18 Jul 2014

ကမ္ဘောဇဘဏ်က အပ်ငွေအတိုးနှုန်း တိုးမြှင့်ပေးလိုက်ပြီ


ကမ္ဘောဇဘဏ်က ဘဏ်တွင် Deposit အပ်နှံထား သော အပ်ငွေများအပေါ် ပေးသော အတိုးနှုန်းများကို စက်တင်ဘာ ၁ ရက်မှစကာ တိုးမြှင့်ပေး တော့မည်ဖြစ်ကြောင်း သတင်းရ ရှိသည်။



Deposit အပ်ငွေများအပေါ် တွင် အတိုးနှုန်းတိုးမြှင့်ရာတွင် ငွေ စုဘဏ်အပ်ငွေနှင့် စာရင်းသေ အပ်ငွေနှစ်မျိုးစလုံးပေါ်တွင် တိုး မြှင့်လိုက်ခြင်းဖြစ်သည်။


‘‘အဓိက,က ကိုယ့်ဘဏ်နဲ့ အမြဲလုပ်နေတဲ့ Customer တွေ အဆင်ပြေအောင် တိုးပေးတာ။ အခုက ကုန်ဈေးနှုန်းတွေကလည်း တက်သွားတယ်ဆိုတော့ ပင်စင် စားတွေအားလုံး အဆင်ပြေ အောင် အခုလိုတိုးပေးလိုက်တာ ပါ’’ဟု အဆိုပါဘဏ်မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ခင်ချောစုက ပြော သည်။


ငွေစုဘဏ်အပ်ငွေအပေါ် လက်ရှိကာလအတိုးနှုန်း ၈ ရာ ခိုင်နှုန်းပေးနေရာမှ ၈ ဒသမ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေး သွားမည်ဖြစ်သည့်အတွက် ငွေစု ဘဏ်အပ်ငွေအဖြစ် အပ်နှံထား သူများမှာ ယခင်က ကျပ်တစ် သိန်းအပ်နှံပါက တစ်လလျှင် အတိုးနှုန်း ၈,၀၀၀ ကျပ်ရရှိရာမှ ယခုအခါ ၈,၂၅၀ ကျပ်ရရှိတော့ မည်ဖြစ်သည်။


ထို့အတူ စာရင်းသေအပ်ငွေ အဖြစ် အပ်နှံသူများက တစ်လ အပ်ငွေအပေါ် ယခင် ၈ ရာခိုင် နှုန်းပေးနေရာမှ ၉ ရာခိုင်နှုန်းသို့ မြှင့်လိုက်သည့်အတွက် ကျပ်တစ် သိန်းအပ်နှံထားလျှင် အတိုးယခင် ၈,၀၀၀ ကျပ်ရရှိသူမှာ ယခု ၉,၀၀၀ ကျပ်ရရှိမည်ဖြစ်သည်။


စာရင်းသေအပ်ငွေ သုံးလ အပ်နှံသူမှာ ယခင်က ၈ ဒသမ ၅၀ ရာခိုင်နှုန်းမှ ယခု ၉ ဒသမ ၂၅ ရာခိုင်နှုန်း၊ ခြောက်လအပ်နှံ သူမှာ ၉ ရာခိုင်နှုန်းမှ ၉ ဒသမ ၅၀ ရာခိုင်နှုန်း၊ ကိုးလအပ်နှံသူမှာ ၉ ဒသမ ၅၀ ရာခိုင်နှုန်းရရှိနေရာမှ ၉ ဒသမ ၇၅ ရာခိုင်နှုန်းအထိရရှိ မည်ဖြစ်သည်။


စာရင်းသေအပ်ငွေတွင် လပိုင်းအပ်နှံမှုများအပေါ် အတိုးနှုန်းမြှင့်လိုက်သော်လည်း တစ်နှစ် (၁၂ လ)အပ်နှံမှုအပေါ်တွင် ယခင် ၁၀ ရာခိုင်နှုန်းအတိုင်းသာ ပေး သွားမည်ဖြစ်သည်။


‘‘ဒီလို အတိုးနှုန်းတွေ တိုးပေးလိုက်တာ အပ်တဲ့သူတွေအတွက် ကောင်းသွားတာပေါ့။ ဒါကလည်း ဗဟိုဘဏ်က သတ်မှတ်ပေးတဲ့ ဘောင်အတွင်းမှာပဲ ထပ်တိုးလိုက်တာဆိုတော့ ဒီလိုတိုးလိုက်တာဆို တော့ ဗဟိုဘဏ်အနေနဲ့ကတော့ ဘာမှပြောဖို့မရှိပါဘူး’’ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။


ဗဟိုဘဏ်အနေဖြင့် ပြည် တွင်းဘဏ်များသည် အပ်ငွေများ အပေါ် အနည်းဆုံး ၈ ရာခိုင်နှုန်းမှ အများဆုံး ၁၃ ရာခိုင်နှုန်းအထိ ပေးနိုင်သည်ဟု သတ်မှတ်ထား သည်။


‘‘ဒီလိုအပ်ငွေအပေါ်မှာ အတိုးနှုန်းမြှင့်ပေးလိုက်တော့ အပ် တဲ့သူတွေကလည်း အပ်ချင်သွား တယ်။ အပြင်မှာလှည့်နေတဲ့ငွေ တွေဘဏ်ထဲကိုဝင်သွားပြီး ဘဏ်က လိုတဲ့သူတွေကို ပြန်ချေးလို့ရ တော့ ငွေကြေးလည်ပတ်မှုတွေ လည်း ကောင်းသွားတာပေါ့’’ ဟု စီးပွားရေးလုပ်ငန်းရှင်ဒေါက်တာ စိုးထွန်းက ပြောသည်။


‘‘အခုအတိုးနှုန်းတွေ တိုးပေး လိုက်သလို ချေးငွေအပေါ်မှာယူ တဲ့ အတိုးနှုန်းတွေကိုလည်း လျှော့ချသင့်ပါတယ်’’ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ၎င်း၏အမြင်ကို ဆိုသည်။

ယခုကဲ့သို့ အပ်ငွေအပေါ် တွင် ကမ္ဘောဇဘဏ်မှစတင်ကာ အတိုးနှုန်းများကို တိုးမြှင့်ပေးလိုက် ပါက အခြားသောဘဏ်များ၏ အတိုးနှုန်းများမှာလည်း တိုးလာနိုင် ဖွယ်ရှိသည်။

7Day Daily


ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ပြည်တွင်းဒါရိုက်တာများသာ ရိုက်တော့မည်


ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို မူလက ပြည်ပဒါရိုက်တာများနှင့် ပူးပေါင်းရိုက်ကူးရန် စီစဉ်ထားသော်လည်း အမြင်ကွဲပြားမှုများရှိနေ၍ ပြည်တွင်းဒါရိုက်တာများကသာ တာဝန်ယူရိုက်ကူးတော့မည်ဟု ဇာတ်ကားဖြစ်မြောက်ရေး အဖွဲ့ဝင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဇူလိုင် ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။


“ဇာတ်ညွှန်းထဲက ဗိုလ်ချုပ်ဇာတ်ကောင်က ပြီးပြည့်စုံ(Perfect) နေတယ်လို့ သူတို့ ထင်ကြတယ်”ဟု မင်းထင်ကိုကိုကြီးက ဆိုသည်။


ဇာတ်ညွှန်းရေးသားပြီးစီးသည့် ၂၀၁၃ ခုနှစ် စက်တင်ဘာတွင် နိုင်ငံတကာဒါရိုက်တာနှင့်ထုတ်လုပ်သူများကို ရှာဖွေခဲ့ရာ အမေရိကန် ဟောလိဝုဒ်မှထုတ်လုပ်သူ၊ ကနေဒါမှ ဒါရိုက်တာ၊ ပြင်သစ်မှ အသံနှင့် အမြင်ဆိုင်ရာကျွမ်းကျင်သူများကို ချိတ်ဆက်နိုင်ခဲ့ပြီး ပူးပေါင်းရိုက်ကူးရန် မူလက စီစဉ်ထားခြင်းဖြစ်သည်။


၁၉၁၅ ခုနှစ်၊ ၁၉၄၀ ခုနှစ်၊ ၁၉၄၅ ခုနှစ် မှ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ် တက္ကသိုလ်မရောက်ခင်နှင့် တက္ကသိုလ်ရောက်ပြီး နိုင်ငံရေးလောကထဲသို့ ၀င်ရောက်ခဲ့ပုံများအပြင် ဗိုလ်ချုပ်လုပ်ကြံခံရသည့် နောက်ဆုံးကာလများအထိ အပိုင်းသုံးပိုင်းခွဲကာ သမိုင်းအခြေခံထားသည့် ဇာတ်ညွှန်းကို ချစ်ဦးညို၊ ကြည်စိုးထွန်းနှင့် မြမြင့်မိုရ်တို့က ရေးပေးထားခြင်းဖြစ်သည်။


ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဇူလိုင် ၁၂ ရက် ပခုက္ကူတွင် ပြုလုပ်သည့် ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲအတွင်း ရုပ်ရှင်ဆိုင်ရာ မေးမြန်းမှုတစ်ခုကို ပြန်လည် ဖြေကြားရာတွင် ပြည်တွင်းဒါရိုက်တာများဖြင့်သာ ရိုက်ကူးတော့မည်ဟု ဆိုထားသည်။


“ကျွန်မတို့ရဲ့ အမြင်ချင်းက မတူဘူး။ကျွန်မတို့ ရုပ်ရှင်အဖွဲ့ ရှင်းပြတာက ဗိုလ်ချုပ်ရုပ်ရှင်ကို သမိုင်းအနေနဲ့ မြင်တယ်။ နိုင်ငံတကာရုပ်ရှင်ပညာရှင်တွေက ရုပ်ရှင်တစ်ခုအနေနဲ့ မြင်တယ်။ နောက်ဆုံးကျတော့ ကျွန်မတို့ ရုပ်ရှင်အဖွဲ့က သတ္တိရှိရှိနဲ့ ကိုယ့်ဘာသာကိုယ် တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်ရိုက်မယ်ဆို ပြီး ဆုံးဖြတ်လိုက်တယ်”ဟု ၎င်းက ပြောသည်။


ရုပ်ရှင်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀)ပြည့်တွင် ပြသနိုင်ရန် မူလက စီစဉ်ထားသော်လည်း ယခုမူ ၂၀၁၅ ခုနှစ်အတွင်းရောက်မှသာ ရိုက်ကူးမှု စတင်နိုင်တော့မည်ဟု ဖြစ်မြောက်ရေး အဖွဲ့ဝင်များက ပြောသည်။ ဇာတ်ကားဖြစ်မြောက်ရေးအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တာဝန်ယူထားခြင်းဖြစ်သည်။


ဇာတ်ကားရိုက်ကူးမှုကို ဖြစ်မြောက်ရေးအဖွဲ့ဝင်များဖြင့် အကောင်းဆုံးဆောင်ရွက်နိုင်မည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။ အဖွဲ့တွင် ဦးသူရ(ဇာဂနာ)၊ လူမင်း၊ အရိုင်း၊ ဇော်သက်ထွေး၊ ၀ိုင်း၊ အိအိခိုင်၊ ကြည်ဖြူသျှင်၊ သူရကျော်၊ ဝေဠု ကျော်၊ ဦးမော်လင်းနှင့် ထွန်းအိန္ဒြာဗို စသည်ဖြင့်ပါဝင်ကြသည်။

Credit: Mizzima Burmese


အမျိုးသားလွှတ်တော်မှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ထုတ်လွှင့်


Photo..The Ladies News Journal
လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြုပြည်ပြုလွှတ်တော်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်မှာ ထုတ်လွှင့်ခဲ့ပါတယ်။


