12 May 2014

ဘာများ ဖြစ်သွားမှာမို့လို့လဲကွယ်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာနေသော မိသားစုဝင်တစ်စုအား ဧပြီလအတွင်းက တွေ့ရစဉ်

(၁) သူငယ်ချင်းနှစ်ယောက် စကားတပြောပြောနဲ့ ကားကလေးတစ်စီးနဲ့ တစ်ယောက်က မောင်း နောက်တစ်ယောက်နံဘေးက  ထိုင်လို့ ကားတွေကလည်း ဒီကနေ့ မဟာရန်ကုန်ရဲ့ သရုပ်သကန်ကို အပီအပြင်ဖော်လို့ ကျပ်လို့။

“ဟာ ကျော်သွားပြီ လမ်းကျော်သွားပြီ”

ပြောပြောဆိုဆိုဘဲ ကားကို ဘရိတ်အုတ်“ဂ”ငယ်ကွေ့ပြန်ကွေ့ဖို့ တစ်ဖက်ယာဉ်ကြောကို ခေါင်းတစ်စောင်းထိုးပြီး ရပ်တယ်။ ဘယ်ကွေ့မယ့် အချက်ပြမီးက ဖွင့်လိုက် ပိတ်လိုက်နဲ့။

ရုတ်တရက် ရပ်လိုက်တဲ့နေရာက မျဉ်းသေကြောမှာ ဖြတ်သန်းခွင့်မရှိတဲ့နေရာမှာ နောက်က ကားတွေရပ်ပြီး ဟွန်းတွေတီးကြသလို ရှေ့ကလာတဲ့ ကားတွေလည်း မောင်းမရတော့ပါ။ ကားတစ်စီး စည်းကမ်းမဲ့စွာ ရုတ်တရက်ကိုးလို့ ကန့်လန့် ရပ်လိုက်တာနဲ့ ယာဉ်ကြောလေးကြောမှာ နှစ်ကြော မောင်းမရတော့ဘူးဖြစ်သွားပြီ။

မီးအချက်ပြ အရှိန်လျှော့ပြီး ဖြည်းဖြည်းမောင်းသွား ကားကွေ့လို့ရတဲ့ မျဉ်းပြတ်နေရာကျမှ ကိုယ့်ယာဉ်ကြောထဲမှာ သပ်သပ်ရပ်ရပ်ကလေး ခဏရပ်ပြီးစောင့်ရင် မကောင်းဘူးလား သူငယ်ချင်းရယ်။

အဲဒီလိုလေး စည်းနဲ့ကမ်းနဲ့ တခြားကားတွေကိုလည်း ကိုယ်ချင်းစာစိတ်ကလေး နဲ့မောင်းရင် ဘာများဖြစ်သွားမှာမို့လို့လဲ။

(၂)    ဒီရက်ပိုင်းမှာ ဟိုတယ်အခန်းတွေ လူဝင်နည်းတယ်။ ဒီတော့ အခန်းရှင်းရတာ နည်းတယ်။ ၀တ္တရားအရ အခန်းတံခါးကို ခေါက်တယ်။

“အခန်း သန့်ရှင်းရေးလုပ်မလို့ပါရှင်”

ဘာမှ ထူးသံမကြားရဘူး။ အခန်းတံခါးကို ဖွင့်ဝင်လိုက်တယ်။ အခန်းထဲမှာ ကစားစရာတွေရယ်၊ စားစရာတွေရယ်၊ အ၀တ်တွေရယ်၊ စာအုပ်တွေရယ်ပွလို့။ ခြောက်နှစ် ခုနစ်နှစ်အရွယ် ယောက်ျားလေးတစ်ယောက် ရယ်၊ ၁၅၊ ၁၆ အရွယ် မိန်းကလေးတစ်ယောက်ရယ် မောင်နှမနှစ်ယောက် တည်းခိုတဲ့အခန်းလေး။ မနက်ခင်းကတောင် အဲဒီက လေးလေး ဘောလုံးတစ်လုံးနဲ့ ဟိုတယ်နံဘေးမှာ ကစားနေတာ တွေ့သေးတယ်။

မောင်လေးနဲ့ဆို အရွယ်တူလောက်ရှိမှာပေါ့။ စဉ်းစားရင်း ဖတဆိုးမောင်လေးနဲ့ အဖေကို သတိရမိတယ်။ သူတို့ ဒုက္ခသည်စခန်းမှာ ဘယ်လိုများနေကြပါလိမ့်။ အစားအသောက်မှ အဆင်ပြေကြရဲ့လား။ မောင်လေးကော စာသင်ရရဲ့လား။ ဒီအခန်းက  ကလေးလေးလို လွတ်လွတ်လပ်လပ်ပျော်ရွှင်စွာ ကစားနိုင်မှာ မဟုတ်တာတော့ သေချာတယ်။ အဖေကတော့ ကောင်းကင်ဘုံမှာ အေးဆေးနေရောပေါ့။ မိုင်းထိတဲ့ဒဏ်ရာက သွေးထွက်လွန်ပြီး အဖေဆုံးခဲ့တာ မောင်လေးတစ်သက် နီးပါးလေ။

ဒီဟိုတယ်မှာ အလုပ်ကလေး အခြေတည်မိသွားရင် အမေတို့ကိုခေါ်မယ်။ တောကြား၊ တောင်ကြားမှာ မြင်မြင်ရာကြောက်နေရတဲ့ ဒုက္ခသည်ဘ၀နဲ့စာရင် ဒီမှာအများကြီးအဆင်ပြေမှာ။ နောက်ပြီး မောင်လေးကိုလည်း ကျောင်းထားပေးရမယ်။

မောင်လေးကို သတိရစွာနဲ့ အခန်းသန့်ရှင်းရေးလုပ်ရင်း ဝေါ့ကင်းရှူးလေး ညစ်ပတ်နေတာတွေ့တယ်။ အို မနက်က ဒီအခန်းက ကလေးလေး ဒီအခန်းက မောင်လေး ဘောလုံးကစားရင်း ပေနေတာနေမှာပေါ့။ ဝေါ့ကင်းရှူးလေးကို တယုတယကိုင်ပြီး သေသေချာချာသန့်ရှင်းရေး လုပ်ပေးလိုက်တယ်။

“ကလင်၊ ကလင်”အခန်းထဲက ဖုန်း မြည်လာတယ်။“သူငယ်ချင်း မပြီးသေးဘူးလား။ အခန်းလည်း ဘာမှမများဘဲနဲ့”

“အေးပါဟယ်၊ ငါ ငါ့မောင်လေးရဲ့ ဝေါ့ကင်းရှူးလေး ညစ်ပတ်နေလို့ သန့်ရှင်းပေးနေတာ” “နင့်မောင်လေးက နင့်အမေနဲ့ တောမှာဆို” “သြော် ဟုတ်တယ်ဟဲ့။ ဒါက ဒီအခန်းမှာ တည်းတဲ့ ကလေးလေးရဲ့ ဖိနပ်ဟ” “ပြီးရော ထမင်းစား နောက်ကျနေဦးမယ်”

ထမင်းစားနောက်ကျတော့ ဘာဖြစ်လဲ နော့။ စေတနာထားပြီး သေသေချာချာလုပ် တာ။ အခန်းရှင်းတဲ့တာဝန်ထဲမှာ မပါတော့ရော ဘာများဖြစ်သွားမှာမို့လို့လဲ။

(၃)    “ချောကလက်တောင့်တွေ ကျန်နေသေးတယ်။ သိမ်းလိုက်ဦးမယ်”

ချာ့ကလက်ဘူးကတော့ ဖောက်ပြီးသားပေမယ့် မစားရသေးတဲ့ ချောကလက်တောင့်တွေက အသစ်အတိုင်းရယ်။ သိသားပဲ တမင်တားထားတဲ့ ဟာကို။

“သိမ်းမနေပါနဲ့ မိန်းမရယ်။ ဟိုတယ်က အခန်းရှင်းတဲ့ကလေးတွေ စားကြပါစေ။ နောက်ပြီး အဲဒါတွေ စားပြီးရင် မင်းဂျင် (Gym) ထပ်သွားနေရဦးမယ်။

ဟုတ်တယ်လေး။ နှမြောစိတ်နဲ့ အတင်းစားမှာနဲ့ စာရင် ဒီကကလေးတွေ စားဖို့ထား ပေးခဲ့လိုက်တော့ ဘာများဖြစ်သွားမှာမို့လို့လဲ။

(၄)    မူလတန်းကျောင်းကလေးရဲ့ ဆရာ၊ ဆရာမများ နားနေခန်းကနေ အပြင်ကို လှမ်းကြည့်လိုက်တယ်။ နားနေခန်းဆိုပေမဲ့ ခါးလောက်အမြင့် ၀ါးထရံကာထားတာဆိုတော့ စာသင်ခန်းကလေးကို အလွယ်တကူမြင်ရပါတယ်။
အို ဒီကလေး နေ့လယ်ထမင်းစားချိန်မှာ အပြင်မထွက် မုန့်မစားအခန်းထဲမှာ စာဖတ်နေတာများပါ ပကောလား။

စာကြိုးစားတာ လက်ခံနိုင်ပေမဲ့ ထမင်းချိုင့်မပါတာ လက်ခံနိုင်ပေမဲ့ ဒီလိုပဲကြည့်ပြီး အမှတ်တရနဲ့ နေ့ပေါင်းများစွာ ကျော်ဖြတ်ခဲ့တဲ့ ကိုယ့် ကိုယ်ကိုယ်တော့ လက်မခံချင်တော့ပါ ဘူး။

ထမင်းစားတာကို ရပ်လိုက်တယ်။ မ၀သေးပေမဲ့ အဆာတော့ပြေသွားခဲ့ပြီ။ ချိုင့်ထဲမှာ ထမင်းကတစ်ဝက်ရယ်၊ ငါးဆုပ်ကြော်လေးရယ်။ ကန်စွန်းရွက်လေးရယ် ကျန်နေသေးတယ်။ စာသင်ခန်းလေးတွေဆီ ပြန်ခဲ့တယ်။

“သားရေ ရော့ ဆရာမထမင်းချိုင့်၊ အကျန်မဟုတ်ဘူးနော်။ ဆရာမသပ်သပ် စားထားတာ အခန်းတွေ”

ကျောင်းသားလေး ခေါင်းခါတယ်။ သူ့ကို ဘာမှပြောခွင့်မပေးဘဲ ပြောလိုက်တယ်။

“သားစားပြီးရင် ဆရာမတို့ ပန်းကန်ဆေးတဲ့နေရာမှာ ဆပ်ပြာနဲ့သေသေချာချာ ဆေးပေးဟုတ်လား။ ထမင်းလုံးတွေ ပွမနေစေနဲ့”

ကျောင်းသားလေးရဲ့ မျက်လုံးလေးတွေ ၀င်းလက်သွားတယ်။ ဟုတ်တယ်လေ။ စားရမှာ ရဲသွားတယ်။ ဆရာမရဲ့ ထမင်းချိုင့်လေး ပြောင်လက်နေအောင် ဆေးပေးမယ်။

ချမ်းသာတာ ဆင်းရဲတာမဟုတ်ပါဘူးကွယ်။ လိုအပ်တဲ့ သူကို ကိုယ့်မှာရှိတာ မျှဝေကူညီလိုက်လို့ ဘာများဖြစ်သွားမှာမို့လို့လဲ။

(၅) မြို့ကလေးရဲ့ ဘုရားပွဲမှာ လူတွေ စည်ကားလှတယ်။ အပျော်အပါး ရှားပါးတဲ့နေရာ ဆိုတော့ ဘုရားပွဲကို မျှော်ကြ။ ဘုရားပွဲမှာ ပျော်ကြတာ မဆန်းလှပါဘူး။ ဒီဘက်ခေတ်ရောက်လာတော့ ဟိုအရင်ခေတ်က တိုးတိတ်တိတ် ဘုံဆိုင်လေးတွေ ပျောက်သွားပြီး တံဆိပ်ကြီးကြီးနဲ့ ဘီယာဆိုင်တွေပေါ်လာတာ အရက်တွေဖောချင်း သောချင်းရလာတာ။

ဘုရားပွဲမှာ စောင်ထုပ်ကို ညာပခုံးမှာထမ်းပြီး လျှောက်လာတဲ့ လူငယ်တစ်ယောက် နဲ့ တခြားလူရွယ်တစ်ယောက် ပခုံးချင်းတိုက် မိတယ်။

“ဟေ့ကောင် လူတစ်ယောက်လုံး မမြင်ဘူးလား”

“မတော်လို့ဖြစ်တာဗျာ။ ဒီမှာစောင်ထုပ်ကြီးနဲ့ မတွေ့ဘူးလား”

“လူကို တမင်ဝင်တိုက်ပြီးတော့မှများ မင်းက”

“ခင်ဗျားကြီး မူးပြီးလာရမ်းမနေနဲ့”

“ရမ်းတော့ ဘာလုပ်ချင်သလဲ။ ကဲကွာ”

ဘုရားပွဲခန်းမျာ အကျည်းတန်တဲ့ မြင်ကွင်းတစ်ခု ဖြစ်သွားခဲ့တယ်။

အစ်ကိုရေ မတော်လို့ တိုက်မိတာပါ။ စိတ်မရှိပါနဲ့နော်ဆိုတဲ့ လူငယ်ရဲ့စကားအဆုံး အေးပါကွာ ညီလေးရာ။ မင်းက အလေးအပင်ကြီးနဲ့လာတာ။ ငါကရှောင်ရမှာကွ ဆိုတာမျိုးဆိုရန် ဘယ်လောက်လှမလဲဗျာ။ ပြေပြေလည်လည်နဲ့ နားလည်မှုရှိစွာ ပြောဆိုဆက်ဆံကြတော့ ဘာများဖြစ်သွားမှာ မို့လို့လဲ။

(၆) ကမ္ဘာကျော်ကုန်တိုက်ကြီးတစ်ခုရဲ့ ဂေါက်ပစ္စည်း အရောင်းဆိုင်ကြီး တစ်ခုမှာပါ။ တံဆိပ်တစ်မျိုးတည်းကိုပဲ သီးသန့်ရောင်းတာဖြစ်ပြီး ဂေါက်တုတ်တွေကလည်း ဈေးကြီးလှပါတယ်။

“ဘော့စ် နောက်ဆုံးထွက်တဲ့ မော်ဒယ်တွေရောက်နေပြီ။ Limited Edition နော်”

အရောင်းမန်နေဂျာ မိန်းကလေးက လှိုက်လှဲပျူငှာစွာ ခရီးဦးကြိုပြုတယ်။ ၀ယ်နေ့ကျ ဖောက်သည်ပေကိုး။

“ဒီတုတ်က အရှေ့တောင်အာရှမှာ တစ်စုံပဲရှိတာ”

မိန်းကလေးက သိပ်မပြောရသေးဘူး။  ကိုယ့်ဆရာက ၀ယ်ချင်နေပြီ။ သိတာပေါ့ ဆရာတပည့်ပေါင်းခဲ့တာ နှစ်တွေက မနည်းတော့တာ။ သူဌေးကြီး သားသမီးတွေ တစ်ဖက်၊ အခုမြေးတောင်ရနေပြီလေ။

ဒီတစ်ခေါက် ခရီးမထွက်ခင်ရွာမှာ ဧရာဝတီမြစ်ရေတိုးလို့ ကမ်းပါးပြိုပြီး ရွာဦးကျောင်းနဲ့ စာသင်ကျောင်းရေထဲပါသွားတာ သတိရမိတယ်။ အဲဒီအတွက် ဆရာက ငါးသောင်း လှူခဲ့သေးတယ်။

“ဟေ့ကောင် ငါမေးနေတာမကြားဘူးလား။ ဒေါ်လာငါးသောင်းတဲ့ ဘယ်လိုနေလဲ”

“ခင်ဗျားဒေါ်လာငါးသောင်း၊ သိန်းငါး ရာနီးပါး။ အဲဒါဆိုရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအသစ်ပြန်ဆောက်ဖို့ လောက်တယ်ဆရာ။

“ဟာ ဒီကောင် ငါမေးနေတာ ဒီဂေါက်တုတ် ၀ယ်သွားပြီး ရန်ကုန်မှာ ရိုက်ရင် ကွင်းကလူတွေ ဘယ်လိုအထင်ကြီးမလဲ။ ဘာလဲမေးတာ။ တော်တော် နောက်ဆို မင်းကို နိုင်ငံခြား အဖော်မခေါ်တော့ဘူး”

ဆရာသမား မခေါ်တော့လည်း မလိုက်ရရုံပဲပေါ့ဗျာ။ သူ့အိမ်မှာ စတိုခန်းအပြည့် အကောင်းစားဂေါက်တုတ်တွေရှိတာ အသိဆုံး။ အရမ်းချမ်းသာမှန်း လူတွေသိပြီးသား သူတစ်ယောက်အတွက် ဒါတွေဝယ်သုံးပြီး ချမ်းသာကြောင်းပြဖို့ လိုသေးလို့လား။ ကြွားစရာလိုသေးလို့လား။ အဲဒါတွေ မ၀ယ်ဘဲနဲ့ ရွာကဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအတွက် လှူတော့ရော ဘာများဖြစ်သွားမှာမို့လို့လဲ။

