်း အိမ်အလုပ်တွေ ကူစေချင်ရင်တော့ သူ့ကို ကြင်နာပေးရမှာဖြစ်ပါတယ်။



အနှစ်ချုပ်ပြောရရင်တော့ တခြားအရာတွေထက် ရှင့်ရဲ့အိမ်ထောင်ရေးက ပိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ထောင်ရေးအဆင်မပြေရင် ကွဲကွာကြရင်တော့ အရာအားလုံး တစစီပြိုကွဲတတ်လို့ပါပဲ။ ကလေးတွေရှိနေရင်တောင် နှစ်ယောက်တည်းနေဖို့ အချိန်ကို ဖန်တီးပါ။ ချစ်ချစ်ခင်ခင်နဲ့ ၀ါသနာပါရာ တစ်ခုခု( သီချင်းဆို၊ ပန်းချီဆွဲ စသည်) ကို အတူတူ လုပ်ဆောင်ရင်း အချိန်ကုန်ဆုံးပါ။



ကိုယ့်ခင်ပွန်းကို တကယ်နှစ်သက်လို့ အိမ်ထောင်တစ်ခုပြုခဲ့ပြီးမှ သဘောထားကွဲလွဲတာ နားလည်မှုတွေ ညှိနိုင်းရခက်တာလောက်နဲ့ အနေဝေးကာ စိမ်းမသွားပဲ အိမ်ထောင်သက် ဘယ်လောက်ကြာကြာ လှလှပပပြင်ဆင်ပြီး ချစ်စဖွယ်ကောင်းတဲ့ ဇနီးကောင်းလေးတွေ ဖြစ်ကြစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။
 


စုစည်းတင်ပြသူ – Win Pa Pa San


12 Sept 2014

ကမ္ဘာ့ပထမဆုံးနေစွမ်းအင်သုံးလေယာဉ် မြန်မာ့လေပိုင်နက် အတွင်း ဝင်ရောက်ရပ်နားမည်


ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံးလေယာဉ် ကမ္ဘာပတ်မည့်အစီ အစဉ်တွင် မြန်မာ့လေပိုင်နက်အတွင်း ဝင် ရောက်ပျံသန်း ရပ်နားခွင့်ကို သမ္မတဦးသိန်းစိန် က ခွင့်ပြုလိုက်ကြောင်း သိရသည်။


စက်တင်ဘာ ၅ ရက်က ပြုလုပ်သော သမ္မတဦးသိန်းစိန်နှင့် ဆွစ်ဇာလန်သမ္မတ Burkhalter တို့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် ဆွစ်ဇာလန်နိုင်ငံ၌ တွေ့ဆုံစဉ် ဆွစ်ဇာလန် သမ္မတ၏ တောင်းဆိုမှုအား သမ္မတဦးသိန်းစိန် က ခွင့်ပြုလိုက်ခြင်းဖြစ်သည်။


''မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ် ကထက်စာရင် နိုင်ငံရေးပွင့်လင်းလာမှုက တိုး တက်လာနေပြီ။ ခုတွေ့ဆုံပွဲကစပြီး နောက် ပိုင်း ပုံမှန်တွေ့ဆုံမှုတွေ လုပ်ဖို့ရှိသလို နောက် လာမယ့်အချိန်မှာပဲ Solar Impluse လေ ယာဉ်ဟာ မန္တလေးလေဆိပ်ကို ဆင်းသက်ဖို့ ရှိပါတယ်'' ဟု အဆိုပါတွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။


အဆိုပါပြောကြားချက်ကို သမ္မတဦးသိန်း စိန်ကခွင့်ပြုခဲ့ပြီး လာမည့် ၂ဝ၁၅ ခုနှစ် မတ်လ အတွင်း မြန်မာနိုင်ငံရှိ မန္တလေးလေဆိပ်သို့ ဆင်းသက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။


ဆွစ်ဇာလန်ရှိ ကမ္ဘာ့ပထမဆုံး လောင် စာမလိုဘဲ ပျံသန်းနိုင်သည့် နေစွမ်းအင်သုံး လေယာဉှ်Solar Impluse 2 အား ၁၂ နှစ် ကြာ စမ်းသပ်တီထွင်ပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံတကာလေပိုင်နက်အတွင်း ဖြတ်
သန်းကာ ကမ္ဘာပတ်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါလေယာဉ်အား ၂ဝ၁၄ ဇွန် ၂ ရက် တွင် ဆွစ်ဇာလန်နိုင်ငံအတွင်း စမ်းသပ်မောင်း နှင်ခဲ့ပြီး အဆိုပါ စမ်းသပ်မောင်းနှင်မှုမှာ ကမ္ဘာ့ ပထမဆုံး လောင်စာအသုံးမပြုဘဲ နေစွမ်းအင် ဖြင့်သာ ကမ္ဘာတစ်ပတ် စမ်းသပ်မောင်းနှင် မည့် အကြိုမောင်းနှင်မှုတစ်ရပ်သာဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြပါရှိသည်။

အဆိုပါ လေထုညစ်ညမ်းမှုကို ကာကွယ် နိုင်မည့် နေစွမ်းအင်သုံးလေယာဉ်မှာ လက်ရှိ ကမ္ဘာ့အကြီးဆုံး ဘိုးရင်း ၇၄၇ ထက် ပိုမိုကြီး မားကာ အလေးချိန်မှာ ကားတစ်စီးထက် ပိုမို ပေါ့ပါးကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် မတ်လအတွင်း ကမ္ဘာပတ် မည့်ခရီးစဉ် စတင်မည်ဖြစ်ကာ အာရေဗျပင် လယ်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ် လေပိုင်နက် များအတွင်း ဖြတ်သန်းမောင်းနှင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ မန္တလေးလေဆိပ်တွင် ခေတ္တ ရပ်နားမည်ဖြစ်ကြောင်း သိရသည်။
 
 
 ရန်ကုန်တိုင်းမ်



သမ္မတ ဦးသိန်းစိန် ၂၀၁၅ မှာ အရွေးမခံတော့ဖို့ မန္တလေးမှာ ဆန္ဒပြ (ရုပ်/သံ)


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ဥရောပ ခရီးစဉ်အတွင်းမှာ တိုင်းပြည်အခြေအနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒအပေါ်မူတည်ပြီး ၂၀၁၅ ခုနှစ်မှာ သမ္မတအဖြစ် ရွေးကောက်ခံဖို့ ဆုံးဖြတ်မယ်လို့ ပြောကြားခဲ့တာကို ကန့်ကွက်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု MDCF အဖွဲ့ဝင်တွေက ဒီနေ့ မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။


သမ္မတအနေနဲ့  လက်ရှိတာဝန်ယူထားတဲ့ကာလမှာ ပြည်သူတွေရင်ဆိုင်နေရတဲ့ စားဝတ်နေရေး အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ပျက်ကွက်နေတဲ့အတွက် ကန့်ကွက်တာဖြစ်ကြောင်း MDCF အဖွဲ့ဝင် ကိုသိန်းအောင်မြင့်က ပြောပါတယ်။


"ပြည်သူတွေလည်း ထင်သာမြင်သာပြောဆို ဧရာဝတီမြစ်ဆုံကိုတောင် ပြီးဆုံးအောင် မရပ်နိုင်ဘူးဗျာ၊ သူ့သက်တမ်း တာဝန်ထမ်းဆောင်နေတဲ့ကာလမှာ ရပ်တန့်ထားတဲ့အနေအထား ဖျက်သိမ်းလိုက်တဲ့ အနေအထားတွေကိုတောင် မဆောင်ရွက်နိုင်ဘူး၊ အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေး အနေအထားတွေ၊ လက်ရှိအလုပ်အကိုင်ရှားပါးတဲ့ ပြဿနာတွေ၊ မြေယာကိစ္စတွေပေါ့နော်၊ အားလုံးမြင်တွေ့နေတယ်၊ မြေယာကိစ္စတွေလည်းမဖြေရှင်းဘူး၊ အဲ့ဒီတော့ အဲ့ကိစ္စတွေကို မဖြေရှင်းပဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန်ကို တန်းပြီးတော့မျှော်မှန်းတယ်ဆိုတာဟာ တော်တော်စိတ်လည်းမကောင်းပါဘူး၊ ယနေ့ လက်တလောဖြေရှင်းရမယ့် ဒီကိစ္စတွေကို ဖြေရှင်းပြီးမှသာလျှင် နောက်အနာဂတ်ကို မျှော်မှန်းသင့်ပါတယ်"


ဆန္ဒပြပွဲမှာ တောင်သူလယ်သမားနဲ့ အလုပ်သမားအရေး ကူညီသူများအဖွဲ့နဲ့ MDCF က အဖွဲ့ဝင် ၁၄ ယောက် ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက လယ်ယာမြေပြဿနာ၊ အခြေခံလုပ်ခလစာ ပြဿနာကိုလည်း ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။


 
RFA Burmese

ဓမ္မစေတီ ခေါင်းလောင်း ရန်ကုန်မြစ်ထဲ မရှိကြောင်း သမိုင်းသုတေသီတွေပြော (ရုပ်/သံ)


ဓမ္မစေတီ ခေါင်းလောင်းကြီး ရန်ကုန်မြစ်ထဲ မရှိဘူးလို့ သမိုင်းပညာရှင်တွေနဲ့ သမိုင်းသုတေသီတွေက ထုတ်ဖေါ် ပြောဆိုလိုက်ပါတယ်။

 

DVB TV

မအိုဆေး...




