27 Apr 2014

စံပြုလောက်သော ဆေးဝါးဆိုသည်မှာ

                  
ဒေါက်တာ ဇော်လင်းအောင်

''တစ်ယူဇနာသော အရပ်၌ ဆေးဖက်မဝင်သော သစ်ပင် တစ်စုံတစ်ခုကို မတွေ့မြင်ပါ'' ဟု

သမားတော် ဇီဝက မိန့်ဆိုခဲ့ကြောင်း ဝိနည်းမဟာ ဝါစီဝရက္ခန္ဓကတ်၌ ဖော်ပြထားသည်။ ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့ အရာဝတ္ထုများသည် လူသားတို့၏ ရှင်သန် ဖြစ်တည်မှုပေါ်တွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်း အားဖြင့် သက်ရောက် ပြုပြင်လျက်ရှိကြသည်။ သို့ရာတွင် လှပသော နှင်းဆီပန်းလေး တစ်ပွင့်၌ပင် ဆူးခက်များ ရှိနေသကဲ့သို့ လောက၌ အကောင်း၊ အဆိုး ဆန့်ကျင်ဘက် တရားများသည် သီးခြားစီ နေလေ့ မရှိ။ လူသားတို့၏ အသိပညာ၊ အတွေ့အကြုံတို့ဖြင့် စိစစ်ဝေဖန် အသုံးချတတ်မှသာ အသီးအပွင့်ကောင်းများ ရရှိခံစားနိုင်မည် ဖြစ်သည်။

ဝေဒနာရှင်များ၏ လက်သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာသော ဆေးဝါးများသည် အကောင်း၊ အဆိုး၊ အကျိုး၊ အပြစ် မဝေဖန်၊ မပိုင်းခြားနိုင်ဘဲ သုံးစွဲမိပါက အန္တရာယ်ရှိသော အရာများပင် ဖြစ်သည်။ ခေတ်အ ဆက်ဆက် စံဆေးဝါးများ (Standard Drugs) ကို လေ့လာဖော်ထုတ်ခဲ့သော ဆေးသိပ္ပံပညာရှင်ကြီး များကလည်း ၎င်းဆေးများ၏ ကောင်းသော အချက်များကိုသာ ရည်ညွှန်းဖော်ထုတ်ခဲ့ခြင်း မဟုတ်ဘဲ ဆိုးသော အချက်များကိုလည်း စနစ်တကျ စိစစ် သတိပေး၍ လျှော့ချနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

ဆေးဝါးဆိုသည်မှာ လိုအပ်သောသူ တစ်ဦး၏ ဇီဝကမ္မဖြစ်စဉ် သို့မဟုတ် ရောဂါဖြစ်စဉ်ကို ပြုပြင်ပြောင်းလဲ ပေးနိုင်ရန်၊ စူးစမ်း ဖော်ထုတ်ပေးနိုင်ရန် ကိစ္စတို့တွင်သုံးရန် သို့မဟုတ် သုံးရန်ရည်ရွယ်၍ ထုတ်လုပ်ထား သောအရာ၊ ထုတ်ကုန် တစ်မျိုးဟု ပညာရှင်တို့က ဖွင့်ဆိုထားသည်။

သို့ဆိုလျှင် လိုအပ်သော ဝေဒနာရှင် လူနာများအတွက် ဆေးပညာရှင်များ အားထားရလောက်သော စံဆေးဝါးများ (Standard Drugs) ကို မည်သို့မည်ပုံ ရရှိနိုင်ပါသနည်း။ သစ်ပင်များမှ (Cardiac Glycoside) ၊ တိရစ္ဆာန် တစ်ရှူးများမှ (Heparin) ၊ ပိုးမွှားသက်ရှိများမှ (Penicillin G) ၊ လူသားဆဲလ်များမှ (Urokinase) ၊ မျိုးရိုးဗီဇ တီထွင်ဆန်းသစ်မှုများ (Gene Technology) မှ (Human Insulin) စသော စံဆေးဝါးများကို ထုတ်လုပ်နိုင်သည် ဆိုသော်လည်း ၎င်းတို့ကို အန္တရာယ်ကင်းစွာဖြင့် ဆရာဝန်များ အသုံးပြုနိုင်သော စံအခြေ အနေ (Standard Drugs) သို့ရောက်ရန် ဆောင်ရွက်ရသော လုပ်ငန်းများမှာ စင်စစ်အားဖြင့် မလွယ်ကူ လှပေ။ ရှေးဦးစွာ ရောဂါ တစ်စုံတစ်ရာ၏ မူလဇာစ်မြစ် (Damage protein) ကို ပြုပြင်သက်ရောက်နိုင်သော အကြို ဆေးဝါးသစ် ဒြပ်ပေါင်းများ (Candidate Molecule (or) Compound) ကို ရှာဖွေ စိစစ်ပြီးသည်နှင့် ၎င်းတို့အား လက်တွေ့မကုသမီ အကြို စမ်းသပ်စစ်ဆေးခြင်း (Preclinical Testing) ပြုလုပ်ရသည်။ ၎င်းစစ်ဆေးခြင်းမှ အကြိုဆေးသစ်များ၏ ကိုယ်တွင်း ဇီဝသက်ရောက်မှု အချက်အလက်များကို ဖော်ထုတ် နိုင်သည်။ 
 