"ဖဆပလ အဖွဲ့ချုပ်ကို ရန်ကုန်မှာရှိတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်တွေက ရန်ကုန်မှာရှိတဲ့ နယ်အသီးသီးကို ပြန်ပြီးအစီရင်ခံတဲ့ အစည်းအဝေးပွဲတွေ လုပ်ပါလို့ပြောလိုက်တဲ့အခါမှာ အဲဒီ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်တွေက ကိုယ့်နယ်ဆိုင်ရာလူတွေကို ပြန်ပြီးအစီရင်ခံတဲ့အဓိပ္ပာယ် မပါတော့ပဲနဲ့ နိုင်ငံရေးရှင်းတမ်း တရားပွဲတွေ ရပ်ကွက်တွေမှာ လုပ်လာတယ်"


ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ရက်နေ့ မြို့တော်ခန်းမရှေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်း၊ တပ်မတော်လေတပ်မှာ ပြောကြားတဲ့ မိန့်ခွန်း၊ ၁၉၄၆ ခုနှစ် ဧပြီ ၅ ရက်နေ့မှာ ပြောကြားခဲ့တဲ့ ရွေးကောက်ပွဲမိန့်ခွန်းတွေကို မနက်ဖြန်မှာ ဆက်လက်ထုတ်လွှင့်မှာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိနဲ့ ဈာပနအခမ်းအနားတွေကို ရုပ်မြင်သံကြားနဲ့ ပြသသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။


အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ရဲ့ ညွှန်ကြားချက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို ထုတ်လွှင့်တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ လွှတ်တော်ရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

RFA Burmese

ရန်ကုန်တစ်မြို့လုံးရှိ လျှပ်စစ်ဓာတ်ကြိုးများ အသစ်လဲ


ရန်ကုန်၊ လတ်တလောဖြစ်ပွားနေ သော ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်ကြိုး များပြတ်ကျနေခြင်းကြောင့် နိုင်ငံတော် ဘတ်ဂျက်ဖြင့် ရန်ကုန်တစ်မြို့လုံးရှိ လျှပ်စစ်ဓာတ်ကြိုးများ လဲလှယ်တပ် ဆင်သွားရန်စီစဉ်နေကြောင်း ရန် ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဦးမင်းမင်းက ပြောသည်။


လျှပ်စစ်ဓာတ်ကြိုးများအား ယခု အချိန်တွင် လိုအပ်သည့်မြို့နယ်များ ၌ ဦးစွာတပ်ဆင်သွားမည်ဖြစ်ကာ ဆက်လက်၍ ရန်ကုန်တစ်မြို့လုံးအား လဲလှယ်တပ်ဆင်ပေးသွားမည်ဖြစ် ကြောင်း ၄င်းကဆိုသည်။


လဲလှယ်တပ်ဆင်မည့် လျှပ်စစ် ဓာတ်ကြိုးများမှာ နိုင်ငံတကာ၌ တွင် ကျယ်စွာအသုံးပြုနေသည့် Insulated Wire များဖြစ်ကာ ယခင်ဓာတ်ကြိုး များထက် ပိုမိုစိတ်ချရကြောင်း မြို့ တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ မှ သိရသည်။


လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုမှာ ယခင်လ၌ ကမာရွတ်မြို့နယ် လှည်းတန်းဈေး၌ ဦးစွာဖြစ်ပွားခဲ့ပြီး အမျိုး သမီးနှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ ယင်းဖြစ်ရပ်ဖြစ်ပြီး မကြာခင်မှာ မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်အနီးရှိ ကန်စွန်းခင်း၌လည်း ဓာတ်ကြိုးပြတ်ကျကာ အမျိုးသားတစ် ဦး သေဆုံးမှုဖြစ်ခဲ့ပြီး ကျန်ရှိမြို့နယ် များနှင့် စုစုပေါင်းသေဆုံးသူ ခုနစ် ဦးထက်မနည်း ရှိခဲ့သည်။


ဓာတ်ကြိုးများ ဤသို့ပြတ်ကျရ ခြင်းမှာ ဟောင်းနွမ်းနေကာ အပူဒဏ် အား မခံနိုင်တော့ခြင်းကြောင့်ဖြစ်ပြီး သေဆုံးခဲ့သူ၌ကျန်ရစ်ခဲ့သည့် မိသားစု ဝင်များအား နစ်နာကြေးမဟုတ်ဘဲ လူမှုရေးကိစ္စများအားလုံးကို တာဝန် ယူပေးသွားမည်ဟု သိရသည်။


လျှပ်စစ်ဓာတ်ကြိုးလဲလှယ်တပ် ဆင်ခြင်းအား ယခုလဆန်းပိုင်း၌ စတင် တပ်ဆင်ခြင်းဖြစ်ကာ ဇူလိုင်လတတိယ ပတ်အား နောက်ဆုံးထား လဲလှယ် တပ်ဆင်မည်ဖြစ်ပြီး လိုအပ်ချက်ရှိနေ သည့် မြို့နယ်များအား ဦးစားပေးတပ် ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။


''ဓာတ်ကြိုးတွေကို အခုမှစပြင် တာတော့ မှားတာပေါ့။ မိုးရာသီတောင် တစ်ဝက်ကျိုးတော့မယ်။ တကယ်ဆို မိုးမကျခင်လောက်ကတည်းက ပြင် ရင် ကောင်းတာပေါ့''ဟု မြောက်ဥက္က လာပတွင်နေထိုင်သူတစ်ဦးက ပြော သည်။
ယခုအချိန်မှပြင်သည့်အတွက် နောက်လူတွေအတွက် စိတ်ချရပြီး သေဆုံးသွားသည့်သူတွေအတွက် ဝမ်း နည်းရကြောင်း လှည်းတန်းမှပြည်သူ တစ်ဦးကပြောသည်။


''ရန်ကုန်မြို့တွင်း လိုက်လံတပ် ဆင်ပေးနေတဲ့ Insulated Wire တွေ က ဗို့အား ၄ဝဝ ခံနိုင်ရည်ရှိပါတယ်။ အခုလို ပြောင်းလဲတပ်ဆင်ပေးတာ ကိုလဲ နိုင်ငံတော်က အကုန်အကျခံပြီး တပ်ဆင်ပေးတာပါ။ ဒီဓာတ်ကြိုးတွေ က အရင်ဓာတ်ကြိုးတွေနဲ့ ဗို့အားချင်း တော့ တူပါတယ်။ ဒါပေမဲ့ ဓာတ်ကြိုး အပြင်ပိုင်းကို ရော်ဘာတွေနဲ့ဖုံးအုပ် ထားလို့ ပြည်သူတွေအတွက် အန္တ ရာယ်ပိုနည်းပါတယ်''ဟု ရန်ကုန်မြို့ တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ မှ ဦးမင်းမင်းကပြောသည်။


ယင်းသို့ လဲလှယ်တပ်ဆင်ရာ တွင် ဓာတ်ကြိုးနှင့်မလွတ်သည့် သစ် ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်း လင်းပေးလျက်ရှိပြီး မြောက်ဥက္ကလာ ပ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ မရမ်း ကုန်းနှင့် မင်္ဂလာဒုံမြို့နယ်များအပြင် အခြား လိုအပ်သည့်မြို့နယ်များ၌ လည်း လဲလှယ်တပ်ဆင်ပေးနေလျက် ရှိကြောင်းသိရသည်။

Yangon Media Group


17 Jul 2014

ထိုင်းစစ်တပ်က လူပွဲစားတွေ စနှိမ်နင်းမည်


ထိုင်းနိုင်ငံအနောက်ပိုင်း စမွတ်စခုံအရပ်က ရေလုပ်ငန်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ။

29.06.2014 22:47

ထိုင်းအစိုးရအနေနဲ့ နိုင်ငံတွင်းမှာ တရားမဝင် ၀င်ရာက်နေထိုင် လုပ်ကိုင်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေ က အလုပ်သမားတွေအပေါ် ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်မှာမဟုတ်ဘဲ နောက်ကွယ်ကနေ လူကုန် ကူးနေတဲ့ ပွဲစားတွေကို အဓိက အရေးယူနှိမ်နင်း သွားမှာဖြစ်ကြောင်း ထိုင်းစစ်တပ် အကြီးအကဲက မနေ့ က နိုင်ငံတော် မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြား လိုက်ပါတယ်။ ဒါကြောင့် လူကုန်ကူးမှု အများဆုံးဖြစ် နေတဲ့ နေရာတွေ ဖြစ်တဲ့ ငါးဖမ်းလှေတွေမှာ ရောင်းစားခံနေရသူတွေကို အရင်ဆုံး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်သင့်တယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို Tier-2 စောင့်ကြည့်စာရင်းမှာ ထည့်ထားပေမယ့် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကတော့ Tier-3 အဆိုးဆုံး အဆင့်ကို သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံရဲ့ အာဏာသိမ်းစစ်အစိုးရဟာ ထိုင်းနိုင်ငံ အတွင်းမှာ နိုင်ငံတကာအစိုးရတွေနဲ့ ဌာနဆိုင်ရာတွေနဲ့တွေ့ဆုံပြီး လူကုန်ကူးမှု ပပျောက်အောင် ဆောင် ရွက်သွားမယ့်အကြောင်း ပြောခဲ့တာပါ။ လူကုန်ကူးမှုနှိမ်နင်းရေကို ဆောင်ရွက်သွားမှာဖြစ်တဲ့ အကြောင်း ထိုင်းအစိုးရ စစ်ခေါင်းဆောင်က နိုင်ငံတော်ကိုပြောတဲ့ မိန့်ခွန်းမှာ အခုလို ပြောသွားခဲ့ပါတယ်။ 


ထိုင်းစစ်အစိုးရခေါင်းဆောင်က နိုင်ငံတော်ကိုပြောကြားတဲ့အထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ လုပ်ငန်းရှင်တွေကြား လူကုန်ကူးမှုမရှိအောင်၊ မာဖီးယားဂိုဏ်းလို ရာဇဝတ်ဂိုဏ်းတွေနဲပ သူတို့နဲ့ဆက်စပ် နေတဲ့ ပွဲစားတွေ ပါဝင်ပတ်သက်မှု မရှိအောင် နှိမ်နင်းသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

ဇွန်လ ၂၅ ရက်နေ့ကပဲ နိုင်ငံခြားသား အလုပ်သမားတွေနဲ့ လူကုန်ကူးမှု ပြဿနာ ဖြေရှင်းရေး ယာယီစီမံချက် အဖြစ် အမိန့်အမှတ် ၇၀/၂၅၅၇ ကို လည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီအထဲမှာလည်း လူကုန်ကူးမှု၊ လုပ်အား ခေါင်းပုံဖြတ်မှုတွေ၊ အလုပ်သမားတွေကို အနိုင်ကျင့်စော်ကားမှု မရှိစေရေးတွေ ပါဝင်ပါတယ်။ 


ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေနဲ့ လူကုန်ကူးသူတွေကို ကယ်ဆယ်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ဒါရိုက်တာ ဦးကျော်သောင်းကတော့ ထိုင်းနိုင်ငံအတွင်းမှာ လူကုန်ကူးမှုတွေ တိုက်ဖျက်တဲ့အခါမှာ ရေထွက်လုပ်ငန်း လုပ်တဲ့နေရာတွေက ငါးဖမ်းလုပ်ငန်းတွေမှာ ရောင်းစားခံရသူတွေ ကို အရင် ကယ်ဆယ်သင့်တယ်လို့ ဆိုပါတယ်။ 


