6 Jan 2012

စိတ်ဓာတ်ကျတယ်

နေ့တိုင်း နိစ္စဓူဝ လုပ်ငန်းတွေကို လုပ်ကိုင်ရင်းက ကြားနေရတတ်၊ ကိုယ် တိုင်လည်း ခံစားရတတ်၊ ပြောမိတတ် တဲ့ အသံ တစ်ခုက စိတ်ဓာတ်ကျတယ် ဆိုတာပါပဲ။ ပုံမှန် အတိုင်း အိပ်မရတာ၊ အစား အသောက်ပျက်တာ၊ ကိုယ့်ကိုယ် ကို အကောင်း မမြင်နိုင်တာ၊ ဘဝနဲ့ ချီပြီး စဉ်းစားရင်လည်း အပျက်တွေပဲ စဉ်းစားမိ၊ တွေးမိတတ်တာဟာ ပူးတွဲ အတွေ့ရများတဲ့ လက္ခဏာတွေပါ။
စိတ်ဖိစီးမှုတွေ ခံစားရရင်၊ ဆုံးရှုံး မှုတွေ ရင်ဆိုင် ရရင်၊ မှန်းထားသလို မဖြစ်တာတွေ များလာရင် စိတ်ဓာတ် ကျတယ် ဆိုတဲ့ ခံစားမှုက ဖြစ်တတ် ပါတယ်။ လူတိုင်း လိုလိုပါပဲ။ ဒါပေမယ့် တချို့တွေမှာ ခံစားမှု အဆင့်နဲ့တင် အပြီးသတ်ပြီးရောဂါ အဆင့်မရောက်ပါ ဘူး။ ပြီးပြီးပျောက်ပျောက်ပေါ့။ ဒါပေ မယ့် တချို့ကျတော့ ရက်ရှည်လများ ခံစားရပြီး ရောဂါ အဆင့်ကို ရောက်ရှိ သွားတတ်ပါတယ်။
ချစ်ခင်ရင်းနှီးတဲ့ သူတစ်ဦးဦး ဆုံး ပါးရင် စိတ်ထိခိုက်တတ်၊ စိတ်ဓာတ် ကျတတ်ပါတယ်။ အထူးသဖြင့် ရက် ရှည်လများ ပေါင်းသင်းလာခဲ့တဲ့ ဇနီး မောင်နှံတွေမှာ တစ်ဦးဦး ဆုံးပါးခဲ့ရင် ကျန်ရစ်ခဲ့တဲ့ သူတွေမှာ ဆုံးပါးပြီး တစ်နှစ် အတွင်းမှာ သိသိသာသာ စိတ်ဓာတ် ကျတတ်တာကို တွေ့ကြရပါ တယ်။ ရောဂါဝေဒနာ တစ်ခုခု ခံစားရ ရင်၊ အလုပ်အကိုင်ထဲမှာ အဆင် မပြေရင်၊ အလုပ်ပြုတ်ရင်၊ ငွေရေး ကြေးရေး အခက်အခဲတွေ ရှိရင်လည်း စိတ်ဓာတ်ကျတဲ့ ခံစားမှုတွေ ခေတ္တ ခဏ ခံစားရတာမျိုးဖြစ်နိုင်သလို၊ ရေ ရှည် ခံစားရပြီး ရောဂါ အဆင့်ကိုလည်း ရောက်ရှိတတ်တာကို တွေ့ရပါတယ်။
ရောဂါ အဆင့်ရောက်ဖို့ ဆိုရင် ဆုံး ရှုံးမှုတွေကို မဖြေသိမ့်နိုင်၊ ရင်မဆိုင် နိုင်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။ တရားသဘောနဲ့ပြောရင်တော့ နှလုံး မသွင်းတတ်လို့ပါ။ ဆုံးရှုံးတာ မှန်ပေ မယ့် လောကဓမ္မတာ အရ ဖြစ်တာ ပဲ၊ တစ်နေ့ကိုယ်လည်း သေရမှာပဲ၊ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ၊ လူမသေ ငွေမရှား၊ မွေးတုန်းက လက်ချည်းပဲ၊ ပြန်စတာပေါ့၊ အရှုံးထဲက အမြတ် ထုတ်တတ်ရမယ် ဆိုတာမျိုး အတွေး တွေ၊ ခံယူချက်တွေနဲ့ ဖြေသိမ့်နိုင်၊ ရင်ဆိုင်နိုင်ရင် အချိန် ကြာလာတာနဲ့ အမျှစိတ် ဓာတ်ကျတာ သက်သာ လာနိုင်ပါတယ်။ ဒီလို မဖြေသိမ့်နိုင်ရင်၊ရင်မဆိုင် နိုင်ရင်၊ ရင်မဆိုင် တတ်ရင် တော့ အအိပ် မမှန်၊ အစား မမှန်နဲ့တွေးခေါ်တာတွေပါ လွဲလာ၊ သံသယ တွေပါဝင်လာပြီး ကို ကူးပြောင်းသွားတတ်ပါတယ်။
