23 Jun 2014

ဒေါ်အောင်ဆန်းစုကြည်အပေါ်အမြင်စောင်းသူများ အမြင်ရှင်းစေရန်


ဒေါ်စု သမ္မတ ဖြစ်သင့် မဖြစ်သင့်ဆိုတဲ့ ပိုစ့်အောက်မှာ မဖြစ်သင့်ဘူးလို့ ရေးထားတဲ့သူတွေရဲ့ ကွန်မက်တော်တော်များများမှာ သူမဟာ ဗုဒ္ဓဘာသာကို စော်ကားလို့၊ ဘာသာခြားအရေးပေးလို့ စတဲ့ အကြောင်းအရာကို အခြေခံပြီး ပြောတာများတယ်။ ဒါဆို သူမဟာ တကယ်ဘဲ အဲလိုဖြစ်နေလား…. တကယ်ဘဲ ဗုဒ္ဓဘာသာရဲ့ ရန်သူလား…. ကိုယ့်လူမျိုးကို အရေးမပေးဘူးတဲ့လား…. ဆိုတဲ့ မေးခွန်းတွေအတွက် တချက်စဉ်းစားကြည့်လိုက်ရအောင်ဗျာ….

ဒေါ်စုကို ဗုဒ္ဓဘာသာရဲ့ ရန်သူလို့ စွပ်စွဲတာ မသီတာထွေးကနေ အစပြုတဲ့ ရခိုင်အရေးအခင်းမှာ ဒေါ်စုရဲ့ ရပ်တည်ချက်ကို ရည်ညွှန်းပြောဆိုတယ်လို့ အကြမ်းအားဖြင့် သုံးသပ်ရပါတယ်။ ဟုတ်ပြီ…. အဲ့ဒီအချိန်ကာလကို တစ်ချက် ကြည့်ရအောင်။

ထိုအချိန်က ဘင်္ဂလီလူမျိုးတွေနဲ့ ရခိုင်နဲ့ ပြသနာဖြစ်ပွားချိန်၊ အိမ်တွေ မီးရှို့ လူတွေသတ်နဲ့ ထိန်းမနိုင် သိမ်းမရဖြစ်ချိန်၊ ပြည်သူတွေက ဒီပြသနာအပေါ် ဒေါသထွက်ပြီး ရန်မီး အစပျိုးတော့မယ့်အချိန်၊ မသမာသူတစ်စုရဲ့ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လမ်းကြောင်းလွဲ လှုံဆော်နေချိန်၊ သမ္မတလုပ်သူ ဦးသိန်းစိန်က သတင်းထုတ်ပြန်မှု၊ ပြည်သူလူထုကို မစိုးရိမ်ရန် ပြောဆို နှစ်သိမ့်မှု လုံးဝ မလုပ်ဘဲ ပစ်ထားချိန်.. အဲ့လို အချိန်မှာ အဲဒီအတိုင်းဘဲ ရှေ့ဆက်သွားရင် ရခိုင်မီးစဟာ တတိုင်းပြည်လုံးပျံ့နှံ့ပြီး စစ်ဘေး ကပ်ဘေး ကျရောက်လာမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။

အဲ့ဒီအချိန်ကျရင် နောက်ကြောင်းပြန်လှည့်ချင်သူ တစ်စုက တိုင်းပြည်မငြိမ်မသက်ဖြစ်လို့ မလွဲမရှောင်သာ စစ်အာဏာပြန်သိမ်းလိုက်ရပါတယ်ဆိုပြီး ဖြစ်လာမယ်။ အဲ့လိုမျိုးဆို ခင်ဗျားတို့ ကျွန်တော်တို့ ခုချိန်မှာ ဒီမိုကရေစီဆိုတဲ့ အရသာ လုံးလုံးခံစားရမှာမဟုတ်ဘဲ အရင်လို အာဏာရှင်လက်အောက်မှာဘဲ ပေးတာယူ ကျွေးတာစားဘဝနဲ့ နေနေရမှာ မလွဲပါဘူး။ ဒါတွေကို ကြိုမြင်တဲ့ ဒေါ်စုက ပြသနာပိုမကြီးလာခင်မှာ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဝင်တားဖို့ သူလုပ်ရတော့မယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူမ ဘယ်လိုလုပ်သွားလဲ ကြည့်ကြပါ။

ရန်ကုန်မှာရှိတဲ့ မွတ်ဆလင်တွေဖက်ကို သွားနှစ်သိမ့်တယ်၊ လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူးလို့ ပြောသွားတယ်။ အဲ့လို ပြောအပြီးမှာ ဘာဖြစ်သွားလဲ…. ဒေါ်စုကို ထောက်ခံတဲ့ သူတွေထဲက ဒေါ်စု ဘာဖြစ်လို့ တခြားဖက်ပါရတာလဲ၊ ဒေါ်စုကို ငါတို့ဖက်က ထင်ထားတာ ခုဘယ်လိုဖြစ်တာလဲဆိုပြီး တွေဝေကုန်တယ်။ တချိန်လုံး ချမယ် ဆော်မယ် တကဲကဲဖြစ်နေတဲ့သူတွေ ဒေါ်စုစကားအပြီးမှာ ဒီဖြစ်စဉ်ကို ပြန်စဉ်းစားသုံးသပ်လာကြတယ်။ ဒီလိုနည်းနဲ့ ဒေါ်စုဟာ ပြည်သူတွေရဲ့ အမျက်ဒေါသကို လူမျိုးရေး အဓိကရုန်းဆီ ဦးမတည်စေဘဲ သူ့အပေါ်ဘဲကျရောက်ပါစေတော့ဆိုပြီး လမ်းလွဲလိုက်တာဘဲ ဖြစ်တယ်။ ဂျောက်ထဲ ကျဖို့ လိမ့်နေတဲ့ကားကို ရှေ့ကနေ ဝင်ခံလိုက်တဲ့ သဘောပေါ့။

ဒေါ်စု မွတ်ဆလင်တွေကို သွားနှစ်သိမ့်တာတွေ၊ လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူးလို့ ပြောသွားတာတွေဟာ ဘာအဓိပ္ပါယ်လဲ…..
ဒါတွေက ရခိုင် ကိစ္စမကျေနပ်လို့ နီးစပ်ရာမဆိုင်တဲ့ မွတ်ဆလင်တွေကို လူထုပြသနာရှာမှာစိုးလို့ ဖြေရှင်းလိုက်တဲ့ သဘောပါဘဲ။ လူထုဒေါသကနေ အဓိကရုန်းဖက်မရောက်အောင် လမ်းကြောင်းလွဲလိုက်တဲ့သဘောပါ။ ဒီလိုလုပ်လို့ သူမအပေါ် ထောက်ခံမှု ကျဆင်းကုန်မယ် ပြည်သူတွေ အမြင်စောင်းကုန်မယ်ဆိုတာ ဒေါ်စုအနေနဲ့ သိမှာပါ။ ဒါပေမယ့် ရွေးစရာလမ်းမရှိတော့ တိုင်းပြည် ပဋိပက္ခဖြစ်မှာ၊ စစ်အာဏာရှင်လက်ထဲ ထပ်ပြီးကျရောက်သွားမှာကို စိုးရိမ်ပြီး ပြည်သူတွေ အပြစ်တင်ခံ၊ အတိုက်ခိုက်ခံပြီးတော့ကို မှန်ရာ ပြောခဲ့ဆိုခဲ့တာပါ။ ဒီလို ဒေါ်စု လမ်းကြောင်းလွဲတောင်မှ နောက်ဆက်တွဲ မိထ္ထီလာ၊ လားရှိုး အစရှိတဲ့ မြို့တွေမှာ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာပါသေးတယ်။ ဖြစ်လာတဲ့ ပဋိပက္ခတွေကလည်း နောက်ကြောင်းပြန်ချင်တဲ့ လူတစ်စုရဲ့ စနက်ပါတယ်ဆိုတာလည်း အားလုံးအသိဘဲ ဖြစ်ပါတယ်။

နောက် ဒေါ်စု ဘာပြောသွားလဲ….. တရားဥပဒေ စိုးမိုးမှုရှိရမယ်လို့ ပြောသွားတယ်။ ဒီကိစ္စမှာ တရားဥပဒေ စိုးမိုးမှုမရှိလို့ ဖြစ်တာ၊ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် မပြောဘဲ အပြစ်ရှိရင် ရှိတဲ့ ဘင်္ဂလားဘဲ ဖြစ်ဖြစ် ရခိုင်ဘဲ ဖြစ်ဖြစ် ဥပဒေနဲ့ တိတိကျကျ အရေးယူဖို့ တိုက်တွန်းတာ။ ဒါဟာ ပြသနာရဲ့ တကယ့် main point ပါဘဲ။ အဲလိုမဟုတ်ဘဲ ဘက်တစ်ဘက်ကို နင်းပြီးဖြေရှင်းရင် မြန်မာပြည်လို လူမျိုးပေါင်းစုံနေထိုင်တဲ့ တိုင်းပြည်မှာ အဓိကရုန်းဖက်ကို ဦးတည်သွားစေနိုင်ပါတယ်။ အဲလိုဖြစ်လို့ နစ်နာရင် တိုင်းပြည်နဲ့ ပြည်သူတွေဘဲ နစ်နာမှာဖြစ်ပြီး အာဏာရှင်ဟောင်းတွေအတွက်တော့ စားပေါက်ရသွားမှာဘဲဖြစ်ပါတယ်။

နောက် အများစွပ်စွဲနေကြတဲ့ ဒေါ်စုက ဟိုဖက်ကိုလိုက်တယ်ဆိုတဲ့ ကိစ္စကို မမှန်ကြောင်း သူမ ဖြေရှင်းသွားတယ်။ “ကျွန်မ ရိုဟင်ဂျာကို မသိဘူး” ဆိုတဲ့ နိုင်ငံခြား အင်တာဗျူးမှာပါတဲ့ သူမရဲ့ ပါးနပ်တဲ့ အဖြေဟာ သူမရဲ့ ရပ်တည်ချက်ကို ဖော်ပြလိုက်တာပါဘဲ။ ဒါဟာ ရခိုင်မှာ စိမ့်ဝင်နေတဲ့ ဘင်္ဂလားနိုင်ငံသားတွေကို ရိုဟင်ဂျာလို့ မသတ်မှတ်ဘူးဆိုပြီး အတိအလင်းပြောသွားတာပါ။ အင်မတန် ရှင်းလွန်းအားကြီးပါတယ်။

နောက်တချက်ရှိတာ ဒေါ်စုဟာ ဗုဒ္ဓဘာသာအတွက် အန္တရယ်ဆိုရင် ဘာလို့ သီတဂူဆရာတော်လို ကမ္ဘာ့သာသနာပြု ဆရာတော်တွေ၊ အရှင်ဆန္ဒာဓိကလို အများကြည်ညိုရတဲ့ ဆရာတော်တွေ၊ ဒယ်အိုးဆရာတော်လို အမှန်ကို အမှန်အတိုင်းဟောရဲတဲ့ ဆရာတော်တွေက ဘာလို့ဒေါ်စုဘက်မှာ ရပ်တည်နေရတာလဲ။ ဒေါ်စု သမ္မတဖြစ်ရင် ကုလားတိုင်းပြည်ဖြစ်မယ်ဆိုရင် ဒီဆရာတော်တွေက ဘာလို့ ဒေါ်စုဘက်မှာ ရှိနေတာလဲ။ ဒါတချက်စဉ်းစားစရာပါ။ နောက်ပြီး ဒေါ်စုဟာ ဘာသာတရား ကိုင်းရှိုင်းသလို သူမကြောင့် နိုင်ငံတကာမှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးဆိုတာ ဒီလိုမျိုးဆိုပြီး ဂုဏ်တက်ရတာဘဲရှိပါတယ်။ ဒေါ်စုကြောင့် နိုင်ငံတကာမှာ ဗုဒ္ဓဘာသာ နာမည်ပျက်တာ မရှိဖူးပါဘူး။ သူမဟာ သံဃာတော်တွေကို မရိုက်ဘူး၊ ဝရမ်းပြေးအဖြစ် မဖမ်းဘူး၊ သေနတ်နဲ့ ပစ်ဖို့ အမိန့်မပေးဘူး၊ မီးလောင်ဗုံးတွေနဲ့ မပစ်ဘူး၊ ကျောင်းတွေ မသိမ်းဘူး၊ သိမ်တွေ မဖျက်ဘူး။ ဒီလိုမျိုးတောင်မှ သာသနာဖျက်မယ့်သူ၊ ဗုဒ္ဓဘာသာကို ဖျက်ဆီးမယ့်သူလို့စွပ်စွဲရင် ယုတ်တိရှိရဲ့လား…. သေချာစဉ်းစားကြည့်ရင် အဖြေ အရှင်းသားတွေ့ရမှာပါ။

