5 Jun 2014

တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း နယ်စပ်ရေးရာ ဒုဝန်ကြီးဆို


တပ်မတော်သည် နိုင်ငံတော်တည်ငြိမ်ရန် နှင့် တိုးတက်ရန်အတွက် အစိုးရအား အတတ်နိုင်ဆုံး လုံခြုံရေးကို ဆောင်ရွက် ပေးနေခြင်းသာ ဖြစ်ပြီး နိုင်ငံရေးတွင် ပါဝင်ပတ်သက်မူ မရှိကြောင်း နယ်စပ်ရေးရာ ဝန်ကြီး ဌာနမှ ဒုတိယ ဝန်ကြီးဗိုလ်ချုပ် မောင်မောင်အုန်းက ပြောသည်။

ယခုပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး စတုတ္တမြောက်နေ့ အစည်း အဝေး အပြီးတွင် မီဒီယာများအား ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

''လုံခြုံရေးကို ထိခိုက်ရင်တော့ တပ်မတော်က လက်မခံဘူး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း သမာသမတ်ကျ ကျနဲ့ တပ်မတော်ကြီးကို တိုးတက်အောင်လုပ်မယ်၊ ပြီးရင် နိုင်ငံတကာက အလေးအနက်ထား ရတဲ့ တပ်မတော်ဖြစ်အောင် သွားမယ် '' ဟု ၎င်းက ပြောသည်။

အဆိုပါပြောကြားချက်နှင့် ပတ်သက်၍ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက အစိုးရအဖွဲ့တွင် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်ထားသော ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ် များပါဝင်နေခြင်းကို ကြည့်မည်ဆိုပါက တပ်မတော်က ပြည်တွင်းနိုင်ငံရေးတွင် ပါဝင်မှုမရှိဆိုသည်မှာ မှန်ကန်မှု မရှိသည်ကိုတွေ့ရမည်ဟု မှတ်ချက်ပြုသည်။

''လုံခြုံရေးတာဝန်ယူတာ သဘောတူပါတယ်။ ဒါပေမဲ့ အရပ်သား အစိုးရအောက်မှာ လုံခြုံရေး တာဝန်ယူတာမျိုးကိုပဲ သဘောကျပါတယ်'' ဟု ကိုဂျင်မီက ပြောသည်။ တပ်မတော်သည် နိုင်ငံတော်တည်တံ့ရေးအတွက် အစိုးရအား အထောက်အကူပြုသည့်အဖွဲ့တစ်ဖွဲ့ အနေနှင့်သွားနေခြင်း သာဖြစ်ကြောင်း ဗိုလ်ချုပ်မောင် မောင်အုန်းက ထပ်လောင်းပြောကြားခဲ့သည်။

စိုင်းလမင်း
Popular Myanmar News Journal

မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင် တိုးစေမည့် နည်းများ

မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။

ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။

(၁) ရေများများသောက်ပေးပါ

ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိ ရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့် ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက် ပေးရပါမယ်။

(၂) ကဖင်းဓာတ်ကို သတိထားပါ

တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင် တိုးစေပြီး စိတ်ရွှင်လန်း စေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများ မှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင် ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာ တို့ကို ဖြစ်စေ နိုင်ပါတယ်။

(၃) နံနက်စာကို ပုံမှန်စားပါ

နံနက်စာကို မှန်မှန်စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ဦးနှောက်ဟာ လောင်စာအဖြစ် ဂလူးကို့စ် ပေါ်မှာ မူတည် နေတဲ့ အတွက် ကာဗိုဟိုက်ဒရိတ် များများပါတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ အစာမစားဘဲ နေရင် သွေးတွင်း သကြားဓာတ်ကို လျော့ကျ စေတာကြောင့် နုံးချည့် နွမ်းနယ်မှု ဖြစ်လွယ် ပါတယ်။

(၄) အာဟာရပြည့်ဝအောင်စားပါ

ကောက်နှံ တစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို)၊ အဆီနည်းနို့နဲ့ နို့ထွက် ပစ္စည်း၊ အဆီနည်းအသား၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တို့ကို များများစားရင် အာဟာရ ပြည့်ဝ စေပါတယ်။ အဆီ၊ သကြားနဲ့ ဆားများတဲ့ အစာတွေကို လျှော့စားပါ။ အမျိုးသမီးတွေ အနေနဲ့ သံဓာတ် ချို့တဲ့မှုဖြစ်ရင် နုံးချည့် ညောင်းညာ တတ်တာကြောင့် အဆီနည်း အသားလို သံဓာတ် ပါဝင်မှုများတဲ့ အစာ စားပေး သင့်ပါတယ်။

(၅) ရက်တို အစာလျှော့နည်းများ မကျင့်သုံးပါနှင့်

ကိုယ်အလေးချိန် ကျဖို့အတွက် ရက်တိုတို အတွင်း အလေးချိန် ကျစေမယ့် အစာ၊ အဆီကျဆေး စတာတွေသုံးပြီး ကိုယ်အလေးချိန် မလျှော့ချပါနဲ့။ ဒီလို အစာ လျှော့တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို မရရှိဘဲ နုံးချည့် ညောင်းညာ နိုင်ပါတယ်။

(၆) အိပ်ရေးဝဝအိပ်ပါ

တစ်ညကို ရှစ်နာရီလောက် အိပ်ချိန် ပေးသင့် ပါတယ်။ အိပ်စက် ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုပါတယ်။ အိပ်ရာထဲ ရောက်တဲ့အခါ ပူပင်စရာ အတွေးတွေကို မေ့ပစ်ပြီး ဝင်လေထွက်လေ မှတ်တာ၊ ဘုရားစာ ရွတ်တာတို့နဲ့ အပန်းဖြေကာ အိပ်စက် အနားယူပါ။

(၇) အိပ်ဆေးမသောက်ပါနှင့်

အိပ်ဆေးတွေက အိပ်မပျော်တဲ့ ဝေဒနာအတွက် ရေရှည်ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဒီဆေးတွေက အိပ်မပျော်တဲ့ အကြောင်းရင်းကို ကုသတာ မဟုတ်တဲ့ အတွက် ဘာကြောင့် အိပ်မပျော် ရတာလဲ ဆိုတာ အဖြေရှာပါ။ အိပ်မပျော်ဘဲ နုံးချည့် ညောင်းညာ နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။

မြ၀တီ


Calcium (ကယ်လ်စီယမ်)


ကယ်လ်စီယမ်ဓာတ်များရင် ကျောက်ကပ်ထိတယ်ဆိုတာ ဟုတ်ပါသလား။ လွန်ခဲ့တဲ့ သုံးလေးလလောက်က allergic ဖြစ်လို့ ဆေးခန်းသွားပြတော့ သမီးကို စီထရင်းလိုဆေးမျိုးနဲ့ Calcium J သောက်ခိုင်းပါတယ်။ ဆေးဆိုင်က Calcium 500 နဲ့အတူတူပဲဆိုပြီး ရောင်းတယ်။ ဒါပေမဲ့ ဆရာဝန်ညွှန်တဲ့ Calcium J ကိုပဲ ဝယ်သောက်တယ်။ တော်ကြာ Calcium က လိုအပ်တာထက် များသွားမှာ စိုးလို့ပါ။

Hypercalcemia သွေးထဲမှာ (ကယ်လ်စီယမ်) များနေခြင်း အကြောင်းတရား ၇ ပါးရှိတယ်။
၁။ Hyperparathyroidism (ပါရာသိုင်းရွိုက်) ဟော်မုန်းများနေခြင်း၊
၂။ ကင်ဆာ ဝ့ဝ၁% ရှိတယ်။
• Multiple Myeloma (မာလ်တီပယ်-မိုင်လိုးမား)၊
• Squamous cell cancer of the lung အဆုပ်ကင်ဆာတမျိုး၊
• Breast Cancer (very advanced) ရင်သားကင်ဆာ နောက်ပိုင်း၊
• Kidney Cancer (very advanced) ကျောက်ကပ်ကင်ဆာ နောက်ပိုင်း၊
• Squamous Cell Cancer of the Head and Neck (very advanced) ဦးခေါင်း၊ လည်ပင်း ကင်ဆာ နောက်ပိုင်း။
၃။ Sarcoidosis (ဆာကွိုက်ဒိုးဆစ်) ရောဂါ
၎။ Vitamin D ဗီတာမင် (ဒီ) ဆေေးသောက်တာ များသွားခြင်း၊
၅။ Hydrochlorothyazide ဆီးအတင်းသွားစေတဲ့ဆေး၊
၆။ Milk-Alkali Syndrome ရောဂါ၊
၇။ Paget's disease of the Bone အရိုးရောဂါ၊

ဒါကြောင့် ဆေးသောက်လို့ ရောဂါရတဲ့အထိမဖြစ်ကြပါ။ ကျောက်ကပ်မှာ ရောဂါရှိမှသာ များနေမယ်။

Hypocalcemia (ကယ်လ်စီယမ်) နည်းနေခြင်း
သွေးစစ်တဲ့အဖြေမှာ 2.1 mmol/L or 9 mg/dl or an ionized calcium 1.1 mmol/L or 4.5 mg/dL ထက်နည်းတာကို ခေါ်တယ်။

ဘာတွေခံစားရမလဲ -
CATS go numb ဆိုပြီး အမှတ်ရလွယ်အောင် လုပ်ထားတာရှိတယ်။ Convulsions, Arrhythmias, Tetany and numbness တက်မယ်၊ နှလုံးခုန်တာ မမှန်ဖြစ်မယ်။ လက်၊ ခြေ နဲ့ ပါးစပ်နားတဝှိုက် ထုံနေမယ်။ ဒါ့ပြင် Petechiae သွေးခြည်ဥလေးတွေထွက်မယ်။ Tetany ကြွက်တက်တာမှာ ၂ မျိုးရှိတယ်။ ချက်ချင်းကြီး အရမ်းနာပြီးတက်တာနဲ့ စမ်းကြည့်မှ တက်တာ။ ဆရာဝန်တွေက Trousseau sign, Chvostek's sign ဆိုတဲ့နည်းတွေနဲ့လဲစမ်းကြည့်မယ်။ Laryngospasm နဲ့ Cardiac arrhythmias တွေကတော့ အသက်ကိုရန်ရှာနိုင်တဲ့ နောက်ဆက်တွဲဖြစ်မှာတွေဘဲ။ ECG ရိုက်ရင် မူမမှန်တာတွေတွေ့မယ်။

နည်းနေသူတွေမှာ ဒီလို အန္တရာယ်ရှိလာမှာကို သတိထားရမယ်။
• Excessive bleeding သွေးယိုမယ်၊
• Fainting or feeling lightheaded မူးမေ့ချင်မယ်၊
• Hematoma အထဲသွေးယိုလို့ဖေါင်းနေတာဖြစ်မယ်၊
• Infection ရောဂါပိုးဝင်လွယ်မယ်၊
• Multiple punctures to locate veins သွေးခြည်ဥပေါ်မယ်။

ဘယ်လိုပြုပြင်မလဲ
အရေးပေါ်ဖြစ်ရင် Calcium gluconate 10% ၂ လုံးကို တခါတည်း ဖြေဖြေး ၁ဝ မိနစ်ကြာ သွေးပြန်ကြောထဲ ထိုးပေးရတယ်။ ဒါပေမဲ့ နည်းနေတာက နာတာရှည်ဖြစ်ပြီး ဆိုးဝါးနေသူကို အဲလို မပေးရဘူး။

(ကယ်လ်စီယမ်) ဘယ်လောက်လိုသလဲ -
အသက်။ ကျား-မ အလိုက်လိုအပ်တယ်။
ယောက်ျား (လူကြီး) တနေ့
19-50 years 1,000 - 2,500 mg
51-70 years 1,000 - 2,000 mg
71 and older 1,200 - 2,000 mg
မိန်းမ (လူကြီး) တနေ့
19-50 years 1,000 - 2,500 mg
51 and older 1,200 - 2,000 mg

(ကယ်လ်စီယမ်) စုပ်ယူဘို့ ဗီတာမင် (ဒီ) လိုအပ်တယ်။ ဒါကြောင့် တွဲပေးလေ့ရှိတယ်။ လူကြီးတိုင်း တနေ့မှာ Vitamin D 600 IU (15 micrograms) လိုအပ်တယ်။

(ကယ်လ်စီယမ်) နဲ့ အစားအသောက်
• နွားနို့၊ ဒိန်၊ ဒိန်ခဲ၊
• အစိမ်းရောင်ရှိ အရွက်ဖါးဖါး အသီးအရွက်များ၊
• အရိုးပါစားလို့ရတဲ့ငါးများ၊
• (ကယ်လ်စီယမ်) ဖြည့်စွက်ပေးထားတဲ့အစားအသောက်များ။

သက်သတ်လွတ်စားသူ၊ lactose intolerance ရောဂါရှိသူ၊ (ပရိုတင်း) အစာများလွန်သူ၊ ဆာစားများလွန်းသူ၊ Osteoporosis အရိုးမကောင်းသူ၊ Corticosteroids ဆေးကြာကြာသုံးနေရသူတွေမှာ အစားအသောက်ဂရုစိုက်ယုံနဲ့ မလုံလောက်ပါ။

ဘယ်လိုဆေးသောက်မလဲ
• Calcium carbonate (40 % elemental calcium)
• Calcium citrate (21 % elemental calcium)
• Calcium gluconate (9 % elemental calcium)
• Calcium lactate (13 % elemental calcium)

Calcium carbonate, Calcium citrate, Calcium gluconate နဲ့ Calcium lactate ဆိုပြီး ၄ မျိုးရှိတယ်။ Calcium carbonate က ဈေးချိုတယ်။ တခြား ဗီတာမင်တွေနဲ့ ရောထားတာတွေလဲရှိသေးတယ်။ များသွားလို့ မကောင်းတာလဲ သတိထားပါ။

အမျိုးသမီး နဲ့ ကယ်လ်စီယမ်
• အမျိုးသမီးတိုင်း တနေ့မှာ 1000 mg လိုတယ်။
• အသက် ၅ဝ ကျော်ရင် နည်းနည်းပိုလိုတယ်။ 1200 to 1,500 mg per day
• နို့တိုက်မိခင်တွေ 1,000 mg to 1,300 mg per day
• သတိထားဘို့က စားသောက်တာထဲမှာ ပါတာကိုလဲ ထည့်တွက်ရမယ်။

ဒေါက်တာတင့်ဆွေ

Blood sugar levels ဆီးချိုစစ်ခြင်း


ဆရာ မင်္ဂလာပါ။ ဆီးချိုရောဂါဟာ ဂလူကိုမီတာ အနည်းဆုံး ဘယ်လောက်သတ်မှတ်ချက်ရှိပါသလဲ ဆရာ။ မော်လမြိုင် ကပါ ဆရာ။

ေ သွေးထဲရှိသကြား (ဂလူးကို့စ်) ဓါတ်စစ်ဆေးခြင်း အဖြေများ
(၁) ပုံမှန်
ဘာမှမစားပဲစစ်ခြင်း Fasting Value = ၇ဝ မှ ၁ဝဝ။
အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = ၁၄ဝ ထက်နည်းရမည်။

(၂) ဆီးချိုအစအပိုင်း
ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁ဝ၁ mg / dl မှ ၁၂၆ mg / dl
အစာစားပြီးစစ်ခြင်း Post Prandial = ၁၄ဝ mg / dl မှ ၂ဝဝ mg / dl

(၃) ဆီးချိုဖြစ်နေပြီ
ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁၂၆ mg / dl အထက်။
အစာစားပြီးစစ်ခြင်း Post Prandial = ၂ဝဝ mg / dl အထက်။

(၁) ပုံမှန်
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4.0 မှ 5.9 mmol/L အထိ။
အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = 7.8 mmol/L ထက်နည်းရမည်။