(၇)    နေထိုင်စားသောက်ဖို့အတွက်
    သင့်မှာ အလုံအလောက်ရှိခဲ့ပြီးရင်လည်း
    ပိုလျှံတာနည်းနည်းလောက်တော့
    ခွဲဝေမျှခြမ်းပေးကမ်းသင့်ပါတယ် တဲ့

၂၀၀၈ ခုနှစ် နာဂစ်အပြီးမှာ ကြားခဲ့ဖူးတဲ့ မျိုးချစ်မြန်မာရဲ့ သီချင်းသံလေးကြား ယောင်မိလာတယ်။ ဘ၀ရာထောင် သုံးမကုန်အောင် စုဆောင်းသိုမှီးထားတော့ရော တကယ်သုံးရမှာမို့လို့လား။ ဒီဘ၀ပါပဲ။ ဒီတစ်ဘ၀ဆိုတာတောင်မှ အခြေအနေပေးပါမှ။ မကျန်းမာလို့ အိပ်ရာထဲ ပက်လက်ဖြစ်နေချိန်မှာ အာရောဂျံကို ၀ယ်လို့မရဘူးလေ။ စက်တွေ ဆေးတွေအကူအညီနဲ့ အသက်ကို ဆွဲဆန့်လို့ ရတယ်ထား လူသိသူသိ၊ လူမသိသူမသိ ခံစားရတဲ့ ဝေဒနာကို ကိုယ်သာအသိဆုံးလေ။

လောဘတွေ အတ္တတွေလျှော့လိုက်လို့ ဘာများဖြစ်သွားမှာမို့လို့လဲကွယ်။

eleven media group


တပ်မတော်(ရေ)၏ ပထမဆုံး မြန်နှုန်းမြင့် တိုက်ရေယာဉ် ရေချ


မြန်မာ့တပ်မတော်(ရေ)အတွက် ပထမဆုံးဖြစ်သော မြန်နှုန်းမြင့်အပေါ့စား တိုက်ရေယာဉ်တစ်စီးကို မေလ ၉ ရက်က ရေချရန်ပြင်ဆင်နေသည်ကို တွေ့ရစဉ် (MYANMAR NAVY)
တပ်မတော်(ရေ)၏ ပထမဆုံး Torpedo Boat  ဖြစ်သော  မြန်နှုန်းမြင့် အပေါ့စား တိုက်ရေယာဉ်တစ်စီးကို မေလ ၉ ရက်က ရေတပ်သင်္ဘောကျင်း ဌာနချုပ်တွင် ရေချခဲ့ကြောင်း သတင်းရရှိသည်။

အခြားနိုင်ငံမှ ရေငုပ် သင်္ဘောများ မြန်မာ့ရေပိုင်နက်အတွင်း ၀င်ရောက်လာပါက တိုက်ဖျက်နိုင်ရန်အတွက် တပ်မတော် ရေ အင်ဂျင်နီယာများကိုယ်တိုင် တည်ဆောက်ခဲ့သည်ဟုဆိုပြီး သင်္ဘောကိုယ်ထည်ကို အလူမီနီယံဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ အမည်မဖော်လိုသည့် တပ်မတော်အရာရှိတစ်ဦးက ပြောသည်။

‘‘အရင်က ရေတပ်မှာ Torpedo Boat ကို သုံးခဲ့ဖူးပေမယ့် အခု စစ်ရေယာဉ်လောက် မြန်နှုန်းမမြင့်ဘူး။ နောက်ပြီး ဒုတိယကမ္ဘာစစ်လက်ကျန်တွေဖြစ်လို့ တပ်တော်ဝင်စာရင်းက ဖျက်လိုက်ပါပြီ။ ဒီစစ်ရေယာဉ်ကလည်း မြန်မာ့ရေတပ်အတွက် ကနဦးစမ်းသပ်ထုတ်လုပ်တာဖြစ်တဲ့အတွက် တိုက်ပွဲဝင်အနေအထားဖြစ်ဖို့ စမ်းသပ်မှုတွေ အဆင့်ဆင့်လုပ်ဖို့ လိုပါသေးတယ်’’ ဟု ၎င်းက ပြောသည်။

(Torpedo Boat) အမှတ် ၂၀၁ သည် အလျားပေ ၇၀ ရှည် ပြီး တစ်နာရီလျှင် ရေမိုင် ၃၅ မိုင် အထက် မောင်းနှင်နိုင်ကာ မြန်မာ့ ရေပိုင်နက်အတွင်း ကင်းလှည့်နေသည့် စစ်ရေယာဉ်အားလုံးထက် မြန်သည်ဟုဆိုသည်။

‘‘အလူမီနီယံကိုယ်ထည်ကိုသုံးပြီး ရေယာဉ်ကို ထောင့်ချိုးပုံစံ အများဆုံးသုံးထားတော့ ညရေဒါ နဲ့ ဖမ်းယူနိုင်မှု အားနည်းတယ်။ ကိုယ်ပျောက်ရေယာဉ် အသေးစားလေးပေါ့’’ ဟု ၎င်းက ပြောသည်။

တပ်မတော်(ရေ)သည် မကြာသေးမီက ပြည်တွင်းထုတ် သုံးစီးမြောက် ဖရီးဂိတ် စစ်ရေယာဉ်တစ်စီးကိုလည်း ရေချခဲ့သည်။

7day daily


မကောင်းမှု၏ရလာဘ်


ဒီဖြစ်စဉ်ဟာ ဟင်္သာတမြို့နယ်မှာ တစ်ကယ်ဖြစ်ပွားခဲ့တာပါ။ ဒါကို လိုက်အတုမယူဖို့ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့…..
တစ်နေ့ ကျွန်တော်တာဝန်ကျရာ အိမ်မဲမြို့ရေးမှာ အနားယူနေတုန်း အိမ်ရှေ့ကို သူဖုန်းစားအမ်ျုးသမီးတစ်ဦး ရောက်ရှိလာပါတယ်။ ကျွန်တော်လည်း ထမင်းထုပ်လေးသွားပေးတော့ လားလားကျွန်တော်နဲ့ရင်းနှီးဖူးတဲ့ စတိုးဆိုင်ပိုင်ရှင် ဒေါ်ဝတုတ်ပါလား။ ဒေါ်ဝတုတ် ကျုပ်ကိုမှတ်မိသေးလား မေးတော့ သူကအသေအချာကြည့်ပါတယ်။ပြီးတော့ ခေါင်းခါတယ်။ သူမမမှတ်မိပါ။
သူမတော်တော်လေးအိုမင်းသွားပါပြီ။ မျက်နှာတစ်ခြမ်းမှာ မီးလောင်ဒဏ်ရာလို အမာရွတ်နှင့်အတူ မျက်လုံးပါကန်းနေပါတယ်။တစ်ဖက်ကတော့ ၀ါးနေပါတယ်။ 
 
အ၀တ်အစားက ကြေးအထပ်ထပ်နှင့်ဟောင်းနွမ်းနေပြီး တစ်ခါကစတိုးဆိုင်ပိုင်ရှင်ကြီး ဆိုလျှင်သံသယရှိပေမည်။
ကျွန်တောလေ အရီးရဲ့။ ဟင်္သာတမှာ နေတုန်းက ဘေးအိမ်ကဖိုးသားလေ ဆိုတော့ အတန်ကြာ စဉ်းစားပြီး မျက်ရည်ဝဲလာတယ်။ ကျွန်တော်လည်း သူမကိုတွဲပေးရင်း ခြံထဲမှာ နားစေပါတယ်။ ဒေါ်ဝတုတ်ရယ် ဘယ်လိုဖြစ်တာလည်းဗျာ ဆိုတော့ သူမအဝေးကို ငေးရင်း……
ဟင်္သာတနယ်မှာ ၁၉၉၈ခုနှစ်လောက်က. ..ရပ်ကွက်မှာ ဒေါ်ဝတုတ်စတိုးဆိုရင် မသိသူမရှိပါဘူး။ ပြိုင်ဘက်ကင်းမို့ ဈေးလည်းကြီးပါတယ်။ သူကအတိုးလည်း ပေးစားပါတယ်။
 
 ဒါကြောင့် ရပ်ကွက်မှာ တော်တော်လေး သြဇာညောင်းပါတယ်။ သူ့အကြွေးမှမကင်းကြကိုး။ အစကတော့ ကောင်းရောင်းကောင်းဝယ်ပါ။ ကြာတော့ သူလည်းလောဘတက်လာပြီး အရင်းရှင်ဆန်လာပါတယ်။ အတိုးမပေးနိုင်သူဆိုရင် ကျွဲနွားတွေသိမ်းပြီး ကုလားတွေကိုပြန်ရောင်းစားပါတယ်။ သူကျိုးပေးမို့လေလားမသိပါ သူမစီးပွားရေးတော်တော်အဆင်ပြေပါတယ်။

တစ်ခါတော့ သူမရဲ့မျက်စောင်းထိုးမှာ စတိုးဆိုင်တစ်ဆိုင်ပေါ်လာပါတယ်။ ဈေးနှုန်းလည်းသက်သာပြီးဆက်ဆံရေးပြေပြစ်ပါတယ်။ အကြွေးကိုလည်း အရစ်ကျဆပ်နိုင်တာမို့ အချိန်တိုအတွင်း ရောင်းအားတက်လာပါတယ်။ ဒေါ်ဝတုတ်ဆိုင်ကတော့ ရောင်းအားကျပေမယ့် နယ်ဝယ်လက်တွေအစိုးရထားတော့ ပုံမှန်ရောင်းဝယ်နိုင်ပါတယ်။ကြာတော့လည်း သူမကမနာလို စိတ်များလာပါတယ်။ ဒီတော့ မကြံအပ်တာကြံပါတော့တယ်။

အောက်လမ်းဆရာ အကြံပေးချက်အတိုင်း တစ်ခုသောညရဲ့ လမိုက်ညသန်းခေါင်ယံမှာ ဒေါ်ဝတုတ်တစ်ယောက် ပြိုင်ဘက်စတိုးဆိုင်ရှေ့ရောက်နေပါတယ်။ သူမတစ်ယောက်တည်းပါ။ ခွေးတွေလည်း အူနေပါတယ်။ အချိန်ရောက်တော့ သူမအိပ်ျသးထဲက သဲတဆုပ်ယူပြီး တိုင်တည်လိုက်ပါတယ်။ ထိုသဲကား သင်္ချိင်းမြေမှ စီရင်ထားသောသဲ။ိ အသင်မကောင်းဆိုးဝါးနာနာဘ၀များ ဒီအိမ်ကြီးအား နှောင့်ယှက်ကြလေလော့။ သင်တို့စိတ်ကြိုက် ပြုမူကြလေလော့။ စီးပွားကျအောင်နှောင့်ယှက်ကြလေလော့။ ကျွနုပ်၏ လက်ထဲကိုင်ထားသော မဟာပထ၀ီမြေကြီး သဲအစုစုအားသက်သေထားလျက် နောင်ဘ၀အဆက်ဆက် ဒီအကုသိုလ်ကံကို ဒီသဲီပမာဏရှိသော အဆအတိုင်းခံယူပါမည်ဟု ကျွန်ုပ်သက်သေပြုပါသည် ဆိုလျက် အသက်အောင့်ပြီး ဆိုင်ရှေ့ဝယ် လက်နောက်ပြန် ကျောခိုင်းပြီး သဲတဆုပ်ကို ကြဲလိုက်သည်။ ညသည် တိတ်ဆိတ်လျက်။

မကြာပါ အဆိုပါပြိုင်ဘက်ဆိုင်သည် စီးပွာဒကျပြီး ပိတ်သိမ်းကာပြောင်းသွားရလေသည်။ အိမ်ပိုင်အဆက်ဆက် ဒုက္ခရောက်ရလေသောကြောင့် ထိုအိမ်ကို ဘယ်သူမှမ၀ယ်ရဲပဲ သောင်တင်နေတော့သည်။ ဒေါ်ဝတုတ်ကြီးကတော့ တပြုံးပြုံး။ သူမကားပြိုင်ဘက်ကင်းမဲလေပြီ။

ဝဋ်သည် လည်စမြဲ။ သူမတိုင်တည်ထားသည့်အတိုင်း နောင်ဘ၀တောင်မကူးပေ။ ငွေချမ်းသာလာတော့ ယောကျားက ဖောက်ပြန်ပြီး နောက်မိန်းမနှင့် အိမ်ကရွှေတွေယူကာ အစပျောက်သွားသည်။ သားသမီးများမှာလည်း မကောင်းသူများနှင့်ညားကာ စိတ်ဒုက္ခရောက်လေသည်။ တစ်ခုသော ည၀ယ်သူမ၏ ဆိုင်မှမီးစလောင်လေရာ သူမ၏စတိုင်းဆိုင်မှာ ပြာပုံအတိပြီးလေတော့သည်။ သူမလည်း ထောင်ကျလေသည်။ ပြီးတော့ မီးလောင်ဒဏ်ရာဖြင့် မျက်စိကွယ်ခဲ့သည်။

ထောင်ကထွက်တော့ ပိုင်ဆိုင်မှုရယ်လို့ ဘာမှမရှိ
တစ်ခါက သူဌေးမကြီး ခုတော့အမှိုက်ပုံတကာ လမ်းတကာ ဘုန်းကြီးကျောင်းတကာ ရှာဖွေစားသောက်ရင်း အိမ်မဲကိုရောက်လာခဲ့သည်။ သူမခဗျာ မျက်ရည်ဝဲလျက်။
ကျွန်တော်လည်း ဇနီး၏ အ၀တ်တစ်စုံကို လက်ဆောင်ပေးရင်း နောင်အစားအစာလိုလည်း လိုသလိုလာယူပါဟုမှာလိုက်လေသည်။ သူမကားတောင်ဝှေးတစ်ချောင်းဖြင့် နားခိုရာ ဘုန်းကြီးကျောင်းသို့ ပြန်သွားလေသည်။

တစ်ခုသောညနေ၀ယ် ဆရာAccident caseနဲ့ Dedbody ရောက်နေပါတယ်။ ရဲတွေပါ ပါတယ်ဆရာ။ဆိုတော့ ဆေးရုံလိုက်သွားသည်။ ရဲအုပ်ဖြေတော့ အဖွားအိုတစ်ဦး မမြင်မစန်းလမ်းဖြတ်ကူးရင်း ကားတိုက်မိရာ ပွဲချင်းပြီးသေဆုံးသွားသည် ဆိုသောကြောင့်ဆေးရုံလာပို့ရကြောင်း ပြောလေသည်။ အလောင်းကို ကြည့်လိုက်ရာ ဒေါ်ဝတုတ်။ ကျွန်တော်တွေဝေသွားသည်။ တစ်ချိန်က ကျိကျိတက်ချမ်းသာခဲ့သောဒေါ်ဝတုတ်ခဗျာ သူမ၏ မကောင်းမှုကျိန်စာကြောင့် မရှုမလှဘ၀ကူးရလေသည်။ို့ပြင်နောင်သံသရာဘ၀အဆက်ဆက် သဲဆုပ်မျှသော ဘ၀ပေါင်းများစွာ ခံရပေတော့မည်။ သြော်လူသားတွေရဲ့ လောဘမနာလိုစိတ်ကားကြောက်ဖို့ကောင်းလေစွ။ ။

ဖြစ်ရပ်မှန်အား နာမည်လွှဲပြီး ကာယကံရှင်အား ငဲ့ကွက်သောအားဖြင့် ပြန်လည်ရေးသားထားပါသည်။

လေးစားလျက်…..
Dr.မင်းလုလင်


ရွှေမြန်မာတွေတဲ့လား


ကမ္ဘာပေါ်တွင် စားသောက်ရန် အကောင်းဆုံးနိုင်ငံမှာ နယ်သာလန်ဖြစ်ပြီး အဆိုးဆုံးနိုင်ငံမှာ ချဒ်ဖြစ်ကြောင်း ၁၂၅ နိုင်ငံ၏ အစားအသောက်စားသောက်ပုံ လေ့လာကာ Oxfom မှ စစ်တမ်း ထုတ်ခဲ့သည်။

အကောင်းဆုံးဖြစ်ရခြင်းမှာ အစားအသောက်ဈေး သက်သာခြင်း၊ ဆီးချိုဖြစ်ပွားနှုန်း နည်းပါးခြင်းနှင့် အခြားသော ဥရောပနိုင်ငံများထက် အာဟာရ ပြည့်ဝခြင်းတို့ကြောင့်ဖြစ်ကြောင်း ချဒ်နိုင်ငံသည်အာဟာရနည်းပါးသည့် အစားအစာများသာရှိခြင်း၊ ဈေးကြီးခြင်းနှင့် သန့်ရှင်းမှုမရှိခြင်းတို့ကြောင့်ဖြစ်သည်တဲ့။

နောက်ထပ် သတင်းတစ် ပုဒ်ဖတ်ရပြန်တာက မြန်မာနိုင်ငံ သည် အရှေ့တောင်အာရှတွင် အာဟာရချို့တဲ့မှုနှုန်း အမြင့်ဆုံး ခံစားရသည့် တတိယမြောက် နိုင်ငံဟု UNICEF က ပြောထားသည်။ စားနပ်ရိက္ခာမလုံလောက်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အထနည်းခြင်း၊ ရေကောင်းရေသန့်နှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုအကန့် အသတ်ဖြင့်သာရရှိခြင်း၊ အစားအစာကျွေးသည့် ပုံစံမမှန်ခြင်းစသည့်အချက်များ ထောက်ပြထားသည်။

