27 Apr 2014

သင်မသိသေးတဲ့ မြန်မာ့ဂုဏ်ဆောင်ပြီး ကမ္ဘာကလေးစားရတဲ့ ဦးသန့်အကြောင်း



ဦးသန့်- လို့ဆိုလိုက်တာနဲ့ အလယ်တန်း ကမ္ဘာ့သမိုင်းဖတ်စာထဲက သင်ခန်းစာလေးတစ်ခုကို အမှတ်ရမိပါတယ်။ အဲ့ဒီအချိန်လောက်ကစပြီး ကမ္ဘာ့ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီးနဲ့ ကျွန်တော်တို့ စတင်မိတ်ဆက်ခွင့်ရခဲ့ကြပြီး ဒီလိုအဖွဲ့အစည်းကြီးရဲ့ အမြင့်ဆုံးနေရာကနေ တာဝန်တွေကိုထမ်းဆောင်ခဲ့လို့ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် ဂုဏ်ပြုစံတင်ထားရလောက်တဲ့ “ဦးသန့်” ဆိုတဲ့အမည်နဲ့ ကျွမ်းဝင်ခဲ့ကြဖူးပါတယ်။ ဦးသန့်ရဲ့အကြောင်းကို သေသေချာချာ သိတဲ့သူတွေထဲမှာ လူငယ်ပိုင်းက အတော်ကို နည်းပါတယ်။ဒါကြောင့်...ဦးသန့်ရဲ့လေးစားအတုယူစရာ ကောင်းလောက်တဲ့ လုပ်ဆောင်ချက်တွေ၊ ဖြောင့်မတ်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်ချင်းတွေ အပါဝင် အတ္ထုပ္ပတ္တိ အကျဉ်းကိုပါ ဖော်ပြလိုက်ပါတယ်။

ငယ်စဉ်ဘဝ (Biography)

ဦးသန့်ကို ဖခင်ဦးဖိုးနှစ်နဲ့ မိခင်ဒေါ်နန်းသောင်တို့က ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့မှာ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာမွေးဖွားခဲ့သည်။ ပန်းတနော်ဇာတိဖြစ်တဲ့အတွက် နောင်အခါမှာ ဦးသန့်ကို “ပန်းတနော်ဦးသန့်” လို့ခေါ်ခဲ့ကြသည်။ ဦးသန့်မိဘတွေသည်မြေပိုင်ရှင်၊ ဆန်ကုန်သည်တွေဖြစ်ကြပြီး၊ ဖခင်ဦးဖိုးနှစ်သည် ရန်ကုန်မြို့မှာ သူရိယသတင်းစာကို ထူထောင်ခဲ့သည်။ မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်ရာမှာလည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့သည်။ ဖခင်ကွယ်လွန်စဉ်တုန်းက ဦးသန့်သည် အသက်၁၄နှစ်သား သာရှိသေးသည်။ အမွေဆက်ခံမှု အရှုပ်အရှင်းတွေကြောင့် မိခင်ဒေါ်နန်းသောင်နဲ့ ကလေး၎ယောက်မှာ စီးပွားရေး အကြပ်အတည်း ပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရသည်။
ဦးသန့်သည် ငယ်စဉ်က ပန်းတနော်အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို ဆက်၍သင်ယူခဲ့သည်။ ယင်းနောက် ပန်းတနော် အမျိုးသားကျောင်းမှာ ကျောင်းဆရာ စလုပ်ခဲ့ပြီး၊ အသက်၂၅နှစ်မှာ အဲ့ဒီကျောင်းရဲ့ ကျောင်းအုပ် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မအူပင်မြို့မှာ နေထိုင်ပြီး ပညာအုပ်ဖြစ်တဲ့ (မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း) ဦးနု နဲ့ ခင်မင်ရင်းနှီးခဲ့သည်။ ဦးသန့်သည် အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ ထုတ်ဝေတဲ့ “ဂန္တလောက” မဂ္ဂဇင်းရဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ၄ ကြိမ်တိုင်တိုင် ပထမဆုရရှိခဲ့သူ ဖြစ်သည်။
ဦးသန့်၏ ပထမဆုံးစာမူမှာ အင်္ဂလိပ်လို ရေးသားထားသည့် စာမူဖြစ်ပြီး အသက် ၁၅နှစ်အရွယ်မှာ ပုံနှိပ်ဖော်ပြခံခဲ့ရသည်။ မြို့ပြပုံပြင်များ၊ နိုင်ငံပေါင်းချုပ် အသင်းကြီး ကျောင်းသုံးစာအုပ်၊ ဗမာသစ်နှင့် ပညာသစ်၊ ပြည်တော်သာခရီး (၃ အုပ်တွဲ) စတဲ့ စာအုပ်တွေကို ရေးသားခဲ့သလို နိုင်ငံရေးဝေဖန်ချက်၊ စာပေ ဝေဖန်ချက်တွေ အပါအဝင် ပညာရေး၊ လူမှုရေးဆိုင်ရာ ဆောင်းပါးတွေကို သီလဝ၊ မောင်သန့်၊ ဦးသန့် စသည့် ကလောင်ခွဲတွေနှင့် ရေးသားခဲ့သည်။ စာပေဝေဖန်ရေး နိုင်ငံရေးဝေဖန်ချက်တွေကို ရေးသားသည့် အခါ သူ့ရဲ့ အယူအဆတွေကို ပွင့်ပွင့် လင်းလင်း ရေးသားခဲ့သလို သူ့ရဲ့အတွေးအခေါ် အယူ အဆ တွေကလည်း ခေတ်မီတာကို တွေ့မြင်ရသည်။

