5 Jun 2014

မန္တလေးတွင် အပူဒဏ်ကြောင့် သုံးရက်အတွင်း လူ ၇ ဦး ဆေးရုံရောက်


မန္တလေး၊ ဇွန်

မြန်မာနိုင်ငံအလယ်ပိုင်း ဒေသသို့ မုတ်သုံ စတင်ဝင်ရောက်နေပြီ ဖြစ်သော်လည်း အပူချိန် မြင့်တက်နေဆဲ ဖြစ်သော မန္တလေးမြို့တော်တွင် ဇွန်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သုံးရက်အတွင်း အပူရှပ်၍ အမျိုးသား ၇ ဦး မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း ယင်းဆေးရုံမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

အပူချိန် မြင့်တက်နေချိန်တွင် အရက်သောက်သုံးသူများ၊ အခြေအနေမဲ့ သွားလာနေထိုင်သူများ၊ နယ်မှ လာရောက်၍ ဈေးလာဝယ်သူများ ရုတ်တရက် အဖျားများ တက်လာခြင်း၊ ချွေးထွက်များ၍ မူးဝေလာခြင်းများကြောင့် ယင်းသို့ ဆေးရုံကြီးကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ဦးမင်းလွင်က The Voice သို့ ထပ်မံ ရှင်းပြသည်။

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဧပြီလ ၂၂ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ အပူကြောင့် လူနာ ၅၇ ဦး ရောက်ရှိလာပြီး သေဆုံးသူ အမျိုးသား ၂ ဦး၊ အမျိုးသမီးတစ်ဦးနှင့် အရက်ကြောင့် တစ်ဦး သေဆုံးသွားခဲ့ကြောင်း ယင်းဆေးရုံ မှတ်တမ်းများအရ သိရသည်။

မန္တလေးမြို့တော်တွင် မေလ ၂၃ ရက်နေ့က အပူချိန် ၃၅ ဒသမ ၈ ဒီဂရီ စင်တီဂရိတ် ရှိခဲ့ပြီး ဇွန်လ ၄ ရက်နေ့တွင် နေ့အပူချိန် ၄၀ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly


နည်းပြအပေါ် မချေမငံပြု၍ ကျော်ကိုကိုကို အရေးယူရန်ရှိ

ဇွဲကပင်အသင်းနှင့်ပွဲစဉ်တွင် ထိုးဖောက်ကစားနေသည့်ကျော်ကိုကို

ရန်ကုန်- ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူးကျော်ကိုကို၏ ဇွဲကပင်အသင်းနှင့် ပွဲစဉ်တွင်  ပြုလုပ်ခဲ့သော အပြုအမူနှင့်ပတ်သက်၍ အရေးယူရန် အသင်းတာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း နည်းပြချုပ် အဲရစ်ဝီလျံက ပြောသည်။

ရန်ကုန်တိုက်စစ်မှူး ကျော် ကိုကိုမှာ ဇွဲကပင်အသင်းနှင့် သရေကျခဲ့သော ပွဲစဉ်တွင် ကျော်ကိုကိုကိုသည် နည်းပြက ကွင်းလယ်ကစားသမား ရန်အောင်ကျော်ဖြင့် လူစားလဲခြင်းကို မကျေနပ်သည့် အပြုအမူများ ပြုလုပ်ခဲ့ပြီး နည်းပြကို မချေမငံ ဆက်ဆံခဲ့ခြင်းကြောင့် နည်းပြက အသင်းတာဝန်ရှိသူများနှင့် တိုင်ပင်ကာ အရေးယူသွားမည်ဟုသိရသည်။

‘‘လူစားလဲလိုက်တာကို မကျေနပ်တဲ့အတွက် အခုလို ပြုမူခဲ့တာပါ။ ဒါဟာ ပရိုပီသတဲ့ အပြုအမူမဟုတ်ဘူး။ ကလပ်အသင်းပဲ ဖြစ်ဖြစ်၊ နိုင်ငံအသင်းပဲဖြစ်ဖြစ် အသင်းအောင်မြင်ဖို့အတွက် အရေးကြီးတယ်။ အသင်းမှာ ဘယ်ကစားသမားမှ ကလပ်အသင်းအထက်မှာ ရှိမနေပါဘူး။ အသင်းနိုင်ပွဲရရှိဖို့အတွက် ပြောင်းလဲသင့်ရင် ပြောင်းလဲရမယ်’’ဟု အဲရစ်ဝီလျံက ပြောသည်။

အဆိုပါ ပွဲစဉ်တွင် ရန်ကုန် အသင်းသည် ပထမပိုင်း နှစ်မိနစ်တွင် တိုက်စစ်မှူးဆီဆာက ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပွဲပြီး ခါနီးမိနစ်ပိုင်းအလိုတွင် ဇွဲကပင် အသင်းက ချေပဂိုးပြန်လည် သွင်းယူနိုင်ခဲ့သောကြောင့် တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။

ထို့ပြင် ပွဲတွင် အားပေးခဲ့ကြသည့် ရန်ကုန်အသင်း ပရိသတ်များအနေဖြင့် အသင်း၏ လက်ရှိအနေအထားကို လက်ခံ ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်အသင်းရှိ ကစားသမားများမှာ နိုင်ငံလက်ရွေးစင်ပွဲများတွင် သွားရောက်ကစားခဲ့ရပြီး ပင်ပန်းနေကြောင်း၊ ထို့ကြောင့် ရန်ကုန်အသင်းအနိုင် မရရှိသော ပွဲစဉ်များကို နားလည် ပေးနိုင်ရမည်ဖြစ်ကြောင်း ဇွဲက ပင်အသင်းနည်းပြ ဦးအောင်မင်း ဦးက ပြောသည်။

‘‘ရန်ကုန်အသင်းပရိသတ် တွေက အသင်းကို နိုင်စေချင်တဲ့ အတွက် အားပေးကြတာ မှန်ပေ မယ့် တစ်ဖက်အသင်းကို ပုတ် ခတ်တာတွေ၊ ဒိုင်တွေကို လှောင် ပြောင်တာတွေ မလုပ်သင့်ဘူး။ ရန်ကုန်အသင်းက အသင်းကြီးတစ်သင်းပါ။ သူတို့အသင်းမှာ လက်ရွေးစင်အသင်းအတွက် သွားကစားပေးခဲ့တဲ့ ကစားသမားတွေ အများကြီးရှိတယ်။ ဒီကစားသမားတွေက ပင်ပန်းမှုတွေ ရှိနေတယ်။ ဒါ့ကြောင့် နိုင်ပွဲမရရင်လည်း နားလည်ပေးနိုင်ရမယ်’’ ဟု ဦးအောင်မင်းဦးက ပြောသည်။

7day daily


ဇနီးမယား(၇)မျိုး...


မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ ချွေးမတစ်ယောက်ရှိပါတယ်။ ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်။ ယောက္ခမနဲ့ လင်သားကို ရိုသေရကောင်းမှန်းမသိဘူး။ ဇနီးမယားဆိုး တစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သားအတွက် ဘယ်လိုဇနီးမယား ဖြစ်တယ်ဆိုတာ သိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထားပါတယ်။ မြတ်စွာဘုရားရှင်က သုဇာတာသင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။ အဲဒီ(၇)မျိုးက

(၁) ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား)
မိမိရဲ့လင်သားအပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိ၊ လင်ယောက်ျားသိက္ခာအားချခြင်း၊လင်ယောက်ျားမကောင်းကြောင်အား ပြောဆိုတတ်ခြင်း၊ အမြဲတန်း ပြစ်မှားတတ်ခြင်း၊ ဆူပူခြင်း၊ ဆဲဆိုခြင်း၊ ဆောင့်အောင့်ခြင်း၊ အရွဲ့တိုက်ခြင်း၊ မိမိရဲ့လင်သားမှ တစ်ပါးသောယောင်္ကျားတို့ကို ချစ်ခင်နှစ်သက်ဖောက်ပြန်ခြင်း၊ မိမိလင်သားအပေါ် မချစ်ခင်မနှစ် သက်ခြင်း၊ ငွေနှင့်ဝယ်ထားသော ကျွန်ကိုနှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သောမယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးက မိန်းကလေးအနေနဲ့ မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင် ရှောင်ကြဉ်ရမှာပါ။

(၂) စောရီ ဘရိယာ(ခိုးသူနှင့်တူသော မယား)
လင်ယောင်္ကျားသည် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုခုဖြင့် ရှာဖွေ၍သော်၎င်း၊ ကုန်သွယ်ခြင်းဖြင့်ရှာဖွေ၍သော်၎င်း၊ စိုက်ပျိုးမွေးမြူရေးဖြင့် ရှာဖွေ၍သော်၎င်း၊ ရှာဖွေလို့ရတဲ့ငွေကြေးဥစ္စာကို (လင်ယောင်္ကျားအလုပ်လုပ်ပြီးရှာလို့ရတဲ့ငွေကို) လင်ယောင်္ကျားမသိအောင် ခိုးယူသုံးဖြုန်းတတ်တဲ့မယားကို သူခိုးနှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့ မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၃) အယျာ ဘရိယာ(သခင်နှင့်တူသောမယား)
လင်သားအပေါ် ပြုသင့်ပြုထိုက်သည့်အမှုတို့ကို မပြုမူ၍ ပျင်းရိတတ်ခြင်း၊ အစားကြီးခြင်း၊ လင်ယောင်္ကျားကို ကျွန်လိုသဘောထားပြီး ကြမ်းတမ်းရုန့်ရင်းစွာ မကောင်းသောစကားတို့နှင့် ပြောဆိုဆက်ဆံတတ်တဲ့မယားကို သခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း
မပေါင်းသင်းမိအောင် ရှောင်ကြဉ်ရမှာပါ။

(၄) မာတာဘရိယာ(မိခင်နှင့်တူသောမယား)
မိခင်သည် သားသမီးများအပေါ် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုတရားလေးပါးတို့နှင့် စောင့်ရှောက်
 ကျွေးမွေးသကဲ့သို့ လင်သားအပေါ် ထိုထိုသော စိတ်စေတနာတို့ဖြင့် ကျွေးမွေးစောင့်ရှောက်သော၊ လင်ယောင်္ကျားရှာဖွေထားသော ပစ္စည်းဥစ္စာများကို မဖိတ်မစင်အောင် ထိန်းသိမ်းတတ်တဲ့မယားကို မိခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ ကြိုးစားရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့နှင့်လည်းပေါင်းသင်းထိုက်တဲ့ မယားမျိုးလို့ဆိုရမှာပါ။

(၅) ဘာဂိနီ ဘရိယာ(နှမနှင့်တူသောမယား)
နှမဖြစ်သူသည် မိမိရဲ့ အစ်ကို၊မောင်တို့အပေါ်မှာ ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်းများ ထားသကဲ့သို့ ဇနီးမယားသည်လည်း လင်သားအပေါ် ချစ်ခြင်း၊ ကြောက်ခြင်း၊ ရိုသေခြင်း၊ အရှက်သိက္ခာနှင့်ပြည်စုံ၍ လင်သားအား မည်သည့်နည်းနှင့်မျှ လင်သားအား ကလန်ကဆန် ဆန့်ကျင်ဘက် မလုပ်တဲ့မယားမျိုးကို ခေါ်တာပါ။ ထိုသို့သော ဇနီးမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ အတုယူရမှာဖြစ်သလို ယောင်္ကျားလေးအနေနဲ့လဲ ပေါင်းသင်းဆက်ဆံထိုက်တယ်ဆိုတာသိစေချင်ပါတယ်။

(၆) သခီ ဘရိယာ(အဆွေခင်ပွန်းနှင့်တူသော မယား)
နှစ်ပေါင်းကြာမြင့်စွာဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းကို ရုတ်တရက်မြင်ရလိုက်လျှင် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ လင်ယောင်္ကျားအပေါ်မှာလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း၊ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊အိမ်၌စွဲမြဲစွာနေ၍ အရပ်တစ်ပါးသို့ လင်မသိအောင်မသွားတတ်သော၊ သီလစောင့်ထိန်း၍ လင်ယောင်္ကျားမှတစ်ပါး မည်သူနှင့်မှ ဖောက်ပြန်ခြင်းမရှိခြင်း၊ အမျိုးကိုစောင့်ထိန်းပြီး လင်ယောင်္ကျားအား မယားဝတ်တရားငါးပါးနှင့်အညီ လုပ်ကျွေးတတ်တဲ့ မယားကိုခေါ်တာပါ။ ထိုသိုသော ဇနီးမယားကောင်းတစ်ဦးဖြစ်ရန် မိန်းကလေးများမှတ်သားနာယူသင့်သလို ယောင်္ကျားလေးများအနေနဲ့လည်း အိမ်ထောင်ဖက် ရွေးချယ်သင့်တဲ့ဇနီးမယား ဖြစ်ပါတယ်။

(၇) ဒါသီ ဘရိယာ(ကျွန်နှင့်တူသောမယား)
ကျွန်ကောင်းတစ်ယောက်သည် သခင်အား ရိုသေစွာလုပ်ကျွေးပြုသကဲ့သို့ မိမိလင်သားက မိမိကိုဒေါသတရားနှင့် ဆက်ဆံသော်လည်း အမျက်ဒေါသမဖြစ်ခြင်း၊ မပြစ်မှားခြင်း၊ ဆဲဆိုသောအကျင့်မရှိပဲ သည်းခံတတ်ခြင်း၊ လင်အား ချစ်ကြောက်ရိုသေစွာ လင်၏အလိုဆန္ဒကို လိုက်လျောတတ်သော မယားကိုဆိုလိုတာပါ။ ကျွန်ဆိုးနဲ့တူတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်ဆိုးတစ်ယောက်ကျတော့ ထိုကဲ့သို့မဟုတ်ပဲ သခင်ကွယ်ရာမှာ ထင်သလိုပြုမူတတ်သလို ဇနီးမယားကလည်း ယောင်္ကျားကွယ်ရာမှာ ထင်သလိုပြုမူတတ်ပြီး၊ ယောင်္ကျားရှာဖွေထားသော ပစ္စည်းဥစ္စာများကို သုံးဖြုန်းတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်မှာထိုကဲ့သို ကျွန်ကောင်း၊ကျွန်ဆိုးရှိတယ်ဆိုတာ သိစေချင်လို့ နှစ်မျိုးရေးပြလိုက်တာပါ။

ဆိုခဲ့တဲ့ ဇနီးမယား(၇)မျိုးအနက်က အမေနှင့်တူသော ဇနီး၊ နှမနှင့်တူသော ဇနီး၊ အဆွေခင်ပွန်းနှင့်တူသောဇနီးများက လင်ယောင်္ကျားနှင့် အသက်ထက်ဆုံး နေထိုင်ခြင်း၊ သီလတရားနှင့်ပြည့်စုံသောကြောင့် သေလွန်သည့်အခါမှာ နတ်ပြည့်သို့ လားရောက်ရကြောင်း၊

