12 Jun 2014

ဦးသိန်းစိန် လူကြိုက်ပိုများဆိုသည့် အိုင်အာရ်အိုင်စစ်တမ်း တုံ့ပြန်မည်


ဧပြီလဆန်းတွင် ထုတ်ပြန်ခဲ့သည့် International Republican Institute (IRI) ၏ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စစ်တမ်းပါ ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကို လူကြိုက်ပိုများသည်ဆိုသည့် အချက်အလက်အပေါ် လိုအပ်ပါက သက်ဆိုင်သူတို့နှင့် ရုပ်သံက တိုက်ရိုက် ဆွေးနွေးခန်းပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ နိုင်ငံတကာနှင့် လူထုဆက်ဆံရေး တာဝန်ခံ ဦးတိုးကျော်လှိုင်က မဇ္ဈိမကို ဇွန်လ ၈ ရက်တွင် ပြောသည်။

“စစ်တမ်းကောက်တုန်းက မေးတဲ့မေးခွန်းတွေက အရမ်းယေဘူယျဆန်တယ်။ စစ်တမ်းထဲကအချက်တော်တော်များများကို ထောက်ပြလို့ရတယ်။ လိုအပ်ရင် ကျွန်တော်တို့က အဲဒီအဖွဲနဲ့ တိုက်ရိုက်ဆွေးနွေးတာကို ရုပ်သံကတိုက်ရိုက်လွှင့်တာထိ လုပ်ဖို့ရှိတယ်” ဟု ဦးတိုးကျော်လှိုင်က ပြောသည်။

ယင်းထုတ်လွှင့်မှုအတွက်ကို ပုဂလိက ရုပ်သံလိုင်းတစ်ခုနှင့် ဆွေးနွေးကာ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်တမ်းပါ အချက်အလက်မှားယွင်းမှုအပေါ် ပြန်လည်သက်သေပြနိုင်ရေးအတွက် အစည်းဝေးတစ်ရပ်ကို ယနေ့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

IRI စစ်တမ်းကို ပြည်နယ်နှင့်တိုင်း ၁၄ ခုရှိ မြို့ပြနေရာ ၉၂ နေရာ၊ ကျေးလက်ဒေသ ၂၀၈ နေရာတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃,၀၀၀ ကို မေးမြန်းကောက်ယူခဲ့သည်ဟု စစ်တမ်းတွင် ဖော်ပြပါရှိသည်။

ယင်းစစ်တမ်းပါ အချက်အလက်များ မှားယွင်းမှုကို ထောက်ပြနိုင်ရန် ဇွန်လ ၁၅ ရက် တော်ဝင်နှင်းဆီတွင် ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကို လူကြိုက်ပိုများပါ ခေါင်းစဉ်ဖြင့် စာရေးဆရာဦးဖေမြင့်၊ ကယန်း ပြည်သစ်ပါတီမှ ဗိုလ်မှူးကြီး စောလွင်နှင့် ဆရာမောင်သံတိုင် ဘောဂဗေဒတို့က ဆွေးနွေးကြမည်ဖြစ်ပြီး ယင်းသည် စစ်တမ်းပါအချက်များ မှားယွင်းမှုကို စတင် သက်သေပြခြင်းဖြစ်သည်ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲကို စစ်တမ်းကောက်ယူခဲ့သည့် IRI နှင့် အထောက်အပံ့ပေးခဲ့သည့် USIAD တို့ကိုလည်း ဖိတ်ကြားထားသည်။

IRI ကို USAID က အထောက်အပံ့ပေးထားခြင်းဖြစ်ပြီး စစ်တမ်းကောက်ယူမှုကို ပြည်တွင်းအခြေစိုက် MSR (Myanmar Savory Resarch) အဖွဲ့က ကောက်ယူခြင်းဖြစ်ပြီး ကောက်ယူရရှိသည့် အချက်အလက်များကို သမ္မတထံ တင်ပြပြီးမှသာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဦးတိုးကျော်လှိုင်က ဆိုသည်။

 

by mizzima

‘Love Locks’ တံတားလို့နာမည်ကြီးတဲ့ ပဲရစ်က တံတားအကာအရံ ပြုတ်ကျ

 
ကမ္ဘာလှည့်ခရီးသည်များအတွက် ပဲရစ်က အထင်ကရတံတားတစ်ခုဖြစ်တဲ့ တံတားအကာ သံဇကာများတွင် သော့ခတ်ထားလေ့ရှိသည့် ထိုတံတားအကာဟာ သော့များ၏အလေးချိန်ကြောင့် ကွာကျခဲ့ကြောင်း သိရသည်။

ကံကောင်းသည်မှာ ကွာကျသော တံတားအကာ အရံမှာ မြစ်ထဲသို့ ပြုတ်ကျခြင်း မဟုတ်ဘဲ တံတားပေါ်သာ ပြုတ်ကျခြင်းဖြစ်သည့် အတွက် အလွန်အသွားအလာများသော ထိုမြစ်အတွင်းက သဘောင်္ာတွေ ၊ လှေတွေ ၊ ခရီးသွးတွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ခြင်းဖြစ်သည်။

ထိုတံတားသို့ လာရောက်လည်ပတ်သူများဟာ အချစ်သင်္ကေတ အနေနဲ့ သော့ပေါ်တွင်စာရေး သော့ခတ်ပြီး သော့ကို မြစ်ထဲပစ်ချလေ့ရှိကြပြီး ထိုတံတားဟာ ကမ္ဘာလှည့်ခရီးသည်များအား ပဲရစ်မြို့၏ တခုတ်တရ ဆွဲဆောင်နိုင်စွမ်းရှိသော နာမည်ကြီးတံတားလည်း ဖြစ်သည်။

ယခုအခါ ထိုတံတားအား ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။

Source : Dailymail

ပီနန်ဆရာတော်ထံ သရုပ်ဆောင်ဦးဇင်ဝိုင်း(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း) ရဲ့ လျှောက်ကြားချက်



၂၀၁၄ မတ်လအတွင်းက…မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့် ပတ်သက်သည့် ကျောင်းကိစ္စ သာသနာရေးဆိုင်ရာ
ရှင်းလင်းပွဲကို တက်ရောက်လာတဲ့ သရုပ်ဆောင်ဦးဇင်ဝိုင်း(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း) ရဲ့
လျှောက်ကြားချက်။

” ပီနန်ဆရာတော်ဘုရားကြီးအမှူးပြုသော သံဃာတော်အရှင်သူမြတ်များကို တပည့်တော်ရိုသေစွာဦးခိုက်ရှိခိုးပါတယ်ဘုရား။

အရှင်ဘုရားတို့ ရှင်းလင်းပြောပြမိန့်တော်မူခဲ့တဲ့ အချက်အလက်တွေကို လေ့လာလိုက်ရင်
ဓမ္မ၀ိနယအရသော်လည်းကောင်း၊ လောကဥပဒေအရ လည်းကောင်း
ပီနန်ဆရာတော်ဘုရားကြီးပိုင်တယ်ဆိုတာ ရှင်းလင်းနေပါပြီ။

အခုပဲ တပည့်တော်အနေနဲ့ ၀န်ခံလျှောက်ထားပါရစေဘုရား။တပည့်တော်တို့ ရုပ်ရှင်သမားများက ကွင်းနေရာမရတော့
ဒီကျောင်းကြီးပေါ်မှာ လာပြီး ရုပ်ရှင်ရိုက်ကြပါတယ်ဘုရား။

တပည့်တော်ကိုယ်တိုင် ဒီကျောင်းကြီးပေါ်မှာသေဖူးပါတယ်ဘုရား။တပည့်တော်ကိုယ်တိုင် ဒီကျောင်းကြီးပေါ်မှာ
တရားသူကြီးလုပ်ပြီး ထောင်ချခဲ့ဖူးပါတယ်ဘုရား။

ဒီကျောင်းကြီးပေါ်မှာ အချုပ်ခန်းဆက်တင်ဖန်တီးလို့ တပည့်တော်ကိုယ်တိုင် တရားခံလုပ်ပြီး
အချုပ်ခန်းထဲမှာ နေခဲ့ရဖူးပါတယ်ဘုရား။

ယခုကျမှ ငါတို့ရဲ့ ဒီလုပ်ရပ်တွေဟာမူလပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲနဲ့ လုပ်ခဲ့ရတာပါလားဆိုတာ
တွေးပြီး ဒီအကုသိုလ်ကို ကြောက်မိပါတယ်ဘုရား။

သူတို့ ဒီကျောင်းက ထွက်ခွါဖို့ ဘယ်လိုပင် စာထုတ်ကြသော်လည်း ဒီကျောင်းကြီးကနေ
တစ်ဖ၀ါးမှ မခွါဖို့ ဒီအကုသိုလ်ကို ချေပတဲ့အနေနဲ့ တပည့်တော် လျှောက်ထားပါရစေဘုရား။

၃၁ ရက်နေ့မှာ လိုအပ်လာမယ်ဆိုရင်တပည့်တော်တို့အနုပညာသမားများက
ဆရာတော်ဘုရားကြီးရှေ့ကနေ မားမားမတ်မတ်ကာကွယ်ပါ့မယ်ဘုရား။

မီးလောင်ဗုံးနဲ့ ထုတော့လဲ ကုသိုလ်ကံပေါ့ဘုရား။

ဒါဟာ တပည့်တော်တို့အနုပညာသမားများရဲ့ပြန်ပေးဆပ်သင့်တဲ့ ၀ဋ်ကြွေးခြေ ကျေးဇူးဆပ်ခြင်းပါဘုရား။

ခွင့်ပြုပါဘုရား။ ”

ဦးဇင်ဝိုင်း
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း၊

MH370 သတင်းအမှန်ပေးနိုင်လျှင် ကန်ဒေါ်လာ ၅ သန်း ရမည်



ဇွန်လ ၈ ရက်နေ့ကမှ ကြေညာလိုက်တဲ့ သတင်း ဖြစ်ပြီး ယင်း ကြေညာချက် အရ ပျောက်ဆုံးနေသော MH370 လေယာဉ် အကြောင်း အစအန တွေ့ရှိ သတင်းမှန် ပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၅ သန်း ရရှိမှာ ဖြစ်ကြောင်း သိရ ပါတယ်။

ဒီအတွက် MH370 လေယာဉ်ပေါ် လိုက်ပါသွားသူများရဲ့ ကျန်ရှိ မိသားစုများက စုစည်းလို့ ပေးအပ်မယ့် ဆုကြေးငွေ ဖြစ်ပါတယ်။ ဒီအတွက် ကို သေချာ စစ်ဆေးပြီး အမှန်တကယ် တွေ့ရှိ သတင်း ပေးနိုင်သူ ကိုသာ ပေးအပ် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူကနေ ပေကျင်း မြို့ကို ပြန်သန်းစဉ် အိန္ဒိယ သမုဒ္ဒရာ ထဲသို့ ထိုးကျ နှစ်မြှုပ်သွားတယ်လို့ ခန့်မှန်း ထားကြတဲ့ လေယာဉ် ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည်ကော၊ လေယာဉ် ဝန်ထမ်း အပါအဝင် ၂၃၉ ဦး ပါဝင် ပါတယ်။
နောက်ဆုံးရ သတင်း အနေနဲ့ သြစတေးလျ ကမ်း အလွန် အန္ဒိယ သမုဒ္ဒရာ ကြမ်းပြင် အောက်မှာ Low Frequency အသံ လိုင်း ကြားရပြီး ရှာဖွေမှု ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

MH370 လေယာဉ်ကို ကိုယ်တိုင် ဆယ်ထုတ် စရာမလိုပဲ အစအန သတင်း ပြောပြ ရုံမျှသာ အမေရိကန်ဒေါ်လာ ၅ သန်း ရရှိမှာမို့ နိုင်ငံတကာမှာ ပုဂ္ဂလိက ရှာဖွေရေး အဖွဲ့အစည်း များစွာ ပါဝင် လာကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)


အလုပ်သမားသစ်များ လေဆိပ်တွင် 24 နာရီသာ သူဌေးစောင့်ခွင့်ပြုတော့မည့် မလေးရှား

 
မလေးရှားသို့ရောက်ရှိသူများအား လဝက မှ စစ်ဆေးနေပုံ
 

ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi
 
(12.6.2014)

မလေးရှားလေဆိပ်သို့ရောက်ရှိလာမည့် အလုပ်သမားသစ်များအား ခေါ်ယူသည့်အလုပ်ရှင်သည် 24 နာရီအတွင် မဖြစ်မနေလာရောက်ကြိုရတော့မည်ဖြစ်ကြောင်း ယနေ့ မလေးထုတ်သတင်းဌာနများတွင် ကြော်ငြာသွားခဲ့သည် ။
အကြောင်းမှာ မလေးနိုင်ငံသို့ဝင်ရောက်လာသူများ ထွက်ခွာသူများအားလုံး စာရွက်စာတမ်းအတုများ ကိုင်ဆောင်ခြင်းကို ထိထိရောက်ရောက်တားမြစ်သွားရန်ဖြစ်ကြောင်း လည်းသိရသည်။

လွန်ခဲ့သော 3 လက ဖြစ်ပွားခဲ့သည့် MH370 ပျောက်ဆုံးမှုတွင် fake passport ( ပျောက်ဆုံးပတ်စပို့) 2 အုပ်ကိုင်ဆောင်ခရီးသွားသူ ၂ဦးပါဝင်ခဲ့ပြီး ထို့သို့မဖြစ်စေရန် မလေးရှား လဝက စနစ်များ နှင့် လေဆိပ်များတွင် SYSTEM UPGRADE ပြုလုပ်ရန်ရှိသည်များအားလုံး ပြုလုပ်သွားမည်ဖြစ်သလို ၊
နိုင်ငံတကာ ပျောက်ဆုံး ပတ်စပို့များ အား ချက်ချင်းသိနိုင်ရန် မလေးအစိုးရမှ INTERPOL နှင့်တွဲဖက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းလည်း ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi လေဆိပ် တွင်ပြောကြားသွားခဲ့သည် ။

ထို့အတူ ဝန်ကြီးမှ လေဆိပ် လုံခြုံရေး နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရေး အတွက် မလေးရှား ရှိ နိုင်ငံတကာလေဆိပ်များကို မှာကြားထားပြီးဖြစ်သလို လဝက အဝင်အထွက်များ အားလုံးကို HD-CCTV များတပ်ဆင်သွားမည်ဖြစ်ကြောင်း ဝန်ကြီင်္းမှပြောကြားသွားခဲ့သည် ။

