29 May 2014

မန်ယူသင်ခန်းစာ...


မြန်မာများ သဲသဲလှုပ် အားပေးကြသည့် အင်္ဂလန်အခြေစိုက် မန်ချက်စတာယူနိုက်တက် အသင်းက နည်းပြ David Moyes ကို ထုတ်ပယ်ပစ်လိုက်သည့် ကိစ္စတွင် ဘောလုံးပွဲသာမက နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်စုံ တွင် အသုံးချနိုင်သည့် ခေါင်းဆောင်မှု သင်ခန်းစာများကို တွေ့ရမည်။

မန်ချက်စတာယူနိုက်တက် (မြန်မာတို့အခေါ် မန်ယူ) အသင်းသည် အင်္ဂလန်တွင် အအောင်မြင်ဆုံး အသင်း တစ်သင်း ဖြစ်သလို ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံး အသင်းတစ်သင်းလည်း ဖြစ်သည်။ မန်ချက်စတာ အသင်း၏ လက်ရှိ အောင်မြင်မှုသည် ယခင်နည်းပြဟောင်း အဲလက်စ်ဖာဂူဆန် လက်ထက်တွင် ရရှိ ခဲ့ခြင်း ဖြစ်သည်။ ဖာဂူဆန်သည် ၂၆ နှစ်တိုင်တိုင် မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့ပြီး အင်္ဂလန် တွင်ရော ဥရောပတွင်ပါ အောင်မြင်မှုများစွာကို ရယူပေးခဲ့သည်။ ဖာဂူဆန်သည် ယမန်နှစ်က အငြိမ်းစား ယူကာ သူ့နေရာတွင် အဲဗာတန်အသင်း နည်းပြ David Moyes ကို စိတ်ကြိုက်ရွေးခဲ့သည်။ David Moyes မန်ယူနည်းပြအဖြစ် တာဝန်ယူအပြီး ဆယ်လအကြာတွင် မန်ယူအသင်းအတွက် အရှုံးစံချိန် များစွာကို တင်ပေးခဲ့သည့် စံချိန်ရှင်အဖြစ် ထုတ်ပယ်ခံလိုက်ရသည်။ နှစ်စဉ်နှစ်တိုင်းလိုလို ချန်ပီယံဆုအတွက် ပြိုင်ပွဲ ဝင်နေသည့် မန်ယူသည် ရှေ့နှစ်တွင် စတုတ္ထအဆင့်ပင် မဝင်တော့ဘဲ လောလောဆယ်တွင် အဆင့်ခုနစ် သို့ ရောက်ရှိနေသည်။

ဆက်ခံသူ

နာမည်ကျော် ခေါင်းဆောင်တစ်ဦး၊ ဧရာမ ခေါင်းဆောင်တစ်ဦး နေရာကို အစားထိုး ဝင်ရောက်ရ သူ ခေါင်းဆောင်တိုင်းသည် ဆက်ခံသူ ဒုက္ခကို ခံရစမြဲဖြစ်သည်။ သူ့ကို ရှေ့မှ ခေါင်းဆောင်ကြီးနှင့် နှိုင်း ယှဉ်ကြမည်ကို ရှောင်လွဲမရ။ သူ့တွင် သူ့စရိုက် သူ့အရည်အချင်းနှင့် ရှေ့မှ လူတွင်လည်း သူ့စရိုက် သူ့ အရည်အချင်းနှင့် ဆိုသည်ကို လူအများက စဉ်းစားမည် မဟုတ်။ ရှေ့မှလူ အောင်မြင်လေလေ၊ သက် တမ်းကြာလေလေ ထိုနှိုင်းယှဉ်မှုကို ပိုခံရလေလေ ဖြစ်သည်။ ထိုဒဏ်ကို မခံနိုင်လျှင် စိတ်ထောင်း ကိုယ်ကြေ ဖြစ်ပြီး အဖွဲ့ကို ဦးဆောင်နိုင်မည် မဟုတ်။ Apples ကုမ္ပဏီခေါင်းဆောင် Steve Jobs ဆုံးပါး အပြီး ဆက်ခံသူ Tim Cook ခံစားရသော ဖိအားသည် ထင်ရှားသော ဥပမာတစ်ရပ် ဖြစ်သည်။