၎င်းတွင် အသေးစိတ်အားဖြင့် ကနဦး စစ်ဆေးမှုအဖြစ် ဇီဝဓာတုနှင့် ဆေးဝါးဗေဒဆိုင်ရာ လေ့လာ ခြင်းများ (Biochemistry and Pharmacology Essays) ၊ တိရစ္ဆာန် အသားစ၊ ကိုယ်တွင်း အစိတ်အပိုင်းနှင့် ဇီဝစနစ်များပေါ် စမ်းသပ်မှုများ (In vitro Tests) ၊ စမ်းသပ် တိရစ္ဆာန်အရှင်များပေါ်၌ စမ်းသပ်မှုများ (In vivo Tests) မှတစ်ဆင့် အကြို ဆေးအသစ်များ၏ အာနိသင် (Effects) ၊ ဆေးအချိန်အဆ (Dosage) နှင့် အဆိပ်သင့်မှု (Toxicity) ၊ အခြားဆေးများနှင့် အပြန်အလှန် သက်ရောက်မှု (Drugs Interaction) စသည် တို့ကို လေ့လာ ဖော်ထုတ်နိုင်သည်။ ထို့နောက် အရေးကြီးသော စမ်းသပ်ချက်များ ဖြစ်သည့်

(၁) ကာလ တို/ ရှည် အဆိပ်သင့်မှု (Acute/Chronic Toxicity Tests) ၊

(၂) မျိုးရိုးဗီဇ အဆိပ်သင့်မှု (Genotoxicity, Mutagenicity) ၊

(၃) ကင်ဆာ အဆိပ်သင့်မှု (Onco - or Carcinogenicity) ၊

(၄) မွေးရာပါ အဆိပ်သင့်မှု (Teratogenicity) စသော စမ်းသပ်ချက်များကို စနစ်တကျ လုပ်ဆောင်ရသည်။ အထက်ပါ အဆင့်များ ပြီးစီးချိန်တွင် အလွန်များပြားသော အကြို စမ်းသပ်ဆေးဝါးများ အနက်မှ အလွန် နည်းပါးသော ဆေးသစ်တချို့သာ လူသားများတွင် ဆက်လက်စမ်းသပ်ရန် (Potential Drug Compound) အဖြစ် သတ်မှတ်ပြီး ဖြစ်တော့သည်။

ထပ်ဆင့်၍ လက်တွေ့ကုသရန် ဆေးပေး စမ်းသပ်ချက်များ (Clinical Trials) ကို ဆောင်ရွက်ရာတွင် အဆင့်(၁) (Phase I) ၌ ရောဂါကင်းသောလူများ (Healthy Personal) တွင် စမ်းသပ်ခြင်း၊

အဆင့်(၂) (Phase II) ၌ ရွေးချယ်ထားသော သက်ဆိုင်ရာရောဂါ ဝေဒနာရှင်များပေါ်တွင် ဆေးအသစ် (Potential Drug) ၏ သက်ရောက်မှု၊ ကောင်းကျိုးနှင့်ဆိုးကျိုး နှိုင်းယှဉ်လျှင် ဆိုးကျိုး (Adverse Effect) သည် လက်ခံနိုင်လောက်သော အတိုင်းအတာထိ နည်းပါးမှု ရှိ၊ မရှိ စမ်းသပ်ခြင်း၊

