25 Apr 2014

မန္တလေးတိုင်းရှိ ၃၁ မြို့နယ်တွင် အပူဒဏ် ကာကွယ်ရေးစခန်းများ တည်ဆောက်မည်


မန္တလေး၊ ဧပြီ ၂၄

 မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် အပူရှိန် မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပူဒဏ် အန္တရာယ်ဖြစ်သော Heat Stroke အပါအဝင် အပူရှပ်ရောဂါများ ဖြစ်ပွားလာခြင်း မရှိစေရန်အတွက် ဧပြီလ ၂၁ ရက်မှ ၂၃ ရက်အထိ လူ ခုနစ်ဦး သေဆုံးခဲ့သည်။ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၃၁ မြို့နယ်တွင် အပူဒဏ် ကာကွယ်ရေးစခန်းများ ဖြစ်သည့် Heat Shelter များ တည်ဆောက်ထားရန် မြို့နယ်ကျန်းမာရေး ဦးစီးမှူးများကို ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာမျိုးသန့်ခိုင်က ပြောကြားသည်။

အဆိုပါ အပူဒဏ် ကာကွယ်ရေးစခန်းများ ဖြစ်သည့် Heat Shelter များကို မြို့နယ်တိုင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက် ဒေသများတွင် အရိပ်ရသော သစ်ပင်ကြီးများနှင့် လေဝင်လေထွက် ကောင်းသည့် ဘုရားကျောင်းကန်များတွင် မြင့်မားလာသည့် အပူရှိန်ဒဏ်ကို ခံစားရနိုင်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊  နာမကျန်း ဖြစ်နေသူများကို ထားရှိရန်အတွက် နေရာများ ရှာဖွေပြီး စခန်းအဖြစ် တည်ဆောက်ထားရန် ညွှန်ကြားထားကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အဆိုပါ စခန်းများတွင် ကျန်းမာရေး ဝန်ထမ်းများက အပူဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် ရောဂါများကို ရှေးဦးသူနာပြု နည်းဖြင့် ပြုစုခြင်း၊ ကာကွယ်ခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပြီး အပူရှိန်ကြောင့် ဖြစ်ပေါ်လာသည့် ရေဓာတ် ဆုံးရှုံးမှုများအတွက် တိုက်ကျွေးရန် ဓာတ်ဆားထုပ် များကိုလည်း ထုတ်ပေးထားသည့်အပြင် အပူရှိန် မြင့်မားလာမှုကြောင့် ဖြစ်ပေါ်လာသော ရောဂါများကို Heat Shelter များရှိ ကျန်းမာရေး ဝန်ထမ်းများက ကုသမှုမလုပ်နိုင်ပါက မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသရေးအတွက် အစီအစဉ် များကိုလည်း မြို့နယ်ကျန်းမာရေး ဦးစီးမှူးများက ရေးဆွဲထားကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

ယင်းအပြင် အပူရှိန်ကြောင့် ဆေးရုံသို့ တက်ရောက်မှု အခြေအနေများကို တိုင်းဒေသကြီး ကျန်းမာရေးရုံးသို့ နေ့စဉ် အစီရင်ခံရန် ညွှန်ကြားထားကြောင်း ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာများရှိ ကြက်ခြေနီ တပ်ဖွဲ့ဝင်များထံသို့ အပူရှိန်ကြောင့် ဖြစ်ပွားလာသည့် ရောဂါများကို လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆေးရုံဆေးခန်းများသို့ ပေးပို့ရန် နှိုးဆော်ထားကြောင်း အဆိုပါ တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးဘုန်းကျော်က ပြောကြားသည်။

ရာသီဥတု ပူပြင်းသည့်အတွက် အပူလှိုင်းများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ဆေးရုံ ဆေးခန်းများကို မီးသတ်နှင့် ကြက်ခြေနီ တပ်ဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အပါအဝင် လူမှုကူညီရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လိုအပ်သည့် ပြုစုစောင့်ရှောက် ကုသကာကွယ်မှု ပြုလုပ်ပေးရန် လူမှုအသင်းအဖွဲ့များသို့ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှ အရေးတကြီး နှိုးဆော်ချက်များ ပေးပို့ထားကြောင်း အဆိုပါဆေးရုံ တာဝန်ရှိသူက ဆိုသည်။

မန္တလေးမြို့ပေါ်တွင် အပူရှိန်ကြောင့် ဖြစ်ပေါ်လာသည့် ရောဂါများကို ဆေးရုံဆေးခန်းများသို့ ပေးပို့ရန် ကွန်ရက်များ ချိတ်ဆက်၍ လုပ်ငန်းများ ဆောင်ရွက်နေပြီး ဓာတ်ဆားထုပ်နှင့် ကျန်းမာရေး ဝန်ကြီးဌာနထုတ် အပူဒဏ် ကာကွယ်ရေး နှိုးဆော်ချက်များပါ လက်ကမ်းစာစောင် များကိုလည်း ဝေငှမှုများ ပြုလုပ်နေကြောင်း မန္တလေးမြို့ပေါ် လူမှုရေး အသင်းအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဧပြီလ ၂၁ ရက်နေ့မှ ဧပြီလ ၂၃ ရက်နေ့အထိ အပူရှိန် မြင့်မားမှုဒဏ်ကို ခံစားရသည့် ဝေဒနာရှင်ပေါင်း ၁၈ ဦး ရောက်ရှိလာပြီး ၁၆ ဦးမှာ ဆေးဝါးကုသမှု ခံယူခဲ့ကာ နှစ်ဦးမှာ ရောဂါအခံများကြောင့် သေဆုံးသွားကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း အပူရှိန် မြင့်မားမှုဒဏ်ကို ၂၀၀၉ ခုနှစ်တွင် အပြင်းအထန် ခံစားခဲ့ရကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

Written by  Voice
The Voice Weekly

0 comments:

Post a Comment