19 Jun 2012

စက်ရုံအလုပ်သမားများ၏ အနိမ့်ဆုံးယာယီလစာကို ကျပ် ၅၆၇၀၀ ဟု အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်

 
 
အလုပ်သမား ၀န်ကြီးဌာနမှ စက်မှုဇုန်များရှိ စက်ရုံအလုပ်သမားများ၏ အနိမ့်ဆုံးယာယီလစာအား ကျပ် ၅၆၇၀၀ သတ်မှတ်လိုက်ကြောင်း၊ အမြန်ဆုံး ဆောင်ရွက်နိုင်ရန် လုပ်ငန်းရှင်များဘက်မှ အကောင်ထည်ဖော်ပေးရန် ၀န်ကြီးဌာနမှ မေတ္တာရပ်ခံခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ အနိမ့်ဆုံး ယာယီလစာ သတ်မှတ်ခြင်း အခမ်းအနားကို လှိုင်သာယာစက်မှုဇုန် ကနောင်မင်းသားကြီး ခန်းမတွင် ဇွန်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့ကာ အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ အနိမ့်ဆုံးယာယီလစာ အား (OT ကြေးမပါ) ကျပ် ၅၆၇၀၀ သတ်မှတ်လိုက်ကြောင်း၊ တရားဝင် အလုပ်သမားများမှာ ရှားပါးစရိတ်၊ Day ကြေး၊ ထုတ်လုပ်မှုစရိတ် အပိုကြေးစသည်တို့အား ထပ်မံခံစားခွင့်များ ရရှိမည်ဖြစ်ကြောင်း သိရသည်။ ယာယီ အခြေခံလစာ သတ်မှတ်ရန်အတွက် ဇွန်လ ၅ ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ရာ စက်မှုဇုန်များရှိ စက်ရုံများအား ကဏ္ဍအလိုက် ခွဲခြားကာ ယာယီ အခြေခံလစာကို သတ်မှတ်ပေးသွားမည်ဟု ဆိုသော်လည်း ယခုအခါ စက်မှုဇုန်များရှိ စက်ရုံများအား အနိမ့်ဆုံး ယာယီအခြေခံလစာကို တစ်ပြေးညီ သတ်မှတ်၍ စက်ရုံလုပ်ငန်းရှင်များလည်း ပါဝင်ဆောင်ရွက်ရန် မေတ္တာရပ်ခံခဲ့သည်။ ၀န်ကြီးဌာန တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့အနေနဲ့ အနည်းဆုံး အနိမ့်ဆုံးယာယီ အခြေခံလစာကို ဌာနပေါင်း ၃၈ ခုနဲ့ ညှိနှိုင်းပြီး သတ်မှတ်လိုက်ပါတယ်။ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့အတွက် စက်ရုံလုပ်ငန်းရှင်တွေက အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ လုပ်ငန်းရှင်တွေကို ၀န်ကြီးဌာနက သတ်မှတ်လိုက်တဲ့အတိုင်း ပြုလုပ်ဆောင်ရွက်ပေးသွားစေချင် ပါတယ်။ အတင်းအကျပ် တိုက်တွန်းတာ မဟုတ်ဘဲ မေတ္တာရပ်ခံခြင်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ အနည်းဆုံး ယာယီလစာ သတ်မှတ်ရန်အတွက် စက်ရုံလုပ်ငန်းရှင်များနှင့် ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် စက်ရုံ ၂၀ ကျော်ခန့် အဆင်ပြေမှုများ ရရှိခဲ့ကြောင်း၊ ယခင်က ဆန္ဒထုတ်ဖော်မှုများ မပြုလုပ်ခင်က စက်ရုံဝန်ထမ်းတစ်ဦး၏ အခြေခံလစာမှာ ကျပ် ၈၀၀၀ မှ ကျပ် ၃၀၀၀၀ ထိသာ ဖြစ်ကြောင်း သိရှိရသည်။ ဇူလိုင်လ ၄ ရက်နေ့တွင် စတုတ္ထအကြိမ်မြောက် ကျင်းပမည့် လွှတ်တော်တွင် အနည်းဆုံး အခကြေးငွေ ဥပဒေကို တင်ပြသွားရန် ရေးဆွဲပြီးနေကြောင်း၊ နိုင်ငံတကာ စံနှုန်းနှင့်အညီ အနိမ့်ဆုံး အခကြေးငွေကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိန်ခေါ်မှု စုပေါင်း ဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment