21 May 2014

ပြည်တွင်းဘဏ်များ အွန်လိုင်းငွေပေးချေမှုစနစ် စတင်



ပြည်တွင်း ပုဂ္ဂလိကဘဏ်များအနေဖြင့် Internet Banking စနစ်ကို အသုံးပြု၍ အွန်လိုင်းငွေပေးချေမှုများကို စတင် ၀န်ဆောင်မှုပေးနေပြီဖြစ်သည်ဟု ပြည်တွင်းဘဏ်အချို့က မဇ္ဈိမကို ပြောသည်။

ပြည်တွင်းဘဏ် တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်အနေဖြင့် အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ၀န်ဆောင်မှုပေး ရန် ဗဟိုဘဏ် ခွင့်ပြုချက်ရထားပြီးဖြစ်ကာ မေလအတွင်းက စတင်လုပ်ကိုင်ဆောင်ရွက်နေပြီ ဖြစ်သည်ဟု ဘဏ်၏ ဒု-အထွေထွေ မန်နေဂျာ ဦးသက်ကိုကိုမျိုးက ပြောသည်။

ဦးသက်ကိုကိုမျိုးက “လက်ရှိမှာတော့ နိုင်ငံတကာက ငွေပေးချေမှုကတ်တွေနဲ့ပဲ အွန်လိုင်းငွေပေးချေမှုကို အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးတာပါ။ ကျွန်တော်တို့ ဘဏ်တွေအနေနဲ့ ချိတ်ဆက်ထားတဲ့ အရောင်း ဆိုင်တွေ၊ ဟိုတယ်တွေ၊ လေယာဉ်လက်မှတ် ၀ယ်ယူတဲ့ နေရာမျိုးတွေမှာ ပေးချေနိုင်မှာပါ။ အရောင်း ဆိုင်နဲ့ ဈေးဝယ်သူကြားမှာ ငွေပေးချေပေးတဲ့ အွန်လိုင်း Payment Gateway ပုံစံမျိုးသွားတာပါ” ဟု ဆိုသည်။

Internet Banking စနစ်သည် ဘဏ်လုပ်ငန်းအားလုံးကို အင်တာနက် ၀က်ဘ်ဆိုဒ်မှတစ်ဆင့် ဆောင် ရွက်ခြင်းများ ပြုလုပ်နိုင်ပြီး အွန်လိုင်းငွေပေးချေမှု လုပ်ငန်းများနှင့်ပါ ချိတ်ဆက်ထားခြင်း ဖြစ်သည်။

အဆိုပါ Internet Banking စနစ်ကို မကြာမီဝန်ဆောင်မှုပေးရန် ဆောင်ရွက်နေပြီဟု ပြည်တွင်းဘဏ် တစ်ခုဖြစ်သည့် စီဘီဘဏ်၏ ဒု-အထွေအထွေ မန်နေဂျာ ဦးဇေယျာအောင်က ပြောသည်။

ဦးဇေယျာအောင်က “Internet Banking ၀န်ဆောင်မှုပေးနိုင်ဖို့ လုပ်နေပါတယ်။ ဒီစနစ်မှာ ကျွန်တော်တို့ ဘဏ်စနစ်တွေအားလုံးကို အွန်လိုင်းပေါ်ကနေ အလွယ်တကူ ဆောင်ရွက်နိုင်လိမ့်မယ်။ အကောင့် ပိုင်ရှင်တွေကလည်း ငွေလွှဲတာ၊ ငွေစာရင်းစစ်တာကအစ အွန်လိုင်းမှာ ၀င်ရောက်ကြည့်ရှု စစ်ဆေးနိုင် လိမ့်မယ်” ဟု ပြောသည်။

Internet Banking စနစ်ကို အသုံးပြုရာတွင် ဘဏ်အနေဖြင့် Internet Banking ၀က်ဘ်ဆိုဒ်ကို လွှင့်တင် ထားရမည်ဖြစ်ပြီး အသုံးပြုသူများအနေဖြင့် အဆိုပါ ၀က်ဘ်ဆိုဒ်တွင် အကောင့်နာမည်၊ လျှို့ဝှက် နံပါတ် များဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

အဆိုပါ ၀န်ဆောင်မှုဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်မည့်အပြင် ကုန်ရောင်းကုန်ဝယ် အခွန်များ၊ မီတာခ၊ ဖုန်းဘီလ် ဖြည့်သွင်းခြင်း စသည့်လုပ်ငန်းများကိုလည်း အွန်လိုင်းမှ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ဦးဇေယျာအောင်က“အခွန်အခပေးတာမျိုးတွေကို အွန်လိုင်းအကောင့်ကနေ တစ်ဆင့် ပေးချေလို့ ရသလို ဈေးဝယ်စင်တာတွေ၊ ကုန်ရောင်းကုန်ဝယ်တွေမှာ ငွေပေးချေမှုမျိုးကိုလည်း ဆောင်ရွက်လို့ရမှာပါ။ အခုလည်း စီဘီဘဏ်ရဲ့ ငွေပေးချေမှုကို အသုံးပြုနိုင်မယ့် ဆိုင်တွေ၊ နေရာတွေကို ချိတ်ဆက်မှုတွေ လုပ်နေပါ တယ်” ဟု ပြောသည်။

ထို့ပြင် ကျေးလက်ဒေသအထိ ငွေပို့ ငွေလွှဲခြင်းများပြုလုပ်နိုင်မည့် Mobile Banking စနစ်ကို စတင် သုံးဆွဲမှုများ ပြုလုပ်နေပြီဖြစ်သည်ဟုလည်း စီဘီဘဏ်၏ မန်နေဂျာ ဦးအုန်းသိန်းဦးက ပြောသည်။

Internet Banking သည် ၀က်ဘ်ပေါ်တယ်မှ တစ်ဆင့် ဘဏ်လုပ်ငန်းများ၊ ဈေးရောင်းဈေး ၀ယ်ခြင်းနှင့် ငွေပေးချေမှုများအတွက် အသုံးပြုနိုင်ပြီး မိုဘိုင်းဖုန်းဖြင့် အသုံးပြုနိုင်သည့် Mobile Banking စနစ်သည် ကျေးလက်ဒေသအထိ အေးဂျင့်များမှ တစ်ဆင့် ငွေထုတ်၊ ငွေလွှဲခြင်းများ အထိ ဆောင်ရွက်နိုင် မည်။

Mizzima News

ဓမ္မတာချိန် အမျိုးသမီးတွေ တွေးလေ့ရှိတဲ့ အရာများ



အမျိုးသမီးတွေဟာ ဓမ္မတာရက်အတွင်းမှာ စိတ်အလိုမကျဖြစ်တာမျိုးတွေ၊ အကြောင်းမရှိ ၀မ်းနည်းတတ်တာမျိုးတွေ၊ အလုပ်မှာ အဆင်မပြေတာမျိုးတွေ ရှိတတ်ကြပါတယ်။ တစ်လမှာတစ်ခါ စိတ်ချုပ်တည်းမှုတွေ၊ နာကျင်ကိုက်ခဲမှုတွေ ကြုံတွေ့ရမြဲဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ရာသီလာချိန်ခံစားရဲ့ဖီလင်နဲ့ အတွေးတွေကတော့ တူညီနေတတ်ပါတယ်။ ဒါ့ကြောင့် သူတို့ဒီလိုခံစားမှုတွေ ရှိနေချိန် ဘေးနားက လူတွေရဲ့ နားလည်မှုနဲ့အားပေးမှုကို လိုအပ်ကြပါတယ်။ ဒီလိုအချိန်တွေမှာ သူတို့တွေးလေ့၊ ခံစားရလေ့ရှိတဲ့ အရာတွေကတော့

၁။ ကြည့် ဒီလိုနေ့မျိုးမှ ရာသီလာရသလား။ ခရီးသွားမယ့်ရက်နဲ့တော့ တိုက်ပါပြီ။

ခရီးတစ်ခုခုသွားတော့မယ်ဆို အဲ့ဒီရက်က ရာသီလာမယ့်အချိန်နဲ့မှ လွတ်ရဲ့လား။ ကွက်တိဖြစ်နေပြီလား ဆိုတာလည်း စဉ်းစားရတာအမောပါ။ ရက်တိုက်ပြီဆိုရင်တော့ အမျိုးသမီးတွေအတွက် စိတ်ပျက်ရပြီပေါ့။

၂။ရာသီလာရမယ့်နေ့ဖြစ်နေပြီ။ ရက်တွေနောက်ကျသွားတာလား ဒါမှမဟုတ် ကိုယ်ဝန်တွေ ဘာတွေများရှိနေပြီလား။

ရည်းစားချစ်သူရှိတဲ့သူ၊ ကိုယ့်ရည်းစားနဲ့အတူနေပြီးသွားတဲ့ မိန်းကလေးတွေရဲ့ ဆိုက်ကို ပါပဲ။ လာမယ့်ရက်ထက် နောက်ကျနေပြီဆို ခေါင်းခြောက်စရာကိစ္စတွေ ဖြစ်လာပြီပေါ့။

၃။ဗိုက်တွေ တစ်ချိန်လုံးအောင့်ပြီး နေလို့မကောင်းဘူး။ ဘယ်လိုလုပ်ရပါ့မလဲ။

သူငယ်ချင်းတွေနဲ့ ပါတီလား၊ နိုး မသွားနိုင်ပါဘူး။ မွေးနေ့ပွဲလား။ ဖြစ်နိုင်ရင် မလာပါရစေနဲ့။ ဗိုက်တွေက တစ်ချက်ချက်ထိုးအောင့်လာတာ မခံစားနိုင်ဘူး ဆိုတာမျိုးကလည်း အမျိုးသမီးတွေ ဓမ္မတာအတွင်း ခံစားရတဲ့ ဝေဒနာပေါ့။

၎။စားရတာလည်း ဘာမှအရသာမရှိတော့သလိုပါပဲလား။

တစ်ခုခုစားမိတိုင်းလည်း အရသာမရှိသလိုလို၊ စားချင်စိတ်မရှိသလိုလိုနဲ့ စိတ်ကအလိုလို ထိုင်းမှိုင်းနေတတ်ပါတယ်။

၅။ဘာဝတ်ဝတ် တစ်ခုမှ အဆင်မပြေဘူး။ ၀တ်စရာလည်း မရှိတော့ဘူး။

အပြင်သွားခါနီး ဘာအင်္ကျံဝတ်ရမှန်း မသိတာမျိုး၊ ၀တ်တိုင်းလည်း အဆင်ပြေတယ်လို့ မခံစားမိတာမျိုးတွေကြောင့် စိတ်ရှုပ်ရတာမျိုးတွေ ဖြစ်တတ်ပြန်ရော။

၆။ကြည့်လိုက်တိုင်းဇာတ်ကားတွေကလည်း စိတ်မကောင်းစရာချည်းပဲ။ ငိုပဲငိုနေရတော့တာပဲ။

ဓမ္မတာရက်အတွင်း မိန်းကလေးတွေဟာ စိတ်အားငယ်တာ၊ ၀မ်းနည်းနေတတ်တာမျိုးတွေ ဖြစ်နေတတ်တာမို့ အရင်တုန်းက အားငယ်စရာလို့ မခံစားမိတဲ့အရာတွေကိုတောင် ၀မ်းနည်းစရာလို့ မြင်နေတတ်ပါတယ်။

၇။GYM ဘယ်လို့သွားဆော့ရတော့မှာလဲ။

ဒီလိုအချိန်မှာ ဘယ်သူက လေ့ကျင့်ခန်းလုပ်ချင်မှာလဲနော်။

၈။ရာသီလာတာရပ်သွားပြီလို့ ထင်တာ ဟာ မပြီးသေးဘူး။ သေချင်တယ်။

ကိုယ်က ရာသီပြီးသွားပြီအမှတ်နဲ့ အေးဆေးနေလိုက်ကာမှ မပြီးသေးမှန်းသိသွားရလို့ စိတ်ပျက်သွားရတာမျိုးကလည်း အာရုံနောက်စရာတစ်မျိုးပါပဲ။

၉။ခုတော့ လွတ်လပ်သွားပြီ။ ပျော်စရာကြီး။

ဓမ္မတာပြီးသွားတဲ့အချိန် ခံစားရတဲ့ လွတ်လပ်ပျော်ရွှင်မှုဟာ အမျိုးသမီးတွေအတွက်တော့ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့အရာပါပဲ။

၁၀။ဟာ ရက်ကနီးလာပြီ။ ဆောင်စရာရှိတာတွေ ဘယ်သွားသွားယူသွားမှဖြစ်မယ်။

စိုးရိမ်ပူပန်စရာတွေထဲမှာ ရာသီလာခါနီး ဘယ်သွားသွား စိတ်မဖြောင့်တာမျိုးကလည်း တစ်ခုအပါအ၀င်ပေါ့။ ဘယ်သွားသွား အမျိုးသမီးသုံးပစ္စည်းတွေ ထည့်သယ်သယ်သွားနေရတာကိုက အာရုံနောက်စရာပေါ့။

Ref:womenshealthmag.com
Trend Myanmar

ဗြောင်လိမ်ဗြောင်စား သတင်းများ



(တိုးမောင်)

ကျွန်တော် မကြာသေးမီက ပဲခူးတိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူးရွှေမော်ဓော ဘုရားပေါ်ကို ဘုရားတက်ဖူးပုံနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရွှေသာလျောင်း ဘုရားဖူးပုံ နှစ်ခုကို နှိုင်းယှဉ်ပြီး ရေးမိပါတယ်။ စကတည်းက နှိုင်းယှဉ်ပြောမိတာကို တောင်းပန်ပြီးသား။ မိတ်ဆွေတွေက မနှိုင်းသင့်တာ နှိုင်းရမလား ဆိုပြီး ဖုန်းနဲ့ အပြစ်တင်ကြတယ်။ ကျွန်တော်ကတော့ ရိုးသားစွာ ယှဉ်ပြမိတာကို မှားရင် ခွင့်လွှတ်ဖို့ တောင်းပန်ရုံက လွဲပြီး ဘာမှ မတတ်နိုင်ပါဘူး။

