6 Oct 2016

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမစာ



 ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမစာ လင်္ကာကြီး
 

ဆိုပိန့်ဟုတ်ရာ …စဉ်းစားပါလော့ ၊ ခန္ဓာဘာရ ၊ ပဉ္စကကား ၊ ယုယခင်မင်၊ စိန်ရွှေဆင်၍ ၊ ပြုပြင်ပိုက်ထွေး ၊ နင်ကျွေးမွေးလည်း ၊ အရေးမရောက် ၊ သဲရေမှောက်သို့ ၊ နင့်နောက်မပါ ၊ နင်လိုရာကို ၊ ဘယ်ခါမလိုက် ၊ နင့်အကြိုက်နှင့် ၊ တိုက်ရိုက်ဖီလာ ၊ ဆန့်ကျင်ပါခဲ့ ။


ရုပ်ဝါနုနယ် ၊ ရှု့စဖွယ်နှင့် ၊ တင့်တယ်ရွှန်းစို ၊ နင်လှလိုလည်း ၊ အအိုစာရင်း ၊ သူကသွင်း၏ ။

ဘေးရန်ကင်းကွာ ၊ လွန်ချမ်းသာ၍ ၊ မနာရလို ၊ တောင်းဆုဆိုလည်း ၊ နင့်ကိုမညှာ ၊ ဘေးရောဂါနှင့် ၊ ခါခါမငဲ့ ၊ မိတ်ဆွေဖွဲ့၏ ။

နင့်နှင့်တူညီ ၊ ချစ်ကြိုးသီသား ၊ ပလီပလာ ၊ အပြစ်ကွာသည့် ၊ချစ်စွာမယား ၊ သမီးသားနှင့် ၊ စီးပွားဥစ္စာ ၊ ဘယ်ခါမကွဲ ၊အတူတွဲ၍ ၊ အမြဲပြုံးချို ၊ နေရလိုလည်း ၊ နင့်ကိုမထောက် ၊ နင့်နောက်မလိုက် ၊ အပူတိုက်၍ ၊ နင်ဟိုက်နင်ခွေ ၊ နင့်ကိုသေအောင် ၊ ကျားမွေခံတွင်း ၊ အစာသွင်းသို့ ၊ သေမင်းသူ့လက် ၊ ပဏ္ဏာဆက်၏ ။

လ-ရက်-နှစ်တွေ ၊ အသင်္ချေနှင့် ၊ လွန်လေဘဝ ၊ အနန္တက ၊ ဆုံးစမပိုင် ၊ ယခုတိုင်အောင် ၊ နိုင်နိုင်နင်းနင်း ၊ ဥာဏ်မသွင်း၍ ၊ သေမင်းသူလျှို ၊ ခန္ဓာကိုယ်ကို ၊ မငြိုငြင်ရက် ၊ စွဲလမ်းချက်ဖြင့် ၊ မြိုင်နက်စွန်ဖျား ၊ တောသစ်ကျားကို ၊ မယ်ဘွားမိခင် ၊ နွားငယ်ထင်သို့ ၊ အမြင်မဖြောင့် ၊ ဝိပလ်မှောင့်၍ ၊ တကြာင့်ကြကြ ၊ ပြုခဲ့လှပြီ ။

ဘုရားသာသနာ ၊ ခုအခါ၌ ၊ ပညာစက္ခု ၊ ဖန်ဖန်ရှု့လော့ ၊ ရတုဂိမှန် ၊ အချိန်တန်သော် ၊ သူရကန်ဝှေ့ ၊ အပူငွေ့ကြောင့် ၊ရေသွေ့ခန်းငြား ၊ အိုင်ပတ္တားဝယ် ၊ ကျက်စားနေကြ ၊ ငါးမစ္ဆတို့ ၊ ရေကလည်းနဲ ၊ သိန်းစွန်ဝဲ၍ ၊ ပျော်ပွဲမြူမျှ ၊ ရှာမရဘဲ ၊သေကြဖို့သာ ၊ နီးကပ်လာသို့ ၊ ငါသူကစ ၊ ရှိသမျှလည်း ၊ နေ့ညဥ့်မလပ် ၊ အစဉ်စပ်လျက် ၊ ဥပါဒ်-ဌီ-ဘင် ၊ မပြတ်နှင်လျက် ၊ ပျော်ရွှင်စရာ ၊ မရှိပါဘဲ ၊ဖျားနာကိုက်ခဲ ၊ ရောဂါစွဲ၍ ၊ သေပွဲသေတမ်း ၊ သေစခန်းနှင့် ၊ သေလမ်းသို့သာ ၊ နီးကပ်လာ၏ ။

ငါငါတက်ကြွ ၊ မာန်မာနနှင့် ၊ လောဘဒေါသာ ၊ အစဖြာသား ၊ ယုတ်မာစွာလှ ၊ အဓမ္မကို ၊ ဝေးကမလာ ၊ ကင်းရှင်းကွာအောင် ၊ ခါခါမပွား ၊ အပျင်းများမူ ၊ လေးပါးပယ်ရွာ ၊ နင့်အိမ်သာဟု ၊ စိတ်မှာစွဲကပ် ၊ သတိချပ်လော့ ။

လူ့ရပ်နတ်ရွာ ၊ ထက်ဗြဟ္မာနှင့် ၊ မဟာသုခ ၊ နိဗ္ဗာနသို့ ၊ ရှစ်ဝမဂ္ဂင် ၊ သဘောင်္ာယဉ်ဖြင့် ၊ ဆောလျင်ကပ်ခို ၊ ရောက်ရလိုမှု ၊ ထိုထိုပုည ၊ ကုသလကို ၊ နေ့ညမစဲ ၊လုံ့လသဲလော့ ။

ကြုံခဲလှစွာ ၊ သာသနာနှင့် ၊ နင့်မှာမရွေ့ ၊ ယခုတွေ့ပြီး ၊ မေ့မေ့မူးမူး ၊ နင်မရူးနှင့် ၊ ဆီဦးထောပတ် ၊ ရသာဓာတ်ကို ၊ အမြတ်တစ်ခု ၊ မှတ်မရှု့ဘဲ ၊ ရွာသူဝက်မိုက် ၊ မစင်ကြိုက်သို့ ၊ အမြိုက်တရား ၊ နင်ရှောင်ရှား၍ ၊ ငါးပါးအာရုံ ၊ မစင်ပုံကို ၊ စုံစုံမက်မက် ၊ မနှစ်သက်နှင့် ။

ထက်မြက်အဖျား ၊ သင်တုန်းသွားဝယ် ၊ပျားသဖွယ်ဟု ၊ ဥာဏ်ကျယ်သလောက် ၊ အပြစ်ကောက်၍ ၊ တောင်ချောက်မြိုင်ကြား ၊ သမင်များကို ၊ သစ်ကျားပုန်းအောင်း ၊
အရချောင်းသို့ ၊ တောင်ခေါင်းရိပ်မြှောင် ၊ သင်္ခမ်းချောင်ဝယ် ၊ တိမ်းရှောင်တစ်ကိုယ် ၊ တော-တော-ဆို၍ ၊ မဂ်ဖိုလ်မနှောင်း ၊ အရချောင်းမှ ၊ အပေါင်းဒုက္ခ ၊ ကင်းကွာရဟု ၊ ဗုဒ္ဓရွှေနှုတ် ၊ ကြာကမုခ်မှ ၊ လှစ်ထုတ်မြွက်ကြား ၊ မိန့်တော်ထားသည် ၊ နင့်ကားနင့်တွက် ၊ ကျင့်တော့တည်း ။ ။

 


လူကြီးများဖတ်ရန် ကလေးအတွေးများ



 လူကြီးများဖတ်ရန် ကလေးအတွေးများ

ကျွန်တော် ရဲ့ ချစ်သောသူငယ်ချင်းများ ခင်ဗျား
ကျွန်တော် သူငယ်ချင်းတို့ကို ပြောပြချင်နေသော စကားများရှိသော်လည်း ခု လတ်တလောအခြေအနေအရ ကိုယ်ကိုတိုင် ဘာကိုမှ ဟုတ်တိပါတ်တိ မရေးဖြစ် မရေးနိုင်ပါ။ အားသမျှသော အချိန်လေး တွင် ဘလော့များ ကို လိုက်ဖတ်နေရတာနှင့်တင် ရသောအချိန်လေး ကုန်ကုန်သွားပါသည်။ သိုရာတွင် တစ်ခုခု ပြောလိုသော အတွေး ပြင်းပြနေပါသဖြင့် အောက်ပါစာစုလေးအား သူငယ်ချင်းတစ်ယောက် အကူအညီတောင်း စာရိုက်ခိုင်းပြီး တင်မိပါသည်။ ခုတလော အဖြစ်ချင်ဆုံး ဆန္ဒ တဂ်ပိုစ့်များ လည်ဖတ်မိရင်း ပေါ်လာသော အတွေးတစ်စ ဖြစ်ပါသည်။ ကျွန်တော့်အတွေး ကလေးဆန်ကောင်း ဆန်နေပါလိမ့်မယ်။ ကိစ္စမရှိပါ ကျွန်တော် အခု တင်လိုက်သော စာစုသည်လည်း ဆရာ မင်းခိုက်စိုးစန် ၏ ကလေးအတွေး အက်ဆေး စာအုပ်ထဲမှ စာစုသာဖြစ်ပါသည်။


ကလေးအတွေး အက်ဆေး (၈)

(၁)

"ဟေ့...ချာတိတ်၊ ဒီလောက်မိုးရွာနေတာ...ဘာဖြစ်လို့ အိမ်ပြင်ထွက်ပြီး ရပ်နေရတာလဲ။ ကြည့်စမ်း... မင်းတစ်ကိုယ်လုံး ရွှဲရွှဲစိုနေပြီ"
"ကျွန်တော်...ပုန်းနေတာခင်ဗျ"
"ဟေ့...ဘာတွေပုန်းနေတာလဲ"
"မေမေက ရေချိုးပေးမယ်ဆိုလို့ ကြောက်လို့ ပုန်းနေတာ"

(၂)

ဒီအတွေးဟာ ကလေးတစ်ယောက်ရဲ့အတွေးဖြစ်တဲ့အတွက် တကယ့်ဖြစ်ရပ်နဲ့ သူရဲ့တွေးခေါ်ပုံ လွဲချော်နေတာကို ကြည့်ပြီး ကျွန်တော်တို့ ရယ်မောပစ်လို့ ရပါတယ်။
ကလေးငယ်ဟာ ရေချိုးရမှာကို ကြောက်တယ်။ အဲဒီလို သူကြောက်တဲ့အရာကို ရှောင်တိမ်းလိုက်တော့ရော လွတ်မြောက်သွားသလားဆိုတော့ မလွတ်မြောက်ပါဘူး။ မိုးရေထဲ ထွက်ပြီးရပ်နေတော့ တစ်ကိုယ်လုံး ရွှဲရွှဲစိုရပြန်တာပါပဲ။

ကျွန်တော်က အဲဒီစိတ်ကူးကလေးကို လူကြီးတစ်ယောက်ရဲ့ အတွေးအဖြစ် ပြောင်းလဲပြီးမြင်ကြည့်တယ်။ လူကြီးတွေရော ဘာထူးလို့လဲ။

ကျွန်တော်တို့ဟာ ဒုက္ခတစ်ခုခု၊ အကျပ်အတည်းတစ်ခုခုနဲ့ ရင်ဆိုင်ရမှာကို ကြောက်ကြတယ်။ ဖြစ်နိုင်ရင် ရင်မဆိုင်ချင်ဘူး။ ရှောင်တိမ်းပုန်းအောင်းချင်ကြတယ်။ အဲသည်လို ရှောင်တိမ်းလို့ရော ဒုက္ခကနေ လွတ်မြောက်သွားသလားဆိုတော့ မလွတ်မြောက်နိုင်ကြပါဘူး။ ပိုပြီးဆိုးဝါးတဲ့ အကျပ်အတည်းအောက်မှာ ရွှဲရွှဲစိုလျက်သား ဖြစ်သွားကြတာပါပဲ။

မာဂရက်ဘာခ့်ဝှိုက် ( Margaret Bourke White) ဆိုတဲ့ စာရေးဆရာမတစ်ယောက် ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။

"ကြောက်စိတ်နဲ့ တွေ့ရင် ရဲရဲရင်ဆိုင်၊ လုပ်သင့်လုပ်ထိုက်တာ တစ်ခုခုကို လုပ်။ အဲဒီလိုလုပ်လိုက်တဲ့ အလုပ်က မကြောက်အောင် ကယ်သွားလိမ့်မယ်" တဲ့။
အဲဒီစကားကို ကျွန်တော်သိပ်ကြိုက်ပါတယ်။ တစ်ကယ်ဆို ကျွန်တော်တို့ အလုပ်သင့်ဆုံးအလုပ်က အကျပ်အတည်းတွေ၊ ပြသာနာတွေ၊ ဒုက္ခတွေကို ရဲရဲရင်ဆိုင်ဖို့ပဲမဟုတ်လား။ ထွက်ပြေးနေဖို့ မဟုတ်ပါဘူး။
ထွက်ပြေးလိုက်ခါမှ ပြသာနာတွေ ပိုဆိုးရွားသွားတတ်ပါတယ်။ အမေရိကန်ပြဇာတ်လောကက နာမည်ကျော် ပြဇာတ်မင်းသမီးကြီး ဟယ်လင်ဟေး(စ်) Helen Hayes ရဲ့အကြောင်းကို တော်တော်လေး ကြားထားဖူးကြပြီးသား ဖြစ်မှာပါ။