ဖာဂူဆန်သည် ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ဦးအဖြစ် အသတ်မှတ်ခံရပြီး ဆာဘွဲ့ချီးမြှင့်ခံရသူ ရှားရှား ပါးပါး နည်းပြဖြစ်သည်။ အနားယူပြီးချိန်တွင် ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်က စီမံခန့်ခွဲမှု ပညာများအား ပို့ချပေးရန် ဧည့်ပါမောက္ခအဖြစ် ဖိတ်ကြားခံရသူ ဖြစ်သည်။ David Moyes သည် အဲဗာတန်ကို ဘတ်ဂျက် နည်းနည်းဖြင့် သူ့အထွာနှင့်သူ အောင်မြင်အောင် စွမ်းဆောင်နိုင်သူ ဖြစ်သော်လည်း ကျော်ကြားမှု၊ ဖလား ရရှိမှုတို့တွင် ဖာဂူဆန်နှင့် ကွာလှမ်းလှခြင်းက နှိုင်းယှဉ် ဝေဖန်လိုသူတို့ စိတ်ကြိုက် ဖြစ်စေခဲ့သည်။

David Moyes ဦးဆောင်ရသော မန်ယူအသင်းသားများသည် ဖာဂူဆန် စိတ်ကြိုက် ခေါ်ယူထားသူ များ ဖြစ်ပြီး ဖာဂူဆန်စိတ်ကြိုက် နည်းစနစ်များဖြင့် ပုံသွင်း လေ့ကျင့်ခြင်း ခံထားရသူများ ဖြစ်သည်။ David Moyes ၏ နည်းစနစ်များသည် ပိုကောင်းချင် ကောင်းမည် ဖြစ်သော်လည်း အသင်းသားများစိတ်တွင် အကောင်းမြင်ရန် အချိန်ယူရမည် ဖြစ်သည်။ တစ်ဖန် အသင်းအတွက် အရေးကြီးသော အားဖြစ်သည့် ပရိသတ်များသည်လည်း ဖာဂူဆန်နှင့်သာ အသားကျနေသူများ ဖြစ်သည်။ အသက်၂၆ နှစ်ရွယ် မန်ယူ ပရိသတ်များသည် ဖာဂူဆန် နည်းပြဖြစ်ပြီးမှ မွေးသူများ ဖြစ်ကြသည့်အတွက် မန်ယူပရိသတ် အများစုသည် ဖာဂူဆန်မှလွဲလျှင် အခြားမန်ယူနည်းပြကို မမြင်ခဲ့ဖူးခြင်းကြောင့် David Moyes ပခုံးထက်တွင် ဖိအားပိုကြီး သည်။

ဖာဂူဆန်အား ဆက်ခံရသော အနီးဆုံး နည်းပြသည် ဖာဂူဆန်နှင့် နှိုင်းယှဉ် ခံရသည့်အတွက် အားကျစရာ မကောင်းဆုံး အနေအထား (Unenviable Position) တွင် အလုပ်လုပ်ကိုင်ရခြင်း ဖြစ်သည်။ David Moyes နေရာရောက်မည့် နည်းပြတွင် ဖိအားများ လျော့သွားပြီ။ သူ့လောက် မညံ့လျှင်ပင် နည်းပြသစ်အ တွက် လုံလောက်ဖွယ် ရှိသည်။