ကိစ္စက ပြီးသွားပြီလို့ ထင်နေချိန်မှ မေလ ၁၆ ရက်နေ့ထုတ် နိုင်ငံတော်ပိုင် သတင်းစာတွေကနေ ကဆုန်လပြည့် ဝန်ကြီးချုပ်နဲ့အဖွဲ့ ညောင်ရေသွန်းလောင်းတာကို သတင်းမှားနဲ့ တုံ့ပြန်ပြီး ပြည်သူကို ထပ်စော်ကားတော့ ဒီတစ်ကြိမ်မှာ ပြည်သူ့နားရွက်ကို တံတွေးဆွတ်ရုံသာမက ပြည်သူ့မျက်နှာကို မီဒီယာက တစ်ဆင့် တံတွေးနဲ့ ဝိုင်းထွေးလာတဲ့အတွက် မခံချင်စိတ်နဲ့ ထပ်ရေးမိပါတယ်။

ဒီနေရာမှ အဲဒီနိုင်ငံပိုင် သတင်းစာကနေ ဖော်ပြထားတဲ့ ဂေါပက အတွင်းရေးမှူး ဦးကြည်ဝင်း ဆိုသူရဲ့ ပြောကြားချက်ကို ထပ်လောင်း တင်ပြလိုပါတယ်။
“ဝန်ကြီးချုပ်တို့က ကားပါကင်မှာ ရပ်ပြီး စေတီရင်ပြင်တော်ကို ခြေလျင် ပတ်တက်တာပါ။ ဒီနှစ် ဝန်ကြီးတွေရော၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တော်တော်များများ လာကြပါတယ်။

အဲဒါကြောင့် ကားများသွားပြီး တန်းစီသလို ဖြစ်သွားတာပါ။ ဝန်ကြီးချုပ်ကား ပြန်အဆင်းမှာ ရှင်လောင်း လှည့်လာတာကို တွေ့လို့ ဦးစားပေးလိုက်တော့ ကားတွေက တန်းစီသလို ဖြစ်သွားတာပါ။ သက်ကြီးရွယ်အို လမ်းမလျှောက်နိုင်တဲ့ သူတွေကိုလည်း ဂေါပကရုံးရှေ့မှာ ကားခဏ ရပ်နားထားဖို့ ခွင့်ပြုပေးထားတာ ရှိပါတယ်။ ကားတွေက ကျောက်ပန်းတောင်း ဓမ္မာရုံရှေ့မှာ ကားကျပ်နေလို့ ဒီလိုဖြစ်သွားတာပါ။

ကျန်အချိန်တွေမှာ ကားမဝင်ရ ဆိုပြီး ပိတ်ထားပါတယ်။ ဒါပေမဲ့ ဂေါပကကို သတင်းပို့တဲ့အခါ ဥပမာ အရေးကြီးတဲ့ နိုင်ငံခြားဧည့်သည်တွေ လာမယ် ဆိုရင်လည်း ခွင့်ပြုပေးထားပါတယ်။ ကားနဲ့ စေတီရင်ပြင်အထိ တက်တယ်လို့ အင်တာနက်မှာ ပျံ့နှံ့နေတာ တကယ်ကို ကြားလို့ မကောင်းပါဘူး။ အကြောင်းအရာကို သေချာမသိတဲ့ ပြည်သူတွေက အထင်လွဲကြမှာပေါ့။

ဒီလို မဟုတ်မမှန် လုပ်ကြံ ပြောကြတာကို ရပ်တန်းက ရပ်စေချင်ပါတယ်” တဲ့ဗျာ။ ကဲ ဘုရားဂေါပကပါ ပြည်သူကို စစ်လေသံနဲ့ ခြိမ်းခြောက်လာတာ ကြားလို့မှ တော်သေးရဲ့လား။

ပြီးတော့ သတင်းမှာ “မြောက်ဘက်မုခ်မှ ဝန်ကြီးချုပ်နှင့်အဖွဲ့ စတင် တက်ရောက်လာစဉ်” ဆိုပြီးတော့ ကော်ဇောနီပေါ်ကို လျှောက်လာတဲ့ တိုင်းဝန်ကြီးချုပ်ကို ဓာတ်ပုံနဲ့တကွ ဝါဒဖြန့်ပြီး ရှေ့နေ လိုက်ပေးထားတာလည်း တွေ့ရတယ်။

ဒီနေရာမှာ မေးစရာ ဖြစ်လာတာက ကဆုန်လပြည့်နေ့က Facebook ပေါ်မှာ တက်လာတဲ့ ဘုရားရင်ပြင်တော်ပေါ်က ကားတန်းကြီးဟာ လုပ်ကြံတာလား။ ဝန်ကြီးချုပ်ကို သိက္ခာချချင်လို့ Photoshop နဲ့ ဖြတ်ညှပ်ကပ် လုပ်ပြီး ဖန်တီး တင်ထားတာလား မေးစရာ ဖြစ်လာတယ်။ မျက်မြင်သက်သေတွေ၊ ဓာတ်ပုံတွေ ရိုက်ပြီး မှတ်တမ်းတင်ထားသူတွေဟာ အလကား ပြည်သူတွေ။ လုပ်ကြံသူတွေ။

ရပ်တန်းက ရပ်ရင်ရပ် မရပ်ရင် တစ်ခုခုအရေးယူတာ ခံရတော့မယ့်သူတွေ အလိုလို ဖြစ်သွားပြီပေါ့။ ဒီခေတ်ဟာ ဆိုရှယ်ကွန်ရက်ခေတ်။ ပြည်သူ့သတင်းသမားခေတ် ဆိုတာကို မေ့နေပုံ ရပါတယ်။
သတင်းသမားတွေ အဖာကောင်းတာကို ပြောရဦးမယ်။ ဒီဝန်ကြီးချုပ်ပဲ ပဲခူးရေကြီး ရပ်ကွက်တစ်ခုမှာ ရေဘေး ဒုက္ခသည်တွေကို လိုက်ကြည့်တော့ လှေပေါ်မှာ အမြိန့်သားထိုင်ပြီး ဘေးက တွန်းပေးတာကို ခံနေတာ နောက်တစ်နေ့မှာ အင်တာနက်ပေါ် တက်လာပြန်တယ်။

ဒါကိုလည်း ဝန်ကြီးက ရေထဲမှာ လမ်းလျှောက်ပြီး လိုက်ကြည့်တာပါ ဆိုတာကို နောက်နေ့တွေမှာ သတင်းထဲ ပြန်ထည့်ပြီး ပုဆိုးလေး မထားတဲ့ ဝန်ကြီးချုပ်ပုံကို ပြန်ထည့်ပြန်တယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ အတူ ပြည်သူတွေကို အဖြစ်မှန်အတိုင်း ပြောသင့် ပြောထိုက်တာတွေ မပြော၊ တင်ပြသင့်တာတွေကို မတင်ပြလို့ ဆိုရှယ်ကွန်ရက်လို့ ခေါ်တဲ့ Facebook လို နေရာတွေဟာ သတင်းဖြန့်ချိမှု အကောင်းဆုံး၊ လူကြိုက်အများဆုံး ဖြစ်လာခဲ့ရတာပါ။
သတင်းသမား တစ်ယောက်ရဲ့ တာဝန်ဟာ အဖြစ်မှန်ကို တင်ပြနိုင်ရမယ်။ အစိုးရနဲ့ ပြည်သူကြားမှာ ပေါင်းကူးပေးနိုင်သူ ဖြစ်ရမယ်။

အကြောင်းခြင်းရာသစ်တွေကို လူထုဆီ အသိပေး တင်ပြနိုင်ရမယ်။ လူတွေကို ပညာပေးဖို့၊ ဖျော်ဖြေဖို့၊ ရှင်းလင်းတင်ပြဖို့ တာဝန်ယူရမယ်။ လူထုရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုပြီး မှတ်သားဖူးပါတယ်။ သတင်းသမားတွေဟာ သတင်းမှန်ကို သတင်းမှားလို့ ဖာထေး ပြောဆိုခွင့် မရှိဘူး။ ပြင်ဆင်ခွင့် မရှိဘူး။ သတင်းသမား ကျင့်ဝတ် ဆိုတာလောက်ကိုတော့ နားလည်သင့်ပါတယ်။

မင်းတုန်းမင်းကြီးတောင် ငါမကောင်းရင် ငါ့ကိုရေးလို့ ခွင့်ပြုပေးခဲ့သေးတာ။ ဒါတောင် ပဒေသရာဇ်ခေတ်။ ဒီမိုကရေစီခေတ်ကျမှ ငါ့အဘ မကောင်းတာကို ငါကောင်းအောင် ပြန်ရေးမယ်ဆိုရင် သတင်းအပေါ် သစ္စာဖောက်၊ ပြည်သူကို ဗြောင်လိမ်ဇာတ် ခင်းတာပဲ ဖြစ်တော့မယ်။

ဝန်ကြီးက မှားသွားတယ် ဆိုရင်လည်း (ပြည်သူကို အလေးထားပြီး လေးစားတဲ့သူမျိုး ဖြစ်ရင်) မှားသွားပါတယ်လို့ တောင်းပန်လိုက်တာနဲ့ ပြီးသွားနိုင်တဲ့ ကိစ္စကို ကြားကနေပြီး ဂေါပကတွေနဲ့ သတင်းစာတွေကနေ အမှားတွေပါ ဆိုပြီး ထုတ်ပြန်နေတာကတော့ ဝန်ကြီးကိုယ်စား ပြည်သူ့မျက်နှာကို တံတွေးနဲ့ လာထွေးနေသလို ခံစားရပါတယ်။

ဒါမှမဟုတ် ဘာမှ မဖြေရှင်းဘဲ (မြန်မာပြည်ရဲ့ ထုံးစံအတိုင်း) ဒီအတိုင်း နေလိုက်လည်း ဖြစ်တာကို အစိုးရဘက်တော်သား မီဒီယာနဲ့ ဂေါပကတွေကို ဓားစာခံလုပ်ပြီး ပြည်သူကို စော်ကားမှုတွေတော့ မလုပ်သင့်ဘူး ထင်ပါတယ်။
(တိုးမောင်)
(ဤကဏ္ဍပါ ဖော်ပြချက်များသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပြီး The Voice ၏ အာဘော်မဟုတ်ပါ)

The Voice Weekly

အမေးကမ္ဘာ တွေးစရာ


မေး။ ကမ္ဘာ့ ပထမဆုံးတင့်ကားကို တီထွင်တာ ဘယ်နိုင်ငံလဲ၊ ဘယ်သူလဲ၊
ဘယ်အချိန်က ထွင်ခဲ့တာလဲ၊ ဘယ်လို အလုပ်လုပ်သလဲ။

ဖြေ။ မြန်မာပြည်မှာ တပင်ရွှေထီးက တောင်ငူခေတ်ဦး အေဒီ ၁၇ ရာစုဝန်းကျင်မှာ
ထွင်ခဲ့တာပါ။ ဆင်ပေါ် အမြောက် တင်ပြီး ပစ်တယ်ခင်ဗျ။ သည်တင့်ကားက
တောင်ပေါ်လည်းတက်နိုင်၊ တောလည်းတိုးနိုင်ပြီး မောင်းဖို့ဓာတ်ဆီလည်း
ထည့်စရာ မလိုဘူး။ ဆင်က သွားရင်းလာရင်း သူ့အစာသူ ရှာစားတယ်။

မေး။ ကမ္ဘာ့ ပထမဆုံးဝိုင်ယာလက်စ် တက္ကနိုလိုဂျီကို ဘယ်နိုင်ငံက
စသုံးခဲ့လဲ။ ဘယ်တုန်းက စလဲ။ ဘယ်လို အလုပ်လုပ်လဲ။
ဖြေ။ မြန်မာနိုင်ငံပါပဲ။ ပျူခေတ်ကတည်းကပါ။ ရန်သူလာရင် စည်တီးပြီး
အချက်ပေးရင်း ဆည်ချိုးချတဲ့နေရာမှာ သုံးခဲ့ပါတယ်။

မေး။ တယ်စွမ်းတဲ့မြန်မာတွေပဲ။ ကဲ သည်မြန်မာတွေ ခုဘာလုပ်လို့ ဘာဖြစ်နေလဲ။
ဖြေ။ ဆရာရော ခုဘာလုပ်နေလဲ။

မေး။ မေးတာ မဖြေဘဲ မင်းဘာစကား ပြောတာလဲ။ မင်း စော်ကားတာလား။ မင်း
မိုက်ရိုင်းလှချည်လား။

ရဲစတိုင်း
The Myanma Age

ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ဇာတ်ကားတွေကို ပရိသတ် ဘာကြောင့် ကြိုက်ရလဲ


ပရိသတ် အကြိုက် ဇာတ်ကား များကို ဖန်တီး ရိုက်ကူးပေးတဲ့ ဒါရိုက်တာ များထဲက တစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ဝိုင်းကို ယနေ့ ရုပ်ရှင်လောက၊ ဗီဒီယိုလောကထဲ က ဖြစ်စဉ် များနှင့် ပတ်သက်ပြီး မေးကြည့်တော့…

“အခု အဓိကကတော့ မြန်မာ နိုင်ငံမှာ ဇာတ်ကားပေါင်း တစ် ထောင် ထွက် တယ်။ ဇာတ်ကားပေါင်း တစ်ထောင် အတွက် ဇာတ်လမ်း ပေါင်း တစ်ထောင် ဆိုတဲ့ ကုန်ကြမ်း က မရှိတဲ့ အပေါ်မှာ ရိုက်ကြတော့ ဆင်တူတာတွေ၊ အရင်ကားတွေ ပြန် ရိုက်၊ ကော်ပီတွေ ကူးဖြစ်လာမှာပဲ။ ကား တစ်ထောင်ပြည့်အောင် ဘယ် သူကမှ မဖန်တီးနိုင်ဘူး။ လုပ်ယူ ဖန်တီးရင် လည်း ဘယ်လိုမှ ကောင်း မှာမဟုတ်ဘူး။ ဒါကို ရုပ်ရှင် ဥပဒေ ရေးဆွဲတဲ့ အခါမှာ ထည့်သွင်း ရေးဆွဲ ဖို့ ပြောပေမယ့် ဘယ်သူမှ လက်မခံ ဘူး။ ငါ တို့လောကသားတွေ က တကယ်ပဲ တိုးတက်ချင် စိတ်မရှိ တော့ဘူးလား။ တကယ်ပဲ ငတ်နေကြ ပြီလား။ ပရိသတ် မျက်နှာကို မ ထောက်တော့ဘူးလား။ ကျွန်တော် လည်း မှီငြမ်း ကားရိုက်ပါတယ်။ ကွဲ ထွက်အောင် ကြိုးစားပြီး အချိန်ယူ ပြင်ဆင် တတ်ပါတယ်။ အဓိက ကတော့ ဈေးကွက်နောက် ကို လိုက်စရာ မလိုဘူး။ ပရိသတ် အကြိုက် လည်း ရိုက် စရာမလိုဘူး။ အနုပညာ ကို ကောင်း အောင်ရိုက်ရင် ပရိသတ်က ကြိုက်မှာ ပဲ။ အရင်က ကားအရေ အတွက် ဒီ လောက် မထွက်တော့ ဒီလောက် မပြော ကြဘူးပေါ့။ ကုန်ကြမ်းလည်း မရှားဘူးပေါ့” လို့ ပြောပြပါတယ်။

ဒါရိုက်တာ ဝိုင်းကားတွေမှာ ပရိသတ် တွေကြိုက်ကြတယ်၊ ဘာကြောင့်လို့ ထင်လဲလို့ မေး ကြည့်တော့..