သူမဟာ အသက်(၂၀) အရွယ်မှာ နာမည်ကြီးပြဇာတ်တစ်ပုဒ်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဦးဆုံး ကပြရတယ်။ ရုပ်ရည်ကလည်းလှ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါင်းဆောင်မင်းသမီးကလည်း ဖြစ်ရပြန်ဆိုတော့ ဟယ်လင်က သူ့ကိုယ်သူ အကျေနပ်ကြီးကျေနပ် နေတာပေါ့။

သူ အစွမ်းကုန်ကြိုးစား သရုပ်ဆောင်တယ်။ သူ့စိတ်ကူးအိမ်မက်ထဲမှာတော့ သူ့ရဲ့အနာဂတ်ခရီးဟာ အရမ်းကို လှပချောမွေ့နေပြီပေါ့။ နာမည်ကြီးမယ်၊ ငွေသောက်သောက်လဲ ရမယ်... စသည်ဖြင့်ပေါ့။ သူ့မှာရှိရှိသမျှ အားအင်တွေ၊အစွမ်းသတ္တိတွေကို ညစ်ထုတ်ပြီး ကြိုးစားခဲ့တာပါ။
သူ့ပြဇာတ် ပထမညအပြီးမှာ အဝတ်လဲခန်းထဲကနေပြီးတော့ သူ့သရုပ်ဆောင်ချက်ကို ချီးကျူးဂုဏ်ပြုလာကြမယ့်သူတွေကို စောင့်မျှော်နေတယ်။

ဒါပေမယ့် သူတစ်ကယ်ရင်ဆိုင်လိုက်ရတာကတော့ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်။ အမျိုးမျိုး ရှုတ်ချကြတယ်။ ကဲ့ရဲ့ဝေဖန်ကြတယ်။
"ကိုယ် သရုပ်ဆောင်ရမယ့် Character ကို မပိုင်နိုင်ဘူး "
"သဘာဝ မကျဘူး"
"ကိုယ့်ကိုကိုယ် အလှပြတာ များလွန်းနေတယ်"...
စသည်ဖြင့်ပေါ့။

အဲဒီမှာ အဆိုးဆုံးဝေဖန်ချက်တစ်ခုကတော့
"ဒီလိုအရည်အချင်းမျိုးနဲ့ နာမည်ကျော် ပြဇာတ်မင်းသမီးကောင်း တစ်ယောက်ဖြစ်မလာနိုင်ဘူး"
ဟယ်လင်ဟာ အရမ်းကို တုန်လှုပ်သွားတယ်။ ရှက်လည်းရှက်သွားတယ်။ သူ့ကိုယ်သူ သေးသေးလေး ဖြစ်သွားသလို ခံစားလိုက်ရတာ။ ဇာတ်စင်ကို ကျောခိုင်းပြီး ပြဇာတ်လောကကို စွန့်ခွာထွက်ပြေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ သူ အရှုံးပေးပြီလေ။ ထွက်ပြေးတော့မယ်။
ဒါပေမယ့် အဲဒီမှာ ဟယ်လင်ရဲ့အမေက အဖိုးထိုက်တန်တဲ့ စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ပါတယ်။

"သမီး...လက်တွေ့အခြေအနေကို ရှောင်နေလို့မရဘူး"

ဟယ်လင်ဟာ သတ္တိမွေးပြီး ရဲရဲရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ သူ့ကိုဝေဖန်ချက်တွေဟာ အမှတ်တွေချည်းပဲလို့ လက်ခံလာနိုင်တယ်။ သူဟာ သရုပ်ဆောင်ပညာကို အစကနေ ပြန်လေ့လာသင်ယူပြီး ကြိုးစားတော့တာပါပဲ။ ဒုက္ခတွေကို ခါးစည်းခံပြီးလို့ (၄) နှစ်အကြာမှာ သူဟာ ကမ္ဘာကျော် ပြဇာတ်မင်းသမီး တကယ်ဖြစ်လာတော့တာပါပဲ။

(၃)

ကျွန်တော်တို့ရော ဒုက္ခကို ဘယ်လိုရင်ဆိုင်နေကြပါသလဲ။ ရှောင်ပြေးနေကြပါသလား။ ရဲရဲရင်ဆိုင်နေကြပါသလား။ ရှောင်ပြေးနေကြသေးတယ်ဆိုရင်တော့ "ကလေးအတွေး"ပဲရှိသေးတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။


ဆရာမင်းစိုက်စိုးစန်ရဲ့ ကလေးအတွေး အက်ဆေး (၈) ပါ။
ကလေးအတွေး ကနေ လူကြီးတွေအတွက် တစ်စုံတစ်ရာအတွေး ရနိုင်ပါစေ။
 

