24 Jun 2014

ကမ္ဘာ့တန်ဖိုးအကြီးဆုံး အမျိုးသမီးစီး ဖိနပ်များ



အမျိုးသမီးများ၏ ဖက်ရှင်အမျိုးမျိုး ပြောင်းလဲ ဆန်းသစ်လာမှုတွင် ဖိနပ်များ၏ အခန်းကဏ္ဍကလည်း အဓိက နေရာမှ ပါဝင်ခဲ့သည်။

ဖက်ရှင်ရေစီးကြောင်း ခေတ်အဆက်ဆက် ဖြတ်သန်းလာမှုတွင် အမျိုးသမီးစီး ဖိနပ်များကို ဒီဇိုင်းအမျိုးမျိုး၊ ပါဝင်ပစ္စည်း အမျိုးမျိုးဖြင့် ဖန်တီးချုပ်လုပ်လာခဲ့ကြသည်။

ကြွယ်ဝချမ်းသာသည့် အမျိုးသမီးများ၊ နာမည်ကျော် Celebrityများကမူ အဖိုးထိုက် ရတနာပစ္စည်းများ ထည့်သွင်းအလှဆင်ထားသည့် ဖိနပ်များကို ဂုဏ်ယူစွာ ဆင်မြန်းလာခဲ့သည့်နောက် ဒေါ်လာသန်းချီ တန်ဖိုးရှိသည့် ဖိနပ်များကိုပင် ဖန်တီးဝတ်ဆင်လာကြသည်။

ကမ္ဘာ့သမိုင်းတစ်လျှောက် တန်ဖိုးအကြီးဆုံးအဖြစ် ဖန်တီးချုပ်လုပ်ခဲ့သည့် အမျိုးသမီးဖိနပ် (၁၀)စုံကို စုစည်းဖော်ပြအပ်ပါသည်။

၁၀။ Stuart Weitzman Diamond Dream Stilettos



လှပခံ့ညားစွာ ဒီဇိုင်းဖန်တီးထားသည့် ဒေါက်မြင့်ဖိနပ်တွင် အဖြူရောင် စိန်ပွင့် (၁၄၂၀)ထိ ထည့်သွင်းပြီး အလှဆင် ချုပ်လုပ်ထားသည်။

ဝတ်ဆင်သူ၏ ခြေချင်းဝတ်ကို သိုင်းထားသည့် ဖိနပ်ကြိုးတွင် ပါရှိသည့် အဝိုင်းကွင်း အောက်ခံဘောင်များ အပေါ်၌ စိန်ပွင့်များကို မြှုပ်နှံထားခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ်က အော်စကာ ဆုနှင်းသဘင်သို့ မင်းသမီး အေနီကာနိုနီရို့စ် တက်ရောက်ခဲ့စဉ်က အဆိုပါ ဖိနပ်များကို စီးနင်းဝတ်ဆင်ခဲ့ဖူးသည်။

ဖိနပ်တစ်ရန်၏ တန်ဖိုးမှာ ဒေါ်လာ ၅၀၀,၀၀၀ ထိ ကျသင့်ကြောင်းလည်း သိရသည်။

၉။ Original Ruby Slippers from “The Wizard of Oz”



The Wizard of Oz ဇာတ်ကားတွင် ထည့်သွင်းအသုံးပြုရန် သီးသန့်ချုပ်လုပ်ခဲ့သည့် ဖိနပ်လေးများ ဖြစ် သည်။

စုစုပေါင်း ဖိနပ်သုံးရန်သာ ချုပ်လုပ်ဖြစ်ခဲ့ပြီး ဖိနပ်တစ်ရန်မှာ အခိုးခံလိုက်ရပြီး ယနေ့တိုင် ပြန်မတွေ့တော့ ချေ။

အနီရောင်ဘော်ကြယ်များ ထိုးထားပြီး ကျောက်နီလေးများ စီခြယ်ကာ ဖိနပ်တစ်ဖက်စီတွင် မြကျောက်(၃) လုံးစီဖြင့် အလှဆင်ထားသည့် ဖိနပ်လေးများအနက် တစ်ရန်ကို Smithsonian အမျိုးသား သမိုင်းပြတိုက်၌ ပြသထားသည်။

အဆိုပါ ဖိနပ်ကလေးများ၏ တန်ဖိုးမှာ ဒေါ်လာ ၆၆၆,၀၀၀ မျှ ကျသင့်သည်။

၈။ Stuart Weitzman Retro Rose Pumps



Stuart Weitzman၏ နောက်ထပ် တန်ဖိုးကြီး ဖိနပ်လက်ရာ တစ်ခုဖြစ်ပြီး ဒေါ်လာတစ်သန်းမျှ ဈေးနှုန်းကျ သင့်သည်။

ဖိနပ်၏ ရှေ့ပိုင်း၌ တပ်ဆင်ထားသည့် နှင်းဆီပန်းပွင့်ကြီးများပေါ်တွင် အဖြူရောင်စိန်ပွင့် ၁,၈၀၀ မျှကို မြှုပ်နှံထားသည်။

ထို့အပြင် ဖိနပ်၏ ကိုယ်ထည်ကို သီးခြားအလှဆင်ရန် စိန်ပွင့် ၄၀၀ မျှကိုလည်း ထပ်မံ အသုံးပြုထားသေး သည်။

၇။ Stuart Weitzman Marilyn Monroe Shoes



ကျက်သရေရှိစွာ လှပနေသည့် အဆိုပါ ဖိနပ်လေးများ၏ အမည်ကို တစ်ချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည့် ဟောလိဝုဒ်မင်းသမီး မာရီလင်မွန်ရိုး၏ အမည်ကို အစွဲပြုပြီး Stuart Weitzman က မှည့်ခေါ်ခဲ့သည်။

Swarovski က သွေးထားသည့် ရောင်စုံကျောက်များကို ဖိနပ်၏ရှေ့ဘက်ရှိ ပန်းပွင့်ကြီး၏ ဗဟိုတွင် ထည့် သွင်း တပ်ဆင်ထားသည်။ အဆိုပါ ကျောက်များသည် မွန်ရိုးဝတ်ဆင်ခဲ့သည့် နားဆွဲများမှ ကျောက်များဖြစ် ကြောင်းလည်း Stuart Weitzman က ကြေညာခဲ့သည်။

၂၀၀၅ ခုနှစ် အော်စကာ ဆုနှင်းသဘင်တွင် ရက်ဂျီနာကင်းက ယင်းဖိနပ်များကို ဂုဏ်ယူစွာ စီးနင်းခဲ့ဖူး သည်။ လေလံပွဲတစ်ခုတွင် ယင်းဖိနပ်များကို လက်လွှဲရောင်းချခဲ့ရာ ဒေါ်လာတစ်သန်းထိ ရရှိခဲ့သည်။

၆။ Stuart Weitzman Platinum Guild Stilettos

ဖိနပ်၏ ကြိုးများပေါ်တွင် အဖြူရောင် စိန်ပွင့် ၄၆၄ ပွင့်ကို ဒီဇိုင်းဖော် အလှဆင်ထားသည်။

ထူးခြားချက်မှာ အနုစိတ် အလှဆင်ထားသည့် စိန်ထည်များကို လည်ဆွဲ၊ လက်ကောက်ကြိုး အစရှိသည့် လက်ဝတ်ရတနာ ပစ္စည်းများအသွင် ပြောင်းလဲ အသုံးပြုနိုင်ခြင်း ဖြစ်သည်။

၂၀၀၂ ခုနှစ်က အော်စကာဆုပေးပွဲသို့ တက်ရောက်ချိန်တွင် လော်ရာဟာရင်း စီးနင်းခဲ့ဖူးသော ဖိနပ်၏ တန်ဖိုးမှာ ဒေါ်လာ ၁ ဒသမ ၀၉ သန်း ဖြစ်သည်။

၅။ Stuart Weitzman Ruby Slippers

စုစုပေါင်း ၁၂၀ ကရက် အလေးချိန်ရှိသည့် နာမည်ကျော် မြန်မာ့ပတ္တမြား ၆၂၄ ပွင့်ဖြင့် အလှဆင် ဖန်တီး ထားသော ဖိနပ်ဖြစ်သည်။

အကောင်းဆုံး ပိုးဖဲသားကို အသုံးပြုပြီး ဖိနပ်ကြိုးများကို ချုပ်လုပ်ထားကာ ပလက်တီနမ် သတ္တုတစ်ပေါင် ဖြင့် အနားသတ် ပံ့ပိုးထားသည်။

ထိုမျှ ပစ္စည်းကောင်းများ သုံးစွဲထားသည့် ဖိနပ်မျိုးသည် တစ်ရန်လျှင် ဒေါ်လာ ၁ ဒသမ ၆ သန်းမျှ ဈေးနှုန်း ကျသင့်နေခြင်းမှာ မဆန်းလှချေ။

၎။ Stuart Weitzman Tanzanite Heels


ငွေရောင်တောက်ပနေသည့် ဒေါက်ဖိနပ်များတွင် ပြာလဲ့နေသည့် Tanzanite ကျောက်ပွင့်များ ထည့်သွင်း တပ်ဆင် ချုပ်လုပ်ထားသည်။

အဆိုပါ ကျောက်များ၏ စုစုပေါင်း အလေးချိန်မှာ ၁၈၅ ကရက်ရှိပြီး ၂၈ ကရက် အလေးချိန်ရှိ အဖြူရောင် စိန်ပွင့်များကိုလည်း ပံ့ပိုးတပ်ဆင်ထားပြန်သည်။

လှပသလောက် တန်ဖိုးကြီးလှသည့် ယင်းဒေါက်ဖိနပ်မှာ တစ်ရန်လျှင် ဒေါ်လာနှစ်သန်း ဈေးနှုန်းကျသင့် မည် ဖြစ်သည်။

၃။ Stuart Weitzman Cinderella Slippers



နာမည်ကျော် စင်ဒရဲလားပုံပြင်မှ မင်းသမီးလေး စီးနင်းခဲ့သည့် ဖန်ခြေနင်း ဖိနပ်လေးကို စိတ်ကူးယဉ် ဖန်တီးထားသည့် Stuart Weitzman၏ လက်ရာဖြစ်သည်။

ဖိနပ်၏ အောက်ခြေကို အီတလီနိုင်ငံထုတ် အကောင်းဆုံး သားရေဖြင့် ချုပ်လုပ်ခဲ့ပြီး စိန်ပွင့်ပေါင်း ၅၆၅ ပွင့်ကို ဖိနပ်၏ ကြိုးများပေါ်တွင် အလှဆင် ထည့်သွင်းထားသည်။

ဒေါ်လာ(၂)သန်းတန် ဖိနပ်ကို အဆိုတော် အေလီဆန်ခရော့စ်က ဂုဏ်ယူစွာ ဝတ်ဆင်ပြီး ၂၀၀၄ ခုနှစ် အော်စကာ ဆုနှင်းသဘင်သို့ တက်ရောက်ခဲ့ဖူးသည်။

၂။ Stuart Weitzman Rita Hayworth Heels



အမေရိကန် ရုပ်ရှင်မင်းသမီး ရီတာဟေးဝေါ့သ်၏ လည်ဆွဲများကို အသုံးပြု အလှဆင်ထားသည့် ဖိနပ်ဖြစ် သည်။

ဖိနပ်၏ ရှေ့ပိုင်းတွင် အလှဆင်ထားရာ၌ စိန်ပွင့်များ၊ ပတ္တမြားနှင့် နီလာကျောက်များ ပါဝင်သည်။ အဆိုပါ ဖိနပ်ကို လက်ရှိတွင် ဟေးဝေါ့သ်နှင့် ပါကစ္စတန်မင်းသား အလီခန်းတို့မှ မွေးဖွားခဲ့သည့် မင်းသမီး ယက်စ်မင် အေဂါခန်းက ပိုင်ဆိုင်ထားသည်။

ဒေါ်လာသုံးသန်းနီးပါးမျှ တန်ဖိုးရှိသည့် အဆိုပါ ဖိနပ်ကို ကက်သလင်းယော့ခ်က ၂၀၀၆ ခုနှစ် အော်စကာ ပွဲတက်ဖက်ရှင်အဖြစ် ရွေးချယ်ဝတ်ဆင်ခဲ့သည်။

၁။ House of Harry Winston Ruby Slippers



ကမ္ဘာ့ဈေးအကြီးဆုံး အမျိုးသမီးစီး ဖိနပ်၏ တန်ဖိုးမှာ ဒေါ်လာသုံးသန်းကျော်မျှ ကျသင့်သည်။ ကမ္ဘာကျော် ဂန္ထဝင်ရုပ်ရှင် The Wizard of Oz ၏ နှစ်(၅၀)ပြည့် ရွှေရတုကို ဂုဏ်ပြုသည့် အနေဖြင့် ဇာတ်ဝင်ခန်းပါ ပတ္တမြားခြေနင်း ဖိနပ်ကို House of Harry Winstonက ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ပတ္တမြားပွင့် ၄,၆၀၀ ကို အသုံးပြုထားသည့် ဖိနပ်ကို နှစ်လကြာအောင် အနုစိတ် အလှဆင် ချုပ်လုပ်ခဲ့ရပြီး ပတ္တမြားပွင့်များ၏ စုစုပေါင်း အလေးချိန်သည် ၁,၃၅၀ ကရက်မျှ ရှိနေသည်။

ဖိနပ်၏ အပေါ်ပိုင်း အနားသတ်နှင့် ဖဲပြားနေရာတို့တွင် ၅၀ ကရက်မျှ အလေးချိန်ရှိသည့် စိန်ပွင့်များကို လည်း ဖြည့်တင်း တပ်ဆင်ထားသေးသည်။

အဆိုပါဖိနပ်ကို ၁၉၃၃ ခုနှစ်တွင် ရုံတင်သည့် Wizard of Oz ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ဖူးသည့် မင်းသမီး ဂျူဒီဂါလန်က ဝတ်ဆင်ခွင့် ရခဲ့ဖူးသည်။ 


_Top Teny
7Day Daily No.419 Tuesday, June 24, 2014


ကမ္ဘာ့ဖလားဘောလုံးပွဲ လောင်းကြေးရှုံးပြီး တရုတ်ကျောင်းသားတစ်ဦး တိုက်ပေါ်က ခုန်ချသတ်သေ


Angel on 2014-06-24 16:15

တရုတ်နိုင်ငံက ကောလိပ်ကျောင်းသား တစ်ဦးဟာ ကမ္ဘာ့ဖလားပွဲစဉ်မှာ ဒေါ်လာ ၃၀၀၀ ကျော် ရှုံးပြီး နောက် တိုက်ပေါ်က ခုန်ချသတ်သေခဲ့ကြောင်း ဒေသတွင်း မီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။

မျိုးရိုးနာမည် လင်း လို့ ပဲသိရတဲ့ ဒုတိယနှစ် ကျောင်းသားတစ်ဦးဟာ တက္ကသိုလ်ကျောင်းဝင်း အတွင်းမှာ ရှိတဲ့ အဆောက်အဦး ခုနှစ်ထပ်ကနေ ခုန်ချသတ်သေခဲ့တာပါ။

“ ကျွန်တော့်ကို အကျပ်မကိုင်နဲ့ ။ ကျွန်တော့်ကို အချိန်နှစ်ရက်ထပ်ပေး။ ခင်ဗျားငွေတွေကို ကျွန်တော် ပေးမယ်” လို့ ပြောနေတာ ကျွန်တော်ကြားခဲ့တယ်” လို့ မျက်မြင်သက်သေ တစ်ဦးက ပြောကြားခဲ့ပါ တယ်။

“ သူဖုန်းနဲ့ ၁၀ မိနစ်ကျော်လောက် စကားပြောနေခဲ့တယ်။ နောက် သူဖုန်းချပြီး ရပ်နေတယ်။ ချက်ချင်း ရုတ်တရက် သူခုန်ချသွားတယ်” လို့  သူမက ထပ်ပြောပြခဲ့ပါတယ်။

လင်း ကို Guangdong ဒေသ၊ Panyu ဆေးရုံကို ချက်ချင်းပို့ ဆောင်ခဲ့ပေမယ့် ဆရာဝန်တွေက အသက် မကယ်နိုင်ခဲ့ဘူး သတင်းစာမှာ ရေးသားထားပါတယ်။

လင်းရဲ့ အခန်းဖော် သူငယ်ချင်းက လင်းဟာ ယွမ်ငွေ နှစ်သောင်းနီးပါး (ဒေါ်လာ ၃၂၀၀)ကို ကမ္ဘာ့ဖလား ပွဲစဉ် ခုနှစ်ပွဲမှာ ရှုံးနိမ်ခဲ့တယ်လို့ ဆိုပါတယ်။

“ သူ ငွေတော်တော်များများ ချေးလိုက်တယ်လို့ ကျွန်တော်တို့ ကြားတယ်။ အတိုးကလည်း တော်တော် များတယ်” လို့ ကျောင်းသားက ပြောပြပါတယ်။

အစိုးရလုပ်ကိုင်တဲ့ ကမ္ဘာ့ဖလားနဲ့ ဆက်စပ် လောင်းကစားတွေရဲ့ ၀င်ငွေဟာ စနေနေ့ မှာတင် ယွမ်ငွေ လေးဘီလီယံ ရှိခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက ရောင်းချခဲ့ရတဲ့ ယွမ်ငွေ ၂.၃ ဘီလီယံထက် ၂ ဆ နီးပါး ရှိနေပါပြီ။ 


Ref: yahoo.com
Trend Myanmar


ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာအဖြစ် တရုတ်နိုင်ငံမှ Tianhe-2 ရပ်တည်နေ



ကမ္ဘာပေါ်တွင် တွက်ချက်မှု စွမ်းရည် အမြင့်မားဆုံး စူပါကွန်ပျူတာများအနက် တရုတ်နိုင်ငံမှ Tianhe-2 သည် ထိပ်ဆုံးနေရာမှ ဦးဆောင်ရပ်တည်နေကြောင်း သိရှိရသည်။

ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာ (၅၀၀)အနက် (၂၀)ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှဖြစ်ပြီး စူပါ ကွန်ပျူတာ နည်းပညာ နယ်ပယ်တွင် တရုတ်၏ ခြေလှမ်းကျဲကျဲ ဝင်ရောက်လာမှုကို ထင်ဟပ်စေသည်။ သို့သော်လည်း ကမ္ဘာ့မြန်နှုန်း အမြင့်ဆုံး စူပါကွန်ပျူတာများ စာရင်းကို အမေရိကန်က အဓိက လွှမ်းမိုး ထားဆဲဖြစ်ပြီး အဆိုပါ (၅၀၀)စာရင်းတွင် အမေရိကန်မှ စူပါကွန်ပျူတာ (၂၃၃)လုံးထိ ပါဝင်နေသည်။

အဆင့်မြှင့် မွမ်းမံမှုများ ဆက်တိုက်ပြုလုပ်နေသည့်နောက် Tianhe-2သည် တစ်နှစ်တာအတွင်း အမြန်ဆုံး စူပါကွန်ပျူတာများ စာရင်းတွင် ဒုတိယအကြိမ်မြောက်အဖြစ် ထိပ်ဆုံးမှ ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ Tianhe-2 ကွန်ပျူတာ၏ တွက်ချက်မှု စွမ်းရည်သည် 33.86 petaflop/s (quadrillions of calculations per second)ထိ ရှိနေကြောင်းလည်း သိရသည်။

Tianhe-2ကို တရုတ်အစိုးရက ပိုင်ဆိုင်ပြီး အမျိုးသား ကာကွယ်ရေး နည်းပညာ တက္ကသိုလ်တွင် သုတေ သနနှင့် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များဖြင့် တပ်ဆင်ထားရှိသည်။ လွန်ခဲ့သည့် (၅)နှစ်က IBM၏ Roadrunner စူပါကွန်ပျူတာက တွက်ချက်မှုစွမ်းရည် 1 petaflop/sထိ ရောက်ရှိခဲ့ပြီးနောက်ပိုင်း စူပါ ကွန်ပျူတာများ၏ မြန်နှုန်းသည် အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ Roadrunnerသည် စွမ်းအင်သုံးစွဲမှု များပြားလွန်းသဖြင့် (၂၀၁၃)ခုနှစ်တွင် ရပ်နားသွားခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ့ထိပ်တန်း စွမ်းဆောင်ရည် အမြင့်ဆုံး စူပါကွန်ပျူတာ (၅၀၀)တို့၏ စုစုပေါင်း တွက်ချက်နိုင်သည့် စွမ်းရည်မှာ 274 petaflop/sထိ ရှိနိုင်မည် ဖြစ်သည်။ ယင်းစာရင်းတွင် တရုတ်နိုင်ငံမှ စူပါကွန်ပျူတာ (၇၆)လုံး၊ ဗြိတိန်မှ အလုံး(၃၀)၊ ပြင်သစ်မှ (၂၇)လုံးနှင့် ဂျာမနီမှ (၂၃)လုံးတို့လည်း ပါဝင်ကြောင်း သိရှိရ သည်။ 


