27 Apr 2014

“သီလရှင်ကို ယောက်ျားများက ရှိခိုးကောင်း၊ မကောင်း ၊ သီလရှင်ကို တပည့်တော်ဟု သုံးသင့်၊ မသုံးသင့်”



Q.အရှင်ဘုရား . . .သီလရှင်ကို တပည့်တော်တို့ ယောက်ျားများက
ရှိခိုးကောင်းပါသလားဘုရား။သီလရှင်နှင့် စကားပြောတဲ့အခါ တ ပည့်တော်လို့ သုံးသင့်သလား၊ ကျွန်တော်စသည်ဖြင့် သုံးသင့်သ လား သိချင်ပါသည်ဘုရား။
ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။
(မောင်စိုး)

A. သီလရှင်ကို ယောက်ျားများ ရှိခိုးကောင်းပါတယ်။ရှိခိုးခြင်းဖြင့် အပြစ်မဖြစ်သလို ကုသိုလ်ဖြစ်စေပါတယ်။ရှိခိုးတယ်ဆိုတာနှိမ့်ချတဲ့ သဘော၊ အရိုအသေပြုတဲ့ သဘောရဲ့သင်္ကေတ တစ်ခုပါ။ သီလရှင်မှ မဟုတ်ဘဲ ကိုယ့်ထက်အသက်၊ သိက္ခာ၊ ဂုဏ်ကြီးသူများ ကို အရိုအသေပေးတာ၊နိမ့်ချတာလည်း ကုသိုလ်ဖြစ်ပါတယ်။

ဒီနေရာမှာ ဗုဒ္ဓဘာသာရဲ့ ရှိခိုးကိုးကွယ်မှုကို အနည်းငယ်ပြောလိုပါတယ်။ဗုဒ္ဓဘာသာဟာ “ပုဂ္ဂိုလ်”ကို ကိုး ကွယ်တာမဟုတ်ပါဘူး၊“ဂုဏ်”ကိုကိုးကွယ်တာပါ။ ပုဂ္ဂိုလ်မှာ ရှိတဲ့သီလ၊သမာဓိ၊ ပညာစတဲ့ ဂုဏ်တွေကို အာရုံပြု ရှိခိုးကိုး ကွယ်တာပါ။ဒါကြောင့်လည်း သာသနာ့ဘောင် ရောက်လာတဲ့သားသမီးတွေကို မိဘတွေက ရှိခိုးရတာပါ။

လူတွေနေ့စဉ် စောင့်ထိန်းရတဲ့ သီလတွေထက်ကိုရင်၊ ရဟန်း၊ သီလရှင်များ စောင့်ထိန်းရတဲ့သီလတွေ က ပိုများပါတယ်။ အဲဒီသီလစတဲ့ ဂုဏ်တွေကြောင့်လူပုဂ္ဂိုလ်တွေက မိမိထက် ဂုဏ်အားဖြင့် သာလွန်တဲ့“ရဟန်း၊ သာမဏေ၊ သီလရှင်တွေ”ကို ရှိခိုးကြခြင်းဖြစ်ပါတယ်။သီလရှင်၊ အမျိုးသမီး ဆိုတဲ့ပုဂ္ဂိုလ်ကို မကြည့်ဖို့တော့ လိုပါတယ်။

မျက်မှောက်ခေတ် မြန်မာပြည်မှာ ရှိတဲ့သီလရှင်တွေဟာအနည်းဆုံး “ရှစ်ပါး သီလ”ကို စောင့်ထိန်းကြတဲ့အ ပြင်မြတ်စွာဘုရား တရားတော်တွေကို သင်အံလေ့ကျက်ပို့ချဟောပြောပေးနေတဲ့ သူများဖြစ်တဲ့အတွက် သူတို့ကိုလည်း တစ်နည်းအားဖြင့် “ဓမ္မစေတီထိုက်တဲ့သူ”များဟုဆိုနိုင်ပါတယ်။ ဒါကြောင့် သာမန်နေ့စဉ် ငါးပါးသီလတောင်လုံခြုံအောင် စောင့်ထိန်းဖို့ ခက်တဲ့လူပုဂ္ဂိုလ်တွေ ထက်စာရင်သီလ၊ သမာဓိ၊ ပညာ ဂုဏ်တွေမြင့်တဲ့ သီလရှင်ကိုရှိခိုးထိုက်ပါတယ်။ ပုဂ္ဂိုလ်ကို မကြည့်ပါနဲ့၊ဂုဏ်ကို အာရုံပြုပါ။ အမျိုးသမီးဆိုတဲ့ အစွဲလည်းမထားပါနဲ့။အဲလို အစွဲထားရင် ကိုယ့်အဒေါ်တွေ၊ အမတွေလည်းအမျိုးသမီးတွေပဲ သူတို့ ကိုတောင် သီတင်းကျွတ်၊နှစ်ကူးစသည်မှာ ကန်တော့ကြသေးတာပဲ။သီလရှင်ဆိုပိုတောင် ကန်တော့ကောင်းပါသေး
တယ်။ကန်တော့ခြင်းဖြင့် အပြစ်မဖြစ်ပါ။ကုသိုလ်တောင် ဖြစ်ပါသေးတယ်။

သီလရှင်ကိုလည်း စကားပြောတဲ့အခါမှာ “တပည့်တော်”လို့ သုံးသင့်ပါတယ်။တကယ်တော့ စကားအပြောအ ဆို ဆိုတာတွေက ပညတ်ချက်တွေပါ။သူနိုင်ငံ သူ့ယဉ်ကျေးမှုအရ သတ်မှတ်ထားတဲ့ဓလေ့ထုံးစံများ ဖြစ်နေတဲ့အတွက် ယဉ်ကျေးမှုအရသီးခြားသတ်မှတ်ချက်လေးတွေ ရှိနေတဲ့အပြောအဆိုလေးတွေလိုက်ပြီး သုံးသင့်ပါတယ်။ ဒါလည်းပဲ အပြစ်မဖြစ်ပါဘူး။

မြတ်စွာဘုရားရှင်တောင် ဘုရားဖြစ်ပြီး တရားဟောတဲ့အခါအရိုးစွဲနေပြီးဖြစ်တဲ့ အိန္ဒိယရဲ့ ဗြဟ္မဏ ဓလေ့ထုံးစံများကိုလိုက်ပြီးသုံးနှုန်း တရားဟောတာတွေ ရှိပါတယ်။
ဒါကြောင့် မြန်မာပြည်ရဲ့ ဓလေ့ထုံးစံ သတ်မှတ်ချက်များဖြစ်တဲ့လူပုဂ္ဂိုလ်များနဲ့ သာသနာ့ဝန်ထမ်း များရဲ့ အသုံးအနှုန်းလေးတွေကိုလိုက်ပြီးသုံးသင့်ပါတယ်။ တစ်ဘက်ကလည်း ဒီလိုသုံးနှုန်းခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုနှိမ့်ချရာ ရောက်သလိုကိုယ့်ထက်ဂုဏ်မြင့်တဲ့သူကို အရိုအသေပြုရာလည်းရောက်ပါတယ်။ ဒါကြောင့် သီလရှင်ကိုလည်း တပည့်တော်ဆိုတဲ့အသုံးအနှုန်းမျိုးဖြင့် သုံးနှုန်းပြောဆိုသင့်ကြောင်
အကြံပြုလိုက်ပါတယ်။

မေတ္တာဖြင့်
- ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)


ရန်ကုန်ဘူတာကြီး အဆင့်မြှင့်ဖို့ ကုမ္ပဏီများကို ရထားဝန်ကြီးဌာန တင်ဒါခေါ်ပြီ


နိုင်ငံတကာမှာ ပြည်သူအများစုဟာ ရထားကိုပဲ အဓိက ပို့ဆောင်ရေးအဖြစ် သုံးစွဲနေကြတာကြောင့် မြန်မာပြည်ရဲ့ အခြေခံလူထု သွားလာရေးအတွက် ဘူတာကြီးကို အရင်အဆင့်မြှင့်မယ်လို့ မီးရထားဝန်ကြီးက ပြောလိုက်ပါတယ်။ ဘယ်လိုမြှင့်ပြီး ဘယ်လောက်ကြာမှာလဲ။

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်ရေးအတွက် ဆယ်နှစ်နီးပါး အချိန်ကြာနိုင်သလို ကျပ်ငွေ ၂.၅ ဘီလီယံ ကုန်ကျနိုင်တဲ့ ဒီစီမံကိန်းအတွက် ကုမ္ပဏီတွေ တင်ဒါလျှောက်နိုင်ပြီလို့ မီးရထားပို့ဆောင်ရေး ဒုတိယဝန်ကြီးက ဧပြီ ၂၆မှာ ပြောဆိုခဲ့ပါတယ်။

စိတ်ပါဝင်စားကြောင်း လျှောက်ထားတဲ့ ကုမ္ပဏီတွေကို လာမယ့် နိုဝင်ဘာ တတိယပတ်မှာ ရွေးချယ်မှာဖြစ်ပြီး မီးရထားဝင်းအတွင်း နေထိုင်သူတွေကို ပြောင်းရွှေ့ဖို့လည်း ညှိနှိုင်းပြီးလို့ အဲဒီလူတွေက ကျေနပ်ကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်ဘူတာကြီး အဆင့်မြှင့် တည်ဆောက်ဖို့အတွက် ရွေးချယ်ခံရမယ့် ကုမ္ပဏီဟာ တစ်ခုတည်း ဖြစ်ချင်မှ ဖြစ်မယ်လို့ ပြောဆိုခဲ့ပြီး တင်ဒါစိစစ်ရေးချယ်ရေးကိုလည်း နိုင်ငံတကာအဆင့်မီ အကြံပေးအဖွဲ့ထားပြီး လုပ်ဆောင်မှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

Kamayut Media 


ရပေါ်မှာ မီးလောင် (ရုပ်/သံ)


ကြားရတာ ရေပေါ်မှာ လောင်တဲ့မီးဆိုတော့ နည်းနည်းတော့ ထူးဆန်းပါတယ်။ ဒါမေပယ့် တစ်ကယ်ရေပေါ်မှာလောင်တာပါ။ ဒါဆို သူ့နောက်ကွယ်မှာ အကြောင်းအရာ တစ်ခုတော့ ရှိရမှာပေါ့။

ဟုတ်ပါတယ် ဒါပေမယ့် ဘာကြောင့်လဲဆိုတာမပြောခင် ဖြစ်ပွားခဲ့တဲ့နေရာကို အရင်ပြောချင်ပါတယ်။ အီရတ်နိုင်ငံ ဘက္ကဒတ် မြောက်ပိုင်းက မြစ်လက်တက် တစ်ခုမှာ ဧပြီ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။

Islamic State of Iraq and ash Sham (ISIS) အကြမ်းဖက်အဖွဲ့က အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ဆီပိုက်လိုင်းတွေကို ဖျက်ဆီးလိုက်ရာက ဆီပမာဏတော်တော်များများဟာ ၎င်းမြစ်လက်တက်ထဲကို ယိုဖိတ်ပြီး မီးလောင်ခဲ့တာပါ။ အီရတ်ဝန်ကြီးကတော့ ဒီကိစ္စကို ထိန်းသိမ်းလိုက်နိုင်ပါပြီလို့ ဆိုပါတယ်။ ဘယ်လောက်တောင်ဆိုးရွားလဲဆိုတာ ကိုယ်တိုင်ပဲ အောက်ပါ video မှာ ကြည့်လိုက်ပါဦး။

Credit:  (www.YgnNews.com)




ဦးပိုင်နှင့် MEC ကို သတ္တုလုပ်ကွက်များ ဦးစားမပေးတော့ဟုဆို


 ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ အပါအ၀င် သတ္တုတူးဖော်လုပ်ကိုင်ခွင့်များနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေးဦး ပိုင်လီမိတက်(ဦးပိုင်) နှင့် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို ယခင်ကကဲ့သို့ ဦးစားပေးလုပ်ကိုင်ခွင့်   ပေးမည်မဟုတ် ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန် က ပြောသည်။

‘‘အရင်ကတော့ ဟုတ်ရင် ဟုတ်မယ်။ နောက်ပိုင်းကို တခြား ကုမ္ပဏီတွေနဲ့ တန်းတူလုပ်ကိုင် ခွင့်ကို ၀င်ရောက်အရွေးချယ်ခံရ မယ်’’ ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် အစိုးရလက် ထက်က ပြည်တွင်းမှ သတ္တုတူး ဖော်သည့် ကုမ္ပဏီအများစုသည် စစ်တပ်အသိုင်းအ၀ိုင်းနှင့် ဆက် နွှယ်နေသော စီးပွားရေးလုပ်ငန်း ရှင်များ ဦးစီးလုပ်ကိုင်နေသည့် ဦးပိုင်နှင့် MEC အစရှိသော ကုမ္ပ ဏီများနှင့် ယှဉ်ပြိုင်ရပါက လုပ် ကိုင်ခွင့် အနည်းငယ်သာ ရရှိခဲ့ သောကြောင့် ယခုကဲ့သို့ အစိုးရ က မျှတစေရန် ပြန်လည်ပြင်ဆင် ပေးလိုက်ခြင်းဖြစ်သည်ဟု ဆို သည်။

လက်ရှိတွင် ဦးပိုင်နှင့် MEC ကုမ္ပဏီတို့ သတ္တုတူးဖော်ရေး လုပ်ကွက်များရှိသည့်  ဖားကန့် ဒေသမှ လုပ်ကွက်များ၊  မိုးကုတ် မိုင်းရှူးဒေသမှ ပတ္တမြားနှင့် နီလာ တူးဖော်ရေး လုပ်ငန်းများရှိ ၎င်း တို့ပိုင်လုပ်ကွက်များမှာ သက် တမ်းအားဖြင့် ကုန်ဆုံးနေပြီဖြစ်သောကြောင့် လက်ရှိကာလပေါက်ဈေးမပေးနိုင်ပါက အခြား ကုမ္ပဏီများသို့   လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးတော့မည်ဖြစ်ကြောင်း ဦးဝင်းထိန်က ဆက်လက်ပြောသည်။

  အဆိုပါ ဦးပိုင်နှင့် MEC ကုမ္ပဏီတို့၏  သက်တမ်းကုန် လုပ်ကွက်များမှာ  လစဉ် နိုင်ငံပိုင် သတင်းစာများမှ ခေါ်ယူလျက်ရှိ ပြီး လက်ရှိပေါက်ဈေးအတိုင်း ပေးနိုင်မည့် ကုမ္ပဏီများအနေဖြင့် လျှောက်ထားမှုအချို့ ရှိသော် လည်း ယခုထက်တိုင် အကြောင်း မပြန်သေးကြောင်း Golden Dragon သတ္တုတူးဖော်ရေး ကုမ္ပ ဏီမှ လုပ်ငန်းရှင် ဦးစိုင်းသီဟန် နိုင်က ဆိုသည်။

အချို့သော လုပ်ကွက်များ မှာ   ကချင်ပြည်နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး လုပ် ငန်းများဖြစ်ပြီး  တိုက်ပွဲဧရိယာ များတွင်  ပါဝင်နေခြင်းကြောင့် မူလပေါက်ဈေးအတိုင်း လုပ်ကွက် ကို လွှဲပြောင်းရယူနိုင်သော်လည်း တူးဖော်လုပ်ကိုင်ခွင့် မပေးသေး ၍ မည်သည့်လုပ်ငန်းရှင်ကမှ လုပ်ကိုင်ရယူလိုခြင်းမရှိကြောင်း အထက်ပါ လုပ်ငန်းရှင်က ပြော သည်။

  ယခင်က ဦးပိုင်နှင့် MEC ကုမ္ပဏီတို့သည် အငြိမ်းစားသက်ကြီး  စစ်သားများအတွက်အထောက်အပံ့များ ပေးအပ်နေသည့် ကုမ္ပဏီဖြစ်သောကြောင့် အစိုးရ က ဦးစားပေးလုပ်ကိုင်ခွင့် မကြာခဏ ချထားပေးခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြလေ့ရှိသည်။

7Day Daily


မက်လုံး


“မင်းဒီနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်ရင် အဖေမင်းကိုစက်ဘီးတစ်စီးကောင်းကောင်းဝယ်ပေးမယ်” ဟုဆိုသော အဖေ၏မက်လုံးပြစကားကြောင့် စာမှန်မှန်ကျက်တဲ့ကလေးကိုတွေ့ဖူးသည်။ အဖေ၏ မက်လုံးပြစကားကြောင့် သားဖြစ်သူမှာအားဖြစ်ပြီး ကြိုးစားခြင်းဟုဆိုရပါမည်။ တစ်ချိန်က ဂိမ်းဆိုင်မှ မထသော ကလေးသည်သူ့အဖေစကားကြောင့် ဂိမ်းကစားမည့်အချိန်တွင် ကျောင်းစာမှန်မှန်လုပ်၍ အောင်သွားပြီးစက်ဘီးဝယ်ပေးခဲ့ရသော ဖခင်တစ်ဦးကိုလည်း တွေ့ခဲ့ဖူးပါသည်။

“ငါ့တူမ ဒီနှစ်ဆယ်တန်းကိုအမှတ်ကောင်းကောင်းနဲ့အောင်ခဲ့ရင် ဦးလေးဆေးကျောင်းထားပေးမယ်” လို့ ဦးလေး၏မက်လုံးပြစကားကြောင့် ငါးဘာသာဂုဏ်ထူးနှင့် အောင်ခဲ့သောမဝိုင်းချစ်တစ်ယောက်ကို လည်းတွေ့ခဲ့ဖူးပါသည်။ မဝိုင်းချစ်သည် နံနက်ဘက်သူ၏အမေနှင့်အတူ ရပ်ကွက်အတွင်းတစ်လမ်းဝင် တစ်လမ်းထွက် ကုန်စိမ်းလိုက်ရောင်းပြီး ကျူရှင်မယူပါသော်လည်း မှန်မှန်စာရေးပြီးကျက်၍ဖြေဆိုခဲ့ရာ ငါးဘာသာဂုဏ်ထူးရသည့်အတွက် ၎င်းတို့နေသောရပ်ကွက်တွင်းမှ ရပ်မိရပ်ဖများသည်ရပ်ကွက်တွင်း သဒ္ဓါကြေးလိုက်ကောက်ပြီး ငွေဆယ်သိန်းကျော်နှင့် ဂုဏ်ပြုခံရသူဖြစ်သည်။