သခင်နှင့်တူသောဇနီး၊ ခိုးသူနှင့်တူသောဇနီး၊ လူသတ်ကောင်နဲ့တူသော ဇနီးမယားများကတော့ လင်ယောင်္ကျားအပေါ် မရိုမသေ မလေးမစားလုပ်ခြင်း၊ ဆဲဆိုပြစ်မှားခြင်း၊ ဖောက်ပြန်ခြင်း၊ မထီမျက်မြင်နှိပ်စက်စော်ကားခြင်းတို့ကြောင့် သီလမရှိတဲ့ဇနီးများ ဖြစ်ကြတယ်လို့ဆိုရမှာ။ ထိုထိုသောဇနီးမယားသေလျှင် ငရဲသို့လားရောက်ရမည်ဆိုတဲ့အကြောင်းကို မြတ်စွာဘုရားရှင်က သုဇာတာ အမျိုးသမီးကိုဟောတော်မူပါတယ်။

ထိုထိုသော ဇနီးမယား(၇)မျိုးထဲမှ “သုဇာတာ” သင်သည်အဘယ်သို့သောဇနီးမယား ဖြစ်ချင်သလဲလို့မေးတော့ သုဇာတာက ကျွန်ကောင်းတစ်ယောက်နှင့် တူသောဇနီးဖြစ်အောင် ကျင့်ကြံပါမည်ဟု လျှောက်ထားပါတယ်။ ဒီပိုစ့်လေးကိုဖတ်မှတ်ပြီး မိန်းကလေးများလည်း လူသတ်ကောင်နှင့်တူသောဇနီး၊ ခိုးသူနှင့်တူသောဇနီး၊ သခင်နှင့်တူသော၊ ဇနီးမျိုးမဖြစ်အောင် အတုယူရမှာ လိုက်နာရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့လည်း မိမိရွေးချယ်မယ့် အိမ်ထောင်ဖက်ကို ထိုခိုးသူနှင့်တူသော၊ လူသတ်ကောင်နှင့်တူသော၊ သခင်နှင့်တူသောဇနီးမယားမျိုးကို ရှောင်ကြဉ်ပြီး မိခင်နှင့်တူသော၊ နှမနှင့်တူသော၊ အဆွေခင်ပွန်းနှင့်တူသော၊ ကျွန်ကောင်းတစ်ယောက်နှင့်တူသော မိန်းကလေးမျိုးကို ရွေးချယ်ရမည်ဆိုတဲ့ အကြောင်းကို သိစေချင်တာနဲ့ အသိပေးရေးသာလိုက်ရပါသည်။

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
.
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)


ကိုယ့်သူငယ်ချင်းရဲ့ ရည်းစားဟောင်းနဲ့ ချစ်သူတွေဖြစ်တဲ့အခါ လိုက်နာသင့်တဲ့ အချက်(၆)ချက်



လူတိုင်းကတော့ ကိုယ့်သူငယ်ချင်းရဲ့ ရည်းစားဟောင်းကို ဘယ်တော့မှ မချစ်ဘူး၊ မကြိုက်ဘူးလို့ ကြွေးကြော်လေ့ရှိတာပါပဲ။ တကယ်တမ်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်သူငယ်ချင်းရဲ့ ရည်းစားဟောင်းနဲ့ တွဲဖို့ အခြေအနေတွေ ဖြစ်လာတဲ့အခါ ကိုယ့်ဘက်က လိုက်နာရမယ့် အချက်ကလေးတွေရှိလာပါပြီ။ အဲ့ဒါမှ ကိုယ့်ချစ်သူနဲ့လည်း ရေရှည်လက်တွဲသွားနိုင်မှာဖြစ်သလို အချင်းချင်း သံသယတွေရှိနေရင်တောင် အချိန်ကြာလာနဲ့အမျှ ပျောက်ကွယ် သွားနိုင်မှာပါ။

၁။အတင်းအဖျင်းတွေ မပြောပါနဲ့။

သုံးယောက်သား ပတ်သက်ဆက်နွယ်မှုရှိနေတယ် ဆိုပေမယ့် အတိတ်ဟာ အတိတ်မှာပဲ ကျန်ခဲ့ပါပြီ။ ခုချိန်မှာ ကိုယ့်သူငယ်ချင်းကလည်း သူ့ရည်းစားဟောင်းနဲ့ကိုယ် ချစ်ကြိုက်သွားတယ်လို့ သိလိုက်ရတဲ့အတွက် စိတ်ထဲ မသက်မသာ ဖြစ်နေမှာအမှန်ပါပဲ။ ကိုယ့်ကိုလည်း စကားပြောချင်မှ ပြောတော့မှာပေါ့။ ဘယ်လိုအကြောင်းတွေနဲ့ပဲ ပြတ်ခဲ့ ပြတ်ခဲ့ ဒါတွေကို အတိတ်မှာ ချန်ထားလိုက်ပြီး ကိုယ့်ချစ်သူနဲ့ ရှေ့ဆက်နိုင်ဖို့သာ စဉ်းစားပါ။ သူငယ်ချင်းက ကိုယ့်ကို စကားမပြောတော့တာကြောင့် သူ့အတင်းတွေ ပြောတာမျိုး၊ သူငယ်ချင်းကို မထိတထိ လိုက်ပြောဆိုနေတာမျိုးတွေ မလုပ်ပါနဲ့။

၂။ကိုယ့်ချစ်သူကို စကားနာထိုးတာမျိုးတွေ မလုပ်ပါနဲ့။

တစ်ခါတစ်လေ ကိုယ့်ချစ်သူနဲ့ ကတောက်ကဆဖြစ်တဲ့အခါ အရင်အကြောင်းတွေ ဆွဲသွင်းပြီး အရင်ရည်းစားနဲ့ဆိုရင်တော့ ဘယ်လိုမဟုတ်လား။ အဲ့ဒါတွေ သိတယ်နော်။ ကိုယ်နဲ့ကျမှ ဒီလိုမဟုတ်တော့တာမလား စတာတွေနဲ့ စကားနာ မထိုးပါနဲ့။ သူငယ်ချင်းရဲ့ ရည်းစားဟောင်းကို ကြိုက်ထားမှတော့ ကိုယ့်ဘက်က အစစအရာရာ နားလည်မှုရှိမှ ဖြစ်မှာလေ။

၃။တစ်ခုခုဆို အထင်လွဲနေတာမျိုးလည်း မဖြစ်သင့်ပါဘူး။

ကိုယ့်ချစ်သူက အရင်ရည်းစားဟောင်းရှိတဲ့ ပါတီ၊ ဒင်နာကို ကိုယ်နဲ့မလိုက်ချင်ဘူးဆိုရင် သူ့ကိုဖိအားမပေးပါနဲ့။ ဒါဟာကိုယ့်ကို မချစ်လို့ မလိုက်တာပဲလို့လည်း မထင်ပါနဲ့။ သုံးယောက်စလုံး အနေရခက်မယ့် ကိစ္စတစ်ခုမှာ အဆင်ပြေမယ့် ရွေးချယ်မှုတစ်ခုကို ပြုလုပ်သွားတာလို့ တွေးပါ။ အချိန်ကာလတစ်ခု ကြာသွားမယ်ဆိုရင်တော့ ဒီလိုအဖြစ်အပျက်တွေက အေးအေးဆေးဆေး ဖြစ်သွားနိုင်ပေမယ့် ခုလောလောဆယ်တော့ လွယ်ကူမယ့်အရာမဟုတ် သေးပါဘူး။

၎။မနှိုင်းယှဉ်ပါနဲ့။

အရင် သူ့ရည်းစားဟောင်းနဲ့ ကိုယ်နဲ့ ဘယ်သူပိုမိုက်လဲ၊ လှသလဲ ဆိုတာမျိုးတွေ မမေးပါနဲ့။ တစ်ခုခုဆို အရင်ရည်းစားမှာ ရှိတဲ့ အရည်အချင်းတွေနဲ့ နှိုင်းယှဉ်ပြီး မပြောပါနဲ့။ သူပြောလာမယ်ဆိုရင်တောင် ဒါတွေမကြားချင်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပါ။ စိတ်အနှောင့်အယှက်မဖြစ်အောင် နေပါ။

၅။သင်္ကာမကင်းတွေ မဖြစ်ပါနဲ့။

သူနဲ့ အတူ မရှိတဲ့အချိန်တွေဆို အရင်ရည်းစားဟောင်းနဲ့များ တွေ့နေတာလား။ သံယောဇဉ်တွေ ပြန်တွယ်သွားရင် ဒုက္ခပဲဆိုပြီး ပူစရာမရှိတာတွေ ပူမနေပါနဲ့။ ခု သူဟာ ကိုယ့်လူဖြစ်နေပါပြီ။ အဲ့ဒါကို မြဲမြဲမှတ်ထားပါ။ သူကိုယ့်ကို ချစ်လို့ ကိုယ့်ဆီရောက်လာပြီ။ ဒါ့ကြောင့် နှစ်ဦးသားကြားမှာ သံသယတွေရှိနေမယ်ဆိုရင် သာယာတဲ့အချစ်ရေး မဖြစ်နိုင်တော့ပါဘူး။

၆။ကိုယ့်ချစ်သူကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် မေးခွန်းမျိုးတွေ ခဏခဏမမေးပါနဲ့။

အရင်ရည်းစားဟောင်းနဲ့ ဘာလို့ကွဲသွားတာလဲ။ နှစ်ယောက်သားအဓိက ပြ ဿနာက ဘာလဲ။ ဘာကြောင့်များ အဲ့ဒီတုန်းက အဲ့ဒီလိုဖြစ်တာလဲ စတဲ့ ကိုယ့်ချစ်သူ အနေခက်မယ့် မေးခွန်းမျိုးတွေ နေ့စဉ်မေးနေမယ်ဆိုရင် သူလည်း စိတ်အနှောင့်အယှက်ဖြစ်မှာပဲ။ နှစ်ဦးသားဆက်ဆံရေး ချို့ယွင်းသွားစေမယ့် မေးခွန်းမျိုးတွေ မမေးမိအောင် ထိန်းပါ။

Ref:.cosmopolitan.com
Trend Myanmar


အမေ့ထူသူများအတွက် နည်း ၅ နည်း


လုပ်ဖော် ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူ လွန်းလို့ စိတ်ညစ် နေပါ သလား။ သော့ဘယ်မှာ ထားမိမှန်း မသိ ဖြစ်နေသလား။

စိတ်မညစ် ပါနဲ့တော့။ မေ့တတ်တဲ့ အကျင့် ပျောက်ပြီး မှတ်ဉာဏ် ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိ ထားပါတယ်။

(၁) အချက်အလက်သစ်တွေ မှတ်မိဖို့ မေးစေ့ကိုင်ပါ

ရုပ်ရှင်တွေ ထဲမှာ မြင်ဖူးကြမှာပါ။ ဇာတ်ဝင်ခန်း ထဲမှာ တစ်ခုခုကို အလေး အနက် စဉ်းစားပြီဆိုရင် မေးစေ့ကိုပွတ်ပြီး စဉ်းစားတတ်ကြ တာကိုပေါ့။ အဲဒီလိုပဲ အချက်အလက် အသစ် တစ်ခုခုကို နားထောင်တဲ့အခါ လက်က တစ်ခုခု လုပ်နေလိုက်ပါ။ အဲဒီ အချက်အလက်ကို ပိုပြီး မှတ်မိလွယ်ပါတယ်။ နားထောင်နေစဉ် လက်ဟန်ခြေဟန် တစ်ခုခုလုပ်နေတာက ဦးနှောက်ရှိ မှတ်ဉာဏ်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို မြင့်မားစေပြီး မှတ်ဉာဏ် ပိုကောင်း စေနိုင်ပါတယ်။ ဥပမာ- ဖုန်းနံပါတ်တစ်ခုကို မှတ်ရာမှာ မေးစေ့ကို ကိုင်တာပဲဖြစ်ဖြစ်၊ နားရွက်ကို ကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး အဲဒီ ဖုန်းနံပါတ်ကို ခေါင်းထဲ ပြန်စဉ်းစားကြည့်တဲ့အခါ မေးစေ့ ဒါမှမဟုတ် နားရွက်ကို ပြန်ကိုင်ပြီး စဉ်းစားပါက ပိုပြီး မှတ်မိလွယ်ပါတယ်။

(၂) အချက်အလက်သစ်တွေကို မမေ့ဖို့ စိတ်ကူးထဲ ပုံဖော်ကြည့်ပါ

ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် နာမည်တစ်ခုကို မှတ်ရာမှာ “ငါနောက်တစ်ခါ ဒီဖုန်းကိုဆက်ချင်ရင် ဘယ်ကိုဆက်ရမလဲ” ဒါမှမဟုတ် “ငါသူ့ကို နောက်တစ် ကြိမ်တွေ့ရင် ဘယ်လိုခေါ်ရမလဲ” စသဖြင့် အနာဂတ်မှာ ကြုံရင် ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြိုတွေးပြီး စိတ်ကူးထဲ ပုံဖော်ကြည့်တာက တစ်ခုခုကို မှတ်ရာမှာ ပိုလွယ်ကူစေပါတယ်။ လေ့လာချက် တစ်ခုအရ ဒီနေ့ သင်လိုက်တဲ့ အရာကို အနာဂတ်မှာ ဘယ်လိုသုံးမယ်ဆိုတာကို ပုံဖော်ကြည့်သူတွေဟာ စိတ်ကူးမကြည့်မိသူတွေထက်စာရင် ထိုအရာကို ပိုပြီးမှတ်မိနေတာကို တွေ့ရပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရ အချက်အလက်တွေကို မှတ်ရာမှာ ထိုအချက်တွေကို ဦးစားပေးအဖြစ် ကိုယ်ကအသုံးပြုပုံကို စိတ်ကူးယဉ်ကြည့်ပါက ဦးနှောက်ကနေ သေချာမှတ်ထားပြီး အလိုရှိတဲ့ အချိန်မှာ ပြန်ထုတ်ပေးဖို့ အသင့် ဖြစ်နေတယ်လို့ သိရပါတယ်။

(၃) မှတ်ဉာဏ် ပိုကောင်းစေဖို့ လမ်းလျှောက်ပါ

သိပ္ပံပညာရှင် တွေဟာ ဦးနှောက်ရှိ မှတ်ဉာဏ်ထိန်းပေးတဲ့ အစိတ်အပိုင်း (Hippocampus) ဟာ အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားတတ်ပြီး ထိုသို့ ကျုံ့သွားခြင်းကို ပြန်ပြင်လို့မရနိုင်လို့ ယူဆခဲ့ကြဖူးပါတယ်။ ခုတော့ အဲလို ယူဆဖို့ မလိုတော့ပါဘူး။ လေ့လာချက် အသစ်တစ်ခုအရ ကိုယ်လက် လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်သူဟာ ဦးနှောက်ကျုံ့တာကို ကာကွယ်ပေးရုံမျှမက တစ်နှစ်အတွင်းမှာ ပြန်လိုတောင်ချဲ့နိုင်ကြောင်း တွေ့ရပါတယ်။ တစ်နေ့ကို မိနစ် ၄၀ ကြာ တစ်ပတ်ကို သုံးရက်လမ်းလျှောက်သူ သက်ကြီးရွယ်အို တွေဟာ ခုမှစပြီး လေ့ကျင့်ခန်းလုပ်သူထက် Hippocampus အရွယ်အစား ၂ ရာခိုင်နှုန်း ဒါ့အပြင် မှတ်ဉာဏ် စာမေးပွဲ ဖြေရာမှာလည်း အမှတ်ပိုကောင်းပြီး ဦးနှောက်ကျန်းမာရေး ကောင်းစေနိုင်တဲ့ ဓာတ်တွေလည်း ပိုများနေပါတယ်။ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို မိနစ် ၃၀ ကြာ လေ့ကျင့်ခန်းလုပ်ရုံနဲ့ ဦးနှောက်မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။

(၄) ဦးနှောက်ဆဲလ်တွေ ကာကွယ်ဖို့ အမြန်စာ မစားပါနဲ့

အဆီများတဲ့ အဝစာ၊ အမြန်စာတွေကို အစားများပါက ကြာလာရင် မှတ်ဉာဏ် လျော့နည်းစေကြောင်း သိထားတာ ကြာပါပြီ။ ဒီအစာတွေက အချိန်တိုအတွင်းမှာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သတိမပြုမိ ကြသေးပါဘူး။ လေ့လာချက် တစ်ခုအရ အဆီများတဲ့ အဝစာ တွေကို ကျွေးတဲ့ အစမ်းသပ်ခံ သတ္တဝါတွေဟာ ကိုးရက်အတွင်း မှတ်ဉာဏ်နဲ့ ပြဿနာ ဖြေရှင်း နိုင်စွမ်း ၁၅ ရာခိုင်နှုန်း ကျသွားတာကို တွေ့ရပါတယ်။

(၅) အမေ့ထူတာ လျော့စေဖို့ Chamomile Tea သောက်ပါ

Chamomile Tea ကို စူပါမားကက်တွေမှာ ရှာဝယ်နိုင်ပါတယ်။ ဦးနှောက်ကို အားဖြည့် ပေးသလို စိတ်ကိုလည်း ဖြေလျှော့ပေးပါတယ်။ အမေ့ထူတာကို လျော့စေတဲ့ Luteolin ဓာတ်တွေလည်း များစွာပါရှိနေပါတယ်။ အသက် အရွယ် အိုမင်းမှုကြောင့် ဖြစ်တတ်တဲ့ မှတ်ဉာဏ်လျော့နည်းမှုကို ဖြစ်စေတဲ့ ဦးနှောက်ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် Luteolin ဓာတ် တွေဟာ ဦးနှောက်ဆဲလ် ဆက်နွှယ်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်တဲ့ Cytokines တွေ ထွက်ရှိမှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ အကယ်၍ Chamomile Tea ကို ရှာမတွေ့ပါက Luteolin ဓာတ်ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ငရုတ်သီးစိမ်းတို့ကို စားပေးနိုင်ပါတယ်။

ဒေါက်တာနုမြတ် (ရတနာပုံ ကျန်းမာရေး)


မိသားစုနာမည်၊ မွေးသက္ကရာဇ်နဲ့ ကျေးဇူးရှင်ရဲ့နာမည်ကို တက်တူးထိုးထားတဲ့ ခင်လှိုင်


လူငယ်ဘဝကတည်းက တက်တူးကို စွဲစွဲလမ်းလမ်းထိုး ဖြစ်ခဲ့တဲ့ ခင်လှိုင်က တက်တူးမှာလည်း သူ့အဓိပ္ပာယ်နဲ့သူရှိပြီးမှတ်ချင်တဲ့ သင်္ကေတတွေကို ခန္ဓာကိုယ်ပေါ်မှာ ပန်းချီ အဖြစ်နဲ့ သိမ်းဆည်းထားခြင်း ဖြစ်ကြောင်းပြောပါတယ်။

သူ့ ခန္ဓာကိုယ်ပေါ်မှာ ထိုးထားတဲ့ တက်တူးတွေနဲ့ ပတ်သက်ပြီး ခင်လှိုင်က ” ကျွန်တော့်ရဲ့ ညာဘက် လက် ဖျံမှာက ကျွန်တော့်ရဲ့ ဇနီးနာမည်ကို ထိုးထားတယ်။ အရေပြားပေါ်မှာ မှတ်တမ်းတင်ထားတာပေါ့။

မိသားစုတွေရဲ့နာမည် နဲ့ မွေးသက္ကရာဇ်ကိုလည်း လက်မှာထိုးထားတယ်။ ကျွန်တော့်ရဲ့အဓိပ္ပာယ်နဲ့ကျွန်တော်ပေါ့။ တက်တူးမှာလည်း လူတိုင်းက သူ့အဓိပ္ပာယ်နဲ့သူထိုးကြတာပဲ။ ကျွန်တော် အရုပ်ထိုးတော့မယ်ဆိုရင် ငယ်ငယ်လေး က တည်းက ကိုယ့်ကိုယ်ကိုယ် ဘာအကြိုက်ဆုံးလဲလို့ ပြန်စဉ်း စားတဲ့အခါ တကယ်တမ်းတအား ကြိုက်တာက အရိုးခေါင်းတွေကို တအားကြိုက်တယ်။

နာရီတို့၊ခါးပတ်တို့ကအစ အရိုးခေါင်း တွေပါတယ်။ ကျွန်တော့်ခန္ဓာ ကိုယ်မှာထိုးထားတာတွေ အကုန်လုံးက အရိုးခေါင်းတွေ၊ သရဲခေါင်းတွေချည်းပဲ ထိုးတယ်။ လည်ပင်း မှာကျတော့ ကျွန်တော့် ကလေး ၃ ယောက်နာမည်ကို အတိုကောက်တွေထိုးထားတယ်။ အကြီးကဖြိုးသီဟဖြစ်တဲ့အတွက် P ၊ အငယ်ကထက်ပိုင်ဦးဆိုတော့ ၊သမီးက သဇင်ထူးဆိုတော့ H ပေါ့။

အဲဒါကိုမှ ကြယ်လေးတွေ ခြံရံပြီးတော့ကိုယ့်ရဲ့မြင့်မြတ် တဲ့ နေ ရာအပေါ်ပိုင်းမှာထိုးထားတယ်။ ကျွန်တော့်ဘဝမှာ ကျွန်တော့် အပေါ်
ကျေးဇူး ရှိခဲ့တဲ့ လူတစ်ယောက်ရဲ့ နာမည်ကို ကုပ်စည်းမှာထိုးထားတယ်။
သူက ကိုနေရဲမာန်။ ကျွန် တော်တို့မိသားစုအပေါ်မှာ ကျေးဇူး ရှိခဲ့ဖူးတယ်။ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက၊ကျွန်တော်အနုပညာလော
ကစရောက်တဲ့အချိန်မှာကတည်းက၊ သူဗိုလ်မှူးဘဝမှာကတည်းက
ကျွန်တော် တို့မိသားစုကို ကြည့်ရှုေ စာင့် ရှောက်ခဲ့တယ်။

ကျွန်တော့်ရဲ့ အစ်ကိုဆိုလည်းဟုတ်တယ်။ ကျေးဇူးရှင်ဆိုလည်း ဟုတ်တယ်။ ဒါ ကြောင့် အစ်ကို့ရဲ့နာမည်ကို မြတ်မြတ်နိုးနိုးနဲ့ ကုပ်ပေါ်မှာ ထိုးထား တယ်” လို့ပြောပါတယ်။

တက်တူးဆိုတာက ဆုံးဖြတ်ချက် သေချာတဲ့သူတွေမှ ထိုးတဲ့အရာဖြစ်ပြီး တစ်သက်လုံး သေရာပါသွားမယ့်အရာဖြစ်ကြောင်း ခင်လှိုင်ကပြောပါတယ်။ တက်တူးနောက် ထိုး မယ့် လူငယ်များကိုလည်း ဆုံးဖြတ်ချက်သေချာပြီဆိုမှ ထိုးစေချင်ကြောင်းကို ခင်လှိုင်က ” ပုံကို ဒီပုံကြိုက်တယ်၊ တစ်သက်လုံး မပြောင်းတော့ဘူး ဆိုမှ ထိုးလို့ရတယ်။

တက်တူးထိုးမယ့်လူငယ်တွေကိုမှာချင်တာက ကိုယ်တကယ်မကြိုက်ဘဲနဲ့ မလုပ်ပါနဲ့။ သေသေချာချာကြိုက် ပြီဆိုမှထိုးပါ။ အဆိုးဆုံးကတော့ နာမည်ပေါ့။ ချစ်သူရဲ့ နာမည် တို့၊ ငယ်ငယ်တုန်းက ရူးရူးမူးမူးနဲ့ထိုးကြတယ်။ အဲဒီချစ်သူနဲ့ အဆင်မပြေတော့ အဲဒီနာမည်ကြီးကဘယ်လိုလုပ်ရမှန်းမ သိတော့ ဘူး။ဒါကြောင့်သေချာမှ ထိုးပါ” လို့ပြော ပါတယ်။

ခိုင်ဝေလွင်
Popular Journal


အာရှအားကစားပြိုင်ပွဲကို မြန်မာဘောလုံးအသင်းများ ယှဉ်ပြိုင်တော့မည် မဟုတ်


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် (၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို မြန်မာဘောလုံး အသင်းများ စေလွှတ်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ယခုအခါ ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း သိရသည်။

MFF မှ မီဒီယာတာဝန်ခံ ဦးစိုးမိုးက “ကျွန်တော်တို့အနေနဲ့ အစက အာရှအားကစားပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့သလို ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက်လည်း အစီအစဉ်တွေ လုပ်ပြီးပါပြီ။ ဒါပေမဲ့ အခုနှစ်အတွင်းမှာ ယှဉ်ပြိုင်ရမယ့် နိုင်ငံတကာ ပြိုင်ပွဲတွေက များပြားနေသလို အောင်မြင်မှုရရှိဖို့လည်း အခွင့်အရေးက အရမ်းနည်းတာကြောင့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပြီး ၀င်မယှဉ်ပြိုင်ဖို့ အတည်ပြုခဲ့တာပါ” ဟု ပြောကြားသည်။ မြန်မာအမျိုးသား ဘောလုံးအသင်းမှာ အာရှအားကစားပြိုင်ပွဲကို ၁၉၉၄ ခုနှစ်က နောက်ဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအမျိုးသမီး ဘောလုံးအသင်းမှာမူ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ (၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို လာမည့် စက်တင်ဘာ ၁၆ ရက် မှ အောက်တိုဘာ ၄ ရက်အထိ တောင်ကိုရီးယားနိုင်ငံ အင်ချွမ်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၀ မျိုးဝန်းကျင်ဖြင့် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Eleven Media Group


ဗြိတိန်အမျိုးသမီး၏ MH 370 နှင့်ပတ်သက်သော ပြောကြားချက်ကို သြစတြေးလျအစိုးရ စတင်စုံစမ်း

ကက်သရင်းတီးနှင့် ၎င်း၏ အမျိုးသား (Photo: Jeremie Schatz/Phuket Gazette)

သြစတြေးလျအစိုးရသည် အိန္ဒိယသမုဒ္ဒရာအထက်တွင် မီးလောင်နေသည့် မလေးရှားလေယာဉ် MH 370 ကို တွေ့မြင်ခဲ့သည်ဟုဆိုသော ဗြိတိန်အမျိုးသမီးကက်သရင်းတီး၏ ပြောကြားချက်ကို စတင်စုံစမ်းနေပြီဖြစ်သည်။

မလေးရှားအစိုးရ၏ မေတ္တာရပ်ခံချက်အရ ပျောက်ဆုံးလေယာဉ်ရှာဖွေမှုကို ဦးဆောင်နေသော သြစတြေးလျသယ်ယူပို့ဆောင်မှု ဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့ (ATSB) က ကက်သရင်းတီး၏ ပြောကြားချက်ကို ယခုသီတင်းပတ်အတွင်း ပြန်လည်ဆန်းစစ်သွားမည် ဟု ပြောသည်။

‘‘MH 370 လေယာဉ်ပျောက်သွားတဲ့ ညမှာ အိန္ဒိယသမုဒ္ဒရာအထက်ကောင်းကင်မှာ မီးလောင်နေတဲ့ လေယာဉ်တစ်စီးလို့ ယူဆရတဲ့ အရာကို တွေ့တယ်ဆိုပြီး ပြောတဲ့ သတင်းတစ်ခု ATSB အဖွဲ့က ရထားပါတယ်။ အဲဒီသတင်းကို ပြန်လည်ဆန်းစစ်နိုင်အောင်လို့ ATSB ရဲ့ MH 370 ရှာဖွေရေးမဟာဗျူဟာအဖွဲ့ကို ပေးပို့ထားပါတယ်’’ဟု ATSB ပြောရေးဆိုခွင့်ရသူတစ်ဦးက အေအက်ဖ်ပီသတင်းသို့ အီးမေးလ်တစ်စောင် ပေးပို့၍ပြောကြားခဲ့သည်။

—Ref:AFP
7day daily

4 Jun 2014

သင့်မှာ ဘယ်လိုအကျင့်စရိုက်ရှိလဲ ?