(၂) ဆီးချိုအမျိုးအစား (၂)
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 မှ 7 mmol/L အထိ။
အစာစားပြီးစစ်ခြင်း Post Prandial = 8.5 mmol/L ထက်နည်းရမည်။

(၃) ဆီးချို အမျိုးအစား (၁)
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 7 mmol/L
အစာစားပြီးစစ်ခြင်း Post Prandial = 9 mmol/L ထက်နည်းရမည်။

(၄) ကလေး ဆီးချို အမျိုးအစား (၁)
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 8 mmol/L
အစာစားပြီးစစ်ခြင်း Post Prandial = 10 mmol/L ထက်နည်းရမည်။

ေ  ဒေါက်တာတင့်ဆွေ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ


ဆရာ့လိပ်စာကို Medical Writings ဆေးပညာစုများကနေ ရတာပါ။ ကျွန်မ ရန်ကုန်ကပါ။ နာမည်က့ လို့ခေါ်ပါတယ်။ အသက် 23 ပါ။ ကျွန်မဖြစ်နေတာက လိပ်ခေါင်းရောဂါပါ။ စအိုအပြင်မှာ အသားစနှစ်ခုထွက်နေတာ ခုဆိုရင် ၄ နှစ်လောက် ရှိနေပြီဆရာ။ သူ အပြင်မှာထွက်နေပေမဲ့ ဘာမှသိပ်ထူးထူး ခြားခြားဝေဒနာ မခံစားရပါဘူး။ (ကန်တော့) အိမ်သာ တက်ရင် သွေးလည်းမပါပါဘူးဆရာ။ စဖြစ်တုန်းကတော့ အရမ်းနာတယ်ဆရာ။ ပြီးတော့ အဖွားက အုတ်နီခဲကို မီးဖုတ်ပြီး အပူနဲ့ ၅ ရက်လောက် တစ်နေ့မှာ ၁ နာရီလောက် ထိုင်ရ ပါတယ်။ အဲဒီနောက်ပိုင်း ဘာဆို ဘာမှ ဝေဒနာမခံစားရတေ့တာမို့ ကျွန်မလည်း မေ့မေ့ပျောက်ပျောက်နေခဲ့မိတယ်။ ဒီနေ့ ကျန်းမာရေးစာစုတစ်ခုမှာ ဖတ်လိုက်ရတာက ဒီအတိုင်းထားရင် သေနိုင်တယ်လို့ ရေးထားတော့ ဟုတ်မဟုတ် ဝေခွဲမရဖြစ်သွားတယ်ဆရာ။ ပြီးတော့ ကျွန်မကိုယ်တိုင်က အဲဒါကြီးကို ဆက်မရှိစေချင်တော့ပါဘူး။ ဘယ်လိုဆက် လုပ်သင့်လဲ၊ ဘယ်လိုနေထိုင်သင့်ဆိုတာ ဆရာဆီက အကြံပြုချက်လေး လိုချင်ပါတယ် ဆရာ။

လိပ်ခေါင်းရောဂါကနေ ဖြစ်လာနိုင်တာတွေက -
၁။ ဝမ်းချုပ်ရင် ညှစ်ရရင် သွေးထွက်တာ ဖြစ်နိုင်တယ်။ ဝမ်းမချုပ်စေတဲ့ အစားအစာစားပါ။ ရေများများသောက်ပါ။
၂။ အဆင်မသင့်ရင် လိပ်ခေါင်းမှာသွေးပြန်ကြောပိတ်လို့ ရုတ်တရက် အတင်းနာပြီး၊ မထိုင်နိုင် ဖြစ်လာတတ်တယ်။ ချက်ချင်းသွေးကြောပိတ်နေတာကိုခွဲပြစ်ရမယ်။ စိုးရိမ်စရာမလိုပါ။ ပြင်ပလူနာအဖြစ်တောင်မှ ခွဲပေးလို့ ရတတ်တယ်။
၎။ ထွက်နေတဲ့ လိပ်ခေါင်းက ပြန်မဝင်တာ ဖြစ်တတ်တယ်။ ကိုယ့်လက်နဲ့ကိုယ် ပြန်သွင်းရင် ရမှာဖြစ်ပေမဲ့ အမှုမဲ့အမှတ်မဲ့ နေသူတွေမှာထွက်နေတဲ့ လိပ်ခေါင်းကရောင်လာလို့ ပြန်သွင်းမရ ဖြစ်နိုင်တယ်။ ဖြစ်ရင် လိပ်ခေါင်းကို (ဆားခါး) မှုံ့ကိုအဆီ (ပါရာဖင်ဆီ) တခုခုဆွတ်ထားတဲ့ ပတ္ထီး၊ အဝတ်စမှာတင်ပြီးလိပ်ခေါင်းပေါ် ကပ်ထားပေးရင် အရောင်ကျပြီး၊ ပြန်သွင်းလို့ ရလာမယ်။
၅။ ဝမ်းသွားတဲ့အခါ နာတာ။ ဒါတွေဘဲ ဖြစ်မှာပါ။

လိပ်ခေါင်းကနေသွေးထွက်ရင် သွေးတိတ်ဆေးတွေက သိပ်မထိရောက်ပါ။ သွေးထွက်တာ ကြာကြာဖြစ်လို့ သွေးအား နည်းနေမယ်။ အသားအရေ ဖြူရော်ရော် ဖြစ်နေတာနဲ့ အကြမ်းဖျဉ်းသိနိုင်တယ်။ သွေးအားကောင်းဆေး Ferrous Sulfate စတာမျိုးသောက်ပါ။ သံဓါတ်ကဝမ်းချုပ်တတ်ပြန်တယ်။ ဟင်းနုနွယ်ရွက်၊ ကန်ဇွန်းရွက်၊ ဒယ်အိုး-ဟင်းအိုးမှာချက်-ပြုတ်-ကျော်တဲ့အခါ အမဲရောင်အရည်ထွက်တဲ့ အသီးအရွက်တိုင်းသံဓါတ်တာမို့ ရွေးစားပါ။ ခါးရမ်းသီး၊ ဘောက်ရွက်။ အမဲ-ဝက်-ကြက် အသဲကလဲသွေးအားကောင်းစေတယ်။

ဝမ်းပြော့အောင်စားရမဲ့ အမျဉ်များအစာခေါ်တဲ့ အစားအစာတွေကအကြမ်းဖျင်းပြောရရင် အသီးအရွက်-အသီးအနှံတွေ အကုန်လုံးလိုလိုပါ။ သခွါးသီး၊ ပဲသီး၊ ရုံးမတီ (ရုံးပတီး)သီး၊ မုံလာ ဖြူ-နီ-စိမ်း၊ အာလူး၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ သင်္ဘောသီး၊ မာလကာသီး၊ စွန်ပလွန်သီး၊ ဘယ်ရီသီး၊ သစ်တော့သီး၊ ကီဝီသီး၊ စပျစ်သီး၊ ပန်းသီး၊ နေကြာစေ့၊ မြေပဲဆံ၊ အုံးသီးဆံ၊ ငှက်ပြောသီး၊ လိမ်မော်သီး၊

ဝမ်းချုပ်ရင် ပြင်းတဲ့ ဝမ်းနုတ်ဆေးအစားခပ်ပြော့ပြော့သောက်ပါ။ ကောင်းတာက Milk of Magnesia or Cream of Magnesia ခေါ်တဲ့ ဆေးရည်ကိုမအိပ်ခင် ဟင်းစားဇွန်း ၂ ဇွန်းသောက်ပါ။ဝမ်းသွားတဲ့အခါ နာတာဖြစ်ရင် လိပ်ခေါင်း ထည့်ဆေး တခုခုကို ဝမ်းမသွားခင် ထည့်ပေးလို့ရတယ်။ ဆေးတောင့်လဲလာတယ် (ခရင်မ်) လဲလာတယ်။ တချို့က ချောဆီသဘောဖြစ်ပြီး၊ တချို့ကထုံဆေးသဘောဖြစ်တယ်။

အစိုးရိမ် မကြီးပါနဲ့။ ခန္ဓာကိုယ် အဝမလွန်စေနဲ့။ အနေအထိုင် ဂရုစိုက်ပါ။ ကြမ်းပြင်မှာဆောင့်ကြောင့် မထိုင်ပါနဲ့။ ဗမာပြည်မှာမီးလှုံရင်း၊ မြေစိုက် မီးဖိုမှာထမင်းချက်ရင်း၊ သန်းရှာရင်းစသဖြင့် လုပ်ချိန်သုံးတဲ့ ဖင်ထိုင်ခုံလိုခုံအနိမ့်ကိုမသုံးပါနဲ့။ ချောင်းဆိုးတာ၊ နှာခြေတာလုပ်ရတိုင်း၊ စအိုနေရာကိုစိတ်ကနေထိန်းထားပါ။ အလေးအပင်မတာ၊ အထိုင်အထ လုပ်တာမှာလဲ ထိန်းပြီးမှ လုပ်ပါ။အိမ်သာကဆောင့်ကြောင့် ထိုင်ရတာမျိုးကိုမသုံးပါနဲ့။ အင်္ဂလိပ်ပုံစံဆိုတာမျိုး သုံးပါ။ ခါးကို ၉ဝ ဒီဂရီထိုင်လို့ရတာမျိုး။ ဝမ်းသွားပြီးတိုင်းစက္ကူ၊ တွိုင်းလက်ပေပါ၊ တစ်ရှူး အစား၊ ရေကိုသာသုံးပါ။

လိပ်ခေါင်းကို ဆေးနဲ့ကုတယ်ဆိုတာခံစားနေရတာတွေ သက်သာစေဘို့ ဖြစ်တယ်။
• ရေနွေးထဲမှာ ၁ဝ မိနစ်ကြာထိုင်ပါ။ ထပ်ထိုင်နိုင်လေကောင်းလေ။
• ရောင်နေရင် ရေခဲကပ်ပေးပါ။
• (ကော်တွန်) အတွင်းခံကိုသာ ခပ်ချောင်ချောင် ဝတ်ဆင်ပါ။
• ဝမ်းသွားပြီးတိုင်းစအိုကိုစိုနေတဲ့အဝတ်၊ တစ်ရှူးနဲ့ သန့်ရှင်းပါ။ ရေသုံးတာအကောင်းဆုံးပါ။
• နာနေရင် Acetaminophen or Aspirin ဆေးတမျိုးမျိုးသောက်ပါ။ အစာနဲ့ ဆေးနီးပါစေ။
• လိပ်ခေါင်းထည့်ဆေးတမျိုးမျိုးထည့်ပါ။ Hydrocortisone ဆိုတဲ့ (ကော်တီဇုံး) ပါတတ်တယ်။ သတိထားဘို့ကနာတာ၊ ရောင်တာ၊ ယားတယတွေ ယာယီသက်သာစေဘို့သာဖြစ်တယ်။ ဆေးနာမယ်တချို့ကတော့ -
- Proctosedyl ointment
- Homeopathic Hemorrhoid Relief ointment
- Anusol HC Ointment
- Avenoc Ointment
- Hemorrhoidal Ointment
- Heel/BHI - Hemorrhoid Relief Ointment 50g
- Hemmorex Ointment 1oz
- Avenoc' Ointment
- Medline Hemorrhoid Relief Ointment - 2 Oz Tube

အတွင်းလိပ်ခေါင်းကုသနည်းများ
1. Rubber Band Ligation သားရေကွင်းနည်း၊
2.Injection Sclerotherapyထိုးဆေးနည်း၊
3.Infrared Photocoagulation အနီအောက်ရောင်ခြည်နည်း၊
4.Laser Coagulation လေဆာနည်း၊
5.Hemorrhoidectomyခွဲစိတ်နည်း၊

အပြင်လိပ်ခေါင်းကုသနည်းများ
1.Infrared Photocoagulation အနီအောက်ရောင်ခြည်နည်း၊
2.Laser Coagulation လေဆာနည်း၊
3.Hemorrhoidectomyခွဲစိတ်နည်း၊

• ပြန်သွင်းမရတဲ့ လိပ်ခေါင်းအတွက် ခွဲစိတ်နည်းကအကောင်းဆုံးဖြစ်တယ်။
• အပြင်လိပ်ခေါင်မှာရုတ်တရက်သွေးပြန်ကြောပိတ်လို့ အတင်းနာရင် ခွဲစိတ်နည်းချက်ချင်းလုပ်တာကောင်းတယ်။

မိမိဖါသာဂရုစိုက်နည်း
• လိပ်ခေါင်းအတော်များများကသူ့ဖါသာသူ ၁-၂ ပါတ်အတွင်းသက်သာလာ နိုင်တယ်။
• ဖိုင်ဘာများအစားအစာတွေ စားပါ။
• ရေတနေ့ ၈ ခွက်သောက်ပါ။
• ကိုယ်လက်လှုတ်ရှားမှု ပိုလုပ်ပါ။
• ဝမ်းမာနေရင် ဝမ်းလွယ်မဲ့ အစားအစာတွေ စားပါ။ မန်ကျီးမှည့်ဖျော်ရည်၊ သင်္ဘောသီးမှည့်၊ ကန်စွန်းရွက်၊ Milk of Magnesia ဇွန်းကြီး ၂ ဇွန်းအိပ်ရာဝင်သောက်ပါ။
• ကိုယ်အလေးချိန် များနေရင် လျှော့ချပါ။
• အလုပ်မအားလို့ ဝမ်းသွားမှာကိုထိန်းထာတာမျိုးမလုပ်ပါနဲ့။
• တကိုယ်ရေသန့်ရှင်းရေး၊ စအိုတဝှိုက် သန့်ရှင်းရေးလုပ်ပါ။

Dr. တင့်ဆွေ


Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ


လိပ်ခေါင်းကို ဆရာဝန်လို့ အခေါ်မခံရတဲ့ ဆေးကုသူများ၊ အာယုဗေဒ၊ ဟိုမီယိုနည်းတွေရှိလို့ ဆရာဝန်တွေသုံးတာ သက်သက်ကိုသာ ရေးပါမယ်။ တခြားနည်းတွေနဲ့ကုပြီးမှ ဆရာဝန်ဆီရောက်လာသူတွေ မနည်းလှဘူး။ ဆရာဝန်တွေ ကုတယ် ဆိုတာလဲ ဖြစ်နေတာကို သက်သာစေမယ်။ ဖြစ်စေတတ်တဲ့ အခြေခံတွေ မပြင်ရင် ထပ်ဖြစ်နိုင်တာလဲ သတိပြုရမယ်။

အရင်ဆုံး ဆရာဝန်ကညွှန်ပြီး ဆရာဝန်မလိုတဲ့နည်းတွေ ပြောပါရစေ။
• ဆေးဆိုင်တွေမှာ အလွယ်ဝယ်ရတဲ့ Corticosteroid creams (စတီရွိုက်) ပါတဲ့ လိမ်းဆေး (ခရင်မ်) တွေက နာတာ၊ ရောင်တာတာကို သက်သာစေမယ်။
• Lidocaine ပါတဲ့ (ခရင်မ်) ဆိုတာ ထုံဆေးဖြစ်လို့ အနာသက်သာစေမယ်။
• Witch hazel ဆိုတာ ယားနေတာကို သက်သာစေမယ်။
• အတွင်းခံကို (ကော်တွန်) ကိုသာဝတ်ဆင်ပါ။
• ရေမွှေးပါတဲ့၊ အရောင်တွေလဲ လှအောင်လုပ်ထားတဲ့ Toilet tissue ရေအိမ်သုံး စက္ကူမျိုး မသုံးပါနဲ့။ Baby wipes ကလေးငယ်လေးတွေအတွက် ထုတ်လုပ်တာမျိုးက သက်သာမယ်။
• ရေကိုသာ သုံးတာ အကောင်းဆုံးဖြစ်တယ်။
• စအိုအဝကို မကုပ်မိပါစေနဲ့။
• (ဖိုင်ဘာ) များ အစားအစာတွေ များများစားပါ။ Fiber ဆိုတာ အပင်တွေကရတယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်ရွက်။ အမေရိကန် အာဟာရအသင်းကနေညွှန်တာက တနေ့မှာ ယောက်ျား 38 grams နဲ့ မိန်းမ 25 grams စားသင့်တယ်လို့ ဆိုတယ်။
• Psyllium (Metamucil) နဲ့ Methylcellulose (Citrucel) တွေက ဝမ်းပျော့ဆေးတွေ ဖြစ်တယ်။ အမှန်က Fiber supplement (ဖိုင်ဘာ) အပိုဆောင်းပေးတာ ဖြစ်တယ်။
• တနေ့ကို ရေ-အရည် (အရက် မဟုတ်တာ) ၈ အောင်စခွက်နဲ့ ၈ ခွက်သောက်ပါ။
• ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။
• ဝမ်းသွားရင် မညှစ်ပါနဲ့။