ထိုမျှမက နိုင်ငံတကာမှ ရောက်ရှိလာသော နိုင်ငံခြားသား အလုပ်သမားကိုလည်း ခေါ်ယူသူ လုပ်ငန်းရှင်မှ 24 နာရီအတွင်း စာရွက်စာတမ်းများဖြင့် လာရောက် ခေါ်ဆောင်ရန် နှင့် 24 နာရီ ကျော်ပါက ဆိုင်ရာတိုင်းပြည်များသို့ ပြန်လည်ပို့ဆောင်သွားမည်ဟု ဆက်လက်ပြောကြားသွားခဲ့သည် ။
ထိုသို့ပို့ဆောင်ရန်အတွက် လေယာဉ်လက်မှတ် နှင့် ကုန်ကျစရိတ်များကို အလုပ်သမားခေါ်ယူမည့် လုပ်ငန်းရှင်များက တာဝန်ယူရမည်ဖြစ်ကြောင်းသိရသည် ။

သို့အတွက် မလေးရှားသို့ အသစ်လာရောက် မည့် မြန်မာအလုပ်သမားများ အားလုံးသည် မိမိတို့ အေးဂျင်းများ ၊ အလုပ်ရှင်များအား တိကျစွာ 24 နာရီအတွင်း မဖြစ်မနေ လာရောက်ခေါ်ဆောင်ရန် မေးမြန်း ထားရမည်ဖြစ်သည် ။
24 နာရီကျော်လွန်သည်အထိ လုပ်ငန်းရှင် သို့ အေးဂျင်းမှ လာရောက် မခေါ်ဆောင်ပါက လေဆိပ်မှ ပြန်လည်ထွက်ခွာရမည်ဖြစ်သည် ။
 
REF : THESTAR , MALAYMAILONLINE ,

ဘာသာပြန် မလေးရှားရောက် မြန်မာများ FACEBOOK စာမျက်နှာ
www.facebook.com/mmrinm

11 Jun 2014

ကမ္ဘာပေါ်တွင် ငွေကြေး အကုန်အကျ အများဆုံး အသုံးပြုဖန်တီးခဲ့သည့် ကာတွန်းရုပ်ရှင်(၁၀)ကား



တစ်ချိန်က ကာတွန်းရုပ်ရှင်များကို ကလေးကြိုက် ဖျော်ဖြေရေး ဇာတ်ကားများ သဖွယ်သာ သဘောထားခဲ့ ကြသည်။ သို့သော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ကာတွန်းရုပ်ရှင်များ၏ လွှမ်းမိုးနိုင်စွမ်းသည် လူကြီးလူငယ်မရွေး ပရိသတ်များကို ဖမ်းစားလာနိုင်ခဲ့သည်။

ထို့ကြောင့်လည်း ဟောလိဝုဒ်မှ ရုပ်ရှင်ကုမ္ပဏီများက ကာတွန်းရုပ်ရှင်များကို အရင်းအနှီး အများ အပြားဖြင့် မြှုပ်နှံရိုက်ကူးလာခဲ့သည်။ DreamWorks၊ Pixarနှင့် Walt Disney တို့ကဲ့သို့ ကုမ္ပဏီကြီးများက နာမည်ကျော် သရုပ်ဆောင်များကို ကာတွန်းဇာတ်ကောင်များအတွက် အသံဖြင့် ကိုယ်စားပြု သရုပ်ဆောင်ရန် ငှားရမ်းခဲ့ကြသည်။

ကာတွန်းရုပ်ရှင်တစ်ခု၏ အောင်မြင်မှုကို အခြေပြု၍ ယင်း၏ နောက်ဆက်တွဲ ဇာတ်ကားများတွင် သရုပ်ဆောင်ကြေး မြင့်တက်လာတတ်ရာ တွမ်ဟန့်ခ်စ်သည် Toy Story ဇာတ်ကားတွင် ဒေါ်လာ (၅၀၀၀၀)သာ သရုပ်ဆောင်ကြေး ရခဲ့သော်လည်း Toy Story 2 တွင် ဒေါ်လာ(၅)သန်းထိ ပေးချေငှား ရမ်းခြင်း ခံခဲ့ရသည်။

ဟောလိဝုဒ်တွင် အဘက်ဘက်မှ ငွေကုန်ကြေးကျ အများအပြား အသုံးပြု ရိုက်ကူးထားသည့် ကာတွန်း ရုပ်ရှင်များစွာ ထွက်ပေါ်ခဲ့ရာ ယင်းတို့အနက် အသုံးစရိတ် အများဆုံး ကာတွန်းရုပ်ရှင် (၁၀)ကားကို ထုတ်နုတ်ဖော်ပြလိုက်ရပါသည်။

၁၀။ Frozen – ဒေါ်လာ(၁၅၀)သန်း


(၂၀၁၃)ခုနှစ်က ရုံတင်သည့် Frozenသည် Walt Disney ၏ (၆၃)ခုမြောက် ကာတွန်းရုပ်ရှင် ဖြစ်သည်။ ယင်းဇာတ်ကားကို ဖန်တီးရန်အတွက် ဒေါ်လာသန်း(၁၅၀)မျှ ကုန်ကျခဲ့သည်။

မည်သို့ပင်ဖြစ်စေ Walt Disney အနေဖြင့် ငွေကုန်ရကျိုးနပ်ခဲ့ပြီး ညီအစ်မနှစ်ဦး၏ နက်နဲသော သံယော ဇဉ်ကို ဖော်ကျူးသည့် ဇာတ်ကားလေးသည် သမိုင်းတစ်လျှောက် ရုံဝင်ကြေး ဒေါ်လာတစ်ဘီလီယံအထက် ရရှိသည့် ဒုတိယမြောက် ကာတွန်းရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဟန်းခရစ္စတီယန် အန်ဒါဆန် ရေးသားသည့် The Snow Queenကို အခြေခံ ရိုက်ကူးထားသည့် ရုပ်ရှင် သည် အော်စကာ ဆုနှင်းသဘင်တွင် အကောင်းဆုံး Animated ရုပ်ရှင်ဆုအပြင် Let It Go သီချင်းဖြင့် အကောင်းဆုံး ဇာတ်ဝင်တေးဆုကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။

၉။ Shrek the Third - ဒေါ်လာ(၁၆၀)သန်း


မိုက်ခ်မိုင်ယာစ်၊ ကင်မရွန်ဒိုင်ယက်ဇ်နှင့် အက်ဒီမာဖီတို့ နောက်ခံသရုပ်ဆောင်ခဲ့သည့် လူစာရင်းနှင့်ပင် Shrek ၏ တတိယမြောက် ဇာတ်ကားသည် ငွေကုန်ကြေးကျ များပြားမည်ဆိုသည်ကို ခန့်မှန်းနိုင်မည် ဖြစ်သည်။

နာမည်ကျော်များအတွက် သရုပ်ဆောင်ကြေးများ အပါအဝင် ဒေါ်လာ သန်း(၁၆၀) အသုံးပြုခဲ့ရပြီး (၂၀၀၇) ခုနှစ်က ရုံတင်သော ဇာတ်ကားသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဝင်ငွေ ဒေါ်လာ (၇၉၉) သန်းထိ ပြန်လည် ရရှိခဲ့သည်။

ဘီလူးကြီး Shrek နှင့် ၎င်း၏ဇနီးသည် မင်းသမီး Fiona တို့၏ မိသားစု ဘဝကို အခြေပြု ရိုက်ကူး ထားသော ဇာတ်ကားသည် ယခင် Shrek ဇာတ်ကားများ၏ အောင်မြင်မှုကြောင့် ပရိသတ်များ၏ ကြိုဆိုအားပေးမှုကို ခံယူနိုင်ခဲ့သည်။

၈။ Wreck-It Ralph - ဒေါ်လာ(၁၆၅)သန်း


Walt Disneyက ထုတ်လုပ်သည့် ကာတွန်းရုပ်ရှင်သည် ဒေါ်လာ (၁၆၅)သန်းမျှ ကုန်ကျစရိတ် များပြား ခဲ့သော်လည်း ဒေါ်လာ (၄၇၁)သန်းမျှ ပြန်လည်ရရှိခဲ့သည့်အတွက် ထိုက်တန်သော မြှုပ်နှံမှု ဖြစ်ခဲ့သည်။

Walt Disney အနေဖြင့် ဂျွန်စီရိုင်လေး၊ ဆာရာဆေးလ်ဗားမန်း၊ ဂျက်မက်ဘရိုင်ယန်တို့ကဲ့သို့ နာမည်ရ သရုပ်ဆောင်များကို ယင်းဇာတ်ကားအတွက် ငှားရမ်းခဲ့သည်။

(၂၀၁၂)ခုနှစ်က ရုံတင်သော ဇာတ်ကားတွင် ရောင်ပြန်ဟပ်မှု ပုံရိပ်များကို ပိုမိုပီပြင်လာအောင် ဖန်တီးနိုင် ခဲ့ပြီး ပုံရိပ်ယောင် စတူဒီယို နည်းပညာသစ်များကိုလည်း စတင်မိတ်ဆက်နိုင်ခဲ့သည်။

၇။ How To Train Your Dragon - ဒေါ်လာ(၁၆၅)သန်း


ခရက်ဆီဒါ ကိုဝဲလ်၏ How To Train Your Dragon ဝတ္ထုကို မူရင်းအမည်အတိုင်းပင် ပြန်လည်ရိုက်ကူး သည့် 3D ကာတွန်းရုပ်ရှင်ကို (၂၀၁၀)ပြည့်နှစ်က ရုံတင်ခဲ့သည်။

Dream Works၏ လက်ရာသည် အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဒေါ်လာ သန်း(၅၀၀)နီးပါးမျှ ပြန်လည် ရရှိခဲ့သည်။ အကျိုးအမြတ်များသလို အရင်းအနှီးလည်း များခဲ့သည့် ဇာတ်ကားအတွက် Dream Works အနေဖြင့် ဒေါ်လာ (၁၆၅)သန်းမျှ သုံးစွဲခဲ့ရသည်။

How To Train Your Dragon တွင် အသံသရုပ်ဆောင်များအဖြစ် ဂျေးဘာရူချဲလ်၊ ဂါရတ်ဘတ္တလာ၊ ကရိတ်ဂ်ျဖာဂူဆန်၊ အမေရိက ဖာရာရာ၊ ဂျိုနာဟေးလ်နှင့် ခရစ္စတန်ဝစ်ဂ်တို့က ပါဝင်သရုပ်ဆောင်ခဲ့သည်။ ယင်းဇာတ်ကား၏ နောက်ဆက်တွဲကို အမေရိကန် ပြည်ထောင်စုတွင် ယခုသီတင်းပတ်အတွင်း ရုံတင်သွားမည် ဖြစ်သည်။

၆။ Monsters Vs Aliens - ဒေါ်လာ(၁၇၅)သန်း


(၂၀၀၉)ခုနှစ်က ရုံတင်ခဲ့သော ဇာတ်ကားသည် Dream Works ၏ ရည်မှန်းချက်ကြီးကြီး ဖန်တီးခဲ့သည့် လက်ရာတစ်ခု ဖြစ်သည်။

ဒေါ်လာ(၁၇၅)သန်းထိ ကုန်ကျစရိတ်ရှိခဲ့သော Monsters Vs Aliens သည် (၁၉၅၀)ပြည့်လွန်နှစ်များမှ (၁၉၇၀)ပြည့်လွန် နှစ်များထိ လူကြိုက်များခဲ့သည့် ချောက်ခြား စိတ်ကူးယဉ် သိပ္ပံဇာတ်ကားများ၏ လွှမ်းမိုးခြင်းကို ခံခဲ့ရသည်။

ရီးစ်ဝှစ်သာစပွန်း၊ ဆတ်သ်ရိုဂန်၊ ဟုဂ်ျလော်ရီ၊ ရိန်းဝီလ်ဆန်၊ အေမီပိုလာ၊ ပေါလ်ရုဒ်နှင့် စတီဖန်ကိုးလ် ဘတ်တို့ ပါဝင်ထားသည့် ဇာတ်ကားသည် Dream Works ၏ ရိုက်ကူးသည့် (၁၈)ခုမြောက် ကာတွန်း ရုပ်ရှင် ဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဒေါ်လာ (၃၈၁)သန်းမျှ ပြန်လည်ရရှိခဲ့သည်။

၅။ WALL-E - ဒေါ်လာ(၁၈၀)သန်း


Pixar၏ သမားရိုးကျ ဇာတ်လမ်းများမှ အသိသာဆုံး ခွဲထွက်ခဲ့သည့် WALL-Eသည် ထုတ်လုပ်မှု ကုန်ကျ စရိတ် ဒေါ်လာ သန်း(၁၈၀)ထိ ရှိခဲ့သည်။

ယင်းဇာတ်ကားသည် ကမ္ဘာမြေပေါ်မှ ညစ်ညမ်းမှုများကို လိုက်လံသန့်ရှင်းရန် ဒီဇိုင်းထုတ် ဖန်တီးထား သည့် အထီးကျန် စက်ရုပ်လေး၏ စွန့်စားခန်းကို ပုံဖော်ထားခြင်း ဖြစ်သည်။

ဇာတ်ကားအစ မိနစ်(၄၀)ခန့်ထိ ထူးခြားသော တင်ဆက်ပုံများကို တွေ့မြင်နိုင်ပြီး အပြန်အလှန် စကားပြောဆိုမှုပင် အလွန်နည်းပါးခဲ့သည်။ အစဉ်အလာဟောင်းများကို တော်လှန်ခဲ့သည့် Pixar ၏ ဇာတ်ကားသည် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ဒေါ်လာ သန်း(၅၂၀)ကျော်ထိ ရုံဝင်ကြေး ရရှိခဲ့သည်။

ယင်းဇာတ်ကားသည် အကယ်ဒမီ ဆုပေးပွဲတွင် ကဏ္ဍအတော်များများအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ထူးခြားမှု တစ်ရပ်အဖြစ် WALL-Eသည် TIME မဂ္ဂဇင်း၏ ဆယ်စုနှစ်အတွင်း အကောင်းဆုံး ရုပ်ရှင်များ စာရင်း၌ နံပါတ်(၁)နေရာ၌ သတ်မှတ်ခံခဲ့ရသည်။

၎။ Brave – ဒေါ်လာ(၁၈၅)သန်း


ကာတွန်းရုပ်ရှင် တစ်ခုအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံရန် Pixarက ထပ်မံရွေးချယ်လိုက်သလို Brave သည် ကုန်ကျစရိတ် များပြားသလောက် အောင်မြင်မှုလည်း ခမ်းနားခဲ့သည်။

စကော့တလန် ကုန်းမြင့်ဒေသရှိ တိုင်းပြည်တစ်ခုမှ မိဖုရားကြီးနှင့် အစဉ်အလာဟောင်းများကို ဖီဆန် လိုသော သမီးငယ်တို့ကြား ဆက်ဆံရေးကို ပုံဖော်ထားသည့် ဇာတ်ကားအတွက် Pixarက ဒေါ်လာ (၁၈၅)သန်းထိ အသုံးပြုခဲ့သည်။