အရက်ကို မအိုဆေးဟူ၍ သုံးနှုန်းပြီး ရေးထားတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်ဖူးပါသည်။ ရုတ်တရက် ဘယ်လိုပါလိမ့်ဆိုပြီး နားမလည်သလို ဖြစ်သွားပါသည်။ ဆုံးအောင် ဖတ်လိုက်မှပဲ သဘောပေါက် သွားပါသည်။ ဆိုလိုတာကတော့ အရက်ကို စွဲစွဲမြဲမြဲသောက်တဲ့ သူဟာ မအိုလိုက်ရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရလို့ အရက်ကို မအိုဆေးလို့ တင်စားခေါ်တာ ဖြစ်လေသည်။ အရက် အလွန်အကျွံ သောက်ပြီး တွေ့ရာအိပ်လို့ လေဖြတ်သွား တာတွေ၊ အသည်း ကင်ဆာဖြစ်တာတွေ၊ အသည်းမှာ ဆန်ခါပေါက်ဖြစ်ပြီး အသက်ငယ်ငယ် ရွယ်ရွယ် လေးဆယ်ကျော် ငါးဆယ်လောက်တွေမှာ သေကုန်ကြတာ။ ဒါ့ကြောင့် အရက်ကို မအိုဆေးလို့ခေါ်တာ ဖြစ်လေသည်။


ကျွန်တော်တို့ ရပ်ကွက်လမ်းထိပ်မှာ အရက်ဖြူဆိုင်လို့ ရေးထားတဲ့ ဆိုင်းဘုတ်လေးနဲ့ အရက်ဆိုင်တစ်ဆိုင် ရှိပါ သည်။ ဆိုင်ရှေ့ကနေ ဖြတ်သွားတိုင်း ဆိုင်ထဲမှာ အမြဲတမ်းလိုလို လူတွေစည်ကားနေတာ တွေ့ရသည်။ အရက် ဆိုင်ထဲကို ၀င်သွားတဲ့သူတွေ ဆိုင်ထဲက ထွက်လာတဲ့သူတွေကို ကြည့်လိုက်တော့ လက်လုပ်လက်စား ဆင်းရဲသား လူတန်းစားတွေပဲ ဖြစ်သည်။ မျက်နှာတွေက ဖောသွပ်သွပ်ပုံစံတွေနဲ့ လူတွေက တုန်တုန်ချည့်ချည့်ပုံစံ၊ ငေးငေးငိုင်ငိုင်ပုံစံတွေ ဖြစ်နေသည်။ အရက်ကို အကြောင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ သောက်ကြသည်။ တချို့က စီးပွားရေး အဆင်မပြေလို့ သောက်သည်၊ စိတ်ညစ်လို့ သောက်သည်။ တချို့က အောင်မြင်လို့သောက်သည်၊ ပျော်လို့သောက်သည်။ တချို့က မသောက်ရမနေနိုင်လို့သောက်သည်။ အပေါင်းအသင်းကောင်းလို့သောက်သည်။


အရက်သမားတွေက ပုံစံအမျိုးမျိုးနဲ့ဖြစ်သည်။ တချို့က သောက်ပြီးတော့ သွေးဆူသည်။ တချို့က စကားများသည်။ ရမ်းတတ်သေးသည်။ ပြဿနာရှာသည်။ မိသားစုတစ်ခုမှာဆိုရင် အိမ်ထောင်ဦးစီးက အရက်သောက်လာလို့ကတော့ မိသားစုအားလုံး စိတ်ညစ်ရသည်။ စကားပြောလို့ဆိုလို့ မကောင်းတော့။ အရက်သမားတစ်ယောက်၏ ဆိုးကျိုးသည် သူကိုယ်တိုင်သာမက သူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း သူ့သားသမီးအထိပါ ရိုက်ခတ်နိုင်လေသည်။ အရက်မူးနေလို့ကတော့ မကောင်းမှုလုပ်ရမှာ မကြောက်တော့။ ဘာမဆို လုပ်ရဲကိုင်ရဲဖြစ်လာသည်။ ဒါ့ကြောင့် မကောင်းမှုလုပ်တဲ့နေရာမှာ အရက်ကိုရဲဆေးအဖြစ် သောက်ကြသည်။


မြန်မာနိုင်ငံတွင် အရက်သောက်သုံးခြင်း အပါအ၀င် အခြားသော အကြောင်းအမျိုးမျိုးကြောင့် နှစ်စဉ်လူဦးရေ ၁၅၀၀ ခန့် မိမိကိုယ်မိမိ အဆုံးစီရင်မှုများ ရှိနေပြီး၊ ယခု ၂၀၁၄ ခုနှစ် ပထမခြောက်လအတွင်း၌ မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ သူဦးရေ ၉၀၀ ခန့်ရှိကြောင်း စစ်တမ်းတစ်ခုက ဆိုပါသည်။ မိမိကိုယ်မိမိ အဆုံးစီရင်သူအများစုဟာ စိတ်ကျရောဂါ ဖြစ်နေသူများ ဖြစ်သည်။ စိတ်ကျရောဂါဖြစ်နေသူများထဲမှ အရက်ကြောင့်ဖြစ်တဲ့ စိတ်ကျရောဂါဝေဒနာရှင်တွေက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေက အများဆုံးဖြစ်သည်ဟု ဆိုပါသည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများအရ ကမ္ဘာ့လူဦးရေ သန်း ၂၀၀၀ ကျော်သည် အရက်ကို စွဲစွဲမြဲမြဲ သောက်သုံး ကြကြောင်း၊ သန်း ၈၀ နီးပါးသည် အရက်၊ ယမကာကြောင့်ဖြစ်သည့် နာမကျန်းမှုများ ဖြစ်နေကြောင်းနှင့် အသက် ၁၅ နှစ်အထက် လူတစ်ဦးသည် တစ်နှစ်လျှင် အရက် ၆ ဒသမ ၂ လီတာသောက်ပြီး အရက်ကို စွဲစွဲမြဲမြဲ သောက် သုံးသူများထဲမှ ၂၅ ရာခိုင်နှုန်းသည် တရားမ၀င်ရောင်းချသောအရက်ကို သောက်သုံးနေကြကြောင်း သတင်းတစ်ခု က ဆိုပါသည်။


အရက်သောက်သည့်အခါ တစ်ကြိမ်တစ်ခါ များများသောက်လျှင်ပင် အရက်သောက်သည်ဟု သတ်မှတ်ထားပြီး တစ်ပတ်အတွင်း အနည်းဆုံးတစ်ကြိမ်အဖြစ် အီသနော အရက်ပြန်ပါဝင်မှု ရာခိုင်နှုန်း ၆၀ ရှိသော အရက် သို့မဟုတ် ယမကာအရည် တစ်ခုခုသောက်ခဲ့လျှင် အရက်သောက်သည်ဟု သတ်မှတ်ထားကြောင်း၊ ထိုကဲ့သို့ အရက်သောက်သူများသည် အမေရိကန်၊ အာဖရိက၊ ဥရောပတိုက်ရှိ နိုင်ငံများတွင် လူဦးရေ၏ ရာခိုင်နှုန်း ၃၀ အထက်တွင်ရှိနေပြီး မြန်မာနိုင်ငံတွင်မူ လူဦးရေ၏ ရာခိုင်နှုန်း ၂၀ ခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်းနှင့် ထိုကဲ့သို့ သောက်သုံးသူများသည် မတော်တဆ ထိခိုက်မှု၊ ခိုက်ရန်ဒေါသဖြစ်ပြီး လူကိုပါ ထိခိုက်ဒဏ်ရာရစေမှု အများဆုံးဖြစ်ကြောင်း သိရသည်။