“လုံးဝ ထိန်းချုပ်မှုကင်းစင်တဲ့ ပျော်ရင်လုပ်၊ မပျော်ရင်ပြန်ဆိုတဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ပေးပြီး တော့မှ သန့်စင်ပစ်လိုက်ရမယ်။ နောက်ပြီးတော့ အဲဒီငါးလုပ်ငန်းမှာ နာရီပေါင်း ကြာကြာခိုင်းစေဖို့ အ တွက် အခကြေးငွေ များစွာပေးနိုင်တဲ့ စနစ်မျိုးကို လုပ်ရမယ်။ ဂျပန်တို့၊ ကိုရီးယားတို့ကို မြန်မာအလုပ်သ မားတွေ သွားချင်တယ်၊ ဘာကြောင့်လဲ။ ပင်ပန်းသလောက်ကို အကျိုးရှိတယ်၊ ပိုက်ဆံရတယ်။ ထိုင်းနိုင်ငံ က ငါးဖမ်းလုပ်ငန်းမှာ အလုပ်သမားရှားပါးနေတာက လုပ်ရသလောက်ကို ပိုက်ဆံမပေးချင်ဘဲ အလကား ခိုင်းချင်တာကြောင့် ဖြစ်တယ်။ အဲဒီလို မတရားခိုင်းစေတဲ့နေရာကို အရင်သန့်စင်ဖို့ လိုတယ်။ နောက်ပြီး နယ်ခြားဒေသတွေမှာ မယ်ဆိုင်၊ ကော့သောင်း၊ ရနောင်း အဲဒီ နယ်ခြားတွေမှာ မြန်မာအလုပ်သမားတွေ လာပြီးတော့ လွယ်လင့်တကူ နယ်စပ်မှာ One Stop Service ထားပေး။ ထိုင်းနိုင်ငံအတွင်းမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိဖို့လိုတယ်။ အဲလိုမှ မဟုတ်လို့ရှိရင် ဗမာပြည်ကထွက်လာတဲ့ သူတွေ အလုပ်ရုံကို လာဖို့အတွက် ဘယ်လုပ်ငန်းရှင်ကမှ သွားမခေါ်ဘူး။ အလုပ်လုပ်ချင်တဲ့ အလုပ်သမားကလည်း ဘယ်အ လုပ်ရှင်ကိုမှ ဆက်သွယ်လို့မရဘူး။ အဲဒီလို မလုပ်ရင် မာဖီးယားဂိုဏ်းတို့၊ ပွဲစားဂိုဏ်းတို့ဆိုတာ ရှိနေအုံး မှာပဲ။ ဒါကြောင့်မို့လို့ တကယ်လုပ်ဖို့တော့ လိုလိမ့်မယ်။” 


ထိုင်းစစ်တပ်က တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့တို့ဟာ မကြာသေးခင်ကပဲ တွေ့ဆုံခဲ့ပြီး လူကုန်ကူးမှုဂိုဏ်းတွေကို ဖမ်းဆီးနိုင်ရေး အချက်အလက်တွေ ပေးနိုင်ခဲ့ကြောင်းနဲ့ ပူးပေါင်း ဆောင်ရွက်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ လူကုန်ကူးမှုနဲ့ ပတ် သက်လို့ အဆိုးဆုံးအဆင့်ကနေ ကျော်လွှားဖို့ ကြိုးစားနေပေမယ့် အိမ်နီးချင်းနိုင်ငံတွေက အလုပ်ရှာဖွေသူ တွေ များနေတာကြောင့် လူကုန်ကူးမှုတွေ ဖြစ်နေရကြောင်း ပြောဆိုနေကြတာပါ။ စစ်အစိုးရတက်လာပြီး တဲ့နောက် မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို သွားရောက်ပြီး တရားမဝင် အလုပ်လုပ်နေကြသူတွေကို တရားဝင် အလုပ်လုပ်နိုင်အောင်၊ တရားဝင်နေထိုင်ခွင့်ရအောင်၊ ကျန်းမာရေးစောင့်ရှောက်မှုရအောင် အလုပ်လုပ်ခွင့် လက်မှတ်တွေကို စနစ်တကျဖြစ်အောင် စီစဉ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ 


အဲဒီလို တရားဝင်အထောက်အထားတွေ ရရှိဖို့ ဇွန်လ ၃၀ ရက်နေ့ကစပြီး မဟာချိုင်ဒေသမှာ One Stop Service (နေ့ချင်းပြီးအစီအစဉ်) ဖွင့်ပြီး အလုပ်သမားလက်မှတ်တွေ စတင်ထုတ်ပေးတော့မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

VOA News


မလေးရှား လေကြောင်းလိုင်း MH 17 ယူကရိန်းမှာ ပစ်ချခံရ

 
မလေးရှား လေကြောင်းလိုင်းက နယ်သာလန်နိုင်ငံ အမ်စတာ ဒမ်လေဆိပ်က နေ ကွာလာလမ်ပူကို ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၅ ဦး တင်ဆောင် ပျံသန်းလာတဲ့ ဘိုရင်း ၇၇၇ MH 17 လေယာဉ်ဟာ ယူကရိန်းနိုင်ငံ အရှေ့ဘက်နားမှာ အမြင့်ပေ ၃ သောင်း ကျော်က မနေ့ညပိုင်းက ပျံသန်းနေစဉ် မြေပြင်က ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချလို့ ပျက်ကျ သွားခဲ့ပါတယ်။ 
 
 

လေယာဉ်ပေါ် လိုက်ပါလာသူ အားလုံး လည်း အသက်ဆုံးရှုံး သွားခဲ့ကြပါတယ်။ မလေးရှားလေယာဉ် ပျက်ကျခဲ့ရ တာနဲ့ပတ်သက်ပြီး ယူကရိန်း စစ်တပ်နဲ့ ရုရှားလိုလားသူ ယူကရိန်း သူပုန်တွေကြား လေယာဉ်ကို ပစ်ချခဲ့တယ်လို့ အပြန်အလှန် စွပ်စွဲခဲ့ ကြပါတယ်။ 
 

ယူကရိန်း အစိုးရကတော့ အကြမ်းဖက်သမားတွေက လေယာဉ်ကို ပစ်ချတာလို့ ပြောပါတယ်။


 
 
လေယာဉ်ပေါ် ပါသွားသူတွေအတွက် ဒတ်ခ်ျနဲ့ မလေးရှားတို့မှာလည်း ဆုတောင်းပွဲတွေ လုပ်နေကြပါပြီ။ အမေရိကန်သမ္မတ၊ ရုရှားသမ္မတ နဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကလည်း အသီးသီး လေယာဉ် ပျက်ကျတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ၀မ်းနည်းကြောင်း စကားတွေ ပြောကြပါတယ်။


မလေးရှားလေကြောင်းလိုင်းရဲ့ MH 370 လေယာဉ်တစင်းကလည်း မကြာသေးခင်က ပျောက်ဆုံးသွားခဲ့ တာ အခုထိ အစအန မရသေးပါဘူး။ 




အိမ့်သံစဉ် ~ ဧရာဝတီ


မြန်မာ့ ဆက်သွယ်ရေးက အော်ရီဒူး၊ တယ်လီနောနှင့် ပြိုင်မည်ဟု ပြော

MPT နှင့် KDDI ကုမ္ပဏီ၊ Sumitomo Coporation တို့ ပူးပေါင်းဆောင်ရွက်မှု လက်မှတ် ရေးထိုးပွဲ (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)

အစိုးရ ဆက်သွယ်ရေး၊ သတင်း အချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း(MPT) က မြန်မာနိုင်ငံ တွင် ဆက်သွယ်ရေး ၀န်ဆောင်မှု အော်ပရေတာ လိုင်စင် ရရှိထားသော အော်ရီဒူး ကုမ္ပဏီနှင့် တယ်လီနော ကုမ္ပဏီတို့နှင့် အပြိုင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ကြောင်း MPT မှ မန်နေဂျာ ဦးခင်မောင်ထွန်းက ပြောဆိုလိုက်သည်။


နေပြည်တော်တွင် ဇူလိုင်လ ၁၆ ရက်နေ့ ကျင်းပသော မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း(MPT)နှင့် ဂျပန်ကုမ္ပဏီ ၂ ခုဖြစ်သော KDDI ကုမ္ပဏီ၊ Sumitomo Corporation တို့နှင့် ဆက်သွယ်ရေး ဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ လက်မှတ် ရေး ထိုးပွဲအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆို လိုက်ခြင်းဖြစ်သည်။


“အခုထက် ပိုကောင်းတဲ့ ၀န်ဆောင်မှုတွေ ပေးနိုင်အောင် ကျနော်တို့ ပူးပေါင်းတာပါ။ လိုင်စင်ရထားတဲ့ ကုမ္ပဏီတွေနဲ့ အပြိုင် ၀န်ဆောင်မှုတွေပေးနိုင်ဖို့ ကျနော်တို့ အပြည့်အ၀ ယုံကြည်တယ်” ဟု ဦးခင်မောင်ထွန်းက ပြောသည်။


ဂျပန် KDDP ကုမ္ပဏီနှင့် Sumitomo ကုမ္ပဏီတို့သည် KDDI Summit Global Myanmar (KSGM) ကုမ္ပဏီကို ပူးတွဲ တည်ထောင် ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှပ်နှံမှု ပမာဏအဖြစ် အမေရိကန် ဒေါ်လာ သန်း ၂၀၀၀ ဖြစ်ပြီး ကနဦး ၁၀နှစ်စာချုပ် ချုပ်ကာလုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ ယင်းမှ တဆင့် နှစ်ဘက်သဘောတူညီမှုရှိပါက ဆက်လက်သက် တမ်းတိုးကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


KSGMကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ တကရှိနာဂရှီမက “အသစ်ဝင်လာမယ့် ကုမ္ပဏီ ၂ ခုကို တွန်းလှန် နိုင်အောင် ပူးပေါင်းတာပါ။ ယှဉ်ပြိုင်နိုင်မယ်လို့ ယူဆပြီးသားပါ။ မိုဘိုင်းလ်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး လက်ရှိ Network လွှမ်းခြုံမှု အတိုင်းအတာမှာ MPT ကနံပါတ်တစ်ပါ။ ဒီအချိန်မှာ ဒီထက် ကောင်းတဲ့ စက်ပစ္စည်းတွေနဲ့ နည်းပညာ ပူးပေါင်းလိုက်ရင် MPT ကရပ်တည်နိုင်မှာပါ။ စိန်ခေါ်မှုတွေ လည်း ရင်ဆိုင်ရမှာပါ”ဟု ပြောသည်။


KSGM ကုမ္ပဏီအနေဖြင့် မိုဘိုင်းဖုန်းများမှတဆင့် ဆက်သွယ်ရေးနှင့်အင်တာနက်ဝန်ဆောင်မှုတင်မကဘဲ ကြိုးဖုန်းများမှ တဆင့် အင်တာနက်သုံးနိုင်မည့် ၀န်ဆောင်မှု များပါ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ပေးရာတွင် လုပ်ငန်း အသေး၊ လုပ်ငန်းအကြီး အလိုက် အရွယ်အစားအမျိုးမျိုး သုံးစွဲနိုင်ရန် အင်တာနက်မြန်နှုန်းများကိုလည်း ဈေးနှုန်း အမျိုးမျိုး ခွဲခြားရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။


ဖုန်းခေါ်ဆိုခဈေးနှုန်းများနှင့် ပတ်သက်၍ ယခုအချိန်တွင် အတိအကျမပြောနိုင်သေးသော်လည်း ယခုခေါ်ဆိုခ နှုန်းထား ထက် နိမ့်ကျမည်ဖြစ်ကြောင်းနှင့် မကြာမှီအတောအတွင်း ထုတ်ပြန်ကြေညာ သွားမည် ဖြစ်ကြောင်း သိရှိရသည်။


MPT နှင့် ပူးပေါင်းဆောင်ရွက်သည့် Sumitomo Corporation သည် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ၁၉၇၂ခုနှစ်မှ စတင်ကာ ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့သည့် ကုမ္ပဏီတခုဖြစ်ပြီး အရှေ့တောင်အာရှ ရုံးခွဲကို မြန်မာပြည်တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။


