12 May 2014

“ ဗုဒ္ဓနေ့ သဝဏ်လွှာ”


“ ဗုဒ္ဓနေ့ သဝဏ်လွှာ”
=====================================
သာသနာနှစ်(၂၅၅၈) “ကဆုန်လပြည့်ဗုဒ္ဓနေ့”
လူ့လောကတစ်ခုလုံးသို့ပေးပို့ပါသည်။
●သကျမုနိဂါတမသိဒ္ဓတ္ထ ဖွားမြင်တော်မူခဲ့သည်မှာ
နှစ်ပေါင်း(၂၆၃၈) နှစ် ကြာခဲ့လေပြီ။
●သကျမုနိဂါတမသိဒ္ဓတ္ထ ဗုဒ္ဓအဖြစ်သို့
ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း (၂၆၀၃) နှစ် ရှိခဲ့လေပြီ။
●သကျမုနိဂေါတမသိဒ္ဓတ္တဗုဒ္ဓ ပရိနိဗ္ဗာန်
ပြုခဲ့သည်မှာ နှစ်ပေါင်း (၂၅၅၈) နှစ် မျှလွန်ခဲ့လေပြီ။
●ကမ္ဘာအသင်္ချေအနန္တ လွန်လေသောအခါမှ
တစ်ဆူတလေသာပေါ်ပေါက်သည်ဖြစ်သော “မြတ်ဗုဒ္ဓ”။

●သူ၏ လက်တစ်ကမ်းသို့ရောက်နေသော
“ဝိမုတ္တိနှင့်သန္တိသုခ” ကို ကမ္ဘာများစွာ ရပ်ဆိုင်းထားလျက်
သတ္တ၀ါများအတွက် ကိုယ်ကျိုးစွန့်၊ အနစ်နာခံကာ
အားထုတ်အလုပ်လုပ်ခဲ့သော “မြတ်ဗုဒ္ဓ”။

●အမှန်တရား၊ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးအတွက်
အသက်ခန္ဓာ၊ ရာထူးအာဏာ၊ စည်းစိမ်ဥစ္စာ၊
ဇနီးမယားသမီးသား အားလုံးကို ရက်ရက်ရဲရဲ
စွန့်လွှတ်ခဲ့သော “မြတ်ဗုဒ္ဓ”။

●သူသိသော ဗောဓိဉာဏ်ကို သူ့လက်ဆုပ်မှာသာ
မထားဘဲ သူတစ်ပါးတို့အား ဝေပေးသော “မြတ်ဗုဒ္ဓ”။

သူလွတ်မြောက်ခဲ့ပြီးသော ဘဝထောင်မှ
သူတစ်ပါးတို့အားလည်း လွတ်မြောက်စေသော “မြတ်ဗုဒ္ဓ”။
●သူ၏ လွတ်မြောက်ရေး၊ ချမ်းသာရေးအတွက်
မည်သူ့ကိုမျှ ဒုက္ခမပေးသော “မြတ်ဗုဒ္ဓ”။

●လူ့ဘဝ၏အနှစ်သာရသည် “သစ္စာတရား”၊
“သစ္စာ”ကို သိမြင်ခြင်းသည် လူသားတိုင်း၏ ဘဝပန်းတိုင်၊
“သစ္စာ”ကို သိမှ ဘဝပြဿနာအားလုံးကို ဖြေရှင်းနိုင်မည်
ဟူသော မူစနစ်ကို ချမှတ်တော်မူခဲ့သည်မှာ “မြတ်ဗုဒ္ဓ”။

●“သစ္စာတရား” ဟူသည် တစ်လံမျှရှိသည့် ခန္ဓာမှာရှိသည်။
ဤကိုယ်ကာယ တစ်လံမျှ၌၊ လေးလီသစ္စာ မြတ်ဓမ္မာကို
အတည်ပြုဟောကြားတော်မူသည်မှာ “မြတ်ဗုဒ္ဓ”။

●အမှန်တရား ထွန်းကားရေးနှင့် လွတ်လပ်ရေး၊
ငြိမ်းချမ်းရေးအတွက် ထီးနန်းနှင့် ရာထူးအာဏာကို
ရက်ရက်ရဲရဲ စွန့်လွှတ်တော်မူခဲ့သော “မြတ်ဗုဒ္ဓ”။