ချစ်ခြင်းဖြင့်
ကြယ်သောကြာ


ကလေး၊ မိဘ နှင့် အနာဂတ်



ကလေး၊ မိဘ နှင့် အနာဂတ်

နားလည်မှုဆိုတဲ့စကားလုံးဟာ လူမှုဆက်ဆံရေးနယ်ပယ်တွေမှာ အင်မတန်မှကိုအရေးပါပါတယ်။ မိဘနဲ့သားသမီး ဆက်ဆံရေးမှာလည်း ဒီနားလည်မှုဆိုတဲ့စကားနဲ့ပတ်သက်ပြီး ပြောစရာတွေ ရှိနေပါတယ်။မိဘတိုင်း မိဘတိုင်းမှာသူတို့ရဲ့ သားသမီးတွေကို အကောင်းဆုံးထောက်ပံ့ပေးချင်တဲ့ စိတ်တွေရှိနေတယ်ဆိုတာသေချာပါတယ်။ စိတ်ရှိသလိုပဲ ... မိဘတွေဟာပေးဆပ်မှုတွေအထပ်ထပ်နဲ. သူတို.သားသမီးတွေရဲ့ဘ၀ကိုအစွမ်းကုန်မြှင့်တင်ပေးနိုင်ဖို့ကြိုးစားကြပါတယ်။ ဒါပေမယ့် ... လွဲချော်မှု တစ်ချို့တစ်ဝက်နဲ့အတူ ... မိဘတွေရဲ့အထောက်အပံ့တွေ၊ ပံ့ပိုးပေးမှုတွေဟာအရာမရောက် ဖြစ်သွားရတာမျိုးတွေရှိလာပါတယ်။ ဘာဖြစ်လို.ပါလဲ ... မိဘတွေအနေနဲ့ သူတိုရဲ. ကလေးတွေ ဘာကိုအမှန်တကယ်လိုအပ်နေတယ်ဆိုတာကို နားလည်သဘောမပေါက်လို့ပဲဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာတွေ အလျှံအပယ်နဲ့ မိဘမေတ္တာငတ်နေကြရရှာတဲ့ကလေးငယ်တွေ၊ ခေတ်မီဆန်းသစ်တဲ့ ကစားစရာတွေ အပုံအပင်ရဲ့ အလယ်မှာ မိဘတွေရဲ့အိမ်ပြန်အလာကို စောင့်မျှော်နေကြရရှာတဲ့ကလေးငယ်တွေ၊ အိစက်ညက်ညောတဲ့ ဖဲမွေ့ယာကြီးပေါ်မှာ မိဘတွေပြောပြမယ့် အိပ်ရာဝင်ပုံပြင်တွေကို မျှော်လင့်နေကြရတဲ့ ကလေးငယ်တွေ ... လောကကြီးထဲမှာ ဒီလိုပုံရိပ်တွေကိုကျွန်တော်တို့တွေ့နေရခြင်းဟာ မိဘတွေနဲ့ သားသမီးတွေကြားက နားလည်မှုလွဲချော်ခြင်းတွေရဲ့ အကျိုးဆက်တွေပါပဲ။ ဖြည့်ဆည်းပေးမှုတွေ ဘယ်လောက်ပဲများများ ... အဲဒါတွေဟာလိုအပ်မှုတွေနဲ့ ထပ်တူကျမနေဘူးဆိုရင် ... ဒါတွေဟာဘာမှ အရာမရောက်တဲ့အပိုစာသားတွေပဲဖြစ်နေမှာပါ။

'Without understanding of their children's needs, parents can't effectively support their children'

အရွယ်ရောက်လာတဲ့ ကလေးငယ် တစ်ယောက်ရဲ့ စိတ်ဓါတ်ထဲမှာမဖြစ်မနေရှိနေသင့်တဲ့ စိတ်အခြေအနေတွေရှိပါတယ် ... အဲဒါတွေကတော့ ... ဇွဲ၊ လုံ့လ၊ ၀ီရိယ၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်လိုမှု၊ အကြင်နာတရား စတာတွေဖြစ်ပါတယ်။ ဒီလိုမျိုးစိတ်အခြေအနေတွေကို ကလေးတွေ ရရှိပိုင်ဆိုင်နိုင်ဖို့ ဆိုတာကလည်း မိဘတွေမှာအများ ကြီးတာဝန်ရှိပါတယ်။ ကလေးငယ်တွေကို အကျိုးအကြောင်းရှင်းပြပြီး ဆုံးမပဲ့ပြင်တာမျိုးမဟုတ်ပဲ ဆူပူအော်ငေါက်နေတာမျိုးတွေ၊ ကြိမ်းမောင်းရိုက်နှက် တာမျိုးတွေဟာ ကလေးငယ်တွေရဲ့စိတ်ထဲက အကြင်နာတရားတွေကိုလျော့ပါးလာစေပါတယ်။ နောက်ပြီး ... ကလေးငယ်တွေရဲ့ စိတ်ဆန္ဒတွေတိုင်းကို တားမြစ်နှိပ်ကွပ်နေခြင်းမျိုးကိုလည်း မိဘတွေအနေနဲ့ ရှောင်ကျဉ်ဖို့ လိုပါတယ်။ ဘာပဲပြောပြော၊ ဘာပဲတောင်းတောင်း လိုက်လျောခံရခြင်းမရှိတဲ့ ကလေးငယ်တစ်ယောက်ရဲ့ စိတ်ထဲမှာ မိမိကိုယ်ကိုယုံကြည်မှု လျော့နည်းလာတတ်ပါတယ်။ ကလေးငယ်တွေရဲ့ တောင်းဆိုမှုဟာ အမှန်တကယ်လိုက်လျှောဖြည့်ဆည်း ပေးဖို့မသင့်တဲ့အရာမျိုးဖြစ်နေရင်လဲ ကလေးတွေရဲ့ စိတ်ကိုထိခိုက်မှုမဖြစ်စေပဲငြင်းပယ် နိုင်အောင်မိဘတွေအနေနဲ့ကြိုးစားသင့်ပါတယ်။ မိဘတွေဘက်က ကြည့်ရင်တော့ စိုးရိမ်လို့ချစ်လွန်းလို့ ချုပ်ခြယ်တာဖြစ်ကောင်းဖြစ်နိုင် ပေမယ့် ... ကလေးငယ်တွေဘက်က ကြည့်ရင်တော့ ဘ၀မှာလိုအပ်တဲ့အချို့စိတ်အခြေအနေတွေကို ဆုံးရှုံးစေပါတယ်။ လမ်းပေါ်ထွက်ပြီး ဘောလုံးကန်ချင်တဲ့ ကလေးငယ်ကိုအိမ်ထဲမှာပဲ ဂိမ်းထိုင်ဆော့ဖို့ပြောတတ်တဲ့မိဘတွေရှိပါတယ် ... အန္တရာယ်သိပ်မရှိဘူးဆိုရင် ဒါမျိုးကိုခွင့်ပြုသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဒီကလေးငယ်ဟာ ပူးပေါင်းဆောင်ရွက်မှုရဲ့အင်အားနဲ့ ပြိုင်ဘက်ရဲ့အရေးပါမှုတွေကို သိနိုင်ဖို့ခဲယဉ်းသွားပါလိမ့်မယ်။

'Nurturing and not breaking a child's will is the basis of creating confidence, cooperation and compassion in children.'

