27 Apr 2014

ချစ်ခြင်းကို မခွဲပါနဲ့ (အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)



ငြိမ်းအေးသော ဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် နောက်အရည်အသွေး တစ်ခုကတော့ " ကုန်းမတိုက်ခြင်း၊ သို့မဟုတ် အချစ်ခွဲစကား မပြောဆိုခြင်း " ဆိုတဲ့ အရည်အသွေးပါပဲ။

ကုန်းတိုက်တယ်ဆိုတာ ချစ်ခြင်းကိုခွဲတာပါ။ " ကုန်းစကား " ဆိုတာ အချစ်ခွဲစကားပါ။ ချစ်သူ၊ ခင်သူ၊ မြတ်နိုးသူအချင်းချင်း အချစ်ပျက်၊ အခင်ပျက်၊ အမြတ်နိုးပျက်အောင် မလိုတမာ ကြားဝင်ပြီး အပို ရှာစကားဆင်တာကို ကုန်းတိုက်တယ်လို့ ခေါ်ပါတယ်။ (ကုန်းတိုက်စကား = ပိသုဏ၀ါစာ = ပိယ + သုည + ၀ါစာ = ချစ်ခြင်းကို + ခွဲသော + စကား။)

တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ပေါင်းသင်းနေရာကနေ ထသတ်အောင် လုပ်လိုက်မှ ကုန်းတိုက်တာ မဟုတ်ပါဘူး။ ကုန်းတိုက်တဲ့ ကိစ္စမှာ ရန်ဖြစ်တာ၊ မဖြစ်တာ၊ ပြဿနာတက်တာ၊ မတက်တာဟာ အဓိက မဟုတ်ပါဘူး။ ရန်ဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ ပြဿနာ တက်တက်၊ မတက်တက် တစ်ယောက်နဲ့ တစ်ယောက် မချစ်ခင်တော့ဘူး၊ မပေါင်းသင်းတော့ဘူးဆိုရင် အဲဒီလိုဖြစ်အောင် လုပ်တဲ့လူဟာ ကုန်းတိုက်တဲ့လူပါပဲ။

ဒီဘက်လူအကြောင်း ဟိုဘက်မှာ မကောင်းပြော၊ ဟိုဘက်လူအကြောင်း ဒီဘက်မှာ မကောင်းပြောနဲ့ နှစ် ဖက်လုံးမှာ ပြေးလွှားလှုပ်ရှားပြီး သွေးခွဲစကားပြောဆိုမှ ကုန်းတိုက်တာ မဟုတ်ပါဘူး။ တစ်ဖက်ဖက် မှာ သွေးခွဲစကားပြောလို့ နှစ်ဖက်လုံး အဆက်အဆံ မရှိတော့ဘူးဆိုရင် ကုန်းတိုက်တာပါပဲ။ သူ့စေတနာကို က နှစ်ဖက်အချစ် ပြယ်စေချင်တာကိုး။

တချို့ မိဘတွေက ကိုယ့်သားသမီးတွေကို ကိုယ်သဘောမတူသူနဲ့ ချစ်သူရည်းစားဖြစ်နေကြပြီ၊ လက်ထပ်ဖို့ ရည်ရွယ်ကြပြီဆိုရင် သားသမီးတွေရဲ့  ချစ်ခြင်းကို မရရတဲ့နည်းနဲ့ ခွဲကြပါတယ်။ တကယ့်ကို မသင့်တော်တဲ့ သူ၊ တကယ့်ကို အကျိုးပျက်စီးစေမယ့်သူမို့ ချစ်ခြင်းကို ခွဲတာဆိုရင်တော့ " မကောင်းမြစ်တာ " ဆိုတဲ့ မိဘ ၀တ္တရားအရ အပြစ်မရှိပေမယ့် ကိုယ့်ရဲ့  အတ္တ၊ မာနလွန်ကဲမှု၊ ဂုဏ်ရှိန်မောက်မာမှုနဲ့ ကိုယ့်ဘက်သူ့ဘက် ရန်ငြိုးဖွဲ့၊ ကလဲ့စားချေမှုတွေကြောင့် သားသမီးတွေရဲ့  ချစ်ခြင်းကို ခွဲပစ်တာဆိုရင်တော့ မိဘတွေအနေနဲ့ ကုန်းတိုက်ခြင်းအမှုကို ကျူးလွန်ရာ ရောက်သွားပါပြီ။

စကားတွေ၊ စာတွေနဲ့ ချစ်ခြင်းခွဲလိုက်တဲ့အတွက် သားသမီးတွေရဲ့  ဘ၀ ပျက်စီးသွားရပြီဆိုရင်တော့ အပါယ် ကျကြောင်း ၀စီဒုစရိုက်အကုသိုလ်အထုပ်ကြီးကို မိဘတွေ ရင်မှာ ပိုက်မိသွားပါပြီ။ " ကောင်းစေချင်လို့ပါ " လို့ စကားလှလှလေးတွေနဲ့ ကာကွယ်မနေပါနဲ့တော့၊ အပိုပါပဲ။

ကိုယ်ကြည်ညိုတဲ့ ဘုန်းကြီးဆီကို တခြားလူ ၀င်ထွက်သွားလာနေတာ မကြိုက်တဲ့အတွက် ဘုန်းကြီးနဲ့ တခြားလူအကြား အထင်အမြင်လွဲမှားပြီး အဆက်အဆံပျက်သွားအောင် ပြောဆိုတာဟာလည်း ကုန်း တိုက်တာပါပဲ။

ဘုန်းကြီးနဲ့ ဒကာကြား၊ ဒကာအချင်းချင်းကြား၊ မဟုတ်မဟတ် လုပ်ဇာတ်ခင်းပြီး ချစ်ခြင်းခွဲတာမျိုး သာသနာကြည်ညိုသူတိုင်း လုံးဝ မပြုလုပ်သင့်ပါဘူး။ အပြင်လောကမှာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ ရာသင်္ချိုင်း ဓားမဆိုင်းဖြစ်နေကြပါစေ၊ သာသနာ့နယ်မြေရောက်ရင်၊ သာသနာ့အလုပ်လုပ်ရင်တော့ အဲဒီ အခိုက်အတန့်မှာ မေတ္တာစိတ်မွေးပြီး ဆက်ဆံသင့်ပါတယ်။ ဒါမှလည်း ကုသိုလ်စိတ်ဖြစ်မှာပါ။

သူတစ်ပါးရဲ့ ချစ်ခြင်းကို ခွဲတဲ့သူဟာ အပါယ်လေးပါး လားရောက်ရတဲ့အပြင် ဖြစ်လေရာ ဘ၀တိုင်းမှာ သူတစ်ပါးရဲ့  အကဲ့ရဲ့  ၊ အစွပ်စွဲ ခံရတတ်ပါတယ်။ သူများလုပ်သမျှ အပြစ်တွေဟာ ကိုယ့်အပေါ်မှာပဲ ကျရောက်တဲ့အတွက် သူ့အပြစ်က ကိုယ့်အပြစ် ဖြစ်တတ်ပါတယ်။

ကိုယ်ချစ်တဲ့သူတွေနဲ့ ဘယ်တော့မှ ဆုံဆည်းခွင့်မရတဲ့အတွက် ချစ်သူကွဲဆင်းရဲ (ပိယေဟိ ၀ိပ္ပယောဂဒုက္ခ) ကို အမြဲခံစားရတတ်ပါတယ်။ လူဆင်းရဲပဲဖြစ်ဖြစ်၊ လူချမ်းသာပဲဖြစ်ဖြစ် ၊ ဖြစ်လေရာဘ၀မှာ ဘယ်တော့မှ စိတ်ချမ်းသာတယ်ရယ်လို့ မရှိဘဲ အမြဲ စိတ်ဆင်းရဲနေရတတ်ပါတယ်။ ကိုယ်ဘယ်လောက် ကောင်းကောင်း၊ လူတိုင်းက ကိုယ့်ကို အလကားနေရင်း မုန်းတီးနေတတ်ပါတယ်။

မြတ်စွာဘုရား လက်ထက်တုန်းက အရှင်ဓာနလို့ ခေါ်တဲ့ ရဟန်းတော်တစ်ပါး ရှိခဲ့ဖူးပါတယ်။ သူရဟန်းပြု တဲ့နေ့ကစပြီး သူ့နောက်ပါးမှာ အမျိုးသမီးတစ်ယောက် ထက်ကြပ်မကွာ လိုက်ပါနေခဲ့ပါတယ်။ သွားလည်း သူ့အပါးက၊ ရပ်လည်း သူ့အပါးက၊ ထိုင်လည်း သူ့အပါးက၊ လျောင်းလည်း (အိပ်လည်း) သူ့အပါးက၊ အဲဒီအမျိုးသမီးဟာ သူ့အပါးက တစ်ဖ၀ါးမကွာ ၊ သူနဲ့ တပူးတွဲတွဲ အမြဲရှိနေခဲ့ပါတယ်။ ဘယ်လောက်ထိ တပူးတွဲတွဲရှိသလဲဆိုရင် အရှင်ဓာန မြို့ ထဲရွာထဲ ဆွမ်းခံကြွရင်တောင် နောက်ပါးက အရိပ်ပမာ လိုက်ပါ လာတဲ့ အထိပါပဲ။ ဆွမ်းလောင်းတဲ့ အမျိုးသမီးတွေက " ဒါက အရှင်ဘုရားအတွက် တစ်ဇွန်း၊ ဒါက အရှင် ဘုရားအမျိုးသမီးအတွက် တစ်ဇွန်း " လို့ ပြက်ရယ်ပြောင်လှောင်ပြီး ဆွမ်းနှစ်ဇွန်း နှစ်ဇွန်း လောင်းလေ့ရှိ ပါတယ်။

မြို့ ထဲရွာထဲသွားရင် မြို့ သူရွာသားတွေရဲ့  ပြက်ရယ်ပြောင်လှောင်ခံရသလို ကိုယ့်ကျောင်းမှာ နေရင်လည်း ရဟန်းငယ်၊ ကိုယ်ရင်တွေရဲ့  ပြက်ရယ်ပြောင်လှောင်ခံရပါတယ်။ ရဟန်းငယ်တွေ၊ ကိုရင်တွေက အရှင် ဓာနကို ၀န်းရံပြီး " အရှင်ဓာနဟာ မိန်းမကြူးတဲ့သူကြီးပါလား (အရှင်ဓာန-မိန်းမကြူး၊ မိန်းမကြူး- အရှင်ဓာန) " လို့ အမြဲစကြနောက်ကြပါတယ်။

" အရှင်ဓာနဟာ မိန်းမကြူးတဲ့သူကြီးပါလား " ဆိုတဲ့ နောက်ပြောင်စကားကို အစွဲပြုလို့ အရှင်ဓာနဆိုတဲ့ မူရင်းနာမည်ပျောက်ပြီး အားလုံးက အရှင်ကုဏ္ဍဓာန လို့ ခေါ်ဝေါ် ကြပါတော့တယ်။ (ကုဏ္ဍောဓာနော= မိန်းမကြူးတဲ့ အရှင်ဓာန)

အရှင်ကုဏ္ဍဓာနရဲ့  နောက်တော်ပါးက တစ်ဖ၀ါးမကွာ လိုက်ပါနေတဲ့ အဲဒီအမျိုးသမီးဟာ တကယ်တော့ လူသားစစ်စစ် တကယ့်အမျိုးသမီး မဟုတ်ပါဘူး။ အတိတ်က မကောင်းမှုအကုသိုလ်ကံ တစ်ခုကြောင့် အလိုအလျောက်ဖြစ်ပေါ်နေတဲ့ အမျိုးသမီးရုပ်တစ်ခုမျှသာ ဖြစ်ပါတယ်။ ၀ဋ်ကြွေးကြောင့်ဖြစ်တဲ့ အမျိုးသမီး အရုပ်ဖြစ်လို့ အမျိုးသမီးဝဋ်ကြွေးရုပ်လို့ပဲ ဆိုရမှာပေါ့။