ဆန်ရေစပါးပေါများကြွယ်ဝ တဲ့၊ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာ နိုင်ငံဟာ အာဟာရချို့တဲ့မှုနှုန်း အမြင့်ဆုံးပါတဲ့။ စိတ်မကောင်း စရာပါပဲ။ ‘အမျိုးသမီးတွေနဲ့ က လေးငယ်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်ချို့တဲ့နေတာကို သိပ် ပြီးသတိမထားမိကြဘူး။ ဒီချို့တဲ့ မှုဟာ ဖုံးကွယ်နေတဲ့ ဆာလောင် ခြင်းလို့ပြောလို့ရပြီး အာဟာရချို့ တဲ့မှုကို ပိုမိုဆိုးရွားစေပါတယ်’လို့ FAO ဌာနေကိုယ်စားလှယ် ဘူသီလန်က ဆိုထားပါတယ်။ တော် သေးတာပေါ့။ စားသောက်ရန် အဆိုးဆုံးနိုင်ငံက ကျွန်မတို့နိုင်ငံ မဖြစ်ဘဲ ချဒ်နိုင်ငံဖြစ်နေလို့။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကင်ဆာအဖြစ်ဆုံး ၁၀ နိုင်ငံထဲမှာ ပါဝင်နေပါသတဲ့။ အခုခေတ်မှာ ခေတ်စားနေတဲ့ရောဂါက ကင်ဆာပါ။ ဖြစ်လိုက်ကြတဲ့ကင်ဆာရောဂါအမျိုးမျိုးက လူကြီး၊ လူငယ်တွေကို သေမင်းဆီပို့ပစ်ခဲ့တာ။ ကင်ဆာနဲ့ သွေးတိုး၊ နှလုံး၊ ဆီးချို၊လေဖြတ်ကြတာဟာ လူတွေရဲ့စားသောက်ကြတဲ့ အစားအသောက်တွေကြောင့် စားသောက်ပုံမမှန်ကြတာကြောင့်ဆိုတာ ဘယ်လိုမှငြင်းမရနိုင်ပါ။

ကျွန်မတို့ငယ်ငယ်က ကင်ဆာဆိုတာ မကြားဖူးပါ။ တီဘီ ရောဂါဟာ အဆိုးရွားဆုံးရောဂါ။ တီဘီရောဂါသည်ဆိုရင် ဆိုးဆိုး ရွားရွားရောဂါသမားပဲ။ အဆုတ်ရောဂါကုဆေးရုံတက်ပြီး နှစ်ရှည်လများဆေးကုသခံယူကြရတယ်။ နှလုံး၊ သွေးတိုး၊ ဆီးချိုဝေဒနာရှင်များလည်း ယခုလောက်မပေါများကြပါ။

ကျွန်မရဲ့ မိဘတွေက ပဲခူးသူ၊ ပဲခူးသားတွေပါ။ ပဲခူးမြို့က ပုစွန်ခြောက်၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ကောင်းကောင်းထွက်ပါတယ်။ အိမ်တိုင်းအိမ်တိုင်းရဲ့ မီးဖိုချောင်မှာ ပုစွန်ခြောက်မှုန့် ပုလင်းလေးတွေရှိကြပါတယ်။ အချိုမှုန့်ကို မသုံးတတ်ကြသေးပါဘူး။ ပုစွန်ခြောက်မှုန့်ကိုပဲ ဟင်းခတ်မှုန့်အဖြစ် သုံးကြပါတယ်။ ချဉ်ရည်ဟင်း၊ ဟင်းချိုချက်ရင် ပုစွန်ခြောက်မှုန့်လေးနဲ့ ချက်ကြပါတယ်။ အသုပ်သုပ်ရင်လည်း ပုစွန်ခြောက်မှုန့်လေးနဲ့၊ ငါးပိရည် ဖျော်ရာမှာလည်း ပုစွန်ခြောက်မှုန့်လေးဖြူးလိုက်တာပါပဲ။

နောက်ပိုင်း TV တွေပေါ် လာတော့ TV မှာ အာဂျီနိုမိုတို အချိုမှုန့်ကြော်ငြာရာကနေ အစပြုပြီး တဖြည်းဖြည်းနဲ့ အချိုမှုန့်ကို နတ်သုဒ္ဓါတစ်ပါးလို ခုံခုံမင်မင်စားသုံးလာခဲ့ကြတာ ယနေ့ထိတိုင်ပါပဲ။ မြို့ပြမှာ အချိုမှုန့်ကို ရေလဲသုံးကြသလို။ ကျေးလက်မှာလည်း အချိုမှုန့်မသုံးတတ်ရင်ဘဲ ခေတ်မမီတော့သလို၊ ဘာလိုလိုဆိုတော့ ရွာကအလှူပွဲတွေမှာလည်း အချိုမှုန့်ကမပါရင်မဖြစ်။ မြို့သွားမယ့်သူကို မမှာမဖြစ်မှာကြတာက အချိုမှုန့်ပေါင်ထုပ်ပဲ။ မော်လမြိုင် ရထားလမ်းဟာ အချိုမှုန့်မှောင်ခိုခေတ်တစ်ခေတ် ဖြစ်လိုက်ကြသေးတယ်။ အခုထိတော့ တစ်နိုင်ငံလုံးရဲ့ မီးဖိုချောင်မှာ အချိုမှုန့်ပုလင်းက နေရာယူလို့ကောင်းနေတုန်းပါပဲ။ အချိုမှုန့် မပါရင် ဟင်းမချက်တတ်တော့တဲ့ အိမ်ရှင်မတွေ၊ အချိုမှုန့်မပါတဲ့ဟင်းကို အရသာမတွေ့တော့တဲ့သူတွေ တစ်နိုင်ငံလုံးမှာ ဒုနဲ့ဒေး ဖြစ်နေကြဆဲပါ။

တချို့ကျတော့လည်း ဘေးဖြစ်မယ်ဆိုတာ သိသိကြီးနဲ့ ဈေးကြီးတဲ့ ပုစွန်ခြောက်မှုန့်အစား ဈေးနည်းတဲ့ အချိုမှုန့်ကို အစားထိုးစားသုံးနေခဲ့ကြတာမို့ အချိုမှုန့်ရဲ့ဘေးထွက်ဆိုးကျိုးတွေကို ဘယ်သူတွေ ဘာပဲပြောပြော၊ ဘာပဲဆိုဆို၊ အချိုမှုန့်က လက်ရှိဘဝနဲ့ အံဝင်ခွင်ကျဖြစ်နေလေတော့ မြန်မာပြည်မှာ အချိုမှုန့်က ပန်းပန်လျက်ပါပဲ။

ကျွန်မတို့ဆီမှာ အချိုမှုန့်နဲ့ ကင်းလွတ်တဲ့နေရာဆိုတာ ရှားမှရှားပါ။ ကျွန်မတို့မြန်မာတွေ မနက်ခင်းစာအဖြစ် ပက်ပက်စက်စက်စားကြတဲ့ မုန့်ဟင်းခါးက ငါးများများနဲ့ချက်တဲ့ဆိုင်က ရှားပါတယ်။ များသောအားဖြင့် ငါးက နည်းနည်း၊ အချိုမှုန့်ကများများ၊ ဟင်းရည်မှာ ငါးအနံ့ကလေးသာရပြီး ပါးစပ်ထဲမှာတော့ အချိုမှုန့် အရသာက စွဲကျန်နေတော့တာပါ။ ကြာဆံသုပ်၊ ခေါက်ဆွဲသုပ်၊ လက်သုပ်စုံဆိုတာတွေကလည်း ပဲမှုန့်နဲ့ အချိုမှုန့်များများ၊ ငရုတ် သီးအချဉ်ရည်တွေနဲ့ သုပ်ထားတာ အာဟာရဘယ်မှာရှိမှာလဲ။ အာဟာရမရှိတဲ့အပြင် ငရုတ်သီးရဲ့ ဆိုးဆေးကြောင့် ကင်ဆာဖြစ် ဦးမှာ။ အချိန်မအား၊ အလုပ်မအားကြတော့ စားမှု၊ သောက်မှု ကိစ္စကလည်း နိစ္စဓူဝကိစ္စဆိုတော့ ကြေးများမနေအားဘဲ ပြီးလွယ်စီးလွယ် ဝယ်စားကြရတာပါပဲ။

မြန်မာပြည်သူလူထုအများစုက ဆင်းရဲကြတော့ မနက်စာကို နွားနို့လည်း ဝယ်မသောက်နိုင်၊ လက်ဖက်ရည်တစ်ခွက်နှစ်ရာ၊ အီကြာကွေးတစ်ချောင်းတစ်ရာ၊ ရေကျဲကျဲ မုန့်ဟင်းခါးတစ်ပွဲနှစ်ရာ၊ အသုပ်တစ်ပွဲနှစ်ရာနဲ့ မနက်ခင်း အဆာပြေဝယ်စားကြရတဲ့ဘဝတွေ။ တချို့မုန့်ဟင်းခါးတစ်ပွဲဝယ် အိမ်ကထမင်းကြမ်းနဲ့ရော ပြီး နှစ်ယောက်စားရတဲ့ဘဝတွေ လည်း အများကြီးပါ။ အာဟာရ ပြည့်ဖို့ဆိုတာထက်၊ ဗီတာမင်နဲ့ သတ္တုဓာတ်ဆိုတာတွေထက် မနက်နဲ့ည ထမင်းနပ်မှန်ဖို့ပဲ ခေါင်းထဲထည့်စဉ်းစားနေကြရတာဆိုတော့ UNICEF ပြောတာက အရေးမကြီး၊ ဆီဖိုး၊ ဆန်ဖိုးနဲ့ မီတာခပေးဖို့တွေက ပိုပြီးအရေးကြီးနေကြတာလေ။

ခန္ဓာကိုယ်အတွက် အသား ဓာတ်လိုတယ်ဆိုတာ သိကြပေ မယ့် အနီရောင်အသားက ရှားပါး ကုန်ဖြစ်နေပြီ။ ကြက်သားက လည်း သင်္ကြန်ပြီးကတည်းက ဈေးပြန်မကျသေးဘူး။ ငါးခူက ရှစ်ရာ၊ ငါးကြင်းက ခြောက်ရာ၊ သားစို၊ ငါးစိုရှားတော့ ငါးခြောက်တွေလည်း ဈေးတက်ပြီပေါ့။ ရခိုင်ပြည်မှာ ပေါချက်ပက်စက်တယ်ဆိုတဲ့ ငါးနီတူခြောက်တောင် အရင်က သုံးရာ၊ လေးရာဈေးပဲရှိတာ။ အခုသမ္မတကြီး ဦးသိန်းစိန်လက်ထက်ကျမှ ရှစ်ရာ၊ တစ်ထောင်ဈေးဖြစ်နေပြီ။
 
 ရန်ကုန်သူတွေ ဝယ်စားဖို့ လက်တွန့်ကြရပြီ။ သားဈေး၊ ငါးဈေး၊ ကြက်၊ ဝက်ဈေးတက်တော့ ဆင်းရဲသားလက်လုပ်လက်စားတွေ စားဖို့ အာဟာရက ဘာဖြစ်နိုင်မလဲ။ ကြက်ဥ၊ ဘဲဥက တစ်လုံး တစ်ရာ့နှစ်ဆယ်၊ တစ်ရာ့သုံးဆယ်။ မိသားစုများတဲ့အိမ်တွေမှာ တစ်ယောက်တစ်လုံးနှုန်းနဲ့ မစားနိုင်ကြတော့ဘူး။ မိသားစုကိုးယောက်၊ ၁၀ ယောက်ရှိတဲ့ အိမ်တွေမှာ ဘဲဥတစ်ယောက်တစ် ခြမ်းစီနဲ့ ငါးပိ၊ တို့စရာနဲ့ စားနေကြ တာ ကျွန်မ ခဏခဏတွေ့ဖူး တယ်။ ဆင်းရဲသားအများစုတွေ စားနေကြတဲ့ ဟင်းပွဲကတော့ ရိုးရိုးလေးပါ။ ထိုင်ဝမ်ကန်စွန်းရွက်ပွပွက တစ်စည်းနှစ်ရာ၊ မြန်မာရေကန်စွန်းကျစ်ကျစ်က တစ်စည်းတစ်ရာ အခြေအနေအရ ထိုင်ဝမ်ပဲဖြစ်ဖြစ်၊ မြန်မာပဲဖြစ်ဖြစ်၊ စားအုန်းဆီနဲ့ အချိုမှုန့်များများ၊ ကော်မှုန့်လေးဖြူးထားတဲ့ ကန်စွန်းပလိန်းကြော်တစ်ခွက်၊ ငါးပိတို့စရာလေးနဲ့ဆို ဟင်းလျာမြည်သွားပြီ။
 
 တကယ်တော့ ကန်စွန်းပလိန်းနဲ့ငါးပိတို့စရာက ဘယ်လိုမှမလိုက်ဖက် မအပ်စပ်လှတာပါ။ မလိုက်ဖက်လှတာကိုပဲ လိုက်ဖက်ချင်ယောင်ဆောင် လိုက်ဖက်သလို တွဲဖက်ပြီး ကျွန်မတို့မြန်မာတွေ စားလာခဲ့ကြတာ နှစ်ပေါင်းများစွာပါ။ မြန်မာထုရဲ့ ဆင်းရဲခြင်းခံနိုင်ရည်စွမ်းပကားကတော့ဒီတစ်ချက်နဲ့တင် အံ့မခန်းပါပဲ။ အစိမ်းရောင်ရှိသော အသီးအရွက်တွေက ဗီတာမင်ကိုရစေတယ်ဆိုတဲ့အသိနဲ့ အားမွေးခဲ့ကြရတာပေါ့။ အချိုမှုန့်၊ စားအုန်းဆီ၊ ကန်စွန်းရွက် စားပြီး လူလုပ်နေကြသူတွေပေါ့။

ဝန်ထမ်းတွေ လစာတိုးပြီး ကုန်ဈေးနှုန်းတွေ မကျသေး သရွေ့တော့  အခြေခံလက်လုပ် လက်စားဘဝတွေနဲ့ လစာတိုးတဲ့ ဝန်ထမ်းတွေလည်း ဆင်းရဲနေကြဦးမှာပဲ။ တိုင်းပြည်လည်း ဆင်းရဲ နေဦးမှာပါပဲ။ သမ္မတကြီးက ပြည် သူတွေဆင်းရဲခြင်း ပပျောက်စေ ချင်ရင်တော့ အရင်ဦးဆုံး ကုန်ဈေး နှုန်းတွေကျနိုင်အောင် ကြိုးစားရ မှာပါ။ ခေတ်အဆက်ဆက်မှာ တရိပ်ရိပ်နဲ့ မသိမသာကျလာအောင်လုပ်နိုင်စွမ်းရမှာ။ ဒါမှ ပြည်သူတွေလည်း အာဟာရပြည့်ပြည့်ဝဝစားသုံးရပြီး သမ္မတကြီးလည်း ဂင်းနစ်စံချိန်ဝင်ချင်ဝင်သွားမှာ။ဝန်ထမ်းတွေကို လစာတိုးအောင်လုပ်နိုင်ခဲ့သေးရင် ကုန်ဈေးနှုန်းတွေကျဆင်းအောင်လည်း လုပ်နိုင်စွမ်းရမှာပေါ့။

ခုတော့ ကမ္ဘာက လက်ညှိုး ထိုးကုန်ကြပြီ။ ကျွန်းသစ်၊ ရေနံ၊ သဘာဝဓာတ်ငွေ့တွေအလျှံပယ် ထွက်တဲ့နိုင်ငံ။ အဖိုးတန်ကျောက် မျက်ရတနာတွေဆိုတာ မြေကြီးထဲကနေ ထွက်ထွက်နေကြတာ ဆိုတဲ့နိုင်ငံက နိုင်ငံသူ၊ နိုင်ငံသား တွေကတော့ အာဟာရချို့တဲ့ နေကြတာ စံချိန်မြင့်ပါပဲတဲ့လေ။ တော်သေးတာပေါ့။ အာဟာရချို့ တဲ့တဲ့အဆင့်မှာပဲရှိနေသေးလို့။ ငတ်မွတ်ခေါင်းပါးတဲ့အဆင့်ကို ရောက်ရင်ဖြင့် ရွှေမြန်မာတို့ အတွက် ရှက်စရာကောင်းပါဘိ။

7day daily


ဗိုလ်ချုပ်ကြေးရုပ်


ဗိုလ်ချုပ်ကြေးရုပ်ရဲ့ဆောင်ဓား ပျောက်ဆုံးခြင်းနောက်မှာ

ဗိုလ်ချုပ်ကြေးရုပ်လက်ထဲကို ပစ္စည်းအမျိုးမျိုးရောက်လာတယ်။


ဗိုလ်ချုပ်ကြေးရုပ်လက်ထဲမှာ အလံတွေတစ်ခုပြီးတစ်ခု တက်လိုက်ဆင်းလိုက် တလူလူလွင့်လာတယ်။

စပါးနှံ၊ စက်သွား၊ ကြယ်ဖြူဆယ့်လေးလုံးနဲ့ အလံတော်ဟောင်း။ အလယ်မှာကြယ်ဖြူနဲ့ သုံးရောင်ခြယ်

အလံတော်သစ်။ အနီရောင်နောက်ခံနဲ့ ဒေါင်းရုပ်အလံ။ အစိမ်းရောင်နောက်ခံနဲ့ ခြင်္သေ့ရုပ်အလံ။