ကလေးငယ်တွေဟာ အရာရာကိုစူးစမ်းချင်ကြတယ်။ ဘာကိုမဆို ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ လုပ်ကြည့်ချင်ကြတယ်။ လောကထဲမှာအနေကြာပြီး လူဝါးဝနေပြီးသား လူကြီးတွေတောင် အမှားအယွင်းတွေနဲ့မကင်းနိုင်ဘူး ဆိုရင် ... ကလေးငယ်တွေ ဆိုရင်တော့ ခဏခဏမှားကြမှာ အသေအချာပါပဲ။ ကလေးငယ်တွေ အမှားအယွင်းတစ်ခုခု ကိုလုပ်မိတဲ့အခါ ... မိဘအများစုက ဘာတွေ လုပ်တတ်ပါသလဲ။ တော်တော်များများကတော့ရိုက်ပြီးတော့ဖြစ်စေ၊ ဆူပူအော်ဟစ်ပြီးဖြစ်စေ ဒီအမှားအယွင်းကို နောက်တစ်ခါ မလုပ်အောင်တားမြစ်ကြပါလိမ့်မယ်။ ဒါမျိုးလုပ်ခြင်းအားဖြင့် ကလေးငယ်နေနဲ့ ဒီလို အမှားအယွင်းမျိုးကို နောက်တစ်ခါ ထပ်လုပ်တော့မှာမဟုတ်ပေမဲ့ ဒါဟာအမှားအယွင်းကို သေသေချာချာ နားလည်သဘောပေါက်ပြီး နောက်ထက်မလုပ်ချင်တော့တာမျိုး မဟုတ်ပဲ ... မိဘကိုကြောက်လို့၊ အဆူခံရမှာစိုးရိမ်လို့ မလုပ်တော့တာမျိုးဖြစ်တဲ့အတွက် ဒီစောင့်ထိန်းမှုမျိုးဟာ ကြာရှည်ခံပါ့မလား ဆိုတဲ့ အချက်ဟာ စဉ်းစားစရာဖြစ်လာပါတယ်။ မိဘတွေအနေနဲ့ကလေးငယ်တွေကို သူတို့ရဲ့မှားယွင်းမှုအတွက် ကြောက်သွားတာမျိုး၊ စိတ်ထိခိုက် သွားတာမျိုး စတဲ့စိတ်ခံစားချက်တွေကို ဖြစ်စေဖို့သင်ပေးမယ့်အစား သူတို့ရဲ့ အမှားတွေကနေ သူတို့ကိုယ်တိုင် ပြန်လည်သင်ယူ လာနိုင်အောင်လမ်းကြောင်းပေးသင့်ပါတယ်။

'In stead of teaching our children to feel bad for their mistakes, we need to teach them to learn from their mistakes.'

မှားတယ် ... အမှားကိုမြင်တယ် ... အဲဒီ့အတွက်အမှန်ကိုရဖို့ကိုယ့်ဖာသာကိုယ်ပြင်ယူတယ်။ ဒီအဆင့်တွေကို ကလေးဘ၀မှာ အများကြီး ကြုံရမှာပါ။ မိဘတွေအနေနဲ့က မိမိတို့ရဲ့သားသမီးတွေမှားတယ်ဆိုတဲ့ အဆင့်ကို နားလည်ခွင့်လွှတ်ထားပြီး ကလေးငယ်တွေ အမှားကိုမြင်လာစေဖို့ ... အမှန်ကိုကိုယ့်ဖာသာကိုယ်ပြင်ယူနိုင်စေဖို့ဆိုတဲ့ အဆင့်တွေအတွက် ဆုံးမသွန်သင်တာမျိုး၊ နည်းပေးလမ်းပြ တာမျိုးတွေကို လုပ်ပေးဖို့သာလိုပါတယ်။ မိဘအများစုဟာ ကလေးငယ်တွေကိုမှားတယ်ဆိုတဲ့အဆင့်မှာတင် အပြစ်ပေးတာမျိုး၊ ဆူပူကြိမ်းမောင်းတာမျိုးတွေလုပ်လိုက်တဲ့အတွက် နောက်ကအဆင့်တွေကို ကလေးငယ်တွေ မရတော့ပဲ နောက်တစ်ခါထပ်မှားမှာကိုကြောက်သွားတဲ့ စိတ်ခံစားမှုကိုသာ ကလေးတွေရသွားရှာပါတယ်။ အင်မတန်မှကိုဆိုးပါတယ်။ ကလေးတွေအနေနဲ့မှားမိမှာကို ကြောက်တဲ့ခံစားချက်တွေကို ခံစားနေရတဲ့အတွက် သဘာဝကပေးတဲ့ အမှန်ကိုမိမိဖာသာပြင်ယူနိုင်တဲ့ စွမ်းရည်တွေကိုဆုံးရှုံးကြရပါတယ်။

'Children feel afraid of making mistakes, they lose the nature ability to self-correct.'

ကလေးဘ၀ကနေ လူငယ်၊လူငယ်ဘ၀ကနေ လူလတ်၊ လူလတ်ကနေ လူကြီး စသဖြင့်အသက်အရွယ်တွေ ပြောင်းလဲ ကြီးပြင်းလာကြသလို ကျွန်တော်တို့ရဲ့အတွေးအခေါ်တွေ၊ အယူအဆတွေ၊ ယုံကြည်မှုတွေ၊ စိတ်နေစိတ်ထားတွေ၊ အပြုအမူတွေကလည်း ဘ၀တလျှောက်လုံးမှာ လုံလောက်တဲ့ကြောင်းတရားတွေကိုမှီပြီး ပြောင်းလဲဖြစ်တည်နေကြရပါတယ်။ဒါဟာ .....သဘာဝတရားပါ။ ဒါပေမဲ့ ... ကိုယ့်ရဲ့ပြောင်းလဲမှုတွေဟာ ကိုယ့်အတွက်ရော လူ့အဖွဲ့အစည်းအတွက်ပါ လိုလားအပ်တဲ့ပြောင်းလဲမှုတွေဖြစ်နေဖို့ လိုအပ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အမြဲတမ်းမိမိကိုယ်ကိုစောင့်ကြည့် တည့်မတ်နေရမှာဖြစ်ပါတယ်။ ဒီလိုမျိုး မိမိရဲ့ကာယကံ၊ ၀စီကံ၊ မနောကံတွေကို အမြဲတမ်း သတိတရားနဲ့ စောင့်ကြည့်တည့်မတ်စေနိုင်တဲ့ အရည်အချင်းမျိုးကို ကလေးဘ၀ထဲက ပြုစုပျိုးထောင်ယူထားဖို့လိုပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ သဘာဝကပေးတဲ့အမှန်ကို မိမိဖာသာပြင်ယူနိုင်တဲ့ စွမ်းရည်မျိုးကို ကလေးဘ၀ကမှာ မရခဲ့ဘူးဆိုရင် ဘ၀မှာသင့်မြတ်လျှော်ကန်စွာနဲ့ အောင်မြင်တိုးတက်နိုင်တဲ့ အခွင့်အလမ်းတွေ ကိုဆုံးရှုံးရနိုင်ပါတယ်။ ဘ၀မှာအောင်မြင်နေကြတဲ့ သူတွေအားလုံးဟာ သူတို့ရဲ့မှားယွင်းမှုတွေကိုကိုယ်တိုင်ပြင်ဆင်တည့်မတ်နိုင်ပြီး သူတို့ရဲ့အတွေးအခေါ်တွေ၊ စိတ်နေသဘောထားတွေ၊ အပြုအမူတွေကိုပါ ပြေပြစ်ဆီလျှော်အောင် ပြောင်းလဲနိုင်စွမ်းရှိကြသူတွေပါ။