မဝိုင်းချစ်၏အောင်မြင်မှုသည် ၎င်းအတွက်ပင်မက သူ့အမေ၏ဘဝကိုပင် ပြောင်းလဲသွားစေပါသည်။ အဘယ်ကြောင့်ဆိုသော် မဝိုင်းချစ်အမေမှာ အစ်ကိုတစ်ယောက်ရှိပြီး ငွေကြေးချမ်းသာသူဖြစ်သည်။ ညီမဖြစ်သူမှာ သူမကြိုက်သည့်သူနှင့် ခိုးရာလိုက်ပြေးခဲ့မှုကြောင့် လုံးဝပစ်ထားခဲ့ပါသည်။ မဝိုင်းချစ်အ မေမှာ နယ်တွင်အိမ်စုတ်ကလေးနှင့်နေပြီး ကုန်စိမ်းရောင်းကာ ဆင်းဆင်းရဲရဲနေရသူဖြစ်သည်။ မဝိုင်းချစ်ဆယ်တန်းကို ထူးထူးချွန်ချွန် အောင်မြင်သည်ဟုကြား၍ လာပြီးညီမ၏မိသားစုကို ရန်ကုန်သို့ ခေါ်ကာတိုက်နှင့်ထားသည်။ ယောက်ဖကိုလည်း အလုပ်ထဲထည့်ပြီး စောင့်ရှောက်ထားသည်ကို တွေ့ရပါသည်။ ဤသို့မက်လုံးပြစကားကြောင့် ကြိုးစားသူများအဖို့ထိရောက်သော လက်နက်တစ်ခုဖြစ် ကြောင်းအထင်းသားမြင်ရပါသည်။

သို့သော် အချို့သော မက်လုံးများ၏ အကျိုးသက်ရောက်မှုမှာ လူအချို့ကို ထိခိုက်နစ်နာသည်ကိုလည်း တွေ့ရပြန်ပါသည်။ ပမာဆောင်သော် ဟိုး…..တစ်ချိန်က အရက်ကြော်ငြာအချို့တွင် သူ၏အရက် (အဖျော်ယမကာ) ကိုမသောက်သောက်အောင် မက်လုံးပေးကြော်ငြာကြသည့်အတွက် ကျွန်တော့် အိမ်နားက ချာတိတ်တစ်ယောက် နှစ်နှစ်လောက် ပေါက်လိုပေါက်ငြား ဆက်သောက်ခဲ့ရာ ဆေးရုံ ရောက်သွားသည်ကို တွေ့ရပါသည်။ စီးပွားရေးသမားအချို့သည် ၎င်းတို့ပစ္စည်းအားမသုံးသုံးချင် အောင်မက်လုံးပေး ကြော်ငြာကြသည်မှာ သူ့အလုပ်သူလုပ်ခြင်း ဖြစ်သည့်အတွက် မပြောသာပါ။ သောက်သုံးသူတို့ကသာ ချင့်ချင့်ချိန်ချိန် သုံးဆောင်သင့်ပါသည်။

“ပြုံးတုံးတုံးနှင့် မြှုံးမိတဲ့ငါးပမာ” ဆိုသောစကားကို ကြားဖူးပါလိမ့်မည်။ မြှုံးထဲမိနေသော ငါးကပြုံးနိုင်ပါ့ မလားလို့ မေးဖွယ်ရာလည်းရှိပါသည်။ တံငါသည်သည် မြှုံးထဲတွင် အစာကို (မက်လုံးပြ) ထည့်၍ ငါးကိုဖမ်းယူရန်အကြံဖြင့် မြှုံးထောင်ခြင်းအမှုကိုပြုရာ ကိုရွှေငါးသည် တံငါသည်၏ မက်လုံးပေးဖြား ယောင်းထားသည်ကို မသိရှာပါ။ အဆိုပါအစာကိုစားလိုသောစိတ်ဖြင့် မြှုံးအတွင်းသို့ဝင်ခဲ့သည်။ မြှုံးအ တွင်းအစာများကို အားရပါးရစားသုံး၏။ ထိုအခါမြှုံးဘေးမှ အခြားငါးများလာရာတွင် မြှုံးအတွင်းမှငါး သည်ဒီအစာများကို သူတစ်ကောင်းတည်းသာ စားရသည်ဟု မာန်နှင့်ပြုံးတုံးတုံးလုပ်ပြသည်။ ဤသည် ကိုပညာရှိတို့က ပြုံးတုံးတုံးနှင့်မြှုံးမိတဲ့ငါးပမာလို့ မိမိကျရောက်လာမယ့် ဘေးကိုမသိပျော်သလိုနေသူ များကို ဆုံးမစကားတစ်ခုအဖြစ် ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါမြှုံးအတွင်းမှ ပြုံးတုံးတုံးလုပ်နေသော ငါးသည်တံငါသည် မြှုံးလာဖော်၍ ၎င်းအားခေါင်းထုမည်ကို မသိရှာဘဲပြုံးနိုင်ခြင်းဖြစ်သည်။

ယခုခေတ်မှာ မြှုံးထဲကငါးတွေများနေသည်ဟု ထင်ပါသည်။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးတို့သည်လည်း တောရောမြို့ပါ မြန်မာပြည်အနှံ့ ပျံ့နှံ့နေသည်မှာလည်း ခေတ်မီတိုးတက်သော နိုင်ငံတော်တည် ဆောက်ရာတွင် အဟန့်အတားများဖြစ်နေသည်ဟု မြင်ပါသည်။ လူငယ်လူရွယ်များသာမက လူကြီး သူမများအထိ အလောင်းအစား စိတ်ဓာတ်များ လွှမ်းမိုးနေခြင်းသည် ရင်လေးဖွယ်ဖြစ်ပါသည်။

ထို့ကြောင့် အချို့မက်လုံးကြော်ငြာများသည် အန္တရာယ်ကိုဖိတ်ခေါ်နေသည့် မက်လုံးများဖြစ်၍ သုံးဆောင်သူများကသာ ဆင်ခြင်သုံးဆောင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကြေးမုံသတင်းစာ-ဧပြီလ(၂၁) ရက်၊ ၂၀၁၄ ခုနှစ်
မောက္ခ ပညာရေး

ခေါင်းမာသောကလေးကို ပြုစုပျိုးထောင်နည်း



ပျမ်းမျှ အသက် ၅-နှစ် အရွယ်လောက်ကစ၍ မိမိကလေး ခေါင်းမာသူ ဟုတ်/မဟုတ်ကို မိဘများ သတိ ထားမိလာကြပါပြီ။ ခေါင်းမာသော ကလေးများဟာ မိဘ၊ ပတ်ဝန်းကျင်မှသူများဖြင့် အယူအဆ ဆန့် ကျင် ကွဲလွဲတတ်တာကြောင့် ဆက်ဆံရေးမှာ ပြဿနာ ဖြစ်စေတတ်ပါတယ်။ အထူး သဖြင့် ကလေး၏စိတ်ဆန္ဒနှင့် ဆန့် ကျင်ပြီး တစ်ခုခုကို လုပ်ဆောင်ရန် အတင်းအကျပ်စေခိုင်းတဲ့ အခါ ခေါင်းမာမှုဖြစ်လာတတ်ပြီး၊ ထိုခေါင်းမာမှုကိုပျောက်အောင် မိဘကအစွမ်းကုန်ကြိုးစားလေ ကလေးကတင်းခံပြီးနေပြလေဖြစ် တာကြောင့် တစ်ဦးနှင့်တစ်ဦး အယူကွဲပြားကာ စိတ် မချမ်းမြေ့ စရာဖြင့် အချိန်ကုန်၊ အင်အားကုန်ဖြစ်တတ် ပါတယ်။

“ခေါင်းမာလိုက်တာ” ဆိုတဲ့ သဘောသဘာဝမှာ လွယ်လွယ်အလျော့မပေးဘဲ ရည်မှန်းချက် သို့ ရောက်အောင် မလျော့သောဇွဲ လုံ့ လအားအင် ဖြစ်တာကြောင့်၊ တနည်းအားဖြင့် အကောင်းမြင်ဘက် ကကြည့်တဲ့အခါ ခေါင်းမာခြင်းဆိုတာ တန်ဖိုးရှိတဲ့လက္ခ ဏာ တစ်ရပ်လို့  မှတ်ယူ သင့်ပါတယ်။ ဒါကြောင့် လူကြီးများအနေဖြင့် -

(၁) ကလေးအပေါ် ကြင်ကြင်နာနာ၊ ရင်းရင်းနှီးနှီးထိတွေ့ ဆက်ဆံ ပေးပါ။ ချစ်ခင်ကြင် နာမှုပြပေးပါ။

(၂) ကလေးရဲ့  စိတ်ခံစားချက်ကို အရေးတယူနားထောင်ပေးပြီး၊ လိုသလို ဖြည်းဖြည်းချင်း စိတ်ရှည်ရှည် ထား၍ပုံသွင်းယူပါ။

(၃) အကယ်၍ ကလေးနှင့်ပြိုင်၍ တင်းမာမှုပြလေလေ ကလေးက ပို၍ခေါင်းမာလေလေ ဖြစ် တတ်တာမို့ ၊ ထိပ်တိုက်အငြင်းပွားမှု ကို ရှောင်ပါ။

(၄) တခြားကလေးများနှင့် နှိုင်းယှဉ်၍ မဆုံးမပါနှင့်။ ဇွဲမလျော့တဲ့စိတ်ရင်းအခံကြောင့် မခံချင် စိတ်ဖြင့် ပို၍ခေါင်းမာ သွားစေတတ်ပါတယ်။

(၅) အမိန့် ပေးလေးသံဖြင့်မဟုတ်ဘဲ …ဥပမာ “သားလေးရေ..မေမေ့ကိုကူညီပါဦး.. ဟို ပစ္စည်းလေး လှမ်း ယူပေးပါဦးသားရယ်” စ သည်ဖြင့် ပူးပေါင်းဆောင်ရွက်သည့် သဘောဆောင် တဲ့လေသံဖြင့် အမိန့် ဆန်တဲ့ ခိုင်းစေခြင်းမျိုးမဟုတ်ဘဲ နားဝင်အောင်လေ့ ကျင့် သင်ကြားပေးပါ။

(၆) တခါတရံမှာ ကလေးက “မလုပ်ချင်ဘူး၊ မလုပ်နိုင်ဘူး” လို့ ငြင်းဆန်တဲ့အခါ၊ လူကြီးကို သိက္ခာမဲ့စေလို၍ လူကြီးစကား တမင် နာ မထောင်ခြင်းမဟုတ်ပေ။ ကလေးအနေဖြင့် သူ့  စိတ်ကြိုက်ရွေးချယ် ဆုံးဖြတ် လိုခြင်းကို အရိုးခံစိတ်ဖြင့် တင်ပြခြင်းဖြစ်သည်ဟု နားလည်ပေး သင့်ပါတယ်။ ထိုအခါမျိုးမှာ မလုပ်ပေး ရကောင်းလားဆိုပြီး မြည်တွန်တောက်တီးမနေဘဲ၊ ဖာသိ ဖာသာထား၍ နောင်တစ်ကြိမ် အလားတူ ကိစ္စကြုံလာတဲ့အခါ ကလေးက ပူးပေါင်းဆောင်ရွက် လိုစိတ်ရှိအောင် လေ့ကျင့်ပေးပါ။

(၇) ကလေးကပူးပေါင်းဆောင်ရွက်လာတဲ့အခါမှာ၊ ကလေး၏တုန့် ပြန်မှုကိုချီးကျူး၍ ဂုဏ်သရေရှိလူကြီး တစ်ယောက်၏ တုန့် ပြန် မှုကဲ့သို့  လေးလေးစားစား သဘောထား ဆက်ဆံပေး လိုက်ပါ။

(၈) ဥပမာ အသက်အန္တရာယ်ဖြစ်စေတဲ့ မီးခလုတ်တွေကို ဖွင့်/ပိတ်ကစားခြင်း၊ မီးခြစ်ဖြင့်ဆော့ ကစားခြင်း၊ လမ်းမပေါ်တက်၍ က စားခြင်း…စသည့်ကိစ္စရပ်များအတွက် မလုပ်ရန်တားမြစ်သော်လည်း၊ ခေါင်းမာခြင်း မျိုးကြုံတွေ့ ရတဲ့အခါမှာတော့ တင်ပါး(သို့ မ ဟုတ်)လက်ဖ၀ါးကို ခပ်ဆတ်ဆတ်ရိုက်ပြီး နောက်ထပ် မလုပ် ၀ံ့အောင် ဆုံးမပေးရပါမယ်။

(၉) လူကြီးက “ဟိတ်” ဟုပြောဆိုပြီး မျက်နှာရိပ်မျက်နှာကဲပြတဲ့အခါ၊ ကလေးအေ နဖြင့်ေ ရှ့ ဆက်မလုပ်ရဲ မလုပ်ဝံ့အောင် သြဇာ သက်ရောက်မှုဖြစ်စေဖို့ လိုပါတယ်။ အကယ်၍ “ဟိတ်” ဟုတားမြစ်သော အသံကို မလိုက်နာတဲ့အခါ တင်ပါး(သို့ မ ဟုတ်)လက် ဖ၀ါးကို ခပ်ဆတ်ဆတ် အရိုက်ခံရမယ်ဆိုတာ သိထားဖို့  ကိုလည်း အဆက်အစပ်မိမိ လေ့ကျင့်ပေးထားသင့်ပါတယ်။

(၁၀) တခါတရံမှာ မိဘကဖြစ်စေလိုတဲ့စိတ်ဇောဖြင့် အတင်းအကျပ်သွန်သင်မှုက၊ ကလေးအတွက် လူကြီး စကားနားမထောင် သောအကျင့်(သို့ မဟုတ်)လူကြီးခိုင်းသည်ကို မလိုက်နာေ သာအကျင့်မျိုး လေ့ကျင့်ခဏ်း အမှားတွေ ဖြစ်သွားနိုင်တာကို သတိပြု ဆင်ခြင်ပါ။

(၁၁) ခေါင်းမာမှုမရှိဘဲ ပူးပေါင်းဆောင်ရွက်မှုအတွက် အကောင်းဆုံးနည်းလမ်းမှာ “နာကျင်မှုကို ရှောင် ၍၊ ပျော်ရွှင်မှုကို ဆောင်ရန်” ဖြစ်ပါတယ်။

(ဆောင်းပါးရှင်…ပေါက်ပေါက်… မျှဝေသည်)

Credit: promise.pauk

ဂျာမနီ အင်တာနက်ကုမ္ပဏီ မြန်မာအပါအဝင် ခြောက်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံမည်



ရန်ကုန်၊ ဧပြီ ၂၆

ဂျာမနီနိုင်ငံအခြေစိုက် ကမ္ဘာ့ထိပ်တန်း အင်တာနက် Website ကုမ္ပဏီကြီး Rocket Internet က မြန်မာ အပါအဝင် အာရှခြောက်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ဆယ်သန်း တိုးချဲ့ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း Rocket Internet ၏ ပူးတွဲတည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာ Stefan Haubold က ပြောကြားသည်။

၎င်းတို့ ရင်းနှီးမြှုပ်နှံမှုကို မြန်မာအပါအင် ခြောက်နိုင်ငံရှိ ကားရောင်းဝယ်ရေး Website များနှင့် ချိတ်ဆက် ထားသည့် အာရှထိပ်တန်း နာမည်ကျော် မော်တော်ယာဉ် အရောင်းအဝယ် Website တစ်ခုဖြစ်သည့် Carmudi အတွက် အသုံးပြုသွားမည်ဟု ၎င်းကဆိုသည်။

“Carmudi က အလျင်အမြန် တိုးတက်နေတဲ့ Car အရောင်းအဝယ် Online Website ပါ။ ကျွန်တော်တို့ ဈေးကွက်ထဲမှာ အလျင်အမြန် ဦးဆောင် နေရာရထားပါတယ်” ဟု ၎င်းက ဆိုသည်။

Rocket Internet ၏ တိုးချဲ့ ရင်းနှီးမြှုပ်နှံမှုကို ဂျာမနီအခြေစိုက် German Tengelmann Group အပါအဝင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများက ပူးပေါင်း ရင်းနှီးမြှုပ်နှံထားပြီး ယခု ရင်းနှီးမြှုပ်နှံမှုကြောင့် Website ပေါ် တွင် မော်တော်ယာဉ် အစီးရေ တစ်သိန်းကျော်အထိ စာရင်းပြုစု တင်ပြသွားနိုင်မည်ဟု Stefan Haubold က ပြောကြားသည်။

“နည်းပညာခေတ်ထဲ ရောက်နေတော့ မော်တော်ယာဉ် အရောင်းအဝယ် ကိစ္စတွေကို ကျွန်တော်တို့လည်း Website တွေပေါ် တင်ပြီး လုပ်ရကိုင်ရတာတွေ ရှိတယ်။ တချို့အချက်အလက်တွေကို အဲဒီကပြန်ပြီး လေ့ လာရတွေ ရှိတယ်။ ဒီမှာက Online ငွေပေးချေစနစ် မရှိသေးတော့ တကယ့် အရောင်းအဝယ်တွေကတော့ အပြင်မှာပဲ လုပ်နေကြရတုန်းပါပဲ။ Website တွေကိုတော့ အချက်အလက် လေ့လာဖို့အတွက် အဓိက သုံးနေရတယ်” ဟု ဝါရင့်မော်တော်ယာဉ် အကျိုးဆောင် ဦးဇော်ဝမ်းက ပြောကြားသည်။

Carmudi Website သည် မြန်မာအပါအဝင် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံများတွင် မော်တော်ယာဉ်ဆိုင်ရာ သတင်းအချက်အလက်များ၊ သုံးသပ်ချက်များ၊ နောက် ဆုံးပေါ် သတင်းများ၊ မှတ်သားစရာများနှင့် အကြံပေးချက်များကို တစုတစည်းတည်း ဖော်ပြပေးနေသည့် ထိပ်တန်း Website တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင်မူ အဆိုပါ Carmudi Website ကို motors.com.mm ဟု လူသိများပြီး လစဉ် ဝင်ရောက်ကြည့်ရှုသူ နှစ်သိန်းခွဲခန့် ရှိကာ မော်တော်ယာဉ် ရောင်းချသူများ၊ ဝယ်ယူသူများနှင့် Car Dealer များအတွက် မော်တောယာဉ်၊ ဆိုင်ကယ်နှင့် စီးပွားရေးလုပ်ငန်းသုံး ယာဉ်ကြီးများကို စုံလင်စွာ ဖော်ပြပေး ထားသည့် ထိပ်တန်း မော်တော်ယာဉ် အရောင်းအဝယ် Website တစ်ခုဖြစ်သည်။