“Sumitomo နဲ့ မြန်မာနဲ့က ဟိုးနှစ်ပေါင်း ၃၀လောက်ကတည်းက ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တာပါ၊ ပြီးခဲ့တဲ့ ဆီးဂိမ်း တုန်းကလည်း ဆက်သွယ်ရေးဆိုင်ရာ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ အတွက် ပူးပေါင်းလုပ်ဆောင် ခဲ့ပါတယ်” ဟု Sumitomo Corporation ၏ အထွေထွေမန်နေဂျာ မစ္စတာ ထာဇူဂျီရို နရီတိုက ပြောသည်။


Sumitomo Corporation သည် ဂျပန်နိုင်ငံ တိုကျို အခြေစိုက်ကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း ၆၇နိုင်ငံတွင် ရုံးပေါင်း၁၃၉ရုံး ဖွင့်လှစ်ထားပြီး KDDI ကုမ္ပဏီသည် နိုင်ငံပေါင်း ၂၈နိုင်ငံတွင် ရုံးပေါင်း ၁၀၄ ခု ဖွင့်လှစ်ထားသော ကုမ္ပဏီဖြစ်သည်။  
 
 ဧရာဝတီ

တယ်လီနောနှင့် အူရီဒူးကို ပြိုင်ရန် မြန်မာ့ဆက်သွယ်ရေးနှင့် ဂျပန်ကုမ္ပဏီတို့ ကန်ဒေါ်လာ သန်း ၂ဝဝဝ တန်စာချုပ်ချုပ်လိုက်ပြီ

16jl11

နိုင်ငံတွင်း ဆက်သွယ်ရေးကွန်ယက်များအား ကုမ္ပဏီတို့ အပြိုင်အဆိုင် ထိုးဖောက်ဝင်ရောက်နေစဉ် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနကလည်း ဂျပန်နိုင်ငံအခြေစိုက် KDDI နှင့် Sumittomo Corporation ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ ကန်ဒေါ်လာ သန်း ၂ဝဝဝ တန် စာချုပ်ကို ဇူလိုင် ၁၆ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

လက်မှတ်ရေးထိုးပွဲကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပသော ဂျပန်ကုမ္ပဏီ KDDI နှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့ ဇူလိုင်လ ၁၆ရက်က ကျင်းပခဲ့သည်။
ဆက်သွယ်ရေး ဝန်ကြီး ဦးမြတ်ဟိန်းက “တယ်လီနော၊ အူရီဒူး စတဲ့ ကုမ္ပဏီများကို မြန်မာ့ဆက်သွယ်ရေးက ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်အောင် ကြိုးစားလုပ်ဆောင်လျက် ရှိပါတယ်”ဟု ဆိုသည်။

ယင်းအပြင် မြန်မာ့ဆက်သွယ်ရေး၏ အသွင်ကူးပြောင်းမှု အားလုံးကို KDDI က လုပ်ဆောင်သွားမည့်အပြင် ဈေးကွက်အတွင်း အောင်မြင်မှုရရှိမည်ဟု ယုံကြည်သည်ဟု ဝန်ကြီးက ပြောသည်။

သို့ရာတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်စသည့် မြို့ကြီးများတွင် စတင်ဆောင်ရွက်ပြီးမှသာ အခြားသော ဒေသများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး အခြေခံ အဆောက်အအုံ တည်ဆောက်ရေးသည် အရေးပေါ်ကိစ္စ တစ်ရပ်ဖြစ်နေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ထောက်ပြခဲ့သည်။
 
 mizzima

အိုင်တီက ဖန်တီးပေးမည့် ကျား-မ တန်းတူ ခေတ်တစ်ခေတ်


ယခင်က ယောက်ျားက ငွေရှာပြီး မိန်းမက အိမ်ထောင် ထိန်းသိမ်းရသည့် ခေတ်တစ်ခေတ် ရှိခဲ့ပါသည်။
ယင်းကာလတွင် အင်တာ နက်မရှိခဲ့သည်ကတော့ အသေအ ချာပင်။ အမျိုးသမီးများအတွက် အလုပ်ရှားပါးပြီး ရှိသောအလုပ် များကလည်း အကူ၊ သန့်ရှင်းရေး၊ ကလေးထိန်း၊ ချက်ပြုတ်သူ၊ လူ နာစောင့်စသည့် အလုပ်များသာ ရှိခဲ့သည်။ ကျန်အလုပ်များက ကာယအင်အားကို အသုံးချရ သည့် အလုပ်ကြမ်းများ (သို့တည်း မဟုတ်) ယောက်ျား ဟိတ်ဟန်ပြ ပြီး လုပ်ရသည့် အလုပ်များဖြစ်ခဲ့ သည်။

ပညာသင်ယူရာတွင်လည်း အမျိုးသမီးများအတွက် အခွင့်အ လမ်း နည်းပါးခဲ့သည်။ ယင်း ခေတ်အခါက ရိုးရာထုံးစံလို ဖြစ် နေသည့် ဓလေ့များကို ယနေ့အ ချိန်အထိ လက်ခံကျင့်သုံးနေသည် များ ရှိနေသေး သည်ကို တွေ့ရ သည်။

တိုးတက်မှု နည်းပါးသော နေရာဒေသများတွင် အထူးသ ဖြင့် ယင်းကဲ့သို့ ရှေးရိုးဓလေ့ကို ဆက်လက် လက်ခံကျင့်သုံးနေကြ သည်ဟု လူမှုရေးပညာရှင်များက ထောက်ပြသည်။ တိုးတက်သော နိုင်ငံတွင် အပြောင်းအလဲများစွာ ရှိလာသည်။ ယင်းသို့ ပြောင်းလဲ လာသည့် ဖြစ်စဉ်သည်လည်း အင်တာနက်ခေတ် မတိုင်မီက အ တော်ကြာအောင် အချိန်ယူခဲ့ရ သော်လည်း အိုင်တီခေတ်တွင် တော့ မြန်ဆန်လာသည်။

အဓိက အကြောင်းအရာ တစ်ခုမှာ အိုင်တီကို ကျား၊ မ မရွေးသင်ယူလေ့လာနိုင်ပြီး အ သုံးပြုနိုင်သော ကြောင့် အခွင့်အရေးတန်းတူ ရရှိလာကြခြင်းပင် ဖြစ်သည်။

မှန်ပါသည်။ မည်သည့် ခေတ်နှင့်မျှ မတူဘဲ ကျား၊ မ မရွေး မည်သူမဆို လုပ်ကိုင်နိုင် သည့် အလုပ်မျိုးကို အိုင်တီက ဖန်တီးပေးသည်။ ယခင်က အ လေးအပင်များ မ,ရသည့် အလုပ် မျိုး၊ ကိုယ်ကာယအင်အား သုံး မှသာ အလုပ်တွင်သည့် အလုပ်ရုံ၊ စက်ရုံမျိုးတွင်သာ အလုပ်များ ရှိခဲ့ရာက ကွန်ပျူတာတစ်လုံး၊ ဖုန်းတစ်လုံးဖြင့်သာ လုပ်ကိုင်နိုင် သည့် အလုပ်များ၊ ကာယစိုက် ထုတ်ရန် မလိုသော စက်မောင်း နှင်သည့် အလုပ်များစသည်တို့က နေရာဝင်ယူလာကြသည်။

အဆင့်မြင့် ပညာသင်ယူရေးတွင် ကျား၊ မ အရေအတွက် တန်းတူဖြစ်လာသလို ယခင်က ယောက်ျား များသာ လုပ်ကိုင်ခဲ့သည့် ကုန်ကားကြီးများ မောင်း နှင်ခြင်း၊ အငှားကားမောင်းနှင် ခြင်း၊ ရထား မောင်းနှင်ခြင်း စ သည့် စက်ပိုင်းဆိုင်ရာ လုပ်ငန်းများတွင်လည်း ၀င်ရောက်လုပ် ကိုင်သော မိန်းမအ ရေအတွက် တိုးလာနေသည်။

သို့ရာတွင် ယင်းပြောင်းလဲမှု အများစုမှာ တိုးတက်သော နိုင်ငံ များတွင်ဖြစ်သည်။ တိုးတက်သည် ဆိုရာတွင်လည်း စက်မှုပိုင်း တိုးတက်သည်သာမက လူတို့၏ အသိအမြင်နှင့် လူမှုဝန်းကျင်၏ အတွေးအခေါ် အပါအ၀င် အ ထွေထွေတိုးတက်မှုကို ဆိုလို သည်။

ချမ်းသာကြွယ်ဝပြီး စက်မှု နိုင်ငံပင်ဖြစ်ငြားသော်လည်း အ ထွေထွေ တိုးတက်မှု နည်းပါးနေသည့် နိုင်ငံ မျိုးတွင် တန်းတူလုပ် ကိုင်နိုင်ခွင့် မရသေးပါ။ ရှေးရိုး စနစ်ကို ဆုပ်ကိုင်ထားဆဲ နိုင်ငံများတွင် အမျိုးသမီး များကိုတန်း တူအခွင့်အရေး မပေးခြင်းကြောင့် ယင်းနိုင်ငံ၏ အထွေထွေ တိုးတက်မှုမှာ ရပ်တန့်နေသည်။ သို့သော် ယင်းရှေးရိုးဓလေ့သည် ယခုအ ခါ အိုင်တီ၏ စိန်ခေါ်မှုကို ရင်ဆိုင် ရတော့မည်ဖြစ်သည်။

ယနေ့အချိန်တွင် ကွန်ပျူ တာ၊ ဖုန်း၊ ကားတို့ဖြင့်သာ လုပ် ကိုင်ရသည့် အလုပ်များ၊ ပညာကို အခြေခံရ သည့် အလုပ်အကိုင် များ ပေါများလာသဖြင့် ကျား၊ မ ခွဲခြားလုပ်ကိုင်ရသည့် အလုပ်လည်း နည်းပါး လာသည်။ စစ် သင်္ဘောများ၊ စက်ရုံကြီးများ၊ သုတေသနစခန်းများတွင်လည်း နည်းပညာကျွမ်းကျင်သူ ကိုသာ ခန့်ထားသဖြင့် အမျိုးသမီးများ နေရာရစပြုလာနေပြီဖြစ်သည်။

နေသားမကျသေးသဖြင့် ကျား၊ မ တန်းတူလုပ်ကိုင်သည့် လုပ်ငန်းခွင်ကို လက်မခံလိုသူ အမျိုးသမီးများ ရှိနေသေးသော် လည်း ခေတ်ပြောင်းလဲမှု ရေစီး ကို ရက်ရှည် မပိတ်ဆို့ထားနိုင် ပေ။ လာမည့် ၂၀၁၆ ခုနှစ်တွင် အ မျိုးသမီးလုပ်သားဦးရေသည် အ လုပ်အားလုံး၏ ၄၆ ဒသမ ၅ ရာ ခိုင်နှုန်းအထိ ရှိလာ မည်ဟု အမေ ရိကန်အလုပ်သမား ၀န်ကြီးဌာန က ခန့်မှန်းတွက်ချက်ထားသည်။ အမြန်ဆုံးနှင့် အများဆုံး တိုးများ လာသည့် အလုပ်အကိုင်စာရင်း တွင်လည်း ကွန်ပျူတာဆော့ဖ်ဝဲ ကျွမ်းကျင်သူများက ထိပ်ဆုံးမှ ပါ ၀င်နေပြီး ၀င်ငွေတွင်လည်း ယင်း အလုပ်က အများဆုံးဖြစ်မည်ဟု ဆိုသည်။ ယင်းကဏ္ဍတွင် ကျား၊ မ ခွဲခြားခြင်းမရှိသဖြင့် ကျွမ်းကျင် သူ အမျိုးသမီးများက တန်းတူ နေ ရာရလာမည်ဖြစ်ရာ လာမည့် နှစ် များတွင် ထိပ်ပိုင်းနှင့် အလယ်အ လတ်အဆင့်ရှိ အလုပ်အကိုင် များတွင် အမျိုးသမီးဦးရေ ပိုများ လာဖွယ်ရှိသည်။

