19 May 2014

တပ်မတော်အနေနှင့် အာဏာ မမက်မောကြောင်း ပြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_8416.html


မန္တလေး၊ မေ ၁၈

အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်များတွင် တပ်မတော်က အာဏာ မက်မောခြင်း မရှိကြောင်းပြရန် ပြည်သူလူထုအတွက် အကောင်းဆုံး အခြေခံဥပဒေ တစ်ရပ် ဖြစ်စေရန် ပြင်ဆင်ပေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသည်။

မေလ ၁၈ ရက်တွင် မန္တလေးမြို့ အောင်ပင်လယ် အားကစားကွင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြုလုပ်သော အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲနှင့် လူထုဆန္ဒလက်မှတ် ကောက်ယူရေး အခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခြေခံဥပဒေ ပြင်ဆင်တဲ့ နေရာမှာ တပ်မတော်က ကျုပ်တို့တွေ အာဏာ မက်မောလို့၊ အထူးအခွင့်အရေး မက်မောလို့၊ နေရာမက်မောလို့ လုပ်နေတာ မဟုတ်ဘူး ဆိုတာကို သက်သေ ထူလိုက်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ်လို့ ပြောပေမယ့် တစ်နည်းအားဖြင့် စိန်ခေါ်မှုလို့လည်း ပြောနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်သူလူထု၏ ထောက်ခံမှု ရယူထားခြင်းမ ရှိဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခရာကျသည့် ဆုံးဖြတ်ပိုင်ခွင့်များ ရယူထားခြင်း ကိစ္စကို တပ်မတော်သားများ ကိုယ်တိုင် ပြန်လည် သုံးသပ်သင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“တပ်မတော်ရဲ့ တာဝန်ဆိုတာ ပြည်သူကို ကာကွယ်ဖို့၊ တိုင်းပြည်ကို ကာကွယ်ဖို့၊ ပြည်သူကို အုပ်ချုပ်ဖို့လို့ ကျွန်မ ဘယ်တော့မှ မကြားဖူးပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ပူးပေါင်းကာ ၂၀၁၄ ခုနှစ် မေလအတွင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့၌ အခြေခံဥပဒေ ပုဒ်မ (၄၃၆) အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်းကို လွှတ်တော်ကတစ်ဆင့် ပြင်ဆင်ပေးရန် လူထုဆန္ဒ ကောက်ယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန်အတွက် မေလ ၂၇ ရက်နေ့ကနေ ဇူလိုင် ၁၉ ရက်အထိ လူထုဆန္ဒ လက်မှတ်များ ကောက်ခံသွားမည် ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ NLD ပါတီ ရုံးခန်းများတွင် သွားရောက် လက်မှတ်ရေးထိုးနိုင်ကြောင်း ကြေညာထားသည်။

NLD ပါတီက ယင်းသို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်း ပုဒ်မ (၄၃၆) ကို ပြင်ဆင်ရန် လှုပ်ရှားမှုများ ပြုလုပ်လျက် ရှိသော်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကမူ အဆိုပါ ပုဒ်မကို ထိန်းထိန်းသိမ်းသိမ်း ပြင်ဆင်သင့်ကြောင်း ၎င်း၏ မိန့်ခွန်းများအတွင်း အကြိမ်ကြိမ် ပြောဆိုထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံတော် အချုပ်အခြာအာဏာကို အထိခိုက်မခံဘဲ ဥပဒေဘောင် အတွင်းက ဆောင်ရွက်ရမည် ဖြစ်ကြောင်း မေလ ၁၅ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့ မြို့တော်ခန်းမ ၁ တွင် ပြုလုပ်ခဲ့သည့် ၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုညစာ စားပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သည်။
“ဒီကိစ္စတွေကြောင့် တိုင်းပြည် ဆူဆူပူပူဖြစ်ဖို့ ဘယ်သူမှ မလိုလားပါဘူး။ ကိုယ့်တိုင်းပြည် ဆူပူမှုဖြစ်ရင် ကိုယ့်တိုင်းပြည်ပဲ နစ်နာမှာပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

သို့သော် ပြည်ထောင်စုလွှတ်တော်ကမှု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီတစ်ရပ်ကို အဖွဲ့ဝင် ၃၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်သူ့လွှတ်တော် အမတ် ၁၀ ဦး၊ အမျိုးသားလွှတ်တော် အမတ် ၁၀ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇ ဦးတို့ဖြင့်၂၀၁၄ ခုနှစ် ဇန်ဝါရီလအတွင်းက ဖွဲ့စည်းခဲ့သည်။

The Voice Weekly

0 comments:

Post a Comment