(အရမ်းမှန်နေလို့ အားလုံးကိုလည်း share ပေးလိုက်တာပါ)

မွေးနေ့အလိုက်တိရစ္ဆာန် အကောင်များနဲ့ တင်စားပြီး အမူအကျင့် ဘယ်လိုရှိတယ် ဆိုတာ တင်ပြပေး လိုက်ပါတယ်။

ဇန်န၀ါရီ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့

ဖေဖော်ဝါရီ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်

မတ်ခ်ျ
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်

ဧပြီ
၀၁ - ၀၃ ခွေး
၀၄ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်

မေ
၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခြင်္သေ့

ဇွန်
၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်

ဇူလိုင်
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်

သြဂုတ်
၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်

စက်တင်ဘာ
၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး

အောက်တိုဘာ
၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်

နိုဝင်ဘာ
၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်

ဒီဇင်ဘာ
၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်
၂၆ - ၃၁ ချိုးငှက်

၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့်ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို
လေးစားသူ ဖြစ်ပြီး ပင်ကို စိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့် ဆက်ဆံ ရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်တွေအပေါင်း အသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို ရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ လည်း လိုက်ဖက်သည့် အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့် ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင် ထင်ပေါ် ကျော်ကြား သူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနှင့်သာပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။

၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများ အားနောက်ပြောင် တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များသင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီးလူစုံ သည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော်သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ်ပြောမှသာဖြစ်သည် စကား အမှားမခံ။ တစ်စုံတယောက်က စကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။

၃။ အကယ်၍ သင့်မွေးနေ့သည် ခြင်္သေ့ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့်ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကိုရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည် နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇရှိသူ ဖြစ်သည်။ လုပ်ငန်းခွင် တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ် ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်း သွင်းနိုင် သူလည်း ဖြစ်သည်။ သူတပါး၏ ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီဆိုလျှင် ကိုယ်က သူဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့် ခိုင်းစေတတ်သည်ကို အထူးသတိပြုပါ။

၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ်ကောင်းသူ ဖြစ် သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက် တည်း ငြိမ်ငြိမ် သက်သက် နေရသည်ကို ပိုပြီးလိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို လေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည် အေးဆေး တည်ငြိမ်သူဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင်
တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ အ၀တ်အစားများကို နှစ်သက် သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့် ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။ အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။

၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ်ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူ တစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကို သင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန် ၀န်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှ
နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့ ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှုမရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။

၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာ နေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏ ဂယက်ရိုက်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့်ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်ကခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ်သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှု ကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူ များနှင့်ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦး ဖြစ်သည်။

၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦးဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်း အသင်းများနှင့် အတင်းပြောရသည်ကို ၀ါသနာပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင် ကြိုးစား တတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်းမရှိ။ ယင်းကဲ့သို့သော အခြေ အနေ တွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေးပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူဖြစ်သည်။

၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူ ဖြစ်သည်။အရာရာ ကို အမြန်ဆုံး ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသော နှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှု ကို ခံယူလိုသူ လည်း ဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး ကိုယ့်ဂုဏ်သ တင်းနှင့် ပတ်သက်၍ အငြိအစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကိုလိုက်ပြီး ဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အ လုပ်ကိုမဆိုစမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ၏ နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို တန်ဖိုးထားတတ်သူ များလည်း ဖြစ်တတ်သည်။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

ဝင်းကိုကို
၂၀၀၅၊ နိုဝင်ဘာ၊ ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း


အစိုးရက ပြည်သူများထံပေးထားသည့် ဆေးရုံ၊ ကျောင်း၊ လမ်း၊ တံတားများ ဆောက်လုပ်ပေးရေးဆိုင်ရာ ကတိများအနက် ထက်ဝက်ခန့်ကိုသာ အမှန်တကယ်ဆောင်ရွက်ပေးကြောင်း လွှတ်တော်ကော်မတီ အစီရင်ခံစာတွင်ဖော်ပြ


(ဇွန် ၂ ရက်က ပြိုကျခဲ့သော ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်ရှိ ပုတီးကုန်းအထက်တန်းကျောင်း)

အစိုးရအနေဖြင့် ပြည်သူများထံသို့ပေးထားသည့် ဆေးရုံ၊ ကျောင်း၊ လမ်း၊ တံတားများ ဆောက်လုပ်ရေးဆိုင်ရာ ကတိများအနက် ထက်ဝက်ခန့်ကိုသာ အမှန်တကယ်ဆောင်ရွက်ပေးကြောင်း ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဇွန် ၃ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်သွင်းသည့် ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

ပြည်သူများ၏ လိုလားချက်များဖြစ်သော ဆေးရုံ၊ ကျောင်း၊ လမ်း၊ တံတားများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်မှတစ်ဆင့် အစိုးရထံတောင်းခံခဲ့ရာ အစိုးရမှ ဆောင်ရွက်ပေးမည်ဟု ကတိပြုသည့်လုပ်ငန်း စုစုပေါင်း ၂၂၁၇ ခုရှိခဲ့ပြီး အမှန်တကယ်ဆောင်ရွက်ပြီးသည့် လုပ်ငန်းမှာ စုစုပေါင်း ၁၁၅၁ ခုသာရှိနေကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

အစီရင်ခံစာတွင် အစိုးရသစ်စတင်တာဝန်ယူပြီး လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပပြီးနောက် ပထမပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန်အစည်းအဝေးအထိ အစိုးရအဖွဲ့မှ ကြယ်ပွင့်ပြမေးခွန်းများ ပြန်လည်ဖြေကြားရာ၌ ကတိပေါင်း ၆၁၈ ခုရှိခဲ့ကြောင်း၊ ၎င်းတွင် ဆေးရုံ၊ ကျောင်း၊ လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားများနှင့် ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစွာ ပါဝင်ကြောင်း၊ ၎င်းကတိပေါင်း ၆၁၈ ခုအနက် ၄၁၅ ခုသာ အမှန်တကယ် ပြီးစီးပြီဖြစ်ကြောင်း အစိုးရအဖွဲ့ရုံးမှ ပေးပို့လာသည်ဟု ပါရှိသည်။

လွှတ်တော်သို့တင်သွင်းသည့် အဆိုများအတွက် အစိုးရမှပေးထားသည့် ကတိပေါင်း ၇၇ ခုရှိပြီး အစိုးရအဖွဲ့မှပေးပို့သည့် ပြီးစီးမှုသည် ၆၁ ခုသာရှိကြောင်း သိရသည်။

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများအတွက် ကြယ်ပွင့်မပြကတိအဖြစ် စုစုပေါင်း လုပ်ငန်းပေါင်း ၁၅၂၂ ခုကို အစိုးရမှပေးခဲ့သော်လည်း အမှန်တကယ်ပြီးစီးပြီဟု အကြောင်းကြားလာသည့် လုပ်ငန်းအရေအတွက်မှာ ၆၇၅ ခုသာရှိကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများ၏ လိုလားချက်များကို ကတိပေးပြီးသော်လည်း ထက်ဝက်မျှသာ ဆောင်ရွက်ပေးသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် ဝေဖန်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက ဆွေးနွေးရာတွင် ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူ့ကိုယ်စား တင်ပြတောင်းခံခြင်းဖြစ်ကြောင်း၊ အစိုးရမှ ကတိပေးသည့်အတွက် ပြည်သူများထံ လိုအပ်ချက်များကို အစိုးရကလုပ်ပေးလိမ့်မည်ဟု ပြန်လည်ကတိပေးခဲ့ကြောင်း၊ သို့သော် အမှန်တကယ်တွင် မရလာသဖြင့် ပြဿ နာများရှိကြောင်း၊ ထို့ကြောင့် အစိုးရ၏ကတိများတည်ကြရန် ဆွေးနွေးခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်က ပြည်နယ်များရှိအစိုးရမှ ဆောင်ရွက်ပေးသည့်လုပ်ငန်းများကို နှစ်ချီ အချိန်ယူဆောင်ရွက်နေသည်မှာ မဖြစ်သင့်ကြောင်း ဆွေးနွေးခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ၀န်ကြီးဌာနများသည် ကတိဖြစ်သည်၊ မဖြစ်သည်ကို ကွဲကွဲပြားပြား ဆုံးဖြတ်နိုင်ခြင်းမရှိသော အဖြေများနှင့် ဖြေနေသည်ကို ဝေဖန်ပြောကြားခဲ့သည်။

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် တိုးမြှင့်ရရှိငွေအများစုသည် အသစ်ဆောက်လုပ်မှုများအတွက်သာ ကုန်ကျမှုများနေကြောင်း သိရသည်။ ယိုယွင်းဟောင်းနွမ်းလျက်ရှိသော ကျောင်းဆောင်ဟောင်းများ၊ အမှန်တကယ် ပြုပြင်ဖြည့်တင်းရန် လိုအပ်သောကိစ္စရပ်များတွင် အသုံးမပြုဘဲ မလိုအပ်သော ကျောင်းသစ်ဆောက်လုပ်ခြင်းသည် ဆောက်လုပ်ရေးကန်ထရိုက်နှင့် လာဘ်စားသူအချို့အတွက်သာ အကျိုးဖြစ်ထွန်းစေကြောင်း ဝေဖန်မှုများရှိနေသည်။ ကျန်းမာရေးကဏ္ဍတွင်လည်း ဆေးရုံ၊ ဆေးခန်းများ၌ လူထုအတွက် အမှန်တကယ်လိုအပ်ချက်များ ဖြည့်တင်းခြင်းထက် မဖြစ်မနေဆောက်လုပ်ရန် မလိုအပ်သေးသည့် တောင်ကြီးဆေးတက္ကသိုလ်သစ် ဆောက်လုပ်ခြင်းကဲ့သို့သော အသစ်ဆောက်လုပ်မှုများအတွက်သာ အကုန်အကျခံ လုပ်ဆောင်နေကြောင်း သိရသည်။

Eleven Media Group


ကန့်ဘလူမြို့နယ်တွင် ရေအိုင်အတွင်းမှ သားအဖနှစ်ယောက် သေဆုံးနေသည်ကို တွေ့ရှိရ


အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_853.html
သတင်း၊ ကိုတိုးကြီး
ကန့်ဘလူ၊ ဇွန် 3
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဆည်ကြီးကျေးရွာအနီး၊ တာတိုင်တောတိုက်ရှိ ကန့် ဘလူ - ဆည်ကြီးရွာသွားလမ်းနဘေးရေအိုင်တွင် မေလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက သားအဖနှစ် ယောက်သေဆုံးနေသည့် အလောင်းနှစ်လောင်အားတွေ့ရှိခဲ့ရကြောင်း ကန့်ဘလူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိ ရသည်။

ရေအိုင်အတွင်း သားအဖနှစ်ယောက် သေဆုံးနေသည့်အရပ်သို့ ကန့်ဘလူမြို့မရဲစခန်းမှ ဒုရဲအုပ် ဇင်ဗိုလ် ဗိုလ်နှင့်အဖွဲ့က သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ရေအိုင်အတွင်း သေဆုံးနေသူများမှာ ဦးသာချို အသက်(၅၇)နှစ် ဆိုသူနှင့် ထိုသူ၏သား မောင်ဆန်းလင်းထွန်း အသက်(၈)နှစ် ဆိုသူတို့ဖြစ်ကြောင်း သိရ သည်။

အဆိုပါ သားအဖနှစ်ယောက် ရေအိုင်အတွင်းသေဆုံးနေမှုနှင့်ပတ်သက်၍ မှုခင်ဆေးပညာအရ စစ်ဆေး ဆောင်ရွက်နိုင်ရန် ကန့်ဘလူမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၆/ ၂၀၁၄ အရ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ကိုတိုး ချင်းတွင်း

မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် စစ်အင်အားနှိုင်းယှဉ်ချက်


ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံထက် လူဦးရေ များသော်လည်း စစ်အင်အားတွင် မြန်မာထက် နိမ့်ပါးသည်ကို တွေ့ရသည်။
ဘင်္ဂလားဒေ့ရှ်သည် လက်နက်ခဲယမ်း အားလုံးကို ပြည်ပမှ ၀ယ်ယူနေရချိန်တွင် မြန်မာ့ တပ်မတော် အနေဖြင့် လက်နယ်ငယ်များ၊ အမြောက်များ၊ အမြောက်ကျည်များ၊ လေ့ကျင့်ရေး တိုက်လေယာဉ်များ၊ တင့်နှင့်သံချပ်ကာကားများ၊ ဒုံးကျည်များ၊ ပဲ့ထိန်းဒုံကျည်များ၊ တာဝေးပစ်ဒုံးကျည်များ၊ ဖရီးဂိတ် စစ်ရေယာဉ်များ၊ ကိုယ်ပျောက် တိုက်ရေယာဉ်များကို ပြည်တွင်းတွင်ပင် ထုတ်လုပ်နိုင်နေပြီ ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်၏ အမြောက်တပ်ရင်း သုံးရင်းနှင့် မြန်မာနိုင်ငံ၏ အမြောက်တပ်မ ၁၂ခုကို နှိုင်းယှဉ်လျှင်ဖြစ်စေ၊ ဘင်္ဂလားဒေ့ရှ်၏ ပထမမျိုးဆက် MIG 29 ရှစ်စီးနှင့် မြန်မာနိုင်ငံ၏ နောက်ဆုံးမျိုးဆက် MIG တိုက်လေယာဉ် အစီး၄၀ကို နှိုင်းယှဉ်လျှင်ဖြစ်စေ မြန်မာဘက်က သာလွန်လျှက်ရှိသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်သည် တရုတ်မှ လက်နက်များကိုသာ အဓိက ၀ယ်ယူသုံးစွဲနေပြီး မြန်မာနိုင်ငံသည် တရုတ်အပြင် ရုရှား၊ ယူကရိန်း၊ အစ္စရေး၊ တောင်အာဖရိက စသည့် လက်နက်ကောင်းများ ထုတ်လုပ်သည့် နိုင်ငံများမှ လက်နက်များကို ၀ယ်ယူခြင်း၊ ပြည်တွင်းတွင် ထုတ်လုပ်ခြင်းများ ဆောင်ရွက်လျှက်ရှိသည်။
လွန်ခဲ့သည့် နှစ်လေးဆယ်ကျော်ကပင် မြန်မာနိုင်ငံသည် စစ်လက်နက် ပစ္စည်းစက်ရုံများ ထူထောင်ပြီး မိမိနိုင်ငံအတွက် လိုအပ်သော လက်နက်များကို ဂျာမနီနိုင်ငံနှင့် ထုတ်လုပ်သည့် အတွေ့အကြုံများ ရှိသဖြင့် မြန်မာပြည်သူပြည်သားများ အနေဖြင့် ပြည်ပရန်ပကို စိုးရိမ်ဖွယ်ရာ မရှိကြောင်း တင်ဆက်လိုက်ရပါသည်။
Tomorrow



အသည်းကွဲအိမ်ရှင်မတို့ အားကိုးရာ


ပြတင်းပေါက်မှ ၀င်ရောက်လာသည့် နေရောင်က ၁၀ ပေ ပတ်လည်ခန့်သာ ကျယ်ဝန်းသော အခန်းလေးကို အလင်းရောင် ကောင်းစွာပေးလျက် ရှိသည်။ အခန်းထဲမှာတော့ ဂမ္ဘီရဆန်ဆန် အသုံးအဆောင်ပစ္စည်းများ၊ ကိုးကွယ်ယုံကြည်မှုနှင့် သက်ဆိုင်သည့် ရုပ်တုများ၊ အစဉ်အဆက် အသုံးပြုခဲ့ကြသည့် ဗေဒင်လက္ခဏာကျမ်းများက နေရာယူထားသည်။ ခန်းမ၏ထိပ်တွင် ဆုံလည်ကုလားထိုင်ဖြင့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။ သူ၏ရှေ့တွင်တော့ ထိုင်ခုံလွတ် နှစ်ခု၊ သုံးခုခန့်။ ထိုင်ခုံလွတ်များက ရန်ကုန်မြို့အနှံ့မှ လာရောက်ကြမည့် အိမ်မကပ်တော့သည့် အိမ်ဦးနတ်များ အိမ်ပြန်လာရေးအတွက် လာရောက်တိုင်ပင်ကြသည့် အသည်းကွဲနေသည့် အိမ်ရှင်မအမျိုးသမီးများအတွက်ပင် ဖြစ်သည်။ ဗေဒင်လက္ခဏာပညာရှင် ဒေါ်ထက်နွေးစန္ဒီ၏
 ရှေ့တွင်ချထားသော ခုံလွတ်တွင် နေ့စဉ် လူပြတ်သည်မရှိလောက်အောင် စည်ကားလျက်ရှိသည်။