_Ref: BBC
7Day Daily
No.419 Tuesday, June 24, 2014


မြန်မာ-ကိုရီးယား အိုင်တီစင်တာတွင် Andriod နည်းပညာသင်တန်းသစ်များ ဖွင့်လှစ်မည်



မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ဖွင့်လှစ်ထားသော မြန်မာ-ကိုရီးယား အိုင်တီစင်တာတွင် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများအတွက် Android နည်းပညာ သင်တန်းသစ်များ ဖွင့်လှစ်မည်ဖြစ်ပြီး တက် ရောက်လိုသူများ စာရင်းပေးထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Andriod Mobile Application များရေးသားရန် အခြေခံသင်တန်းဖြစ်သော Andriod Mobile Appli-cation Development Course ကို ဇူလိုင်လအတွင်း စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကြေးမှာ ငွေကျပ် ၇၀၀၀၀ ဖြစ်ကာ သင်တန်းကာလမှာ ရက် ၂၀ ခန့်ကြာမြင့်မည်ဖြစ်သည်။

“သင်တန်းတွင် Android ဖုန်းသုံး Application များ ရေးသားခြင်းနဲ့ရေးသားရာမှာ သိသင့်သိထိုက်တဲ့ အချက်တွေကို စာတွေ့လက်တွေ့ သင်ကြားပြသသွားမှာဖြစ်တယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်ကဖွင့်လှစ်ထားခဲ့သော Android Mobile Application Development Course များတွင် တက် ရောက်ပြီးသူများ ထပ်မံတက်ရောက်နိုင်မည့် နောက်ဆက်တွဲအဆင့်မြင့်သင်တန်းဖြစ်သော Android Game with Arduino Microcontroller (Basic Course) သင်တန်းကိုလည်း ဇွန် ၂၇ ရက်တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကြေးမှာ ငွေကျပ် ၄၀၀၀၀ ဖြစ်ပြီး သင်တန်းကာလမှာ ၁၀ ရက်ဖြစ်ကာ သင်တန်းများတွင် မြန်မာ-ကိုရီးယား အိုင်တီစင်တာ၏ ဖိတ်ကြားချက်အရ Korea Aerospace University မှဘွဲ့ရ၊ IT ပညာရှင်များနှင့် Korea ဆရာများကလာရောက် သင်ကြာပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သင်တန်းများအတွက် လူဦးရေကန့်သတ်ထားပြီး နည်းပညာပြန့်ပွားရေး အစီအစဉ်အရ သင်တန်း ကြေးများကိုလည်း လျှော့ချပေးထားကြောင်း သိရသည်။ သင်တန်းအတွက် အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်အတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဖုန်း-၀၁-၆၅၂၃၀၇ သို့ ဆက်သွယ်စုံ စမ်းနိုင်ကြောင်း သိရသည်။

ကွန်ပျူတာအသင်းချုပ်တွင် အထက်ပါသင်တန်းများအပြင် Project Management Business Modeling, Database Modeling သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။ 

Democracy Today Daily


“သောက ကင်းဝေး နေနိုင်ရေး” (တက်တိုး)

“သောက ကင်းဝေး နေနိုင်ရေး” (တက်တိုး)စာအုပ်ကောင်းလေးပါ...အွန်လိုင်းပေါ်ကနေ ဖတ်ရတာမို့  တန်ဖိုးမဖြတ်နိုင်လောက်ပါပဲ....


စနေသား
www.sanayjoedar.co.vu
အားပေးမှုကို အထူးကျေးဇူးတင်လျှက်........


သံဃာကို သင်္ကန်းချွတ် ၊ လူဝတ်လဲစေတဲ့ ဖြစ်ရပ် (တက္ကသိုလ်ဘုန်းကြွယ်)


သံဃာကို သင်္ကန်းချွတ်
လူဝတ်လဲစေတဲ့ ဖြစ်ရပ်
ဇာတ်ထဲမှာ မဟုတ်
အတတ်ရဲစွာနဲ့ ယုတ်ပြလိုက်တာ
မျက်ဝါးထင်စွာ တွေ့မြင်ရပြီ တစ်ခါ
မြန်မာ့သမိုင်းမှာ
အမဲစက်ထင်သွားမည်သာ ... ။
ဆရာနဲ့ ဒကာ
ကြေကွဲစရာ ဒီမြင်ကွင်း
ထင်းခနဲ မြင်လိုက်တဲ့ခါ
ရင်မှာ တစ်ဆတ်ဆတ်နာ
ညစ်ပတ်လှတဲ့ ဒီဓလေ့
ဘ၀တကွေ့မှာ
ထပ်မတွေ့လိုတော့ပါ
ဗုဒ္ဓမြတ်စွာထံတော်ပါး
အမြဲဆုတောင်းနေတော့မှာ

တက္ကသိုလ်ဘုန်းကြွယ်(ဇွန် ၂၁၊ ၂၀၁၄)
 
The Express Times

အောင်ရင်ငြိမ်း အပြာဝတ္ထု ရေးသလား

ဝတ္တု, ဗီဒီယို, လိင်, စာနယ်ဇင်း, လွတ်လပ်ခွင့်
 အောင်ရင်ငြိမ်းရဲ့ ဝတ္ထု မျက်နှာဖုံး

ပြီးခဲ့တဲ့ ရက်ပိုင်းက ၀တ္တုသစ် တအုပ်ထွက်ပြီး ဆိုင်တွေပေါ် ရောက်ပါတယ်။
 ရေးသူက အောင်ရင်ငြိမ်း၊ ၀တ္တုနာမည်က “ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ” တဲ့။ စာအုပ် မျက်နှာဖုံး အပေါ်ဘက်မှာတော့ NC 18 ဆိုပြီးလည်း ဖော်ပြထားပါတယ်။ ၁၈ နှစ်အောက် မဖတ်ရ ဆိုတာမျိုးပေါ့။ ဒီ NC 18 ဆိုတဲ့ အသုံးအနှုန်းလေးကိုတော့ ဒီဂျစ်တယ် ဓာတ်ပြားစနစ်တွေ မပေါ်ခင် အရင် ဗီဒီယို ခွေငှားတဲ့ ခေတ်က အပြာကားတွေ (တရားမ၀င် လိင်ဆက်ဆံမှု ခွေတွေ) ကို ခေါ်ဝေါ်ခဲ့ဖူးပါတယ်။ နောက်စာလုံးတလုံးက Not For Conservatives ပါတဲ့၊ အယူအဆ အဟောင်းသမားတွေအတွက် မဟုတ်ဘူးပေါ့ဗျာ။

 အင်း … အမှာစာ ရေးပေးသူတွေကလည်း နှယ်နှယ်ရရတွေ မဟုတ်ပါဘူး။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နဲ့ နိုင်ငံတကာ ရေးရာတွေကို ဘာသာပြန်လေ့ရှိတဲ့ စာရေးဆရာ “မင်းခက်ရဲ” နဲ့ စာရေးဆရာ “မလေး” ပါ။ ဒီ စာအုပ်အကြောင်း ဘာလို့ ပြောပြချင်တာလဲ။ စာအုပ်ဝေဖန်ရေး ရေးမလို့လား။ စာအုပ် ကြော်ငြာ လုပ်မလို့လား။ မဟုတ်ပါဘူး။ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတဲ့ သက်တန်း ၂ နှစ်တာ ကာလအတွင်း ရေးသားဖော်ပြလာမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမလို့ပါ။
လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်နဲ့ လူ့အဖွဲ့အစည်း အဆက်အစပ်အကြောင်း ဆွေးနွေးမလို့ပါ။ အပြာ (အပြာဆန်ဆန်မဟုတ်) ဒါမှမဟုတ် ညစ်ညမ်းတယ်လို့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ရုပ်ပုံတွေ၊ စာသားတွေကို ပုံနှိပ်ထုတ်ဝေခွင့် ပြုသင့်နေပြီလား စတာတွေ ဆွေးနွေးသွားဖို့ပါ။

ဝတ္တုဆိုတော့ ဒြပ်မဲ့ ၀တ္တုတော့ မဟုတ်ပါဘူး။ ဇာတ်ကောင် ရှိသလို ဇာတ်လမ်းလည်း ရှိပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်က ရိုမန်းဘော့ထ် လို့ခေါ်တဲ့ လူတပိုင်း စက်တပိုင်း လူ၊ သူ့ ပတ်ဝန်းကျင်ကတော့ သူ့ကို လူအဖြစ်ပဲ သတ်မှတ်ထားတဲ့ သဘော။ မိန်းမရဖူးတယ်၊ ကလေးရဖူးပြီး ကွဲနေတဲ့သူ၊ မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ လိုက်လံ အိပ်စက် လိင် ဆက်ဆံနေတဲ့သူ။ အဲဒီအထဲမှာ ရိုးရိုး အမျိုးသမီးတွေ ပါသလို ၁၇ နှစ်အရွယ်၊ အရွယ်မရောက်သေးသူလည်း ပါ၊ အသက်ကြီးကြီး ယောက်ျား နဲ့ ကလေးတွေ ရထားတဲ့ အိမ်ထောင်သည် အမျိုးသမီးနဲ့လည်း အိပ်ရဲ့။ အဲ… အိပ်တဲ့အခန်း၊ ဆောရီး သူကတော့ လိင်ဆက်ဆံတဲ့ အခန်းလို့ပဲ ရှင်းရှင်းခေါ်တယ်။  အဲဒီအခန်းတွေကို အသေအချာ ရေးပြထားလေရဲ့။ နောက်ပြီး ကာမပိုင်ရှိတဲ့ မိန်းမနဲ့ တိတ်တဆိတ် လိင်ဆက်ဆံကြတာဟာ အမှားကျူးလွန်တာ မဟုတ်ဘူးဆိုတာမျိုးလည်း အသေအချာ တရားဟောထားလေရဲ့။ နောက်ဆုံး နိဂုံးကျမှသာ တန်ဘိုးအဟောင်းတွေ အတွေးအခေါ် အဟောင်းတွေ ပြိုကျပြီး တန်ဘိုးသစ် အတွေးအမြင်သစ်တွေ ပြောင်းလဲမှုတွေကို မြင်တွေ့ရမယ် ဘာညာ သာရကာ နိဂုံးချုပ်ထားလေရဲ့။

ဒီနေရာမှာ ၀တ္တုကို တန်ဆာဆင်ထားတဲ့ ရိုမန်းဘော့ထ် ရဲ့ လိင်ဆက်ဆံပုံအကြောင်း ဖော်ပြထားတာတွေကို ထုတ်နှုတ် ကိုးကားရင် ကောင်းမလား မကောင်းဘူးလား စဉ်းစားရပါတယ်။ အစောဆုံး ဖေ့ဘုတ် စာမျက်နှာတင်သူ တယောက်ကတော့ မျက်နှာဖုံး နှစ်ခုကိုပဲ တင်ပြီး ဝေဖန်ပါတယ်။ အတွင်းက စာသားတွေ ဖော်ပြရင် သူ့ဝေါ ညစ်ညမ်းမှာ စိုးလို့တဲ့။ ဒါပေမယ့် ဝေဖန်ဆွေးနွေးသူတွေကလည်း မနည်းပါဘူး။ ဆွေးနွေးကြပါတယ်။ အမေရိကား ရောက်နေတဲ့ ဒါရိုက်တာ ချိုတူးဇော် တို့တောင် ပါလိုက်သေးရဲ့။ ခက်တာက သူတို့တွေက ဒီ ၀တ္တုထဲမှာ ဘယ်လို ရေးသားဖော်ပြထားမှန်း မသိကြဘူး။ ကျွန်တော်ကတော့ အသက် ၅၀ အရွယ်ရှိပြီ။ ကျနော့်တသက် တရားဝင် ပုံနှိပ်ဖော်ပြတဲ့ စာအုပ်စာတန်းတွေမှာ တကြိမ်မှ မတွေ့ဘူးတဲ့ အရေးအသားတွေ ဖော်ပြထားတယ်ဆိုတာ သိစေချင်တဲ့အတွက် ဘာပဲပြောပြော နမူနာ တချို့ ထုတ်နှုတ်ဖော်ပြပါမယ်။


“ သူ့ပေါင်နှစ်ဖက်ကြားထဲ ခေါင်းဝင်ပြီး ပစ္စည်းကို လျှာနဲ့ နမ်းဖို့ ဟန်ပြင်လိုက်တော့ ဘာမှမလုပ်ရသေးပဲ အရည်တွေ စိုရွှဲနေတာ တွေ့ရတယ်၊ သူ လိင်စိတ် နိုးကြားပြင်းထန်နေတဲ့ သဘောပါပဲ။ လျှာနဲ့ စ နမ်းလိုက်တဲ့ အချိန်မှာ သူ့ကိုယ်လုံးလေး တစ်ချက် တွန့်သွားပြီး အနမ်းခံရတဲ့ အရသာကို ခါးကော့ ခံစားနေပါတယ်။”

“ သူ့ရင်သားနှစ်ဖက်ကို လက်နဲ့ ဆုတ်ကိုင်ပြီး ကျွန်တော့်ပစ္စည်းကို သူ့ပစ္စည်းထဲ ထိုးသွင်းလိုက်တဲ့ အချိန်မှာ သူ့ပေါင်တံ နှစ်ဖက်ကားလို့ ကျွန်တော့လက်တွေကို ဆုပ်ကိုင်ထားပါတယ်။” (စာ- ၃၈)
“ အိပ်ယာပေါ်က ခေါင်းထောင်ထ၊ လက်ချောင်းတွေနဲ့ ကျွန်တော့်ပါးနှစ်ဖက်ကို ကိုင်ပြီး ကိုယ်ခန္ဓာကို သူ့ဆီ အတင်းဆွဲယူနေတယ်။ ကျွန်တော့်ပစ္စည်းကို ကြည့်လိုက်တော့ ငနဲက အကြောပြိုင်းပြိုင်းထ ထောင်မတ်လို့၊ ဒူးထောင်ကားထားတဲ့ သူ့ပေါင်တံ နှစ်ဖက်ကို အလိုက်သင့် တွန်းတင်ပြီး သူ့ပစ္စည်းထဲ ကျွန်တော့်ပစ္စည်း ထိုးသွင်းဖို့ ဟန်ပြင်လိုက်တယ်။” (စာ- ၆၃)
“ သူက လိင်မဆက်ဆံဖြစ်တာ ၄ နှစ်ကျော် ကြာမြင့်နေလို့ ထင်ပါရဲ့။

 သူ့ပစ္စည်းက တကယ့် ဆယ်ကျော်သက် အပျိုစင်လို ပြန်ဖြစ်နေပြီး ကျွန်တော့်ပစ္စည်းက သူ့အထဲမှာ ပြည့်ကျပ် ညှပ်နေတယ်လို့ ထင်မိတယ်။ သူကလည်း ဘ၀မှာ မေ့လျော့ထားရတဲ့ လိင်အရသာကို အပြည့်အ၀ ခံစားလို့။” (စာ- ၁၃၇)
အင်း … တော်လောက်ပြီထင်တယ်။ စာအုပ်ထဲမှာ ဒီထက် ပိုများပါတယ်။ အမယ် … အဲလို စာသားတွေကို ဒေါက်တာချက်ကြီး ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဇာတ်လမ်းတွေလို သာမာန်ကာလျှံကာ ထည့်သွင်းထားတာမျိုးတော့ မဟုတ်ပါဘူး။ ဘာထရန် ရပ်ဆဲလ်၊ ဆီမွန်ဒီဗူးဗွား၊ အိုရှိုး၊ မိုက်ကယ်ဖူကိုး စတဲ့ ကမ္ဘာ့ ဒိတ်ဒိတ်ကြဲ ဒဿန ပညာရှင်တွေရဲ့ ဘာသာပြန် စာလုံး စာပိုဒ်တွေနဲ့ တအုပ်လုံး မွန်းမံ ချယ်မှုန်းထားတာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံဟာ စစ်အာဏာရှင်တွေလက်အောက် နှစ်ပေါင်း ၆၀ နီးပါး နေခဲ့ရပါတယ်။ လွတ်လပ်မှု မှန်သမျှ နင်းခြေ ခံခဲ့ရပါတယ်။ အခု အစိုးရသစ် သက်တန်း ၃ နှစ်တာ ကာလ အတွင်းမှာလည်း လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး မရကြသေးပါဘူး။ အာဏာအရပ်ရပ်ကို စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက မြဲမြဲမြံမြံ ချုပ်ကိုင်ထားမြဲ ရှိပါသေးတယ်။ ဒီကြားထဲ ပြီးခဲ့တဲ့ ၂ နှစ်ကမှ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတာပါ။ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတာနဲ့ အမျှ အရေးအသား ပေါင်းစုံ ပေါ်ထွက်လာခဲ့တာမှာ အခု ဖော်ပြပါ ၀တ္တုကလည်း တအုပ် အပါအ၀င်ပါ။
ကောင်းပါပြီ။ ဒါဟာ အနုပညာနဲ့ ဖော်ကျူးတဲ့ ၀တ္တု တစ်ပုဒ်လား။ လိင်ကိစ္စ ဆိုတာကတော့ တကယ့် လူ့ဘ၀ ထဲမှာ ရှိနေလေတော့ ဒါကို တနည်းနည်းနဲ့ ရေးသား ဖော်ပြကြတာပါပဲ။

 နိုင်ငံတကာမှာ ရှိခဲ့သလို မြန်မာ ၀တ္တုတွေမှာလည်း ရှိခဲ့တာပါပဲ။ စာရေးဆရာကြီး သိန်းဖေမြင့်ရဲ့ အရှေ့က နေ၀န်းထွက်သည့်ပမာ လို ဂန္ထ၀င်မြောက် အထင်ကရ ၀တ္တုကြီးမှာလည်း ပါတာပါပဲ။ ဒါပေမယ့် ဒီလို ဖော်ပြတာမျိုးတော့ မဟုတ်ပါဘူး။ ဆုံးပါးသွားပြီဖြစ်တဲ့ စာရေးဆရာကြီး နတ်နွယ်ကလည်း “တံခွန်တိုင်မောင်နှမများ” ရာဇ၀င် ၀တ္တုမှာလည်း ဒီလို ဇာတ်ဝင်ခန်း ပါတာပါပဲ။ ဒါပေမယ့် “ ဇီးဖြူသီး စကောထဲ လှိမ့်သလို၊ လမ်းကြမ်းကြမ်းမှာ လှည်းစီးရသလို” ဆိုတာမျိုးလောက်ပဲ ရေးခဲ့ပါတယ်။ ဒါတောင် ညစ်ညမ်းတယ် ဆိုပြီး အပြင်းအထန် ဝေဖန်လို့ ဆရာနတ်နွယ် စိတ်ဆိုးခဲ့ပါသေးတယ်။