ဆရာဝန်တွေ လုပ်ပေးမဲ့နည်းတွေ
• Infrared coagulation (အင်ဖရာ-ရက်တ်) နည်း၊
• Surgery ခွဲစိတ်ကုသနည်းတွေ အမျိုးမျိုးရှိတယ်။
- Rubber band ligation သားရေကွင်းစွပ်နည်း၊
- Hemorrhoidectomy ခွဲစိတ်ဖြတ်တောက်နည်းကို အများဆုံးသုံးတယ်။ ခါးထုံဆေး၊ မေ့ဆေး၊ ထုံဆေး သုံးပြီး လုပ်ရတယ်။
- Sclerotherapy ထိုးဆေးနည်း၊
- Laser therapy လေဆာနည်း၊
- Stapled hemorrhoidectomy နောက်ပေါ်နည်းဖြစ်တယ်။ ဆိုးနေတာမျိုးအတွက် အကောင်းဆုံးလို့ ဆိုတယ်။ မိနစ် ၃ဝ သာကြာတယ်။

အတွင်းလိပ်ခေါင်း ထွက်ကျနေရင် အသာအယာ ဖိအားတညီထဲထား သွင်းပေးပါ။ ပြန်မဝင်တဲ့ လိပ်ခေါင်းဟာ ပိုးဝင်တာနဲ့ သွေးမလျှောက်တာ ဖြစ်လာနိုင်တယ်။ သွေးခဲပိတ် လိပ်ခေါင်း ဖြစ်လာရင် နာမယ်။ ထွက်နေတာကို ပြန်သွင်းလို့ မရဘူး။ ကောင်းကောင်း မထိုင်နိုင်ဘူး။ ထုံဆေးပေးပြီး ခွဲရမယ်။ ချက်ချင်း ပျောက်ပါတယ်။

Sitz bath ရေနွေးထိုင်နည်း
ရေခပ်နွေးနွေးထဲမှာ တင်ပါး မြုပ်အောင် စိမ်ထားပြီး ထိုင်နေရတာ ဖြစ်ပါတယ်။ နာမည်အခေါ်က Sitzbad ဂျာမန်စကားကနေ လာတယ်။ ရေချိုးတာပါဘဲ။ Hip-bath လို့ ခေါ်ရင် တန်းသိစေနိုင်တယ်။ စအိုနေရာမှာ တခုခုဖြစ်ရင် ဒီ ရေနွေးထိုင်နည်းကို ညွှန်းတယ်။ ဆရာဝန်မလိုဘဲ သက်သာတာ အမှန် ဖြစ်တယ်။ ကုန်ကျစရိတ်လဲ မရှိဘူး။
- Hemorrhoids (piles) လိပ်ခေါင်း၊
- Anal fissures (FIA) ဂရင်ဂျီနာ၊
- အစာဟောင်းလမ်း ခွဲစိတ်ကုသရခြင်း၊
- ကလေးဖွါးတဲ့အခါ မွေးလမ်းချဲ့ပြီး ပြန်ချုပ်ထားခြင်း၊
- သားအိမ် နာခြင်း၊
- Inflammatory bowel disease အစာလမ်းရောင်ရောဂါ၊
- ဆီးအိမ်ရောင်ခြင်း၊
- ဆီးကျိတ်ရောင်ခြင်း နဲ့
- ဗဂျိုင်းနာရောင်ခြင်းတွေအတွက်သုံးနိုင်တယ်။

• နာတာရော ရောင်တာကိုပါ သက်သာစေမယ်။
• Bathtub ရေချိုးစည်ဖြစ်ဖြစ်၊ Large basin ရေထည့်လို့ရတဲ့ ကန်ခပ်ကြီးကြီးဖြစ်ဖြစ်၊ သုံးနိုင်တယ်။ Plastic sitz bath ပလပ်စတစ်ရေကန် ဝယ်လို့ရတယ်။
• ရေအိမ်သာအထက်မှာ ထားပြီး ထိုင်နိုင်တယ်။
• ရေထဲကို ဆား၊ Baking soda မုံ့လုပ်ဆော်ဒါ၊ Vinegar ဗနီဂါ တွေလဲ ရောနိုင်တယ်။ ဘာမှ မရောလဲ ရပါတယ်။
• ရေကန်ထဲမှာ ရေအမြင့် 3 t- 4 inches (7.6 t- 10 cm) ရှိအောင် ဖြည့်ပါ။ ရေအပူချိန် 110 °F (43 °C) ရှိသင့်တယ်။
• အဲဒီထဲမှာ တင်ပါးနစ်နေအောင်ထားပြီး ၁၅-၂ဝ မိနစ်ကြာ ထိုင်နေယုံသာ ဖြစ်ပါတယ်။ ရေအေးတဲ့အထိဆိုလဲ ရပါတယ်။
• Sitz baths ဆိုတာ တကယ်တော့ ရေနွေးနည်းရော ရေအေးနည်းပါ ၂ မျိုးရှိတယ်။
• Cool sitz baths အအေးထိုင်နည်းကိုတော့ Constipation ဝမ်းချုပ်သူတွေ၊ Inflammation and vaginal discharges ဗဂျိုင်းနား ပိုးဝင်လို့ရောင်နေသူတွေ သုံးသင့်တယ်။ တခါတလေ Fecal or urinary incontinence ဝမ်းမလုံသူ၊ ဆီးမလုံသူတွေအတွက်လဲ အကျိုးရှိစေတယ်။
• အဆန်းထွင်နိုင်တာက ရေနွေးထဲမှာ ၃-၄ မိနစ်ထိုင်၊ နောက် ရေအေးထဲမှာ တခါထိုင်၊ တလှည်စီ ၄-၅ ကြိမ် လုပ်တယ်။
• နည်းတခုက ရေ ၂ မျိုး သုံးအနေရအောင် ရေအေးတဘက်သုံးနိုင်တယ်။
• အမျိုးသမီးတွေမှာ မွေးလမ်းကြောင်းက အဖြူဆင်းနေချိန်မယ် ရေနွေးထဲမှာ ဆား ဖြစ်ဖြစ် ဗနီဂါဖြစ်ဖြစ် ထည့်ပြီး ထိုင်တာ ပိုကောင်းစေတယ်။
• သတိထားစရာတွေက မရှိသလောက်ပါ။ အပူရှိန်ကြောင့် သွေးပိုလျှောက်ပြီး နှလုံးခုန် နဲနဲမြန်နိုင်တယ်။
• ပြီးရင် (ကော်တွန်) တဘက်နဲ့ ရေခြောက်အောင် သုတ်ပါ။
• တနေ့မှာ ၁-၂ ခါလုပ်သင့်တယ်။

Dr. တင့်ဆွေ


ပြည့်တန်ဆာတန်း ပိတ်မည့်အစီအစဉ် အင်ဒိုနီးရှားလိင်လုပ်သားများ ဆန့်ကျင်ဆန္ဒပြ

အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမြို့ ဒိုလီဒေသရှိ ပြည့်တန်ဆာတန်းပိတ်မည့်အစီအစဉ်ကို ဆန့်ကျင်သည့် လိင်လုပ်သားများ၏ ဆန္ဒပြပွဲတွင် ဒေသခံများ ပါဝင်ဆန္ဒပြနေသည်ကို ဇွန်လ ၅ ရက်က တွေ့ရစဉ် (Juni KRISWANTO/AFP)

အရှေ့တောင်အာရှ၏ အကြီးဆုံးပြည့်တန်ဆာတန်းများအနက် တစ်ခုပိတ်မည့်အစီအစဉ်ကို အင်ဒိုနီးရှား လိင်လုပ်သား ၁,၀၀၀ ကျော်က ဇွန်လ ၅ ရက်တွင် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

အပေါ်ပိုင်း လုံလုံခြုံခြုံဝတ်စားကာ စကတ်တိုများ ဝတ်ဆင်ထားသည့် လိင်လုပ်သားများသည် ၎င်းတို့ မည်သူ မည်ဝါဖြစ်သည်ကို ခွဲခြားမရစေရန် မျက်နှာများအား ဖုံးအုပ်ဆန္ဒပြခဲ့ကြသည်။

မွတ်စလင်အများစုနေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာ၏ ဒိုလီဒေသရှိ ပြည့်တန်ဆာ တန်းကို အာဏာပိုင်များ လျစ်လျူရှုထားခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။

သို့သော် မြို့တော်ဝန်သစ်က ယခုအခါ ယင်းပြည့်တန်ဆာတန်းကို ပိတ်ပစ်မည်ဟု ကြွေးကြော်ထားသည်။ အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မည်ဆိုပါက မိမိတို့ အသက်မွေးဝမ်းကျောင်း ပြုနိုင်မည်မဟုတ်ဟု ဒိုလီဒေသတွင် အလုပ်လုပ်သော အမျိုးသမီးများစွာက ပြောသည်။

ဇွန်လ ၅ ရက်တွင် လိင်လုပ်သား ၁,၂၀၀ ခန့်သည် ယင်းဒေသအနှံ့ ချီတက်ဆန္ဒပြခဲ့ကြောင်း ယင်းနေရာတွင် သတင်းယူနေသည့် အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောသည်။

၎င်းတို့က အင်ဒိုနီးရှားသမ္မတ ယူရိုယူနိုနှင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ ကန့်ကွက်စာ ပေးပို့ခဲ့ကြသည်။

ယင်းလိင်လုပ်သားများကို ငွေကြေးအကူအညီပေးမည်ဟု ဆူရာဘာယာမြို့တော်ဝန် ထရီရစ်မဟာရီနီက ကတိပြုထားပြီး လက်မှုပညာရပ်များကဲ့သို့ ၎င်းတို့ စွမ်းရည်သစ်များ ရှိလာစေရန် ဒေသဆိုင်ရာ အာဏာပိုင်များက သင်ပေးလိမ့်မည်ဟု ပြောကြားထားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ပြည့်တန်ဆာများကို တွေ့မြင်နေကျ ဖြစ်သော်လည်း ယင်းအလုပ်မှာ နိုင်ငံတွင် တရားမဝင်ပေ။

—Ref: AFP
7 Day


လာဘ်ပေးလာဘ်ယူမှုက အကြမ်းဖက်မှုထက် ပိုမိုဆိုးရွားဟု သမ္မတပြော

နေပြည်တော်၊ မဇ္ဈိမ။ ။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး မသေမချာဖြစ်စေသည့် လာဘ်ပေးလာဘ်ယူမှုသည် အကြမ်းဖက်မှုထက် ပိုမိုဆိုးရွားပြီး ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုကိုလည်း ပျက်စီးစေသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

၎င်းက “ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ ၂ဝ၁၃ ခုနှစ်မှာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်” ဟု ဆိုသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ၌ ဇွန်လ ၅ရက်က ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဆင်းရဲနွမ်းပါးမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် တစ်ခုနှင့် တစ်ခုဆက်စပ်မှုရှိနေသည်ဟုလည်း သမ္မတက ပြောသည်။

“ဂေဟစနစ်ပျက်ယွင်းခြင်းကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝဘေးအန္တရာယ်များဖြစ်ကြတဲ့ ရေကြီးရေလျှံမှု၊ မိုးခေါ်ရေရှားဖြစ်မှုစသည်တို့ ဖြစ်ပေါ်လာပါက အခြားသူများထက် ဆင်းရဲသားများက ပိုမိုခံစားရလျက်ရှိပါသည်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသို့စီးပွားရေးနှင့် စက်မှုလုပ်ငန်းရင်းနှီးမြှပ်နှံမှုများ တိုးပွားလျက်ရှိသော်လည်း သံယံဇာတ ထိခိုက်မှု အနည်းဆုံးဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်မည် ဟုလည်း သမ္မတ ဦးသိန်းစိန်က ကတိပြုလိုက်သည်။

၎င်းက “အဲဒီလိုသာမဆောင်နိုင်ခဲ့ရင် ကျွန်တော်တို့ သံယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲကြတော့မှာဖြစ်ပြီး၊ အနာဂတ်မျိုးဆက်များအနေနဲ့ အဲဒီဒဏ်ကို ခံစားရမှာဖြစ်ပါတယ်” ဟု ဆိုသည်။

အစိုးရအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည့် အစိမ်းရောင်စီးပွားရေးမူဝါဒများကို ခိုင်မာစွာချမှတ်ထားပြီး ဖြစ်သည်ဟုလည်း ပြောသည်။

ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်သည် “ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကို တားဆီးနိုင်ဖို့အတွက် ကမ္ဘာသူ ကမ္ဘာသားအားလုံး ကမ္ဘာမြေပူနွေးမှု လျှော့ချရေးဆိုင်ရာ လှုပ်ရှားမှုအသံများ တိုးမြှင့်”ထားရန် ဖြစ်သည်။

Mizzima Burmese


ခေါင်းတွေ ညိတ်ခဲ့ကြသည်


Written by ဖြိုးဝေမြင့် (စက်မှုအင်ဂျင်နီယာ)

ကျန်တော်တို့ သိတတ်စ အရွယ်မှစပြီး ယနေ့ထိတိုင် အကြောင်းအရာ အမျိုးမျိုးအတွက် ခေါင်းတွေ ညိတ်ခဲ့ ကြပါသည်။ မိဘများက မုန့်စားမလား ဆိုသည့်အခါ ခေါင်းညိတ် ပြခဲ့သည်မှ စပြီး ကျောင်းနေအရွယ် ဆရာများက စာနားလည်လား ဟူသောမေးခွန်းအထိ ဟုတ်ကဲ့ဟု ဆိုကာ ခေါင်းညိတ်ပြခဲ့ကြပါသည်။

ထိုကဲ့သို့ ခေါင်းညိတ် ပြခဲ့ကြသည့် အထဲတွင် အမှန်တကယ် သိနားလည်သောကြောင့် ခေါင်းညိတ် ပြခဲ့ခြင်းများ ရှိသကဲ့သို့ အကြောင်းအရာနှင့် ဆိုလိုရင်းကို နားမလည်ဘဲ ခေါင်းညိတ်ခဲ့သည်များလည်း ရှိခဲ့မည်မှာ အသေအချာ ဖြစ်ပါသည်။ မိဘများက ကြိမ်ဖန်များစွာ ပြောသည့်အတွက် အလွယ်တကူ ဟုတ်ကဲ့ဟု ပြောပြီး ခေါင်းညိတ်ခဲ့ကြဖူးသည့် အခြေအနေမျိုး လူတိုင်းနီးပါး ကြုံဖူးကြမည် ထင်ပါသည်။ ထိုစဉ်က သေချာ မသိဘဲ ခေါင်းညိတ်ခဲ့ခြင်းများသည် လူ့ဘဝအတွက် အပြောင်းအလဲ ကြီးကြီးမားမား မဖြစ်နိုင်ကောင်းဟု ဆိုနိုင်မည် ထင်ပါသည်။ သို့သော် အလွယ်တကူ ခေါင်းညိတ်တတ်သည့် အကျင့် ပါလာခဲ့လျှင်တော့ ကောင်းနိုင်မည် မဟုတ်ပါ။