ရန်ကုန်မြို့လယ် ဆူးလေမှ လေးဆယ့်ငါးမိနစ်ခန့် သွားရသည့် ဒဂုံမြောက်ပိုင်း မဟာမြိုင်အိမ်ရာရှိ အဆိုပါ အမျိုးသမီးသီးသန့် ဗေဒင်လက္ခဏာဟောခန်းသို့ အသည်းကွဲအမျိုးသမီးများ ဒါဇင်နှင့်ချီကာ နေ့စဉ်တဖွဲဖွဲလာရောက်လျက်ရှိသည်။ ဗေဒင်ဆရာမက သူတို့အတွက် အဆောင်အယောင်များ ပြုလုပ်ပေးရသည်။

‘‘ကျွန်မ ဟောခန်းစဖွင့်တာ ၂၀၀၇ လောက်က စတာ။ ဒါပေမဲ့ ၂၀၁၀ နောက်ပိုင်းမှာ လာမေးကြတဲ့သူတွေ တော်တော်လေး သိသိသာသာ များလာတယ်။ တစ်နေ့တစ်နေ့ လာမေးတဲ့သူတွေရဲ့ အဓိကက ဒီ (အမျိုးသားတွေ အိမ်ထောင်ရေးဖောက်ပြန်တဲ့) ပြဿနာ ဖြစ်နေတယ်’’ ဟု ဗေဒင်လက္ခဏာပညာရှင် ဒေါ်ထက်နွေးစန္ဒီကပြောသည်။

မိမိလင်ယောက်ျား အိမ်ပြန်လာရေးအတွက် ဓာတ်ရိုက်ဓာတ်ဆင်ယတြာ လာရောက်လုပ်ကြသည့် အမျိုးသမီးများသည် ဒေါ်ထက်နွေးစန္ဒီ၏ ဗေဒင်ခန်းတွင်သာမကဘဲ ရန်ကုန်မြို့ရှိ ဗေဒင်ဟောခန်းတော်တော်များများတွင် ပြည့်နှက်နေလျက်ရှိသည်။

အချက်အလက်ရရှိရန် ခက်ခဲလှသည့် မြန်မာနိုင်ငံတွင် အိမ်ထောင်ရေးအဆင်မပြေမှုများ၊ အိမ်ထောင်ပြိုကွဲမှုများ မည်မျှရှိသည်ကို တိတိကျကျသိရန် ခက်ခဲလှသည်။ သို့သော်လည်း ဗေဒင်ဟောခန်းများဆီသို့ တစ်ရက်တစ်ရက် လာရောက်ကြသည့် အမျိုးသမီးအရေအတွက်ကို ကြည့်လျှင် မြန်မာ့လူ့အဖွဲ့အစည်းအတွက် မသေးလှသည် ပြဿနာဖြစ်ကြောင်း မီးမောင်းထိုးပြလျက်ရှိသည်။ ထိုအချက်ကို မကြာသေးမီက မီဒီယာစာမျက်နှာများပေါ်တွင် ရေပန်းစားခဲ့သော အနုပညာရှင်အချို့၏ အိမ်ထောင်ရေးသတင်းများက သက်သေပြနေသည်။

မိသားစုအသိုက်အ၀န်းဆီမှ စွန့်ခွာပြီး အချစ်သစ်ရှာတွေ့သွားကြသည့် လင်ယောက်ျားများအတွက် ရတက်မအေးဖြစ်နေရသည့် အမျိုးသမီးများ ရန်ကုန်တွင် တစ်နေ့တခြား များပြားလာကြောင်း 7Day မှ သွားရောက်တွေ့ဆုံ မေးမြန်းကြသည့် ဗေဒင်လက္ခဏာပညာရှင်များက ပြောသည်။

‘‘မိန်းမတစ်ယောက် ရောက်လာပြီ။ မျက်နှာအနေအထားက ၀မ်းနည်းနေပြီဆိုရင် တွက်ချက်မနေတော့ဘူး။ တန်းပြောလိုက်တာ အိမ်ထောင်ရေးမကောင်းဘူး မဟုတ်လားဆိုပြီး။ မှန်တယ် အဲဒါက။ အဲဒီလောက်ထိကို ဖြစ်နေတာ’’ ဟု ရန်ကုန် ကန်တော်လေးတွင် ဗေဒင်ဟောခန်းဖွင့်ထားသည့် အကြားအမြင် မနောစွမ်းအားဖြင့် ဟောကြားသည့် ဦးရှင်မင်းက ပြောသည်။

အိမ်ထောင်ရေးအဆင်မပြေမှုများအတွက် လာရောက်မေးမြန်းကြသည့် အမျိုးသမီးများမှာ အသက် (၃၀)မှ (၅၀)အရွယ်မှာ အများဆုံးဖြစ်ကြောင်း ဗေဒင်ဟောကြားသူများက ပြောသည်။ ဖောက်ပြန်သည့် အမျိုးသားများမှာ အသက်(၃၀) မှ (၆၀)အရွယ်မှာ အများဆုံးဖြစ်ကြောင်းလည်း ဗေဒင်ပညာရှင်များက ပြောသည်။

အိမ်ထောင်ဦးစီး၏ ဖောက်ပြန်မှုများ အဆုံးသတ်စေရေးအတွက် အမျိုးသမီးများ လာရောက်တိုင်ပင်မှုသည် ၂၀၁၀ ခန့်မှစတင်ပြီး သိသိသာသာ မြင့်တက်လာကာ ၂၀၁၃ တွင် အမြင့်ဆုံးအခြေအနေဖြစ်လာကြောင်း ဒေါ်ထက်နွေးစန္ဒီကပြောသည်။

အမျိုးသားများ၏ ချစ်သူအသစ်များသည် ကာရာအိုကေ၊ အနှိပ်ခန်း စသည့်နေရာများမှ အမျိုးသမီးငယ်များသာမက ဘွဲ့ရပညာတတ်အသိုင်းအ၀ိုင်းမှ အမျိုးသမီးများလည်း ပါဝင်လာကြကြောင်း သူ့ထံသို့ လာရောက်ဆွေးနွေးသူများ၏ ပြောကြားချက်များကို ကိုးကား၍ ဒေါ်ထက်နွေးစန္ဒီကပြောသည်။

‘‘၁၅ နှစ်လောက် အမှားအယွင်းမရှိဘဲ အိမ်ထောင်ရေး ထိန်းသိမ်းလာကြတဲ့သူတွေလည်းပါတယ်။ ဖောက်ပြန်တဲ့ ယောက်ျားတွေထဲမှာ အသက်(၇၀)ကျော်တွေတောင် ပါလာတယ်’’ ဟု ဒေါ်ထက်နွေးစန္ဒီကပြောသည်။

လင်ယောက်ျားများ၏ အိမ်ထောင်ရေးဖောက်ပြန်မှုများ ကြုံတွေ့နေရသည့် အမျိုးသမီးများသည် ဗေဒင်ပညာရှင်များဆီသို့သာ သွားရောက်ကြသည်မှာ သက်ဝင်ယုံကြည်မှု တစ်ခုတည်းကြောင့်တော့ မဟုတ်ပါ။ လက်ရှိ ပြဋ္ဌာန်းထားသည့် ဥပဒေများကြောင့်လည်း ဖြစ်သည်။ အမျိုးသားများ၏ အိမ်ထောင်ရေးဖောက်ပြန်မှုအတွက် ရာဇ၀တ်မှုအဖြစ် အရေးယူရန် ခက်ခဲလှသောကြောင့် ဖြစ်သည်။

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် လင်ဖြစ်သူ၏ ဖောက်ပြန်မှုကို သာမန်အိမ်ထောင်ရေးပြစ်မှုအဖြစ် သတ်မှတ်ပြီး မယားဖြစ်သူ၏ ဖောက်ပြန်မှုကို ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုအဖြစ် သတ်မှတ်သည်။

‘‘မြန်မာဓလေ့ထုံးတမ်းဥပဒေမှာ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ထက် ပိုယူခွင့်ရှိတယ်’’ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇေယျက ပြောသည်။ ဇနီးမယားဖြစ်သူတစ်ယောက် အချစ်သစ်ရှာဖွေတွေ့ရှိသွားပါက သူမ၏ချစ်သူသစ်ကို မယားခိုးမှုသတ်မှတ်ကာ ရာဇ၀တ်မှုကြောင်းအရ အရေးယူပေးရန် လင်ယောက်ျားဖြစ်သူက တရားရုံးတော်သို့ လျှောက်ထားရန် အခွင့်အရေးရှိသည်။ သို့သော် အမျိုးသမီးများအတွက်တော့ ထိုအခွင့်အရေးမရနိုင်။ မိမိ၏ လင်ယောက်ျားဖြစ်သူ အချစ်သစ်ရှာဖွေတွေ့ရှိခဲ့ပါက အမျိုးသား၏ချစ်သူသစ်ကို ရာဇ၀တ်မှုကြောင်းအရ တရားစွဲခွင့် အမျိုးသမီးများတွင်မရှိ။ ကွာရှင်းရန်အတွက်သာ တောင်းဆိုနိုင်သည်။

‘‘မယားကြီးရှိလျက်နဲ့ ယောက်ျားက နောက်အိမ်ထောင်ပြုရင် မိန်းမက ဒါဟာ ရက်စက်တဲ့အမှု၊ အိမ်ထောင်ရေးပြစ်မှုနဲ့ ကွာလိုမှုလျှောက်လို့ရတယ်။ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ အခွင့်အရေးက ကွာလိုမှုလျှောက်တဲ့ အခွင့်အရေးတစ်ခုပဲရှိတယ်။ ရာဇ၀တ်မှုနဲ့ ဆွဲလို့မရဘူး’’ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇေယျက ပြောသည်။

ထိုအချက်သည် အိမ်ထောင်ရေးဖောက်ပြန်သည့် အမျိုးသားများနှင့် ချစ်သူအသစ်များအတွက် အားသာသည့်အချက် ဖြစ်လာခဲ့သည်။

ဗေဒင်ဟောခန်းများသို့ လာရောက်ကြသော အိမ်ထောင်ရေးအဆင်မပြေသည့် အမျိုးသမီးများ၏အဆိုအရ ယောက်ျားဖြစ်သူသည် သူ၏ ချစ်သူအသစ်ကို မယားကြီးနေထိုင်သည့် အိမ်ပေါ်အထိခေါ်လာပြီး နေထိုင်သည်အထိရှိလာကြောင်း ဗေဒင်ပညာရှင်များကပြောသည်။ ထို့အတွက် ဇနီးမယားဖြစ်သူဘက်မှ အချစ်သစ်ဇာတ်လမ်းစခဲ့ပါက သူမ၏အဖော်သစ်ကို ထောင်ထဲပို့ပြီး အဆုံးသတ်သွားရန် အမျိုးသားဘက်တွင် အခွင့်အရေးရှိသလို အမျိုးသမီးများက လုပ်ခွင့်မရ။ အိမ်ပေါ်ခေါ်လာသည့် ယောက်ျား၏ ချစ်သူသစ်ကို နောက်ဆုတ်ရန် (သို့မဟုတ်) ထောင်ထဲပို့ရန် အခွင့်အရေးမရ။ အများဆုံးရနိုင်သည့် အခွင့်အရေးမှာ လင်မယားနှစ်ဦးကြား တရားဝင်လမ်းခွဲရန်သာဖြစ်သည်။

‘‘တချို့အမျိုးသမီးတွေ ရောက်လာရင် တရားစွဲမယ်ဆိုပြီး ပြောကြတယ်။ ဒီအခွင့်အရေးမရှိဘူး။ ကျွန်မတို့ လုပ်နိုင်တာက ယတြာတွေနဲ့ သူပြန်လာဖို့ပဲဆိုတာ ရှင်းပြရတယ်’’ ဟု ဥပဒေပညာရပ်နှင့် ဘွဲ့ရခဲ့သူလည်းဖြစ်သည့် ဗေဒင်ပညာရှင် ဒေါ်ထက်နွေးစန္ဒီကပြောသည်။ အနှစ်နှစ်အလလက တည်ဆောက်ထားသည့် မိသားစုကို မပြိုကွဲစေလိုသည့် အမျိုးသမီးများအတွက်တော့ ရုံးတော်တွင် သွားရောက်ဖြေရှင်းလိုခြင်း မရှိကြ။ ဒီအစား အိမ်ထောင်ဦးစီးပြန်လာရေးအတွက် ဗေဒင်ခန်းများဆီသို့သာ သွားလိုကြသည်။ သူတို့အတွက်တော့ ဗေဒင်ယတြာနှင့် ဂမ္ဘီရအဆောင်အယောင်များက တရားဥပဒေထက် ပိုအားကိုးအားထားပြုစရာ ဖြစ်ခဲ့ရသည်။

အိမ်ထောင်ရေးဖောက်ပြန်သည့် အမျိုးသားများ၊ အိမ်မကပ်တော့သည့် အိမ်ဦးနတ်များ ပြန်လာရန်အတွက် အမျိုးသမီးများစွာသည် ရန်ကုန်မြို့ရှိ ဗေဒင်ဟောခန်းများဆီသို့ နေ့စဉ် ခေါက်တုံ့ခေါက်ပြန် သွားလာနေကြရသည်။ သို့သော် ဗေဒင်ယတြာဆိုသည်က တရားဥပဒေလို လူတိုင်းအပေါ် တစ်ပြေးညီ သတ်မှတ်နိုင်သည်တော့မဟုတ်။ အစီအရင်များကြောင့် လင်ယောက်ျားများ မိသားစုဆီပြန်လာသူများလည်း ရှိသလို အဝေးထွက်ခွာသွားသူများအတွက် ပူဆွေးနေရုံမှတစ်ပါး အခြားမရှိသည့် ဇနီးမယားများ၊ ကိုယ့်မျက်စိရှေ့တွင် ကိုယ့်ယောက်ျား အခြားတစ်ဦးနှင့် ချစ်ရည်လူးနေသည်ကို ကြည့်နေရသည့် ဇနီးမယားများလည်း ရှိနေဆဲဖြစ်သည်။

7day daily

မြဝတီရုပ်မြင်သံကြားအား ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် ကြည်လင်ပြတ်သားအောင် ကြည့်ရှုနိုင်ရန်ဆောင်ရွက်ပြီးဟုဆို