ပြည်သူ့ဝန်ထမ်းဘဝ

လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံမှာ ဦးနုဝန်ကြီးချုပ်ဖြစ်လာတဲ့အခါ ဦးသန့်ကိုရန်ကုန်ကိုခေါ်ပြီး ၁၉၄၈ခုနှစ်မှာ အသံလွှင့်ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ အဲ့ဒီနောက် ၁၉၅၃ ခုနှစ်တွင် မြန်မာနိုင်ငံ သတင်းနဲ့ ပြန်ကြားရေးဌာနအတွင်းဝန် ဖြစ်လာခဲ့သည်။
၁၉၅၁ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ၀န်ကြိးချုပ်၏ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဦးနုအတွက် မိန့်ခွန်းတွေ ရေးသားပေးခြင်း၊ နိုင်ငံခြားခရီးစဉ်တွေ စီစဉ်ပေးခြင်း၊ နိုင်ငံခြား ဧည့်သည်တော်တွေကို လက်ခံတွေ့ဆုံပေးခြင်း- စသည့်ကိစ္စများကို ဆောင်ရွက်ပေးယင်း ဦးနု၏ ယုံကြည်မှုကို ရခဲ့သည်။ နိုင်ငံတကာ conference အများအပြားကိုတက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မှာကျင်းပတဲ့ “ဘက်မလိုက်လှုပ်ရှားမှု” ကို မွေးဖွားပေးခဲ့တဲ့ ပထမအကြိမ် အာရှ-အာဖရိက နိုင်ငံများဆိုင်ရာ ညီလာခံမှာ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။

အမြဲတမ်း ဖြောင့်ဖြောင့်မှန်မှန်လုပ်တတ်ပြီး မှန်တယ်ထင်ရင် အလျှော့မပေးတတ်တဲ့ ဦးသန့်နဲ့ တိုင်းပြည်ခေါင်းဆောင် ဦးနုတို့ မသင့်မမြတ်ဖြစ်လာတာကနေစပြီး ၁၉၅၇ခုနှစ်မှာ ဦးသန့်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်လိုက်ပြီး New York ကိုစေလွှတ်ခဲ့သည်။ ၁၉၅၇ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ ဦးသန့်သည် မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သာမက တစ်ချိန်တည်းမှာပဲ ယာယီ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့ရသည်။ ၁၉၆၀ ခုနှစ်မှာ မြန်မာအစိုးရက ဦးသန့်ကို “ပြည်ထောင်စု စည်သူ သင်္ဂဟ ပြန်တမ်း” အရ “မဟာ-သရေစည်သူဘွဲ့” နဲ့ ဗိုလ်ရာထူးကို ပေးအပ်ခဲ့သည်။