သူ့အပါးမှာ အမြဲရှိနေတဲ့ အဲဒီအမျိုးသမီး ၀ဋ်ကြွေးရုပ်ကို အရှင်ကုဏ္ဍဓာနက လုံးဝမမြင်တွေ့ရပါဘူး။ တခြားသူတွေကသာ တကယ့်အမျိုးသမီးတစ်ယောက်အနေနဲ့ မြင်တွေ့ကြရတာပါ။ တကယ့်အမျိုးသမီး အစစ်လို့ပဲ ထင်ပြီး စကြ၊ နောက်ကြ၊ ပြောင်လှောင်ကြတာမို့ အရှင်ကုဏ္ဍဓာနမှာ မြို့ ထဲရွာထဲသွားရင်လည်း စိတ်ဆင်းရဲရ၊ ကျောင်းထဲကန်ထဲမှာ နေလည်း စိတ်ဆင်းရဲရနဲ့ အမြဲတမ်း စိတ်ဆင်းရဲနေရရှာပါတယ်။
တစ်ဖက်သား အထင်အမြင်လွဲမှားစရာ အဖြစ်အပျက်တွေနဲ့ လူတကာ၊ ရှင်တကာရဲ့  အမုန်းခံဖြစ်ပြီး အမြဲစိတ်ဆင်းရဲနေရတဲ့ဘ၀ရောက်အောင် တွန်းပို့လိုက်တဲ့ သူ့ရဲ့  အတိတ်ကံကတော့ သူတစ်ပါးရဲ့  ချစ်ခြင်းကို ခွဲခဲ့တဲ့ အကုသိုလ်ကံပါပဲ။

ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက အရှင်ကုဏ္ဍဓာနလောင်းလျာဟာ ဘုမ္မဇိုဝ်းနတ် ဖြစ်ခဲ့ပါတယ်။ ကဿပမြတ်စွာဘုရားရှင်ရဲ့  သာသနာတော်မှာ တစ်ပါးနဲ့ တစ်ပါး သိပ်ချစ်ကြတဲ့ ရဟန်းတော် နှစ်ပါး ရှိပါတယ်။ သွားအတူ၊ လာအတူ၊ စားအတူ၊ နေအတူ၊ တရားအားထုတ်တော့လည်း အတူတူ၊ တစ်ပါးနဲ့တစ်ပါး၊ သိပ်ချစ်ခင်ရင်းနှီးကြပါတယ်။ " တစ်ပါးမခွဲတဲ့ နှစ်ပါးအတွဲ " ရယ်လို့ ထင်ရှားကျေ ရယ်လို့ ထင်ရှားကျော် ကြားလောက်အောင် သိပ်ချစ်ကြပါတယ်။

တစ်ခုသော ဥပုသ်နေ့မှာ ဥပုသ်ပြုဖို့အတွက် ကဿပမြတ်စွာဘုရားရှင်ရှိရာအရပ်ကို နှစ်ပါးအတူ သွားကြပါတယ်။ အရှင်ကုဏ္ဍဓာနလောင်းလျာ ဘုမ္မဇိုဝ်းနတ်လည်း သူတို့နှစ်ပါးရဲ့  မနီးမဝေးကနေ လိုက်ပါလာခဲ့ပါတယ်။

" ဒီ ကိုယ်တော်နှစ်ပါး တစ်ပါးနဲ့ တစ်ပါး သိပ်ချစ်ကြတယ်၊ သူတို့ ရဲ့  ချစ်ခြင်းမေတ္တာက သိပ်ခိုင်မြဲတယ်၊ တကယ်လို့များ တစ်စုံတစ်ယောက်က သူတို့ ရဲ့  ချစ်ခြင်းမေတ္တာကို ခွဲခဲ့ရင် ကွဲသွားကြလေမလား၊ ဘယ်သူ သွေးခွဲခွဲ အချစ်မပျက် မေတ္တာဆက်နိုင်ကြပါ့မလား၊ သူတို့ နှစ်ပါးရဲ့  ချစ်ခြင်းမေတ္တာ ဘယ်လောက် ထိအောင် ခိုင်မြဲသလဲဆိုတာ ငါစမ်းသပ်ကြည့်ဦးမှပဲ "လို့တွေးပြီး ဘုမ္မဇိုဝ်းနတ်ဟာ ရဟန်းတော်နှစ်ပါး စိတ်ဝမ်းကွဲသွားအောင် လုပ်လို့ရမယ့် အခြေအနေ၊ အခွင့်အလမ်းကို ချောင်းမြောင်းရှာကြံပြီး ရဟန်းတော်နှစ်ပါးရဲ့  မနီးမဝေးကနေ လိုက်ပါလာခဲ့ပါတယ်။

