6 May 2014

စစ်မှန်သော မျိုး ချစ် စိတ် သည် သာ ပြည်ထောင်စု နိုင်ငံတော် ကို တည်တံ့ ခိုင်မြဲ စေမည်ဖြစ်


ပြည်ထောင်စု မြန်မာ နိုင်ငံတော်သည် တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၁ဝဝကျော်ဖြင့် ဖွဲ့စည်း တည်ထောင်ထားသည့် ပြည်ထောင်စု နိုင်ငံတော် ဖြစ်ကြောင်း၊ ပြည်ထောင်စု နိုင်ငံများ၏ အသက် ဝိညာဉ်သည် ပြည်ထောင်စု မပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးပင် ဖြစ်ကြောင်း၊ မိမိတို့ တိုင်းရင်းသား ညီအစ်ကို သွေးချင်းအားလုံးသည် ဘိုးဘွားတိုင်းရင်းသား ခေါင်းဆောင်ကြီးများက ပေါင်းစည်း အမွေ ပေးအပ်ခဲ့သည့် ပြည်ထောင်စု နိုင်ငံတော်ကြီး ကမ္ဘာ တည်သရွေ့ တည်တံ့ ခိုင်မြဲရန် ကာကွယ် စောင့်ရှောက် သွားရမည် ဖြစ်ကြောင်း။

ထိုကဲ့သို့ ကာကွယ် စောင့်ရှောက်ရာတွင် ''စစ်မှန်သော မျိုးချစ်စိတ်''သည်သာ ပြည်ထောင်စု နိုင်ငံတော်ကို တည်တံ့ ခိုင်မြဲစေမည် ဖြစ်ကြောင်း၊ ''စစ်မှန်သော မျိုးချစ်စိတ်'' ဆိုသည်မှာ ''ပြည်ထောင်စု၏ မည်သည့် နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ၊ ခိုင်မြဲသည့် ပြည်ထောင်စု စိတ်ဓာတ် ထားရှိ မွေးမြူ သွားကြရန် အလွန် အရေးကြီးသည်၊ ပြည်ထောင်စု စိတ်ဓာတ် သည်သာလျှင် တိုင်းရင်းသား အားလုံး ထာဝစဉ် ထိန်းသိမ်း စောင့်ရှောက် သွားရမည့် စစ်မှန်သော မျိုးချစ်စိတ် ဖြစ်သည်'' ဟု ဖွင့်ဆိုထားပါကြောင်း၊ ဒါကြောင့် မိမိတို့အားလုံး စစ်မှန်သော မျိုးချစ်စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် နိုင်ငံတော်နှင့် တပ်မတော် အကျိုးကို ဆက်လက် ဆောင်ရွက် သွားကြရန် လိုကြောင်း၊

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ ပြုလုပ်သော နယ်ခြားစောင့် တပ် များ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့ဝင်များအား ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိ ခန့်အပ်ခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါ ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိ ခန့်အပ်ခြင်း အခမ်းအနားသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိ အဖြစ် ခန့်အပ်ခြင်းခံရမည့် နယ်ခြား စောင့်တပ်များ၏ ဗဟို အကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် စစ်ရာထူး ခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းမြင့်က နယ်ခြားစောင့် တပ်များ၏ ဗဟို အကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့ဝင် များအား ဂုဏ်ထူး ဆောင် ပြန်တမ်းဝင် အရာရှိ ခန့်အပ်သည့် အမိန့်များအား ဖတ်ကြား တင်ပြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့က နယ်ခြားစောင့်တပ်များ၏ဗဟို အကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့ဝင် များဖြစ်သော ဦးဝေဆန်း၊ ဦးထွန်းကျော်နှင့် ဦးစောထွန်း လှိုင်တို့အား ဂုဏ်ထူးဆောင်အဆင့်တံဆိပ် များ တပ်ဆင်ပေးကြပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ခန့်အပ်လွှာများ ပေးအပ်သည်။

