21 May 2014

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်သည့် တစ်လပြည့်အထိမ်းအမှတ် ကျောက်စာတိုင်စိုက်ထူ

21m5

Written by  အောင်ကိုဦး

မန္တလေး၊ မဇ္ဈိမ။             ။

 မန္တလေးစာပေအဖွဲ့၊ စာပေချစ်သူများနှင့် ဟံသာဝတီဦးဝင်းတင်ကို လေးစားကြည်ညိုချစ်ခင်သူများ စုပေါင်းကာ ဦးဝင်းတင် ကွယ်လွန်သည့် တစ်လပြည့်အထိမ်းအမှတ် ကျောက်စာတိုင်စိုက်ထူခြင်းနှင့် အမှတ်တရအထိမ်းအမှတ် သစ်ပင် စိုက်ပျိုးခြင်း အခမ်းအနားကို အမရပူရမြို့ တောင်လေးလုံးကျောင်းတိုက်တွင် မေလ ၂၁ ရက်က ကျင်းပခဲ့သည်။


အခမ်းအနားသို့ နိုင်ငံအနှံ့မှ စာပေအနုပညာရှင်များ၊ လူမှုပရဟိတ အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ တက်ရောက်ကြပြီး ဦးသိန်းတန်၊ မောင်သစ်လွင်(လူထု)၊ ကိုလေး(အင်းဝဂုဏ်ရည်)နှင့် တော်ဝင်နှင်းဆီဦးစိုးညွန့် စသည့် ဆရာများက ဟံသာဝတီ ဦးဝင်းတင်၏ သမိုင်းဖြတ်သန်းမှုများကို အမှတ်တရပြောဆိုသည်။

ဦးဝင်းတင်သည် ခေတ်အဆက်ဆက် တာဝန်ကျေခဲ့ရုံသာမက ပြည်သူကို မည်သည့်အခါကမျှ ကျောမခိုင်းသော နိုင်ငံရေး သမားတစ်ဦးအဖြစ်လည်း နောက်ဆုံးထွက်သက်အထိ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး ထိခိုက်နာမကျန်းဖြစ်နေသည့်တိုင် နိုင်ငံရေးသတိမြဲမြံစွာဖြင့် တာဝန်ကျေခဲ့သူဖြစ်သည်။

တက်ရောက်လာကြသော ကဗျာဆရာ၊ စာရေးဆရာများက ဟံသာဝတီဦးဝင်းတင်အား ဂုဏ်ပြုစပ်ဆိုရေးဖွဲ့ထားသည့် စာစုများပါသည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။ ထို့အပြင် ဆရာကြီးရေးသားထားသော စာအုပ်များကိုလည်း ပြသထားပြီး ဖြတ်သန်းခဲ့သော သမိုင်းပုံရိပ်များကိုလည်း ထိုကျောင်းဝင်းအတွင်း ပြသထားသည်။

တောင်လေးလုံးကျောင်းတိုက်အတွင်း ဆရာမြသန်းတင့်၊ ဆရာတင်မိုး စသည့် အထင်ကရစာပေသမားများ၏ အထိမ်းအမှတ် ကျောက်စာတိုင်များလည်းရှိသည်။

မဇ္ဈိမ

0 comments:

Post a Comment