ခေတ်အပြောင်း

ဖာဂူဆန် အငြိမ်းစား ယူသွားခြင်းသည် ဖာဂူဆန်တစ်ခေတ် ပြီးဆုံးသွားခြင်း ဖြစ်သည်။ ခေတ်ကြီးတစ်ခေတ် အပြီး နောက်တစ်ခေတ်သို့ အကူးအပြောင်းသည် မရေရာ မသေချာမှုများစွာ ရှိနေပြီး အခက်အခဲကြီးပေါင်း များစွာ ကြုံရလေ့ ရှိသည်။ စပ်ကူးမပ်ကူး ကာလကို မခန့်ခွဲ မကွပ်ကဲနိုင် (Transition management) လျှင် ရောက်နေသော အမြင့်မှ အရှက်တကွဲ အကျိုးနည်း ပြုတ်ကျတတ်သည်။

မန်ယူသည် ဘောလုံးအရရော စီးပွားရေးအရပါ အောင်မြင်မှု ကြီးသဖြင့် အပြောင်းအလဲကို စနစ်တကျ ထိန်းကွပ်ထားနိုင်မည်ဟု ယူဆရသည်။ သို့သော် ယခု စပ်ကူးမပ်ကူးသည် မျှော်လင့်ထားသလို ဖြစ်မ လာသည့်အခါတွင် အကောင်းဘက်သို့ ပြန်ရောက်အောင် စီမံခန့်ခွဲနိုင်ခြင်း မရှိဘဲ အောက်သို့ ဆင်းသ ထက် ဆင်းသွားခဲ့ခြင်း ဖြစ်သည်။ ဖာဂူဆန်နှင့် အတူလက်တွဲကာ မန်ယူကို အောင်မြင်အောင် စီမံနိုင် ခဲ့သော အမှုဆောင်အရာရှိချုပ် CEO သည် ဖာဂူဆန်နှင့် တစ်ပြိုင်တည်း ထွက်သွားခြင်းက မန်ယူ တွင် ခေါင်းဆောင်မှု အပြောင်းအလဲကို ပိုမိုကြီးမားစေခဲ့ပြီး ထိုဧရာမ အပြောင်းအလဲကို ကွပ်ကဲရာ တွင် ပျော့ကွက်များစွာ ရှိခဲ့သည်။

အထူးသဖြင့် နည်းပြ David Moyes ခေါ်ယူလိုသော ကစားသမားများကို မန်ယူ အုပ်ချုပ်ရေးအဖွဲ့က ခေါ်ယူ မပေးနိုင်ခဲ့ခြင်းက အသင်းကို စီးပွားရေးနှင့် အုပ်ချုပ်ရေးအရ ဦးဆောင်မှု ပျော့ကွက်ကို ဖော်ပြနေသည်။ Moyes သည် သူ့စိတ်ကြိုက် ကစားသမားများကို လက်လွှတ်လိုက်ရပြီး နှစ်သိမ့်ဆုများနှင့်သာ စခန်းသွား ခဲ့ရသည်။ အပြောင်းအလဲကြီး နှစ်ခုကို တစ်ပြိုင်တည်းတွင် ပြုလုပ်လိုက်ခြင်းသည် မန်ယူ၏ အမှားကြီး ဖြစ် ပြီး အသင်းကို အထိနာစေခဲ့သည်။

မန်ယူကဲ့သို့ နည်းပြ ပြောင်းသော်လည်း မန်ယူကဲ့သို့ အခြေမပျက်သော အသင်းကြီးများ ချယ်လ်ဆီး၊ မန်ချက်စတာစီးတီး (မန်စီးတီး) တို့ ရှိနေပါသည်။ သို့သော် ချယ်လ်ဆီးတွင် သူတို့ကို အမြင့်ဆုံး အောင်မြင် မှုများ ပေးအပ်ခဲ့သော နည်းပြဟောင်း မော်ရင်ဟို ပြန်ရောက်လာခြင်း ဖြစ်သည်။ တစ်ဖန် ချယ်လ်ဆီးရော မန်စီးတီးရောသည် နည်းပြများကို ကြာကြာထားလေ့ မရှိရာ နည်းပြ အပြောင်းအလဲသည် ချယ်လ်ဆီးရော မန်စီးတီးတွင်ပါ ပုံမှန်သဘောဆောင်နေသည်။