“ကျွန်တော့် ကားတွေက ကား တိုင်းနီးပါး ပိုက်ဆံ ရတယ်ဆိုတာက ပရိသတ် ကြိုက်တဲ့ အနုပညာ ပါလို့ပဲ။ အစ်ကိုလည်း ပရိသတ် ကြိုက်တဲ့ အနု ပညာ မပါရင် ဒီရေ အတိုင်းပဲ ဆက် သွားမှာပဲ။ အခု ဗီဒီယို လောကမှာ ကိုယ့်ကိုယ် ကိုယ် ရိုက်တာ အနုပညာ တစ်ရပ်လို့ မခံစားဘူး။ ငတ်လို့ရိုက် တာ လို့ပဲ ခံစားရတယ်။ ဒါကြောင့် ဇာတ်လမ်းတွဲ ရိုက်မှာပါ။ အမှန် တရား အတွက် အမုန်းခံ သင့်ရင် ခံရ မှာပဲ။ ဘယ်နိုင်ငံမှာ ၇ ရက်နဲ့ ဇာတ် ကားတစ်ကား ရိုက်ဖူးလဲ။ ကိုယ့်လုပ် ရပ် မှန်လား၊ မှားလား ဆိုတာ အခု ပရိသတ်တွေ ဒဏ်ခတ်တာ ခံနေရပြီ။ ကိုရီးယားက နှစ်ပေါင်း ၃ဝ ကျော် ဒီဇာတ်လမ်းတွဲ ကို ကြိုးစားလာတယ်။ ကျွန်တော် တို့လည်း ကြိုးစား ဖို့လို တယ်။ ဒါပေမဲ့ ရုပ်ရှင် နဲ့ဗီဒီယိုမှာ ဗီဒီယိုကတော့ ဆင်ဆာ လွတ်လပ်ခွင့် အောက်မှာ သွားပေမယ့် ရုပ်ရှင်တွေ ကတော့ ဆင်ဆာ လွတ်လပ်ခွင့် အောက်မှာ မသွားသေးပါဘူး။ အချိန် တွေ အကြာကြီး စောင့်နေရ တုန်းပါ ပဲ။ မာယာပရောဂျက် ဆို လည်း နှစ်နဲ့ချီပြီး စောင့်ရတာပါ” လို့ ပြောပြခဲ့ပါတယ်။

ပညာပေး ဇာတ်ဝင်ခန်း တချို့နဲ့ ဆင်ဆာ လွတ်လပ်ခွင့်အပေါ် ပြည်သူ ပရိသတ်တွေ ရဲ့ ဝေဖန်မှုကို ဘယ်လို သုံးသပ်ပါသလဲ လို့ မေးကြည့်တော့

“ဥပမာ- မိန်းကလေးတွေ အရက် သောက်တာကို ဆင်ဆာမပေး ဘူး။ ယောက်ျားလေး တွေကို ပေး တယ်။ အစ်ကို ထောက်ပြချင်တာ က ယောက်ျား ဆိုတာ ဘုရားဆု ပန်တာ တောင် ရနိုင်တယ်။ သူကပိုပြီး မသောက် ရဘူး။ မှန်မှန်ကန်ကန် နေရမယ်။ ဒါကိုကြည့်ရင် ဆင်ဆာ ပေး မှာလား။ ယဉ်ကျေးမှု အရဖြတ်ပေမယ့် သေချာ စဉ်းစား သင့်တယ်။ မိန်းကလေး တွေ ကိုပိတ်ရင် ယောက်ျားလေးတွေ လည်း ပိတ်သင့်တာပေါ့။ ကျွန်တော် ကိုယ်တိုင် လွတ်လပ်ခွင့် ပေးထားတဲ့ ဒီဆင်ဆာကို ဘယ်သူမှ အသုံး မချ တတ်သေး ဘူး” လို့ ပြောပြခဲ့ပါတယ်။

ထူးထူး
Popular Journal

တစ်ကတ်ကို ၁၅၀၀၊ ဆင်းကတ် ၁၀ သန်း တယ်လီနောရောင်းတော့မည်





တယ်လီနောမြန်မာက ဝန်ကြီးဌာနဆီကနေ ဆင်းကတ် ၁၀သန်း ဝယ်ယူထားတယ်လို့ တယ်လီနောရဲ့စီအီးအိုပီတာဖားဘာ့ဂ်ျ ကဆိုသည်။တယ်လီနောမြန်မာရဲ့စီအီးအိုပီတာဖားဘာ့ဂ်ျက” လက်ရှိမှာ ဆင်းကတ်နံပါတ် ၁၀ သန်း regulator ဆီက ဝယ်ထား ပြီးသား၊ အဲဒီ ၁၀ သန်းနဲ့စဖြန့်မယ်၊ဝယ်ယူနှုန်းပေါ်မူတည်ပြီး လိုသလောက် ထပ်ထပ်ဝယ်သွားမယ် လို့” ပြောသည်။

တယ်လီနောမြန်မာဟာ ဖေဖော်ဝါရီလအတွင်းမိုဘိုင်းအော်ပရေတာ လုပ်ပိုင်ခွင့်လိုင်စင်ရရှိခဲ့ပြီး ရှစ်လအကြာ မှာ ဆင်းကတ် စရောင်းမယ်လို့ကတိပြုထားသည်။

ရန်ကုန်၊မန္တလေး၊ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ ရဲ့မြို့ကြီးအတော်များများမှာ စတင်ရောင်းချမှာဖြစ်သည်။ရောင်းချသည့်အထဲတွင် မပါဝင်သေးသည့်မြို့နယ်တွေက တယ်လီနောနက်ဝပ်ခ်မရှိသေး တာကြောင့် ဆင်းကတ်ကို လတ်တလောအသုံးပြုနိုင်မှာ မဟုတ်သေးဘူးလို့ဆိုသည်။

လက်ရှိမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ တာဝါတိုင် ၂၀၀၀ ပတ်ဝန်းကျင်ရှိနေပြီး တယ်လီနောကတော့ တစ်နှစ်အတွင်း တာဝါတိုင် ၂၀၀၀ ကျော်ရဖို့ လုပ်ဆောင်နေတာဖြစ်သည်။

လက်ရှိ ရန်ကုန်နဲ့မန္တလေးမှာဒေတာစင်တာနှစ်ခုထားရှိပြီး ချိတ်ဆက် လုပ်ကိုင်နေသလို အနည်းဆုံး ဆင်းကတ် ၁၀ သန်း ဝန်ဆောင်
ပေးနိုင်တဲ့ ဒေတာစင်တာနှစ်ခုကို စက်ပစ္စည်းအသစ်တွေနဲ့ တိုးချဲ့မယ် လို့သိရသည်။

တယ်လီနောမြန်မာရဲ့ ဆင်းကတ်တွေကို တယ်လီနော အမှတ်တံဆိပ်နဲ့ရောင်းချပေးမှာဖြစ်ပြီး လတ်တလောမှာ
ဖြန့်ချိရေးကိုယ်စားလှယ် ၆၀ ဦးခန့်အပ်ထားပြီး လက်လီဆိုင်လေး
တွေကတော့ ဘယ်ဆင်းကတ်ကိုမဆိုရောင်းချခွင့်ရှိတယ်လို့သိရသည်။

ဆင်းကတ်တစ်ကတ်ကို ကျပ် ၁၅၀၀ နဲ့ရောင်းချပေးမှာဖြစ်ပြီး မှတ်ပုံတင်မရှိသူတွကို ရောင်းချပေးမယ့် ပုံစံ ကိုတော့ မစီစဉ်ရသေးဘူးလို့တယ်လီနော စီအီးအိုကဆိုသည်။

SkyNet TV Browser 
 

အမေရိကန်က ဂင်းနစ် စံချိန်တင် Converse ရှူးဖိနပ် ပိုင်ဆိုင်သူ


အမေရိကန်က ဂင်းနစ် စံချိန်တင် Converse ရှူးဖိနပ် ပိုင်ဆိုင်သူ

အမေရိကန် နိုင်ငံမှာ Joshua Mueller လို့ အမည်ရတဲ့ လူငယ် တစ်ဦးဟာ ကမ္ဘာပေါ်မှာ Converse အမှတ်တံဆိပ် ပါ ရှူးဖိနပ် အများဆုံး ပိုင်ဆိုင်သူ အဖြစ် စံချိန်တင်ခဲ့ ပါတယ်။

စုစုပေါင်း Converse ရှူးဖိနစ် အရံပေါင်း ၁၅၄၆ ရံတောင် ရှိတာ ဖြစ် ပါတယ်။ တစ်ရက်ကို တစ်ရံပဲ စီးမယ် ဆိုရင်တောင် ၄ နှစ်လုံးလုံး စီးလို့ ရပါတယ်။ ၂၀၁၂ ခုနှစ် မတ်လ ၈ ရက်နေ့က စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ထဲလည်း ဖိနပ်စုတာ မရပ်သေး ပါဘူး။ Converse (အော်စတား) ရှူးဖိနပ် ကို ခရေဇီဖြစ်ပြီး ကြိုက်နှစ်သက်သူ လူငယ်လေး ဖြစ်ပါတယ်။

ညစ်ပတ်တဲ့ လမ်းခရီးကို သွားရမယ်ဆိုရင် ဖိနပ်စီးထားတဲ့ ခြေထောက်ကို ပလပ်စတစ်အိတ်နဲ့ စွပ်တဲ့အထိ Converse ကို တန်ဖိုး ထားပါတယ်။ ဒါကြောင့်မို့ အရံပေါင်း ၁၅၀၀ ကျော် ပိုင်ဆိုင်တဲ့ Joshua Mueller ကို ကမ္ဘာ ပေါ်မှာ Converse အမှတ်တံဆိပ် ပါ ရှူးဖိနပ် အများဆုံး ပိုင်ဆိုင်သူ အဖြစ် ဂင်းနစ် စံချိန် တင်စေ ခဲ့ ပါတယ်။

Ref: guinness
အောင်ခမ်း (ရိုးရာလေး)

Galaxy S5 အလုံးရေ ၁၁ သန်း ရောင်းချခဲ့ရကြောင်း Samsung ဆို



Samsung သည် Galaxy S5 စတင်ထွက်ရှိသည့် အချိန်မှစ၍အလုံးရေ စုစုပေါင်း ၁၁ သန်းရောင်းချခဲ့ ရကြောင်း ကုမ္ပဏီအကြီးအကဲ J.K. Shin ကပြောကြားသွားခဲ့သည်။ မိမိတို့အနေဖြင့် S5 ကိုစတင်ရောင်း ချခဲ့သည်မှာ တစ်လရှိပြီဖြစ်ကြောင်း ၎င်းစမတ်ဖုန်းရောင်းချမှုသည် Galaxy S4 ထက်ပိုမိုများပြားကြောင်း Shin က The Wall Street Journal သို့ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က Samsung သည်တစ်လအတွင်း Galaxy S4 အလုံးရေ ၁၀ သန်းခန့်ရောင်းချခဲ့ရကြောင်း သိရသည်။ Galaxy S5 ရောင်းချမှုမြင့်တက်ရခြင်းသည် ကုမ္ပဏီအနေဖြင့် ဖုန်းများကို ၁၂၅ နိုင်ငံ၌ တစ်ချိန်တည်း ရောင်းချရန်သဘောတူညီချက်များ ရရှိနိုင်စေရန် ပြင်ဆင်မှုများ ကောင်းစွာပြုလုပ်ခဲ့ကြောင်း Shin ကပြောကြားခဲ့သည်။ Galaxy S5 ရောင်းချမှုသည် ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သော အမေရိကန်၊ သြစတြေးလျနှင့် ဂျာမနီနိုင်ငံတို့တွင် ပိုမိုကောင်းမွန်ကြောင်းသိရသည်။

Samsung အနေဖြင့် မိုဘိုင်းရောင်းချမှုများ တိုးတက်နေသော်လည်း ပြီးခဲ့သည့်လအနည်းငယ်က ကုမ္ပဏီတွင် ခက်ခဲသော အချိန်များရှိခဲ့သည်။ Samsung သည်ခြောက်လခန့်အတွင်း အရှုံးပေါ်ခဲ့သည့် အပြင် ယခုနှစ်သုံးလပတ်တွင် စမတ်ဖုန်းဈေးကွက်အတွင်း ၁ ရာခိုင်နှုန်းဆုံးရှုံးခဲ့ကြောင်း သိရသည်။ Samsung သည် ၂၀၀၉ ခုနှစ်မှစတင်၍ စမတ်ဈေးကွက်တွင် ပထမဆုံးကျဆင်းမှု ဖြစ်လာကြောင်း သိရသည်။

