21 May 2014

ဝဋ်ကြွေး ကြံမ္မာ ကြောက်စရာ


ခွေးဆို ကျွန်တော်မုန်းသည်။ ခွေးမှန် သမျှ မည်သည့်ခွေးမဆို ကျွန်တော်မုန်းသည်။ ကျွန်တော် ခွေးတွေကို အလကားနေရင်း မုန်းနေခြင်း မဟုတ်။ ကျွန်တော့် အတွက် ခွေးကိုမုန်းစရာ အကြောင်းကလည်း ရှိနေသည်ကိုး..။ ကျွန်တော့် သမီးလေး ၂ နှစ်အရွယ်တုန်းက ခွေးတစ်ကောင် ကိုက်တာ ခံခဲ့ရဖူးပြီး သေရာပါမည့် အမာရွတ်သည် သမီးလေးရဲ့ ပါးပေါ်တွင် စွဲထင်ကျန်ခဲ့သည်။ ထိုစဉ်ကတည်းက သမီးလေးမျက်နှာပေါ်က အမာရွတ်မြင်တိုင်း ကျွန်တော်၏ ခွေးအပေါ် အမုန်းတရားတို့သည် ကျွန်တော့်ရင်ထဲ တဖြည်းဖြည်း ကြီးထွားလာခဲ့တော့သည်။

"အိမ်ထဲကို ဘယ်ခွေးမှ မ၀င်စေနဲ့…၊ အေး…၀င်လာရင်လည်း ဘယ်တော့မှ အရှင်ပြန်မထွက်စေနဲ့.…" ဒါ အိမ်မှာ ကျွန်တော်ရဲ့ တစ်ချက်လွတ် အမိန့်ဖြစ်ပြီး ကျွန်တော် မကြာခဏ ပြောနေကျ စကားလည်း ဖြစ်သည်။

တစ်ရက်….. ခြံထဲကို ဘယ်ကခွေးတစ်ကောင်မှန်း မသိ… မျက်စိလည် လမ်းမှားပြီး ၀င်ရောက်လာသည်။ ခွေးမှာ ပိုင်ရှင်ရှိတဲ့ခွေးဖြစ်ပြီး လည်ပတ်လေး တစ်ခု ဆွဲထားပြီး ခွေးအမျိုးအစားမှာ တော်တော်လေး ကောင်းပြီး ဈေးကြီးကြီး ပေးဝယ်ရမယ့် ခွေးမျိုးဖြစ်သည်။
ခြံစောင့်က ကျွန်တော့် အကြောင်းသိထားတော့ အလန့်တကြားပြေးပြီး ခွေးကို ခြံထဲကမောင်း ထုတ်ဖို့ပြင်လိုက်သည်။

"ဦးမောင်…၊ အဲ့ဒီခွေးကို မမောင်းနဲ့…"

"ဗျာ….ဆရာ…"

"အဲ့ဒီခွေးကို မမောင်းနဲ့… ခြံတံခါးကို အသာလေး ပိတ်လိုက်စမ်း…ရာရာစစ ဒီခွေးက ခြံထဲထိကို ၀င်လာတာ ဆိုတော့…."

ခြံစောင့်က ခွေးအလွန် မုန်းတတ်သော ကျွန်တော့်ကို နားမလည်နိုင်တဲ့အကြည့်နဲ့ကြည့်ပြီး ခြံတံခါးကို ပိတ်လိုက်သည်။

"ဦးမောင်..၊ အဲ့ဒီခွေးကို ဖမ်းစမ်းပါ…"

ခွေးမှာ လူနဲ့ယဉ်ပါးသည့်ခွေးဖြစ်သည့်အတွက် ဦးမောင် ခက်ခက်ခဲခဲ မဖမ်းလိုက်ရ…၊ အလွယ်တကူပင် ပွေ့ချီလာသည်။

"ခင်ဗျား…. အဲ့ဒီခွေးကို ဆာလာအိတ်ထဲ ထည့်လိုက်…"

"ဗျာ… ဆရာ…."