တကယ်လို့ စိတ်ဓာတ်ကျတယ် ဆိုတာ ရောဂါအဆင့်ရောက်နေပြီ ဆိုရင် ရောဂါတစ်ခု အနေနဲ့ စဉ်းစား ပေးသင့်ပါတယ်။ ရောဂါတစ်ခု အနေ နဲ့ လက်မခံဘဲ ကာယကံရှင်ကပဲ သတ်မှတ်ရင် ပြဿနာက ပိုပြီးကြီး လာတတ်ပါတယ်။ ဒီလောက် ကိစ္စလေး ကိုတောင်မှ မရှင်းနိုင်ဘူးလား။ ပြဿနာ မဟုတ် ပြဿနာ ရှာနေတယ်နဲ့ ကဲ တယ်၊ သည်းတယ် ထင်တတ်တာတွေ ဖြစ်လာပြီး ပြဿနာကကြီးထွားလာ တာပါပဲ။Depression is an illness, not a weakness လို့ ဆိုရိုး ရှိပါတယ်။
တွေ့ခဲ့ဖူးတဲ့ အဖြစ်အပျက် တစ်ခု မှာဆိုရင် စိတ်ဓာတ်ကျပြီး ရောဂါသည် အဆင့်ရောက်နေတဲ့ဝေဒနာရှင်တစ်ဦး ဟာ ၄င်းရဲ့ဆုံးပါးသွားပြီဖြစ်တဲ့ ခင်ပွန်း သည် သက်ရှိထင်ရှား ရှိစဉ်က ရုံးကနေ ယူလာခဲ့တဲ့ ဖိုင်တွဲ တစ်တွဲကို တွေ့ရ တာနဲ့တင် မဆိုင်တဲ့ပစ္စည်း အိမ်မှာ ရှိနေလို့ သူ့ကိုဖမ်းတော့မယ်၊ အရေး ယူတော့မယ်ဆိုပြီး မအိပ်နိုင်၊ မစား နိုင်ဖြစ်တတ်ပါတယ်။ ဘေးက လူတွေ၊ မိသားစုဝင်တွေက အကျိုးအကြောင်း ဘယ်လောက်ပဲ ရှင်းပြရှင်းပြ သူ့ရဲ့ ခံစားမှုဝေဒနာ လျော့မှာ မဟုတ်သလို၊ သူ့ရဲ့ ထင်မြင်ချက်ကလည်း ပြောင်း လာမှာမဟုတ်ပါဘူး။ ဒီအချိန်မျိုးမှာ အတိုက်အခံ ငြင်းမနေဘဲ ဝေဒနာကို သာ သက်သာအောင် ကုပေးမှ သူတို့ ကို ကူညီရာရောက်မှာပါ။
ရောဂါမဖြစ်ခင်က ဝေဒနာရှင်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အကျင့်စရိုက် တွေအပေါ် မူတည်ပြီး ရောဂါလက္ခဏာ ပုံစံတွေ ကွဲပြားတတ်တာကိုလည်း တွေ့ရတတ်ပါတယ်။ တာဝန်ယူတတ်၊ နားလည်ခွင့်လွှတ်တတ်တဲ့ သူတစ်ဦးရဲ့ စိတ်ဓာတ်ကျချိန်မှာ ကိုယ့်ဘာသာ ကိုယ် အပြစ်တင်ကြတာရှိတတ် ပေမယ့် နဂိုကတည်းက သူများ အပေါ် လွှဲချ၊ တာဝန် မယူတတ်တဲ့ သူမျိုးမှာကျတော့ တခြားသူတွေက မကောင်းကြံနေကြတယ်၊ တခြားသူ တွေက မကောင်းကြံနေကြလို့ သူ ဒီလိုဖြစ်ရတယ်၊ လောကကြီးက မတရားဘူး၊ ညီအစ်ကိုမောင်နှမတွေ က မတရားဘူး၊ မိဘတွေကတောင် မတရားဘူး ဆိုပြီး ဖြစ်လာတတ်ပါ တယ်။
ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ သိပ် ကွာခြားလွန်းချိန်မှာ စိတ်ဓာတ် တွေ ကျတတ်ပါတယ်။ ကောင်းတာ က တစ်လှမ်းချင်း ခြေလှမ်းဖို့ပါ။ မိုင် ၁၀ဝ၀ ခရီးကို ခြေတစ်လှမ်းနဲ့ စတယ် လို့ဆိုသလိုပဲ ခြေတစ်လှမ်းစလှမ်းမိချိန် မှာနောက်လှမ်းရမယ့် ခြေလှမ်းတွေကို က တစ်လှမ်းစာလျော့သွားပြီဆိုတာ ကို သတိထားတတ်ရပါမယ်။ အဝေး ကြီးကို