အနက်ရောင်နောက်ခံနဲ့ အရိုးခေါင်းရုပ်အလံ။ ဗိုလ်ချုပ်လက်ထဲမှာ ဖြုတ်လိုက်တပ်လိုက်။

တလူလူလွင့်။ ဗိုလ်ချုပ်ဟာ မြို့လယ်ခေါင်မှာ မြင်းကြီးစီးလို့။ တစ်နေ့တစ်လံ။


လွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့တဲ့ သမိုင်းထဲကဗိုလ်ချုပ်လိုပဲ။

အခု။ မြို့လယ်ခေါင်က ဗိုလ်ချုပ်ကြေးရုပ်ကြီးလည်း လက်နက်အမျိုးမျိုးကိုင်ဆောင်။

လက်စွဲတော်ဆောင်ဓားပျောက်သွားပြီးတဲ့နောက်မှာ ဗိုလ်ချုပ်ဟာ ကျွဲဂျိုလေးခွကိုင်တယ်။

လှံရှည်ကိုင်တယ်။ ဒူးလေးကိုင်တယ်။ ဂျင်ကလိကိုင်တယ်။ ဝါးရင်းတုတ်ကိုင်တယ်။ ကျိုက်ထီးရိုးသေနတ်ကိုင်တယ်။



တစ်ခါတလေ ဗိုလ်ချုပ်ကြေးရုပ်ဟာ သူ့ပန်းခြံထဲကပန်းပွင့်တချို့ကို ဆုပ်ကိုင်ထားတတ်သေးတယ်။

အနံ့မမွှေး။ အရောင်မလှ။ တောပန်း။ တောင်ပန်း။ အလေ့ကျပန်းတွေ ဗိုလ်ချုပ်လက်ထဲမှာ

တွေ့ရတယ်။ သင်္ကြန်ဆို အုန်းခက်အုန်းလက်တွေ၊ ပိတောက်ပန်းတွေလည်း ကိုင်တယ်။

သီတင်းကျွတ်ဆို ဆီမီးတိုင်ကိုင်တယ်။


ညညဆို ဗိုလ်ချုပ်ကြေးရုပ်ရဲ့ခြေရင်းမှာ အိမ်ခြေယာမဲ့တွေ အိပ်စက်ကြတယ်။ ဗိုလ်ချုပ်လက်ထဲက

ထမင်းထုပ်ဟာ သူတို့အတွက် အရသာရှိတဲ့ညစာ။ ဗိုလ်ချုပ်မြင်းဝမ်းဗိုက်အောက်မှာ သူတို့တွေ

မိုးလုံလေလုံ။ ဗိုလ်ချုပ်ပုခုံးနှစ်ဖက်ဟာ သူတို့မျှော်စင်။


နေ့ထူးနေ့မြတ်ရောက်ရင် ဗိုလ်ချုပ်ကြေးရုပ်ကြီးဟာ ရွှေရောင်တဝင်းဝင်းနဲ့။

ပတ်ပတ်လည်မှာ လက်နက်ကိုင်အစောင့်တွေနဲ့။ ပတ်ပတ်လည်မှာ နိုင်ငံတော်အလံတွေနဲ့။ ပတ်ပတ်လည်မှာ ရောင်စုံပန်းခွေတွေ၊ ပန်းခြင်းတွေနဲ့။ ပတ်ပတ်လည်မှာ သတိဆွဲငြိမ်သက်သူတွေ၊ ခါးကိုင်းဦးညွှတ်သူတွေနဲ့။

ပတ်ပတ်လည်မှာ မျက်ရည်ယိုဗုံးခွဲမယ့်သူတွေနဲ့။


ဗိုလ်ချုပ်ကြေးရုပ်ကြီး ဓားပျောက်နေတာကို တခြားဗိုလ်ချုပ်ကြေးရုပ်များ သိကြပေမယ့်

ဝင်ရောက်စွက်ဖက်ခြင်း၊ အကူအညီပေးခြင်း မရှိ။ ဓားပျောက်နေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို

ဓားကိုင်ထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်များက ပြက်ရယ်ပြုကြ။ ဘေးဖယ်ထုတ်ကြ။

ဓားပျောက်နေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကြီးကတော့ ထုံးစံအတိုင်း တိတ်ဆိတ်ငြိမ်သက်။

ပျောက်ဆုံးနေတဲ့ဓားဟာ ဗိုလ်ချုပ်ရဲ့ခန္ဓာကိုယ်ထဲမှာ

စိုက်ဝင်နစ်မြုပ်နေမှန်း ဘယ်သူမှမသိကြ။

' လင်းဇင်ယော် '


ကမ္ဘာပေါ်တွင် ဘီလျံနာသူဌေး အများပြားဆုံး မြို့တော်အဖြစ် ရပ်တည်နေသည့် လန်ဒန်



ကမ္ဘာပေါ်တွင် အချမ်းသာ အကြွယ်ဝဆုံး လူပုဂ္ဂိုလ်များ စုစည်းနေထိုင်သည့် မြို့တော်ကြီးများ၌ လန်ဒန်မြို့က ထိပ်ဆုံးနေရာမှ
ရပ်တည်နေကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံ၏ မြို့တော်သည် အခြားသော ကမ္ဘာ့နိုင်ငံ မြို့တော်ကြီးများထက် ပြည်တွင်း ဘီလျံနာ သူဌေးကြီးများ အရေအတွက်
ပိုမိုများပြားသလို လူဦးရေ အချိုးအစားနှင့် ဘီလျံနာသူဌေးများ နှိုင်းယှဉ်ချက်တွင်လည်း ထိပ်ဆုံးနေရာမှ ရှိနေကြောင်း Sunday Times
သတင်းစာ၏ သုတေသန စစ်တမ်းက ဖော်ပြထားခဲ့သည်။ 
 
လန်ဒန်သည် ကမ္ဘာကျော် မြို့ကြီးများအနက် စူပါအဆင့် အချမ်းသာဆုံး ဘူမိနက်သန် နေရာတစ်ခုဟု သတင်းစာက ညွှန်းဆိုခဲ့သည်။ ဘဏ္ဍာရေးအရ ရုန်းကန်နေရသူ အများအပြား ရှိနေဆဲဖြစ်သည့် လန်ဒန်သည် ဒူဘိုင်းကဲ့သို့ ကျိကျိတက် ကြွယ်ဝသူ အများအပြား ရှိနေသည့် မြို့ကြီးများကို ကျော်ဖြတ်ကာ ထိပ်ဆုံးနေရာ ရောက်နေခြင်း အတွက်မူ မေးခွန်းထုတ်မှုများ ရှိနေခဲ့သည်။

ဗြိတိန်နိုင်ငံတွင် ဘီလျံနာ (၁၀၄)ဦးထိရှိပြီး (၇၂)ဦးက လန်ဒန်တွင် နေထိုင်ကြောင်း သိရသည်။ ဒုတိယနေရာတွင် ရုရှားနိုင်ငံ၏မြို့တော် မော်စကိုက ရပ်တည်နေပြီး ဒေါ်လာ(၁)ဘီလျံအထက် ကြွယ်ဝသူ (၄၈)ဦးထိ နေထိုင်သည်။ အမေရိကန်၏ စီးပွားရေး အချက်အခြာ မြို့တော်များဖြစ်သည့် နယူးယော့ခ်နှင့် ဆန်ဖရန်ဆစ္စကိုတို့ကမူ တတိယ၊ စတုတ္ထနှင့် ပဉ္စမ နေရာများ၌ ဘီလျံနာ အရေအတွက် (၄၃)ဦး၊ (၄၂)၊ (၃၈) ဦးစီဖြင့် အသီးသီး ရပ်တည်လျှက် ရှိသည်။ အာရှတိုက်မှ ဟောင်ကောင်ကမူ ဘီလျံနာ အရေအတွက် (၃၄)ဦး မှီခိုနေထိုင်ရာ မြို့တော်အဖြစ် ရှိနေသည်။

လန်ဒန်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းတွင် ဘဏ်လုပ်ငန်း၊ ရေနံလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်းများဖြင့်
အကြီးအကျယ် စီးပွားဖြစ် အောင်မြင်လျှက်ရှိသည့် အိန္ဒိယဖွား ဟင်ဒူဂျား ညီအစ်ကိုများက ပေါက်စတာလင် (၁၁.၉)ဘီလျံ ပိုင်ဆိုင်မှု ပမာဏဖြင့် ဦးဆောင်နေသည်။ 
 
ယူကရိန်းနိုင်ငံသား အေလီရှာ အူစမာနော့ဗ်မှာမူ ယူကရိန်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ရှယ်ယာတန်ဖိုး ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည့်နောက် လန်ဒန်၏ အချမ်းသာဆုံး စာရင်းတွင် ဒုတိယနေရာသို့ ဆင်းပေးခဲ့ရသည်။ ဗြိတိန်တစ်နိုင်ငံလုံးမှ ဘီလျံနာသူဌေး (၁၀၄)ဦးလုံး၏ စုစုပေါင်း ပိုင်ဆိုင်မှုသည် ပေါင်စတာလင် (၃၀၁.၁၃)
ဘီလျံထိ ရှိနေကြောင်းလည်း သိရသည်။

Planet Myanmar Network


လက်မှတ် တစ်စောင် ၁၅ သိန်းပေးရမည့် ကမ္ဘာ့နာမည်ကြီး ကိုရီးယား အဆိုတော်များပါသည့် ရှိုးပွဲ မြန်မာပြည်တွင် ပြုလုပ်တော့မည်

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_3185.html
 
 
 

လာမည့် ဇူလိုင်လ အတွင်းတွင် မြန်မာ နိုင်ငံ၌ လက်မှတ်ဈေးနှုန်း အမြင့်ဆုံးနှုန်းဖြင့် ရှိုးပွဲတစ်ခု ပြုလုပ်ကျင်းပရန်ရှိပြီး ကမ္ဘာ့ နာမည်ကြီး အဆိုတော်အဖွဲ့  လာရောက် ဖျော်ဖြေမည် ဖြစ်ကြောင်း ဘိုဘိုမြူးဇစ်အင်တာ တိန်းမန့် မှ ကိုဘိုစန်းက ပြောသည်။

ယင်း ဖျော်ဖြေပွဲကို ဘိုဘိုမြူးဇစ် အင်တာတိန်းမန့်မှ စီစဉ်ခြင်း ဖြစ်ပြီး ပွဲကျင်းပရန် ပါမစ်များလည်း ရနေပြီဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့က ဒီပွဲကို အစောကြီး ကတည်းက လုပ်ဖို့ စီစဉ်ထားတာပါ။ လော လောဆယ်ဆိုရင် ခုနစ်လပိုင်းလောက်ပေါ့ နော်။ လက်ရှိကမ္ဘာမှာ နာမည် အကြီးဆုံး အဖွဲ့ တစ်ဖွဲ့ ကို ခေါ်ထားပါတယ်။ ကိုရီးယား ကပဲ ဖြစ်မှာပါ။ 
 
ပါမစ် ကျပြီးပေမယ့် အာမခံတွေ စောင့်နေရသေးတယ်။ ပြည်တွင်း အဆိုတော် တွေလည်းပါမယ်။ ဒါကို ကျွန်တော်တို့ က လုပ်ပြချင်စိတ် တစ်ခုတည်းနဲ့ လုပ်မှာပါ။ လက်မှတ်ဈေးနှုန်းကတော့ ဈေးကြီးမယ်။ မထင်မှတ်ထားတဲ့ ဈေးနှုန်း ပေါ့၊ (၁၅) သိန်း လောက် မှန်းထားတယ်။ အခုက ပွဲကုန်ကျ စရိတ်ကိုတော့ တွက်နေတုန်းပဲ။ တစ်ရာမှာ (၉၉) ရာခိုင်နှုန်းက သေချာသွားပြီ။ အာမခံကြေး တွေ။ Sound System တွေက ရှိသေး တယ်။ အားလုံး ညှိပြီးရင် လုပ်မှာပါ ဟု ကိုဘိုစန်း ကပြောသည်။ဘိုဘိုမြူးဇစ် အင်တာတိန်းမန့်သည် ယခင်က လည်း ဂျပန်နိုင်ငံရှိ နာမည်ကြီး အကအဖွဲ့  ဖြင့် ပွဲစီစဉ် ကျင်းပခဲ့ခြင်း များ ရှိကြောင်း သိရသည်။

The Messenger



ကဆုန်လပြည့်နေ့ - Vesākha Day


ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို ကျောက်စာများအရ သိရှိကြပါတယ်။ ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး ကဆုန်စသော ကျန်ဝေါဟာရများမှာ ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများဖြစ်ကြပါတယ်။ ကုဆုန်နှင့် ကဆုန်တို့ရှိ ကု၊ က ပုဒ်တို့မှာ ကုတို့၊ ကုခန်း၊ ကစွန်း၊ ကညှို့၊ ကတောက် စသော ဝေါဟာရတို့ရှိ ကု၊ က ပုဒ်တို့ကဲ့သို့ “ရေ” ဟု အဓိပ္ပာယ်ရပါ တယ်။
စုန်မှ ဆင်းသက်လာသော ဆုန်မှာ သွန်းခြင်း၊ လောင်းခြင်း၊ ဖျန်းခြင်း အဓိပ္ပာယ်ရှိပါတယ်။ ထို့ကြောင့် ကဆုန်လ အဓိပ္ပာယ်မှာ ရေသွန်းသောလ၊ ရေလောင်းသောလ၊ ရေဖျန်းသောလ ဟုဆိုလိုပါတယ်။


မည်သည့် အရာများကို ရေသွန်းလောင်းသလဲ မေးလာလျှင်၊ ဗုဒ္ဓရှင်တော်မြတ်ဘုရား သစ္စာလေးပါး မြတ်တရားကို ပိုင်းခြား ထင်ထင် သိမြင်တော်မူရာ မဟာဗောဓိပင်ပွား ဗောဓိပင်များကို ရေသွန်းလောင်းခြင်း ဖြစ်ပါတယ်ဟု ဖြေရပါလိမ့်မယ်။
ကျွန်တော်တို့ ကိုးကွယ်နေကြသော ဂေါတမ ဘုရားရှင်သည် သုမေဓာ ရှင်ရသေ့ဘ၀တွင် ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှ “နောင်သောအခါတွင် ဘုရားစင်စစ် ဧကန်အမှန် ဖြစ်လိမ့်မည်” ဟု နိယတဗျာဒိတ်ကို ရရှိတော်မူခြင်းသည် ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ 
 
မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်၊ သောကြာနေ့မှာပင် ဘုရားအလောင်းကို ဖွားမြင်တော်မူခဲ့ပါသည်။ ဘုရားအလောင်းကို ဖွားမြင်တော်မူသည်နှင့် တပြိုင်နက် ယသောဓရာ မင်းသမီး၊ အာနန္ဒာမင်းသား၊ ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ ကဏ္ဍကမြင်း၊ ရွှေအိုးကြီးလေးလုံးနှင့် မဟာဗောဓိပင် ဟူသော ဖွားဖက်တော် ခုနှစ်ဦးတို့သည်လည်း ဖွားမြင်ဖြစ်ပေါ်လာကြပါတယ်။ မဟာဗောဓိ သည် မဇ္ဈိမဒေသ ဥရုဝေလတောတွင် ဘုရားရှင်တို့ ပွင့်တော်မူရာ ဗဟိုအချက်အချာ အောင်မြေအရပ်၌ ပေါက်လာခြင်း ဖြစ်ပါတယ်။
 
 မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ဘုရားအလောင်းသည် မဟာဗောဓိပင်ရင်း၌ သစ္စာလေးပါးကို ထိုးထွင်းသိမြင်၍ သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ထိုမဟာဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော် ခုနှစ်ဦးတွင် တဦးအပါအ၀င် ဖြစ်သည့်အပြင် ဗောဓိဉာဏ်ကို ရရှိရန် အားထုတ်တော်မူရာ၌ အသုံးပြုတော်မူသော အပင်ဖြစ်၍ ပရိဘောဂစေတီလည်း ထိုက်ပါတယ်။ 
 
ထို့ကြောင့် ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် ထိုဗောဓိပင်မှ ပင်ပွားများကို မိမိတို့ နိုင်ငံ၌ စိုက်ပျိုးကိုးကွယ် လေ့ရှိပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း ဗုဒ္ဓသာသနာ ရောက်ချိန်ကပင် စတင်၍ ဗောဓိပင်များကို စိုက်ပျိုးကိုးကွယ်ခဲ့ကြဟန် ရှိပါတယ်။ နွေရာသီ အလယ်ဗဟိုကျတော့ မြန်မာတို့၏ ကဆုန်လကား နေပူပြင်းလှပါတယ်။ “တန်ခူးရေကုန် ကဆုန်ရေခမ်း” ဆိုသလို ကဆုန်လတွင် အင်းအိုင်၊ ကန်ချောင်း၊ ရေနုတ်မြောင်းများ ခြောက်ခမ်း၍ ရေပြတ်လေ့ရှိပါတယ်။ ရေပြတ်၍ အပူချိန် ပြင်းခြင်းတို့ကြောင့် အချို့သစ်ပင် ပန်းပင်များမှာ နွမ်းခြောက် ပျက်စီးကြရပါတယ်။ 
 
ထိုအချိန်တွင် ရှေးမြန်မာတို့သည် မိမိတို့ အမြတ်တနိုး ကိုးကွယ်ထားကြသည့် မဟာဗောဓိညောင်ပင်များ ညှိုးနွမ်းပျက်စီးမည်ကို စိုးရိမ်ခဲ့ကြပါတယ်။ ဗောဓိပင်ဆိုသည်မှာလည်း အိန္ဒိယနိုင်ငံ၊ သီဟိုဠ်နိုင်ငံတို့ရှိ မူလဗောဓိပင်တို့မှ ဆင့်ပွားယူရသော အပင်မျိုးဖြစ်၍ ရှားပါးပင်မျိုးဖြစ်ပါတယ်။ 
 
ထို့ကြောင့် ရှေးခေတ် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ပူပြင်း၍ ရေပြတ်သော ကဆုန်လတွင် ဗောဓိပင်များကို မညှိုးမနွမ်း၊ လန်းဆန်းရှင်သန်စေရန်ဟူသော ဆန္ဒမွန်ဖြင့် ရေသွန်းလောင်း ပူဇော်ကြခြင်း ဖြစ်ပါတယ်။

ဤသို့ဖြင့် ဘုရားအလောင်းတော် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူလာခြင်း၊ မဟာဗောဓိပင် ပေါက်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း တို့သည် ကဆုန်လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။ ထို့ပြင်ကဆုန် လပြည့်နေ့မှာပင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ ဟု ရှေးပညာရှိတို့က ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ ။ ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

စာဖတ်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနှင့် မိမိတို့ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ…

https://www.facebook.com/World0fWisdom

......................အောင်ဦး.....................
http://www.dhammaratha.com/
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
...................................

ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၁) အလောင်းတော်သည် နောက်ဆုံးသောဘ၀၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။ (ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့စိတ် အထုံ လူ့ပြည်ကို ပါလာမယ် ။ အိမ်ထောင်ပြုမှာ မဟုတ်ဘူး ။ (တချို. အပျိုကြီး ၊ လူပျိုကြီး တွေလဲ ဗြဟ္မာပြည်က လာလို့ အိမ်ထောင်မပြုတာလို့ ပြောတာပဲ…ဤကားစာကြွင်း)

အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို တွေ့ဖို့ခက်မယ် လို့ ဆိုပါသည် ။

(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင်ဖွဲ့ခွေ၍ အရှေ့သို့ မျက်နှာမူပြီး နေပါသည် ။ (အလောင်းတော်တွေဟာ သာမန်လူ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါ။ အတည့်ပဲနေပါသည်။ မယ်တော်ရဲ. ၀မ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။ မယ်တော်ဟာ ကိုယ့်သားကို ဗိုက်ကနေ ကောင်းကောင်းမြင်နေရပါသည်။ ချင်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။)

(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားသည် ။ (ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါသည် ၊ နောက် (၇) ရက်မှာတော့ မိခင် ကံတော်ကုန်ရပါသည် ။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့်အတိုင်း မွေးမွေးခြင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါသည် ။ စောင့်ကြည့်နေကြသော နတ်၊ဗြဟ္မာတွေတောင် မျက်လုံးပြူးကုန်ကြသည်ဟု ဆိုသည်။(ဤကား။ အရှင် ဥာဏိသာရ၏ အဟော)

(၄) တောအရပ်၌သာ ဖွားတော်မူပါတယ်။

(၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို့ ခြေ (၇)လှမ်းကြွကာ…“ဤလောက၌ ငါသာ အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း ၊နောက်ထပ် ပဋိသန္ဓေ နေစရာ မလိုတော့ပြီ ”ဟု ကြုံးဝါးတော်မူပါသည်။ (ထိုကာလတွင် အကိုးကွယ်ခံ ဘ၀သို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟုဆို၏။ ဂေါတမ ဘုရားလောင်းသည် (၃) ဘ၀၌ ဖွားစမှာပင် စကားပြော၏။
မဟောသဓာ ၊ ဝေဿန္တရာ နှင့် နောင်ဆုံးဘ၀ -(သုခမှတ်စု)


World Of Wisdom


ပြည်တွင်း၌ နိုင်ငံခြားသားများက လိမ်လည်မှုနှင့် ခိုးမှုဖြစ်စဉ်များ ပိုမိုကျူးလွန်လာခြင်းကြောင့် သတိပြုရန် ရဲတပ်ဖွဲ့ပြောကြား


Written by:
ဝင်းမြင့်ကျော်
မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် နိုင်ငံခြားသားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စစ်ဆေးနေစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ပြည်တွင်းသို့ဝင်ရောက်လာသည့် နိုင်ငံခြားသားအရေအတွက်မှာ ယခုနှစ်ကာလအတွင်း ပိုမိုဝင်ရောက်လာခြင်းနှင့်အတူ နိုင်ငံခြားသားအချို့ လိမ်လည်မှုနှင့် ခိုးမှုများ ကျူးလွန်လာမှုများကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် လောဘမကြီးရန်နှင့် အထင်မကြီးရန် လိုအပ်နေသည်ဟု ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၏ အဆင့်မြင့်ရဲအရာရှိများက မေ ၁၂ ရက်တွင် သုံးသပ်ပြောကြားခဲ့သည်။
 
ပြည်တွင်း၌ နိုင်ငံခြားသားအချို့အနေဖြင့် လိမ်လည်မှုအများစုမှာ စီးပွားရေးအကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ယုံကြည်အောင် ပြောဆိုဆောင်ရွက်ပြီး လိမ်လည်မှု၊ တန်ဖိုးကြီး စိန်ထည်၊ ရွှေထည်နှင့် ကျောက်မျက်ရတနာများကို ခိုးယူမှုများဖြစ်ပွားနေကြောင်း သိရသည်။
 
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က “အခုဖြစ်ပွားနေတဲ့ နိုင်ငံခြားသားတွေက လိမ်လည်တဲ့အခါမှာ အမြတ်အရမ်းလိုချင်တဲ့သူတွေကို မက်လုံးပေးပြီးတော့ လိမ်လည်တာတွေရှိတယ်။ ဆိုင်ပိုင်ရှင်တွေနဲ့ ဈေးရောင်းတဲ့သူတွေကလည်း နိုင်ငံခြားသားတွေက မခိုးလောက်ဖူးဆိုပြီးတော့ အထင်ကြီးနေတာတွေရှိတယ်။ သူတို့ဆိုရင် ပစ္စည်းတွေရောင်းရပြီဆိုပြီးတော့ ထင်ကြတယ်။ အဲဒီအခြေအနေတွေကို အခွင့်ကောင်းယူပြီးတော့ လိမ်လည်သွားတာတွေ၊ ခိုးယူတာတွေ အများအပြားဖြစ်လာတယ်။ အခုနှစ်ပိုင်းမှာ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံသားအချို့က လိမ်လည်ခိုးယူမှုဖြစ်စဉ်တွေရှိလာတယ်” ဟု မေ ၁၂ ရက်တွင် သုံးသပ်ပြောကြားခဲ့သည်။
 
နိုင်ငံခြားသားများမှ လိမ်လည်သွားသည့် ဖြစ်စဉ်တစ်ခုမှာ ဧပြီ ၉ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် Junction Square ရှိ Rose Mary စိန်ရွှေရတနာဆိုင်မှ ပါကစ္စတန်နိုင်ငံသားနှစ်ဦးက စိန်ထည်ပစ္စည်းများအား ကြည့်ချင်ယောင်ဆောင်ပြီး ကျပ် ၁၁၈ သိန်းတန်ဖိုးရှိ အသည်းပုံ စိန်လော့ကတ်တစ်ခုနှင့် ငွေကျပ် ၉၆ သိန်းကျော်တန်ဖိုးရှိ မိုးစက်ပုံ စိန်လော့ကတ်တစ်ခုတို့အား ခိုးယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
 
“ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံခြားသားတွေထဲမှာ ကောင်းတဲ့သူတွေရော မကောင်းတဲ့သူတွေရှိပါတယ်။ မဖြစ်နိုင်တဲ့အလုပ်တစ်ခုကို အမြတ်အစွန်းအများကြီးရမယ်ဆိုပြီးတော့အတွက် လိမ်လည်သွားတာတွေလည်းရှိတယ်။ ဘယ်အလုပ်ကိစ္စမဆို သေသေချာချာ ဆွေးနွေးစုံစမ်းပြီးတော့ လုပ်သင့်ပါတယ်။ နိုင်ငံခြားသားတွေဆိုပြီးတော့ ယုံကြည်မှုကို အလွန်အကဲမပေးသင့်ပါဘူး။ အခုပြစ်မှုကျူးလွန်ပြီးတော့ မမိသေးတဲ့ဖြစ်စဉ်တွေကိုလည်း ဖော်ထုတ်ဖို့အတွက် အင်တာပိုနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အေးက မေ ၁၂ ရက်တွင် ပြောကြားသည်။
 
၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ဒဂုံမြောက်မြို့နယ်နေ ဦး…. (၄၉) နှစ်အား ဂါနာနိုင်ငံသားသုံးဦးက ပူးပေါင်းကာ ဟိုတယ်လုပ်ငန်း အကျိုးတူဆောင်ရွက်လိုကြောင်း ဆက်သွယ်ပြောဆိုပြီး အမေရိကန်ဒေါ်လာ ၄၆၀၀ အား လိမ်လည်မှု၊ ထို့အပြင် လုံခြုံရေးစနစ်အရ ထည့်သွင်းထားသော ဒေါ်လာများအား အများပြည်သူသုံးစွဲနေသည့် အနေအထားရောက်ရှိရန်အတွက် ဓာတုဆေးရည်ဖြင့် ဆေးကြောရမည်ကြောင်း ထပ်မံပြောဆိုပြီး အမေရိကန်ဒေါ်လာ ၅၀၀၀၀ အား ထပ်မံလိမ်လည်ရယူသွားမှု ဖြစ်ပွားခဲ့သည်။
 
၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် လည်း ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ နေလ၀န်းရတနာပစ္စည်းဆိုင်မှ တရုတ်နိုင်ငံသားနှစ်ဦးက ကျပ်သန်း ၂၀ တန်ဖိုးရှိ စိန်အလွတ်နှစ်ပွင့်အား ခိုးယူခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီးအောင်မြတ်မိုးက ” ပြီးခဲ့တဲ့နှစ်က ပြည်တွင်းကို နိုင်ငံခြားသားဦးရေ နှစ်သန်းကျော်လောက် ၀င်ရောက်ခဲ့တယ်။ ဒီနှစ်မှာ ဦးရေသုံးသန်းလောက် မှန်းထားတယ်။
ရဲတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံခြားသားတွေကို ဖော်ရွေ ဖို့၊ ကူညီစောင့်ရှောက်ဖို့မှာထားတယ်။ ဒီလိုတစ်ဆက်တည်းမှာပဲ လေဆိပ်မှာ နိုင်ငံခြားသားတွေခိုးယူလာတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို စစ်ဆေးတွေ့ရှိရတယ်။ ဟိုတယ်အခန်းခတွေကိုလည်း အပြည့်အ၀မရှင်းဘဲနဲ့ ရှောင်ပြေးသွားတာတွေ စတဲ့မှုခင်းဖြစ်စဉ်တွေ တဖြေးဖြေးဖြစ်လာတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ သတိထားပြီးတော့ ဆောင်ရွက်မယ်ဆိုရင် နစ်နာမှုမရှိနိုင်ဘူး။ အိမ်ရှင်ဖြစ်တဲ့အတွက် ကူညီရမယ်ဆိုပေမဲ့လည်း ဧည့်သည်တွေက အိမ်ရှင်တွေကို မစော်ကားသင့်ပါဘူး” ဟု ပြောကြားခဲ့သည်။
 
ယင်းကဲ့သို့ နိုင်ငံခြားသားနှင့် ဆက်စပ်မှုခင်းများ ဖြစ်ပွားလာမှုကြောင့် ပညာပေးဆွေးနွေးဟောပြောမှုများ ပြုလုပ်ရာတွင် ထည့်သွင်းဟောပြောမှုများ ပြုလုပ်လာရကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြောကြားခဲ့သည်။
 
“ကျွန်တော့်ပြည်နယ်မှာတော့ လုပ်ငန်းရှင်တွေအနေနဲ့ ထွက်ရှိတဲ့ငါးတွေကို ပြည်တွင်းမှာပဲ ရတဲ့ဈေးနှုန်းနဲ့ ညှိနှိုင်းပြီးတော့ ရောင်းချဖို့ပြောထားတယ်။ ဆက်စပ်တဲ့နိုင်ငံတွေကို တင်ပို့ရောင်းချမယ်ဆိုရင်တော့ တရားဝင်စာချုပ်စာတမ်းတွေပြုလုပ်ဖို့ ပြောထားပါတယ်။ နိုင်ငံခြားသားအချို့က တရားဝင်ကိုယ်စားလှယ်ဆိုပြီး စာရွက်စာတမ်းအတုပြုလုပ်ကာ လိမ်လည်မှုတွေရှိလာတယ်” ဟု ရဲမှူးကြီး ကြည်လင်းက ဆက်လက်ပြောကြားခဲ့သည်။
 
မှုခင်းဖြစ်စဉ်များအား ဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေရန် အများနှင့်ဆိုင်သောနေရာများတွင် စီစီတီဗွီများတပ်ဆင်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ သိရသည်။

News Eleven

UKမှာ ကျင်းပတဲ့ ပထမဆုံးအကြိမ် အ၀တ်မပါ ဗလာ ပင်ပေါင်ရိုက်ပြိုင်ပွဲ


ပထမဆုံးအကြိမ် အိမ်ရှင် အဖြစ် လက်ခံကျင်းပတဲ့ ပင်ပေါင်ရိုက်ပြိုင်ပွဲ ကတော့ တကယ့်ကို ထူးခြားပါတယ်။ အကြောင်းကတော့ ပြိုင်ပွဲဝင် အမျိုးသား/သမီးတွေကို သူတို့ရဲ့ မွေးနေ့နဲ့ အသင်းခွဲထားပြီး အ၀တ်မ၀တ်ရဘဲ ကိုယ်တုံးလုံးချွတ်ကာ ပါဝင် ယှဉ်ပြိုင်စေခြင်း ဖြစ်ပါတယ်။


၁၉၀၁ခုနှစ် စားပွဲတင် တင်းနစ်ကို တီထွင်ခဲ့တဲ့ နေရာမှာပဲ တည်ထောင်ထားတဲ့ Bounce မှ ၀န်ထမ်းတစ်ဦးက sexy ကျတဲ့ မော်ဒယ်လ် ၇ ဦးကို “anything goes ” ဆိုတဲ့ အသစ်စက်စက် သီးသန့်ခန်းမှာ လာရောက် ကစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အဆိုပါ သီးသန့်ခန်းဟာ စတုရန်းပေ တစ်သောင်းနှစ်ထောင့်ငါးရာ ကျယ်ဝန်းပြီး မည်သူမဆို စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။ ပါဝင်ယှဉ်ပြိုင်လိုသူတွေကိုတော့ အ၀တ်အစားချွတ်ဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။

အဆိုပါ နေရာဟာ ဥရောပရဲ့ ပထမဆုံး social ping-pong အသင်း ဖြစ်လာခဲ့ပြီး  Farringdon နဲ့ Chancery Lane ဘူတာကနေ ၂မိနစ် လမ်းလျှောက်နိုင်တဲ့ အကွာအဝေးမှာ ရှိပါတယ်။

၂၀၁၂ခုနှစ် အိုလံပစ်ပြိုင်ပွဲ ပုံစံ အပါအ၀င် ပင်ပေါင်စားပွဲ ၁၇ခု ရှိပြီး ဧည့်သည် ၁၃၀ ထိုင်နိုင်တဲ့ စားသောက်ဆိုင်ပုံစံ သဖွယ် Bounce ကို မွမ်းမံခဲ့ပြီး ထူးခြားဆန်းပြားစေခဲ့ပါတယ်။

ကစားတဲ့နေရာ တ၀ိုက်ကိုတော့ ပေ ၄၀ အရှည်ရှိတဲ့ ဘားတစ်ခုနဲ့၊ ၇ပေ အကျယ်ရှိတဲ့ ထင်းမီးသီး ပီဇာဖုတ်စက်တစ်ခုတို့နဲ့ ၀ိုင်းရံထားပါတယ်။

ကစားသူများ အနေနဲ့ နာမည်ကြီး သရုပ်ဆောင်များ ဖြစ်တဲ့ ဂျနီဖာလောရန့်စ်၊ ဂွင်းနက်ပထရို၊ ပီပါမစ်ဒယ်လ်၊ ကယ်ဗင်စပေ့စ် (သို့) အယ်လီမက်ဖာဆန် တို့ကိုလည်း တွေ့နိုင်ပါတယ်။ သူတို့အားလုံး ဒီနေရာကို လာလည်ဖူးတယ်လို့လည်း သိရပါတယ်။






ref: mirror.co.uk 

World-Myanmar News


ဘီးပေါက်လျှင် မတိမ်းမှောက်စေဖို့


အဝေးပြေးလမ်းများတွင် ကားတာယာရုတ်တရက် ပွင့်/ပေါက်ခြင်းသည် ယာဉ်မောင်းများအတွက် အသက်အန္တရာယ်များဆုံး မတော်တဆဖြစ်ရပ်များတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။ HILUX SURF, PRADO, LAND CRUISER စသော 4×4 SUV အမြင့်ကားများအတွက် အဆိုပါတာယာပွင့်ခြင်းများ ပို၍ဆိုးပါသည်။ အခြားကားများ တာယာပွင့်လျှင် ထိန်း၍ရနိုင်သောလည်း 4×4 SUV အမြင့်ကားများ တာယာပွင့်လျှင် တိမ်းမှောက်ရန် ၉၀% သေချာသည်။