-စိုးထက်
Ref: CNET
Internet Journal အတွဲ (၁၅)၊ အမှတ် (၁၉)


ကျန်းမာ အောင်မြင်သော ဘဝရရှိစေရန်


 
ကျန်းမာအောင်မြင်တဲ့ ဘဝကို ရရှိစေဖို့ လွယ်ကူတဲ့ နည်းတချို ဖော်ပြလိုက်ပါတယ်။

တစ်နေ့တာ အစီအစဉ်ကို လိုက်နာပါ

အိပ်ရာထတဲ့အချိန် ကနေ အိပ်ရာဝင်တဲ့ အချိန်အထိ တစ်နေ့တာ ဘာအလုပ်တွေ လုပ်မယ်ဆိုတာကို အ စီအစဉ် ရေးဆွဲပြီး လုပ်ဆောင်ပါ။ အရာရာတိုင်းကို နီးကပ်မှ လုပ်မယ်ဆိုတဲ့ စိတ်ကို မထားပါနဲ့။ အစီအစဉ် တကျဆောင်ရွက်ရင် အရာရာတိုင်း အချိန်မီပြီး မြောက်ပါလိမ့်မယ်။

မိတ်ဆွေစစ်ကို ရွေးချယ်ပေါင်းသင်းပါ

တွေ့တဲ့လူတိုင်းကို မိတ်ဆွေလို ခင်မင်သင့်ပေမယ့် တကယ့် မိတ်ဆွေရင်းချာလို ပေါင်းသင်းမယ် ဆိုရင်တော့ အလွန်ဂရုစိုက် ပြီး ပေါင်းသင်းသင့်ပါတယ်။ အကြောင်းကတော့ မိတ်ဆွေစစ်ဟာ သင့် ဘဝနေထိုင်မှုပုံစံရော အပြုအမူကိုပါ ပြု ပြင်ပြောင်းလဲ ပေးနိုင်တာကြောင့်ပါ။ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ နေထိုင်စား သောက်မှုပုံစံ ရရှိအောင် မိတ်ဆွေစစ်က ကူညီနိုင်ပါတယ်။

အားနည်းချက်ကို တိုးတက်အောင်လုပ်ပါ

လူတိုင်းမှာ အားသာချက်နဲ့ အားနည်းချက်တွေ ဒွန်တွဲနေ တတ်ပါတယ်။ ဒါကြောင့် ကိုယ်ရဲ့ အားနည်း ချက်တွေအတွက် မထိတ်လန့်ပါနဲ့။ အားနည်းချက်တွေကို ရင်ဆိုင်ပြီး ဖြေရှင်းနိုင်မယ့် နည်းတွေကို ရှာပါ။ သင့်မှာ အရည်အချင်းသစ်နဲ့ စွမ်းဆောင်နိုင်မှု အသစ်တွေ ရရှိလာပါလိမ့်မယ်။

By Good Health


အရက်နှင့် ဘီယာသောက်သုံးမှု များပြား၍ ယမန်နှစ်ကထက် ဘီယာဂါလန် တစ်သန်းကျော် ပိုထုတ်ထား


၂၀၁၃ ခုနှစ် ဧပြီမှ ၂၀၁၄ ခုနှစ် ဇန်နဝါရီအထိ ၁၀ လ အတွင်း ပြည်တွင်းဘီယာ ထုတ်လုပ်မှုမှာ ဂါလန် ၂၇ သန်းခွဲခန့်ရှိကာ ယခင်တစ်နှစ်လုံး ထုတ်လုပ်မှုထက် ဂါလန်တစ်သန်းကျော် ပိုမိုခဲ့ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနမှ သိရသည်။ ယခင်နှစ် တစ်နှစ်လုံး ထုတ်လုပ်ခဲ့သည့် ဘီယာပမာဏမှာ ဂါလန် ၂၆ သန်းကျော် ရှိပြီး ၁၀ လ အတွင်း ဘီယာ ထုတ်လုပ်မှုမှာ ဂါလန်ပေါင်း ၂၇ သန်း နီးပါးအထိ ရှိခဲ့ခြင်းကြောင့် ဂါလန် တစ်သန်းကျော် ပိုမို ထုတ်လုပ်ထားခြင်း ဖြစ်သည်။
 
 မြန်မာနိုင်ငံတွင် အရက်နှင့်ဘီယာ သောက်သုံးမှု မြင့်မားလျက်ရှိပြီး နှစ်စဉ် ပြည်တွင်း၌ ထုတ်လုပ်နေသည့် အရက်နှင့်ဘီယာ ဂါလန်ပေါင်း ၂၅၀၀၀၀၀၀ (ဂါလန် ၂၅ သန်း) နှင့် အထက်ရှိကြောင်း သိရသည်။ ဘီယာ တစ်မျိုးတည်း ထုတ်လုပ်မှု အနေဖြင့်မူ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဘီယာဂါလန်ပေါင်း သန်း ၂၀ နီးပါးအထိ ထုတ်လုပ်ခဲ့ကာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဂါလန်ပေါင်း ၂၆ သန်းအထိ တိုးမြှင့် ထုတ်လုပ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ၁၀ လ အတွင်း ထုတ်လုပ်မှုပင်လျှင် ဂါလန်ပေါင်း ၂၇ သန်းခွဲနီးပါး အထိရှိကြောင်း သိရသည်။

အဆိုပါ ပမာဏမှာ ပြည်တွင်း၌ ထုတ်လုပ်သည့် ပမာဏဖြစ်ပြီး လစဉ် ထုတ်လုပ်သည့် ဘီယာ ဂါလန်ပေါင်းမှာ နှစ်သန်းခွဲကျော်မှ သုံးသန်းခွဲကျော် အထိရှိပြီး ပြည်ပမှ တင်သွင်း ရောင်းချလျက်ရှိသည့် ဘီယာ အမှတ်တံဆိပ် များစွာရှိကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားပိုင် ဘီယာနှင့် အရက်ချက် စက်ရုံများ ရှိသကဲ့သို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ သဘောထား မှတ်ချက်များ၊ စိစစ် ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင် အစည်းအဝေးမှ စိစစ် ခွင့်ပြုချက်များအရ ယခုအခါ နိုင်ငံသား ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်မည့် ဘီယာကုမ္ပဏီများပါ ဝင်ရောက်လာပြီ ဖြစ်သည်။ အရက်၊ ဘီယာနှင့် ဝိုင်အမျိုးမျိုးပေါ်တွင် အခွန်စည်းကြပ် ကောက်ခံရာတွင် ပြည်ပမှ တင်သွင်းသည့် ကုန်စည်ဖြစ်လျှင် ကုန်းပေါ်ရောက် တန်ဖိုးပေါ်တွင် လည်းကောင်း၊ နိုင်ငံတော်အတွင်း ထုတ်လုပ်သော ကုန်စည်ဖြစ်လျှင် ရောင်းရငွေပေါ်တွင် လည်းကောင်း ကောက်ခံမည့် အခွန်နှုန်းထားမှာ ၅၀ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

Eleven Media Group


မြန်မာနိုင်ငံကို နိုင်ငံတကာက မြင်တဲ့အမြင်တွေပြောင်းလဲသွားစေချင်တဲ့စိတ်ကြောင့် မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကို ထုတ်လုပ်ရိုက်ကူးခြင်းဖြစ်တယ်ဆိုတဲ့ အမေရိကန်လူမျိုး Ms.Mona E Strassburger



၁၉၉၈ ခုနှစ်က မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတစ်ဦးအနေနဲ့ လာရောက်လည်ပတ်ခဲ့ဖူးတဲ့ အမေရိကန်လူမျိုး Ms.Mona E Strassburger ဟာ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလထဲမှာတော့ မြန်မာနိုင်ငံကိုြ
ပန်လည်ရောက်ရှိလာပြီးနောက် ရန်ကုန်မြို့ ဓမ္မစေတီလမ်းရှိ Business Alliance Hotel မှာ အုပ်ချုပ်သူ အကြီးအကဲ တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။  Ms.Mona E Strassburger ဟာ ၂ဝ၁၃ခုနှစ် နိုဝင်ဘာလလောက်မှာတော့ အမေရိကန်နိုင်ငံသူ မြန်မာလူမျိုး Ms. Kristina Kyi နဲ့ တွေ့ဆုံခဲ့ပြီးနောက် ” မုဒြာရဲ့ခေါ်သံ” ဆိုတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို ရိုက်ကူးထုတ်လုပ်ဖို့စတင်ခဲ့ပါတယ်။ Kristina Kyi နဲ့ ဇာတ် လမ်းဇာတ်ညွှန်းများကို တိုင်ပင်ပြီးနောက် အင်္ဂလိပ်စကားပြောအထူးကျွမ်းကျင်တဲ့ သရုပ်ဆောင်တွေကို ရွေးချယ်မွေးထုတ်ပြီး နောက်ပြင်သစ်လူမျိုးဒါရိုက် တာနဲ့နိုင် ငံတ ကာသရုပ်ဆောင် ပညာရပ်တို့ကို ၃ ပတ်တိတိ သင်ယူစေခဲ့ပြီးနောက် ရိုက်ကူးရေးများကို စတင်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် ထုတ်လုပ်သူအနေနဲ့ အစစ အရာရာ ကို ငွေကြေးစိုက်ထုတ်တာဝန်ယူထားတဲ့ အမေရိကန်နိုင်ငံသူ Ms.Mona E Strassburger တွေ့ဆုံမေး မြန်းခွင့်ရခဲ့ပါတယ်။




မေး-  ” မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကို ဘာကြောင့်ရိုက်ကူးချင်ခဲ့တာလဲ။
ဖြေ- ဒီဇာတ်ကားကို ရိုက်ကူးဖြစ်ဖို့ စတင်ခဲ့တာက ၂ဝ၁၃ခုနှစ်၊ နိုဝင်ဘာလောက်မှာ  ” မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားရဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာမဖြစ်တဲ့ Kristina Kyi နဲ့ တွေ့ဆုံဖြစ်ရင်းကနေ ဒီဇာတ်ကားရိုက်ဖို့  ဖြစ်လာတာပါ။ Kristina Kyi ပြောပြတဲ့ ဇာတ်လမ်းမျိုးကို သူနဲ့ မတွေ့ခဲ့မီ လွန်ခဲ့တဲ့နှစ်တွေက အတွေး ထဲမှာ အဲဒီလိုဇာတ်လမ်းမျိုးကို ပုံဖော်ခံစားခဲ့ဖူးတယ်။ မြန်မာ့ရိုးရာပစ္စည်းတွေ၊ အကအလှတွေ၊ ပြီးတော့ ယဉ်ကျေးမှုတွေနဲ့ ဖော်ကျူးပြီးတော့ ကမ္ဘာကို မြန်မာနိုင်ငံ အကြောင်း ချ ပြချင်တာပေါ့။ အဲဒါနဲ့ Kristina Kyi နဲ့တွေ့တော့ အဲဒီလိုဇာတ်လမ်းဖြစ်တာမို့ လက်ခံပြီး စတင်ရိုက်ကူးဖြစ်ခဲ့တာ။  ” မုဒြာရဲ့ခေါ်သံ”  ရုပ်ရှင်မှာ ၈ဝ ရာခိုင်နှုန်းက အင်္ဂလိပ်စကားပြောတွေချည်းပဲ ပါပါမယ်။ အဲဒါကြောင့်လည်း အင်္ဂလိပ်စာအရမ်းကျွမ်းကျင်သူတွေကို ရွေးချယ်ခဲ့တာပါ။
မေး-ဘာလို့မြန်မာ့ရှုခင်း၊ မြန်မာ့အကအလှတွေပါမယ့် မြန်မာ့ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ အင်္ဂလိပ်စကားပြောတွေကိုပဲ သုံးဖြစ်တာလဲ။
ဖြေ- ဘာလို့အင်္ဂလိပ်စကားပြောကို ၈ဝ ရာခိုင်နှုန်းပြောကြမှာလဲဆိုတော့ ကျွန်မက နိုင်ငံတကာကို ပြသဖို့အဓိကရည်ရွယ်ထား တော့ နိုင်ငံတကာရုပ်ရှင်ကြည့် တဲ့သူတွေ က အင်္ဂလိပ်စကား ပြောဆိုရင် ပိုအဆင်ပြေနိုင်တယ်လို့ ထင်တယ်။ Subtitle ထိုးတယ်ဆိုရင် အဆင်မပြေလောက်ဘူး။ အဲဒါကြောင့် ၈ဝ ရာခိုင်နှုန်းအင်္ဂလိပ်စကားပြောနဲ့ပဲ ရုပ်ရှင်ကိုရိုက်တာပါ။ ပြီးတော့ နိုင်ငံတကာကလူတွေဟာ ဒီ ” မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ကို ကြည့်လိုက်တာနဲ့ အင်မတန်ကို ခမ်းနားတဲ့ မြန်မာနိုင်ငံကို ဟောလီးဝုဒ်ရုပ် ရှင် ဇာတ်ကားတစ်ကားကို ကြည့်ရှုလိုက်ရသလို အံ့သြသွားကြလိမ့်မယ်။ မြန်မာလူမျိုးတွေအားလုံးအတွက် ဂုဏ်ယူစရာ ဖြစ်သွားလိမ့်မယ်။ နိုင်ငံတကာက လူတွေဟာ လည်း မြန်မာနိုင်ငံကို အခုထက်ပိုပြီး စိတ်ဝင်စားလာကြလိမ့်မယ်ဆိုတာကို ကျွန်မယုံကြည်တယ်။ ပြီးတော့ ” မုဒြာရဲ့ခေါ်သံ” ကို အဓိက ရိုက်ကူးရတဲ့ ရည်ရွယ်ချက် က လည်း မြန်မာနိုင်ငံကို နိုင်ငံတကာကမြင်တဲ့ အမြင်တွေပြောင်းလဲသွားစေချင်တဲ့ စိတ်လည်းပါတယ်။ မြန်မာနိုင်ငံဆိုတာ ဒီလို မျိုးခမ်းနားတဲ့နိုင်ငံလေးပါလားဆိုတာကို သိစေဖို့ပါ။ ကျွန်မဒီရုပ်ရှင်ကိုချပြတာကလေ နိုင်ငံရေးတွေလည်း မပါပါဘူး။ နိုင်ငံတကာ စံချိန်မီတဲ့၊ နိုင်ငံတကာ အဆင့်ရှိတဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားကို ချပြချင်တာပါ။