ကျောင်းနေစ အရွယ်တွင်လည်း ဆရာဆူမည် စိုးသောကြောင့် စာကို အမှန်တကယ် နားမလည်သော် လည်း နားလည်ဟန်ဖြင့် ခေါင်းညိတ်ခဲ့ခြင်းမျိုး ရှိခဲ့ပါသည်။ ထိုကဲ့သို့ ခေါင်းညိတ်ခြင်းများမှာ ကောင်းသော ခေါင်းညိတ်ခြင်း မဟုတ်တာ သေချာပါသည်။ နားလည်ဟန်ဆောင်ပြီး ညိတ်ပြရင်း စာများလာသည့်အခါ အမှန်တကယ် နားမလည်တော့ဘဲ ကျောင်းပြေးချင်စိတ် ဖြစ်ပြီး ကျောင်းပြေးရာမှ ကျောင်းမနေချင်တော့ သည့် စိတ်များအထိပါ ဖြစ်လာနိုင်ပါသည်။ ဒါဟာ မသိပါဘဲ သိဟန်ဆောင် ခေါင်းတွေ ညိတ်ခဲ့သည့် အတွက်ကြောင့် ဖြစ်ပါသည်။

ထို့အတူ စီးပွားရှာသည့်အချိန်၊ အများအကျိုး၊ နိုင်ငံအကျိုး ဆောင်ရွက်သည့် အချိန်များတွင်မူ သိဟန်ဆောင် ခေါင်းညိတ်ခြင်း မလုပ်မိစေရန် အင်မတန် အရေးကြီးသည်ဟု ထင်မိပါသည်။ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း လုပ်ဆောင်နေသူများထက် နိုင်ငံ့ဝန်ထမ်းများအတွက် ပိုလို့ပင် အရေးကြီးသည်ဟု ရိုးသားစွာ မြင်မိပါသည်။

အခြေအနေတစ်ခုကြောင့် အချိန်အတိုင်း အတာတစ်ခုအထိ ကျွန်တော်တို့နိုင်ငံမှာ ကိုယ်တကယ်မသိ၊ မကျွမ်းဘဲ ခေါင်းညိတ်ခဲ့မှုများ ရှိခဲ့နိုင်ပါသည် (အားလုံးကို ဆိုလိုခြင်း မဟုတ်ပါ)။ ရှိခဲ့သောကြောင့်လည်း ယနေ့ အများပြောသည့်အတိုင်း နယ်ပယ်စုံက နောက်ကျနေရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်နေရခြင်းဖြစ် သည်ဟု ယူဆပါသည်။

အမှန်တရားထက် မိမိဘဝရပ်တည်မှု ယိုင်လဲမသွားစေရန် မညိတ်သင့်သည့် ခေါင်းတွေ ညိတ်ခဲ့ကြသည့် အခါ မမျှော်လင့်ထားသော အရာများ မမျှော်လင့်ထားသည့် အချိန်တွင် ရောက်လာပြီး တိုင်းပြည်နှင့် လူမျိုးပါ ဒုက္ခရောက်ရသည့် အဖြစ်မျိုး ဖြစ်လာတတ်ပါသည်။ မိမိကို တာဝန်ပေးသည့် အလုပ်ကို အမှား အမှန်၊ အကောင်းအဆိုး၊ ဖြစ်နိုင်ခြေ ရှိမရှိ ပြန်လည်သုံးသပ် ဝေဖန်နိုင်စွမ်း မရှိသည့် အခြေအနေမျိုးတွင် လုပ်ကိုင်နေရသူများအတွက် ပိုလို့ပင် ဆိုးမည် ထင်ပါသည်။ ထိုကဲ့သို့ အခြေအနေမျိုး မရှိသင့်တော့ဟု မြင်ပါသည်။

သို့သော် မိမိတို့ကို ပေးသည့် တာဝန်အပေါ် အကောင်းအဆိုး၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ပြန်လည် ထောက်ပြ ပြောဆိုနိုင်သည့် အခွင့်အရေးတို့ ရှိခဲ့ပါသော်လည်း ပြန်လည် တင်ပြပြောဆိုခြင်း မရှိဘဲ အသံတွေတိတ်ပြီး ခေါင်းတွေ ညိတ်ခဲ့လျှင်တော့ မိမိရဲ့ ကိုယ်ကျိုးတစ်ခုတည်းကိုသာ ကြည့်သည့် သူ ဖြစ်သွားပါလိမ့်မည်။ သေချာသည့်အရာ တစ်ခုမှာ ထိုလုပ်ရပ်၏ အကျိုးဆက်ကို မိမိတို့ရဲ့ မျိုးဆက်များ သေချာပေါက် ခံရမည် ဖြစ်ပါသည်။ သို့အတွက်ကြောင့် ခေါင်းညိတ်သင့်သည့် အရာလား၊ မညိတ်သင့် သည့် အရာလား ဆိုသည်ကို သေချာ စဉ်းစားသင့်ပါသည်။

ခေါင်းညိတ်လိုက်ရသည့် အရာများတွင်လည်း အချို့သော အကြောင်းအရာများမှာ ခေါင်းညိတ်ရုံသာ လိုပြီး အချို့သော အကြောင်းအရာများကမူ အမှန်တကယ် အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ အမှန်တကယ် အကောင်အထည်ဖော် လုပ်ဆောင်ရမည့် အလုပ်များကို ခေါင်းမညိတ်သင့်ဘဲ ညိတ်ခဲ့မည် ဆိုလျှင် မည်သို့မျှ ကောင်းကျိုးမရနိုင်ဟု မြင်ပါသည်။ ဒီ့အတွက် ခေါင်းညိတ် တတ်ဖို့လိုသည်ဟု ပြောချင် ပါသည်။

ပြုပြင်ပြောင်းလဲရေး ဆိုသည့် ခေါင်းစဉ်အောက်တွင် အတွေးအခေါ် အသစ်များဖြင့် ပြင်သင့်သည်၊ မပြင် သင့်သည်၊ ကောင်းသည် မကောင်းသည် စသည်ဖြင့် စကားစစ်ထိုးပွဲ အရှိန်သည်လည်း တဖြည်းဖြည်း ပြင်းထန်လာနေပါသည်။ ထို့အတူ မိမိတို့စိတ်ကူး မိမိတို့နှင့် အိပ်မက်ချင်း တူသူများနှင့် ပူးပေါင်းကာ ဟုတ်တာပေါ့ ဆိုပြီး ခေါင်းညိတ်မှုများ ရှိသကဲ့သို့၊ မဟုတ်ဘူးဟု ခေါင်းခါသူများလည်း ရှိမည်မှာ သေချာ ပါသည်။

ယနေ့အချိန်သည် မိမိတို့နိုင်ငံအပေါ် လူစိတ်ဝင်စားမှု အများဆုံး အချိန်ဟု ပြောနိုင်သကဲ့သို့၊ နယ်ပယ်စုံမှ ပညာရှင်များ လာရောက်ပြီး အမြင်များ ဆွေးနွေးဖလှယ်ခြင်းတို့ကို လုပ်ဆောင်နေကြသကဲ့သို့ နိုင်ငံတွင်း တာဝန်ရှိသူများကလည်း ခေါင်းစဉ်များတပ်ပြီး လုပ်ဆောင်နေချိန်လည်း ဖြစ်ပါသည်။ ထိုကဲ့သို့သော အချိန်မျိုးတွင် မျှော်လင့်ချက်နှင့် အားမာန် ပေါင်းထားသည့်အတွက် စကားလုံးများ၏ လှပခံ့ညားမှုကလည်း လူတို့၏စိတ်ကို အလွယ်တကူ တိမ်းညွတ်စေမည် ထင်ပါသည်။

သို့အတွက်ကြောင့် အပြောသက်သက်ဖြင့် ခေါင်းညိတ်မည် ဆိုလျှင်မူ သေချာမစဉ်းစား မဝေဖန်ရာ ရောက်မည် ထင်ပါသည်။ မိမိတို့ လိုချင်သည့်အရာ၊ မိမိတို့ မျှော်လင့်ချက် စသည်တို့ကို မည်သည့်အရာက ပေးစွမ်းနိုင်သည် ဆိုသည်ကို သေချာ ဝေဖန်ပိုင်းခြားရန် လိုအပ်သည့် အချိန်လည်း ဖြစ်ပါသည်။ သူက လုပ်ပိုင်ခွင့်ရှိလို့ သူပြောတာကို ထောက်ခံ ခေါင်းညိတ်လိုက်မယ် ဆိုသည့် အတွေးမျိုးထက် အမှားအမှန် ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းဖြင့် အလွယ်တကူ ခေါင်းမညိတ်ဖို့ အရေးကြီးပါသည်။

မလှုပ်၊ မရှုပ်၊ မပြုတ် ဆိုသည့် စကားကို မိတ်ဆွေများထံမှ မကြာခဏ ကြားဖူးသကဲ့သို့ ပြုပြင်ပြောင်း လဲရေး အကြောင်း ပြောသည့် စကားဝိုင်းတိုင်းတွင် အမြဲပါသည့် စကားလုံး ဖြစ်ပါသည်။ တကယ်တော့ ထိုကဲ့သို့သော လူမျိုးများကြောင့် ပြုပြင်ပြောင်းလဲရေးသည် လိုအပ်သလောက် အရှိန်မရခြင်းဟု သုံးသပ် မိပါသည်။

မိမိတို့ အထက်လူကြီးနှင့် တွေ့သည့်အခါ ခေါင်းညိတ်ရသည့် အကြိမ်အရေအတွက် များပြီး စကားပြော ခွင့် မရှိဖြစ်ကာ ပါးစပ်များပါ ပိတ်သွားရသော အခြေအနေမျိုး ရှိကောင်း ရှိနိုင်ပါသည်။ ထိုအခါ မိမိ၏ လက်အောက်ဝန်ထမ်းများနှင့် တွေ့သည့်အခါ လူကြီးရှေ့တွင် ပိတ်ထားခဲ့ရသမျှ အတိုးချပြီး ပြောပါတော့ သည်။ ဒီအခါ အောက်ခြေကအသံ နားထောင်ရမယ်ဆိုတဲ့ အရာဟာ ပြဋ္ဌာန်းစာအုပ်ထဲက စာတစ်ကြောင်း အဆင့်သာ ဖြစ်သွားနိုင်ပါသည်။

အချို့ကမူ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်နိုင်စွမ်း ရှိပါသည်။ ပြန်လည် ဆွေးနွေးနိုင်သည့် အရည်အချင်းနှင့် အခွင့်အရေး ရှိပါသော်လည်း ဒီအကြောင်းအရာကို ခေါင်းညိတ်လိုက်ခြင်းအားဖြင့် မည်သည့်အရာကို မိမိက တောင်းဆိုနိုင်သည် ဆိုသည့် အတွေးကြောင့် ခေါင်းညိတ်လိုက်သူများလည်း ရှိကောင်း ရှိနိုင်ပါသည်။ ထိုကဲ့သို့ အတ္တဗဟိုပြုသည့် ခေါင်းညိတ်ခြင်းတွေ များလာသည့်အခါ ကောင်းမွန် သည့် လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရန် ခက်ခဲနိုင်ပါသည်။

နယ်ပယ်အားလုံးတွင် ပြောင်းလဲတိုးတက်ရေး ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကြိုးစားနေကြချိန် ဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် အချို့က အတွေ့အကြုံများကို မျှဝေကြသည်၊ အကြံဉာဏ်ကောင်းများ ပေးကြသည်၊ အကြောင်းအရာတိုင်းကို လေးလေးနက်နက် စဉ်းစားလာကြသည်။ လွယ်လွယ်ကူကူ ခေါင်းညိတ်ခြင်းကို သိသိသာသာ ရှောင်ဖယ်လာကြသည်။ အမှားအမှန်၊ အကောင်းအဆိုးကို ပြန်လည်ထောက်ပြ ပြောဆိုလာကြသည်။

ထိုကဲ့သို့ လုပ်ဆောင်လာကြချိန်တွင် အချို့အချို့သော သူများမှာ ငယ်ငယ်က အကျင့်အတိုင်း အလွယ် တကူ ခေါင်းညိတ်နေဆဲ ဖြစ်ပါသည်။ သို့အတွက်ကြောင့် အကြောင်းအရာနှင့် အကျိုးတရားပေါ် မူတည်ပြီး ခေါင်းညိတ်တတ်အောင် သင်ယူကြရန် တိုက်တွန်းရမည် ထင်ပါသည်။ မှန်ကန်သော ခေါင်းညိတ်ခြင်း ဖြစ်မှသာလျှင် မိမိတာဝန်ယူ လုပ်ဆောင်ရသော အလုပ်သည် တာဝန်ကျေသော၊ အကျိုးရှိသော အလုပ်ဖြစ်ပြီး နိုင်ငံနှင့် လူမျိုးကို အကျိုးပြုနိုင်မည်ဟု ထင်မြင်ယူဆပါကြောင်း။
The Voice Journal

လူသား ကျင့်ဝတ်

 
Written by အောင်ကျော်ညို (ဆင်ချဆိပ်)

လူမှုနယ်ပယ်တွင် တာဝန်တစ်ရပ်အဖြစ် မဖြစ်မနေလိုက်နာကြရသောအရာကို စည်းကမ်းဟူ၍ခေါ်ဆို ပြီးဓလေ့ထုံးတမ်းစဉ်လာများနှင့် ကျင့်ဝတ်သိက္ခာများကို ကိုယ်ပိုင်အသိနှင့် ကျင့်ကြံခြင်းသည် ဝတ္တရား ဖြစ်သည်။ တစ်နည်းစည်းကမ်းဟူသည် ဦးနှောက်ပိုင်းဆိုင်ရာ သညာအသိဖြစ်ပြီး၊ ကျင့်ဝတ်ကားနှလုံး သားထိတိုင် စွဲမြဲတည်ရှိသောပညာအသိဖြစ်သည်။ ‘ဆေးလိပ်မသောက်ရ၊ ကွမ်းတံတွေးမထွေးရ’ သတိပေးစည်းကမ်းများတွင် နယ်နိမိတ်ကန့်သတ်ချက်ရှိသည်။ ကျင့်ဝတ်ကားနယ်ပယ်အပိုင်းအခြား မရှိသော သတိပေးစာတန်း ရေးစရာမလိုသောတစ်လောကလုံးနှင့်ဆိုင်သည့် ကိုယ်ကျင့်တရား၊ လော ကကိုစောင့်ရှောက်သည့် လောကပါလတရားဖြစ်သည်။

ဥပမာ “အားနည်းသောမိန်းမသားများကို မစော်ကားရ၊ ကာကွယ်စောင့်ရှောက်မှုပေးရမည်” ဟူသည် နှလုံးသားထဲတွင် စွဲမြဲထားပြီးသောလူသားအားလုံးနှင့် သက်ဆိုင်သောကျင့်ဝတ်သိက္ခာလူ့ဝတ္တရား ဖြစ်သည်။ စည်းကမ်းကောင်းတစ်ခုသည် အလေ့အကျင့်မှ အလေ့အထသို့တိုင် စွဲမြဲလာပြီဆိုပါက ဓလေ့ထုံးတမ်းစဉ်လာကောင်းတစ်ရပ် ဖြစ်လာခဲ့သည်။ ဤသည်မှာ လူ့ယဉ်ကျေးမှု၏ ဆင့်ကဲဖြစ်စဉ် နိယာမနမူနာကောင်းတစ်ရပ်ဖြစ်သည်။

သတ္တလောကတွင် အစုအဖွဲ့အဝိုင်းအဝန်းနှင့် မျိုးတူရာစုစည်းနေထိုင်နေခဲ့ကြသည်။ သမိုင်းဦးကာလမှ ယနေ့ထိတိုင် ဖြစ်ပါသည်။ အဝိုင်းအဝန်းနှင့် ဆက်နွှယ်ဖြစ်တည်လာသော ထုံးတမ်းစဉ်လာ ကျင့်ဝတ် သိက္ခာများနှင့် လောကကို အရိုင်းမှအယဉ်သို့ ဆင့်ကဲဆင့်ကဲပြောင်းလဲ တည်ဆောက်လာခဲ့ကြသည်။ လောကပါလတရားများနှင့် အလှဆင်ခဲ့ကြသည်။ ဘိုးဘွားမိဘများ တာဝန်ကျေခဲ့ကြပါသည်။