ရေမိုးအဆင်ပြေတဲ့ နေရာတစ်နေရာ (စမ်းချောင်းလေးတစ်ခုအနား) အရောက်မှာတော့ ရဟန်းတော် တစ်ပါးက တခြားရဟန်းတော်တစ်ပါးရဲ့ လက်ထဲမှာ သပိတ်၊ သင်္ကန်းအပ်နှံထားပြီး ကိုယ်လက်သုတ်သင်မှု၊ အညစ်အကြေးစွန့်မှု ပြုလုပ်ပါတယ်။ ကိစ္စပြီးလို့ လက်ခြေတွေ ဆေးကြောသန့်စင်ပြီး ချုံဖုတ်တစ်ခုရဲ့ အနီးကနေ ထွက်လာတဲ့ အခါမှာတော့ ရဟန်းတော်ရဲ့ နောက်နားမှာ အမျိုးသမီးတစ်ယောက် ကပ်ပါလာပါ တယ်။ ချစ်ခြင်းကိုခွဲဖို့ အကွက်ချောင်းနေတဲ့ ဘုမ္မဇိုဝ်းနတ်က အမျိုးသမီးအသွင် ဖန်ဆင်းပြီး ရဟန်းတော်ရဲ့  နောက်နားကနေ ဖ၀ါးခြေထပ် ထက်ကြပ်မကွာ လိုက်ပါလာတာပါ။

အမျိုးသမီးက ဖရိုဖရဲ ဖြစ်နေတဲ့ ဆံပင်တွေကို ခါခါပြီး ပြင်ဆင်ထုံးဖွဲ့လို့၊ တွန့်ကြေနေတဲ့ ထဘီကို ရမ်းရမ်းပြီး ပြင်ဝတ်လို့၊ ရမ္မခိုးမွှန်ပြုံးရွှင်နေတဲ့ မျက်နှာပေါ်က ချွေးသီးချွေးပေါက်တွေကို ပွတ်သပ်ချလို့၊ အို … တကယ့်ကို ကာမဂုဏ်ပျော်ပါးပြီး ထလာတဲ့ ပုံစံမျိုးနဲ့ပါပဲ။

ဒီမြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့ အဖော်ရဟန်းတော်က ကာယကံရှင် ရဟန်းတော်ကို အကြီးအကျယ် အထင်လွဲသွားပါတယ်။ ဒီလို မိုက်ရိုင်းယုတ်မာတဲ့သူနဲ့ ငါဘယ်တော့မှ မပတ်သက်တော့ဘူးလို့လည်း ဆုံးဖြတ်လိုက်ပါတယ်။ ကာယကံရှင် ရဟန်းတော်က ဘယ်လိုပဲ ရှင်းပြ၊ ရှင်းပြ လုံးဝ မယုံကြည်တော့ပါဘူး။
" ရော … မင်းရဲ့  သပိတ်နဲ့ သင်္ကန်း၊ မင်းလို ယုတ်မာတဲ့သူနဲ့ တစ်လမ်းတည်း ဘယ်တော့မှ အတူမသွား ဘူး၊ နောက်ကိုလည်း ငါနဲ့ ဘယ်တော့မှ လာမပတ်သက်နဲ့ " လို့ မိတ်ဖြတ်စကားပြောပြီး တခြားတစ်လမ်း ကနေ ခွဲထွက်ကြွသွားပါတယ်။

ဥပုသ်သိမ်ရောက်လို့ ဥပုသ်ပြုချိန်မှာလည်း ရဟန်းယုတ်နဲ့ အတူတူ ဥပုတ်မပြုနိုင်ပါဘူးလို့ ငြင်းခံနေတဲ့ အတွက် ဘုမ္မဇိုဝ်းနတ်က အဖြစ်မှန်ကို ၀င်ရှင်းပြတော့မှ ဥပုသ်ပြုကြပါတော့တယ်။