ဦးသန့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို အာရှနိုင်ငံတွေထဲမှာ ပထမဦးဆုံး ရရှိခဲ့တဲ့သူဖြစ်သည်။ ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က စတင်ပြီး အထွေထွေ အတွင်းရေးမှူးချုပ် ဒက်ဂ်ဟမ်းမားရှိုးလ်ဒ် (Dag Hammarskjold) ရဲ့ မကုန်ဆုံးသေးတဲ့ သက်တမ်းကို ဖြည့်ဆည်းဖို့ အထွေထွေ ညီလာခံမှာ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့ ယာယီ-အထွေထွေ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရသည်။ ၁၉၆၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ အထွေထွေညီလာခံကနေ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၆ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ သက်တမ်းအထိ ခန့်အပ်ခြင်း ခံခဲ့ရသည်။ သူ့၏ ပထမသက်တမ်းအတွင်းမှာ ဦးသန့်ဟာ ကျူးဘား ဒုံးပျံပြဿနာ (Cuban Missile Crisis) ကိုဖြေရှင်းရာမှာ ပါဝင်စ့စပ်ပေးပြီး ကွန်ဂိုပြည်တွင်းစစ်ကို ပြီးဆုံးအောင်ကိုင်တွယ်ဖြေရှင်း ပေးနိုင်ခဲ့သည်။ ယင်းအတွက်ကြောင့် ကမ္ဘာက အသိအမှတ်ပြုခြင်းကိုခံခဲ့ရသည်။



၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာ လုံခြုံရေးကောင်စီရဲ့ တညီတညွတ်တည်း ထောက်ခံမှုနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအဖြစ် သူ အငြိမ်စားယူမယ့် ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ခန့်အပ်ခြင်းခံခဲ့ရသည်။ ဒုတိယသက်တမ်းအတွင်းမှာ ဦးသန့်သည် အလုပ်တွေအများကြီးလုပ်ခဲ့သည်။ အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းအတွင်းကို အာရှနဲ့ အာဖရိက နိုင်ငံတော်တော်များများ ဝင်ရောက်နိုင်ရေးကိစ္စ၊ တောင်အာဖရိက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးကိစ္စ၊ ၁၉၆၂ ခုနှစ်မှာ ယီမင်အရေးနဲ့ ၁၉၆၈ ခုနှစ်မှာ ဘာရိန်းအရေး ကိစ္စ၊ ၁၉၆၇ ခုနှစ်မှာ အာရပ်- အစ္စရေးခြောက်ရက်စစ်ပွဲ၊ ပရာ့ဂ်နွေဦးတော်လှန်ရေး (Prague Spring) နဲ့ ချက်ကိုစလို-ဗက်ကီးယားကို ဆိုဗီယက် ကျူးကျော်မှု အရေးအခင်း၊ ဗီယက်နမ်စစ်၊ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လွတ်လပ်ရေးရရှိစေမည့် အိန္ဒိယ - ပါကစ္စတန် စစ်ပွဲ စတာတွေကို အေးငြိမ်းအောင် ဖြေရှင်းပေးနိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ် အမေရိကန် - ဆိုဗီယက် စစ်အေး တိုက်ပွဲမှာတုန်းက သမ္မတနှစ်ဦး အကြား ဦးသန့်က “တတိယ ဘာသာ စကားအသစ်” ကိုအသုံးချ၊ “တွေ့ဆုံ အဖြေရှာရေး”ကို အခြေခံပြီး စေ့စပ် ဆောင်ရွက်ပေးခဲ့သည့် အတွက် ဆိုဗီယက်တို့က ဒုံးကျည်စခန်းတွေကို ရုပ်သိမ်းသွားပြီး အမေရိကန်တွေက ကျူးဘားကို ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့သည်။


ဒီအရေးအခင်း အားလုံးမှာ ငြိမ်းချမ်းရေးကို ထိပါးစေနိုင်သည့် အပြင် စစ်ဖြစ်ကြမယ့် အရိပ် လက္ခဏာတွေဖြစ်ပြီး၊ ဦးသန့်၏ လိမ္မာ ပါးနပ်စွာ ကြားဝင် စေ့စပ် ပေးမှု တို့ကြောင့်သာ စစ်ကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။ အောက်စဖို့ဒ် တက္ကသိုလ်က ၂ဝ-ရာစု၏ အထင်ကရ ပုဂ္ဂိုလ်များ အကြောင်း စုစည်း ထုတ်ဝေထားသည့် Who’s Who in the 20th Century စာအုပ်မှာ ဦးသန့်၏- အကြောင်း ပါဝင်ပြီး၊ နိုင်ငံတကာ အရေး အခင်းတွေကို မတုန်လှုပ်စေဘဲ တည်တည် ငြိမ်ငြိမ် ဖြေရှင်းနိုင်ခဲ့သူ ဖြစ်တယ်လို့ အတ္ထုပ္ပတ္တိ အကျဉ်းရဲ့ အစမှာ ဆိုထားသည်။