"ဆာလာအိတ်ထဲ ထည့်လိုက်လို့ ကျွန်တော် ပြောနေတယ်လေ…"

"မလုပ်ပါနဲ့ ဆရာရယ်… သနားပါတယ်….ဒီခွေးမှာ ဘာအပြစ်မှ မရှိ…"

"ဦးမောင်… ကျွန်တော့်အတွက် ခြံစောင့် နောက်တစ်ယောက် ရှာဖို့က လွယ်တယ်နော်…."

ဦးမောင် ဘာဆိုလိုတယ်ဆိုတာ သဘောပေါက်သွားဟန်တူသည်။ မျက်နှာမကောင်းစွာနဲ့ပဲ ခွေးကို ဆာလာအိတ်ထဲ ထည့်လိုက်သည်။ ခွေးမှာ သူ့ကို ဒုက္ခပေးတော့မယ် ဆိုတာ သိတာနဲ့ ရုန်းကန်ပြီး ဆူညံစွာ အော်ဟစ်နေတော့သည်။

"အပင်တစ်ပင်မှာ ဆာလာအိတ်ကို ကြိုးနဲ့ တွဲလောင်းချည်လိုက်…"

ဦးမောင် ဘာမှ ပြန်ပြီး စောဒက မတက်ရဲတော့..။ ကျွန်တော့် စိတ်အကြောင်း သူသိသည်လေ…။ ကျွန်တော် စတိုခန်းထဲဝင်ပြီး သစ်သားတုတ်ကောင်းကောင်း တစ်ချောင်းရှာလိုက်သည်။ စတိုထဲမှာ သစ်သားတုတ် ရှာနေရင်း သမီးလေး ၁ နှစ် သမီး အရွယ်တုန်းက ရိုက်ထားတဲ့ ဓါတ်ပုံလေးကို တွေ့လိုက်ရသည်။ အပြစ်ကင်းလိုက်တဲ့ မျက်နှာလေး…။  ချစ်စရာကောင်းလိုက်တဲ့ မျက်နှာလေး..။ အခုတော့…အခုတော့… တွေးရင်း တွေးရင်း ဒေါသတွေ အလိပ်လိုက်တက်လာသည်။ ဟော..တွေ့ပြီ.. သစ်သားတုတ်… တွေ့ကြသေးတာပေါ့…ခွေးဆိုတဲ့ အကောင်ရယ်….။

ကျွန်တော် တုတ်ဆွဲပြီး ပြန်ထွက်လာတော့ ဦးမောင်ကို မတွေ့ရတော့..။ ကောင်းသည်။ မကြည့်ရဲလို့ တစ်နေရာကို ထွက်သွားသည်ထင်သည်။ ဒင်းတို့က ကျွန်တော့်ကို ဘယ်နားလည်ပါ့မလဲ..။ ကျွန်တော့်လို မှ မခံစားဖူးတာကိုး….။

ကျွန်တော် ခွေးကို ဆွဲထားရာ ဆာလာအိတ်ဆီကို သွားလိုက်သည်။ ခွေးက ဟောင်ရတာ မောလို့လား မသိ..။ ငြိမ်နေသည်။ စိတ်ထဲတွင် ခွေးကိုက် ဒဏ်ရာ အမာရွတ်နဲ့ သမီးလေးမျက်နှာကို မြင်ယောင်လာသည်။ ဘာမှ စဉ်းစားမနေတော့ပဲ လက်ထဲက ဒုတ်နဲ့ ဆာလာအိတ်ကို အားကုန်လွှဲရိုက်ပစ်လိုက်သည်…။

"ကိန်…ကိန်….ကိန်…ကိန်…."

