9 Jul 2014

အွန်လိုင်းပေါ် သင့်တော်တဲ့လူ ဘယ်လိုရှာကြမလဲ



ယခုခေတ်မှာ အွန်းလိုင်းဝန်ဆောင်မှုကနေ တဆင့် ချစ်သူရှာရတာ သာမန် လိုဖြစ်နေပါပြီ။ အမှန်ဆိုရရင် လွန်ခဲ့တဲ့သုံးနှစ်အတွင်း လက်ထပ်ခဲ့ကြတဲ့ ချစ်သူစုံတွဲငါးတွဲထဲတွင် တစ်တွဲဟာ အွန်လိုင်းကနေတဆင့်တွေ့ကြတယ်လို့ မကြာသေးခင်က ပြုလုပ်တဲ့စစ်တမ်းတစ်ခုက ဆိုပါတယ်။


ပိုပြီးအံ့သြစရာကောင်းတဲ့အရာက အွန်းလိုင်းကနေထက် အရက်ဆိုင်၊ ကလပ်
(သို့) တခြားလူမှုရေးကိစ္စရပ်တစ်ခုခုကနေ တွေ့ကြတဲ့ ချစ်သူစုံတွဲ ကနှစ်ဆ
များနေတယ် လို့ဆိုပါတယ်။


အကြောင်းအရင်းကတော့ ရှင်းရှင်းလေးပါ။ ဒီနည်းလမ်းက အဆင်ပြေနေ
လို့ပေါ့။

ယနေ့ခေတ်မှာ အွန်လိုင်းပေါ်ချိန်တွေ့ခြင်းဟာ အတော်လေးဖွံ့ဖြိုးတွင်ကျယ်တဲ့ နေရာတစ်ခု ဖြစ်လာခဲ့တယ်။ သင်မလုပ်ကြည့်သေးဘူးဆို အွန်လိုင်းချိန်တွေ့ ၀န်ဆောင်မှု ဘယ်လောက်ကြပ်သိပ်ပြီး အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ အံ့သြတကြီး တွေ့နိုင်ပါလိမ့်မယ်။


အထူးသဖြင့် ၀န်ဆောင်မှုကုမ္ဗဏီတစ်ခု ဖြစ်တဲ့ Match.com pre-eminant အွန်လိုင်းချိန်တွေ ၀န်ဆောင်မှုအဖြစ် ရောက်ရှိလာခဲ့ပါတယ်။


ဒါဆိုရင် ဘာကြောင့် ထက်မြတ် အောင်မြင်နေတဲ့လူတွေ ဒီနေ့အွန်လိုင်းမှာ ချိန်တွေ့နေကြတာလဲ။
ပထမဦးဆုံးအနေနဲ့ အွန်လိုင်းချိန်းတွေ့ ခြင်းက တစ်စုံတစ်ယောက်အတွက် အချိန်ပေးမပေးသင့် ဆုံးဖြတ်ချက်မချခင် သူ့အကြောင်းအနည်းအကျဉ်း သိစေတယ်။ နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် မတွေ့ဆုံခင် အွန်လိုင်းကနေ စကားအရင်ပြောတာက သူနဲ့ပထမဦးဆုံး
အကြိမ်တွေ့ရာမှာ ကြုံရမယ့် စိတ်ဖိစီးမှုတွေကို သိသိသာသာလျော့နည်းစေ
တယ်လို့ လေ့လာချက်ကနေ သက်သေပြခဲ့ပါတယ်။


အွန်လိုင်းချိန်တွေ့ခြင်းက မချိန်းတွေ့ခင် ဖြစ်လာတတ်တဲ့ အန္တရာယ် ပြသာနာ တွေကို သိရှိသတိပြုမိစေတယ်။ တစ်စုံတစ်ယောက်နှင့် ပတ်သက်မှုရခဲ့ပြီး သင့်အတွက် အဖော်ကောင်းတစ်ယောက် တကယ်ဖြစ်တယ်ဆိုတာတော့ အသေအချာတွေ့ရတယ်။


နောက်ပြီး တချို့တွေ ထင်ကောင်းထင်နိုင်တဲ့အချက်ရဲ့ဆန့်ကျင်ဘက်က ယျေဘုယျအနေနဲ့ လူုတွေဟာ အွန်လိုင်းပေါ်ဆိုရင် ရိုးသားကြတယ်လို့ သုသေသနက ပြသခဲ့တယ်။


၁၉၉၅ ခုနှစ်ကစတင် တည်ထောင်ခဲ့တဲ့ ၎င်းဝန်ဆောင်မှုဦးဆောင်တဲ့ Match.com စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်လမ်းလေးတွေ ဖန်တီးနိုင်အောင် အထူးလုပ်ဆောင်ပေးပါတယ်။ ယခုနှစ်ပေါင်းများစွာကြာသည်အထိ သူတို့ဟာ အချစ်အောင်ဘာလေကို ဆွတ်ခူးရရှိစေဖို့ နည်းလမ်းအသစ်သစ်တွေ ရှာဖွေပေးလျက်ရှိနေပါတယ်။

Credit: Trend Myanmar




တင်းလွန်းလျှင် ပြတ်တတ်သည်

 
 
ကျောင်းဖွင့်ပြီ ဆိုလျှင်ဖြင့် သားငယ်၊ သမီးငယ် တို့နှင့် မိဘများ အမြဲနှစ်ပါးသွား ကြရသည်က ကျောင်းပြန်လာလျှင် အိမ်စာ ကျက်ရန်၊ မှတ်ရန်၊ ရေးသားရန်ဖြစ်သည်။ ကလေးများသည် နံနက်မှ ညနေအထိ ကျောင်းစာများနှင့် လုံးပန်းခဲ့ရပြီး အိမ်ပြန်ရောက် ချိန်တွင် ကစားလို ကြသည်။ နားလိုကြသည်။ သို့သော် မိဘများက ထိုသို့မဟုတ်။ စာကို ဆက်သင်စေချင် ကြသည်။ ထိုမှစ ဝိရောဓိအသွင် ပြောင်းလာကြသည်။


အချို့သော ကလေးများက မိဘကိုကြောက်၍ စာလုပ်ရန် ဟန်ပြင်ကြသည်။ အချို့ကဆန့်ကျင်ကြသည်။ ပဋိပက္ခတဖြည်းဖြည်း ကြီးထွားလာသည်။ ဤသို့သော အဖြစ်မျိုးများသည် အိမ်ထောင်စု အတော်များများ ၌ ဖြစ်ပွားတတ်သည်။ သားသမီးကို ပညာတတ်ကြီးများ ဖြစ်ဖို့အရေး မိဘအရေးကြောင့် ပင်ဖြစ်သည်။

ထို့ကြောင့်ကျောင်းစာများနှင့် လုံးပန်းနေရသည့် ကလေးများကို ကျောင်းမှပြန်ရောက်သည်နှင့် အဝတ် အစားလဲစေပြီး ခေတ္တအနားယူခိုင်းပါ။ အဆာပြေမုန့်တစ်ခုခုကျွေးပြီး ကျောင်းတွင် တစ်နေ့တာဖြစ်ပျက် သမျှကိုမေးမြန်းကာ ရယ်မောစရာရှိက အတူလိုက်၍ ရယ်မောပေးပါ။ သူတို့၏ ကလေးသဘာဝအချင်း ချင်း ရန်ဖြစ်သမျှပြောပြလျှင် သေချာစွာနားထောင်၍ ရန်ဖြစ်တာ မကောင်းကြောင်း သေချာစွာရှင်းပြပါ။ ထို့နောက်မှ ယနေ့သင်သမျှစာများတွင် ခက်ခဲသော၊ မရသောစာရှိ၊ မရှိမေးပါ။ အိမ်စာပါလားမေးပါ။ 
 
သူတို့လေးတွေ၏ အမောကို ထိုနည်းများဖြင့် ခေတ္တဖြေဖျောက်ပေးနိုင်ပါက ပိုကောင်း၏။ ထို့နောက်တွင် အိမ်စာပါလျှင် ရေးခိုင်းပါ။ မပါလျှင် သင်ယူကျက်မှတ်လာသည့် သင်ခန်းစာများကို ပြန်လည် လေ့ကျင့် ခိုင်းပါ။ အချို့သောကလေးငယ်များသည် ဉာဏ်ရည်ထက်မြက်သော်လည်း ဝီရိယအားနည်း တတ်သည်။ 
 
 
ထိုသို့သော ကလေးများကို သူတို့နှစ်သက်သော အစားအစာသို့မဟုတ် စိတ်ဝင်စားစရာ တစ်ခုခုနှင့် စာဖတ်အောင်ဆွဲဆောင်ပါ။ ဥပမာ “ဒီစာပိုဒ်လေးရသွားရင်၊ ဒီသင်္ချာတွက်ပြီးသွားရင် မုန့် ကျွေးမယ်၊ ကာတွန်းပေးကြည့်မယ်၊ ဂိမ်းဆော့မယ်” စသည်ဖြင့် ဆွဲဆောင်ပါ။ ဉာဏ်ရည်မထက်သော ကလေးများကိုမူ ဆူပူအော်ဟစ်ကာ စာဖတ်ခိုင်းခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ထိုကလေးသည် မိဘ၏အော်ဟစ်မှုကြောင့် စာကိုပို၍ကြောက်သွားလျှင် ဘဝတစ်သက်တာ ခံစားသွားရပေလိမ့်မည်။ သူတို့လေးတွေကို အနားမှမိဘကထိုင်ကာ စာအတူတူကျက်ပေးခြင်း၊ တွက်ပေးခြင်းပြုလုပ်ပေးပါ၊ တတ်နိုင်သမျှ ညင်သာစွာပြောဆိုသင်ပြပေးပါက မိဘနှင့်အနီးကပ်ထိတွေ့မှုကြောင့်လည်းကောင်း၊ ညင်သာပျော့ပျောင်းသော သာယာသံကြောင့်လည်းကောင်း စာကျက်ရမှတ်ရ လွယ်ကူမည်ဖြစ်သည်။ စာတစ်ကြောင်းကို တစ်ခါနှင့်မရလျှင် ထပ်ကာထပ်ကာ ဆိုခိုင်းပါ။ စာမရ၍အော်မငေါက်မိပါစေနှင့် အဓိကမှာ စာကိုကြောက်မသွားစေရန်ဖြစ်သည်။


ကလေးများ၏ ပင်ကိုဉာဏ်ရည်ဉာဏ်သွေးကို မိဘများကပို၍သိကြပါလိမ့်မည်။ ကိုယ့်ကလေးသူများ ထက်တော်ရန်၊ အတင်းတိုက်တွန်းအားမပေးပါနှင့်။ သူတို့၏ဉာဏ်ရည်မီသမျှကိုလက်ခံပေးပါ။ ဘေးမှ အားပေးပါ။ ကူညီပါ။ သို့မှသာလိုရာပုံသွင်းနိုင်မည်ဖြစ်သည်။ မိဘများ၏ တွန်းအားပေးမှုကြောင့် စိတ်ဖိ စီးမှုများနှင့် ဒုက္ခကြုံရသောကလေးများရှိပါသည်။ ထိုအခါမှ မိဘများထိတ်လန့်ကာ ဘာမှလုပ်မရ တော့၊ အချိန်လွန်မှ နောင်တရသွားကြသူ မိဘများလည်း ဒုနဲ့ဒေးရှိပါသည်။