ဒါမှ သဘောမပေါက်ဘူးဆိုရင် ဒေါ်စုရဲ့ သမိုင်းကို ပြန်ကြည့်ပါ။ လင်ယောင်္ကျား အင်္ဂလန်မှာ ရောဂါအခြေအနေဆိုးရွားပြီး ဆုံးခါနီးအချိန်တောင် မပြန်ဘဲနေတာ၊ ဖတဆိုး သား ၂ ယောက်ကို ပြန်မကြည့်အားဘဲ မြန်မာပြည်မှာ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတာ၊ အသက်အန္တရယ် ခြိမ်းခြောက်ခံရတဲ့ ဒီပဲယင်းလို အရေးအခင်းမျိုးကြုံလည်း နောက်မဆုတ်ဘဲ ဒီမိုကရေစီရရေး မမှိတ်မသုံကြိုးစားတာ၊ နေအိမ်အကျယ်ချုပ်ခံရလည်း ဘယ်တော့မှ အလျော့မပေးတာစတဲ့ သမိုင်းတွေကို ဖြတ်သန်းလာခဲ့တာ ဘယ်သူ့အတွက်လဲ။ မြန်မာပြည်သူတွေ အတွက်လား တိုင်းတပါးသားတွေ အတွက်လား။ ပြောမှာပေါ့ အာဏာရချင်လို့၊ ငွေမက်လို့၊ တိုင်းပြည်ရဲ့ အကြီးဆုံးနေရာမှာနေပြီး စိတ်တိုင်းကျ ချယ်လှယ်ချင်လို့ဆိုပြီး။

ဒါဆို အဲ့ဒီ စွပ်စွဲချက်တွေ မှန်မမှန် တချက်ကြည့်ရအောင်။ သူမသာ တကယ် ငွေမက်ရင် မြန်မာပြည်က ထွက်ပြီး ကြိုက်တဲ့ နိုင်ငံကြီးမှာ သွားနေလို့ရတာပေါ့။ နိုင်ငံတိုင်းကလည်း သူမလို သြဇာတိက္ခမ ကြီးတဲ့ ခေါင်းဆောင်မျိုးကို ကြိုဆိုပြီးသားဘဲ။ ငွေလိုချင်လား ပေးမှာဘဲ၊ အိမ်လိုချင်လား ပေးမှာဘဲ၊ ရာထူးလိုချင်လား လိုလိုလားလားနဲ့ကို ပေးအုံးမှာပါဘဲ။ ဘာလို့လဲဆိုတော့ သူတို့နိုင်ငံတွေဟာ လူတစ်ယောက်ရဲ့ တန်ဖိုး၊ ခေါင်းဆောင်တစ်ယောက်ရဲ့ တန်ဖိုးကို အတိအကျ နားလည်လို့ပါဘဲ။ ဒါဆို သူမ ဘာလို့ ဒီနိုင်ငံမှာ အနစ်နာခံနေတာလဲ။ ဇိမ်နဲ့နေ ဇိမ်နဲ့သွားလို့ရတဲ့ အခြေအနေမျိုးကို စိတ်မဝင်စားဘဲ ပြည်သူတွေနဲ့ ဒီမိုကရေစီရရေး ဘာလို့ ရုန်းကန်နေရတာလဲ။

ဒါကရှင်းနေပါပြီ။ သူမ ရာထူးကို မက်တာမဟုတ်ဘူး၊ ငွေကိုလည်း မက်တာမဟုတ်ဘူး။ သူမမက်တာ တိုင်းပြည် ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်ရောက်ပြီး ပြည်သူပြည်သားအားလုံး တပ်မတော်ပါ မကျန် စည်းစည်းလုံးလုံး နေထိုင်ခွင့်ရတာကို မက်မောတာ။ ဒါကလည်း သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတာပါဘဲ။ ဒေါ်စု ငယ်ငယ်လေးကတည်းက ဗိုလ်ချုပ်ဆုံးသွားလို့ ဖခင်နဲ့ သိပ်မနေလိုက်ရပေမယ့် ဖခင်ကျေးဇူးကို ဆပ်တဲ့အနေနဲ့ ဗိုလ်ချုပ်ရဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတိုင်းပြည် ထူထောင်နိုင်ရေးအိပ်မက်ကို တတ်နိုင်သလောက် အကောင်အထည်ဖော်ရင်း ကျေးဇူးဆပ်နေတာပါဘဲ။ ဒီလောက်ဆိုရင် ဒေါ်စုအပေါ် တော်တော်လေး အမြင်ရှင်းလောက်ပြီ ထင်ပါတယ်။ မှိုင်းတိုက်ခံထားရတဲ့ သူတွေ၊ အထင်လွဲနေတဲ့ သူတွေလည်း ဒေါ်စုအပေါ် အမြင်မှန် ပြန်ရပါတော့ဗျာ။ ၂၀၁၅ ဆိုတဲ့ ခရီးကြမ်းအတွက် တကွဲတပြားဖြစ်မနေဘဲ စုစည်းမှုဖြင့် အာဏာရှင်ဆန်တဲ့ ခြေဥကို ပြင်ဆင်ပြီး ဒီမိုကရေစီ တိုင်းပြည်သစ်ဆီ လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းရင် ဒီစာကို ဒီမှာဘဲ နိဂုံးချုပ်ပါတယ်ခင်ဗျာ။ အားလုံး ကျန်းမာချမ်းသာကြပါစေ။

Credit: Ryo Miyaichan


သမ္မတမိန့်ခွန်း၊ အမွှမ်းတင်မှုများနှင့် အဂတိတရား


 နိုင်ငံတော် သမ္မတ၏ မိန့်ခွန်းများအပေါ် အများပြည်သူလူထု၏ စိတ်ဝင်စားမှုသည် ဇောက်ထိုး နိမ့်ကျလျက်ရှိနေသည်။ သမ္မတကို အပြောကောင်းသူတစ်ဦး၊ ပုံပြောကောင်းသူတစ်ဦး၊ အပြောသက်သက် အလုပ်မပါတတ်သူတစ်ဦးအဖြစ် အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုလျက်ရှိသည်။ သမ္မတအနေဖြင့်၊ မိန့်ခွန်းများကို အခါအားလျော်စွာပြောကြားခြင်းသည် ပြည်သူလူထုနှင့် ဆက်ဆံရေး တံတားထိုးခြင်းဖြစ်သော်လည်း မိန့်ခွန်းပါအကြောင်းအရာများသည် အောက်ခြေပြည်သူလူထုအတွက် ဟားစရာ၊ သရော်စရာများ ဖြစ်မနေရန် အထူးသတိပြုသင့်ကြောင်း အကြံပြုလိုပါသည်။

၂၀၁၄ ခုနှစ် ဇွန်လ ၁၉ ရက် ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးတွင် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသော နိုင်ငံရေး ပြု ပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေး ယန္တရားပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိကကဏ္ဍမြှင့်တင်မှုဟု သမ္မတ၏ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ခြင်းသည် ပကတိ အခြေအနေများနှင့် ကင်းလွတ်သော၊ သကာရည်ဖုံးထားသော မိန့်မှာစကားများဖြစ်နေခဲ့သည်။ အောက်ခြေပြည်သူလူထု အကြားတွင် ဟားတိုက်စရာ၊ လှောင်ပြောင်စရာစကားများ ဖြစ်နေခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ၏ လွန်ခဲ့သော သုံးနှစ်ကျော်ကာလ ဆောင်ရွက်ချက်များကို ဆန်းစစ်လျှင် အောက်ခြေပြည်သူအများစု၏ စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများတွင် ပိုမိုဆိုးဝါးလာနေသည်မှာ သိသာမြင်သာသည်။ အစိုးရအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခဲ့သည့်အပြင် မိသားစုများအနေဖြင့် စားဝတ်နေရေးစရိတ် နှင့် မိသားစုဝင်ငွေအကြား ဗျာများကာ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေခဲ့ကြသည်။ ပြည်သူအများစုသည် ဆင်းရဲတွင်း နက်သထက် နက်နေဆဲဖြစ်သည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ခန်းမများထဲ ရောက်ရှိခဲ့သည်မှလွဲ၍  ကြီးကြီးမားမား ထူးခြားမှုမရှိဟု သုံးသပ်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်ထဲ ရောက်သဖြင့် အစိုးရ၊ အာဏာရပါတီနှင့် အောက်ခြေပြည်သူလူထုအကြား မည်သည့်ဘက်က ပိုအကျိုးရှိသွားသည်ကို ယနေ့အချိန်တွင် ပြန်လည်သုံးသပ်သည်။ အောက်ခြေပြည်သူလူထုသည် ဆင်းရဲမွဲတေမှုနွံထဲတွင် နစ်မြုပ်နေဆဲဖြစ်သဖြင့် သူတို့အတွက် အကျိုးမပြု ခဲ့သည်မှာ သိသာမြင်သာသည်။ ထို့ကြောင့် အစိုးရနှင့် အာဏာရပါတီသာ ပိုအကျိုးများခဲ့သည်ဟု ကောက်ချက်ပြုနိုင်သည်။

 ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်ပြုခြင်း၊ သတင်းစာ နှင့် ဂျာနယ်များကို စိစစ်မှုမရှိ ထုတ်ဝေခွင့်ပြုခြင်းတို့ကို ရှားရှားပါးပါး တိုးတက်မှုများအဖြစ် သတ်မှတ်နိုင်သည်။ သတင်းမီဒီယာများအနေဖြင့် လွတ်လပ်ခွင့်ကို မြင့်မြင့်မားမားရလာခဲ့သည်။ သို့သော် သတင်းစာများ၊ ဂျာနယ်များကို ဖတ်နိုင်သောဦးရေသည် အကန့်အသတ် မြင့်မြင့်မားမားရှိသဖြင့် အောက်ခြေပြည်သူလူထုအကြား ထိုးဖောက်နိုင်မှုတွင် ထိရောက်မှုမရှိဟု ဆိုနိုင်သည်။ သို့ သော်ပြည်သူလူထုအများစုကြီးထံ အချိန်တိုအတွင်း ရောက်နိုင်မည့်  ရေဒီယို၊ အက်ဖ်အမ်ရေဒီယိုနှင့် ရုပ်မြင်သံကြားလိုင်းတို့ကို ခရိုနီများနှင့် အာဏာပိုင်လက်ပါးစေ လုပ်ငန်းရှင်ကြီးများက လက်ဝါးကြီးအုပ်ထားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည်လည်း ထူးမ ခြားနား၊ သောင်မတင်ရေမကျဟု ပင် သုံးသပ်နိုင်သည်။ ဆွေးနွေးရင်း မိုးကြီးချုပ်ကာ မိုးပြန်လင်းဦးမည့်ကိန်းဘက် ဦးတည်နေသည်။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကိုလည်း ထုတ်ပြန်နိုင်ရန် အဆင်သင့်မဖြစ်သေးသည့် အနေအထားဖြစ်သည်။ အစိုးရအနေဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်နိုင်ခဲ့မည်ဆိုလျှင် လွန်ခဲ့သော ၂ နှစ် ကတည်းက နိုင်ငံရေးဆွေးနွေးပွဲများကို စတင်နိုင်ပြီး ယနေ့ဆိုလျှင် အတော်ပင် ခရီးပေါက်နေလောက်ပြီဖြစ်သည်။ ထို့ကြောင့် သမ္မတကြီးမိန့်ကြားသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်နှင့် တိုးတက်နေသည်မှာ မည်သည့်အပိုင်းကဏ္ဍများကို ရည်ညွှန်းကြောင်း စနစ်တကျ ရှင်းပြနိုင်ရန် လိုအပ်မည်ဖြစ်သည်။