မေး- ” မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ကို ဇာတ်ညွှန်းအကျဉ်းတင်တာတွေ နဲ့ ရိုက်ကူးခွင့်တင်တာတွေကိုကော ဘယ်လို လုပ်ဆောင်ခဲ့လဲ။
ဖြေ- မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့က တအားကိုကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက HOME နဲ့လည်း ရင်းနှီးမှုရှိတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ လုပ်ရကိုင်ရတာမှာ အစစအရာရာ အကုန်အဆင်ပြေပါတယ်။ မြန်မာရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနနဲ့ကျတော့ နိုင်ငံတကာကနေလာလုပ်တဲ့ ရုပ်ရှင် အဖွဲ့အစည်းတိုင်းက ချိတ်ဆက်ရတယ်လေ။ ” မုဒြာရဲ့ခေါ်သံ”  မတိုင်ခင်က ဘရာဇီး ရုပ်ရှင်မှတ်တမ်းအဖွဲ့ကို ကျွန်မတို့က သူတို့နဲ့ချိတ်ဆက်ပေးခဲ့ဖူးတော့ရင်းနှီး ခဲ့တယ်။ ဇာတ်ညွှန်းအကျဉ်းတင်တာတွေကတော့ လုပ်ခဲ့တယ်။ ဒါပေမဲ့အားလုံးအဆင်ပြေခဲ့ တယ်။ ပြီးတော့ ” မုဒြာရဲ့ခေါ်သံ” ကို ပုဂံမှာသွားရိုက်တော့ ယဉ်ကျေး မှုဝန်ကြီး ဌာန သာသနာရေးဝန်ကြီးဌာနတို့ရဲ့ အကူအညီတွေ အများကြီးရခဲ့တယ်။
မေး- ” မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကို ဘယ်လိုကင်မရာအမျိုး အစားစက်ပစ္စည်းတွေနဲ့ ရိုက်ကူးနေတာပါလဲ။
ဖြေ- ” မုဒြာရဲ့ခေါ်သံ” မှာ အသုံးပြုတဲ့ ကင်မရာက Black Magic  ကင်မရာသီးသန့်သုံးခဲ့တယ်။ Black Magic  ၃ လုံးနဲ့ ရိုက်ကူးနေပါတယ်။ ပြီးတော့ ရိုက်ကူးတဲ့ သူတွေ အကုန်လုံးဟာလည်း မြန်မာလူမျိုးတွေချည်းပါ။ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်၊စက်မှုလုပ်သားထိအဆုံး အကုန်မြန်မာလူမျိုးတွေနဲ့ ရိုက်ကူးထားတာပါ။Post Production  အပိုင်းကိုလည်း မြန်မာနိုင်ငံမှာပဲ ဖြစ်နိုင်ရင်လုပ်ချင်ပါတယ်။ အခုတော့ စီစဉ်နေဆဲပါ။

မေး- ” မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ကို ဘယ်တော့လောက်များ ရိုက်ကူးမှုအပြီးသတ်နိုင်လိမ့်မလဲ။ ဘယ်တော့လောက် ပရိသတ်တွေ ကြည့်ရှုခွင့်ရနိုင်မလဲ။ နိုင်ငံတကာ မှာကော ဘယ်လိုယှဉ်ပြိုင် ပြသသွားဖို့ရှိမလဲ။
ဖြေ- ” မုဒြာရဲ့ခေါ်သံ” ကို အခုရိုက်နေဆဲဆိုတော့ ကျွန်မအထင် ဇွန်လအလယ်လောက် (ဒုတိယအပတ်)လောက်မှာ ရိုက်ကူးမှု ပြီးစီးနိုင်မယ်လို့ထင်ပါတယ်။ ” မုဒြာရဲ့ခေါ် သံ”ံရုပ်ရှင်အားလုံးပြီးစီးပြီးဆိုရင် ကျွန်မရဲ့အဓိကရည်ရွယ်ချက်က အမေရိကန် ပြည်ထောင်စုက ကိန်းရုပ်ရှင်ပွဲတော် ပြီးရင်အကြီးအကျယ်ဆုံး နဲ့ အခမ်းအနားဆုံး ရုပ်ရှင်ပွဲတော်ဖြစ်တဲ့ ဆန်းဒန်းရုပ်ရှင်ပွဲတော်မှာအမီ ပြနိုင်အောင်လုပ်ပါမယ်။ ဆန်းဒန်းရုပ်ရှင်ပွဲ တော်ကို ၂ဝ၁၅ ဇန်နဝါရီလထဲမှာ လုပ်မှာဆိုတော့ ” မုဒြာရဲ့ခေါ်သံ”ံ ကို အဲဒီမှာပြပါမယ်။ အဲဒီဟာက ကျွန်မအိပ်မက်ပါ။ ကျွန်မအိပ်မက်ကို ဆန်းဒန်းရုပ်ရှင်ပွဲ တော်မှာအကောင်အထည်ဖော်ပါမယ်။ မြန်မာနိုင်ငံမှာတော့ ” မုဒြာရဲ့ခေါ် သံ”ံရုပ်ရှင် ကို ဘယ်တော့လောက်ပြနိုင်မလဲဆိုတာကို အတိအကျမပြောရဲပါဘူး။ ဒီမှာက ရုပ်ရှင်ဇာတ်ကားတွေ တစ်ခါပြဖို့ နှစ်နှစ်ကာလဆိုတဲ့အချိန်အကြာ ကြီးစောင့် ဆိုင်းနေ ရတာလို့ ကြားဖူးတယ်။ မြန်မာနိုင်ငံမှာ ရုပ်ရှင်ရုံတွေတော့ အများကြီးလိုဦးမယ်ထင်ပါတယ်။ ကျွန်မပြောချင်တာကတော့ ” မုဒြာရဲ့ခေါ်သံ” ကို မြန်မာပရိသတ်တွေ ကြည့် ခွင့်ရရင် တအားကိုအံ့သြဂုဏ်ယူကြမှာပါ။

ထက်လူလူ
မြန်မာဘာသာပြန် – မရည်မွန် (Bussiness Alliance Hub)
Popular Journal


ဝဋ်ကြွေး ကြံမ္မာ ကြောက်စရာ


ခွေးဆို ကျွန်တော်မုန်းသည်။ ခွေးမှန် သမျှ မည်သည့်ခွေးမဆို ကျွန်တော်မုန်းသည်။ ကျွန်တော် ခွေးတွေကို အလကားနေရင်း မုန်းနေခြင်း မဟုတ်။ ကျွန်တော့် အတွက် ခွေးကိုမုန်းစရာ အကြောင်းကလည်း ရှိနေသည်ကိုး..။ ကျွန်တော့် သမီးလေး ၂ နှစ်အရွယ်တုန်းက ခွေးတစ်ကောင် ကိုက်တာ ခံခဲ့ရဖူးပြီး သေရာပါမည့် အမာရွတ်သည် သမီးလေးရဲ့ ပါးပေါ်တွင် စွဲထင်ကျန်ခဲ့သည်။ ထိုစဉ်ကတည်းက သမီးလေးမျက်နှာပေါ်က အမာရွတ်မြင်တိုင်း ကျွန်တော်၏ ခွေးအပေါ် အမုန်းတရားတို့သည် ကျွန်တော့်ရင်ထဲ တဖြည်းဖြည်း ကြီးထွားလာခဲ့တော့သည်။

"အိမ်ထဲကို ဘယ်ခွေးမှ မ၀င်စေနဲ့…၊ အေး…၀င်လာရင်လည်း ဘယ်တော့မှ အရှင်ပြန်မထွက်စေနဲ့.…" ဒါ အိမ်မှာ ကျွန်တော်ရဲ့ တစ်ချက်လွတ် အမိန့်ဖြစ်ပြီး ကျွန်တော် မကြာခဏ ပြောနေကျ စကားလည်း ဖြစ်သည်။

တစ်ရက်….. ခြံထဲကို ဘယ်ကခွေးတစ်ကောင်မှန်း မသိ… မျက်စိလည် လမ်းမှားပြီး ၀င်ရောက်လာသည်။ ခွေးမှာ ပိုင်ရှင်ရှိတဲ့ခွေးဖြစ်ပြီး လည်ပတ်လေး တစ်ခု ဆွဲထားပြီး ခွေးအမျိုးအစားမှာ တော်တော်လေး ကောင်းပြီး ဈေးကြီးကြီး ပေးဝယ်ရမယ့် ခွေးမျိုးဖြစ်သည်။
ခြံစောင့်က ကျွန်တော့် အကြောင်းသိထားတော့ အလန့်တကြားပြေးပြီး ခွေးကို ခြံထဲကမောင်း ထုတ်ဖို့ပြင်လိုက်သည်။

"ဦးမောင်…၊ အဲ့ဒီခွေးကို မမောင်းနဲ့…"

"ဗျာ….ဆရာ…"

"အဲ့ဒီခွေးကို မမောင်းနဲ့… ခြံတံခါးကို အသာလေး ပိတ်လိုက်စမ်း…ရာရာစစ ဒီခွေးက ခြံထဲထိကို ၀င်လာတာ ဆိုတော့…."

ခြံစောင့်က ခွေးအလွန် မုန်းတတ်သော ကျွန်တော့်ကို နားမလည်နိုင်တဲ့အကြည့်နဲ့ကြည့်ပြီး ခြံတံခါးကို ပိတ်လိုက်သည်။

"ဦးမောင်..၊ အဲ့ဒီခွေးကို ဖမ်းစမ်းပါ…"

ခွေးမှာ လူနဲ့ယဉ်ပါးသည့်ခွေးဖြစ်သည့်အတွက် ဦးမောင် ခက်ခက်ခဲခဲ မဖမ်းလိုက်ရ…၊ အလွယ်တကူပင် ပွေ့ချီလာသည်။

"ခင်ဗျား…. အဲ့ဒီခွေးကို ဆာလာအိတ်ထဲ ထည့်လိုက်…"

"ဗျာ… ဆရာ…."

"ဆာလာအိတ်ထဲ ထည့်လိုက်လို့ ကျွန်တော် ပြောနေတယ်လေ…"

"မလုပ်ပါနဲ့ ဆရာရယ်… သနားပါတယ်….ဒီခွေးမှာ ဘာအပြစ်မှ မရှိ…"

"ဦးမောင်… ကျွန်တော့်အတွက် ခြံစောင့် နောက်တစ်ယောက် ရှာဖို့က လွယ်တယ်နော်…."

ဦးမောင် ဘာဆိုလိုတယ်ဆိုတာ သဘောပေါက်သွားဟန်တူသည်။ မျက်နှာမကောင်းစွာနဲ့ပဲ ခွေးကို ဆာလာအိတ်ထဲ ထည့်လိုက်သည်။ ခွေးမှာ သူ့ကို ဒုက္ခပေးတော့မယ် ဆိုတာ သိတာနဲ့ ရုန်းကန်ပြီး ဆူညံစွာ အော်ဟစ်နေတော့သည်။

"အပင်တစ်ပင်မှာ ဆာလာအိတ်ကို ကြိုးနဲ့ တွဲလောင်းချည်လိုက်…"

ဦးမောင် ဘာမှ ပြန်ပြီး စောဒက မတက်ရဲတော့..။ ကျွန်တော့် စိတ်အကြောင်း သူသိသည်လေ…။ ကျွန်တော် စတိုခန်းထဲဝင်ပြီး သစ်သားတုတ်ကောင်းကောင်း တစ်ချောင်းရှာလိုက်သည်။ စတိုထဲမှာ သစ်သားတုတ် ရှာနေရင်း သမီးလေး ၁ နှစ် သမီး အရွယ်တုန်းက ရိုက်ထားတဲ့ ဓါတ်ပုံလေးကို တွေ့လိုက်ရသည်။ အပြစ်ကင်းလိုက်တဲ့ မျက်နှာလေး…။  ချစ်စရာကောင်းလိုက်တဲ့ မျက်နှာလေး..။ အခုတော့…အခုတော့… တွေးရင်း တွေးရင်း ဒေါသတွေ အလိပ်လိုက်တက်လာသည်။ ဟော..တွေ့ပြီ.. သစ်သားတုတ်… တွေ့ကြသေးတာပေါ့…ခွေးဆိုတဲ့ အကောင်ရယ်….။

ကျွန်တော် တုတ်ဆွဲပြီး ပြန်ထွက်လာတော့ ဦးမောင်ကို မတွေ့ရတော့..။ ကောင်းသည်။ မကြည့်ရဲလို့ တစ်နေရာကို ထွက်သွားသည်ထင်သည်။ ဒင်းတို့က ကျွန်တော့်ကို ဘယ်နားလည်ပါ့မလဲ..။ ကျွန်တော့်လို မှ မခံစားဖူးတာကိုး….။

ကျွန်တော် ခွေးကို ဆွဲထားရာ ဆာလာအိတ်ဆီကို သွားလိုက်သည်။ ခွေးက ဟောင်ရတာ မောလို့လား မသိ..။ ငြိမ်နေသည်။ စိတ်ထဲတွင် ခွေးကိုက် ဒဏ်ရာ အမာရွတ်နဲ့ သမီးလေးမျက်နှာကို မြင်ယောင်လာသည်။ ဘာမှ စဉ်းစားမနေတော့ပဲ လက်ထဲက ဒုတ်နဲ့ ဆာလာအိတ်ကို အားကုန်လွှဲရိုက်ပစ်လိုက်သည်…။

"ကိန်…ကိန်….ကိန်…ကိန်…."