မြဝတီရုပ်မြင်သံကြားအား ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်မှ ဖမ်းယူကြည့်ရှုရာတွင် လိုင်းကြည်လင်ပြတ်သားမှုရှိစေရန် ဆောင်ရွက်ပြီးဖြစ်ကြောင်း မြဝတီရုပ်မြင်သံကြား တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဂျစ်တယ် ထပ်ဆင့်လွှင့်စက်ရုံသို့ ပြောင်းရွှေ့ထုတ်လွှင့်ပေးခြင်းဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ပြောကြားသည်။ “လက်ရှိမှာ မြို့တွင်းကနေ လွှင့်ပေးနေတဲ့အတွက် ကြည်ကြည်လင်လင် မရှိတာတွေ၊ ဖမ်းယူကြည့်ရှုရာမှာ အစက်အပြောက်ထနေတာတွေ ကွယ်ပျောက်သွားမှာဖြစ်ပါတယ်။ အရင်ထုတ်လွှင့်ပေးတဲ့နေရာက မြို့တွင်းနဲ့အနည်းငယ် ဝေးနေတဲ့အတွက် ထုတ်လွှင့်ပေးနိုင်မှုဧရိယာက မိုင်အားဖြင့် ဝေးသွားပါတယ်။ ဒါကြောင့် အနည်းငယ်မကြည်မလင်ဖြစ်သွားတာပါ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ ယခုအခါ မြို့အထပ်မြင့်အဆောက်အဦများ ယခင်ကထက်များပြားလာပြီဖြစ်၍ ယင်းနေရာများတွင်ပါ ကြည်လင်အောင်ဖမ်းယူနိုင်မည်ဖြစ်သည်ဟု သိရသည်။

မြဝတီရုပ်မြင်သံကြား MWD ရုပ်သံလိုင်းအား 10KW  Transmitter ဖြင့် ရန်ကုန်မြို့(ဘောက်ထော်) ရှိ မြဝတီရုပ်မြင်သံကြား ဒီဂျစ်တယ်ထပ်ဆင့်လွှင့် စက်ရုံသို့ ပြောင်းရွှေ့ထုတ်လွှင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။ “ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက် မိုင်ငါးဆယ်ပတ်လည်မှာ ကြည်ကြည်လင်လင်ကြည့်နိုင်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။ မြ၀တီရုပ်သံလိုင်းအား မည်သည့် အင်တာနာနှင့်မဆို ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်သည်။ အဆိုပါ ရုပ်မြင်သံကြားအနေဖြင့် လက်ရှိတွင် အခမဲ့ရုပ်သံလိုင်းတစ်လိုင်းနှင့် အခပေးရုပ်သံလိုင်းခြောက်လိုင်း စုစုပေါင်း လိုင်းခုနစ်လိုင်းဖမ်းယူကြည့်ရှုနိုင်ကြောင်း၊ ဒီဂျစ်တယ်တီဗွီအချို့တွင်မူ အခပေးလိုင်းများအား ဝယ်ယူစရာမလိုဘဲ အင်တာနာဖြင့်ပင် ဖမ်းယူကြည့်ရှုနိုင်ကြောင်း သိရသည်။

ထွန်းထွန်း
Internet Journal



၎ တန်းနှင့် ၈ တန်း အစိုးရစစ် ပြန်စစ်မည်

ဓာတ်ပုံ - Phoezaw Dawei

အခု ပညာသင်နှစ်ကစပြီး ၄ တန်းနဲ့ ၈ တန်း စာမေးပွဲကို အစိုးရစစ်ပုံစံ ပြောင်းစစ်တော့မယ်လို့ ပညာရေးစီမံကိန်းနဲ့လေ့ကျင့်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးစန်းလွင်က ပြောပါတယ်။

အရင် စာသင်နှစ်တွေမှာ သူငယ်တန်းကနေ န၀မတန်းအထိ စာမေးပွဲတွေကို ကျောင်းစစ်ပုံစံ စစ်ဆေးပြီး ဆယ်တန်း တတန်းတည်းကိုပဲ အစိုးရစစ် စစ်ဆေးနေရာက အခုပညာသင်နှစ်ကစပြီး ၄ တန်းနဲ့ ၈ တန်းကို ပြောင်းစစ်မှာဖြစ်တဲ့အကြောင်း ဦးစန်းလွင်က ပြောပါတယ်။

“၄ တန်းက မြို့နယ်စစ်သဘောပေါ့၊ ၈ တန်းက တိုင်းစစ်သဘောပေါ့။ ငယ်ငယ်တုန်းကလိုလေ။ အရည်အချင်း ပြန်ထိန်းချုပ်တဲ့ သဘောပါ။ မြို့နယ်စစ်ကတော့ မြို့နယ်အဆင့်ကနေ မေးခွန်း ထုတ်မှာပေါ့။ ၈ တန်းက တိုင်းအဆင့် တိုင်းကနေ မေးခွန်းထုတ်မှာပါ။”

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်က ၄ တန်းနဲ့ ၈ တန်း စာမေးပွဲတွေကို အစိုးရစစ်ပုံစံ စစ်ဆေးခဲ့ဖူးပြီး အဲ့ဒီနောက် န၀တ၊ နအဖ လက်ထက်မှာ ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ဒေါက်တာသိန်းလွင်က စာမေးပွဲစနစ်ကိုပဲ ပြန်ဦးတည်သွားတဲ့အတွက် ပညာရေးပြုပြင်ပြောင်းလဲတာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အဲဒီ စစ်နည်းက ပညာရေးမှာ မပြောင်းလဲဘူးဆိုတဲ့ အဓိပ္ပာယ်ထွက်တယ်။ အခု မြန်မာပြည် ကျောင်းတွေမှာ စစ်တဲ့နည်းက စစ်ဆေးနည်း အဟောင်း၊ အဆုံးသတ်မှာ စစ်ပြီးတော့ အမှတ်နဲ့ ခွဲတဲ့ စနစ်၊ စာကို ဘယ်လောက်မှတ်မိလဲဆိုတာ အလွတ်ကျက်ပြီး အလွတ်ဖြေရတဲ့ စနစ်။ အဲဒီ နည်းစနစ်ကြောင့် ကျနော်တို့ နိုင်ငံရဲ့ ပညာရေးဟာ ကျဆင်းလာတာလေ။ ကျူရှင်တွေ ဖြစ်လာတာလည်း အဲဒီ စာမေးပွဲစနစ်ကြောင့်။ အခုက အဲဒါကို မပြင်ဘဲနဲ့ ၄ တန်းနဲ့ ၈ တန်းမှာ စစ်ဦးမယ်ဆိုတော့ ဒါက စာမေးပွဲစနစ်ကိုပဲ ပြန်ဦးတည်သွားတဲ့အတွက် ဒါက ပညာရေး ပြုပြင်ပြောင်းလဲမှု မဟုတ်ဘူး။ နဂို အဟောင်းအတိုင်း သွားတာပဲ။ ကျနော်တို့ အကြံပေးထားတာ စစ်ဆေးတဲ့ နည်းစနစ်ကို ပြင်လိုက်ဖို့ပေါ့။ စစ်ဆေးတဲ့ နည်းစနစ်က အလွတ်ကျက် အလွတ်ဖြေတဲ့ နည်းမျိုးမဟုတ်ဘဲနဲ့ ကျောင်းသားတွေရဲ့ စာသင်ယူမှုကို အားပေးတဲ့ နည်းစနစ်ကို ပြောင်းလိုက်ဖို့ အစိုးရဘက်က အဲဒါကို မလုပ်ပဲနဲ့ အရင်အတိုင်းပဲ စာကို အလွတ်ကျက်ခိုင်းပြီးတော့ အလွတ်ဖြေတဲ့ စနစ်ကို ပြန်သုံးနေတော့ ဒါဟာ ပညာရေးပြုပြင်ပြောင်းလဲမှု မဟုတ်ဘူး။”

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပညာရေးပြုပြင်ပြောင်းလဲမယ်ဆိုပြီး တက္ကသိုလ် စာသင်နှစ်တွေ တိုးချဲ့ဖို့ အခြေခံပညာစာသင်နှစ်တွေ တိုးချဲ့ဖို့ လုပ်ဆောင်လာနေပြီး အခု ပထမဆုံးတော့ အစိုးရစစ်စာမေးပွဲတွေ ပြန်လုပ်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

DVB Burmese


iPad မျက်နှာပြင်တွင် ကီးဘုတ်ခလုတ်များ ထူးဆန်းစွာ ပေါ်ထွက်လာစေမယ့် iPad Case


တည်ထောင်ခါစ Company အသေးလေးတစ်ခုဖြစ်တဲ့ Tactus Technology က iPad Mini ရဲ့ မျက်နှာပြင်မှာ ကီးဘုတ်ခလုတ်များ အသုံးပြုလို့ရစေမယ့် Case တစ်ခုကို တီထွင်လိုက်ပါတယ်။ ခလုတ်တွဟော စာရိုက်မယ့်အချိန်ကျမှ ထူးခြားစွာ ထွက်ပေါ်လာမှာဖြစ်ပြီး နည်းပညာဆန်းသစ်ပါတယ်။ Tactus Technology က iPad Mini Case ကို ဇန်နဝါရီလမှာ ပြုလုပ်ခဲ့တဲ့ Consumer Electronics Show မှာ ပြသခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ထိုင်ဝမ်အီလက်ထရောနစ် ထုတ်လုပ်သူ Wistron နဲ့ ပူးပေါင်းပြီး အသွင်ပြောင်းးနိုင်တဲ့ iPad Mini Case ကို ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ဒေါ်လာ ၈၀ ကနေ ၁၀၀ ကြားမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

iPad Case ရဲ့ အလုပ်လုပ်ပုံက ဒီလိုဖြစ်ပါတယ်။ Tactus က iPad မျက်နှာပြင်ပေါ်မှာ Screen Protector လိုမျိုး ပါးလွှာပြီးကြည်လင်တဲ့ အလွှာတစ်ထပ်ကို ဖုံးအုပ်ထားပါတယ်။ အဲဒီအလွှာဟာ ကျုံ့နိုင်ဆန့်နိုင်တဲ့ Semi-Elastic Polymer နဲ့ ပြုလုပ်ထားတာဖြစ်ပြီး အလွှာ အောက်မှာ အထူးပြုလုပ်ထားတဲ့ Micro-Fluid အရည်တွေရှိပါတယ်။ စာရိုက်မယ့်အချိန်မှာ အရည်တွေက ကီးဘုတ်ခလုတ်တွေကို ဖောင်းကြွအောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

Apple, Acer, BlackBerry တို့အတွက် Device များ ထုတ်လုပ်ပေးနေတဲ့ Wistron က ဒီနှစ်ထဲမှာ အဲဒီ Case တွေကို ရောင်းချမှာ ဖြစ်ပါတယ်။ Wistron က Tactus ရဲ့ နည်းပညာကို အသုံးပြုထားတဲ့ Device အများအပြားကို ထုတ်လုပ်နိုင်တဲ့ စွမ်းရည်လည်း ရှိပါတယ်။ ဆိုလိုတာက ဒီလိုစွမ်းဆောင်နိုင်တဲ့ Case ကို သီးခြားထုတ်လုပ်မယ့်အစား စမတ်ဖုန်းများမှာ Built-In ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Tactus ရဲ့ CEO ဖြစ်သူ Craig Ciessla က Tactus ရဲ့ မျက်နှာပြင် တပ်ဆင်ထားတဲ့ စမတ်ဖုန်းတွေကို နောက်နှစ်မှာ ထုတ်လုပ်ရောင်းချ မယ်လို့ Business Insider ကို ပြောပါတယ်။

Ciesla နဲ့ ပူးတွဲတည်ထောင်သူ Micah Yairi တို့ဟာ အဲဒီစိတ်ကူးကို ရရှိပြီး ၂၀၀၈ ခုနှစ်မှာ Tactus ကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ Yairi က ကျန်းမာရေး Device တွအေတွက် Micro-Fluid တွေ ထုတ်လုပ်ပေးနေတဲ့ Company မှာ အလုပ်လုပ်နေပါတယ်။ Ciesla က ခလုတ်တွေပါတဲ့ BlackBerry စမတ်ဖုန်း အသုံးပြုသူဖြစ်ပြီး နောက်ပိုင်းမှာ အသုံးပြုတဲ့ iPhone မှာ စာရိုက်တဲ့အခါမှာ အခက်အခဲတွေတွေ့ခဲ့ရပါတယ်။ အဲဒီအတွက် ထိတွေ့မျက်နှာပြင်ပေါ်မှာ ခလုတ်တွေနဲ့ အသုံးပြုရတဲ့ ကီးဘုတ်ကို တီထွင်ချင်ခဲ့ပါတယ်။ သူတို့ နှစ်ယောက် ဟာ Micro-Fluid နဲ့ အသွင်ပြောင်းနိုင်တဲ့ ကီးဘုတ်ကို ပူးပေါင်း တီထွင်ခဲ့ကြတာဖြစ်ပါတယ်။ ခြောက်နှစ်အကြာမှာတော့ သူတို့ရဲ့ ထုတ်ကုန်ကို ရောင်းချနိုင်ပြီဖြစ်ပါတယ်။

Case ရဲ့ အလုပ်လုပ်ပုံကို အောက်က ဗီဒီယို မှာ လေ့လာနိုင်ပါတယ်။

Ref:Myanmar Digital Life Journal


လုပ်အားခ၊ လမ်းပိတ်ဆို့မှု နဲ့ နေ့စဉ်ဘဝ


ရုံးလှေကားပေါ်သို့ အမောတကော ပြေးတက်သွားသော်လည်း နောက်ကျသွားပြီဖြစ်ကြောင်း လက်ပတ်နာရီကိုကြည့်ရင်း မေဇော်ဦးတစ်ယောက် သိ လိုက်သည်။ အ များကြီးမဟုတ်။ ၂ မိနစ်စွန်းစွန်းသာ။ တစ်လအတွင်းပင် နှစ်ကြိမ်နောက်ကျပြီးဖြစ်ရာ ထိုနေ့နှင့်ပေါင်းလျှင်သုံး ကြိမ်ဖြစ်ချေသည်။ စုစုပေါင်းလုပ်အားခ တစ်ထောင့်လေး ရာ ဖြတ်ခံလိုက်ရပြီ ဖြစ် သည်။ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ရန်ကုန်မြို့ထဲသို့ အလုပ်ဆင်းလာရသူတစ်ဦးအဖို့ နံနက် ၅ နာရီဆိုပါက အိပ်ရာက ထနေရပြီ။