'Those who succeed in life are those who can self-correct and change their thinking, attitude or behavior'

သမိုင်းကြောင်းဆိုတာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လုပ်ရပ်တွေကို ပေါင်းထားတဲ့အချိန်ကာလ အစုအဖွဲ့တစ်ခုပါ။ အခုလက်ရှိပစ္စုပ္ပန်မှာရှိနေကြတဲ့ ကလေးငယ်တွေအားလုံးဟာ အနာဂတ်ဆိုတဲ့ ကာလတစ်ခုမှာအရွယ်ရောက်လာကြပြီး ခေတ်တစ်ခေတ်ရဲ့ သမိုင်းကို သူတို့နည်းသူတို့ဟန်နဲ့ ရေးထွင်းကြမှာပါ။ ဒီနေရာမှာ နိုင်ငံတစ်နိုင်ငံရဲ့သမိုင်းကြောင်း ဒါမှမဟုတ် ကမ္တာလောကကြီးရဲ့ သမိုင်းကြောင်းဟာ ယိုယွင်းဆုတ်ယုတ်သွားတာမျိုးမဖြစ်စေဖို့ဒီကလေးငယ်တွေရဲ့ စိတ်အခြေခံတွေ ကောင်းခဲ့ဖို့ မဖြစ်မနေကို လိုအပ် ပါတယ်။ မိဘတိုင်း စိတ်ဓါတ်တွေမြင့်မားပြီး သားသမီးတိုင်းရဲ့ အနာဂတ်ကိုတင့်တယ်စေနိုင်ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်မျှော်လင့် နေမိပါတယ်။

 
နေဘုန်းလတ်

စာကိုး - Children Are From Heaven By John Gray

စံ တိမ်းလွဲမှုများ နှင့် ကျွန်တော်တို့၏ အနာဂတ်



ခေါင်းစည်းဖတ်ပြီးတော့ ကြီးကြီးမားမားကြီး မတွေးလိုက်ကြပါနဲ့ ဦး။ ခေါင်းစဉ်တပ် ရေးမိတဲ့ ကျွန်တော်ကိုယ်တိုင် ဘာမှ သေချာမသိပါဘူး။ မသိရင် ပြောမနေပါနဲ့လား မောင်သောကြာရယ် လို့တော့လည်း မပြောလိုက်ပါနဲ့ဦးဗျာ။ ကျွန်တော် တွေးနေတာလေး မှန်မမှန် ဝေဖန်ပေးကြဖို့ သိအောင်တော့ ပြောပါရစေ..။

လက်ရှိ ကျွန်တော်တို့ ဝန်းကျင်မှာ တိုးတက် ဖြစ်တည်လာမှုတွေနဲ့ အတူ အခြေအနေအတိုင်းအတာ တစ်ခုအရ ပြောင်းလဲမှု့တွေ တစ်ခုပြီး တစ်ခု ရင်ဆိုင်ကြုံတွေ့ လက်ခံနေကြတယ် မဟုတ်လား။ အဓိက က Cultural Change ယဉ်ကျေးမှု့ ပြောင်းလဲလာခြင်း ဗျာ ။ နောက် Social-ecomomic Change လူမှုစီးပွါးရေးပြောင်းလဲမှု့တွေ.. အစရှိသည့် ခေတ်တစ်ခုရဲ့ စိန်ခေါ်မှု့၊ ခေတ်တစ်ခုရဲ့ဖျားယောင်းမှု့နောက် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကျွန်တော်တို့ လိုက်ပါ စီးနင်း ပြောင်းလဲ နေကြရတယ်။ သဟဇာတဖြစ်အောင် အရောင်တွေ ပြောင်းလဲခဲ့ကြရတယ် မဟုတ်လားဗျာ။ ဆိုတော့ ပြောင်းလဲလာတဲ့ အနေအထားတစ်ခုမှာ ကျွန်တော်တို့တွေ လမ်းဆုံးထိ မလျောက်ခင် ပြန်လည်သုံးသပ်ကြည့်ကြဖို့ လိုကြလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံ မတိုးတက်ပါဘူး လို့ မျက်စိမှိတ် အော်နေလို့ မရသလို တိုးတက်လာမှုတွေမှာ ဘယ်အတိုင်းအတာအထိ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ ပြန်မဆန်းစစ်ဘဲ နေလို့ မရပါဘူး။

ဒီအကြောင်းအရာက ပြောရရင် မောင်သောကြာတို့လို ကချွတ်ကမွှားလေးတွေ ဆွေးနွေးရမယ့် အပိုင်းမဟုတ်လို့ ဆက်မပြောပါဘူး။ သောကြာ ပြောချင်တာ သောကြာတို့ ရပ်ကွက်လေးထဲက ကလေးတွေ နောက် သောကြာ သင်ရတဲ့ ကလေးတွေ အကြောင်းပါ။ သောကြာ နှစ်ပိုင်းခွဲပြောပါမယ့်။ ရပ်ကွက်ထဲက ကလေးတွေအကြောင်းနဲ့ ကျောင်းက ကလေးတွေအကြောင်း ဆိုပြီး။

သောကြာက ကျောင်းပိတ်ရက်ဆို အမေအိမ်ပြန်နေလေ့ ရှိပါတယ်။ တစ်နှစ်မှ တစ်ခါလောက်ပြန်တာဆိုတော့ အပေါင်းအသင်းရယ် သတ်သတ်မှတ်မှတ်လည်း အဲသည်မှာ မရှိဘူးပေါ့။ ဒီတော့ သောကြာ ဘာလုပ်သလဲ ဆိုတော့ ရပ်ကွက်ထဲက ကလေးတွေကို နည်းနည်း သတိထား အကဲခပ်ကြည့်ပါတယ်။ အစကတော့ စကားပြောဖော်ရှာတာပါ။ နောက်တော့ သေသေချာချာ လေ့လာ အကဲခပ်ဖြစ်သွားပါတယ်။ နယ်မြို့တစ်မြို့ရဲ့ ထုံးစံအတိုင်း ပညာရေး အလေးထားတတ်သော ဝန်းကျင် ရှားတယ်ပေါ့ဗျာ။ ဆယ်တန်းအောင်ပြီး အဝေးသင် တက်နိုင်ရင်ကို တော်တော်လေး အတန်းပညာထွန်းပေါက်ပြီ ဆိုတဲ့ ဝန်းကျင်ဆိုပါတော့။ ရန်ကုန် မန္တလေးလောက်သာ ဟိုးကလေး ပေါက်စ အူဝဲလေးက စပြီး မဟာတက်တဲ့အထိ ကျူရှင်ယူ နောက် Lenguage တွေလျောက်တက် Computer ဘာညာ အစရှိတာတွေ ဖက်ရှင်တစ်ခုလို လုပ်နိုင်တာကိုးဗျ။ နယ်တွေမှာတော့ အဓိက က စီးပွားရှာတတ်ဖို့ ဘဲ လိုတာလေ။ ပွဲရုံလုပ်ငန်းကျွမ်းကျင်ရင် ကုန်ရောင်းကုန်ဝယ် လုပ်တတ်ရင် လူရာဝင်တဲ့ အသိုင်းအဝိုင်း ပေါ့ဗျာ။သင်တန်းဘာညာ စိတ်ဝင်စားလို့တက်ချင်ရင်တောင် တူတူတန်တန် ရှိတာမှ မဟုတ်တာ။ဒီတော့ အဲလိုဝန်းကျင်က ကလေးတွေ နဲ့ မောင်သောကြာ တွေ့ဖြစ်တယ်ပေါ့။