ထို့ကြောင့် ကျောင်းသားနှင့် မိဘတို့၏ပညာရေးလောဘ လွန်ဆွဲပွဲတွင် မိဘများဘက်က အတင်းလို ရာပုံသွင်းဆွဲယူခြင်းမှ ရှောင်ကြဉ်နိုင်ကြပါစေရန်နှင့် တင်းလွန်းလျှင်ပြတ်တတ်ကြောင်း သတိပေး စကားပြောကြားလိုက်ရပါသည်။

Written by အင်ကြင်မွှေး

မြန်မာ့အလင်းသတင်းစာ
ဇွန် (၁၈) ရက်၊ ၂၀၁၄ ခုနှစ်


အချစ်ရဲ့ သော့

 
လူတွေရဲ့ ဦးနှောက်ထဲမှာ စကားတစ်ခွန်းကို သိုသိုသိပ်သိပ် ဖွက်ထားကြတယ်။ အဲဒီစကားက မေ့ပစ်လို့ မရသလို တခြားလူကို ပြောလို့လည်း မရဘူး။ အဓိပ္ပာယ် ကြီးကြီးမားမား မရှိဘူး ဆိုပေမယ့် အဲဒီစကားက အရေးပါတဲ့ စကားဖြစ်တယ်။
အဲဒီစကား တစ်ခွန်းက သော့ဖြစ်တယ်။ ခေတ် သစ်သော့ ဖြစ်ပါတယ်။ ပိုက်ဆံ အိတ်ထဲမှာ၊ ကားပေါ်မှာ၊ ကိုယ့်အိမ်က တံခါးပေါ်မှာ အရင်ကလို သော့ပေါက်မျိုး မရှိကြတော့ပါဘူး။ အခုခေတ်သစ်သော့က နားရွက်သဏ္ဍာန်နဲ့ တူတဲ့ အရာလေးပါ။ ကိုယ့်ပါးစပ်ကို အဲဒီသော့နားကပ်ပြီး စကားတိုးတိုး တစ်ခွန်းပြောလိုက်ရင် သော့က ပွင့်သွားပါတယ်။ ဥပမာ တချို့က -- “Tulip ပန်းပွင့်ပြီ” လို့ပြောလိုက်တာနဲ့ သော့ပွင့်သွားပါတယ်။

ဒီကနေ့ခေတ်မှာ သော့ပျောက်လို့ ဆူညံပူညံ လုပ်တာမျိုးတွေ မရှိတော့ပါဘူး။ သော့ဖွင့်ဝိဇ္ဇာလည်း ဒီသော့ကို ဖွင့်ဖို့ မတတ်နိုင်ပါဘူး။ ဒီသော့ကိုဖွင့်ချင်လို့ စကားတွေမနားတမ်း တတွတ်တွတ်ပြောလည်း ဒီသော့က ပွင့်မှာမဟုတ်ပါဘူး။ ကိုယ့်ခေါင်းထဲက အဲဒီစကားတစ်ခွန်းကို ဘယ်သူ့ကိုမှ သင်မပြောပြခဲ့ရင် ဒီသော့ဟာ အရင်ခေတ်သော့ထက် ပိုပြီးလုံခြုံစိတ်ချရပါတယ်။

တစ်ခါတလေမှာ အတိတ်မေ့ရောဂါရလို့ သော့ဖွင့်မရခဲ့ရင် ရဲကိုအကြောင်းကြားပြီး တံခါးရိုက် ဖျက်ဝင် ရင်လည်း ရပါတယ်။ ဒါပေမယ့် ဒီလိုအဖြစ်က မဖြစ်သလောက်နည်းပါတယ်။ တကယ်လို့ အရက်မူးပြီး ဒီစကားတစ်ခွန်းကို ပြောထွက်ဖြစ်ခဲ့ရင်လည်း နောင်တရ၊ စိုးရိမ်စရာမလိုပါဘူး။ အိမ်ပြန်ရောက်တဲ့အခါ အထဲကစကားလုံးကို တခြားစကားလုံးနဲ့ ပြောင်းလိုက်ရုံပါပဲ။ မမှတ်မိမှာ စိုးလို့ဆိုပြီးလည်း စိတ်လှုပ်ရှား စရာမလိုပါဘူး။ တကယ်တော့ ဒီစကားတစ်ခွန်းက မှတ်ရမခက်ပါဘူး။ စိတ်ထဲကနေ အကြိမ်ကြိမ်ရွတ် ဆိုပေးရင် မျက်စိမှိတ်ထားလည်း အဲဒီစကားတစ်ခွန်းကို သင်မြင်ယောင်နိုင်ပါတယ်။ တကယ်မေ့မှ ကြောက်တယ် ဆိုရင်တော့ လက်ပတ်နာရီနောက်မှာ ရေးထားနိုင်ပါတယ်။

ဒီလိုဆိုရင် တခြားလူရဲ့ အိမ်သော့ကို ဖွင့်ချင်တဲ့သူတွေ မရှိတော့ပါဘူး။

ချောမောလှပတဲ့ မိန်းကလေးတစ်ဦးက ဒီလိုသော့ပါတဲ့ အိမ်တစ်လုံးကို ဝယ်လိုက်ပါတယ်။ သူရဲ့ချောမော လှပတာကို ပြောရမယ်ဆိုရင် သူ့မှာချစ်သူရှိပြီးတဲ့နောက် အချစ်က သူ့ကို ပိုလှပစေခဲ့တာ ဖြစ်ပါတယ်။ သူရဲ့အချစ်ရေးက အရမ်းလှပ ချိုမြိန်ခဲ့ပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ် သုံးကြိမ်လောက် သူ့ထက် အသက် နည်းနည်းကြီးတဲ့ ချစ်သူနဲ့ စားသောက်ဆိုင် သွားကြ၊ ကလပ်သွားကြပါတယ်။

လှပတဲ့နွေညတွေမှာလည်း နှစ်ယောက်သား မြစ်ထဲမှာ လှေငယ်လေးစီးကြပါတယ်။ ငယ်ရွယ်နုပျိုခြင်းကို နှစ်ယောက်သား အတူတကွ ပျော်ပျော်ရွှင်ရွှင် ခံယူနေခဲ့ကြတယ်။

ဒါပေမယ့် ဒီညမှာတော့ မိန်းကလေးရဲ့ စိတ်ခံစားချက်က မကြည်လင်နေခဲ့ဘူး။ ဘာမှမဟုတ်တဲ့ ကိစ္စနဲ့ သူတို့စကားများကြတယ်။ စားသောက်ဆိုင်မှာ တွေ့ဖို့ ချိန်းထားတဲ့ ချစ်သူကို အကြာကြီး သူစောင့်နေစေခဲ့ လို့ပါပဲ။

“ကိုယ့်ကို ဒီလောက်အကြာကြီး စောင့်ခိုင်းထားတာ ခင် အားမနာဘူးလား”

“အဲဒီလောက် စိတ်မဆိုးပါနဲ့”

“ကိုယ် အလုပ်တွေ အမြန်လက်စသတ်ပြီး လာခဲ့ရတာ”

“ကျွန်မလည်း ကိုယ့်ကိုယ်ကို ခဏလောက်ပြင်ဆင်ပြီး လာခဲ့တာပါပဲ”

“ဒီမှာတွေ့မယ်လို့ ပြောထားတဲ့ ကိစ္စကို ခင်အစောကြီးကတည်းက သိပြီးပြီမဟုတ်လား”

အရင်တုန်းက တစ်ယောက်ယောက် စိတ်ခံစားချက် မကောင်းရင် ကျန်တစ်ယောက်က နှစ်သိမ့်နေကျ။ ဒီတစ်ကြိမ်မှာတော့ ဘာကြောင်းမှန်း မသိပါဘူး.. စကားနိုင်လု မဆဲဖြစ်ခဲ့ကြတယ်။

“ကျွန်မပြန်မယ်…” သူ ပြောပြောဆိုဆို ထထွက်လာတယ်။ ပြဿနာကိုပြေလည် ချင်တာကြောင့် ချစ်သူက သူ့ကို လှမ်းဆွဲမလို့ပါပဲ။ ဒါပေမယ့် လက်က သူ့ပခုံးပေါ်မရောက်ဘဲ သူ့နားကပ်ကို ထိမိသွားတယ်။

“ဒါဆိုလည်း ပြန်ကွာ…”

ဇာတ်လမ်းက အဲဒီက စပါတော့တယ်။

အိမ်အပြန်လမ်းမှာ သူနောင်တရမိတယ်။ ချစ်သူကို နောက်ထပ်တစ်ဖန် သူတွေ့ခွင့်မှ ရပါတော့မလား။ တကယ်လို့ နောက်ကျမှလာတဲ့သူက ချစ်သူကိုတောင်းပန်လိုက်ရင် ကိစ္စပြီးသွားမှာပဲလို့ သူတွေးမိတယ်။ ဒါပေမယ့် သူ ဘာကြောင့် မတောင်းပန်မိပါလိမ့်။ အခုလှည့်ပြန်ပြီး မှားကြောင်းပြောလိုက်ရင်လည်း အချိန်မီသေးတယ်ဆိုတာ သိပေမယ့် မလုပ်နိုင်ခဲ့ဘူး။ ဒါဟာလည်း ခေါင်းမာတာပဲဖြစ်မယ်။ မနက်ဖြန် ကစပြီး အပျော်မရှိတဲ့နေ့ရက်တွေကို သူဖြတ်သန်းရတော့မယ်။ လူငယ်လူရွယ်မို့ ထင်ပါတယ်.. အမှားကို သူဝန်မခံချင်ခဲ့ဘူး။
လေးလံတဲ့ခြေလှမ်းနဲ့ အိမ်တံခါးဝရှေ့ သူရောက်လာခဲ့တယ်။ တကယ်လို့ “ဒီနေ့အရမ်းပျော်ခဲ့တယ်”လို့ တံခါးနားကပ်ပြီး သူ,မပြောရင် တံခါးကပွင့်သွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် အခုချိန်မှာ ဒီစကား တစ်ခွန်းကို သူပြောမထွက်ခဲ့ဘူး။ မပြောရင် အိမ်ထဲဝင်လို့မရဘူး။ ဒါနဲ့ တံခါးရှေ့မှာ ငေးကြောင်ကြောင်နဲ့ သူရပ်နေခဲ့တယ်။ နောက်ဆုံးကျမှ အလွတ်ရွတ်ထားတဲ့ စာတစ်ပုဒ်လို စကားတစ်ခွန်းကို သူ တိုးတိုး ညင်းညင်းပြောလိုက်တယ်။ တံခါးဖြည်းဖြည်းချင်း ပွင့်သွားပါတယ်။ အထဲကနေ တံခါးပြန်ပိတ်လိုက်တာနဲ့ ဒီစကားတစ်ခွန်းကို သူလဲပစ်လိုက်ချင်မိတယ်။ ဒါပေမယ့် ဘယ်လိုတွေးတွေး သင့်တော်တဲ့ စကား တစ်ခွန်းကို သူမရခဲ့ဘူး။ မလဲလို့လည်း မဖြစ်ဘူး။ စဉ်းစားရင်း စီမိတဲ့ဝါကျက “ငါမှားသွားတယ်.. ခွင့်လွှတ်ပါ” ဆိုတာပဲဖြစ်တယ်။

