သူမကိုစပြီး တွေ့လိုက်တာက ကျောက်ကုန်း
မီးပွိုင့်မှာ၊ တန်းစီနေတဲ့ ကားတန်းကြားမှာ
လသားအရွယ် ကလေးငယ်ကို ပွေ့ချီရင်း
သူမ၀မ်းရေး အတွက် တောင်းရမ်းနေရသူ၊
သူမလက်ထဲမှာ ချီထားတဲ့ လသားအရွယ် ကလေးကလည်း နေရောင်ပူပူအောက်မှာ လူးလွန့်ရင်း သူ့မအေ လက်ပေါ်မှာ တအီအီငိုယိုလျှက်။ သူမကတော့ အကျီင်္ခပ်ပါးပါး အနွမ်းနဲ့ လုံခြည်အနွမ်း တစ်စုံ
ဝတ်ဆင်ရင်း ဦးထုတ်အဟောင်းလေးကို ခပ်ငိုက်ငိုက် ဆောင်းထားကာ ပလပ်စတတစ်အိတ်
အမာနှစ်လုံးကို တံတောင်ဆစ်နား အထိရောက်မတတ် ချိတ်ဆွဲထားရင်း
ကားများကြားမှာ ချွေးသံများဖြင့် တောင်းရမ်းနေလျက်။
ဒါပေမယ့် သူမဟာ တောင်းရမ်း သူစစ်စစ်များကဲ့သို့ အုပ်စုဖွဲ့
တောင်းရမ်းနေသူလည်း မဟုတ်သလို သူမ တောင်းရမ်းနေတာကလည်း လအနည်းငယ်သာ
ရှိနေသေးကြောင်းနှင့် သူမအတွက်တော့ ကျောက်ကုန်း မီးပွိုင့်ဆိုတာ သူ့ရဲ့
ကိုယ်ပိုင် တောင်းရမ်းရာ နေရာတစ်ခုလို ဖြစ်လို့နေသည်။
ဒီလိုတောင်းရမ်းရင်းမှ တစ်နေ့တာ အတွက် သူမအဖို့ လုံလောက်သည်နှင့်
သူမကလေးကို ချီကာ အိမ်ပြန်တော့သည်။ သာမာန်အားဖြင့် သူမကို ကြည့်လျှင်တော့
ငွေအရလွယ်လမ်းကို လိုက်ကာ တောင်းရမ်းစားသောက်၊ အိမ်ပြန်၊ ဒီလောက်ပင်။
သူမဘ၀မှာ စိတ်ဝင်စားစရာ မကောင်းသလို စိတ်ပျက်စရာ မြင်ကွင်းတစ်ခုလို့
ထင်မြင်စရာပင်။ သို့သော် သူမရဲ့ နောက်ကွယ်က အကြောင်းအရာတွေကတော့
အင်မတန်မှကို စိတ်ဝင်စားစရာ ကောင်းလှသည်။
သူမကတော့ အသက်(၂၀)အရွယ်သာ ရှိနေသေးသော မနှင်းဝေခိုင်ဆိုသူ ဖြစ်ကာ သူမရဲ့ဘ၀ အကြောင်းအစကိုတော့ အခုလို ပြောပြရင်း အစပြု ခဲ့ပါတယ်။
“ကျွန်မ ယောင်္ကျားသာ မသေခဲ့ရင် ကျွန်မတို့ မိသားစု အခုလိုဖြစ်မှာ မဟုတ်ဘူး၊
အခုလို တောင်းရမ်း ရတာ အရမ်းလည်း ကြောက်တယ်၊ စည်ပင်ရဲတွေ ဖမ်းမှာလည်း
တအားကြောက်တယ်၊ တစ်ခါတလေတော့ အမျိုးသားကိုပဲ သတိရမိတယ်၊ သူက
အုပ်သဲကျောက်တွေ သယ်တယ်၊ ကျွန်မမီးဖွားပြီးစ အချိန်မှာပဲ သူဆုံးတာ၊
အုတ်သဲကျောက်သယ်တဲ့ ကားပေါ်ကကျတယ်လို့ ပြောတယ်၊ အဲ့ဒီလို သေသွားလို့ဆိုပြီး
အဲ့ဒီ အုတ်သဲကျောက် လုပ်ငန်းက ကျပ်(၁၅၀၀၀) လာပေးသွားတယ်။ နာရေးကိစ္စ
သူတို့လုပ်မယ်လို့ လာပြောတယ်၊ အမျိုးသားနဲ့ ပတ်သက်သမျှ အဲ့ဒီလိုမျိုးပဲ
သိလိုက်ရတယ်၊ ကိုယ့်မှာငိုရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး”လို့
ပြောပြပါတယ်။
လူတစ်ယောက်လုံး အလုပ်လုပ်ရင်း သေသည်ကို ပိုက်ဆံတစ်သောင်းခွဲဖြင့်
တန်ကြေးပေးခဲ့သော ဖြစ်ရပ်မှာထူးဆန်းအံ့သြဖွယ် ကောင်းနေသလို၊
နေ့စားအလုပ်သမားများ အတွက် သူတို့၏ အသက်မှာ (၁၅၀၀၀)ကျပ်ပင် တန်သလော..