 ပြင်သစ်မှာလည်း “လေဒီချက်တာလီရဲ့ ချစ်သူ” မှာလည်း အဲလို အခန်းမျိုး ပါတာပါပဲ။ အဲဒီအတွက် ကာလတခု ပိတ်ပင်တာတောင် ခံခဲ့ရပါတယ်။ ဒါပေမယ့် အခု ၀တ္တုမှာ ရေးသလိုမျိုး မဟုတ်ပါဘူး။
အဲတော့ ဒီစာအုပ်ကို ဘယ်ခြင်းတောင်းထဲ ထည့်ရမှာပါလဲ။ အနုပညာနဲ့ ဖန်တီးတဲ့ ၀တ္တုစာရင်းထဲ ထည့်ရင်တော့ တကယ့် ရသ၀တ္တုရေးဆရာတွေ လက်ခံကြမှာ မဟုတ်ပါဘူး။ အဘိဓမ္မာ စာအုပ်ထဲ ထည့်ရလောက်အောင်လဲ ဘာ အသစ်မှ မတွေ့ရပါဘူး။ ဆေးပညာ စာ အုပ်ထဲလည်း ထည့်လို့ မရပါဘူး။ ပြောရရင် နိုင်ငံမှာ မုဒိန်းမှု ဖြစ်ပွားမှုနှုန်း မြင့်တက်နေချိန်၊ အဲဒီအထဲကမှ လူမဆန်တဲ့ သက်ငယ် မုဒိန်း အမှုတွေက ရာခိုင်နှုန်း အချိုးအစား အများကြီး ပါဝင်နေချိန် ပြည်သူတွေ ပူပန်သောက ရောက်နေချိန် ဒီ ၀တ္တု ထုတ်ဝေလာတာပါ။

ဒီလို ညစ်ညမ်းတာမျိုးတွေ ဖေ့ဘုတ်လို၊ အင်တာနက် ၀က်ဘ် ဆိုက်လိုမျိုးတွေမှာ လွယ်လွယ်ကူကူ ရှာဖတ်နိုင်တာပဲ။ ဓာတ်ပြားတွေလည်း အောလပုံ ၀ယ်လို့ ရနိုင်တာပဲ မဟုတ်ဘူးလား။ ဘာများ ထိန်းချုပ်ချင်သလဲ မေးခွန်းမေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ညစ်ညမ်းမှုတွေဟာ သူ့နေရာနဲ့ သူ ရှိနေကြပါတယ်။ ဒါပေမယ့် ဘယ်တိုင်းပြည်မှာမှ အိမ်ဦးခန်း ထားလေ့မရှိပါဘူး။

 လွတ်လပ်စွာ ရေးသားခွင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို လုံးဝ မပိတ်ပင်လိုပါဘူး။ လွတ်လပ်စွာ ရေးသားပါ။ ပြီးရင် လွတ်လပ်စွာ ဝေဖန်တာကိုလည်း ခံယူရပါမယ်။ ဒီနေရာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကြောင့် အမုန်းတရားတွေပွားပြီး လူမျိုးတုန်း သတ်ကြ ဖြတ်ကြတဲ့ အဖြစ်မျိုး ရောက်သွားမှာမျိုးကို ဝေဖန် တားဆီးရမှာ ဖြစ်သလို လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ကျင့်ဝတ်တန်ဘိုး ပျက်စီးအောင်၊ ရာဇ၀တ်မှု ကျူးလွန်မှုကို အားပေးသလို ဖြစ်လာမှာမျိုးတွေကိုတော့ ဝေဖန်ရပါမယ်။ လိုအပ်ရင် တားဆီးရပါမယ်။
အရေးကြီးဆုံး အချက်က ဒီနိုင်ငံဟာ အရင် စစ်အာဏာရှင်တွေက ဖျက်ဆီးထားခဲ့လို့၊ ပညာရေးဟာ ဟိုးချောက်ထဲအထိ နိမ့်ကျ နေတဲ့ နိုင်ငံတနိုင်ငံပါ။ အဲလို အခြေအနေအောက်က ပြည်သူတွေကို ဘာလွတ်လပ်မှု၊ ညာလွတ်လပ်မှု ဆိုပြီး ခုလို ၀တ္တုတစ်အုပ် ထည့်ပေးတာကတော့ မသင့်တော်ပါဘူး။ စာအုပ်ရောင်းကောင်းချင်လို့၊ ညှို့မဂ္ဂဇင်းတုန်းကလို ငွေကြေး အမြတ်အစွန်းရချင်လို့ ဆိုရင်တော့ ခင်ဗျားတို့ သဘောပါပဲ။

ညစ်ညမ်းတဲ့ အကြောင်းပြောလို့ ညစ်ညမ်းတဲ့ အပြာကားတကား နဲ့ပဲ နိဂုံးချုပ်ပါမယ်။ နိုင်ငံခြား အပြာ ဗီဒီယို ဇတ်ကား တစ်ခုပါ။ ဇတ်လမ်းအစမှာ လူတစ်ယောက်ဟာ အမျိုးသမီး နှစ်ယောက်ကို မြေတိုက်ထဲ ဖမ်းခေါ်လာပါတယ်။ နောက် … အဲဒီ မြေတိုက်ထဲမှာ ချုပ်နှောင်ထားပြီး အမျိုးမျိုး ပြုကျင့်ပါတယ်။ တကားလုံး အဲဒီ အခန်းပါပဲ။ ဇာတ်လမ်းပြီးခါနီးမှာ ရဲက မြေတိုက်ထဲ ထိုးဖောက်ဝင်ရောက်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းပါတယ်။ ပြီးတော့ စာတန်းထိုးပါတယ်။ ရာဇ၀တ်ဘေး ပြေးမလွတ် တဲ့။ အခု အောင်ရင်ငြိမ်းရဲ့ ၀တ္တုဟာလည်း အဲဒီ ဗီဒီယို ဇာတ်ကားလို ဖြစ်လေမလားပဲ။ ကျနော် ကွန်ဆာဗေးတစ် မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ ၀တ္တုကို အဲလိုပဲ မြင်ပါတယ်။ ဟော … ပြောရင်းဆိုရင်း ဒီဆောင်းပါးတောင် ညစ်ညမ်းဆောင်းပါး ဖြစ်မှန်းမသိ ဖြစ်သွားလေပြီလား မပြောတတ်တော့ပါဘူး။


(စည်သူအောင်မြင့်သည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)

ဧရာဝတီ

ကမ္ဘာ့ဖလား ဘောလုံးပွဲ အတိတ်နှင့် ပစ္စုပ္ပန်

ကမ္ဘာ့ဖလား ဘောလုံးပွဲ, ဘရာဇီး, ဥရုဂွေး, မက္ကဆီကို, အီတလီ, ဂျာမနီ, ရော်နယ်ဒို, စပိန်, ၂၀၁၄
ဘရာဇီး နိုင်ငံတွင် ကျင်းပသည့် ၂၀၁၄ ကမ္ဘာ့ ဖလားပွဲ၌ မက်ဆီကို အသင်းနှင့် ဘရာဇီး အသင်းတို့ ဇွန် ၁၈ ရက်က ယှဉ်ပြိုင် ကစားရာတွင် ၀း ၀ ဂိုးဖြင့် သရေကျသွားသည် (ဓာတ်ပုံ – fifa.com)

ကမ္ဘာ့ဖလား ဘောလုံးပွဲ (၂၀၁၄) တွင် ပါဝင်ယှဉ်ပြိုင် နေကြသည့် နိုင်ငံပေါင်း ၃၂ နိုင်ငံ လက်ရွေးစင် ဘောလုံးအသင်း များသည် ဇွန် ၁၈ ရက်နေ့တွင် ပထမကျော့ပွဲများ ကစားပြီးသွားကြပြီ ဖြစ်သည်။ ထင်မှတ်ထားသည့် နိုင်ပွဲများရှိခဲ့သလို မျှော်လင့်မထားကြ သော ရှုံးပွဲများလည်း ထွက်ပေါ်လာသည်ကို တွေ့ကြရသည်။

ကစားပြီးခဲ့သည့် ပွဲများအပေါ် အခြေခံ၍ ပြိုင်ပွဲ သုံးသပ်မှုများ မပြုလုပ်မီ ကမ္ဘာ့ဖလား ဘောလုံးပွဲနှင့် ပတ်သက်သော စိတ်ဝင်စား စရာ ကောင်းသည့် အချက်အလက် တချို့ကို တင်ပြလိုသည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပသည့် ခုနှစ်များကို လေ့လာကြည့်လျှင် အုပ်စု ၅ အုပ်စု တွေ့ရသည်။
ပထမ အုပ်စုမှာ သုညဖြင့် ဆုံးသည့် အုပ်စု ဖြစ်သည်။ ၁၉၃၀ (ဥရုဂွေး)၊ ၁၉၅၀ (ဘရာဇီး)၊ ၁၉၇၀ (မက္ကဆီကို)၊ ၁၉၉၀ (အီတလီ)၊ ၂၀၁၀ (တောင်အာဖရိက)။

ဒုတိယ အုပ်စုမှာ ၂ ဂဏန်းဖြင့် ဆုံးသည့် အုပ်စု ဖြစ်သည်။ ၁၉၆၂ (ချီလီ)၊ ၁၉၈၂ (စပိန်)၊ ၂၀၀၂ (တောင်ကိုရိးယားနှင့် ဂျပန်)။

တတိယ အုပ်စုမှာ ၄ ဂဏန်းဖြင့် ဆုံးသည့် အုပ်စု ဖြစ်သည်။ ၁၉၃၄ (အီတလီ)၊ ၁၉၅၄ (ဆွစ်ဇာလန်)၊ ၁၉၇၄ (အနောက်ဂျာမနီ)၊ ၁၉၉၄ (အမေရိကန်)၊ ၂၀၁၄ (ဘရာဇီး) တို့ ဖြစ်သည်။

စတုတ္ထ အုပ်စုမှာ ၆ ဂဏန်းဖြင့် ဆုံးသည့် အုပ်စု ဖြစ်သည်။ ၁၉၆၆ (အင်္ဂလန်)၊ ၁၉၈၆ (မက်ဆီကို)၊ ၂၀၀၆ (ဂျာမနီ)။

ပဉ္စမ အုပ်စုမှာ ၈ ဂဏန်းဖြင့် ဆုံးသည့် အုပ်စုဖြစ်သည်။ ၁၉၅၈ (ဆွီဒင်)၊ ၁၉၇၈ (အာဂျင်တီးနား)၊ ၁၉၈၈ (ပြင်သစ်) တို့ဖြစ်ကြသည်။

ယခု ဘရာဇီးနိုင်ငံတွင် ကျင်းပနေသည့် ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ၄ အုပ်စုထဲတွင် ပါဝင်နေသည်။
၁၉၃၄ ခုနှစ်တွင် အီတလီ၊ ၁၉၅၄ ခုနှစ်တွင် ဂျာမနီ၊ ၁၉၇၄ ခုနှစ်တွင် ဂျာမနီ၊ ၁၉၉၄ ခုနှစ်တွင် ဘရာဇီး အသင်းတို့ ပထမ ရခဲ့ကြ သည်။ သို့ဖြစ်ရာ ၂၀၁၄ ခုနှစ်တွင် ဥရောပမှ အသင်းတသင်းသာ ပထမရမည်ဟု ကမ္ဘာ့ဖလား ဘောလုံးပွဲ သုတေသီ တချို့က ရေးသားနေကြသည်။

ထိုအယူအဆနှင့် ဆန့်ကျင်ဘက် အယူအဆတခုကလည်း ပေါ်လာသည်။ ယင်းမှာ တောင်အမေရိကတိုက်တွင် ကျင်းပသည့် ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် တောင်အမေရိက တိုက်မှ နိုင်ငံများသာ ပထမ ရခဲ့သည်။ ဥရောပ အသင်းများ ပထမ မရခဲ့ဘူးသေး ဟူသော အယူအဆ ဖြစ်သည်။

တောင်အာဖရိက တိုက်၌ ကမ္ဘာ့ဖလား ဘောလုံးပွဲ ၄ ကြိမ် ကျင်းပခဲ့ဖူးသည်။ ၁၉၃၀၊ ၁၉၅၀၊ ၁၉၆၂၊ ၁၉၇၈ တို့တွင် ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပွဲတွင် ဥရုဂွေး၊ ၁၉၅၀ ပြည့်နှစ် ဘရာဇီး၊ ၁၉၆၂ တွင် ချီလီ၊ ၁၉၇၈ တွင် အာဂျင်တီးနား နိုင်ငံတို့တွင် ကျင်းပခဲ့သည်။ ၁၉၃၀ နှင့် ၁၉၅၀ ကမ္ဘာ့ဖလား ဘောလုံးပွဲများတွင် ဥရုဂွေး ပထမရသည်။ ၁၉၆၂ ချီလီပွဲတွင် ဘရာဇီး၊ ၁၉၇၈ အာဂျင်တီးနားပွဲတွင် အာဂျင်တီးနား အသင်းတို့သာ ပထမရခဲ့သည်။

ထိုနည်းတူစွာ ဥရောပတွင် ကျင်းပသည့် ကမ္ဘာ့ဖလား ဘောလုံးပွဲများတွင် ဆွီဒင် ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် တကြိမ်သာ ပထမ ရဖူးသည်။ ဥရောပတွင် ကျင်းပသည့် ၁၉၅၈ ခုနှစ်မှလွဲ၍ ကျန်ပြိုင်ပွဲများတွင် ဥရောပ အသင်းများ သာ ဗိုလ်စွဲခဲ့ဖူးသည်။
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို တောင်အမေရိက တိုက်နှင့် ဥရောပတိုက်မှ ခွဲထွက် ကြားဒေသများဟု ဆိုရမည့် မြောက်အမေရိက တိုက်မှ မက္ကဆီကို၊ အမေရိကန်၊ အာရှတိုက်မှ တောင်ကိုရီးယားနှင့် ဂျပန် (ပူးတွဲ)၊ အာဖရိကတိုက်မှ တောင်အာဖရိက နိုင်ငံတို့တွင်သာ ကျင်းပခဲ့ဖူးသည်။ မက္ကဆီကို နိုင်ငံတွင် နှစ်ကြိမ် ကျင်းပခဲ့သည်။ ၁၉၇၀ ပြည့်နှစ် ကမ္ဘာ့ဖလားပွဲတွင် ဘရာဇီးအသင်း ပထမရသည်။ ၁၉၈၆ ပြိုင်ပွဲတွင် အာဂျင်တီးနား ပထမရသည်။ ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကို အမေရိကန် ပြည်ထောင်စု၌ ကျင်းပသည်။ ဘရာဇီး ပထမရသည်။ ၂၀၀၂ ကမ္ဘာ့ဖလား ဘောလုံးပွဲကို တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့တွင် ကျင်းပခဲ့သည်။ ဘရာဇီးပင် ပထမရသည်။ ၂၀၁၀ ပွဲကို တောင်အာဖရိက နိုင်ငံတွင် ကျင်းပသည့် စပိန်အသင်း ပထမဆုံး ပထမ ရသည်။

သို့ဖြစ်ရာ ကြားပွဲတွင် တောင်အမေရိတိုက် အသင်းများ အထူးသဖြင့် ဘရာဇီးအသင်းက အနိုင်များသည်ကို တွေ့ရသည်။ ဘောလုံးဝါသနာရှင်များ မေ့နေကြမည် ဖြစ်သည့် ကမ္ဘာ့ဘောလုံးပွဲ အတိတ်အကြောင်းကို ပြန်ပြောင်း တင်ပြခြင်း ဖြစ်ပါသည်။
၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင် အသင်း ၃၂ သင်းစလုံး ပွဲဦးထွက် တပွဲစီ ကစားပြီးခဲ့ကြပြီဖြစ်သည်။ ထင်မှတ်ထား သည့် အတိုင်း ရလဒ်များ ထွက်ပေါ်ခဲ့သလို မထင်မှတ်ထားသည့် ရလဒ်များလည်း ထွက်ပေါ်လာခဲ့သည်။ ကစားပြီးခဲ့သည့် ပွဲများကို အခြေခံ၍ အုပ်အလိုက် သုံးသပ်ကြည့်ချင်သည်။

အုပ်စု (က)
အိမ်ရှင်ဘရာဇီး၊ ခရိုအေရှား၊ မက္ကဆီကိုနှင့် ကင်မရွန်းတို့ပါသည်။ ဘရာဇီးက ခရိုအေးရှားကို ၃း၁ ဂိုးဖြင့် နိုင်သည်။ မက္ကဆီကိုက ကင်မရွန်းကို ၃း၁ ဂိုးဖြင့် နိုင်သည်။ ဇွန်၁၈ ရက်နေ့တွင် ဘရာဇီးနှင့် မက္ကဆီကိုတို့ ကစားခဲ့သည်။ သရေကျသည်။ ရှုံးသင်းနှစ်သင်းဖြစ် သည့် ကင်မရွန်းနှင့် ခရိုအေရှားတို့က ဇွန် ၁၉ ရက်နေ့တွင် ကစားကြမည် ဖြစ်သည်။

ယခုဆောင်းပါးရေးသည့် အချိန်အထိ မကစားရသေးပါ။ စာရေးသူကတော့ ခရိုအေးရှား အနိုင်ရဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။ ခရိုအေးရှားနှင့် မက္ကဆီကို တို့ ဇွန်လ ၂၄ ရက်တွင် အုပ်စုများ ပွဲသိမ်း ကစားကြရမည့် ပွဲမှ ထွက်ရှိလာမည့် အရှုံးအနိုင်ရလဒ်က အုပ် စု (က) ဒုတိယ နေရာအတွက် အဆုံးအဖြတ် မေးမည့် ပွဲ ဖြစ်သည်။ စာရေးသူကတော့ အုပ်စု (က) တွင် ဘရာဇီး (ပထမ)၊ ခရိုအေးရှား (ဒုတိယ) ရဖွယ်ရှိသည်ဟု ခန့်မှန်း ထားသည်။

အုပ်စု (ခ)
အုပ်စု (ခ) တွင် လက်ရှိချန်ပီယံ စပိန်ကို ၂၀၁၄ ငွေတံဆိပ်ရှင် နယ်သာလန်က ၅း၁ ဂိုးဖြင့် အပြတ်အသတ် အနိုင် ရရှိသွားသည်။ ဘောလုံးဝါသနာရှင်များ အတွက် ထင်မှတ်မထားသော အရှုံးအနိုင်ရလဒ်ပင် ဖြစ်သည်။
ချီလီကလည်း သြစတြေးလျကို ၃း၁ ဂိုးဖြင့် နိုင်ထားသည်။ ဇွန်လ ၁၉ ရက်တွင် ကစားမည့်ချီလီနှင့် စပိန်ပွဲ တို့က တသင်းသင်း နောက်တဆင့်တက်မည့် ပွဲပင် ဖြစ်သည်။ စပိန်ရှုံးလျှင်ထွက်၊ နိုင်လည်း ရှေ့တဆင့်တက်မည့်ပွဲ ပင်ဖြစ်သည်။ ယင်းအုပ်စုမှ ဟော်လန် ခေါ် နယ်သာလန်က (ပထမ)၊ ချီလီနှင့် စပိန် တသင်းသင်း ဒုတိယရမည်။

အုပ်စု (ဂ)
အုပ်စု (ဂ) တွင် ကိုလံဘီယာ အသင်းက ဂရိကို ၃းဝ ဖြင့် နိုင်သည်။ ဂျပန်က အိုင်ဗရီကို့စ်ကို ၁း၂ ဖြင့် ရှုံးသည်။ လေးသင်းစလုံး ဗိန်မသာ လိန်မသာ ခပ်ညံ့ညံ့အသင်းများ ဖြစ်နေသည်။ ဂျပန်အသင်းမှ ကစားသမား တချို့ ဥရောပ တွင် အနေကြာ၍လားမသိ ဘူရှီဒိုစိတ် ပျောက်နေကြသည်။ ဇွန်၂၄ ရက်ကျမှပင် အဖြေထွက်မည့် အုပ်စုဟု ခန့်မှန်းရသည်။

အုပ်စု (ဃ)
အုပ်စုဖွဲ့စည်းမှု ထူးဆန်းသည့် အုပ်စုဖြစ်သည်။ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးသည့် နိုင်ငံ ၃ နိုင်ငံ ပါဝင်နေသည်။ အီတလီ (၁၉၃၄၊ ၁၉၃၈၊ ၁၉၈၂၊ ၂၀၀၆)၊ ဥရုဂွေး (၁၉၉၃၊ ၁၉၅၁) နှင့် အင်္ဂလန် (၁၉၆၆) တို့ ဖြစ်ကြသည်။ ယင်း ၃ သင်းနှင့် ပြိုင်ရမည့် အသင်းက ဗဟို အမေရိကတိုယ်မှ ကော်စတာရီကာ အသင်းဖြစ်သည်။ ကမ္ဘာ့ဘောလုံးပွဲတွင် ၀င်ခဲ့ဖူးရုံ အဆင့်သာ ရှိသည်။ လက်တွေ့ကစားတော့ ဥရုဂွေးကို ၃း၁ ဂိုးဖြင့်နိုင်သည်။ အင်္ဂလန် အသင်းကတော့ အီတလီ အသင်းကို ၂း၁ ဖြင့် ရှုံးထားသည်။ အီတလီက လက်ကျန်နှစ်ပွဲတွင် တပွဲနိုင်ရုံဖြင့် အုပ်စုတက်မည်။ အင်္ဂလန်အသင်း ကတော့ လက်ကျန်ကစားရန် ရှိသည့်နှစ်ပွဲ အနက်မှ တပွဲရှုံးလျှင် အုပ်စုမှ ထွက်ရမည်။