အခုချိန်မှာ ဒီလိုပြောတာပဲ ကောင်းပါတယ်လေ… ငါကိုက ကမောက်ကမနိုင်တာ.. မနက်ဖြန်ကစပြီး ဒီစကားတစ်ခွန်းနဲ့ပဲ နေ့ရက်တွေကို ဖြတ်ကျော်ရတော့မယ်။

နောက်တစ်နေ့မနက်လင်းချိန်မှာ ချစ်သူက သူ့အိမ်ရှေ့ရောက်လာခဲ့တယ်။ ချစ်သူကလည်း သူလွန်ကြောင်း မတောင်းပန်ချင်လို့ စိတ်ရှုပ်နေခဲ့ရတယ်။ သူ့ကိုတွေ့ချင်လာလို့ နားကပ်ပြန်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ရဲ့ခွင့်လွှတ်ခြင်းကို ရဖို့ အခု သူ့အိမ်ရှေ့ကို ချစ်သူရောက်လာခဲ့တယ်။ ဘဲလ်တီး ချင်ပေမယ့် လက်က မလှုပ်ခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အမှားကို အရင်ဝန်မခံ ချင်တာနဲ့ နောက်ဆုံးမှာ နားကပ်ကို တံခါးဝမှာချိတ်ခဲ့ပြီး လှည့်ပြန်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ နားကပ်ကို အိတ်ကပ်ထဲက ထုတ်ပြီး တံခါးဝမှာ သူချိတ်လိုက်တယ်။

အရင်က ပျော်ရွှင်ခဲ့တဲ့ရက်တွေကို သူပြန်စဉ်းစားမိတယ်။ ပန်းခြံထဲက ခုံတန်းရှည်မှာ နှစ်ယောက်အတူ ထိုင်ပြီး ယုယကြည်နူး ခဲ့တာတွေကို သူသတိရမိတယ်။

မနေ့က ချစ်သူမိန်းကလေးအပေါ် သူပြောဆိုခဲ့တာတွေကို သူဝမ်းနည်းနောင်တရမိတယ်။ ဒီလိုဆိုရင် အခုဘာဖြစ်လို့ အိမ်ထဲဝင်ပြီး သွားမတောင်းပန်သလဲ။ ဒီလိုနဲ့ နားကပ်ကို တံခါးမှာ ချိတ်ပြီးတဲ့နောက် သူ့ပါးစပ်ကနေ စကားတစ်ခွန်း မသိမသာ ခုန်ထွက်သွားခဲ့တယ်။

တံခါး ဖြည်းဖြည်းချင်း ပွင့်သွားပါတယ်။ အိမ်ထဲမှာ သောကများနေတဲ့ သူမတစ်ယောက် ချစ်သူကို တွေ့တာနဲ့ လွှားခနဲထခုန်ပြီး ပြေးဖက်ငိုလိုက်ပါတယ်။ ပါးစပ်ကနေ ဘာစကားလုံးမှ ထွက်ကျမလာ ခဲ့ပေမယ့် ရင်မှာတော့ သော့ဖွင့်တဲ့ စကားတစ်ခွန်းကို သူပြောနေခဲ့မိပါတယ်။

ပွင့်သွားတဲ့ တံခါးရဲ့ နားရွက်သဏ္ဍာန် အပေါက်မှာ ချိတ်ထားတဲ့ နားကပ်လေးက ဖြည်းဖြည်းချင်း လှုပ်ယမ်းနေဆဲ …..

------
မူရင်းရေးသားသူ--- ဂျပန်စာရေးဆရာ Shinichi Hoshi (1926 - 1997)

နိုင်းနိုင်းစနေ ဘာသာပြန်ခံစားသည်။

**** The Chic မဂ္ဂဇင်း ဂျူလှိုင်လထုတ်အတွက် ရေးခဲ့တဲ့စာမူဖြစ်ပါတယ်။


မြန်မာနိုင်ငံတွင် လူမှုကွန်ရက်ကြောင့် ပဋိပက္ခ မဖြစ်စေရန် Facebook တိုက်ရိုက်ကူညီ

 
မြန်မာနိုင်ငံတွင် အင်တာနက် လူမှုကွန်ရက်
များကြောင့် ပဋိပက္ခများ မဖြစ်စေရန်
အချိန်ပြည့်စောင့်ကြည့် ကြီးကြပ်၍ Facebook
က အကူအညီပေးနေပြီ ဖြစ်ကြောင်း နိုင်ငံတော်
သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 

ဝါရှင်တန်ဒီစီတွငရှိသည့် Facebook ရုံးချုပ်က တာဝန်ရှိသူတစ်ဦး၊ အိုင်ယာလန်တွင်ရှိသည့် Facebook တာဝန်ရှိသူတစ်ဦး၊ အာရှပစိဖိတ် Facebook တာဝန်ခံတစ်ဦး စုစုပေါင်းသုံးဦးကို Facebook အသုံးပြုသူများနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ရန် သတ်မှတ်ပေးထားကြောင်း ၎င်းကဆိုသည်။


လတ်တလော မန္တလေးမြို့တော်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် လူမှုကွန်ရက် စာမျက်နှာများက ပိုမို ကြီးထွားစေခဲ့သဖြင့် ပဋိပက္ခကာလတွင် အဆိုပါ တာဝန်ရှိသူများ၊ Silicon Valley မှ ပညာရှင်နှစ်ဦးနှင့် မြန်မာအစိုးရ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသည်။


မြန်မာနိုင်ငံတွင် Facebook သုံးစွဲမှုနှင့် ပတ်သက်၍ စောင့်ကြည့်မှုများကို Facebook က မန္တလေးမြို့တော် ပဋိပက္ခတွင် ၂၄ နာရီ စောင့်ကြည့်ကာ ပဋိပက္ခ လျော့ကျသွားအောင် Facebook ၏ မူဘောင်များနှင့်အညီ အတတ်နိုင်ဆုံး အကူအညီ ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံးက တာဝန်ရှိသူတစ်ဦးမှ ဆိုသည်။
Facebook သုံးစွဲသူများကို ယခုပဋိပက္ခ မတိုင်မီကတည်းက စောင့်ကြည့်ရာတွင် ဘာသာစကား အခက်အခဲရှိသဖြင့် Facebook ဘက်တွင် မြန်မာဝန်ထမ်း တစ်ဦးကို ခန့်အပ်ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။


Facebook တာဝန်ရှိသူများနှင့် ဆွေးနွေးရာတွင် ရေတိုအနေနှင့် ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုများ လျော့ကျအောင် Facebook မူဘောင်နှင့်အညီ စိစစ်ခြင်း၊ ပိတ်ပင်ခြင်းများ လုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ရေရှည်အနေနှင့် နောက်တွင် လူမှုကွန်ရက် အသုံးပြုကာ ပဋိပက္ခဖန်တီးမှု ဖြစ်စဉ်များ မဖြစ်အောင် နည်းပညာ၊ ဥပဒေကြောင်းအရ ဆောင်ရွက်ရမည့် ကိစ္စများကို Facebook က အကူအညီပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူ အမည်မဖော်ဘဲ Account အတုများဖြင့် အသုံးပြုနေသည့် ပြဿနာကိုလည်း တင်ပြခဲ့ပြီး Facebook ပေါ်လစီအရ Account တု အသုံးပြုခြင်းကို ခွင့်မပြုထားကြောင်း ၎င်းကဆိုသည်။


အလယ်အလတ်အနေနှင့် နည်းပညာပိုင်း၊ monitoring (စောင့်ကြည့်စစ်ဆေး)၊ မြန်မာနိုင်ငံက User များကို အသိပညာပေးရန် Facebook နှင့် Google မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံက နည်းပညာရှင်များ၊ User များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ရန်ကုန်မြို့တော်တွင် ဇူလိုင်လ တတိယအပတ်၌ တွေ့ဆုံဆွေးနွေးနိုင်အောင် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရှိရသည်။

The Voice Weekly


ဘရာဇီး ပရိသတ်ရဲ့ဒေါသအိုး ပေါက်ကွဲမှု


ဇူလိုင်လ ၉ ရက်နေ့က အိမ်ရှင် ဘရာဇီး နဲ့ ဂျာမနီ အသင်းတို့ ကစားခဲ့ကြရာမှာ ပထမပိုင်းပွဲစဉ်အချိန်မှာ ဂျာမဏီက ဘရာဇီးကို ၅ ဂိုးအပြတ်ရနေခဲ့ပါတယ်။ အိမ်ရှင် ဘရာဇီးကိုအားပေးခဲ့တာကလည်း ကွင်းလုံး  ပြည့်နီးပါးမျှပါပဲ။ အဲဒီအချိန် ဘရာဇီးနိုင်ငံရဲ့ ကော်ပါကာဘာနာ (Copacabana) ကမ်းခြေမှာ ရောက်ရှိနေ ကြတဲ့ အိမ်ရှင် အသင်းကို အားပေးတဲ့ ပရိတ်သတ်တွေကတော့ ကမ္ဘာ ပျက်သလို ခံစားခဲ့ကြရတာပါ။ 

ဘရာဇီး ရှုံးနှိမ့်ခဲ့တဲ့အတွက် ဘရာဇီးချစ်သူတွေဟာ ကမ်းခြေမှ ဒေါသတွေ ထိန်းမနိုင် သိမ်းမနိုင်ဖြစ်ခဲ့ကြပါ တယ်။ ဘရာဇီး အသင်း ရှုံးနေလို့ မကျေနပ်ကြလို့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဖျက်ဆီးမှုတွေ လုပ်ခဲ့ ကြ တဲ့အကြောင်း Mail online သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 
ဒါပေမယ့် ဘရာဇီး  ကမ်းခြေစောင့် ရဲတွေက ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ 
အိမ်ရှင်ဘရာဇီးဟာ မျှော်မှန်းသလို့ မဖြစ်ခဲ့တာကြောင့် ဘရာဇီးအသင်းခေါင်းဆောင်ကလဲ မျက်ရက်ကျရင်း ဘရာဇီး ပရိတ်သတ်တွေကိုတောင်းပန် ခဲ့ပါတယ်။ ဒီပွဲမှာ ဘရာဇီးဟာ ဂျာမနီကို ၇ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါ တယ်။
ဘရာဇီး ဘောလုံးသမိုင်းရိုင်းခဲ့ရတဲ့ အဖြစ်ကြောင့်လည်း  ဘရာဇီး အားပေးခဲ့တဲ့ ပရိတ်သတ်တွေဟာ အသည်းနာခဲ့ကြတာပါ။ ဒီနှစ် ဘရာဇီးရဲ့ ရှုံးနှိမ့်မှု ဟာ ကမ္ဘာဖလားသမိုင်းတလျှောက်မှာ စံချိန်တင် သွား ခဲ့ပါတယ်။
 

အိမ့်သံစဉ် ~
 

ဟင်းချိုမှုန့်၏ အန္တရာယ်


 
ပြီးခဲ့တဲ့အပတ်က ဆွမ်းလောင်းဖို့အတွက် ဆိတ်သွေးခဲလေး ၀ယ်ဖြစ်ခဲ့တယ်၊
ဆွမ်းလောင်းမှာက နောက်နေ့မနက်မှဆိုတော့.. ဆိတ်သွေးခဲလေးကို မိနစ်အနည်းငယ်မျှ
ခဏပြုတ်ထားဖို့ စဉ်းစားလိုက်မိတယ်..။ ဆိတ်သွေးခဲ တုံးရင်းနဲ့ အတွေးတစ်ခုဝင်လာတယ်..။
အချိုမှုန့်ရဲ့ အစွမ်းသတ္တိကို အိမ်က ညီမနဲ့ သူငယ်ချင်းတွေကို ပြချင်တာနဲ့..
လက်တွေ့စမ်းသပ်ခဲ့တယ်..