ဆိုသည်ကိုလည်း မေးခွန်းထုတ်စရာ ကောင်းနေသည်။ အုတ်သဲ ကျောက် ကားပေါ်မှ
ပြုတ်ကျကာ အသက်ဆုံးပါး ခဲ့ရသည်ဟုဆိုသော သူမအမျိုးသားမှာ အရွယ်ကောင်း၊
အသက်(၂၀)ခန့်သာ ရှိနေသေးကာ အမည်မှာ ကိုဝေယံဦး ဖြစ်တယ်လို့ သိရပါတယ်။
"ကျွန်မ အခုလို လုံးဝမတောင်းချင်ဘူး၊ ဘယ်တုန်းကမှလည်း
ဒီအလုပ်လုပ်ရလိမ့်မယ်လို့ မတွေးမိခဲ့ဘူး၊ ဒါပေမယ့် ကျွန်မမှာ
တစ်နှစ်နဲ့ခြောက်လ အရွယ် သားလေးကလည်း ရှိနေတယ်၊ သူကိုနို့မှုန့်တိုက်ဖို့
အတွက် ကျွန်မအခုလို ရှာရတာပါ။ ကျွန်မအတွက်က ထမင်း တစ်နပ်ကို ထမင်း(၁၀၀)၊
ဟင်း(၁၀၀)ဖိုးဆို လောက်ငှနေပါပြီ။ အခုလို တောင်းရင်းနဲ့ပဲ
အိမ်မှာကျန်ခဲ့ရတဲ့ သားလေးကို စိတ်ပူနေရတယ်။ ဒါ့ကြောင့် ကျွန်မလည်း ညနေ(၂)
နာရီလောက် အထိပဲ တောင်းတယ်၊ ပြီးရင် နို့မှုန့်တွေ ၀ယ်ပြီး
အိမ်ပြန်ပြေးရတယ်”ဟု သူမ၏ နေ့စဉ် ဘ၀ တစ်ချို့တစ်ဝက်ကို ပြောပြခဲ့ပါတယ်။
သူမအား စတင် စကားပြောဖို့ စီစဉ်ချိန်မှာပဲ ထမင်းစားပါလားလို့ ပြောရင်း
ဆိုင်ထဲခေါ်ပြီး ထမင်းကျွေးရင်း မေးမြန်းဖြစ်ခဲ့ပါတယ်။ သူမက စကားပြောရင်း
ထမင်း တစ်လုပ်စားရင်း၊ သူမရဲ့ ပေါင်ပေါ်က ကလေးကို လှုပ်ကာချော့ရင်းဖြင့်
အလုပ်များနေပါတယ်။ ဒါပေမဲ့ သူမဟာ သူမ စားနေသော အစားအသောက်ပေါ် စိတ်ဝင်စားမှု
လုံးဝမရှိပဲ၊ သူမဘ၀ အကြောင်းကိုပဲ မမောတမ်းတွင်တွင် ပြောပြနေပါတယ်။
“အိမ်မှာ ကျန်ခဲ့တဲ့ သားလေးရော၊ သမီးလေးရော နို့မှုန့်ပဲစို့တာ၊
သူတို့နို့မှုန့်ဖိုးက အရမ်းများတယ်၊ တော်တော် မခံနိုင်ဘူး၊ ဒါပေမယ့်
ကိုယ်ကနို့မှ မထွက်တာ သူတို့ကို အဲ့ဒီအာဟာရလေးတော့ ဆက်ကျွေးချင်လို့
မဖြတ်ပဲထားထားတာ၊ အိမ်မှာ သားလေးကို အိမ်နီးချင်းက ကြည့်ပေးတယ်၊ တစ်နေ့
တစ်ထောင်ကျော် ကလေး ကြည့်ခပေးရတယ်၊ ပြီးတော့ အိမ်လခကလည်း တစ်လ (၅၀၀၀)
ပေးရပါတယ်၊ ကျွန်မတို့နားက တော်တော်များများက အဆင်မပြေကြသူတွေချည်းပဲ