(၂၀၁၂)ခုနှစ်တွင် ရုံတင်ပြီး အကောင်းဆုံး Animated ကာတွန်းရုပ်ရှင်အဖြစ် အကယ်ဒမီဆုနှင့် ရွှေကမ္ဘာ လုံးဆုများ ဆွတ်ခူးခဲ့သော အဆိုပါ ဇာတ်ကားသည် ဒေါ်လာ(၅၃၈)သန်းထိ ဝင်ငွေပြန်လည် ရရှိခဲ့သည်။

Pixarအတွက်လည်း Braveသည် ပထမဆုံး အမျိုးသမီး ဒါရိုက်တာ တစ်ဦးကို အသုံးပြုခဲ့ပြီး အမျိုးသမီး ဇာတ်ရုပ်တစ်ခုကို အသားပေးသည့် ပထမဆုံး ကာတွန်းရုပ်ရှင် အနေဖြင့် အမှတ်ရစရာ ဖြစ်ခဲ့သည်။

၃။ Monsters University – ဒေါ်လာ(၂၀၀)သန်း


အောင်မြင်မှုများစွာ ရရှိခဲ့သည့် Monsters, Inc., ကာတွန်းကို နောက်ဆက်တွဲအဖြစ် ရိုက်ကူးခဲ့သည့် Monsters Universityအတွက် ဒေါ်လာ သန်း(၂၀၀)ထိ အကုန်အကျခံရန် Walt Disney က ဆုံးဖြတ်ခဲ့ သည်။

Pixarက ဖန်တီးပြီး Walt Disneyက ထုတ်လုပ်ခဲ့သည့် ဇာတ်ကားသည် Pixar၏ ဖန်တီးမှုများတွင် တတိယမြောက် ဝင်ငွေအများဆုံး ရရှိသည့် မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့ပြီး ဒေါ်လာ(၇၄၃)သန်းထိ ပိုင်ဆိုင်ခဲ့သည်။

အမှတ်တရ အခြေအနေတစ်ခုမှာ ယင်းဇာတ်ကားကို မရိုက်ကူးမီ ဒါရိုက်တာအဖွဲ့က ဟားဗတ်၊ စတန်းဖို့ဒ်၊ အလာဘားမား တက္ကသိုလ်ကြီးများတွင် ကျောင်းသူကျောင်းသားများ၏ နေထိုင်မှု ဓလေ့စရိုက် ပုံစံများနှင့် အသင်းအဖွဲ့များ၏ သဘောသဘာဝကို အသေးစိတ် သွားရောက်လေ့လာခဲ့ခြင်း ဖြစ်သည်။

၂။ Toy Story 3 - ဒေါ်လာ(၂၀၀)သန်း


Pixarက ဖန်တီးပြီး Walt Disney က ထုတ်လုပ်မှုပိုင်း တာဝန်ယူခဲ့သည့် နောက်ထပ် ဇာတ်ကားကောင်း တစ်ခုဖြစ်ပြီး စုစုပေါင်း ဒေါ်လာသန်း(၂၀၀)မျှ အကုန်အကျခံခဲ့ရသည်။

ယင်းဇာတ်ကားတွင် အသံဖြင့် ပံ့ပိုးသရုပ်ဆောင်သည့် မင်းသားတွမ်ဟန့်ခ်စ်သည် ဒေါ်လာ(၁၅)သန်းထိ သရုပ်ဆောင်ကြေး ရရှိခဲ့သည်။

Toy Story 3နှင့် ပတ်သက်၍ အထင်ကရ အရှိဆုံး မှတ်တိုင်တစ်ခုမှာ ကာတွန်းရုပ်ရှင် တစ်ခုအနေဖြင့် ဝင်ငွေ ဒေါ်လာတစ်ဘီလီယံအထက် ပထမဆုံးအကြိမ် ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ (၂၀၁၀)ပြည့်နှစ်တွင် ရုံတင်သမျှ ဇာတ်ကားအားလုံးတွင်လည်း ရုံဝင်ကြေး အမြင့်ဆုံး ဇာတ်ကားအဖြစ် စံချိန်တင်ခဲ့သည်။

Toy Story 3သည် အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံး ဆင့်ပွားဇာတ်ညွှန်းဆုနှင့် အကောင်းဆုံး အသံတည်းဖြတ်ဆုများအတွက် အော်စကာ ဆန်ခါတင် စာရင်းတွင်ပင် အမည်တင်သွင်း ခံခဲ့ရသည်။

၁။ Tangled - ဒေါ်လာ(၂၇၄)သန်း


(၂၀၁၀)ပြည့်နှစ်က ရုံတင်သော ဇာတ်ကားသည် သမိုင်းတစ်လျှောက် ကာတွန်းရုပ်ရှင်များတွင် အသုံးစ ရိတ် အများဆုံးအဖြစ် ဒေါ်လာ(၂၇၄)သန်းမျှထိ ကျခံသုံးစွဲခဲ့သည်။

ရှည်လျားလှသည့် ရွှေရောင် ဆံပင်များနှင့် မိန်းမချောလေး တစ်ယောက်အကြောင်း ဂျာမန်ရိုးရာ ပုံပြင်လေး တစ်ပုဒ်ဖြစ်သည့် Rapunzelကို အခြေခံ ပုံဖော်ထားသော ဇာတ်ကားသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဒေါ်လာ(၅၉၁)သန်းမျှ ပြန်လည်ရရှိခဲ့သည်။

Tangled ဇာတ်ကားကို ဖန်တီးရာတွင် Walt Disney အနေဖြင့် အခက်အခဲများစွာ ကြုံခဲ့ပြီး (၆)နှစ်ကြာမျှ အချိန်ယူခဲ့ရသည်။ မူလက ဇာတ်ကားအမည်ကို Rapunzel ဟုပင် ခေါ်ဝေါ်ရန် စီစဉ်ထားသော်လည်း ပရိသတ်များနှင့် ပိုမို၍ အကျွမ်းတဝင် ဖြစ်စေရန်အတွက် Tangledဟု အမည်ပြောင်းလဲဖြစ်ခဲ့သည်။

Walt Disneyက ထုတ်လုပ်သည့် အခု(၅၀)မြောက် ကာတွန်းရုပ်ရှင်သည် (၈၃)ကြိမ်မြောက် အော်စကာ ဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ဝင်သီချင်းဆုကို ရရှိခဲ့သည်။ 

_The Richest
7Day News Journal


ချင်းမိုင်မြို့က မြန်မာအလုပ်သမားတွေကို ဖမ်းဆီး

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယခင်သတင်းပတ်က ဖမ်းဆီးခံထားရသော မြန်မာ အလုပ်သမားများ
(ဓာတ်ပုံ – မန်းမျိုးမြင့်)

ဒီနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင် (ဇင်းမယ်) မြို့မှာ ထိုင်းစစ်တပ်၊ ထိုင်းရဲနှင့် ထိုင်းလ၀ကတွေ ပူးပေါင်းပြီး တရားမ၀င် မြန်မာ အလုပ်သမားတွေကို လိုက်လံရှာဖွေဖမ်းဆီးခြင်းကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ချင်းမိုင်မြို့တွင်းနဲ့ မနီးမဝေးက မြန်မာအလုပ်သမားတွေ အများဆုံးရှိတဲ့ ရပ်ကွက်တခုမှာ ဝင်ရောက်ဖမ်း ဆီးခဲ့ရာမှာ အထောက်အထားမဲ့ နေထိုင်သူ၊ ယာယီနေထိုင်ခွင့် စာရွှက်စာတမ်းဖြင့် နေထိုင်သူ၊ မူး ယစ်ဆေးသုံးစွဲသူ စုစုပေါင်း ဦးရေ ၃၀ ကို ဖမ်းဆီးခဲ့ပါတယ်။

အခုလို ဖမ်းဆီးတာဟာ တရားဥပဒေအရ ဖမ်းဆီးတာ ဖြစ်တယ်လို့ ထိုင်းရဲက ဆိုပါတယ်။ ဒါ့အပြင် တရားမဝင် ဆောက်လုပ်ထားတဲ့ အလုပ်သမားတွေ နေတဲ့ တဲအိမ်ငယ်လေးတွေကိုလည်း လုံခြုံရေးအရ ဖြိုခွဲ ဖျက်ဆီးခဲ့တာကိုလည်း ထိုင်းရုပ်သံတွေမှာ တွေ့မြင်ရပါတယ်။

အခုအချိန်မှာ မြန်မာအလုပ်သမားတွေ အများစုက ထိုင်းနိုင်ငံမှာ ၄ နှစ် နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသူတွေ ဖြစ်ကြပါတယ်။

ဗီဇာသက်တမ်း ပြန်လည်တိုးဖို့အတွက်ကို နှစ်နိုင်ငံအစိုးရက အတိအကျ ထုတ်ပြန်တာမရှိသေးတာ
ကြောင့် မြန်မာအလုပ်သမားတွေ ဆက်လက်နေထိုင်ရေးမှာ အခက်တွေ့နေတဲ့ အချိန် ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရေးမတည်ငြိမ်တာကြောင့် သက်တမ်းတိုးမယ့်ကိစ္စကို ထိုင်းဘက်က ရပ်ဆိုင်းထားသလို မြန်မာ အစိုးရဘက်ကလည်း ဗီဇာကိစ္စအတွက် နူတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို စစ်တပ်က အာဏာယူထားတဲ့ ကာလအတွင်း ထိုင်းနိုင်ငံမှာ ရှိနေတဲ့ တရားမဝင် အလုပ် သမားတွေကို ဥပဒေအရ မြို့နယ်တိုင်း ပြည်နယ်တိုင်းမှာ ပြင်းပြင်းထန်ထန် ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ် မှာ ဖြစ်တယ်လို့ သိရပါတယ်။


ငြိမ်းဇော် ~ ဧရာဝတီ

ကွန်ပျူတာကို မဟန်းအောင် အသုံးပြုမယ်

နေ့တိုင်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိသင့်တယ်ထင်လို့ မျှဝေလိုက် ရပါတယ်။ တစ်ချို့ကလည်း သိပြီး သား ဖြစ်ပါတယ်။ ကွန်ပျူတာ ဟန်းနေရင် အတော်လေး အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။

(၁) Window + R ကို တွဲပြီး နှိပ်ပါ။

(၂) ပေါ်လာတဲ့ အကွက်ထဲမှာ recent ကိုနှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၃) Window + R ကို တွဲပြီးနှိပ် တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ temp နှိပ်ပါ။ ပေါ်လာတဲ့ စာတွေ အားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။ 
 
(၄) Window + R ကို တွဲပြီး နှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ prefetch နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၅) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ %temp% နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအား လုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။ နေ့တိုင်းမလုပ်နိုင်ဘူးဆိုရင် တစ် ပတ်မှာ သုံးကြိမ် လေးကြိမ်လောက် လုပ်ပေးပါက စက် ဟန်းခြင်းကို သက်သာပါလိမ့်မယ်။


ကျော်လင်းနိုင် (ရိုးရာလေး)


ပြန်ပေးငွေ ညစ်လာတဲ့ Android ပေါ်က Malware ( ဗိုင်းရပ်စ် )



Malware ဆိုတာ ကွန်ပျူတာစနစ်နဲ့ ကန့်သတ်ထားတဲ့ သတင်း အချက်အလက် တွေကို နောက်ယှက်ဖို့ သုံးထားတဲ့ ဆော့ဝဲလ်တစ်ခုလို့ ယေဘုယျအားဖြင့် သတ်မှတ်နိင်ပါတယ်။
 
 အခုဖော်ပြမဲ့ သတင်းကတော့ မိတ်ဆွေတို့ရဲ့ မိုဘိုင်းဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အချက်အလက်တွေကို ခိုးယူမူပြုပြီး ဌင်းတို့ကို ဆုပ်ကိုင် ကာ ပြန်ပေးငွေ ညစ်လာနိင်တဲ့ Android malware အသစ်တစ်ခု တွေ့ရှိတယ် ဆိုတဲ့ အကြောင်းဖြစ်ပါ တယ်။ http://arstechnica.com/ ရဲ့ အဆိုအရ ထို Simplocker လို့ခေါ်ပြီး ဖုန်းအသုံးပြုသူတွေရဲ့ ဖုန်း အတွင်းရှိ ဓာတ်ပုံနဲ့ အခြား အရာတွေကို ခိုးယူ လော့ချထားပြီး ပြန်ပေးငွေအတွက် ပြန်လှယ် သိုလှောင် တဲ့ ဆော့ဝဲလ် တစ်ခုဖြစ်လာခဲ့ပါတယ်။ 
 
အခုအနေဖြင့် ဥရောပ အရှေ့ပိုင်းမှာ ရှိတဲ့ လူတွေဟာ အဓိက ပစ်မှတ်တစ်ခုအဖြစ် ရှိနေကြောင်း သိရပါတယ်။ ပို့စ်တင်ထားတဲ့ Screenshot ထဲမှာ ပါရှိချက်အရ hacker တွေဟာ ဒေါ်လာ ၂၀ နဲ့ ညီမျှတဲ့ ယူကရိန်ငွေကို တောင်းပြီး ဖုန်းကို လော့ ဖွင့်ပေးမယ်လို့ ပြောနေပါတယ်။ ထိုသို့ ငွေပေးချေ ပြီးတဲ့နောက် မှာတော့ ဖုန်းဟာ ပြန်လည် အသုံးပြုရန်အတွက် ၂၄ နာရီအတွင်း လော့ပွင့်မှာလို့ ဆိုပါတယ်။
 
 ပေးပို့လာတဲ့ မတ်ဆေ့တွေထဲမှတော့ ဖုန်းအသုံးပြုသူ တွေဟာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ဒေါင်းလုပ်ခ်တွေကို ပြုလုပ်တဲ့အတွက် ထိုသို့ဖြစ်တာပါလို့ အသုံးပြုသူတွေကို ပြန် စွပ်စွဲထားပါတယ်။ ထို malware တွေကို ဒီအတိုင်းဖယ်ပစ်ဖို့ကတော့ ဖုန်းရဲ့ safe mood မှာ ရှိနေတဲ့ အချိန် rebooting လုပ်လို့ ရနိင်တယ်လို့ သတင်းဌာနတစ်ခုကလည်း ဆိုပါတယ်။ သို့ပေမဲ့လည်း အသုံးပြု သူတွေရဲ့ အတွင်းရေးတွေကို ကာကွယ်ပေးထားနိင်တဲ့ encrypted ဖိုင်တွေကို ဆုံးရှုံးနိင်ပါတယ်။အကြောင်းကတော့ မော်ဝဲလ်ရဲ့ အထဲမှာ AES Key ကို ပြန်လှယ် ခုခံဖို့ အတွက် သိမ်းယူပြီးသွားလို့ပါ။ ဒီသတင်းကတော့ ပြီးခဲ့တဲ့ ရက်တွေဆီက သြစတြီးရီယားမှာ ရှိတဲ့ Apple အသုံးပြုသူတွေဟာ သူတို့ဖုန်း ဟာပြန်ပေးငွေတွေအတွက် ဟတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာပြီးနောက် ရောက်ရှိလာတာ ဖြစ်ပါ တယ်။ 
 