ဆက်လက်၍ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် တို့က ဦးစောချစ်သူ အားလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းတို့က ဦးကိုကိုဝင်း၊ ဦးစောကျော်ထူး၊ ဦးစောကြာအင်း၊ ဦးစောကျော်မြင့်နှင့် ဦးစော ဒေါဒေါ တို့အားလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း နှင့် ဗိုလ်ချုပ် မြထွန်းဦးတို့က ဦးစောအောင်ချစ်၊ ဦးစောကြည်လင်း၊ ဦးမန်း ကြာအေး၊ ဦးမန်းစောရွှေ၊ ဦးစောထက်ဝင်း နှင့် ဦးစောထွန်းအောင် တို့အား လည်းကောင်း ဂုဏ်ထူးဆောင် အဆင့် တံဆိပ်များ တပ်ဆင် ပေးကြပြီး ခန့်အပ်လွှာများ ပေးအပ်သည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြု အမှာစကား ပြောကြားရာတွင်-

နိုင်ငံတော်နှင့် တပ်မတော် အပေါ်တွင် သစ္စာရှိရှိနှင့် ရိုးသား ဖြူစင်စွာ တာဝန် ထမ်းဆောင်ခဲ့ကြသော နယ်ခြားစောင့် တပ်များ၏ ဗဟို အကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့ဝင်များကို ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိများ အဖြစ် ထိုက်ထိုက် တန်တန် ချီးမြှင့် ခန့်အပ်သည့်နေ့ ဖြစ်သဖြင့် မင်္ဂလာရှိသော နေ့ရက်ဖြစ်ကြောင်း။

မိမိတို့ နိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၊ ပြည်ပကျူးကျော်မှု နှိမ်နင်းရေး သမိုင်း၊ ပြည်ထောင်စု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မှု သမိုင်း၊ ဒီမိုကရေစီ နိုင်ငံတော် ဖော်ဆောင်ရေး သမိုင်းများတွင် တပ်မတော်က တိုင်းရင်းသား ပြည်သူများ နှင့်အတူ လက်တွဲ ညီစွာဆောင် ရွက်ခဲ့ ပါကြောင်း၊ မြန်မာ့သမိုင်းကို ကြည့်လျှင် ခေတ်အဆက်ဆက် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှာန်းဖြင့် ခမ်းနားထည်ဝါစွာ နေထိုင်လာခဲ့သည့် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော နိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ ၎င်းခေတ် အဆက်ဆက်က မြန်မာ့ တပ်မတော်များ သည်လည်း တိုင်းရင်းသား ပေါင်းစုံဖြင့် ပါဝင် ဖွဲ့စည်းထားပြီး ပြည်ပ ကျူးကျော်မှု များကို တွန်းလှန် တိုက်ခိုက်ခဲ့သည့် အစဉ်အလာများ ရှိခဲ့ပါကြောင်း၊ ကုန်းဘောင် ခေတ်နှောင်းတွင် အနောက်နိုင်ငံများ၏ လုပ်ကြံခြေထိုးမှု များကြောင့် ပြည်တွင်းတွင် စည်းလုံး ညီညွတ်မှု ပြိုကွဲပြီး တိုင်းပြည်၏ ကာကွယ်ရေး စွမ်းပကားများ ယုတ်လျော့ လာသည့်အပြင် ခေတ်မီသည့် တပ်မတော် တစ်ရပ်မရှိခဲ့ သည့် အတွက် လက်နက် အင်အား ခေတ်မီ သာလွန်သော နယ်ချဲ့ ဗြိတိသျှများ၏ လက်အောက်ကို ကျရောက်ပြီး လွတ်လပ်ရေး ဆုံးရှုံးခဲ့ရ ပါကြောင်း။