ဆိုတော့ အိမ်တွေမှာ အ၀တ်လျှော်ဖွတ်၊ လိုက်လုပ်ဖို့ ကျပြန်တော့လည်း အဲ့ဒီလို
ခိုင်းမယ့်သူ မရှိဘူး”လို့ သူမက သားသမီးတွေနဲ့ သူမရဲ့ဘ၀ အကြောင်းကို
ပြောပြနေချိန်မှာ အသက် (၃)လသာရှိ နေသေးသော သူမ ပေါင်ပေါ်က ကလေးဟာ
မအေစားနေတဲ့ ထမင်းပန်းကန်ကို စိုက်ကြည့်ပြီး တအားကို အော်နေလို့ ကလေးငယ်ကို
ထမင်း အနည်းငယ်ဝါးပြီး ပါးစပ်ထဲ ထည့်ပေးလိုက်မှပဲ ကလေးဟာ
အံ့သြဖို့ကောင်းအောင် ချက်ချင်း တိတ်ဆိတ်သွားပြီး ခပ်ပြုံးပြုံးလေး
ဖြစ်လာရင်းနဲ့ သူ့အမေကျွေးနေတဲ့ ထမင်းတွေကို အတင်းပဲ မျိုချနေပါတော့တယ်။
သူမ ဆက်ပြောပြခဲ့တဲ့ သူမဘ၀ရဲ့ အကြောင်းတွေကတော့ သူမရဲ့ အမျိုးသားဟာ သူမ
မီးဖွားပြီး နှစ်ရက်မြောက်နေ့မှာပဲ ကွယ်လွန်ခဲ့တာဖြစ်တယ်။ ယင်းသတင်းကြောင့်
သူမမှာ အထိတ်တလန့် ဖြစ်ပြီး နို့လည်သွားတော့ နို့တွေ လုံးဝ မထွက်တော့ဘူး။
သူမတို့ နေထိုင်တဲ့ နေရာက ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊
(၁၃၃)ရပ်ကွက်၊ ဈေးအနီး အိမ်တစ်အိမ်ရဲ့ နောက်ဖေးမှာ အဖီအတွဲလေးဆွဲပြီး
နေတာဖြစ်တယ်။ တစ်လကို (၅၀၀၀)ကျပ်နဲ့ သူမရဲ့ အမျိုးသားရှိကတည်းကပင်
ငှားရမ်းနေထိုင်ခဲ့တာလို့ သိရပါတယ်။
“အခုနေတဲ့ အိမ်က အမျိုးသား မဆုံးခင် ကတည်းက သူငှားပေးထားတာ၊ တစ်လကျပ်(၅၀၀၀)
ပေးရတယ်။ သူ့ပဲအားကိုးပြီး နေနေရတာ။ အခု ရန်ကုန်ရောက်တာမှ တစ်နှစ်ပဲ
ရှိနေသေးတယ်။ သူရှိတုန်းကလည်း ဘယ်မှ သိပ်မသွားတတ်ဘူး။ အလုပ်လည်း
မလုပ်တတ်ဘူး၊ အခုတောင် ကိုယ်နေတဲ့နေရာကနေ ဒီကိုကား တစ်ဆင့်တည်း
ရောက်လို့လာတတ်တာ။ ဒီနေရာကနေ ဘယ်မှကို မသွားတတ်ဘူး။
သူရှိနေတုန်းက သူက တစ်နေ့ (၂၅၀၀) ဈေးသုံးပေးတယ်။ သားလေးနဲ့ ကိုယ့်အတွက်ပဲ
ဆိုတော့ လောက်င..တယ်။ သူဆုံးသွားပြီ ဆိုတော့ တစ်ကယ်ကို ဘာလုပ်ရမှန်း