ခေတ်အဆက်ဆက် ဖိနှိပ် ခံလာရသော အမျိုးသမီးထုအ တွက် အိုင်တီက တန်းတူအခွင့် အရေး ဖန်တီးပေးနေသည်ဟုသာ ဆိုချင်ပါသည်။


7Day Daily No.435 Thursday, July 10, 2014


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)

၁၀.၂.၂၀၁၄၊ တနင်္လာနေ့

အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေး ဆိုတဲ့ Mg Mandalay’s facebook ရဲ့ ရေးသားတင်ပြချက်ကို ဒီတပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက် နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာကိုလဲ မြင်နေရ ပြန်ပါတယ်။

ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော့ မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (share) အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။

နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။ ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာကို ချောင်းရိုက်ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ် လပ်လပ် နေတာကို မှတ်တမ်းတင် ခံရတာတို့ကတော့ မဖြစ်သင့်ပါ။

အဆိုးဝါးဆုံး ကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံ အပ်မိကာမှပဲ ကျောချမှ ဓါးပြမှန်း သိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကို ဖော်ကောင်လုပ်ပြီး အင်တာနက်ပေါ် တင်ပေးတာပါ။ ဒီကိစ္စကို အမျိုးသမီးများ ကျပ်ကျပ် သတိထား စေချင်တယ်။ တချို့ ဆို ဒီကိစ္စကြောင့် အလုပ် အကိုင်ထိခိုက်၊ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲအောင် ဖြစ်ရပါတယ်။

ဒါတွေရဲ့ အရင်းခံကတော့ မသိနားမလည်မှု၊ နည်းပညာ မကျွမ်းကျင်မှု ကြောင့်ဆိုတာ တွေ့နေရပါတယ်။ အမျိုးကောင်း သမီးများ အနေနဲ့ ဒီလို အဖြစ်မျိုးတွေက ရှောင်လွဲနှိုင်အောင် နည်းလမ်းကောင်းလေးတွေ ပေးချင်တယ်။ ကျွန်တော်က ကွန်ပျူတာ သင်တန်းဆရာ တစ်ယောက်ပါ။

ပြီးတော့ ပညာရှင်အဆင့် ဓါတ်ပုံ၊ ဗီဒီယို ၇ိုက်ကူးသူ တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်ပေးတဲ့ နည်းလမ်းတွေက အမတို့ ညီမတို့ အရှက်နဲ့ သိက္ခာကို တတ်နိုင်သလောက် ကာကွယ်ပေး နှိုင်မယ်လို့လဲ ထင်ပါတယ်။

* ၁။ ဘယ်သူ့ကိုမျှ မယုံပါနဲ့ ဘယ်လောက်ပဲ ချစ်ချစ် ၊ ဘယ်လောက်ပဲ ရင်းနှီးနှီး လွပ်လွပ် လပ်လပ် နေတာကို မှတ် တမ်းတင် မခံပါနဲ့ ။ သူကိုယ်တိုင်က စိတ်ချရသော်လဲ သူ့ကိုယ်တိုင် မသိလိုက်ပဲ သူဆီကကိုယ့် ဓါတ်ပုံကို သူများခိုး သွားတာမျိုး ခံရတတ်ပါတယ်။

* ၂။ ကိုယ်ကိုယ်တိုင်လဲ မှတ်တမ်း မတင်ပါနဲ့ကိုယ့် ကိုယ်လုံး ဘယ်လောက် လှသလဲ သိချင်ရင် မှန်ထဲမှာပဲ စိတ်တိုင်းကျ ကြည့်ပါခင်ဗျာ။ ဓါတ်ပုံရိုက် မကြည့်ပါနဲ့။ အဲဒါလဲ အွန်လိုင်း မင်းသမီးဖြစ်ဖို့ လမ်းစပါ။

* ၃။ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်ပစ်လိုက်ပြီ (delete) ဆိုတိုင်းလဲ စိတ်မချပါနဲ့ ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်လိုက်ပြီ ဆိုတိုင်းလဲ စိတ်ချရတာ မဟုတ်ပါ။ အစွမ်းထက်သော recovery software မြောက်များစွာ ရှိနေပါတယ်။

အဲဒီ့ဆော့ဝဲ တွေဟာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ် လောက်က ဖျက်ထားတဲ့ ဓါတ်ပုံ ဗီဒီယို တွေကို အလွယ်တကူ ပြန်လည် ရှာပေး နိုင်ပါတယ်။

ကွန်ပျူတာပြင် ဆရာတိုင်း လိုလို လုပ်တတ်ပါတယ်။ ကို့ကင်မရာနဲ့ စိတ်ကြိုက် ရိုက်ကြည့်တယ်။ ပြီးတော့ ဖျက်ပစ် လိုက် တယ် ဆိုပေမယ့် သာမန် ကျွမ်းကျင်သူ တစ်ယောက်ဟာ ဒါတွေကို အလွယ်တကူ ပြန်လည် ရယူ နိုင်တာကို လုံးဝ မမေ့ ပါနဲ့။

* ၄။ အင်တာနက်ဆိုင်မှာ ကိုယ့်ကွန်ပျူတာနဲ့ သုံးရင်လဲ သတိထားပါ။ အင်တာနက်ဆိုင်မှာ ကိုယ့် လက်ပ်တော့ပ် နဲ့သုံးရင် ကိုယ့်လက်ပ်တော့ပ်ထဲက အချက်အလက်ကို အင်တာနက်ဆိုင်က အလွယ်တကူ ၀င်ရောက်ကြည့်ရှု ကော်ပီကူး ထားနိုင် တယ် ဆိုတာ သိထားပါ။

အင်တာနက် ဆိုင်တွေမှာ ဆိုင်မှာ ရှိတဲ့ ကွန်ပျူတာတွေကို ကောင်တာက အလွယ်တကူ ထိမ်းချုပ် နိုင်အောင် network စနစ် တစ်မျိုး ချိတ်ဆက် ထားတတ်ပါတယ်။ ကိုယ်က အဲဒီဆိုင်မှာ အင်တာနက် သုံးတယ်ဆိုရင် ကိုယ်ကလဲ အဲဒီစနစ်ထဲ ကို အလိုလို ရောက်သွားပါတယ်။ ဒါဆိုရင် အင်တာနက် ဆိုင်ကောင်တာကနေ ကိုယ့်ကွန်ပျူတာကို နက်ဝါ့ခ် ကနေ ၀င် ရောက် ကြည့်ရှု နိုင်ပါတယ်။ ဒါကြောင့် အင်တာနက် ဆိုင်မှာသုံးမယ့် ကိုယ့်လက်ပ်တော့ပ်မှာ အရေးကြီးတဲ့ ကိုယ့်ပုံတွေ ထည့် မထားပါနဲ့။

* ၅။ နည်းပညာကို အထင်မသေးပါနဲ့ ကိုယ့်လက်ပ်တော့ပ်ထဲမှာ ပုံတွေထည့် မထားပါနဲ့၊ မလုံခြုံပါဘူး ဆိုတော့ နည်းနည်း နားလည်တဲ့ ကိုကို၊ မမတွေက share ပေးမထားရင် ရပါတယ်လို့ ဆိုကြတယ်၊ ဟုတ်ကဲ့ နည်းပညာ ကို အထင်မသေး ပါနဲ့ ခင်ဗျား ၊ ကိုယ့်ထက် ပိုတော်တဲ့ ဆရာကြီးတွေ ရှိနေသေးတယ် ဆိုတာလဲ မေ့မထားပါနဲ့။

cracker တို့ hacker တို့ဆိုတာ အလကား ပေးထားတဲ့ နာမည်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည် ကပြောမယုံ ကြုံဖူးမှ သိလောက်အောင် မြင့်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က စိတ်ချရအောင် သတိရှိတာ အကောင်းဆုံးပါ။

* ၆။ အင်တာနက်မှာ တွေ့တဲ့သူကို မယုံပါနဲ့ အင်တာနက်က တော်ကီ ကိုကိုတို့ကပဲ အပြောကောင်း သလား၊ အွန်လိုင်း မမ တွေကပဲ အညှာလွယ်သလားမသိပါ။

vzo chat လို ဟာမျိုးနဲ့ ချွတ်ပြ၊ လှန်ပြတဲ့ မမတွေ ၊ ညီမတွေ ရဲ့ပုံများ အင်တာနက် ပေါ်မှာ တွေ့နေရပါတယ်။ (ကျွန်တော် အသုံး ရိုင်းသွားရင် ခွင့်လွှတ်ပါ) ၀မ်းနည်း စရာကောင်း တာက ပါးကွက်ကျားနဲ့ ထမီနဲ့ ဗမာမလို့ ထင်းခနဲ သိသာတဲ့ ပုံ တွေပါ အများကြီး ပါလာတာပါ။

ကြေးစား တွေပါလို့ ပြောရအောင်လဲ အိမ်မှာ ကိုယ်ပိုင် အင်တာနက် လိုင်းနဲ့ ကိုယ်ပိုင် ကွန်ပျူတာနဲ့ သုံးနိုင်တဲ့ အဆင့်က ကြေးစား မဟုတ်နိုင်ပါ။ ဖြစ်နိုင်ခြေ ရှိတာက အွန်လိုင်း ကိုကိုကလဲ အပြောကောင်း၊ ညီမလေး တို့ကလဲ သဒ္ဒါလွန် တယ် ထင် ပါတယ်။

မယုံကြပါနဲ့ ညီမလေးတို့ရယ်။ ကိုယ့်ကို တကယ်ချစ်တဲ့ သူဆိုတာ နှစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ မှားချင် မှားမယ်၊ အဲဒီလို ဗြောင်ကြီးတော့ မတောင်းဆိုပါဘူး။ အဲ ….. ကိုယ့်သိက္ခာကို ရင်းရဲတယ် ဆိုရင်တော့ လုပ်ပေါ့။ (VZO က အရုပ် တွေ အသံတွေ မှတ်ထားလို့ ရတယ် ဆိုတာလဲ သတိရပါ။)

၇။ခိုးအရိုက် ခံရခြင်းမှ ကာကွယ်ဖို့ဆိုရင် ကိုယ်မရင်းနှီး မကျွမ်းဝင်တဲ့ နေရာမှာ (ဟော်တယ်၊ တည်းခိုခန်း၊ ပန်းခြံ) စတဲ့ နေရာတွေမှာ လွပ်လွပ် လပ်လပ် မနေပါနဲ့။ သတိရှိပါ။ ကင်မရာတွေ အကြောက်ဆုံး၊ အားနည်း ချက် တစ်ခုကတော့ အမှောင်ပါ။ ဘယ်လောက် ကောင်းတဲ့ ကင်မရာမဆို အလင်းရောင် အားနည်းသော နေ ရာမှာ အဆင် မပြေနိုင်ပါ။

ဒါကြောင့် စိတ်မချရသော နေရာများတွင် လွပ်လွပ် လပ်လပ် ( ဥပမာ အ၀တ်အစား လဲတာ) နေရတော့ မယ် ဆိုရင် လုံးဝ မှောင်သွား အောင်လုပ်ပါ။ ဒါဆို ကင်မရာတွေ မတတ်နိုင်တော့ပါ။ အမှောင်ထဲမှာ ရိုက်နိုင် တယ် ဆိုတဲ့ (Night Shot) ဆို တဲ့ ကင်မရာ တွေတောင် အနဲဆုံး အနီရောင် ရောင်စဉ်လေး လင်းမှ အလုပ် ဖြစ် တာပါ။