●အမှန်တရား၊ ငြိမ်းချမ်းရေးနှင့် လွတ်လပ်ရေးတို့အတွက်
အရိုးကြေကြေ၊ အရေခမ်းခမ်း မည်သည့်အကျင့်မျိုးကိုမဆို
ရက်ရက်ရဲရဲ ကျင့်ဆောင်တော်မူခဲ့သော “မြတ်ဗုဒ္ဓ”။
●“သစ္စာ၊ သန္တိ နှင့် ဝိမုတ္တိ” တို့ကို လမ်းညွှန်ပေးနိုင်မည်ဆိုလျှင်
မည်သည့်အရာမျိုးကိုမဆို ချဉ်းကပ်တော်မူခဲ့သည့် “မြတ်ဗုဒ္ဓ”။

●မည့်သည့်ဆရာမျိုးကမျှ သူ၏ရည်မှန်းချက်တို့ကို
လမ်းညွှန်မပေးနိုင်ခဲ့ကြသဖြင့် ကိုယ့်လမ်းကိုယ်ဖောက်၊
ကိုယ့်လမ်းပေါ်မှာ တစ်ယောက်ထီးတည်း
လျှောက်လှမ်းခဲ့ရသည့် “မြတ်ဗုဒ္ဓ”။

●ငြိမ်းချမ်းရေးနှင့် လွတ်မြောက်ရေးကို ပေးမည်ဟု
ကြွေးကြော်ကြကုန်သော ရှေးရှေးက ဘာသာရေး
ဂိုဏ်းဆရာတို့သည် တစ်ဖက်သတ်၊ တစ်ယူသန်၊
အစွန်းရောက်တို့သည်သာချည်းဟု သိမြင်တော်မူသောအခါ
“ဒွေမေဘိက္ခဝေ အန္တာ ပဗ္ဗဇ္ဇိတေန နသေဝိတဗ္ဗာ”
သစ္စာတရားနှင့် ငြိမ်းချမ်းရေးကို ရှာဖွေသောသူတိုင်းသည်
အစွန်းနှစ်ဖက် လွတ်အောင်ရှောင်ရမည်။

“မဇ္ဈိမပဋိပဒါ” သည်သာလျှင် အကန်းကမ္ဘာ၌ မျက်လုံးကို ပေးလိမ့်မည်၊
ရန်များသော ကမ္ဘာ၌ ငြိမ်းချမ်းရေးကို ပေးလိမ့်မည်။
ကွဲပြားသော ကမ္ဘာ၌ ညီညွတ်မှုကို ပေးလိမ့်မည်။
အစွဲသန်သော ကမ္ဘာ၌ စွန့်လွှတ်ခြင်းကို ပေးလိမ့်မည်။

အယူဝါဒနှင့် ကိလေသာ အကျဉ်းထောင်၌
ကျရောက်နေကြကုန်သော သတ္တ၀ါအပေါင်းတို့အတွက်
လွတ်မြောက်ခြင်းကို ပေးလိမ့်မည်ဟု တစ်လောကလုံးကို
လမ်းညွှန်တော်မူခဲ့သော “မြတ်ဗုဒ္ဓ”။

●ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ၊ ဘယ်သတ္တဝါတစ်စုံ
တစ်ယောက်ကမှ ဖော်ထုတ်နိုင်စွမ်းမရှိသော
“မဇ္ဈိမပဋိပဒါနှင့် စတုသစ္စာ” တို့ကို ကိုယ်ပိုင်ဉာဏ် ၊
ကိုယ်ပိုင်ဝီရိယဖြင့် ဖော်ထုတ်တော်မူခဲ့သော “မြတ်ဗုဒ္ဓ”။

●အမှောင်လမ်းမှာ ရောင်ရမ်းစွာဖြင့်၊ ပြင်ပမှ ကိုးကွယ်ရာကို
ရှာနေကြကုန်သော လူသားတို့အား “သင်တို့၏ အတွင်းကမ္ဘာ၌ရှိသော
“သစ္စာတရား” ကို သိမြင်နားလည်ခြင်းသည်သာလျှင်
သင်တို့၏ ကိုးကွယ်ရာအစစ်” ဟု ညွှန်ပြတော်မူသော “မြတ်ဗုဒ္ဓ”။

●စမ်းတ၀ါးဝါးနဲ့ လမ်းမှားနေကြကုန်သော လူသားတို့အား
သင်တို့ကိုယ်တိုင်ကျင့်သော “စရဏ” နှင့် ကိုယ်တိုင်သိသော
“ဝိဇ္ဇာ” သည်သာလျှင် သင်တို့၏ ကိုးကွယ်ရာ အစစ်အမှန်ဖြစ်သည်
ဟု ညွှန်ပြတော်မူသော “မြတ်ဗုဒ္ဓ”။