အရက်မသောက်ရ မနေနိုင်သည့် အရက်စွဲရောဂါရှိသူများ အပါအ၀င် အရက်ကို စွဲစွဲမြဲမြဲသောက်သူများသည် အရက်ကြောင့် အစာဝင်သည့်လမ်းကြောင်း အာခံတွင်းမှစ၍ အစာမျိုသည့်ပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမမှအသည်း၊ ကစီအိမ်၊ ကျောက်ကပ် စသည့် အရေးကြီးအစိတ်အပိုင်းများကို အရက်၏အဆိပ်ကြောင့် ပျက်စီးစေကြောင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများသာမက ဦးနှောက်နှင့် အာရုံကြောများကိုပါ ထိခိုက်စေနိုင်ကြောင်း ကျန်းမာရေး စစ်တမ်းများက ဆိုပါသည်။


မြန်မာနိုင်ငံတွင်ဖြစ်ပွားသော လူသတ်မှု၊ ဒုစရိုက်မှု၊ ကားတိုက်မှုစသော မကောင်းမှုပြုလုပ်သူများကို စစ်ဆေးကြည့် လိုက်လျှင် အရက်စသည့် မူးယစ်ဆေးဝါး သုံးစွဲထားသည်ကို တွေ့ရတာများလေသည်။ မြန်မာနိုင်ငံတွင် အမျိုးသား၊ အမျိုးသမီးလူငယ်များတွင် အရက်သောက်သုံးမှုနှုန်း တစ်ရှိန်ထိုးမြင့်တက်လာသည်။ အရက်သောက်သုံးသူများ၏ ရာခိုင်နှုန်း ၇၀ မှာ တရားဝင်တင်သွင်းထားခြင်းမရှိသည့် အရည်အသွေးမမီ အရက်များဖြစ်နေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံ များ၏ အရက်သောက်သုံးမှုနှုန်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် ငါးနှစ်အတွင်းက သုတေသနပြုလုပ်ခဲ့ရာ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် အရက်သောက်သုံးမှုနှုန်းမှာ ယခင်ကထက် ၂၄ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်းနှင့် ယင်းတို့အနက် အရှေ့တောင်အာရှနိုင်ငံများမှာ ၆၈ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ဥရောပနိုင်ငံ အပါအ၀င် အခြားအရက် သောက်သုံးမှုနှုန်း များပြားသည့် နိုင်ငံများထက် နှစ်ဆကျော်မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ထားချက်များအရ သိရ သည်။


မြန်မာနိုင်ငံတွင် ရန်ကုန်၊ တောင်ကြီးနှင့် မော်လမြိုင်မြို့များရှိ အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ ၅၀၀၀ နီးပါးကို သုတေသန ပြုလုပ်ချက်အရ အရက်ဖြူသောက်သုံးမှုမှာ ၄၅ မှ ၇၅ ရာခိုင်နှုန်း၊ ၀ီစကီသောက်သုံးမှုမှာ ၁၀ ရာခိုင်နှုန်း အောက်၊ ရိုးရာခေါင်ရည် သောက်သုံးမှုမှာ ၁၀ ရာခိုင်နှုန်းနီးပါး၊ ဘီယာသောက်သုံးမှုမှာ ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းသုတေသန ပြုလုပ်ချက်များအရ သိရသည်။


ရပ်ကွက်ထဲက ဆင်းရဲသားလူတန်းစားများသည် အမိန့်ရ အရက်ဖြူဆိုင်လေးများမှာ အရည်အသွေးမမီတဲ့ အပေါစား အရက်များကို နှစ်ရာဖိုး၊ သုံးရာဖိုး စသည် သွားသွားသောက်နေကြသူများဖြစ်သည်။ အရက်သည် တန်ဖိုးနည်းပြီး အပေါစားဖြစ်လေ လူကိုဒုက္ခပေးမှု များလေဖြစ်လေသည်။ သူတို့ကိုကြည့်ရတာက အသားအရေ တွေက ပွယောင်းယောင်း၊ မျက်နှာတစ်ခုလုံးက ဖောပြီးနီနေသည်။ လက်ချောင်းတွေက တုန်တုန်ချည့်ချည့်။ ထိုသူတွေ ရှေ့ဆင့်နောက်ဆင့်ဆိုသလို သေကုန်ကြပြီး ဒါကို သင်ခန်းစာယူရကောင်းမှန်း မသိကြ။ အရက်ဆိုင်မှာ လူက စည်ကားမြဲ။ နောက်တက်လူငယ်များကလည်း လက်တည့်စမ်းလို့ကောင်းတုန်းပင်။ အရက်သမား တစ်ယောက် အိုသည်အထိ နေသွားတာ မတွေ့ဖူးသလောက် ရှားသည်။ သူတို့သည် မအိုလိုက်ကြရ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘ၀ပျက်ကြတာ များပါသည်။


အိုသည်အထိ ကျန်းကျန်းမာမာ နေချင်လျှင်တော့ အရက်ဆိုတဲ့ မအိုဆေးကိုတော့ ရှောင်ကြည်နေရပေလိမ့်မည်။ အရက်သောက်သုံးမှု လျော့နည်းသွားပါလျှင် ဒုစရိုက်မှုများလည်း နည်းပါးသွားပေလိမ့်မည်။

(ဆောင်းပါးရှင် - စိုးခိုင်ညိန်း)
 
 
Eleven Media Group


အနုပညာ လမ်းမပေါ်ရောက် ခင်ဝင့်ဝါရဲ့ စိတ်ခံစားချက်

 
 
(ရန်ကုန်၊ စက်တင်ဘာ ၈ )

အနုပညာ လမ်းပေါ် စပြီးရောက်တုန်း က ကိုယ်ပိုင် အချိန်တွေ ဆုံးရှုံးတာ ရှိသလို စိတ်မှာ တစ်မျိုးကြီး ခံစားခဲ့ ရကြောင်း ခင်ဝင့် ဝါက ပြောသည်။


”Miss တစ်ယောက် ဖြစ်တယ်။ အခု အနုပညာတွေ လည်းလုပ်တယ်။ ဒီလောက မှာ ကိုယ်က တဖြည်းဖြည်း သင်ယူပြီး အသား ကျလာပါပြီ။ အခု ဇာတ်ကားတွေ ရိုက်ကူး ရတာရော၊ ပရဟိတ အလုပ်မှာရော တောက် လျှောက်လုပ် လာတဲ့အခါမှာ ကျောင်းတက် ပြီး ပညာသင် ရသလိုပါပဲ” ဟု ခင်ဝင့်ဝါက ပြောသည်။


”အနုပညာလောက မှာ အားကျတဲ့ လူတွေ အများကြီး ရှိတယ်။ ပရဟိတမှာ တော့ ဦးကျော်သူတို့ ဇနီးမောင်နှံကို အား အကျဆုံးပဲ။ ခင်ဝင့်ဝါ အလှူတွေ၊ ပရ ဟိတ တွေမှာ ပါဝင်တာ ပေါ်ပြူလာ ဖြစ်ချင်လို့ မဟုတ်ပါဘူး။ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်မို့ လုပ်လာတာပါ” ဟု ၄င်းက ပြောသည်။


ခင်ဝင့်ဝါက လတ်တလောမှာ ဒါရိုက် တာ ပန်းချီစိုးမိုး ရိုက်ကူးသည့် ‘ကျွန်တော့် ရည်းစား ဘုရား မှာနေသည်’ ဇာတ်သိမ်းပိုင်း ကို ရိုက်ကူးလျက် ရှိပြီး ချောင်းသာတွင် ဇာတ်ကား အသစ် သွားရိုက်မည် ဖြစ်သည်ဟု သိရသည်။


ထူးထူး
 
Popular Journal



11 Sept 2014

ဖုန်း...ဖုန်း...ဖုန်း...တယ်လီဖုန်း

 
တယ်လီဖုန်းဆိုတဲ့ အရာကို အလက်ဇန်းဒါး ဂရေဟမ်ဘဲလ် ဆိုတဲ့သူက စပြီးတီတွင်ခဲ့တယ်။ သူရဲ့နောက်ပိုင်း အခုခေတ် အထိ ဖုန်းကို အမျိုးမျိုးတီထွင် ပြောင်းလဲတိုးတက် လာလိုက် တာ အခုဆို ဖုန်းကနေပြီး အသံတင်မဟုတ် အနံ့တောင် ပို့လွတ်လို့ ရနေပြီဆိုပဲ။