စီးပွားရေးအပိုင်းတွင်လည်း ခရိုနီများ၊ အာဏာပိုင်လက်ပါး စေလုပ်ငန်းရှင်များ၊ ကြားခံ ကိုယ်စားလှယ်များ စသည်တို့ပါဝင်သော လက်တစ်ဆုပ်စာ လူတစ်စုမှလွဲ၍ အောက်ခြေပြည်သူလူထု အများစုကြီးမှာ ဆင်းရဲမွဲတေမှုနွံထဲတွင် နစ်မြုပ်လျက်ရှိနေသည်။ ခရိုနီများနှင့်အာဏာရှင်လက်ပါးစေ လုပ်ငန်းရှင်ကြီးများသည်  အမျိုးသား အကျိုးစီးပွားကာကွယ်ရေးကို ခေါင်းစဉ်တပ်လျက်  နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် မ၀င်ရောက်နိုင်ရန် ကာကွယ်တားဆီးနေကြသည်မှာ အထင်အရှားဖြစ်သည်။ အမျိုးသားအကျိုးစီးပွား ကာကွယ်ခြင်းမဟုတ်၊ လက်တစ်ဆုပ်စာ ခရိုနီတစ်စု၏ အကျိုးစီးပွားကို ကာကွယ်ကြခြင်းသာဖြစ်သည်။

စီးပွားရေးနှင့်ဆိုင်သော ဥပဒေများတွင် လွတ်လပ်မှု၊ တရားမျှတမှုများကို မြင်တွေ့ရသော်လည်း၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်းများတွင် တင်းကျပ်မှုများကို ထည့်သွင်းရေးဆွဲကာ  နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုထက် ပြည်တွင်းခရိုနီများ၊ အာဏာပိုင်နီးစပ်လုပ်ငန်း ရှင်များနှင့် ဖက်စပ်လုပ်ငန်းများ တည်ထောင်ရင်းနှီးမြှုပ်နှံရေးကို ပိုမိုဇောင်းပေးတတ်ကြသည်။ နိုင်ငံခြားနှင့် ဖက်စပ်လုပ်ငန်းများကြောင့် ပိုမိုကြွယ်ဝချမ်းသာလာ ကြသည်မှာ ခရိုနီများနှင့် အပေါင်းပါများသာဖြစ်သည်။ အောက်ခြေပြည်သူလူထု အများစုကြီးမှာ ဆင်းရဲမွဲတေမှု နွံနစ်နေဆဲဖြစ်သည်။

အောက်ခြေပြည်သူလူထု၏ စီးပွားရေးအခြေအနေက အနုတ် ပြနေပြီး လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများကို မတားနိုင်၊ မဆီးနိုင်၊ အရေးမယူ နိုင်၊ ပိုင်ဆိုင်မှုများမသိမ်းဆည်း နိုင်သည်ကိုလည်း ထင်ထင်ရှား ရှားသတိပြုမိသည်။ အဂတိလိုက်စားမှုဥပဒေနှင့်အညီ အထက်မှ အောက်သို့ ပုံစံစနစ်တကျချဉ်းကပ် အရေးယူမှုများကို အုံနှင့်ကျင်းနှင့် မတွေ့ရှိရသည်မှာလည်း  အားမလို၊ အားမရဖြစ်ဖွယ်ပင် ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများကို ထိန်းကျောင်းနိုင်ရေးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည်လည်း အသက်သွေးကြောတစ်မျှ အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ပြည်သူ့ရှေ့မှောက် တရားစီရင်ရေးကို ဖော်ဆောင်လျက် အဂတိလိုက်စားမှုများကို ထိထိရောက်ရောက်စစ်ဆေး၊ အရေးယူလာနိုင်မှသာ တိုင်းပြည်၏ စစ်မှန်သော အပြောင်းအလဲအတွက် အထောက်အကူပြုမည်ဖြစ်သည်။

မမှန်ကန်သည့်လုပ်ရပ်များကို ထိရောက်စွာ အရေးယူခြင်း မရှိဘဲ အချင်းချင်းဖုံးမိပြီး ပြေပျောက်စေခြင်းမျိုးသည် လွဲမှားသော လုပ်ဆောင်မှုဖြစ်ပါကြောင်း၊ အစိုးရဌာနများ၏ သမာသမတ်ရှိစွာ ဆောင်ရွက်နိုင်ခြင်းသည် အစိုးရတစ်ရပ်ကို သိက္ခာရှိစေခြင်းဖြစ်ပြီး လွဲမှားသော အုပ်ချုပ်မှုလုပ်ရပ်များသည် အစိုးရ တစ်ဖွဲ့လုံးအပေါ် ပြည်သူက အယုံအကြည်ကင်းမဲ့ပြီး အကြည်ညိုပျက်စေနိုင်သည်ကို သတိပြုစေချင်ပါကြောင်း အဂတိကင်း ရှင်းရေးနှင့် ပတ်သက်၍ သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အချုပ်အားဖြင့်ဆို&သော် သမ္မတ၏မိန့်ခွန်းပါ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေး ယန္တယားပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိက ကဏ္ဍ မြှင့်တင်မှုဟူသည် အလွန်အကျွံအမွှမ်းတင်မှုပင်ဖြစ် သည်။ သမ္မတ၏ မိန့်ခွန်းများတွင် အခြေအနေမှန်ကို ကင်းလွတ် လျက် အလွန်အကျွံအမွှမ်းတင်မှု များသည် ပြည်သူလူထု၏ အစိုးရ အပေါ်ယုံကြည်မှုကို ကျဆင်းစေ သည်။ ပကတိအခြေအနေတွင် ကဏ္ဍစုံ ပြုပြင်ပြောင်းလဲမှုများ၌ အရှိန်အဟုန်ရနေခြင်းသည် အောက်ခြေပြည်သူလူထုကို အကျိုးမပြုသည်မှာ အထင်အရှား ဖြစ်သည်။ 
 
အဂတိလိုက်စားမှု ကင်းရှင်းရေးတွင်လည်း သမ္မတအနေဖြင့် အထက်မှ အောက်သို့ စုံစမ်းစစ်ဆေး အရေးယူသည့် စနစ်ကို မဖော်ဆောင်နိုင်လျှင် ပြည်သူလူထု ရှေ့မှောက်တွင် အရေးယူစစ်ဆေးအပြစ်ပေးမှု မပြုနိုင်လျှင် ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိနိုင်မဟုတ်ပါ။ အောက်ခြေပြည်သူလူထုသည်ခေတ်ဆိုး၊ စနစ်ဆိုးကို နဖူးတွေ့၊ ဒူးတွေ့ဖြတ်သန်းခဲ့သူများ ဖြစ်သည့် အားလျော်စွာ အမွေဆိုးများ၊ အကျင့်ဆိုးမျာကို ကျော်လွှားနိုင်ရေးဦးဆောင်နိုင်မည့် အားကောင်းသော အစိုးရတစ်ရပ်ကို မျှော်လင့်လျက်ရှိနေသည်။ ထို့အတူပြည်သူလူထုသည် ပကတိအခြေအနေများနှင့် ကင်းလွတ်သော မိန့်ခွန်းများ၊ မှတ်ချက်များ၊ သုံးသပ်ချက်များကိုလည်း အချိန်မရွေး ဟားတိုက်ရယ်မော၊ လှောင်ပြောင်သရော်ရန် အဆင်သင့်ရှိနေပါကြောင်း တင်ပြလိုက်ရပါသည်။     ။
By ဒေါက်တာ ရန်မျိုးသိမ်း
7DAY DAILY




အကြည့်ရဆိုးစေတဲ့ အလှပြင်မှားယွင်းနည်း (၆)မျိုး



လူတွေဘာကြောင့် အလှပြင်ကြသလဲ? အဖြေက ရိုးရိုးလေးနော်…လှချင်လို့ ပါ။ လှသထက် လှေ အာင် အလှပြင်ကြသော်လည်း အလှပြင်နည်း မှားယွင်းခြင်းက အရုပ်ဆိုး အကျည်းတန်စေ လို့  အောက် ပါ(၆) ရပ်ကို လေ့လာရင်း အချိန်မှီပြုပြင်နိုင်ကြ ပါစေကြောင်း။

အမှား(၁) တပြေးတည်းအရောင်တင်ခြင်း။

အလှပြင်တယ်ဆိုတာ ဆေးရောင်စုံ ပန်းချီခြယ်သတဲ့ အနုပညာတစ်ရပ်လေးပါ။ အလှပစ္စည်းတွေ ကို ကာလာတစ်ရောင်းတည်း သုံးခြင်းက သွေးဆုတ်နေတဲ့ လူမမာပုံပေါ်နေပါတယ်။ အောက်ခံ မိတ်ကပ်ကို မိမိအသားအရေအရောင်ထက် ကာလာ ၁-ခု ပိုရင့်တဲ့ အရောင်သုံး၍၊ ကရင်မ် ပပ်ဖ် ကိုတော့ ထိုမိတ် ကပ် အရောင်ထက် ကာလာ ၁-ခုပိုတာကိုသုံးပါ။ ပါးနီကို မိတ်ကပ်အရောင် ထက် ကာလာ ၂-ခု ပိုရင့်တဲ့ အရောင်ကိုသုံးပြီး မျက်ခုံး၊ မျက်လုံး၊ နှုတ်ခမ်းတို့ ကို သင့်တော်သလို အရောင်တင်ပေးခြင်းဖြင့် မျက်နှာ တပြေးတည်း အရောင်မဖြစ်စေတော့ပါဘူး။

အမှား(၂) concealer အရောင်မှားသုံးခြင်း။

မျက်ကွင်းညိုများ၊ ပါးမို့ မို့ ပေါ်က အမဲစက်ပြောက်ရှိသူများ နှင့် သက်ကြီးပိုင်းပေါ်လာတဲ့ မျ က်နှာပေါ်က အမဲအကွက်လေးများ မသိသာစေဖို့ အတွက် concealer သုံး၍ အလှပြင်ကြရပါတယ်။ သို့ သော် သုံးသင့် တဲ့ အရောင်ထက် ဖျော့သော(သို့ မဟုတ်)ပို ရင့်သော concealerကို မှားယွင်းစွာမသုံးမိဖို့  အရေးကြီးပါ တယ်။ အသင့်တော်ဆုံး concealer ကတော့ မိမိပင်ကိုယ်အသား အရေထက် ကာလာအရောင် ၁-ခု(သို့ မဟုတ်)၄င်းထက်ပိုနုသော အရောင်ကို သုံးပေးပါ။

အမှား(၃) အိုင်းလိုင်နာ အမည်းရောင်သုံးခြင်း။

လူတိုင်းက အိုင်းလိုင်နာအမည်းရောင် နှင့်မလိုက်ဖက်ကြပါဘူး။ အကယ်၍ အိုင်းလိုင်နာ အမည်းရောင် ကို သုံးဖို့ လိုအပ်တဲ့အခါ waterproof eyeliner စာတန်းပါတဲ့ ရေစိုခံအမျိုးအစား ကိုသာရွေး၍ အောက် မျက်ခမ်း မျက်တောင်လိုင်းတလျှောက် နေရာကိုသာ အိုင်းလိုင်နာ ခပ်ဖွဖွဆွဲပေးပါ။ အိုင်းလိုင်နာတွေ အများကြီးသုံးမိတဲ့အခါ၊ အရောင်တွေဘေးပြန့် ပြီး ၀က်ဝံ မျက်လုံးသဖွယ် အကြည့်ရဆိုးပါတယ်။

အမှား(၄) ကရင်ပပ်ဖ်(သို့ မဟုတ်)ပေါင်ဒါတွေ အသုံးများခြင်း။

ကရင်ပ်ဖ်(သို့ မဟုတ်)ပေါင်ဒါတွေ အထူကြီးလိမ်းတဲ့အခါ၊ ချောကလက်မှိုတက် နေသလိုမျိုး မျက်နှာ အ သားအရေ ကြမ်းတမ်းတဲ့ပုံ ပေါ်စေပါတယ်။ ဒါ့ပြင်အရွယ်အိုရုပ်ရင့်နေတဲ့ အသွင်ဆောင်သွားပါတယ်။

အမှား(၅) အောက်ခံ ကရင်မ် မသုံးစွဲခြင်း။

မိတ်ကပ်မလိမ်းခင် နို့ ရည်(သို့ မဟုတ်)အောက်ခံကရင်မ်ကို မဖြစ်မနေသုံးပေးခြင်း အားဖြင့်၊ မိတ်ကပ် လိမ်းတဲ့အခါ ညက်ညော ပြေပြစ်မှုရှိတာကြောင့် အသားအရေ လျော့ရဲအရေးကြောင်း ထင်တာတွေ ဖြစ်ခြင်းမှ သက်သာစေပါတယ်။ ဒါ့ပြင် မျက်နှာ အသားအရေနှင့် ဓာတုမိတ်ကပ်တွေ တိုက်ရိုက် မထိတွေ့ နိုင်တော့လို့  အသားအရေမပျက်စီးစေတော့ပါဘူး။ SPF နှင့် moisturizer ပါတဲ့ အောက်ခံကရင်မ်မျိုးက မည်သည့်အသားအရေအတွက်မဆို သင့်တော်ပါတယ်။