ဘုမ္မဇိုဝ်းနတ်က ပြန်ရှင်းပြလို့ အဖြစ်မှန်ကို သိကြရပေမယ့် သိပ်ချစ်ခဲ့ကြတဲ့ ရဟန်းတော်နှစ်ပါးက အရင် ကလို တစ်ယောက်နဲ့ တစ်ယောက် အခေါ်အပြော၊ အဆက်အဆံ မရှိကြတော့ပါဘူး။ အရင်လို နေရာ တစ်နေရာတည်းမှာလည်း အတူတူမနေကြတော့ပါဘူး။ တစ်ပါးနဲ့တစ်ပါး မမြင်တွေ့အောင် ရှောင်နေကြ ပါတယ်။ တစ်ပါးနဲ့ တစ်ပါးသူစိမ်း(တစိမ်း)တွေလို ဖြစ်ကုန်ကြပါတယ်။ သေတပန် သက်တစ်ဆုံး ခပ်စိမ်းစိမ်း ပဲ နေလိုက်ကြပါတယ်။ (ဘယ်မှာလဲ … ထာဝရအချစ်၊ ဘယ်မှာလဲ … အစမ်းသပ်ခံမေတ္တာ)

ရဟန်းတော်နှစ်ပါးရဲ့  ချစ်ခြင်းမေတ္တာကို ကွဲပြားအောင်လုပ်ခဲ့မိတဲ့ အဲဒီကုသိုလ်ကံကြောင့် ဘုမ္မဇိုဝ်းနတ်ဟာ ကဿပမြတ်စွာဘုရားရှင်နဲ့ ဂေါတမ မြတ်စွာဘုရားရှင်၊ ဘုရားရှင်နှစ်ဆူတို့ရဲ့  ကြားကာလ တစ်လျှောက်လုံး မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ အပါယ်လေးပါးမှာ ကျင်လည်ခဲ့ရ ပါတယ်။

တစ်ရံတစ်ခါ လူလာဖြစ်ပြန်တော့လည်း သူများပြုသမျှ အပြစ်တွေဟာ သူ့အပေါ်မှာချည်းပဲ ပုံကျခဲ့ပါတယ်။ သူတစ်ပါးရဲ့  အထင်အမြင်လွဲမှားမှု၊ မုန်းတီးမှုတွေကိုလဲ တနင့်တပိုး ခံစားခဲ့ရပါတယ်။ ချစ်သူခင်သူ မရှိတဲ့ အပယ်ခံဘ၀နဲ့ သံသရာခရီးကို ခြောက်သွေ့ ကြေကွဲစွာ ကျင်လည် ဖြတ်သန်းခဲ့ ရပါတယ်။

နောက်ဆုံး အရှင်ကုဏ္ဍဓာနဘ၀ ရောက်ပြန်တော့လည်း ရဟန်းဖြစ်တာတောင် အေးအေးဆေးဆေးမနေရ ဘဲ " အမျိုးသမီး ၀ဋ်ကြွေးရုပ် " ရဲ့  နှောက်ယှက်နှိပ်စက်မှု ဒဏ်ကို အလူးအလဲ ခံစားရပါတယ်။ သတိပဋ္ဌာန် တရား (၀ိပဿနာတရား) ပွားများ အားထုတ်လို့ ရဟန္တာဖြစ်တော့မှပဲ အမျိုးသမီးဝဋ်ကြွေးရုပ် အပြီးတိုင် အလို အလျောက် ကွယ်ပျောက်သွားပါတော့တယ်။

ဒီဘက်လူအကြောင်း ဟိုဘက်မှာ မကောင်းပြော၊ ဟိုဘက်လူအကြောင်း ဒီဘက်မှာ မကောင်းပြောမှ ချစ်ခြင်းကိုခွဲတာ (ကုန်းတိုက်တာ)မဟုတ်ဘူး၊ တစ်နည်းနည်းနဲ့ ဆက်ဆံရေးပျက်ပြားသွားအောင် လုပ်ရင် ချစ်ခြင်းကိုခွဲတာပဲ (ကုန်းတိုက်တာပဲ) ဆိုတာ ဒီအဖြစ်အပျက်က သက်သေပြနေပါတယ်။