စိတ်ဝင်စားစရာ ကောင်းသည့် အုပ်စု ဖြစ်သည်။ ကမ္ဘာ့ချန်ပီယံဟောင်း တသင်းကတော့ မုချ အုပ်စုမှ ထွက်ရမည်။ ကော်စတာရီကာ အသင်း ဆက်လက်ခြေစွမ်း ပြလျှင် ချန်ပီယံဟောင်း ၂ သင်းထွက်ခွာ နိုင်သည်။ ဇွန်လ ၂၀ ရက်တွင် ကစားမည့် အီတလီနှင့် ကော်စတာရီကာ၊ ဥရုဂွေးနှင့် အင်္ဂလန်တို့ပွဲများပြီးလျှင်တော့ အဖြေသိကြရမည် ထင်သည်။

အုပ်စု (င)
ကမ္ဘာ့ ချန်ပီယံဟောင်း ပြင်သစ်နှင့် ဆွစ်ဇာလန်၊ အီကွေဒေါ၊ ဟွန်ဒူးရပ်စ်တို့ နေရာလုကြ ရမည့် ပွဲဖြစ်သည်။ ပြင်သစ်က ဟွန်းဒူးရပ်စ် ကို ၃းဝ ၊ ဆွစ်ဇာလန်က အီကွေဒေါကို ၂း၁ ဖြင့် အဖွင့် ပွဲစဉ်များ၌ နိုင်ထားသည်။ ကမောက်ကမ ရလဒ်များ မထွက်ခဲ့လျှင် ပြင်သစ်နှင့် ဆွစ်ဇာလန်တို့ ၁၆ သင်း ရှုံးထွက်အဆင့် ရောက်မည်။

အုပ်စု (စ)
အုပ်စု (စ) တွင်လည်း ကမ္ဘာ့ ချန်ပီယံဟောင်း အာဂျင်တီးနား၊ နိုင်ဂျီးရီးယား၊ အီရန်နှင့် ယခု ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲကျမှ စတင်ပါဝင်ယှဉ်ပြိုင် ခဲ့သည့် ဘော့စနီးယား အသင်းတို့ ပါဝင်သည်။ မက်ဆီခြေစွမ်းပြသော်လည်း ဘော့စနီးယား နောက်ခံလူ ကိုယ့်ဂိုးကိုယ် သွင်းမိသဖြင့်သာ ဘရာဇီး ၂း၁ ဂိုးဖြင့် နိုင်ရခြင်း ဖြစ်သည်။ ဂိုးမရှိ သရေကျထား သည့် အီရန်နှင့်နိုင်ဂျီးယားတို့ အိမ်ပြန်တော့မည့် အုပ်စုဖြစ်သည်။

အုပ်စု (ဆ)
အုပ်စု (ဆ) တွင် ရိုနယ်ဒိုနှင့် ပေါ်တူဂီအသင်း ဂျာမနီအသင်းကို ၄းဝ ဂိုးဖြင့် ပွဲဦးထွက် ရှုံးသည်။ အမေရိကန်က ဂါနာကို ၂း၁ ဂိုးဖြင့် နိုင်သည်။ ပေါ်တူဂီ အသင်းရှေ့တဆင့်တက်ရေး အတွက် ဂါနာနှင့် အမေရိကန် အသင်းကို အနိုင်ကစားမှ ဖြစ်မည်။ ဤအုပ်စုတွင် ဂျာမနီနှင့် အမေရိကန်တို့ အုပ်စု တက်နိုင်သည်။

အုပ်စု (ဇ)
ရုရှားနှင့် ဘယ်လ်ဂျီယံကို တောင်ကိုရီးယားနှင့် အယ်လ်ဂျီးရီးယား အသင်းတို့ ကျော်နိုင်ဖွယ် မရှိပါ။ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်း ၃၂ သင်း စလုံး ပထမအကျော့ ကစားခဲ့သည်များကို ကြည့်ရှုလေ့လာပြီး ဖြစ်နိုင်ခြေများကို သုံးသပ်တင်ပြရခြင်း ဖြစ်ပါသည်။
ကမောက်ကမ ရလဒ်များဖြင့် အုပ်စုလိုက် ရလဒ်များ ပြောင်းလဲသွားနိုင်ပါ သည်။ သို့ဖြစ်လျှင် ကြိုတင်ခန့်မှန်းထားချက်များ မှားသွားနိုင်ပါ သည်။ မှန်လျှင်လည်း မှန်နိုင်ပါသည်။ အထူး မှာကြားလိုသည်မှာ ကမ္ဘာ့ဘောလုံးပွဲကို အပျော်သက်သက် အားပေးကြသူများ အတွက် ရည်စူးပြီး ခန့်မှန်းချက်များ ပေးရခြင်းဖြစ်ကြောင်း အစီရင်ခံလိုက် ရပါသည်။     ။

ဧရာဝတီ

Air Asia က တောင်ကိုရီးယားနှင့် ဂျပန် ခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်

Air Asia, Air Asia X, လေကြောင်းလိုင်း, တောင်ကိုးရီးယား, ဂျပန်
ဆူးလေရှန်ဂီလာဟိုတယ်တွင် ယနေ့ ကျင်းပသော Air Asia X လေကြောင်းလိုင်း မိတ်ဆက်ပွဲ အခမ်းအနား (ဓာတ်ပုံ – ဟိန်းထက် / ဧရာဝတီ)

ထိုင်းနိုင်ငံအခြေစိုက် Air Asia လေကြောင်းလိုင်းသည် Air Asia X အမည်ဖြင့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ ခရီးစဉ်များ တိုးချဲ့ပြေးဆွဲပျံသန်းမည်ဖြစ်ပြီး မြန်မာခရီးသွားများအနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ဒွန် မောင်း လေဆိပ်မှ တဆင့် ချိတ်ဆက် လိုက်ပါစီနင်းနိုင်ကြောင်း Air Asia လေကြောင်းလိုင်းက ယနေ့ ဆူးလေ ရှန်ဂီလာ ဟိုတယ် တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တရားဝင် သတင်းထုတ်ပြန်လိုက်သည်။

“မြန်မာကနေ ဘန်ကောက်အထိ လေယာဉ် အသေးနဲ့ ပျံမယ်။ ဘန်ကောက်ကနေမှ Air Asia X လေယာဉ် အကြီးနဲ့ ပြန်ပြောင်း စီးရမှာပေါ့။ ဘန်ကောက်- ဂျပန်ကလည်း မကြာခင် စတော့မယ်။ မနက်ဖြန်(ဇွန်လ ၁၇ ရက်နေ့) ဘန်ကောက်-တောင်ကိုရီးယား စပြီ” ဟု Asia Asia လေကြောင်းလိုင်း၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးဝေလင်းအောင်က ဆိုသည်။

Air Asia လေကြောင်းလိုင်းသည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ သို့ ပျံသန်းမည့် ခရီးစဉ်ကို ဇွန်လ ၁၇ ရက်တွင် စတင် ပြေးဆွဲမည် ဖြစ်ပြီး ဂျပန်နိုင်ငံ တိုကျိုနှင့် အိုဆာကာ မြို့များ စတင်ပြေးဆွဲမည့် နေ့ရက်ကို လတ်တလော မသတ်မှတ် ရသေးကြောင်း၊ Air Asia X  လေကြောင်းလိုင်းသည် Airbus A 330-300 လေယာဉ် ၂ စီးဖြင့် ခရီးစဉ် များ ပြေးဆွဲမည်ဖြစ်ပြီး လေယာဉ်များတွင် စုစုပေါင်း ထိုင်ခုံ ၃၇၇ခုံ ပါဝင်ကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တောင်ကိုရီးယား နိုင်ငံသို့ ခရီးသွားသူ လေယာဉ်စီးခရီးသည် စုစုပေါင်း ၆၃၄၇၀ ကျော် ရှိခဲ့ကြောင်း Air Asia ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Air Asia လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ ခရီးစဉ်များအဖြစ် ရန်ကုန်-ဘန်ကောက်၊ မန္တလေး- ဘန်ကောက် ခရီးစဉ်များကို ပြေးဆွဲလျှက်ရှိပြီး ဆီးဂိမ်းပြိုင်ပွဲ ကာလများအတွင်းက နေပြည်တော်-ဘန်ကောက် ခရီးစဉ်များပါ တိုးချဲ့ပြေးဆွဲခဲ့သည်။

Air Asia X လေကြောင်းလိုင်းသည် Air Asia ပြေးဆွဲနေသော ခရီးစဉ်များအတွက် အားဖြည့်ရန် Air Asia Group ၏ မဟာမိတ် လေကြောင်းလိုင်း အဖြစ် တည်ထောင်ထားသော လေကြောင်းလိုင်းတခု ဖြစ်ကြောင်း Air Asia ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧရာဝတီ

ဘောလုံးပွဲ (သို့မဟုတ်) ကျည်ဆံမပါသော စစ်ပွဲ

ဘောလုံးပွဲ (သို့မဟုတ်) ကျည်ဆံမပါသော စစ်ပွဲ
ဘရာဇီးနှင့် ခရိုအေးရှားပွဲ တွင် ဘရာဇီးက ဂိုးသွင်းယူစဉ် (ဓာတ်ပုံ – Reuters)

နိုင်ငံကိုယ်စားပြုအသင်းတွေ ယှဉ်ပြိုင်ကြတဲ့ ဘောလုံးပွဲကို နိုင်ငံအချင်းချင်းဖြစ်တဲ့ စစ်ပွဲနဲ့ နှိုင်းယှဉ်ကြတယ်။ ဘောလုံးပွဲဟာ အမျိုးသားရေးစိတ်ဓာတ်တွေ တရားဝင်ပြသခွင့်ရတဲ့ ကစားနည်း ဖြစ်သလို၊ အာဏာရှင်အစိုးရတွေက အသုံးချတဲ့ အားကစားနည်းတခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘောလုံးပွဲကို အမျိုးသားရေး ဇာတ်သွင်းတာကို တချို့က ဝေဖန်ကြပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို မြန်မာတွေလည်း အိပ်ရေးပျက်ခံအားပေးကြတယ်။ ကမ္ဘာ့ အဆင့်အတန်းမမီလို့ မြန်မာအသင်း မပါပေမယ့် ကိုယ်ကြိုက်တဲ့ အသင်းကို မွေးစား အားပေးကြတယ်။ ကိုယ့်နိုင်ငံ အသင်းမဟုတ်လို့ နိုင်နိုင်၊ ရှုံးရှုံး ခံစားရလည်း ခဏပါ။ ပြီးခဲ့တဲ့ ဆီးဂိမ်းမှာတုန်းက မြန်မာအသင်း ရှုံးသလိုမျိုး ကြေကွဲခံစားရမှာ မဟုတ်တာ သေချာပါတယ်။


နိုင်ငံတကာမှာ ယှဉ်ပြိုင်ကြတဲ့အခါ ဘယ်လို အားကစားနည်းတွေထဲမှာ ဘောလုံးကတော့ လူကြိုက်အများဆုံး၊ အကျယ်ပြန့်ဆုံး အားကစားပါပဲ။ ကိုယ့်နိုင်ငံအသင်း အနိုင်၊ အရှုံးဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ လူမျိုးရဲ့ ဂုဏ်သိက္ခာအထိ သက်ဆိုင်တယ်။ အင်္ဂလိပ်တွေကဆိုရင် အင်္ဂလန်ဘောလုံးအသင်း နည်းပြတာဝန်ဟာ ၀န်ကြီးချုပ်တာဝန်ပြီးရင် ဒုတိယ အရေးအကြီးဆုံးလို့ အဆိုရှိပါတယ်။

ရယ်စရာ မောစရာလိုလို ပြောကြတာဆိုပေမယ့် တစိတ်တပိုင်းမှန်တဲ့ ဟာသပါ။ ဒီနေ့ တကမ္ဘာလုံးမှာ ကစားနေကြတဲ့ ဘောလုံး ကစားနည်းကို  ဖြန့်ဖြူးခဲ့တဲ့ လူမျိုးကလည်း အင်္ဂလိပ်လူမျိုးတွေ ပါပဲ။
ဒါပေမယ့် ဘောလုံးပွဲကို အမျိုးသားရေးဇာတ်သွင်းတာကို လက်မခံနိုင်တဲ့သူတွေထဲမှာ နာမည်ကျော် အင်္ဂလိပ်စာရေးဆရာ ဂျော့ခ်ျအော်ဝဲလ်လည်း ပါဝင်တယ်။ ဘောလုံးပွဲကြောင့် နိုင်ငံတွေ အချင်းချင်းကြားမှာ ချစ်ကြည်ရင်းနှီးမှု ရတယ်ဆိုတာကို ဂျော့ခ်ျအော်ဝဲလ် က လက်မခံပါဘူး။ အားကစား စိတ်ဓာတ် (the sporting spirit) ဆိုတဲ့ သူရဲ့အက်ဆေးတပုဒ်မှာ ဘောလုံးပွဲတွေကို အမျိုးသားရေး စိတ်ဓာတ်အခံနဲ့ ကစားကြမယ်ဆိုရင် သေနတ်မပစ်တဲ့ စစ်ပွဲတပွဲနဲ့ အတူတူပါပဲလို့ အပြစ်တင်ခဲ့တယ်။ ဘောလုံးပွဲနဲ့ အမျိုးသားရေး ၀ါဒ ရောထွေးနေရင် အပြိုင်အဆိုင် စိတ်ဓာတ်တွေ၊ အမုန်းတရားတွေကို ဆွပေးသလိုပဲလို့ အပြစ်တင်ခဲ့တယ်။

အမျိုးသားရေး စိတ်အခံနဲ့ ကစားတဲ့အခါ ကစားပွဲဟာလည်း ဘယ်တော့မှ မျှတတဲ့ ကစားပွဲမဖြစ်နိုင်ဘူး။ အမုန်းတရားတွေ၊ မနာလိုဝန်တိုမှုတွေ၊ မာန်နထောင်လွှာတာတွေကြောင့် ကစားပွဲစည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်ပြီး ရုန်းရင်းဆန်ခတ်နဲ့ ပွဲပျက်သွားတာများတယ်လို့ ရေးထားပါတယ်။ ဒုတိယ ကမ္ဘာစစ် အစောပိုင်းကာလ ၁၉၄၁ မှာ ရေးခဲ့တဲ့ အက်ဆေး ဖြစ်လို့ အဲဒီကတည်းက အငြင်းပွားခဲ့ရပြီး အခုထိ အငြင်းပွားစရာ အယူအဆပါ၊ စစ်ဖြစ်နေတဲ့အချိန်မှာ ဘောလုံးပွဲကို ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ သဟဇာတဖြစ်ရေး ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကစားဖို့မဖြစ်နိုင်ဘူးလို့ ဂျော့ခ်ျအော်ဝဲလ်က မြင်တာကို နားလည်နိုင်ပါတယ်။


ဒါပေမယ့် ဘောလုံးပွဲကတော့ အပျော်အားကစားဆိုတဲ့ ဘောင်ကို ကျော်ပြီး နိုင်ငံရေးနဲ့ အမျိုးသားရေးနယ်ထဲကနေ နောက်ပြန်လှည့်လို့ မရတော့ပါဘူး။  ဖောက်ကလန်ကျွန်းစစ်ပွဲနဲ့ ရှုံးတဲ့ အာဂျင်တီးနားသားတွေက ၁၉၈၆ ကမ္ဘာ့ဖလားမှာ မာရာဒိုနာက အင်္ဂလန်အသင်းကို ဒိုင်မမြင်အောင် လက်နဲ့ ပုတ်သွင်းပြီး နိုင်တော့ “ဘုရားပေးတဲ့လက်” ဆိုပြီး ပျော်ကြတယ်။ ၁၉၅၄ မှာ ဂျာမန်အသင်းက ဟန်ဂေရီ အသင်းကို အနိုင်ရတော့လည်း စစ်ရှုံးပြီး သိမ်ငယ်နေတဲ့ ဂျာမန်တွေ ပျော်ကြ အောင်ပွဲခံကြတယ်။ ၁၉၈၈ ဥရောပ ချန်ပီယံဖလား ဆီမီးဖိုင်နယ်ပွဲမှာ ဟော်လန် အသင်းက ဂျာမန် အသင်းကို အနိုင်ရတဲ့အခါ ဟော်လန်သားတွေက ဂျာမန်ကို လက်စားချေနိုင်တာပဲ ဆိုပြီ လမ်းပေါ်မှာ နေ့ရောညပါ အောင်ပွဲခံကြတယ်။

 လူအုပ်ကြီးဟာ ၁၉၄၅ မေလမှာ လွတ်လပ်ရေးရတဲ့ အချိန်က အောင်ပွဲခံတဲ့လူဦးရေထက် ပိုများတယ်လို့ ဆိုတယ်။ အခုအထိလည်း ဥရောပမှာ ဘောလုံးပွဲနဲ့ အမျိုးသားရေးဝါဒ ဒွေးရောယှက်တင် ဖြစ်မှုက လုံးဝပျောက်သွားတော့ မဟုတ်ပါဘူး။ ဒါပေမယ် အရင်လောက် မပြင်းထန်တော့ပါဘူး။ ဂျာမနီ အသင်း နိုင်သွားလို့ အရင်လို ကမ္ဘာစစ်ခံစားချက်နဲ့ တွဲပြီး မခံမရပ်နိုင် မဖြစ်ကြတော့ပါဘူး။ စစ်ပွဲတွေ အလွန် ဥရောပဟာ ပိုပေါင်းစည်းသွားသလို ဘောလုံးပွဲ ယဉ်ကျေးမှုကလည်း ပိုပြီး သဘောထားကြီးတဲ့ဘက်၊ သဟဇာတဖြစ်မှုဘက်ကို တဖြည်းဖြည်း ပြောင်းလာပါတယ်။

ဒါပေမယ့် ဂျော့ခ်ျအော်ဝဲလ်ရဲ့ အက်ဆေးထဲမှာပါတဲ့ မြန်မာပြည်မှာကတော့ အခုအထိ မပြောင်းလဲသေးပါဘူး။ ဂျော့ခ်ျအော်ဝဲဟာ မြန်မာပြည်မှာ ရဲဝန်ထမ်းအဖြစ် နှစ်အနည်းငယ်နေထိုင်ခဲ့ပြီး မြန်မာပြည် နောက်ခံကားထားပြီး Burmese Days ကို ရေးသားခဲ့ပါတယ်။ အိန္ဒိယနဲ့ မြန်မာပြည်မှာ သူကြည့်ခဲ့ဖူးတဲ့ ဘောလုံးပွဲတွေမှာ ဆိုရင် ဘောလုံးကွင်းထဲကို ပရိသတ်တွေ မ၀င်နိုင်အောင် ရဲတွေ အလုံးအရင်းနဲ့ ပိတ်ထားရတယ်။ တခါက မြန်မာပြည်က ဘောလုံးပွဲမှာ ပွဲရှိန်တက်နေတုန်း အဆုံးအဖြတ် အချိန်မျိုးမှာ လူအုပ်ကြီးက ရဲတွေကို ထိုးဖောက်ပြီး တဖက်အသင်းရဲ့ ဂိုးသမားကို ၀ိုင်းချုပ်ထားတဲ့ အထိ ဖြစ်တယ်လို့ ရေးထားတယ်။