ကျွန်တော့် အနေနဲ့တော့ ဖုန်းဆိုတာကို စစချင်းသိဖူးတာက ငါးနှစ်သားလောက်မှာ အဖေက ပြည်ပရောက်နေတော့ အဖေကို ဆက်သွယ်ဖို့၊ စကားပြောဖို့ ဘေးအိမ် ငါးအိမ်၊ ခြောက်အိမ် ကျော်လောက်မှာ အခပေးပြီး ဖုန်းဆက်ရတယ်။ အမြဲတမ်းလည်း မဆက်နိုင်ဘူး။ တစ်လမှ တစ်ခါလောက် ဆက်နိုင်တာ။ ကျွန်တော်က ငယ်သေးတော့ ဘယ်ကို ဘယ်လိုခေါ်ရတယ်၊ ဖုန်းနံပါတ် ဘယ်လို နှိပ်ရတယ်ဆိုတာ မသိဘူး။ အဖေ့ဆီ ဖုန်းဆက်တဲ့အခါ အဲဒီဖုန်းပိုင်တဲ့အိမ်က အမေ့ကိုတောင် ဖုန်းနံပါတ် နှိပ်ခွင့်မပေးဘူး။ ဆက်သွယ်မယ့် ဖုန်းနံပါတ်ကိုပြပြီး ဖုန်းပိုင်ရှင်က ခေါ်ပေးတယ်။ ဖုန်းခလုတ်တွေ ပျက်မှာစိုးလို့တဲ့။ အဲဒီအချိန်က ဖုန်းဆိုတာ လူကုံထံတွေရဲ့ အဆောင်အယောင်၊ ဓနဥစ္စာရဲ့ ပြယုဂ်၊ ခေတ်မီခြင်းရဲ့ သင်္ကေတ။


နောက်ပိုင်း ကျွန်တော်တို့ ဘေးအိမ် ဆွေရိပ်မျိုးရိပ် မကင်းတဲ့အိမ်မှာ ဖုန်းပါမစ် (ငှားရမ်း အသုံးပြုခွင့်) ရလာတယ်။ ကျွန်တော်လည်း ၆ တန်း ၇ တန်းအရွယ် ရောက်ပြီ။ အဲဒီအချိန်မှာတော့ ဖုန်းကိုနံပါတ် နှိပ်ပြီး ခေါ်တတ်သွားပြီးပေါ့။ ကျောင်းနေဖက် ဖုန်းရှိတဲ့ သူငယ်ချင်းတွေက ကျွန်တော့်ဆီ ဖုန်းဆက်ရင် ကျွန်တော့်မှာ သွားကိုင်ရတာ အမော၊ ဖုန်းဆက်ပြီးပြောတဲ့ အကြောင်းအရာတွေက ကျောင်းပြေးဖို့၊ ရေကူးဖို့၊ ဘောလုံးစုကန်ဖို့ စတဲ့စတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို အဲဒီဖုန်းနဲ့ ပြောကြ ဆိုကြတာပေါ့။ ကျွန်တော် မိဘလူကြီး မပါဘဲ ဖုန်းကိုင်တတ် လာတယ်။ ဘယ်လို ဖုန်းခေါ်ရမလဲ စသိလာပြီ။


နောက် ကျွန်တော် ၁၀ တန်းပြီးတော့ ကျွန်တော့် ကြီးတော်အိမ်မှာ သွားနေရတယ်။ ကြီးတော်အိမ်က ဖုန်းကိုယ်ပိုင် ရှိတဲ့အပြင် ကြိုးမဲ့ဖုန်း (တစ်နည်း ဟန်းဖုန်း) လည်း ရှိတော့ ဒီဖုန်းတွေနဲ့ ပိုပိုပြီး ရင်းနှီးလာတယ်။ ဘယ်လို ဖုန်းခေါ် ရလဲ သိလာတယ်။ ဖုန်းနဲ့ ကောင်မလေးတွေ ကြူလိုက်၊ သူငယ်ချင်းတွေနဲ့ အလွမ်းသယ်လိုက် လုပ်တတ်လာ တယ်။ ဒါပေမဲ့ ဖုန်းဆိုတာ ငါတို့လူငယ်တွေ ကိုယ်ပိုင် ကိုင်စရာ အရာမဟုတ်ဘူးလို့ပဲ ထင်နေတုန်း။


တက္ကသိုလ် ရောက်တော့ ငွေကြေးချမ်းသာတဲ့ သူငယ်ချင်းတွေက ဖုန်းကို အသုံးအဆောင် အဖြစ်ရော၊ အဆင် တန်ဆာ အဖြစ်ရော လည်ပင်းမှာဆွဲပြီး လမ်းသလားကြတယ်။ ဖုန်းတွေက မဲနှိုက်ရတယ်။ ပေါက်ရင် ၁၅ သိန်းပေးပြီး (ငှားရမ်းခွင့်) ပါမစ်ရတယ်။ ပြန်ရောင်းမယ်ဆိုရင် သိန်း ၂၀၊ ၃၀ နဲ့ ရောင်းလို့ရတယ်။ အဲဒီအချိန်က ကျွန်တော့် သူငယ်ချင်းတွေ ပြောတာကတော့ ဖုန်းကို လည်ပင်းမှာဆွဲပြီး လမ်းသလားရင် စော်ကြည်သတဲ့။


နယ်ကနေပြီး ရန်ကုန်မှာ အပြီးနေမယ် ဆုံးဖြတ်ပြီး ရန်ကုန် ရောက်လာတော့ နယ်မှာထက် ရန်ကုန်က သူတွေက ဖုန်းကို ပိုကိုင်ကြတယ်ဆိုတာ တွေ့ရတယ်။ ဟန်းဖုန်း ဆိုတာမျိုးကို ငါတို့လည်း ကိုင်နိုင်မှာပါဆိုပြီး စတွေးမိတယ်။ ဘဝတူ သူငယ်ချင်းတချို့ ဖုန်းတွေ ဝယ်ကြတယ်။ ကျွန်တော်က သူတို့ဖုန်းနဲ့ ကပ်ဆက်တယ်။ တစ်နေ့ ငါလည်း ဖုန်းဝယ်နိုင်ရမယ်လို့ စိတ်ထဲ တေးထားမိတယ်။


နောက်ပိုင်း ကျွန်တော် အခွင့်အခါသင့်လို့ ပြည်ပကို သွားရောက်ခွင့် ရခဲ့တယ်။ ပြည်ပက အိမ်ရှင် သူငယ်ချင်းက ကျွန်တော့်ကို ဖုန်းဝယ်ပေးတယ်။ ကုန်ကျစရိတ်က မြန်မာငွေ သောင်းဂဏန်းပဲ ရှိတယ် (ဟန်းဆက်ပါ အပါအဝင်) ကျွန်တော် တေးထားတဲ့အရာ ဖြစ်လာခဲ့ပြီ။ ကျွန်တော့်ရဲ့ ပထမဆုံး ဟန်းဖုန်းပေါ့။ ပျော်လိုက် ဝမ်းသာလိုက်တဲ့ ဖြစ်ခြင်း။ ဖုန်းကို ကိုင်ရင်းနဲ့ လက်တောင်တုန်တယ်။ အဲဒီ တိုင်းပြည်မှာနေတဲ့ ကျွန်တော် သိသမျှ မြန်မာနိုင်ငံ သားတွေကို အကုန်ဖုန်းဆက်။ ငါဖုန်းရပြီ ဒီဖုန်းကို ခေါ်လို့ရတယ် သိလား၊ ဘာညာ အကြိမ်တစ်သောင်းလောက် ဆက်ပြီး ပြောခဲ့သေးတယ်။ တစ်ခါမှ မကိုင်ဖူးတဲ့ ဖုန်းကို ကိုင်ရလို့လား မသိ။ အပျော်တွေလွန်ပြီး ၃ ပတ်လောက် အကြာမှာ အဲဒီဖုန်းလေး ပျောက်သွားခဲ့တယ်။ အသစ်ပြန်ဝယ်ဖို့ စဉ်းစားပေမယ့် အဲဒီ တိုင်းပြည်ကနေ နောက် တိုင်းပြည်တစ်ခု ကူးရမှာမို့ နောက်ရောက်မယ့် တိုင်းပြည်မှာပဲ ဖုန်းဝယ်ဖို့ စဉ်းစားတယ်။


နောက်ရောက်တဲ့ တိုင်းပြည်မှာ ကျွန်တော် တစ်နှစ်နီးနီး နေရမှာမို့ ဖုန်းဝယ်တယ်။ အဲဒီမှာတော့ ဖုန်းဆင်းမ်ကတ် က ဝယ်ရတာ နည်းနည်း ဇယားနောက်တယ်။ ပတ်စပို့ မိတ္တူပေးရတယ်။ ဈေးကတော့ အရင်တိုင်းပြည်က ဈေးလိုပဲ ချိုမှချို။ မကောင်းတာ တစ်ခုတော့ ရှိတယ်။ သူက ကိုယ်ဝယ်တဲ့ ပြည်နယ်ထဲမှာ ဆက်ရင် ဖုန်းကသက်သာပြီး တခြားပြည်နယ်ကို ရောက်ရင် ဖုန်းခေါ်ဆိုခက ဈေးကြီးမှကြီး။ ဘာပဲပြောပြော ဖုန်းလေးရှိတာ အဆင်ပြေတာ ပေါ့ဗျာ။