အဆင့်(၃) (Phase III) ၌ ပိုမိုများပြားသော လူနာအုပ်စုများ ဖွဲ့စည်း၍ ဆေးအသစ်ကို ရှိနှင့်ပြီးသား ပြဋ္ဌာန်း ဆေးဝါးများနှင့် နှိုင်းယှဉ်ကုသ စမ်းသပ်ခြင်း စသော လုပ်ငန်းများကို ကျင့်ဝတ်ဆိုင်ရာ အာဏာပိုင် အဖွဲ့အ စည်းများ (Ethical Committee) ၏ စည်းမျဉ်းများ၊ သဘောတူညီချက်များ အတိုင်း လိုက်နာ ဆောင်ရွက် ရသည်။ ထိုအခြေအနေတွင် ခန့်မှန်း တစ်သောင်းကျော်သော စမ်းသပ်ဆေးများ အနက်မှ အဆုံးစွန်အထိ စမ်းသပ် စစ်ဆေးမှု ခံနိုင်သော ဒေါင်ဒေါင်မြည် ဆေးအသစ် တစ်ခုလောက်သာ အတည်ပြု ပေါ်ထွက် လာနိုင်တော့သည်။ ဆေးအသစ်ကို အတည်ပြုရာတွင် (Approval of New Drug) ကျန်းမာရေး အာဏာပိုင် အဖွဲ့အစည်းများ၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဌာန (FDA) ၊ ဆေးဝါးနှင့် အဆိပ်သုတေသနဌာန များစသည်တို့မှ ပညာရှင်များက ကြီးကြပ်ကွပ်ကဲ၍ ဆောင်ရွက်ကြသည်။ အတည်ပြုပြီးနောက်

အဆင့်(၄) (Phase IV) စမ်းသပ်ချက်အရ ဈေးကွက်အတွင်းရှိ ကုမ္ပဏီ အမည်တပ် (Tradename) ထိုဆေး အသစ်ကို ထိန်းညှိ စောင့်ကြည့် အကဲခတ်ခြင်း (Regulatory Servillence) ၊ ဆက်လက် လုပ်ဆောင်ရပြီး လိုအပ်ပါက ဈေးကွက်မှ ချက်ချင်း ရုပ်သိမ်းခြင်း (Withdrawal) လုပ်နိုင်ရန် စီစဉ်ထားရသည်။ ဤသို့ဖြင့် ဆေးဝါး အသစ်တစ်ခု၏ ကုသမှုဆိုင်ရာ တန်ဖိုး (Therapeutic Value) ကို ၎င်း၏ ကောင်းကျိုး၊ ဆိုးကျိုး အချိုးအဆ၊ ရေရှည် အတွေ့အကြုံပေါ် မူတည်၍ သတ်မှတ်နိုင်မည် ဖြစ်သည်။

သို့ဆိုလျှင် ဤကဲ့သို့ ပညာရှင်ပေါင်းများစွာ ခက်ခက်ခဲခဲ ရှာဖွေ ဖော်ထုတ်ထားရပြီး အချိန်၊ ငွေကြေး အရင်းအနှီးများစွာ မြှုပ်နှံထားရသော စံဆေးဝါးများ (Standard Drugs) သည် နားမလည်၊ မတတ် ကျွမ်းသော သူတို့၏ လက်တွင်မူ ပျက်စီးဆုံးရှုံးမှု ဘေးအန္တရာယ်များ ရှိနေသော်လည်း ရောဂါအကြောင်း၊ ဆေးဝါးများ အကြောင်းကို နှစ်နှင့်ချီ၍ လေ့လာ တတ်ကျွမ်းအောင် သင်ယူအားထုတ်ခဲ့ကြသော ဆေး ပညာရှင် ဆရာဝန်/ ပါရဂူများ၏ လက်တွင်မူ တန်ဖိုး မဖြတ်နိုင်သော ကုသရေးလက်နက်များ ဖြစ်သော ကြောင့်ဝေဒနာရှင် လူနာများအား ဆေးအတွက် ဘေးမဖက်စေဘဲ သတိချပ်ကြရန် ရေးသားတင်ပြ လိုက်ရပါသည်။ ။
 
MyawadyNews


0 comments:

Post a Comment