သီပေါမင်း ပါတော်မူသည်နှင့် တစ်ပြိုင်နက် သူ့ကျွန်မခံ လိုသည့် မြန်မာ တိုင်းရင်းသားများသည် ရရာလက်နက်ကို ဆွဲကိုင်ပြီး နယ်ချဲ့များ၏ စိုးမိုးမှုကို တွန်းလှန်ခဲ့ကြ ကြောင်း၊ နယ်ချဲ့ ဗြိတိသျှများကို ဆန့်ကျင် တိုက်ခိုက်ရာတွင် ဘုန်းကြီး၊ ရဟန်း၊ မင်းညီမင်းသား၊ မင်းမှုထမ်း၊ သာမန် အရပ်သား စသည့် အလွှာမျိုးစုံနှင့် တိုင်းရင်းသား လူမျိုး ပေါင်းစုံ ပါဝင်ခဲ့ကြောင်း၊ မြန်မာ တိုင်းရင်းသားများ၏ နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုသည် ကြီးမား ပြင်းထန်သည့်အတွက် ဗြိတိသျှများမှာ မြန်မာ နိုင်ငံကို သိမ်းပိုက် စဉ်က အသုံးပြုခဲ့သော အင်အားထက် ပိုမိုများပြားသည့် စစ်အင်အားကို အသုံးပြုပြီး ၁ဝနှစ်ကျော် ကာလကြာ အောင် နှိမ်နင်းခဲ့ရကြောင်း။

လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကိုကြည့်လျှင် သူ့ကျွန်ဘဝမှ လွတ်မြောက်ရန် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဂိုဏ်းဂဏ အသီးသီးက ပုံသဏ္ဌာန် အမျိုးမျိုး၊ နည်းလမ်း အသွယ်သွယ်နှင့် ကြိုးပမ်း ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်သည့်အတွက် သခင် အောင်ဆန်း ဦးဆောင်သည့် မြန်မာ့မျိုးချစ် လူငယ်ရဲဘော် သုံးကျိပ်သည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ရက်နေ့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ဘီအိုင်အေဟု ခေါ်သည့် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်း ခဲ့ကြောင်း၊

ဆက်လက်ပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သည့် ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ)၊ ဗမာ့တပ်မတော် (ဘီအင်န်အေ) ဆိုပြီး တပ်မတော်ကို အဆင့်ဆင့် ပြောင်းလဲ ဖွဲ့စည်း ခဲ့ကြောင်း၊ ထိုကဲ့သို့ စတင်ဖွဲ့စည်းစဉ် ကပင် ပင်ပန်းဆင်းရဲမှု ဒဏ်များစွာကို ကြံ့ကြံ့ခံ ဆောင်ရွက်ခဲ့သည့် တပ်မတော်သည် ကိုလိုနီ နယ်ချဲ့များနှင့် ဖက်ဆစ် ဂျပန်များ၏ နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများကို တွန်းလှန်ခဲ့ပြီး တိုင်းရင်းသား ပြည်သူလူထု၏ အပြည့်အဝ အားပေး ထောက်ခံမှု၊ ပူးပေါင်း ဆောင်ရွက်မှုများနှင့် နိုင်ငံတော်၏ လွတ်လပ်ရေးကို ပြန်လည် ရယူ နိုင်ခဲ့ကြောင်း။

