14 May 2014

iOS ထုတ်ကုန်များ၏ ဝယ်လိုအား ၂၀၁၃ ပထမလေးလပတ်ထက် မြင့်တက်လာ



ပြည်တွင်း နည်းပညာထုတ်ကုန်ဈေးကွက်တွင် iOS ထုတ်ကုန်များ၏ ဝယ်လိုအားသည် ပြီးခဲ့သည့်နှစ် ပထမလေးလပတ်ထက် အနည်းငယ်မြင့်တက်လာကြောင်း ရန်ကုန်အခြေစိုက် နည်းပညာ ထုတ်ကုန်ဈေး ကွက်မှ စုံစမ်းသိရသည်။

ရန်ကုန် မိုဘိုင်းဖုန်းနှင့် ဆက်စပ်နည်းပညာဈေးကွက်တွင် ထုတ်ကုန်များဖြစ်သည့် မိုဘိုင်းဖုန်းနှင့် သင်ပုန်း ကွန်ပျူတာ (Tablet) များကို သုံးစွဲသူပိုမိုများပြားသော်လည်း ၂၀၁၃ မှစတင်ကာ ထုတ်ကုန်များကို သုံးစွဲမှု အနည်းငယ်မြင့်တက်လာခြင်းဖြစ်သည်ဟု အထက်ပါ ဈေးကွက်မှသတင်းရရှိသည်။

iOS ထုတ်ကုန်များသည် နည်းပညာထုတ်ကုန်များထက် ဈေးနှုန်းမြင့်မားသော်လည်း ကြာရှည်အသုံး ခံခြင်းနှင့် နည်းပညာစွမ်းဆောင်မှုမှာ ပိုမိုကောင်းမွန်ခြင်းစသည့် အချက်များကြောင့် သုံးစွဲသူ တိုးတက် လာခြင်းဖြစ်ကြောင်း သိရသည်။

Android OS ထုတ်ကုန်များထက် ဈေးနှုန်းမြင့်မားသည့် iOS နည်းပညာပစ္စည်းများသည် ယခင်က ငွေကြေး တတ်နိုင်သည့် လူတန်းစားတစ်ရပ်သာ အသုံးပြုနိုင်ခဲ့ခြင်းဖြစ်သော်လည်း ယခုနောက်ပိုင်းတွင် နည်း ပညာနှင့် အလှမ်းမဝေးသည့် ကုမ္ပဏီဝန်ထမ်းလူငယ်များသည် ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်၍သော် လည်းကောင်း၊ အရစ်ကျရောင်းချပေးသည့် စနစ်များဖြင့်လည်းကောင်း ဝယ်ယူအသုံးပြုနိုင် ကြခြင်းဖြစ်သည် ဟု သိရသည်။

iOS နည်းပညာ ထုတ်ကုန်များဖြစ်သည့် Apple အမှတ်တံဆိပ်၏ iPhone, iPad, MacBook Air အစရှိ သည်တို့၏ ဝယ်လိုအားများသည် Android OS ဖြစ်သည့် Huawei, Samsung အမှတ်တံဆိပ်များ၏ ဈေး ကွက်နေရာကို အနည်းငယ်ပိုမို ရရှိလာခြင်းဖြစ်သည်။

“ Android OS ထုတ်ကုန်တွေက ကြာရှည်အသုံးမခံဘူး။ Huawei တံဆိပ်တွေဆိုရင် ခဏလေးသုံးရုံနဲ့ ပူလာတာမျိုးရှိတယ်။ iOS ကျတော့ အဲ့ဒီပြဿနာမရှိဘူး။ သုံးနေရင်းနဲ့ မျက်နှာပြင်တွေ ပွတ်လို့မရတာမျိုးလည်း မရှိဘူး” ဟု ထုတ်ကုန်များကို အသုံးပြုနေသူ ကုမ္ပဏီဝန်ထမ်းအမျိုးသားတစ်ဦးက ပြောသည်။

ထို့ကြောင့် ပြည်တွင်းမိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းဈေးကွက်တွင် iOS ထုတ်ကုန်များကို ပုံမှန်ထက် ပိုမိုတင်သွင်းလာရကြောင်း သိရသည်။

“နည်းပညာတွေက အရင်တုန်းကဆို ဈေးနှုန်းကကြီးပေမယ့် အခုအချိန်မှာ လျော့ကျလာတာရှိပါ တယ်။ ဈေးတွေကျလာတော့ ဝယ်လိုအားက ပိုတက်လာတဲ့သဘောပါ။ iPhone 6 လာရင်လည်း သူ့ရဲ့ဝယ်လိုအားက အရင်ထုတ်ကုန်တွေထက် ပိုများလာနိုင်မယ်လို့ထင်တယ်” ဟု Apple အမှတ်တံဆိပ် ထုတ်ကုန်များကို ရောင်းချသည့် iNora ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြည်တွင်းမိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းဈေးကွက်တွင် iPhone ဝယ်ယူသူများပြားလာခဲ့ပြီး Apple ၏ နောက်ဆုံးထုတ်ကုန်ဖြစ်သော iPhone 5S ၏ ဝယ်လိုအားသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ Samsung နှင့် Huawei အမှတ်တံဆိပ်များ၏ နောက်ဆုံးထုတ်ကုန်များ၏ ဈေးကွက်နေရာကို အနည်းငယ်ရယူလာနိုင်ခဲ့သည်ဟု စုံစမ်းသိရသည်။

ယုဇနကိုကို
Internet Journal အတွဲ (၁၅)၊ အမှတ် (၁၈)


0 comments:

Post a Comment