* ၈။ spy camera တွေကို တတ်နိုင်သမျှ ရှာပါ အခုခေတ်မှာ သုံးသောင်း လောက်ဆို spy camera တစ်လုံး ရနိုင်ပါတယ်။ ဒါကြောင့် စိတ်မချရတဲ့ နေရာတွေမှာဆို spy camera တတ်ထားမထား တတ်နိုင် သလောက် ရှာပါ။ ဒါ ကိုကိုတွေ၊ ဦးဦး တွေ အတွက်လဲ အရေးကြီးပါတယ်။

တော်ကြာ ကိုယ်တောင် မသိပဲ နာမည်ကြီး အွန်လိုင်း မင်းသား ဖြစ်သွား နိုင်ပါတယ်။ များသော အားဖြင့် ကင်မရာတွေကို မြင်ကွင်း ကျယ်ကျယ် ရအောင် ဒေါင့်တွေမှာ တတ်ထား တတ်ပါတယ်။ သေသေ ချာချာ ရှာပါ။ အခန်း အပြင်မှာ တတ် ထားပြီး မတ်စေ့ လောက်အခန်းကို ဖောက်ထား တာမျိုးလဲ လုပ်တတ် ကြပါတယ်။ မသင်္ကာဖွယ်ရာ အပေါက်တွေကို ဒေါင့် တွေ မျက်နှာ ကျက်တွေမှာ သေချာရှာပါ။

ဘာမှမတွေ့ဘူးဆိုပြီးလဲ စိတ်ချမနေပါနဲ့၊ လိုအပ်ရင် အမှောင်ကို အကာ အကွယ် ယူပါ။ အဲ super market တွေက အ၀တ် လဲခန်းတွေမှာလဲ ရှိတတ်တယ်နော်၊ လုံခြုံရေး အတွက် တတ်ရတာပါ ဆိုပဲ။

* ၉။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အွန်လိုင်း မင်းသား မင်းသမီး ဖြစ်သွားပြီ ဆိုရင် ရောရှက်ပြီး ငြိမ်မနေပါနဲ့၊ သိပ်မပျံ့သေးမှီ တားဆီးပါ။ Sex ၀က်ဆိုက် တော်တော် များများ ဟာ User က တောင်းဆိုလို့ ရှိရင် အချက် အလက်တွေ ဖျက်ပေး ပါ တယ်။ ကိုယ့် ပုံ ပါနေတာ သေချာရင် အဲဒီ ၀က်ဆိုက်ကို အကြောင်း ကြားပြီး ဖျက်ခိုင်းပါ။ အဲဒီလို အကြောင်း ကြားလို့ ဖျက်ပေးတာ သုံးခါ လေးခါတွေ့ ဖူးပါတယ်။

* ၁၀။ ကိုယ်ချင်းစာပါ။ တွေ့ဖူးပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တွဲရိုက်ထားတဲ့ ပုံတွေမှာ အမျိုးသား ကိုယ်တိုင်က တင် တာ ဆိုတော့ သူုမျက်နှာတော့ သူဖျက်ထား တာတွေ့ဖူးတယ်။ ဒါ ကိုယ်ချင်း မစာတာပါ။

မလုပ်ပါနဲ့ဗျာ သူတို့က ကျွန်တော်တို့ ထက်ပိုရှက် တတ်တာပေါ့။ ကိုတောင် ရှက်တတ် သေးရင် သူများ အရှက်ကွဲ အကျိုး နည်း ဖြစ်အောင် မလုပ်သင့်ပါဘူး။

ဒါ စေတနာ ဗလဗွနဲ့ မျှဝေတတ်တဲ့ ကိုယ်ချင်း မစာတဲ့ အမျိုးသားတွေ အတွက်ပါ။ ခိုးလဲ မရိုက် ကြပါနဲ့။ ကိုယ့်ကို ချစ်လို့ အလိုလိုက်ထားတဲ့ သူကိုလဲ မျက်နှာလွဲ ခဲပစ် မလုပ်သင့်ပါ။ ဇာတ်လမ်း အသစ်တင်ချင် တယ်ဆိုရင် လဲ ကြေးစား အဆင့် ထဲ မှာ အရိုက်ခံတဲ့ သူတွေ ရှိပါတယ်။ သူတို့နဲ့ လှုပ်ရှားပေါ့။ နောက်ဆုံးအဆင့် မျက်နှာလေး ဖျက်ပေးတာပဲ ဖြစ်ဖြစ်တော့ မဖြစ်မနေ လုပ်ပေးကြပါ။

အင်တာနက်ဆိုတာဟာ လူ့ အကျိုးသယ်ပိုးဖို့ ပေါ်ပေါက်လာတာပါ။ ဒါကို အကျိုးမရှိတဲ့ နေရာမှာ သူများ အကျိုး ထိခိုက် အောင် မလုပ်ကြပါနဲ့။ (ဒါက Sex Website တွေကို မကြည့်ပါနဲ့လို့ ပြောတာ မဟုတ်ပါ။ တော်ကြာ ကိုကိုတို့က စိတ်ဆိုး နေဦးမယ်။ နာမည်ကြီး ချင်လို့တို့၊ ၀ါသနာအရတို့ ဆိုတဲ့ ရုပ်ပုံ တွေ ဗီဒီယိုတွေ ဆိုရင်တော့ ရောင်းသူ ၀ယ်သူ အသံတူရင် ပြီးတာပါပဲဗျာ။) အမျိုးကောင်း သမီးများကို ညှာတာဖို့ ပြောတာပါ။

မြ၀တီ

ကန့်ဘလူမှာ လယ်သိမ်းခံတောင်သူ ၆ ဦးကို ထောင်ဒဏ်တွေ ချမှတ်

 
 
 စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ လယ်သမား ၆ ယောက်ကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီး မှုတွေနဲ့ သက်ဆိုင်ရာက ပြီးခဲ့တဲ့ ၁၄ ရက်နေ့မှာ ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်သလို နောက်ထပ် လယ်သ မား အယောက် ၁၀၀ ကျော်လည်း အမှုရင်ဆိုင် နေရတယ်လို့ သိရပါတယ်။
ထောက်ရှာအိုင်နဲ့ ပေကြီးရွာက လယ်သမား ကွန်ရက် ခေါင်းဆောင်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ယောက် ၊ အခြားလယ်သမား ၃ ယောက်ကို ကန့်ဘလူတရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  တရားစွဲခံထားရသူ တောင်သူတစ်ဦးဖြစ်တဲ့ ကိုထွန်းနိုင်က အခုလိုပြောပါတယ်။

"ချတာတော့ ၆ ယောက်ပေါ့ဗျာ၊ ကျနော်တို့ တောင်သူလယ်သမားကွန်ရက်အဖွဲ့ဆိုပြီး ဖွဲ့စည်းတာတွေရှိတယ်လေ၊ ဦးသောင်းထွန်းကတော့ အဖွဲ့ခေါင်းဆောင်ပေါ့ဗျာ၊ ပေကြီး ဥက္ကဌ ဦးစိန်ထွန်း၊ ထောက်ရှာအိုင် ဥက္ကဌ ဦးဝင်းကို သူတို့ ၃ ယောက်ကတော့ တစ်ယောက်ကို ၂ နှစ်စီဗျ၊ ကိုကျော်ရင်ကတော့ သူ့ဘာသာသူ တောမီးဝင်ပြီးလောင်တာကို မူလတောင်သူက ရှို့ပါတယ်ဆိုပြီး တိုင်တာပေါ့ဗျာ၊ သူကတော့ ၁ နှစ်ကျတယ်ဗျ၊ ကိုဇော်မင်းကလည်း ၂ နှစ်၊ နောက်တစ်ယောက်ကလည်း ၂ နှစ် အဲတာကလည်း ထောက်ရှာအိုင်ကပဲ"

အဲဒီဒေသက လယ်ဧကတစ်သောင်းကျော်ကို ၁၉၉၉ ခုနှစ်မှာ ဒေသခံစစ်တပ်ကသိမ်းပြီး သကြားစက်တည်ခဲ့သလို၊ အဲဒီစက်ရုံကုန်ကြမ်းအတွက် ကြံစိုက်ခင်းတွေဖန်တီးပြီး လယ်သမားတချို့ ကို သီးစားခနဲ့ စိုက်ပျိုးခိုင်းနေတာဖြစ်တယ်လို့သိရပါတယ်။

မနှစ်ကတော့ ပိုနေတဲ့မြေတွေကို ပြန်ပေးတယ်လို့ ဆိုတဲ့အတွက် မူလတောင်သူတွေ ဝင်ရောက်ထွန်ယက်တဲ့အခါ သီးစားခနဲ့လုပ်နေတဲ့ လယ်သမားတွေကို တရားလိုအဖြစ် တရားစွဲခိုင်းခဲ့တာလို့ သိရပါတယ်။

RFA Burmese


အစ္စရေးက တိုက်ခိုက်မှုတွေ ရပ်ထားမယ်လို့ ကြေညာ

 
 
 ကြာသပတေးနေ့ ဒီနေ့ကစပြီး ဂါဇာမှာ လူသားချင်း စာနာတဲ့အနေနဲ့ အပစ်အခတ် ရပ်ထားမယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ အစ္စရေးနဲ့ ဟာမတ်တို့ကြား ရက်အတန်ကြာ တဖက်နဲ့တဖက် ဒုံးကျည်တွေကို ပစ်ခတ်ပြီး အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။
ရပ်သူရွားသားတွေ စားနပ်ရိက္ခာ စုဆောင်းနိုင်အောင် ဒေသစံတော်ချိန် ဒီကနေ့မနက် ၁၀နာရီကနေ ညနေ၃နာရီအထိ အပစ်ရပ်ထားမယ်လို့ အစ္စရေး စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် အခုလူသားချင်း စာနာတဲ့ အပစ်ရပ်မှုကို အခွင့်ကောင်းယူပြီးဟာမတ်တို့ဘက်က အစ္စရေး အရပ်ဘက်နဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်လာရင်တော့ ပြတ်ပြတ်သားသား တုန့်ပြန်သွားမယ်လို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

ဂါဇာမှာ အဓိကအင်အားစုတခုဖြစ်တဲ့ ဟာမတ်တို့က အီဂျစ်တို့ကမ်းလှမ်းတဲ့ အပစ်အခတ်ရပ်စဲရေးကို ပယ်ချလိုက်ပြီး အစ္စရေးတို့ဘက်က အခုလိုဆောင်ရွက်တာဖြစ်ပါတယ်။

သူတို့ခေါင်းဆောင်ပိုင်းက အတည်မပြုတဲ့ အပေးအယူမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ ဟာမတ်အဖွဲ့ ပြောခွင့်ရပိုဂ္ဂိုလ် ဆာမိ အဘူဇူရီကပြောပါတယ်။

အစ္စရေးတို့ဘက်က အင်္ဂါနေ့တုန်းကစအပစ်ရပ်ပေမယ့် ဂါဇာဘက်ကနေ ရော့ကက်တွေနဲ့ ဆက်ပစ်လို့ တိုက်ပွဲတွေပြန်ဖြစ်ပါတယ်။ ဟာမတ်တို့ဘက်က ရော့ကက်နဲ့ အကြိမ်၁၂၀ဝကျော် ပစ်ခဲ့ပြီး အစ္စရေး တယောက် သေဆုံးပါတယ်။

ဇူလိုင် ၈ရက်နေ့ကစပြီး အစ္စရေးတို့ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဂါဇာဘက်မှာ လူ၂၂၀သေပြီး ၁၈၀ဝ ဒဏ်ရာရတယ်လို့ ဟာမတ်တို့ဘက်က ပြောသွားပါတယ်။

ဘီဘီစီ(မြန်မာပိုင်း)