ဆိတ်သွေးခဲကို တစ်ဝက်ကို ဟင်းချိုမှုန့် ၊ ဆားနဲ့နယ်လိုက်တယ်..
ကျန်တစ်ဝက်ကို ဟင်းချိုမှုန့်မထည့်ပဲ ဆားနဲ့ပဲနယ်ပြီး မိနစ်အနည်းငယ်မျှပြုတ်လိုက်တယ်..
ပြုတ်ပြီးတော့ ထွက်လာတဲ့အဖြေက နံပါတ်(၁) ပုံက ဟင်းချိုမှုန့်မထည့်ပဲ ဆားနဲ့ပဲနယ်ထားတဲ့ပုံဖြစ်ပါတယ်ရှင်…။


နံပါတ် (၂) ပုံက ဟင်းချိုမှုန့် ၊ ဆားနဲ့နယ်ထားပြီး ပြုတ်ထားတဲ့ပုံဖြစ်ပါတယ်..။

နံပါတ် (၂) ပုံကိုကြည့်ခြင်းအားဖြင့်.. အချိုမှုန့်ကို မစားသင့်ကြောင်း မျက်မြင်တွေ့ရှိနိုင်ပါတယ်ရှင်..။


ပုံကို လက်တွေ့ပြရခြင်းက ဓမ္မမိတ်ဆွေများနှင့် သူငယ်ချင်းတွေကို ဟင်းချိုမှုန့်ကို ပိုပြီး ရှောင်စေချင်လို့ပါ..။
တခြားကျန်းမာရေး ဆောင်းပါးတွေမှာလည်း ဟင်းချိုမှုန့်၏ ဆိုးကျိုးများကို ဖတ်ရှု့ဖူးကြပါလိမ့်မယ်..။
သင်၏ ကျန်းမာရေးအတွက် ဟင်းချိုမှုန့်ကို အသုံးစွဲသင့်ပါဘူးရှင်..။
ကျမကိုယ်တိုင် အချိုမုန့်မသုံးတာ တော်တော်လေးကြာနေပါပြီ… အချိုမှုန့်မပါလည်း စားလို့ကောင်းပါတယ်ရှင်..။


အချိုမှုန့်ပါတဲ့ ဟင်းအရသာဆိုရင် စားရတာ သိသာပါတယ်ရှင်..။
တစ်ချို့ဟင်းတွေဆိုရင် ဟင်းရဲ့ သဘာဝအရသာမဟုတ်ပဲ..
အချိုမှုန့်ရဲ့အစွမ်းသတ္တိကြောင့်သာ စားကောင်းနေတာပါရှင်..။ ဓမ္မမိတ်ဆွေများနှင့် သူငယ်ချင်းအားလုံး ကျန်းမာ၊ သုခများနှင့် ပြည့်စုံနိုင်ကြပါစေရှင်..။ (7.7.2014)
Credit: မိုးတိမ်လွင်ပြင်


http://www.lyhealthcare.com/

အ၀တ်အစားမဲ့တဲ့ မော်လ်ဒယ်မလေးများ ခန္ဓာပေါ်မှာ ဆေးရောင်ခြယ်တဲ့ ပွဲ

 
ခန္ဓာကိုယ် ဆေးရောင်စုံခြယ် (Body-painting) ခြင်းဟာ ကမ္ဘာ့ ထင်ရှားတဲ့ အနုပညာတစ်ခုဖြစ်လာနေပါပြီလို့ ပြောရတော့မှာဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ အ၀တ်အစားမဲ့တဲ့ ခန္ဓာကိုယ်မှာ ဆေးရောင်စုံ ခြယ်ရတာမို့ အမြင် တစ်မျိုးဆန်းနေပေမယ့် သြစတြီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ ခန္ဓာကိုယ် ဆေးရောင်စုံခြယ် အလှပြိုင်ပွဲကို နိုင်ငံပေါင်း (၄၇) နိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲကို သြစတြီးယားနိုင်ငံရှိ သေးငယ်တဲ့ ရွာကလေးမှာ ပြုလုပ်ခဲ့ပေမယ့် ပြိုင်ပွဲဝင်တွေရဲ့ အံ့အားသင့်စရာ ကောင်းလောက်တဲ့ အနုပညာစွမ်းအားကို မြင်တွေ့ခဲ့ရတာမို့ ချီးကျူးခြင်းခံခဲ့ရပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ ရေးဆွဲ ထားတဲ့ ပန်းချီတွေဖြစ်ပေမယ့် သက်ဝင်လှုပ်ရှားနေတာမို့ စိတ်ဝင်တစ်စားအားပေးခြင်းကို ရရှိခဲ့ပါတယ်။ ပန်းချီပညာရှင်တွေက လူသားတွေကို ကင်းဗတ်စပေါ်မှာ ရေးဆွဲသလိုမျိုး ပုံဖော်သွားခြင်းဖြစ်ပါတယ်။ 


သရုပ်ပြခဲ့တဲ့ မော်ဒယ်တွေရဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အချိုး အစားက လည်း ဆွဲထားတဲ့ ပန်းချီကို ပိုရုပ်လုံးပေါ်စေခဲ့ပါတယ်။ ဂေးရှားမယ်၊ စူပါဟီရိုး၊ ရေသူမ ပုံစံတွေကို အများဆုံး သရုပ်ဖော်ပြသွားကြပြီး ဆုတွေပေးအပ် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကို (၁၇) ကြိမ်မြောက် အဖြစ် ကျင်းပခြင်းဖြစ်ပြီး ဓာတ်ရောင်ခြည် ကာကွယ်မှုကို အလေးထားဖို့ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ ခန္ဓာကိုယ်ဆေး ရောင်ဆုံခြယ်သခြင်း အနုပညာကို ပုံစံအမျိုးမျိုးနဲ့ ပြသနေကြပြီး နယူးယော့ခ်မှာရှိတဲ့ ဖရီးဒန်းတာဝါ၊ အင်ပါယာစတိတ် အဆောက် အဦး၊ စင်ထရယ်ပန်းခြံ၊ ဘရွတ်ကလင်းတံ တားတို့ကို နောက်ခံထားပြီး ခန္ဓာကိုယ်ဆေးရောင်ခြယ်သမှုကို ပြသခဲ့ခြင်းဖြစ်ပြီး ထူးခြားတဲ့ခံစားမှုကို ဖြစ်ပေါ်စေတယ်လို့ ထရီနာမာရီ ကဆိုခဲ့ပါတယ်။
From: The Messenger


Facebook ပေါ်က အမုန်းစကားတွေကို စိစစ်မည်

 

ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုတွေအပေါ် အခြေခံပြီး အကြမ်းဖက်မှုတွေ ဖြစ်အောင် သွေးထိုး လှုံဆော်တဲ့ သတင်း အချက်အလက်တွေ မပျံ့နှံ့အောင် ထိန်းချုပ်ဖို့ အင်တာနက် လူမှုကွန်ရက်ဖြစ်တဲ့ Facebook နဲ့ မြန်မာအစိုးရ သဘောတူညီချက် ရရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီလိုစောင့်ကြည့် ထိန်းချုပ်မယ့် အစီအစဉ်ကြောင့် သတင်းလွတ်လပ်ခွင့် အပါအ၀င် အခြေခံ အခွင့်အရေးတွေ အပေါ် ကန့်သတ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်း ထားတဲ့ မဆုမွန် ကပြောပြပေးမှာ ဖြစ်ပါတယ်။


မန္တလေးမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားရာမှာ သွေးထိုးလှုံ့ဆော်တဲ့ သတင်းစကားတွေ ပျံ့နှံ့ခဲ့တယ်လို့ဆိုတဲ့ Facebook အင်တာနက် စာမျက်နှာတွေကို အခုအခါ စောင့်ကြည့်ထိန်းချုပ်သွားဖို့ မြန်မာအစိုးရနဲ့ သဘောတူလိုက်တာဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီ၊ အိုင်ယာလန်နဲ့ စင်ကာပူ အခြေစိုက် Facebook တာဝန်ရှိသူတွေနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေကြား မကြာသေးခင်ကပဲ ဆွေးနွေးခဲ့ကြပြီး အခုလို သဘောတူညီချက် ရရှိခဲ့ကြတာလို့လည်း မြန်မာသမ္မတရုံး အကြီးတန်းအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။


“လတ်တလော လှုံ့ဆော်မှုတွေ၊ ကောလဟာလတွေ အဲ့ဒါတွေ အမြန်ဆုံး ပျံ့နှံ့တာတွေ ကျဆင်းသွားအောင် ဘယ်လိုလုပ်မလဲ။ Facebook ရဲ့ ပေါ်လစီက ဘယ်လိုဘယ်လိုရှိတယ် အဲ့ဒါမျိုးတွေ ဆွေးနွေးပြီးတော့ လုပ်လိုက်ပါတယ်။ လုပ်လိုက်တော့ အဲ့ဒါက ချက်ချင်းပဲ အသက်ဝင်ပြီးတော့ လုပ်ပေးပါတယ်။ သူတို့ဘက်ကလည်း ဘာပြဿနာရှိလဲဆိုတော့ Facebook မှာက မြန်မာဘာသာစကားနဲ့ status တွေ တင်တဲ့အခါမှာ ဘယ်ဟာက hate speech လဲ၊ ဘယ်ဟာက သွေးထိုးသလဲ၊ ဘယ်ဟာက သတင်းမှားလဲ အဲ့ဒါကို ခွဲခြားဖို့ ခက်တယ်ပေါ့နော်။ ခက်တော့ကျတော့ Facebook မှာလည်း မြန်မာဘာသာစကား ကျွမ်းကျင်တဲ့ ၀န်ထမ်းတယောက် ခန့်ပြီးတော့ သူတို့ monitoring လုပ်တဲ့ လုပ်ငန်းကို ပေးထားပါတယ်။ ကျနော်တို့နဲ့ ပြောပြီးတော့ တပြိုင်တည်းမှာပဲ သူတို့ ၂၄ နာရီပေါ့နော် အဲ့လိုထားပြီးတော့ ဒီနိုင်ငံကဟာကို စောင့်ကြည့်ပြီးတော့ သူတို့ ဖြုတ်ဖို့ လုပ်ပေးပါတယ်။”


သဘောတူညီချက် ရရှိပြီးပြီးချင်းဆိုသလို၊ Facebook account မမှန်မကန် ဖွင့်ထားတာတွေကို စိစစ်ကန့်သတ်တာတွေ လုပ်ခဲ့တယ်လို့လည်း မြန်မာသမ္မတရုံး တာဝန်ရှိသူက ပြောဆိုခဲ့တာပါ။ သွေးထိုးလှုံ့ဆော်တဲ့ သတင်းအချက်အလက်တွေကို ကန့်သတ်ထိန်းချုပ်ရာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တွေကို ထိခိုက်တာမျိုး ဖြစ်လာမှာ စိုးရိမ်တယ်လို့လည်း မြန်မာ ICT ဖွံ့ဖြိုးရေးအဖွဲ့ (MIDO) ရဲ့ အမှုဆောင်ဒါရိုက်တာ ဘလော့ခ်ကာ နေဘုန်းလတ် က ပြောပါတယ်။