The Voice Weekly


ချစ်ခြင်းကို မခွဲပါနဲ့ (အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)



ငြိမ်းအေးသော ဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် နောက်အရည်အသွေး တစ်ခုကတော့ " ကုန်းမတိုက်ခြင်း၊ သို့မဟုတ် အချစ်ခွဲစကား မပြောဆိုခြင်း " ဆိုတဲ့ အရည်အသွေးပါပဲ။

ကုန်းတိုက်တယ်ဆိုတာ ချစ်ခြင်းကိုခွဲတာပါ။ " ကုန်းစကား " ဆိုတာ အချစ်ခွဲစကားပါ။ ချစ်သူ၊ ခင်သူ၊ မြတ်နိုးသူအချင်းချင်း အချစ်ပျက်၊ အခင်ပျက်၊ အမြတ်နိုးပျက်အောင် မလိုတမာ ကြားဝင်ပြီး အပို ရှာစကားဆင်တာကို ကုန်းတိုက်တယ်လို့ ခေါ်ပါတယ်။ (ကုန်းတိုက်စကား = ပိသုဏ၀ါစာ = ပိယ + သုည + ၀ါစာ = ချစ်ခြင်းကို + ခွဲသော + စကား။)

တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ပေါင်းသင်းနေရာကနေ ထသတ်အောင် လုပ်လိုက်မှ ကုန်းတိုက်တာ မဟုတ်ပါဘူး။ ကုန်းတိုက်တဲ့ ကိစ္စမှာ ရန်ဖြစ်တာ၊ မဖြစ်တာ၊ ပြဿနာတက်တာ၊ မတက်တာဟာ အဓိက မဟုတ်ပါဘူး။ ရန်ဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ ပြဿနာ တက်တက်၊ မတက်တက် တစ်ယောက်နဲ့ တစ်ယောက် မချစ်ခင်တော့ဘူး၊ မပေါင်းသင်းတော့ဘူးဆိုရင် အဲဒီလိုဖြစ်အောင် လုပ်တဲ့လူဟာ ကုန်းတိုက်တဲ့လူပါပဲ။

ဒီဘက်လူအကြောင်း ဟိုဘက်မှာ မကောင်းပြော၊ ဟိုဘက်လူအကြောင်း ဒီဘက်မှာ မကောင်းပြောနဲ့ နှစ် ဖက်လုံးမှာ ပြေးလွှားလှုပ်ရှားပြီး သွေးခွဲစကားပြောဆိုမှ ကုန်းတိုက်တာ မဟုတ်ပါဘူး။ တစ်ဖက်ဖက် မှာ သွေးခွဲစကားပြောလို့ နှစ်ဖက်လုံး အဆက်အဆံ မရှိတော့ဘူးဆိုရင် ကုန်းတိုက်တာပါပဲ။ သူ့စေတနာကို က နှစ်ဖက်အချစ် ပြယ်စေချင်တာကိုး။

တချို့ မိဘတွေက ကိုယ့်သားသမီးတွေကို ကိုယ်သဘောမတူသူနဲ့ ချစ်သူရည်းစားဖြစ်နေကြပြီ၊ လက်ထပ်ဖို့ ရည်ရွယ်ကြပြီဆိုရင် သားသမီးတွေရဲ့  ချစ်ခြင်းကို မရရတဲ့နည်းနဲ့ ခွဲကြပါတယ်။ တကယ့်ကို မသင့်တော်တဲ့ သူ၊ တကယ့်ကို အကျိုးပျက်စီးစေမယ့်သူမို့ ချစ်ခြင်းကို ခွဲတာဆိုရင်တော့ " မကောင်းမြစ်တာ " ဆိုတဲ့ မိဘ ၀တ္တရားအရ အပြစ်မရှိပေမယ့် ကိုယ့်ရဲ့  အတ္တ၊ မာနလွန်ကဲမှု၊ ဂုဏ်ရှိန်မောက်မာမှုနဲ့ ကိုယ့်ဘက်သူ့ဘက် ရန်ငြိုးဖွဲ့၊ ကလဲ့စားချေမှုတွေကြောင့် သားသမီးတွေရဲ့  ချစ်ခြင်းကို ခွဲပစ်တာဆိုရင်တော့ မိဘတွေအနေနဲ့ ကုန်းတိုက်ခြင်းအမှုကို ကျူးလွန်ရာ ရောက်သွားပါပြီ။

စကားတွေ၊ စာတွေနဲ့ ချစ်ခြင်းခွဲလိုက်တဲ့အတွက် သားသမီးတွေရဲ့  ဘ၀ ပျက်စီးသွားရပြီဆိုရင်တော့ အပါယ် ကျကြောင်း ၀စီဒုစရိုက်အကုသိုလ်အထုပ်ကြီးကို မိဘတွေ ရင်မှာ ပိုက်မိသွားပါပြီ။ " ကောင်းစေချင်လို့ပါ " လို့ စကားလှလှလေးတွေနဲ့ ကာကွယ်မနေပါနဲ့တော့၊ အပိုပါပဲ။

ကိုယ်ကြည်ညိုတဲ့ ဘုန်းကြီးဆီကို တခြားလူ ၀င်ထွက်သွားလာနေတာ မကြိုက်တဲ့အတွက် ဘုန်းကြီးနဲ့ တခြားလူအကြား အထင်အမြင်လွဲမှားပြီး အဆက်အဆံပျက်သွားအောင် ပြောဆိုတာဟာလည်း ကုန်း တိုက်တာပါပဲ။

ဘုန်းကြီးနဲ့ ဒကာကြား၊ ဒကာအချင်းချင်းကြား၊ မဟုတ်မဟတ် လုပ်ဇာတ်ခင်းပြီး ချစ်ခြင်းခွဲတာမျိုး သာသနာကြည်ညိုသူတိုင်း လုံးဝ မပြုလုပ်သင့်ပါဘူး။ အပြင်လောကမှာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ ရာသင်္ချိုင်း ဓားမဆိုင်းဖြစ်နေကြပါစေ၊ သာသနာ့နယ်မြေရောက်ရင်၊ သာသနာ့အလုပ်လုပ်ရင်တော့ အဲဒီ အခိုက်အတန့်မှာ မေတ္တာစိတ်မွေးပြီး ဆက်ဆံသင့်ပါတယ်။ ဒါမှလည်း ကုသိုလ်စိတ်ဖြစ်မှာပါ။

သူတစ်ပါးရဲ့ ချစ်ခြင်းကို ခွဲတဲ့သူဟာ အပါယ်လေးပါး လားရောက်ရတဲ့အပြင် ဖြစ်လေရာ ဘ၀တိုင်းမှာ သူတစ်ပါးရဲ့  အကဲ့ရဲ့  ၊ အစွပ်စွဲ ခံရတတ်ပါတယ်။ သူများလုပ်သမျှ အပြစ်တွေဟာ ကိုယ့်အပေါ်မှာပဲ ကျရောက်တဲ့အတွက် သူ့အပြစ်က ကိုယ့်အပြစ် ဖြစ်တတ်ပါတယ်။

ကိုယ်ချစ်တဲ့သူတွေနဲ့ ဘယ်တော့မှ ဆုံဆည်းခွင့်မရတဲ့အတွက် ချစ်သူကွဲဆင်းရဲ (ပိယေဟိ ၀ိပ္ပယောဂဒုက္ခ) ကို အမြဲခံစားရတတ်ပါတယ်။ လူဆင်းရဲပဲဖြစ်ဖြစ်၊ လူချမ်းသာပဲဖြစ်ဖြစ် ၊ ဖြစ်လေရာဘ၀မှာ ဘယ်တော့မှ စိတ်ချမ်းသာတယ်ရယ်လို့ မရှိဘဲ အမြဲ စိတ်ဆင်းရဲနေရတတ်ပါတယ်။ ကိုယ်ဘယ်လောက် ကောင်းကောင်း၊ လူတိုင်းက ကိုယ့်ကို အလကားနေရင်း မုန်းတီးနေတတ်ပါတယ်။

မြတ်စွာဘုရား လက်ထက်တုန်းက အရှင်ဓာနလို့ ခေါ်တဲ့ ရဟန်းတော်တစ်ပါး ရှိခဲ့ဖူးပါတယ်။ သူရဟန်းပြု တဲ့နေ့ကစပြီး သူ့နောက်ပါးမှာ အမျိုးသမီးတစ်ယောက် ထက်ကြပ်မကွာ လိုက်ပါနေခဲ့ပါတယ်။ သွားလည်း သူ့အပါးက၊ ရပ်လည်း သူ့အပါးက၊ ထိုင်လည်း သူ့အပါးက၊ လျောင်းလည်း (အိပ်လည်း) သူ့အပါးက၊ အဲဒီအမျိုးသမီးဟာ သူ့အပါးက တစ်ဖ၀ါးမကွာ ၊ သူနဲ့ တပူးတွဲတွဲ အမြဲရှိနေခဲ့ပါတယ်။ ဘယ်လောက်ထိ တပူးတွဲတွဲရှိသလဲဆိုရင် အရှင်ဓာန မြို့ ထဲရွာထဲ ဆွမ်းခံကြွရင်တောင် နောက်ပါးက အရိပ်ပမာ လိုက်ပါ လာတဲ့ အထိပါပဲ။ ဆွမ်းလောင်းတဲ့ အမျိုးသမီးတွေက " ဒါက အရှင်ဘုရားအတွက် တစ်ဇွန်း၊ ဒါက အရှင် ဘုရားအမျိုးသမီးအတွက် တစ်ဇွန်း " လို့ ပြက်ရယ်ပြောင်လှောင်ပြီး ဆွမ်းနှစ်ဇွန်း နှစ်ဇွန်း လောင်းလေ့ရှိ ပါတယ်။

မြို့ ထဲရွာထဲသွားရင် မြို့ သူရွာသားတွေရဲ့  ပြက်ရယ်ပြောင်လှောင်ခံရသလို ကိုယ့်ကျောင်းမှာ နေရင်လည်း ရဟန်းငယ်၊ ကိုယ်ရင်တွေရဲ့  ပြက်ရယ်ပြောင်လှောင်ခံရပါတယ်။ ရဟန်းငယ်တွေ၊ ကိုရင်တွေက အရှင် ဓာနကို ၀န်းရံပြီး " အရှင်ဓာနဟာ မိန်းမကြူးတဲ့သူကြီးပါလား (အရှင်ဓာန-မိန်းမကြူး၊ မိန်းမကြူး- အရှင်ဓာန) " လို့ အမြဲစကြနောက်ကြပါတယ်။

" အရှင်ဓာနဟာ မိန်းမကြူးတဲ့သူကြီးပါလား " ဆိုတဲ့ နောက်ပြောင်စကားကို အစွဲပြုလို့ အရှင်ဓာနဆိုတဲ့ မူရင်းနာမည်ပျောက်ပြီး အားလုံးက အရှင်ကုဏ္ဍဓာန လို့ ခေါ်ဝေါ် ကြပါတော့တယ်။ (ကုဏ္ဍောဓာနော= မိန်းမကြူးတဲ့ အရှင်ဓာန)

အရှင်ကုဏ္ဍဓာနရဲ့  နောက်တော်ပါးက တစ်ဖ၀ါးမကွာ လိုက်ပါနေတဲ့ အဲဒီအမျိုးသမီးဟာ တကယ်တော့ လူသားစစ်စစ် တကယ့်အမျိုးသမီး မဟုတ်ပါဘူး။ အတိတ်က မကောင်းမှုအကုသိုလ်ကံ တစ်ခုကြောင့် အလိုအလျောက်ဖြစ်ပေါ်နေတဲ့ အမျိုးသမီးရုပ်တစ်ခုမျှသာ ဖြစ်ပါတယ်။ ၀ဋ်ကြွေးကြောင့်ဖြစ်တဲ့ အမျိုးသမီး အရုပ်ဖြစ်လို့ အမျိုးသမီးဝဋ်ကြွေးရုပ်လို့ပဲ ဆိုရမှာပေါ့။

သူ့အပါးမှာ အမြဲရှိနေတဲ့ အဲဒီအမျိုးသမီး ၀ဋ်ကြွေးရုပ်ကို အရှင်ကုဏ္ဍဓာနက လုံးဝမမြင်တွေ့ရပါဘူး။ တခြားသူတွေကသာ တကယ့်အမျိုးသမီးတစ်ယောက်အနေနဲ့ မြင်တွေ့ကြရတာပါ။ တကယ့်အမျိုးသမီး အစစ်လို့ပဲ ထင်ပြီး စကြ၊ နောက်ကြ၊ ပြောင်လှောင်ကြတာမို့ အရှင်ကုဏ္ဍဓာနမှာ မြို့ ထဲရွာထဲသွားရင်လည်း စိတ်ဆင်းရဲရ၊ ကျောင်းထဲကန်ထဲမှာ နေလည်း စိတ်ဆင်းရဲရနဲ့ အမြဲတမ်း စိတ်ဆင်းရဲနေရရှာပါတယ်။
တစ်ဖက်သား အထင်အမြင်လွဲမှားစရာ အဖြစ်အပျက်တွေနဲ့ လူတကာ၊ ရှင်တကာရဲ့  အမုန်းခံဖြစ်ပြီး အမြဲစိတ်ဆင်းရဲနေရတဲ့ဘ၀ရောက်အောင် တွန်းပို့လိုက်တဲ့ သူ့ရဲ့  အတိတ်ကံကတော့ သူတစ်ပါးရဲ့  ချစ်ခြင်းကို ခွဲခဲ့တဲ့ အကုသိုလ်ကံပါပဲ။

ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက အရှင်ကုဏ္ဍဓာနလောင်းလျာဟာ ဘုမ္မဇိုဝ်းနတ် ဖြစ်ခဲ့ပါတယ်။ ကဿပမြတ်စွာဘုရားရှင်ရဲ့  သာသနာတော်မှာ တစ်ပါးနဲ့ တစ်ပါး သိပ်ချစ်ကြတဲ့ ရဟန်းတော် နှစ်ပါး ရှိပါတယ်။ သွားအတူ၊ လာအတူ၊ စားအတူ၊ နေအတူ၊ တရားအားထုတ်တော့လည်း အတူတူ၊ တစ်ပါးနဲ့တစ်ပါး၊ သိပ်ချစ်ခင်ရင်းနှီးကြပါတယ်။ " တစ်ပါးမခွဲတဲ့ နှစ်ပါးအတွဲ " ရယ်လို့ ထင်ရှားကျေ ရယ်လို့ ထင်ရှားကျော် ကြားလောက်အောင် သိပ်ချစ်ကြပါတယ်။

တစ်ခုသော ဥပုသ်နေ့မှာ ဥပုသ်ပြုဖို့အတွက် ကဿပမြတ်စွာဘုရားရှင်ရှိရာအရပ်ကို နှစ်ပါးအတူ သွားကြပါတယ်။ အရှင်ကုဏ္ဍဓာနလောင်းလျာ ဘုမ္မဇိုဝ်းနတ်လည်း သူတို့နှစ်ပါးရဲ့  မနီးမဝေးကနေ လိုက်ပါလာခဲ့ပါတယ်။

" ဒီ ကိုယ်တော်နှစ်ပါး တစ်ပါးနဲ့ တစ်ပါး သိပ်ချစ်ကြတယ်၊ သူတို့ ရဲ့  ချစ်ခြင်းမေတ္တာက သိပ်ခိုင်မြဲတယ်၊ တကယ်လို့များ တစ်စုံတစ်ယောက်က သူတို့ ရဲ့  ချစ်ခြင်းမေတ္တာကို ခွဲခဲ့ရင် ကွဲသွားကြလေမလား၊ ဘယ်သူ သွေးခွဲခွဲ အချစ်မပျက် မေတ္တာဆက်နိုင်ကြပါ့မလား၊ သူတို့ နှစ်ပါးရဲ့  ချစ်ခြင်းမေတ္တာ ဘယ်လောက် ထိအောင် ခိုင်မြဲသလဲဆိုတာ ငါစမ်းသပ်ကြည့်ဦးမှပဲ "လို့တွေးပြီး ဘုမ္မဇိုဝ်းနတ်ဟာ ရဟန်းတော်နှစ်ပါး စိတ်ဝမ်းကွဲသွားအောင် လုပ်လို့ရမယ့် အခြေအနေ၊ အခွင့်အလမ်းကို ချောင်းမြောင်းရှာကြံပြီး ရဟန်းတော်နှစ်ပါးရဲ့  မနီးမဝေးကနေ လိုက်ပါလာခဲ့ပါတယ်။

ရေမိုးအဆင်ပြေတဲ့ နေရာတစ်နေရာ (စမ်းချောင်းလေးတစ်ခုအနား) အရောက်မှာတော့ ရဟန်းတော် တစ်ပါးက တခြားရဟန်းတော်တစ်ပါးရဲ့ လက်ထဲမှာ သပိတ်၊ သင်္ကန်းအပ်နှံထားပြီး ကိုယ်လက်သုတ်သင်မှု၊ အညစ်အကြေးစွန့်မှု ပြုလုပ်ပါတယ်။ ကိစ္စပြီးလို့ လက်ခြေတွေ ဆေးကြောသန့်စင်ပြီး ချုံဖုတ်တစ်ခုရဲ့ အနီးကနေ ထွက်လာတဲ့ အခါမှာတော့ ရဟန်းတော်ရဲ့ နောက်နားမှာ အမျိုးသမီးတစ်ယောက် ကပ်ပါလာပါ တယ်။ ချစ်ခြင်းကိုခွဲဖို့ အကွက်ချောင်းနေတဲ့ ဘုမ္မဇိုဝ်းနတ်က အမျိုးသမီးအသွင် ဖန်ဆင်းပြီး ရဟန်းတော်ရဲ့  နောက်နားကနေ ဖ၀ါးခြေထပ် ထက်ကြပ်မကွာ လိုက်ပါလာတာပါ။

အမျိုးသမီးက ဖရိုဖရဲ ဖြစ်နေတဲ့ ဆံပင်တွေကို ခါခါပြီး ပြင်ဆင်ထုံးဖွဲ့လို့၊ တွန့်ကြေနေတဲ့ ထဘီကို ရမ်းရမ်းပြီး ပြင်ဝတ်လို့၊ ရမ္မခိုးမွှန်ပြုံးရွှင်နေတဲ့ မျက်နှာပေါ်က ချွေးသီးချွေးပေါက်တွေကို ပွတ်သပ်ချလို့၊ အို … တကယ့်ကို ကာမဂုဏ်ပျော်ပါးပြီး ထလာတဲ့ ပုံစံမျိုးနဲ့ပါပဲ။

ဒီမြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့ အဖော်ရဟန်းတော်က ကာယကံရှင် ရဟန်းတော်ကို အကြီးအကျယ် အထင်လွဲသွားပါတယ်။ ဒီလို မိုက်ရိုင်းယုတ်မာတဲ့သူနဲ့ ငါဘယ်တော့မှ မပတ်သက်တော့ဘူးလို့လည်း ဆုံးဖြတ်လိုက်ပါတယ်။ ကာယကံရှင် ရဟန်းတော်က ဘယ်လိုပဲ ရှင်းပြ၊ ရှင်းပြ လုံးဝ မယုံကြည်တော့ပါဘူး။
" ရော … မင်းရဲ့  သပိတ်နဲ့ သင်္ကန်း၊ မင်းလို ယုတ်မာတဲ့သူနဲ့ တစ်လမ်းတည်း ဘယ်တော့မှ အတူမသွား ဘူး၊ နောက်ကိုလည်း ငါနဲ့ ဘယ်တော့မှ လာမပတ်သက်နဲ့ " လို့ မိတ်ဖြတ်စကားပြောပြီး တခြားတစ်လမ်း ကနေ ခွဲထွက်ကြွသွားပါတယ်။

ဥပုသ်သိမ်ရောက်လို့ ဥပုသ်ပြုချိန်မှာလည်း ရဟန်းယုတ်နဲ့ အတူတူ ဥပုတ်မပြုနိုင်ပါဘူးလို့ ငြင်းခံနေတဲ့ အတွက် ဘုမ္မဇိုဝ်းနတ်က အဖြစ်မှန်ကို ၀င်ရှင်းပြတော့မှ ဥပုသ်ပြုကြပါတော့တယ်။

ဘုမ္မဇိုဝ်းနတ်က ပြန်ရှင်းပြလို့ အဖြစ်မှန်ကို သိကြရပေမယ့် သိပ်ချစ်ခဲ့ကြတဲ့ ရဟန်းတော်နှစ်ပါးက အရင် ကလို တစ်ယောက်နဲ့ တစ်ယောက် အခေါ်အပြော၊ အဆက်အဆံ မရှိကြတော့ပါဘူး။ အရင်လို နေရာ တစ်နေရာတည်းမှာလည်း အတူတူမနေကြတော့ပါဘူး။ တစ်ပါးနဲ့တစ်ပါး မမြင်တွေ့အောင် ရှောင်နေကြ ပါတယ်။ တစ်ပါးနဲ့ တစ်ပါးသူစိမ်း(တစိမ်း)တွေလို ဖြစ်ကုန်ကြပါတယ်။ သေတပန် သက်တစ်ဆုံး ခပ်စိမ်းစိမ်း ပဲ နေလိုက်ကြပါတယ်။ (ဘယ်မှာလဲ … ထာဝရအချစ်၊ ဘယ်မှာလဲ … အစမ်းသပ်ခံမေတ္တာ)

ရဟန်းတော်နှစ်ပါးရဲ့  ချစ်ခြင်းမေတ္တာကို ကွဲပြားအောင်လုပ်ခဲ့မိတဲ့ အဲဒီကုသိုလ်ကံကြောင့် ဘုမ္မဇိုဝ်းနတ်ဟာ ကဿပမြတ်စွာဘုရားရှင်နဲ့ ဂေါတမ မြတ်စွာဘုရားရှင်၊ ဘုရားရှင်နှစ်ဆူတို့ရဲ့  ကြားကာလ တစ်လျှောက်လုံး မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ အပါယ်လေးပါးမှာ ကျင်လည်ခဲ့ရ ပါတယ်။

တစ်ရံတစ်ခါ လူလာဖြစ်ပြန်တော့လည်း သူများပြုသမျှ အပြစ်တွေဟာ သူ့အပေါ်မှာချည်းပဲ ပုံကျခဲ့ပါတယ်။ သူတစ်ပါးရဲ့  အထင်အမြင်လွဲမှားမှု၊ မုန်းတီးမှုတွေကိုလဲ တနင့်တပိုး ခံစားခဲ့ရပါတယ်။ ချစ်သူခင်သူ မရှိတဲ့ အပယ်ခံဘ၀နဲ့ သံသရာခရီးကို ခြောက်သွေ့ ကြေကွဲစွာ ကျင်လည် ဖြတ်သန်းခဲ့ ရပါတယ်။

နောက်ဆုံး အရှင်ကုဏ္ဍဓာနဘ၀ ရောက်ပြန်တော့လည်း ရဟန်းဖြစ်တာတောင် အေးအေးဆေးဆေးမနေရ ဘဲ " အမျိုးသမီး ၀ဋ်ကြွေးရုပ် " ရဲ့  နှောက်ယှက်နှိပ်စက်မှု ဒဏ်ကို အလူးအလဲ ခံစားရပါတယ်။ သတိပဋ္ဌာန် တရား (၀ိပဿနာတရား) ပွားများ အားထုတ်လို့ ရဟန္တာဖြစ်တော့မှပဲ အမျိုးသမီးဝဋ်ကြွေးရုပ် အပြီးတိုင် အလို အလျောက် ကွယ်ပျောက်သွားပါတော့တယ်။

ဒီဘက်လူအကြောင်း ဟိုဘက်မှာ မကောင်းပြော၊ ဟိုဘက်လူအကြောင်း ဒီဘက်မှာ မကောင်းပြောမှ ချစ်ခြင်းကိုခွဲတာ (ကုန်းတိုက်တာ)မဟုတ်ဘူး၊ တစ်နည်းနည်းနဲ့ ဆက်ဆံရေးပျက်ပြားသွားအောင် လုပ်ရင် ချစ်ခြင်းကိုခွဲတာပဲ (ကုန်းတိုက်တာပဲ) ဆိုတာ ဒီအဖြစ်အပျက်က သက်သေပြနေပါတယ်။

ပါးစပ်နဲ့ ကုန်းတိုက်စကားပြောဆိုမှ ချစ်ခြင်းကိုခွဲရာ ရောက်တာမဟုတ်ဘူး။ တစ်ယောက်အပေါ် တစ်ယောက် အထင်အမြင်လွဲမှားသွားစေနိုင်တဲ့ အပြုအမူမျိုး၊ ဖြစ်ရပ်မျိုးကို ကိုယ်နဲ့ ဖန်တီးပြုလုပ်ရင်လည်း ချစ်ခြင်းကို ခွဲရာရောက်တယ်၊ ပိသုဏ၀ါစာ ဒုစရိုက်အကုသိုလ် ဖြစ်တယ်ဆိုတာလည်း ဒီအဖြစ်အပျက် ကနေ ကောက်ချက်ချနိုင်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် တကယ်မေတ္တာပျက်စေချင်တဲ့ စိတ်နဲ့မဟုတ်ဘဲ မေတ္တာခိုင်မြဲမှု ရှိ မရှိ စိမ်းသပ်ကြည့်ချင်တဲ့စိတ်နဲ့ လုပ်လိုက်မိတဲ့ အကုသိုလ်ကံတောင်မှ ဒီလောက် အပြစ်ကြီးသေးတယ်ဆိုရင် …
တစ်ယောက်ယောက်အပေါ်၊ ဒါမှမဟုတ် နှစ်ယောက်လုံးအပေါ်၊ ဒါမှမဟုတ် တစ်စုတစ်ဖွဲ့လုံးအပေါ် မနာလို မုန်းတီးပြီး တကယ်မေတ္တာပျက်စေလိုတဲ့စိတ်၊ တကယ်ဆက်ဆံရေး ပျက်စေလိုတဲ့စိတ်နဲ့ တမင်လုပ်တဲ့ ချစ်ခြင်းခွဲ အကုသိုလ်ကံဆိုရင်တော့ ဘယ်လောက်တောင် အပြစ်ကြီးမယ်ဆိုတာ မတွေးဝံ့စရာပါပဲ။ ထိတ် လန့်တုန်လှုပ်ဖွယ်ကောင်းလောက်အောင် ကြောက်မက်ဖွယ် ဆိုးကျိုးဆင်းရဲတွေကို ခါးစီး ခံစားရမှာ သေ ချာပါတယ်။

တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြ၊ ခင်ကြ၊ ကြင်နာကြတယ်ဆိုတာ စိတ်ထားတတ်သူတွေ အတွက် ၀မ်းမြောက်ဖွယ် မြင်ကွင်းပါ။ ကြည်နူးဖွယ်ရှုခင်းပါ။ ချစ်သူ၊ ခင်သူ၊ ကြင်နာသူတွေကြောင့် လည်း လောကကြီးက လှပနေတာပါ။ မလိုတမာ အမုန်းထားပြီး အပိုရှာ ကုန်းစကားတွေနဲ့ သူတစ်ပါးရဲ့ ချစ်ခြင်းကို ခွဲတဲ့သူဟာ လောကကြီးရဲ့  အလှအပကို ဖျက်ဆီးနေတဲ့ သူပါပဲ။ လောကကြီးကို အရုပ်ဆိုး အကျည်းတန်အောင် ဆေးမည်းသုတ်နေတဲ့သူပါပဲ။

လောကကြီးကို အလှဖျက်ရင် ကိုယ့်ဘ၀ အလှပျက်တတ်ပါတယ်။ လောကကြီးကို အရုပ်ဆိုး အကျည်း တန်အောင် လုပ်ရင် ကိုယ့်ဘ၀ အရုပ်ဆိုး အကျည်းတန်တတ်ပါတယ်။

မုဒိတာ တရား နှလုံးသားမှာ ခိုင်မြဲအောင် မွေးမြူနိုင်ခြင်း၊ မနာလိုမှု ၊ မုန်းတီးမှုတွေကို သတိပဋ္ဌာန် နည်းကျ ၀ိပဿနာ ရှုပွား ပယ်သတ်နိုင်ခြင်းတို့ကြောင့် သူတစ်ပါးရဲ့  ချစ်ခြင်းကို မခွဲတော့ဘူးဆိုရင်တော့ ကိုယ့်နှလုံးသား လည်း လှပလာ၊ ကိုယ့်ဘ၀လည်း စိုပြေလာတဲ့အတွက် ငြိမ်းအေးသော ဘ၀ပိုင်ရှင်ဖြစ်ပါပြီ။

ရွှေအိမ်စည် စာကြည့်တိုက်


အချစ်နဲ့တွေ့တဲ့အခါ ပြောင်းလဲလာတဲ့ အရာများ

 

အချစ်နဲ့တွေ့တဲ့အခါ စိတ်ခံစားမှုတွေ ပြောင်းလဲလာတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒါ့အပြင် ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာလည်း အချစ်စိတ်ကြောင့် ပြောင်းလဲသွားတာမျိုးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ပြောင်းလဲသွားပါတယ်။

မြင်မြင်းချင်း ချစ်သွားမျိုးက ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ ငြင်းခုန်ကြတဲ့အခါ Sexual Medicine ဂျာနယ် မှာတော့ မြင်မြင်ချင်းချစ်တာမျိုးက ဖြစ်နိုင်တယ်လို့ ဆိုထားပြီး စက္ကန့်ပိုင်းလေးအတွင်းမှာ ချစ်သွားတတ်တယ် လို့လည်း ဖော်ပြထားပါတယ်။

၂။နှလုံးခုန်တာ နှေးသွားတတ်ပါတယ်။

အချစ်နဲ့ထိတွေ့နေသူတစ်ယောက်ဟာ ဟော်မုန်းအပြောင်းအလဲ ရှိကိုရှိပါတယ်။ ဒါဟာ သွေးဖိအားနဲ့နှလုံ ခုန်နှုန်းတွေနဲ့လည်း ဆက်စပ်တာပါ။

၃။အိပ်မပျော်တဲ့ ပြဿနာလေးတွေ ရှိလာပါတယ်။

လွမ်းရ၊ ဆွေးရတာတွေ၊ ကိုယ့်ရဲ့စိတ်ဆန္ဒတွေကြောင့် ညအိပ်မပျော်တာ မျိုးတွေတောင် ဖြစ်လာတတ် ပါတယ်။

၎။သ၀န်တိုတတ်လာပါတယ်။

ကိုယ့်ချစ်သူက တခြားကောင်မလေးတစ်ယောက်နဲ့ ရင်းရင်းနှီးနှီးစကားပြောဆိုနေတာကို မြင်လိုက်တာနဲ့ သ၀န်တိုလာတတ်ရော။ ဖလော်ရီဒါ တက္ကသိုလ်ရဲ့ စာတမ်းတွေမှာ ဖော်ပြထားတာကတော့ အချစ်ကြောင့် သူ/သူမဟာ ကိုယ့်ရဲ့လက်တွဲဖော်ကို အလွန်အကျူးကာကွယ်ပေးတာမျိုးတွေတောင် ဖြစ်လာပါသတဲ့။

၅။အရာရာတိုင်းဟာ ချိုမြိန်နေပါတယ်။

အမေရိကန်စိတ်ပိုင်းဆိုင်ရာ အသင်းအဖွဲ့ကတော့ ချစ်သူနဲ့အဆင်ပြေနေတဲ့သူတွေဟာ အရာရာတိုင်းကို ချိုမြိန်တယ်လို့ ခံစားမိကြပြီး စားနေ၊ သောက်နေတဲ့ အစားအစာတွေကိုတောင် ပိုမိုအရသာရှိတယ်လို့ ခံစားတတ်ကြပါသတဲ့။

၆။ပိုမိုချိုသာတဲ့ အသံနဲ့ ဖုန်းပြောတတ်လာတယ်။

ကိုယ့်ချစ်ရသူနဲ့ ဖုန်းပြောပြီဆို ဘယ်သူမဆို ချိုချိုသာသာလေးပဲ ပြောဆိုတတ်ကြပါတယ်။ ဒါကလည်း လေ့ လာမှုတွေထဲက တစ်ခုပေါ့။

၇။သင့်ရဲ့အရိုးတွေဟာ ပိုမိုသန်မာလာပါတယ်။

လေ့လာတွေ့ရှိမှုတွေထဲက တစ်ခုကတော့ အိမ်ထောင်ရေးသာယာတဲ့ အတွဲတွေဟာ ပိုမိုကောင်းမွန်ပြီး သန်မာတဲ့ အရိုးတွေပိုင်ဆိုင်လာကြပါသတဲ့။

Ref:womenshealthmag.com
Trend Myanmar

ဖုန်းခေါ်ဆိုမှု အကန့်အသတ်မရှိ သုံးစွဲနိုင်မည်ဟု တယ်လီနောမြန်မာဆို



ရန်ကုန်၊ ဧပြီ ၂၆

ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းများ ပြည်တွင်းတွင် စတင် လုပ်ကိုင်နေပြီ ဖြစ်သည့် တယ်လီနောမြန်မာက ၎င်းတို့ အသုံးပြုမည့် မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက် ထိန်းချုပ်စီမံခန့်ခွဲမှု အချက်အလက်စင်တာ (Core Network Data Center) များသည် ဖုန်းအဝင်အထွက် ခေါ်ဆိုမှု အရေအတွက် အကန့်အသတ်မရှိ သုံးစွဲနိုင်ကြောင်း တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
“Data Center တစ်ခုက Users ၁၀ သန်းကျော် သုံးလို့ရတယ်။ နှစ်ခု တည်ဆောက်ထားပါတယ်” ဟု အဆိုပါအရာရှိက ဆိုသည်။

တယ်လီနောမြန်မာက ယင်းကုမ္ပဏီ၏ မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက်ကို ထိန်းချုပ်စီမံခန့်ခွဲမည့် Core Network Data Center ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် တည်ဆောက်ထားပြီး ရန်ကုန်ရှိ Data Center ကို ဧပြီလ လဆန်းပိုင်းက လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကာ မန္တလေးရှိ Data Center ကို မေလဆန်းတွင် စတင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း မိုဘိုင်းလ်ဖုန်း အသုံးပြုသူ ခြောက်သန်းကျော်သာ ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ထားသော်လည်း မိုဘိုင်းလ် ဆက်သွယ်ရေး စနစ်များမှာ အသုံးပြုရ ခက်ခဲနေပြီး တယ်လီဖုန်း ခေါ်ဆိုမှုများမှာ အဆင်ပြေချောမွေ့မှု မရှိကြောင်း မိုဘိုင်းလ်ဖုန်း အသုံးပြုသူများက ဆိုသည်။

“ဒီအတိုင်းဆို အခုချိန် တယ်လီနောကို Data Center ကို ပြည်တွင်းက တာဝါတိုင်တွေကို ချိတ်ဆက်ခိုင်းပြီး လူတွေကို သုံးခွင့်ပေးရင်တောင် လူက ခြောက်သန်းကျော်ပဲ ရှိတာ။ အဆင်ပြေပြေ ချောချောမွေ့မွေ့ သုံးနိုင်မယ်ဆိုတဲ့ သဘောပဲ။ MPT က စက်တွေကိုက စုတ်နေတာ ဖြစ်မယ်” ဟု ကွန်ပျူတာပညာရှင် ဦးဖြိုးဝေဦးက ဆိုသည်။

ရန်ကုန်ရှိ Data Center ကို မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ မိုဘိုင်းလ်ဖုန်း သုံးစွဲသူများ၏ မိုဘိုင်းလ် ခေါ်ဆိုမှုများနှင့် မိုဘိုင်းလ် အင်တာနက် အသုံးပြုမှုများကို ထိန်းချုပ် စီမံခန့်ခွဲရန်အတွက် ရည်ရွယ် တည်ဆောက်ထားပြီး Huawei ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကာ မြန်မာနိုင်ငံ အထက်ပိုင်းအတွက် ရည်ရွယ်ထားသည့် မန္တလေးရှိ Data Center ကိုမူ Ericson ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

တယ်လီနောမြန်မာ အနေနှင့် အဆိုပါ Data Center နှစ်ခုကို မြန်မာတစ်နိုင်ငံလုံးရှိ တယ်လီနော၏ ဆက်သွယ်ရေး တာဝါတိုင်များနှင့် ချိတ်ဆက်၍ တယ်လီနောမြန်မာ မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်သွားမည် ဖြစ်ပြီး ယင်းဆက်သွယ်ရေး ကွန်ရက်မှတစ်ဆင့် 2G၊ 3G နှင့် 4G စနစ် မိုဘိုင်းလ် ဝန်ဆောင်မှုများကို ပေးအပ်သွားမည် ဖြစ်သည်။