လှမ်းကြည့်မနေဘဲ တစ်ရက် ချင်း၊ တစ်ပတ်ချင်း၊ တစ်လချင်း ပန်းတိုင် ကလေးတွေထားပြီး လှမ်း ကြည့်ကြဖို့ပါ။ လက်ရှိ ပစ္စုပ္ပန်တည့် တည့်မှာ တတ်နိုင်သမျှ အကောင်း ဆုံးဖြစ်အောင် ကြိုးစားဖို့၊ လုပ်ဖို့ပါ။ ဖြစ်ခဲ့တာတွေ အတွက်လည်း နောင်တ ရ၊ အပြစ်တင် မနေပါနဲ့။ မဖြစ်သေး တာတွေ အတွက်လည်း ကြိုတွေးပူပန် မနေပါနဲ့။ နေ့မြင် ညပျောက်ဖြစ်တတ် တာတွေ များလှတဲ့ ကာလမှာ ကိုယ် တွေးပူသလိုလည်း ဖြစ်ချင်မှ ဖြစ်တတ် တာပါ။ ဒီကနေ့ လက်ရှိ အချိန်ကို အကောင်းဆုံး မပြင်ဆင်မိလို့ နောင် တစ်နေ့မှာ အကျိုးမရှိ မဖြစ်ရင် တော် ပါပြီ။
စိတ်ဓာတ်ကျလို့ အိပ်မရတာ တွေမှာလည်း များသောအားဖြင့်က တော့ မဖြစ်သေးတာတွေကို တွေးပူ နေတတ်ကြတာ၊ဖြစ်ခဲ့တာတွေ အတွက် ယူကျုံးမရဖြစ်နေတတ်ကြတာတွေ ကြောင့်ပါ။ ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော် ဘုရားကြီးစကား ယူပြောရ ရင် "ဖြစ်ကြောရှည်"နေတာကြောင့် ပါ။ တကယ်တမ်း တန်ဖိုးရှိ၊ အသုံး တည့်တာက လက်ရှိ အချိန်လေးပါ။ ပြီးခဲ့တဲ့ အချိန်တွေက ပြန်မရနိုင်တော့ သလို၊ မလာသေးတဲ့ အချိန်တွေကလည်း ကိုယ်မပိုင်ပါဘူး။
လက်ရှိ အချိန်လေးကို အတတ် နိုင်ဆုံး ကိုယ့်အတွက်၊ ကိုယ့် မိသားစု အတွက်၊ ကိုယ့်ပတ်ဝန်းကျင်က လူ တွေအတွက်၊ ဖြစ်နိုင်ရင် လောကကြီး အတွက် တစ်ခုခု အရာထင်၊ ကောင်း ကျိုးဖြစ်အောင် ကြိုးစားကြည့်ပါ။ ရ လာတဲ့ အကျိုးအမြတ်က သိသိသာ သာ မဟုတ်ရင်တောင် ကြိုးစားနေရင်း နဲ့ပဲ တွေးပူတာတွေ၊ ဆွေးယူတာတွေ လျော့ကျလာပါလိမ့်မယ်။ လုပ်ငန်း ခွင်တွေမှာ အထက်ကလူကြီးနဲ့က အဆင်မပြေ၊ လက်အောက်ကသူတွေ က ပြောမရနဲ့ တွေးပူပြီး လက်ရှိ တာဝန်ကို ထမ်းနေရင် အမှားတွေ ပိုလုပ် မိတတ်ပါတယ်။ ဒီလိုတွေးပူမနေဘဲ ဒီနေ့လုပ်သင့်တဲ့ ကိစ္စတွေထဲက အလုပ် သင့်ဆုံးကို စိတ်ထဲမှာနှစ်၊ ရှင်းရှင်း ဖြစ်အောင်လုပ်၊ ခေါင်းအေးအေးနဲ့ ဆုံးဖြတ်ရင် စိတ်ဓာတ်ကျစရာတွေ နည်းလာပါလိမ့်မယ်။
ဒီတော့ ဒီဆောင်းပါးကို ပြန်ချုပ် ရရင် လောက သဘာဝ စိတ်ဓာတ်ကျ စရာတွေကြုံတွေ့လာတတ်ပါတယ်။ ဒိလိုကြုံလာရင် ခံစားမှု အဆင့်ကနေ ရောဂါ အဆင့်မရောက်ရအောင် နှလုံး သွင်းတတ်ဖို့ လိုပါတယ်။ ဆွေးပူ တွေးယူပြီး ရင်မဆိုင်ဘဲ ပစ္စုပ္ပန်တည့် တည့်ကိစ္စကို တစ်ခုချင်းခေါင်းအေး အေးထား ဖြေရှင်းခဲ့ရင် ပြဿနာ အများစုဟာ ဖြေရှင်းလို့ရတတ်ပါ ကြောင်း အကြံပေးလိုက်ပါရစေ။
မေတ္တာဖြင့်
ဒေါက်တာဌေးအောင်