အမှား(၆) အိုင်းလိုင်နာအရောင် ရွေးချယ်မှုမှားယွင်းခြင်း။

အသားဖြူလွန်းသူများက ကြေးနီရောင်(သို့ မဟုတ်)ရွှေဝါရောင်ဆန်ဆန် အိုင်းလိုင်နာကို ရွေးချယ် မိတဲ့ အခါ၊ ဖြူရော်ရော်ဖြစ်ကာ မျက်စေ့အားနည်းနေတဲ့ ပုံပေါ်စေပါတယ်။ အသားအလွန်ညိုမှောင် သူများအဖို့  ငွေမှင်ရောင် အိုင်းလိုင်နာသုံးခြင်းက ကြီးစွာသော အမှားကို ပြုမိပြီလို့ မှတ်ယူပါလေ။


(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
(ကိုးကား By Augusta Falletta for Beauty High)
--
*promise.pauk*


တရုတ်ရိုးရာ ခွေးသားစားပွဲတော်ကို ဆန့်ကျင်ကန့်ကွက်


 
တရုတ်နိုင်ငံတောင်ပိုင်းက ယူလင်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ ရိုးရာခွေးသားစား ပွဲတော်မတိုင်ခင် ဇွန်လ ၂၁ ရက်နေ့က တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားသူတွေနဲ့ ဒီပွဲတော်ကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြ ပါတယ်။
ပွဲတော်ကျင်းပသူတွေက ဒီပွဲတော်ဟာ ရာစုနှစ်နဲ့ချီနေပြီလို့ ပြောဆိုကြပေမယ့် တိရစ္ဆာန်ကာကွယ်ရေး အဖွဲ့တွေက ၁၉၉၀ နှစ်တွေမှာမှ စဖြစ်လာတာလို့ ဆိုပါတယ်။ တရက်ထဲ ခွေးအကောင် ၁ သောင်းလောက် သတ်စားကြမှာဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။

တရုတ်နိုင်ငံတ၀န်းခွေးချစ်သူတွေ ယူလင်မြို့ကို သွားရောက်ပြီး ခွေးတွေအသတ်မခံရအောင် သွားရောက် ၀ယ်ယူကြတာဖြစ်ပါတယ်။ ခွေးရောင်းသူတွေဟာ ခွေးဝယ်သူတွေ မ၀ယ်ဝယ်အောင် ခွေးတွေကို နှိပ် စက်ပြီး ဈေးတောင်းတဲ့ဓါတ်ပုံတွေ အင်တာနက်မှာ ပျံ့နှံ့ခဲ့တာကြောင့် ဒီပွဲတော်အပေါ် ပြစ်တင်ဝေဖန် သူတွ ပိုမိုများပြားခဲ့ပါတယ်။ ယူလင်မြို့ခံတွေကတော့ ဒီလူတွေဟာ ယူလင်မြို့ကို ကိုယ်စားမပြုကြပါဘူး လို့ ပြောဆိုပါတယ်။

ဆန့်ကျင်ကန့်ကွက်သူတဦးကတော့ ယူလင်မြို့ တိုးတက်ဖွံ့ဖြိုးစေချင်တယ်ဆိုရင် မြို့ခံတွေ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားအောင် အရင်ကြိုးစားကြရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။ ပွဲတော်ကို ထောက်ခံ သူတဦးကတော့ ခွေးတွေဟာ ရှားပါးတိရစ္ဆာန်မဟုတ်ပဲ ရိုးရာဟင်းလျာတမျိုးဖြစ်တာကြောင့် စားသူတွေ များပြားနေတာဖြစ်တယ်လို့ ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က တရုတ်နိုင်ငံအရှေ့ပိုင်းက ဇီဂျန်း ပြည်နယ်မှာ အခုလိုခွေးသားစားပွဲတော်ကို ဒေသ ခံတွေက ၀ိုင်းဝန်းဆန့်ကျင်ကန့်ကွက်ခဲ့ကြလို့ ပိတ်ပင်ခံခဲ့ရပါတယ်။

တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့တခုဖြစ်တဲ့ Animals Asia ကတော့ ခွေးသားဟာ လူတွေရဲ့ကျန်းမာရေးနဲ့ မသင့်လျော်သလို အခုလို ခွေးသားစားပွဲတော်မှာ ရောဂါရှိတဲ့ခွေးတွေ၊ ခိုးလာတဲ့ခွေးတွေကို ချက်ပြုတ်ကြ တာကြောင့် ခွေးသားစားတာကို ပိတ်ပင်ဖို့ တောင်းဆိုနေပါတယ်။
DVB News

ဆုကြေးငွေဒေါ်လာ (၁၀၀၀၀)အထိ ချီးမြှင့်တဲ့ မလေးရှား နိုင်ငံက ကြက်အလှပြိုင်ပွဲ


အေသင်အောင်

မလေးရှားနိုင်ငံမှာ ရိုးရာအစဉ်အလာအရ နှစ်စဉ် ကျင်းပပြုလုပ်နေတဲ့ ပြိုင်ပွဲတစ်ပွဲ ဖြစ်ပါတယ်။ အဲဒီပြိုင် ပွဲ ကတော့ ကြက်အလှ ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ချီးမြှင့်တဲ့ ဆုကြေးငွေက ဒေါ်လာ (၁၀၀၀၀) အထိ ရှိတာမို့ အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ မလေးရှားနိုင်ငံ အတွင်းမှာရှိတဲ့ ဆီရာမာအမျိုးအစား ကြက်တွေ နဲ့ ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်။ ဒီကြက်ဟာ အလွန်ရှားပါးတဲ့ ကြက်အမျိုးအစားမှာပါဝင်ပြီး မလေးရှားနိုင်ငံ တစ်ဝန်းမှာ အကောင်ရေ (၂၅၀၀၀၀) အထိ သာရှိပါတယ်။
 
 ဒီကြက်တွေဟာ အကောင်သေး ပြီး (၁၇) အောင်စ သာရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီကြက်ဟာ မလေးရှားနိုင်ငံမှာ ဆယ်စုနှစ်ပေါင်း များစွာ ထင်ရှားကျော်ကြားခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန် ဖြစ်ခဲ့ပါတယ်။ ဒီကြက်ကို ဥရောပနဲ့ အမေရိကန်နိုင်ငံတို့မှာ လည်း အလှသဘော နဲ့ မွေးဖွားမှုတွေ ပြုလုပ်နေကြပါတယ်။ ဒီကြက်ဟာ အကောင်သာ ငယ်ပေမယ့် ရဲစွမ်းသတိ္တ အလွန်ရှိပါတယ်။ ကြက်အလှ ပြိုင်ပွဲကို မလေးရှား နိုင်ငံ၊ ကွာလာ လမ်ပူမြို့မှာ ကျင်းပပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။
 
 ကြက်တစ်ကောင်ရဲ့ ဟန်ပန် အနေအထားနဲ့ ရင်အုပ်ပုံစံ တို့ကိုကြည့်ပြီး ချန်ပီယံအဖြစ် သတ်မှတ်ခြင်းဖြစ်ပါတယ်။ ဒီကြက်ရဲ့ရင်အုပ်ဟာ အခြားကြက်တွေနဲ့ မတူတဲ့ အလွန်မောက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီကြက်ကို စားသုံးလို့ ရှိရင် ရင်ကြပ်ရောဂါ ပျောက် ကင်းတယ်လို့ မလေးရှားပြည် သူတွေက ယုံကြည်ထားကြပါတယ်။ ဒီကြက်ဟာ ထိုင်းနိုင်ငံကတစ်ဆင့် ရောက်ရှိလာတယ်လို့ ခန့်မှန်း ထားကြပါတယ်။ ဒီကြက်ကို မွေးခြင်းကြောင့် ပျော်ရွှင်မှုတွေ ရရှိစေလိမ့်မယ်လို့ ယူဆထားကြပါတယ်။ ဒီကြက်ကို ချစ်မြတ်နိုးသူတွေစုပေါင်းပြီး အသင်းအဖွဲ့ တွေလည်း ဖွဲ့ စည်းထားတယ်လို့ သိရပါတယ်။
The Messenger

16 Jun 2014

မဟာသန္တိသုခကျောင်းကိစ္စ သမ္မတဦးသိန်းစိန် ၀င်ရောက်ဖြေရှင်းမည်မဟုတ်

 
 မဟာသန္တိသုခကျောင်းပိုင်ဆိုင်မှု အငြင်းပွားရာမှ ပီနန်ဆရာတော်ကြီး၏ တပည့်
သံဃာငါးပါးကို အတင်းလူဝတ်လဲစေကာ ထောင်ချသည့်ကိစ္စကို နိုင်ငံတော်သမ္မတ

ဦးသိန်းစိန်အနေဖြင့် တစ်စုံတစ်ရာ ၀င်ရောက်ဖြေရှင်းမည်မဟုတ်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမကိုပြောသည်။

“အဲလိုကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ ဟိုအရင်ကတည်းက လုပ်ထုံးလုပ်နည်းဆိုင်ရာ သံဃာလုပ်ထုံးလုပ်နည်းတွေနဲ့ သံဃာမဟာနာယကအဖွဲ့ရဲ့ နောက်ဆုံး ဆုံးဖြတ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒါကြောင့်မို့ သမ္မတအနေနဲ့ ပါဝင်ပြောဆိုခြင်း ၀င်ရောက်စွက်ဖတ်ခြင်း လုပ်လို့မရပါဘူး”ဟု ဦးရဲထွဋ်က ပြောသည်။

ဇွန်လ ၁၁ရက်က မဟာသန္တိသုခကျောင်းတိုက်ကို ရဲဝန်ထမ်းများက ဝန်းရံချိတ်ပိတ်ကာ သံဃာများနှင့် ဒကာများကို ထိန်းသိမ်းခဲ့သည်။ ဇွန်လ ၁၃ရက်ကလည်း ပီနန်ဆရာတော်ကြီး၏ တပည့်များဖြစ်သည့် လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာငါးပါးကို အတင်းအကျပ် လူဝတ်လဲစေပြီး သာသနာတော် ညိုးနွမ်းစေမှု ၂၀/၉၀ဖြင့် စွဲဆိုကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ ယင်းဖြစ်ရပ်များနှင့် ပတ်သက်၍ လူမှုကွန်ယက်များတွင် သမ္မတဦးသိန်းစိန် အနေဖြင့် ဝင်ရောက်ထိန်းသိမ်းခြင်း မရှိခြင်းကြောင့် သမ္မတ၏ ပါဝင် ပတ်သက်မှု ရှိမရှိ ဝေဖန်မှုများနှင့် မေးခွန်းများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ ဖြစ်ရပ်များသည် တိုင်းသံဃာနာယကအဖွဲ့၊ သာသနာရေးဝန်ကြီးဌာနနှင့် ဒေသအာဏာပိုင်းများ ပူးပေါင်းကာ သံဃာ့နာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည် ဟုဦးရဲထွဋ်ကပြောသည်။

ယင်းအပြင် လွန်ခဲ့သည့် တစ်လခန့်ကလည်း သမ္မတဦးသိန်းစိန်က မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့်အား ပီနန်ဆရာတော်ဆီ စေလွှတ်ကာ ကျောင်းတိုက်တွင် အေးချမ်းစွာ သတင်းသုံးနိုင်ရန် အမှာစကားပါးသည်ဟူသော သတင်းများ ထွက်ပေါ်သည့်အပေါ် မဟုတ်မှန်ကြောင်း ဦးရဲထွဋ်က
မဇ္ဈိမကို ပြောသည်။

တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို ပီနန်ဆရာတော်နှင့် မဟာသံဃာ့နာယကအဖွဲ့တို့ ပိုင်ဆိုင်မှု အငြင်းပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းတိုက်ကို
ဇွန်လ ၁၁ ရက် နံနက် ၁၂နာရီခန့်က သံဃာတော် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သံဃာတော်များနှင့် ရဲတပ်ဖွဲ့ဝင် ၁၀၀၀ခန့်က ၀င်ရောက်စီးနင်းကာ ကျောင်းတိုက်အတွင်းရှိ သံဃာတော် အပါး၂၀ ကို ထိန်းသိမ်းခဲ့ကြခြင်းဖြစ်သည်။

ပုံစာ- ဇွန်လ ၁၁ရက် နံနက် ၄နာရီခန့်က မဟာသန္တိသုခ ကျောင်းတိုက်ဆရာတော်များကို ကမ္ဘာအေးရှိ သံဃာ့တက္ကသိုလ်သို့ ထိန်းသိမ်းသွားပြီး သံဃာ့တက္ကသိုလ်ရှေ့တွင်
လုံခြုံရေးယူထားစဉ်။

 (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)
Mizzima News


မလေးရှားတွင် အလုပ်သမားချင်း အုပ်စုဖွဲ့ရန်ဖြစ်ရာမှ မြန်မာတစ်ဦးသေဆုံး

 
 
မလေးရှားနိုင်ငံ၊ ပီနန် မြို့နယ် ဘူကစ်မတာဂျမ်ရပ်ကွက် (BM)ရှိ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုတွင် အလုပ်သမားများအုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားရာ မြန်မာနိုင် ငံသားတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်းသတင်းရရှိ သည်။

ဇွန်လ၁၄ရက် နံနက် ၁နာရီ ၀န်းကျင်တွင် ဘူကစ်မတာဂျမ် (BM)ရှိ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုတွင် လုပ်ကိုင်နေသောမြန် မာနိုင်ငံသားများနှင့် ဘင်္ဂလားဒေ့ ရှ်နိုင်ငံသားများနှစ်ဖက်အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားရာ ဓားထိုးဒဏ်ရာ ဖြင့် မြန်မာနိုင်ငံသားတစ်ဦးသေ ဆုံးပြီး တစ်ဦးမှာ ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ကြောင်းသတင်းရရှိ သည်။

‘‘သူ့ရဲ့ အပိုင်ရဲစန်းကို ဖုန်း ဆက်မေးကြည့်တော့ မြန်မာတွေ နဲ့ ဘင်္ဂလားတွေရန်ဖြစ်တာလို့ ပြောတယ်။ ဘယ်လိုတွေဖြစ်ကြ တယ်ဆိုတာ သူတို့လည်းမသိ သေးပါဘူး။ ရဲတွေရောက်လာ တော့ ထွက်ပြေးသွားကြတယ် ပြောပါတယ်’’ဟု မလေးရှားနိုင်ငံ ပီနန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုဗိုလ်မြကပြောသည်။

မြန်မာနိုင်ငံသားများနှင့်ဘင်္ဂ လားဒေ့ရှ်နိုင်ငံသားများ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှုသတင်းများကို ဇွန်လ၁၄ရက် ညနေထုတ်သတင်း စာများတွင် ဖော်ပြထားကြောင်း မလေးရှားနိုင်ငံဧဒင် ဥယျာဉ်လူမှုကွန်ရက်မှ ကိုမျိုးကပြောသည်။

‘‘ဆေးရုံကိုသွားကြည့်ပါဦး မယ်။ ဒဏ်ရာရတဲ့သူက တော် တော်အခြေအနေ ဆိုးတယ်လို့ ကြားလို့ပါ။ သေဆုံးတဲ့သူရော၊ ဒဏ်ရာရတဲ့သူရော နာမည်တွေ သေချာမသိသေးပါဘူး’’ဟု ကိုမျိုး ကပြောသည်။

သေဆုံးသူအလောင်းအား Seberang Jayaဆေးရုံသို့ ပို့ ဆောင်ထားပြီး ဒဏ်ရာပြင်းထန် စွာရရှိသူကိုလည်း ထိုဆေးရုံတွင် ပို့ဆောင်ထားကြောင်းသတင်းရရှိ သည်။

7Day News daily


12 Jun 2014

ဦးသိန်းစိန် လူကြိုက်ပိုများဆိုသည့် အိုင်အာရ်အိုင်စစ်တမ်း တုံ့ပြန်မည်


ဧပြီလဆန်းတွင် ထုတ်ပြန်ခဲ့သည့် International Republican Institute (IRI) ၏ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စစ်တမ်းပါ ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကို လူကြိုက်ပိုများသည်ဆိုသည့် အချက်အလက်အပေါ် လိုအပ်ပါက သက်ဆိုင်သူတို့နှင့် ရုပ်သံက တိုက်ရိုက် ဆွေးနွေးခန်းပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ နိုင်ငံတကာနှင့် လူထုဆက်ဆံရေး တာဝန်ခံ ဦးတိုးကျော်လှိုင်က မဇ္ဈိမကို ဇွန်လ ၈ ရက်တွင် ပြောသည်။

“စစ်တမ်းကောက်တုန်းက မေးတဲ့မေးခွန်းတွေက အရမ်းယေဘူယျဆန်တယ်။ စစ်တမ်းထဲကအချက်တော်တော်များများကို ထောက်ပြလို့ရတယ်။ လိုအပ်ရင် ကျွန်တော်တို့က အဲဒီအဖွဲနဲ့ တိုက်ရိုက်ဆွေးနွေးတာကို ရုပ်သံကတိုက်ရိုက်လွှင့်တာထိ လုပ်ဖို့ရှိတယ်” ဟု ဦးတိုးကျော်လှိုင်က ပြောသည်။

ယင်းထုတ်လွှင့်မှုအတွက်ကို ပုဂလိက ရုပ်သံလိုင်းတစ်ခုနှင့် ဆွေးနွေးကာ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်တမ်းပါ အချက်အလက်မှားယွင်းမှုအပေါ် ပြန်လည်သက်သေပြနိုင်ရေးအတွက် အစည်းဝေးတစ်ရပ်ကို ယနေ့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

IRI စစ်တမ်းကို ပြည်နယ်နှင့်တိုင်း ၁၄ ခုရှိ မြို့ပြနေရာ ၉၂ နေရာ၊ ကျေးလက်ဒေသ ၂၀၈ နေရာတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃,၀၀၀ ကို မေးမြန်းကောက်ယူခဲ့သည်ဟု စစ်တမ်းတွင် ဖော်ပြပါရှိသည်။

ယင်းစစ်တမ်းပါ အချက်အလက်များ မှားယွင်းမှုကို ထောက်ပြနိုင်ရန် ဇွန်လ ၁၅ ရက် တော်ဝင်နှင်းဆီတွင် ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကို လူကြိုက်ပိုများပါ ခေါင်းစဉ်ဖြင့် စာရေးဆရာဦးဖေမြင့်၊ ကယန်း ပြည်သစ်ပါတီမှ ဗိုလ်မှူးကြီး စောလွင်နှင့် ဆရာမောင်သံတိုင် ဘောဂဗေဒတို့က ဆွေးနွေးကြမည်ဖြစ်ပြီး ယင်းသည် စစ်တမ်းပါအချက်များ မှားယွင်းမှုကို စတင် သက်သေပြခြင်းဖြစ်သည်ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲကို စစ်တမ်းကောက်ယူခဲ့သည့် IRI နှင့် အထောက်အပံ့ပေးခဲ့သည့် USIAD တို့ကိုလည်း ဖိတ်ကြားထားသည်။

IRI ကို USAID က အထောက်အပံ့ပေးထားခြင်းဖြစ်ပြီး စစ်တမ်းကောက်ယူမှုကို ပြည်တွင်းအခြေစိုက် MSR (Myanmar Savory Resarch) အဖွဲ့က ကောက်ယူခြင်းဖြစ်ပြီး ကောက်ယူရရှိသည့် အချက်အလက်များကို သမ္မတထံ တင်ပြပြီးမှသာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဦးတိုးကျော်လှိုင်က ဆိုသည်။

 

by mizzima

‘Love Locks’ တံတားလို့နာမည်ကြီးတဲ့ ပဲရစ်က တံတားအကာအရံ ပြုတ်ကျ

 
ကမ္ဘာလှည့်ခရီးသည်များအတွက် ပဲရစ်က အထင်ကရတံတားတစ်ခုဖြစ်တဲ့ တံတားအကာ သံဇကာများတွင် သော့ခတ်ထားလေ့ရှိသည့် ထိုတံတားအကာဟာ သော့များ၏အလေးချိန်ကြောင့် ကွာကျခဲ့ကြောင်း သိရသည်။

ကံကောင်းသည်မှာ ကွာကျသော တံတားအကာ အရံမှာ မြစ်ထဲသို့ ပြုတ်ကျခြင်း မဟုတ်ဘဲ တံတားပေါ်သာ ပြုတ်ကျခြင်းဖြစ်သည့် အတွက် အလွန်အသွားအလာများသော ထိုမြစ်အတွင်းက သဘောင်္ာတွေ ၊ လှေတွေ ၊ ခရီးသွးတွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ခြင်းဖြစ်သည်။

ထိုတံတားသို့ လာရောက်လည်ပတ်သူများဟာ အချစ်သင်္ကေတ အနေနဲ့ သော့ပေါ်တွင်စာရေး သော့ခတ်ပြီး သော့ကို မြစ်ထဲပစ်ချလေ့ရှိကြပြီး ထိုတံတားဟာ ကမ္ဘာလှည့်ခရီးသည်များအား ပဲရစ်မြို့၏ တခုတ်တရ ဆွဲဆောင်နိုင်စွမ်းရှိသော နာမည်ကြီးတံတားလည်း ဖြစ်သည်။

ယခုအခါ ထိုတံတားအား ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။

Source : Dailymail

ပီနန်ဆရာတော်ထံ သရုပ်ဆောင်ဦးဇင်ဝိုင်း(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း) ရဲ့ လျှောက်ကြားချက်



၂၀၁၄ မတ်လအတွင်းက…မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့် ပတ်သက်သည့် ကျောင်းကိစ္စ သာသနာရေးဆိုင်ရာ
ရှင်းလင်းပွဲကို တက်ရောက်လာတဲ့ သရုပ်ဆောင်ဦးဇင်ဝိုင်း(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း) ရဲ့
လျှောက်ကြားချက်။

” ပီနန်ဆရာတော်ဘုရားကြီးအမှူးပြုသော သံဃာတော်အရှင်သူမြတ်များကို တပည့်တော်ရိုသေစွာဦးခိုက်ရှိခိုးပါတယ်ဘုရား။

အရှင်ဘုရားတို့ ရှင်းလင်းပြောပြမိန့်တော်မူခဲ့တဲ့ အချက်အလက်တွေကို လေ့လာလိုက်ရင်
ဓမ္မ၀ိနယအရသော်လည်းကောင်း၊ လောကဥပဒေအရ လည်းကောင်း
ပီနန်ဆရာတော်ဘုရားကြီးပိုင်တယ်ဆိုတာ ရှင်းလင်းနေပါပြီ။

အခုပဲ တပည့်တော်အနေနဲ့ ၀န်ခံလျှောက်ထားပါရစေဘုရား။တပည့်တော်တို့ ရုပ်ရှင်သမားများက ကွင်းနေရာမရတော့
ဒီကျောင်းကြီးပေါ်မှာ လာပြီး ရုပ်ရှင်ရိုက်ကြပါတယ်ဘုရား။

တပည့်တော်ကိုယ်တိုင် ဒီကျောင်းကြီးပေါ်မှာသေဖူးပါတယ်ဘုရား။တပည့်တော်ကိုယ်တိုင် ဒီကျောင်းကြီးပေါ်မှာ
တရားသူကြီးလုပ်ပြီး ထောင်ချခဲ့ဖူးပါတယ်ဘုရား။

ဒီကျောင်းကြီးပေါ်မှာ အချုပ်ခန်းဆက်တင်ဖန်တီးလို့ တပည့်တော်ကိုယ်တိုင် တရားခံလုပ်ပြီး
အချုပ်ခန်းထဲမှာ နေခဲ့ရဖူးပါတယ်ဘုရား။

ယခုကျမှ ငါတို့ရဲ့ ဒီလုပ်ရပ်တွေဟာမူလပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲနဲ့ လုပ်ခဲ့ရတာပါလားဆိုတာ
တွေးပြီး ဒီအကုသိုလ်ကို ကြောက်မိပါတယ်ဘုရား။