တွေ့စ မြင်စက သောကြာ ဘယ်လိုမှ ကြည့်မရဘူးဗျာ။ ဆံပင် အဝတ်အစား အပြောအဆို အကုန်ပါဘဲ ကောင်လေးတွေဆို ဂျစ်တစ်တစ် ပေကန်ကန် ကောင်မလေးတွေဆို ခပ်လန်လန် လေးတွေ အများဆုံး။ အဲ ခပ်အေးအေးလေးတွေကျတော့လည်း နောက်မှ သိရတာ တစ်မျိုးလေးတွေဗျ။ သောကြာ အိမ်ရှေ့က ညီအစ်မတွေဆို ဆိုင်ကယ်တစ်စင်းစီနဲ့ ဝင်လိုက်ထွက်လိုက် ကောင်လေးတွေက တရုန်းရုန်းဗျ။ အရွယ်ကောင်းလေးတွေမို့ အတန်းပညာ ဘယ်ရောက်ပြီလဲ မေးကြည့်တော့ ညီမနှစ်ယောက်လုံး ဆယ်တန်း ၂ ခါစီ ဖြေထားတယ်တဲ့ဗျ။ ထားတော့ သူရို့တွေအကြောင်းပြောနေရရင် လိုရင်းပျောက်လိမ့်မယ်။ များသောအားဖြင့် နည်းပညာ တိုးတက်ပြောင်းလဲလာမှု့ကြောင့် ကမ္ဘာ ရွာကြီး ဖြစ်လာချိန်မှာ သူရို့က ကျွန်တော်တို့ဆီက အခြေခံဖြစ်တဲ့ ဆယ်တန်းဆိုတဲ့ အတန်းပညာ ကိုတောင် တန်ဖိုးမထား နိုင်ကြဘူး ဖြစ်နေတယ်။ ဟုတ်ပြီ ဝန်းကျင်အရ ပညာ တန်ဖိုးနားမလည်တာထား ကျန်တဲ့ နေရာတွေကိုရော.. ကြည့်မိတယ်ဗျာ။ ယောကျာင်္းလေး ဆယ်ယောက်မှာ ကိုးယောက်လောက်က တွေ့လိုက်ရင် ပါးစပ်မှာ ကွမ်း လက်မှာဆေးလိပ် နဲ့ နေကုန်နေခမ်း လက်ဖက်ရည်ဆိုင်လိုလို လမ်းဘေးအုတ်ခုံလိုလို နဲ့ အချိန်ဖြုန်းနေကြတယ်ဗျာ။ ဆယ့်ရှစ်နှစ် မပြည့်သေးဘူး အရက်ကောင်းကောင်း သောက်တတ်နေပြီ မဟုတ်တာ လုပ်ရကောင်းမှန်းသိနေပြီ။ သောကြာ မေးကြည့်တယ် သူတို့ကို။ ညီ မင်းတို့ ကိုယ့်ဘဝကို ရုန်းရတော့မယ်ဆိုရင် ဘာတွေလုပ်မယ် စိတ်ကူးလဲပေါ့။ အားရစရာကြီးဗျာ ရေရေရာရာ ဘာမှ မရှိဘူး ဖြတ်လမ်းလိုက်မယ့် အလွယ်နည်းလမ်းတွေ ပြောပြကြတယ်။

သောကြာ ဆိုလိုချင်တာက ကလေးတွေမှာ ပညာဆိုတာ တန်ဖိုးထားရမယ် ဆိုတာ မသိတော့ဘူး။ ပညာထက် ငွေ ရှိဖို့က အဓိက ဖြစ်သွားပြီ။ ရွယ်တူချင်း ပေါင်းရင်တောင် ငွေရှိသူ သားသမီးက အပေါ်ကဘဲ။ ငွေသာလျင် အဓိက ဆိုတဲ့ အယူအဆ ကြီး စွဲထင်နေမှတော့ ငွေရလျှင် ဘာမဆို လုပ်ရဲသော အတွေးများ လွမ်းမိုးလာတာ မဆန်းပါဘူး။ နောက် ရှက်စရာဆိုတာ မသိတော့ဘူး။ လမ်းဘေး အပေါ့စွန့်ဖို့ ဝန်မလေးတော့သလို ပါးစပ်ကနေ ဖရုတ်သဝါစာ စကားတစ်ခွန်း လူပုံအလယ် လူကြီးသူမရှေ့ ပြောဖို့ မကြောက် မရှက်တော့ဘူး။ မရှက်တော့တာမဟုတ်ဘူး ရှက်စရာလို့ မထင်တော့တာ။ စီးပွားရှာမယ် ဆိုတော့ လည်သူစားတမ်း ဆိုတဲ့ လောကက ကြီးစိုးနေတော့ ကလေးတွေစိတ်ထဲမှာ သမာအာဇီဝ ဆိုတဲ့ စကားလုံး မသိတော့ဘူး။ "ဟိုကောင်ကို ငါဘယ်လို ရိုက်လိုက်တာကွာ" :ဘယ်သူက ဘယ်လို ဖန်သွားတာကွာ" "ဟာ ဒီကောင်က ဆရာကြီး အဲဂွင်မှာ"... စသည်ဖြင့် တစ်ယောက်ကို တစ်ယောက်လှိမ့်တာ ပတ်တာ လုပ်နိုင်ကြတာတွေ ဂုဏ်ယူစွာ လက်ခံ ကျင့်သုံးနေကြတာ မောင်သောကြာတစ်ယောက် ရင်လေးစွာနဲ့ နားထောင် ကြည့်မြင်ခဲ့နေမိပါတယ်။ ရိုးသားစွာ အသက်မွေးခြင်း ရိုးဂုဏ် ဆိုတာ ကလေးတွေ နားမလည်တော့ပါဘူး။ ဒါ အများစုသော လူငယ်တွေ ဖြစ်ပျက်နေတဲ့ အနေအထားပါ။