ကျွန်တော် ကိုယ့်တိုင်းကိုယ့်ပြည် ပြန်လာတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ပြုပြင်ရေးတွေ စနေပြီတဲ့။ အရင်က ၁၅ သိန်းပေးရတဲ့ ဖုန်းက ငါးသိန်းပဲ ပေးရသတဲ့။ နောက်သိပ်မကြာပါဘူး။ ဖုန်းတွေက ၂ သိန်းနဲ့ (ငှားရမ်းခွင့်) ရပြီတဲ့။ ဘယ်သူဝယ်ဝယ် ၂ သိန်းနဲ့ ရပြီတဲ့။ ပျော်လိုက်တဲ့ ဖြစ်ခြင်း။ လက်ထဲမလည်း ငွေယားလေးရှိတုန်း အပြေးလေး သွားငှားလိုက်တယ်။ ဟန်းဆက်ကလည်း လန်းတယ်။ အရင် ပြည်ပမှာ ကိုင်ခဲ့တဲ့ ခပ်ပိန်းပိန်း ခလုတ်ဖုန်းတွေ မဟုတ်ဘူး။ ဖန်သားပြင်ကို ထိတွေ့ရတဲ့ဖုန်း၊ စက်ရုပ်ဖုန်း၊ အန်းဒရိုက်ဖုန်း။ ဖုန်းနာမည်က ဟွာဝေးဆိုပဲ။ ပေါ့သေးသေးတော့ မဟုတ်ဘူးနော်။


နောက်ဖုန်းတွေ (ငှားရမ်းခွင့်) ၁၅၀၀ ဆိုပဲ။ လူတိုင်းတော့ မရဘူးနော်။ ရပ်ကွက်ထဲမှာ အိမ်ထောင်စုစာရင်း ပုံစံတစ်ဆယ် ရှိသူတိုင်း မဲနှိုက်ခွင့် ရှိသတဲ့။ ကျွန်တော်တို့လို ဧည့်စာရင်းနဲ့ နေတဲ့သူအတွက် ဒီအခွင့်အရေးက မရဘူးပေါ့။ ထေရဝါဒ မြန်မာနိုင်ငံသားတွေ ကံအကြောင်းတရားတွေကို ပိုမိုသိရှိ နားလည်လာဖို့ နိုင်ငံတော်ရဲ့ မဲဖောက်ကံစမ်းတဲ့ အစီအစဉ်ဟာ သိပ်ပြီးတော်တည့် မှန်ကန်လှတာပဲ။ ကျေးဇူးကြီးလှပါတယ် မောင်မင်းကြီးသား တွေရယ်။


အဲဒါတွေပြီးတော့ ပြောင်းလဲရေး ဖြစ်စဉ်ရဲ့ရေချိန်က မြင့်သထက်မြင့် တိုးသထက်တိုးလာပေါ့။ မြန်မာ့ ဆက်သွယ် ရေးက အနစ်နာခံပြီး လုပ်ပေးတဲ့ တယ်လီကွန်မြူနီကေးရှင်း လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် လုပ်မယ်တဲ့။ နိုင်ငံ တကာ ကုမ္ပဏီတွေ လျှောက်ထားကြပါတဲ့။ အဲဒီကျမှ စာထဲ ခဏခဏ သင်ဖူးတဲ့ နိုင်ငံစုံ ကော်ပရေးရှင်း ဆိုတာ ကြီးကို နဖူးတွေ့ဒူးတွေ့ မြင်ဖူးကြားဖူးတော့တယ်။


ဒီလိုလုပ်ပိုင်ခွင့် လျှောက်လွှာတင်တဲ့ နိုင်ငံစုံ ကော်ပရေးရှင်းကြီးတွေ အများကြီးထဲက တယ်လီနောဆိုတဲ့ နော်ဝေ အခြေစိုက် ကုမ္ပဏီနဲ့ အော်ရီဒူးဆိုတဲ့ ကာတာအခြေစိုက် ကုမ္ပဏီတို့က လုပ်ပိုင်ခွင့်ရတယ်။


ဒီနိုင်ငံစုံ ကုမ္ပဏီက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အရှုံးခံပြီး အနစ်နာခံပြီး လုပ်နေတဲ့ တယ်လီဖုန်း ဆက်သွယ် ရေးလုပ်ငန်းကို အမြတ်ထွက်မယ်လို့ ထင်ပြီး သူတို့ ပျော်ပျော်ကြီး လာပြီး လုပ်ကိုင်ကြတယ်။ ကြော်ငြာတွေ အများကြီး ကြော်ငြာတယ်။


ဒီလို အကြော်ငြာကြီး ကြော်ငြာပြီး နောက်ပိုင်း အရင်ဆုံး ထွက်လာမယ့်ဖုန်းက အော်ရီဒူးတဲ့။ ဖုန်းခေါ်ခလည်း သက်သာမယ်၊ အင်တာနက်ကလည်း မြန်မယ်၊ လိုင်းကလည်း ကောင်းမယ်တဲ့။ ဘယ်လောက်တောင် ကောင်း လိုက်တဲ့ အော်ရီဒူးလဲ။ သူများအရှုံးခံပြီး အနစ်နာခံပြီး လုပ်နေတဲ့ လုပ်ငန်းကို ဈေးသက်သက်သာသာနဲ့ ဆောင် ရွက်ပေးမယ်တဲ့။ စိတ်ထား ကောင်းလိုက်တာ၊ ရက်ရောလိုက်တာ ဘုရားလောင်းတွေများ ဦးဆောင်နေတဲ့ ကုမ္ပဏီပဲ ဖြစ်မယ်လို့တောင် ကျွန်တော် ယူဆမိတယ်။


ဒီအော်ရီဒူးဖုန်းကို မသုံးဖို့ မဝယ်ဖို့ အခမ်းအနားတွေ ဘာတွေ လုပ်ကြတယ်။ ကြည့်လိုက်စမ်းပါ။ ကျုပ်တို့ မြန်မာ လူမျိုးတွေရဲ့ စိတ်ဓာတ် ဘယ်လောက်များ မြင့်မြတ်လိုက်သလဲ။ သူတစ်ပါး တိုင်းတစ်ပါး ကုမ္ပဏီ အနစ်နာခံ အရှုံးခံပြီး လုပ်မှာကို မကြည့်ရက်ကြဘူး၊ မနစ်နာစေချင်ဘူး ဘယ်လောက်များ မြင့်မြတ်လိုက်သလဲ။


ဒီလို ရှုံးမှာစိုးလို့ ကန့်ကွက်နေတဲ့ ကြားထဲက အော်ရီဒူး ဖုန်းကတ်တွေကို ရောင်းလိုက်ပြီ။ ၁၅၀၀ ကျပ်နဲ့ ကြိုက် သလောက်ဝယ် ငှားရမ်းတာ မဟုတ်ဘူး။ ဝယ်လိုက်တာ တရားဝင် ဖုန်းပိုင်ပြီဟေ့။ ရင်ခုန် စိတ်လှုပ်ရှားလွန်းလို့ ကျွန်တော် ခွဲထားတဲ့နှလုံး အပြင်ပေါက်ထွက် သွားမှာတောင် စိုးရတယ်။ အော်ရီဒူးက ၁၅၀၀ နဲ့ ရောင်းတာကို အပြင်မှာ ၂၀၀၀၊ ၃၀၀၀၊ ၄၀၀၀ နဲ့ ရောင်းကြတယ်။ အော်ရီဒူး ရှုံးမှာစိုးလို့ ဒီလို ရောင်းပေးတာပါ။


ကျွန်တော်လည်း အများနည်းတူ အားကျမခံ အော်ရီဒူးကို ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာတွေ မကုန်ဆုံးချင် တစ်ည အလိုမှာ ဝယ်လိုက်တယ်။ ဖုန်းဆင်းမ်ကတ် ကျွန်တော် ပိုင်ပြီ။ အခုလို ပိုင်ဆိုင်ခွင့်ပေးတဲ့ ဘုရားသခင်နဲ့ နိုင်ငံတော် အစိုးရကို သိပ်သိပ် ကျေးဇူးတင်တာပဲ။ ကျွန်တော် ဝယ်လိုက်တဲ့ ဆင်းမ်ကတ်က ကျွန်တော့်ဖုန်းနဲ့ မရကြောင်း ဝယ်ပြီးမှ ကျွန်တော် သိလိုက်ရတယ်။ ကျွန်တော်ကိုက မော်ဒယ်နိမ့်တဲ့ ၁ သိန်း ၉ သောင်းလောက်ပဲ ပေးရတဲ့ ဖုန်းခပ်စုတ်စုတ်ကို သွားဝယ်ကိုင်မိတာကို ဘယ်တတ်နိုင်မလဲ။


