14 May 2014

ရာဇာမင်း ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်းရဲ့ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်အား ပိတ်သိမ်း (ရုပ်/သံ)


ရာဇာမင်း ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်းရဲ့ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်အား ပိတ်သိမ်း
==================================
နေပြည်တော်မှ ရန်ကုန်သို့ မေလ (၁၂) ရက်နေ့ ညနေ (၆) နာရီတွင် နေပြည်တော် မြို့မဈေး ကားဂိတ်မှ ခရီးသည် (၄၆) ဦး တင်ဆောင် လိုက်ပါလာသည့် ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မှန်လုံ မော်တော်ယာဉ်သည် ညနေ (၆) နာရီ (၄၅) မိနစ်တွင် အရှိန်မထိန်းနိုင်ဘဲ မိုင်တိုင်အမှတ် ၁၉၇/၆ ကို စတင် တိုက်မိပြီး ၀က်လက်မီးရထား ကုန်းကျော်တံတားထိပ်ကို ထပ်မံ တိုက်မိကာ တံတားအောက်သို့ ထိုးကျ တိမ်းမှောက်ခဲ့ပါသည်။
 ယာဉ်ပေါ်တွင် ယာဉ်မောင်းတစ်ဦး၊ အကူ ယာဉ်မောင်းတစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦး အပါအ၀င် ခရီးသည် အမျိုးသား (၂၉) ဦး၊ အမျိုးသမီး (၁၇) ဦး စုစုပေါင်း (၄၆) ဦး ပါရှိသည့်အနက် အမျိုးသား (၁၀) ဦး၊ အမျိုးသမီး (၄) ဦး စုစုပေါင်း (၁၄) ဦး သေဆုံးခဲ့ပြီး နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် အမျိုးသား (၁၆) ဦး၊ အမျိုးသမီး (၁၂) ဦး၊ လယ်ဝေးမြို့နယ် ဆေးရုံတွင် အမျိုးသား (၂) ဦး အမျိုးသမီး (၁) ဦး ပေါင်း အမျိုးသား (၁၈) ဦးနှင့် အမျိုးသမီး (၁၃) ဦး စုစုပေါင်း (၃၁) ဦး ဒဏ်ရာအသီးသီးရရှိခဲ့ပြီး ဆေးကုသမှု ခံယူလျက်ရှိကြပါသည်။ 
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရာဇာမင်း ခရီးသည်ပို့ဆောင်ရေးယာဉ်အား မဆင်မခြင် မောင်းနှင်ခြင်းနှင့် ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ခရီးသည်များ လုံခြုံစွာ သယ်ယူပို့ဆောင်ရေးမှာ စနစ်တကျ ကြီးကြပ်ရန် အားနည်းခဲ့ခြင်းကြောင့် ရာဇာမင်း ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်းရဲ့ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်အား နေပြည်တော် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့မှ ၂၀၁၄ ခုနှစ် မေလ (၁၅) ရက်နေ့မှ စတင်ပြီး ပိတ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။
 MRTV

 


0 comments:

Post a Comment