လွတ်လပ်ပြီးစ မြန်မာနိုင်ငံသည် ကိုလိုနီစနစ်၏ သွေးခွဲအုပ်ချုပ်ခဲ့မှု ဆိုးမွေကြောင့် တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲမှု မှနေ ပေါ်ပေါက်လာသည့် သဘောထား ကွဲလွဲမှုများ၊ အယူဝါဒ ကွဲပြားမှုများ၊ တိုင်းရင်းသားရေးရာ အမြင် လွဲမှားမှုများ၊ ပြည်ပ လှုံ့ဆော် မှုများကြောင့် အချင်းချင်း လက်နက်စွဲကိုင် တိုက်ခိုက်သည် အထိ လက်နက်ကိုင် ပဋိပက္ခ များကို ဆိုးရွား ခါးသီးစွာ ရင်ဆိုင် ခဲ့ရကြောင်း၊ နိုင်ငံရေး ပဋိပက္ခမှသည် လူမျိုးရေး ပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခ၊ ဂိုဏ်းဂဏ ဆိုင်ရာပဋိ ပက္ခ များစွာ ဖြစ်ပေါ် လာခဲ့ကြောင်း၊ ပြည်ပနိုင်ငံများ၏ စွက်ဖက်မှုများသည် လွတ်လပ်ပြီး မြန်မာနိုင်ငံအတွက် ''ဘူးလေးရာ၊ ဖရုံဆင့်'' ဖြစ်ခဲ့ ရကြောင်း၊ နိုင်ငံတော်တွင် ထိုကဲ့သို့ ပြည်တွင်း သောင်းကျန်းမှုများ၊ ပဋိပက္ခများနှင့် ရင်ဆိုင်ရတဲ့ အချိန်တွင်လည်း တိုင်းရင်းသား လူမျိုး ပေါင်းစုံဖြင့် ဖွဲ့စည်း ထူထောင်ထားသည့် တပ်မတော် သည် မည်သည့်ဘက်ကိုမျှ ယိမ်းယိုင် လိုက်ပါမှုမရှိဘဲ နိုင်ငံတော်၏ မျက်နှာ တစ်ခုတည်းကိုသာ ကြည့်ပြီး ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည် ပေးခဲ့ကြောင်း၊ နိုင်ငံရေး မငြိမ်မသက်မှုနှင့် ပြည်တွင်း ပဋိပက္ခများကြောင့် အခြေအနေ ယိမ်းယိုင်မှုကို အခွင့်ကောင်းယူပြီး အချိန်ကိုက် ဆောင်ရွက်လာသည့် ပြည်ပ ကျူးကျော်မှု များကိုလည်း အသက်ခန္ဓာ စွန့်လွှတ် ပေးဆပ်မှု များစွာဖြင့် ရွပ်ရွပ်ချွံချွံ တွန်းလှန် ကာကွယ် နိုင်ခဲ့ကြောင်း။

တိုင်းရင်းသား မျိုးနွယ်စုများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ထောင်စု နိုင်ငံသည် ခေတ်ကာလ အဆက်ဆက်တွင်လည်း ပြည်ထောင်စု ပြိုကွဲမည့် အန္တရာယ် နှင့် အချုပ်အခြာ အာဏာ ထိပါးဆုံးရှုံးမည့် အခြေအနေ များစွာနှင့် ရင်ဆိုင်ခဲ့ ရကြောင်း၊ ဒီလို အခြေအနေများနှင့် တွေ့ကြုံ ရင်ဆိုင်ရသည့် အချိန်တိုင်း တွင်လည်း နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်ကို ယိမ်းယိုင်ပြိုလဲခြင်း မရှိအောင် တပ်မတော်ကပင် ဦးစီး ဦးဆောင်ပြုပြီး ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခဲ့သည်မှာ အများနှင့် မတူ နိုင်သည့် မိမိတို့ နိုင်ငံ၏ ထူးခြားမှု သမိုင်းပင် ဖြစ်ကြောင်း။

နိုင်ငံတော်၏ သမိုင်းနှင့် ယှဉ်ပြီး တပ်မတော်ဖြတ်သန်း ခဲ့ရသည့် သမိုင်းကို ပြန်လည် ပြောဆို နေခြင်းသည် တပ်မတော်၏ ဂုဏ်ပုဒ်များကို ဖော်ထုတ်နေခြင်း မဟုတ်ဘဲ တပ်မတော်၏ ရပ်တည် လုပ်ဆောင်ချက်များကို မှန်ကန်စွာ သုံးသပ်နိုင်ရန် ဖြစ်ကြောင်း။