ဖုန်းကို unlock ဖြစ်ဖို့အတွက် Paypal အကောင့်တစ်ခုဆီကို ဒေါ်လာ (၅၀) ပို့ပါဟု စတဲ့ တိုက် တွန်းတဲ့ မတ်ဆေ့တွေဟာ သြစတြီးရီးယားမှာ ရှိတဲ့ i Phone, iPad, Mac သမားတွေဆီမှာ အမြောက် အမြား ရရှိခဲ့တာ ဖြစ်ပါတယ်။ " Find My Phone " ဆိုတဲ့ alarm ဟာလည်း တစ်ချိန်တည်းမှာပဲ တစ်အိအိ မည်နေတယ်လို့ သိရပါတယ်။ 
ရိုးရာလေး


မြန်မာနိုင်ငံဟာ ရကို ရရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ သွားပြိုင်ခဲ့တာပါ

အလှမယ် မေမြတ်နိုး (ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ)

မကြာသေးမီက ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Asia Pacific World 2014 မှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေမြတ်နိုးတယောက် အလှမယ် သရဖူဆုကို ဆွတ်ခူးရရှိသွားနိုင်ခဲ့တယ်ဆိုတာ အားလုံးလည်းအသိပါပဲ။ မြန်မာ့သမိုင်း တလျှောက်မှာ နိုင်ငံတကာနဲ့ယှဉ်လို့ ပထမဆုံးအနေနဲ့ အာရှနဲ့ ပစိဖိတ် အလှမယ်သရဖူကို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ အတွက်ရော၊ ပြည်သူတွေအတွက်ပါ ဘယ်လိုမှ မယုံကြည်နိုင် လောက်အောင် ၀မ်းသာပီတိ ဖြစ်ခဲ့ရတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ အသက် ၁၈ နှစ်သာရှိသေးတဲ့ အလှမယ် မေမြတ်နိုးဟာ ရန်ကုန်မြို့မှာရှိတဲ့ Style Plus H ဆိုတဲ့ School of Personality Enhancement ဆိုတဲ့ ကျောင်းမှာ Personality Development course တက်ရင်းနဲ့ Miss Asia Pacific World 2014 အတွက် မြန်မာပြည်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သူပါ။ အလှမယ် ဘ၀ကို ပထမဆုံး စတင် ၀င်ရောက်ခဲ့စဉ်မှာပဲ Miss Asia Pacific World 2014 ရဲ့ အလှမယ် ဖြစ်ခဲ့ ရသူလည်းဖြစ်ပါတယ်။ အလှအပဆိုတာထက် ပင်ကိုယ် အရည်အသွေးကိုသာ ဦးစားပေးရွေးချယ်မယ့် Miss Asia Pacific World ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ မသွားရောက်ခင်မှာလည်း ဖိလစ်ပိုင်နိုင်ငံမှာ နိုင်ငံတကာအလှမယ်တယောက်နဲ့ ပတ်သက်တဲ့ လိုအပ်ချက်များကို သွားရောက် လေ့ကျင့်ခဲ့ ပါသေးတယ်။ မေမြတ်နိုးဟာ မြန်မာနိုင်ငံအနေနဲ့ နှစ် ၅၀ ကျော်အတွင်း ပထမဆုံး နိုင်ငံတ ကာ သရဖူဆု ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် Miss Asia Pacific World 2014 အလှမယ် သရဖူဆုရှင် မေမြတ်နိုးကို ဧရာဝတီက ဆက်သွယ် မေးမြန်းပြောဆို ဖြစ်ခဲ့တာလေးတွေကို တင်ပြလိုက် ပါတယ်။

မေး။ ။ မြန်မာ့သမိုင်းမှာ နိုင်ငံကိုယ်စားပြုအနေနဲ့ ပထမဆုံး နိုင်ငံတကာအလှမယ်သရဖူဆုကို ဆွတ် ခူးနိုင်ခဲ့တဲ့အပေါ် ဘယ်လိုသုံးသပ်ချင်လဲ။

ဖြေ။ ။ ကျမအရမ်းကို ဂုဏ်ယူဝမ်းသာမိပါတယ်။ နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်အောင် တခုခု လုပ်ပေးနိုင် ခဲ့တဲ့အတွက် အရမ်းလည်း ဂုဏ်ယူမိပါတယ်။ နောက်ထပ် မြန်မာအလှမယ်တွေလည်း ကိုယ့်နိုင်ငံအတွက် သံဓိဌာန်မှန်မှန်နဲ့ ပြိုင်ပွဲတွေ ၀င်ပြိုင်မယ်ဆိုရင်လည်း နိုင်ငံအတွက် အကောင်းဆုံးလုပ်ပေး နိုင်ဦးမယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ ဒီသရဖူက မြန်မာဆိုတာကို နိုင်ငံတကာသိအောင် ဘယ်လောက်အထိ ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်လဲ။

ဖြေ။ ။ ဟုတ်ကဲ့ ဒီပြိုင်ပွဲဟာ Super Talent ဆိုတဲ့ Title နဲ့ပါ။ ဒီတော့ သူတို့က ဘာလုပ်ပေးမလဲဆိုတော့ ဒီလို ဆုရသွားတဲ့ အမျိုးသမီးတွေအနေကို နိုင်ငံတကာမှာ Super Star တယောက် ဖြစ်အောင် လုပ်ပေး မှာပါရှင်။ အဲဒီအတွက် ကျမကို နိုင်ငံတကာက အသိအမှတ်ပြုသွားမှာပါ။ ဒီတော့ နိုင်ငံတကာနဲ့ မြန် မာနိုင်ငံရဲ့ Tourism နဲ့ Business ပိုင်းတွေအတွက်ကို အရမ်းကို အကျိုးပြုမယ်လို့ ထင်ပါတယ်။

မေး။ ။ ပြိုင်ပွဲမတိုင်ခင် ဖိလစ်ပိုင်မှာလည်း Training တွေ ယူခဲ့သေးတယ်ဆိုတော့ မေမြတ်နိုးအနေနဲ့ ဘာတွေ သင်ယူခဲ့ရလဲ။ ဟိုဘက်ကလည်း အလှမယ်တယောက်အတွက် ရှိသင့်ရှိထိုက်တဲ့ ဘယ်လို အရာတွေကို အဓိကထား သင်ကြား ပြသပေးခဲ့လဲ။

ဖြေ။ ။ Cat Walk အဓိက ထားပြီး သင်ခဲ့ပါတယ်။ Evening Gown နဲ့ Cat Walk ၊ Victoria Secret Swim Suit နဲ့ Cat Walk နောက် National Costume နဲ့ Cat Walk … ပြီးရင် အင်တာဗျူးမှာ ဖြေရမယ့် အမေး အဖြေတွေပါ။

မေး။ ။ လတ်တလော နိုင်ငံတကာ စင်မြင့်တွေမှာ နေရာယူလာနိုင်နေတာက များသောအားဖြင့် ဖိလစ်ပိုင် မယ်တွေဆိုတော့ ဒီလို အနေအထားကို သူတို့တွေ ယူလာနိုင်တာ ဘာတွေကြောင့်လို့ထင်မိလဲ။ မေမြတ်နိုး အနေနဲ့က သူတို့ရဲ့ Training ကို ယူခဲ့ရတယ်ဆိုတော့ သူတို့တွေဆီက ဘာတွေကို လေ့လာမိ ခဲ့လဲ။

ဖြေ။ ။ ဖိလစ်ပိုင်မယ်တွေက သူတို့မှာ Confidence အပြည့်ရှိပါတယ်။ အဲဒါကြောင့်လည်း သူတို့ Cat walk လျှောက်တဲ့နေရာမှာ တကယ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိရှိနဲ့ လျှောက်တယ်။ စကားပြော တာကအစ ယုံကြည်မှု အပြည့်နဲ့ ပြောတယ်။ နောက်ဆုံး နေထိုင် စားသောက်တာကအစ ယုံကြည်မှု အပြည့် ရှိနေလို့ ပြိုင်ပွဲတွေမှာ ထင်ပေါ်ပြီးတော့ ဆုတွေကို ဆွတ်ခူးနိုင်ခဲ့တာပါ။ အဲဒါတွေက ကျမ ဖိလစ်ပိုင်သွားပြီး သင်ယူခဲ့စဉ်တုန်းက ရလိုက်တဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာပါပဲ။

မေး။ ။ ဒီလို သူတို့ရဲ့ အားသာချက်၊ အားနည်ချက်တွေကို နောက်ထပ် နိုင်ငံတကာစင်မြင့်တွေဆီ တက် လှမ်းမယ့် မြန်မာအလှမယ်တွေနဲ့ သူတို့ရဲ့အဖွဲ့အစည်းတွေအနေနဲ့ လေ့လာသင့်၊ အတုယူသင့်တယ်လို့ မြင်မိလား။

ဖြေ။ ။ Organization တွေက သူတို့ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့၊ လိုက်ဖက်တဲ့ လေ့ကျင့်သင်ကြား မှုတွေတော့ ပေးမှာပါ။ ဒီတော့ ဒီအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့မယ်တွေအတွက် အကောင်းဆုံး လုပ်ကိုင်ပေးနိုင်မယ်လို့ ကျမ ယုံကြည်ပါတယ်။ အဲဒီအတွက်လည်း ရာနှုန်းပြည့် ကိုယ်က ပြင်ဆင်သွား မယ်။ လိုအပ်ချက်မရှိဘူးဆိုရင် ပြိုင်ပွဲမှာ အကောင်းဆုံး ပြိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ ယုံကြည်မှုဆိုလို့ မေမြတ်နိုးရဲ့ ပြိုင်ပွဲဝင်တလျှောက်လုံးက ပုံရိပ်တွေကို ကြည့်လိုက်ရင် ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု အပြည်နဲ့ လုပ်သင့်လုပ်ထိုက်တာကို သေချာလုပ်ဆောင် သွားလာနိုင်ခဲ့တာကို များသော အားဖြင့် တွေ့ခဲ့ရတယ်။ ဆိုတော့ … မြန်မာဆိုတာ နိုင်ငံတကာမှာ မျက်နှာငယ်စွာနဲ့ နေခဲ့ရတဲ့ အနေအ ထားတွေရှိခဲ့တော့ ဘယ်လို ယုံကြည်မှုတွေနဲ့ ၀င်ပြိုင်ခဲ့ တာလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ ဒါကတော့ ကျမ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားပြိုင်ခဲ့ရတော့ မြန်မာဆိုတာကို ထင်ပေါ်အောင် မြန်မာ့ဂုဏ်လှအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားခဲ့တာပါ။ မြန်မာနိုင်ငံဟာ ရကို ရရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ သွားပြိုင် ခဲ့တာပါ။ မြန်မာနိုင်ငံကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြိုင်ခဲ့တာပါ။

မေး။ ။ ဒီ အလှမယ် သရဖူဆုဟာ မြန်မာအမျိုးသမီးတွေလည်း နိုင်ငံတကာအလယ်မှာ ခွန်အားရှိပါတယ်၊ ထက်မြက်ပါတယ် ဆိုတာကို ပထမဆုံးအနေနဲ့ ပြသလာနိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးတွေရဲ့ခွန်အားလို့ မေမြတ်နိုး ယူဆပါသလား။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ မြန်မာအမျိုးသမီးတွေဟာ နိုင်ငံတကာ အဆင့်အတန်းလည်း ၀င်တယ်၊ ကိုယ့်ကိုယ် ကိုယ်လည်း ယုံကြည်မှုရှိတယ်၊ စိတ်ထားလည်း လှတယ်၊ အပြင်ပန်းလည်း လှတယ်။ ဒါကို ကျမအနေနဲ့ အရင်ဆုံး လမ်းဖွင့်ပြီး ပြသလာနိုင်ခဲ့တယ်လို့ ယူဆပါတယ်။ ဒီထက်အများကြီး စိတ်ထားရော အပြင် ပန်းရောလှတဲ့ မြန်မာ အမျိုးသမီးလေးတွေပါ ရှိနေသေးတယ်ဆိုတာကို ကျမအနေနဲ့ အရင်ဦးဆုံး ဖော်ပြ လာနိုင်ခဲ့တယ်လို့ ယူဆပါတယ်။

မေး။ ။ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက်ကိုရော မြန်မာအမျိုးသမီးတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က သူတို့ ခွန်အားနဲ့ စွမ်းဆောင်နိုင်မယ်လို့ရော ယုံကြည်မိလား။

ဖြေ။ ။ ဟုတ်ကဲ့၊ ယုံကြည်ပါတယ်။

မေး။ ။ နိုင်ငံဂုဏ်ဆောင် မြန်မာအမျိုးသမီးတယောက် အနေနဲ့ မြန်မာအမျိုးသမီးတွေ အတွက်၊ တိုင်းပြည် နဲ့လူမျိုးအတွက် ဘာတွေ လုပ်သွားဖို့ရှိမလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ ကျမက အခုကျောင်းမပြီးသေးဘူးဆိုတော့ ကျမ တတ်နိုင်သလောက်ကို ချင့်ချိန်ပြီးတော့ မြန်မာပြည် အတွက်၊ မြန်မာအမျိုးသမီးတွေအတွက် လုပ်ပေးချင်တာတွေ ရှိပါတယ်။

မေး။ ။ ဒီလိုလုပ်ဆောင်နိုင်ဖို့ဆိုတာကလည်း အခွင့်အလမ်းတွေ အခွင့်အရေးတွေရှိမှ လုပ်ခွင့်ရှိမှာ ဆိုတော့ မြန်မာအမျိုးတွေအတွက် လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေ ပေးသင့်တယ်၊ ရှိသင့်တယ်လို့ ယူဆမိပါလား။

ဖြေ။ ။ ဟုတ်ကဲ့၊ မြန်မာအမျိုးသမီးတွေအတွက် အခွင့်အလမ်း အခွင့်အရေးတွေ ပေးသင့်တယ်လို့ ထင်ပါတယ်။

မေး။ ။ ပထမဆုံး မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အနေနဲ့ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးယှဉ်ပြိုင် မယ် ဆိုတာနဲ့ စခဲ့တယ်။ အဲဒီကနေမှ ပြိုင်ပွဲဝင် နိုင်ငံပေါင်းလေးဆယ်ကျော်က အလှမယ်တွေကို ဖြတ်ကျော်ပြီး အလှမယ် သရဖူဆုကို ရခဲ့တယ်။ ဒီတော့ ကိုယ့်နိုင်ငံကိုယ်စားပြု ဆိုတာကနေ နိုင်ငံတကာ ကိုယ်စားပြု အလှမယ်တယောက် အနေနဲ့ ဖြစ်လာတဲ့အခါ ဘယ်လောက်အထိ တာဝန်ကြီးသွားပြီလို့ ခံယူမိလဲ။