ဦးသန့်သည် UFO ယာဉ်ပျံတွေကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဝင်တစားလေ့လာခဲ့သသည်။ ၁၉၆၇ ခုနှစ်မှာ အမေရိကန်လူမျိုး ရူပဗေဒပညာရှင် ဒေါက်တာ James E. McDonald ကို UFO နဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာ စကားပြောနိုင်ဖို့ စီစဉ်ပေးခဲ့သည်။ ၁၉၇၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာတော့ ဦးသန့်က သူဟာ ဘယ်အကြောင်းပြချက်နဲ့မှ တတိယသက်တမ်း အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ဆက်လက်လုပ်ကိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။ လုံခြုံရေးကောင်စီကလည်း ဦးသန့်နေရာမှာ ဆက်ခံမယ့်သူကို သီတင်းပတ်ပေါင်းများစွာ အပူတပြင်း လိုက်ရှာခဲ့သည်။ နောက်ဆုံး ကွတ်ရ်ထ် ဝါးလ်ဒ်ဟိုင်းမ် (Kurt Waldheim) ကို ရွေးချယ်လိုက်သည်။ ဦးသန့်က သူ့နောက်ဆုံး တာဝန်သက်တမ်းမကုန်ဆုံးမီ ၁၀ရက်အလိုမှာပဲ Kurt ကို တာဝန်ဝတ္တရားတွေအားလုံး လွှဲပြောင်းပေးခဲ့သည်။ ဦးသန့်အငြိမ်းစားယူသွားတာနဲ့ ပတ်သက်ပြီး New York Times သတင်းစာရဲ့ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ အယ်ဒီတာ့အာဘော်မှာလည်း The Liberation of U Thant ဆိုတဲ့ခေါင်းစဉ်နဲ့ တခမ်းတနား ဂုဏ်ပြုရေးသားဖော်ပြခဲ့သည်။ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းမှာ ဦးသန့်သည် Palisade နဲ့ Douglas Avenues လမ်းကြား၊ ၂၃၂ လမ်းအနီးမှာရှိတဲ့ ၄.၇၅ ဧကလောက်ကျယ်တဲ့ Riverdale, Bronx ခြံမှာ နေထိုင်ခဲ့သည်။

နောက်ဆုံးနေ့ရက်နှင့် မိသားစု


၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဦးသန့်သည် အဆုတ်ကင်ဆာ ရောဂါနှင့် New York မှာပဲ ကွယ်လွန်ခဲ့သည်။ ဦးသန့်၏ ဆန္ဒအရ သူ့ရဲ့ရုပ်အလောင်းကို ရန်ကုန်သို့ ပြန်ပို့ပေးခဲ့ကြသည်။ ဒီဇင်ဘာလ ၅ ရက်နေ့ ဦးသန့်ရုပ်အလောင်းကို မြေမချခင် အများပြည်သူ နောက်ဆုံးဂါရဝ ပြုနိုင်ဖို့အတွက် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ပြသထားခဲ့သည်။ ဦးသန့် ရုပ်အလောင်းကို ရွှေတိဂုံ စေတီတော် ခြေတော်ရင်း ယခုလက်ရှိ နေရာတွင် မြှုပ်နှံပေးလိုက်သည်။

ဦးသန့်သည် ဒေါ်သိန်းတင်နဲ့ ထိမ်းမြားလက်ထပ်ခဲ့ပြီး သမီးတစ်ဦး (သား- ဖြစ်သူမှာ ဦးသန့် အတွင်းရေးမှုးအမှု့ထမ်းစဉ် သေဆုံးကြောင်း အချို့ မှတ်တမ်းများ ဖော်ပြသည်)၊ မြေး ၄ ဦးနှင့် မြစ် ၃ ဦး ထွန်းကားခဲ့သည်။ ဦးသန့်၏ တစ်ဦးတည်းသော မြေးယောက်ျားဖြစ်တဲ့ ဦးသန်းမြင့်ဟာ သမိုင်းပညာရှင် တစ်ယောက်ဖြစ်ပြီး၊ ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာဌာနမှာ ဝါရင့် ဝန်ထမ်းတစ်းဦးဖြစ်သည်။ The River of Lost Footsteps စာအုပ်ကိုလည်း ဦးသန်းမြင့်က ရေးသား ထုတ်ဝေခဲ့သည်။

အတွေးသစ် အမြင်သစ်

0 comments:

Post a Comment