The Voice Weekly


သင်မသိသေးတဲ့ မြန်မာ့ဂုဏ်ဆောင်ပြီး ကမ္ဘာကလေးစားရတဲ့ ဦးသန့်အကြောင်း



ဦးသန့်- လို့ဆိုလိုက်တာနဲ့ အလယ်တန်း ကမ္ဘာ့သမိုင်းဖတ်စာထဲက သင်ခန်းစာလေးတစ်ခုကို အမှတ်ရမိပါတယ်။ အဲ့ဒီအချိန်လောက်ကစပြီး ကမ္ဘာ့ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီးနဲ့ ကျွန်တော်တို့ စတင်မိတ်ဆက်ခွင့်ရခဲ့ကြပြီး ဒီလိုအဖွဲ့အစည်းကြီးရဲ့ အမြင့်ဆုံးနေရာကနေ တာဝန်တွေကိုထမ်းဆောင်ခဲ့လို့ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် ဂုဏ်ပြုစံတင်ထားရလောက်တဲ့ “ဦးသန့်” ဆိုတဲ့အမည်နဲ့ ကျွမ်းဝင်ခဲ့ကြဖူးပါတယ်။ ဦးသန့်ရဲ့အကြောင်းကို သေသေချာချာ သိတဲ့သူတွေထဲမှာ လူငယ်ပိုင်းက အတော်ကို နည်းပါတယ်။ဒါကြောင့်...ဦးသန့်ရဲ့လေးစားအတုယူစရာ ကောင်းလောက်တဲ့ လုပ်ဆောင်ချက်တွေ၊ ဖြောင့်မတ်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်ချင်းတွေ အပါဝင် အတ္ထုပ္ပတ္တိ အကျဉ်းကိုပါ ဖော်ပြလိုက်ပါတယ်။

ငယ်စဉ်ဘဝ (Biography)

ဦးသန့်ကို ဖခင်ဦးဖိုးနှစ်နဲ့ မိခင်ဒေါ်နန်းသောင်တို့က ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့မှာ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာမွေးဖွားခဲ့သည်။ ပန်းတနော်ဇာတိဖြစ်တဲ့အတွက် နောင်အခါမှာ ဦးသန့်ကို “ပန်းတနော်ဦးသန့်” လို့ခေါ်ခဲ့ကြသည်။ ဦးသန့်မိဘတွေသည်မြေပိုင်ရှင်၊ ဆန်ကုန်သည်တွေဖြစ်ကြပြီး၊ ဖခင်ဦးဖိုးနှစ်သည် ရန်ကုန်မြို့မှာ သူရိယသတင်းစာကို ထူထောင်ခဲ့သည်။ မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်ရာမှာလည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့သည်။ ဖခင်ကွယ်လွန်စဉ်တုန်းက ဦးသန့်သည် အသက်၁၄နှစ်သား သာရှိသေးသည်။ အမွေဆက်ခံမှု အရှုပ်အရှင်းတွေကြောင့် မိခင်ဒေါ်နန်းသောင်နဲ့ ကလေး၎ယောက်မှာ စီးပွားရေး အကြပ်အတည်း ပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရသည်။
ဦးသန့်သည် ငယ်စဉ်က ပန်းတနော်အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို ဆက်၍သင်ယူခဲ့သည်။ ယင်းနောက် ပန်းတနော် အမျိုးသားကျောင်းမှာ ကျောင်းဆရာ စလုပ်ခဲ့ပြီး၊ အသက်၂၅နှစ်မှာ အဲ့ဒီကျောင်းရဲ့ ကျောင်းအုပ် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မအူပင်မြို့မှာ နေထိုင်ပြီး ပညာအုပ်ဖြစ်တဲ့ (မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း) ဦးနု နဲ့ ခင်မင်ရင်းနှီးခဲ့သည်။ ဦးသန့်သည် အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ ထုတ်ဝေတဲ့ “ဂန္တလောက” မဂ္ဂဇင်းရဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ၄ ကြိမ်တိုင်တိုင် ပထမဆုရရှိခဲ့သူ ဖြစ်သည်။
ဦးသန့်၏ ပထမဆုံးစာမူမှာ အင်္ဂလိပ်လို ရေးသားထားသည့် စာမူဖြစ်ပြီး အသက် ၁၅နှစ်အရွယ်မှာ ပုံနှိပ်ဖော်ပြခံခဲ့ရသည်။ မြို့ပြပုံပြင်များ၊ နိုင်ငံပေါင်းချုပ် အသင်းကြီး ကျောင်းသုံးစာအုပ်၊ ဗမာသစ်နှင့် ပညာသစ်၊ ပြည်တော်သာခရီး (၃ အုပ်တွဲ) စတဲ့ စာအုပ်တွေကို ရေးသားခဲ့သလို နိုင်ငံရေးဝေဖန်ချက်၊ စာပေ ဝေဖန်ချက်တွေ အပါအဝင် ပညာရေး၊ လူမှုရေးဆိုင်ရာ ဆောင်းပါးတွေကို သီလဝ၊ မောင်သန့်၊ ဦးသန့် စသည့် ကလောင်ခွဲတွေနှင့် ရေးသားခဲ့သည်။ စာပေဝေဖန်ရေး နိုင်ငံရေးဝေဖန်ချက်တွေကို ရေးသားသည့် အခါ သူ့ရဲ့ အယူအဆတွေကို ပွင့်ပွင့် လင်းလင်း ရေးသားခဲ့သလို သူ့ရဲ့အတွေးအခေါ် အယူ အဆ တွေကလည်း ခေတ်မီတာကို တွေ့မြင်ရသည်။

ပြည်သူ့ဝန်ထမ်းဘဝ

လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံမှာ ဦးနုဝန်ကြီးချုပ်ဖြစ်လာတဲ့အခါ ဦးသန့်ကိုရန်ကုန်ကိုခေါ်ပြီး ၁၉၄၈ခုနှစ်မှာ အသံလွှင့်ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ အဲ့ဒီနောက် ၁၉၅၃ ခုနှစ်တွင် မြန်မာနိုင်ငံ သတင်းနဲ့ ပြန်ကြားရေးဌာနအတွင်းဝန် ဖြစ်လာခဲ့သည်။
၁၉၅၁ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ၀န်ကြိးချုပ်၏ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဦးနုအတွက် မိန့်ခွန်းတွေ ရေးသားပေးခြင်း၊ နိုင်ငံခြားခရီးစဉ်တွေ စီစဉ်ပေးခြင်း၊ နိုင်ငံခြား ဧည့်သည်တော်တွေကို လက်ခံတွေ့ဆုံပေးခြင်း- စသည့်ကိစ္စများကို ဆောင်ရွက်ပေးယင်း ဦးနု၏ ယုံကြည်မှုကို ရခဲ့သည်။ နိုင်ငံတကာ conference အများအပြားကိုတက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မှာကျင်းပတဲ့ “ဘက်မလိုက်လှုပ်ရှားမှု” ကို မွေးဖွားပေးခဲ့တဲ့ ပထမအကြိမ် အာရှ-အာဖရိက နိုင်ငံများဆိုင်ရာ ညီလာခံမှာ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။

အမြဲတမ်း ဖြောင့်ဖြောင့်မှန်မှန်လုပ်တတ်ပြီး မှန်တယ်ထင်ရင် အလျှော့မပေးတတ်တဲ့ ဦးသန့်နဲ့ တိုင်းပြည်ခေါင်းဆောင် ဦးနုတို့ မသင့်မမြတ်ဖြစ်လာတာကနေစပြီး ၁၉၅၇ခုနှစ်မှာ ဦးသန့်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်လိုက်ပြီး New York ကိုစေလွှတ်ခဲ့သည်။ ၁၉၅၇ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ ဦးသန့်သည် မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သာမက တစ်ချိန်တည်းမှာပဲ ယာယီ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့ရသည်။ ၁၉၆၀ ခုနှစ်မှာ မြန်မာအစိုးရက ဦးသန့်ကို “ပြည်ထောင်စု စည်သူ သင်္ဂဟ ပြန်တမ်း” အရ “မဟာ-သရေစည်သူဘွဲ့” နဲ့ ဗိုလ်ရာထူးကို ပေးအပ်ခဲ့သည်။



ဦးသန့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို အာရှနိုင်ငံတွေထဲမှာ ပထမဦးဆုံး ရရှိခဲ့တဲ့သူဖြစ်သည်။ ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က စတင်ပြီး အထွေထွေ အတွင်းရေးမှူးချုပ် ဒက်ဂ်ဟမ်းမားရှိုးလ်ဒ် (Dag Hammarskjold) ရဲ့ မကုန်ဆုံးသေးတဲ့ သက်တမ်းကို ဖြည့်ဆည်းဖို့ အထွေထွေ ညီလာခံမှာ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့ ယာယီ-အထွေထွေ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရသည်။ ၁၉၆၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ အထွေထွေညီလာခံကနေ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၆ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ သက်တမ်းအထိ ခန့်အပ်ခြင်း ခံခဲ့ရသည်။ သူ့၏ ပထမသက်တမ်းအတွင်းမှာ ဦးသန့်ဟာ ကျူးဘား ဒုံးပျံပြဿနာ (Cuban Missile Crisis) ကိုဖြေရှင်းရာမှာ ပါဝင်စ့စပ်ပေးပြီး ကွန်ဂိုပြည်တွင်းစစ်ကို ပြီးဆုံးအောင်ကိုင်တွယ်ဖြေရှင်း ပေးနိုင်ခဲ့သည်။ ယင်းအတွက်ကြောင့် ကမ္ဘာက အသိအမှတ်ပြုခြင်းကိုခံခဲ့ရသည်။



၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာ လုံခြုံရေးကောင်စီရဲ့ တညီတညွတ်တည်း ထောက်ခံမှုနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအဖြစ် သူ အငြိမ်စားယူမယ့် ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ခန့်အပ်ခြင်းခံခဲ့ရသည်။ ဒုတိယသက်တမ်းအတွင်းမှာ ဦးသန့်သည် အလုပ်တွေအများကြီးလုပ်ခဲ့သည်။ အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းအတွင်းကို အာရှနဲ့ အာဖရိက နိုင်ငံတော်တော်များများ ဝင်ရောက်နိုင်ရေးကိစ္စ၊ တောင်အာဖရိက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးကိစ္စ၊ ၁၉၆၂ ခုနှစ်မှာ ယီမင်အရေးနဲ့ ၁၉၆၈ ခုနှစ်မှာ ဘာရိန်းအရေး ကိစ္စ၊ ၁၉၆၇ ခုနှစ်မှာ အာရပ်- အစ္စရေးခြောက်ရက်စစ်ပွဲ၊ ပရာ့ဂ်နွေဦးတော်လှန်ရေး (Prague Spring) နဲ့ ချက်ကိုစလို-ဗက်ကီးယားကို ဆိုဗီယက် ကျူးကျော်မှု အရေးအခင်း၊ ဗီယက်နမ်စစ်၊ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လွတ်လပ်ရေးရရှိစေမည့် အိန္ဒိယ - ပါကစ္စတန် စစ်ပွဲ စတာတွေကို အေးငြိမ်းအောင် ဖြေရှင်းပေးနိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ် အမေရိကန် - ဆိုဗီယက် စစ်အေး တိုက်ပွဲမှာတုန်းက သမ္မတနှစ်ဦး အကြား ဦးသန့်က “တတိယ ဘာသာ စကားအသစ်” ကိုအသုံးချ၊ “တွေ့ဆုံ အဖြေရှာရေး”ကို အခြေခံပြီး စေ့စပ် ဆောင်ရွက်ပေးခဲ့သည့် အတွက် ဆိုဗီယက်တို့က ဒုံးကျည်စခန်းတွေကို ရုပ်သိမ်းသွားပြီး အမေရိကန်တွေက ကျူးဘားကို ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့သည်။


ဒီအရေးအခင်း အားလုံးမှာ ငြိမ်းချမ်းရေးကို ထိပါးစေနိုင်သည့် အပြင် စစ်ဖြစ်ကြမယ့် အရိပ် လက္ခဏာတွေဖြစ်ပြီး၊ ဦးသန့်၏ လိမ္မာ ပါးနပ်စွာ ကြားဝင် စေ့စပ် ပေးမှု တို့ကြောင့်သာ စစ်ကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။ အောက်စဖို့ဒ် တက္ကသိုလ်က ၂ဝ-ရာစု၏ အထင်ကရ ပုဂ္ဂိုလ်များ အကြောင်း စုစည်း ထုတ်ဝေထားသည့် Who’s Who in the 20th Century စာအုပ်မှာ ဦးသန့်၏- အကြောင်း ပါဝင်ပြီး၊ နိုင်ငံတကာ အရေး အခင်းတွေကို မတုန်လှုပ်စေဘဲ တည်တည် ငြိမ်ငြိမ် ဖြေရှင်းနိုင်ခဲ့သူ ဖြစ်တယ်လို့ အတ္ထုပ္ပတ္တိ အကျဉ်းရဲ့ အစမှာ ဆိုထားသည်။


ဦးသန့်သည် UFO ယာဉ်ပျံတွေကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဝင်တစားလေ့လာခဲ့သသည်။ ၁၉၆၇ ခုနှစ်မှာ အမေရိကန်လူမျိုး ရူပဗေဒပညာရှင် ဒေါက်တာ James E. McDonald ကို UFO နဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာ စကားပြောနိုင်ဖို့ စီစဉ်ပေးခဲ့သည်။ ၁၉၇၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာတော့ ဦးသန့်က သူဟာ ဘယ်အကြောင်းပြချက်နဲ့မှ တတိယသက်တမ်း အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ဆက်လက်လုပ်ကိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။ လုံခြုံရေးကောင်စီကလည်း ဦးသန့်နေရာမှာ ဆက်ခံမယ့်သူကို သီတင်းပတ်ပေါင်းများစွာ အပူတပြင်း လိုက်ရှာခဲ့သည်။ နောက်ဆုံး ကွတ်ရ်ထ် ဝါးလ်ဒ်ဟိုင်းမ် (Kurt Waldheim) ကို ရွေးချယ်လိုက်သည်။ ဦးသန့်က သူ့နောက်ဆုံး တာဝန်သက်တမ်းမကုန်ဆုံးမီ ၁၀ရက်အလိုမှာပဲ Kurt ကို တာဝန်ဝတ္တရားတွေအားလုံး လွှဲပြောင်းပေးခဲ့သည်။ ဦးသန့်အငြိမ်းစားယူသွားတာနဲ့ ပတ်သက်ပြီး New York Times သတင်းစာရဲ့ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ အယ်ဒီတာ့အာဘော်မှာလည်း The Liberation of U Thant ဆိုတဲ့ခေါင်းစဉ်နဲ့ တခမ်းတနား ဂုဏ်ပြုရေးသားဖော်ပြခဲ့သည်။ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းမှာ ဦးသန့်သည် Palisade နဲ့ Douglas Avenues လမ်းကြား၊ ၂၃၂ လမ်းအနီးမှာရှိတဲ့ ၄.၇၅ ဧကလောက်ကျယ်တဲ့ Riverdale, Bronx ခြံမှာ နေထိုင်ခဲ့သည်။

နောက်ဆုံးနေ့ရက်နှင့် မိသားစု


၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဦးသန့်သည် အဆုတ်ကင်ဆာ ရောဂါနှင့် New York မှာပဲ ကွယ်လွန်ခဲ့သည်။ ဦးသန့်၏ ဆန္ဒအရ သူ့ရဲ့ရုပ်အလောင်းကို ရန်ကုန်သို့ ပြန်ပို့ပေးခဲ့ကြသည်။ ဒီဇင်ဘာလ ၅ ရက်နေ့ ဦးသန့်ရုပ်အလောင်းကို မြေမချခင် အများပြည်သူ နောက်ဆုံးဂါရဝ ပြုနိုင်ဖို့အတွက် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ပြသထားခဲ့သည်။ ဦးသန့် ရုပ်အလောင်းကို ရွှေတိဂုံ စေတီတော် ခြေတော်ရင်း ယခုလက်ရှိ နေရာတွင် မြှုပ်နှံပေးလိုက်သည်။

ဦးသန့်သည် ဒေါ်သိန်းတင်နဲ့ ထိမ်းမြားလက်ထပ်ခဲ့ပြီး သမီးတစ်ဦး (သား- ဖြစ်သူမှာ ဦးသန့် အတွင်းရေးမှုးအမှု့ထမ်းစဉ် သေဆုံးကြောင်း အချို့ မှတ်တမ်းများ ဖော်ပြသည်)၊ မြေး ၄ ဦးနှင့် မြစ် ၃ ဦး ထွန်းကားခဲ့သည်။ ဦးသန့်၏ တစ်ဦးတည်းသော မြေးယောက်ျားဖြစ်တဲ့ ဦးသန်းမြင့်ဟာ သမိုင်းပညာရှင် တစ်ယောက်ဖြစ်ပြီး၊ ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာဌာနမှာ ဝါရင့် ဝန်ထမ်းတစ်းဦးဖြစ်သည်။ The River of Lost Footsteps စာအုပ်ကိုလည်း ဦးသန်းမြင့်က ရေးသား ထုတ်ဝေခဲ့သည်။

အတွေးသစ် အမြင်သစ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖက်ရှင်


ဇာနည်မာန်
 .
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာ သူရဲ့ သွားလာလုပ်ဆောင်မှု မှန်သမျှကို မြန်မာပြည်သူတွေ အပါအဝင်၊ နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ကြ၊ ကမ္ဘာ့မီဒီယာ၊ မြန်မာ့ မီဒီယာတွေက ပုံစံမျိုးစုံနဲ့ တင်ပြကြသလို သတင်းဓာတ်ပုံတွေ ထွက်ပေါ်လာတိုင်း အများ စိတ်ဝင်တစား ပြောဆိုဖြစ်ကြတာကတော့ သူ့ရဲ့ဝတ်စားဆင်ယင်မှုပါပဲ။

ဥရောပကို  ခရီးထွက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်တိုင်းဝတ်စုံတွေမဝတ်ဘဲ ပြည်တွင်းဖြစ် ရိုးရာထည်တွေကိုပဲ  ဝတ်ဆင်ခဲ့တာက မြန်မာပြည်သူတွေအတွက် အားကျစရာ၊ ဂုဏ်ယူ ဝင့်ကြွား ပြောဆိုစရာ ခေါင်းစဉ်တခု ဖြစ်ခဲ့ပါတယ်။