●မသိသူတို့က မမြင်သူတို့ကို ခေါင်းဆောင်ခဲ့သော
လူကန်းတို့၏အစဉ်အတန်းကြီး လမ်းသွားသလိုဖြစ်နေသော
ကမ္ဘာဦးဘာသာရေး၌ “မဇ္ဈိမပဋိပဒါ” ဖြင့်
မျက်စိဖွင့်ပေးသော “မြတ်ဗုဒ္ဓ”။

●သူ၏ဓမ္မစက်ကို စတင်လှည့်လည်တော်မူသည်မှစ၍
ယနေ့ထက်တိုင်အောင် လူသားတို့၏သွေး၊
ကမ္ဘာမြေ၌ တစ်စက်တစ်ပေါက်မျှ မစွန်းထင်းစေခဲ့သည့် “မြတ်ဗုဒ္ဓ”။

●မင်းနှင့်ပြည်သူ၊ သဌေးနှင့်ဆင်းရဲသား၊
သူတော်ကောင်းနှင့် လူမိုက်များ၊
မင်းသမီးနှင့် ပြည့်တန်ဆာ၊
ဗြဟ္မဏာနှင့် အမှိုက်ကြုံးသမား၊ မကွဲမပြား၊
မခွဲမခြား တစ်သားတည်း ဆက်ဆံတော်မူသော “မြတ်ဗုဒ္ဓ”။

●Non- Aggressive, Non Dogmatic, Non Extremist,
Non Theocentric, Realistic, Homocentric,
Ethicalistic Teaching ဖြစ်သည့်၊
“ဝိဇ္ဇာ နှင့် စရဏ” မြတ်ဓမ္မာကို ဟောကြားတော်မူခဲ့သည့် “မြတ်ဗုဒ္ဓ”။

●သိဒ္ဓတ္ထဂေါတမသည် ဗုဒ္ဓကလေးလေးအဖြစ်
(Little Buddha) မွေးလာသည်မဟုတ်၊
နှစ်ပေါင်းများစွာ ရှည့်မြင့်ကြာအောင် ပြုလုပ်၊
ကြိုးကုတ်၊ အားထုတ်ခဲ့သည့် “မြတ်ဗုဒ္ဓ”။

●လူသားတစ်ယောက်အဖြစ် မွေးဖွားလာသော “မြတ်ဗုဒ္ဓ”။

●လူသားတစ်ယောက်ကဲ့သို့ နေသွားသော “မြတ်ဗုဒ္ဓ”။

●ဒဏ္ဍာရီထဲက လူသားမျိုးမဟုတ်သော “မြတ်ဗုဒ္ဓ”။

●နတ်ဗြဟ္မာ မျိုးနွယ်မဟုတ်သော “မြတ်ဗုဒ္ဓ”။

●လူသား သာမာန်တို့ထက် ထူးမြတ်သော “မြတ်ဗုဒ္ဓ”။

●လူသားတို့ မကျင့်နိုင်သည့် အကျင့်မြတ်တို့ကို ကျင့်တော်မူသော “မြတ်ဗုဒ္ဓ”။

●လူသားတို့၊ နတ်ဗြဟ္မာတို့ မသိနိုင်သည့် ဓမ္မ တို့ကို သိတော်မူသော “မြတ်ဗုဒ္ဓ”။

●သဘောထားကြီးသောအရာမှာ အတုမဲ့ “ မြတ်ဗုဒ္ဓ”။

●သည်းခံသောအရာမှာ အနှိုင်းမဲ့ “မြတ်ဗုဒ္ဓ”။

●ခွင့်လွတ်သောအရာမှာ ပြိုင်ဘက်ကင်းသော “မြတ်ဗုဒ္ဓ”။

●သတ္တ၀ါလောကကို လမ်းညွှန်ကောင်းပေးဖို့ ရောက်ရှိလာသော “မြတ်ဗုဒ္ဓ”။

●ကိုယ်တိုင်ကျင့်ထားသော ကိုယ်၏ “ဓမ္မ” သည်သာလျှင်
ကိုယ့်အတွက် အားကိုးရာ၊ ကိုယ့်ကျင့်ထားသော “ဓမ္မ” သည်
ကိုယ့်ဘဝ၏ လမ်းပြဆီးမီးတိုင်၊ ကိုယ်ကျင့်ထားသော ကိုယ့်
“ဓမ္မ” သည်သာလျှင် ကိုယ်ကိုယ်တိုင် ကူးခတ်နေရသော
ဘဝပင်လယ်မှာ ကိုယ်၏ မှီခိုရာကျွန်း၊
ဤသို့လျှင် မိမိကိုယ်ကို မိမိအားကိုးစိတ်
“အတ္တဒီပ၊ အတ္တသရဏ”ဟူသော “လူ့သတ္တိ” ကို
တောက်ပြောင်လာအောင် နှိုးဆော်ပေးတော်မူသော “မြတ်ဗုဒ္ဓ”။