တစ်ချက်…၊ နှစ်ချက်….၊ သုံးချက်… ဘယ်နှစ်ချက် ရှိအောင် ကျွန်တော်ရိုက်မိနေသည် မသိ…။ ဆာလာအိတ်ထဲက အသံလည်းတိတ်သွားပြီး သွေးတွေကလည်း တစ်စက်စက်နဲ့ အောက်ကို ကျနေသည်။ ကျွန်တော် ပြုံးလိုက်သည်။ "မှတ်မိလား… ငါ့သမီးကို ကိုက်ချင်တဲ့ခွေးတွေ…."
ထိုစဉ်…

" အိမ်ရှင်တို့…အိမ်ရှင်တို့…"

ခြံတံခါးအပြင်ကနေ လှမ်းခေါ်သံကြားရသည်။

"ဘာကိစ္စရှိလို့ပါလဲ…"

"အိမ်ကခွေးလေး ထွက်သွားလို့… အဲ့ဒါ ဒီဘက်အိမ်ထဲများ ရောက်လာ လားမသိဘူး.."

သြော်… ခွေးပိုင်ရှင်တွေကိုး… ကျွန်တော် ပေါ်တင်ပဲ ညာလိုက်သည်။

"ဘယ်ခွေးမှ မလာပါဘူးဗျာ…ဒီခြံထဲကို…"

"ခုနက..ဒီခြံထဲက ခွေးအော်သံလိုလို…ကြားလိုက်သလားလို့…"

"ဒီမယ်… ကျုပ်က မလာဘူးဆို မလာဘူးပေါ့ဗျ… ဘာလဲ မယုံလို့လား…"

"သြော်..အဲ့လိုမဟုတ်ပါဘူး..မလာဘူးဆိုလည်း ပြီးတာပါပဲလေ… ပြန်လိုက်ပါအုံးမယ်…"

ကျွန်တော် ခပ်သွက်သွက်ပဲ ခြံထဲပြန်လာခဲ့ပြီး သစ်ပင်ကဆာလာအိတ်ကို ဖြုတ်လိုက်သည်။ အောက်ကို ကျနေတဲ့ သွေးစက်တွေကို မြေတွေနဲ့ အုပ်ပြီး ဖုံးလိုက်သည်။ ပြီးတော့ ကျွတ်ကျွတ်အိတ်အမဲ တစ်ခုထဲကို ခွေးသေထည့်ထားတဲ့ ဆာလာအိတ် ထည့်လိုက်သည်။ ပြီးတော့ ကျွတ်ကျွတ်အိတ်အမဲကို ဆွဲပြီး လမ်းထိပ် အမှိုက်ပုံမှာ သွားပစ်ဖို့ ကျွန်တော် ထွက်လာခဲ့သည်။
ခွေးတစ်ကောင်ကို ဒီလိုသတ်လိုက်ရတာ ကျွန်တော့်စိတ်ထဲတော်တော်ကို ပေါ့သွားသည်။ သမီးလေး အတွက် ပြန်ပြီး လက်စားချေပေးလိုက်နိုင်သလိုကို ခံစားရသည်။ မှတ်ထား…၊ ဒါတောင် ပထမဦးဆုံး အကောင်ပဲရှိ သေးတယ်..။ နောက်လဲ ကြုံရင် ကြုံသလို ခွေးတွေကို ပညာပေး ရမယ်..။ ကျွန်တော် တွေးတောရင်းနဲ့ပဲ… လမ်းတစ်ဖက်မှာ ရှိတဲ့ အမှိုက်ပုံကို ဖြတ်ကူးလိုက်သည်။

"ဟေ့လူ… ကား… ကား…."

"ဒုံး……"

ဒါ ကျွန်တော် ကြားလိုက်ရတဲ့ နောက်ဆုံးအသံဖြစ်သည်။ ကျွန်တော် ကားတိုက်ခံလိုက်ရသည်ဟု ထင်မိသည်။ သို့သော် ကျွန်တော် ဘာနာကျင်မှုမှ မခံစားရ…။ ကျွန်တော် ဘာမှ မဖြစ်သလိုပါပဲလား…။ ဒါပေမယ့် ကျွန်တော် မြင်နေရတာတော့ မှောင်မည်းနေတဲ့ ပတ်ဝန်းကျင်…၊ တိတ်ဆိတ်နေတဲ့ လောက…၊ ကျွန်တော် ဘယ်ရောက် နေတာလဲ….၊ ဆေးရုံထဲမှာလား…၊ အိမ်မှာလား…၊ ဒါမှ မဟုတ်…မဟုတ်မှလွဲရော.. ကျွန်တော် သေဆုံးသွား တာလား…အို… ကျွန်တော် မသေချင်သေးဘူး…၊ မသေပါရစေနဲ့အုံး.… ကျွန်တော် ဘာမှမစဉ်းစား နိုင်သေးခင်….နားထဲကို အသံ တစ်ခုကြားလိုက်ရသည်…။