သို့သော် မိမိတို့လက်ထက် မျက်မှောက်ကာလတွင် စည်းကမ်းများ၊ ကျင့်ဝတ်များ ပျက်ယွင်းလာနေ သည်။ နယ်ပယ်အသီးသီးမှာ ပရမ်းပတာနေထိုင်မှုပုံစံ ခေတ်စားလာနေသည်။ ၂၁ ရာစုကိုပညာခေတ် ဟုတင်စားသတ်မှတ်ထားရာ အစဉ်လေ့လာသင်ယူနေမှ တော်ကာကျမည့်လူ့ဘောင်အဖွဲ့အစည်းမျိုး ဖြစ်သည်။ ကျားကုပ်ကျားခဲ အားမာန်အပြည့်နှင့် အားခဲကြိုးပမ်းရှိနေကြရမည့်အစား ယခုလိုပေါ့ပျက် ပျက်နှင့်ပရမ်းပတာနေထိုင်မှုပုံစံများသည် အနာဂတ်အတွက် ပြယုဂ်ကောင်းများမဝေးသော အတိတ်မှ စည်းကမ်းမဲ့ခဲ့မှုများ၏ ဒဏ်ရာဒဏ်ချက်ဟူသမျှကို မိမိတို့၏မိဘများ ခါးစည်းခံတာဝန်ယူပေးနေကြရ သည်။

မျက်နှာချိုသွေးရ၊ လက်ဝါးဖြန့်ရ၊ နာခံရနှင့် မျက်နှာပူစရာဘဝမျိုးမှ ရုန်းမထွက်နိုင်ဖြစ်နေကြရဆဲပါ။ ဖြစ်စဉ်ဖြစ်ရပ်ဟူသမျှ မူလဇစ်မြစ်ရှိစမြဲဖြစ်သည်။ အရင်းစစ်အမြစ်မြေမှာဆိုသလို မိဘဆရာသမားများ ဖြစ်ကြသည့် မိမိတို့၏အားနည်းချက်ဟု ဆိုရပါလိမ့်မည်။ အကြောင်းမှာယနေ့စည်းကမ်းကျင့်ဝတ် မလိုက်နာသူဟူသမျှ အိမ်တံစက်မြိတ်နှင့် ကျောင်းပရဝဏ်ကို ဖြတ်သန်းသွားကြသူချဉ်းဖြစ်ပါသည်။

မိဘဆရာတို့၏ မကောင်းမြစ်တာ ကောင်းရာညွှန်လက် . . . . အတတ်လည်းသင် ပဲ့ပြင်ဆုံးမ လောက ကျင့်ဝတ်များနှင့် သွန်သင်ဆုံးမမှုအောက်မှာ လူလားမြောက်သွားကြသူချည်းဖြစ်ကြရာ ရခိုင်ဘုရင်မင်း ထီး၏ အမိန့်ပြန်တမ်းမှ သားသမီးမကောင်း မိဘခေါင်း၊ တပည့်မကောင်းဆရာ့ခေါင်းဆိုသည်ကို ဝန်ခံ၊ လက်ခံနိုင်ကြရမည်သာ ဖြစ်ပါသည်။

တိုင်းပြည်ကိုချစ်လျှင် လူငယ်တွေကိုချစ်ရမည်ဆိုစကားအတိုင်း သူတို့လေးတွေ အနာဂတ်အတွက် ပြုစုပျိုးထောင်ပေးရသည်မှာ မိဘဆရာတိုင်း၏ အနှိုင်းမဲ့မေတ္တာနှင့် သမိုင်းပေးတာဝန်တစ်ရပ်ဖြစ် သည်။ သို့သော် ရလဒ်ကောင်းဖြစ်မလာဘဲ ခုတ်ရာတခြား၊ ရှရာတလွဲနှင့် ခဲလေသမျှ သဲရေကျ၊ အလ ဟဿဖြစ်လာနေရသည်မှာ လောကဓမ္မတာအရ အားသာချက်၊ အားနည်းချက်ဟူသည် ဖြစ်တတ်စမြဲ ဖြစ်သည်။ ခေတ်မမီသောအရာဆိုလျှင် ဖယ်ရှားကာ၊ ကောင်းကွက်ဟူသမျှ ပုံတူပွားလျက် ဝန်းကျင် လောကကို ဆန်းသစ်ကြရသည်။ လမ်းသစ်ထွင်ကြရမည်သာ ဖြစ်ပါသည်။

ကျောင်းဆရာဘဝမှာ သင်တန်းမျိုးစုံတက်ခဲ့ဖူးပါသည်။ အထူးသဖြင့် ပညာရေးဝန်ကြီးဌာနယူနီဆက် နှင့်ပညာတန်ဆောင်တို့ ပူးတွဲဖွင့်လှစ်သော သင်တန်းများတွင် ထူးခြားသောအတွေ့အကြုံများကို ရခဲ့ဖူးပါသည်။ ယင်းတို့အနက်တစ်ခုမှာ သင်တန်းကာလလိုက်နာသင့်သည့် စည်းကမ်းများကို သင် တန်းနည်းပြများသဘောနှင့် သတ်မှတ်ပေးခြင်းမရှိဘဲ သင်တန်းသားမိမိတို့ကိုယ်တိုင် ရွေးချယ်ချမှတ် ကြရခြင်းဖြစ်ပါသည်။

အကျိုးဆက်မှာ သင်တန်းပြီးဆုံးသည်အထိ စည်းကမ်းဖောက်ဖျက်သူ မရှိသလောက်ဖြစ်ပါသည်။ ဤနမူနာကောင်းကို ကျောင်းများတွင် ကျင့်သုံးလာပြီဆိုပါက စည်းကမ်းဟူသမျှ ရေးပြထားစရာမလို ဘဲထိရောက်မှုရှိလာလိမ့်မည်ဟု ယုံကြည်မိပါသည်။ သူတို့လေးတွေကိုယ်တိုင် ရွေးချယ်သတ်မှတ် ထားသော စည်းကမ်းကို သူတို့လေးတွေလေးစားလိုက်နာလာကြပါမည်။ ဤသို့ဖြင့်မိမိကိုယ်မိမိ တာ ဝန်ယူတတ်လာကြသော လူချွန်လူမွန်လေးများဖြစ်လာပြီး အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကောင်း တစ်ရပ်ပေါ်ထွန်းလာရမည်အမှန်ဖြစ်ပါသည်။

ကျောင်းတိုင်းတွင် ရေးထိုးထားသည့် အမျိုးသားစည်းကမ်းအစ၊ စာသင်ကျောင်းကဆောင်ပုဒ်သည် လည်း အနှစ်သာရပြည့်ဝပီပြင်လာမည်ဖြစ်ပြီး ပညာရေးဖြင့်တည်ဆောက်မည့် ခေတ်မီဖွံ့ဖြိုးတိုးတက် သောနိုင်ငံတော်သစ်ကြီးကို မိမိတို့အမှန်တကယ် မြင်တွေ့လာကြရမည်ဖြစ်ပါသတည်း။ ။

ကြေးမုံသတင်းစာ
မေလ(၂၇)ရက်၊ ၂၀၁၄ ခုနှစ်


ကမ္ဘာကြီး ပူနွေးမှုကို တွက်ချက်ခြင်း


 
ဟန်လင်းအောင်

ကမ္ဘာကြီး ပူနွေးမှုတွင် လူသားကြောင့် မည်မျှဖြစ်သည်၊ သဘာဝတရားကြောင့် မည်မျှဖြစ်သည်ကို ခွဲခြားတွက်ချက်ရသော အလုပ်သည် အလွန် ခက်ခဲသော ဟာကျူလီ အလုပ် တစ်မျိုး ဖြစ်သည်။

လူသားများကြောင့်နှင့် သဘာဝတရားကြောင့် ကမ္ဘာကြီး ပူနွေးမှု မည်မျှ ဖြစ်ပွားသည်ကို တွက်ချက် ရသည်မှာ ခက်ခဲသော အလုပ်ဖြစ် သည့်တိုင် စိန်ခေါ်မှုလည်း ပြင်းထန်သော အလုပ်ဖြစ်ရာ ကမ္ဘာ တစ်ဝန်း ပညာရှင်အမျိုးမျိုးသည် နည်းလမ်း မျိုးစုံဖြင့် အဖြေကို တွက်ထုတ်နိုင်ရန် ကြိုးပမ်း လျက် ရှိသည်။ ကမ္ဘာကြီး ပူနွေးလာခြင်း ဟူသည် ကမ္ဘာပေါ်၌ စွမ်းအင် အပိုများ ရှိနေ ခြင်းကြောင့် ဖြစ်သည်။သို့ဖြစ်ရာ ကမ္ဘာကြီးမှာ စွမ်းအင်အပို မည်မျှရှိ သနည်း။ ထို စွမ်းအင်ပိုများ အနက် လူသားများကြောင့် စွမ်းအင်မည်မျှ ထွက်နေပြီး သဘာဝကြောင့် မည်မျှ ထွက်နေကြောင်း တိကျစွာ တွက်ထုတ်နိုင် မည် ဆိုပါကပူနွေးမှု လျှော့ချနိုင်မည့် ဇစ်မြစ်ကို ဆုပ်ကိုင် မိမည် ဖြစ်သည်။ ထိုပုစ္ဆာ အဖြေထွက်ရေးအတွက် ကမ္ဘာတစ်ဝန်း ပညာရှင်ပေါင်းများစွာ ကြိုးပမ်း နေကြသည်။ ပိုနေသော စွမ်းအင်များဘယ်က ထွက်လာသည်၊ ဘယ်မှာ အဆုံးသတ်သည်ကို တွက်ထုတ်ကာမျှခြေကို ရှာဖွေနိုင်ပါက ကမ္ဘာကြီး၏ အနာဂတ် ရာသီဥတု ထိန်းချုပ်ရေးကိုပါ များစွာ အကျိုးပြုမည် ဖြစ်သည်။

ကမ္ဘာကြီးမှာ ပိုနေသည့် စွမ်းအင် ပမာဏကို တွက်ထုတ်ဖို့ နည်းလမ်း များစွာရှိသည်။ ပင်လယ် သမုဒ္ဒရာ များက သုံးစွဲ လိုက်သည့် စွမ်းအင်၊ ရေခဲပြင်များ အရည်ပျော်ရန် သုံးစွဲလိုက်သည့် စွမ်းအင်၊ အပူချိန် ပြောင်းလဲရာတွင် သုံးစွဲလိုက်သော စွမ်းအင်များကို ပေါင်းထည့် တွက်ချက် နိုင်သည်။ ကမ္ဘာကြီးထဲ ၀င် လာသော စွမ်းအင် အမျိုးမျိုး ကိုလည်း ဂြိုဟ်တုများ သုံးကာ တွက်ချက် နိုင်သည်။ ၀င်လာသော စွမ်းအင် များ နှင့် သုံးလိုက်သော စွမ်းအင်များကို နှိုင်းယှဉ်ကာ ကမ္ဘာကြီးမှာ စွမ်းအင်မည်မျှ ပိုလျှံနေကြောင်း တွက်ထုတ် နိုင်မည်။ တွက်ချက်မှု အားလုံးနီးပါးက ကမ္ဘာကြီးမှာ စွမ်းအင် ပိုလျှံနေ သောကြောင့် ပူနွေးမှု မြင့်တက် နေခြင်း ဖြစ်ကြောင်း ဖော်ပြ နေကြသည်။ သို့သော် ရာသီဥတု အဖြစ်အပျက်များက အချိန်နဲ့ အမျှ ပြောင်းလဲ နေရာ ပိုလျှံ စွမ်းအင်များ မည်သည့် အကြောင်းများကြောင့် ထွက်နေသည်ကို အတိအကျ ထောက်ပြဖို့ရာ ခက်ခဲနေဆဲ ဖြစ်သည်။ ထို့အတူ ပိုလျှံနေသော စွမ်းအင်များ သုံးစွဲပစ်မည့် ရင်းမြစ်များကို အတိအကျ ဖော်ထုတ်ပေးရန်လည်း ရှုပ်ထွေးနေဆဲ ဖြစ်သည်။

ကမ္ဘာကြီး ပူနွေးရခြင်းသည် စွမ်းအင်ပို များရှိနေခြင်းကြောင့်ဖြစ်ကြောင်း သီအိုရီအရ ရှင်းလင်းထင် ရှားနေသည်။ သို့သော် လက်တွေ့မှာကား အသေးစိတ် ထောက်ပြဖို့ လွန်စွာ ခက်ခဲနေဆဲဖြစ်သည်။ အဖြစ်အပျက်များက အချိန်နဲ့အမျှ ပြောင်းလဲနေသည်။ Earth’s Energy Balance (ကမ္ဘာကြီး ၏ စွမ်းအင် အတိုးအလျော့) ဟူသော စစ်တမ်းကို သိပ္ပံပညာရှင် ကီဗင်ထရန်းဘာ့သ်၊ ဂျွန်ဖယ်ဆူလိုနှင့် မက်ဒါလီနာ ဘယ်မာဆီဒါတို့ သုံးဦး ထုတ်ပြန် ထား သည်။ စစ်တမ်းထဲတွင် အဖြေရှာရမည့် မေးခွန်းများ ပါသည်။ ကမ္ဘာကြီး၏ စွမ်းအင် အတိုးအလျော့ကို ပေတံနဲ့ တိုင်းသလို တိုက်ရိုက်တိုင်း ယူလို့ ရနိုင် မည်လား။စွမ်းအင်များ ဘယ်က ထွက်သည်ကို အတိအကျ တွက်ချက် ဖော်ပြနိုင်မည်လား။ စွမ်းအင်များ မည်သည့် နေရာများသို့ ရောက်ရှိကာ ကုန်ဆုံး သွားကြသည်ကို အတိအကျ တွက်ထုတ်နိုင်မည်လား။

ရှိထားပြီးသား သမုဒ္ဒရာများ ဆိုင်ရာ ခွဲခြား သုံးသပ်ချက်များကို ၎င်း တို့ အသုံးပြုသည်။ ထိုသုံးသပ်ချက် များကို ရာသီဥတုပုံစံ အမျိုးမျိုးနှင့် ယှဉ်ထပ်ကာ ချိန်ထိုးတွက် ချက်ကြည့်ကြသည်။ ရလာသော ကိန်းဂ ဏန်းများကို ဂြိုဟ်တု တိုင်းတာရေးများက ရထားသော ကမ္ဘာ့ စွမ်းအင် အတိုး အလျော့ ကိန်းဂဏန်းများ နှင့် တိုက်ဆိုင် စစ်ဆေးသည်။ ထို့နောက် ကွန်ပျူတာဖြင့် ရေးဆွဲ ထားသည့် ရာသီဥတု ပုံစံများထဲ ထည့်သွင်းကာ သက် ရောက်မှုကို တွက်ချက် ကြည့်သည်။

ထိုအခါ ကမ္ဘာ့ စွမ်းအင် အတိုးအလျော့သည် တစ်လပြီး တစ်လ အတိုးအလျော့ အပြောင်းအလဲ ရှိကြောင်း တွေ့ခဲ့ရသည်။ နေစွမ်းအင်အတိုး အလျော့ပေါ် မူတည်၍လည်း ကမ္ဘာ့ စွမ်းအင် အတိုး အလျော့ပြောင်းလဲမှု ရှိကြောင်း တွေ့ရသလို စွမ်းအင်ကို အဓိက စုပ်ယူသုံးစွဲသည့် ပင်လယ်သမုဒ္ဒရာ များ၏ ပြောင်းလဲမှုများကိုလိုက်၍လည်း ကမ္ဘာ့ ကြီးတွင် စွမ်းအင်အပို ပမာဏ အတက်အကျရှိသည်ကို တွေ့ရသည်။