၁၉၈၈ခုနှစ်တွင် တစ်ပါတီစနစ်မှ ပါတီစုံ ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲလိုသည့် ပြည်သူများ၏ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုများမှသည် ဆူပူ ဆန္ဒပြမှုများ၊ အကြမ်းဖက် မှုများမှ ခေါင်းဖြတ် လူသတ်သည့် အခြေအနေ ရှိသည့် မင်းမဲ့စရိုက်များ ဖြစ်ပေါ်လာခြင်း၊ တရားစီရင်ရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာများသည် အစိုးရ ထံတွင် မရှိတော့ဘဲ ဆူပူ အကြမ်းဖက်သူများ လက်ထဲသို့ ရောက်ရှိနေခြင်း၊

ပြည်ပနိုင်ငံ အချို့မှ စစ်ရေးအရ ဝင်ရောက်စွက်ဖက် ကျူးကျော်လာမည့် အနေအထားသို့ ရောက်ရှိလာခြင်း တို့ကြောင့် တပ်မတော်က နိုင်ငံတော် တာဝန်ကို ထိန်းသိမ်း ရယူ ခဲ့ရပါကြောင်း၊ နိုင်ငံတော် တာဝန်ကို ရယူပြီးသည်နှင့် ပြည်သူတို့ လိုလား တောင့် တနေ သည့် ပါတီစုံ ဒီမိုကရေစီ စနစ် ဖော်ဆောင်ရေး အတွက် စတင်ဆောင် ရွက်ခဲ့ ပါကြောင်း။

နိုင်ငံတော်က လက်ရှိ လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီ ဖော်ဆောင်မှု သမိုင်းကို ကြည့်မည်ဆိုလျှင် ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့ တပ်မတော်က နိုင်ငံတော်ကို တာဝန်ယူ အပြီးနောက်ပိုင်းတွင် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး တာဝန်၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး တာဝန်နှင့် ပြည်သူများ လိုလားသည့် ဒီမိုကရေစီ၏ အခြေခံ အုတ်မြစ်များ ဖော်ဆောင်ရေး တာဝန်သုံးခု လုံးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ ပါကြောင်း၊ ဒီမိုကရေစီ စနစ်၏ အခြေခံ အုတ်မြစ်များဖြစ် သော ဈေးကွက်စီးပွားရေး စနစ် ပေါ်ပေါက်ရေး၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မည့် အခြေခံဥပဒေ ပေါ်ပေါက်လာစေရေး၊ တရား ဥပဒေကို လေးစား လိုက်နာပြီး တိုင်းရင်းသား ပြည်သူတို့၏ အကျိုးကို ဆောင်ရွက်ပေးမည့် Institutionများ ပေါ်ပေါက်လာရေး၊ နယ်စပ်ဒေသ၊ တောင်ပေါ်၊ မြေပြန့် လွယ်ကူစွာ ကူးသန်း ဆက်သွယ် နိုင်မည့် အခြေခံ အဆောက် အဦများ ပေါ်ပေါက်လာရေး၊ လူသားအရင်း အမြစ်များ မွေးထုတ် ပေးနိုင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု များကို နိုင်ငံကြီး တချို့၏ ပိတ်ဆို့မှုများကြားက ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက် ခဲ့ရပါကြောင်း။

တပ်မတော် အစိုးရသည် အမျိုးသား ညီလာခံက ထွက်ပေါ်လာခဲ့သည့် အခြေခံ ဥပဒေကို ၂ဝဝ၈ ခုနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲကျင်းပပြီး အတည်ပြု ပေးခဲ့ပါ ကြောင်း၊ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲများကို လွတ်လပ် တရားမျှတစွာ ပြုလုပ်ပေးခဲ့ပြီး နိုင်ငံတော်၏ အာဏာ အရပ်ရပ်ကို ပြည်သူ့ရွေးချယ်ခံ အစိုးရ လက်သို့ တည်ငြိမ် အေးချမ်းစွာ လွှဲပြောင်းပေးခဲ့ ပါကြောင်း၊ လက်ရှိတွင်လည်း တပ်မတော် အနေဖြင့် နိုင်ငံတော်အ စိုးရ၏ လမ်းညွှန်မှုဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမို ကရေစီ နိုင်ငံတော်သစ် ထူထောင်ရာတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။