တစ်ချက်…၊ နှစ်ချက်….၊ သုံးချက်… ဘယ်နှစ်ချက် ရှိအောင် ကျွန်တော်ရိုက်မိနေသည် မသိ…။ ဆာလာအိတ်ထဲက အသံလည်းတိတ်သွားပြီး သွေးတွေကလည်း တစ်စက်စက်နဲ့ အောက်ကို ကျနေသည်။ ကျွန်တော် ပြုံးလိုက်သည်။ "မှတ်မိလား… ငါ့သမီးကို ကိုက်ချင်တဲ့ခွေးတွေ…."
ထိုစဉ်…

" အိမ်ရှင်တို့…အိမ်ရှင်တို့…"

ခြံတံခါးအပြင်ကနေ လှမ်းခေါ်သံကြားရသည်။

"ဘာကိစ္စရှိလို့ပါလဲ…"

"အိမ်ကခွေးလေး ထွက်သွားလို့… အဲ့ဒါ ဒီဘက်အိမ်ထဲများ ရောက်လာ လားမသိဘူး.."

သြော်… ခွေးပိုင်ရှင်တွေကိုး… ကျွန်တော် ပေါ်တင်ပဲ ညာလိုက်သည်။

"ဘယ်ခွေးမှ မလာပါဘူးဗျာ…ဒီခြံထဲကို…"

"ခုနက..ဒီခြံထဲက ခွေးအော်သံလိုလို…ကြားလိုက်သလားလို့…"

"ဒီမယ်… ကျုပ်က မလာဘူးဆို မလာဘူးပေါ့ဗျ… ဘာလဲ မယုံလို့လား…"

"သြော်..အဲ့လိုမဟုတ်ပါဘူး..မလာဘူးဆိုလည်း ပြီးတာပါပဲလေ… ပြန်လိုက်ပါအုံးမယ်…"

ကျွန်တော် ခပ်သွက်သွက်ပဲ ခြံထဲပြန်လာခဲ့ပြီး သစ်ပင်ကဆာလာအိတ်ကို ဖြုတ်လိုက်သည်။ အောက်ကို ကျနေတဲ့ သွေးစက်တွေကို မြေတွေနဲ့ အုပ်ပြီး ဖုံးလိုက်သည်။ ပြီးတော့ ကျွတ်ကျွတ်အိတ်အမဲ တစ်ခုထဲကို ခွေးသေထည့်ထားတဲ့ ဆာလာအိတ် ထည့်လိုက်သည်။ ပြီးတော့ ကျွတ်ကျွတ်အိတ်အမဲကို ဆွဲပြီး လမ်းထိပ် အမှိုက်ပုံမှာ သွားပစ်ဖို့ ကျွန်တော် ထွက်လာခဲ့သည်။
ခွေးတစ်ကောင်ကို ဒီလိုသတ်လိုက်ရတာ ကျွန်တော့်စိတ်ထဲတော်တော်ကို ပေါ့သွားသည်။ သမီးလေး အတွက် ပြန်ပြီး လက်စားချေပေးလိုက်နိုင်သလိုကို ခံစားရသည်။ မှတ်ထား…၊ ဒါတောင် ပထမဦးဆုံး အကောင်ပဲရှိ သေးတယ်..။ နောက်လဲ ကြုံရင် ကြုံသလို ခွေးတွေကို ပညာပေး ရမယ်..။ ကျွန်တော် တွေးတောရင်းနဲ့ပဲ… လမ်းတစ်ဖက်မှာ ရှိတဲ့ အမှိုက်ပုံကို ဖြတ်ကူးလိုက်သည်။

"ဟေ့လူ… ကား… ကား…."

"ဒုံး……"

ဒါ ကျွန်တော် ကြားလိုက်ရတဲ့ နောက်ဆုံးအသံဖြစ်သည်။ ကျွန်တော် ကားတိုက်ခံလိုက်ရသည်ဟု ထင်မိသည်။ သို့သော် ကျွန်တော် ဘာနာကျင်မှုမှ မခံစားရ…။ ကျွန်တော် ဘာမှ မဖြစ်သလိုပါပဲလား…။ ဒါပေမယ့် ကျွန်တော် မြင်နေရတာတော့ မှောင်မည်းနေတဲ့ ပတ်ဝန်းကျင်…၊ တိတ်ဆိတ်နေတဲ့ လောက…၊ ကျွန်တော် ဘယ်ရောက် နေတာလဲ….၊ ဆေးရုံထဲမှာလား…၊ အိမ်မှာလား…၊ ဒါမှ မဟုတ်…မဟုတ်မှလွဲရော.. ကျွန်တော် သေဆုံးသွား တာလား…အို… ကျွန်တော် မသေချင်သေးဘူး…၊ မသေပါရစေနဲ့အုံး.… ကျွန်တော် ဘာမှမစဉ်းစား နိုင်သေးခင်….နားထဲကို အသံ တစ်ခုကြားလိုက်ရသည်…။

"ဟာ…. မိကျန် ကြီးကတော့…မွေးပြန်ပဟေ့…၊ ဒီတစ်ခါတော့ လေးကောင်တောင်ဟ…"

ဟင်…. ကျွန်တော်…အားယူပြီး… မျက်လုံးကို ကြိုးစားဖွင့်လိုက်သည်။ ကျွန်တော် တွေ့လိုက်ရသည်က… ကျွန်တော့်ဘေးမှာ ခွေးမကြီး တစ်ကောင်ဆီကနေနို့လုစို့နေကြသော ခွေးပေါက်လေးတွေ…၊ ပြီးတော့ ကျွန်တော်တို့ကို ၀ိုင်းအုံ ကြည့်နေတဲ့ လူနှစ်ယောက်….၊ ဟာ…..၊ သွားပြီ….၊ ကျွန်တော်….. ကျွန်တော်….၊ ခွေးတစ်ကောင် ဖြစ်နေပါပေါ့လား….။

ကျွန်တော်သည် လမ်းဘေးက ခွေးမကြီးတစ်ကောင်၏ ဗိုက်ထဲတွင် ခွေးတစ်ကောင်အဖြစ် ပြန်လည် မွေးဖွားခဲ့ရပြီဖြစ်သည်။ သေခြင်းတရားကို တစ်ခဏတွင်းရင်ဆိုင်လိုက်ရပြီး မျက်စိတစ်မှိတ် လျက်တစ်ပြက်အတွင်းမှာပင် ဖြစ်ပျက်လာသော အဖြစ်အပျက်များကား ယုံနိုင်ဖွယ်ပင်မရှိ..။ နောင်ဘ၀ဆိုတာ ယခင်ကလည်း ကျွန်တော် ကိုယ်တိုင်မယုံခဲ့သလို ဘာသာတရား ကိုင်းရှိုင်းသူမဟုတ်ပဲ ဘာသာမဲ့ တစ်ဦးသာ ဖြစ်ခဲ့သည်။ ယခုတော့ အရင်လူ့ဘ၀က ပြုခဲ့တဲ့ မကောင်းမှုတွေကြောင့် ဒီဘ၀မှာ တိရစ္ဆာန်ဘ၀နဲ့ ၀ဠ်ကြွေးတွေ ပြန်ဆပ်ရတော့မယ် ထင်ပါရဲ့ဗျာ..။

ကျွန်တော်နဲ့အတူ မွေးတဲ့အခြား ခွေးပေါက်လေး သုံးကောင်ကို ခွေးချစ်တတ်သူများက လာခေါ်ပြီး မွေးလိုက်ကြသည်။ ကျွန်တော့်ကို မမွေးချင်ကြခြင်း အကြောင်းရင်းက ကျွန်တော်၏ နောက်ညာဘက် ခြေထောက်မှာ မွေးကတည်းက သေနေပြီး လမ်းသွားလျှင် တရွတ်ဆွဲနေသောကြောင့် ဖြစ်ပေလိမ့် မည်။ ဒါကြောင့် မိခင် ခွေးမကြီးနဲ့ ကျွန်တော်သာလျှင် လမ်းပေါ်မှာ ဆက်လက် ဘ၀ကို ရှင်သန် ဖြတ်သန်း ရုန်းကန်ရပေတော့မည်။

ကျွန်တော် ဘယ်နေရာကို ရောက်နေလဲဆိုတာတော့ ကျွန်တော် မသိ…။ ဈေးတစ်ခုအနားမှာ ဆိုတာ တော့ သိသည်။ နံနက်ဆိုရင် ဈေးအတွင်းမှ စားသောက်လို့ရသမျှကို ရှာဖွေ စားသောက်ကြရသည်။ ဈေးအနီးအနားဖြစ်သောကြောင့် အစားအသောက် မရှားပေမယ့်လည်း လူတွေရဲ့ အငြူအစူ ဆူပူ ကြိမ်းမောင်းခြင်းကိုတော့ မကြာခဏခံရသည်။ ဒီလိုနဲ့ နေလာရင်း အချိန်တွေ ကုန်ဆုံးမှန်း မသိ ကုန်ဆုံးခဲ့သည်။ တစ်ဦးတည်းအဖော်ဖြစ်သော မိခင်ခွေးမကြီးသည်လည်း လမ်းပေါ်တွင် ကားတိုက်မိ သဖြင့် သေဆုံးခဲ့ပြီး ယခုအခါတွင် ကျွန်တော် တစ်ကောင်တည်းသာလျှင် ဒုက္ခိတ ခွေးအဖြစ် လမ်းပေါ်မှာ ရှင်သန် ဖြတ်သန်းလျက်ရှိနေသည်။ တစ်နေ့…..

အရင်လိုပဲ ကျွန်တော်နေနေကျ သစ်ပင်အောက်မှာ အိပ်နေတုန်း ကလေးတွေ ကျောင်းဆင်းလို့ ၀ရုန်း သုံးကား ပြေးလာနေကြသည်။ ကျွန်တော် ထလိုက်သည်။ တစ်ချို့ကလေးတွေက သူတို့မုန့်ကို ပစ်ကျွေး တတ်ကြသည်။ ကလေးတွေကိုဆီကို အမြီးနှံ့ပြီး ကျွန်တော်လျှောက်သွားလိုက်သည်။ ထိုစဉ် ကလေးတွေထဲမှ တစ်စုံတစ်ယောက်ကို ကျွန်တော် သတိထားမိလိုက်သည်။

ဟင်…. သမီးလေး…။ ကျွန်တော် သေချာအောင် ပြန်ကြည့်သည်။ ဟုတ်သည်။ ပါးမှာ အမာရွတ်လေးနဲ့ ကျွန်တော့်သမီးလေး…။ သမီးလေးတောင် ကျောင်းနေတဲ့အရွယ် ရောက်နေပါပေါ့လား…။ ကြည့်စမ်းပါအုံး… ချစ်စရာကောင်းလိုက်တာ…။ ကျွန်တော် အားရ ၀မ်းသာ သမီးလေးဆီကို ပြေးသွားမိလိုက်သည်။ ထိုစဉ်..

"ကိန်…ကိန်…."

ဘယ်ကပစ်လိုက်မှန်းမသိတဲ့ အုတ်နီခဲကျိုး..။ ကျွန်တော့်ခေါင်းကို ပြင်းထန်စွာလာမှန်သောကြောင့် နေရာတွင်ပင် ပစ်လဲကျသွားသည်။ ကျွန်တော့်ကို ပစ်တဲ့သူက သမီးလေးဆီကို လျှောက်သွားပြီး သမီးလေးကို ပွေ့ချီလိုက်သည်။ သူ့ဘေးမှာက ကျွန်တော့်မိန်းမ…

"အေပေးခွေး…၊ သေသွားမယ်..၊ ကလေးကို ကိုက်ဖို့ပြေးလာတာမေရေ…၊ ကိုယ်မြန်လိုက်လို့…"

အလို သူက….သူက….၊ သမီးလေးရဲ့ ပထွေး…၊ ကျွန်တော့်မိန်းမ နောက်အိမ်ထောင်ပြုလိုက်တာပေါ့..၊ ကျွန်တော် တွေးတောနေစဉ်မှာပင်…သူတို့ ထွက်သွားကြသည်။ ကျွန်တော် ချက်ချင်း ပြန်ထပြီး သမီးလေးနောက်ကို ပြေးလိုက်သည်။ သမီးလေးက ကြောက်လန့်တကြား

"ဦးဦး..ဟိုမှာ ခွေးလိုက်လာတယ်…"

"ဟာ…ဒီခွေး…. ကဲကွာ…"

"ဖုန်း…ဖုန်း…" သူ သမီးလေးကို အောက်ချပြီး ဒုတ်တစ်ချောင်းဖြင့် ကျွန်တော့်ကို လိမ့်ရိုက်တော့သည်။
ကျွန်တော် နာကျင် လွန်းသဖြင့် ထွက်ပြေးလိုက်သည်။ ကျွန်တော် အတော်ဝေးဝေးရောက်မှ သမီးတို့ ကားပေါ်တက်ပြီး ထွက်သွားတာကို ငေးကြည့်နေမိသည်။ သြော်…. ခွေးတစ်ကောင်ဖြစ်ရတာ မလွယ်ပါလားဗျာ…။

ကျွန်တော် ညနေတိုင်း အပင်အောက်ကနေ သမီးကျောင်းပြန်လာတာကိုစောင့်နေမိသည်။ သမီးလေးတို့က ဒီကိုအခုမှ ပြောင်းလာတာထင်သည်။ အရင်က မတွေ့..။ ဒါပဲဖြစ်ဖြစ် သမီးလေးနဲ့ ပြန်ဆုံဆည်းခွင့်ပေးတဲ့ ကံကြမ္မာကို အနည်းငယ်တော့ ကျွန်တော် ကျေးဇူးတင်မိသည်။ ကျွန်တော့်အတွက်တော့ အဆိုးထဲကမှ အကောင်းပေါ့….။