ကျော်ကြားသူတွေရဲ့ ဝတ်စားဆင်ယင်မှုဖက်ရှင်တွေက နိုင်ငံတကာ ဖက်ရှင်လောကကို လွှမ်းမိုးနေတာမှာ နာမည်ကျော် သရုပ်ဆောင်တွေ၊ မော်ဒယ်လ် တွေရဲ့ ဖက်ရှင်တွေသာမက နိုင်ငံ့ခေါင်းဆောင်ကြီး တွေရဲ့ ဇနီးတွေ၊ နိုင်ငံ့အကြီးအကဲ အမျိုးသမီးတွေရဲ့ ဖက်ရှင်တွေဟာလည်း ဖက်ရှင်ချစ်သူ အမျိုးသမီးထုတွေကို ကိုင်လှုပ်နေတာပါ။

အမေရိကန်နိုင်ငံမှာကတော့ အိုဘားမား သမ္မတ ဖြစ်လာပြီးတဲ့နောက် သူ့ဇနီး မစ်ရှဲလ်အိုဘားမားရဲ့ ဖက်ရှင်တွေဟာ သရုပ်ဆောင်၊ မော်ဒယ်လ်တွေရဲ့ ဖက်ရှင်တွေကို တမဟုတ်ချည်း ကျော်လွှားသွားပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ နိုင်ငံရေးကျော်ကြားမှုကိုတောင် လွှမ်းမိုးသွားပြီး ရေပန်းစားထင်ရှား ပြောစမှတ်များရလေတယ်လို့ ဖက်ရှင်လောကက သတ်မှတ်ထားပါတယ်။

ဘယ်ပွဲမှာတော့ မစ်ရှဲလ်အိုဘားမားက ဘယ်လိုဒီဇိုင်း၊ ဘာအရောင်ကို ဝတ်တာမှာဘယ်လို ကျက်သရေရှိလိုက်တာ ဆိုတာမျိုးတွေကလည်း သူတို့ဖက်ရှင်လောကမှာ ပွက်လောညံလေ့ရှိတဲ့ လူစိတ်ဝင်စားမှု အခံရဆုံး သတင်းပါပဲ။

ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် သူဝတ်လေသမျှ ပွဲတက်ဂါဝန်ရှည်ကြီးတွေ၊ ပေါ့ပေါ့ပါးပါးဝတ်စုံ တွေနဲ့ အဝတ်အစားတွေ၊ စမတ်ကျတဲ့ အလုပ်ခွင်တက်ဝတ်စုံတွေ အားလုံးလိုလိုကို မျက်လုံးဒေါက် ထောက်ကြည့်ခံရ၊ အတုယူခံရ၊ ဖက်ရှင်ချစ်သူတွေ မျက်စိကျရတာချည်းပါ။ သူဟာ တက်သစ်စ ဒီဇိုင်နာ တွေချုပ်လုပ်ထားတဲ့ ဝတ်စုံ တွေကို ရံဖန်ရံခါဝတ်ဆင်လေ့ ရှိပြီး တက်သစ်စတွေကိုပွဲထုတ်တတ်တယ်  လို့လည်း နာမည်ကြီးပါသေးတယ်။

ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့  စမတ်ကျတဲ့  ဝတ်စား ဆင်ယင်မှုကလည်း လုပ်ငန်းခွင်တွင်း အမျိုးသမီးထုအတွက် အတုယူ အားကျစရာ ဟန်ပန်ကျလှတဲ့ဆင်ယင်မှုတွေပါ။













အင်္ဂလန်နိုင်ငံမှာဆိုရင်လည်း ဝန်ကြီးချုပ် ဒေးဗစ် ကမ်းမရွန်းရဲ့ဇနီးသည် စမန်သာကမ်းမရွန်းရဲ့ဖက်ရှင်၊ ပြင် သစ်မှာ ဆိုရင်တော့  သမ္မတ ဟောင်း ဆာကိုဇီရဲ့ ဇနီးသည် ကာရ်လာဘရူနီဆာကိုဇီရဲ့ ဖက်ရှင် စသဖြင့်ပေါ့။

အိမ်နီးချင်း ထိုင်းနိုင်ငံ မှာတော့ ငယ်ရွယ်တဲ့ အမျိုး သမီးဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ရဲ့ ဖက်ရှင်ဟာ သူ့ရဲ့ နိုင်ငံရေး ဖြတ်သန်းမှုထက်ကို လူပြောများတဲ့ အကြောင်းတခု ဖြစ်သလို သူ့ဝတ်စား ဆင်ယင်မှုဟာ ကြော့ရှင်းတယ်၊ ခန့်ထည်တယ်ဆိုပြီး သူဝတ်သမျှကို ဖက်ရှင် လောကက တခုတ်တရစောင့် ကြည့်ကြရတဲ့ အထိပါ။

သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့တဲ့အချိန် မှာ အရှေ့တောင်အာရှက နိုင်ငံရေးအရထင်ရှားတဲ့ အမျိုးသမီး ၂ ယောက်ရဲ့တွေ့ဆုံမှုကို စိတ်ဝင်စားမှု များခဲ့သလို၊ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုကလည်း လူအများဂရုစိုက်ခံရတဲ့ သတင်းတခုပါပဲ။

သူတို့နိုင်ငံက First Lady တွေရဲ့ ဖက်ရှင်တွေအကြောင်း ပြောတဲ့အခါ၊ များသောအားဖြင့်ကတော့ ကမ္ဘာကျော် ဒီဇိုင်နာတွေ၊ ဖက်ရှင်ဂုရုကြီးတွေရဲ့ လက်ရာတန်ဖိုးမြင့် အဝတ်အစားတွေပါပဲ။ ဘယ်သူ ကတော့ ဘယ်ဒီဇိုင်နာကြီးရဲ့ ဝတ်စုံနဲ့လှနေလိုက်တာ ဆိုတာမျိုးပါ။ First Lady ရဲ့ဖက်ရှင်လို့ ဆိုလိုက် တာနဲ့ ကမ္ဘာကျော် ဒီဇိုင်နာတွေရဲ့လက်ရာ၊ ဒီဇိုင်နာ တွေရဲ့ နာမည်ကိုပဲ ပြေးမြင်ကြတာပါ။

မြန်မာနိုင်ငံသားတွေ အတွက်ကတော့ စံပြ ပုဂ္ဂိုလ်၊ မြန်မာနိုင်ငံသားတွေရဲ့အိုင်ကွန် (Icon) ဖြစ် တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖက်ရှင်၊ ဒေါ်အောင် ဆန်းစုကြည်ဝတ်တဲ့ ဝတ်စုံတွေလို့များ ပြောလိုက်ရင် တန်ဖိုးကြီးတဲ့ လွန်းရာကျော် ကြိုးကြီးချိတ်၊ ပိုးထဘီ၊ ပိုးအင်္ကျီ၊ ဘော်ကြယ်တွေထိုးထားတဲ့ ခန့်ခန့်ထည်ထည် အဝတ်အထည်တွေကိုဘယ် သူမှ တွေးမြင်မိမှာ မဟုတ်ပါဘူး။

ကိန်းကြီးခန်းကြီးမနိုင်၊ ကမ္ဘာကျော်တွေရဲ့ လက်ရာတွေမဟုတ်တဲ့ ရိုးရှင်းတဲ့၊ အလွှာစုံက ဝတ်နိုင်တဲ့ ပြည်တွင်းဖြစ် ချည်ထည်လေးတွေ ကို လုံချည်ရဲ့ အရောင်၊ အဆင်နဲ့လိုက်ဖက်တဲ့ ချည်သား ဒါမှမဟုတ် ပိတ်ဖောက်ဇာကို ရင် ဖုံး၊ ရင်စေ့ချုပ်လို့ သပ်သပ်ရပ်ရပ် ဆင်မြန်း လေ့ရှိတဲ့ သူ့ရဲ့ ပုံရိပ်ကိုသာ မျက်စိထဲမှာ အင်မတန်မှ စမတ်ကျ၊အင်မတန်မှ ကျက် သရေရှိတဲ့ဖက်ရှင်အဖြစ် တွေးမြင်ကြ တာပါ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ် သူ၊ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်တဲ့ သူ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ၊ နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင်၊ နိုင်ငံ အတွက် မီးရှုးတန်ဆောင် စသဖြင့် နိုင်ငံ ရေးအရ နာမည်ကျော်ကြား၊ လူစိတ်ဝင် စားမှုခံပြီး သူပြောတဲ့ စကားတွေဟာ  မြန်မာနိုင်ငံသားတွေအပေါ် လွှမ်းမိုးမှုရှိ သလို တဖက်မှာလည်းသူ့ရဲ့ ရိုးရှင်းတဲ့ ဝတ်စုံ၊ အဆင်အယင်နဲ့ တခါနဲ့တခါမထပ် တဲ့ဝတ်စုံဖက်ရှင်တွေဟာလည်း မြန်မာ အမျိုးသမီးထု ကြီးငယ်မဟူအပေါ် လွှမ်းမိုး ရိုက်ခတ်နေတာပါ။ သူ့ကိုချစ်ခင်လွန်းတဲ့ သူတွေ ကဒီနေ့တော့ဖြင့် သူဘာပန်းပန်တယ်ဆိုတာ အထိ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အထိပါ။

၁၉၉၀ ပြည့်နှစ်တွေတုန်းကဆိုရင် မြန်မာ အမျိုးသမီး အများစုဟာ မြန်မာအင်္ကျီလေးတွေ ချုပ်ရင် စက်ချုပ်ဆိုင်ကို “အောင်ဆန်းစုကြည် ရင်ဖုံး လေးချုပ်ပေးပါနော်”၊ “ရင်စေ့အင်္ကျီကို အောင်ဆန်း စုကြည် လည်ပင်းပုံလေး ချုပ်ပေးပါနော်” ဆိုပြီး ချုပ်ခိုင်းကြလို့ ခေတ်စားခဲ့ပါသေးတယ်။ ဒေါ်အောင် ဆန်းစုကြည်ဟာ သာမန်အချိန်တွေမှာ မြန်မာဝတ်စုံ တွေကိုချည်း ဝတ်တတ်သလို သူတိုင်းရင်းသားဒေသ တွေကို သွားရောက်လည်ပတ်ရာမှာလည်း တိုင်းရင်း သားဝတ်စုံတွေ ဝတ်လေ့ရှိပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ကာလတွေက ချင်းပြည်နယ် ကိုသွားရောက်ခဲ့ပြီး ချင်းတိုင်းရင်းသား ရိုးရာဝတ်စုံနဲ့ ရိုက်ထားတဲ့ သူ့ဓာတ်ပုံကို အများစု မြင်ဖူးကြမှာပါ။

သူနောက်ဆုံး နေအိမ်အကျယ်ချုပ်က ပြန်မ လွတ်ခင်၊ အမေရိကန်နိုင်ငံသား ဂျွန်ယက်တောက ရေကူးဝင်ခဲ့လို့ အမှုရင်ဆိုင်နေရတုန်းကနဲ့ ဆက်ဆံ ရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံတဲ့အချိန်၊ သူ့ ပုံတွေ ဂျာနယ်တချို့မှာပါလာခဲ့တုန်းကဆိုရင်လည်း သူဝတ်ခဲ့တဲ့ လုံချည်အဆင်လေးတွေကို အောင်ဆန်း စုကြည်ဆင်ဆိုပြီး မြန်မာဝတ်စုံမြတ် နိုးတဲ့အမျိုးသမီး တွေအကြား တခေတ်ဆန်းခဲ့ပါ သေးတယ်။

နေအိမ်အကျယ်ချုပ်ကနေ လွတ်လာတဲ့နေ့မှာ ဆိုရင်လည်း ဗေဒါရောင်လေးဝတ်ထားတဲ့ သူဟာ ဘယ်လောက်တောင် ကျက်သရေရှိသလဲနော်ဆိုပြီး ပြောဆိုကြသလို၊ နောက်နေ့၊ နောက်နေ့တွေမှာလည်း “ဒီနေ့တော့ နက်ပြာရောင်လေးဝတ်တယ်၊ နောက် နေ့တော့ ဘာအရောင်လေးဝတ်မလဲ မသိဘူးနော်” တီးတိုး သဖန်းပိုးထိုးကြရတာလည်း အမောပါ။

လူထုနဲ့ထိတွေ့မှုတွေ တစ တစ များလာရာ ကနေ ကြားဖြတ်ရွေးကောက်ပွဲတွေအတွက် နယ် လှည့်စည်းရုံးရေး ခရီးတွေ များလာချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသွေးအရောင်စုံ၊ ဒီဇိုင်းစုံ မြန်မာဝတ်စုံဖက်ရှင်ဟာ အရွယ်စုံ၊ အလွှာစုံ မြန်မာအမျိုးသမီးထုက အတုယူ လိုက်ဝတ်ကြတဲ့ အထိ လွှမ်းမိုးလို့လာပါတယ်။

မစ္စ ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံတုန်းက ဝတ်တဲ့ စိမ်းပြာရောင်ဝတ်စုံ၊ အဖြူရောင်အင်္ကျီနဲ့ အနက်ပေါ် အဖြူပွင့်တွေဖောက်ထားတဲ့ လုံချည်၊ ဧရာဝတီတိုင်း ခရီးစဉ်နောက်ပိုင်း သူဝတ်ဆင်တဲ့ ကြက်သွေးရင့်ရောင် ဝမ်းဆက်နဲ့ ပုသိမ်ထီးနီနီ၊ ကျောက်စိမ်းရောင် အင်္ကျီဝတ်စုံနဲ့ ပုသိမ်ထီး အစိမ်း ရောင်၊ မိုးပြာရောင် ဝမ်းဆက်၊ ကျေးဥရောင် ဝတ်စုံ၊ ပန်းနုရောင်၊ ပန်းခရမ်းရောင် ဝတ်စုံ၊ ပင်နီရင်ဖုံးနဲ့ ယောထမီအညိုရောင် ဝတ်စုံ စတာတွေဟာ မြန်မာ အမျိုးသမီးထုတွေ မျက်စိထဲစွဲနေတဲ့ လူထုခေါင်း ဆောင်ရဲ့ ဖက်ရှင်ပါပဲ။

“အန်တီကတော့ ဟီလာရီကလင်တန်လာတုန်း က ဒေါ်စုဝတ်တဲ့ စိမ်းပြာရောင်ဝတ်စုံလေးကိုသဘော ကျတယ်။ သူတို့တိုင်းပြည်မှာတော့ ဟီလာရီက စမတ် ကျချင်ကျမယ်။ အန်တီမျက်စေ့ထဲမှာတော့ ဟီလာရီ တို့၊ မီရှယ်လ်အိုဘားမားတို့ စမတ်ကျတယ်ဆိုတာက ဒေါ်စုကို ဘယ်မီမှာတုန်း” လို့ ရန်ကုန်မြို့ခံ အမျိုး သမီးတယောက်က ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ၊ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ရဲ့ အမှတ်သညာတခုလို ဖြစ်နေတဲ့ ပင်နီအင်္ကျီတွေဟာလည်း ကျားမ အရွယ်မရွေး တို့အကြား ရေပန်းစားလာနေတဲ့ ဖက်ရှင်တခုပါပဲ။

ရန်ကုန်က စက်ချုပ်ဆိုင်တချို့မှာဆိုရင် သူ့ပုံပါ တဲ့ ဂျာနယ်တွေကိုပြပြီး ပုံပါဝတ်စုံဒီဇိုင်းတွေကို ချုပ် ပေးဖို့ လာအပ်တဲ့သူတွေ များလာတယ်လို့ဆိုပါတယ်။

“အစ်မတို့ဆီမှာ အမေစုပုံတွေကို စုထားရ တယ်။ တချို့က အမေစု ဘယ်တုန်းကဝတ်တဲ့ ဒီဇိုင်း ပုံလေး ချုပ်ပေးပါဆို ရှာရတယ်။ အရင်ကတော့ မြန်မာဝတ်စုံဆိုရင် ပွဲနေပွဲထိုင်၊ အလှူဝတ်ဖို့တို့ လောက် လာချုပ်ကြတာ။ အခုကတော့ သာမန် ဝတ်ဖို့ မြန်မာထည်လေးတွေ တော်တော်များများ ပြန်ချုပ်နေရတယ်” လို့ စမ်းချောင်းမြို့နယ်က အပ်ချုပ်ဆိုင်တဆိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖက်ရှင်တွေဟာ သူအသက် ၄၀ ဝန်းကျင် ကာလကထက် အခု အသက် ၆၀ ကျော် ပိုမိုရင့်ကျက်၊ ပိုမိုအလုပ်လုပ်နိုင် လာတဲ့ ကာလမှာ ပိုပြီး ခမ်းနားသပ်ရပ်လာတယ်လို့ ပြောဆိုနေကြသူတွေရှိပါတယ်။ ဒါကိုလည်း လူတိုင်း က သတိပြုမိကြပါတယ်။

ကုမ္ပဏီဝန်ထမ်း တယောက်ဖြစ်တဲ့ အသက် ၂၀ အရွယ် ယုယုက “အရင်တုန်းကတော့ ထဘီတွေ ဘာတွေ သိပ်မဝတ်ဖြစ်ဘူး။ ဘုန်းကြီးကျောင်းသွား၊ အလှူသွားတာလောက်ပဲ ဝတ်ဖြစ်တာ။ အလုပ်က လည်း ယူနီဖောင်း စကပ်လေးတွေ ဝတ်ရတာကိုး။ အခု အမေစုဝတ်တာလေးတွေက ရိုးရိုးလေးနဲ့ သိပ် လှတော့ သမီးလည်းဝတ်ဖို့ ၃ စုံသွားချုပ်ထားတယ်” လို့ ပြောပြပါတယ်။

နိုင်ငံအရပ်ရပ်က ဖက်ရှင်ရေစီးကြောင်းတွေ မြန်မာပြည်ထဲကို အရပ်ရပ်ကစီးဝင်လာလို့ မြန်မာ အမျိုးသမီးငယ်တွေရဲ့ ဖက်ရှင်လောကမှာ စကပ်တို၊ ဂါဝန်တိုတို၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်၊ တီရှပ် တွေရဲ့ကြား မြန်မာဆန်တဲ့ဝတ်စုံလေးတွေ တိမ်မြုပ် နေရတယ်၊ ပြည်တွင်းက ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေက ကြော်ငြာတွေမှာဆိုရင် ကိုယ်ဟန်ပြသူတွေ၊ သရုပ် ဆောင်တွေရဲ့ အနောက်တိုင်း ဖက်ရှင်တွေကပဲ လွှမ်းမိုးနေတယ်လို့ ရိုးရာဓလေ့ မြတ်နိုးသူတွေက ဆိုပါတယ်။