မသိအောင် စိတ်ဆင်းရဲတာ။ ကိုယ်ကလည်း ကလေးမွေးထားတာ ရက်ပိုင်းပဲ ရှိနေသေးတော့
ထလည်း မထနိုင်။ ဘယ်မှလည်း မသွားနိုင်။ ပြီးတော့ ဆုံးပြီဆိုတာပဲ သိရပြီး
သူ့ရဲ့နောက်ဆုံး မျက်နှာကို မမြင်လိုက်ရသလို၊ သူ့ဈာပနလည်း သူတို့က
လုပ်ပေးမှာ ဆိုပြီး ပြီးသွားတယ်”လို့ ပြောပြရင်း မျက်ရည်များ လည်လာသူကတော့
မနှင်းဝေခိုင်ပဲ ဖြစ်ပါတယ်။
သူမဟာ ယခုမှ အသက်(၂၀)ထဲ ၀င်ရောက်စ ဖြစ်ပေမဲ့ လောကဓံရဲ့
ထုထောင်းခြင်းတွေကြောင့် ရောက်ရှိအသက်ထက် ပိုပြီးကြီးရင့်နေသလို ထင်ရပါတယ်။
သူမရဲ့ ကလေးနှစ်ယောက် အတွက် တတ်အားသရွှေ့ ရုန်းကန် ကျွေးမွေးသွားမယ်လို့
ထမင်းစားရင်းမှာပဲ သူမ ထပ်မံပြောပြခဲ့တဲ့ စကားကြောင့် နားထောင်နေရတဲ့
လူတောင်မှပဲ မျက်ရည်လည်လာခဲ့ရပါတယ်။
“ကျွန်မ အခုလို အသားဟင်းနဲ့ မစားရတာ ကျွန်မယောင်္ကျားဆုံးပြီး ကတည်းကပါ။
အခုလို စားရပြန်တော့ ကျွန်မ သားလေးကို သတိရလွန်းလို့ ကျွန်မ မျိုမကျဘူး။
တစ်ကယ်ကို စားမ၀င်တော့လို့ပါ”လို့ပြောရင်း တစ်ဝက်သာသာလောက် ကျန်နေသေးတဲ့
ထမင်းနှင့်ဟင်းကို ဒီအတိုင်း ထားပစ်ခဲ့တာကို တွေ့ရတယ်။
သူမ မပြန်ခင်မှာပင် နောက်ဆုံးသိလိုတဲ့ မေးခွန်းတစ်ခု အတွက် သူမအဖြေက
စိတ်ဝင်စားစရာ ကောင်းသလို အဲ့ဒီလို ပြောပြနေချိန်မှာ သူမရဲ့ မျက်လုံးတွေဟာ
သိသိသာသာ အရောင်တွေ တောက်ပလာတာကို မြင်တွေ့ခဲ့ရတယ်။
“ကျွန်မက ဈေးရောင်းတတ်တယ်။ ကျွန်မ သားသမီးတွေ အတွက် ဒီအလုပ်က သူတို့အတွက်
မကောင်းနိုင်ဘူးဆိုတာ သိတယ်။ သူတို့ မသိတတ်ခင်မှာ ဒီအလုပ်ကို
ပြောင်းပစ်ချင်တယ်။ အခုချိန်မှာ ကျွန်မက သားသမီးတွေ အတွက် ဘာမဆို
ကြိုးစားလုပ်ချင်တယ်။ အခုလို အလုပ်လုပ်တာ အိမ်နားက လူတွေကို မပြောပြဘူး။
ကျွန်မ ဈေးရောင်းချင်တယ်။ ကျွန်မ မတောင်းစားချင်ဘူး”
သူ့ရဲ့ နောက်ဆုံးကြီးမားတဲ့ မျှော်လင့်ချက်ကတော့ ငွေကျပ် သောင်းဂဏာန်းလောက်နဲ့