12 May 2014

ကမ္ဘာပေါ်တွင် ဘီလျံနာသူဌေး အများပြားဆုံး မြို့တော်အဖြစ် ရပ်တည်နေသည့် လန်ဒန်



ကမ္ဘာပေါ်တွင် အချမ်းသာ အကြွယ်ဝဆုံး လူပုဂ္ဂိုလ်များ စုစည်းနေထိုင်သည့် မြို့တော်ကြီးများ၌ လန်ဒန်မြို့က ထိပ်ဆုံးနေရာမှ
ရပ်တည်နေကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံ၏ မြို့တော်သည် အခြားသော ကမ္ဘာ့နိုင်ငံ မြို့တော်ကြီးများထက် ပြည်တွင်း ဘီလျံနာ သူဌေးကြီးများ အရေအတွက်
ပိုမိုများပြားသလို လူဦးရေ အချိုးအစားနှင့် ဘီလျံနာသူဌေးများ နှိုင်းယှဉ်ချက်တွင်လည်း ထိပ်ဆုံးနေရာမှ ရှိနေကြောင်း Sunday Times
သတင်းစာ၏ သုတေသန စစ်တမ်းက ဖော်ပြထားခဲ့သည်။ 
 
လန်ဒန်သည် ကမ္ဘာကျော် မြို့ကြီးများအနက် စူပါအဆင့် အချမ်းသာဆုံး ဘူမိနက်သန် နေရာတစ်ခုဟု သတင်းစာက ညွှန်းဆိုခဲ့သည်။ ဘဏ္ဍာရေးအရ ရုန်းကန်နေရသူ အများအပြား ရှိနေဆဲဖြစ်သည့် လန်ဒန်သည် ဒူဘိုင်းကဲ့သို့ ကျိကျိတက် ကြွယ်ဝသူ အများအပြား ရှိနေသည့် မြို့ကြီးများကို ကျော်ဖြတ်ကာ ထိပ်ဆုံးနေရာ ရောက်နေခြင်း အတွက်မူ မေးခွန်းထုတ်မှုများ ရှိနေခဲ့သည်။

ဗြိတိန်နိုင်ငံတွင် ဘီလျံနာ (၁၀၄)ဦးထိရှိပြီး (၇၂)ဦးက လန်ဒန်တွင် နေထိုင်ကြောင်း သိရသည်။ ဒုတိယနေရာတွင် ရုရှားနိုင်ငံ၏မြို့တော် မော်စကိုက ရပ်တည်နေပြီး ဒေါ်လာ(၁)ဘီလျံအထက် ကြွယ်ဝသူ (၄၈)ဦးထိ နေထိုင်သည်။ အမေရိကန်၏ စီးပွားရေး အချက်အခြာ မြို့တော်များဖြစ်သည့် နယူးယော့ခ်နှင့် ဆန်ဖရန်ဆစ္စကိုတို့ကမူ တတိယ၊ စတုတ္ထနှင့် ပဉ္စမ နေရာများ၌ ဘီလျံနာ အရေအတွက် (၄၃)ဦး၊ (၄၂)၊ (၃၈) ဦးစီဖြင့် အသီးသီး ရပ်တည်လျှက် ရှိသည်။ အာရှတိုက်မှ ဟောင်ကောင်ကမူ ဘီလျံနာ အရေအတွက် (၃၄)ဦး မှီခိုနေထိုင်ရာ မြို့တော်အဖြစ် ရှိနေသည်။

လန်ဒန်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းတွင် ဘဏ်လုပ်ငန်း၊ ရေနံလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်းများဖြင့်
အကြီးအကျယ် စီးပွားဖြစ် အောင်မြင်လျှက်ရှိသည့် အိန္ဒိယဖွား ဟင်ဒူဂျား ညီအစ်ကိုများက ပေါက်စတာလင် (၁၁.၉)ဘီလျံ ပိုင်ဆိုင်မှု ပမာဏဖြင့် ဦးဆောင်နေသည်။ 
 
ယူကရိန်းနိုင်ငံသား အေလီရှာ အူစမာနော့ဗ်မှာမူ ယူကရိန်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ရှယ်ယာတန်ဖိုး ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည့်နောက် လန်ဒန်၏ အချမ်းသာဆုံး စာရင်းတွင် ဒုတိယနေရာသို့ ဆင်းပေးခဲ့ရသည်။ ဗြိတိန်တစ်နိုင်ငံလုံးမှ ဘီလျံနာသူဌေး (၁၀၄)ဦးလုံး၏ စုစုပေါင်း ပိုင်ဆိုင်မှုသည် ပေါင်စတာလင် (၃၀၁.၁၃)
ဘီလျံထိ ရှိနေကြောင်းလည်း သိရသည်။

Planet Myanmar Network


0 comments:

Post a Comment