ဒါပေမယ့် ရန်ကုန်ကနာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ တယောက်ကတော့ “ဖက်ရှင်ရေ စီးကြောင်းအရ ပြောင်းလဲနေတယ်ဆိုပေမယ့် မြန်မာမလေးတွေ မြန်မာလိုဝတ်ပြီး လှနေတာက ပိုကောင်းတာပေါ့။ အန်တီစုဝတ်တာတွေဆိုရင် သာမန်ချည်ထည်လေး တွေနဲ့ပဲ ကျက်သရေရှိတယ်။ ချည်ထည်လေးတွေ ဆိုတော့ မြန်မာ့ရာသီဥတုနဲ့လည်း ကိုက်ညီတယ်။ ဖက်ရှင်စီးကြောင်း ဘယ်လိုပဲပြောင်းပြောင်း ရိုးရာ ယဉ်ကျေးမှုကတော့ မပျောက်သင့်ဘူးပေါ့” လို့ ပြောပါတယ်။

Facebook လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဥရောပခရီးစဉ်အကြောင်း ပြောဆိုကြတဲ့အခါ သူ့ရဲ့ဝတ်စားဆင်ယင်မှုအကြောင်းကို အမျိုး သမီးတွေသာမက အမျိုးသားတွေကပါ စိတ်ဝင်တစား ပြောဆိုကြတာကို တွေ့ရပါတယ်။

တချို့တွေဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်စားဆင်ယင်ပုံ အမျိုးမျိုးနဲ့ ဓာတ်ပုံတွေကို စုစည်းထားပြီး Facebook ပေါ်မှာ အချင်းချင်း ဖြန့်ဝေကြ၊ မြန်မာဆန်တဲ့ ဝတ်စားဆင်ယင်မှုနဲ့ အနောက်တိုင်းဆန်တဲ့ ဝတ်စားဆင်ယင်မှုတွေကို ချိန်ထိုးပြောဆိုကြတာတွေ ရှိပါတယ်။

ဥရောပခရီးစဉ်တလျှောက်လုံး မြန်မာအဝတ် အစားကိုပဲ ဝတ်ခဲ့တာ၊ ဥရောပကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း ဒေါ်အောင်ဆန်းစု ကြည်ကို လာတွေ့တဲ့အခါ ကိုယ့်ရိုးရာဝတ်စုံတွေကိုပဲ အများစု ဝတ်ဆင်ခဲ့ကြတာတွေကို ထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာ့ရိုးရာဝတ်စုံ တွေအကြောင်း ကမ္ဘာက ပိုသိသွားရတယ်၊ မြန်မာ ဝတ်စုံတွေရဲ့အလှ ကမ္ဘာကျော်ရတယ်လို့ ပြောဆိုကြ တာတွေ တွေ့ရသလို ဒီအချက်နဲ့ ပတ်သက်ပြီး အငြင်းပွားကြတာတွေလည်း ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကြောင့်  ဥရောပ နိုင်ငံသားတွေအပေါ် မြန်မာဝတ်စုံဖက်ရှင်တွေ လွှမ်းမိုးမှုရှိတယ်၊ မရှိဘူးဆိုတာကို သေချာမသိ နိုင်ပေမယ့် အိမ်နီးချင်း အာရှနိုင်ငံတွေပေါ်ကိုတော့ လွှမ်းမိုးမှု တစုံတရာ ရှိနေပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်စားဆင်ယင်မှု တွေဟာ ကျမကို အင်မတန်လွှမ်းမိုးပါတယ်။ သူ နေအိမ်အကျယ်ချုပ်က လွတ်လာပြီးကတည်းက သူ ဝတ်တာတွေကို ကျမသတိထားမိပြီး အဲ့ဒီဝတ်စုံလေး တွေကို ကျမသိပ်ချစ်သွားတယ်။ အဲ့ဒါမျိုးလေးတွေ ကျမသိပ်ဝတ်ချင်မိတယ်” လို့ ထိုင်းနိုင်ငံ ဘန်ကောက် မြို့က အသံသွင်း အင်ဂျင်နီယာ အမျိုးသမီးတဦး ဖြစ်သူ ဂျန်က ဧရာဝတီကို ပြောပြပါတယ်။

ဂျန်က သူ့မှာ မြန်မာအင်္ကျီတွေနဲ့ မြန်မာဝတ်စုံ ၇ စုံရှိတဲ့အကြောင်း၊ အဲဒီဝတ်စုံလေးတွေကို မြန်မာ ပြည်ကနေ မှာယူခဲ့တဲ့အကြောင်း၊ ဖက်ရှင်ချစ်သူ အမျိုးသမီးတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာဝတ်စုံ ဖက်ရှင်လေးတွေကို ဝတ်ကြည့်စေချင် ကြောင်း သူကပြောပြပါတယ်။

“အဲဒီအင်္ကျီလေးတွေကို စကပ်လေးနဲ့ တွဲဝတ် တယ်။ ထဘီနဲ့ ဝမ်းဆက်လေးတွေကိုတော့ အခမ်း အနား၊ ပွဲလမ်းတွေရှိတာအခါ ဝတ်တယ်။ ဝတ်စုံ လေးတွေက သိပ်လှတယ်။ အရည်အသွေးလည်း သိပ်ကောင်းတာပဲ။ တခါ အခမ်းအနားတခုသွားတော့ ကျမလိုမြန်မာထည်လေးတွေဝတ်တဲ့ အမျိုးသမီးတွေ ကို တွေ့တယ်ရှင့်။ ကျမတို့ စကားပြောဖြစ်တော့ အောင်ဆန်းစုကြည်ဟာ ကျမတို့လေးစားတဲ့ စံပြ အမျိုးသမီး၊ ကျမတို့ရဲ့ ဖက်ရှင်စံပြပုဂ္ဂိုလ် ဖြစ်နေ တာကိုး” လို့ ဂျန်ကပြောပါတယ်။

ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်က ဆရာမတယောက်ဖြစ်တဲ့ ဝမ်ကတော့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဝတ်စုံတွေနဲ့ ဆင်တူဝတ်စုံတွေ ဝယ် ထားသလို ဥရောပခရီးစဉ်မှာ ဒေါ်အောင်ဆန်းစု ကြည်ဝတ်ခဲ့တဲ့ ဝတ်စုံမျိုးကိုလည်း ဝယ်မယ်လို့ ဆိုပါ တယ်။

“သူဝတ်တာလေးတွေ သဘောကျလွန်းလို့လေ။ ရန်ကုန်က ကျမသူငယ်ချင်းတွေဆီကနေ မှာထား တာ။ သူ (ILO) မှာ မိန့်ခွန်းပြောတဲ့ အဖြူနဲ့အနက် ဝတ်စုံလေးရယ်၊ နိုဗယ်လ်ဆု ယူတုန်းကဝတ်တဲ့ အဖြူပေါ် ခရမ်းရင့်ရောင်အပွင့်ထဘီနဲ့ ခရမ်းရင့်အင်္ကျီ ဝတ်စုံမျိုး လိုချင်လို့ ထပ်မှာထားတယ်” လို့ ဆရာမ ဝမ်က ပြောပြပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ အပြည်ပြည် ဆိုင်ရာ အလုပ်သမားသမဂ္ဂ (ILO) မှာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ မိန့်ခွန်းပြောချိန်ဝတ်ခဲ့တဲ့ ပိုးသား အနက်ရောင်ပေါ် အဖြူနဲ့ မီးခိုးဆေးရေး ထဘီနဲ့ အဖြူရောင်ပေါ် အနက်ရောင်အနားကွပ် အင်္ကျီ၊ အစိမ်းရောင်ပဝါနဲ့ ဝတ်စုံ၊ နော်ဝေနိုင်ငံအော်စလိုမြို့ နိုဗယ်လ်ဆုယူချိန်မှာ ဝတ်ခဲ့တဲ့ အဖြူရောင်ပေါ် ခရမ်းရောင်ဖောက်တဲ့ ချိတ်ထဘီနဲ့ ခရမ်းရင့်ပေါ် ကနုတ်ပန်းခက်လေးတွေ ထိုးထားတဲ့အင်္ကျီ၊ ခရမ်းနု ရောင် ပဝါနဲ့ဝတ်စုံ၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရဲ့ သမိုင်းဝင် ဒေါင်းနင်းလမ်း အမှတ် ၁၀ မှာ ဗြိတိန် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်ဝတ်ခဲ့တဲ့ နီညိုရင့် ချိတ် ဝမ်းဆက်၊ ပြင်သစ်နိုင်ငံကိုအသွား ဝတ်ခဲ့တဲ့ စိမ်းပြာ နုပေါ် လက်ထိုးပန်းပွင့်လေးတွေ ထိုးထားတဲ့ ဝတ်စုံ၊ ပြင်သစ်သမတ ဖရွန်ဆွာ အောလန်နဲ့ တွေ့ဆုံချိန်မှာ ဝတ်ခဲ့တဲ့ အစိမ်းရောင်ချိတ်ထမီနဲ့ စိမ်းနုရောင်အင်္ကျီ ဝတ်စုံတွေဟာ မြန်မာအမျိုးသမီးထုကို သာမက မြန်မာ့ရိုးရာဝတ်စုံတွေကို စိတ်ဝင်စားတဲ့ နိုင်ငံခြားသူ တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

“ကျမအရင်က မြန်မာဝတ်စုံတွေကို သိပ်စိတ် မဝင်စားခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည် (ILO) မှာ မိန့်ခွန်းမပြောခင် ထိုင်စောင့်နေတဲ့ပုံလေးကို တွေ့ လိုက်တော့ မြန်မာဝတ်စုံက တယ်လည်း ကျက်သရေ ရှိပါလားဆိုပြီး ကျမလည်း အဲ့ဒါမျိုးလေး သိပ်ဝတ် ကြည့်ချင်မိသွားတယ်” လို့ ရန်ကုန်မြို့က ဂျပန် NGO တခုမှာတာဝန်ထမ်းဆောင်နေတဲ့ ဂျပန်အမျိုး သမီး ခဇုကိုက ပြောပြပါတယ်။

အရွက်စိမ်းစိမ်း၊ သစ်ခွဖြူလွလွတွေနဲ့ပြည့်နေတဲ့ ပန်းအိုးကြီးရဲ့ရှေ့မှာ အဖြူအနက်ဝတ်စုံ၊ အစိမ်း ရောင်ပဝါလေးခြုံပြီး ထိုင်နေတဲ့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ဟန်ပန်ဟာ ပန်းပွင့်ဖြူတွေနဲ့ ပနံရလှပြီး သူ့ကိုဖမ်းစားခဲ့ပါတယ်တဲ့။

၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အဝင် နှစ်တွေမှာ ထွက်ရှိလာတဲ့ ပြက္ခဒိန်တချို့မှာလည်း ဒေါ်အောင် ဆန်းစုကြည်ရဲ့ အမျိုးမျိုးအစားစားသော ဓာတ်ပုံ တွေနဲ့ ထုတ်လိုက်တဲ့ ပြက္ခဒိန်တွေက ရောင်းအား ကောင်းတာ သတိထားမိကြမှာပါ။ အဲဒီပြက္ခဒိန် တွေကို ဖက်ရှင်ဆိုင်တွေမှာပါ တခုတ်တရချိတ်ဆွဲထား ကြတာ၊ အဲဒီပုံတွေထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဝတ်အစား ဒီဇိုင်းတွေ၊ အရောင်ရွေးချယ်မှုတွေ၊ ပုံစံတွေကို ဖက်ရှင်ဒီဇိုင်နာတွေ သာမက မြန်မာ အမျိုးသမီးငယ်လေးတွေပါ တုပချုပ်လုပ် ဝတ်စားကြ တာလည်း တွေ့လာရပါတယ်။

Crown Fashion က ဒီဇိုင်နာမေသက်လွင်က “ကျမဆီမှာ ဒေါ်အောင်ဆန်းစုကြည်ဝတ်တဲ့ အဆင် ဒီဇိုင်းမျိုး ချုပ်ပေးပါဆိုပြီး လာအပ်တဲ့သူတွေ ရှိပါ တယ်။ လူကြီးပိုင်းတွေများပါတယ်။ ဒေါ်အောင်ဆန်း စုကြည် ဝတ်စုံဖက်ရှင်တွေနဲ့ ပတ်သက်ပြီး ကျမ ခံစားမှုကိုပြောရရင်တော့ အရမ်းကျက်သရေရှိတယ်၊ အရမ်းဂုဏ်ယူမိပါတယ်။ ကိုယ့် မြန်မာဝတ်စုံကို တန်ဖိုးထားပြီးဝတ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း ကျေနပ်ဂုဏ်ယူမိပါတယ်။ မြန်မာ ဝတ်စုံတွေ ဖန်တီးရတာလည်း တခြားဝတ်စုံတွေ ဖန်တီးရတာနဲ့ မတူတဲ့ ခံစားမှုတခုတော့ရှိပါတယ်” လို့ပြောပါတယ်။

အာရှနိုင်ငံ တော်တော်များများက ခေါင်း ဆောင်တွေဟာ အခုအချိန်မှာဆိုရင် အများစုက အနောက်တိုင်းဝတ်စုံတွေကိုသာ ဝတ်ဆင်နေကြတာ တွေ့ရမှာပါ။

ဘန်ကောက်က ထိုင်းအမျိုးသမီး ဂျန်က              “အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံတခုတည်း အတွက်တင်မကဘူး၊ ကျမတို့ အာရှအမျိုးသမီးထု အတွက် စံပါပဲ။ ဝတ်စားဆင်ယင်မှု၊ ရိုးရာယဉ် ကျေးမှုကို မြတ်နိုးတဲ့စိတ်၊ သူ့တိုင်းပြည်အပေါ် ထားတဲ့ စေတနာနဲ့အနစ်နာခံမှုတွေကို မြန်မာ မိန်းကလေးတွေသာမက အမျိုးသမီးတိုင်း သူ့ကို စံနမူနာယူသင့်တယ်” လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် ဘယ် သူတွေက ဒီဝတ်စုံလေးတွေ ချုပ်ပေးနေလဲ၊ ဘယ်သူတွေက ဒီဇိုင်းထွင်ပေးနေလဲဆိုတာ ကို ဖက်ရှင်ချစ်သူတွေက စိတ်ဝင်တစား သိချင်နေကြတာပါ။

ရန်ကုန်က နာမည်ကြီး ဒီဇိုင်နာ အသိုင်းအဝိုင်းထဲမှာကတော့ ဒေါ်အောင် ဆန်းစုကြည်အတွက် ချုပ်ပေးနေတယ် ဆိုတာ မရှိသေးပါဘူး။ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရသလောက် ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းဈေးက အထည် တွေ ဝယ်လေ့ရှိကြောင်း၊ တချို့သော အထည်တွေကတော့ သူ့ကို ချစ်မြတ် နိုးတဲ့သူတွေက လက်ဆောင်အဖြစ် ပေးတာတွေရှိကြောင်းနဲ့ သူဝတ်မယ့် အင်္ကျီတွေအတွက် ဒီဇိုင်းကိုသူကိုယ်တိုင် ထွင်တယ် ဆိုတာပါပဲ။

သူ့ရဲ့နေအိမ်ခြံဝင်းထဲမှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ တခုမှာတော့ သတင်းထောက်တယောက် က ဒီဝတ်စုံလေးတွေရဲ့ဒီဇိုင်နာအကြောင်းမေးတာ မှာ ဒေါ်အောင်ဆန်းစုကြည်က “အဝတ်အစားက ကျမ ဖြစ်သလိုဝတ်တာပါပဲ” လို့ ဖြေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဝတ်လေ့ဝတ်ထရှိတဲ့ ပြည်တွင်းဖြစ် ချည်လုံချည်လေးတွေဟာကျပ် ၄၀ဝ၀ ကနေ ကျပ်တသောင်းခွဲ ဝန်းကျင်ပဲရှိပါ တယ်။ လုံချည်လေးတွေနဲ့ အလိုက်ဝတ်မယ့် အင်္ကျီအတွက် ချည်ထည်ပိတ်စဖိုးကလည်းအမျိုး အစားအလိုက် တကိုက် ၅၀ဝ၀ ကနေ တသောင်း ခွဲဝန်းကျင်အထည် တွေပါပဲ။

ကမ္ဘာကျော် ဒီဇိုင်နာတွေရဲ့ တန်ဖိုးမြင့် အဝတ်အစားတွေနဲ့ ဆင်ယင်တာမဟုတ်၊ ဒီဇိုင် နာရယ်လို့သီးသီးသန့်သန့်မရှိ၊ တိုင်းရေးပြည်ရာ တွေနဲ့သာလုံးပန်းနေတဲ့သူတယောက်ရဲ့ ပြည်တွင်း ဖြစ်သာမန်ချည်ထည်တွေနဲ့ပဲကျက်သရေရှိရှိရိုးရှင်း လှပနေတဲ့ “ဖြစ်သလိုဖက်ရှင်”တခုဟာ နိုင်ငံတခု ကအမျိုးသမီးထုအပေါ် သက်ရောက်မှုရှိနေတယ်၊ နိုင်ငံတဝန်း ရေပန်းစားပြောစမှတ်ပြုနေရတာပါ။


Irrawaddy


အမွေခံကောင်းနှင့် အမွေခံဆိုး


       လောကအစဉ်အလာအရ မိဘရဲ့ပိုင်ဆိုင်မှုကို သားသမီးတွေ ရရှိကြတယ်။ ဒါကြောင့် သားသမီးတွေ ဟာ အမွေခံပုဂ္ဂိုလ်တွေပါပဲ။ ဒီနေရာမှာ အမွေခံပုဂ္ဂိုလ်အမျိုးမျိုး တွေ့ရပါတယ်။ လယ်တီဆရာတော်က အခုလို ဆိုထားပါတယ်။ သားသမီးပင်ဖြစ်သော်လည်း မိဘအမွေကို မခံစားရတဲ့သူ၊ အနည်းငယ်သာ ခံစားရတဲ့သူ၊ ၀မ်းဝရုံသာ ခံစားရသူနှင့် များစွာခံစားရသူ ဆိုပြီးတော့ အမျိုးမျိုးရှိပါတယ်။