ဖြေ။ ။ ကျမတို့ မြန်မာတင်မကဘူး၊ ကမ္ဘာမှာရှိတဲ့ အမျိုးသမီးတွေဟာ အရည်အသွေးရှိပါတယ်ဆိုတာကို ကျမကနေ ခေါင်းဆောင်အနေနဲ့ ပြရမှာပေါ့။ တာဝန်တော့ ကြီးပါတယ်ရှင့်။ 

သမုဒ္ဒရာထဲတွင် ငါးမန်းများနှင့်အတူ ကခုန်ခဲ့သည့် အမျိုးသမီး


ခန္ဓာကိုယ်ပေါ်တွင် အစင်းကျားများ ဆေးခြယ်ထားသည့် ဟန်နာဖရေဆာ အနေဖြင့် ရေကူးဝတ်စုံမှလွဲ၍ အခြား မည်သည့် အကာအကွယ် ကိရိယာ တန်ဆာပလာကိုမျှ ဝတ်ဆင်မထားချေ။ ရေအောက်တွင် သူမ ကခုန်နေချိန်၌ အရှည် (၁၆)ပေမျှ ရှိနေသည့် ငါးမန်းကြီးများ အနီးအနား၌ လှည့်ပတ်ကူးခတ်လျှက် ရှိသည်။

အသက်(၃၈)နှစ်ရှိ မော်ဒယ်လ်သည် အတ္တလန္တိတ် သမုဒ္ဒရာအတွင်း ရေအနက် ပေ(၅၀)မျှထိ ငုပ်လျှိုးကာ သဘာဝအတိုင်း ကျက်စားသွားလာနေသည့် ဧရာမ ကျားငါးမန်းကြီးများကြားတွင် မြူးကြွ ကခုန်နေဟန် ဓာတ်ပုံအရိုက်ခံခဲ့ခြင်း ဖြစ်သည်။

ကျားငါးမန်းများသည် ငါးမန်းဖြူများပြီးလျှင် ကမ္ဘာပေါ်တွင် လူသားများကို အန္တရာယ် အပေးနိုင်ဆုံး ငါးမန်းမျိုးစိတ် တစ်ခုအဖြစ်လည်း သတ်မှတ်ခံထားရသည်။

ယခုဓာတ်ပုံရိုက်ကွင်းသည် ငါးမန်းများ၏ မျိုးသုဉ်းလုနီးပါး ခြိမ်းခြောက်ခံနေရသည့် အခြေအနေများကို အဓိက ရည်ရွယ်တင်ပြမည့် Tears of a Mermaid အမည်ရှိ မှတ်တမ်းဗီဒီယို ရိုက်ကူးမှု အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် လူသားများ၏ ငါးဖမ်းခြင်းနှင့် ဆူးတောင်ဖြတ်တောက်ယူခြင်းတို့ကြောင့် ကျားငါးမန်း အရေအတွက် လျင်မြန်စွာ ယုတ်လျော့ ကျဆင်းလာခြင်းကို မီးမောင်းထိုးပြရန်နှင့် ကျားငါးမန်းများ၏ စစ်မှန်သော ပင်ကိုဗီဇ ဓလေ့စရိုက်များကို ထင်ဟပ်ပြသရန်အတွက် Tears of a Mermaidကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ဘဟားမားစ်တွင် (၅)ရက်ကြာ ရိုက်ကူးရသည့် အဆိုပါ အစီအစဉ် မစတင်မီ ဟန်နာအနေဖြင့် ဗြိတိန်ရှိ သူမ၏ မိသားစုကိုပင် ကြိုတင်နှုတ်ဆက်စကား ပြောကြားထားခဲ့သည်။ ကျားငါးမန်းကြီးများကြား အကာအကွယ် တစ်စုံတစ်ရာ မပါဘဲ ကိုယ်ဟန်ပြ ကခုန်ရမည့် အစီအစဉ်သည် အလွန်အန္တရာယ်များကြောင်း နားလည်ထားသည့်တိုင် ဟန်နာက စွန့်စားကြည့်ရန် ရွေးချယ်ခဲ့သည်။

ဓာတ်ပုံများကို Emmyဆုရှင် ဓာတ်ပုံဆရာ ရှောင်ဟင်းရစ်ခ်ျက ရိုက်ကူးခဲ့ပြီး ရိုက်ကွင်းအဖွဲ့သား အများစုကမူ လှေပေါ်တွင်သာ ကျန်နေရစ်ခဲ့သည်။ (၅)ရက်ကြာ စိတ်ကြိုက်ရိုက်ကူးပြီးမှ မှတ်တမ်းဗီဒီယိုအတွက် စိတ်ကြိုက်တည်းဖြတ်နိုင်မည့် အခြေအနေမျိုး ရရှိလာခြင်းဟု သိရသည်။


“ဒီအစီအစဉ်ရဲ့ ဓာတ်ပုံရိုက်ချက်တိုင်း၊ ဗီဒီယို ပြကွက်တိုင်းဟာ တကယ့်ကို ဆန်းကျယ်လွန်းတဲ့ ပုံရိပ်တွေပါပဲ။ ပင်လယ်သမုဒ္ဒရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လှုံ့ဆော်မှု တစ်ခုအတွက် ရှောင်နဲ့အတူ စွန့်စားကြည့်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်လေ”ဟု ဟန်နာက ရှင်းပြခဲ့သည်။ သူမသည် (၂)မိနစ်ဆက်တိုက် အသက်အောင့်ထားနိုင်ပြီး ထိုအတောအတွင်း ရေအောက်သို့ ငုပ်လျှိုးကာ ဓာတ်ပုံအရိုက်ခံခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူးရေး အစီအစဉ်တွင် ကျားငါးမန်းကြီး တစ်ကောင်၏ ဦးခေါင်းကို လက်ဖြင့် ထိခိုက်ပြခဲ့သလို ငါးမန်းများ၏ အမြီးနှင့် ဆူးတောင်များကို ထိတွေ့ ဆော့ကစားပြခဲ့သည့်တိုင် စိတ်ထဲတွင် ကြောက်ရွံ့နေမိကြောင်းလည်း သူမက ဝန်ခံသည်။

“စိတ်ထဲမှာ အရမ်းပဲ တုန်လှုပ်နေမိတယ်။ အထူးသဖြင့် ပထမဆုံးအကြိမ် ရေငုပ်လိုက်ပြီး ကျားငါးမန်းတွေကို မြင်လိုက်ရတုန်းကပေါ့။ အရေးအကြီးဆုံးက သူတို့ရဲ့ စိတ်အခြေအနေ ဘယ်လိုဘယ်ပုံဆိုတာ နားလည်ထားဖို့ပါ။ ကျားငါးမန်းတွေဟာ တစ်ခါတစ်လေ သူတို့ရဲ့ သွားတွေနဲ့ ပါးစပ်ကို တစ်ခုခု စူးစမ်းကြည့်ဖို့ အသုံးချတတ်တယ်။ အဲဒီလို ကြုံလာရင် ဘယ်လို ရှောင်တိမ်းတတ်ရမယ် ဆိုတာကို နားလည်ရပါမယ်။ ကျွန်မတို့က ရေအောက်မှာ တောက်တောက်ပပ အရောင်မျိုး မဝတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အရောင်တောက်တောက် အဝတ်အစားတွေကို ငါးမန်းတွေ မျက်စိကျသွားနိုင်တယ်”ဟု ဟန်နာက ရှင်းပြခဲ့သည်။

သူမက “ငါးမန်းတွေကို အန္တရာယ်ကင်းတဲ့ အခြေအနေကနေ ဘယ်လိုဘယ်ပုံ ထိကိုင်လို့ ရမလဲ ဆိုတာကို ကျွန်မ ကြိုတင် သင်ယူထားတယ်။ မှန်ကန်တဲ့ နည်းလမ်းက ချဉ်းကပ်ကြည့်ရင် သူတို့ကို သက်တောင့်သက်သာ ထိတွေ့လို့ ရပါတယ်။ ဒီခံစားချက်ကတော့ တကယ့်ကို အံ့ဩစရာပါပဲ။ နှာခေါင်းနားကို လက်နဲ့ပွတ်သပ်ပေးရင် သူတို့အရမ်း ကြိုက်တယ်ဆိုတာ ကျွန်မ သိလာရတယ်”ဟုလည်း ပြောကြားခဲ့သည်။

ဓာတ်ပုံဆရာ ရှောင်ကမူ “ဒီဓာတ်ပုံ ရိုက်ချက်တွေက အရမ်းထူးခြားပါတယ်။ ဟန်နာက ရေငုပ်ကိရိယာ တစ်ခုတစ်လေမှ သုံးမထားဘူး။ ရေကူးဝတ်စုံနဲ့ ခန္ဓာကိုယ်မှာ ဆေးခြယ်မှုပဲ လုပ်ထားတယ်။ အနုပညာ အမြင်အရ အပြည့်စုံဆုံး ဖန်တီးမှု ဖြစ်လာဖို့ပါ။ သူ့အတွက် ရေငုပ်မျက်နှာဖုံး၊ အကာအကွယ် ပစ္စည်းတွေ တစ်ခုမှ မပါဘူး။ ဒါပေမဲ့ ဟန်နာဟာ သူကြိုတင် လေ့ကျင့်ထားတဲ့ စွမ်းဆောင်ရည်တွေ၊ အတွေ့အကြုံတွေကို ကောင်းကောင်း အသုံးချနိုင်ခဲ့ပါတယ်။ ရိုက်ချက်တိုင်း အပြစ်အနာအဆာ မရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်”ဟု ချီးကျူးစကား ပြောဆိုခဲ့သည်။

ဟန်နာက “လူတွေက ကျွန်မကို ဒီကိစ္စမျိုး ဘာကြောင့် ရွေးချယ်ရတာလဲ၊ အသက်အန္တရာယ် ရှိလောက်အောင် စွန့်စားရတာလဲလို့ မေးခဲ့တယ်။ အထူးသဖြင့် သားစား ငါးမန်းတွေကြားမှာ ကိုယ်ဟန်ပြဖို့ ဆုံးဖြတ်ခဲ့တာကို သူတို့ နားမလည်ကြဘူး။ ကျွန်မအနေနဲ့ကတော့ ဘယ်လို တိရစ္ဆာန်မဆို ကျွန်မတို့ရဲ့ ဂေဟစနစ်ကြီး မျှတတည်မြဲနေဖို့အတွက် အရေးပါကြတာချည်းပဲလို့ ခံယူပါတယ်။ ငါးမန်းတွေဟာလည်း သမုဒ္ဒရာရဲ့ ဂေဟစနစ်အတွက် အရေးပါတဲ့ သက်ရှိတွေပါ။ လူတွေအနေနဲ့ ပင်လယ်သတ္တဝါတွေရဲ့ သဘောသဘာဝကို ပိုပြီး ထဲထဲဝင်ဝင် သိလာစေချင်တယ်။ အထူးသဖြင့် ငါးမန်းတွေကို လူတွေ တွေးတောပုံဖော်တဲ့ အမြင်နဲ့ ပတ်သက်ပြီး ကျွန်မက ပိုပြီးတော့ မှန်မှန်ကန်ကန် ရှိစေချင်တယ်လေ။ ငါးမန်းတွေဟာ ဉာဏ်ရည်မြင့်မားတဲ့ သက်ရှိတွေပါ။ အကာအကွယ်ပေးဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာတော့ တစ်နှစ်ကို ငါးမန်းကောင်ရေ သန်း(၁၀၀)လောက် သတ်ဖြတ်ခံနေရတယ်။ ငါးမန်းကိုက်လို့ သေတဲ့လူက တစ်နှစ်ကို (၁၅)ယောက်လောက်ပဲ ရှိတယ်။ ဒီတော့ တကယ်တမ်း ရက်စက်တဲ့ ဖျက်ဆီးရေးသမားတွေက ဘယ်သူတွေလဲ။ ငါးမန်းလား၊ လူတွေလား”ဟု မေးခွန်းထုတ်ခဲ့သည်။

ကျားငါးမန်းများသည် အရှည်(၁၆)ပေမျှထိ ကြီးထွားတတ်ပြီး သမပိုင်းနှင့် အပူပိုင်းဇုန် သမုဒ္ဒရာများတွင် နေထိုင်ကျက်စားလေ့ ရှိသည်။ ယင်းတို့သည် သမုဒ္ဒရာများ၏ အထင်ကရ ညမုဆိုးများအဖြစ် သတ်မှတ်ခံရပြီး ညပိုင်းအချိန်များတွင် အဓိက အမဲလိုက်လေ့ရှိကာ ငါးများ၊ ဖျံများ၊ ပင်လယ်ငှက်များနှင့် လိပ်များကို ဖမ်းယူစားသောက်လေ့ရှိသည်။

Ref; Dailymail
7 Day Daily


မင်းဘ၀အတွက်ဖူးစာရှင်ရှာကြည့်ရအောင်


ပထမအဆင်.
''က''ကနေ ''အ'' အထိသည် ၁မှ၃၃အထိဖြစ် သည်။
မင်းနာမည်ကိုပေါင်းပါ။
(က-၁) (ခ-၂) (ဂ-၃) (ဃ-၄) (င-၅)
(စ-၆) (ဆ-၇) (ဇ-ဂ) (စ်-၉) (ည-၁၀)
(ဋ-၁၁) (ဌ-၁၂ ) (ဍ-၁၃) (ဎ-၁၄) (ဏ-၁၅)
(တ-၁၆) (ထ-၁၇) (ဒ-၁၈) (ဓ-၁၉) (န-၂၀)
(ပ-၂၁) (ဖ-၂၂) (ဗ-၂၃) (ဘ-၂၄) (မ-၂၅)
(ယ-၂၆) (ရ-၂ရ) (လ-၂၈) (၀-၂၉) (သ-၃၀)
(ဟ-၃၁)
(ဠ-၃၂) (အ-၃၃)
eg. လွလွ=28+28(လ=၂၈)=56

ဒုတိယအဆင်.
ပေါင်းလဒ်ကို၉ဂဏန်းနှင်.စားပါ။
eg. 56/9=2
ရလာသောအကြွင်းကို အောက်တွင်ကြည့်ပါ

အကြွင်း-
သုည=မင်းအရမ်းလေးစားသူ။
တစ်=မင်းနဲ.အသက်ကွာသူ။
နှစ်=မင်းအရမ်းချစ်ရသူ။
သုံး=မင်းအတွက်အေ၇းပါသူ။
လေး=မင်းကိုအမြဲတမ်းအလျှော.ပေးနေတတ်သူ။
ငါး=မင်းရဲ.အဝေးတစ်နေရာကသူ။
ခြောက်=မင်းရဲ.ပထမဆုံးသူငယ်ချင်းဖြစ်ခဲ.သူ။
ခုနှစ်=မင်းမထင်ထားတဲ.သူ။
ရှစ်=မင်းရဲ.အိပ်မက်တိုင်းမှာရှိနေသူ။

ကဲ.. တွက်ကြည့်ပြီး..ချစ်တဲ့သူနဲ့ပေါင်းဖတ်နိုင်ကြပါစေ။

(မြန်မာ့ရိုးရာဗေဒင်ပညာရပ်)


နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က Facebook တွင် ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအပုပ်ချထားသည့် ဓာတ်ပုံအတုကို Share ခဲ့သော ဇနီးသည်နှင့်ပတ်သက်ပြီး တောင်းပန်ခဲ့မှုကို ဘီဘီစီသတင်းဌာန ပြန်လည်ဖော်ပြ

ဇွန် ၉ ရက်က ဘီဘီစီသတင်းဌာန၏ ၀က်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားမှုအား တွေ့ရစဉ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က Facebook တွင် ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအပုပ်ချထားသည့် ဓာတ်ပုံအတုကို Share လုပ်ခဲ့သော ဇနီးသည်နှင့်ပတ်သက်ပြီး တောင်းပန်ခဲ့ရခြင်းကို ဘီဘီစီသတင်းဌာန၏ အင်္ဂလိပ်ဝက်ဘ်ဆိုက်စာမျက်နှာ၌ ဇွန် ၉ ရက်တွင် သတင်းပြန်လည်ဖော်ပြခဲ့သည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်သောသတင်းကို ဇွန် ၆ ရက်က ဧရာဝတီသတင်းဌာန၏ အင်္ဂလိပ်ဝက်ဘ်ဆိုက်စာမျက်နှာ၌ သတင်းဖော်ပြခဲ့ပြီးနောက် သုံးရက်အကြာတွင် ဘီဘီစီက ထပ်မံဖော်ပြခဲ့ခြင်းဖြစ်သည်။

သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ဇနီးသည် ဒေါ်ခင်စန္ဒာထွန်းသည် ဇွန်၅ရက်တွင် ၎င်း၏ Facebook စာမျက်နှာ၌ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအပုပ်ချထားသည့် ဓာတ်ပုံတုတစ်ပုံကို Share ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းအပေါ် Facebook သုံးစွဲသူများက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးနောက် ဇွန် ၆ ရက်တွင် ဦးရဲထွဋ်က ၎င်း၏ Facebook မှတစ်ဆင့် ဇနီးသည်၏အပြုအမူအပေါ် တောင်းပန်ခဲ့သည်။

“ကျွန်တော့်ဇနီးသည်ရဲ့ Facebook စာမျက်နှာမှာ မနေ့ကမျှဝေထားတဲ့ ပို့စ်တစ်ခုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ရာရောက်တဲ့ ဓာတ်ပုံပါဝင်နေတာတွေ့ရပါတယ်” ဟု ဦးရဲထွဋ်က ဇွန် ၆ ရက်တွင် ၎င်း၏ Facebook ၌ရေးသားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်မြတ်နိုးထောက်ခံသူများကိုလည်းကောင်း တောင်းပန်ကြောင်း ဦးရဲထွဋ်က ထည့်သွင်းရေးသားခဲ့သည်။

ဦးရဲထွဋ်က ဇနီးသည်၏ အပြုအမူအပေါ်တောင်းပန်ခဲ့သော်လည်း ထိုတောင်းပန်ချက်ရေးသားထားသော ပို့စ်အောက်တွင် comment ၀င်ရောက်ရေးသားခဲ့သူများက သံသယဖြင့် တုံ့ပြန်ရေးသားခဲ့သည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်သည် မကြာသေးမီအချိန်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဟောပြောမှုများ ပြုလုပ်နေသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုများအား ကလေးဆန်သည်ဟု တရားဝင်မှတ်ချက်ပြု ပြောဆိုခဲ့သူဖြစ်သည်။

ဦးရဲထွဋ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သော အမြင်များကို ပြောဆိုရာ၌ မေးခွန်းထုတ်စရာများရှိနေခဲ့ပြီး အခြားတစ်ဖက်တွင်လည်း Facebook ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအပုပ်ချတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည့် ၀ါဒဖြန့်ချိရေးသမားများသည် ဦးရဲထွဋ်၏ ညွှန်ကြားမှုအောက်၌ လုပ်ဆောင်နေခြင်းဖြစ်သည်ဆိုသော သတင်းများလည်း ထွက်ပေါ်ခဲ့ဖူးသည်။

အထူးသဖြင့် လွှတ်တော်ကို ပုတ်ခတ်စော်ကားသည်ဟုဆိုကာ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက စုံစမ်းရေးကော်မရှင်ဖွဲ့ စစ်ဆေးခဲ့ရသည့် Voice of Myanmar ဘလော့နှင့် ဘလော့ဂ်ရေးသူ ဒေါက်တာဆိတ်ဖွားသည် ဦးရဲထွဋ်ဖြစ်ကြောင်း ပြောကြားမှုများရှိခဲ့သည်။ ဒေါက်တာဆိတ်ဖွားသည် ဒေါ်အောင်ဆန်းစုကြည်အား အပုပ်ချတိုက်ခိုက်ရေးသားသည့် စာများအား သုံးနှစ်ကြာ ဆက်တိုက်ရေးသားခဲ့သူဖြစ်ပါသည်။

ဒေါက်တာဆိတ်ဖွားအား စုံစမ်းစစ်ဆေးရာ၌ လွှတ်တော်စုံစမ်းရေးကော်မရှင်က ဦးရဲထွဋ်ကို ခေါ်ယူမေးမြန်းမှုပြုလုပ်ခဲ့ရာ ဒေါက်တာဆိတ်ဖွားမဟုတ်ကြောင်း ဦးရဲထွဋ်က ငြင်းဆိုခဲ့သည်။ သို့သော် လွှတ်တော်စုံစမ်းရေးကော်မရှင်က မေးမြန်းခဲ့ရာတွင် ပါဝင်ခဲ့သော Eleven Media Group ကမူ ဒေါက်တာဆိတ်ဖွားသည် ဦးရဲထွဋ်ဖြစ်သည်ဟု ယုံကြည်ကြောင်း တထစ်ချပြောကြားခဲ့သည်။ Eleven Media Group ကို ခေါ်ယူမေးမြန်းချိန်တွင်ရှိနေခဲ့သော စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (ယခင် ပြန်ကြားရေးဝန်ကြီးဌာန ပိတောက်မြေရေဒီယိုတွင် သုံးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ဖူးသူ) ဦးလှဆွေက Eleven Media Group ၏ ပြောကြားချက်များကိုထောက်ခံပြီး ဦးရဲထွဋ်သည် ဒေါက်တာဆိတ်ဖွားဖြစ်နိုင်ကြောင်း ၀င်ရောက်ဖြည့်စွက်ပြောကြားခြင်း ရှိခဲ့သည်။

ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါကို ဖော်ထုတ်ရန်အတွက် ဖွဲ့စည်းခဲ့သော လွှတ်တော်စုံစမ်းရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအရ ဒေါက်တာဆိတ်ဖွားမည်သူဆိုသည်ကို အတိအကျပြောဆိုခဲ့ခြင်း မရှိသော်လည်းနှင့် ဒေါက်တာဆိတ်ဖွားသည် ၀ါဒဖြန့်ချိရေးအုပ်စုတစ်စုတွင် ပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည့်အပြင် “ဒေါက်တာဆိတ်ဖွား၏ လုပ်ဆောင်မှုသည် အမှောင်ထဲက ခဲဖြင့်ပေါက်ခြင်းသာဖြစ်နေပြီး အမှန်တရားကို တာဝန်ယူရင်ဆိုင်ဖြေရှင်းရဲသူမဟုတ်ဟု ယူဆကြောင်း” ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်ကလည်း ပြောကြားခဲ့သည်။

သို့သော် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအရ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအင်အားစုများကိုဝေဖန်ပြီး အစိုးရမူဝါဒများကောင်းကြောင်း ၀ါဒဖြန့်ချိရေးလုပ်ခဲ့သည့် ပိတောက်မြေရေဒီယိုမှာ ပြန်ကြားရေးဝန်ကြီးဌာနမှ သီးသန့်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။ အစီရင်ခံစာအရ ပိတောက်မြေရေဒီယိုကို ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းက တိုက်ရိုက်ကိုင်တွယ်ခဲ့ပြီး အသံထုတ်လွှင့်ချက် ရေးသားသူများထဲတွင် ဦးမြတ်သူ၊ ဦးကိုကိုလှိုင်တို့နှင့်အတူ ဦးရဲထွဋ်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ဦးရဲထွဋ်သည် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းလက်ထက်တွင် အစိုးရ၏ ၀ါဒဖြန့်ချိရေးဌာနကို ကိုင်တွယ်ခဲ့သူဖြစ်ကြောင်းသိရပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဖြစ်လာသည့်အပြင် သမ္မတ၏ပြောရေးဆိုခွင့်ရှိသူတာဝန်ကိုပါ ရရှိခဲ့သူဖြစ်သည်။ ဘီဘီစီသတင်းဌာန၏ သတင်းဖော်ပြချက်တွင် ဦးရဲထွဋ်အား “Facebook Minister” ဟု သုံးနှုန်းခဲ့သည်။ – See more at:

Eleven Media


အဆိုးဆုံးအတွက် ပြင်ဆင်ပါ

ရွှေဘိုငလျင်ကြောင့် ပြိုကျသွားသော ရတနာသိင်္ဃတံတားကို ငလျင်လှုပ်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ)

နည်းပညာရပ်များ ထွန်း ကားလွန်းသော ၂၁ ရာစုတွင်လည်း ပညာရှင်များ ကြိုတင်မခန်းမှန်းနိုင်သေးသော သဘာဝ ဘေးအန္တရာယ်တစ်ခုရှိသေးသည်။ မြေငလျင်ဖြစ်သည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံပြည်တွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ပြင်း အားရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်အင်အားရှိ သပိတ်ကျင်းငလျင်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်လေးများ အကြိမ်အရေအတွက်ရာနှင့် ချီ၍လှုပ်ရှားခဲ့ပါသည်။ ငလျင်ကြီးတို့၏ ထုံးစံအတိုင်း ကမ္ဘာမြေအတွင်းပိုင်းမှ ကျိုးပြတ်သွားသော ကျောက်စိုင်ကျောက်သားများ ဆက်လက်တုန်ခါခြင်းဖြစ်ပြီး လပေါင်းများစွာကြာအောင် နောက်ဆက်တွဲ ငလျင်ငယ်လေးများ လှုပ်ရှားခဲ့သည်။

သပိတ်ကျင်း ငလျင်ပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် မည် သည့်နေရာ၌ ငလျင်လှုပ်ရှားသည် ဖြစ်စေ အဆိုပါငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ဖြစ်သော ကြောင့် အန္တရာယ်မရှိနိုင်ကြောင်း ဘူမိဗေဒနှင့် ငလျင်ပညာရှင်တို့ က ပြောသည်။ သို့သော် ယခု ရက်ပိုင်းအတွင်း အကြိမ်အရေအ တွက်စိပ်လာသည့် ငလျင်လှုပ်ရှား လာခြင်းများနှင့် ပတ်သက်၍ အလွန်အမင်းစိုးရိမ်ရန် မပြောလို သော်လည်း သတိပြုရန် လိုအပ် နေကြောင်း ကျွမ်းကျင်ပညာရှင် တို့က သုံးသပ်ပါသည်။

‘‘မြေအောက်မှာ ဖြစ်နေတာ ကို ပညာရှင်တွေအနေနဲ့ ခန့်မှန်း ရတော်တော်ခက်ပါတယ်။ ဒီရက် ပိုင်းလှုပ်နေတဲ့ ငလျင်လေးတွေက ရှေ့ပြေးငလျင်လား၊ နောက်ဆက် တွဲ ငလျင်လားဆိုတာ ပြောရခက် ပါတယ်။ ခပ်စိပ်စိပ်လှုပ်လာရင် တော့ ငလျင်အန္တရာယ်ကို သတိ ထားဖို့ လိုနေပြီ’’ ဟု တောင်ငူ တက္ကသိုလ်၊ ဘူမိဗေဒဌာနမှ လက်ထောက်ကထိက ဒေါက်တာ စိုးမင်းကပြောသည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ သည် မြေငလျင်အန္တရာယ်အကြီး မားဆုံးနိုင်ငံများစာရင်းတွင် ပါဝင်  နေပြီး ပမာဏကြီးမားသည့် အဓိ က မြေငလျင်ကြောကြီး ငါးခုရှိ သည်။ ထို့အပြင် မကြာခဏလှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများ စွလည်း ရှိနေကြောင်း မြန်မာနိုင်ငံ မြေ ငလျင်ကော်မတီမှ သတင်းရရှိ သည်။ ၂၀၁၁ ခုနှစ် နောက်ဆုံး အကြိမ်လှုပ်ရှားခဲ့သည့် စစ်ကိုင်း ပြတ်ရွေ့ကြော၊ မြန်မာနိုင်ငံအ နောက်ပိုင်းရှိ ကဘော်မြေငလျင် ကြော၊ ရှမ်းပြည်နယ် မြောက်ပိုင်း နောင် ချိုနှင့် ပြင်ဦးလွင်မြို့အနီးမှ ဖြတ်သွားသော ကျောက်ကြမ်းမြေငလျင်ကြော၊ သံလွင်မြစ်တစ် လျှောက်ဖြတ်သွားသည့် သံလွင် မြေငလျင်ကြောနှင့် ရခိုင်ပြည်နယ် ရှိ ရခိုင်မြေငလျင်ကြောတို့ဖြစ် သည်။

ယင်းတို့အနက် ကျောက် ကြမ်းပြတ်ရွေ့ကြောသည် မြန်မာ့သမိုင်းတွင် အင်အားအပြင်းထန် ဆုံးအဖြစ် ပြင်းအား ရစ်ခ်ျတာ စကေး ၈ ဖြင့် ၁၉၁၂ ခုနှစ်က လှုပ်ခဲ့သည်။ ယင်းပြတ်ရွေ့ကြောသည် နှစ်ပေါင်းတစ်ရာကျော် ငြိမ်သက်နေသောကြောင့် အချိန်မရွေး ပြန်လည်လှုပ်ရှားနိုင်ပြီးသတိပြုစရာပြတ်ရွေ့ကြီး တစ်ခုဖြစ်ကြောင်း ဒေါက်တာစိုးမင်း ကပြောသည်။

မြန်မာနိုင်ငံကို တောင်နှင့် မြောက်သွယ်တန်းနေပြီး ၂၀၁၁ ခုနှစ်က အင်အားပြင်းအဆင့်ဖြင့် လှုပ်ခဲ့သော စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံမြောက်ပိုင်းမှ ကပ္ပလီပင်လယ်ပြင်အထိ ရှိနေသည်။ ရန်ကုန်၊ စစ်ကိုင်း၊ မန္တ လေး၊ ပဲခူးစသော မြို့ကြီးများအနီး မှ စစ်ကိုင်းပြတ်ရွေ့ကြောဖြတ် သန်းသွားသည်။ ၁၉၃၀ပြည့်နှစ် မေလ ၅ ရက်တွင် ပဲခူးမြို့အ နောက်တောင်ဘက် မိုင် ၂၀ ကျော်အကွာတွင် အင်အားရစ်ခ်ျတာ စကေး ၇ ဒသမ ၃ ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ ပဲခူးတွင် လူ ၅၀၀၊ ရန်ကုန်တွင် လူ ၅၀ ခန့်သေဆုံးခဲ့ သည်။ အဆိုပါငလျင်ကြီး လှုပ် သည်မှာ နှစ် ၈၀ ကျော်နေ၍ ပြန် လာမည်ကို ပညာရှင်များစိုးရိမ်နေ ကြသည်။