"ဟာ…. မိကျန် ကြီးကတော့…မွေးပြန်ပဟေ့…၊ ဒီတစ်ခါတော့ လေးကောင်တောင်ဟ…"

ဟင်…. ကျွန်တော်…အားယူပြီး… မျက်လုံးကို ကြိုးစားဖွင့်လိုက်သည်။ ကျွန်တော် တွေ့လိုက်ရသည်က… ကျွန်တော့်ဘေးမှာ ခွေးမကြီး တစ်ကောင်ဆီကနေနို့လုစို့နေကြသော ခွေးပေါက်လေးတွေ…၊ ပြီးတော့ ကျွန်တော်တို့ကို ၀ိုင်းအုံ ကြည့်နေတဲ့ လူနှစ်ယောက်….၊ ဟာ…..၊ သွားပြီ….၊ ကျွန်တော်….. ကျွန်တော်….၊ ခွေးတစ်ကောင် ဖြစ်နေပါပေါ့လား….။

ကျွန်တော်သည် လမ်းဘေးက ခွေးမကြီးတစ်ကောင်၏ ဗိုက်ထဲတွင် ခွေးတစ်ကောင်အဖြစ် ပြန်လည် မွေးဖွားခဲ့ရပြီဖြစ်သည်။ သေခြင်းတရားကို တစ်ခဏတွင်းရင်ဆိုင်လိုက်ရပြီး မျက်စိတစ်မှိတ် လျက်တစ်ပြက်အတွင်းမှာပင် ဖြစ်ပျက်လာသော အဖြစ်အပျက်များကား ယုံနိုင်ဖွယ်ပင်မရှိ..။ နောင်ဘ၀ဆိုတာ ယခင်ကလည်း ကျွန်တော် ကိုယ်တိုင်မယုံခဲ့သလို ဘာသာတရား ကိုင်းရှိုင်းသူမဟုတ်ပဲ ဘာသာမဲ့ တစ်ဦးသာ ဖြစ်ခဲ့သည်။ ယခုတော့ အရင်လူ့ဘ၀က ပြုခဲ့တဲ့ မကောင်းမှုတွေကြောင့် ဒီဘ၀မှာ တိရစ္ဆာန်ဘ၀နဲ့ ၀ဠ်ကြွေးတွေ ပြန်ဆပ်ရတော့မယ် ထင်ပါရဲ့ဗျာ..။

ကျွန်တော်နဲ့အတူ မွေးတဲ့အခြား ခွေးပေါက်လေး သုံးကောင်ကို ခွေးချစ်တတ်သူများက လာခေါ်ပြီး မွေးလိုက်ကြသည်။ ကျွန်တော့်ကို မမွေးချင်ကြခြင်း အကြောင်းရင်းက ကျွန်တော်၏ နောက်ညာဘက် ခြေထောက်မှာ မွေးကတည်းက သေနေပြီး လမ်းသွားလျှင် တရွတ်ဆွဲနေသောကြောင့် ဖြစ်ပေလိမ့် မည်။ ဒါကြောင့် မိခင် ခွေးမကြီးနဲ့ ကျွန်တော်သာလျှင် လမ်းပေါ်မှာ ဆက်လက် ဘ၀ကို ရှင်သန် ဖြတ်သန်း ရုန်းကန်ရပေတော့မည်။