        ၁။ သိန်းထောင်ပေါင်းများစွာ ချမ်းသာတဲ့ မိဘရဲ့ သားသမီးပင်ဖြစ်သော်လည်း မိဘစကားနား မထောင် လို့ အမွေပြတ်စွန့်လွတ်ခံရတဲ့သူဟာ အမွေမခံစားရသူပါပဲ။
       ၂။ အမွေဝေစုရသော်လည်းပဲ လုပ်ကိုင်မစား၊ တိုးပွားအောင်မလုပ်၊ အပျော်အပါးသောက်စားပြီး ဖြုန်းတီးပစ်တဲ့ သားသမီးတွေဟာ အမွေကုန်တဲ့အခါ ဆင်းရဲတွင်းထဲ ရောက်ကြရတာပါပဲ။ ဒါကြောင့် သူတို့ကို အမွေအနည်းငယ်သာခံစားရသူလို့ ဆိုပါတယ်။
       ၃။ စက်ပစ္စည်း၊ လယ်ယာစသည် မိဘအမွေရပြီး ထိုလုပ်ငန်းတွေရဲ့ အချို့ကိုသာ လုပ်စားတယ်။ အချို့ကိုတော့ ရောင်းစားတာ၊ လုပ်မစားပဲ ပစ်ထားတာတွေရှိတယ်။ သူတို့ကျတော့ ၀မ်းဝရုံပါပဲ။ မိဘအမွေ အပြည့်အ၀ မခံစားရပါဘူး။
       ၄။ အချို့သားသမီးများကျတော့ ရရှိတဲ့အမွေကို အကုန်တိုးပွားအောင်လုပ်တယ်။ ဒါကြောင့် အဲဒီသားသမီးတွေဟာ ချမ်းသာကြီးပွားပြီး မိဘအမွေကို များစွာ ခံစားကြရတယ်။

       ဒါ့အပြင် သားသမီးတွေအနေနဲ့ အမွေခံထိုက်အောင် နေတတ်ဖို့လည်း လိုပါတယ်။ ဗုဒ္ဓစာပေအရ သားသမီးဝတ်ငါးပါး ကျေပြွန်တဲ့ သားသမီးများဟာ မိဘအမွေကို ခံယူထိုက်ပါတယ်။ “ကျွေးမွေးမပြတ်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။” ဆိုသည့်အတိုင်း သားသမီးများဟာ
၁။ မိဘကို လုပ်ကျွေးပြုစုရမယ်။
၂။ မိဘရဲ့အလုပ်ကိစ္စတွေကို ကူညီလုပ်ဆောင်ပေးရမယ်။
၃။ မိဘရဲ့ လယ်ယာ၊ ရွှေငွေစတာတွေကို မဖြုန်းတီး မဖျက်ဆီးဘဲ စောင့်ရှောက်ခြင်း၊ မိဘတွေပြုလုပ်လေ့ရှိတဲ့ ကုသိုလ်လုပ်ငန်းတွေကို လုပ်ဆောင်ပေးခြင်းဖြင့် မိဘရဲ့ ကောင်းမွန်တဲ့အမျိုးအနွယ်၊ ဂုဏ်သိက္ခာကို စောင့်ထိန်းရမယ်။
၎။ မိဘအမွေကို မပျက်ဆီးမဆုံးရှုံးအောင်၊ တိုးပွားအောင် ထိန်းသိန်းရမယ်။
၅။ မိဘတွေ သေလွန်တဲ့အခါ ရည်စူးကုသိုလ်ပြုပြီး အမျှဝေရမယ်။

      ဒီငါးပါးကျေပြွန်တဲ့ သားသမီးများဟာ မိဘအမွေကို ခံထိုက်တဲ့သူများဖြစ်တယ်။ ဒီလိုမှမဟုတ်ရင်တော့ အမွေခံဆိုးပဲ ဖြစ်လိမ့်မယ်။ မိဘပစ်ထားပြီး သေမှ အမွေလာတောင်းတဲ့ သားသမီးများလည်း ဒုနဲ့ဒေးပါပဲ။ မိဘအမွေမတောင်းခင်မှာ အရင်ဆုံး ကိုယ့်ကိုယ်ကို အမွေခံထိုက်သူလား မထိုက်သူလားဆိုတာ အရင်စဉ်း စားဖို့လိုပါတယ်။ ကိုယ်နဲ့မထိုက်တဲ့အမွေရယူတဲ့သူဟာ စိတ်ချမ်းသာမူမရနိုင်ပါဘူး။ စားတိုင်းစားတိုင်း လိပ်ပြာမသန့်ဖြစ်တတ်ပါတယ်။ သားသမီးဝတ်ကျေပြွန်တဲ့ သူများကတော့ ထိုက်တန်တဲ့ အမွေကို ခံစားရတဲ့ အတွက် စိတ်ချမ်းသာတယ်။ အပြစ်ကင်းကင်းနဲ့ သုံးဆောင်ခံစားရတယ်။ နောက်ပြီး လိမ်မာတဲ့သားသမီး များဟာ မိဘအမွေကို ငန်းငန်းတက်မမက်မောပါဘူး။ မလိမ်မာတဲ့သားသမီးများကတော့ မထိုက်တဲ့အမွေကို ငန်းငန်းတက်လိုချင်ကြတယ်။ မရရင် ပြဿနာရှာတတ်ကြတယ်။ ဒါကြောင့် သားသမီးများအားလုံး သားသမီး ၀တ်ငါးပါးကျေပြွန်အောင် နေပြီး အမွေခံထိုက်တဲ့ သားသမီးရတနာများဖြစ်နိုင်ကြပါစေလို့ ဆုတောင်း လိုက်ရပါတယ်။
ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ


မိခင်တက်ကြွပါမှ သားသမီးများလည်း တက်ကြွသော ကလေးဖြစ်နိုင်


တက်ကြွ သော မိခင်များ၏ သားသမီးများ သည် တက်ကြွသော ကလေးများ ဖြစ်လာ နိုင်ချေ ပိုများကြောင်း ဖြင့် လန်ဒန် တွင် မိခင်ပေါင်း ၅၀၀ ကျော်နှင့် ၎င်းတို့၏ လေးနှစ် အရွယ် ကလေးငယ် များအား စစ်တမ်း ကောက်ယူ ထားချက် အရ သိရသည်။

လေ့လာမှု စစ်တမ်း ကို ကိန်းဘရစ် တက္ကသိုလ်နှင့် ဆောက်သမ်တန် တက္ကသိုလ် တို့မှ သုတေသန ပညာရှင် များက စုပေါင်းပြုလုပ် ထားခြင်းဖြစ်သည်။ မိခင်ပေါင်း ၅၀၀ နှင့် ၎င်းတို့၏ကလေးများကို နှလုံး ခုန်နှုန်း မှတ်တမ်း တင်စက်၊ လှုပ်ရှားမှု မှတ်တမ်း တင်စက်များ တပ်ပေး ကာ ခုနစ်ရက်ကြာ စောင့်ကြည့် ခဲ့ကြခြင်း ဖြစ်သည်။

လေ့လာမှု စစ်တမ်းကို Pediatrics ဂျာနယ် တွင် ထည့်သွင်း ဖော်ပြ ထားခြင်း ဖြစ်သည်။ ကလေးများ သည် ပုံမှန် အားဖြင့် တက်ကြွ လှုပ်ရှားကြ သူများဖြစ်သည့် တိုင် ကလေးများ ကျန်းမာရေးနှင့် ညီအောင် တက်ကြွ လှုပ်ရှား ကြရန် မှာ မိခင်များ၏ အခန်း ကဏ္ဍ သည်လည်း အရေး ကြီး ကြောင်း စစ်တမ်းက ထောက်ပြ ရေးသား သည်။

စောင့်ကြည့် ကာလ တစ်ပတ်ပြည့် သည်တွင် နှလုံးခုန် မှတ်တမ်း တင်စက်၊ လှုပ်ရှားမှု မှတ်တမ်း တင်စက်များ ဖြင့် တိုင်းတာ ထားသော အချက် အလက်များကို နှိုင်းယှဉ် ကြည့် ခဲ့သည်။ ထိုအခါ တက်ကြွ လှုပ်ရှား သော မိခင်များ ၏ ကလေးများ သည်လည်း အခြား ကလေးများ နှင့် ယှဉ် ပါက ပိုတက်ကြွ လှုပ်ရှား ဖြစ်ကြ ကြောင်း တွေ့ခဲ့ရသည်။

မိခင်ဖြစ်သူ က အခြား မိခင်များ ထက် တစ်ရက် ကို တစ်နာရီ ခန့် ပိုလှုပ်ရှား တက်ကြွပါက ထိုမိခင်၏ ကလေး ဖြစ်သူ သည် အခြား ကလေးများ ထက် တစ်ရက် လျှင် ၁၀ မိနစ်ခန့် ပိုလှုပ်ရှား တက်ကြွကြ ကြောင်း တွေ့ခဲ့ ရသည်။

ထို့အပြင် ပတ်ဝန်းကျင် အနေအထား သည်လည်း ကလေးများ အပေါ် လွှမ်းမိုးမှု ရှိကြောင်း စစ်တမ်းက ထောက်ပြ သည်။ မိခင်များ သည် အားကစား ခန်းမ၊ ရေကူးကန် စသည့် လှုပ်ရှား တက်ကြွ ရသော နေရာများ ကို အသွား များပါက ၄င်းတို့ ၏ ကလေးများ သည်လည်း အခြား ကလေးများ ထက် ပိုလှုပ်ရှား တက်ကြွကြ သည်ကို တွေ့ခဲ့ ရသည်။

Source: BBC

The Messenger


အန္တရာယ်ရှိသော လိင်ဆက်ဆံမှုဆီ ဦးတည်စေသည့် အရက်-အချိုရည် ရောစပ် သောက်သုံးမှု



အရက်နှင့် အားဖြည့် အချိုရည်များ ရောစပ် သောက် သုံးမှုမှ နေ၍ အမေရိကန် ကောလိပ် အရွယ် ကျောင်း သားများတွင် လိင်ကိစ္စ ကိုလွယ်လွယ်သဘော ထား
ခြင်းနှင့် အန္တရာယ်ရှိသော ပြုမူမှုပိုများလာကြောင်း အမေရိကန်သုတေ သနတစ်ရပ်က တွေ့ရှိခဲ့သည်။

ယင်းသို့ ရောစပ်သောက်သုံး မှုကြောင့် အမေရိ ကန်
နိုင်ငံ ကောလိပ်ကျောင်းအများအပြား တွင် ဖြစ်ပေါ်
နေသော နောက်ကြောင်း ရာဇဝင်မသိသူများနှင့် အလွယ် တကူ လိင်ဆက်ဆံသော ယဉ် ကျေးမှုကို ပံ့ပိုးပေးခြင်းဖြစ်နိုင် ကြောင်း နယူးယောက်ပြည်နယ် ဘတ်ဖလိုး တက္ကသိုလ်မှ သုတေ သီကက်သလင်းအီးမီလ်လာက ပြောကြားသည်။

ကဖိန်းဓာတ်ပါသော အချို ရည်များကြောင့် အရက်သောက် သုံးမှုကို လွန်ကဲသွားစေကြောင်း ကဖိန်း ဓာတ်ကြောင့် မိမိမည်မျှ မူးနေသည်ကို မခန့်မှန်းနိုင်တော့ ကြောင်း ယင်းမှနေ၍ နောက် ကြောင်း ရာဇဝင်မသိသူများနှင့် လိင်ဆက်ဆံခြင်းဆီသို့ ဦးတည် နိုင်ကြောင်း သုတေသီများကပြောကြားသည်။

သာမန်အချိန်များတွင် ယင်း သို့သော လိင်ဆက်ဆံဘက်များ နှင့် ဆုံစည်းချိန်တွင် ကွန်ဒုံးကဲ့သို့ အကာအ ကွယ်ပစ္စည်းများ အသုံး ပြုသော်လည်း အမူးလွန်နေ၍ အကာအကွယ်ပစ္စည်းသုံးစွဲမှုနည်း ပါးသွားလေ့ရှိရာ လိင်မှ ကူးစက် သော ရောဂါများနှင့် မလိုလား သော သန္ဓေတည်ခြင်း စသော အန္တရာယ်များ မြင့်တက် လာ သည် ဟု သုတေသီများက ကဖိန်း သုတေသနဂျာနယ်တွင် ဖော်ပြ ထားသည်။

Credit: original article owner


သင်္ဘောနစ်မြှုပ်မှုအပေါ် အစိုးရတုံ့ပြန်မှု ညံ့ဖျင်းတာကြောင့် တောင်ကိုရီးယားဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်

တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟွန်းဝမ်

တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟွန်းဝမ်က သူ့ရာထူးက နှုတ်ထွက်ကြောင်း ဧပြီလ ၂၇ ရက်နေ့က ကြေညာလိုက်ပါတယ်။

ဧပြီ ၁၆ ရက်နေ့က သင်္ဘောနစ်မြှုပ်မှုအပေါ် အစိုးရတုံ့ပြန်မှု ညံ့ဖျင်းတဲ့ရာထူးက နှုတ်ထွက်တာလို့ ဆိုပါတယ်။ ဒါဟာ သင်္ဘောပေါ်က လူအားလုံးကို ဖယ်ထုတ်အပြီး ပထမဆုံး ကြေညာချက်ပါ။ သူ့ရဲ့ နှုတ်ထွက်မှုကို သမ္မတက အတည်ပြုရဦးမှာ ဖြစ်ပါတယ်။

အင်ချုံမြို့ကနေ အားလပ်ရက်အပန်းဖြေရာ ဂျဲဂျု ကျွန်းကို ပြေးဆွဲတဲ့ ဒီသင်္ဘောဟာနစ်မြှုပ်စဉ်က လူ ၄၀၀ ကျော်ကို တင်ဆောင်ထားတာပါ။ လူ ၃၀၀ ကျော်ကတော့ ဒန်ဝမ် အထက်တန်းကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေပါ။
ဧပြီလ ၂၇ ရက်နေ့ အတည်ပြုချက်အရ အလောင်း ၁၈၇ လောင်းကို ရှာတွေ့ထားပါပြီ။ ကလေးတွေဟာ နောက်ထပ် အမိန့်ကို စောင့်နေတုံး သူတို့အခန်းတွေထဲမှာ နေခိုင်းတာ ခံခဲ့ရပါတယ်။

ကျနော့်အတွက် မှန်မှန်ကန်ကန်လုပ်ရမယ့်အရာက တာဝန်ယူဖို့နဲ့ အစိုးရတာဝန်ခံဖြစ်တဲ့ ကျနော်က နှုတ်ထွက်ဖို့ပါ။ ဒါဟာ တောင်းပန်တဲ့ နည်းလမ်းလို့ ထင်တယ်။ ကပ်ဘေးကို စောစောကိုင်တွယ်ဖို့ မတော်တဆ မဖြစ်အောင် ကာကွယ်ရာမှာ ပြဿနာတွေ အများကြီးရှိခဲ့လို့ အစိုးရကိုယ်စား တောင်းပန်ပါတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

သင်္ဘောမှောက်အပြီး နောက်နေ့မှာ ၀န်ကြီးချုပ်က ၀မ်းနည်းနေတဲ့ မိဘတွေဆီကို သွားရောက် လည်ပတ်ရာမှာတော့ သူ့ကို ၀ိုင်းအော်ခဲ့ကြပြီး တယောက်ကတော့ ရေသန့်ဗူးနဲ့ ပစ်ပေါက်ခဲ့ ပါတယ်။

သင်္ဘောမှောက်ပြီး နာရီပိုင်းအကြာမှာ ဒန်ဝမ် အထက်တန်းကျောင်းသားတွေ အားလုံး ကယ်တင်ပြီးပြီလို့ မိဘတွေဆီကို ဂျောင်ဂိဒို ခရိုင်ပညာရေးရုံးက ဖုန်းမက်ဆေ့ခ်ျ ပေးပို့ခဲ့တယ်လို့ မီဒိယာက အစီရင်ခံပါတယ်။

အစိုးရအတွင်း သြဇာအရှိဆုံးသမ္မတက ပျောက်ဆုံးသူတွေရဲ့မိသားစုတွေ ခေတ္တနားခိုရာ အားကစားရုံကို သွားရောက် လည်ပတ်စဉ်က ဆွေမျိုးတချို့က မကျေမနပ် အော်တာ ခံခဲ့ရပါတယ်။

DVB Burmese


နေမီးကွင်း ဖြစ်မည့် ဧပြီလ ၂၉ ရက် နေကြတ်ခြင်း..



နောက်အပတ် အင်္ဂါနေ့ (ဧပြီလ ၂၉ ရက်) မှာတော့ ကမ္ဘာနဲ့ နေကြားကို လမင်းကြီးရောက်ရှိမှာဖြစ်ပါတယ်။ လမင်းကြီးဟာ နေကို အပြည့်မဟုတ်ဘဲ အလယ်ကနေကွယ်လိုက်တဲ့အတွက် နေရဲ့ အစွန်းထွက်နေတဲ့ အပိုင်းဟာ မီးကွင်း ပုံစံမျိုး ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။


 
လကြတ်ခြင်းဟာ လပြည့်နေ့များမှာဖြစ်တတ်ပြီး.. ယခုလို နေကြတ်ခြင်းဟာလည်း လကွယ်နေ့များ မှာ ဖြစ်ပေါ်တတ်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က လကြတ်ခြင်းဖြစ်ပေါ်မှုကို ကမ္ဘာ တစ်ဝက်လောက်က မြင်တွေ့ခဲ့ရပြီး ယခု နေ မီးကွင်းကြတ်မှုကိုတော့ လူတိုင်းမြင်တွေ့နိုင်မှာမဟုတ်ပါဘူး..။

 
အကောင်းဆုံး မြင်တွေ့ရမယ့်နေရာကတော့ အန္တာတိက ဒေသအချို့ နဲ့ သြစတျေးလျတိုက်တို့ ဖြစ်ပါတယ်။ ဒါပေမယ့် မြင်ရမယ့် နေရာတော်တော်များများဟာ အန္ဒိယသမုဒ္ဒရာ တောင်ပိုင်း ရေပြင်မှာ ကျရောက်လို့နေ ပါတယ်။ မလေးရှားလေယာဉ် MH 370 ကို ရှာဖွေနေတဲ့ နေရာနဲ့ဆို ကွက်တိလောက်သွားကျ နိုင်ပါတယ်..။

အာကာသနှင့် စကြ၀ဠာ