“ဘွဲ့ရလို့ အလုပ်ရရင် ကံကောင်းတယ်လို့ ပြောကြပါ တယ်။ အဲဒီ အလုပ်ရရင် ကံကောင်း လိုက်တာလို့ ပြောတဲ့ သီအိုရီက မှားနေတယ်။ တကယ်ဆိုရင် ကံတရားဆိုတာ ကိုယ်တိုင်စီမံမှ ရတာ။ လောကမှာ ကံတရားကို တောင်းဆိုနေတဲ့ သူတွေအတွက် နေရာမရှိဘူး။ ကံတရားကို ဖော်ထုတ်ပြနေသူတွေ အတွက်ပဲ နေရာရှိတယ်”
အဲဒီ အထက်က စကားကို ပြောသွားတဲ့သူဟာ Steve Blank ဆိုသူဖြစ်ပါတယ်။ ကံတရားကို စောင့်ပြီး ဗေဒင် တွေတွက်၊ ယတြာတွေချေပြီး အလုပ်ကို ထိုင်စောင့်နေသူတွေအတွက် မှတ်သားသင့်တဲ့ စကားဖြစ်ပါတယ်။
ဆယ်တန်းအောင်ပြီးသူတွေ ကျောင်းဆက်တက်ဖို့ စောင့်စားနေတဲ့ အချိန်မှာ ဆိုကြမယ် ပျော်ကြမယ် အစီအစဉ်က ကိုမေတ္တာ ထင်ပါတယ် သီချင်းလာဆိုတဲ့သူကို ပညာအရည်အချင်း မေးလိုက်တော့ အဲဒီကလေးက ဆယ်တန်း အောင်ထားပါတယ်လို့ ပြောလိုက်တယ်။ အမှတ်မထင် “သြော် ကျောင်းပြီးသွားပြီပေါ့နော်” လို့ နောက်လိုက်လို့ ဒုက္ခ ရောက်သွားခဲ့ရဖူးတယ်။ စစ်အစိုးရ လက်ထက် တက္ကသိုလ် ခဏခဏပိတ်တော့ ကျောင်းဆက်တက်ခွင့် မရကြတာကို ထိမိတဲ့ သရော်ချက် ဖြစ်ပေမယ့် အာဏာရှင်တွေက သူတို့ကို လှောင်တာ မကြိုက်တော့ သူ့ကို အနုပညာ လုပ်ခွင့်တွေတောင် ရပ်ဆိုင်းခံရတဲ့အထိ ဖြစ်သွားခဲ့တယ်။
အဲဒီသဘောတရားကို Catherine Pulsifer ဆိုသူကလည်း ပြောသွားဖူးပါတယ်။ “ဘွဲ့ရတယ်ဆိုတာ ကျောင်းပြီး သွားတာ မဟုတ်ဘူး။ နောက်ထပ် ပညာရှာဖို့ ခုမှစတင်တာ” ဆိုတဲ့ စကားလေးကို သဘောကျမိတယ်။ ဘွဲ့ရရင် ပညာတတ် ဖြစ်မသွားဘူး။ ဘွဲ့ရလိုက်တာဟာ နယ်ပယ်တစ်ခုထဲကို ဝင်ဖို့ အသိတရားတစ်ခု ရလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီအသိတရားကို ကိုင်စွဲပြီးတော့ တိုက်ပွဲဝင်ရတော့မှာ ပါလားလို့ စဉ်းစားထားသင့်တယ်။
Tom Brokaw ဆိုသူကလည်း “မင်းတို့ ပညာတတ် တစ်ယောက် ဖြစ်သွားပြီ။ မင်းတို့ ခုရထားတဲ့ လက်မှတ်ဟာ မင်းတို့ရဲ့ အဆင့်အတန်းကို ပြဆိုတဲ့ အဆောင်အယောင်တစ်ခု ဖြစ်တယ်။ အဲဒီလက်မှတ်ဟာ ကောင်းမွန်တဲ့ဘဝ တစ်ခုထဲကို ဝင်သွားဖို့ ခရီးသွားလက်မှတ် လို့လည်း ဆိုနိုင်တယ်။ အဲဒီလက်မှတ်နဲ့ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ရ မယ်လို့ ခံယူထားနိုင်ရမယ်” တဲ့။