ကျွန်တော် ဘယ်နေရာကို ရောက်နေလဲဆိုတာတော့ ကျွန်တော် မသိ…။ ဈေးတစ်ခုအနားမှာ ဆိုတာ တော့ သိသည်။ နံနက်ဆိုရင် ဈေးအတွင်းမှ စားသောက်လို့ရသမျှကို ရှာဖွေ စားသောက်ကြရသည်။ ဈေးအနီးအနားဖြစ်သောကြောင့် အစားအသောက် မရှားပေမယ့်လည်း လူတွေရဲ့ အငြူအစူ ဆူပူ ကြိမ်းမောင်းခြင်းကိုတော့ မကြာခဏခံရသည်။ ဒီလိုနဲ့ နေလာရင်း အချိန်တွေ ကုန်ဆုံးမှန်း မသိ ကုန်ဆုံးခဲ့သည်။ တစ်ဦးတည်းအဖော်ဖြစ်သော မိခင်ခွေးမကြီးသည်လည်း လမ်းပေါ်တွင် ကားတိုက်မိ သဖြင့် သေဆုံးခဲ့ပြီး ယခုအခါတွင် ကျွန်တော် တစ်ကောင်တည်းသာလျှင် ဒုက္ခိတ ခွေးအဖြစ် လမ်းပေါ်မှာ ရှင်သန် ဖြတ်သန်းလျက်ရှိနေသည်။ တစ်နေ့…..

အရင်လိုပဲ ကျွန်တော်နေနေကျ သစ်ပင်အောက်မှာ အိပ်နေတုန်း ကလေးတွေ ကျောင်းဆင်းလို့ ၀ရုန်း သုံးကား ပြေးလာနေကြသည်။ ကျွန်တော် ထလိုက်သည်။ တစ်ချို့ကလေးတွေက သူတို့မုန့်ကို ပစ်ကျွေး တတ်ကြသည်။ ကလေးတွေကိုဆီကို အမြီးနှံ့ပြီး ကျွန်တော်လျှောက်သွားလိုက်သည်။ ထိုစဉ် ကလေးတွေထဲမှ တစ်စုံတစ်ယောက်ကို ကျွန်တော် သတိထားမိလိုက်သည်။

ဟင်…. သမီးလေး…။ ကျွန်တော် သေချာအောင် ပြန်ကြည့်သည်။ ဟုတ်သည်။ ပါးမှာ အမာရွတ်လေးနဲ့ ကျွန်တော့်သမီးလေး…။ သမီးလေးတောင် ကျောင်းနေတဲ့အရွယ် ရောက်နေပါပေါ့လား…။ ကြည့်စမ်းပါအုံး… ချစ်စရာကောင်းလိုက်တာ…။ ကျွန်တော် အားရ ၀မ်းသာ သမီးလေးဆီကို ပြေးသွားမိလိုက်သည်။ ထိုစဉ်..

"ကိန်…ကိန်…."

ဘယ်ကပစ်လိုက်မှန်းမသိတဲ့ အုတ်နီခဲကျိုး..။ ကျွန်တော့်ခေါင်းကို ပြင်းထန်စွာလာမှန်သောကြောင့် နေရာတွင်ပင် ပစ်လဲကျသွားသည်။ ကျွန်တော့်ကို ပစ်တဲ့သူက သမီးလေးဆီကို လျှောက်သွားပြီး သမီးလေးကို ပွေ့ချီလိုက်သည်။ သူ့ဘေးမှာက ကျွန်တော့်မိန်းမ…

"အေပေးခွေး…၊ သေသွားမယ်..၊ ကလေးကို ကိုက်ဖို့ပြေးလာတာမေရေ…၊ ကိုယ်မြန်လိုက်လို့…"

အလို သူက….သူက….၊ သမီးလေးရဲ့ ပထွေး…၊ ကျွန်တော့်မိန်းမ နောက်အိမ်ထောင်ပြုလိုက်တာပေါ့..၊ ကျွန်တော် တွေးတောနေစဉ်မှာပင်…သူတို့ ထွက်သွားကြသည်။ ကျွန်တော် ချက်ချင်း ပြန်ထပြီး သမီးလေးနောက်ကို ပြေးလိုက်သည်။ သမီးလေးက ကြောက်လန့်တကြား