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့အနီးကို ဗဟိုပြု၍ ဇွန်လ၁ ရက်က လှုပ်သွားသည့် ဒေးဒရဲမြေငလျင်ကြောကလည်း တစ်ဖန်ပြန်လည် လှုပ်ရှားလာသောကြောင့် စောင့်ကြည့်လေ့လာမှုများပြုလုပ်နေကြောင်း မြန်မာနိုင်ငံမြေငလျင် ကော်မတီအထွေထွေ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။

‘‘မလှုပ်ရှားဘဲ နှစ်ပေါင်းများ စွာ ငြိမ်နေတဲ့ ငလျင်ကြောတွေ လည်းရှိနေသေးတယ်။ ငလျင်တွေရဲ့ သဘာဝအရ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လောက်ပြင်း အားနဲ့ လှုပ်မလဲဆိုတာ ကျွန် တော်တို့ အနေနဲ့ ကြိုတင်ခန့်မှန်း လို့မရနိုင်ဘူး။ သိပံ္ပပညာဘယ် လောက်တိုးတက်၊ တိုးတက် ငလျင်ကို အတိအကျမခန့်မှန်းနိုင် သေးဘူး။ ငလျင်အန္တရာယ်ကို ကြို တင်ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ငလျင်နဲ့ ဆိုင် တဲ့ ဗဟုသုတရှိဖို့နဲ့ ဖြစ်လာခဲ့ရင် စနစ်တကျ ကာကွယ်နိုင်ရေးပါပဲ’’ ဟု ဦးစိုးသူရထွန်းက ပြောကြားသည်။

ဒေးဒရဲ ငလျင်ကြောသည် အင်္ဂလိပ်အစိုးရလက်ထက် ၁၈၉၂ ခုနှစ်က ပြင်းအား ၆ ဒသမ ၅ ဖြင့် အင်အားပြင်းပြင်းလှုပ်ခဲ့ခြင်းကြောင့် အင်အား ပြင်းပြင်းမလှုပ် ရှားခဲ့သည်မှာ နှစ်ပေါင်းတစ်ရာကျော်နေပေသည်။ ထိုစဉ်က လည်း တွံတေးမြို့အနီးကို ဗဟို ပြု၍ လှုပ်ခြင်းဖြစ်ပြီး ရွှေတိဂုံ စေတီတော်ထီးတော်ကျသည်အ ထိ ရန်ကုန်မြို့တွင် သက်ရောက် ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအ ရသိရသည်။

ဇွန်လ ၁ ရက်က ဒေးဒရဲ ငလျင်ကြော လှုပ်ရှားမှုသည် လည်း ရန်ကုန်မြို့တွင်ပါ သိသိ သာသာခံစားလိုက်ရသောကြောင့် အဆောက်အအုံနှင့် လူဦးရေ သိပ် သည်းထူထပ်သည့် ရန်ကုန်မြို့အ တွက် ငလျင်အန္တရာယ်ကို အမှုမဲ့၊ အမှတ်မဲ့မနေသင့်ကြောင်း ဘူမိ ဗေဒပညာရှင်ဦးလှသိန်းကအကြံ ပြုသည်။

‘‘ရန်ကုန်မှာ ငလျင်ကြီး မပြောနဲ့။ တော်သင့်ရုံပြင်းအားနဲ့ လှုပ်ရင်တောင် ခပ်လွယ်လွယ် ဆောက်ထားတဲ့ တိုက်တွေနဲ့နှစ်ပေါင်းများစွာ ကြာနေတဲ့ အ ဆောက်အအုံတွေ ခံနိုင်မှာမဟုတ် ဘူး။ အစိုးရပိုင်းကလည်း မုန်တိုင်း တို့၊ ရေဘေးကာကွယ်ရေးတို့သာ လုပ်နေတာ ငလျင်နဲ့ ပတ်သက်လို့ လုပ်တာ ဘာတစ်ခုမှ မတွေ့ရသေးဘူး။ ဖြစ်လာရင် အကြောက်လွန် ပြီး ၀ရုန်းသုန်းကားဖြစ်တာနဲ့ တင် ဒုက္ခရောက်ကုန်မှာ’’ဟု ရန်ကုန် မြို့လှည်းတန်းရှိ ရှစ်လွှာအမြင့် တိုက်ခန်းတစ်ခန်းတွင် နေထိုင်သူ ကိုလွင်ဦးကပြောသည်။

ဘူမိဗေဒပညာရှင် ဦးလှသိန်းက ရန်ကုန်ကဲ့သို့ လူဦးရေ သန်းနှင့်ချီနေထိုင်ကာ လူနေထူထပ်သော နေရာတွင် အင်အားပြင်းငလျင် မဟုတ်သည့်တိုင် အင်အားအသင့် အတင့်ရှိသော ငလျင်လှုပ်ပါက လည်း အောက်ခံဖောင်ဒေးရှင်း မခိုင်သည့် အဆောက်အအုံများ နှင့် တိုက်အို၊ တိုက်ဟောင်းများ အလွယ်တကူပြိုကျနိုင်ကြောင်း ပြောသည်။

အနီးစပ်ဆုံးအနေဖြင့် ရန် ကုန်မြို့ကို ဗဟိုပြု၍ ငလျင်လှုပ် ရှားမှု ၁၉၉၄ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီက ဖြစ်ပွားခဲ့သော်လည်း အင်အားနည်းသောကြောင့် ပျက် စီးဆုံးရှုံးမှုမရှိခဲ့ပေ။ အဆိုပါလှုပ် ရှားမှုများမှာ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ သန်လျင်ကုန်းတန်း လှုပ်ရှားခြင်းနှင့် မင်္ဂလာဒုံကုန်းရိုးမြင့်တက်ခြင်းကြောင့် ကြီးမား သည့် လှုပ်ရှားမှုမျိုးမဖြစ်ခဲ့သော် လည်း ရန်ကုန်မြို့အနောက်ဘက် ရှိ ဒေးဒရဲပြတ်ရွေ့ကြောနှင့် အ ရှေ့ဘက်သုံးခွ မြို့လယ်ကို ဖြတ်သွားသည့် စစ်ကိုင်းပြတ်ရွေ့ကြောလှုပ်ရှားခဲ့ပါက စိုးရိမ်ရသည့် အနေအထားဖြစ်ကြောင်း ဒေါက်တာစိုးမင်းကပြောသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဇွန်လ ၉ ရက်အထိ မြန်မာနိုင်ငံ အတွင်းကို ဗဟိုပြု၍ အင်အား အနည်းငယ်နှင့် အသင့်အတင့်ရှိ သော ငလျင်အကြိမ် ၂၀ ခန့်လှုပ် ခဲ့ပြီး စစ်ကိုင်းပြတ်ရွေ့ကြောဖြတ် သွားသည့် သပိတ်ကျင်းမြို့အနီး တွင် အများဆုံးလှုပ်ခဲ့ကြောင်း မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲ၏ မှတ် တမ်းများအရ သိရသည်။

ဇွန်လ ၉ ရက်ညက မြန်မာ- ထိုင်း-လာအို နယ်စပ်ဆုံရာ ရွှေ တြိဂံပြတ်ရွေ့ကြောသည် ရစ်ခ်ျ တာစကေး ၄ ဒသမ ၅ အဆင့်ဖြင့် လှုပ်ရှားခဲ့ပြန်သည်။ ယင်းငလျင် ကို ၂၀၁၁ ခုနှစ်က ရစ်ခ်ျတာစကေး ၇ အဆင့်ဖြင့် ငလျင်ဒဏ်အပြင်း အထန်ခံစားခဲ့ရဖူးသည့် တာလေ မြို့တွင်ပါ ခံစားခဲ့ရပြီး နောက် တစ်ကြိမ် အင်အားပြင်းထန်စွာ လှုပ်ရှားမည်ကို ဒေသခံများ စိုး ရိမ်နေကြသည်။ တာလေငလျင် လှုပ်ခဲ့စဉ်က ဒေသခံ လူဦးရေ တစ်ရာခန့် သေဆုံးခဲ့ရကာ အ ဆောက်အအုံသုံးရာခန့်ပြိုကျ ပျက်ဆီးခဲ့ရသည်။

ရွှေတြိဂံပြတ်ရွေ့ကြောသည် ပြီးခဲ့သည့် မေလ ၅ ရက်က ထိုင်း နိုင်ငံ ချင်းရိုင်ခရိုင်ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅ ဒသမ ၈ အ ဆင့်ဖြင့် လှုပ်ခတ်ခဲ့သေးသည်။ ရွှေတြိဂံဒေသတွင် ပြတ်ရွေ့ကြော ငယ်လေး များစွာရှိနေပြီး ယခု ကဲ့သို့ အင်အားဖြင့် မကြာခဏ လှုပ်ရှားနေပါက တာချီလိတ် ခရိုင်အပါအ၀င် အနီးပတ်ဝန်းကျင်ဒေသများ ငလျင်ကြီး အန္တရာယ်သတိပြုရန် လိုအပ်နေကြောင်း ဦးစိုးသူရထွန်းကပြောသည်။

‘‘ငလျင်မကြာခဏလှုပ်လာ ပြီဆိုရင် ငလျင်ကြောမှာရှိတဲ့ မြို့ ရွာတွေမှာ ကြိုတင်ကာကွယ်နိုင် ဖို့ အတွက် ဇာတ်တိုက်လေ့ကျင့်မှု တွေလုပ်သင့်ပါတယ်။ အဆောက် အအုံတွေကို ငလျင်ဒဏ်ခံနိုင် အောင် အစီအမံထည့်သွင်းပြီးမှ ဆောက်လုပ်စေသင့်ပါတယ်။ ဖြစ်နိုင်ရင် ငလျင်ကြောမှာရှိတဲ့ မြို့ရွာက ဒေသခံတွေကို ခေတ္တ ရွေ့ပြောင်းပေးရပါမယ်။ သတိဆို တာ ပိုတယ်မရှိပါဘူး။ ကြိုမသိ နိုင်တဲ့ သဘာဝဘေးအတွက် ပြည် သူတွေရဲ့ အသက်အိုးအိမ်ကို ဆိုင် ရာ အစိုးရက တန်ဖိုးထားပြီး ဂရု စိုက်ပေးဖို့ လိုနေပြီလို့ ထင်ပါ တယ်’’ဟု ၂၀၁၁ ခုနှစ် နိုဝင်ဘာလ က သပိတ်ကျင်းငလျင် ဒဏ်ခံခဲ့ရ ဖူးသည့် ရွှေဘိုမြို့နယ်မှ အငြိမ်း စား ကျောင်းဆရာ ဦးစံလှိုင်က ပြောသည်။

ထို့အပြင် ငလျင်ဗဟိုချက်က ပြည်တွင်းတွင် ဗဟိုမပြုသော် လည်း မြန်မာ-ထိုင်းနှင့် မြန်မာ- တရုတ်နယ်စပ်များတွင် အင်အား အသင့်အတင့်ရှိ ငလျင် သုံးကြိမ် လှုပ်ခဲ့ပြီး ထိုင်းနှင့် တရုတ်နိုင်ငံ တို့တွင် လူနေအိမ်အဆောက်အအုံပျက်စီးဆုံးရှုံးမှုနှင့် သေဆုံး ဒဏ်ရာရမှုအချို့ရှိခဲ့သည်။ ယခု လအတွင်း ပြည်တွင်းတွင် လှုပ်ခဲ့ သည့် ငလျင်နှစ်ကြိမ်မှာလည်း အဆောက်အအုံနှင့် လူနေထူထပ် သည့် ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်ကို ဗဟိုပြုလှုပ်ရှားခဲ့ ခြင်းဖြစ်သည်။

ထို့ကြောင့် ကြိုတင်ခန့်မှန်းနိုင်ခြေမရှိသေးသည့် ငလျင်အန္တရာယ်သည် တည်နေရာကို မသိနိုင်သည့်အပြင် မည်သည့်အချိန်တွင် အင်အားမည်မျှဖြင့် လှုပ်ရှားမည်ကို ပညာရှင်တစ်ဦးတစ်ယောက်ကမျှ ခန့်မှန်းသတိပေးနိုင်ခြင်းမရှိသေးပေ။

ရာသီဥတုဆိုင်ရာ သတင်း များကို ထုတ်ပြန်သတိပေးနေသူ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က မည်သည့် သဘာဝဘေးအန္တရာယ်ဖြစ်စေ စနစ်တကျကြိုတင် ကာကွယ်နိုင်ခြင်းသည် သာ သဘာဝဘေးကို အကောင်း ဆုံးတုံ့ပြန်မှုဖြစ်ကြောင်း သတိပေးပါသည်။

လူဦးရေထူထပ်သော မြို့ကြီးများအနီးတွင် အင်အားပြင်းငလျင် ကြီးများ မလှုပ်ခြင်းက မြန်မာနိုင်ငံ ကံကောင်းဆဲဖြစ်သည်။ အကယ် ၍ ကံမကောင်းနိုင်တော့ဘဲ ငလျင် ကြီးများ လှုပ်လာလျှင် သေဆုံး ဒဏ်ရာရမှု၊ ထိခိုက်ပျက်စီးမှု နည်းအောင် ကြိုတင်ကာကွယ်ရန်မှာ အစိုးရနှင့် ပြည်သူအားလုံး၏ တာဝန်ဖြစ်သည်။ ဟေတီ၊ ဂျပန်ဖူကူရှီးမား ငလျင်၊ တရုတ်စီချွမ် ငလျင်များမှ  သင်ခန်းစာယူရန် လိုပါသည်။။

တာလေငလျင်ကြောင့် တာလေမြို့အနီး ကားလမ်းတစ်နေရာ၌ အက်ကွဲသွားသည်ကို တွေ့ရစဉ်
(ဓာတ်ပုံ − Worldvision)





7day daily

စီတန်းလှည့်လည်ခွင့် ဥပဒေ ပြင်ပြီ



ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တွေ့ရတဲ့ မိကျောင်းကန် ဆန္ဒပြ သပိတ်စခန်း
 ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်တဲ့ ဥပဒေကို ပြည်သူ့လွှတ်တော်က ပြင်ဆင် ထားတဲ့အထိုင်း အမျိုးသား လွှတ်တော်က အတည်ပြု ပေးလိုက်ပြီ ဖြစ်ပါတယ်။