ဒီလိုနဲ့ တစ်ရက်…သမီးလေး ပြေးနေသည်။ သူ့နောက်မှာက ခွေးတစ်ကောင်…၊ ဘယ်ကခွေးမှန်းတော့ မသိ…၊ အလုံးအထည် ခန္ဓာကိုယ်က ကျွန်တော့်ထက်ကြီးသည်။ သမီးလေးကို အန္တရာယ်ပြုဖို့ ဒီကောင် လိုက်နေမှန်း ကျွန်တော်သိသည်။ ကျွန်တော် အလျင်အမြန်ပြေးထွက်သွားလိုက်သည်။ ဒါပေမယ့် သေနေတဲ့ ခြေထောက် တစ်ဖက်ကြောင့် လိုသလောက် ခရီးမပေါက်..။ ကြားထဲကနေဖြတ်ပြီး အဆိုပါခွေးကို ကျွန်တော် ပြေးကိုက်လိုက်သည်။ ရုတ်တရက် အကိုက်ခံလိုက်ရသောကြောင့် ထိုခွေး ကြောင်တောင်တောင် ဖြစ်သွားသည်။ သို့သော် ချက်ချင်း ပြန်လည် မာန်ဖီပြီး ကျွန်တော့်ကို ပြန်ကိုက်ခဲတော့ သည်။ ကျွန်တော် တတ်နိုင်သမျှ ပြန်လည် ခုခံပေမယ့် အားကလည်းမမျှ ခြေထောက်ကလည်းသေ ဆိုတော့ နောက်ဆုံး ဘာမှ မလုပ်နိုင်တော့ပဲ သူပြုသမျှပဲ ခံလိုက်ရတော့သည်။ ထိုခွေးကလည်း ကျွန်တော့်ကို စိတ်ကြိုက်ကိုက်ခဲပြီး ပြန်လည် ထွက်ခွာသွားတော့သည်။ ကျွန်တော့်မှာတော့ ဒဏ်ရာ ဒဏ်ချက်များစွာနဲ့ ကျွန်တော်နေရပ်သစ်ပင်အောက်ကို ဖြေညှင်းစွာ ပြန်လာလိုက်သည်။

ထိုစဉ် ဆဠမအာရုံအရ နောက်ကနေ တစ်ယောက်ယောက် ကြည့်နေတယ်လို့ ခံစားမိတာကြောင့် နောက်ကို လှည့်ကြည့်လိုက်တော့… သမီးလေး… သမီးလေး ကျွန်တော့်ကို ကြည့်နေသည်။ သူမ မျက်ဝန်းမှာ သနားတဲ့ အရိပ်အယောင်တွေနဲ့…. ကျွန်တော် သူမဆီကို ပြေးသွားဖို့ပြင်လိုက်သည်။ သို့ပေမယ့် ကျွန်တော့်မိန်းမနဲ့ ဟိုတစ်ယောက်ကို မြင်လိုက်ရတော့ ကျွန်တော် စိတ်လျော့လိုက်သည်။ ကျေနပ်ပါတယ် သမီးရယ်.. သမီးလေးအတွက် အပ်ပေါက် ဒဏ်ရာလောက်လေးပဲဖြစ် ဖြစ်… အဖေ တတ်နိုင်တဲ့ ဘက်ကနေ အသက်ပေးပြီး ကာကွယ်ပေးပါ့မယ်ကွယ်…

ကျွန်တော် သူ့ကို မှတ်မိသည်။ သမီးလေးရဲ့ပထွေးဆိုသူ…၊ သူအဝေးမှနေပြီး ကျွန်တော့်ဆီ လျှောက်လာသည်။ သူ့နောက်က လူနှစ်ယောက် ထပ်ပါလာသေးသည်။ ကျွန်တော် အိပ်နေတဲ့ အနား ရောက်တော့…

"သမီးလေး ကျောင်းပြန်တိုင်း လိုက်ကိုက်နေတာ ဒီခွေးကွ… မနေ့ကလည်း… ကျောင်းက အပြန် ခွေးလိုက်ကိုက်တယ်တဲ့… ဒီကောင်ပဲ ဖြစ်ရမယ်…"

ဟင်…မဟုတ်ဘူး…မဟုတ်ဘူး…၊ ကျွန်တော် သမီးကို အန္တရာယ်ဘယ်လုပ်ပါ့မလဲ…၊ ကျွန်တော်က သမီးလေးကို ကာကွယ်ပေးတာပါ…

"ရော့..၊ မင်းတို့ တစ်ယောက် ၅၀၀၀၊ ဒီခွေးကို မင်းတို့ အရက်နဲ့ မြည်းဖို့ အသားလုပ်လိုက်တော့…"

ဟင်…. ကျွန်တော့်အတွက် အန္တရာယ်ရှိပြီဆိုတာ သိသိချင်း ကျွန်တော် ထပြေးသည်။ သို့ပေမယ့် ခွေးကိုက်ခံထားရတဲ့ ဒဏ်ရာတွေအပြင် သေနေတဲ့ ခြေထောက်တစ်ဖက်ကြောင့် သိပ်မပြေးလိုက်ရပဲ သူတို့ ကျွန်တော့်ကို ဖမ်းမိသွားကြသည်။ ကျွန်တော် ရှိသမျှအားနဲ့ အသားကုန် အော်ဟစ်ပြီး အကူအညီတောင်းလိုက်သည်။ ဘယ်သူကမှ အရေးတယူလုပ်ပြီး ဂရုမစိုက်..။

"ခွေးကလဲကွာ...၊ စားချင်စရာတောင် မကောင်းဘူး..၊ တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့…"

သူတို့ ကျွန်တော့်ကိုဖမ်းနေတုန်း… သမီးလေး ကျောင်းလာနေတာကို ကျွန်တော် မြင်လိုက်ရသည်။ ကျွန်တော် အားတက်သွားပြီး ရှိသမျှအားနဲ့ ရုန်းကန်သည်။ အော်ဟစ်သည်။ သို့သော် ကျွန်တော့်ရဲ့ ပါးစပ်ကို တစ်ခုခုနဲ့ စည်းလိုက်တာကိုခံလိုက်ရသည်။ ကျွန်တော် အော်လို့မရတော့..။ ကျွန်တော့် ကို သမီးလေး မြင်ပါစေ…၊ ဒီဘက်ကို လှည့်ကြည့်ပါအုံး … သမီးလေးရယ်…၊ ဖေဖေ့ကို လှည့်ကြည့်ပါအုံး..၊ သမီးလေး လှည့်မကြည့်ပဲ ကျောင်းထဲသို့ ၀င်သွားခဲ့သည်။ သမီးလေးရဲ့ ကျောပြင်ကို နောက်ဆုံးအနေနဲ့ကြည့်ရင်း ကျွန်တော် စိတ်လျော့လိုက်သည်။ ကဲ…. အခုဆိုရင် ကျွန်တော် ၀ဠ်ကြွေးတွေ ဆပ်ဖို့ အသင့်ဖြစ်နေလေရဲ့…။

ကျွန်တော့်ကို သူတို့ ဆာလာအိတ်ထဲထည့်လိုက်ကြသည်။ ကျွန်တော် မျှော်လင့်ထားသည့် အတိုင်းပင်..။ ပြီးတော့ အပင်တစ်ပင်မှာ ဆွဲလိုက်ကြသည်။ အမှောင်ထဲကနေပြီး မိမိကိုယ်ပေါ် ကျရောက်လာမယ့် နာကျင်မှုတွေကို စောင့်မျှော်နေရတဲ့ ခံစားချက်ကို အခု ကိုယ်တိုင် ခံစားရတော့ အတော်လေးကို ဆိုးရွားမှန်း သိလိုက်သည်။ သြော်… နောင်တ…နောင်တ….၊ နောင်မှ ရလို့ နောင်တ လို့ ခေါ်ကြတာပဲလေ…။

"ဖုန်း…ဖုန်း….ဖုန်း…."

"ကိန်….ကိန်…..ကိန်….."

ပြင်းထန်တဲ့ နာကျင်မှုတွေကို ခံစားရင်း မျက်စိထဲတွင် သမီးလေးနဲ့ မိန်းမမျက်နှာ..၊ မိမိအရင်ဘ၀က သတ်ခဲ့တဲ့ ခွေးလေးမျက်နှာ တို့ကို တစ်လှည့်ဆီ မြင်ယောင်နေမိသည်။ တစ်ခါတစ်လေ ကားတိုက် ခံရပြီးပြီးချင်း ရောက်ရှိသွားတဲ့ အမှောင်လောက ရောက်နေသလိုမျိုး ခံစားရပေမယ့် တစ်ခါတစ်လေ ဆာလာအိတ်ရဲ့ အနံ့အသက်ကို ရရှိနေသေးသည်။ ကျွန်တော် သေပါရစေတော့…။ ကျွန်တော် သေချင်နေပြီ…။ ဒီလိုပြင်းထန်တဲ့ ခံစားမှုတွေကို မခံစားချင်တော့ဘူး…။

ကျွန်တော့်ကို သေခွင့် ပြုပါတော့…။ သေခွင့်ပြုပါတော့….။ မိမိရဲ့ ခန္ဓာကိုယ်ပေါ်ကိုတော့ ပြင်းထန်တဲ့ ရိုက်နှက်မှုတွေ တစ်ဖြည်းဖြည်း ကျရောက်ဆဲ..။ နောက်ဆုံး သိလိုက်ရတဲ့ အသိအခုကား….။ သြော်…. ၀ဠ်… ၀ဠ်…. ၀ဠ်ဆိုတာ တစ်ကယ်ကို ရှိပါလား…။

မှတ်ချက် ။     ။ ငယ်ငယ်က အသဲစွဲဖတ်ခဲ့ဖူးတဲ့ ခွေးဝင်စားဆိုတဲ့ ရုပ်ပြလေးကို ပြန်လည်ခံစားရေးဖွဲ့ပါသည်။

အောင်ထွန်းဦး


တရုတ်အစိုးရ ကွန်ပျူတာများတွင် Windows 8 အသုံးမပြုရန် ပိတ်ပင်


တရုတ်နိုင်ငံသည် Microsoft ၏ Windows 8 operating system (OS) ကို အစိုးရဌာနများ၏ ကွန်ပျူတာများတွင် အသုံးမပြုရန် တားမြစ်ပိတ်ပင်လိုက်သည်။ Windows 8 ကို အသုံးပြုခြင်းအား တားမြစ်ပိတ်ပင်ကြောင်းကို တရုတ်အစိုးရဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယခု တားမြစ်ပိတ်ပင်မှုသည် အများပြည်သူနှင့် သက်ဆိုင်ခြင်းမရှိဘဲ အစိုးရပိုင် ကွန်ပျူတာများအတွက်သာ ရည်ညွန်းကြောင်းလည်း ကြေညာချက်တွင် ဖော်ပြသည်။ တရုတ်အစိုးရ၏ တားမြစ်ပိတ်ပင်မှုအပေး အံ့အားသင့်မိကြောင်း၊ မိမိတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများမှာ အစိုးရများ၏ လုပ်အပ်ချက်အားလုံးကို ပြည့်မီကြောင်း Microsoft ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။ အမေရိကန်ရှိ တရုတ်သံရုံးကမူ အဆိုပါကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပြုပြောကြားခြင်း မရှိသေးချေ။

တရုတ်အစိုးရ၏ ယခုလုပ်ဆောင်ချက်မှာ မကြာသေးမီက Microsoft အနေဖြင့် Windows XP အား အထောက်အပံ့ပေးခြင်းကို ရပ်ဆိုင်းလိုက်မှုနှင့် ဆက်စပ်နိုင်သည်ဟု ခန့်မှန်းကြသည်။ Microsoft အနေဖြင့် အနာဂတ်တွင် ၎င်း၏ အခြား Windows systems များကိုလည်း အလားတူ ထောက်ပံ့မှုရပ်ဆိုင်းခြင်းများ ပြုလုပ်လာနိုင်သဖြင့် တရုတ်အစိုးရက Windows OS များ အသုံးမပြုလိုတော့ခြင်း ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။ Microsoft က Windows XP ကို အထောက်အပံ့ပေးမှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ကွန်ပျူတာ သန်းပေါင်းများစွာမှာ လုံခြုံရေးပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေဖွယ်ရှိသည်။


Planet Myanmar Network


အစာလည်းဆေး ဆေးလည်းအစာ မဟုတ်ပါ


မိတ်ဆွေတစ်ဦးသည် လုပ်ငန်းကြီးများ လုပ်ကိုင်ပြီး အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ သူသည် စိုပြည်ဝဖြိုးသော ဥပဓိရုပ်ပိုင်ရှင်ဖြစ်ပြီး အပြင်ပန်းအားဖြင့်ကြည့်လျှင် ကျန်းမာသော လူကြီးတစ်ဦးဖြစ်သည်။ သို့သော် သူနှင့်အနီးကပ်နေသောအခါမှ သိလာရသည်မှာ သူ့တွင် ရောဂါကြီးကြီး မားမား သုံးမျိုးခန့်ရှိနေသည်။

သူသည် အသည်းအဆီဖုံးသည်ဟု စတင်သိရသည့်အချိန်မှစ၍ အထူးကုဆရာဝန်ကြီးများနှင့် ပြသနေခဲ့ သည်မှာ သုံးနှစ်၊ လေးနှစ်ရှိခဲ့ပြီ။ သို့သော် ထိုရောဂါများမှာ ပျောက်ကင်းမသွားသည့်အပြင် တစ်ခုပြီးတစ်ခု တိုးလာခဲ့သည်။ နောက်ဆက်တွဲ နှလုံးသွေးကြောကျဉ်းဝေဒနာ၊ သွေးတိုးဝေဒနာနှင့် ကျောက်ကပ် ကျောက်တည် ဝေဒနာများပါ ထပ်မံတိုးလာခဲ့သည်။

တစ်ခါက သူ့အိမ်တွင်ကြုံ၍ ထမင်းဝင်စားဖြစ်သည်။ သူစားသော အစားအသောက်များမှာ အိမ်မှချက်သော အစားအစာများမဟုတ်။ ဆိုင်များမှ ကောင်းနိုးရာရာ ခံတွင်းတွေ့မည့် ဟင်းလျာများကို သူ၏တပည့်တစ်ဦးမှ ဝယ်၍ စားကောင်းအောင် စီစဉ်ပေးခြင်းဖြစ်သည်။