"ဦးဦး..ဟိုမှာ ခွေးလိုက်လာတယ်…"

"ဟာ…ဒီခွေး…. ကဲကွာ…"

"ဖုန်း…ဖုန်း…" သူ သမီးလေးကို အောက်ချပြီး ဒုတ်တစ်ချောင်းဖြင့် ကျွန်တော့်ကို လိမ့်ရိုက်တော့သည်။
ကျွန်တော် နာကျင် လွန်းသဖြင့် ထွက်ပြေးလိုက်သည်။ ကျွန်တော် အတော်ဝေးဝေးရောက်မှ သမီးတို့ ကားပေါ်တက်ပြီး ထွက်သွားတာကို ငေးကြည့်နေမိသည်။ သြော်…. ခွေးတစ်ကောင်ဖြစ်ရတာ မလွယ်ပါလားဗျာ…။

ကျွန်တော် ညနေတိုင်း အပင်အောက်ကနေ သမီးကျောင်းပြန်လာတာကိုစောင့်နေမိသည်။ သမီးလေးတို့က ဒီကိုအခုမှ ပြောင်းလာတာထင်သည်။ အရင်က မတွေ့..။ ဒါပဲဖြစ်ဖြစ် သမီးလေးနဲ့ ပြန်ဆုံဆည်းခွင့်ပေးတဲ့ ကံကြမ္မာကို အနည်းငယ်တော့ ကျွန်တော် ကျေးဇူးတင်မိသည်။ ကျွန်တော့်အတွက်တော့ အဆိုးထဲကမှ အကောင်းပေါ့….။

ဒီလိုနဲ့ တစ်ရက်…သမီးလေး ပြေးနေသည်။ သူ့နောက်မှာက ခွေးတစ်ကောင်…၊ ဘယ်ကခွေးမှန်းတော့ မသိ…၊ အလုံးအထည် ခန္ဓာကိုယ်က ကျွန်တော့်ထက်ကြီးသည်။ သမီးလေးကို အန္တရာယ်ပြုဖို့ ဒီကောင် လိုက်နေမှန်း ကျွန်တော်သိသည်။ ကျွန်တော် အလျင်အမြန်ပြေးထွက်သွားလိုက်သည်။ ဒါပေမယ့် သေနေတဲ့ ခြေထောက် တစ်ဖက်ကြောင့် လိုသလောက် ခရီးမပေါက်..။ ကြားထဲကနေဖြတ်ပြီး အဆိုပါခွေးကို ကျွန်တော် ပြေးကိုက်လိုက်သည်။ ရုတ်တရက် အကိုက်ခံလိုက်ရသောကြောင့် ထိုခွေး ကြောင်တောင်တောင် ဖြစ်သွားသည်။ သို့သော် ချက်ချင်း ပြန်လည် မာန်ဖီပြီး ကျွန်တော့်ကို ပြန်ကိုက်ခဲတော့ သည်။ ကျွန်တော် တတ်နိုင်သမျှ ပြန်လည် ခုခံပေမယ့် အားကလည်းမမျှ ခြေထောက်ကလည်းသေ ဆိုတော့ နောက်ဆုံး ဘာမှ မလုပ်နိုင်တော့ပဲ သူပြုသမျှပဲ ခံလိုက်ရတော့သည်။ ထိုခွေးကလည်း ကျွန်တော့်ကို စိတ်ကြိုက်ကိုက်ခဲပြီး ပြန်လည် ထွက်ခွာသွားတော့သည်။ ကျွန်တော့်မှာတော့ ဒဏ်ရာ ဒဏ်ချက်များစွာနဲ့ ကျွန်တော်နေရပ်သစ်ပင်အောက်ကို ဖြေညှင်းစွာ ပြန်လာလိုက်သည်။