“အစိုးရရယ်၊ Facebook ရယ်ပဲ မကဘဲပေါ့ဗျာ အစိုးရလူတွေလည်းပါမယ်၊ Facebook က လူတွေလည်း ပါမယ်။ အခြား ဒီ နည်းပညာရှင်တွေ၊ အတတ်ပညာရှင်တွေလည်း ပါမယ်။ အဲ့လိုမျိုး independence ဖြစ်တဲ့ လွတ်လပ်တဲ့ body တခုကနေပြီးတော့ ဒါမျိုးကို လုပ်တယ်ဆိုရင်တော့ အဲ့ဒါ ပိုပြီး သင့်တော်မယ်ထင်တယ်။ Online ပေါ်မှာ အမုန်းတရားဖြန့်ပြီးတော့ ဒီ လှုံ့ဆော်မှုတွေ လုပ်နေတာတွေက ဆိုးရွားလွန်း အားကြီးတယ်။ အခုအချိန်မှာတော့ ကျနော်ကတော့ ဒါကို ကြိုဆိုတယ်။ နောက်ပိုင်းတွေမှာ ဒီလို စောင့်ကြည့်တဲ့ကိစ္စတွေက နိုင်ငံရေးသမားတွေကို နှိပ်ကွပ်တာမျိုး၊ Freedom of Expression ကို ထိခိုက်တာမျိုး ဖြစ်လာမယ်ဆိုရင်တော့ ဒါဆိုရင်တော့ ဒါ တမျိုး ပြန်ပြီး တုံ့ပြန်ရင် တုံ့ပြန်ရမှာပေါ့။ အခုအချိန်မှာတော့ လုပ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။”


Facebook ပေါ်မှာ သွေးထွေးလှုံ့ဆော်တဲ့ လုပ်ရပ်တွေကို ထိန်းချုပ်မယ် ဆိုပေမဲ့ နည်းပညာ ဖွံ့ဖြိုးမှုမှာ နိမ့်ကျနေဆဲ မြန်မာနိုင်ငံ အနေနဲ့ စိန်ခေါ်မှုတွေလည်း ရှိနေဆဲပါ။ ဒါကြောင့်လည်း ထိန်းချုပ် ကန့်သတ်မှုတွေမှာ အရည်အချင်း ပြည့်ဝတဲ့ ကျွမ်းကျင်သူတွေ အကူအညီနဲ့ လုပ်ဖို့လိုမယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်း (မန္တလေး)ရဲ့ နာယက ဦးရဲမြတ်သူက မြင်ပါတယ်။

“ကျနော်တို့ ကြောက်တာက Hate Speech ဖြန့်တဲ့လူတွေကို လိုက်ကာကွယ်နိုင်တယ် ဆိုရင်တော့ ကျနော်တို့က လက်ခုပ်တီး ပေးရမှာပေါ့။ Hate Speech ကို မကာကွယ်ဘဲနဲ့ Hate Speech က သူတို့ဟာသူတို့ လွှင့်ချင်တာတွေ လွှင့်ပြီးတော့၊ အဲဒီလွှင့်နေတဲ့ ဟာတွေကိုပဲ ကျနော်တို့ဘက်က လိုက်ပြီးတော့ မဟုတ်ပါဘူး ပြောတဲ့လူတွေကို လိုက်ကာတယ် ဆိုရင်တော့၊ ဒီကောင်က ဓားသွားက ပြောင်းပြန်နဲ့ ကျနော်တို့ကို လာထိမှာပဲ။ ဆိုတော့ အဲဒီဟာမျိုး ဖြစ်မယ် - မဖြစ်ဘူးဆိုတဲ့ ကိစ္စက သူတို့လက်ထဲမှာရှိတဲ့ အာဏာကို သူတို့အလွဲသုံးစား လုပ် - မလုပ် ဆိုတာနဲ့ပဲဆိုင်တယ်၊ အောင်မြင်မှု မအောင်မြင်မှု ဆိုတဲ့ကိစ္စက။ Hate Speech ကတော့ အခုရှာလို့ မရတဲ့ ကိစ္စကတော့ technology ရလာရင် ရှာလို့ရလာမှာပဲ။ ဒါပေမဲ့ အဲဒီ technology ရလို့ ရှာလို့ရရင် သူဘယ်လို ဆုံးဖြတ်မလဲ ဆိုတဲ့ကိစ္စက သူ့ကိစ္စ ဖြစ်သွားပြီ။”


မြန်မာသမ္မတရုံး အကြီးတန်းတာဝန်ရှိသူကတော့ နည်းပညာ ဖွံ့ဖြိုးမှုတွေ အားနည်းနေဆဲ မြန်မာနိုင်ငံမှာ Facebook အပါအ၀င် အင်တာနက် သုံးစွဲသူတွေ အနေနဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေကို သဘောပေါက်ဖို့ ရည်ရွယ်ပြီး ဒီလထဲမှာပဲ ရန်ကုန်မြို့က MICT မှာ နှီးနှောဖလှယ်ပွဲတခု ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“သူတို့ဆီက Facebook ရဲ့ ပေါ်လစီပေါ့နော်၊ အဲဒီမှာ ကျနော်တို့က ဘယ်လိုမျိုး လိုက်နာရမလဲ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားတဲ့ အပေါ်မှာ ကျနော်တို့က ဒီဘက်က ကျယ်ကျယ်ပြန့်ပြန့် မသိကြဘူး။ နောက်တချက်က ဒီဘက်က Facebook ကို ဘယ်လိုမျိုး အကျိုးရှိရှိ အသုံးချခဲ့သလဲဆိုတဲ့ Success Story တွေပေါ့နော်၊ တခြားနိုင်ငံတွေမှာလည်းရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဒီဘက်ကို မြန်မာပြည်သူလူထု၊ အထူးသဖြင့် လူငယ်တွေပေါ့နော်၊ Facebook ကိုသုံးတဲ့ လူငယ်တွေနဲ့ ဘယ်လိုရောက်အောင် ဒီ Message ကိုပေးမလဲ၊ awareness ပေးမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးတော့၊ ကျနော်တို့ မြန်မာနိုင်ငံမှာပဲ Facebook နဲ့ Google နဲ့က လာပြီးတော့ ဒီဟာကို အသုံးပြုတဲ့ လူငယ်တွေပေါ့နော်၊ အထူးသဖြင့်ကတော့ IT အသုံးပြုတဲ့လူတွေ Facebook အသုံးပြုတဲ့ လူငယ်တွေနဲ့ တွေ့ဆုံပြီးတော့၊ အပြန်အလှန် ဆွေးနွေးတဲ့ဟာလေးတခု လုပ်မယ် ဆိုပြီးတော့ စီစဉ်ထားပါတယ်။”


မန္တလေးမြို့မှာ လူ ၂ ဦးအထိ သေဆုံးခဲ့ရတဲ့ ဆူပူအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောရာမှာတော့ သွေးထိုးလှုံ့ဆော်မှုတွေကို လက်ခံမှာ မဟုတ်တဲ့အကြောင်းနဲ့ သတင်းမီဒီယာတွေ အနေနဲ့လည်း အမုန်းစကားတွေ ပျံ့နှံ့စေမယ့် ဖော်ပြချက်တွေ မလုပ်ကြဖို့ကို သတိပေးထားပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)


8 Jul 2014

မိန်းမတွေဟာ ထူးဆန်းလွန်းပါတယ် ...

 
 
အငိုလွယ်သူတွေ ဖြစ်ကြပေမယ့်...
ယောက်ျားတစ်ယောက် ငိုနေပြီဆိုရင်တော့ အံကြိတ်ပြီး ဖြေသိမ့်ပေးနိုင်ကြပြန်တယ် ...။

တစ်ခုခုဆို အားငယ်တတ်လွန်းကြပေမယ့်...
တကယ်အခက်ခဲ ကြုံလာပြီဆိုရင်တော့
ယောက်ျားရင့်မာကြီးတွေအတွက် အားအင် ဖြစ်စေပြန်တယ် ...။

နှုတ်ခမ်းပါးနောက်က လျှာဖျားလေးက ၂ ကျပ်သားလောက်သာ ရှိပေမယ့်...
လက်ဝှေ့ချံပီယံ တစ်ယောက်လောက်တော့ သာသာလေး အလဲထိုးနိုင်ပြန်တယ် ...။

ကြောက်စိတ်ကြောင့် အရာတော်တော်များများမှာ တွေဝေနေတတ်ကြပေမယ့်...
ဆုံးဖြတ်ပြီးရင်တော့ ရဲရင့်ပါတယ်ဆိုတဲ့
ယောက်ျားတွေထက် စိတ်ဓါတ်ခိုင်မာနေတတ်ပြန်တယ် ...။

များသောအားဖြင့် ယောက်ျားတွေထက် ဥာဏ်ရည် နိမ့်ကြပေမယ့်...
တစ်ခါတစ်ရံ ဘယ်သူမှ မတွေးခေါ်နိုင်တဲ့
အတွေးအခေါ်တွေ သယ်ဆောင်လာတတ်ကြပြန်တယ် ...။

လေးလံတဲ့ အရာတွေ မသယ်နိုင်ကြပေမယ့်...
ပေါင် ၁၀၀ ကျော်ဖြစ်လာမယ့်
ယောက်ျားတစ်ယောက်မကကို (၉)လလောက် ဗိုက်ထဲ
ထည့်ထားနိုင်ပြန်တယ် ...။

အားနွဲ့လွန်းကြပေမယ့်...
သန်မာတဲ့ ယောက်ျားတွေကို ငိုငိုပြီး မွေးထုတ်ပေးနိုင်ပြန်တယ် ...။

မိန်းမတွေဟာ ထူးဆန်းလွန်းပါတယ် ...။

by သူရနိုင်
 

စိတ်ကျန်းမာရေး ကောင်းမွန်နေဖို့ လိုတယ်



လူတော်တော်များများဟာ ရုပ်ပိုင်းဆိုင်ရာကိုသာ ပြင်ဆင်ပြီး အောင်မြင်အောင်ကြိုးစားကြတယ်။ စိတ်ပိုင်းဆိုင်ရာကိုတော့
အမြဲကျရှုံးတတ်လေ့ ရှိပါတယ်။ ကျရှုံးတာဟာ ပြင်ဆင်လိုခြင်း အလျဉ်းမရှိလို့ ပါပဲ။ ဘယ်အရာမှ အမြဲတမ်းကောင်းမနေ
နိုင်တဲ့အတွက် ပျက်တဲ့နေရာလေးကို သတိထားပြီး ပြင်ဆင်နေဖို့ လိုပါလိမ့်မယ်။

စိတ်ပိုင်းဆိုင်ရာမှာ အဖျက်တွေများတဲ့အခါ ရုပ်ပိုင်းက ပျက်လာနိုင်ပါတယ်။ လျှောက်နေတဲ့ ခရီးလမ်းမှာ ကျောပေါ်မှာ
ပါလာတဲ့ ပစ္စည်းတွေ ဘယ်လောက်လေးလေး စိတ်ခွန်အားကောင်းရင် လိုရာခရီးရောက်နိုင်ပါသေးတယ်။ စိတ်ခွန်အား
လျော့နည်းတဲ့အခါ ကိုယ်ပေါ်မှာ ဘာပစ္စည်းမှ မပါရင်တောင် ခရီးဆက်ဖို့ မဖြစ်နိုင်ပေ။