”တကယ်ဆို ဒဂုံကနေ မြို့ထဲကို လမ်းမပိတ်ဘူးဆိုရင် တစ်နာရီ စွန်းစွန်း လေးပဲ ကြာတယ်”
သို့သော် ထိုတွက်ချက်မှုမှာ အလုပ် မဖြစ်တော့ကြောင်း မနက်အိပ်ရာထ သည်နှင့် ရုံးချိန်အမီရောက်ရန် လမ်းတွင်ပုံမှန်ကြာချိန်အပြင် လမ်းပိတ်မည့် အချိန်များ၊ ဘတ်စ်ကား မှတ်တိုင်မှာ ကျောက်ချရပ်နေမည့်အချိန်များကို ထည့်တွက်လာရသည်ဟု သူက မဲ့ပြုံးပြုံးရင်း ပြောသည်။ ယခုတော့ မြို့ထဲသို့ ရုံးချိန်မီ ရောက်ရန် နှစ်နာရီကျော်နီးပါးကို ကား ပေါ်တွင် စတေးခဲ့ရသည်။ လမ်းမှာ ကားပိတ်တာက ကိုယ်ထင်တာထက် ပိုကြာတဲ့နေ့ဆိုသေပြီဟု ဆိုသည်။  သူမကဲ့သို့ပင် နံနက်ရုံးချိန်နောက် ကျ၍ လစာဖြတ် ခံရ သည့် ဝန်ထမ်းများစွာ ဒုနဲ့ဒေး ရှိနေခြင်းက ခေတ်ကာလ၏ သင်္ကေတတစ်ခု ဖြစ်လာသည်။

ကြီးထွားနှုန်းမြန်ယာဉ်ကြောပိတ် ပြဿနာ
ရန်ကုန်မြို့လမ်းမများသည် လက်ရှိကားအစီးအရေအတွက်ဆိုလျှင် ပြည့်ကျပ်နေပြီဟု မဆိုနိုင်သေးကြောင်း ဂျပန်နိုင်ငံ JICA အဖွဲ့မှ အကြံပြုချက်အရ သိရသည်။ ထိုအချက် သည် လက်တွေ့နှင့် နှိုင်းယှဉ်ပါက အဘယ်ကြောင့်ကွာခြားနေရပါသနည်း။ ရန်ကုန်မြို့ကြီး၌ လူကျပ်၊ ကားကျပ်ဖြစ်နေသည်မှာ အစိုးရသစ် သက်တမ်း တစ်ခုလုံး နီးပါး ရှိတော့မည် ဖြစ်သည်ဟုလည်း ဆိုကြသည်။ မြို့ကြီးတစ်မြို့ ဖြစ်လာပါက ယာဉ်ကြောပိတ်မည့် ပြဿနာကြီးထွားလာမြဲ ဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြောသည်။

မြန်မာနိုင်ငံတွင်သာမက ထိုင်းနှင့်စင်ကာပူနိုင်ငံတို့တွင်လည်း မြို့ပြဖွံ့ဖြိုးတိုးတက်ခါစတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။ ဘန်ကောက်မြို့ တွင် ယခုထက်တိုင် ယာဉ်ကြောပိတ်ဆို့ မှု ပြဿနာ ရှိနေဆဲပင် ဖြစ်သည်။ ထိုင်းနိုင်ငံက ထိုပြဿနာကိုဖြေရှင်း ရန် မိုးပျံလမ်းများ တည်ဆောက်သည်။ 
 
မြို့ပတ်အမြန်လမ်းများ တည်ဆောက်ခဲ့သည်။ မိုးပျံရထား၊ မြေအောက်ရထားလမ်းများ တည်ဆောက်ပြီး အများပြည်သူ ခရီးသွားလာမှုကို အတိုင်းအတာတစ်ခုထိ အဆင်ပြေချောမွေ့စေခဲ့သည်။
စင်ကာပူနိုင်ငံတွင်လည်း မြို့လယ်ကောင်ကိုဖြတ်သော လမ်းမများကို ဦးစားမပေးဘဲ မြို့ပတ်လမ်းများကို ဦးစားပေး ဖောက်လုပ်ခဲ့ကြသည်။ သို့သော် မိုးရွာချိန်နှင့် ရုံးဆင်း၊ ရုံးတက်ချိန်ဆိုလျှင် ကားများတရွေ့ရွေ့သွားနေရဆဲကို စင်ကာပူ၏ နာမည်ကြီး အော့ချာ့(ဒ်)လမ်း (Orchard Road ) တွင် တွေ့နိုင်သည်။ရန်ကုန်တိုင်းဒေသကြီး ယာဉ် ထိမ်းတပ်ဖွဲ့က ယာဉ်ကြောပိတ်ဆို့မှု အဓိကနေရာ ၇၉ နေရာရှိသည်ဟု မေလ၂၄ရက် နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာ ခဲ့သည်။

၎င်းတို့အနက် အဓိက ယာဉ်ကြောပိတ်နေရာများမှာ အနော်ရထာလမ်းမကြီး၊ ကမ္ဘာအေးဘုရားလမ်းမှ စက်မှု(၁) လမ်းဆုံ၊ တာမွေ ၅ ခွဆုံ၊ တာမွေ ဗလီထိပ်၊ ရန် ကင်း စင်တာရှေ့၊ သမိုင်းလမ်းဆုံ၊ ဆရာစံလမ်း၊ ချော်တွင်းကုန်း လမ်းဆုံတို့လည်း ပါဝင်လာကြသည်။ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံး က လည်း အောင်မင်္ဂလာအဝေးပြေးအနီး သုဓမ္မာ၊ ဝေဘာဂီနှင့် ရန်ကုန်မြို့၏ အချို့ လမ်းဆုံ၊ လမ်းခွနေရာများပါ ယာဉ်ကြောပိတ်အဓိကနေရာများဟု သတ်မှတ်ကြောင်း သ တင်းထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ တရားဝင် ထုတ်ပြန်ကြေညာမှု မတိုင်မီကတည်းကပင် ထိုနေရာ များ၌ ယာဉ်ကြောပိတ်ဆို့မှု ဒုက္ခအစုစုကို ဘတ်စ်ကားစီး ခရီးသည်များ အ ငှားကားများနှင့် ကိုယ်ပိုင်ကားများ စီးနင်း လိုက်ပါသူတို့ကတွေ့ကြုံခဲ့ရသည်။ တွေ့ ကြုံနေရဆဲလည်း ဖြစ်သည်။ ”ဒါဟာ ရေရှည်မဖြစ်သင့်တဲ့ကိစ္စပါ။ ဘယ်သူတွေကို အဓိ ကလာထိခိုက်တာလဲဆိုတော့ လူထုကိုပါပဲ”ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ ဒုဥက္ကဋ္ဌလည်း ဖြစ်ပြီး လမ်းပိုင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုများ အတွက် ဖြေရှင်းနို င် မည့် လမ်းများကို အစဉ်တစိုက် လေ့လာနေသူ အင်ဂျင်နီယာ ဦးအောင်မြင့်က ပြောဆိုသည်။

မြို့တွင်းသို့ ဦးတည်သည့် မြားများ
ကုန်စုံဆိုင်မှအစ အစိုးရရုံးများအလယ် ဘဏ်များအဆုံး အားလုံးနီးပါးမြို့လယ်တွင် အခြေချထားခြင်းကလည်း မြို့လယ်ကောင်သို့ ကားများ၊ လူများစုပြုံ ဝင်လာသည့် အ ချက်ဖြစ်သည်ဟု ဦးကိုကိုလှိုင်က ဆိုသည်။ မြို့လယ်ကောင်သို့ မော်တော်ယာဉ်လိုင်းများ တစ်နေရာတည်း ဦးတည်နေခြင်းကလည်း ယာဉ်ကြောပိတ်မှု ပြဿနာများထဲမှ အဓိ ကအချက်တစ်ချက်ဖြစ်ကြောင်း အင်ဂျင်နီယာ ဦးအောင်မြင့်က ထောက်ပြသည်။ လမ်းကြောင်းတူယာဉ်လိုင်းများ တစ်လိုင်းထက် ပိုကာရှိနေခြင်းကလည်း ယာဉ်ကြော ပိတ် မှု ပြဿနာများအနက် တစ်ခုဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ ဆောင်ရေး မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ဆိုသည်။

သို့သော် လိုင်းကားများအနေနှင့် လမ်းကြောတစ်ခုတွင် တစ်စီးနှုန်းသာရှိပါကမှတ်တိုင်တွင်ကြာမြင့်စွာရပ်ခြင်း၊ လူစောင့်တင်ပြီးမှသာ ထွက်ခွာခြင်း စ သည့်ပြဿများလည်း ရှိနိုင်သည်ဟု ခရီးသည်များက ဆိုကြသည်။ မှတ်တိုင်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်၍ လူတင်ခြင်းဆိုသည်မှာ တစ်ရက်လျှင် ခရီးစဉ်အစ အဆုံး လေးခေါက် ပြေး ဆွဲနေနိုင် သည့် အခြေအနေမှာ ဖြစ်နိုင်သော်လည်း ယခုအခါ ခေါက်ရေနှင့်အတည်အကျပြေးဆွဲရန် မဖြစ်နိုင်တော့ ကြောင်း ၄၈ အထူးယာဉ်မောင်း ဦးဝင်း မောင်က တုံ့ပြန်ပြော ဆို သည်။
”ခေါက်ပြန်များများ ဆွဲနိုင်ရန် မစဉ်းစားနိုင်တော့ဘဲ ပထမဦးဆုံးခေါက်မှာ လမ်းမပိတ်ဖို့သာ ဆုတောင်းနေရတယ်။ ယခင်ကလိုလည်း ဝင်ငွေမကောင်းတော့ ပါ”ဟု ၎င်းက ထပ်မံပြောဆိုသည်။ မြို့တွင်း ပြေးဆွဲပေးနေသည့်ခရီးသည် တင်ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ရှိပြီး ဘတ်စ်ကားစီးရေမှာလည်း ၅ဝဝဝ ကျော် ရှိသည်။ ရန်ကုန်တိုင်းအတွင်း မှတ်ပုံတင်ထားသည့် လူစီးယာဉ်ပေါင်း နှစ်သိန်းခုနစ်သောင်းကျော် ရှိလာပြီဟု ၂ဝ၁၄ ဧပြီလ စာရင်းဇယားများအရ သိရသည်။
”မြန်မာနိုင်ငံက အများပြည်သူ သယ်ယူပို့ဆောင်ရေးဟာ ချွေးနံ့တွေနဲ့ မွှန်ထူပြည့်နှက်နေတဲ့ ဘတ်စ်ကားပေါ်မှာ တိုးကြိတ်နေရတာပါပဲ။ မသက်သာပါဘူး။ ဒါကိုပဲလူ အများ စုက အားကိုး နေရပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဆိုတာ ဆင်းရဲချမ်းသာ၊ တတ်နိုင်၊ မတတ် နိုင် အခြေအနေတွေပေါ်မှာ မူမတည် ဘဲ ဝန်ကြီးချုပ်ကအစ သာမန်လူတန်းစားအထိ (Public Transportation) ပြည်သူ့သယ်ယူ ပို့ဆောင်ရေးကိုသာ အသုံးပြုကြပါတယ်”ဟု Thura Swiss ကုမ္ပဏီ ဒေါက် တာ အောင်သူရက ပြောသည်။

လူတွေ ပြွတ်သိပ်နေတဲ့ ခရီးသည်တင်ဘတ်စ်ကားများ၊ အနော်ရထာလမ်းမပေါ်တွင် ပိတ်မိနေသည်မှာ နာရီဝက်ကျော်ရှိသည်။ သာကေတမှ ဘုရင့်နောင် သို့ နှစ်ဆင့် စီး သွားရမည့် အသက် ၅ဝ အရွယ် အင်ဂျင်နီယာဒေါ်ဆွေဆွေမြင့် တစ်ယောက်သက်ပြင်းရှည်များချလျက် ရှိသည်။ ရုံးရောက်လျှင် နေ့လယ်စာတန်းစားရသည့် အနေအ ထားဖြစ်နေပြီ ကားပေါ်တွင် လူငွေ့များတထောင်းထောင်း ထကာ ပူလောင်နေသည်ဟုလည်း သူမ က ညည်းတွားပြောသည်။တကယ်တမ်း သူမအနေဖြင့် လမ်းပိတ်၍ အချိန်မှန် မရောက်ခြင်းကြောင့် ရုံးလစာ ဖြတ်ခံရပေါင်း မနည်းဟုလည်း သူမက ဆိုသည်။ ထိုအသံများသည် ရန် ကုန်မြို့နေ ပြည်သူများ၏ ရင်တွင်းဖြစ် သံစဉ်များဖြစ်ကာ ဘယ်အချိန်အထိ ထိုကဲ့သို့ ညည်းတွားနေရဦးမည်နည်း။ ၂ဝ၃ဝ ရောက်လျှင် ရန်ကုန်လူဦးရေမှာ ၁ဝ သန်းခန့် ထိ တိုးပွားလာနိုင်ပြီး လူများလာသည်နှင့်အမျှ ကား လည်းများလာမှာ ဖြစ်သည်။

စမ်းသပ်ခံ ပြည်သူ့သယ်ယူ ပို့ဆောင်ရေးစနစ်
စီးပွားရေး တောင့်တင်းသော်လည်း လူတစ်ဦးလျှင် ကားတစ်စီးနှုန်း ဝယ်စီးရန်မှာ ဖြစ်သင့်သည့်အနေအထား မဟုတ်ကြောင်း ကမ္ဘာ့ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ တိုင်းပြည် များတွင် လည်း ထိုအခြေအနေ မရှိကြောင်း ၎င်းတို့အတွက် မောင်းနှင်ရန် လုံလောက် သည့်လမ်းများရှိရန်လိုကြောင်းကို သမ္မတအကြံပေး ဦးကိုကိုလှိုင်က ပြောသည်။ ရန်ကုန် လူ ဦးရေ၏ လိုင်းကားစီးနှုန်းမှာ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်များတွင် ၃၂ သန်းဖြစ်သည်ဟု ယခုနှစ်ထုတ်ပြန်သည့် စီးပွားရေးဆိုင်ရာအညွှန်းကိန်း (Eco- nomic Indicators) ထု တ်ပြန်ချက်အရ သိရသည်။ရန်ကုန်မြို့နေ ချမ်းသာကြွယ်ဝသည့် မိသားစုအချို့၌ အိမ်ရှိလူဦးရေ ထက်ကားပိုင်ဆိုင်မှုမှာ နှစ်ဆရှိသည်ဟု လသာမြို့နယ်သားတစ်ဦးက ဆို သည်။ ထိုအခြေအနေကို ပြည်သူ့သယ်ယူ ပို့ဆောင်ရေး (Public  Transportation) စနစ်ဖြင့်သာ ဖြေရှင်းနိုင်သည်။ တိုးတက်လာသော လူဦးရေနှင့်အပြိုင် အများသုံး လိုင်းကားများကို တိုးမြှင့်ပေးရမည်ဟု နိုင်ငံတော်သမ္မတအကြံပေးက ပြောသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းကို အိမ်စောင့်အစိုးရလက်ထက်ကတည်းက ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ မြို့ တွင်းမှ ဆင်ခြေဖုံးရပ်ကွက်များသို့ သွား လာရေး လွယ် ကူစေရန်ရည်ရွယ်ဆောက် လုပ်ထားသည်။ တစ်နေ့လျှင် ခေါက်ရေ ၂ဝဝ ကျော်ပြေးဆွဲနေသည့် အဆိုပါ မြို့ပတ်ရထားမှာ စီးနင်းသူ တစ်နေ့လျှင် တစ်သိန်းကျော်ရှိသည်ဟု သိရသည်။ ယာဉ်ကြောပိတ်ပြဿနာများကို ဖြေရှင်းနိုင်ရန် ခရီးသွားပြည်သူများ စဥ့် အိုးတန်း-လှိုင်သာယာ ရေယာဉ်လမ်းကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ဖွင့် လှစ်ပြေးဆွဲပေးခဲ့သည်။ ၂ဝ၁၃ ခုနှစ် မေလတွင် FMI နှင့်ပြည်တွင်းရေကြောင်းတို့ ပူးပေါင်းကာ လှိုင်သာယာကားမှတ်တိုင်နှင့် သင်္ဘောဆိပ်အကြား အကြို အပို့ ပြု လုပ်ပေး ခဲ့သည်။

