24 Jun 2014

ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာအဖြစ် တရုတ်နိုင်ငံမှ Tianhe-2 ရပ်တည်နေ



ကမ္ဘာပေါ်တွင် တွက်ချက်မှု စွမ်းရည် အမြင့်မားဆုံး စူပါကွန်ပျူတာများအနက် တရုတ်နိုင်ငံမှ Tianhe-2 သည် ထိပ်ဆုံးနေရာမှ ဦးဆောင်ရပ်တည်နေကြောင်း သိရှိရသည်။

ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာ (၅၀၀)အနက် (၂၀)ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှဖြစ်ပြီး စူပါ ကွန်ပျူတာ နည်းပညာ နယ်ပယ်တွင် တရုတ်၏ ခြေလှမ်းကျဲကျဲ ဝင်ရောက်လာမှုကို ထင်ဟပ်စေသည်။ သို့သော်လည်း ကမ္ဘာ့မြန်နှုန်း အမြင့်ဆုံး စူပါကွန်ပျူတာများ စာရင်းကို အမေရိကန်က အဓိက လွှမ်းမိုး ထားဆဲဖြစ်ပြီး အဆိုပါ (၅၀၀)စာရင်းတွင် အမေရိကန်မှ စူပါကွန်ပျူတာ (၂၃၃)လုံးထိ ပါဝင်နေသည်။

အဆင့်မြှင့် မွမ်းမံမှုများ ဆက်တိုက်ပြုလုပ်နေသည့်နောက် Tianhe-2သည် တစ်နှစ်တာအတွင်း အမြန်ဆုံး စူပါကွန်ပျူတာများ စာရင်းတွင် ဒုတိယအကြိမ်မြောက်အဖြစ် ထိပ်ဆုံးမှ ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ Tianhe-2 ကွန်ပျူတာ၏ တွက်ချက်မှု စွမ်းရည်သည် 33.86 petaflop/s (quadrillions of calculations per second)ထိ ရှိနေကြောင်းလည်း သိရသည်။

Tianhe-2ကို တရုတ်အစိုးရက ပိုင်ဆိုင်ပြီး အမျိုးသား ကာကွယ်ရေး နည်းပညာ တက္ကသိုလ်တွင် သုတေ သနနှင့် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များဖြင့် တပ်ဆင်ထားရှိသည်။ လွန်ခဲ့သည့် (၅)နှစ်က IBM၏ Roadrunner စူပါကွန်ပျူတာက တွက်ချက်မှုစွမ်းရည် 1 petaflop/sထိ ရောက်ရှိခဲ့ပြီးနောက်ပိုင်း စူပါ ကွန်ပျူတာများ၏ မြန်နှုန်းသည် အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ Roadrunnerသည် စွမ်းအင်သုံးစွဲမှု များပြားလွန်းသဖြင့် (၂၀၁၃)ခုနှစ်တွင် ရပ်နားသွားခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ့ထိပ်တန်း စွမ်းဆောင်ရည် အမြင့်ဆုံး စူပါကွန်ပျူတာ (၅၀၀)တို့၏ စုစုပေါင်း တွက်ချက်နိုင်သည့် စွမ်းရည်မှာ 274 petaflop/sထိ ရှိနိုင်မည် ဖြစ်သည်။ ယင်းစာရင်းတွင် တရုတ်နိုင်ငံမှ စူပါကွန်ပျူတာ (၇၆)လုံး၊ ဗြိတိန်မှ အလုံး(၃၀)၊ ပြင်သစ်မှ (၂၇)လုံးနှင့် ဂျာမနီမှ (၂၃)လုံးတို့လည်း ပါဝင်ကြောင်း သိရှိရ သည်။ 


_Ref: BBC
7Day Daily
No.419 Tuesday, June 24, 2014


0 comments:

Post a Comment