ဒီတော့ ဘ၀က တည်ငြိမ်စွာနဲ့ ပုံမှန် လျှောက်လှမ်းဖို့  ဘယ်ဖြစ်နိုင်ပါ့မလဲ။ ကြုံလာတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ
ဟာ မိမိအတွက် မေးခွန်းတွေပါ။ ဒါတွေကို အောင်မြင်အောင် ဖြေဆိုဖို့  စိတ်ကျန်းမာရေး ကောင်းမွန်နေဖို့ လိုတယ်။ စိတ်
မကျန်းမာရင် ကျရှုံးနိုင်တယ်။

True Man
 

လူတစ်ယောက်ကို စကားပြောတော့မယ် ဆိုရင်


လူတစ်ယောက်ကို စကားပြောတော့မယ် ဆိုရင်

(၁) တစ်ပါးသူ၏ မျက်နှာအရိပ်အခြေကို ကြည့်ပါ။
(၂) ချိုချိုသာသာပြောပါ။
(၃) တစ်ခြားသူ အလွယ်တကူ နားလည်စေမယ့် စကားလုံးမျိုးကို သုံးပါ။
(၄) စကားကို မြန်မြန် မပြောမိပါစေနဲ့။
(၅) မလိမ်ညာမိပါစေနဲ့။
(၆) ကျယ်လောင်စွာ ပြောဆိုခြင်းမျိုး မလုပ်မိပါစေနဲ့။
(၇) သူပြောမယ့် စကားကို လုပြီးမပြောမိပါစေနဲ့။

credit to Zawgyi Mgmg
 

ရာသီ ပန်းများ


ရာသီ ပန်းများ

1. တန်ခုးလ ကံ့ကော်ပန်း ၊ ပိတောက်
2. ကဆုန်လ စကားဝါပန်း
3. နယုန်လ စံပယ်ပန်း
4. ၀ါဆိုလ ပုန်းညက်ပန်း
5. ၀ါခေါင်လ ခတ္တာပန်း
6. တော်သလင်းလ ယင်းမာပန်း
7. သီတင်းကျွတ်လ ပဒုမ္မာကြာစတဲ့ ရေတွင် ပွင့်သော ပန်းများ
8. တန်ဆောင်မုန်းလ ခ၀ဲပန်း
9. နတ်တော်လ နတ်ပန်း ခေါ် သဇင်ပန်း
10. ပြာသိုလ ခွာညိုပန်း
11. တပို့တွဲလ ပေါက်လဲပန်း
12.တပေါင်းလ သရဖီပန်း
 
credit to Zawgyi Mgmg
 

“ငါက သာမန်လူမဟုတ်ဘူး“

Photo: “ငါက သာမန်လူမဟုတ်ဘူး“

ဘ၀ခရီးသည် အပြေးပြိုင်ပွဲကြီးတစ်ခုနှင့်တူလေသည်။ ပွဲအစတွင်အားလုံးဝင် ပြေးကြသည်။ ခရီးတစ်ဝက် ခန့်တွင်မူ အချို့သည် ဘေးထွက်ထိုင်သွားကြသည်။ ထို့နောက် ပါဝင်သူ တစ်စတစ်စ လျှော့နည်းလာ သည်။ နောက်ဆုံးတွင် တစ်ချို့က ချန်ပီယံဖြစ်သည်။ တစ်ချို့က ဒုတိယ၊ တစ်ချို့က တတိယ တစ်ချို့က နှစ်သိမ့်ဆု တစ်ချို့က ဇွဲဆု စသည်ဖြင့်ရကြသည်။ အတော်များများသည်ကား “သူလည်းပဲ ၀င်ပြေးတာ ကိုး“ ဟူ၍သာ မှတ်ချက်ချခံရလေသည်။
….
စာရေးဆရာကြီးတစ်ဦး ဆိုထားခြင်းဖြစ်ပါသည်။ ထိုစာရေးဆရာကြီးဆိုခဲ့သလို ကျွန်တော်တို့အားလုံးသည် ဘ၀အရီးကို အတူတူ စခဲ့ကြခြင်းဟုဆိုနိုင်ပါသည်။ သို့သော်လူတစ်ဦးနှင့် တစ်ဦး ကံ၊ဥာဏ်၊၀ိရိယ တော့ မတူကြချေ။ အချို့က Nike အပြေးဖိနပ် အကောင်းစားနှင့် စပြေးနိုင်ခဲ့သလို အချို့က ရိုးရိုး ကင်းဘတ်ဖိနပ် သာစီးနိုင်လေသည်။ အချို့က မပြေးခင် အားဖြည့် အချိုရည်များ သောက်သုံးနိုင်လေသည်။ စသဖြင့်တော့ ကွဲပြားကြလေသည်။ ယျေဘူယျအားဖြင့်သော ထို အစဦးအခြေအနေသည် ပြိုင်ပွဲကို လုံးဝ အဆုံးအဖြတ် ပေးနိုင်ခြင်းမရှိပါ။
မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တို့သည် ချန်ပီယံဖြစ်ချင်ကြလေသည်။
သို့သော် အမှန်တကယ် ချန်ပီယံဖြစ်သူများသည် လူအုပ်ကြီးထဲတွင် လူနည်းစုသာ ဖြစ်လေသည်။
လူငယ်တော်တော်များများသည် မိမိကိုယ်မိမိ အထင်ကြီးတတ်ကြလေသည်။ “ငါက သာမန်လူမဟုတ်ဘူး“ ဟု သူများထက်သာသည့်သူ သူများထက်ကောင်းသည့်သူ ဟု ထင်တတ်ကြလေသည်။ သို့သော်လည်း တော်တော်များများသည် လူထဲက လူတစ်ယောက်သာဖြစ်လေသည်။ နောက်ဆုံးတစ်ဖြည်းဖြည်းမှ မိမိလည်း သာမာန်လူတစ်ယောက် ပါလားဟု သဘောပေါက် လာကြလေသည်။ “အော် သူလည်းပဲ ၀င်ပြေးတာကိုး“ ဟုသော မှတ်ချက်ဖြင့်သာ ကျေနပ်ရ လေသည်။
ချန်ပီယံဖြစ်ချင်လျှင်မူ သာမာန်အားထုတ်မှု့မျိုးဖြင့်တော့ မရပါ။ ကံ၊ဥာဏ်၊၀ိရိယ သူများထက်သာရပါမည်။
မိုးတိမ်ညို
ဖေဖ၀ါရီ၊၂၀၀၉။
 
 
“ငါက သာမန်လူမဟုတ်ဘူး“

ဘ၀ခရီးသည် အပြေးပြိုင်ပွဲကြီးတစ်ခုနှင့်တူလေသည်။ ပွဲအစတွင်အားလုံးဝင် ပြေးကြသည်။ ခရီးတစ်ဝက် ခန့်တွင်မူ အချို့သည် ဘေးထွက်ထိုင်သွားကြသည်။ ထို့နောက် ပါဝင်သူ တစ်စတစ်စ လျှော့နည်းလာ သည်။ နောက်ဆုံးတွင် တစ်ချို့က ချန်ပီယံဖြစ်သည်။ တစ်ချို့က ဒုတိယ၊ တစ်ချို့က တတိယ တစ်ချို့က နှစ်သိမ့်ဆု တစ်ချို့က ဇွဲဆု စသည်ဖြင့်ရကြသည်။ အတော်များများသည်ကား “သူလည်းပဲ ၀င်ပြေးတာ ကိုး“ ဟူ၍သာ မှတ်ချက်ချခံရလေသည်။

….
စာရေးဆရာကြီးတစ်ဦး ဆိုထားခြင်းဖြစ်ပါသည်။ ထိုစာရေးဆရာကြီးဆိုခဲ့သလို ကျွန်တော်တို့အားလုံးသည် ဘ၀အရီးကို အတူတူ စခဲ့ကြခြင်းဟုဆိုနိုင်ပါသည်။ သို့သော်လူတစ်ဦးနှင့် တစ်ဦး ကံ၊ဥာဏ်၊၀ိရိယ တော့ မတူကြချေ။ အချို့က Nike အပြေးဖိနပ် အကောင်းစားနှင့် စပြေးနိုင်ခဲ့သလို အချို့က ရိုးရိုး ကင်းဘတ်ဖိနပ် သာစီးနိုင်လေသည်။ အချို့က မပြေးခင် အားဖြည့် အချိုရည်များ သောက်သုံးနိုင်လေသည်။ စသဖြင့်တော့ ကွဲပြားကြလေသည်။ ယျေဘူယျအားဖြင့်သော ထို အစဦးအခြေအနေသည် ပြိုင်ပွဲကို လုံးဝ အဆုံးအဖြတ် ပေးနိုင်ခြင်းမရှိပါ။

မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တို့သည် ချန်ပီယံဖြစ်ချင်ကြလေသည်။
သို့သော် အမှန်တကယ် ချန်ပီယံဖြစ်သူများသည် လူအုပ်ကြီးထဲတွင် လူနည်းစုသာ ဖြစ်လေသည်။
လူငယ်တော်တော်များများသည် မိမိကိုယ်မိမိ အထင်ကြီးတတ်ကြလေသည်။ “ငါက သာမန်လူမဟုတ်ဘူး“ ဟု သူများထက်သာသည့်သူ သူများထက်ကောင်းသည့်သူ ဟု ထင်တတ်ကြလေသည်။ 
 
သို့သော်လည်း တော်တော်များများသည် လူထဲက လူတစ်ယောက်သာဖြစ်လေသည်။ နောက်ဆုံးတစ်ဖြည်းဖြည်းမှ မိမိလည်း သာမာန်လူတစ်ယောက် ပါလားဟု သဘောပေါက် လာကြလေသည်။ “အော် သူလည်းပဲ ၀င်ပြေးတာကိုး“ ဟုသော မှတ်ချက်ဖြင့်သာ ကျေနပ်ရ လေသည်။

ချန်ပီယံဖြစ်ချင်လျှင်မူ သာမာန်အားထုတ်မှု့မျိုးဖြင့်တော့ မရပါ။ ကံ၊ဥာဏ်၊၀ိရိယ သူများထက်သာရပါမည်။
 
မိုးတိမ်ညို
ဖေဖ၀ါရီ၊၂၀၀၉။

ကလိုဆေး ကမ္ဘာ့ဖလားသွင်းဂိုး စံချိန်သစ်တင်


ကလိုဆေး ကမ္ဘာ့ဖလားသွင်းဂိုး စံချိန်သစ်တင်

ဘရာဇီးနှင့်ပွဲစဉ်တွင် ထပ်ဆင့်ကန်ချက်ဖြင့် ဒုတိယဂိုး သွင်းယူခဲ့သည့် ဂျာမနီတိုက်စစ်မှူး ကလိုဆေးမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသည့် ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒို၏ စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။ ရော်နယ်ဒိုသည် (၁၉၉၈)ခုနှစ်မှ (၂၀၀၆)ခုနှစ်အတွင်း ကမ္ဘာ့ဖလား ပြိုင်ပွဲ(၃)ရပ် ကစားပြီး ဘရာဇီးအတွက် (၁၅)ဂိုး သွင်းယူနိုင်ခဲ့ကာ ကလိုဆေးမှာ (၂၀၀၂)ခုနှစ်မှ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကမ္ဘာ့ဖလားပြိုင်ပွဲ (၄)ရပ် ကစားရာတွင် ၁၆ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပိုလန်တွင် မွေးဖွားခဲ့သည့် ဂျာမနီ တိုက်စစ်မှူး ကလိုဆေးသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တစ်ပွဲပျမ်းမျှ သွင်းဂိုး (၁.၀၆)ဂိုးအထိ သွင်းယူနိုင်သူအဖြစ် ရပ်တည်နေသည်။