သူတို့ ဒီကျောင်းက ထွက်ခွါဖို့ ဘယ်လိုပင် စာထုတ်ကြသော်လည်း ဒီကျောင်းကြီးကနေ
တစ်ဖ၀ါးမှ မခွါဖို့ ဒီအကုသိုလ်ကို ချေပတဲ့အနေနဲ့ တပည့်တော် လျှောက်ထားပါရစေဘုရား။

၃၁ ရက်နေ့မှာ လိုအပ်လာမယ်ဆိုရင်တပည့်တော်တို့အနုပညာသမားများက
ဆရာတော်ဘုရားကြီးရှေ့ကနေ မားမားမတ်မတ်ကာကွယ်ပါ့မယ်ဘုရား။

မီးလောင်ဗုံးနဲ့ ထုတော့လဲ ကုသိုလ်ကံပေါ့ဘုရား။

ဒါဟာ တပည့်တော်တို့အနုပညာသမားများရဲ့ပြန်ပေးဆပ်သင့်တဲ့ ၀ဋ်ကြွေးခြေ ကျေးဇူးဆပ်ခြင်းပါဘုရား။

ခွင့်ပြုပါဘုရား။ ”

ဦးဇင်ဝိုင်း
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း၊

MH370 သတင်းအမှန်ပေးနိုင်လျှင် ကန်ဒေါ်လာ ၅ သန်း ရမည်



ဇွန်လ ၈ ရက်နေ့ကမှ ကြေညာလိုက်တဲ့ သတင်း ဖြစ်ပြီး ယင်း ကြေညာချက် အရ ပျောက်ဆုံးနေသော MH370 လေယာဉ် အကြောင်း အစအန တွေ့ရှိ သတင်းမှန် ပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၅ သန်း ရရှိမှာ ဖြစ်ကြောင်း သိရ ပါတယ်။

ဒီအတွက် MH370 လေယာဉ်ပေါ် လိုက်ပါသွားသူများရဲ့ ကျန်ရှိ မိသားစုများက စုစည်းလို့ ပေးအပ်မယ့် ဆုကြေးငွေ ဖြစ်ပါတယ်။ ဒီအတွက် ကို သေချာ စစ်ဆေးပြီး အမှန်တကယ် တွေ့ရှိ သတင်း ပေးနိုင်သူ ကိုသာ ပေးအပ် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူကနေ ပေကျင်း မြို့ကို ပြန်သန်းစဉ် အိန္ဒိယ သမုဒ္ဒရာ ထဲသို့ ထိုးကျ နှစ်မြှုပ်သွားတယ်လို့ ခန့်မှန်း ထားကြတဲ့ လေယာဉ် ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည်ကော၊ လေယာဉ် ဝန်ထမ်း အပါအဝင် ၂၃၉ ဦး ပါဝင် ပါတယ်။
နောက်ဆုံးရ သတင်း အနေနဲ့ သြစတေးလျ ကမ်း အလွန် အန္ဒိယ သမုဒ္ဒရာ ကြမ်းပြင် အောက်မှာ Low Frequency အသံ လိုင်း ကြားရပြီး ရှာဖွေမှု ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

MH370 လေယာဉ်ကို ကိုယ်တိုင် ဆယ်ထုတ် စရာမလိုပဲ အစအန သတင်း ပြောပြ ရုံမျှသာ အမေရိကန်ဒေါ်လာ ၅ သန်း ရရှိမှာမို့ နိုင်ငံတကာမှာ ပုဂ္ဂလိက ရှာဖွေရေး အဖွဲ့အစည်း များစွာ ပါဝင် လာကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)


အလုပ်သမားသစ်များ လေဆိပ်တွင် 24 နာရီသာ သူဌေးစောင့်ခွင့်ပြုတော့မည့် မလေးရှား

 
မလေးရှားသို့ရောက်ရှိသူများအား လဝက မှ စစ်ဆေးနေပုံ
 

ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi
 
(12.6.2014)

မလေးရှားလေဆိပ်သို့ရောက်ရှိလာမည့် အလုပ်သမားသစ်များအား ခေါ်ယူသည့်အလုပ်ရှင်သည် 24 နာရီအတွင် မဖြစ်မနေလာရောက်ကြိုရတော့မည်ဖြစ်ကြောင်း ယနေ့ မလေးထုတ်သတင်းဌာနများတွင် ကြော်ငြာသွားခဲ့သည် ။
အကြောင်းမှာ မလေးနိုင်ငံသို့ဝင်ရောက်လာသူများ ထွက်ခွာသူများအားလုံး စာရွက်စာတမ်းအတုများ ကိုင်ဆောင်ခြင်းကို ထိထိရောက်ရောက်တားမြစ်သွားရန်ဖြစ်ကြောင်း လည်းသိရသည်။

လွန်ခဲ့သော 3 လက ဖြစ်ပွားခဲ့သည့် MH370 ပျောက်ဆုံးမှုတွင် fake passport ( ပျောက်ဆုံးပတ်စပို့) 2 အုပ်ကိုင်ဆောင်ခရီးသွားသူ ၂ဦးပါဝင်ခဲ့ပြီး ထို့သို့မဖြစ်စေရန် မလေးရှား လဝက စနစ်များ နှင့် လေဆိပ်များတွင် SYSTEM UPGRADE ပြုလုပ်ရန်ရှိသည်များအားလုံး ပြုလုပ်သွားမည်ဖြစ်သလို ၊
နိုင်ငံတကာ ပျောက်ဆုံး ပတ်စပို့များ အား ချက်ချင်းသိနိုင်ရန် မလေးအစိုးရမှ INTERPOL နှင့်တွဲဖက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းလည်း ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi လေဆိပ် တွင်ပြောကြားသွားခဲ့သည် ။

ထို့အတူ ဝန်ကြီးမှ လေဆိပ် လုံခြုံရေး နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရေး အတွက် မလေးရှား ရှိ နိုင်ငံတကာလေဆိပ်များကို မှာကြားထားပြီးဖြစ်သလို လဝက အဝင်အထွက်များ အားလုံးကို HD-CCTV များတပ်ဆင်သွားမည်ဖြစ်ကြောင်း ဝန်ကြီင်္းမှပြောကြားသွားခဲ့သည် ။

ထိုမျှမက နိုင်ငံတကာမှ ရောက်ရှိလာသော နိုင်ငံခြားသား အလုပ်သမားကိုလည်း ခေါ်ယူသူ လုပ်ငန်းရှင်မှ 24 နာရီအတွင်း စာရွက်စာတမ်းများဖြင့် လာရောက် ခေါ်ဆောင်ရန် နှင့် 24 နာရီ ကျော်ပါက ဆိုင်ရာတိုင်းပြည်များသို့ ပြန်လည်ပို့ဆောင်သွားမည်ဟု ဆက်လက်ပြောကြားသွားခဲ့သည် ။
ထိုသို့ပို့ဆောင်ရန်အတွက် လေယာဉ်လက်မှတ် နှင့် ကုန်ကျစရိတ်များကို အလုပ်သမားခေါ်ယူမည့် လုပ်ငန်းရှင်များက တာဝန်ယူရမည်ဖြစ်ကြောင်းသိရသည် ။

သို့အတွက် မလေးရှားသို့ အသစ်လာရောက် မည့် မြန်မာအလုပ်သမားများ အားလုံးသည် မိမိတို့ အေးဂျင်းများ ၊ အလုပ်ရှင်များအား တိကျစွာ 24 နာရီအတွင်း မဖြစ်မနေ လာရောက်ခေါ်ဆောင်ရန် မေးမြန်း ထားရမည်ဖြစ်သည် ။
24 နာရီကျော်လွန်သည်အထိ လုပ်ငန်းရှင် သို့ အေးဂျင်းမှ လာရောက် မခေါ်ဆောင်ပါက လေဆိပ်မှ ပြန်လည်ထွက်ခွာရမည်ဖြစ်သည် ။
 
REF : THESTAR , MALAYMAILONLINE ,

ဘာသာပြန် မလေးရှားရောက် မြန်မာများ FACEBOOK စာမျက်နှာ
www.facebook.com/mmrinm

11 Jun 2014

ကမ္ဘာပေါ်တွင် ငွေကြေး အကုန်အကျ အများဆုံး အသုံးပြုဖန်တီးခဲ့သည့် ကာတွန်းရုပ်ရှင်(၁၀)ကား



တစ်ချိန်က ကာတွန်းရုပ်ရှင်များကို ကလေးကြိုက် ဖျော်ဖြေရေး ဇာတ်ကားများ သဖွယ်သာ သဘောထားခဲ့ ကြသည်။ သို့သော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ကာတွန်းရုပ်ရှင်များ၏ လွှမ်းမိုးနိုင်စွမ်းသည် လူကြီးလူငယ်မရွေး ပရိသတ်များကို ဖမ်းစားလာနိုင်ခဲ့သည်။

ထို့ကြောင့်လည်း ဟောလိဝုဒ်မှ ရုပ်ရှင်ကုမ္ပဏီများက ကာတွန်းရုပ်ရှင်များကို အရင်းအနှီး အများ အပြားဖြင့် မြှုပ်နှံရိုက်ကူးလာခဲ့သည်။ DreamWorks၊ Pixarနှင့် Walt Disney တို့ကဲ့သို့ ကုမ္ပဏီကြီးများက နာမည်ကျော် သရုပ်ဆောင်များကို ကာတွန်းဇာတ်ကောင်များအတွက် အသံဖြင့် ကိုယ်စားပြု သရုပ်ဆောင်ရန် ငှားရမ်းခဲ့ကြသည်။

ကာတွန်းရုပ်ရှင်တစ်ခု၏ အောင်မြင်မှုကို အခြေပြု၍ ယင်း၏ နောက်ဆက်တွဲ ဇာတ်ကားများတွင် သရုပ်ဆောင်ကြေး မြင့်တက်လာတတ်ရာ တွမ်ဟန့်ခ်စ်သည် Toy Story ဇာတ်ကားတွင် ဒေါ်လာ (၅၀၀၀၀)သာ သရုပ်ဆောင်ကြေး ရခဲ့သော်လည်း Toy Story 2 တွင် ဒေါ်လာ(၅)သန်းထိ ပေးချေငှား ရမ်းခြင်း ခံခဲ့ရသည်။

ဟောလိဝုဒ်တွင် အဘက်ဘက်မှ ငွေကုန်ကြေးကျ အများအပြား အသုံးပြု ရိုက်ကူးထားသည့် ကာတွန်း ရုပ်ရှင်များစွာ ထွက်ပေါ်ခဲ့ရာ ယင်းတို့အနက် အသုံးစရိတ် အများဆုံး ကာတွန်းရုပ်ရှင် (၁၀)ကားကို ထုတ်နုတ်ဖော်ပြလိုက်ရပါသည်။

၁၀။ Frozen – ဒေါ်လာ(၁၅၀)သန်း


(၂၀၁၃)ခုနှစ်က ရုံတင်သည့် Frozenသည် Walt Disney ၏ (၆၃)ခုမြောက် ကာတွန်းရုပ်ရှင် ဖြစ်သည်။ ယင်းဇာတ်ကားကို ဖန်တီးရန်အတွက် ဒေါ်လာသန်း(၁၅၀)မျှ ကုန်ကျခဲ့သည်။

မည်သို့ပင်ဖြစ်စေ Walt Disney အနေဖြင့် ငွေကုန်ရကျိုးနပ်ခဲ့ပြီး ညီအစ်မနှစ်ဦး၏ နက်နဲသော သံယော ဇဉ်ကို ဖော်ကျူးသည့် ဇာတ်ကားလေးသည် သမိုင်းတစ်လျှောက် ရုံဝင်ကြေး ဒေါ်လာတစ်ဘီလီယံအထက် ရရှိသည့် ဒုတိယမြောက် ကာတွန်းရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဟန်းခရစ္စတီယန် အန်ဒါဆန် ရေးသားသည့် The Snow Queenကို အခြေခံ ရိုက်ကူးထားသည့် ရုပ်ရှင် သည် အော်စကာ ဆုနှင်းသဘင်တွင် အကောင်းဆုံး Animated ရုပ်ရှင်ဆုအပြင် Let It Go သီချင်းဖြင့် အကောင်းဆုံး ဇာတ်ဝင်တေးဆုကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။