ကျွန်တော်ကိုင်တဲ့ ဖုန်းက မရပေမယ့် ကျွန်တော် ညီမလေး မသုံးတဲ့ ဖုန်းအအားလေး (အလွတ်) မှာ ဆင်းမ်ကတ် ထည့်ကြည့်တော့ရတယ်။ ငွေမဖြည့်မိတဲ့ MPT ဖုန်းကတ်နဲ့ ကျွန်တော့်ကို Miss Call ပေးတယ်။ ကျွန်တော်က အော်ရီဒူးဖုန်းနဲ့ ပြန်ခေါ်တယ်။ ဘယ်လောက် အဆင်ပြေလိုက်သလဲ။


ဖုန်းခေါ်က သက်သာတယ်။ ၁ မိနစ်မှ အော်ရီဒူး အချင်းချင်းဆို ၂၅ ကျပ် တခြားဖုန်းကို ဆိုရင် ၃၅ ကျပ် စာတို တစ်စောင် ၂၅ ကျပ် အင်တာနက်က ၁ လ 1 GB ကို ၁၀,၀၀၀ ကျပ်တဲ့။ ဖုန်း တစ်မိနစ်ကို ဆိုတာမျိုးက ဖုန်းခေါ်ပြီး ၁၀ စက္ကန့်ပြောလည်း ၁ မိနစ်ပဲ။ ၅ စက္ကန့်ပြောလည်း ၁ မိနစ်ပဲ။ ၁ စက္ကန့်ဝင်ပြီး ပြန်ကျသွားလည်း တစ်မိနစ်ပဲ။ ဘယ်လောက် တွက်ရတာ လွယ်သလဲ။ သာဓုပါတော် သာဓုပါတော် အော်ရီဒူး ပိုင်ရှင်တွေ ချမ်းသာကြပါစေ ကျန်းမာကြပါစေ ဘေးဘယာတွေ ဝေးကွာကြပါစေတော်။


သြ မေ့လို့။
အော်ရီဒူး ဆင်းကတ်ထည့်ထားတဲ့ ဖုန်းကို Ring Tone ပေးရဦးမယ်။ အော်ရီဒူး Ring Tone ကိုတော့ ကုသိုလ် ရအောင် မြဝတီမင်းကြီး ဦးစရေးတဲ့ ဘုရားရှင်ရဲ့ရောင်ခြည်တော် ခြောက်သွယ်ကို အဖွင့်ဆိုထားတဲ့ သီချင်းလေး ကိုပဲ Ring Tone ထားလိုက်ပါတော့မယ်။ ကျေးဇူးရှင် အော်ရီဒူး ပိုင်ရှင်တွေလည်း ကုသိုလ်ရအောင် အော်ရီဒူးဖုန်း က Ring အသံမြည်တိုင်း ကြည်ညိုသဒ္ဓါ ပွားမိတာ အမှန်ပါ။


‘ထူးမခြားနား... မီးရေစုံသား... ရောင်တော်ထွေပြား...ပြောင်းလိုလို့... များထွေ...ထူးထွေတည့် အံ့ရာသား...’ 


မောင်ဥဂ္ဂါ
The Voice Journal


10 Sept 2014

ခေါင်းတလားထဲ တရားမှတ်ရင်း ပျံလွန်တော်မူမယ့် ဆရာတော်


 
ထိုင်းနိုင်ငံမှာ ဟိုးလေး တကြော်ဖြစ်နေတဲ့ သတင်းတပုဒ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက နာမည်ကြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တပါးရဲ့ စိတ်ဝင်စားဖွယ် ကိစ္စပါ။


သက်တော် ၆၅ နှစ်ရှိပြီ ဖြစ်တဲ့ ဘုန်းတော်ကြီး Luang Pu Pim လို့ ကျော်ကြားတဲ့ ဆရာတော် Phra Khru Weruwan Chantarungsi ဟာ စက်တင်ဘာလ ၉ ရက်နေ့ အင်္ဂါနေ့ညမှာ အသက်ရှုပေါက်ဖောက်ထား တဲ့ ခေါင်း တလားထဲ ၀င်ကာ တရား ရှု မှတ်ပွားများရင်း ဘ၀နတ်ထံ ပျံလွန်တော်မူမယ်လို့ သူ့နောက်လိုက် ရဟန်း တော်များနဲ့ သာဝကတွေ ကို အမိန့် ရှိထားပါတယ်။ 


အခု ကြာသပတေးနေ့ နေ့လယ်ပိုင်း ကျရင် ခေါင်းတလားထဲ တရားရှုမှတ်ပွားများရင်း သူ သေဆုံးမှု ရှိ၊ မရှိ ကို တပည့်သာဝကတွေက စစ်ဆေးကြဖို့လည်း မိန့်မှာထားတယ်လို့ ဆိုပါတယ်။ 


သေဆုံး ဖို့ ခေါင်းတလားကို ကျောင်းဝန်းက ကွက်လပ်တခုမှာ ထားပေးဖို့လည်း မိန့်တော်မူပါတယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ရေးထားပါတယ်။ 


 ဒီသတင်းကြောင့် ဆရာတော် Luang Pu Pim ကို လေးစားကြည်ညိုကြတဲ့ တပည့် ဒကာ၊ ဒကာမတွေ လည်း အင်္ဂါနေ့မနက်ကတည်းက လက်ရှိဆရာတော်သတင်းသုံးတဲ့ ဘုန်းကြီးကျောင်းမှာ လာရောက် ခဲ့ကြတယ်။ 


ပြီးတော့ ဆရာတော်ကို လာရောက်ဖူးမျှော်သူတွေက တဦးချင်းစီ နောက်ဆုံး ရှိခိုးကန်တော့ကြပါတယ်။ လာရောက်ဖူးမျှော်သူတော်တော်များများကလည်း ကြာသပတေးနေ့ နေ့လယ်ထိ ဘုန်းတော်ကြီးကျောင်း မှာပဲ ဆရာတော်ရဲ့ ပျံလွန်တော်မှုမယ့် ကိစ္စကို စောင့်စားကြည့်ရှုဖို့ အစီအစဉ်တွေ ရှိကြတယ်လို့ သိရပါ တယ်။ 


ဆရာတော်ထံကလည်း အင်္ဂါနေ့ နေ့လယ်ပိုင်းထိ သူ့ရဲ့ နောက်ဆုံးတရားဒေသနာတွေကို ဟောပြောခဲ့ပါ တယ်။ အဲဒီနေ့က ဆရာတော်ဟာ အထူးသဖြင့်တော့ တောတောင်ထဲမှာ ဘ၀နဲ့ပတ်သက်ပြီး ဘယ်လို ကျင့်ကြံတဲ့ ကိစ္စ ကို အများဆုံး ဟောပြောခဲ့ပြီး လူဆိုတာ သေမျိုးဖြစ်တာကြောင့် ဘ၀ရဲ့ အနှစ်သာရ ဟာ ဘာတွေဆို တာကို ဟောပြာခဲ့တယ်လို့ဆိုပါတယ်။ 


 ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာတော်က ဒါဟာ မိမိကိုယ်မိမိသေကြောင်းကြံတဲ့ ကိစ္စမဟုတ်ကြောင်း၊ သူ့အနေ နဲ့ သေဖို့ အချိန်ကျရောက်နေခဲ့ပြီဖြစ်တယ်လို့ မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။ 


ဆရာတော်က တပည့်သာဝကတွေကို မှာကြားတာကလည်း သတိ တရား လက်ကိုင်ထားဖို့နဲ့ ပညာဥာဏ် ဆိုက်အောင် ကြိုးစားကြဖို့လည်း မှာကြားတယ်လို့ သိရပါတယ်။ 


ဒါနဲ့ပဲ အင်္ဂါနေ့ ညနေ ၆ နာရီက ဆရာတော် Luang Pu Pim ရဲ့ ကျောင်းဆောင်ထဲက ခေါင်းတလားကို အပြင်ကို ထုတ်ယူလာခဲ့ကြပါတယ်။ လာရောက်ဖူးမျှော်ကြသူ ဒကာ ဒကာမတွေကိုလည်း ထိုင်းစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ပြန်ကြဖို့ ဆရာတော်ရဲ့ တပည့်သာဝကတွေက ပြောဆိုကြတယ်လို့ ဆိုတယ်။ 

 
ဘုန်းကြီးကျောင်း ဂေါပကတွေက ပြောတာမှာတော့ ဆရာတော်ဟာ ည ၉ နာရီလောက်က ကျောင်းပြင်မှာ ထားတဲ့ ခေါင်းတလားထဲကို ၀င်ပြီးလဲလျောင်းလိုက်တယ်လို့ ဆိုပါတယ်။ 


ဆရာတော်အနေနဲ့ တရားရှုမှတ်ပွားများနိုင်ဖို့ လေပေါက်ဖောက်ထားတဲ့ ခေါင်းတလားထဲ ၀င်ရောက်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းမှာ အခြားအတည်ပြုချက်တော့မရဘူးလို့ ရေးထားပါတယ်။ 


ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက်ရောက်တော့လည်း ဆရာတော်ကို လာရောက်ဖူးမျှော်လိုသူတွေ၊ စူးစမ်းလိုသူတွေ နဲ့ ဘုန်းကြီးကျောင်းမှာ စည်ကားနေပါတယ်တဲ့။ တော်တော်များများကလည်း ပြန်သွားကြပြီး ကြာသပတေး နေ့ ကျရင် လာကြည့်မယ်လို့ ဆိုသူတွေလည်းရှိပါတယ်တဲ့။ 


ဆရာတော် Luang Pu Pim ရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး အငြင်းအခုန်တွေလည်းဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။ ဒါကတော့ ဒီလိုလုပ်ရပ်ဟာ ဗုဒ္ဓ ကျမ်းဂန်၊ ဗုဒ္ဓအဆုံးအမနဲ့ မလျော်ညီ ဘူးလို့ ဝေဖန်သူတွေလည်း ရှိပါတယ် တဲ့။ 


ဒီကိစ္စကို ဆရာတော်ရဲ့ တပည့်သာဝကတွေကတော့ ပယ်ချတယ်လို့ ဆိုပါတယ်။ 


ဆရာတော်ဟာ နှစ်ပေါင်းများစွာ တရားကျင့်ကြံနေခဲ့တာဖြစ်ပြီး တပည့်သာဝကတွေကလည်း ဆရာတော် ကို အလွန်ယုံကြည်ပြီး ကြည်ညိုလေးစားကြပါတယ်။ 


ဆရာတော်ရဲ့ သမီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် Chanakarn Srisombat က ပြောတာမှာတော့ သူတို့ မိသားစုဟာ ဖခင်ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၁၀ ကျော်ကတည်းက ပြင်ဆင်ခဲ့ဖူးတယ်လို့ ဆိုထား ပါတယ်။ 


အဲဒီတုန်းက ဆရာတော်ဟာ ဘုန်းကြီးကျောင်းနားက ဂူ တခုထဲမှာ ဖျားနားခဲ့ပြီး တကြိမ် သေဆုံးခဲ့ဖူးကာ ထူးထူးဆန်းဆန်း အသက်ပြန်ရှင်ခဲ့တာဖြစ်တယ်လို့ ဆရာတော်ရဲ့ သမီးဖြစ်သူကပြောပါတယ်။ 
အဲဒီတုန်းက သူ့အနေနဲ့ Weruwan ဘုန်းကြီးကျောင်းဆောက်လုပ်ကာသာသနာ ပြုဖို့ အသက်ပြန်ရှင်ခဲ့တာ လို့ ဖခင်ဖြစ်သူက ပြောခဲ့တဲ့အကြောင်း၊ အခုတဖန် ဆရာတော်ရဲ့ မွေးနေ့ဖြစ်တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ လ ၉ ရက်နေ့မှာ တဖန် ပြန်လည် သေဆုံးရမှာဖြစ်တယ်ဆိုတာလည်း ဖခင်ဖြစ်သူက မှာကြားခဲ့တယ်လို့ သမီးဖြစ်သူက ဆိုထားပါတယ်။ 


ဧရာဝတီ

တန်ဖိုးရှိတဲ့ အချိန်တွေကို မကုန်လွန်ပါစေနဲ့

www.stunningmesh.com
 
အလံတိုင်ရဲ့ထိပ်မှာ ပုစဉ်းတစ်ကောင် နားနေတာကို ပိတုန်း တစ်ကောင်က မကျေမနပ်နဲ့ နေရာလုပါ တယ်။ ပိတုန်းရဲ့ ကိုယ်လုံးက ပုစဉ်းထက်စာရင် ကြီးတော့ ကိုယ်လုံးနဲ့ ၀င်တိုက်လိုက်ရင် ပုစဉ်း လွင့်ထွက် သွားလိမ့်မယ်လို့ ပိတုန်းက ထင်ပုံရပါ တယ်။ ဒါပေမယ့် ပိတုန်း ဘာလုပ်လုပ် ပုစဉ်းက ခန္ဓာကိုယ်ကို ထောင်ပြီး အလံတိုင်ထိပ်က သံကွင်း ကလေးကို သူ့ခြေတွေနဲ့ ဖက်တွယ်ထားတော့ ပိတုန်းလည်း ပုစဉ်းကို အလံတိုင်ထိပ်က ရွေ့သွား အောင် ဘယ်လိုမှ တွန်းထုတ်လို့ မရဘူးဖြစ်နေ ပါတယ်။ အဲဒါနဲ့ ပိတုန်းက အခြားတစ်နေရာကို ပျံသွားပြီး အလံတိုင်ထိပ်ကပုစဉ်း ထွက်သွားတဲ့ အချိန်ကိုစောင့်ပါတယ်။ ခဏနေတော့ ပုစဉ်းက နားနေရတာလည်း ကြာပြီ၊ အနားမှာလည်း ပိတုန်းကို မတွေ့တာနဲ့ အနီးအနားကို ထပျံပါတယ်။ အဲဒီမှာ ပိတုန်းက ချောင်းနေတဲ့ နေရာက ထွက်လာပြီး အလံတိုင်ထိပ်ကို တန်းတန်းမတ်မတ် အမြန်ဆုံး ပျံလာပါတယ်။ ဒါပေမယ့် ပုစဉ်းက ပိတုန်းမရောက်ခင် အလံတိုင်ထိပ်ကို ပြန်ဦးထားပြီး အရင်တုန်းကလိုပဲ ခန္ဓာကိုယ်ကိုထောင်၊ ခြေတွေနဲ့ အလံတိုင် ထိပ်က သံကွင်းကလေးကို တွယ်ထားပြန်ပါတယ်။ ပိတုန်းလည်း ပုစဉ်းကို လှည့်ပတ် တွန်းတိုက်ပြီး ဘာမှ မတတ်နိုင်တာနဲ့ လက်လျှော့ပြီး ထွက်သွားပါတော့တယ်။
 

အလံတိုင်ထိပ်နေရာကို ဘာဖြစ်လို့ ပုစဉ်းနဲ့ ပိတုန်း လုနေကြသလဲ မသိပါဘူး။ အလံတိုင်ထိပ်ထက် မြင့်တဲ့ သစ်ကိုင်းလို၊ သစ်ပင်ထိပ်ဖျားလို အခြားနေရာတွေလည်း အများကြီးပါပဲ။ ဒါပေမယ့် ရက်အတော်ကြာတဲ့ အထိ ပုစဉ်းက အလံတိုင်ထိပ်မှာ ရှိနေတုန်းပဲ၊ အခြားကို ခဏတစ်ဖြုတ် ပျံသွားတဲ့အခါ ရှိပေမယ့် မကြာခင် ပြန်လာ တယ်။ ပိတုန်းကလည်း မကြာမကြာလာပြီး ပုစဉ်းကို လှည့်ပတ် ရန်ရှာတယ်။
 

အလုပ်ထဲမှာ ရာထူးနေရာ၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ နာမည်ကောင်း စတာတွေနဲ့ ပတ်သက်ပြီး ဦးထားတဲ့သူက ဦးထား၊ ၀င်လုတဲ့သူက ၀င်လု လုပ်နေကြတာကို တွေ့တဲ့အခါ ပုစဉ်းနဲ့ပိတုန်း ဖြစ်ပျက်နေပုံနဲ့ တူတယ်လို့ တွေးမိ ပါတယ်။ နှစ်ဖက်စလုံး သိပ်ပြီးမသက်သာ လှပါဘူး။ မလုပ်ချင်တာ တွေကို ရက်လနှစ်တွေအကြာကြီး လုပ်နေကြ ရသလို လုပ်ချင်တာတွေကို လည်း ကာလကြာမြင့်စွာ မလုပ်နိုင်ဘဲရွှေ့ဆိုင်း ထားကြရပါတယ်။ ကျယ် ပြောတဲ့ ကောင်းကင်ပြာကြီးထဲမှာ တိမ်တွေ အဖြူရောင် မီးခိုးရောင် စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့ လွင့်မျောသွားကြတာတွေ၊ မြေပြင်ပေါ်မှာ ဖြူနီဝါညို အရောင်အမျိုးမျိုးရှိတဲ့ ပန်းတွေ ဖူးပွင့်နေကြတာတွေ၊ လေပြေ လေညှင်းကလေး တိုက်လာ လိုက်၊ ခပ်ကြမ်းကြမ်း လေကြမ်းတိုက်လာ လိုက် ဖြစ်နေချိန်မှာ ငှက်ကလေးတွေ တစ်ကျီကျီနဲ့ ဟိုဟိုသည်သည် ပျံသန်း သွားနေတာတွေကို မတွေ့မြင်မခံစားနိုင်တော့ဘဲ အလံတိုင်ထိပ် ဆိုတဲ့ နေရာကလေး တစ်ခုထဲကို သဲသဲမဲမဲ ဂရုပြု အာရုံစိုက်နေတာကို သူတို့အစား ဘေးနားက မြင်ရတဲ့သူတွေ စိတ်မောစရာ ဖြစ်ပါတယ်။
 