တစ်ကမ္ဘာ့ လုံး အတိုင်းအတာဖြင့် ရေခဲပြင်များ အရည်ပျော်ရန် သုံးလိုက်ရသည့် စွမ်းအင်၊ ပင်လယ်ပြင်က စုပ်ယူ သုံးစွဲသည့် စွမ်းအင်၊ ပင်လယ်ပြင် အနက်ပိုင်းများထိ ရောက်ရှိသွားသည့် စွမ်းအင်၊ အာတိတ် ဒေသက ရေခဲပြင်များ မြန်ဆန်စွာ ပျော်ဆင်းနေခြင်းမှ သုံးနေသည့် စွမ်းအင်စ သဖြင့် တစ်ကမ္ဘာလုံးက သုံးလိုက်သည့် စွမ်းအင်များကို တွက်ချက်ကြည့်သည်။ သို့ဖြစ်သည့်တိုင် နေမှရလာသော စွမ်းအင်ကို ကုန်အောင် မသုံးစွဲနိုင် သဖြင့် ကမ္ဘာကြီးထဲမှာ စွမ်းအင့်ပို များ ကျန်ရှိနေကြောင်း တွေ့ရသည်။ ထိုစွမ်း အင်ပိုများ မည်သည့်နေရာ ရောက်သွား သနည်းကို နောက်ကြောင်း ထပ်လိုက်တွက် ချက်ကြည့်ကြသည်။

ပင်လယ်ပြင် အပူချိန်ဆက်လက်မြင့်တက် နေသလို ပင်လယ်ရေ မျက်နှာပြင်လည်း ဆက်လက်မြင့် တက်နေခြင်းကို ကြည့်ခြင်းဖြင့် ကမ္ဘာကြီး မှာ အပူစွမ်းအင်ပိုလျှံနေသေးခြင်းကို မြင်နိုင်သည်။ ပင်လယ်ပြင်က စုပ်ယူ အသုံးပြုသည့် စွမ်းအင်ပမာဏကို ယခု ထိတိုင် တိကျစွာ မတွက်ချက်နိုင်သေး။ အထူးသဖြင့် ပင်လယ်ရေအောက် ဟိုးအနက်ထဲတွင် စွမ်းအင်များမည်မျှ သုံးစွဲချေဖျက်ပစ် နေသည်ကို မတွက်ချက် နိုင်သေး။ အားကိုးလောက်သော တိုင်းတာရေး ပစ္စည်းများ လုံလောက်စွာ မရှိသေးခြင်းသည် တွက်ချက်မှု ချို့တဲ့နေရခြင်း အကြောင်းရင်းဖြစ်သည်။ ထိုအပိုင်း ကိုသာ ပြည့်စုံစွာ တွက်ချက် နိုင်မည် ဆိုပါက ကမ္ဘာကြီး၏ စွမ်းအင် အတိုးအလျော့ ပုစ္ဆာကို ပြည့်စုံအောင် ဖြေရှင်းနိုင်မည်ဟု ကီဗင်ထရန်း ဘာ့သ်၊ ဂျွန်ဖယ်ဆူလို နှင့် မက်ဒါလီနာ ဘယ်မာဆီဒါ တို့ သုံးဦး၏ စစ်တမ်း က ဆိုသည်။ ပင်လယ်ရေ နက်ပိုင်းတွင် စွမ်းအင်သုံး စွဲမှုများကို လုံလောက်အောင် တွက်မထုတ်နိုင် သေးခြင်းသည် အာတိတ်ဒေသ အပူတိုးကာ ရေခဲပြင် အရည်ပျော်နှုန်းများ မြန်ဆန်လာခြင်း ပြဿနာကို အဖြေရှာ မရသေးခြင်း လက်သည် လည်း ဖြစ်သည်။

ကမ္ဘာကြီး အပူချိန် အတိုးအလျော့ တိကျစွာ တွက်ထုတ်နိုင်ဖို့ ပညာရှင်များ ဆက်လက် ကြိုးပမ်း နေကြ သည်။ ဂြိုဟ်တု တိုင်းတာရေး အချက် အလက်များ၊ အာရုံခံကိရိယာ များ၊ လေထု ဖွဲ့စည်းပုံ တိုင်းတာရေး၊ လေထု ထဲပါနေသော ဓာတ်ပစ္စည်းများ တွက်ချက်ရေး၊ တိမ်များ၊ ပင်လယ်သမုဒ္ဒရာ များ၊ ရေခဲ ပြင်၊ ရေခဲတောင်များစသဖြင့် ကမ္ဘာကြီးပေါ် က စွမ်းအင်သုံးစွဲသူ အားလုံးကို ထောင့်စုံအောင် တိုင်းတာ ထည့်သွင်း နိုင်အောင် ဆက်လက် ကြိုးပမ်းကြ ရမည်ဖြစ်သည်။ သို့မှသာ ကမ္ဘာကြီးသည် နေမှ စွမ်းအင် မည်မျှရလာ သည်၊ ထိုစွမ်းအင်ကို မည်သည့်နေရာများက မည်သို့ သုံးစွဲနေသည်နှင့် လူသားများကြောင့် စွမ်းအင် အပိုမည်မျှ ထပ်ထွက်သည်တို့ကို အတိအကျသိရှိနိုင်ကာ စွမ်းအင်ပိုများ လျော့သွားအောင် မည်သို့သုံးစွဲ ချေဖျက် ပစ်မည်ကို လည်းကောင်း၊ စွမ်းအင်ပိုများ မထွက် အောင် မည်သည့် ရင်းမြစ်များကို ပိတ်ဆို့မည် ကိုလည်းကောင်း ဖော်ထုတ်နိုင်ကာ ကမ္ဘာကြီးပူနွေးမှု ဖြေရှင်းရေးတွင် ခရီးရောက်ကြ မည်ဖြစ်သည်။

Ref: Accounting for global warming requires looking at the oceans by John Abraham (The Guardian)
The Messenger Journal


အမေရိကန်ုနိုင်ငံ အနောက်အလယ်ပိုင်းတွင် ဘေ့စ်ဘောလုံးအရွယ်မိုးသီးများကြွေကျ



အမေရိကန်နိုင်ငံ နက်ဘရာစကာပြည်နယ်တွင် ကြီးမားသောမိုးသီးများကြွေကျခဲ့ပြီး ကားများနှင့် လူနေ အိမ်များ ပျက်စီးခဲ့သည်။ အိုင်အိုဝါပြည်နယ်၌ ကြွေကျခဲ့သော မိုးသီးများသည် နက်ဘရာစကာပြည်နယ် ထက် အပျက်အစီးများ ပိုမိုဖြစ်စေခဲ့သည်ဟု အမေရိကန်သတင်းများ ကဖော်ပြသည်။

အမေရိကန်နိုင်ငံအနောက်အလယ်ပိုင်း ပြည်နယ်များတွင် လေဆင်နှာမောင်း သတိပေးချက်များနှင့်အတူ ရာသီဥတုအခြေအနေဆိုးရွားလျက်ရှိသည်။ ရေကြီးရေလျှံမှုများကြောင့် ဒေသခံများအား ကယ်ဆယ်ရန် လှေများအသုံးပြုနေရသည်။

နက်ဘရာစကာပြည်နယ် ဝီလ်ဘာမြို့တွင် ဘေ့စ်ဘောလုံးအရွယ်အစားရှိ မိုးသီးများကြွေကျခဲ့သည်ကို မျက်မြင်သက်သေတစ်ဦးက ဗီဒီယိုရိုက်ကူးထားနိုင်ခဲ့သည်။ မိုးသီးမုန်တိုင်းကြောင့်ဘလဲမြို့တွင် အနည်း ဆုံး လူ ၂၀ ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်များပျက်စီးခဲ့သည်။

နက်ဘရာစကာပြည်နယ် ဘလဲမြို့ရှိ Woodhouse ကားကုမ္ပဏီတစ်ခုမှ ကားအစီးရေ ၄,၃၀၀ ခန့်သည် မိုးသီးများကြွေကျမှုကြောင့် ကားပြတင်းပေါက်နှင့်ခေါင်မိုးများပျက်စီး သွားခဲ့သည်ဟုသိရ သည်။ ယင်းပျက် စီးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၂ သန်းခန့်ရှိနိုင်သည်ဟု ကားကုမ္ပဏီပိုင်ရှင်ကပြောသည်။

Ref: BBC, WHOTV

နည်းစနစ်ကျကျအတွေးအခေါ်


ဆေးနဲ့ တွဲဖက် မစားသင့်တဲ့ အစာများ

Photo: ဆေးနဲ့ တွဲဖက် မစားသင့်တဲ့ အစာများ
--------------------------------------------------
လူတွေ အများ စုက ဆေးကို ဘယ်အ ရည်နဲ့ မဆို သောက်ရင် ပြီးရော ဆိုပြီး ဖြစ်သလို နေတတ် ကြပါ တယ်။ဒါပေမယ့် ဆေးတွေ မှာလည်း သူတို့နဲ့တွဲဖက် စားမ သုံးသင့်တာတွေ ရှိပါတယ်။အဲဒါ တွေက တော့…
၁။Grape Fruit Juice က ဆေးတွေကို ချေဖျက် စေပါ တယ်။
၂။Orange , tomato Juice ပိုးသတ် ဆေး ပိဋိဇီဝ ဆေးကို ခန္ဒာက စုပ်ယူခြင်းကို နှောက်ယှက် စေပါ တယ်။
၃။ အစိမ်း ရောင်ရှိ ဟင်းသီိး ဟင်းရွက် (ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ကညွန့်…) စတာတွေက vitamin-K ဓာတ်တွေ အများကြီး ပါဝင် ပါတယ်။vitamin-K များတာက သွေးကြဲ ဆေးကို သောက်သူတွေ အတွက် နှောင့်ယှက်ပါတယ်။
၎။ နို့ နဲ့ နို့်ထွက် ပစ္စည်း ဆိုရင် သံဓာတ်စုပ် ယူမှု နှောက်ယှက် စေတာကြောင့် သံဓာတ် အားဆေး နဲ့ သံဓာတ် ချို့တဲ့သူဟာ နို့ နဲ့ နို့ထွက် သောက်ရာမှာ သတိထား သင့်ပါ တယ်။
၅။ Fibers က ဆေးစုပ် ယူမှု ပြောင်းလဲ စေပါ တယ်။ဆေးတိုင်းနဲ့ မတွဲသင့်ပါဘူး။နှလုံးဆေး , Digitals ,Penicillin စတဲ့ ဆေး အချို့နဲ့ တွဲဖက် မစားသင့်ပါဘူး။
၆။ Coffee , Cola စတဲ့ ကာဖင်း ပါတဲ့ အစား အသောက်က ပန်း နာရင် ကျပ်ဆေး အာနိ သင်နဲ့ တူပါတယ်။asthma ဆေး ဖြစ်တဲ့ thephylline စတာသောက်ရင် caffeine မသောက် သင့်ပါဘူး။နိုးကြား စေပါ တယ်။ဒါကြောင့်ဆန့်ကျင်ဘက် ဆေးတွေကို မသုံးသင့်ပါဘူး။
၇။ Wine နဲ့ Cheese တွဲ ဖက်သောက်ရင် စိတ်ဓာတ် ကျရာမှာ သုံးတဲ့Anti-depressant ဆေးရဲ့ မကောင်းတဲ့ အာနိသင် ထက်တောင် ပိုဆိုးနိုင်ပါတယ်။ အခန့် မသင့် ရင် အသက်တောင် သေစေ နိုင်ပါ တယ်။
ကဲ…ဘယ်လိုပဲ ဖြစ်ဖြစ် နော် ဆေးတွေကို ရေနဲ့ သောက်တာ အန္တရာယ် အကင်း ဆုံးပါပဲ……

health digest
K.K(ကနောင်)
 
လူတွေ အများစုက ဆေးကို ဘယ်အရည်နဲ့ မဆို သောက်ရင် ပြီးရော ဆိုပြီး ဖြစ်သလို နေတတ် ကြပါ တယ်။ဒါပေမယ့် ဆေးတွေ မှာလည်း သူတို့နဲ့တွဲဖက် စားမ သုံးသင့်တာတွေ ရှိပါတယ်။အဲဒါ တွေက တော့…

၁။Grape Fruit Juice က ဆေးတွေကို ချေဖျက် စေပါတယ်။

၂။Orange , tomato Juice ပိုးသတ် ဆေး ပိဋိဇီဝ ဆေးကို ခန္ဒာက စုပ်ယူခြင်းကို နှောက်ယှက် စေပါ တယ်။

၃။ အစိမ်း ရောင်ရှိ ဟင်းသီိး ဟင်းရွက် (ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ကညွန့်…) စတာတွေက vitamin-K ဓာတ်တွေ အများကြီး ပါဝင် ပါတယ်။vitamin-K များတာက သွေးကြဲ ဆေးကို သောက်သူတွေ အတွက် နှောင့်ယှက်ပါတယ်။

၎။ နို့ နဲ့ နို့်ထွက် ပစ္စည်း ဆိုရင် သံဓာတ်စုပ် ယူမှု နှောက်ယှက် စေတာကြောင့် သံဓာတ် အားဆေး နဲ့ သံဓာတ် ချို့တဲ့သူဟာ နို့ နဲ့ နို့ထွက် သောက်ရာမှာ သတိထား သင့်ပါတယ်။

၅။ Fibers က ဆေးစုပ် ယူမှု ပြောင်းလဲ စေပါ တယ်။ဆေးတိုင်းနဲ့ မတွဲသင့်ပါဘူး။နှလုံးဆေး , Digitals ,Penicillin စတဲ့ ဆေး အချို့နဲ့ တွဲဖက် မစားသင့်ပါဘူး။

၆။ Coffee , Cola စတဲ့ ကာဖင်း ပါတဲ့ အစား အသောက်က ပန်း နာရင် ကျပ်ဆေး အာနိ သင်နဲ့ တူပါတယ်။asthma ဆေး ဖြစ်တဲ့ thephylline စတာသောက်ရင် caffeine မသောက် သင့်ပါဘူး။နိုးကြား စေပါ တယ်။ဒါကြောင့်ဆန့်ကျင်ဘက် ဆေးတွေကို မသုံးသင့်ပါဘူး။

၇။ Wine နဲ့ Cheese တွဲ ဖက်သောက်ရင် စိတ်ဓာတ် ကျရာမှာ သုံးတဲ့Anti-depressant ဆေးရဲ့ မကောင်းတဲ့ အာနိသင် ထက်တောင် ပိုဆိုးနိုင်ပါတယ်။ အခန့် မသင့် ရင် အသက်တောင် သေစေ နိုင်ပါ တယ်။

ကဲ…ဘယ်လိုပဲ ဖြစ်ဖြစ် နော် ဆေးတွေကို ရေနဲ့ သောက်တာ အန္တရာယ် အကင်းဆုံးပါပဲ……

Health Digest


ကုသိုလ်စိတ်ဖြင့် စားကြည့်ပါ


ခံတွင်းမတွေ့ တဲ့အခါမျိုး(သို့ မဟုတ်)မိမိစိတ်နှင့် အကြိုက်မတွေ့ တဲ့အခါမျိုးတွေမှာ ထိုအစာ စားကို “ ဟွန့် ဘယ်လို လက်ရာကြီး မှန်း မသိဘူး၊ မြိုချလို့ ကို မရဘူး၊ တောလက်ရာကြီး၊ ဘာလိုနေ မှန်းကို မသိဘူး၊ စားဖူးသမျှထဲမှာတော့ အညံ့ဆုံးဘဲ ” စသည်ဖြင့် ချက်ပြုတ်ပြင်ဆင်ပေးသူကို
ငြိုငြင်မိတာမျိုး ကြုံဖူးကောင်း ကြုံဖူးကြမှာပါ။ ထို့ နည်းတူ မိမိအကြိုက်နဲ့  ကိုက်ညီတဲ့အခါမျိုးမှာေ တာ့ “ ကောင်းလိုက်တာ… ဂွဒ်ရှယ်ဘဲ… နောင်လဲ အဲလို အရသာရှိတာလေးတွေ လုပ်ေ ကျွးဦးေ နာ် ” ဆိုပြီး ပူဆာတတ်ပြန်ပါ တယ်။