ထိုအစီအစဉ် မှာလည်း သင်္ဘောအစား ဘတ်စ်ကား စီးကြသူများသာများလေရာ ပြန်လည် ပိတ်သိမ်းခဲ့ရသည်။ နိုင်ငံတကာ၏ ယာဉ်ကြောပိတ် ပြဿနာ ဖြေ ရှင်း သည့်နည်း လမ်းမှာ ရေယာဉ်ခရီးစဉ်နှင့် ဖြေရှင်း၍မရ ကြောင်း ပြည်တွင်းရေကြောင်း မြစ်ဝကျွန်းပေါ်ဌာနခွဲမန်နေဂျာ ဦးသန့်ဇင်ဦး က ၎င်းအမြင်ကို ပြောပြသည်။ ”ကားမှတ် တိုင်အ ထိတော့ ဆိပ်ကမ်းလုပ်ပေးတော့မရဘူး”
သင့်ကြောင့် ကားလမ်းမပိတ်ပါစေနှင့်
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ၂ဝ၁၄ ခုနှစ် ဧပြီလအထိ (က) ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင် သုံးသောင်းနီးပါးကိုလည်းကောင်း၊ (ဃ)အငှား ယာဉ်မောင်း လိုင်စင် တစ်သိန်းခြောက်သောင်းကိုလည်းကောင်း ထုတ်ပေးခဲ့သည်ဟု သိရသည်။ လမ်းပေါ်တွင် ပူပူနွေးနွေး လိုင်စင်အသစ်များကိုင်ကာ စိတ်ထင်တိုင်း မောင်းနေကြ သူ များ တိုးပွားလာကြောင်း အငှားယာဉ်မောင်းသက်တမ်း နှစ် ၂ဝ ကျော်ရှိသူ ဦးငွေစိုးက သူ့အတွေ့အကြုံ ကို ပြောပြသည်။တစ်သိန်းကျော် အရေအတွက် ရှိလာသည့် ယာဉ်ေ မာင်းများအနေဖြင့်ယာဉ်နှင့် လမ်းအပေါ်တွင် ပိုမိုကျွမ်းကျင် ပိုင်နိုင်မှုရှိရန်လိုအပ်ပြီးလမ်းစည်း ကမ်းနှင့်အညီမောင်းနှင်တတ်ရန်လည်း လိုအပ်လာကြောင်း အထူးသဖြင့် ယာဉ်ကြောပိတ်ချိန်တွင် အနည်းငယ်ချောင်မည့် လမ်းကြောကိုရွေးချယ်သွားလာနိုင်ခြင်းမရှိဘဲ ယာဉ်ကြောကျပ် လမ်းမကြီးများပေါ်တွင်သာ စုပြုံတိုးနေခြင်းက လည်း ပြဿ နာတစ်ခုဖြစ်သည်ဟု သက်တမ်းရင့် ယာဉ်မောင်းများက ထောက်ပြ သည်။

ယာဉ်ကြောပိတ်ဆို့မှုများသည် မီး ပွိုင့်စနစ် များပြားနေခြင်းကြောင့်လည်း ဖြစ်ပြီး နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်သင့်သည်ဖြစ်ကြောင်း သမ္မတ အကြံပေး ဦးကို ကို လှိုင်က ပြောသည်။ အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်ကမူ ”လူဖြင့် ထိန်းချုပ်ခြင်းထက် နည်းပညာအသုံးပြု၍သာ ဖြေရှင်းသင့်သည်”ဟု သုံးသပ်ပြော ဆို သည်။ ရန်ကုန်မြို့လယ်ကောင် နေရာများတွင် ယာဉ်ရပ်နားရန် နေရာများ တိတိကျကျပေါ်ပေါက်လာရန်လိုပြီ။ စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းတို့ကလည်း ယာဉ် ကြော ပိတ် ပြဿနာ ကို ဖြစ်ပွားစေသည် ဟု ခရီးသွားများက ထောက်ပြပြောဆို လာကြသည်။

ကျောင်းဖွင့်ရာသီ၌ နာမည်ကြီး ကျောင်းများတွင် ကိုယ်ပိုင်ကျောင်းကြို ယာဉ်ငယ်များ၊ ယာဉ်ကြောပေါ်တွင် ထပ်ဆင့်ရပ်နားခြင်းကလည်း ယာဉ် ကြောပိတ် ဆို့မှုများ ကို ဖြစ်ေ စသည်ဟု နိုင်ငံတကာ ပညာရေး လမ်းကြောင်းအ တွက် အကြံပေးနေသည့်Crown Education မှ ဦးအောင်ကျော်ဆန်းက ပြောသည်။ နိုင်ငံတကာမှာလို အဝါရောင်ေ ကျာင်းကား အကြီးကြီးတွေလုပ်ပြီး ကျောင်းသူကျောင်းသားများများကို တစ်ခါတည်းနဲ့ သယ်ပို့ပေးနိုင်တာမျိုး လုပ်ရမည်။သို့သော် ရန်ကုန်မြို့တွင် ယခု ဇွန် လမှစကာ နံနက် ၈ နာရီမှ ၉ နာရီ ကြား နေ့လယ် ၁၂ နာရီ ၂ နာရီကြား၊ ညနေ ၅ နာရီအချိန်များတွင် နာမည်ကျော် ကျောင်းကြီးများရှေ့၌ ယာဉ်များ ပိတ် နေ သည် ကို ပြန် လည်တွေ့မြင် ရဦး မည် ဖြစ်သည်။

ဆေးမြီးတိုနှင့် ယာဉ်ကြောပိတ်ဆို့မှု
ရွှေဂုံတိုင်၊ လှည်းတန်း၊ ဘုရင့်နောင် ခုံးကျော်တံတား သုံးစင်းကို ၂ဝ၁၃ ခုနှစ်အတွင်း အပြီးသတ် တည်ဆောက် ခဲ့ကြသည်။ ယာဉ်ကြောပိတ် ဆို့မှုကို ဖြေ ရှင်း ရန် ဖြစ် သည်။ မြေနီကုန်း ခုံးကျော်တံတားအသစ် တစ်စင်းကိုလည်း ကျပ်ငွေ ၁၆ ဘီလျံ ကျော်သုံးစွဲပြီး ၂ဝ၁၄ -၂ဝ၁၅ ဘဏ္ဍာ နှစ်၌ တည်ဆောက် သွားဦးမည်ဟု ရန် ကုန် တိုင်းဒေ သကြီး အစိုးရအဖွဲ့အထူးအစည်းအဝေး ဆုံးဖြတ်ချက်အရသိရသည်။

”လမ်းပိတ်တဲ့ ပြဿနာကို ဖားခုံသလိုမျိုး တံတားထိုး ဖြေရှင်းလို့မရဘူး” ဟု အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က ဝေဖန်ထောက်ပြထားသည်။ အိမ်နီးချင်း ထိုင်းနှင့် စင်ကာပူနိုင်ငံများတွင် ခုံးကျော်တံတားများ တည်ဆောက်ဖြေရှင်းသော်လည်း တစ်ဆက်တစ်ဆက်တည်း တံတားများဖြစ်၍ အမြန်လမ်းများသဖွယ် သွား လာနိုင်ကြ ခြင်းဖြစ် သည်။ ရန်ကုန်မှ ခုံးကျော်တံ တားများမှာ မီးပွိုင့်တစ်ပွိုင့်စာ ကျော် ဖြတ်သည့်အခြေအနေသာရှိသည်ဟု ယင်းက ပြောသည်။

နိုင်ငံတကာတွင်မူ ခုံးကျော်တံတား သာမက မြေအောက်ရထား၊ မြေအောက် လမ်းများနှင့် နှစ်ထပ်၊ သုံးထပ်ကားလမ်းများ၊ မြို့ပတ်အမြန်လမ်းများ ထားရှိပြီး ယာဉ်ကို အနှောင့်အယှက် မရှိစေရန် ပြုလုပ်ပေးထားခြင်း ဖြစ်သည်။ ၎င်းအစီအစဉ်များမှာ ငွေကြေးအရင်းအနှီးများ စွာ ကုန်ကျမည့်အရာများဖြစ်ကာ မြန်မာ နိုင်ငံအတွက် ခက် ခဲဦးမည်ဟု ပညာရှင်အများစုက တစ်ညီတစ်ညာတည်းပြောဆို ကြသည်။ မြန်မာနိုင်ငံတွင်မူ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများကို အဝေး ပြေးဝင်းများပြုလုပ်ကာ မြို့ အစွန်တွင် ထားရှိပေးထားသော်လည်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် မကောင်း ခြင်းကြောင့် ခရီးသွားမည့်နှုန်းထားထက် မြို့တွင်းမှ အဝေးပြေးဝင်းသို့ သွားမည့် ကုန်ကျစရိတ် ပိုမိုမြင့်မားနေသည်ကို တွေ့ရသည်။ ”နေပြည်တော် ကားခ ၆ဝဝဝ။ မြို့ထဲကနေ အောင်မင်္ဂလာကို ၅ဝဝဝ။ အဲဒီလို ဖြစ်နေတယ်”ဟု သမ္မတ အကြံ ပေး ဦးကိုကိုလှိုင်က ပြောသည်။

လမ်းလျှောက်ဖို့ နေရာပေးပါ
”ရန်ကုန်ရဲ့ နေရာအတော်များများဟာ ကားတွေအတွက် ဖြစ်နေပြီး လမ်းလျှောက်မယ့် လူတွေအတွက် မဟုတ် တော့ဘူးဆိုတာ စိတ်မကောင်းကြီးစွာ တွေ့ရပါတယ်” Yangon Heritage Trust  မှ မြို့ ပြစီမံကိန်းအပိုင်းကို ကိုင်တွယ်ဆောင်ရွက်သူ Megan Quirk အား အယ်ဂျာဇီးယား မီဒီယာက မေးမြန်းရာ ဖြေကြား ခြင်းဖြစ်သည်။ ရန် ကုန်မြို့တွင် တက္ကစီအစီးရေ သုံးသောင်းကျော်ရှိနေပြီ။ အမေရိကန် နယူးယောက်မြို့၏ နှစ်ဆဖြစ်သည်ဟုလည်း ထောက်ပြထားသည်။လူများ လမ်းလျှောက်ရန် စင်္ကြံပ လက်ဖောင်းများမရှိခြင်း၊ စက်ဘီးစီးနင်းရန် ခွင့်မပြုခြင်းတို့ကလည်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်မည့် နည်း လမ်းများအား ပိုမိုခက်ခဲစေ သည် ဟု ရေး သား ပါရှိ သည်။

ရန်ကုန်မြို့နေ ပြည်သူများကို လမ်းလျှောက်နိုင်ရန် ပံ့ပိုးပေးပါက ယာဉ်စီးမှုနှုန်း လျော့ကျသွားမည်ဖြစ် သည်။ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ လည်း အဆင်ပြေသွားနိုင်သည်။ ထို့ ကြောင့် လမ်းလျှောက်သမားများအတွက် ပလက်ဖောင်းကျယ်ကျယ်ဝန်းဝန်း ဖန်တီးပေးသင့်ကြောင်း Yangon Heritage Trust  မှ ပညာရှင် တစ်ဦး ဖြစ် သည့် ဒေါက်တာ သန့်မြင့်ဦးက လူမှု ကွန်ရက် စာမျက်နှာနှင့် ဟောပြောပွဲများ တွင် အကြံဥာဏ်ပေးခဲ့သည်။ သို့သော် ရန်ကုန်မြို့တော် စည်ပင်သာယာရေးက လက်ရှိ လူ သွားပလက်ဖောင်းများကို ယာဉ်သွားလမ်းမများအဖြစ် ပြောင်းလဲ ချဲ့ထွင်နေသည်ကို ရန်ကုန်မြို့တွင်း မြို့နယ်များတွင် တွေ့ရသည်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် ပြည် သူများ နစ်နာဆုံးရှုံးရသည့် လုပ်အား ခများကို စီးပွားရေး ပညာရှင် ကိုသန်း စိုးက တွက်ချက်ပြထားသည်။ တစ်နေ့လျှင် ဘတ်စ်ကားစီးသူ သုံးသိန်းဆိုပါစို့၊ သူတို့၏တစ်နေ့ပျမ်းမျှ လုပ်ခကျပ်ငွေ ခုနစ်ထောင်ဖြင့် တွက်ချက်လျှင် တစ်နာရီလုပ်အားခမှာ ၈၇၅ ကျပ် ဖြစ်သည်။ ယာဉ်ကြောတစ်နာရီ ပိတ်ဆို့လျှင် လူ သုံးသိန်းအတွက် လုပ်အားခ သန်းနှစ်ရာကျော် ဆုံးရှုံးမည်ဟု ယင်းက တွက်ချက်ပြထားသည်။ ထိုကဲ့သို့ ဆုံးရှုံးနစ်နာနေသည်သာမက မိသားစု တွေ့ဆုံချိန်များ နည်းပါး လာခြင်း၊ ကိုယ်ပိုင်အချိန် လျော့နည်း လာခြင်းများလည်း ဖြစ်လာနေပြီဟု ကိုသန်းစိုးက ဆက်လက်ပြောသည်။

ခရီးသွားပြည်သူများ၏ စွမ်းအား၊ လုပ်အားခနှင့် အချိန်များဆုံးရှုံးနေခြင်းကို မည်သည့်အချိန်တွင် ဖြေရှင်းပေးနိုင်မည်နည်း။ ”နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့ အချိန်ရောက်နေ ပါပြီ။ မဟုတ်ရင်တော့ မကြာခင်တိုးပွားလာဦးမယ့် ကားတွေနဲ့ ရင်လေးစရာအနေအထားပါပဲ”ဟု အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌက ဦးအောင်မြင့်က သုံးသပ်ပြသည်။
သုတလင်း၊ မြတ်စုငြိမ်း၊ အိမ်စည်စိုးစံ

Popular Journal