မီဒီယာ

မီဒီယာမီးမောင်း၏ ဒဏ်ကို ခံနိုင် မခံနိုင်သည်လည်း ကုမ္ပဏီကြီးများ၊ အစိုးရများကဲ့သို့ နိုင်ငံနှင့်ချီ ပရိသတ်ရှိ သည့် ခေါင်းဆောင်များအတွက် မှတ်ကျောက်ဖြစ်သည်။ ဖာဂူဆန်သည် ရောက်ရောက်ချင်း အောင်မြင်မှု ရသည်မဟုတ်ဘဲ နှစ်အနည်းငယ် အချိန်ယူပြီးမှ ပထမဦးဆုံး လိဂ်ဖလားကို ရယူနိုင်ခဲ့သည်။ David Moyes ထိုအခွင့်အရေးမျိုး မရပါ၊ သူ၏ ပွဲတိုင်း ပွဲတိုင်း၊ မျက်နှာအရိပ်အကဲ၊ လူထုတ်ပုံ နည်းဗျူဟာတို့ကို အသေး စိတ် ရေးသားဖော်ပြသည့် မီဒီယာတို့က ရှိနေသည်။ ဖာဂူဆန် မန်ယူသို့ စရောက်ရောက်ချင်းက မီဒီယာ သည် အရာရာကို မီးမောင်းထိုး စေ့ငုနိုင်ခြင်း မရှိသေးပါ။ ဖာဂူဆန် ရှုံးပွဲတွေ့လျှင် မြန်မာပြည်၊ အင်ဒိုနီးရှား တို့မှ ပရိသတ်များက ဝေဖန်သုံးသပ်ခြင်း မရှိ။ ဖာဂူဆန် ကိုင်တွယ်စ မန်ယူသည် ယနေ့ မန်ယူကဲ့သို့ လည်း အောင်မြင်ခြင်း မရှိသည်ကလည်း တစ်ကြောင်းပါသည်။

David Moyes သည် မီဒီယာတို့ကိုလည်း မကိုင်တွယ်တတ်။ သတင်းစာ ရှင်းလင်းပွဲတွင် သူပြောသမျှသည် အလွဲလွဲ အချော်ချော် များသည်။ အဲဗာတန်တွင် မီဒီယာမီးမောင်းဒဏ် သိပ်မခံရသည့်အတွက် အတွေ့အကြုံ နည်းခြင်း ဖြစ်နိုင်သလို နဂိုစရိုက်ကိုက မီဒီယာနှင့် မဆီလျော်သောကြောင့်လည်း ဖြစ်နိုင်သည်။ မီဒီယာကို အကောင်းဆုံး အသုံးချတတ်သူမှာ ချယ်လ်ဆီးနည်းပြ မော်ရင်ဟို ဖြစ်သည်။ သူသည် သူ့အသင်း အနိုင် ရရေးအတွက် စိတ်ဓာတ်စစ်ဆင်ရေး၊ အသင်းသားများနှင့် ပရိသတ်များ စိတ်ဓာတ် တက်ကြွရေးကို မီဒီယာမှ တစ်ဆင့် ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်တတ်သည်။

ယနေ့ခေတ်တွင် မီဒီယာကို ရှောင်လွှဲ မရနိုင်သည့်အတွက် ခေါင်းဆောင်တို့သည် မီဒီယာကြောကို သိရန်လိုသည်။ မီဒီယာကို မသုံးတတ်လျှင် ထိပ်ပိုင်းခေါင်းဆောင် အဆင့်တွင် အောင်မြင်သင့် သလောက် အောင်မြင်မည် မဟုတ်ပါ။

မန်ယူရှုံးလျှင် အားကစားဂျာနယ် ရောင်းမကောင်းဟု ပြောစမှတ် ပြုလောက်အောင် မြန်မာများ သည်းခြေ ကြိုက်သော မန်ယူအသင်း၏ ယခုနှစ်ဖြစ်အင်တို့သည် ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာကောင်းများ ပင် ဖြစ်သည်။

The Voice Weekly


0 comments:

Post a Comment