6 May 2014

အာဆီယံ ထိပ်သီး အစည်းအဝေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား တစ်သောင်းတစ်ထောင်ကျော် အသုံးပြုမည်


အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်ကြီးများ၏ လုံခြုံရေးကို အကာအကွယ်ပေးရန်နှင့် အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရန် ရဲတပ်ဖွဲ့ဝင် အင်အား တစ်သောင်းတစ်ထောင် အသုံးပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။မြန်မာ့နိုင်ငံရေးတွင် ပထမဆုံးအကြိမ် ခေါင်းဆောင်အရေအတွက် အများဆုံး တက်ရောက်မည့် အစည်းအဝေးဖြစ်၍ လုံခြုံရေးအဆင့်ကို အမြင့်ဆုံး သတ်မှတ်ထားပြီး တပ်ဖွဲ့ဝင် အင်အား အများဆုံး အသုံးပြုခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးချုပ် စိုးမြိုင်က အတည်ပြုပြောကြားသည်။

‘‘အာဆီယံခေါင်းဆောင်၊ အကြီးအကဲတစ်ယောက်ကို ရဲမှူးချုပ်တစ်ယောက်က တာဝန်ယူပြီး လက်အောက်အရာရှိအဆင့်ဆင့်နဲ့ သီးခြားအဖွဲ့တစ်ဖွဲ့က လုံခြုံရေးကို ကြီးကြပ်မယ်။ အကြီးအကဲသွားရာ နေရာတိုင်း အစည်းအဝေးဖြစ်ဖြစ်၊ တည်းတဲ့နေရာဖြစ်ဖြစ် ညအိပ်ညနေကိုပါ လုံခြုံရေး စောင့်ကြပ် တာဝန်ယူပေးရမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးအတွက် လုံခြုံရေးက အဆင့်အမြင့်ဆုံးပဲ’’ ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်အောက်ရှိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး တပ်ဖွဲ့ဝင်အားလုံး အပါအ၀င် တပ်မတော် အရန်စစ်ကြောင်းများကိုပါ လုံခြုံရေးအတွက် အသင့်အနေအထား ပြင်ဆင်ထားသည်ဟု ၎င်းက ဆိုသည်။

ဆီးဂိမ်းပြိုင်ပွဲ ကျင်းပစဉ်က လုံခြုံရေးအင်အား ရှစ်ထောင်မှ တစ်သောင်းကြား အသုံးပြုခဲ့ပြီး အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေးအင်အားမှာ အများဆုံးဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။

ထို့ပြင် အစည်းအဝေးကာလအတွင်း အကြမ်းဖက်သမားများ ၀င်ရောက်မလာနိုင်ရန် နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုမှ တပ်ဖွဲ့ဝင် သုံးဦးက မေလဆန်းမှစ၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာရောက်တာဝန်ထမ်းဆောင်နေခြင်ြးေ
ကာင့် လုံခြုံရေးအခြေအနေအတွက် မြန်မာက အသင့်ပြင်ဆင်ပြီး အခြေအနေတွင် ရှိနေသည်။

‘‘အင်တာပို Hard disc က အရမ်းပြည့်စုံတယ်။ နာမည်ပျက်နဲ့ စောင့်ကြည့်ရတဲ့ နိုင်ငံတကာ ရာဇ၀တ်ကောင်ဆို ၀င်လာတဲ့အဆင့်မှာတင် အင်တာပိုနဲ့ ကွိခနဲမိမှာ။ နေပြည်တော်ဌာနချုပ်ကလည်း ရန်ကုန်လေဆိပ်နဲ့ နက်ဝါ့ခ်ချိတ်ဆက်ပြီးသား’’ ဟု ရဲမှူးချုပ် စိုးမြိုင်က ပြောသည်။

(၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို နေပြည်တော်တွင် မေလ ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အစည်းအဝေးကျင်းပရန် နှစ်ရက်သာ လိုတော့သည်။

ယင်းအစည်းအဝေးသို့ မြန်မာအပါအ၀င် အာဆီယံ ၁၀ နိုင်ငံ မှ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ပြီး အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်ပေါင်း တစ်သောင်းခွဲ တက်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက မျှော်မှန်းထားသည်။

7Day News Journal

0 comments:

Post a Comment