●လူ့ဘဝတစ်ခုလုံး လူသားအားလုံးတို့၏ အမြတ်ဆုံးဥစ္စာသည်
“သီလနှင့် ပညာ” ဤနှစ်ဖြာကို ထင်းရှားပြတော်မူသော “မြတ်ဗုဒ္ဓ”။
အမျိုးဇာတ်အားဖြင့် မည့်သည့်လူမျိုးမှာမှ အယုတ်၊
အလတ်၊ အမြတ်မရှိ ဝိဇ္ဇာ နှင့် စရဏ ပြည့်စုံသူ
မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံသားမဆို မြတ်သည်သာတည်း။

“ဝိဇ္ဇာ” ကိုလည်းကောင်း၊ “စရဏ”ကိုလည်းကောင်း
(Wisdom and Character) တစ်ခုခုကို ဖယ်ထား၍
လူပီသသော လူ့ဘ၀တစ်ခုကို တည်ဆောက်၍ မရနိုင်၊
ထိုနှစ်ပါးပြည့်စုံမှ ဘဝအဓိပ္ပါယ် ပြည့်စုံသည်ဟု
အစဉ်မပြတ် ဆုံးမတော်မူလေ့ရှိသော “မြတ်ဗုဒ္ဓ”
ကွယ်လွန်ခဲ့သည်မှာ ယနေ့ နှစ်ပေါင်း (၂၅၅၈) ရှိခဲ့လေပြီ။
သူ (မြတ်ဗုဒ္ဓ) သည် ဘာကိုမျှယူမသွား၊
သူ့ငြိမ်းချမ်းရေးကိုသာ သူယူဆောင်သွားသည်။

ကမ္ဘာအသင်္ချေအနန္တ သူကျင့်သွားသော “စရဏဓမ္မ”
(ကျင့်နည်းစနစ်) များနှင့် သူကိုယ်တိုင်သိခဲ့သည့် “ဝိဇ္ဇာဓမ္မ”
(အမှန်တရားနှင့် ငြိမ်းချမ်းရေး) တို့ကို သူအပြည့်အစုံ ထားခဲ့ပေသည်။
မြတ်ဗုဒ္ဓ၏ “ဝိဇ္ဇာ” နှင့် “စရဏဓမ္မ” သည်လည်းကောင်း၊
“သစ္စာ၊ သန္တိနှင့် ဝိမုတ္တိဓမ္မ” တို့ သည်လည်းကောင်း၊
တစ်စုံတစ်ခုသောလူမျိုး၊ တစ်စုံတစ်ခုသော ဘာသာတရား၊
တစ်စုံတစ်ခုသော တိုင်းပြည်အတွက် ကွက်၍
ဟောထားခဲ့သည် မဟုတ်ပါ။

ဤ “ဝိဇ္ဇာ နှင့် စရဏမြတ်ဓမ္မ” သည်
အကောင်းမြင်ဝါဒလည်း မဟုတ်၊ အဆိုးမြင်ဝါဒလည်း မဟုတ်။
အရှိနှင့် အမှန်ကို ရှာ ကြည့် သိမြင် ရမည့်ဝါဒ ဖြစ်သည်။
တစ်ယူသန် တစ်ဖက်သတ် အမျိုးဇာတ်စွဲသော
ဝါဒမျိုး မဟုတ်။သန့်ရှင်းမြင့်မြတ်သော စိတ်ဓာတ်ရှိသူတိုင်း
ပိုင်ဆိုင်ခွင့်ရှိသော ဝါဒမျိုး ဖြစ်သည်။

“ဗုဒ္ဓ နှင့် ဓမ္မ” ကို ဗုဒ္ဓဘာသာဝင်တို့သာ ပိုင်ဆိုင်ကြသည်
မဟုတ်ပါ၊ တတ်သိယဉ်ကျေးသော လူသားတို့၏
သမိုင်းကြီး တစ်ခုလုံးက ပိုင်ဆိုင်ကြပါသည်။
မြတ်ဗုဒ္ဓထားခဲ့သော “ဝိဇ္ဇာ နှင့် စရဏ”သည်
လူသားအားလုံးတို့၏ Common ground ဖြစ်ပါသည်။
မြတ်ဗုဒ္ဓထားခဲ့သော “သီလ နှင့် ပညာ”သည်
လူသားအားလုံးတို့၏ Common Platform ဖြစ်ပါသည်။
မြတ်ဗုဒ္ဓထားခဲ့သော “သစ္စာ နှင့် သန္တိ” သည်
လူသားအားလုံးတို့၏ Common Destination ဖြစ်ပါသည်။
“နေမင်း”နှင့်တူသော သူ၏ပညာရောင်ဖြင့် လောကကြီး
တစ်ခုလုံးကို နွေးထွေးသည့် အလင်းရောင် ပေးတော်မူသော
“မြတ်ဗုဒ္ဓ”။