ပါးစပ်နဲ့ ကုန်းတိုက်စကားပြောဆိုမှ ချစ်ခြင်းကိုခွဲရာ ရောက်တာမဟုတ်ဘူး။ တစ်ယောက်အပေါ် တစ်ယောက် အထင်အမြင်လွဲမှားသွားစေနိုင်တဲ့ အပြုအမူမျိုး၊ ဖြစ်ရပ်မျိုးကို ကိုယ်နဲ့ ဖန်တီးပြုလုပ်ရင်လည်း ချစ်ခြင်းကို ခွဲရာရောက်တယ်၊ ပိသုဏ၀ါစာ ဒုစရိုက်အကုသိုလ် ဖြစ်တယ်ဆိုတာလည်း ဒီအဖြစ်အပျက် ကနေ ကောက်ချက်ချနိုင်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် တကယ်မေတ္တာပျက်စေချင်တဲ့ စိတ်နဲ့မဟုတ်ဘဲ မေတ္တာခိုင်မြဲမှု ရှိ မရှိ စိမ်းသပ်ကြည့်ချင်တဲ့စိတ်နဲ့ လုပ်လိုက်မိတဲ့ အကုသိုလ်ကံတောင်မှ ဒီလောက် အပြစ်ကြီးသေးတယ်ဆိုရင် …
တစ်ယောက်ယောက်အပေါ်၊ ဒါမှမဟုတ် နှစ်ယောက်လုံးအပေါ်၊ ဒါမှမဟုတ် တစ်စုတစ်ဖွဲ့လုံးအပေါ် မနာလို မုန်းတီးပြီး တကယ်မေတ္တာပျက်စေလိုတဲ့စိတ်၊ တကယ်ဆက်ဆံရေး ပျက်စေလိုတဲ့စိတ်နဲ့ တမင်လုပ်တဲ့ ချစ်ခြင်းခွဲ အကုသိုလ်ကံဆိုရင်တော့ ဘယ်လောက်တောင် အပြစ်ကြီးမယ်ဆိုတာ မတွေးဝံ့စရာပါပဲ။ ထိတ် လန့်တုန်လှုပ်ဖွယ်ကောင်းလောက်အောင် ကြောက်မက်ဖွယ် ဆိုးကျိုးဆင်းရဲတွေကို ခါးစီး ခံစားရမှာ သေ ချာပါတယ်။

တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြ၊ ခင်ကြ၊ ကြင်နာကြတယ်ဆိုတာ စိတ်ထားတတ်သူတွေ အတွက် ၀မ်းမြောက်ဖွယ် မြင်ကွင်းပါ။ ကြည်နူးဖွယ်ရှုခင်းပါ။ ချစ်သူ၊ ခင်သူ၊ ကြင်နာသူတွေကြောင့် လည်း လောကကြီးက လှပနေတာပါ။ မလိုတမာ အမုန်းထားပြီး အပိုရှာ ကုန်းစကားတွေနဲ့ သူတစ်ပါးရဲ့ ချစ်ခြင်းကို ခွဲတဲ့သူဟာ လောကကြီးရဲ့  အလှအပကို ဖျက်ဆီးနေတဲ့ သူပါပဲ။ လောကကြီးကို အရုပ်ဆိုး အကျည်းတန်အောင် ဆေးမည်းသုတ်နေတဲ့သူပါပဲ။

လောကကြီးကို အလှဖျက်ရင် ကိုယ့်ဘ၀ အလှပျက်တတ်ပါတယ်။ လောကကြီးကို အရုပ်ဆိုး အကျည်း တန်အောင် လုပ်ရင် ကိုယ့်ဘ၀ အရုပ်ဆိုး အကျည်းတန်တတ်ပါတယ်။

မုဒိတာ တရား နှလုံးသားမှာ ခိုင်မြဲအောင် မွေးမြူနိုင်ခြင်း၊ မနာလိုမှု ၊ မုန်းတီးမှုတွေကို သတိပဋ္ဌာန် နည်းကျ ၀ိပဿနာ ရှုပွား ပယ်သတ်နိုင်ခြင်းတို့ကြောင့် သူတစ်ပါးရဲ့  ချစ်ခြင်းကို မခွဲတော့ဘူးဆိုရင်တော့ ကိုယ့်နှလုံးသား လည်း လှပလာ၊ ကိုယ့်ဘ၀လည်း စိုပြေလာတဲ့အတွက် ငြိမ်းအေးသော ဘ၀ပိုင်ရှင်ဖြစ်ပါပြီ။

ရွှေအိမ်စည် စာကြည့်တိုက်


0 comments:

Post a Comment