16 Jul 2014

ထိုင်းနိုင်ငံက သဘာဝ အတိုင်း ဖြစ်နေတဲ့ ကမ္ဘာ့ဖလား ကျောက်တောင်

ပြင်ဆင်ထားခြင်း မရှိပဲ သဘာဝ အတိုင်း ဖြစ်နေတဲ့ ကျောက်တောင်လို့ Metro က ရေးသား ဖော်ပြ ထားတော့ အံ့သြ ရပါတယ်။ ကမ္ဘာ့ ဖလား ပွဲမှာ ဆုပေးတဲ့ တကယ့် ဖလား အစစ်ရဲ့ ပုံသဏ္ဍာန် အတိုင်း ကို ပုံစံ တူညီ နေပါတယ်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Chaiyaphum ပြည်နယ်က Pa Hin Ngam အမျိုးသား ဥယျာဉ်ထဲမှာ ရှိနေတာ ဖြစ်ပါတယ်။ နှစ်အတော်ကြာ လေမုန်တိုင်း များကြောင့် ကျောက်တောင်ဟာ တဖြည်းဖြည်း တိုက်စား ခံရပြီး ယခု ရက်ပိုင်း အတွင်းကို ရောက်မှ ကမ္ဘာ့ ဖလား ပုံသဏ္ဍာန် စစ်စစ် ကို ရောက်ရှိ သွားခြင်း ဖြစ်ပါတယ်။ Beautiful Rock Plain လို့ အင်္ဂလိပ်လို အမည်လရတဲ့ ယင်း ဥယျာဉ်ထဲမှာ အခြားသော ကျောက်တောင် ငယ်များလည်း ရှိနေ ပါသေးတယ်။

လက်တလောမှာတော့ ကမ္ဘာ့ဖလား ပုံသဏ္ဍာန် ကျောက်တောင်ကြောင့် ထိုင်းနိုင်ငံ ရှိ Pa Hin Ngam အမျိုးသား ဥယျာဉ်ဟာ နိုင်ငံခြားသား လာရောက် လည်ပတ်မှု အတော်လေး များပြား နေပါတယ်။

Ref: Metro
အောင်ခမ်း (ရိုးရာလေး)



အချစ်သည် စတင်ရန်လွယ်ပြီး အဆုံးသတ်ရန် ခက်မြဲဖြစ်သည်

 
 
(က) လောင်ဇူးက ပြောဖူးတယ်။
“တစ်စုံ တစ်ယောက်သော သူက နက်နက်နဲနဲ ချစ်တဲ့အခါ (အဲ့ဒီလိုမျိုး အချစ်ခံရတဲ့ အခါမှာ) ခွန်အားတွေ ရှိလာတယ်” တဲ့။

တကယ်တော့ လူတစ်ယောက် ကိုယ့်စိတ်ထဲမှာ ရှိနေတယ်ဆိုတဲ့ ကိစ္စက သိပ်ပြီးတော့ အကျပ်အတည်း မဖြစ်သေးဘူး။ သူ ကိုယ့် စိတ်ထဲကို အတိုင်းအတာ တစ်ခုအထိ ရောက်နေ ပါလားလို့ သိလိုက်ရတဲ့ အချိန်ဟာ ကိုယ်ဟာ သက်တမ်း ကုန်ဆုံးသွားတဲ့ ကိတ်မုန့်တစ်လုံးကို စားမိနေတဲ့ သူလိုပါပဲ။ ရွက်ဆုတ် ပြက္ခဒိန်တစ်ခုကို ပြန်လှည့်ခွင့် မရတော့သလို ကုန်သွားတဲ့ နာရီတွေကို လက်ဝဲအတိုင်း ပြန်ရစ်လို့ မရတော့ဘူး။ အရာရာဟာ နောက်ပြန်ဆုတ်ဖို့ ခက်ခဲခဲ့ပြီ။ ဒါပေမယ့် . . ။


တခါတလေ ကိုယ် မိုးရေစိုနေတဲ့ အချိန်မျိုးးမှာ သူ့ကို ခြောက်ခြောက်သွေ့သွေ့ ပတ်ဝန်းကျင်မျိုးမှာ ရှိနေစေချင်တယ်။ ကိုယ် အစာမမှန်လို့ အစာအိမ် ပြန်အောင့်တတ်တဲ့ အခါမျိုးမှာ အစားမှန်မှန်စားစေ ချင်တယ်။ ကိစ္စတစ်ခုခုကို ရင်ဆိုင်ဖြေရှင်းနေရလို့ အိပ်ရေးပျက်တဲ့ ညတွေကြုံလာတဲ့ အခါမျိုးမှာ အိပ်စက် ချိန်ရဲ့ အရေးပါပုံတွေ သိစေချင်တယ်။ အဲ့ဒါကို ဘေးလူတွေ အမြင်မှာ အချစ်ဆိုတဲ့ စကားနဲ့ ပေါ့ပေါ့ပါးပါး ဘောင်မခတ်စေချင်ဘူး။ သာမန်လူတွေ ခံစားလို့ရတဲ့ အပေါ်ယံကနေ လူတွေ ပေါ့ပေါ့ပါးပါး သတ်မှတ် ထားတဲ့ ဘောင်တစ်ခု အလွန်မှာ သူရှိနေတယ်။ အဲ့ဒီ အနားကွပ်တစ်ခုရဲ့ အပြင်ဘက် လွတ်လပ် ကျယ်ပြောတဲ့ တစ်စုံတစ်ရာဟာ သူ့ရဲ့ နိစ္စဓူဝ အစစကို အဆင်ပြေချောမွေ့နေစေလိမ့်မယ်။


ကိုယ်ပေးနိုင်တဲ့ ခွန်အားက အဲ့ဒီလို ချစ်ခြင်းမျိုး။


(ခ) လောင်ဇူးကပဲ ထပ်ပြောသေးတယ်။
“တစ်စုံတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်မိတဲ့အခါ သတ္တိတွေ ရှိလာတယ်” တဲ့။


သူ နေကောင်းတယ်၊ အစစ အရာရာမှာ အဆင်ပြေပြေ ရှိနေတဲ့ သတင်းမျိုးကို ကြားရတဲ့အခါမှာ ကိုယ့်စိတ်က ဘာကြောင့် လွတ်လပ်ပေါ့ပါး နေရတာလဲဆိုတဲ့ မေးခွန်းမျိုးကို ဘယ်တုန်းကမှ ကိုယ့်ကိုယ် ကို မမေးဖူးဘူး။ သီချင်းတစ်ပုဒ်ရဲ့ အဓိပ္ပါယ်ကို ပိုပြီးတော့ လေးနက်နိုင်စေ စွမ်းတဲ့သူ၊ ညနေခင်း တစ်ခုရဲ့ သာယာမှုကို ပိုပြီးတော့ ကြည်လင်စေနိုင်စွမ်းတဲ့သူ၊ အဲ့လိုလူ တစ်ယောက်ဟာ ကိုယ့်စိတ်ထဲကို ဘယ်အချိန် ဘယ်လိုရှု့ထောင့်မျိုးကနေ ၀င်ရောက်လာခဲ့ မိပါလိမ့် ဆိုတာကို ကိုယ်တိုင် တောင်မှ သတိမထားမိခဲ့ဘူး။


အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းလား၊ ရယူခြင်းလား၊ ဖွင့်ဆိုမှုတွေ အမျိုးမျိုးကြားက သူဟာ အမှတ်သဥာ တစ်ခု အနေနဲ့ ကိုယ့်ဆီကို ရောက်ရှိလာခဲ့တာတော့ သေချာဖူးတယ်။ မတော်တဆ တွေ့ဆုံမှုပြီးတဲ့နောက် ရက်ပိုင်းများစွာ ကိုယ် ပျော်ရွှင်နေမိတာ . . ဒါဟာ ရူးသွပ်တစ်ခုမျှသာ ဖြစ်ပြီး သာယာမှုမဟုတ်ပါစေနဲ့လို့ အခါခါ ဆုတောင်းမိခဲ့ပါသေးတယ်။ ကိုယ့်ရဲ့ ၀ါသနာဟာ သူ့ကို ပျော်ရွှင်စေမယ့် အရာမျိုး ဖြစ်စေချင်တယ်။ အနည်းဆုံးတော့ ကိုယ့်ရဲ့ ကဗျာဆိုတာကို နည်းနည်းလောက် ဖတ်ကြည့်စေချင်မိတယ်။ ဒါပေမယ့် . . ။


ဘ၀မှာ သူရဲ့ အထင်သေးခြင်းကို ရူးမတတ်ကြောက်ရွံခဲ့တဲ့ ကိုယ်က သူ့ ရှေ့မှာ အကြိမ်ကြိမ် လူကြီးဖြစ် ချင်ခဲ့တယ်။ ကိုယ့်ကို လူကြီးတစ်ယောက်လို အရေးတယူရှိစေချင်ခဲ့တယ်။ ကိုယ့် ဆုံးဖြတ်ချက်တွေဟာ သူ့အနေနဲ့ ဟာသ မဖြစ်စေချင်ခဲ့ဘူး။ တွေဝေမှုကို မနှစ်သက်တဲ့ လူတစ်ယောက်အတွက် ကိုယ်ဟာ ပြတ်သားမှုတွေနဲ့ ယဉ်ပါးလာခဲ့တယ်။ ပေါ့ပါးသွက်လက်နေတဲ့ သူတစ်ယောက်အတွက် ကိုယ်ဟာ လေအဖြစ်ကို ပျော်မွေ့ခဲ့တယ်။


တကယ်တော့ ကိုယ်ဟာ သူ့စိတ်နဲ့ ကိုယ့်ကိုယ်ကို ပြတ်ရှနေအောင် သွေးခဲ့တဲ့ ဓါးတစ်လက်။

(ဂ) အီဗာ ဂေ့ဘာက ပြောတယ်။

“အချစ်ဟာ စစ်ပွဲတစ်မျိုး.. ဒါပေမယ့် နှစ်ဘက်စလုံးနိုင်တဲ့ တိုက်ပွဲ” တဲ့။

ဘေးနားက တိုက်ပြိုင်မရှိတဲ့ ကိုယ်တို့အခန်းလေးဟာ လေကောင်းလေသန့်ကို ရစေတယ်။ ကိုယ်အချိန် ရတဲ့အခါ စာရေးစာဖတ်လုပ်တဲ့ စာကြည့်ခုံနားက ပြတင်းတံခါးပေါက်ကို ဖွင့်လိုက်ရင် အဟန့်အတား မရှိဘဲ ကျယ်ဝန်းလွတ်လပ်တဲ့ ကောင်းကင်ပြင်ကြီးရှိတယ်။ အဲ့ဒီကောင်းကင်ထဲက တစ်လက်လက် ကြယ်ပွင့်လေးတွေထဲက ကိုယ် ပြတင်းပေါက်နဲ့ တန်းနေတဲ့ ကြယ်ကလေးကို သူ့နာမည်ပေးထားတယ်။


ကိုယ်သူ့ကို စကားတွေ အများကြီး ပြောဖြစ်တယ်။ သူနားလည်မယ်ထင်နိုင်တဲ့ စကားလုံးမျိုးရော၊ သူ မရင်းနှီးတဲ့ စကားလုံးမျိုးတွေရော . . ။ ကိုယ့်ရဲ့ ထွက်ပေါက်ဟာ အဲ့ဒီ ကြယ်ကလေး ဖြစ်မှန်းမသိ ဖြစ်လာ တယ်။ ဒီနေ့ညတော့ အုံ့အုံ့မှိုင်းမှိုင်းဖြစ်နေတဲ့ မိုးသား တိမ်လိပ်တွေကြောင့် ကိုယ် သူ့နာမည်နဲ့ ခပ်မိုက်မိုက် ကြယ်လေးကို မမြင်နိုင်ဘူး။ ပြတင်းပေါက်ကနေ အရှိန်ပြင်းပြင်းနဲ့ ကျွံကျလာတဲ့ မိုးစက် မိုးပေါက်တွေကို ဟန့်တားနိုင်ဖို့ ကြယ်ကလေးဆီ မြင်နိုင်တဲ့ ပြတင်းတံခါးကို ပိတ်လိုက်တယ်။ ပြီးတော့ ကိုယ် တစ်ခုခုကို သဘောပေါက်သွားတယ်။