၉။ Shrek the Third - ဒေါ်လာ(၁၆၀)သန်း


မိုက်ခ်မိုင်ယာစ်၊ ကင်မရွန်ဒိုင်ယက်ဇ်နှင့် အက်ဒီမာဖီတို့ နောက်ခံသရုပ်ဆောင်ခဲ့သည့် လူစာရင်းနှင့်ပင် Shrek ၏ တတိယမြောက် ဇာတ်ကားသည် ငွေကုန်ကြေးကျ များပြားမည်ဆိုသည်ကို ခန့်မှန်းနိုင်မည် ဖြစ်သည်။

နာမည်ကျော်များအတွက် သရုပ်ဆောင်ကြေးများ အပါအဝင် ဒေါ်လာ သန်း(၁၆၀) အသုံးပြုခဲ့ရပြီး (၂၀၀၇) ခုနှစ်က ရုံတင်သော ဇာတ်ကားသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဝင်ငွေ ဒေါ်လာ (၇၉၉) သန်းထိ ပြန်လည် ရရှိခဲ့သည်။

ဘီလူးကြီး Shrek နှင့် ၎င်း၏ဇနီးသည် မင်းသမီး Fiona တို့၏ မိသားစု ဘဝကို အခြေပြု ရိုက်ကူး ထားသော ဇာတ်ကားသည် ယခင် Shrek ဇာတ်ကားများ၏ အောင်မြင်မှုကြောင့် ပရိသတ်များ၏ ကြိုဆိုအားပေးမှုကို ခံယူနိုင်ခဲ့သည်။

၈။ Wreck-It Ralph - ဒေါ်လာ(၁၆၅)သန်း


Walt Disneyက ထုတ်လုပ်သည့် ကာတွန်းရုပ်ရှင်သည် ဒေါ်လာ (၁၆၅)သန်းမျှ ကုန်ကျစရိတ် များပြား ခဲ့သော်လည်း ဒေါ်လာ (၄၇၁)သန်းမျှ ပြန်လည်ရရှိခဲ့သည့်အတွက် ထိုက်တန်သော မြှုပ်နှံမှု ဖြစ်ခဲ့သည်။

Walt Disney အနေဖြင့် ဂျွန်စီရိုင်လေး၊ ဆာရာဆေးလ်ဗားမန်း၊ ဂျက်မက်ဘရိုင်ယန်တို့ကဲ့သို့ နာမည်ရ သရုပ်ဆောင်များကို ယင်းဇာတ်ကားအတွက် ငှားရမ်းခဲ့သည်။

(၂၀၁၂)ခုနှစ်က ရုံတင်သော ဇာတ်ကားတွင် ရောင်ပြန်ဟပ်မှု ပုံရိပ်များကို ပိုမိုပီပြင်လာအောင် ဖန်တီးနိုင် ခဲ့ပြီး ပုံရိပ်ယောင် စတူဒီယို နည်းပညာသစ်များကိုလည်း စတင်မိတ်ဆက်နိုင်ခဲ့သည်။

၇။ How To Train Your Dragon - ဒေါ်လာ(၁၆၅)သန်း


ခရက်ဆီဒါ ကိုဝဲလ်၏ How To Train Your Dragon ဝတ္ထုကို မူရင်းအမည်အတိုင်းပင် ပြန်လည်ရိုက်ကူး သည့် 3D ကာတွန်းရုပ်ရှင်ကို (၂၀၁၀)ပြည့်နှစ်က ရုံတင်ခဲ့သည်။

Dream Works၏ လက်ရာသည် အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဒေါ်လာ သန်း(၅၀၀)နီးပါးမျှ ပြန်လည် ရရှိခဲ့သည်။ အကျိုးအမြတ်များသလို အရင်းအနှီးလည်း များခဲ့သည့် ဇာတ်ကားအတွက် Dream Works အနေဖြင့် ဒေါ်လာ (၁၆၅)သန်းမျှ သုံးစွဲခဲ့ရသည်။

How To Train Your Dragon တွင် အသံသရုပ်ဆောင်များအဖြစ် ဂျေးဘာရူချဲလ်၊ ဂါရတ်ဘတ္တလာ၊ ကရိတ်ဂ်ျဖာဂူဆန်၊ အမေရိက ဖာရာရာ၊ ဂျိုနာဟေးလ်နှင့် ခရစ္စတန်ဝစ်ဂ်တို့က ပါဝင်သရုပ်ဆောင်ခဲ့သည်။ ယင်းဇာတ်ကား၏ နောက်ဆက်တွဲကို အမေရိကန် ပြည်ထောင်စုတွင် ယခုသီတင်းပတ်အတွင်း ရုံတင်သွားမည် ဖြစ်သည်။

၆။ Monsters Vs Aliens - ဒေါ်လာ(၁၇၅)သန်း


(၂၀၀၉)ခုနှစ်က ရုံတင်ခဲ့သော ဇာတ်ကားသည် Dream Works ၏ ရည်မှန်းချက်ကြီးကြီး ဖန်တီးခဲ့သည့် လက်ရာတစ်ခု ဖြစ်သည်။

ဒေါ်လာ(၁၇၅)သန်းထိ ကုန်ကျစရိတ်ရှိခဲ့သော Monsters Vs Aliens သည် (၁၉၅၀)ပြည့်လွန်နှစ်များမှ (၁၉၇၀)ပြည့်လွန် နှစ်များထိ လူကြိုက်များခဲ့သည့် ချောက်ခြား စိတ်ကူးယဉ် သိပ္ပံဇာတ်ကားများ၏ လွှမ်းမိုးခြင်းကို ခံခဲ့ရသည်။

ရီးစ်ဝှစ်သာစပွန်း၊ ဆတ်သ်ရိုဂန်၊ ဟုဂ်ျလော်ရီ၊ ရိန်းဝီလ်ဆန်၊ အေမီပိုလာ၊ ပေါလ်ရုဒ်နှင့် စတီဖန်ကိုးလ် ဘတ်တို့ ပါဝင်ထားသည့် ဇာတ်ကားသည် Dream Works ၏ ရိုက်ကူးသည့် (၁၈)ခုမြောက် ကာတွန်း ရုပ်ရှင် ဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဒေါ်လာ (၃၈၁)သန်းမျှ ပြန်လည်ရရှိခဲ့သည်။

၅။ WALL-E - ဒေါ်လာ(၁၈၀)သန်း


Pixar၏ သမားရိုးကျ ဇာတ်လမ်းများမှ အသိသာဆုံး ခွဲထွက်ခဲ့သည့် WALL-Eသည် ထုတ်လုပ်မှု ကုန်ကျ စရိတ် ဒေါ်လာ သန်း(၁၈၀)ထိ ရှိခဲ့သည်။

ယင်းဇာတ်ကားသည် ကမ္ဘာမြေပေါ်မှ ညစ်ညမ်းမှုများကို လိုက်လံသန့်ရှင်းရန် ဒီဇိုင်းထုတ် ဖန်တီးထား သည့် အထီးကျန် စက်ရုပ်လေး၏ စွန့်စားခန်းကို ပုံဖော်ထားခြင်း ဖြစ်သည်။

ဇာတ်ကားအစ မိနစ်(၄၀)ခန့်ထိ ထူးခြားသော တင်ဆက်ပုံများကို တွေ့မြင်နိုင်ပြီး အပြန်အလှန် စကားပြောဆိုမှုပင် အလွန်နည်းပါးခဲ့သည်။ အစဉ်အလာဟောင်းများကို တော်လှန်ခဲ့သည့် Pixar ၏ ဇာတ်ကားသည် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ဒေါ်လာ သန်း(၅၂၀)ကျော်ထိ ရုံဝင်ကြေး ရရှိခဲ့သည်။

ယင်းဇာတ်ကားသည် အကယ်ဒမီ ဆုပေးပွဲတွင် ကဏ္ဍအတော်များများအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ထူးခြားမှု တစ်ရပ်အဖြစ် WALL-Eသည် TIME မဂ္ဂဇင်း၏ ဆယ်စုနှစ်အတွင်း အကောင်းဆုံး ရုပ်ရှင်များ စာရင်း၌ နံပါတ်(၁)နေရာ၌ သတ်မှတ်ခံခဲ့ရသည်။

၎။ Brave – ဒေါ်လာ(၁၈၅)သန်း


ကာတွန်းရုပ်ရှင် တစ်ခုအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံရန် Pixarက ထပ်မံရွေးချယ်လိုက်သလို Brave သည် ကုန်ကျစရိတ် များပြားသလောက် အောင်မြင်မှုလည်း ခမ်းနားခဲ့သည်။

စကော့တလန် ကုန်းမြင့်ဒေသရှိ တိုင်းပြည်တစ်ခုမှ မိဖုရားကြီးနှင့် အစဉ်အလာဟောင်းများကို ဖီဆန် လိုသော သမီးငယ်တို့ကြား ဆက်ဆံရေးကို ပုံဖော်ထားသည့် ဇာတ်ကားအတွက် Pixarက ဒေါ်လာ (၁၈၅)သန်းထိ အသုံးပြုခဲ့သည်။

(၂၀၁၂)ခုနှစ်တွင် ရုံတင်ပြီး အကောင်းဆုံး Animated ကာတွန်းရုပ်ရှင်အဖြစ် အကယ်ဒမီဆုနှင့် ရွှေကမ္ဘာ လုံးဆုများ ဆွတ်ခူးခဲ့သော အဆိုပါ ဇာတ်ကားသည် ဒေါ်လာ(၅၃၈)သန်းထိ ဝင်ငွေပြန်လည် ရရှိခဲ့သည်။

Pixarအတွက်လည်း Braveသည် ပထမဆုံး အမျိုးသမီး ဒါရိုက်တာ တစ်ဦးကို အသုံးပြုခဲ့ပြီး အမျိုးသမီး ဇာတ်ရုပ်တစ်ခုကို အသားပေးသည့် ပထမဆုံး ကာတွန်းရုပ်ရှင် အနေဖြင့် အမှတ်ရစရာ ဖြစ်ခဲ့သည်။

၃။ Monsters University – ဒေါ်လာ(၂၀၀)သန်း


အောင်မြင်မှုများစွာ ရရှိခဲ့သည့် Monsters, Inc., ကာတွန်းကို နောက်ဆက်တွဲအဖြစ် ရိုက်ကူးခဲ့သည့် Monsters Universityအတွက် ဒေါ်လာ သန်း(၂၀၀)ထိ အကုန်အကျခံရန် Walt Disney က ဆုံးဖြတ်ခဲ့ သည်။

Pixarက ဖန်တီးပြီး Walt Disneyက ထုတ်လုပ်ခဲ့သည့် ဇာတ်ကားသည် Pixar၏ ဖန်တီးမှုများတွင် တတိယမြောက် ဝင်ငွေအများဆုံး ရရှိသည့် မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့ပြီး ဒေါ်လာ(၇၄၃)သန်းထိ ပိုင်ဆိုင်ခဲ့သည်။

အမှတ်တရ အခြေအနေတစ်ခုမှာ ယင်းဇာတ်ကားကို မရိုက်ကူးမီ ဒါရိုက်တာအဖွဲ့က ဟားဗတ်၊ စတန်းဖို့ဒ်၊ အလာဘားမား တက္ကသိုလ်ကြီးများတွင် ကျောင်းသူကျောင်းသားများ၏ နေထိုင်မှု ဓလေ့စရိုက် ပုံစံများနှင့် အသင်းအဖွဲ့များ၏ သဘောသဘာဝကို အသေးစိတ် သွားရောက်လေ့လာခဲ့ခြင်း ဖြစ်သည်။

၂။ Toy Story 3 - ဒေါ်လာ(၂၀၀)သန်း


Pixarက ဖန်တီးပြီး Walt Disney က ထုတ်လုပ်မှုပိုင်း တာဝန်ယူခဲ့သည့် နောက်ထပ် ဇာတ်ကားကောင်း တစ်ခုဖြစ်ပြီး စုစုပေါင်း ဒေါ်လာသန်း(၂၀၀)မျှ အကုန်အကျခံခဲ့ရသည်။

ယင်းဇာတ်ကားတွင် အသံဖြင့် ပံ့ပိုးသရုပ်ဆောင်သည့် မင်းသားတွမ်ဟန့်ခ်စ်သည် ဒေါ်လာ(၁၅)သန်းထိ သရုပ်ဆောင်ကြေး ရရှိခဲ့သည်။