ဘွဲ့ရပြီးတော့ ဘွဲ့လက်မှတ်တန်ဖိုး ရှိတယ်၊ မရှိဘူးဆိုတာ ကိုယ်ပိုင်သတ်မှတ်ချက် တစ်ခု ဖြစ်ပါတယ်။ ဘွဲ့ရပြီး အလုပ်မရလို့ ဘွဲ့လက်မှတ် တန်ဖိုးမရှိဘူး ဆိုတာလည်း ကိုယ်ပိုင်သတ်မှတ်ချက်၊ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါကလည်း ဘွဲ့ရလိုက်တာကို လမ်းဆုံးပြီလို့ သဘောထားလိုက်တဲ့ သူတွေအတွက် ဖြစ်နိုင်ပါတယ်။ ဘွဲ့ရတာဟာ ခုမှခြေလှမ်းအစလို့ ယူဆထားသူတွေ အတွက်ကတော့ Brokaw ပြောသလို လက်မှတ်တစ်ခုတော့ လက်ထဲ ကိုင်ထားပြီးပြီ၊ ဘာဆက်လုပ်မလဲလို့ ဆုံးဖြတ်ရမယ့် အချိန်ရောက်ပါပြီ။ ရှေ့တိုးမလား၊ နောက်ဆုတ်မလားပေါ့။
“ဘွဲ့ယူတယ်ဆိုတာ အခမ်းအနား၊ အဆောင်အယောင်၊ အလကား အလုပ်လို့ ယူဆချင်လည်း ရပါတယ်။ ဒါပေမဲ့ ဘွဲ့ယူတယ်ဆိုတာ သတ်မှတ်ချက်၊ အတိုင်းအတာတစ်ခု ပြီးမြောက်ခြင်းလို့ ယူဆနိုင်ပါတယ်။ လူတိုင်းဟာ နေ့စဉ် ကိုယ့်သတ်မှတ်ချက် အတိုင်းအတာတွေကို ကျော်လွှားဖြတ်သန်း နေရတာဆိုတော့ နေ့တိုင်းမလုပ်ချင်တဲ့ အရာတွေကို လုပ်နေရတာပဲလို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် ပြီးမြောက်ရင် ဘွဲ့ရတယ်။ မပြီးမြောက်သေးရင် ဘွဲ့မရသေးဘူးပေါ့။ လူတိုင်းမရနိုင်တဲ့ အရာတစ်ခုကို ရအောင် လုပ်နိုင်တာလို့ တန်ဖိုးထားနိုင်ရင်တော့ ဘွဲ့ရတာ တန်ဖိုးရှိတာပေါ့။ ဘာမှလည်း သုံးစားမရဘူး။ ငါလည်း ဘာမှ လုပ်စားမှာ မဟုတ်ဘူး။ အလကားဘွဲ့လို့ တန်ဖိုး သတ်မှတ်သူတွေ အတွက်ကတော့ ဘွဲ့ဆိုတာ အလကား အလုပ်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဆိုတဲ့ စကားကို ပြောသွားသူကတော့ Arie Pencovici ဖြစ်ပါတယ်။ သူက တန်ဖိုးဆိုတာ ထားသူအတွက် ရှိတယ်၊ မထားသူအတွက် မရှိဘူးလို့ ရှင်းရှင်းပဲ ဖွင့်ဆိုသွားတာ ဖြစ်ပါတယ်။
“လူငယ်တွေဟာ ငယ်ရွယ်သေးချိန် ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကျည်ဒဏ်ပြီးတဲ့သူတွေ၊ အနိုင်မခံ အရှုံးမပေး ရဲရဲတောက်တွေလို့ ထင်တတ်ကြတာ မဆန်းပါဘူး။ ဒါကြောင့် သူတစ်ပါးရဲ့ ချစ်ခင်မြတ်နိုး တန်ဖိုးထားမှုတွေ၊ သူတစ်ပါးရဲ့ ဆုတောင်းတွေကို ဘယ်တော့မှ အထင်ကြီး လေးစားရကောင်းမှန်း မသိကြဘူး” ဆိုတာကိုတော့ Tony Show ဆိုသူက ပြောသွားတာပါ။ ဘာကိုမဆို မျှတတဲ့ အတွေးတွေနဲ့ အဘက်ဘက်က စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှ လူတော်လို့ဆို လိုက်တာပါ။ ယနေ့လူငယ်၊ နောင်ဝယ်လူကြီး ဆိုတဲ့ စကားတစ်ခု ရှိပါတယ်။ လူငယ်တွေး၊ တွေးနိုင်ခွင့် ရှိသလို၊ လူကြီးတွေးလည်း တွေးနိုင်စွမ်း ရှိရမယ်။ လူကြီးတွေကလည်း ငါလူကြီးပဲဆိုပြီး တစ်ဖက်သတ် အတွေးကို စွဲကိုင်ထားရင်လည်း လူငယ်တွေနဲ့ ဝေးသွားတတ်ပါတယ်။ ဒါကြောင့် အတွေးမှန်ဖို့ ဆိုတာ အမှန်တွေးတတ်ဖို့ လိုပါလိမ့်မယ်။