တရားသဘောအရ ဆင်ခြင်ကြည့်မယ်ဆိုရင်ဖြင့် အစားအစာပေါ်ငြိုငြင်စွာ စားသောက်ခြင်း က “ ဒေါသ (အ)ကုသိုလ် စိတ်ဖြင့် စားနေခြင်းသာ ဖြစ်ပါတယ် ” တကယ်တော့ လက်ရာဘယ်ေ လာက် ပင် ညံ့နေပါစေ… “ ကိုင်း စားပြီးတော့လဲ ပြီးသွားတာပါဘဲ၊ အလုပ်တစ်ခု ပြီးသွားတာေ ပါ့၊ စားမကောင်းလို့ အာသာမပြေသေးလဲ ဌက်ပျောသီးလေး … ဒါမှမဟုတ် ကော်ဖီလေး ဖြစ်ဖြစ် ကြိုက်တာ တစ်ခုခုစားလိုက်ရင် တင်းတိမ်သွားမှာဘဲလေ ” ဟူ၍ ထိုအစာပေါ် ငြိုငြင်စိတ် ကို တိကနဲ ဖြတ်ချသင့်ပါတယ်။ ဒါဆိုရင် ဒေါသ(အ)ကုသိုလ်စိတ်လည်း ပျောက်သွားမှာဖြစ်သလို၊ မိမိအတွက် အစားအစာတွေကို ချက်ပြုတ်ပြင်ဆင်ပေးသူ အပေါ်မှာ ၀စီကံ မနောကံ တို့ ဖြင့် မမှားမိစေတော့ပါဘူး။

အဲ…အစားအစာပေါ် တပ်မက်ခုံမင်စွာဖြင့် စားသောက်ခြင်းကလည်း တရားသဘောအရရှုရင်
“ လောဘ (အ)ကုသိုလ်စိတ်ဖြင့် စားနေခြင်းသာ ဖြစ်ပါတယ် ” ဥပမာ ကြက်သားဟင်း လက်ရာေ လး က စားကောင်းတယ်ဆိုပါစို့ …ကောင်းလိုက်တာ…နောင်လဲ အဲလိုမျိုး ခဏခဏ လုပ်ကျွေးဦးနော်…လို့ တောင်းဆိုလိုက်ခြင်းက လောဘစိတ် တက်နေလို့ ပါဘဲ။ ဒါ့ပြင် လူသား တို့ အာဟာရ ဖြစ်စေဖို့ အတွက် နောင်လာလတ္တံသောအချိန်မှာ အသက်စတေးရေ တာ့မည်ြ ဖစ်တဲ့၊ လက်ရှိ ပစ္စုပ္ပန်မှာတော့ အသက်ရှိနေသေး သော ကြက်သတ္တ၀ါတွေအပေါ် သွယ်ဝိုက်ေ သာနည်းအားဖြင့် မနောကံ ၀စီကံတို့ ဖြင့် ငရဲယူလိုက်ခြင်းသာ ဖြစ်ပါတယ်။

တကယ်တမ်း စဉ်းစားကြည့်တဲ့အခါမှာ ကြိုက်လို့ စားသည်ဖြစ်စေ၊ မကြိုက်ဘဲ စားနေရသည်ဖြ စ်စေ ခံတွင်းထဲကအစာတွေကို မျိုချပြီးတဲ့နောက်မှာတော့ ယင်းအစာများအားလုံးဟာ လည်ေ ချာင်း-အစာအိမ်-အူသိမ်-အူမ တွေထဲ အဆင့်ဆင့်ကျော်ဖြတ်ပြီး၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရကိုစုပ်ယူ နောက်ဆုံးမှာတော့ မလိုအပ်တာတွေကို ဆီး၊ ၀မ်း၊ သွေး၊ ချွေး၊ ချွဲသလိပ်၊
ပြည်ပုပ်တွေအဖြစ် စွန့် ထုတ်ပစ်လိုက်ရတာပါဘဲ။ ဒါကြောင့် ၁-ထွာ ၁-မိုက်တောင် မရှည်တဲ့ လျှာတစ်ချောင်းပေါ်မှာ ချို-ချဉ်-စပ်-ဖန်-ခါး-ဆိမ့် တွေကို အာခေါင်နှင့်ပွတ်ချေကာ အရသာခြံ ပီး လောဘ ဒေါသတွေနှင့် မစားကြဘဲ၊
ကုသိုလ်စိတ်ဖြင့်သာ စားကြည့်ပါလို့  တိုက်တွန်းလိုက် ပါရစေရှင်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)


သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေး စိတ်ပျက်ဖွယ်အဆင့်သို့ ရောက်နေဟုဆို


သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေး ပြောနေသော စကားမှာ ယခုချိန်ထိ ဘာမျှဖြစ်မလားသေးသည့် အတွက် အားမလိုအားမရ ဖြစ်ခြင်းများအပြင် စိတ်ပျက်ရသော အဆင့်သို့ ရောက်ရှိနေသည်ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးသောင်းဝင်းက ပြောသည်။

“အခုလက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတာကတော့ အစိုးရနဲ့ သက်ဆိုင်တဲ့ ၀န်ဆောင်မှုတွေ သုံးစွဲတဲ့ အခါကို ကြည့်လိုက်ရင် ယခင် စစ်အစိုးရ လက်ထက်နဲ့ ထူးမခြားဘဲ အခုချိန်ထိ ဟိုရုံးသွားလည်း ပိုက်ဆံပေးရတယ် ဒီရုံးသွားလည်း ပိုက်ဆံပေးရတယ် ရန်ကုန်မြို့ပေါ်က လမ်းတွေကို ကြည့်လိုက်ရင်လည်း လမ်းပိတ်ဆို့မှုတွေက မြင်မကောင်းဘူး။ အဲ့ဒါတွေ အားလုံးကို သုံးသပ်ပြီး ခြုံကြည့် လိုက်မယ်ဆိုရင် စစ်အစိုးရ လက်ထက်နဲ့ သမ္မတကြီးရဲ့ သုံးနှစ်ကျော် သက်တမ်းမှာ ဘာမှကွာခြားမှု မရှိသလို တွေ့ရပါတယ်” ဟု ပြည်ထောင်စု ဒီမိုကရေစီ ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးသောင်းဝင်းက ပြောခဲ့သည်။

၂၀၁၀ခုနှစ် ရွေးကောက်ပွဲ အပြီးတွင် သမ္မတကြီး၏ လုပ်ပုံကိုင်ပုံ ပြောဆိုပုံများမှာ လက်ခံနိုင်သည့် ပမာဏရှိသည့် အတွက် ထောက်ခံခဲ့သည့် ပါတီများ ရှိခဲ့သော်လည်း ယခုအခါ သမ္မတကြီး၏ သုံးနှစ်ကျော် သက်တမ်းအား ပြန်လည်ကြည့်ပါက ယခုချိန်ထိ အဓိက ပြောင်းလဲမှုများ ဖြစ်သည့် တိုင်းပြည်၏ အောက်ခြေ ပြည်သူလူထု၏ ဘ၀မှာ စစ်အစိုးရ လက်ထက်မှ ဘ၀နှင့် ထူးမခြားနား ရှိနေကြောင်း တွေ့ရသည်ဟုလည်း ဦးသောင်းဝင်းမှ ဆက်၍ပြောခဲ့သည်။

“သမ္မတကြီးရဲ့ လှုပ်ရှားမှုတွေမှာ အားမရတာတော့ ရှိတာပေါ့။ ဒါပေမဲ့လည်း သူ့လက်ထက်မှာ ပြုပြင် ပြောင်းလဲရေးတွေ ရှိလာတာကိုတော့ သတိပြုရမှာပေါ့လေ။ ပြီးတော့ သူလည်းလုပ်နိုင်တဲ့ အင်အား အတိုင်းတာ အလိုက် လုပ်ကိုင်နေတယ်လို့ မြင်ပါတယ်”ဟု နိုင်ငံရေး စောင့်ကြည့် လေ့လာသူ ဦးသက်နိုင်တိုးက ပြောပြခဲ့သည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် သမ္မတကြီးမှ အောက်ခြေခြစား ၀န်ထမ်းများအား မရှိအောင် ထပ်ဖန် တစ်လဲလဲ ပြောနေသော်လည်း အပြောရှိ၍ လက်တွေ့တွင် ဘာမျှဖြစ်မလာသည့် အတွက် ပြောင်းလဲမှုဆိုတာ သုံးနှစ်ကျော် ကာလအတွင်း ဘာမျှပြောင်းလဲခြင်း မရှိသဖြင့် သမ္မတကြီးအား အားမလိုအားမရ ဖြစ်နေရကြောင်း ဦးသောင်းဝင်းက ပြောခဲ့သည်။
 
Tomorrow news journal

ဆရာဝန်ဘွဲ့ရထားသူများကို ဘွဲ့ရနံပါတ်စဉ်အလိုက် အလုပ်ခန့်ထားမည်မဟုတ်ဟု ကျန်းမာရေးဒုဝန်ကြီးဆို



နေပြည်တော်၊ ဇွန် ၅

ဆရာဝန်ဘွဲ့ရ ကျောင်းသားများကို ဘွဲ့ရနံပါတ်စဉ်အလိုက် အလုပ်ခန့်ထားပေးရန် အစီအစဉ် မရှိဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်က ပြောသည်။

သို့သော် "ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့မှာ တာဝန်ထမ်းဆောင် လိုတဲ့ မည်သည့်အရာရှိဝန်ထမ်းမဆို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှတစ်ဆင့် ခေါ်ယူသော ရာထူးနေရာများအတွက်ဖြေဆိုအောင်မြင်သူများကို သာခန့်ထားပါတယ်”ဟု
၎င်းက ဆက်ပြောသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းမေးမြန်းသော မေးခွန်းကို ၄င်းက
ယင်းသို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ခွင့်ပြုဖွဲ့စည်းပုံရှိသည့် အတိုင်းသာ ခန့်အပ်ပေးနိုင်မည်ဖြစ်ပြီး၊ ပြုန်းတီးအင်အားနှင့် အသစ်တိုးအင်အားကို ချိန်ဆ၍ မွေးထုတ်ပေးလျက်ရှိပါကြောင်းနှင့် အစိုးရဝန်ထမ်း အဖြစ်ဆောင်ရွက် လိုခြင်းမရှိသော်လည်း ပြင်ပတွင်အခြားသောကျန်းမာရေးဝန်ဆောင်မှု
လုပ်ငန်းများကိုသာ လုပ်ဆောင်လိုသော ဆရာဝန်များလည်းရှိနေပါသည်ဟု
ဒုတိယ၀န်ကြီးက ဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကအဆိုပါ မေးခွန်းနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ကို အမြင့်ဆုံးသတ်မှတ်ချက်ဖြင့်ဆေး တက္ကသိုလ်တက်ရောက်ခွင့်ရရှိခဲ့ကြသော ထူးချွန်ထက်မြက်သည့်
အနာဂတ်မျိုးဆက်သစ် လူငယ်များသည် ဆရာဝန်ဘွဲ့ရရှိအောင် ၆/၇ နှစ်ခန့်
စာတွေ့နှင့်လက်တွေ့များကိုပါ သင်ကြားခဲံရကြောင်း၊၎င်းအပြင် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန်အတွက် ရေးဖြေ၊ နှုတ်ဖြေ၊ အရည်အချင်းစစ်
စာမေးပွဲများဖြင့် ဦးရေ ကန့်သတ်ခေါ်ယူလျက်ရှိရာနှစ်ကြီးဘွဲ့ရကျောင်း သားများပင် လုပ်ငန်းခွင်မဝင်ရောက်နိုင်ဘဲ ရှိနေကြကြောင်း၊ လုပ်ငန်းခွင်သို့ဝင်ရောက်ခွင့်အတွက် ထပ်မံစစ်ဆေးခြင်းမှာဆရာဝန်ထုတ်လုပ်မှုများပြီး အလုပ်ခန့် အပ်နိုင်မှု နည်းခြင်း ကိုသက်သေပြနေပြီး နိုင်ငံ၏ အထက်မြက်ဆုံး လူငယ်၊ လူရွယ်များအနေဖြင့်
လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်မှု ကန့်သတ်တားဆီးခံနေရပြီး အချိန်ဖြုန်းတီး
သကဲ့သို့ ဖြစ်နေရခြင်းမှာ နိုင်ငံတော်အနေဖြင့် လည်းကောင်း၊ဘွဲ့ရလူငယ်
များအနေဖြင့် လည်းကောင်း အလွန်နစ်နာပါကြောင်းတို့ကိုပါ တင်ပြပြော
ဆိုခဲ့သည်။

စိုင်းလမင်း
Popular Myanmar News Journal


အနုပညာနှင့်နိုင်ငံရေး


- ဇာဂနာ

တစ်ခါက နိုင်ငံခြား သတင်းထောက် တစ်ဦးက ဇာဂနာဆိုတာ နိုင်ငံရေး သမားလား အနုပညာ သမားလားဟု မေးဖူးသည်။

ကျွန်တော်က မဆိုင်းမတွပင် အဖြေပေးလိုက်တော့ သူတို့ သဘောကျသွား၏။ “နိုင်ငံရေး အရသာကဲသော အနုပညာသမား”လို့။ တစ်ချို့က နိုင်ငံရေးနှင့် အနုပညာကို သပ်သပ်ခွဲ ထုတ်စေချင်သည် နိုင်ငံရေးနှင့် အနုပညာ မတူပါဟု ဆိုကြ၏။

၁၉၈၈ ခုနှစ် တော်လှန်ရေး ကာလက သပိတ်မှောက် ကော်မီတီတွေဖွဲ့တော့ ဆရာဦးဝင်းတင်က စာပေနဲ့ အနုပညာရှင်များ ကော်မီတီ (နောက်တော့ စာပေနှင့် အနုပညာရှင်များ သမဂ္ဂ)လို့ ကင်ပွန်းတပ်ခဲ့သည်။ စာပေ နှင့် အနုပညာ မတူဟုဆို၏။

ယခင်ကလည်း အနုပညာသည်များကို ၀ါဂီနစ်ဟု ခေါ်ခဲ့ကြဖူးသည်။ နစ္စ ဂီတ ၀ါဒိတဟူသော ဘုရားစာထဲက စာသုံးလုံးကို အဖျားဆွတ်ခေါ်ခြင်း ဖြစ်မည်။ မည်သို့ဆိုစေ တီးမှုတ်ကခုန် သီဆိုနေသူများကို ၀ါဂီနစ်များဟု သုံး နှုန်းခြင်းဖြစ်၏။ ဒီနေ့ခေတ် အခါမှာတော့ သဘင်၊ ရုပ်ရှင်၊ ဂီတ သုံးခုလုံးကို အနုပညာရှင်များဟုပင် သုံးစွဲနေကြလေပြီ။

ခေတ်အဆက်ဆက် အနုပညာသည်များကို နိုင်ငံရေးသမားတွေက အသုံးချသွားတာချည်း ဖြစ်သည်။ အနုပညာသည်များ၏ နဂိုဓတ်ခံကိုက ပျော့ညံ့တတ်သည်။ စိတ်ခံစားမှုကို ရှေ့မှာတင်ထား တတ်သည်။ ခံစားစရာရှိလျင် အလွန်အကျွံ။ ဒါကိုသိသော နိုင်ငံရေးသမားတို့က အနုပညာရှင်တွေကို ကောင်းကောင်း ခိုင်းစားကြသည်။ သူတို့အတွက် လက်နက်သဖွယ် အသုံးချကြသည်။