Toy Story 3နှင့် ပတ်သက်၍ အထင်ကရ အရှိဆုံး မှတ်တိုင်တစ်ခုမှာ ကာတွန်းရုပ်ရှင် တစ်ခုအနေဖြင့် ဝင်ငွေ ဒေါ်လာတစ်ဘီလီယံအထက် ပထမဆုံးအကြိမ် ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ (၂၀၁၀)ပြည့်နှစ်တွင် ရုံတင်သမျှ ဇာတ်ကားအားလုံးတွင်လည်း ရုံဝင်ကြေး အမြင့်ဆုံး ဇာတ်ကားအဖြစ် စံချိန်တင်ခဲ့သည်။

Toy Story 3သည် အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံး ဆင့်ပွားဇာတ်ညွှန်းဆုနှင့် အကောင်းဆုံး အသံတည်းဖြတ်ဆုများအတွက် အော်စကာ ဆန်ခါတင် စာရင်းတွင်ပင် အမည်တင်သွင်း ခံခဲ့ရသည်။

၁။ Tangled - ဒေါ်လာ(၂၇၄)သန်း


(၂၀၁၀)ပြည့်နှစ်က ရုံတင်သော ဇာတ်ကားသည် သမိုင်းတစ်လျှောက် ကာတွန်းရုပ်ရှင်များတွင် အသုံးစ ရိတ် အများဆုံးအဖြစ် ဒေါ်လာ(၂၇၄)သန်းမျှထိ ကျခံသုံးစွဲခဲ့သည်။

ရှည်လျားလှသည့် ရွှေရောင် ဆံပင်များနှင့် မိန်းမချောလေး တစ်ယောက်အကြောင်း ဂျာမန်ရိုးရာ ပုံပြင်လေး တစ်ပုဒ်ဖြစ်သည့် Rapunzelကို အခြေခံ ပုံဖော်ထားသော ဇာတ်ကားသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဒေါ်လာ(၅၉၁)သန်းမျှ ပြန်လည်ရရှိခဲ့သည်။

Tangled ဇာတ်ကားကို ဖန်တီးရာတွင် Walt Disney အနေဖြင့် အခက်အခဲများစွာ ကြုံခဲ့ပြီး (၆)နှစ်ကြာမျှ အချိန်ယူခဲ့ရသည်။ မူလက ဇာတ်ကားအမည်ကို Rapunzel ဟုပင် ခေါ်ဝေါ်ရန် စီစဉ်ထားသော်လည်း ပရိသတ်များနှင့် ပိုမို၍ အကျွမ်းတဝင် ဖြစ်စေရန်အတွက် Tangledဟု အမည်ပြောင်းလဲဖြစ်ခဲ့သည်။

Walt Disneyက ထုတ်လုပ်သည့် အခု(၅၀)မြောက် ကာတွန်းရုပ်ရှင်သည် (၈၃)ကြိမ်မြောက် အော်စကာ ဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ဝင်သီချင်းဆုကို ရရှိခဲ့သည်။ 

_The Richest
7Day News Journal


ချင်းမိုင်မြို့က မြန်မာအလုပ်သမားတွေကို ဖမ်းဆီး

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယခင်သတင်းပတ်က ဖမ်းဆီးခံထားရသော မြန်မာ အလုပ်သမားများ
(ဓာတ်ပုံ – မန်းမျိုးမြင့်)

ဒီနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင် (ဇင်းမယ်) မြို့မှာ ထိုင်းစစ်တပ်၊ ထိုင်းရဲနှင့် ထိုင်းလ၀ကတွေ ပူးပေါင်းပြီး တရားမ၀င် မြန်မာ အလုပ်သမားတွေကို လိုက်လံရှာဖွေဖမ်းဆီးခြင်းကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ချင်းမိုင်မြို့တွင်းနဲ့ မနီးမဝေးက မြန်မာအလုပ်သမားတွေ အများဆုံးရှိတဲ့ ရပ်ကွက်တခုမှာ ဝင်ရောက်ဖမ်း ဆီးခဲ့ရာမှာ အထောက်အထားမဲ့ နေထိုင်သူ၊ ယာယီနေထိုင်ခွင့် စာရွှက်စာတမ်းဖြင့် နေထိုင်သူ၊ မူး ယစ်ဆေးသုံးစွဲသူ စုစုပေါင်း ဦးရေ ၃၀ ကို ဖမ်းဆီးခဲ့ပါတယ်။

အခုလို ဖမ်းဆီးတာဟာ တရားဥပဒေအရ ဖမ်းဆီးတာ ဖြစ်တယ်လို့ ထိုင်းရဲက ဆိုပါတယ်။ ဒါ့အပြင် တရားမဝင် ဆောက်လုပ်ထားတဲ့ အလုပ်သမားတွေ နေတဲ့ တဲအိမ်ငယ်လေးတွေကိုလည်း လုံခြုံရေးအရ ဖြိုခွဲ ဖျက်ဆီးခဲ့တာကိုလည်း ထိုင်းရုပ်သံတွေမှာ တွေ့မြင်ရပါတယ်။

အခုအချိန်မှာ မြန်မာအလုပ်သမားတွေ အများစုက ထိုင်းနိုင်ငံမှာ ၄ နှစ် နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသူတွေ ဖြစ်ကြပါတယ်။

ဗီဇာသက်တမ်း ပြန်လည်တိုးဖို့အတွက်ကို နှစ်နိုင်ငံအစိုးရက အတိအကျ ထုတ်ပြန်တာမရှိသေးတာ
ကြောင့် မြန်မာအလုပ်သမားတွေ ဆက်လက်နေထိုင်ရေးမှာ အခက်တွေ့နေတဲ့ အချိန် ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရေးမတည်ငြိမ်တာကြောင့် သက်တမ်းတိုးမယ့်ကိစ္စကို ထိုင်းဘက်က ရပ်ဆိုင်းထားသလို မြန်မာ အစိုးရဘက်ကလည်း ဗီဇာကိစ္စအတွက် နူတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို စစ်တပ်က အာဏာယူထားတဲ့ ကာလအတွင်း ထိုင်းနိုင်ငံမှာ ရှိနေတဲ့ တရားမဝင် အလုပ် သမားတွေကို ဥပဒေအရ မြို့နယ်တိုင်း ပြည်နယ်တိုင်းမှာ ပြင်းပြင်းထန်ထန် ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ် မှာ ဖြစ်တယ်လို့ သိရပါတယ်။


ငြိမ်းဇော် ~ ဧရာဝတီ

ကွန်ပျူတာကို မဟန်းအောင် အသုံးပြုမယ်

နေ့တိုင်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိသင့်တယ်ထင်လို့ မျှဝေလိုက် ရပါတယ်။ တစ်ချို့ကလည်း သိပြီး သား ဖြစ်ပါတယ်။ ကွန်ပျူတာ ဟန်းနေရင် အတော်လေး အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။

(၁) Window + R ကို တွဲပြီး နှိပ်ပါ။

(၂) ပေါ်လာတဲ့ အကွက်ထဲမှာ recent ကိုနှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၃) Window + R ကို တွဲပြီးနှိပ် တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ temp နှိပ်ပါ။ ပေါ်လာတဲ့ စာတွေ အားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။ 
 
(၄) Window + R ကို တွဲပြီး နှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ prefetch နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၅) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ %temp% နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအား လုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။ နေ့တိုင်းမလုပ်နိုင်ဘူးဆိုရင် တစ် ပတ်မှာ သုံးကြိမ် လေးကြိမ်လောက် လုပ်ပေးပါက စက် ဟန်းခြင်းကို သက်သာပါလိမ့်မယ်။


ကျော်လင်းနိုင် (ရိုးရာလေး)


ပြန်ပေးငွေ ညစ်လာတဲ့ Android ပေါ်က Malware ( ဗိုင်းရပ်စ် )



Malware ဆိုတာ ကွန်ပျူတာစနစ်နဲ့ ကန့်သတ်ထားတဲ့ သတင်း အချက်အလက် တွေကို နောက်ယှက်ဖို့ သုံးထားတဲ့ ဆော့ဝဲလ်တစ်ခုလို့ ယေဘုယျအားဖြင့် သတ်မှတ်နိင်ပါတယ်။
 
 အခုဖော်ပြမဲ့ သတင်းကတော့ မိတ်ဆွေတို့ရဲ့ မိုဘိုင်းဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အချက်အလက်တွေကို ခိုးယူမူပြုပြီး ဌင်းတို့ကို ဆုပ်ကိုင် ကာ ပြန်ပေးငွေ ညစ်လာနိင်တဲ့ Android malware အသစ်တစ်ခု တွေ့ရှိတယ် ဆိုတဲ့ အကြောင်းဖြစ်ပါ တယ်။ http://arstechnica.com/ ရဲ့ အဆိုအရ ထို Simplocker လို့ခေါ်ပြီး ဖုန်းအသုံးပြုသူတွေရဲ့ ဖုန်း အတွင်းရှိ ဓာတ်ပုံနဲ့ အခြား အရာတွေကို ခိုးယူ လော့ချထားပြီး ပြန်ပေးငွေအတွက် ပြန်လှယ် သိုလှောင် တဲ့ ဆော့ဝဲလ် တစ်ခုဖြစ်လာခဲ့ပါတယ်။ 
 
အခုအနေဖြင့် ဥရောပ အရှေ့ပိုင်းမှာ ရှိတဲ့ လူတွေဟာ အဓိက ပစ်မှတ်တစ်ခုအဖြစ် ရှိနေကြောင်း သိရပါတယ်။ ပို့စ်တင်ထားတဲ့ Screenshot ထဲမှာ ပါရှိချက်အရ hacker တွေဟာ ဒေါ်လာ ၂၀ နဲ့ ညီမျှတဲ့ ယူကရိန်ငွေကို တောင်းပြီး ဖုန်းကို လော့ ဖွင့်ပေးမယ်လို့ ပြောနေပါတယ်။ ထိုသို့ ငွေပေးချေ ပြီးတဲ့နောက် မှာတော့ ဖုန်းဟာ ပြန်လည် အသုံးပြုရန်အတွက် ၂၄ နာရီအတွင်း လော့ပွင့်မှာလို့ ဆိုပါတယ်။
 
 ပေးပို့လာတဲ့ မတ်ဆေ့တွေထဲမှတော့ ဖုန်းအသုံးပြုသူ တွေဟာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ဒေါင်းလုပ်ခ်တွေကို ပြုလုပ်တဲ့အတွက် ထိုသို့ဖြစ်တာပါလို့ အသုံးပြုသူတွေကို ပြန် စွပ်စွဲထားပါတယ်။ ထို malware တွေကို ဒီအတိုင်းဖယ်ပစ်ဖို့ကတော့ ဖုန်းရဲ့ safe mood မှာ ရှိနေတဲ့ အချိန် rebooting လုပ်လို့ ရနိင်တယ်လို့ သတင်းဌာနတစ်ခုကလည်း ဆိုပါတယ်။ သို့ပေမဲ့လည်း အသုံးပြု သူတွေရဲ့ အတွင်းရေးတွေကို ကာကွယ်ပေးထားနိင်တဲ့ encrypted ဖိုင်တွေကို ဆုံးရှုံးနိင်ပါတယ်။အကြောင်းကတော့ မော်ဝဲလ်ရဲ့ အထဲမှာ AES Key ကို ပြန်လှယ် ခုခံဖို့ အတွက် သိမ်းယူပြီးသွားလို့ပါ။ ဒီသတင်းကတော့ ပြီးခဲ့တဲ့ ရက်တွေဆီက သြစတြီးရီယားမှာ ရှိတဲ့ Apple အသုံးပြုသူတွေဟာ သူတို့ဖုန်း ဟာပြန်ပေးငွေတွေအတွက် ဟတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာပြီးနောက် ရောက်ရှိလာတာ ဖြစ်ပါ တယ်။ 
 
ဖုန်းကို unlock ဖြစ်ဖို့အတွက် Paypal အကောင့်တစ်ခုဆီကို ဒေါ်လာ (၅၀) ပို့ပါဟု စတဲ့ တိုက် တွန်းတဲ့ မတ်ဆေ့တွေဟာ သြစတြီးရီးယားမှာ ရှိတဲ့ i Phone, iPad, Mac သမားတွေဆီမှာ အမြောက် အမြား ရရှိခဲ့တာ ဖြစ်ပါတယ်။ " Find My Phone " ဆိုတဲ့ alarm ဟာလည်း တစ်ချိန်တည်းမှာပဲ တစ်အိအိ မည်နေတယ်လို့ သိရပါတယ်။ 
ရိုးရာလေး