ဒီဘက်ခေတ်မှာလည်း နေ့စဉ်ဘ၀မှာ စိတ်ပျက်နေကြတဲ့ မြန်မာပြည်သူတွေဟာ ခံစားချက်တွေကို ဖွင့်ထုတ်ချင်လို့ ဘောလုံးပွဲတွေကို သွားကြ၊ အစိုးရကို မကျေနပ်တာနဲ့ ဘောလုံးကွင်းမှာ အော်ဟစ်ဆဲဆိုကြ၊ အဆင်မပြေမှုမျိုးစုံ မကျေနပ်ချက်မျိုးစုံကြောင့် ရန်ဖြစ်လွယ်တဲ့ အကြောင်းတွေကို Animal Farm (ခြေလေးချောင်း တော်လှန်ရေးလို့ သခင်ဘသောင်းက ဘာသာပြန်တယ်)၊ 1984 တို့လို အကြွင်းမဲ့အာဏာရှင်စနစ် ဆန့်ကျင်ရေး စာအုပ်တွေ ရေးသားခဲ့တဲ့ ဂျော့ခ်ျအော်ဝဲလ် သိရင် ဘယ်ပြောမလဲလို့ သိချင်မိပါတယ်။  ဒီလိုပဲ အာဏာရှင် အစိုးရက ဘောလုံးပွဲတွေကို အလွန်အကျွံ အမျိုးသားရေးဇာတ်သွင်းပြီး မစားရ၀ခမန်း၊ လူတွေကို အာရုံလွှဲဖို့ အသုံးချတာကို တွေ့ရရင် ဘောလုံးပွဲအပေါ် ဂျော့အော်ဝဲလ်ရဲ့ အဆိုးမြင်တာ ပိုတောင် ဆိုးသွား နိုင်မလားလို့ တွေးမိပါတယ်။

လူသားတွေရဲ့ အမျိုးသားရေးဝါဒ အကြောင်းကို ပါမောက္ခ ဘန်နီဒစ် အန်ဒါဆင် (Benedict Anderson) က ၁၉၈၃ ခုနှစ်မှာ စိတ်ကူးယဉ် လူ့အဖွဲ့အစည်းများ “Imagined communities” ဆိုတဲ့ စာအုပ်တအုပ်ရေးခဲ့တယ်။ အကျဉ်းချုပ်ကတော့ နိုင်ငံတွေဆိုတာဟာ စိတ်ကူးထဲက နိုင်ငံရေး လူ့အဖွဲ့အစည်းလို့ ဆိုတယ်။ နိုင်ငံတခုထဲက လူတွေဟာ အချင်းချင်း အပြင်မှာ မဆုံဖူး၊ စကားမပြောဖူးကြပေမယ့် စိတ်ကူးနဲ့ ချိတ်ဆက် တည်ဆောက်ထားကြတယ်။ ဥပမာ အိုလံပစ်လို နိုင်ငံတကာ အားကစားပွဲမှာ မိမိနိုင်ငံသားတွေ ယှဉ်ပြိုင်တဲ့အခါမျိုးမှာ ဒါ ငါတို့ နိုင်ငံကိုယ်စားပြု၊ ငါတို့ နိုင်ငံသား ဆိုတဲ့ ခံစားချက်က ပေါ်လာတာမျိုးပါ။  ဒီလို အဖွဲ့အစည်း စိတ်ဓာတ်၊ စိတ်ကူးယဉ် ခံစားချက်ဟာ အမျိုးသားရေးဝါဒဖြစ်ပါတယ်၊ အမျိုးသားရေးဝါဒမရှိဘဲနဲ့ လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ မရှိနိုင်ပါဘူး။

အမျိုးသားရေး ၀ါဒအကြောင်းပြောကြရင် ဥရောပသားတွေလောက် စိတ်ဓာတ်ပြင်းထန်တဲ့လူမျိုး ကမ္ဘာမှာ ရှိမယ်မထင်ပါဘူး။ အမျိုးသားရေးစိတ်ဓာတ်ကြောင့်ပဲ ဥရောပမှာ ကမ္ဘာစစ်ကြီး နှစ်ပွဲ စတင်ခဲ့တယ်။ လူသန်းပေါင်းများစွာ သေဆုံး၊ ဒုက္ခရောက်ခဲ့ပြီး တိုက်ကြီးတခုလုံး ဖွတ်ဖွတ်ညက်ညက် စစ်တလင်းဖြစ်ခဲ့တယ်။ အစွန်းရောက် အမျိုးသားရေးဝါဒအကြောင်းကို ဥရောပသားတွေ ကောင်းကောင်း သိပါတယ်။ ဒါကြောင့်ပဲ ဒီနေ့မှာတော့ သူတို့ အမျိုးသားရေး ၀ါဒအကြောင်းကို လက်သီးလက်မောင်းတန်းပြီး မပြောကြတော့ပါဘူး။ စိတ်ထဲမှာတော့ ပျောက်မသွားပါဘူး။ ဘောလုံးပွဲတွေကျရင် ငုပ်နေတဲ့ အမျိုးသားရေး ၀ါဒတွေ  ပြန်ပေါ်လာတယ်။ ဒါကြောင့်ပဲ နိုင်ငံ ကိုယ်စားပြု အသင်းတွေ ဘောလုံးပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ဆိုင်တာကို စစ်ပွဲတပွဲလို အရူးအမူး အားပေးကြတာပါ။

မျိုးချစ်စိတ်အရာမှာ မြန်မာလူမျိုးဟာလည်း ဥရောပသားတွေထက် မလျှော့ပါဘူး။ တချိန်တည်းမှာ မြန်မာတွေဟာ မတော်တဲ့နေရာမှာ စိတ်ထက်သန်တာကို ဗိုလ်ချုပ်အောင်ဆန်းက တလွဲဆံပင်ကောင်းတဲ့ စိတ်ဓာတ်လို့ ဝေဖန်ဖူးပါတယ်။ ဘောလုံးပွဲမှာ “လူချ” ကစားတာကိုပဲ နမူနာ ပေးပြောသွားခဲ့တာပါပဲ။ မိမိတိုင်းပြည်၊ မိမိလူမျိုးကောင်းစားတာကို မြင်လိုတဲ့ မျိုးချစ်စိတ်ဓာတ်၊ နိမ့်ကျတာကို မမြင်လိုတဲ့ စိတ်ဓာတ်မျိုးဟာ ထားရှိအပ်တဲ့ မျိုးချစ်စိတ်ဓာတ်ပါပဲ။ ဒါပေမယ့် ဆင်ခြင်တုံ တရားကင်းမဲ့တဲ့ အစွန်းရောက် မျိုးချစ်စိတ်ဓာတ်က အရာမရောက်၊ ကိစ္စမပြီး နိုင်လို့ ဦးသန့်ကလည်း သတိပေးဖူးပါတယ်။ မြန်မာတွေရဲ့ မျိုးချစ်စိတ်ဓာတ်ဟာ ဆင်ခြင်တုံတရားမရှိတဲ့ အရမ်းကာရော စိတ်ဓာတ်မျိုး ဖြစ်နေတတ်တယ်လို့ ပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့တာ ကြာခဲ့ပါပြီ။ ဒါပေမယ့် အခုအထိလည်း ဂျော့ခ်ျအော်ဝဲလ် ကြည့်ခဲ့ဖူးတဲ့ ဘောလုံးပွဲမျိုး၊ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ လူချ ကစားတဲ့ ဘောလုံးပွဲတွေကို အခုထိလည်း ကြည့်နေရတုန်းပါပဲ။ နိုင်ငံတကာပွဲတိုင်းလိုလိုမှာ မြန်မာတွေ မျက်နှာပျက်ရပေါင်းလည်း များပါပြီ။

အမျိုးသားရေးစိတ်ဓာတ်ရှိနေသမှ အမျိုးသားရေးဇာတ်သွင်းထားတဲ့ ဘောလုံးပွဲတွေ ရှိနေပါလိမ့်မယ်။ ဘောလုံးနဲ့ အမျိုးသားရေးဝါဒကို ဘယ်တော့မှ ခွဲထုတ်လို့ မရနိုင်၊ ခွဲထုတ်ဖို့လည်း မလိုအပ်ပါဘူး။ နောက်ဆုံးမှာတော့ အမျိုးသားရေးဇာတ်သွင်းထားတဲ့ ဘောလုံးပွဲက သေနတ်မပစ်တဲ့ စစ်ပွဲဆိုရင်တောင် သေနတ်ပစ်တဲ့ စစ်ပွဲထက်တော့ အများကြီး ပိုကောင်းသေးတယ်လို့ သေချာပေါက်ပြောနိုင်ပါတယ်။ အထူးသဖြင့် အစွန်းရောက် အမျိုးသားရေးဝါဒတွေ ခေါင်းထောင်နေတဲ့ အခုလို ကာလကြီးမှာ လူမျိုးရေး၊ ဘာသာရေး အမုန်းပွားပြီး သွေးထွက်သံယိုပဋိပက္ခတွေထက်စာရင် အမျိုးသားရေးဇာတ်သွင်းထားတဲ့ ဘောလုံးပွဲက အများကြီး ဘေးကင်းပါသေးတယ်။

မြန်မာပရိသတ်တွေ အနေနဲ့ ညနက်သန်းခေါင် ဘောလုံးပွဲတွေကို အားပေးတဲ့အခါ အနိုင်အရှုံး၊ ဘောလုံးနည်း စနစ်တွေကိုချည်း အာရုံမစိုက်ဘဲ ဘောလုံးပွဲပြီးတဲ့အခါ နိုင်ငံတကာအဆင့်မီ ဘောလုံးသမားတွေရဲ့ အားကစား စိတ်ဓာတ်နဲ့ မှန်ကန်တဲ့ မျိုးချစ်စိတ်ဓာတ်အကြောင်းကိုပါ ဆင်ခြင်နိုင်ရင် ပိုပြီး အကျိုးများဖွယ် ရှိပါတယ်။

(ညီစောလွင်သည် မြန်မာ့ရေးရာနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)


၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးပွဲ အကြောင်း တစေ့တစောင်း

ဘရာဇီး, ကမ္ဘာ့ဖလား, ဘောလုံး, ချန်ပီယံ, ဗိုလ်လုပွဲ

၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်မှ စတင်ကာ အကြိမ် ၂၀ မြောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဘရာဇီးနိုင်ငံတွင် စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်
၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်မှ စတင်ကာ အကြိမ် ၂၀ မြောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဘရာဇီးနိုင်ငံတွင် စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ယခင် ၁၉၃၀ ပြည့်နှစ်မှ စတင်ကာ ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲအထိ ကျင်းပသည့် အကြိမ်ပေါင်း ၁၉ ကြိမ်တွင် ကမ္ဘာ့ဘောလုံးပွဲ ချန်ပီယံဖြစ်သည့် နိုင်ငံများမှာ ၈ နိုင်ငံသာရှိသေးသည်။
ဥရုဂွေး၊ ဘရာဇီး၊ အာဂျင်တီးနား၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်နှင့် စပိန်နိုင်ငံတို့ဖြစ်သည်။ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် အင်္ဂလန်အသင်းနှင့် စပိန်အသင်းတို့ တကြိမ်စီသာ ဗိုလ်လုပွဲရောက်ပြီး ပထမဆုရကြသည်။ ဥရုဂွေးအသင်းကလည်း နှစ်ကြိမ်ဗိုလ်လုပွဲတက်ပြီး နှစ်ကြိမ် (၁၉၃၀၊၁၉၅၀) ပထမရသည်။ သို့ဖြစ်ရာ ပထမဆုရသော်လည်း ဒုတိယဆုမရသည့်အသင်း ၃ သင်းရှိသည်။

ဘရာဇီး၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်နှင့် အာဂျင်တီးနားနိုင်ငံတို့သာ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုများကို အပြန်အလှန်ရယူနေကြသည်ကို တွေ့ကြသည်။ ဘရာဇီးသည် ၁၉၅၀၊ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဘောလုံးပွဲတွင် ဒုတိယရသည်။ ဂျာမနီအသင်းက ၁၉၆၆၊ ၁၉၈၂၊ ၁၉၈၆၊ ၂၀၀၂ တို့တွင် ဒုတိယရသည်။ အီတလီအသင်းက ၁၉၇၀ နှင့် ၁၉၉၄ တို့တွင် ဒုတိယရဖူးသည်။ အာဂျင်တီးနားအသင်းကလည်း ၁၉၃၀၊ ၁၉၉၀ ကမ္ဘာ့ဖလားဘောလုံးပွဲတို့တွင် ဒုတိယရသည်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအထိရောက်ပြီး ဒုတိယဆုဖြင့်သာ ကျေနပ်လိုက်ကြရသည့် နိုင်ငံများမှာ ပထမရသည့် နိုင်ငံများ၏ ၅၀ ရာခိုင်နှုန်းသာရှိသည်။ ဟန်ဂေရီ (၁၉၃၈၊ ၁၉၅၄) ၊ ချက်ကိုစလိုဗက်ကီးယား (၁၉၃၄၊ ၁၉၆၂) ၊ ဆွီဒင် (၁၉၅၈) ၊ နယ်သာလန် (၁၉၇၄၊ ၁၉၇၈၊ ၂၀၁၀) တို့ဖြစ်ကြသည်။ နိုင်ငံပေါင်း ၄ နိုင်ငံက ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပသည့် ၁၉ ကြိမ်တွင် ၈ ကြိမ်ထဲသာ ဒုတိယဆုရရှိခဲ့ကြသည်။
သို့ဖြစ်ရာ လက်ရှိကျင်းပနေသော ကမ္ဘာ့ဘောလုံးပွဲများတွင် မည်သည့်နိုင်ငံများကသာ လွှမ်းမိုးထားသည်ကို သိသာထင်ရှားစွာ သိနိုင်သည်။

မရဏအုပ်စု

၂၀၁၄ ခုနှစ်တွင် ကျင်းပသည့် အကြိမ် ၂၀ မြောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ၁၉၃၁ ပြည့်နှစ်မှာ ၂၀၁၁ ပြည့်နှစ်အတွင်း ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ကြသည့်အသင်း ၈ သင်း (ဘရာဇီး၊ ဥရုဂွေး၊ အာဂျင်တီးနား၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်နှင့် စပိန်) တို့ပါဝင်လာသည်။
ယင်း ကမ္ဘာ့ချန်ပီယံကောင်းအသင်း ၈ သင်းထဲမှ တသင်းသည် အုပ်စုအဆင့်မှာ ထွက်သွားရန် သေချာသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအသင်းက အုပ်စုဖွဲ့စည်းထားသည့် အုပ်စု D တွင် ကမ္ဘာ့ချန်ပီယံနိုင်ငံများဖြစ် သည့် ဥရုဂွေး၊ အီတလီနှင့် အင်္ဂလန်အသင်းများ တအုပ်စုထဲတွင် ပါဝင်နေသောကြောင့်ဖြစ်သည်။ ဥရုဂွေး၊ အီတလီနှင့် အင်္ဂလန်တို့အနက် တသင်းသင်းမှာ အုပ်စုမှပင် ကျန်ရစ်ပေမည်။ မရဏအုပ်စု (Group of Death) မှ နှစ်သင်းသာ ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်နိုင်မည်။

ကမ္ဘာ့တ၀ှမ်းမှ ဘောလုံးဝါသနာရှင်အားလုံးသည် ယင်းအုပ်စုပွဲအပေါ် စိတ်ဝင်စားနေမည်မှာ သေချာသည်။ ဥရုဂွေး၊ အီတလီနှင့် အင်္ဂလန်အသင်းတို့ ယခင်ကမ္ဘာ့ဖလားဘောလုံးပွဲများ၌ အောင်မြင်မှုများ ပြန်လည် သုံးသပ်ကြည့်လျှင် အီတလီအသင်းမှာ အအောင်မြင်ဆုံးအသင်းဖြစ်သည်။ အီတလီအသင်းသည် ၁၉၃၄၊ ၁၉၃၈၊ ၁၉၈၂ နှင့် ၂၀၀၆ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ပထမရခဲ့သည်။ ၁၉၇၀ နှင့် ၁၉၉၄ ကမ္ဘာ့ဖလားဘောလုံးပွဲတို့တွင် ဒုတိယ နှစ်ကြိမ်ရထားသည်။ နှစ်ကြိမ်စလုံးတွင် ဘရာဇီးအသင်းကို ရှုံးနိမ့်ပြီး ဒုတိယရခြင်းဖြစ်သည်။ ၁း၎(၁၉၅၀)၊ ၀း၃ (ပင်နယ်လီဂိုးအဆုံးအဖြတ်) ၁၉၄၄ တို့ဖြစ်သည်။
အီတလီပြီးလျှင် ဥရုဂွေးက ကမ္ဘာ့ဖလားဘောလုံး နှစ်ကြိမ် (၁၉၃၀၊ ၁၉၅၀) တွင် ပထမရသည်။ ဒုတိယဆု ရရှိခြင်း မရှိပါ။ အင်္ဂလန်အသင်းက ၁၉၆၆ ကမ္ဘာ့ဘောလုံးပွဲတွင် ချန်ပီယံဖြစ်ခဲ့ဖူးသည်မှ ဆုတံဆိပ်ရရှိခြင်း မရှိခဲ့ပါ။

အီတလီအသင်းအနေဖြင့် ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ရုပ်ပျက်ဆင်းပျက် မရှုမလှ ရှုံးနိမ့်ခဲ့ဖူးသည်။ အာရှတိုက် ကိုယ်စားပြု မြောက်ကိုရီးယားအသင်းကို အုပ်စုအဆင့်တွင် ၀း၁ ဂိုးဖြင့် ရှုံးပြီးအုပ်စုမှ ထွက်ခဲ့ရခြင်းဖြစ်သည်။
၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားဘောလုံးပွဲ ၀င်ရောက်ယှဉ်ကြသည့် နိုင်ငံများကို ဖီဖာက အဆင့်သတ်မှတ်ရာတွင် ဥရုဂွေးအဆင့် ၆၊ အီတလီက နယ်သာလန်နှင့် တွဲ၍ အဆင့် ၈ နှင့် အင်္ဂလန်ကအဆင့် ၁၀ တို့တွင် ရှိသည်။

ဥရုဂွေး၊ အီတလီနှင့် အင်္ဂလန်အသင်းတို့နှင့် အတူတူ အုပ်စု D တွင်ပါဝင်သည့် အော်စကာရီကာအသင်းကမူ ကျန်သုံးသင်းနှင့် ဘောလုံးသမ္ဘာ ပါဝါ နိမ့်လွန်းအားကြီးသည့် ကမ္ဘာ့အဆင့် ၃၁ သာရှိသည်။
ကမ္ဘာ့ချန်ပီယံကောင်း ၅ နိုင်ငံမှာတရပ်ခုတွင် တသင်းသာ ပါဝင်နေသည်။ အုပ်စု A ဘရာဇီး၊ အုပ်စု B စပိန်၊ ပြင်သစ် အုပ်စု E ၊ အာဂျင်တီးနား အုပ်စု F ၊ ဂျာမနီ အုပ်စု G တို့ဖြစ်သည်။

အုပ်စု A
၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားဘောလုံးပွဲတွင် မည်သည့် အသင်း ပထမရမည်ကို ကြိုတင်ခန့်မှန်းရန် မလွယ်ကူပါ။ သို့သော် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့ဘောလုံးသုတေသီများကမူ အိမ်ရှင်ဘရာဇီးအသင်းအပေါ် အလေးပေးနေကြသည်။ သို့ဖြစ်ရာ ဘရာဇီးအသင်းပါဝင်သည့် အုပ်စု A ကိုလေ့လာကြည့်လိုပါသည်။

ဘရာဇီးအသင်း ၁၉၃၁ ပြည့်နှစ်မှ ယခု ၂၀၁၄ အထိ ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပသည့် အကြိမ် ၂၁ လုံးတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရသည့် တခုတည်းသော နိုင်ငံဖြစ်သည်။ ကမ္ဘာ့ချန်ပီယံ ၅ ကြိမ် (၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄ နှင့် ၂၀၀၂) ၊ ဒုတိယနှစ်ကြိမ် (၁၉၅၀၊ ၁၉၉၈) ရထားသည့် အသင်းဖြစ်သည်။ လက်ရှိ ကမ္ဘာ့အဆင့် ၃ ဖြစ်သည်။