“လမင်း” နှင့်တူသော သူ၏ မေတ္တာ၊ ကရုဏာဖြင့်
လောကကြီးတစ်ခုလုံးကို အေးမြသော အလင်းရောင်
ပေးတော်မူသော “မြတ်ဗုဒ္ဓ”။
ဤသို့ဆိုအပ်သည့် ဂုဏ်တော်၊ ကျေးဇူးတော်အပေါင်းတို့နှင့်
ပြည့်စုံတော်မူသော ပြိုင်ဖက်ရည်တူရှိသော် မမူသည့်
အခြေနှစ်ချောင်းရှိသည့် သတ္တ၀ါအပေါင်းတို့၏ ဆရာ
“မြတ်ဗုဒ္ဓ” ကို ကျွန်ုပ်တို့သည် အလွန်ရိုသေစွာ အစဉ်သဖြင့်
ဦးညွတ်ရှိခိုးကြပါကုန်၏။

■တစ်ဖက်သတ်ကျသော ဤကမ္ဘာမှာ
အလယ်လမ်းက လျှောက်လှမ်းကြပါစို့။
■မုသားလွှမ်းသော ဤကမ္ဘာမှာ
သစ္စာတရား လက်ကိုင်ထားကြပါစို့။
■စွပ်စွဲပြစ်တင်ခြင်းများသော ဤကမ္ဘာမှာ
ခွင့်လွတ်ခြင်းဖြင့် နေထိုင်ကြပါစို့။
■ရန်ငြိုးဖွဲ့တတ်သော ဤကမ္ဘာမှာ
မေတ္တာ တရားဖြင့် ဖြေရှင်းကြပါစို့။
■ရန်များသော ဤကမ္ဘာမှာ မည်သူ့ကိုမျှ
ရန်မပြုဘဲ နေထိုင်ကြပါစို့။
■မငြိမ်းချမ်းသော ဤကမ္ဘာမှာ
ငြိမ်းချမ်းစွာ နေထိုင်ကြပါစို့။
■နှစ်တစ်ရာမပြည့်မီမှာဘဲ ဘဝတစ်ခု ကုန်ဆုံးကြရမည့်
ကျွန်ုပ်တို့တတွေသည် တိုတောင်းလှစွာသော
ဘဝလေးတစ်ခုအတွင်းဝယ်ငြိမ်းချမ်းစွာ
နေထိုင်သွားကြပါစို့။

မြတ်ဗုဒ္ဓ ကွယ်ခဲ့သည်မှာ နှစ်ပေါင်း(၂၅၅၈)ရှိခဲ့သော်လည်း
သူညှိထွန်းထားခဲ့သည့် “ဓမ္မဒီပိကာ”ဓမ္မဆီမီးတိုင်သည်
အာရှတိုက်တွင်သာမက၊ကမ္ဘာတစ်ခုလုံး
လင်းလင်းတောက်လျှက် ကျွန်ုပ်တို့ လျှောက်ရမည့်
ငြိမ်းချမ်းရေးလမ်းကြောင်းကို ကောင်းကောင်းညွှန်ပြ၊
ထွန်းလင်းတောက်ပလျှက် ရှိနေပါသေးသည်။
ကမ္ဘာသူ ကမ္ဘာသားအားလုံး ဤ “ဝိဇ္ဇာ နှင့် စရဏ”
ဟူသော Common Platform ပေါ်မှာ လက်တွဲ၍
ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ကြပါစေကုန်သတည်း။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

သီတဂူဆရာတော်
(အဓိပတိ)
သီတဂူအပြည်ပြည်ဆိုင်ရာကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်)
သီတဂူအပြည်ပြည်ဆိုင်ရာကမ္ဘာ့ဗုဒ္ဓသာသနာပြု အဖွဲ့
၂၅၅၈ နှစ်မြောက် ဗုဒ္ဓနေ့ (၁၃.၅.၂၀၁၄)

====================================
Ref : https://www.facebook.com/pages/Venerable-Ashin-Nyanissara-SitaguThegon-Sayadaw/189920130276

0 comments:

Post a Comment