နိုင်ငံတော်သစ် တည်ဆောက်ရာတွင် ပြည်တွင်း ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်ကြောင်း၊ မည်သည့်ဒီမိုကရေစီ စနစ်မျိုးတွင်မဆို လက်နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက် မှုများကို လက်မခံသည်ကို တွေ့ရှိရမည် ဖြစ်သလို ကမ္ဘာပေါ်တွင် ရှိသည့် ဖွံ့ဖြိုးပြီး နိုင်ငံတိုင်း၌ ပြည်တွင်း ငြိမ်းချမ်းမှုကို ရယူ တည်ဆောက် ထားသည်ကို တွေ့ရမည် ဖြစ်ကြောင်း။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈)ခုနှစ် ပုဒ်မ-၃၃၈တွင် နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှု အောက်တွင် ရှိရမည်ဟု ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက် နှင့်အညီ ဖြစ်စေရန် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း များအား ၂ဝဝ၉ခုနှစ်၊ ဧပြီလ ၂၈ရက်မှစ၍ တပ်မတော် ကွပ်ကဲမှုအောက် နယ်ခြားစောင့်တပ် BGFနှင့် ပြည်သူ့စစ် အဖြစ် အသွင် ကူးပြောင်းရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များကို နယ်ခြားစောင့်တပ် ၂၃တပ်နှင့် အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ) အဖွဲ့ ၈၄ဖွဲ့ အဖြစ်ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒီလို ဆောင်ရွက်ခဲ့ခြင်းသည် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ထောင်ရေးတွင် အဓိကလိုအပ်သည့် ပြည်တွင်း ငြိမ်းချမ်းရေးကို လက်တွေ့ အကောင် အထည် ဖော်နေခြင်းပင် ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးအတွက် စစ်မှန်သော စေတနာဖြင့် ပူးပေါင်း ဆောင်ရွက် ခဲ့ကြသော ယနေ့ ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခြင်း ခံရသည့် အရာရှိများ၏ ဖြူစင် မြင့်မြတ်သော ကြိုးပမ်း ဆောင်ရွက်ချက် များသည် ပြည်ထောင်စု မြန်မာ နိုင်ငံတော်၏ သမိုင်းတွင် အမြဲမှတ်တမ်းတင် ခံနေရမည်လည်း ဖြစ်ကြောင်း။

ယနေ့ မြန်မာ့ တပ်မတော်သည်လည်း စစ်မှန်သော မျိုးချစ်စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံပြီး ဖွဲ့စည်းထားသော တပ်မတော် ဖြစ်ကြောင်း၊ တပ်မတော် စတင် ဖွဲ့စည်း ချိန်ကနေ ယနေ့အချိန်ထိ တိုင်းရင်းသား လူမျိုး ပေါင်းစုံ မိမိတို့၏ အသိ စိတ်ဓာတ်ဖြင့် ပါဝင် အမှုထမ်း နေကြသော တပ်မတော် ဖြစ်ကြောင်း၊ တိုင်း ရင်းသား များထဲက တပ်မတော်တွင် ဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့သည့် သူများ ရှိသကဲ့သို့ တိုင်းမှူး နှင့်အထက် အဆင့်မြင့် တာဝန် ထမ်းဆောင် နေသူများ ထဲတွင်လည်း တိုင်းရင်းသားများ ပါရှိသည်ကို တွေ့ကြရမှာ ဖြစ်ကြောင်း။