ခရိုအေးရှားအသင်းမှာ ၁၉၉၈ ပြင်သစ် ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ဟော်လန်အသင်းကို ၂း၁ ဖြင့်နိုင်ပြီး တတိယဆု ဆွတ်ခူးနိုင်ခြင်းမှာ အမြင့်ဆုံးအောင်မြင်မှု ဖြစ်သည်။ ကမ္ဘာ့အဆင့် ၁၈ ဖြစ်သည်။
မက်ဆီကိုအသင်းမှာ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ဆုတံဆိပ် ရရှိခဲ့ဖူးခြင်း မရှိပါ။ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ၂၄ ဖြစ်သည်။

ကင်မရွန်းအသင်းမှာလည်း ကမ္ဘာ့ဖလားဘောလုံးပွဲတွင် အုပ်စုအဆင့်ကသာ လှည့်ပြန်ရသည်က များသည်။ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၅၉ သာရှိသည်။ သို့ဖြစ်ရာ စာရွက်ပေါ်မှ မှတ်တမ်းများအရ အုပ်စု A မှ ဘရာဇီးနှင့် ခရိုအေးရှားအသင်းတို့ ၁၆ သင်း ရှုံးထွက်အဆင့်သို့ ချီတက်ရေးကို မက်ဆီကိုအသင်းက ဟန့်တားနိုင်ခြင်းရှိမရှိ ဆိုသည်ကိုမူ ပွဲကစားပြီးမှ အဖြေသိနိုင်ကြပါမည်။

အာရှနှင့် ကမ္ဘာ့ဖလား

အာရှတိုက်မှ နိုင်ငံတနိုင်ငံက ၁၉၃၈ ပြင်သစ် ကမ္ဘာ့ဖလားပွဲတွင် ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ဖူးသည်။ Dutch East Indies နာမည်နှင့် ဖြစ်သည်။ ယခု အင်ဒိုနီးရှားအသင်း ဖြစ်သည်။ ပထမဆုံး အဆင့်မှာပင် ဟန်ဂေရီအသင်းကို ၀း၆ ဂိုးဖြင့် ရှုံးသည်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသို့ ဒုတိယ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အာရှကိုယ်စားပြု အသင်းမှာ တောင်ကိုရီးယားအသင်း ဖြစ်သည်။ ဆွစ်ဇာလန် နိုင်ငံတွင် ကျင်းပသည့် ၁၉၅၄ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ဖြစ်သည်။ ဟန်ဂေရီကို ၀း၉၊ တူရကီကို ၀း၇ ဖြင့် ရှုံးသည်။
ကမ္ဘာ့ဖလားဘောလုံးပွဲတွင် အာရှတိုက်မှ ပထမဆုံး အောင်မြင်မှုရသည့် အသင်းမှာ မြောက်ကိုရီးယားအသင်း ဖြစ်သည်။

၁၉၆၆ အင်္ဂလန် ကမ္ဘာ့ဖလားဘောလုံးပွဲတွင် မြောက်ကိုရီးယားအသင်းသည် အုပ်စု ၄ ၌ အီတလီအသင်းကို ၁းဝ ဖြင့် နိုင်သည်။ ချီလီအသင်းနှင့် ၁း၁၊ ဆိုဗီယက် ပြည်ထောင်စုကို ၁း၃ ဖြင့် ရှုံးသည်။ အမှတ် ၃ မှတ်ရပြီး ကွာတားဖိုင်နယ် တက်သည်။ ပေါ်တူကီကို ၃ ဂိုးသွင်းပြီး ၅ ဂိုး ပြန်သွင်းခံရပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲ အာရှတိုက် ကိုယ်စားပြု ဂျပန်၊ တောင်ကိုရီးယား၊ အီရန်နှင့် သြစတြေးလျ အသင်းတို့ ခြေစစ်ပွဲအောင်သည်။

ဂျပန်အသင်းသည် အုပ်စု C တွင် ကိုလံဘီယာ၊ ဂရိ၊ အိုင်ဗရီကို့(စ) အသင်းတို့နှင့် ကစားမည်ဖြစ်သည်။ ဖီဖာ၏ အဆင့်သတ်မှတ်ချက်တွင် ဂရိ ၁၅၊ အိုင်ဗရီကို့(စ) ၁၇၊ ဂျပန် ၄၄ နှင့် အီရန် ၄၉ တို့ဖြစ်သည်။ ဂျပန်တို့၏ ဘူရှီဒိုစိတ်ဓာတ်နှင့် ဆာမူရိုင်းရဲစွမ်းသတ္တိတို့ကြောင့် နောက်တဆင့် တက်နိုင်ဖွယ်ရှိသည်။
တောင်ကိုရီးယားအသင်းက အုပ်စု H တွင် ဘယ်(လ)ဂျီယံ၊ အယ်(လ)ဂျီးရီးယား၊ ရုရှားအသင်းများနှင့် ကစားရမည်ဖြစ်သည်။ အဆင့်သတ်မှတ်ချက် တောင်ကိုရီးယား ၅၆၊ ရုရှား ၁၉၊ အယ်(လ)ဂျီးရီးယား ၃၂ နှင့် အီရန် ၄၉ တို့ဖြစ်သည်။ တောင်ကိုရီးယားအသင်း နောက်တဆင့် တက်ရေး စာရွက်ပေါ်မှ မှတ်တမ်းအရ မလွယ်ပါ။

အီရန်အသင်းမှာ အုပ်စု F တွင် အာဂျင်တီးနား၊ ဘော့စနီးယား၊ နိုင်ဂျီးရီးယားအသင်းတို့ ကစားရမည် ဖြစ်သည်။ အာဂျင်တီးနားမှာ ကမ္ဘာ့အဆင့် ၅ နိုင်ငံဖြစ်သည်။ ဘော့စနီးယားအသင်းမှာ ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲကျမှ ပထမဆုံး ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ နိုင်ဂျီးရီးယား ၃၃ နှင့် အီရန် ၄၉ ဖြစ်သည်။ အုပ်စု ဒုတိယ နေရာအတွက် အီရန်၊ ဘောစနီးယားနှင့် နိုင်ဂျီးရီးယားတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိသည်။
သြစတြေးလျ အသင်းသည် အာရှတိုက်၏ မွေးစားအသင်း ဖြစ်သည်။ အာရှ ဘောလုံးလောကနှင့် လာရောက် ပူးပေါင်းထားသည့် အသင်းဖြစ်သည်။ အာရှတိုက်တွင် သြစတြေးလျ အသင်း၏ အခြေစိုက်ရာဒေသမှာ အရှေ့တောင် အာရှဒေသ ဖြစ်သည်။
သြစတြေးလျအသင်းသည် အုပ်စု ၂ ၌ စပိန် (လက်ရှိချန်ပီယံ)၊ နယ်သာလန် (၂၀၁၀ ငွေတံဆိပ်ဆုရှင်)၊ ချီလီအသင်းတို့နှင့် အတူကစားရမည် ဖြစ်သည်။ အုပ်စုအဆင့်တွင် ကစားရခြင်းသည်ပင်လျင် သြစတေးလျ အသင်းအတွက် အမြတ်ဟုပင် သတ်မှတ်ရမည် ဖြစ်သည်။

ထူးခြားချက်များ

ဘရာဇီး ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ယခင် ၁၉ ကြိမ်နှင့် မတူသည့် ထူးခြားချက်များရှိသည်။ ယင်းအချက်များထဲမှ အဓိကအကျဆုံးမှာဘရာဇီးနိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ဖလားဘောလုံးပွဲကို ဘရာဇီး ပြည်သူတချို့က ဆန့်ကျင်ကန့်ကွတ်နေကြခြင်းပင် ဖြစ်သည်။
ဒုတိယထူးခြားချက်မှာ ဥရောပတိုက်မှ ဘော့စနီးယားနိုင်ငံက ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ တတိယထူးခြားချက်မှာ ၂၀၁၀ ကမ္ဘာ့ဖလားပွဲတွင် ဖလားလုခဲ့သည့် စပိန်အသင်းနှင့် နယ်သာလန် အသင်းတို့ တအုပ်စုထဲအတူတူကျနေခြင်း ဖြစ်သည်။
စတုတ္ထ ထူးခြားချက်မှာ ကမ္ဘာ့ချန်ပီယံလောင်းများ ဖြစ်ကြသည့် အီတလီ၊ အင်္ဂလန်နှင့် ဥရုဂွေးအသင်းတို့၏ တအုပ်စုထဲတွင် ကစားရခြင်းဖြစ်သည်။

ချန်ပီယံ

၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် မည်သည့်အသင်း ပထမရမည် ဆိုခြင်းကို ခန့်မှန်းရန်မှာ စောပါသေးသည်။ သို့သော် ချန်ပီယံ ဖြစ်နိုင်သည့် အသင်းများကိုမူခန့်မှန်းနိုင်မည် ထင်ပါသည်။

တောင်အမေရိကတိုက်မှ ဘရာဇီးနှင့် အာဂျင်တီးနား၊ ဥရောပတိုက်မှ စပိန်၊ ဂျာမနီ၊ အီတလီနှင့် နယ်သာလန်တို့ထဲမှ တသင်းသင်းသာလျင် ချန်ပီယံအသစ်အဖြစ် ပေါ်လာဖွယ် ရှိပါသည်။
တောင်အမေရိကတိုက် ဥရုဂွေး၊ အီကွေဒေါ၊ မြောက်အမေရိကတိုက်မှ အမေရိကန်၊ ဥရောပတိုက်မှ ပေါ်တူဂီ၊ ပြင်သစ်၊ အင်္ဂလန် အသင်းတို့ကို “တော်ကောင်း”အသင်းများဟု သတ်မှတ်လိုပါသည်။

ဘောလုံးအသင်းတသင်း၏ အနိုင်အရှုံးကို ကြိုတင်ခန့်မှန်း ကြရာတွင် ယင်းအသင်း၏ အနီးကပ်ဆုံးရလဒ်များ၊ ပြိုင်ပွဲဝင်မည့် အသင်းသားများ၏ စိတ်အခြေအနေ၊ ကိုယ်ကာယ၊ ကျန်းမာ ကြံ့ခိုင်မှု အခြေအနေ၊ နည်းပြဆရာ၏ အသင်းပေါ် ကိုင်တွယ်ခြင်းစသည်များကို ထည့်သွင်းတွက်ချက်နိုင်ကြမှသာလျင် အနီးကပ်ဆုံး အဖြေရရှိနိုင်ဖွယ်ရှိကြောင်း ဖြေလိုက်ရပါသည်။

ဧရာဝတီ

MH370 ပျောက်ဆုံးမှုတွင် လေယာဉ်မှူးနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က သံသယရှိနေ


MH370 လေယာဉ် ပျောက်ဆုံးမှုတွင် အဓိက သံသယရှိသူ တစ်ဦးအဖြစ် လေယာဉ်မှူး ဇာဟာရီ အာမက်ရှားကို မလေးရှား ရဲတပ်ဖွဲ့က သတ်မှတ်စုံစမ်းနေကြောင်း သိရှိရသည်။

မလေးရှား လေကြောင်းလိုင်း၏ အသက်(၅၃)နှစ်အရွယ် လေယာဉ်မှူးသည် လေယာဉ်မပျောက်ဆုံးမီကတည်းက ၎င်း၏ ဒိုင်ယာရီကို ရှင်းလင်းပယ်ဖျက်ထားသလို လူမှုရေးနှင့် အလုပ်အကိုင် နယ်ပယ်မှ ဆက်နွယ်မှုများကိုလည်း ဖယ်ရှားထားခဲ့ကြောင်း ရဲများက ဖော်ထုတ်နိုင်ခဲ့သည်။

အဆိုပါ အခြေအနေသည် လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် အခြားသော အမှုထမ်းများနှင့် သိသာစွာ ကွဲပြားနေကြောင်း သိရသည်။

မတ်လ(၈)ရက်နေ့ ကတည်းက လူပေါင်း(၂၃၉)ဦးနှင့်အတူ ထူးဆန်းစွာ ပျောက်ဆုံးသွားသည့် လေယာဉ်နှင့် ပတ်သက်ပြီး စက်ချွတ်ယွင်း ပျက်ကျသွားသည်ဟု ယူဆထားသော်လည်း လူတစ်ဦးဦး၏ စနက်ကြောင့်ဖြစ်စေ၊ အကြမ်းဖက်မှုကြောင့်ဖြစ်စေ ဖြစ်နိုင်ကြောင်း ကောက်ချက်များကိုလည်း မလေးရှား စုံထောက်များက မစွန့်ပစ်သေးချေ။

အဆိုပါ အချက်အလက်များသည် လေကြောင်းပျံသန်းမှုဆိုင်ရာ စက်မှုလုပ်ငန်းများမှ သတင်းရင်းမြစ်များနှင့် အရှေ့တောင်အာရှ နိုင်ငံ၏ စုံစမ်းရေး အရာရှိ အချို့ထံမှ စတင်ပေါက်ကြားလာခြင်းဟု ဆိုသည်။

အမေရိကန်မှ လေယာဉ်မှူးဟောင်း တစ်ဦးလည်းဖြစ်၊ လေကြောင်းပျံသန်းမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးလည်းဖြစ်ပြီး Aviation International News Safety မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် တာဝန်ယူထားသည့် ရောဘတ်မတ်ခ်က “ခုအတိုင်းဆိုရင်တော့ လေယာဉ်မှူးကို လက်ညှိုးထိုးချင်စရာ အခြေအနေတွေ ပိုများလာပြီပေါ့”ဟု မှတ်ချက်ပြုခဲ့သည်။

မလေးရှားမှ ထောက်လှမ်းရေး အရာရှိများသည် လေယာဉ်ပျောက်ကွယ်သွားသည့် ကာလအတွင်း အနည်းဆုံး လူပေါင်း(၁၇၀)မျှကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

လေယာဉ်မှူး အာမက်ရှားသည် ကလေး(၃)ဦး၏ ဖခင်ဖြစ်ပြီး မိသားစုနှင့် ပြဿနာအချို့ ရှိခဲ့ကြောင်း သိရသည်။ ၎င်းသည် မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်ကို အလေးအနက် ထောက်ခံသူလည်း ဖြစ်သည်။ အီဘရာဟင်သည် Boeing 777-200 အမျိုးအစား လေယာဉ်ကြီး ပျောက်ဆုံးမသွားမီ နာရီပိုင်းမျှ အလိုက လိင်တူဆက်ဆံမှု စွဲချက်ဖြင့် ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

အစောပိုင်းက စုံထောက်များသည် အာမက်ရှား၏ နေအိမ်၌ Flight Simulator တစ်ခုကို အသုံးပြု ဖန်တီးထားသည့် ပျံသန်းမှု လမ်းကြောင်းမြေပုံ တစ်ခုကိုလည်း တွေ့ရှိထားပြီး ယင်းသည် အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ လူသူအရောက်အပေါက် နည်းပါးသော ကျွန်းငယ်တစ်ခုသို့ ဦးတည်နေကြောင်း သိရှိရသည်။

အာမက်ရှား၏ ဆွေမျိုးများကမူ လေယာဉ်၏ သေတ္တာနက်ကို ရှာမတွေ့မချင်း အမှန်တရားကို ဖော်ထုတ်နိုင်မည် မဟုတ်ဟု ဆိုသည်။ မလေးရှား ပို့ဆောင်ရေး ဝန်ကြီးအဖြစ် ကြားဖြတ်တာဝန်ယူထားသည့် ဟီရှမ်မူဒင် ဟူစိန်ကမူ ယခုကဲ့သို့ သတင်းပေါက်ကြားမှုများအတွက် ဝေဖန်ပြစ်တင်ခဲ့သည်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကမူ “ကျွန်တော်တို့ကတော့ ဖြစ်နိုင်ခြေရှိတဲ့ ရှုထောင့်အားလုံးကနေ စဉ်းစားရမှာပဲလေ”ဟု ကာကွယ်ပြောကြားထားသည်။

_Ref: Mirror

7day


ကမ္ဘာ့ ဖလားပြိုင်ပွဲကြည့်စဉ် အမျိုးသမီးတွေ မလာအောင် ပြုလုပ်တဲ့နည်း


အေသင်အောင်

နေအိမ်မှာ ကမ္ဘာ့ ဖလားပြိုင်ပွဲကို ကြည့်ရှုစဉ် အတောအတွင်းမှာ ချစ်သူ၊ ဇနီးမယားတွေရဲ့ အနှောင့်အယှက်ကို မခံရဖို့ နည်းတစ်နည်း ပေါ် ထွက်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီနည်းက လက်ရှိ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ကျင့်သုံးနေတဲ့ စည်းမျဉ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ ဖလားပြိုင်ပွဲ မှာ ပြစ်ဒဏ်ဘောတွေကန်တဲ့ အခါမှာ ကစားသမားတွေရဲ့ ရှေ့မှာ ဒိုင်လူကြီးက မှုတ်ဆေးဗူး နဲ့ စည်းတားတာ ကို မြင်တွေ့ကြမှာဖြစ်ပါတယ်။ ဒီနည်းကို တောင်အမေရိက ဘောလုံးပြိုင်ပွဲတွေမှာ ကျင့်သုံးနေတာ အတော်ကြာနေပြီ ဖြစ်ပါတယ်။ 
 
ဒါပေမဲ့ ကမ္ဘာ့ ဖလားပြိုင်ပွဲ မှာတော့ ပထမဆုံးအကြိမ် ကျင့်သုံး ခဲ့ခြင်းဖြစ်ပါတယ်။ ဒီနည်းကို အသုံးပြုပြီး အမျိုးသားတွေက အမျိုးသမီးတွေရဲ့ နှောင့်ယှက်မှုကို မခံရဖို့ ပြန်လည် အသုံးပြုခဲ့ပါတယ်။ ဘောလုံးပွဲကြည့်စင် အတောအတွင်းမှာ ချစ်သူဇနီးမယားတွေရဲ့ နှောင့်ယှက်မှုကနေ ကင်းဝေးဖို့ တီဗွီကြည့်ရာ အခန်းအတွင်းမှာ စည်းတစ်ခုတားလိုက်ခြင်း ဖြစ်ပါတယ်။
 
 ဒီစည်းကို တားရာမှာလည်း အလွယ်တကူ ဖြစ်အောင် ရေချိုးခန်းထဲက မုတ်ဆိတ်ရိတ်ရာမှာ အသုံးပြုတဲ့ အမြှုပ်ကို ယူပြီး ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ စည်းတားထားခြင်းကြောင့် အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ ဘောလုံးပွဲကြည့်ရှုမှုကို အလွယ်တကူ နှောင့်ယှက်လို့ မရတော့ဘူးလို့ ဆိုထားပါတယ်။ ဒီနည်းဟာ အမျိုးသားတွေကြားမှာ ရေပန်းစားနေပေမယ့် အမျိုးသမီးတွေကတော့ ဒေါသဖြစ်စရာ ဖြစ်ခဲ့ပါတယ်။

Messenger


23 Jun 2014

ဒေါ်အောင်ဆန်းစုကြည်အပေါ်အမြင်စောင်းသူများ အမြင်ရှင်းစေရန်


ဒေါ်စု သမ္မတ ဖြစ်သင့် မဖြစ်သင့်ဆိုတဲ့ ပိုစ့်အောက်မှာ မဖြစ်သင့်ဘူးလို့ ရေးထားတဲ့သူတွေရဲ့ ကွန်မက်တော်တော်များများမှာ သူမဟာ ဗုဒ္ဓဘာသာကို စော်ကားလို့၊ ဘာသာခြားအရေးပေးလို့ စတဲ့ အကြောင်းအရာကို အခြေခံပြီး ပြောတာများတယ်။ ဒါဆို သူမဟာ တကယ်ဘဲ အဲလိုဖြစ်နေလား…. တကယ်ဘဲ ဗုဒ္ဓဘာသာရဲ့ ရန်သူလား…. ကိုယ့်လူမျိုးကို အရေးမပေးဘူးတဲ့လား…. ဆိုတဲ့ မေးခွန်းတွေအတွက် တချက်စဉ်းစားကြည့်လိုက်ရအောင်ဗျာ….