ပြင်ဆင်လိုက်တဲ့ ဥပဒေမှာလည်း ကန့်သတ်ချက်တွေ ရှိနေတုန်း ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေမှာ ပါတဲ့ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့ တောင်းဆိုမှု တွေရှိခဲ့ပေမဲ့ အခု ပြင်ဆင်ချက်မှာ လုံးဝ ဖြုတ်ပေး လိုက် တာ မဟုတ်ပါဘူး။

အခု ပြင်ဆင်ချက်အရ ပုဒ် ၁၈ မှာ ပါတဲ့ အရင်တုန်းက ကြိုတင် ခွင့်ပြုချက် ပြီးမှ စီတန်းလှည့်လည်ခွင့် ရမှာ ဖြစ်ပေမဲ့ ရှိပေမယ့် အခု ပြင်ဆင်ချက်အရ ခွင့်ပြုချက် ယူစရာမလိုတော့ဘဲ အကြောင်းကြားစာကိုသာ ပေးပို့ရမှာ ဖြစ်ပါတယ်။

အကြောင်းမကြားပဲ ဆန္ဒပြရင်တော့ ထောင်ဒဏ်တွေ ရှိနေတုန်းပဲလို့ စီတန်း လှည့်လည်ခွင့် ဥပဒေကို ဆွေးနွေးခဲ့ဖူးသူ ပြည်သူ့ လွှတ်တော်အမတ် ဦးခိုင်မောင်ရီက ပြောပါတယ်။

ထောင်ဒဏ် အစား ငွေဒဏ်ကိုသာ ချမှတ်ဖို့ဆိုတဲ့ ပြင်ဆင်ချက် ထည့်သွင်းဖို့ လွှတ်တော်မှာ သူတင်သွင်းခဲ့တာ ရှုံးခဲ့တယ်လို့ လည်း ဦးခိုင်မောင်ရီက ပြောပါတယ်။

လွှတ်တော် နှစ်ရပ်စလုံးက သဘောတူလိုက်ပြီ ဖြစ်လို့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုတဲ့ သဘော သက်ရောက်သွားတဲ့ အတွက်မကြာခင်မှာ ဥပဒေ တရပ် ပြဌာန်း တော့မှာဖြစ်ပါတယ်။

သမ္မတက ဥပဒေအဖြစ် ကြေညာခဲ့ပြီးလို့ နည်းဥပဒေ ရေးဆွဲတဲ့အခါ ဘယ်လို အကန့်အသတ်တွေ ထပ်ရှိလာဦးမလဲ ဆိုတာ လေ့လာသူတွေက စောင့်ကြည့်နေကြ ပါတယ်။

ပြီးခဲ့တဲ့ ဥပဒေအရ ခွင့်ပြုချက်မရပဲ ဆန္ဒပြလို့ အရေးယူခံရသူတွေ အများအပြား ရှိခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မဟာသန္တိသုခ ကျောင်းတိုက်အား တိုင်းသံဃနာယက ဆရာတော်များ အပါအ၀င် ရဲတပ်ဖွဲ့ဝင်များ၊ သာသနာရေး ၀န်ကြီးဌာန တာဝန်ရှိသူများ ညအချိန် ၀င်ရောက်စီးနင်း၍ ချိပ်ပိတ်

မဟာသန္တိသုခကျောင်းတိုက်အား ၀င်ရောက်စီးနင်း၍ ကျောင်းတိုက်ရှိ သံဃာတော်များကို ခေါ်ဆောင်သွားသည်ကို ဇွန် ၁၁ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ ပီနန်ဆရာတော်ကြီး၏ မဟာသန္တိသုခ ကျောင်းတိုက်အား တိုင်းသံဃနာယက ဆရာတော်များ ဦးဆောင်၍ သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တာဝန်စာတမ်းပါ လက်ပတ်အနီပတ်သူများ ပါဝင်၍ ဇွန် ၁၀ ရက် ည ၁၀ ခန့်မှ ၀င်ရောက်စီးနင်းခဲ့ကြောင်း သတင်းရရှိသည်။

“ဒီကိစ္စက ကြိုပြီးလုပ်တယ်လို့ ကျွန်တော်မြင်တယ်။ နေ့ခင်းကတည်းက မဟနက ထားပေးတဲ့ ဆရာတော်က သူ့အသုံးအဆောင်တွေ အကုန်ယူပြီး ထွက်သွားတယ်။ ဂေါပက၀င် တချို့ကလည်း မင်္ဂလာဆောင်မှာသုံးတဲ့ ပစ္စည်းတွေကို ည ၈ နာရီလောက်မှာ သယ်ထုတ်တယ်။ ဘာလို့ ရွှေ့နေတာလဲမေးတော့ သူတို့လည်း မသိဘူးလို့ ပြောတယ်။ ပြီးတော့ ည ၉ နာရီခွဲလောက်မှာ ရဲကားခြောက်စီးနဲ့ ၀ိုင်းလိုက်တယ်” ဟု အခင်းဖြစ်ပွားချိန်တွင် မဟာသန္တိသုခ ကျောင်းတိုက်အတွင်းရှိ နတ်ချောင်းရပ်ကွက်တွင် နေသူတစ်ဦးက ပြောကြားသည်။

ယခုဖြစ်ပွားသည့် ဖြစ်စဉ်မှာ မဟာသန္တိသုခကျောင်းတော်၏ ပဓာနနာယကဆရာတော် ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံသို့ ဇွန် ၅ ရက်က သွားရောက်ခဲ့ပြီး ဂျပန်နိုင်ငံတွင်ရှိနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် သုံးထပ်ကျောင်းတိုက် ဆရာတော် ဦးပညိန္ဒနှင့် အင်္ဂလန်ဆရာတော် ဦးဥတ္တရတို့က ဦးစီးနာယက ဆရာတော်အဖြစ် စောင့်ကြပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“မဟာသံဃနာယကကပို့ထားတဲ့ ဆရာတော်က မွန်းလွဲ ၂ နာရီလောက်မှာ သူပိုင်တာတွေ အကုန်သိမ်းပြီး ကျောင်းတိုက်ကနေ ထွက်သွားပါတယ်။ ကျွန်မအနေနဲ့ ပီနန်ဆရာတော်ကြီးရဲ့ တပည့်ရင်း သံဃာတော်တွေကို နေ့ဆွမ်းကပ်နေရင်း သတိထားမိလိုက်တယ်။ ကျွန်မ ည ၈ နာရီခွဲလောက်မှ ကျောင်းတိုက်က ပြန်ခဲ့တာပါ။ ဒီလိုလုပ်တာက မတရားလုပ်တာပါ” ဟု မဟာသန္တိသုခကျောင်းတိုက်တွင် ပီနန်ဆရာတော်၏ တပည့်ရင်း သံဃာတော်များအား နေ့ဆွမ်းကပ်လှူနေသူ မမေသူက အခင်းဖြစ်ပွားရာ နေရာတွင် ပြောကြားသည်။

မဟာသန္တိသုခကျောင်းတော်အား စီးနင်းပိတ်သိမ်းရန် ည ၉ နာရီခန့်ကပင် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်နှင့် နတ်ချောင်းရပ်ကွက်ရှိ အဝေရာလမ်းနှင့် ဓမ္မဒါနလမ်းများတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပိတ်ဆို့စောင့်ကြပ်ခဲ့ပြီး သံဃာတော်များအား ရွှေစင်စင်္ကြာယာဉ်လိုင်းမှ ယာဉ်များအပါအ၀င် အဝေးပြေးယာဉ် ခုနစ်စီးခန့်နှင့် လုံထိန်းရဲတပ်ဖွဲ့ယာဉ် ၁၀ စီးနှင့် မြို့နယ်တာဝန်ရှိသူများ ခြံရံစောင့်ကြပ်၍ ကမ္ဘာအေးကုန်းမြေသို့ ဇွန် ၁၁ ရက် နံနက် ၁ နာရီခန့်တွင် ခေါ်ဆောင်သွားခဲ့ပြီး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက ဖြေဆိုခွင့်မရှိကြောင်း၊ ဇွန် ၁၁ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ထိုအချိန်မှသာ မေးမြန်းစေလိုကြောင်း ပြောကြားသည်။

မဟာသန္တိသုခကျောင်းတော်၏ ရှေ့မျက်နှာစာတွင် မြို့နယ်နှင့် တိုင်းသံဃမဟာနာယကမှ ဆရာတော်များ လုံထိန်းရဲတပ်ဖွဲ့ဝင်များက ခြံရံစောင့်ကြပ်၍ သံဃာတော်များက ထီးများနှင့်ကာရံ၍ သတင်းမီဒီယာများ သတင်းယူမရရန်နှင့် သတင်းဓာတ်ပုံရိုက်မရရန် ကာရံထားခဲ့သည်။

“တရားရင်ဆိုင်နေချိန်မှာ ဘယ်သူမှ ဒီကျောင်းတော်မှာ နေလို့မရပါဘူး။ ဒါ့ကြောင့်မို့ ဒီကျောင်းတိုက်ကို ဒီနေ့ကစပြီး ချိပ်ပိတ်လိုက်ပါပြီ။ တရားနိုင်တဲ့သူက ဒီကျောင်းတိုက်ကို ပြန်ရမှာပါ” ဟု မဟာသန္တိသုခကျောင်းတော်၏ အ၀င်ဝတွင် ပိတ်ဆို့ထားသည့် ဆရာတော်များအား ဦးဆောင်သူဆရာတော်က မိန့်ကြားသည်။

မဟာသန္တိသုခကျောင်းတော်အား ပိတ်ဆို့ပေးခဲ့သူ ဆရာတော်များအား ဘွဲ့အမည်၊ ကျောင်းအမည်များအား မေးမြန်းရာ မည်သည့်ဆရာတော်ကမျှ တုံ့ပြန်ဖြေဆိုခြင်း မရှိသော်လည်း ထီးဖြင့်ကာရံထားသူ ဆရာတော်တစ်ပါး၏ထီးတွင် အရှင်ကောသလ္လ၊ အောင်မော်စံကျောင်းတိုက်ဟု ရေးသားထားသည်။

“ဒီနေ့ခေတ်မှာ ဒီလိုလုပ်တာက မတရားလုပ်တာပါ။ ဓမ္မစက်နဲ့ တရားမျှတစွာ ဖြေရှင်းရမယ့်အစား အာဏာစက်နဲ့ လုပ်တာပါ” ဟု ရွှေဝါရောင်ဆရာတော် ဦးပြည်ကျော်က မိန့်ကြားသည်။

မဟာသန္တိသုခ ကျောင်းတော်ကြီးအား စီးနင်းပိတ်သိမ်းရာ နေရာသို့ ဆရာတော်ကြီး၏ ဒါယိကာမ အရင်းဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ခင်သန်းနွယ်က “ဗုဒ္ဓဘာသာပြန့်ပွားရေး လုပ်ဆောင်နေသော ပီနန်ဆရာတော်ကြီး၏ မဟာသန္တိသုခကျောင်းတော်အား သဲပုံအဆင့်မှ ယခုကျောင်းတိုက်ဖြစ်လာအောင် အလှူခံ ဆောက်လုပ်ပေးခဲ့ကြောင်း၊ ဆရာတော်ကြီး ဂျပန်နိုင်ငံသို့ ရောက်ချိန်တွင် ယခုကဲ့သို့ အကြမ်းဖက် လုပ်ဆောင်ခြင်းမှာ တရားမျှတမှု မရှိကြောင်း၊ ယခုကဲ့သို့ ပြောဆိုမှုအတွက် ဖမ်းဆီးလိုပါက ဖမ်းဆီးနိုင်ကြောင်း” ငိုကြွေးပြောဆိုသည်။

ကမ္ဘာအေးကုန်းမြေသို့ ခေါ်ဆောင်သွားသည့် မဟာသန္တိသုခကျောင်းတိုက်မှ သံဃာတော်များအား ကျောင်းဆောင်တစ်ခုအတွင်း တွေ့ရစဉ်





ယင်းကဲ့သို့ ဖြစ်ပွားမှုအပေါ် အင်္ဂလန်ဆရာတော် ဦးဥတ္တရက “ဒီလို ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိသေးပါဘူး။ ပြည်ပကို ရောက်နေတဲ့ ပီနန်ဆရာတော်ကြီးနဲ့ ဖုန်းအဆက်အသွယ်ရတယ်။ လက်ရှိမှာ ပီနန်ဆရာတော်ကြီးရဲ့ အသုံးအဆောင်တွေကိုလည်း လိုက်ထရပ်ယာဉ်ပေါ် တင်ဆောင်သွားတယ်။ ပီနန်ဆရာတော်ကြီးက ဒီကိစ္စကို သူမရှိတဲ့အချိန်မှာ လုပ်တဲ့အတွက် အကြမ်းဖက်တယ်လို့ ဆရာတော်ကြီးက မိန့်တယ်” ဟု ဇွန် ၁၁ ရက် နံနက် ၁ နာရီခွဲခန့်တွင် မိန့်ကြားသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်ကြီးတို့အကြား အငြင်းပွားလျက်ရှိသော မဟာသန္တိသုခကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ဖြေရှင်းပေးရန် ပီနန်ဆရာတော်ကြီးက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း မတ် ၄ ရက်တွင် ပြုလုပ်သည့် ကျောင်းတိုက်ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ယင်းအကြောင်းကြားစာတွင် “နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် မဟာသန္တိသုခ ကျောင်းတော်ကြီးကို ရေစက်ချလှူ ဒါန်းခြင်းခံရသော သံဃာတော်များ မဟုတ်ပါ။ အဆိုပါ ကျောင်းတော်ကြီးကို သံဃနာယကအဖွဲ့သို့ အပ်နှံထားသည် ဆိုရုံမျှနှင့် သံဃနာယကအဖွဲ့ပိုင် ပစ္စည်းအဖြစ် သံဃိကကျောင်းအဖြစ် ရောက်ရှိခြင်းမရှိပါ။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် မြန်မာနိုင်ငံ၏ သာသနာရေးတွင် အမြင့်ဆုံး ဓမ္မစက် အဖွဲ့အစည်း ဖြစ်ပါသည်။ သံဃနာယကအဖွဲ့နှင့် မဟာသန္တိသုခ ကျောင်းတော်ကြီးအကြား အငြင်းပွားမှုအပေါ် အစိုးရအဖွဲ့မှသာ ၀င်ရောက်ညှိနှိုင်း ဖြေရှင်းသင့်ပါသည်။ အစိုးရအဖွဲ့က ၀င်ရောက်ဖြေရှင်းခြင်း မပြုခဲ့ပါလျှင် မြန်မာနှင့် နိုင်ငံတကာရှိ ရဟန်းရှင်လူများနှင့် သာသနာတော်မြတ်ကြီး ညှိုးနွမ်းခြင်းနှင့် သံဃာတော်များ အချင်းချင်း ညီညွတ်မှု ပျက်ပြားသည်အထိ ဖြစ်ပေါ်လာနိုင်ပါသည်” ဟု ဖော်ပြထားသည်။  

News Eleven