ကမ္ဘာကျော် မိုက်ခရိုဆော့ဖ် ကုမ္ပဏီရဲ့ သူဌေးကြီး တီထွင်သူ၊ ကမ္ဘာ့အချမ်းသာဆုံး လူသား ဘီလ်ဂိတ်စ်ဟာ ဘွဲ့မရမီ ကျောင်းထွက်သွားပြီးတော့ ကွန်ပျူတာမှာသုံးတဲ့ စက်လည်ပတ်ရေး စနစ်ကို တီထွင်ပြီး သူဌေးဖြစ်သွား ပါတယ်။ သူဟာ ဘွဲ့ရခဲ့တာ မဟုတ်ပေမယ့် တက္ကသိုလ်ဆိုတဲ့ နေရာကို ရောက်ခဲ့တယ်။ အပေါင်းအသင်း ကောင်းတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ ပူးပေါင်းလုပ်ဆောင်မှုတွေ၊ တွေးခေါ်ကြံစည် အားထုတ်မှုတွေ၊ တီထွင်ဖော်ထုတ် မှုတွေကို အဲဒီ မိတ်ဆွေ သူငယ်ချင်း အသိုင်းအဝိုင်းတွေနဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့လို့ ကျောင်းထွက်ပြီး လုပ်ငန်းထူထောင်၊ စွန့်ဦးတီထွင် ပညာရှင်တစ်ယောက် ဖြစ်အောင် ကြိုးစားရင်းက ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် သူဌေးကြီးဖြစ်ခဲ့တယ်။ သူနဲ့ ဘွဲ့ဟာ ဘာမှမဆိုင်ဘူးလို့ ပြောနိုင်ပေမယ့် တစ်နေ့မှာ သူတက်ခဲ့တဲ့ တက္ကသိုလ်က သူ့ကို ဘွဲ့ပြန်ပြီး ခေါ်ပေးတော့ သူက “ကျွန်တော် ဒီစကားပြောခွင့်ရဖို့ နှစ်သုံးဆယ်လောက် စောင့်ခဲ့ရတယ်။ အဖေ … ကျွန်တော် ခုတော့ ကျောင်းကို ပြန်လာပြီး ဘွဲ့ယူခဲ့ပါပြီ။ ဒီလို ကျွန်တော့်ကို ဂုဏ်ပြုချီးမြှင့် ဘွဲ့ပေးခဲ့တဲ့ ဟားဗတ် ကို ကျေးဇူးတင်ပါတယ်။ နောက်နှစ်မှာ ကျွန်တော့် အလုပ်တွေကို ပြောင်းပါတော့မယ်။ ကျွန်တော့် အစွမ်းအစနဲ့ ကောလိပ်က ပေးတဲ့ဘွဲ့ကိုရအောင် ကျောင်းပြန်တက်ပြီး ကြိုးစားပါ့မယ်” လို့ ပြောသွားပါတယ်။
ဘီလ်ဂိတ်စ်လို လူတစ်ယောက်ဟာ ဘွဲ့ကို အထင်မကြီးဘူးဆိုရင် ဒီလို စကားပြောမယ် မထင်ပါဘူး။ သူဟာ ဘွဲ့မရဘဲ ကျောင်းကထွက်ပြီး အချမ်းသာဆုံး သူဌေးကြီးဘွဲ့ကို ရခဲ့တာတောင် ဂုဏ်ထူးဆောင်ဘွဲ့ ဆိုတာထက်၊ ကိုယ်တိုင် ကျောင်းတက်ပြီး ဘွဲ့ယူမယ်လို့ ပြောသွားတာပါ။ ပညာနဲ့ဘွဲ့ကို တန်ဖိုးမထားရင် သူ့လို လူတစ်ယောက် ပါးစပ်က ဒီစကားမျိုး ထွက်လာမယ် မထင်ပါဘူး။ ပြီးတော့ သူကျောင်းပြီးအောင် ဆက်တက်နေရင် ခုလို သူဌေးကြီး လည်း ဖြစ်ချင်မှ ဖြစ်လာလိမ့်မယ်။ အခွင့်အရေးဆိုတာ နှစ်ခါမရတတ်မှန်း သိသူတွေဟာ ကိုယ်ပိုင်အတွေးနဲ့ ကိုယ့်ဘဝကိုကိုယ် အကောင်းဆုံး ရွေးချယ်တတ်ပါတယ်။
၂၉.၉.၂၀၁၄
မောက္ခပညာရေးမဂ္ဂဇင်း