ထိုစဉ် ဆဠမအာရုံအရ နောက်ကနေ တစ်ယောက်ယောက် ကြည့်နေတယ်လို့ ခံစားမိတာကြောင့် နောက်ကို လှည့်ကြည့်လိုက်တော့… သမီးလေး… သမီးလေး ကျွန်တော့်ကို ကြည့်နေသည်။ သူမ မျက်ဝန်းမှာ သနားတဲ့ အရိပ်အယောင်တွေနဲ့…. ကျွန်တော် သူမဆီကို ပြေးသွားဖို့ပြင်လိုက်သည်။ သို့ပေမယ့် ကျွန်တော့်မိန်းမနဲ့ ဟိုတစ်ယောက်ကို မြင်လိုက်ရတော့ ကျွန်တော် စိတ်လျော့လိုက်သည်။ ကျေနပ်ပါတယ် သမီးရယ်.. သမီးလေးအတွက် အပ်ပေါက် ဒဏ်ရာလောက်လေးပဲဖြစ် ဖြစ်… အဖေ တတ်နိုင်တဲ့ ဘက်ကနေ အသက်ပေးပြီး ကာကွယ်ပေးပါ့မယ်ကွယ်…

ကျွန်တော် သူ့ကို မှတ်မိသည်။ သမီးလေးရဲ့ပထွေးဆိုသူ…၊ သူအဝေးမှနေပြီး ကျွန်တော့်ဆီ လျှောက်လာသည်။ သူ့နောက်က လူနှစ်ယောက် ထပ်ပါလာသေးသည်။ ကျွန်တော် အိပ်နေတဲ့ အနား ရောက်တော့…

"သမီးလေး ကျောင်းပြန်တိုင်း လိုက်ကိုက်နေတာ ဒီခွေးကွ… မနေ့ကလည်း… ကျောင်းက အပြန် ခွေးလိုက်ကိုက်တယ်တဲ့… ဒီကောင်ပဲ ဖြစ်ရမယ်…"

ဟင်…မဟုတ်ဘူး…မဟုတ်ဘူး…၊ ကျွန်တော် သမီးကို အန္တရာယ်ဘယ်လုပ်ပါ့မလဲ…၊ ကျွန်တော်က သမီးလေးကို ကာကွယ်ပေးတာပါ…

"ရော့..၊ မင်းတို့ တစ်ယောက် ၅၀၀၀၊ ဒီခွေးကို မင်းတို့ အရက်နဲ့ မြည်းဖို့ အသားလုပ်လိုက်တော့…"

ဟင်…. ကျွန်တော့်အတွက် အန္တရာယ်ရှိပြီဆိုတာ သိသိချင်း ကျွန်တော် ထပြေးသည်။ သို့ပေမယ့် ခွေးကိုက်ခံထားရတဲ့ ဒဏ်ရာတွေအပြင် သေနေတဲ့ ခြေထောက်တစ်ဖက်ကြောင့် သိပ်မပြေးလိုက်ရပဲ သူတို့ ကျွန်တော့်ကို ဖမ်းမိသွားကြသည်။ ကျွန်တော် ရှိသမျှအားနဲ့ အသားကုန် အော်ဟစ်ပြီး အကူအညီတောင်းလိုက်သည်။ ဘယ်သူကမှ အရေးတယူလုပ်ပြီး ဂရုမစိုက်..။

"ခွေးကလဲကွာ...၊ စားချင်စရာတောင် မကောင်းဘူး..၊ တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့…"