ယနေ့ တပ်မတော်သည် ပြည်ထောင်စုဖွား တိုင်းရင်းသား များဖြင့် ဖွဲ့စည်း တည်ထောင်ထားသည့် အမိမြန်မာ နိုင်ငံတော်ကို ကိုယ်စား ပြုသည့် ''မြန်မာ့ တပ်မတော်'' သာဖြစ်ကြောင်း၊ မည်သည့် အဖွဲ့အစည်း၊ မည်သည့် လူမျိုးစု တစ်ခုတည်းကိုမျှ ကိုယ်စားပြုခြင်း မရှိသလို တိုင်းတစ်ပါး၏ လက်ဝေခံလည်း မဟုတ်ဘူး ဆိုသည်ကို အတိအလင်း ပြောကြားလိုကြောင်း၊ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုများနှင့် ဖွဲ့စည်းထားသော မြန်မာ့ တပ်မတော်သည် ''ပြည်ထောင်စု တပ်မတော်'' လည်းဖြစ်ကြောင်း။

တပ်မတော်သည် ''ပြည်ထောင်စု တပ်မတော်'' ဖြစ်တာနှင့် အညီ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးကို အထူးအလေးထား ဆောင်ရွက်ခဲ့ကြောင်း၊ အခြေခံဗီဇ စကတည်းက ပြည်သူ၊ ပြည်သား၊ တိုင်းရင်းသား အားလုံး ပါဝင်သည့် ''ပြည်ထောင်စု တပ်မတော်''၏ ရပ်တည်ချက်၊ တည်ရှိမှုနှင့် ဖွဲ့စည်းမှု များကို မဟုတ်မမှန် စွပ်စွဲပြောဆို နေမှုများ၊ မှေးမှိန်အောင် လုပ်နေမှုများ၊ သွေးခွဲနေမှုများကို တပ်မတော် အနေဖြင့် လက်မခံနိုင်ကြောင်း အတိအလင်း ပြောကြား လိုကြောင်း။

အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်အဖြစ် ဖော်ဆောင်ရာတွင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဆိုသည့် ဒို့တာဝန်အရေး သုံးပါးသည် ခိုင်ခိုင် မာမာရှိနေရန် လိုအပ်ကြောင်း၊ ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံ ရှင်သန် ရပ်တည်ရေး အတွက် ဒို့တာဝန် အရေးသုံးပါးကို တိုင်းရင်းသား ပြည်သူများ အားလုံးက အလေးထားရမှာ ဖြစ်သကဲ့သို့ နိုင်ငံတော်ကို ကာကွယ်နေသည့် ပြည်ထောင်စု တပ်မတော်ကလည်း နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒဖြစ်သည့် ဒို့တာဝန်အရေး သုံးပါးကို ဦးထိပ် ပန်ဆင်ပြီး နယ်ခြားစောင့်တပ်၏ ဆောင်ပုဒ်ဖြစ်သော ''ပိုင်နက်နယ်ခြား၊ တည်တံ့ရေရှည်၊ ကာကွယ် စောင့်ကြပ်၊ နယ်ခြား စောင့်တပ်''ဆိုသည့် ဆောင်ပုဒ်နှင့် အညီ နိုင်ငံတော်ပိုင်နက် နယ်မြေ တစ်လက်မပင် မဆုံးရှုံး ရအောင် ခိုင်ခိုင်မာမာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက် သွားကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိ အဖြစ် ခန့်အပ်ခြင်း ခံရသည့် နယ်ခြားစောင့် တပ်များ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့ဝင်များ ကိုယ်စား ကယား ပြည်နယ်မှ ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီး ထွန်းကျော်က ပြန်တမ်းဝင်အရာရှိ ခန့်အပ်ပေးခြင်း အပေါ် ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်တပ်မတော် အရာရှိကြီးများသည် ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိများ နှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိများအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများ နှင့်အတူ လန်းဆန်းစာကို အတူတကွ သုံးဆောင်ကြ ရာ မြဝတီ တေးဂီတ အဖွဲ့က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။

အခမ်းအနား အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ခဲ့ကြောင်း သတင်း ရရှိသည်။
 
 မြ၀တီ



0 comments:

Post a Comment