@z (ရိုးရာလေး)

ခေါင်းဆောင်နှင့် ခေါင်းရှောင်

JOB seekers Journal Vol.2,No.52

အဖွဲ့အစည်းတစ်ခုရဲ့ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတွေ အားလုံး ဟာ ခေါင်းဆောင်မှုအပေါ်မှာ အဓိကမူတည်နေတယ်လို့ ခေါင်းဆောင် မှု ဟောပြောသူ ဆရာကြီး ဂျွန်မက်စ်ဝဲလ်က ဆိုပါတယ်။ အဖွဲ့အစည်းတိုင်း အတွက်အဓိကအရေးကြီးဆုံးအချက်မှာ ခေါင်းဆောင်ပဲဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းရှိရင် နောက်လိုက်ကောင်းတွေလည်း ထွက်ပေါ်လာတတ်ပါ တယ်။ ခေါင်းဆောင်ကောင်းနဲ့ နောက်လိုက်ကောင်းတွေ ရှိနေတဲ့ အဖွဲ့အစည်းဟာဆိုရင်လည်း အရှိန်အဟုန်ပြင်းစွာ တိုးတက် ဖွံ့ဖြိုးမှုတွေကို ဖြစ်စေပါတယ်။
အဖွဲ့အစည်းတိုင်းမှာ ခေါင်းဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေရှိတတ်သလို တစ်ချို့အဖွဲ့အစည်းတွေမှာတော့ ခေါင်းဆောင်လို့ မိမိကိုယ်ကို ခံယူ ထားတဲ့ ခေါင်းဆောင်မဟုတ်သူတွေကိုလည်း တွေ့ရတတ်ပါတယ်။ 
 
အဖွဲ့ အစည်းတစ်ခုမှာ ရာထူးကြီးရုံနဲ့ ခေါင်းဆောင်လို့ မသတ်မှတ်နိုင်ပါဘူး။ ကိုယ့်လက်အောက်မှာ ကိုယ်စေခိုင်းညွှန်ကြားနိုင်တဲ့လူတွေရှိတိုင်း ခေါင်းဆောင် လို့ မသတ်မှတ်နိုင်ပါဘူး။ ခေါင်းဆောင်မှု အရည်အချင်းတွေနဲ့ ပြည့်စုံပြီး အဖွဲ့ အစည်းကို ပန်းတိုင်ရောက်အောင် စွမ်းဆောင်နိုင်မှသာ ခေါင်းဆောင် ဖြစ်မှာပါ။


တကယ်တော့ ခေါင်းဆောင်မှုဆိုတာ အာဏာပါဝါရှိရုံနဲ့ မသက်ဆိုင်ပါဘူး။ အစစ်အမှန်ဟာ “သြဇာပါဝါ” ရှိတာနဲ့သာ သက်ဆိုင်တာ ဖြစ်ပါတယ်။ “အာဏာ ပါဝါ” ရှိပြီး “သြဇာပါဝါ” မရှိရင် ခေါင်းဆောင် အစစ်မဖြစ်နိုင်ပါဘူး။ လုပ်ငန်းတစ်ခု ရဲ့ အကြီးအကဲသက်သက်သာ ဖြစ်မှာပါ။ ရာထူးအာဏာရလာရင်တော့ ဘယ်သူ မဆို အကြီးအကဲ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ဖြစ်ဖို့ဆိုရင်တော့ ရာထူးအာဏာထက် ခေါင်းဆောင်မှု အရည်အသွေးနဲ့ စိတ်နှလုံးသားမြင့်မြတ် မှုပေါ်မှာ အများကြီးမူတည်ပါတယ်။


ခေါင်းဆောင်မှန်ရင် တာဝန်ယူမှု အပြည့်ရှိရပါမယ်။ တချို့သော ခေါင်းဆောင်လုပ်နေသူတွေကတော့ တာဝန်ယူမှုထက် အခွင့်အရေး ယူမှု ကိုသာ ဦးစားပေးတတ်တယ်။ ဒီလို ဦးဆောင်သူမျိုးဟာ ခေါင်းဆောင် မဟုတ်ပါဘူး။ တာဝန်ကို ရှောင်ပြီး အခွင့်အရေးကိုသာ ယူတတ်လို့ သူတို့ကို “ခေါင်းရှောင်”လို့သာ ခေါ်ပါတယ်။ ဒီနေရာမှာ ခေါင်းဆောင် နဲ့ ခေါင်းရှောင် ဘာတွေကွာခြားသလဲဆိုတာ သိရှိဖို့လိုအပ်ပါတယ်။


“ခေါင်းဆောင်” ဟာ တာဝန်ယူတတ်တယ်။ “ခေါင်းရှောင်”ဟာ အခွင့် အရေး ယူတတ်တယ်။ “မှန် နဲ့ ပြတင်းပေါက်” ဆိုတဲ့ သာဓကလေး တစ်ခုကို ကြားဖူးပါတယ်။ အဖွဲ့အစည်းတစ်ခု အောင်မြင်တိုးတက်လာရင် “ခေါင်းရှောင်” ဟာ မှန်ကြည့် တတ်တယ်တဲ့။ မှန်ကြည့်တော့ သူ့မျက်နှာ သူမြင်ရတာပေါ့။ အဖွဲ့အစည်းတိုးတက်လာတာ “ငါ့ကြောင့်ကွ” လို့ အမှတ်ယူတတ်တယ်။ သူက အဖွဲ့အစည်းတိုးတက်နေရင်သာ အမှတ်ယူတတ်တာ။ အဖွဲ့ အစည်းအခက် အခဲနဲ့ ပြဿနာတွေကြုံနေပြီဆိုလို့ရှိရင် တာဝန်မယူချင်တော့ဘူး။ ဒီအခါ သူကမှန် ကိုမှောက်ထားပြီး ပြတင်း ပေါက်ကို ဖွင့်ကြည့်ပါတယ်။ ပြီးရင် တွေ့သမျှလူကို တာဝန်လွှဲချလေ့ ရှိတတ်ပါတယ်။ အပြစ်ပုံချလေ့ရှိတတ်ပါတယ်။


ခေါင်းဆောင်ဆိုတာကတော့ သူနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အဖွဲ့ အစည်း အောင်မြင်တိုးတက်လာရင် ခေါင်းဆောင်က ပြတင်းပေါက်ကြည့်တယ်။ လူတွေကို အားပေးဂုဏ်ပြုတယ်။ အခုလို အောင်မြင်လာတာ မင်းတို့ကြောင့်လို့ ချီးကျူးတယ်။ အဖွဲ့အစည်းမှာ အခက်အခဲနဲ့ ပြဿနာ တွေ ကြုံလာပြီဆို ရင် ခေါင်းဆောင်ဟာ မှန်ကိုကြည့်ပါတယ်။ ငါ့အဖွဲ့ အတွက် ငါ့မှာ တာဝန်အပြည့် ရှိတယ်ဆိုတာ အမှတ်ရအောင်ပေါ့။ ဒါမှ ခေါင်းဆောင်အစစ်ဖြစ်မှာပါ။ ပြဿနာကြုံ လို့ ခေါင်းရှောင်ပြီး တာဝန်ကို သူများအပေါ် ပုံချတတ်တာ ဟာ ခေါင်းရှောင်ကောင်းတွေ လုပ်လေ့ရှိတဲ့ အချက်ပါ။


အဖွဲ့အစည်းကို ဦးဆောင်တဲ့နေရာမှာ ခေါင်းဆောင်မှု ပုံစံလေးတွေ (Leadership Style) အမျိုးစုံရှိပါတယ်။ ခေါင်းဆောင်ကောင်းတိုင်းဟာ လည်း ကိုယ့်အဖွဲ့အစည်းကို ဘယ်လိုပုံစံ (Style) နဲ့ ဦးဆောင်ရမယ်ဆိုတာ သိရှိနေ ဖို့လိုပါတယ်။ အဖွဲ့အစည်းရဲ့ ရှေ့ဆုံးမှ ဦးဆောင်ခြင်း၊ အလယ်မှ ဦးဆောင်ခြင်း နဲ့ အနောက်က ဦးဆောင်မှုပေးခြင်းဆိုပြီး အကြမ်းဖျင်း အနေနဲ့ မှတ်သားနိုင်ပါ တယ်။


ခေါင်းဆောင်လုပ်သူဟာ အဖွဲ့အစည်းအရှိန်ရလို့ ကောင်းကျိုးတွေနဲ့ တွေ့ ကြုံနေချိန်မှာ အနောက်ကနေ ဦးဆောင်မှုပေးပါတယ်။ အဖွဲ့အစည်းမှာ အခက်အခဲနဲ့ ပြဿနာတစ်စုံတစ်ရာ ကြုံလာပြီဆိုရင်တော့အရှေ့ကိုတက်လာပြီး ရှေ့ ဆုံးက မားမားမတ်မတ်ရပ်တည် ဦးဆောင်ပါတယ်။


ခေါင်းရှောင်သူဆိုတာကတော့ အဖွဲ့အစည်း ကောင်းစားချိန်မှာ ရှေ့ဆုံး ကနေ လက်မထောင်ပြီး လူလုံးပြလေ့ရှိပေမယ့် အဖွဲ့အစည်းမှာ အခက်အခဲ တစ်စုံတစ်ရာကြုံလာတဲ့အခါ နောက်ဆုံးကိုပြေးပြီး ရှောင်ပုန်း တတ်တဲ့သူပါ။ အဓိကကတော့ တာဝန်ယူဖြေရှင်းရဲတတ် သတ်္တိမရှိတာပေါ့။ အဖွဲ့အစည်းအပေါ် စွန့်လွှတ်အနစ်နာခံမယ်ဆိုတဲ့ စိတ်ဓာတ်မရှိ တာပေါ့။ခေါင်းဆောင်ဟာ ကိုယ်အနစ်နာခံပြီး အဖွဲ့အစည်းကောင်းစား အောင်ကြိုးစားတတ် တယ်။ ခေါင်းရှောင်ကတော့ အဖွဲ့အစည်းကို နစ်နာ အောင်လုပ်ပြီး (နင်းတက်ပြီး) ကိုယ်ကောင်းစားအောင် ကြိုးပမ်းအား ထုတ်တတ်တယ်။


တာဝန်ကိုရှောင်ပြီး ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့ အကြီးအကဲဟာ ဘယ်လိုမှ ခေါင်းဆောင်မတင်ထိုက်တဲ့သူပါ။ ခေါင်းဆောင် မဖြစ်ထိုက်တဲ့ ခေါင်းရှောင်သူဟာ လိပ်လို လူမျိုးပါ။ လိပ်ဟာ ကိုယ့်ဘက်သာ ကိုယ်ယက်တတ်ပြီး အန္တရာယ်အခက်အခဲကြုံလာရင် ခေါင်းကိုဝှက်ထားတတ်ပါ တယ်။ ဒီလိုခေါင်းဆောင်မျိုးဆိုရင်တော့လက်ရှိမှာအဆင့်တစ်နေရာရောက်နေပေ မယ့် မကြာခင်မှာ ခေါင်းဆောင်အဖြစ်က ကျရှုံးမှာဖြစ်ပါတယ်။