သူတို့ ကျွန်တော့်ကိုဖမ်းနေတုန်း… သမီးလေး ကျောင်းလာနေတာကို ကျွန်တော် မြင်လိုက်ရသည်။ ကျွန်တော် အားတက်သွားပြီး ရှိသမျှအားနဲ့ ရုန်းကန်သည်။ အော်ဟစ်သည်။ သို့သော် ကျွန်တော့်ရဲ့ ပါးစပ်ကို တစ်ခုခုနဲ့ စည်းလိုက်တာကိုခံလိုက်ရသည်။ ကျွန်တော် အော်လို့မရတော့..။ ကျွန်တော့် ကို သမီးလေး မြင်ပါစေ…၊ ဒီဘက်ကို လှည့်ကြည့်ပါအုံး … သမီးလေးရယ်…၊ ဖေဖေ့ကို လှည့်ကြည့်ပါအုံး..၊ သမီးလေး လှည့်မကြည့်ပဲ ကျောင်းထဲသို့ ၀င်သွားခဲ့သည်။ သမီးလေးရဲ့ ကျောပြင်ကို နောက်ဆုံးအနေနဲ့ကြည့်ရင်း ကျွန်တော် စိတ်လျော့လိုက်သည်။ ကဲ…. အခုဆိုရင် ကျွန်တော် ၀ဠ်ကြွေးတွေ ဆပ်ဖို့ အသင့်ဖြစ်နေလေရဲ့…။

ကျွန်တော့်ကို သူတို့ ဆာလာအိတ်ထဲထည့်လိုက်ကြသည်။ ကျွန်တော် မျှော်လင့်ထားသည့် အတိုင်းပင်..။ ပြီးတော့ အပင်တစ်ပင်မှာ ဆွဲလိုက်ကြသည်။ အမှောင်ထဲကနေပြီး မိမိကိုယ်ပေါ် ကျရောက်လာမယ့် နာကျင်မှုတွေကို စောင့်မျှော်နေရတဲ့ ခံစားချက်ကို အခု ကိုယ်တိုင် ခံစားရတော့ အတော်လေးကို ဆိုးရွားမှန်း သိလိုက်သည်။ သြော်… နောင်တ…နောင်တ….၊ နောင်မှ ရလို့ နောင်တ လို့ ခေါ်ကြတာပဲလေ…။

"ဖုန်း…ဖုန်း….ဖုန်း…."

"ကိန်….ကိန်…..ကိန်….."

ပြင်းထန်တဲ့ နာကျင်မှုတွေကို ခံစားရင်း မျက်စိထဲတွင် သမီးလေးနဲ့ မိန်းမမျက်နှာ..၊ မိမိအရင်ဘ၀က သတ်ခဲ့တဲ့ ခွေးလေးမျက်နှာ တို့ကို တစ်လှည့်ဆီ မြင်ယောင်နေမိသည်။ တစ်ခါတစ်လေ ကားတိုက် ခံရပြီးပြီးချင်း ရောက်ရှိသွားတဲ့ အမှောင်လောက ရောက်နေသလိုမျိုး ခံစားရပေမယ့် တစ်ခါတစ်လေ ဆာလာအိတ်ရဲ့ အနံ့အသက်ကို ရရှိနေသေးသည်။ ကျွန်တော် သေပါရစေတော့…။ ကျွန်တော် သေချင်နေပြီ…။ ဒီလိုပြင်းထန်တဲ့ ခံစားမှုတွေကို မခံစားချင်တော့ဘူး…။

ကျွန်တော့်ကို သေခွင့် ပြုပါတော့…။ သေခွင့်ပြုပါတော့….။ မိမိရဲ့ ခန္ဓာကိုယ်ပေါ်ကိုတော့ ပြင်းထန်တဲ့ ရိုက်နှက်မှုတွေ တစ်ဖြည်းဖြည်း ကျရောက်ဆဲ..။ နောက်ဆုံး သိလိုက်ရတဲ့ အသိအခုကား….။ သြော်…. ၀ဠ်… ၀ဠ်…. ၀ဠ်ဆိုတာ တစ်ကယ်ကို ရှိပါလား…။

မှတ်ချက် ။     ။ ငယ်ငယ်က အသဲစွဲဖတ်ခဲ့ဖူးတဲ့ ခွေးဝင်စားဆိုတဲ့ ရုပ်ပြလေးကို ပြန်လည်ခံစားရေးဖွဲ့ပါသည်။

အောင်ထွန်းဦး


0 comments:

Post a Comment