ယခုခေတ် အဆင့်မြင့် နည်းပညာများကြောင့် တာယာပွင့်ထွက်မှု အကြိမ်ရေလျော့နည်း လာသော်လည်း ယာဉ်မောင်းများ၏ အသက်အန္တရာယ်ကို ချိန်းခြောက်ဆဲဖြစ်သည်။ ထို့ကြောင့် “ရုတ်တရက်တာယာပွင့်ခဲ့လျှင်´´ဆောင်ရွက်ရန် အောက်ပါအချက်(၆)ချက်ကို အကြံပြုအပ်ပါသည်။

၁။ (အကောင်းဆုံးစည်းကမ်း) စိတ်ချရသော သတ်မှတ်အရှိန်နှုန်းအောက်တွင်သာ မောင်းနှင်ပါ။

တာယာပွင့်စဉ် အရှိန်လျော့နည်းလေ သင့်အသက်ရှင်ရန် အခွင့်အလမ်းများလေ ဖြစ်သည်။ 80 မှ 90 km/h နှင့် 120 မှ 140 km/h အရှိန်နှုန်းနှစ်ခုအနက် အသေအပျောက်အချိုးမှာ (၁း၁၀) ဖြစ်ပါသည်။ 130km/h အရှိန်နှင့် မောင်းစဉ် တာယာပွင့်၍ သင်ဘာမှမဖြစ်လျှင် မဟာကံထူးရှင်ဖြစ်သည်။

၂။ တာယာပွင့်စဉ် ဘရိတ်ရုတ်တရက်မနင်းရ

အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ ယာဉ်မောင်း၏အလေ့အထနှင့် ဦးနှောက်အယူအဆအရ ကားရုတ်တရက် တစ်ခုခုချို့ယွင်းသည်နှင့် ဘရိတ်အုပ်မိတတ်ကြပါသည်။ ကားတာယာပွင့်၍ ထိန်းသိမ်းရခက်နေစဉ် ရုတ်တရက် ဘရိတ်အုပ်ခြင်းသည် ပိုမို၍ ထိန်းရခက်စေပြီး တဘက်သို့ ဆွဲချသွားလိမ့်မည်။

၃။ ရုတ်တရက်အရှိန်မြှင့်ခြေနင်း(လီဗာ)ကိုမလွှတ်ရ

ကားတာယာပွင့်စဉ် မိမိနင်းထားသော လီဗာကို ရုတ်တရက် မလွတ်ဘဲ ဖြေးညင်းစွာလျှော့ချရန် ဖြစ်ပါသည်။ လီဗာကို (၃)စက္ကန့်ခန့် ယခင်အတိုင်း ဆက်နင်းထားပြီးမှ ဖြည်းဖြည်းလျှော့ချပါ။ ပွင့်နေသော တာယာခွေ၏ ဆွဲအားကြောင့် ကားမှာလည်း အလိုလိုအရှိန်လျော့သွားမည် ဖြစ်ပါသည်။ သင့်ကား၏ CRUISE CONTROL (အလိုအလျောက်မောင်းစနစ်) ခလုတ်ဖွင့်ထားလျှင် အမြန်ပိတ်ပါ။

၎။ ရှေ့တည့်တည့်သွားရန် အကောင်းဆုံး ကြိုးစားထိန်းပါ

ရှေ့ကားဘီးပွင့်ပါက သင့်ကား၏ တည်ငြိမ်မှုကို အပြင်းထိန်ဆုံး ထိခိုက်မည်ဖြစ်ရာ သင့်ကား၏ ၀ဲ/ယာသို့ ဆွဲချမည်ဖြစ်သည်။ `၀ဲ´သို့ဆွဲလျှင် `ယာ´ဘက်သို့ စတီယာရင် ချိုးချပါ။ `ယာ´သို့ဆွဲလျှင် `၀ဲ´ဘက်ချိုးချပါ။ ဤအလုပ်ကို လျင်မြန်စွာနှင့် ရဲရင့်စွာလုပ်ရန်လိုပါသည်။ သို့မှသာ ကားမှာ လမ်းအတိုင်း တည့်တည့်တရွတ်တိုက် ရွေ့မည်ဖြစ်သည်။

၅။ သွေးမပျက်ဘဲ တည်ငြိမ်စွာထိန်းရန်

အဓိကအချက်ဖြစ်သော ကား၏တည်ငြိမ်မှု၊ တည့်တည့်သွားမှုသည် အရေးကြီးပါသည်။ ရုတ်တရက် အများကြီး စတီယာရင်ချိုးကွေ့မှုသည် ကားကို တိမ်းမှောက်ပြီး၊ သုံး/လေးပတ်လိမ့်စေနိုင်သည်။ ကားကိုထိန်းချုပ်နိုင်သည်အထိ စတီယာရင်ကို လိုသလိုထိန်းညှိ၍ စိတ်ချသောနေရာတွင် ရပ်ရန်ဖြစ်ပါသည်။

၆။ ကားအရှိန်လျော့လာပြီး စိတ်ချစွာရပ်နည်း

ကားကို ပထမအဆင့်ထိန်း၍ ရပြီဆိုလျှင် ဂီယာဒေါင်း၍ အရှိန်လျှော့ပါ။ (Auto Gear ဆိုလျှင် 2/L သို့ ဆွဲချပါ)။ အချက်ပြမီးပြပြီး အမြန်လမ်းပေါ်မှ ဘေးမြေသားပေါ်သို့ဆင်းပါ။ တာယာကျွတ်သွား၍ ကျန်သောကားဘီးခွေကို မနှမြောပါနှင့် ဒီတိုင်းဆက်မောင်းပါ။ ကားရပ်သွားလျှင် စုံအချက်ပြမီး (Hazard Light) ဆက်ဖွင့်ထားပါ။

  Pyi Sae

World-Myanmar


ရန်ကုန်-နေပြည်တော် အမြန်လမ်း (၁၉၇)မိုင်တွင် ရာဇာမင်း ခရီးသည်တင်ယာဉ် မီးရထားခုံးကျော်တံတားအောက်ထိုးကျ၊ ယာဉ်ပေါ်ပါသည့် ခရီးသည် (၁၄) ဦး သေဆုံးကာ (၃၀) ဦး ဒဏ်ရာရ (ရုပ်သံ)


ရန်ကုန်-နေပြည်တော် အမြန်လမ်း (၁၉၇)မိုင်တွင် ရာဇာမင်း ခရီးသည်တင်ယာဉ် မီးရထားခုံးကျော်တံတားအောက်ထိုးကျ၊ ယာဉ်ပေါ်ပါသည့် ခရီးသည် (၁၄) ဦး သေဆုံးကာ (၃၀) ဦး ဒဏ်ရာရ

Eleven Media Group


 
 
 

မြီးကောင်ပေါက် အရွယ်နဲ့ မျိုးဆက်ပွား ကျန်းမာရေး - အမရာ (ဆေး ၁)



အမျိုးသမီးတွေကို အကြမ်းဖျင်းအားဖြင့် အရွယ် ၃ ပိုင်း ခွဲပြီး သတ်မှတ်ပါတယ်။ လူမှန်းသိတတ်စ အရွယ် ကနေ ဆယ်ကျော်သက် မြီးကောင်ပေါက်အထိ ပထမအရွယ်၊ ဆယ်ကျော်သက်အရွယ်ကနေ အနည်းငယ် တည်ငြိမ်စ ပြုလာပြီဆိုရမယ့် လူလတ်ပိုင်းအရွယ်၊ ဒီနောက်တော့ လောကရဲ့ အထုအထောင်း အစမ်း အသပ် အရိုက် အခတ်များနဲ့ နေသားကျချိန် တတိယအရွယ်ဆိုပြီး အကြမ်းဖျင်းအားဖြင့် ခွဲခြားပြီး အရွယ် ၃ ပါးအလိုက် ကျန်းမာရေး အခြေခံဗဟုသုတလေးတွေကို ဆွေးနွေးပြောပြချင်ပါတယ်။

မိန်းကလေးတွေဟာ ငယ်စဉ်ကလေးဘဝကနေ ဆယ်ကျော်သက်အရွယ်အပိုင်းအခြားမှာ ကိုယ်ခန္ဓာ တည်ဆောက်ပုံရော၊ ဇီဝကမ္မ ဖြစ်စဉ်တွေမှာရော တဖြည်းဖြည်း ဖွံ့ဖြိုးပြောင်းလဲလာကြပါတယ်။ ဒီ အပြောင်းအလဲတွေဟာ ခန္ဓာကိုယ်ရဲ့ ဦးခေါင်းပိုင်း ထဲက ဦးနှောက်အတွင်းမှဟော်မုန်းများ အချိန်ကိုက် ထွက်ရှိလာမှုကြောင့်ဖြစ်ပါတယ်။

အဲဒါကို လူတွေက “ကြီးကောင်ဝင်လာပြီ”လို့ ခေါ်ဝေါ်သမုတ်ကြရင်း မိန်းကလေးငယ်လေးဟာ ကလေးဘဝကနေ ဆယ်ကျော်သက်အရွယ်သို့ တစတစနဲ့ ချဉ်းနင်းဝင်ရောက် လို့ လာပါတော့တယ်။

မိန်းကလေးများရဲ့ ပြင်ပခန္ဓာကိုယ် ပြောင်းလဲမှု မှာ ရင်သားဖွံ့ထွားလာတာတွေ၊ တင်ပါးလေး ဝိုင်းစွင့် ကားလာတာတွေ တွေ့မြင်နေရသလို ကိုယ်ခန္ဓာ အတွင်းပိုင်း မိန်းမ မျိုးပွားအင်္ဂါများဟာလည်း မဟော်မုန်း များရဲ့ အချိုးညီညီ လှုံ့ဆော်မှုတွေကြောင့် တချိန်မှာ လူသားမျိုးနွယ်ဆက် ပြန့်ပွားရေး တာဝန်အတွက် စတင်ပြင်ဆင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။

မိန်းကလေးတွေ အပျိုဖော် ဝင်ပြီလို့ တိတိ ကျကျ ပြောနိုင်တဲ့ဖြစ်ရပ်ကတော့ ဓမ္မတာသွေး စပေါ်ခြင်းပါပဲ။ အပျိုဖော်ဝင်ပြီလို့ ပြောနိုင်ဖို့ မိန်းကလေးအင်္ဂါဇာတ်မှ ရာသီသွေးဆင်းခြင်းရှိရပါမယ်။ ပထမ ဆင်းစကာ လ တွေမှာ ပုံမှန် တလတခါ ဆင်းချင်မှ ဆင်းတတ်ပြီး တလဆင်းလိုက် နှစ်လလောက် ပျောက်လိုက်၊ တခါ ပြန်ဆင်းလိုက် သုံးလေးလ ပျောက်လိုက်လည်းဖြစ်တတ်ပါသေးတယ်။ ငယ်ရွယ် သေးပေမယ့် ပုံမှန် ဟုတ် မဟုတ် စစ်ဆေးပြီး ဘာ ထူးခြားချက်မှ မရှိပါက အလွန်အမင်း စိုးရိမ်စရာမလိုပါ။

ပုံမှန် ဟုတ်မဟုတ် ဆိုတာက ရာသီသွေးမဆင်း ရခြင်း အကြောင်းရင်းတွေမှာ မူလ ရာသီမဆင်းခြင်း နဲ့ ဒုတိယ အကြောင်းများအရ ရာသီမဆင်းခြင်းရယ် လို့ နှစ်ပိုင်းခွဲနိုင်တဲ့အနက် မူလ ရာသီသွေး မဆင်းခြင်း ကတော့ မိန်းကလေး အသက်အတန်ကြီးလာသည့် တိုင်အောင် (ဥပမာ - အသက် ၁၈ နှစ်၊၂၀ နှစ် အရွယ်ရောက် သည့်တိုင်အောင်) သူများတန်းတူ တခါမှ ရာသီမဆင်းတာမျိုးကိုခေါ်ပြီး ဒါမျိုးမှာ အဖြစ်များ တာကတော့ ဟော်မုန်းထွက်ရှိခြင်းဆိုင်ရာ ချို့ယွင်းချက်များကြောင့် ပိုဖြစ်တတ်ပါတယ်။

အချို့ ရှားပါးစွာတွေ့ရတာကတော့ မွေးရာပါ မျိုးပွားအင်္ဂါ ချို့ယွင်းချက်များပါလာလို့လည်း ဖြစ်နိုင်ပါတယ်။ အချို့မှာတော့ ရာသီတောင် မဆင်းရ သေးဘဲ အနေအထိုင်မှားလို့ ကိုယ်ဝန် တန်းရှိသွားတာမျိုးလည်း ဖြစ် တတ်ပါသေးတယ်။

မူလက ပုံမှန်ရာသီသွေးဆင်းပြီးကာမှ အခြား အကြောင်းများကြောင့် ရာသီ ထိမ်သွားတာမျိုးကိုတော့ ဒုတိယ အကြောင်းများကြောင့် ရာသီမဆင်းခြင်းအနေနဲ့ တွေ့ရတတ်ပါတယ်။ အလွန်များပြား စွာတွေ့ရ တတ်တဲ့ အကြောင်းတွေအနက် အရေးကြီးဆုံး ဖြစ်တဲ့ အရွယ် မတိုင်မီ ကိုယ်ဝန် ဆောင်ရခြင်းကြောင့် ဟုတ်မဟုတ် ကိုတော့ အထူး အလေး ပေး စစ်ဆေးရမှာ ပါ။ ဒါ မဟုတ်ဘူး ဆိုရင်တော့အများ ဆုံးဖြစ် တတ်တာက မ သားဥအိမ်မှ သားဥြွေကချိန်မမှန်သေး တာကြောင့်ရယ်၊ သားဥ ကြွေခြင်းမရှိတဲ့ ရာသီ ဆင်းခြင်းကြောင့်ရယ် ရာသီဆင်းချိန်မမှန် ဖြစ်တတ်ပါတယ်။

အများအားဖြင့် ရာသီသွေး စဆင်းပြီး တနှစ်ကျော်လောက်အထိ ကျောင်းသူအရွယ်လေးတွေမှာ လာလိုက် မလာလိုက် ဖြစ်တတ်ကြပါတယ်။ အချို့လည်း နှစ်နှစ်ကျော်အထိ ပုံမှန်မဆင်းတတ်ကြတာ ရှိပါတယ်။

အရေးကြီးတာကတော့ အညွန့်တလူလူ နဲ့ အနာဂတ်ဘဝခရီးရှည်လျှောက်ဖို့ စတင်တဲ့ ဒီ ပထမအရွယ်မှာ လင်ယူသားမွေးကိစ္စတွေ့ကြုံပြီး၊ ပန်းကောင်းအညွန့်ကျိုး မဖြစ် ရစေဖို့ အုပ်ထိန်းသူများအနေနဲ့ သတိပြု ရမှာ ဖြစ်သလို ကာယကံရှင် သမီးလေးတွေအနေနဲ့လည်း ကိုယ့်ဘဝရေစုန် မမျောရအောင် တွေ့ရတတ်တဲ့ အန္တရာယ်တွေကို ရှောင်နိုင်ဖို့ အတွက် ကိုယ်ခန္ဓာရဲ့အခြေခံ ကျန်းမာရေး အချက်အလက် တွေကို မှန်မှန် ကန်ကန် သိဖို့ လိုပါတယ်။

ကောင်းပြီ..။ ဒါဆိုရင် ရာသီသွေး ဆင်းတယ်ဆိုတာ ဘာလဲ၊ ဘာလို့ ဆင်းရတာလဲ၊ ရာသီမဆင်းရင် ကိုယ်ဝန် ရှိတာဖြစ်နိုင်တယ်လို့ ဘာကြောင့်ပြောတာလဲ၊ ကိုယ်ဝန်ဆိုတာ ဘယ်လိုနည်းနဲ့ ရှိနိုင်တာလဲ၊ မိန်းကလေးများ ဟာ ယောကျာ်းလေးများနဲ့ ကွဲပြားစွာဘာကြောင့်ကိုယ်ဝန် ဆောင်ရတာလဲ၊ ဒါတွေကို အကြမ်းမျှသိထားရမှာပါ။

စောစောကပြောခဲ့သလို မိန်းကလေးများမှာ အရွယ်ရောက်ခါနီးပြီဆိုရင် ကိုယ်ခန္ဓာအစိတ်အပိုင်းများ မှ ဟော်မုန်းများ ထွက်ပြီး မမျိုးဥ အိမ်လေးများ ထဲမှ သားဥလေးတွေ ရင့်မှည့်လာပါတယ်။ ထို့အတူပဲ သား အိမ်နံရံ အမြှေးလေးတွေမှာ အပေါ်ယံနှစ်လွှာ က သွေးကြော၊ ပြန်ရည်ကြောလေးများပြည့်ဝနေတဲ့ အလွှာများအဖြစ် ထူထဲမြင့်တက်လာပါတယ်။