ခေါင်းဆောင်လုပ်သူကိုယ်တိုင်က တာဝန်တွေရှောင်၊ ပြဿနာဖြေ ရှင်းမှုတွေ ကို ရှောင်ဖယ်ပြီးနေရင် သူဦးဆောင်နေတဲ့ အဖွဲ့သားတွေ ကိုယ်တိုင်ကလည်း သူ့လိုပဲ ခေါင်းရှောင်တွေဖြစ်လာကြမှာပါပဲ။ ဒီလို ခေါင်းရှောင်သူတွေ အဖွဲ့ အစည်းတွေမှာ ၊ နိုင်ငံတွေမှာ များပြားလာပြီ ဆိုလို့ရှိရင် ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်တော့ပါဘူး။
ဒါကြောင့် ခေါင်းဆောင်အမည်ခံထားပြီးတာဝန်မယူတတ်တဲ့ ခေါင်းရှောင်သူ မဖြစ်စေဘဲ ခေါင်းဆောင်ကောင်းတွေဖြစ်စေဖို့ ကျင့်သုံးရ မယ့် အချက်လေးတွေ ကို မျှဝေပါရစေ။


၁။ ခေါင်းဆောင်ကောင်းအဖြစ် ယူထိုက်တဲ့ တာဝန်တွေကို သတ်္တိရှိရှိယူရဲပါ။ ဆင်ခြေဆင်လက်တွေပေးပြီး တာဝန်ရှောင်ဖို့ မစဉ်းစားပါနဲ့။ အဖွဲ့အစည်းရဲ့ ကောင်းခြင်း ဆိုးခြင်းဟာ ခေါင်းဆောင်မှာ တာဝန်ရှိ တယ်လို့ ခံယူထားပါ။


၂။ အဖွဲ့အစည်းရဲ့ ပန်းတိုင်အတွက်သာမက နောက်လိုက်ငယ်သားများရဲ့ လိုအပ်ချက်တွေကိုပါ တာဝန်ယူဖြေရှင်းပေးနိုင်သူဖြစ်အောင် ကြိုးစားပါ။ ဒါမှသာ နောက်လိုက်ငယ်သားများက ခေါင်းဆောင်ဖြစ်သူကို ယုံကြည် ကိုးစားလာပြီး ခေါင်းဆောင်ကောင်းအဖြစ် အသိမှတ်ပြုခြင်း ရှိလာမှာဖြစ်ပါတယ်။

၃။ တာဝန်ကို ရှောင်တတ်တာဟာ ခေါင်းဆောင်မှု ကျဆုံးခြင်းရဲ့ လမ်းစဖြစ် တယ်ဆိုတာကို အမြဲသတိတရရှိနေဖို့ လိုအပ်ပါတယ်။ 


၎။ အဖွဲ့အစည်းရဲ့ ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး အဖွဲ့သားတွေ အားလုံးရဲ့ စံပြပုဂ်္ဂိုလ်တစ်ယောက်ဖြစ်အောင် နေထိုင်ပါ။ 


၅။ တပည့်မကောင်း ဆရာ့ခေါင်း၊ သားသမီးမကောင်း မိဘခေါင်း ဆိုသလို အဖွဲ့အစည်းမကောင်း ခေါင်းဆောင်ခေါင်းဆိုတာကို သတိရပြီး အဖွဲ့အစည်း အတွက် အနစ်နာခံ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်ပါစေ။

Let's Fly Together!
ဖူးကျော်ဇင် (Future Wave)

မြန်မာတို့ရဲ့ မြန်မာဘီယာ

ref;papawady.com
---------------------------------------


ကားမောင်းနေစဉ် အနှောက်အယှက်ဖြစ်စေမည့် အကြောင်းအရာများ



 
သင့် ဟာ ကားမောင်းသူတစ်ဦး အနေနှင့် ယာဉ် အန္တာရယ် ကင်းအောင် အရင်ဆုံး တွေးတော ဖြစ်ပါတယ်။ မိမိအတွက် အန္တ္တာရယ်အများဆုံးလဲ ? ဘယ် အရာတွေက မပြုမူ သင့် ဘူးလဲ၊
ဘာကိုလိုက်နာသင့် သလဲဆိုတာ တွေးထားသင့် ၊သိထားသင့် ပါတယ်။တကယ်လို့ မတော်ဆမူတစ်ခု ဖြစ်ပွားတဲ့ အခါ မိမိအတွက်၊မိသားစုအတွက်၊ တစ်ခြားတစ်ပါးသူအတွက်ရောမကောင်းလှပါဘူး..

ဒါကြောင့် ရှောင်၇န်ဆောင်ရန်လေးတွေကို ဖတ်ကြည့် လိုက်ရအောင်

လက်ကိုင်ဖုန်း

ဟုတ်ပါတယ်။သင့် ဟာ ကားမောင်းခြင်းကို မည်မျှပင် ကျွမ်းကျင် စေကာမူ ကား မောင်းနှင်နေစဉ်မှာ ဖုန်းပြော ခြင်းက လုံးဝ အန္တာရယ် များစေပါတယ်။ ဒါကြောင့် ဆင်ခြင်ရှောင်ရှားသင့် ပါတယ်။တခြားအန္တာရယ်များစေတဲ့ အချက်တွေအနေနှင့် ဘာတွေရှိဦးမလဲ…စဉ်းစားကြည့် ရအောင်

အီးမေးလ်

ကား မောင်းရင်းတစ်ဖက်ကလာသောအီးမေးလ်ကိုပြန်လည်ချိတ်ဆက်စာရိုက်ခြင်းကလည်းအန္တာရယ်ကြီးပါတယ်။များသောအားဖြင့် ဖုန်းမှာစာရိုက်ခြင်းက လက်နှစ်ဖက်စလုံးအသုံးပြုကာ လုပ်ဆောင်ခြင်းဖြစ်တာတစ်ချ က်၊အမြင်အာရုံအနေနှင့် ကားရှေ့ တည့် တည့် မှာရှိရမည်အစား ဖုန်းပေါ်သို့ အာရုံရောက်နေခြင်းတို့ က တစ်ချက် ထိုအချက်များက မည်သူမှမကြုံချင်ကြတဲ့ အနိဌာန်အာရုံတစ်ခုကို ဖြစ်ဖို့ အားပေးစေပါတယ်။ ဌင်းတို့ ကိုမလွဲမသွေအသုံးပြုရမည့် ဆိုရင် ကားကို လမ်းဘေးကိုချကာရပ်နားပြီးလုပ်ဆောင်ခြင်းကသင့် ကို လုံခြုံစိတ်ချရစေပါတယ်။

အစားစားခြင်း

တကယ်ပါ။ သင့် ဟာဗိုက်ဆာလို့ မုန့် စားခြင်းကို တော့  ဒီလိုကားပေါ်မှာဖြစ်သလိုဖြေရှင်းချင်မှာ မဟုတ်ပါဘူး သို့ ပေမဲ့  သင့် တကယ်တမ်း ဗိုက်ဆာလာတဲ့ အချိန်ကျရင် ဘေးနားမှာရှိနေတဲ့  မုန့် တစ်ခုခုကို ကားမောင်းရင်းစားမိမှာ ကြိမ်းသေပါတယ်။ ဒါဟာ အန္တာရယ်များပါတယ်။ ကားမောင်းရာမှာ နည်းနည်းမှ အနှောင်အယှက်မဖြစ်စေဖို့ ဒီလိုအချက်တွေက စလို့  ဆင်ခြေရန် ရှိပါတယ်။ ဒါကြောင့် ဗိုက်ဆာလာတဲ့ အခါကျရင် ကားကို ပါကင် ခဏဖြစ်ဖြစ်ထိုးကာ ဖြေရှင်းလိုက်ပါလို့ အကြံပေးချင်ပါတယ်။

ပင်ပန်းနွမ်းနယ်နေခြင်း

ဒီအချက်ကအဆိုးဆုံးပါပဲ။ များသောအားဖြင့် ခရီးရှည်ဟိုင်းဝေးမောင်းနှင်တဲ့ နေရာမျိုးမှာပိုမိုကြုံတွေ့ ရတတ်ပါတယ်။ သင့် ဟာတကယ်လို့ မောင်းနှင်နေစဉ်မှာ ပင်ပန်းနွမ်းနယ်ကာအိပ်ချင်လာသလိုဖြစ်လာရင်မောင်းနှင်မူကို ခဏနားပြီးမှာ ပြန်လည်စတင်သင့် ပါတယ်။ပင်ပန်းနေပြီးလို့ အချက်ပြနေတဲ့ သင့် ရဲ့ 
အာရုံကြောတွေကိုအတင်းညစ်ကာ မခိုင်းသင့် ပါဘူး။ သင့် ရဲ့ ခေါင်းမာမူကြောင့်  မလိုလားအပ်တဲ့ အရာတွေကို မဖြစ်ပါစေနဲ့ ။

တစ်စုံတစ်ခုကိုဖြတ်ခနဲ့ ကြည့် မိခြင်း

လမ်းပေါ်မှာ ကားမောင်းသွားရင်းက သင့် စိတ်ဝင်စားမိတဲ့ အကြောင်းအရာတစ်ခုဖြတ်ခနဲ့ တွေ လိုက်တယ်ဆိုပါစို့ ။ သင့်  ဟာမဖြစ်မနေလှမ်းကြည့် မိမှာ သေချာပါတယ်။ တကယ်လို့ အဲဒီလိုဖြစ်ခဲ့ မယ်ဆိုလျှင်ကားကို မောင်းနေရာက လမ်းလေးတစ်ဘက်တစ်ချက်ကို ကပ်ကာ အရှိန်လျော့ ရပ်တန်းပြီး ကြည့် ရူ ပါ။ ဒါဟာသေချာတဲ့ ကြိုတင်ကာကွယ်မူတစ်ခုဖြစ်ပါတယ်။မောင်းနှင်နေချိန်မှာ တော့ ကိုယ်မျက်စိရှေ့ တည့် တည့် ကိုသာ အာရုံစိုက်ထားသင့် ပါတယ်။

ဒီ အချက် တွေက တော့ အန္တာရယ်
ကင်းအောင် ရှောင်ကြည်ရမဲ့ အချက်တွေထဲက အချို့ အနည်းသာ ရှိပါသေးတယ် ။ အကောင်းဆုံးကတော့  သင့် ရဲ့  အသိတွေ ၊အာရုံတွေ၊ သတိတွေကို ယာဉ်မောင်းနှင်းခြင်းအပေါ်မှာ အပြည့် အ၀ အလေးပေးထားရမှာဖြစ်ပါတယ်။ ဘယ်အလုပ်ပဲလုပ်လုပ် ၊ အလုပ်တစ်ခုအပေါ်အာရုံစိုက်ကာ တစ်စိုက်မတ်မတ် လုပ်မှ သာ အကောင်းဆုံးအခြေအနေကိုရောက် ရှိနိင်မှာဖြစ်ပါတယ်။

စာဖတ်သူအပေါင်းတို့  မော်တော်ယာဉ်ကြောင့်  ဖြစ်တဲ့ မတော်တဆ မူများမှ ကင်းဝေးကြပါစေ။

Ref: Automobile


အောင်ဟိန်း (ရိုးရာလေး)