ဦးနေ၀င်း လက်ထက်မှာ အင်းလျားလိတ် ဟော်တယ်ထဲ ပွဲဝင်ကြမ်းဖူးသည်။ ပြီးတော့ စတီရီယို အဆိုတော်တွေ အားလုံး သီချင်းဆိုခွင့်တွေ ပိတ်တော့၏။ ဒီမှာတင် ရေဒီယို အဆိုတော် တစ်ခေတ် ဖြစ်လာတော့၏။ သို့တစေ စီးလာသည့် ရေကို မတားဆီးစကောင်း။ လူတွေ နားထဲမှာ စတီရီယိုကို တမ်းတနေသည်။ ချင်ခြင်းတပ်နေပြီ။

ဒီတော့လလည်း လွယ်သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအတွက် မဲဆွယ်ဖို့ အနုပညာရှင်တွေကို ခေါ်ခိုင်းလိုက်တော့သည်။ စတီရီယို အဆိုတော်တွေကို စင်ပေါ်ပြန်တက် စေခဲ့သည်။ အောင်ကိုလတ်၏ မဲရုံသီချင်းက ၀က်ဝက်ကွဲ ပေါက်ခဲ့ချေပြီ။

“ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုရေး၊ ဆန္ဒပေး ဆန္ဒပေး ဆန္ဒပေးကြဟေ့၊ သမိုင်းတစ်ခေတ် ဆန်းသစ်ခဲ့ပြီလေ တို့ဥပဒေ တို့ရေးဆွဲလို့ ဖြစ်လာပြီလေ ကိုယ့်ကြမ္မာကိုယ် ဖန်တီရမယ့် ခေတ်ကိုသာလေ ရောက်ခဲ့ပေါ့လေ” ဆိုသော သီချင်းကား မြန်ပြည်အနှံ့ ခြေဆန့်ခဲ့ချေပြီ။ မကြားချင်မှ အဆုံး။ ရုပ်ရှင် မင်းသား မင်းသမီးတွေကို ရပ်ကွက်ထိပ်က ကလေးကစားကွင်းထဲတင် သွားကြည့်လို့ ရခဲ့သည်။ ကျွန်တော်တို့ လမ်းထိပ်မှာ ကျော်ဆွေလည်း လာသည်၊ ၀င်းဦးလည်း ပါသည်။ ဒီလိုနှင့် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို အတည်ပြုလိုက်နိုင်ပေသည်။

တစ်ဖက်မှာတော့ တိုင်းရင်းသား အရေးကို မျက်ကွယ်ပြုထားလိုက်သည်။ တန်းတူညီမျှရေး အတွက် တိုက်ပွဲဝင်နေကြရသော တိုင်းရင်းသားတွေကို ဖယ်ထုတ်ပြီးသည့် ဥပဒေကို အတည်ပြု ပစ်လိုက်သည်။ တိုင်းရင်းသားတွေကို တိုက်ပွဲမျိုးစုံဆင်ပြီး ဒီဥပဒေကို အတည်ပြု ပစ်လိုက်သည်။ အနုပညာရှင်တွေကတော့ ဘာမှမသိ။ ဆိုကြ ကကြ ဟောပြောကြနှင့် ပျော်လို့ကောင်းနေတုန်း။

ဒီလိုနှင့် မဆလ အစိုးရဆိုတာကြီး ပေါ်ပေါက်လာတော့သည်။ စတီရီယို တေးသံရှင်တွေကို ဘောင်းဘီဝတ်ပြီး သီချင်းမဆိုရဟု ပိတ်ပင် လိုက်ပြန်၏။ မှတ်မိနေသေးသည်။ ပလေဘွိုင် သန်းနိုင်ကြီး မင်းသားဝတ် နှင့် စင်ပေါ်တက်ပြီး (ရွဲ့ )ကာ စတီရီယို သီချင်းတွေ ဆိုခဲ့သေးသည်။ ရုပ်ရှင် ဇာတ်လမ်း စိစစ်ရေးကို ပိုမိုတင်းကျပ် လိုက်တော့၏။ ရုပ်ရှင် ဇာတ်လမ်းတိုင်းမှာ ပြည်သူ့ အကျိုးပြု ဆိုတာ တစ်ခု မပါမနေရ ထည့်ခိုင်းတော့သည်။ အမှန်ကတော့ ဆိုရှယ်လစ် အစိုးရကို ချီးမြှောက်သော ပြကွက်များ ထည့်ခိုင်းခြင်းပင်။

ဒီလိုလုပ်ခဲ့တာတွေ၏ အကျိုးဆက်ကို ၁၉၈၈မှာ မဆလ အစိုးရ ကောင်းကောင်း ခံရတော့သည်။ ၁၉၈၈ခုနှစ် သြဂုတ်လ(၂၂)ရက်နေ့မှာ ရုပ်ရှင် ဂီတ ပညာရှင်များ ပထမဆုံး လမ်းပေါ် စထွက်ခဲ့လေပြီ။ သူတို့ကို ချစ်သော ပြည်သူတွေက သူတို့နောက်က လိုက်လာကြလေပြီ။ ဒီလိုနှင့် သပိတ်မှောက် အင်အား ကြီးထွားခဲ့တော့သည်။

ဒါကို ကောင်းကောင်းသိသော အာဏာသိမ်း စစ်တပ်က အနုပညာရှင်တွေကို ပြန်သိမ်းသွင်းပြန်သည်။ ဖလင်မရှိလို့ ရုပ်ရှင် မရိုက်ရသော ရုပ်ရှင်သမားတွေ အတွက် တပ်မတော် ထောက်လှမ်းရေးက ပိုက်ဆံ ထုတ်ပေးပြီး ပန်းမြိုင်လယ်က ဥယျဉ်မှူး ဇာတ်ကားကို ရိုက်စေခဲ့သည်။ တစ်ဖက်မှာတော့ ၀ဇီရာ ပြဇာတ်ရုံ ထူထောင်ပေးပြီး ပြဇာတ်တွေ ကစေခဲ့သည်။ ရုပ်ရှင်သမားတွေ အူစိုလာတော့ ငြိမ်သွားသည်။ ဂီတသမားတွေကိုလည်း ကန်တော်ကြီးထဲမှာတောင် ဖျော်ဖြေပွဲတွေ လုပ်ခွင့် ပေးလာသည်။ ဇာတ်သမားတွေကိုတော့ ထူးထူးခြားခြား ဘာမှလုပ်မပေးခဲ့။ မှတ်မှတ်ရရ နေ့ခင်းဖက်ပွဲ ကခွင့်ပေးတာမျိုးတော့ ရှိ၏။

သို့သော် သိပ်မကြာချေ။ ဇာတိက ပြလာသည်။ အမျိုးသား ဇာတ်ရုံမှာ ပြဇာတ် ကနေချိန်ဖြစ်၏။ အစိုးရအဖွဲ့ တော်တော်များများ လာကြည့်ကြသည်။ အထူးသဖြင့် အတွင်းရေးမှူး (၁)က ရှေ့ဆုံးက ဖြစ်၏။ ဒါရိုက်တာ မိုက်တီး၏ လူညီညီ မညီညီ ဤဟာဤ ကျွဲဟာကျွဲ ပြဇာတ်ထဲမှာ ကျော်ရဲအောင်က ပရိသတ်ထဲကနေ စင်ပေါ်သို့ ပြေးတက်ရသည့် အခန်းပါ သည်။ မှောင်ထဲမှာ ဆိုတော့ ကျော်ရဲအောင် ပြေးရင်း အတွင်းရေးမှူး(၁) ခြေထောက်ကို ခလုပ်တိုက်မိတော့သည်။ သို့ဖြင့် ကျော်ရဲအောင်ခမျာ ရုပ်ရှင်လောက ကနေ ၃နှစ် နားခိုင်း ခံခဲ့ရရှာသည်။ သူတို့ ဆရာတပည့် နှစ်ယောက် ကံတူ အကျိုးပေးသည်ဟု ဆိုရမည် ဖြစ်သည်။ သူ့ဆရာ (ဦး)သန်းဖေလေးလည်း ပြဇာတ် အကကောင်းလို့ နှစ်အကန့်အသတ်မရှိ အပိတ်ခံ ခဲ့ရပြန်သည်။ ဒါရိုက်တာ ဦးအောင်လွင်၏ ပြဇာတ်တွင် (ဦး) သန်းဖေလေးက အရက်သမား အဖြစ် သရုပ်ဆောင်ရသည်။ ဇာတ်ဝင်ခန်းထဲမှာ သူကြီးသားကို သွားစိန်ခေါ်သည့် အခန်းပါသည်။

(ဟေ့ကောင် မင်းယောကျာင်္း ရင့်မကြီး ဖြစ်နေရက်နဲ့ မိန်းကလေး တစ်ယောက်ကို ဖမ်းချုပ်ထားတာ သတ္တိလားကွ။ မင်းမှာ သတ္တိရှိရင် လာစမ်း၊ ငါနဲ့တစ်ယောက်ချင်း ချမယ်)ဟု ပြောရလေသည်။ ဖြစ်ချင်တော့ သူ့လက်ညှိုးက အတွင်းရေးမှူး(၁)ကို ထိုးပြီး ပြောသလို ဖြစ်သွားသည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်။ ညတွင်းချင်းပင် ဒါရိုက်တာရော သရုပ်ဆောင်ပါ ဖမ်းခံရသည်။ နောက်တစ်နေ့မှာတော့ ဦးသန်းဖေလေးကို သရုပ်ဆောင်ခွင့် ပိတ်လိုက်တော့သည်။ ဟာသမယ် (မ)သန်းရွှေကတော့ ကွယ်လွန်သည်ထိ ရုပ်ရှင် မရိုက်ခဲ့ရရှာ။

ဒီလိုပဲ နိုင်ငံတော် ဧည့်ဂေဟာ(၂) နှင့် ရုပ်ရှင် အစည်းအရုံးမှာ ဒါရိုက်တာတွေကို ခေါ်ပြီး ကြိမ်းမောင်း ခြိမ်းချောက် ခဲ့ဖူးသည်။ အတင်းအကျပ် လက်မှတ်ထိုးခိုင်း ခဲ့ဖူးသည်။

အနုပညာရှင်တွေကား ကြောက်ကြသည်။ ဒါကို အပြစ်မဆိုသာ။ စိတ်ခံစားမှုဖြင့် အလုပ်လုပ်သူတိုင်း ထိုနည်းနှင်နှင်။ ဒီကြားထဲ (ပြည်သူ့သစ္စာဖောက် စာရင်း) ဆိုတာကြီးက ထွက်လာပြန်သည်။ ထိုစာရင်းကို တွေ့တွေ့ချင်း ကျွန်တော် စိတ်တော်တော် ပျက်မိသည်။ တစ်ဖက် နိုင်ငံက ပြုစုတာဟုလည်း ဆိုသည်။ ဒီစာရင်းကို ကိုင်ပြီး စစ်တပ်က အနုပညာရှင်တွေကို ကောင်းကောင်း ခိုင်းစားတော့သည်။ ထိုပြည်သူ့ သစ္စာဖောက် စာရင်းတွင် အထည့်ခံရလို့ ကိုဇင်ဝိုင်း ငိုယို ပေါက်ကွဲ လေသည်။ ၁၉၈၈တုန်းက သူထိပ်ဆုံးက ပါသလို ထိပ်ဆုံးက ဖမ်းခံရသည်။ ခုတော့ ထောက်လှမ်းရေးက ရိုက်သည့် ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့လို့ဟု ဆိုကာ သူ့ကိုသစ္စာဖောက် စာရင်းထဲ ထည့်လိုက်ကြလေသည်။

အမှန်ကတော့ ဒီလိုလုပ်လိုက်ခြင်းက ကိုယ့်ဖက်ကနေ သူ့ဖက်ကို တွန်းပို့လိုက်တာ ဖြစ်၏။ အနုပညာရှင်တွေက စိတ်ပျက်ကုန်ကြသည်။ သူတို့ စစ်တပ်ကိုလည်း ကြောက်သည်၊ နိုင်ငံရေးသမားတွေ ကိုလည်း လန့်ကုန်ကြသည်။ (မှတ်မိသလောက် ထိုစာရင်းထဲတွင် ရုပ်ရှင်မင်းသား မင်းသမီး အဆိုတော် အယောက် ၂၀ကျော်ပါသည်။) ဒီအကျိုးဆက်က ၂၀၀ရ သံဃာ အရေးအခင်းမှာ လာထင်ဟပ်သည်။ သံဃာတော်တွေကို ဆွမ်းကပ်ဖို့ သွားခေါ်တာ ဘယ်သူမှ မလိုက်ရဲတော့။ အနုပညာသည်တွေကို စည်းရုံးလို့ မရခဲ့ချေ။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတွက် ထောက်ခံမဲ ပေးကြဖို့ ရုပ်မြင်သံကြားကနေ ဇာတ်လမ်းတွေ ရိုက်လိုက်၊ သီချင်းတွေ ဆိုလိုက်၊ အငြိမ့်တွေ ကလိုက်ဖြင့် အစိုးရ အလိုကျ ပါဝင်ခဲ့ကြတာသည် အနုပညာရှင်တွေပဲ ဖြစ်သည်။

အခြေခံအားဖြင့် အနုပညာ နှင့် နိုင်ငံရေးသည် သဘာဝ မတူချေ။ အနုပညာက နှလုံးသားကို ဦးစားပေးပြီး နိုင်ငံရေးက ဦးနှောက်ကို ဦးစားပေးသည်။ အနုပညာက စိတ်ခံစားမှုကို လွှတ်ပေးသော်လည်း နိုင်ငံရေးက စိတ်ခံစားမှုကို ဇက်သတ်ထားသည်။ တူတာတစ်ခုက လွတ်လပ်မှုကို မြတ်နိုးကြသည်။ ထိုတူညီမှု တစ်ခုတည်းနှင့်ပင် အနုပညာနှင့် နိုင်ငံရေးတို့ အဆွေခင်ပွန်း ဖွဲ့ကြခြင်းဖြစ်၏။

ကျွန်တော်တို့ ထောင်ထဲက လွတ်လာပြီး နောက်မှာတော့ အခြေအနေ တစ်ချို့ ပြောင်းလာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခြံထဲကို အနုပညာရှင် တော်တော်များများ ရောက်လာသလို ပါတီထဲသို့လည်း ၀င်ကြ၏။ အနုပညာရှင်တွေ နှင့် ၈၈တို့လည်း လက်ပွန်းတတီး။ ချစ်ကြသည်။ ခင်ကြသည်။ သိုင်းကြ ၀ိုင်းကြသည်။ ဒီအတွယ်အတာက ချစ်စရာ ကောင်းပါသည်။ ဒီလို အနေအထားမျိုးကို ဘယ်တုန်းကမှ မရခဲ့။ နိုင်ငံရေး နှင့် အနုပညာ ပေါင်းစည်းကြလေပြီ။ မေတ္တာရပ်ခံ ချင်ပါသည်။ တစ်ချိန်က ပြည်သူ့ သစ္စာဖောက် စာရင်း ထုတ်ပြန်ခဲ့သလို အနုပညာရှင်တွေကို ဖိအားရော တွန်းအားပါ မပေးစေချင်။ အကိုင်အတွယ် မတတ်သော် ကိုယ့်လူကို သူ့ဖက်ပေးလိုက် ရတတ်ပါသည်။

ကျွန်တော်တို့ နှစ်ပေါင်းများစွာ ရင်းပြီး ရလာခဲ့သော သင်ခန်းစာများသည် ဈေးကြီးပါသည်။ လက်ဖ၀ါး လက်ဖမိုး ခွဲမနေပဲ တင်းတင်းဆုပ်ရမည့် အချိန်မှာ လက်တွဲဖြုတ်လိုက်ရလျင် အားယုတ် ရပါလိမ့်မည်။

- ဇာဂနာ
Tomorrow  Journal