မိန်းကလေးများရဲ့ ကိုယ်ခန္ဓာအောက်ပိုင်းဝမ်း ဗိုက်အတွင်း ဆီးစပ်နားမှာ အလယ်ကသားအိမ်လေး တခုနဲ့ သူ့ဘေးမှာ တွဲလျက် သားဥြွပန် ၂ ခု ပါရှိပါတယ်။ အဲဒီ သားဥြွပန်လေးတွေ အဆုံးတဖက်မှာ သားဥ အိမ်လေး တခုစီ တည်ရှိပါတယ်။

အဲဒီ သားဥအိမ်လေးတွေထဲက သားဥလေး တွေြွေကကျလာတဲ့အခါ သားဥြွပန်လေးတွေ အဆုံးမှာရှိတဲ့ အမျှင်လေးတွေက မသားဥလေးကို လက်တံများသဖွယ် ဖမ်းယူဆွဲခေါ်ပြီး မ သားဥလေးဟာ သားဥြွပန် တလျှောက် ရွေ့ လျားကာ သားအိမ်ထဲ ရောက်ရပါတယ်။ အဲဒီလို ရွေ့လျားချိန်ဟာ ပျမ်းမျှ နှစ်ရက်မှသုံး ရက်ကျော် ကြာတတ်ပါတယ်။ အဲဒီ နောက်တော့ မသားဥလေးဟာ သားအိမ်ထဲ ရောက်သွားကာ ထိုမှ တဆင့် ထူထဲနေတဲ့သားအိမ်နံရံအလွှာ များနဲ့တကွ ကိုယ်ခန္ဓာအပြင်သို့ လျှောကျ ပျက်စီး သွားရပါတယ်။ သားအိမ်နံရံမှ သွေးကြောလေးများစွာ ပါရှိနေတဲ့ အလွှာတွေ ကွာကျတာမို့ မိန်းမကိုယ် အဝကနေ သွေးများ ဆင်းသကဲ့သို့ ဖြစ်ပြီး အဲဒါကို ရာသီဆင်း တယ်လို့ ခေါ်ကြတာပါပဲ။ ဒါက မသားဥလေးဟာ ဖိုသုက်ပိုးနဲ့ မတွေ့ရတဲ့ အတွက် သန္ဓေ မအောင်ဘဲ သက်တမ်းစေ့ပြီး လျှောကျတာကို ပြောတာပါ။

အကယ်၍ မသားဥ လေးဟာ ဖိုသုက်ပိုးနဲ့ တွေ့ပြီး ပေါင်းစပ် သန္ဓေ အောင်သွားခဲ့ရင် သန္ဓေအောင်ပြီးတဲ့ သားဥလေးဟာ သားအိမ် နံရံမှာ ထူထဲစွာ မြင့် တက် နေ တဲ့ အလွှာလေးတွေ ထဲကသွေး ကြောပြန်ရည် ဂလင်းများအာ ဟာရများ အထောက်အပံ့နဲ့ ဆက်လက်ရှင်သန် ကြီးထွားတော့မှာမို့ သားအိမ်နံရံက အလွှာတွေ မကွာကျဘဲ ရာသီသွေးအဖြစ်လည်း မဆင်းနိုင်တော့ပါဘူး။

ဒါကြောင့် ရာသီသွေးမဆင်းရခြင်း အကြောင်း ရင်းများအနက် ကိုယ်ဝန်တည်သွားလို့လားဆိုတာ မဖြစ်မနေ စစ်ဆေးကြည့် ရမှာပါ။ ဒါကိုတော့ ရာသီ ရက်လွန်ပြီး တပတ်၊နှစ်ပတ်လောက်မှာပဲ ဆီးစစ်တံနဲ့ စစ်ဆေး သိရှိနိုင်ပါတယ်။

သားအိမ်နံရံကို သန္ဓေအောင်ပြီး သားဥလေး စတင်ထိုးဖောက် ခြေကုပ်ယူချိန်ကစလို့ ကလေး အချင်း မဖြစ်ပေါ်မီ သုံးလခန့်လောက်အတွင်းမှာ အဲဒီ ဆီးစစ်တံနဲ့ စစ်ဆေးသိရှိနိုင်ပါတယ်။ ဒါက ရာသီမဆင်းဘဲ ကိုယ်ဝန်ရှိသွားတဲ့ အခြေအနေပါ။

မသားဥလေြးွေကပြီး သားဥြွပန်တွင်းမှာ ရွေ့ လျားနေချိန်မှာ အပျိုလေးတယောက်အနေနဲ့ အနေ အထိုင် ပိရိ၊ စည်းကမ်းရှိရပါတယ်။ ဒီအချိန်မှာ ဆန့်ကျင်ဘက်လိင်နဲ့ မှားယွင်းမိတာနဲ့ တပြိုင်နက် လိင်ဆက်ဆံရာ ကတဆင့် ဖိုသုက်ပိုးတွေဟာ မိန်းမ ကိုယ်အဝကနေ လာနိုင်ပြီး၊ သားဥြွပန်တလျှောက် သက်တမ်းမ ကုန်သေးတဲ့ မသားဥ (သို့)ြွေကကျလာ မယ့် မသားဥနဲ့ တွေ့ဆုံ သန္ဓေအောင်ပြီး ကိုယ်ဝန် အဖြစ် ဆက်လက်တည်ရှိသွားနိုင်ပါတယ်။ အချိန် မတန်မီ ကိုယ်ဝန်ရှိသွားမယ့် အန္တရာယ်ဟာ မိန်း ကလေး ငယ်ငယ်အတွက်တော့ ဘဝ ရေစုန် မျောရမယ့် အန္တရာယ်ပါပဲ။

ဒါနဲ့ တဆက်တည်း လိင်ဆက်ဆံဖော်ယောကျာ်း မှာ ရှိနိုင်တဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါတွေ၊ ကြွက်နို့ တမျိုးကနေတဆင့် သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေနိုင်မယ့် အန္တရာယ်တွေ၊ အသည်းရောင်ရော ဂါ တွေ၊ အခြားကူးစက်ရောဂါတွေ စသဖြင့် ရောဂါ အမွေဆိုးတွေ ကူးစက်ခံရရင်လည်း တသက်လုံး အဖတ်ဆယ်လို့ မရအောင် ပျက်စီးနွမ်းကြေရတော့ မှာပါ။ မိမိကိုယ်တိုင်ရော မွေးလာမယ့်မျိုးဆက် ရင် သွေးတွေမှာပါ ဆက်တိုက် အမွေဆိုးခံစားရမှာပါ။

ဒါတွေဟာ တချက်လေးမှားလိုက်ရုံနဲ့ ခုခေတ် မှာ လွယ်ကူမိုက်ကန်းစွာ သန္ဓေသားကိုဘယ်လောက် ပဲ ဖျက်ချနိုင်တယ် ပြောပြော၊ နောက်ဆက်တွဲ ဆက် လက်ခံစားရမယ့် အန္တရာယ်တွေပါ။ လတ်တလော အပျိုလေး လို ဟန်မပျက် ပြန်နေနိုင်ပေမယ့် နောင် တချိန် လင်ကောင်းသားကောင်းနဲ့ ဘဝထူထောင်တော့ မယ် ဆိုတဲ့အခါ ဒဏ်ရာတွေနဲ့ မျိုးပွားလမ်း ကြောင်းက အကောင်းပကတိမဖြစ်တော့ဘဲ လူသူ မသိအောင် အိမ်ထောင်ရေး ပြဿနာတွေ ကြုံရနိုင် တာ၊ ကလေးမရနိုင်တော့တာ၊ သားအိမ်ပြင်ပ သန္ဓေ တည်ပြီး အသက် ရန်ရှာနိုင်တာ၊ နောက်ဆုံး တသက် လုံး ကိုယ့်လိပ်ပြာကိုယ်မလုံတာ၊ စသဖြင့် နောက် ဆက်တွဲ ပေးဆပ်ရ မယ့် ဝဋ်ြွေကးတွေ အများကြီးပါ။ သံသရာမှာလည်း ဘယ်သူသိသိ မသိသိ ကိုယ့်ကိုယ် ကိုယ် သိပြီး လူသတ်ခြင်း အကုသိုလ်အရိပ် မည်းက တဘဝလုံး ခြောက်လှန့်နေမှာပါ။

တကယ်တော့ ဒီဆယ်ကျော်သက်အရွယ်ဆိုတာ သဘာဝဇီဝကမ္မ ဖြစ်စဉ်အလျောက် ကိုယ်တွင်းမှာ ဟော် မုန်း အပြောင်းအလဲတွေကြောင့် စိတ်ကစား တတ်၊ စိတ်ယိုင်လွယ်တတ်ကြတဲ့ အရွယ်ကလေးတွေ မို့ ရှေ့ဆက် လျှောက်ရမယ့် ကိုယ့်ဘဝ တသက်တာ အတွက် ပြန်မတက်နိုင်တော့မယ့် ဘဝချောက် ကမ်းပါးထဲ စုံးစုံး နစ်မြုပ် ကျဆုံးမသွားစေဖို့ ကိုယ့် ကိုယ်ခန္ဓာမှာ ဘာတွေဖြစ်လာနိုင်သလဲ၊ ကိုယ့် အတွက် အန္တရာယ်က ဘာတွေလဲဆိုတာ အရေးကြီးဆုံး အခြေခံ အသိတရား၊ သတိတရားလေးတွေနဲ့ အားယူ လှမ်းတက်ရ မယ့်အချိန် ဖြစ်တယ်ဆိုတာ သတိပေး ပြောကြားချင်ပါတယ်။

ဧရာဝတီ


လူကို ရှိရင်းစွဲအသက်ထက် ရုပ်ပိုရင့်စေတဲ့ အစားအသောက် (၇)မျိုး


 
မေသော် on 2014-05-12 17:21

လူတစ်ဦးရဲ့ နုပျိုမှုဟာ တစ်ချို့သောအစားအစာတွေကြောင့် ပျက်ယွင်းသွားတတ်ကြပါတယ်။ ခုမှ အသက် ၂၅နှစ်ကို ၄၀ကျော်လို့ ထင်ရတာမျိုးပေါ့။ သူတို့ရဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံတွေကို ကြည့်ပြီး သူဘာ့ကြောင့်ခုလို အိုမင်းရင့်ရော်ရတာလည်း ဆိုတာ ပြောပြပေးနိုင်ပါတယ်။ ခုလည်း လူကို အိုမင်း ရင့်ရော်စေတဲ့ အစားအသောက် (၇)မျိုး အကြောင်း ပြောပြပေးချင်တာပါ။

၁။ဆား



ဟင်းချက်တဲ့အခါ ဆားတွေအများကြီးထည့်ချက်တာ၊ အငန်ဓာတ်ကို နှစ်ခြိုက်တဲ့သူတွေဟာ ရုပ်ရင့်ရော် တတ်ကြပါတယ်တဲ့။ ပါးရေတွန့်ခြင်းကို အားပေးတဲ့ ဒီအငန်ဓာတ်ဟာ အထူးသဖြင့် သင့်မျက်လုံး တစ်ဝိုက် က နူးညံ့တဲ့ အသားရေတွေကို ပိုမိုတွန့်စေပါသတဲ့။

၂။သကြား



အသားအရေပိုမိုကြည်လင်စေဖို့နဲ့ လှပတဲ့အသားအရေမျိုးလိုချင်သူတွေအတွက် သကြားကို လျှော့စားဖို့ ဆရာဝန်တွေက ဆိုထားပါတယ်။ သကြားအစား အသီးအနှံတစ်ချို့ကို စားပေးနိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုကို နှေးသွားစေ နိုင်တဲ့ သကြားဓာတ်ကို လျှော့ဖို့လိုပါတယ်။

၃။ကော်ဖီ



ကော်ဖီဟာ အသားအရည်အတွက်ရော၊ သွားတွေအတွက်ပါ သောက်ဖို့ မသင့်လျော်တဲ့အရာပါ။ အသားအရေကို ခြောက်သွားစေတတ်သလို၊ သွားတွေကိုလည်း ၀ါထိန်ထိန်ဖြစ်စေတာမို့ လူကို ပိုပြီး ရင့်ရော်စေပါသတဲ့။

၎။အရက်



အရက်သောက်လေ့သောက်ထရှိသူ အများစုဟာ ရေဓာတ်ဆုံးရှုံးတတ်ကြတာမို့ အိုမင်းရင့်ရော်တဲ့ ပုံ ပေါက်နေတတ်တာ အထူးအဆန်းမဟုတ်တော့ပါဘူး။

၅။ကြွက်သားအမျှင်ပါတဲ့အသား



ကျန်းမာရေးသုတေသီတွေရဲ့ အဆိုအရ ကြွက်သားအမျှင်ပါတဲ့အသားတွေကို တစ်ပတ်ကို တစ်ခါထက်ပိုမို စားသုံးခြင်းဟာ ပါးရေတွန့်စေပါတယ်တဲ့။

၆။ပူစပ်စေတဲ့ အစားအသောက်များ



ငြုတ်သီးတွေ အများကြီးထည့်ချက်ထားတဲ့ အစားအသောက်တွေကို စားမယ်ဆိုရင် ဒါဟာ အသား အရေအတွက် အများကြီးထိခိုက်သွားပြီလို့သာ တွေးလိုက်ပါ။ သွေးကြောတွေကို ပိတ်ဆို့မှုဖြစ်စေနိုင်တဲ့ ဒီလို ပူစပ်စေတဲ့ အစားအသောက်တွေဟာ သင့်ရဲ့မျက်နှာအသားအရေကိုလည်း ပါးရေတွန့်အောင် ကူညီပေးနေပါသေးတယ်။

၇။ဆိုဒါ



သွားနဲ့အသားအရေကို ဂရုစိုက်ချင်သူတွေအတွက်တော့ ဒါလည်းရှောင်ကိုရှောင်သင့်တဲ့အရာပါ။ အထူးသဖြင့် အက်ဆစ်ဓာတ်များတာကြောင့် သွားအတွက် မကောင်းဘူးဆိုတာ သိထားရပါလိမ့်မယ်။

Ref:delish.com
Trend Myanmar


မိုးပျံကျောပိုးဂျက်ကိရိယာကို Google စမ်းသပ်တီထွင်



Google အနေဖြင့် တစ်ကိုယ်ရေ အသုံးပြု ကျောပိုးဂျက် ပျံသန်းမှု ကိရိယာငယ်တစ်မျိုးကို ဖန်တီးထုတ် လုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။ Google ၏ လျှို့ဝှက် ဓာတ်ခွဲခန်း X Labမှ အကြီးအကဲဖြစ်သူ အက်စ်ထရိုတဲလာက ယင်းကို အတည်ပြုခဲ့သော်လည်း လက်ရှိအနေအထားအရမူ လက်တွေ့အသုံးပြုနိုင် ရန် ဝေးကွာနေဆဲ အခြေအနေ၌သာ ရှိသေးကြောင်း ဝန်ခံခဲ့သည်။ နယူးယော့ခ်တွင် ပြုလုပ်သည့် TechCrunch Disrupt နည်းပညာ ညီလာခံတွင် တဲလာက ယင်းကိစ္စကို ဖွင့်လှစ်ပြောဆိုလာခြင်း ဖြစ် သည်။ “တကယ်လို့ ဘေးကင်းရန်ကင်း ပျံသန်းနိုင်တဲ့ ကျောပိုးဂျက်လေး တစ်လုံးစီလောက် ပိုင်ဆိုင် ထားမယ်ဆိုရင် အရမ်းမိုက်နေမယ် မဟုတ်လား”ဟု တဲလာက ဆိုသည်။



Microsoftသည် Halo ဂိမ်းအသစ် စတင်ရောင်းချမှု အစီအစဉ်အရ လန်ဒန်တွင် ကျောပိုးဂျက် ကိရိယာ တစ်ခုဖြင့် ပျံသန်းပြခဲ့သေးသော်လည်း Google က လူအများ အသုံးပြုနိုင်သည့် အခြေအနေမျိုးထိ ကျယ်ပြန့် လာရန်မှာ အချိန်ယူရဦးမည်ဟု သုံးသပ်ခဲ့သည်။ တဲလာက “လောလောဆယ် ကြုံနေရတဲ့ ပြဿနာက ဒီကိရိယာအတွက် ဖြည့်တင်းပေးရမယ့် စွမ်းအင်ကို လက်ရှိထက်ပိုပြီး ထိထိရောက်ရောက် အသုံးချနိုင်ဖို့ လိုနေတာပါပဲ။ ကျွန်တော်တို့ ဒီကိစ္စကို မဖြေရှင်းနိုင်သေးဘူး။ နောက်ပြီး ကျောပိုးဂျက်က မော်တော် ဆိုင်ကယ် မောင်းသွားသလို အသံအကျယ်ကြီး မြည်နေလိမ့်မယ်”ဟုလည်း ရှင်းပြခဲ့သည်။

Google ၏ နည်းပညာ ဓာတ်ခွဲစမ်းသပ်မှုများတွင် စိုက်ပျိုးရေးကဏ္ဍ၌ ပိုမိုအကျိုးဖြစ်ထွန်းစေမည့် နည်းလမ်း များလည်း ပါဝင်နေကြောင်း သိရှိရသည်။ ၎င်းက Google ၏ မိုဘိုင်းလ်ဖုန်း နယ်ပယ်သို့ ချဉ်းနင်း ဝင်ရောက်နေမှု ခြေလှမ်းကိုလည်း အတည်ပြုခဲ့သည်။ “မိုဘိုင်းလ်ဖုန်းတွေရဲ့ ပုံစံက ဒီထက်ပိုပြီး ဆွဲဆောင်မှု ရှိလာမယ်၊ ကြည့်ကောင်းလာမယ်ဆို ပိုကောင်းမယ် မဟုတ်လား။ နောက်ပြီး အလေးချိန်လည်း ပိုပေါ့သွားမယ်၊ ဘက်ထရီသက်တမ်း ပိုရှည်လာမယ်ဆိုရင် စိတ်ဝင်စားစရာပဲ။ ပြောရမယ်ဆိုရင် ကိုယ့်အတွက် ဖုန်းဆိုတာ သယ်ယူစရာ ပစ္စည်းတစ်ခု မဟုတ်သလိုကို ဖြစ်နေရင် ပိုပြီးကောင်းသွားပါ လိမ့်မယ်”ဟု ၎င်းက မှတ်ချက်ပြုသွားသည်။

Planet Myanmar Network


ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသား

 
 
 အေသင်အောင်

လက်ရှိကမ္ဘာ့ အသက်ကြီးဆုံးအမျိုး သားအဖြစ် သတ်မှတ်ခြင်းခံလိုက်ရတဲ့ သူကတော့ အမေရိ ကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့မှာ နေထိုင်တဲ့ (၁၁၁)နှစ် အရွယ်ရှိ အလက်ဇန္ဒား ပဲဖြစ်ပါတယ်။ အလက်ဇန္ဒားဟာ အသက် (၁၁၁) နှစ် အရွယ် အီတလီ လူမျိုး လီကာတာ ကွယ်လွန်သွားပြီး နောက်ပိုင်းမှာ ကမ္ဘာ့ အသက် ကြီးဆုံးအမျိုးသားအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်ပါတယ်။ အလက်ဇန္ဒားရဲ့ မျိုးရိုးဟာ သက်ရှည်ကျန်းမာသူတွေဖြစ်ကြ တယ် လို့ သိရပါတယ်။ ထူးခြားတာက အလက်ဇန္ဒားဟာ ကမ္ဘာ့  အသက်ကြီးဆုံးအမျိုးသား အဖြစ် သတ်မှတ်ခြင်းခံထားရပေမယ့် သားသမီး တစ်ဦးမှ မရှိခြင်း ပဲဖြစ်ပါတယ်။

အလက်ဇန္ဒား ဟာ ဇနီးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ ပေါင်းသင်း နေထိုင်ခဲ့ပေမယ့် ကလေးတစ်ဦးမှ ရရှိခဲ့ခြင်း မရှိပါဘူး။ အလက်ဇန္ဒားက သူ့အနေနဲ့ အသက် ရှည်ရခြင်းနောက်ကွယ်မှာ မည်သည့်လျှို့ဝှက် ချက်မှ မရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။အလက်ဇန္ဒားက ကျွန်တော့်ရဲ့ အဖေဟာ အသက်(၉၀) အထိ နေ သွားခဲ့ရပါတယ်။ ကျွန်တော်တို့မျိုးရိုးဟာ သက်ရှည်ကျန်းမာ သူတွေဖြစ်ကြပါတယ်။ ကျွန်တော့်အနေနဲ့ ဘာကြောင့် အသက်ရှည် ရသလဲဆိုတာ တိတိ ကျကျမသိရှိပါဘူး”” လို့ ပြောကြားသွားခဲ့ပါ တယ်။

အလက်ဇန္ဒားကို ၁၉၀၃၊ ဖေဖော်ဝါရီ (၄) ရက်၊ ပိုလန်နိုင်ငံမှာ မွေးဖွားခဲ့ပါ တယ်။ ၁၉၅၁ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စုကို ဇနီးဖြစ်သူနဲ့အတူ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါ တယ်။ အလက်ဇန္ဒားရဲ့ ဇနီးဟာ နယူးယော့ခ် မြို့ကို ပြောင်းရွှေ့ပြီးနောက် ၁၉၈၆ မှာ ကွယ် လွန်သွားခဲ့ပါတယ်။ အလက်ဇန္ဒားဟာ အား ကစား လိုက်စားမှုတွေပြုလုပ်ခဲ့ခြင်းကြောင့် အသက်ရှည်နေရခြင်း ဖြစ် ပါတယ်။ အချက်အလက်တွေအရ အလက်ဇန္ဒားထက် အသက်ရှည်တဲ့ အမျိုးသမီးအရေ အတွက်က (၆၆) ဦးအထိရှိတယ်လို့ သိရပါတယ်။ လက်ရှိ ကမ္ဘာ့  အသက်ကြီးဆုံးအမျိုးသမီးကတော့ ဂျပန် နိုင်ငံက မီဆာအိုအိုကာဝါဖြစ်ပြီး အသက် (၁၁၆) နှစ်ရှိပါတယ်။ ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသား အဖြစ် သတ်မှတ်ခံထားရတဲ့ အလက်ဇန္ဒား မွေးဖွား တဲ့အချိန်ဟာ ရိုက်ညီနောင်လေယာဉ်ကို စတင်တီထွင်တဲ့ နှစ်မှာဖြစ်တယ်လို့ သိရပါတယ်။

The Messenger

ဒေါသရှေ့ထား မှားတော်မူပါ့မယ် ဘုရား

ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လှိုင်ဂူတော်တွင် မေလ ၁၂ ရက်က ပဉ္စမအကြိမ်မြောက်ပြုလုပ်သည့် ဂိုင်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲ ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)

 ပြီးခဲ့တဲ့ မေလ ၅ ရက်က အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း စုစုပေါင်း ၉၀ ကျော် အမျိုးစောင့် ဥပဒေနဲ့ ပတ်သက်ပြီး အချက် (၁၁) ချက်ပါ အကြံပြုချက်နဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ (ခုဆို အဖွဲ့ ၁၁၀ ရှိပါပြီ)။ လိုရင်းကတော့ “နိုင်ငံတော်သမ္မတရဲ့ မျိုးစောင့်ဥပဒေ ရေးဆွဲဖို့ ကြိုးပမ်းချက်နဲ့ ကော်မရှင် ဖွဲ့စည်းတာဝန်ပေးအပ်မှုအပေါ် အပြင်းအထန် ကန့်ကွက်သည်” ဆိုပြီး ဖြစ်ပါတယ်။ အချိန်သိပ်မကြာပါဘူး။ ပုဂ်္ဂလိကသတင်းစာတွေက သတင်းဖော်ပြတဲ့ မေလ ၉ ရက်မှာပဲ မန္တလေးတိုင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဦးဆောင် ဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသနဲ့ တွဲဖက်အတွင်းရေးမှူး အရှင်ယဿ နှစ်ပါး လက်မှတ်ရေးထိုးပြီး၊ အဲဒီအဖွဲ့တွေအားလုံးကို “အမျိုးသား သစ္စာဖောက်”များအဖြစ် သတ်မှတ်ကြေညာ ထုတ်ပြန်ပါတယ်။ မေ လ ၁၁ ရက်ထုတ် မက်ဆင်ဂျာ သတင်းဂျာနယ် အရှင်ဣန္ဒာစက္ကာဘိဝံသ တွေ့ဆုံမေးမြန်းခန်းမှာတော့ ဆရာတော်က “သူတို့က ဘာကို တောင်းဆိုနေသလဲဆိုတာ မသိရသေးဘူး၊ သတင်းစာမှာပါလို့ ဒီလို ကန့်ကွက်တယ်ဆိုတာ သိရတာ”ဆိုပြီး ဖြေထားပါတယ်။ တကယ့်ကြေညာချက် အကြံပြု တင်ပြချက် ၁၁ ချက်ကို မတွေ့ရသေးဘဲနဲ့ အလွန်ပြင်းထန်လှတဲ့ “အမျိုးသား သစ္စာဖောက်”ဆိုတဲ့ စကားလုံးသုံးပြီး ကြေညာချက် ထုတ်လိုက်တာပါ။ အရပ်ဘက် အဖွဲ့အစည်းတွေက ဘာတွေ အကြံပြုသလဲ၊ ဆရာတော်နှစ်ပါး ကြေညာချက် ထုတ်လိုက်တော့ ဘယ်လို အဓိပ္ပာယ် သက်ရောက်သွားစေသလဲ၊ နောက်ဆက်တွဲ ဘာဆက်ဖြစ်လာနိုင်သလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အရပ်ဘက် အဖွဲ့အစည်း ၁၁၀ က လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါတာတွေက ဒီမျိုးစောင့်ဥပဒေ ရေးဆွဲရေး အပါအ၀င် ဘာသာရေးကို အခြေခံတဲ့ နိုင်ငံရေးလှုပ်ရှားမှုဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြည်သူလူထုကို အာရုံလွှဲတဲ့ ကိစ္စတစ်ခုအဖြစ် ရှုမြင်တဲ့အကြောင်း၊ ပြည်သူတွေလိုလားနေတဲ့ ဖွဲ့စည်းပုံပြင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု
လုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေပြီး ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းမှုအရှိန်နှောင့်နှေးစေတယ်လို့ ရှုမြင်တဲ့အကြောင်း ဖော်ပြထားပါတယ်။ ဒီဥပဒေရေးဆွဲဖို့ ကြိုးစားတာဟာ အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးတာဝန် အမျိုးသမီးတွေအပေါ် လုံးဝ ပုံချလိုက်ခြင်းဖြစ်တယ်၊ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေရဲ့ ကိုယ်ပိုင် ချင့်ချိန်နိုင်စွမ်းရှိတဲ့ ဆင်ခြင်တုံတရားရှိမှုကို လေးစား အသိအမှတ်ပြုခြင်းမရှိဘူး၊ အမျိုးသမီးတွေရဲ့ မွေးရာပါ မူလအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ရှင်သန်ခွင့်၊ ရွေးချယ်ခွင့်တွေကို တားဆီးပိတ်ပင်ရာ ရောက်တယ်လို့ ဖော်ပြထားတာပါ။ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကြေညာချက်ကိုကြည့်ရင် ငြင်းလို့ ရစရာ တစ်ချက်မှ မပါပါဘူး။

ပြဿနာက ဆရာတော်နှစ်ပါးဟာ ဒီကြေညာချက်ကို လုံးဝ မတွေ့လိုက်ပါဘဲ Voice ဂျာနယ်ပါ သတင်းတို တစ်ပုဒ်ကို ဖတ်ပြီး “အမျိုးသား သစ္စာဖောက်” အဖြစ် သုံးနှုန်းကြေငြာချက် ထုတ်လိုက်တာပါ။ ကြေညာချက်ထဲမှာ “အမျိုးသားရေး လုပ်ဆောင်ချက်ကို ဒေါ်လာစားသော ပါးစပ်၊ လူ့အခွင့်အရေး မျက်လုံး၊ ပြည်သူကို အကျိုးမပြုသောလက်၊ နိုင်ငံအပေါ် သစ္စာမစောင့်သော အသိဉဏ်တို့ဖြင့် ဝေဖန်နေသူ အဖွဲ့အသီးသီးတို့အား အပြင်းအထန် ကန့်ကွက်သည်” ဆိုပြီးတော့လည်း ဖော်ပြထားပါသေးတယ်။ ဗုဒ္ဓဘာသာ ရဟန်းနှစ်ပါးက ကိုယ့်နိုင်ငံသားအချင်းချင်း အလွန်အံ့သြစရာ ကောင်းလောက်အောင် ရန်လို တုံ့ပြန်လိုက်တဲ့ တုံ့ပြန်ချက်ဖြစ်ပါတယ်။ တကယ်ဆိုရင်တော့ လူမှုအဖွဲ့အစည်းတွေရဲ့ အကြံပြုချက်၊ ရည်ညွှန်းချက်မှာ ဘယ်သံဃာ၊ သံဃအဖွဲ့အစည်းကိုမှ ရည်ညွှန်းတာ မပါပါ။ သမ်္မတကို တိုက်ရိုက် ရည်ညွှန်းကန့်ကွက်တာပဲ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးအရ ကန့်ကွက်တာပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သံဃာတချို့နဲ့ ပြည်သူတချို့ စိတ်ဝမ်းကွဲပြားမှုကြီး ပေါ်ပေါက်စ ပြုလာနေပြီလို့ မှတ်ချက်ချနိုင်ပါတယ်။ တကယ်လို့ ဆရာတော်နှစ်ပါးရဲ့ ဒီကြေညာချက် ထုတ်ပြန်မှုကို သံဃာအများအပြားက ထောက်ခံတယ်ဆိုရင်တော့ စိတ်ဝမ်းကွဲပြားမှု ပိုပြီး ကျယ်ပြန့်လာနိုင်ပါတယ်။ ဒါတောင် ဥပဒေကြမ်း ထွက်မလာသေးပါဘူး။ ဥပဒေကြမ်းထွက်လာလို့ လက်မခံနိုင်စရာ သဘောမတူစရာတွေအများကြီးပါလာရင် ဒီထက်အများကြီးပိုတဲ့ စိတ်ဝမ်းကွဲပြားမှုကြီး ပေါ်ပေါက်လာဦးမှာဖြစ်ပါတယ်။ တကယ်ဆိုရင် ဒီမျိုးစောင့်ဥပဒေ ရေးဆွဲဖို့ ဖြစ်လာတဲ့အခြေအနေကို အသေအချာ ပြန်ဆန်းစစ်ဖို့ လိုပါတယ်။ ဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသ ကတော့ သူ့အင်တာဗျူးမှာ ဗုဒ္ဓဘာသာဝင် မြန်မာ မိန်းကလေးတွေ စီးပွားရေးအဆင်မပြေဘူး၊ ဆင်းရဲကြတယ်၊ ဒီအခါ ဘာသာခြားတွေဆီမှာ အလုပ်သွားလုပ်ရတယ်၊ အဲဒီအခါ အနိုင်ကျင့်ခံရ၊ အကြမ်းဖက်ခံရတယ် ဒါမျိုးကို ကာကွယ်ဖို့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းဖို့ ဖြစ်လာတာလို့ မိန့်ပါတယ်။ မူလ ဇာစ်မြစ်ဟာ အမျိုးသမီးတွေ ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်ခံရမှုလို့ ဆိုထားပါတယ်။ လက်ရှိ အစိုးရ၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်
အဖွဲ့အစည်းတွေ လုပ်နေကြတာတွေကလည်း ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ကြွယ်ဝချမ်းသာရေး ဖြစ်သလို အကြမ်းဖက်မှုတွေ ပပျောက်ဖို့ကိုလည်း ရည်မှန်းချက်ထားနေကြတာပါ။ မျိုးစောင့်ဥပဒေပြဋ္ဌာန်းလိုက်ရုံနဲ့ ပြဿနာရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ ဆင်းရဲမွဲတေမှု လျော့ကျသွားမှာ မဟုတ်သလို၊ အကြမ်းဖက်မှုတွေလည်း ပပျောက်သွားမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးငြင်းခုံရမယ့် ကိစ္စပါ။

ဒီနေရာမှာ အရပ်ဘက်အဖွဲ့အစည်းတွေကို မေတ်္တာရပ်ခံလိုတာက ဒီဥပဒေ လေးခု ပြဋ္ဌာန်းဖို့ ဘယ်လိုအကြောင်းကြောင့် ပေါ်ပေါက်လာသည်ဖြစ်စေ၊ ဥပဒေကြမ်း ထွက်မလာသေးပါဘူး။ ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ ဘယ်လောက်ကြာမလဲ မမှန်းနိုင်သေးပါဘူး။ တကယ်လို့ အတည်ပြုပြဋ္ဌာန်းလိုက်မယ့် ဒီဥပဒေကြောင့် ခုလို ပြည်သူတွေအကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေမယ်၊ တိုင်းပြည် ဆိုးကျိုးတွေဖြစ်စေမယ်ဆိုရင် အဲဒီ ဥပဒေရေးဆွဲဖို့ ညွှန်ကြားသူတွေ၊ ရေးဆွဲသူတွေ၊ အတည်ပြုပေးသူတွေဟာ သမိုင်းတရားခံတွေ ဖြစ်သွားကြပါလိမ့်မယ်။ နောက်လူတွေက အမှန်ပြန်ပြင်ကြပါလိမ့်မယ်။ ဒီအတွက် အချိန်ကို စောင့်ဆိုင်းပါ၊ စိတ်ရှည်ကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။ သံဃာနဲ့ ပြည်သူ၊ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားအောင် လုပ်နေသူတွေရဲ့ ထောင်ချောက်ထဲ အရောက်မခံကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။

ခုလို သမ္မတရဲ့ လုပ်ရပ်ကို ဆန့်ကျင် ကန့်ကွက်ရုံနဲ့ ဆရာတော်နှစ်ပါးက ကိုယ့် ဒကာ၊ ဒကာမ ပြည်သူတွေကို “အမျိုးသား သစ္စာဖောက်”လို့ လွယ်လွယ်ကူကူသတ်မှတ် လိုက်တာဟာ ရန်သူလို့ သတ်မှတ်လိုက်တဲ့ သဘောပါပဲ။ ဒီအတွက် ဆရာတော်နှစ်ပါး ပြန်လည် စဉ်းစားပေးတော် မူကြစေလိုပါတယ်။ “ဒေါသရှေ့ထား မှားတော်မူကြပါ့မယ် ဘုရား”လို့ ရိုသေလေးမြတ်စွာ ဦးတင် လျှောက်ထားအပ်ပါတယ် ဘုရား။

(မေလ ၁၂ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ ....)

 စည်သူအောင်မြင့်
 
Mizzima - News in Burmese