ထိုအစားအသောက်များမှာ အဆီနှင့် ဟင်းချိုမှုန့် အရောင်ဆိုးဆေးများပါနေသည်ကို တွေ့ရသဖြင့် သူ့ကို ဖြစ်ပါ့မလားဟု မေးကြည့်မိသည်။ သူက ''ဖြစ်ပါတယ်၊ အစာစားပြီးရင် ဆေးသောက်လိုက်ရုံပဲ၊ အစာ များများစားမှ ကျန်းမာမယ်၊ အစာလည်းဆေး ဆေးလည်းအစာပဲ'' ဟု ပြောပါသည်။သူသည် ထမင်းစားပြီး နောက် ဆေးတောင့် ဆေးပြားများ မျိုးစုံ လက်တစ်ခုပ်စာမျှ ရေအေးနှင့်သောက်ချလိုက်သည်ကို တွေ့ရသည်။

မည်သို့ အကျိုးဖြစ်မည်မသိသော်လည်း သူသောက်ရသည့်ဆေးမှာ အစာနှင့်တန်းတူဖစ်တော့မည်။ များလွန်းသည်ဟု ထင်မိသည်။ သူ့မှာ မနက်စာစားပြီး သောက်သည့်ဆေး၊ ညစာစားပြီးသောက်သည့်ဆေး၊ အိပ်ရာဝင် သောက်သည့်ဆေး စသည်ဖြင့် ဆေးကိုးမျိုး၊ ဆယ်မျိုးသောက်နေရသည်မှာ အလုပ်တစ်ခုလိုမျိုး ဖြစ်နေသည်။ လမ်းလျှောက်ချိန်ဟူ၍လည်း မရှိ၊ အလုပ်ထဲမှာပင် တစ်နေကုန် နစ်မျောနေသည်ကို တွေ့ရသည်။

ရုပ်ကို အာဟာရကစောင့်သည်ဆိုသော စကားရှိသည်။ သူ၏ စိုပြည်ဝဖြိုးနေသောရုပ်မှာ သူစားသော အစာအာဟာရများကြောင့် ဖြစ်သည်။ သို့သော် ထိုအစာ အာဟာရများ၏ နောက်ကွယ်တွင် မကြေ ကျက်ခြင်း၊ အဆီတိုးခြင်း၊ အသားတိုးခြင်းတို့သည် နှစ်ရှည်ကြာသောအခါ စုမိလာပြီး မိမိခန္ဓာကိုယ်ကို မိမိမနိုင်သောအခြေအနေသို့ ရောက်ရှိသွားနိုင်ပေသည်။

မည်သည့်ရောဂါဖြစ်ဖြစ် ငါ့မှာဆေးရှိသည်။ ဆေးမှန်မှန် မှီဝဲလျှင် ပျောက်သည်။ ရောဂါရှိလျှင် ဆေးရှိသည်ဟု ယူဆပြီး ဆေးကို မျက်စိမှိတ်အားကိုးနေသူများ ရှိသည်။ ထိုသူများသည် ဆေးယဉ် ဆေးရိုး သော၊ ဆေးမတိုးသောရောဂါများဖြင့် ဒုက္ခတွေ့ကြရသည်ကို တွေ့ရဖူးသည်။

အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသောစကားမှာ တရားသေဆုပ်ကိုင်ထားသင့်သော စကား မဟုတ်ပေ။ အစားများလွန်းလျှင်လည်းမကောင်း၊ ဆေးများလွန်းလျှင်လည်း မကောင်းဟု သတိပြုသင့်ပေ သည်။

MOI Webportal Myanmar




MH-370 လေ ယာဉ် တည် ရှိ မည့် နေ ရာ ကို CIA နှင့် ဘိုအင်း ကုမ္ပဏီ တို့က ဖုံးကွယ် ထားကြောင်း မလေးရှား ဝန်ကြီးချုပ် ဟောင်း စွပ်စွဲ ပြောကြား



မေလ ၂၁ ရက် ၂၀၁၄ ခုနှစ်

မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံး သွားသော MH-370 ခရီးသည်တင် လေယာဉ်သည် ပျက်ကျခဲ့ခြင်း မဟုတ်ကြောင်း၊ ယခုလက်ရှိတွင် ယင်းလေယာဉ်သည် တစ်နေရာတွင် ရှိနေနိုင်ဖွယ် ရှိကြောင်း၊ ယင်းလေယာဉ် တည်ရှိမည့်နေရာကို ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA နှင့် ဘိုအင်း လေကြောင်း ကုမ္ပဏီတို့မှ သိရှိ နိုင်ဖွယ် ရှိကြောင်း မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီဟာ မိုဟာမက်ဒ်က အခိုင် အမာ ပြောကြားခဲ့သည်။
အကယ်၍ MH-370 လေယာဉ်အပိုင်စီး ခံရမည်ဆိုပါက ၎င်းလေယာဉ်ကို CIA အဖွဲ့က လေယာဉ် အဝေးထိန်း ကိရိယာဖြင့် အဝေးမှ လှမ်း၍ ထိန်းချုပ်မှုများ လုပ်ဆောင် နိုင်ကြောင်း ဒေါက်တာ မဟာသီဟာက ပြောကြား ခဲ့သည်။

၎င်းပြင် MH-370 လေယာဉ်သည် ဘိုအင်း ကုမ္ပဏီက တည်ဆောက် ခဲ့သော ဘိုအင်း ၇၇၇ လေယာဉ် အမျိုးအစား ဖြစ်သောကြောင့် ၎င်းလေယာဉ်၏ ဆက်သွယ်ရေး စနစ်များ တစ်စုံတစ်ရာ ချွတ်ယွင်းမှုရှိ၊ မရှိနှင့် စပ်လျဉ်း၍ ယင်းကုမ္ပဏီက သိရှိရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ယခုကဲ့သို့ လေယာဉ်၏ Black Boxမှ Pingsသံကို နားထောင်ခြင်း၊ လေယာဉ် အပျက်အစီး အပိုင်းအစများနှင့် ပင်လယ်အတွင်း ယိုဖိတ်ထားသော လေယာဉ်ဆီများကို ရှာဖွေ နေခြင်းသည် အချိန်နှင့် ငွေများကို ဖြုန်း တီးနေခြင်း သာဖြစ်ကြောင်း မဟာသီက Sydney Morning Herald သတင်းဌာနကို ပြောကြားခဲ့သည်။

မြ၀တီ



ချစ်သူစုံတွဲတွေ ရေရှည်မြဲဖို့အတွက် သိထားသင့်တဲ့ လျှို့ဝှက်ချက်


ချစ်သူတွေ ဖြစ်လာတဲ့အခါ အချိန်တွေကြာလာလေ တစ်ယောက်အကြောင်း တစ်ယောက်သိလာရလေပါပဲ။ ဒီလိုအချိန်မှာ အချစ်တွေ ဟောင်းမသွားပဲ အမြဲသစ်နေအောင် ဘယ်လိုထိန်းရမလဲဆိုတဲ့ အချက်လေးတွေက အရေးပါလာပြီပေါ့။ နှစ်ဦးကြား တည်မြဲတဲ့ ဆက်ဆံရေးရှိနေအောင် ထိန်းသိမ်းချင်တဲ့သူတွေအတွက် ဆက်ဆံရေးခိုင်မြဲစေမယ့် လျှို့ဝှက်ချက်တစ်ချို့ကို ပြောပြပေးချင်ပါတယ်။

၁။ ချစ်သူစုံတွဲတွေ လေ့ကျင့်ခန်း အတူတူလုပ်ခြင်းဟာ နှစ်ဦးသား သံယောဇဉ်ကြိုး ပိုမိုခိုင်မြဲအောင် စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။ လေ့လာတွေ့ရှိချက်တွေအရ GYM အတူတူ ဆော့တာပဲဖြစ်ဖြစ်၊ အတူတူ ပြေးတာပဲဖြစ်ဖြစ်၊ jogging တူတူခုန်တာပဲဖြစ်ဖြစ် ချစ်သူနဲ့အတူ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့ စုံတွဲတွေဟာ ဘယ်တော့မှမခွဲမခွာနေကြရလေ့ရှိပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာလေ့လာတွေ့ရှိချက်အရသာမက စစ်တမ်းကောက်ချက်အရပါ ခုချိန်ထိ မှန်ကန်နေဆဲအချက်လို့ သိရပါတယ်။

၂။ချွေးစိုခြင်းဟာ နှစ်ဦးသားအတွက် ဆက်စီကျစေပါတယ်။ တစ်ဦးနဲ့တစ်ဦး မြင်နေကျပုံစံတွေ မဟုတ်ဘဲ ချွေးစိုစိုနဲ့ လေ့ကျင့်ခန်းလုပ်ထားတဲ့အလှဟာ ချစ်သူတွေအတွက် အမြင်ဆန်းစေတဲ့အပြင် ဆက်စီလည်း ဖြစ်ပါတယ်တဲ့။

၃။ကိုယ့်ရဲ့ခန္ဓာကိုယ်က အဆီပိုတွေကို မှန်ကန်စွာဖယ်ရှားနိုင်တာ၊ diet လုပ်နိုင်တဲ့သူတွေဟာလည်း ချစ်သူအပေါ် ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ အဓိက အချက်ကတော့ ကိုယ့်အသွင်အပြင်ပြောင်းသွားတော့ ကိုယ့်ချစ်သူကို အမြင်မရိုးစေတော့ဘူးပေါ့။

၎။အမျိုးသမီးတွေအတွက် ဆွဲဆောင်မှုအရှိဆုံးအရာက အပြုံးပါ။ ဒီအချက်ဟာ ချစ်သူစုံတွဲတွေကြားထဲမှာလည်း အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးအချက်အဖြစ် ရှိနေတာပါ။ ပြုံးပြုံးရွှင်ရွှင်နေတတ်တဲ့ ချစ်သူကို လူတိုင်းတန်ဖိုးထားချင်ကြပါတယ်။

၅။အမျိုးသားတွေအတွက်ကတော့ ကျန်းမာရေးကောင်းဖို့ကလည်း အရေးကြီးပါသတဲ့။ ကျန်းမာရေးချူ ချာတဲ့ ချစ်သူရည်းစားကို ရထားတဲ့အမျိုးသမီးဟာ ဘယ်လောက်ထိ စိတ်ပျော်ရွှင်ရမှာတဲ့လဲ။ ဒါ့ကြောင့် အမျိုးသားတွေအနေနဲ့ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ဖို့လိုပါတယ်။


Ref:yourtango.com
trend myanmar


3G ကွန်ရက်က မြန်မာနိုင်ငံကို အကြီးအကျယ် တိုးတက်ပြောင်းလဲစေရန် ဆောင်ရွက်ပေးနိုင်ဟုဆို


မြန်မာနိုင်ငံရှိ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော ကာတာအခြေစိုက် အော်ရီးဒူး၏
အလုပ်အမှုဆောင် မစ္စတာ ကောမက်က ၃ ဂျီကွန်ရက်သည် မြန်မာနိုင်ငံကို အကြီးအကျယ်
တိုးတက်ပြောင်းလဲစေရန် ဆောင်ရွက်ပေးနိုင်မည်ဟု ပြောကြားထားကြောင်း မေလ ၁၆ ရက်နေ့က
၎င်း၏ တရားဝင်အင်တာ နက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

"ကျွန်တော်တို့ရဲ့ အနာဂတ် မျိုးဆက်သစ် ၃ ဂျီကွန်ရက်က မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်
ရင်းနှီးမြုပ်နှံမှုတွေ အများအပြား ပေါ်ပေါက်လာပြီး တိုင်းပြည်အကြီးအကျယ် တိုးတက်ပြောင်းလဲ
လာအောင် ဆောင်ရွက်သွားမယ်။ တွန်းအားပေးမယ်။ ပြီးတော့အထောက်အကူတွေလည်း
အများကြီးပေးနိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်"ဟု အော်ရီးဒူးမြန်မာ၏
အလုပ်အမှုဆောင် အရာရှိချုပ် Ross Cormack က အမေရိကန်စီးပွားရေး မိတ်ဖွဲ့
ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

၃ ဂျီ ကွန်ရက်ဟုဆိုရာတွင် ထိုကွန်ရက်တွင် အသံခေါ်ဆိုမှုများအပြင် ရုပ်ပိုင်းဆိုင်ရာခေါ်ဆိုမှု
(Video Calling) စနစ်ပါ ပါဝင်မည်ဖြစ်ပြီး အင်တာနက်အမြန်နှုန်းအနေဖြင့် တစ်စက္ကန့်လျှင်
၂၀ မက်ဂါဘိုက်မှ ၄၁ မက်ဂါဘိုက်အထိ ဒေတာကူးပြောင်းနိုင်မှု အလွန်မြင့်မားသည်။

၃ ဂျီကို third generation of mobile phone standard ဟု ကမ္ဘာတစ်လွှားသိထားကြပြီး
ဗြိတိန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် လွန်ခဲ့သည့်နှစ်များကပင် ၃ ဂျီထက်မြင့်သော ၄ ဂျီစနစ်ကို
သုံးစွဲနေလျက်ရှိကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပါဝင်ဆွေးနွေးသူများမှာ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ
တာဝန်ရှိသူများ၊ အမေရိကန်ပြည်ထောင်စုမှ လူမှုရေးရာများဆိုင်ရာ စွန့်ဦးလုပ်ငန်းရှင်များ၊
ရင်းနှီးမြှုပ်နှံသူများနှင့် အများအကျိုးအတွက် ပရဟိတဒါရှင်များပါဝင်ကြပြီး အပြည်ပြည်ဆိုင်ရာ
စီးပွားချိတ်ဆက်ခြင်းများအတွက် The Richardson ဗဟို၊ The Aspen သိပ္ပံတို့ ဦးဆောင်ကာ
မြန်မာပြည်တွင်း၌ ရှိနေသော လူထုအကျိုးပြုသည့် ရင်းနှီးမြုပ်နှံခြင်းအခွင့်အလမ်းများ၊
မြန်မာနိုင်ငံတော် အစိုးရ၏ တိုင်းပြည်ကို ဒီမိုကရေစီနည်းလမ်းကျစွာ ကူးပြောင်းရန် ခိုင်မာသော
ကတိထားရှိခြင်းများအပြင် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး ပိတ်ပင်တားဆီးမှုများ
ရုတ်သိမ်းခြင်းစသည့် မြန်မာစီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုများသည် မည်သို့ အကျိုးသက်ရောက်
ကြောင်း ဆွေးနွေးခဲ့ကြသည်။

Myanmar Times