ဒါပေမဲ့ ပုစဉ်းနဲ့ ပိတုန်းတို့ဟာ အလံတိုင်ထိပ်ကို လုဖို့အတွက် မလုပ်ချင်တာတွေကို လုပ်နေကြရတယ်၊ လုပ်ချင် တာတွေကိုကျတော့ မလုပ်နိုင်ဘဲ ရွှေ့ဆိုင်းထားကြရတယ်၊ ကောင်းကင်ပြာကြီး၊ တိမ်ရောင်စုံ၊ အရောင်အသွေး စုံတဲ့ ပန်းအမျိုးမျိုး၊ လေပြေလေညှင်းနဲ့ လေကြမ်း၊ ငှက်ကလေးတွေ စသည်ဖြင့် ပတ်ဝန်းကျင်ရဲ့ သာယာမှုတွေ ကိုလည်း မခံစားနိုင်ကြဘူးလို့ထင်မြင်တာဟာ တကယ်ရောအမှန်တရားနဲ့ နီးစပ်ရဲ့ လား။ အလံတိုင်ထိပ်ကို လုနေတာဟာ ပုစဉ်းနဲ့ ပိတုန်းရဲ့ စိတ်အစဉ်မှာ တကယ့်အနှစ်သာရ ဘ၀အဓိပ်္ပာယ်နဲ့ ပြည့်ဝတဲ့တိုက်ပွဲကြီးကို ဆင်နွှဲနေ တာလား စဉ်းစားစရာ ရှိပါတယ်။
 

ရာထူးနေရာ၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ နာမည်ကောင်းတွေကို အသိစိတ်ထဲမှာ တကယ့်အနှစ်သာရ ဘ၀အဓိပ်္ပာယ်လို့ ထုတ်ဖော်ယူဆ ထားတာမျိုးမရှိပေမယ့် လက်တွေ့လုပ်ရပ်တွေက အဲဒီအတိုင်း ယူဆထား သလိုမျိုး ဖြစ်နေတတ်ပါ တယ်။ အထူးသဖြင့် ရာထူးနေရာ၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ နာမည်ကောင်းရှိသူတွေကို လူတော်တွေ၊ ရာထူးနေရာ၊ လုပ်ပိုင် ခွင့်၊ ခံစားခွင့်၊ နာမည်ကောင်းမရှိသူတွေကို လူညံ့တွေလို့ သတ်မှတ်တဲ့ ပတ်ဝန်းကျင်မှာ မွေးဖွားကြီးပြင်း လာသူတွေအဖို့ပတ်ဝန်းကျင်ရဲ့ အယူအဆတွေကို အလိုအလျောက် လက်ခံမိပြီး ဘယ်သူတွေအတွက် ဘယ်နေ ရာ ဘယ်အချိန်တွေမှာ ဘယ်လောက် အတိုင်းအတာ အထိဆိုရင် မှန်တယ်၊ ဘယ်သူတွေအတွက်၊ ဘယ်နေရာ ဘယ်အချိန်တွေမှာ ဘယ်လောက် အတိုင်းအတာထက် ကျော်လွန်မယ်ဆိုရင်တော့ မမှန်တော့ဘူး စသည်ဖြင့် မစိစစ်မိတော့ဘဲ လူပုဂ်္ဂိုလ် အချိန်နေရာမရွေး ဘယ်လောက် အတိုင်းအတာ အထိဖြစ်ဖြစ် အားလုံးအတွက် လုံးဝ 
ဥဿုံ မှန်ကန်တဲ့ အမှန်တရား အနေနဲ့ လက်ခံမိတတ်ပါတယ်။ တကယ်တော့ လူမှုလောကထဲက အမှန် တရားတွေ ဆိုတာ များသောအားဖြင့် လူပုဂ်္ဂိုလ် အချိန်နေရာ ရွေးပါတယ်၊ ဘယ်လောက် အတိုင်းအတာအထိပဲ မှန်တယ်ဆိုတဲ့ အကန့်အသတ်တွေ လည်း ကျိန်းသေပေါက် ရှိပါတယ်။ အဲဒီလိုမျိုး သူ့နေရာနဲ့သူမှ မှန်ကန်တဲ့ အမှန်တရားတွေကို အားလုံးအတွက် လုံးဝဥဿုံမှန်ကန်တဲ့ အမှန်တရား တွေလို့မှားယွင်းပြီး ယုံကြည်လက်ခံ မိနေတာမျိုး၊ အသိမဲ့ ကျင့်သုံး မိနေတာမျိုး မဖြစ်ဖို့ လိုပါတယ်။


ပုစဉ်းနဲ့ ပိတုန်းလို အချင်းချင်းရန်လုပ်ပြီး အလံတိုင်ထိပ် နေရာ ကလေးကိုလုရင်း တန်ဖိုးရှိတဲ့ အချိန်တွေကို မကုန်လွန်စေဘဲ အလိုရှိသလောက် အလံတိုင်တွေ စိုက်ထူနိုင်တဲ့ အောင်မြင်သူ လူသားအဖြစ်ကို ရရှိအောင် ကြိုးစားကြဖို့ ဖြစ်ပါတယ်။


ဆရာသုတ
JOB Seeker Journal



မလေးရှားနိုင်ငံမှ နာမည်အကြီးဆုံး Proton ကားထုတ်လုပ်သည့် ကုမ္ပဏီ မြန်မာနိုင်ငံ၌ အရောင်းပြခန်း ဖွင့်လှစ်ရန် စီစဉ်


ရန်ကုန် ၊ ၁၀-၉-၂၀၁၄
မလေးရှား နိုင်ငံမှ နာမည် အကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်သည့် Proton ကုမ္ပဏီသည် ရန်ကုန်မြို့ နှင့် မန္တလေး မြို့ကြီးများ၌ Proton ယာဉ်များ သီးသန့် ရောင်းချမည့် Proton ယာဉ် အရောင်း ပြခန်းကို ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


" Proton ကားက မလေးရှား နိုင်ငံရဲ့ ပြည်တွင်းဖြစ် ထုတ်လုပ်တဲ့ ကားကောင်း တွေပါ ၊ ကားတွေရဲ့ ဈေးနှုန်းကလည်း ဂျပန်ကား တွေရဲ့ ဈေးနှုန်းထက် အများကြီး သက်သာ ပါတယ် ၊ မလေးရှား နိုင်ငံထုတ် Proton ကားတွေကို မြန်မာ ပြည်သူတွေ ကြိုက်ကြမယ် လို့ ထင်ပါတယ် ၊ ဒါကြောင့် မြန်မာနိုင်ငံ အတွင်းမှာ Proton ကားတွေကို ရောင်းချဖို့ ရည်ရွယ်ပြီး Proton ယာဉ် အရောင်းပြခန်း တွေ ဖွင့်လှစ်ဖို့ စီစဉ် ထားတာပါ .. " ဟု ၄င်းက ပြောသည်။


Proton ကားကုမ္ပဏီ သည် မြန်မာနိုင်ငံ ၌ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် Proton ယာဉ် အရောင်း ပြခန်းများ ဖွင့်လှစ်ရန် စီစဉ် ထားပြီး ၂၀၀၉ ခုနှစ် မော်ဒယ်လ် အထက် ကားများကိုသာ တင်သွင်း ရောင်းချ သွားမည် ဖြစ်ကြောင်းလည်း သိရသည်။


အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံ ၌ Proton ယာဉ် အပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံကိုလည်း တည်ဆောက် သွားရန် စီစဉ်ထားကြောင်း သိရသည်။ Proton ယာဉ် အရောင်းပြခန်း ဖွင့်လှစ်သည့် အခါတွင် Proton Four Wheel ယာဉ်များထက် Proton ဆလွန်း များကိုသာ အဓိက ရောင်းချ သွားမည် ဖြစ်သည်။ Proton ကား အများစုသည် ဓာတ်ဆီကား အမျိုးအစားများ ဖြစ်ပြီး ဒီဇယ်ကား နည်းကြောင်း သိရသည်။


မလေးရှား နိုင်ငံ၌ ယင်းနိုင်ငံထုတ် Proton ကားများအား အသုံးပြုမှု များပြား၍ အစီးရေ သိန်းနှင့်ချီ၍ ရောင်းချ ရကြောင်း သိရှိရသည်။


မင်းသော်တာလွင်

#Themyawadydaily