ကိုယ် . . . တစ်ယောက်တည်း တိုက်မိတဲ့စစ်ပွဲမှာ ကိုယ်တစ်ဘက်သက် ကျရှုံးနေဆဲပဲဆိုတာ။ စစ်မျက်နှာ ကို ဖွင့်တဲ့သူတစ်ဘက်က ကိုယ်ဖြစ်နေမယ် ဆိုရင်တောင်မှ တစ်ဘက်က ဘယ်လိုမှ တုံ့ပြန်မှု မပေးတဲ့စစ်၊ တနည်းအားဖြင့်တော့ တစ်ဘက်တည်း တိုက်နေရပြီး တစ်ယောက်တည်း ကြိတ်ရှုံးနိမ့်နေရတဲ့ တိုက်ပွဲမျိုး၊ ဒါပေမယ့် . . ကိုယ့်ရဲ့ ယုံကြည်ချက်က တိတ်တခိုးအဖြစ်မှာ အလံဖြူတဖျတ်ဖျတ်နဲ့ ငြိမ်သက်သွားဖို့ ဘယ်တော့မှ မဟုတ်ဘူး။ 

နှင်းနုလွင်
၁၆၊ ၀၇၊ ၂၀၁၄


အထီးကျန်တဲ့အခါ သင့်ဘေးမှာဘယ်သူရှိမလဲ…




လူကြီးသူမသက်ကြီးရွယ်အိုတွေ အသက်အတော်လေးအိုမင်းသွားပြီဆိုရင်လေ အရပ် သုံးစကားတွေအရတော့ ငယ်မူပြန်သွားတယ်လို့ ခေါ်မလား ကလေးငယ်လေးတွေပြုမူ နေထိုင်သလိုနေထိုင်တတ်ကြတယ်လို့ ဆိုရမလားပါပဲ။ ဒါကို အသက်ကြီးရောဂါ၊ သူငယ်ပြန်ရောဂါလို့လည်း အလွယ်ခေါ်တတ်ကြပါတယ်။ သူတို့အတွက် အနားမှာ အဖော်နေပေးမယ့် သူတိုင်းကို မှီတွယ်ချင်ကြတယ်လေ။

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းမှာ အသေအကြေတိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ကြီး ကင်မ်ဒန် ဟာလေ အခုဆိုရင် အသက် အနှစ်ကိုးဆယ်အရွယ်ကိုတောင်ရောက်လို့နေခဲ့ပါပြီတဲ့။ အသက်ကြီး အထီးကျန်ရောဂါကလွဲလို့ ကျန်းကျန်းမာမာနေထိုင်လျှက်နဲ့လေ။ သူ့ရဲ့ ဒီလိုကျန်းမာသန်စွမ်းဖျက်လတ်နေရတဲ့ လျို့ဝှက်ချက်ကလည်း သူ့ရဲ့ ပေါင်းသင်း ဆက်ဆံရေးကောင်းလို့ပဲဖြစ်ပါတယ်လို့ ဖွင့်ဟလာပါတယ်။

သူ့ပြောတဲ့ သူ့ရဲ့ အကောင်းဆုံး အဖော်မွန်ကတော့ အသက် သုံးနှစ်အရွယ်ရှိ ကလေးငယ်လေး အန်းမက်ရခ်ျနာ ပဲဖြစ်ပါတယ်။ သူရဲ့ ဒီလိုရောဂါမျိုးကိုခံစားရတဲ့ ဆယ်နှစ်ကျော်ကြာကာလအတွင်းမှာတော့ ဒီကလေးငယ် အန်းမက်ကလေးက သူ့ အတွက် အလင်းတံခါးဖြစ်စေခဲ့ပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်ကျော်အချိန်က အိမ်ချင်း ကပ်ရပ်အိမ်ကို ပြောင်းလာခဲ့တဲ့ အချိန်ကစလို့ပေါ့။ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ခံစားမှု တွေ အားလုံးကို ကုသပေးခဲ့တယ်လို့ ဆိုတယ်။ နေ့တစ်နေ့တာရဲ့ အားလပ် ချိန်အားလုံး မှာ သူတို့နှစ်ယောက်အတူအမြဲရှိနေခဲ့ကြတယ်။
အေးစက်လွန်းတဲ့ ဆောင်းရာသီနံနက်ခင်းတွေဆို သူတို့အတူရှိနေကာ ခြေခင်းလက် ခင်းအတူ ဆော့ကစားကြတယ်။ မြက်ခင်းပြင်ပေါ်မှာ ကားမောင်းတမ်း၊ တူတူပုန်းတမ်း၊ ပြေးလိုက်တမ်းတို့ကို အတူကစားဖူးကြတယ်။ သက်တူရွယ်တူအမှီအခိုတစ်ခုလိုပါပဲ။

ကင်မ်ဒန်က ကလေးငယ် အန်းမက်ကို ဆော့ကစားတဲ့ နည်းလမ်းတွေသင်ပေးပါတယ်။ အန်းမက်ရဲ့ ရှေ့ဆောင်လမ်းပြရဲဘော်ကြီးလည်းသူလုပ်ပါတယ်။ ဆရာတစ်ဆူလည်း လုပ်ပါတယ်။ သူငယ်ချင်း အဖော်တစ်ယောက်လည်း သူကလုပ်ပါတယ်။ သူတို့နှစ်ဦး စလုံးရဲ့ဘာကိုမှ ဂရုမစိုက်ပဲ ဒီလိုမျိုးလွတ်လွတ်လပ်လပ်ဆော့ကစားတဲ့ အချိန်တွေမှာ ဆိုရင် ကင်မ်ဒန်ရဲ့ ရောဂါအခြေအနေက အားလုံးအကောင်းအတိုင်းပါပဲ။ ကင်မ်ဒန်လေး ကသူ့အတွက်တော့ တကယ့်ကိုအဖော်မွန်ကောင်းလေးတစ်ယောက်ပါပဲ။ ကင်မ်ဒန် လေးကို အတော်လေးမှီတွယ် သံယောဇဉ်ကြီးနေပြီပေါ့။

ခရစ်နှစ်တစ်ခုကို ဖြတ်သန်းပြီးတဲ့အချိန်မှာတော့ အန်းမက်အတွက် အပြောင်းအလဲ ကြမ္မာတစ်ခုရိုက်ခတ်လာတယ်လို့ဆိုရမလားပဲ။ ဘေးအိမ်က အဖော်မွန် ကင်မ်ဒန် တို့မိသားစု အခြားတစ်နေရာကို အိမ်ပြောင်းသွားပါတော့တယ်။ သူ့အတွက် အတော်လေး အထီးကျန်သွားပါပြီ။ ကင်မ်ဒန်လေးမရှိတော့ရင် သူ့ရဲ့ နေ့ရက်တိုင်း အချိန်တိုင်းကို ဘယ်သူနဲ့ အတူဖြတ်သန်းကုန်ဆုံးရပါတော့မလဲ။

အတူနေတာကြာရင် သံယောဇဉ်တွယ် သွားကြတယ်ဆိုတာ တကယ့်ကိုမှန်ပါတယ်။ ဒါကြောင့်မို့လို့ စာဖတ်သူပရိသတ်ကြီးလည်း မိမိတို့ရဲ့သက်ကြီးရွယ်အို မိခင်ဖခင်တွေ ဒီလိုမျိုးအဖော်မွန်တွေလိုအပ်လာတဲ့အချိန်ရောက်ရင် အထီးမကျန်ကြရအောင်လို့ အနားမှာနေပေးပြီး ပြုစုယူယစောင့်ရှောက်ပေးကာ ကျန်ရှိနေတဲ့ ဘ၀အချိန်တွေမှာ အကောင်းဆုံးနေ့ရက်တွေအဖြစ် ဖန်တီးပေးပြီး အကောင်းဆုံးဖြတ်သန်းပေးကြလို့ တိုက်တွန်းရင်း………………………..။

(www.phothutaw.com)
 

မလေးရှားရောက် မြန်မာအမျိုးသားတစ်ဦး လိင်အင်္ဂါ အဖြတ်ခံရ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/07/blog-post_914.html


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား တစ်ဦး၏ လိင်အင်္ဂါ ကို ဇနီးဖြစ်သူက ဖြတ်ပစ်လိုက်သည့် မှုခင်းတစ်ခု ဇူလိုင် ၁၅ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာလင်မယားစုံတွဲသည် မလေးရှားနိုင်ငံတွင် UNHCR(ဒုက္ခ သည်ကဒ်ပြား) ကိုင်ဆောင်ထားကြသူများဖြစ်ပြီး အမျိုးသမီးမှာ အသက် ၄၀ နှစ်ခန့်ရှိကြောင်းနှင့် လင်ဖြစ်သူ ရှောင်ဖယ် ရှောင်ဖယ်လုပ်နေသည်ကို မကျေနပ်သည့်အတွက် ယခုကဲ့သို့ ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်ဟန်ရှိကြောင်း မလေးရှားရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

#YangonMediaGroup ™

အိမ်ထောင်ဖက် ရွေးချယ်တော့မယ်ဆိုရင်....


သင် ချောမောလှပတဲ့မိန်းကလေးကို ရွေးချယ်ရင် သူ့ရဲ့အလှပြင်ပစ္စည်းဖိုးကို မညဉ်းငြူမိပါစေနဲ့

ဝင်ငွေကောင်းပြီး ပိုက်ဆံရှာနိုင်တဲ့မိန်းမကို သင်ရွေးချယ်ရင် သူ့အလုပ်က Stress တွေအတွက် သူရင်ဖွင့်တာကို သင်လက်ခံနိုင်ရမယ်

အိမ်ထောင်ရှင်မပီသတဲ့မိန်းမကို သင်ရွေးချယ်ရင် သူ ပိုက်ဆံအများကြီး မရှာနိုင်တာကို အပြစ်မပြောပါနဲ့

စဉ်းစားဥာဏ်ရှိပြီး ထက်တဲ့မိန်းမကို သင်ရွေးချယ်ရင် သူ့ရဲ့အကြံပေးမှုတွေ ကြိုမြင်တတ်တာတွေပြောရင် သူဆရာလုပ်တယ်လို့ မမြင်ပါနဲ့

သင့်စကားကိုပဲ နားထောင် သင်ပြောတဲ့အတိုင်းလိုက်လုပ်တဲ့ မိန်းမကို သင်ရွေးချယ်ရင် သူ့ကိုယ်သူ အမြဲနိမ့်ကျပြီး အားငယ်တတ်တဲ့စိတ်ကို အပြစ်မပြောပါနဲ့

သတ္တိကောင်းတဲ့မိန်းမကို သင်ရွေးချယ်ရင် သူခေါင်းမာတာကိုလဲ သင်လက်ခံရမယ်

သင့်ထက်အရမ်းတော်တဲ့မိန်းမကို သင်ရွေးချယ်ရင် တခါတလေ သူ့ရဲ့အထင်သေးမှုနဲ့ အကြောင်းပြချက်များစွာကို သင်လက်ခံနိုင်ရမယ်

ကမ္ဘာပေါ်ရှိ မိန်းမသားတိုင်းသည် အစစအရာရာ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူး အပြစ်ပြောစရာမရှိအောင် ပြည့်စုံတဲ့သူဆိုတာ အိပ်မက်ထဲမှာပဲရှိတယ်

ပြည့်စုံစေချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ချစ်သူကို အချစ်စိတ်လေးနဲ့ ကြည့်ပြီး ဖြည့်တွေးပေးဖို့ပဲလိုတယ်

Crediit : နှင်းဆီဖြူ