ဒေါ်စုကို ဗုဒ္ဓဘာသာရဲ့ ရန်သူလို့ စွပ်စွဲတာ မသီတာထွေးကနေ အစပြုတဲ့ ရခိုင်အရေးအခင်းမှာ ဒေါ်စုရဲ့ ရပ်တည်ချက်ကို ရည်ညွှန်းပြောဆိုတယ်လို့ အကြမ်းအားဖြင့် သုံးသပ်ရပါတယ်။ ဟုတ်ပြီ…. အဲ့ဒီအချိန်ကာလကို တစ်ချက် ကြည့်ရအောင်။

ထိုအချိန်က ဘင်္ဂလီလူမျိုးတွေနဲ့ ရခိုင်နဲ့ ပြသနာဖြစ်ပွားချိန်၊ အိမ်တွေ မီးရှို့ လူတွေသတ်နဲ့ ထိန်းမနိုင် သိမ်းမရဖြစ်ချိန်၊ ပြည်သူတွေက ဒီပြသနာအပေါ် ဒေါသထွက်ပြီး ရန်မီး အစပျိုးတော့မယ့်အချိန်၊ မသမာသူတစ်စုရဲ့ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လမ်းကြောင်းလွဲ လှုံဆော်နေချိန်၊ သမ္မတလုပ်သူ ဦးသိန်းစိန်က သတင်းထုတ်ပြန်မှု၊ ပြည်သူလူထုကို မစိုးရိမ်ရန် ပြောဆို နှစ်သိမ့်မှု လုံးဝ မလုပ်ဘဲ ပစ်ထားချိန်.. အဲ့လို အချိန်မှာ အဲဒီအတိုင်းဘဲ ရှေ့ဆက်သွားရင် ရခိုင်မီးစဟာ တတိုင်းပြည်လုံးပျံ့နှံ့ပြီး စစ်ဘေး ကပ်ဘေး ကျရောက်လာမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။

အဲ့ဒီအချိန်ကျရင် နောက်ကြောင်းပြန်လှည့်ချင်သူ တစ်စုက တိုင်းပြည်မငြိမ်မသက်ဖြစ်လို့ မလွဲမရှောင်သာ စစ်အာဏာပြန်သိမ်းလိုက်ရပါတယ်ဆိုပြီး ဖြစ်လာမယ်။ အဲ့လိုမျိုးဆို ခင်ဗျားတို့ ကျွန်တော်တို့ ခုချိန်မှာ ဒီမိုကရေစီဆိုတဲ့ အရသာ လုံးလုံးခံစားရမှာမဟုတ်ဘဲ အရင်လို အာဏာရှင်လက်အောက်မှာဘဲ ပေးတာယူ ကျွေးတာစားဘဝနဲ့ နေနေရမှာ မလွဲပါဘူး။ ဒါတွေကို ကြိုမြင်တဲ့ ဒေါ်စုက ပြသနာပိုမကြီးလာခင်မှာ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဝင်တားဖို့ သူလုပ်ရတော့မယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူမ ဘယ်လိုလုပ်သွားလဲ ကြည့်ကြပါ။

ရန်ကုန်မှာရှိတဲ့ မွတ်ဆလင်တွေဖက်ကို သွားနှစ်သိမ့်တယ်၊ လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူးလို့ ပြောသွားတယ်။ အဲ့လို ပြောအပြီးမှာ ဘာဖြစ်သွားလဲ…. ဒေါ်စုကို ထောက်ခံတဲ့ သူတွေထဲက ဒေါ်စု ဘာဖြစ်လို့ တခြားဖက်ပါရတာလဲ၊ ဒေါ်စုကို ငါတို့ဖက်က ထင်ထားတာ ခုဘယ်လိုဖြစ်တာလဲဆိုပြီး တွေဝေကုန်တယ်။ တချိန်လုံး ချမယ် ဆော်မယ် တကဲကဲဖြစ်နေတဲ့သူတွေ ဒေါ်စုစကားအပြီးမှာ ဒီဖြစ်စဉ်ကို ပြန်စဉ်းစားသုံးသပ်လာကြတယ်။ ဒီလိုနည်းနဲ့ ဒေါ်စုဟာ ပြည်သူတွေရဲ့ အမျက်ဒေါသကို လူမျိုးရေး အဓိကရုန်းဆီ ဦးမတည်စေဘဲ သူ့အပေါ်ဘဲကျရောက်ပါစေတော့ဆိုပြီး လမ်းလွဲလိုက်တာဘဲ ဖြစ်တယ်။ ဂျောက်ထဲ ကျဖို့ လိမ့်နေတဲ့ကားကို ရှေ့ကနေ ဝင်ခံလိုက်တဲ့ သဘောပေါ့။

ဒေါ်စု မွတ်ဆလင်တွေကို သွားနှစ်သိမ့်တာတွေ၊ လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူးလို့ ပြောသွားတာတွေဟာ ဘာအဓိပ္ပါယ်လဲ…..
ဒါတွေက ရခိုင် ကိစ္စမကျေနပ်လို့ နီးစပ်ရာမဆိုင်တဲ့ မွတ်ဆလင်တွေကို လူထုပြသနာရှာမှာစိုးလို့ ဖြေရှင်းလိုက်တဲ့ သဘောပါဘဲ။ လူထုဒေါသကနေ အဓိကရုန်းဖက်မရောက်အောင် လမ်းကြောင်းလွဲလိုက်တဲ့သဘောပါ။ ဒီလိုလုပ်လို့ သူမအပေါ် ထောက်ခံမှု ကျဆင်းကုန်မယ် ပြည်သူတွေ အမြင်စောင်းကုန်မယ်ဆိုတာ ဒေါ်စုအနေနဲ့ သိမှာပါ။ ဒါပေမယ့် ရွေးစရာလမ်းမရှိတော့ တိုင်းပြည် ပဋိပက္ခဖြစ်မှာ၊ စစ်အာဏာရှင်လက်ထဲ ထပ်ပြီးကျရောက်သွားမှာကို စိုးရိမ်ပြီး ပြည်သူတွေ အပြစ်တင်ခံ၊ အတိုက်ခိုက်ခံပြီးတော့ကို မှန်ရာ ပြောခဲ့ဆိုခဲ့တာပါ။ ဒီလို ဒေါ်စု လမ်းကြောင်းလွဲတောင်မှ နောက်ဆက်တွဲ မိထ္ထီလာ၊ လားရှိုး အစရှိတဲ့ မြို့တွေမှာ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာပါသေးတယ်။ ဖြစ်လာတဲ့ ပဋိပက္ခတွေကလည်း နောက်ကြောင်းပြန်ချင်တဲ့ လူတစ်စုရဲ့ စနက်ပါတယ်ဆိုတာလည်း အားလုံးအသိဘဲ ဖြစ်ပါတယ်။

နောက် ဒေါ်စု ဘာပြောသွားလဲ….. တရားဥပဒေ စိုးမိုးမှုရှိရမယ်လို့ ပြောသွားတယ်။ ဒီကိစ္စမှာ တရားဥပဒေ စိုးမိုးမှုမရှိလို့ ဖြစ်တာ၊ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် မပြောဘဲ အပြစ်ရှိရင် ရှိတဲ့ ဘင်္ဂလားဘဲ ဖြစ်ဖြစ် ရခိုင်ဘဲ ဖြစ်ဖြစ် ဥပဒေနဲ့ တိတိကျကျ အရေးယူဖို့ တိုက်တွန်းတာ။ ဒါဟာ ပြသနာရဲ့ တကယ့် main point ပါဘဲ။ အဲလိုမဟုတ်ဘဲ ဘက်တစ်ဘက်ကို နင်းပြီးဖြေရှင်းရင် မြန်မာပြည်လို လူမျိုးပေါင်းစုံနေထိုင်တဲ့ တိုင်းပြည်မှာ အဓိကရုန်းဖက်ကို ဦးတည်သွားစေနိုင်ပါတယ်။ အဲလိုဖြစ်လို့ နစ်နာရင် တိုင်းပြည်နဲ့ ပြည်သူတွေဘဲ နစ်နာမှာဖြစ်ပြီး အာဏာရှင်ဟောင်းတွေအတွက်တော့ စားပေါက်ရသွားမှာဘဲဖြစ်ပါတယ်။

နောက် အများစွပ်စွဲနေကြတဲ့ ဒေါ်စုက ဟိုဖက်ကိုလိုက်တယ်ဆိုတဲ့ ကိစ္စကို မမှန်ကြောင်း သူမ ဖြေရှင်းသွားတယ်။ “ကျွန်မ ရိုဟင်ဂျာကို မသိဘူး” ဆိုတဲ့ နိုင်ငံခြား အင်တာဗျူးမှာပါတဲ့ သူမရဲ့ ပါးနပ်တဲ့ အဖြေဟာ သူမရဲ့ ရပ်တည်ချက်ကို ဖော်ပြလိုက်တာပါဘဲ။ ဒါဟာ ရခိုင်မှာ စိမ့်ဝင်နေတဲ့ ဘင်္ဂလားနိုင်ငံသားတွေကို ရိုဟင်ဂျာလို့ မသတ်မှတ်ဘူးဆိုပြီး အတိအလင်းပြောသွားတာပါ။ အင်မတန် ရှင်းလွန်းအားကြီးပါတယ်။

နောက်တချက်ရှိတာ ဒေါ်စုဟာ ဗုဒ္ဓဘာသာအတွက် အန္တရယ်ဆိုရင် ဘာလို့ သီတဂူဆရာတော်လို ကမ္ဘာ့သာသနာပြု ဆရာတော်တွေ၊ အရှင်ဆန္ဒာဓိကလို အများကြည်ညိုရတဲ့ ဆရာတော်တွေ၊ ဒယ်အိုးဆရာတော်လို အမှန်ကို အမှန်အတိုင်းဟောရဲတဲ့ ဆရာတော်တွေက ဘာလို့ဒေါ်စုဘက်မှာ ရပ်တည်နေရတာလဲ။ ဒေါ်စု သမ္မတဖြစ်ရင် ကုလားတိုင်းပြည်ဖြစ်မယ်ဆိုရင် ဒီဆရာတော်တွေက ဘာလို့ ဒေါ်စုဘက်မှာ ရှိနေတာလဲ။ ဒါတချက်စဉ်းစားစရာပါ။ နောက်ပြီး ဒေါ်စုဟာ ဘာသာတရား ကိုင်းရှိုင်းသလို သူမကြောင့် နိုင်ငံတကာမှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးဆိုတာ ဒီလိုမျိုးဆိုပြီး ဂုဏ်တက်ရတာဘဲရှိပါတယ်။ ဒေါ်စုကြောင့် နိုင်ငံတကာမှာ ဗုဒ္ဓဘာသာ နာမည်ပျက်တာ မရှိဖူးပါဘူး။ သူမဟာ သံဃာတော်တွေကို မရိုက်ဘူး၊ ဝရမ်းပြေးအဖြစ် မဖမ်းဘူး၊ သေနတ်နဲ့ ပစ်ဖို့ အမိန့်မပေးဘူး၊ မီးလောင်ဗုံးတွေနဲ့ မပစ်ဘူး၊ ကျောင်းတွေ မသိမ်းဘူး၊ သိမ်တွေ မဖျက်ဘူး။ ဒီလိုမျိုးတောင်မှ သာသနာဖျက်မယ့်သူ၊ ဗုဒ္ဓဘာသာကို ဖျက်ဆီးမယ့်သူလို့စွပ်စွဲရင် ယုတ်တိရှိရဲ့လား…. သေချာစဉ်းစားကြည့်ရင် အဖြေ အရှင်းသားတွေ့ရမှာပါ။

ဒါမှ သဘောမပေါက်ဘူးဆိုရင် ဒေါ်စုရဲ့ သမိုင်းကို ပြန်ကြည့်ပါ။ လင်ယောင်္ကျား အင်္ဂလန်မှာ ရောဂါအခြေအနေဆိုးရွားပြီး ဆုံးခါနီးအချိန်တောင် မပြန်ဘဲနေတာ၊ ဖတဆိုး သား ၂ ယောက်ကို ပြန်မကြည့်အားဘဲ မြန်မာပြည်မှာ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတာ၊ အသက်အန္တရယ် ခြိမ်းခြောက်ခံရတဲ့ ဒီပဲယင်းလို အရေးအခင်းမျိုးကြုံလည်း နောက်မဆုတ်ဘဲ ဒီမိုကရေစီရရေး မမှိတ်မသုံကြိုးစားတာ၊ နေအိမ်အကျယ်ချုပ်ခံရလည်း ဘယ်တော့မှ အလျော့မပေးတာစတဲ့ သမိုင်းတွေကို ဖြတ်သန်းလာခဲ့တာ ဘယ်သူ့အတွက်လဲ။ မြန်မာပြည်သူတွေ အတွက်လား တိုင်းတပါးသားတွေ အတွက်လား။ ပြောမှာပေါ့ အာဏာရချင်လို့၊ ငွေမက်လို့၊ တိုင်းပြည်ရဲ့ အကြီးဆုံးနေရာမှာနေပြီး စိတ်တိုင်းကျ ချယ်လှယ်ချင်လို့ဆိုပြီး။

ဒါဆို အဲ့ဒီ စွပ်စွဲချက်တွေ မှန်မမှန် တချက်ကြည့်ရအောင်။ သူမသာ တကယ် ငွေမက်ရင် မြန်မာပြည်က ထွက်ပြီး ကြိုက်တဲ့ နိုင်ငံကြီးမှာ သွားနေလို့ရတာပေါ့။ နိုင်ငံတိုင်းကလည်း သူမလို သြဇာတိက္ခမ ကြီးတဲ့ ခေါင်းဆောင်မျိုးကို ကြိုဆိုပြီးသားဘဲ။ ငွေလိုချင်လား ပေးမှာဘဲ၊ အိမ်လိုချင်လား ပေးမှာဘဲ၊ ရာထူးလိုချင်လား လိုလိုလားလားနဲ့ကို ပေးအုံးမှာပါဘဲ။ ဘာလို့လဲဆိုတော့ သူတို့နိုင်ငံတွေဟာ လူတစ်ယောက်ရဲ့ တန်ဖိုး၊ ခေါင်းဆောင်တစ်ယောက်ရဲ့ တန်ဖိုးကို အတိအကျ နားလည်လို့ပါဘဲ။ ဒါဆို သူမ ဘာလို့ ဒီနိုင်ငံမှာ အနစ်နာခံနေတာလဲ။ ဇိမ်နဲ့နေ ဇိမ်နဲ့သွားလို့ရတဲ့ အခြေအနေမျိုးကို စိတ်မဝင်စားဘဲ ပြည်သူတွေနဲ့ ဒီမိုကရေစီရရေး ဘာလို့ ရုန်းကန်နေရတာလဲ။

ဒါကရှင်းနေပါပြီ။ သူမ ရာထူးကို မက်တာမဟုတ်ဘူး၊ ငွေကိုလည်း မက်တာမဟုတ်ဘူး။ သူမမက်တာ တိုင်းပြည် ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်ရောက်ပြီး ပြည်သူပြည်သားအားလုံး တပ်မတော်ပါ မကျန် စည်းစည်းလုံးလုံး နေထိုင်ခွင့်ရတာကို မက်မောတာ။ ဒါကလည်း သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတာပါဘဲ။ ဒေါ်စု ငယ်ငယ်လေးကတည်းက ဗိုလ်ချုပ်ဆုံးသွားလို့ ဖခင်နဲ့ သိပ်မနေလိုက်ရပေမယ့် ဖခင်ကျေးဇူးကို ဆပ်တဲ့အနေနဲ့ ဗိုလ်ချုပ်ရဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတိုင်းပြည် ထူထောင်နိုင်ရေးအိပ်မက်ကို တတ်နိုင်သလောက် အကောင်အထည်ဖော်ရင်း ကျေးဇူးဆပ်နေတာပါဘဲ။ ဒီလောက်ဆိုရင် ဒေါ်စုအပေါ် တော်တော်လေး အမြင်ရှင်းလောက်ပြီ ထင်ပါတယ်။ မှိုင်းတိုက်ခံထားရတဲ့ သူတွေ၊ အထင်လွဲနေတဲ့ သူတွေလည်း ဒေါ်စုအပေါ် အမြင်မှန် ပြန်ရပါတော့ဗျာ။ ၂၀၁၅ ဆိုတဲ့ ခရီးကြမ်းအတွက် တကွဲတပြားဖြစ်မနေဘဲ စုစည်းမှုဖြင့် အာဏာရှင်ဆန်တဲ့ ခြေဥကို ပြင်ဆင်ပြီး ဒီမိုကရေစီ တိုင်းပြည်သစ်ဆီ လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းရင် ဒီစာကို ဒီမှာဘဲ နိဂုံးချုပ်ပါတယ်ခင်ဗျာ။ အားလုံး ကျန်းမာချမ်းသာကြပါစေ။

Credit: Ryo Miyaichan


သမ္မတမိန့်ခွန်း၊ အမွှမ်းတင်မှုများနှင့် အဂတိတရား


 နိုင်ငံတော် သမ္မတ၏ မိန့်ခွန်းများအပေါ် အများပြည်သူလူထု၏ စိတ်ဝင်စားမှုသည် ဇောက်ထိုး နိမ့်ကျလျက်ရှိနေသည်။ သမ္မတကို အပြောကောင်းသူတစ်ဦး၊ ပုံပြောကောင်းသူတစ်ဦး၊ အပြောသက်သက် အလုပ်မပါတတ်သူတစ်ဦးအဖြစ် အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုလျက်ရှိသည်။ သမ္မတအနေဖြင့်၊ မိန့်ခွန်းများကို အခါအားလျော်စွာပြောကြားခြင်းသည် ပြည်သူလူထုနှင့် ဆက်ဆံရေး တံတားထိုးခြင်းဖြစ်သော်လည်း မိန့်ခွန်းပါအကြောင်းအရာများသည် အောက်ခြေပြည်သူလူထုအတွက် ဟားစရာ၊ သရော်စရာများ ဖြစ်မနေရန် အထူးသတိပြုသင့်ကြောင်း အကြံပြုလိုပါသည်။

၂၀၁၄ ခုနှစ် ဇွန်လ ၁၉ ရက် ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးတွင် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသော နိုင်ငံရေး ပြု ပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေး ယန္တရားပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိကကဏ္ဍမြှင့်တင်မှုဟု သမ္မတ၏ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ခြင်းသည် ပကတိ အခြေအနေများနှင့် ကင်းလွတ်သော၊ သကာရည်ဖုံးထားသော မိန့်မှာစကားများဖြစ်နေခဲ့သည်။ အောက်ခြေပြည်သူလူထု အကြားတွင် ဟားတိုက်စရာ၊ လှောင်ပြောင်စရာစကားများ ဖြစ်နေခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ၏ လွန်ခဲ့သော သုံးနှစ်ကျော်ကာလ ဆောင်ရွက်ချက်များကို ဆန်းစစ်လျှင် အောက်ခြေပြည်သူအများစု၏ စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများတွင် ပိုမိုဆိုးဝါးလာနေသည်မှာ သိသာမြင်သာသည်။ အစိုးရအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခဲ့သည့်အပြင် မိသားစုများအနေဖြင့် စားဝတ်နေရေးစရိတ် နှင့် မိသားစုဝင်ငွေအကြား ဗျာများကာ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေခဲ့ကြသည်။ ပြည်သူအများစုသည် ဆင်းရဲတွင်း နက်သထက် နက်နေဆဲဖြစ်သည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ခန်းမများထဲ ရောက်ရှိခဲ့သည်မှလွဲ၍  ကြီးကြီးမားမား ထူးခြားမှုမရှိဟု သုံးသပ်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်ထဲ ရောက်သဖြင့် အစိုးရ၊ အာဏာရပါတီနှင့် အောက်ခြေပြည်သူလူထုအကြား မည်သည့်ဘက်က ပိုအကျိုးရှိသွားသည်ကို ယနေ့အချိန်တွင် ပြန်လည်သုံးသပ်သည်။ အောက်ခြေပြည်သူလူထုသည် ဆင်းရဲမွဲတေမှုနွံထဲတွင် နစ်မြုပ်နေဆဲဖြစ်သဖြင့် သူတို့အတွက် အကျိုးမပြု ခဲ့သည်မှာ သိသာမြင်သာသည်။ ထို့ကြောင့် အစိုးရနှင့် အာဏာရပါတီသာ ပိုအကျိုးများခဲ့သည်ဟု ကောက်ချက်ပြုနိုင်သည်။

 ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်ပြုခြင်း၊ သတင်းစာ နှင့် ဂျာနယ်များကို စိစစ်မှုမရှိ ထုတ်ဝေခွင့်ပြုခြင်းတို့ကို ရှားရှားပါးပါး တိုးတက်မှုများအဖြစ် သတ်မှတ်နိုင်သည်။ သတင်းမီဒီယာများအနေဖြင့် လွတ်လပ်ခွင့်ကို မြင့်မြင့်မားမားရလာခဲ့သည်။ သို့သော် သတင်းစာများ၊ ဂျာနယ်များကို ဖတ်နိုင်သောဦးရေသည် အကန့်အသတ် မြင့်မြင့်မားမားရှိသဖြင့် အောက်ခြေပြည်သူလူထုအကြား ထိုးဖောက်နိုင်မှုတွင် ထိရောက်မှုမရှိဟု ဆိုနိုင်သည်။ သို့ သော်ပြည်သူလူထုအများစုကြီးထံ အချိန်တိုအတွင်း ရောက်နိုင်မည့်  ရေဒီယို၊ အက်ဖ်အမ်ရေဒီယိုနှင့် ရုပ်မြင်သံကြားလိုင်းတို့ကို ခရိုနီများနှင့် အာဏာပိုင်လက်ပါးစေ လုပ်ငန်းရှင်ကြီးများက လက်ဝါးကြီးအုပ်ထားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည်လည်း ထူးမ ခြားနား၊ သောင်မတင်ရေမကျဟု ပင် သုံးသပ်နိုင်သည်။ ဆွေးနွေးရင်း မိုးကြီးချုပ်ကာ မိုးပြန်လင်းဦးမည့်ကိန်းဘက် ဦးတည်နေသည်။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကိုလည်း ထုတ်ပြန်နိုင်ရန် အဆင်သင့်မဖြစ်သေးသည့် အနေအထားဖြစ်သည်။ အစိုးရအနေဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်နိုင်ခဲ့မည်ဆိုလျှင် လွန်ခဲ့သော ၂ နှစ် ကတည်းက နိုင်ငံရေးဆွေးနွေးပွဲများကို စတင်နိုင်ပြီး ယနေ့ဆိုလျှင် အတော်ပင် ခရီးပေါက်နေလောက်ပြီဖြစ်သည်။ ထို့ကြောင့် သမ္မတကြီးမိန့်ကြားသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်နှင့် တိုးတက်နေသည်မှာ မည်သည့်အပိုင်းကဏ္ဍများကို ရည်ညွှန်းကြောင်း စနစ်တကျ ရှင်းပြနိုင်ရန် လိုအပ်မည်ဖြစ်သည်။

စီးပွားရေးအပိုင်းတွင်လည်း ခရိုနီများ၊ အာဏာပိုင်လက်ပါး စေလုပ်ငန်းရှင်များ၊ ကြားခံ ကိုယ်စားလှယ်များ စသည်တို့ပါဝင်သော လက်တစ်ဆုပ်စာ လူတစ်စုမှလွဲ၍ အောက်ခြေပြည်သူလူထု အများစုကြီးမှာ ဆင်းရဲမွဲတေမှုနွံထဲတွင် နစ်မြုပ်လျက်ရှိနေသည်။ ခရိုနီများနှင့်အာဏာရှင်လက်ပါးစေ လုပ်ငန်းရှင်ကြီးများသည်  အမျိုးသား အကျိုးစီးပွားကာကွယ်ရေးကို ခေါင်းစဉ်တပ်လျက်  နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် မ၀င်ရောက်နိုင်ရန် ကာကွယ်တားဆီးနေကြသည်မှာ အထင်အရှားဖြစ်သည်။ အမျိုးသားအကျိုးစီးပွား ကာကွယ်ခြင်းမဟုတ်၊ လက်တစ်ဆုပ်စာ ခရိုနီတစ်စု၏ အကျိုးစီးပွားကို ကာကွယ်ကြခြင်းသာဖြစ်သည်။

စီးပွားရေးနှင့်ဆိုင်သော ဥပဒေများတွင် လွတ်လပ်မှု၊ တရားမျှတမှုများကို မြင်တွေ့ရသော်လည်း၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်းများတွင် တင်းကျပ်မှုများကို ထည့်သွင်းရေးဆွဲကာ  နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုထက် ပြည်တွင်းခရိုနီများ၊ အာဏာပိုင်နီးစပ်လုပ်ငန်း ရှင်များနှင့် ဖက်စပ်လုပ်ငန်းများ တည်ထောင်ရင်းနှီးမြှုပ်နှံရေးကို ပိုမိုဇောင်းပေးတတ်ကြသည်။ နိုင်ငံခြားနှင့် ဖက်စပ်လုပ်ငန်းများကြောင့် ပိုမိုကြွယ်ဝချမ်းသာလာ ကြသည်မှာ ခရိုနီများနှင့် အပေါင်းပါများသာဖြစ်သည်။ အောက်ခြေပြည်သူလူထု အများစုကြီးမှာ ဆင်းရဲမွဲတေမှု နွံနစ်နေဆဲဖြစ်သည်။

အောက်ခြေပြည်သူလူထု၏ စီးပွားရေးအခြေအနေက အနုတ် ပြနေပြီး လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများကို မတားနိုင်၊ မဆီးနိုင်၊ အရေးမယူ နိုင်၊ ပိုင်ဆိုင်မှုများမသိမ်းဆည်း နိုင်သည်ကိုလည်း ထင်ထင်ရှား ရှားသတိပြုမိသည်။ အဂတိလိုက်စားမှုဥပဒေနှင့်အညီ အထက်မှ အောက်သို့ ပုံစံစနစ်တကျချဉ်းကပ် အရေးယူမှုများကို အုံနှင့်ကျင်းနှင့် မတွေ့ရှိရသည်မှာလည်း  အားမလို၊ အားမရဖြစ်ဖွယ်ပင် ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများကို ထိန်းကျောင်းနိုင်ရေးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည်လည်း အသက်သွေးကြောတစ်မျှ အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ပြည်သူ့ရှေ့မှောက် တရားစီရင်ရေးကို ဖော်ဆောင်လျက် အဂတိလိုက်စားမှုများကို ထိထိရောက်ရောက်စစ်ဆေး၊ အရေးယူလာနိုင်မှသာ တိုင်းပြည်၏ စစ်မှန်သော အပြောင်းအလဲအတွက် အထောက်အကူပြုမည်ဖြစ်သည်။

မမှန်ကန်သည့်လုပ်ရပ်များကို ထိရောက်စွာ အရေးယူခြင်း မရှိဘဲ အချင်းချင်းဖုံးမိပြီး ပြေပျောက်စေခြင်းမျိုးသည် လွဲမှားသော လုပ်ဆောင်မှုဖြစ်ပါကြောင်း၊ အစိုးရဌာနများ၏ သမာသမတ်ရှိစွာ ဆောင်ရွက်နိုင်ခြင်းသည် အစိုးရတစ်ရပ်ကို သိက္ခာရှိစေခြင်းဖြစ်ပြီး လွဲမှားသော အုပ်ချုပ်မှုလုပ်ရပ်များသည် အစိုးရ တစ်ဖွဲ့လုံးအပေါ် ပြည်သူက အယုံအကြည်ကင်းမဲ့ပြီး အကြည်ညိုပျက်စေနိုင်သည်ကို သတိပြုစေချင်ပါကြောင်း အဂတိကင်း ရှင်းရေးနှင့် ပတ်သက်၍ သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အချုပ်အားဖြင့်ဆို&သော် သမ္မတ၏မိန့်ခွန်းပါ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေး ယန္တယားပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိက ကဏ္ဍ မြှင့်တင်မှုဟူသည် အလွန်အကျွံအမွှမ်းတင်မှုပင်ဖြစ် သည်။ သမ္မတ၏ မိန့်ခွန်းများတွင် အခြေအနေမှန်ကို ကင်းလွတ် လျက် အလွန်အကျွံအမွှမ်းတင်မှု များသည် ပြည်သူလူထု၏ အစိုးရ အပေါ်ယုံကြည်မှုကို ကျဆင်းစေ သည်။ ပကတိအခြေအနေတွင် ကဏ္ဍစုံ ပြုပြင်ပြောင်းလဲမှုများ၌ အရှိန်အဟုန်ရနေခြင်းသည် အောက်ခြေပြည်သူလူထုကို အကျိုးမပြုသည်မှာ အထင်အရှား ဖြစ်သည်။ 
 
အဂတိလိုက်စားမှု ကင်းရှင်းရေးတွင်လည်း သမ္မတအနေဖြင့် အထက်မှ အောက်သို့ စုံစမ်းစစ်ဆေး အရေးယူသည့် စနစ်ကို မဖော်ဆောင်နိုင်လျှင် ပြည်သူလူထု ရှေ့မှောက်တွင် အရေးယူစစ်ဆေးအပြစ်ပေးမှု မပြုနိုင်လျှင် ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိနိုင်မဟုတ်ပါ။ အောက်ခြေပြည်သူလူထုသည်ခေတ်ဆိုး၊ စနစ်ဆိုးကို နဖူးတွေ့၊ ဒူးတွေ့ဖြတ်သန်းခဲ့သူများ ဖြစ်သည့် အားလျော်စွာ အမွေဆိုးများ၊ အကျင့်ဆိုးမျာကို ကျော်လွှားနိုင်ရေးဦးဆောင်နိုင်မည့် အားကောင်းသော အစိုးရတစ်ရပ်ကို မျှော်လင့်လျက်ရှိနေသည်။ ထို့အတူပြည်သူလူထုသည် ပကတိအခြေအနေများနှင့် ကင်းလွတ်သော မိန့်ခွန်းများ၊ မှတ်ချက်များ၊ သုံးသပ်ချက်များကိုလည်း အချိန်မရွေး ဟားတိုက်ရယ်မော၊ လှောင်ပြောင်သရော်ရန် အဆင်သင့်ရှိနေပါကြောင်း တင်ပြလိုက်ရပါသည်။     ။
By ဒေါက်တာ ရန်မျိုးသိမ်း
7DAY DAILY




အကြည့်ရဆိုးစေတဲ့ အလှပြင်မှားယွင်းနည်း (၆)မျိုး



လူတွေဘာကြောင့် အလှပြင်ကြသလဲ? အဖြေက ရိုးရိုးလေးနော်…လှချင်လို့ ပါ။ လှသထက် လှေ အာင် အလှပြင်ကြသော်လည်း အလှပြင်နည်း မှားယွင်းခြင်းက အရုပ်ဆိုး အကျည်းတန်စေ လို့  အောက် ပါ(၆) ရပ်ကို လေ့လာရင်း အချိန်မှီပြုပြင်နိုင်ကြ ပါစေကြောင်း။

အမှား(၁) တပြေးတည်းအရောင်တင်ခြင်း။

အလှပြင်တယ်ဆိုတာ ဆေးရောင်စုံ ပန်းချီခြယ်သတဲ့ အနုပညာတစ်ရပ်လေးပါ။ အလှပစ္စည်းတွေ ကို ကာလာတစ်ရောင်းတည်း သုံးခြင်းက သွေးဆုတ်နေတဲ့ လူမမာပုံပေါ်နေပါတယ်။ အောက်ခံ မိတ်ကပ်ကို မိမိအသားအရေအရောင်ထက် ကာလာ ၁-ခု ပိုရင့်တဲ့ အရောင်သုံး၍၊ ကရင်မ် ပပ်ဖ် ကိုတော့ ထိုမိတ် ကပ် အရောင်ထက် ကာလာ ၁-ခုပိုတာကိုသုံးပါ။ ပါးနီကို မိတ်ကပ်အရောင် ထက် ကာလာ ၂-ခု ပိုရင့်တဲ့ အရောင်ကိုသုံးပြီး မျက်ခုံး၊ မျက်လုံး၊ နှုတ်ခမ်းတို့ ကို သင့်တော်သလို အရောင်တင်ပေးခြင်းဖြင့် မျက်နှာ တပြေးတည်း အရောင်မဖြစ်စေတော့ပါဘူး။

အမှား(၂) concealer အရောင်မှားသုံးခြင်း။

မျက်ကွင်းညိုများ၊ ပါးမို့ မို့ ပေါ်က အမဲစက်ပြောက်ရှိသူများ နှင့် သက်ကြီးပိုင်းပေါ်လာတဲ့ မျ က်နှာပေါ်က အမဲအကွက်လေးများ မသိသာစေဖို့ အတွက် concealer သုံး၍ အလှပြင်ကြရပါတယ်။ သို့ သော် သုံးသင့် တဲ့ အရောင်ထက် ဖျော့သော(သို့ မဟုတ်)ပို ရင့်သော concealerကို မှားယွင်းစွာမသုံးမိဖို့  အရေးကြီးပါ တယ်။ အသင့်တော်ဆုံး concealer ကတော့ မိမိပင်ကိုယ်အသား အရေထက် ကာလာအရောင် ၁-ခု(သို့ မဟုတ်)၄င်းထက်ပိုနုသော အရောင်ကို သုံးပေးပါ။

အမှား(၃) အိုင်းလိုင်နာ အမည်းရောင်သုံးခြင်း။

လူတိုင်းက အိုင်းလိုင်နာအမည်းရောင် နှင့်မလိုက်ဖက်ကြပါဘူး။ အကယ်၍ အိုင်းလိုင်နာ အမည်းရောင် ကို သုံးဖို့ လိုအပ်တဲ့အခါ waterproof eyeliner စာတန်းပါတဲ့ ရေစိုခံအမျိုးအစား ကိုသာရွေး၍ အောက် မျက်ခမ်း မျက်တောင်လိုင်းတလျှောက် နေရာကိုသာ အိုင်းလိုင်နာ ခပ်ဖွဖွဆွဲပေးပါ။ အိုင်းလိုင်နာတွေ အများကြီးသုံးမိတဲ့အခါ၊ အရောင်တွေဘေးပြန့် ပြီး ၀က်ဝံ မျက်လုံးသဖွယ် အကြည့်ရဆိုးပါတယ်။

အမှား(၄) ကရင်ပပ်ဖ်(သို့ မဟုတ်)ပေါင်ဒါတွေ အသုံးများခြင်း။

ကရင်ပ်ဖ်(သို့ မဟုတ်)ပေါင်ဒါတွေ အထူကြီးလိမ်းတဲ့အခါ၊ ချောကလက်မှိုတက် နေသလိုမျိုး မျက်နှာ အ သားအရေ ကြမ်းတမ်းတဲ့ပုံ ပေါ်စေပါတယ်။ ဒါ့ပြင်အရွယ်အိုရုပ်ရင့်နေတဲ့ အသွင်ဆောင်သွားပါတယ်။

အမှား(၅) အောက်ခံ ကရင်မ် မသုံးစွဲခြင်း။

မိတ်ကပ်မလိမ်းခင် နို့ ရည်(သို့ မဟုတ်)အောက်ခံကရင်မ်ကို မဖြစ်မနေသုံးပေးခြင်း အားဖြင့်၊ မိတ်ကပ် လိမ်းတဲ့အခါ ညက်ညော ပြေပြစ်မှုရှိတာကြောင့် အသားအရေ လျော့ရဲအရေးကြောင်း ထင်တာတွေ ဖြစ်ခြင်းမှ သက်သာစေပါတယ်။ ဒါ့ပြင် မျက်နှာ အသားအရေနှင့် ဓာတုမိတ်ကပ်တွေ တိုက်ရိုက် မထိတွေ့ နိုင်တော့လို့  အသားအရေမပျက်စီးစေတော့ပါဘူး။ SPF နှင့် moisturizer ပါတဲ့ အောက်ခံကရင်မ်မျိုးက မည်သည့်အသားအရေအတွက်မဆို သင့်တော်ပါတယ်။

အမှား(၆) အိုင်းလိုင်နာအရောင် ရွေးချယ်မှုမှားယွင်းခြင်း။

အသားဖြူလွန်းသူများက ကြေးနီရောင်(သို့ မဟုတ်)ရွှေဝါရောင်ဆန်ဆန် အိုင်းလိုင်နာကို ရွေးချယ် မိတဲ့ အခါ၊ ဖြူရော်ရော်ဖြစ်ကာ မျက်စေ့အားနည်းနေတဲ့ ပုံပေါ်စေပါတယ်။ အသားအလွန်ညိုမှောင် သူများအဖို့  ငွေမှင်ရောင် အိုင်းလိုင်နာသုံးခြင်းက ကြီးစွာသော အမှားကို ပြုမိပြီလို့ မှတ်ယူပါလေ။


(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
(ကိုးကား By Augusta Falletta for Beauty High)
--
*promise.pauk*


တရုတ်ရိုးရာ ခွေးသားစားပွဲတော်ကို ဆန့်ကျင်ကန့်ကွက်


 
တရုတ်နိုင်ငံတောင်ပိုင်းက ယူလင်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ ရိုးရာခွေးသားစား ပွဲတော်မတိုင်ခင် ဇွန်လ ၂၁ ရက်နေ့က တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားသူတွေနဲ့ ဒီပွဲတော်ကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြ ပါတယ်။
ပွဲတော်ကျင်းပသူတွေက ဒီပွဲတော်ဟာ ရာစုနှစ်နဲ့ချီနေပြီလို့ ပြောဆိုကြပေမယ့် တိရစ္ဆာန်ကာကွယ်ရေး အဖွဲ့တွေက ၁၉၉၀ နှစ်တွေမှာမှ စဖြစ်လာတာလို့ ဆိုပါတယ်။ တရက်ထဲ ခွေးအကောင် ၁ သောင်းလောက် သတ်စားကြမှာဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။

တရုတ်နိုင်ငံတ၀န်းခွေးချစ်သူတွေ ယူလင်မြို့ကို သွားရောက်ပြီး ခွေးတွေအသတ်မခံရအောင် သွားရောက် ၀ယ်ယူကြတာဖြစ်ပါတယ်။ ခွေးရောင်းသူတွေဟာ ခွေးဝယ်သူတွေ မ၀ယ်ဝယ်အောင် ခွေးတွေကို နှိပ် စက်ပြီး ဈေးတောင်းတဲ့ဓါတ်ပုံတွေ အင်တာနက်မှာ ပျံ့နှံ့ခဲ့တာကြောင့် ဒီပွဲတော်အပေါ် ပြစ်တင်ဝေဖန် သူတွ ပိုမိုများပြားခဲ့ပါတယ်။ ယူလင်မြို့ခံတွေကတော့ ဒီလူတွေဟာ ယူလင်မြို့ကို ကိုယ်စားမပြုကြပါဘူး လို့ ပြောဆိုပါတယ်။

ဆန့်ကျင်ကန့်ကွက်သူတဦးကတော့ ယူလင်မြို့ တိုးတက်ဖွံ့ဖြိုးစေချင်တယ်ဆိုရင် မြို့ခံတွေ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားအောင် အရင်ကြိုးစားကြရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။ ပွဲတော်ကို ထောက်ခံ သူတဦးကတော့ ခွေးတွေဟာ ရှားပါးတိရစ္ဆာန်မဟုတ်ပဲ ရိုးရာဟင်းလျာတမျိုးဖြစ်တာကြောင့် စားသူတွေ များပြားနေတာဖြစ်တယ်လို့ ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က တရုတ်နိုင်ငံအရှေ့ပိုင်းက ဇီဂျန်း ပြည်နယ်မှာ အခုလိုခွေးသားစားပွဲတော်ကို ဒေသ ခံတွေက ၀ိုင်းဝန်းဆန့်ကျင်ကန့်ကွက်ခဲ့ကြလို့ ပိတ်ပင်ခံခဲ့ရပါတယ်။

တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့တခုဖြစ်တဲ့ Animals Asia ကတော့ ခွေးသားဟာ လူတွေရဲ့ကျန်းမာရေးနဲ့ မသင့်လျော်သလို အခုလို ခွေးသားစားပွဲတော်မှာ ရောဂါရှိတဲ့ခွေးတွေ၊ ခိုးလာတဲ့ခွေးတွေကို ချက်ပြုတ်ကြ တာကြောင့် ခွေးသားစားတာကို ပိတ်ပင်ဖို့ တောင်းဆိုနေပါတယ်။
DVB News