အဲ မောင်သောကြာ သင်နေရတဲ့ တက္ကသိုလ်က ကလေးတွေကို ကြည့်ကြည့်ရအောင်ပါ။ သောကြာတို့ တက္ကသိုလ်က သက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခုဖြစ်လို့ တစ်နှစ်မှာမှ ကျောင်းသား ၂၅၀ ဝန်းကျင်ဘဲ ရွေးချယ် လက်ခံတဲ့အတွက် တော်ရုံအရည်အချင်းနဲ့တော့ ကျောင်းလာတက်လို့ မရပါဘူး။ အနည်းနဲ့အများတော့ အခြေခံရှိတဲ့ ကျောင်းသားမျိုးသာ လာလို့ရတဲ့နေရပါ။အများစု ဖြစ်ပျက်နေတဲ့ လူငယ်တွေနဲ့စာရင် ခေတ်တစ်ခုကို ပညာ အမြင်နဲ့ ကြည့်တတ်တယ် ကြည်နိုင်တယ် ဆိုရမယ့် ကလေးတွေပေါ့။ အနည်းဆုံးတော့ သူတို့မှာ ဘယ်ရောက်အောင်သွားမယ် ဆိုတဲ့ ရည်ရွယ်ရာလေးတစ်ခုရှိကြတယ် ဆိုရပါမယ်။ ဒါပေမယ့် မောင်သောကြာ တွေ့မြင်ရတာ စိတ်ထဲ ဘဝင်မကျတာတွေများပါတယ်ဗျာ။ တက္ကသိုလ်ကျောင်းသား ဆိုပြီး ဘေးဂရုမစိုက်ဘဲ လမ်းအပြည့် လျောက်တာ.. ဒါဟာ စည်းကမ်းမရှိတာ ကိုယ်ကိုကိုယ် တာဝန်မယူလိုတဲ့စိတ်တွေလို့ သောကြာ ထင်ပါတယ်။ နောက် ကလေးတွေစိတ်ထဲ သူများထက် ထူးချင်တဲ့စိတ် လွဲမှားတဲ့ အတွေးလေးတွေပေါ့ဗျာ ရည်းစားများတာ ရှက်စရာ မဟုတ်ဘူး ဆိုတဲ့ အသိ နောက် ပြောရရင် sex ကိစ္စတွေမှာ ကလေးမတွေကပါ လွယ်လွယ် လက်ခံလာကြတာဘဲဗျ.။ ဟိရိသြတ္တပ္ပ ဆိုတာ သိပ်နားမလည်တော့ဘူး။ အများစု ပြောတာပါ။ ကျောင်းသားတွေဆိုလည်း တစ်လုံး နှစ်လုံး သုံးလုံး လောင်းစရာ ရှိတာ အကုန်လောင်း ဒါဟာ မကောင်းမှု့လို့ မမြင်တော့ဘူး။ ဘွဲ့ရ အလုပ်ရှာတော့လည်း ခေါင်းစဉ်တပ် ကတည်းက အောက်ဆိုဒ် ကောင်းတဲ့ အလုပ်တဲ့ လစာက ရာထူးက အဓိက မကျ သလိုဘဲ။ မတရားရတဲ့ ဝင်ငွေဟာ နည်းမှန်လမ်းမှန်လို့ မြင်နေကြတာ ဆိုးပါတယ်။ အဲ ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ ကလေးရှိတော့ရှိပါတယ် တကယ်ကိုရည်မှန်းချက်ကြီးကြီး နဲ့ ကြိုးစားနေတဲ့ ကလေးတွေ။ ဒါပေမယ့် ဒါက တစ်ရာမှာ တစ်ယောက်ပါ။ ဆိုတော့ အများစု မြင်သမျှကို ပြောရရင်တော့ အများကြီးဗျ။ အစက တစ်ခုချင်း အသေးစိတ် ပြောပြဖို့ သောကြာ အတွေးရှိပါတယ်။ ဒါပေမယ့် ပြောနေရရင် အခန်းဆက်ရေးနေရပါလိမ့်မယ်။ ဒီလောက်ဆို ဖတ်သူတွေလည်း မြင်မှာပါ ခင်ဗျားတို့ ဝန်းကျင်မှာလည်း ရှိနေမယ်ထင်ပါတယ်။

ပြောချင်တာ အတိုချုပ် ပြောရရင်တော့ ကျွန်တော်တို့ ကလေးအများစု ဟာ အတွေးအခေါ် အသိအမြင်တွေ လွဲနေပါတယ်။ ရှက်စရာကို ရှက်ရကောင်းမှန်းမသိပါဘူး။တန်ဖိုးရှိတာ တန်ဖိုးထားရကောင်းမှန်းမသိပါဘူး။ ဝန်းကျင်ရဲ့ လွဲချော်နေမှု့ တစ်ခုအောက် သူတို့တွေဟာ လွဲချော်မှု့တွေကို အမှန်လို့ဘဲ သိမြင်နေကြပါတယ်။ အတုယူရမယ့် သူတို့ရဲ့ သူရဲကောင်း ပျောက်ဆုံးနေပါတယ်။ စံချိန် စံညွှန်း ထားရမယ့် တန်ဖိုးတွေ စံတိမ်းလွဲနေပါတယ်။ ကျွန်တော်တို့တွေ အသက်ကြီးလာလို့ နောင်တစ်ချိန် ဒီလိုလွဲနေတဲ့ စံတွေနဲ့ ကြီးပြင်းလာရတဲ့ ဒီကလေးတွေ နေရာ ယူလာချိန်ကြရင်...ကျွန်တော် စဉ်းစားနေတာပါ။ သူဘာသူ ဖြစ်သွားပါလိမ့်မယ်လို့ ကျွန်တော်တော့ အတွေးမပိုက်နိုင်တာ အမှန်ပါဘဲ။ ဘယ်သူတွေမှာ တာဝန်ရှိတယ် ဘယ်သူတွေ ဘာလုပ်ကြရမယ် ကျွန်တော် မသိပါဘူး။ ကျွန်တော် တွေးနေတာ ဒီလို စံတိမ်းလွဲမှု့တွေ ဘယ်လောက်များများ လူငယ်တွေ လွဲမှားစွာ လက်ခံထားကြပြီလဲ။ ဘယ်အရာက သူတို့ကို လမ်းကြောင်းအမှန်ရောက်အောင် ဆွဲခေါ်သွားမှာလဲ ဆိုတာပါဘဲ...။
 
 
ချစ်ခြင်းဖြင့်
ကြယ်သောကြာ


ကလေးများ လွတ်လပ်စွာ ကစားနိုင်ပါစေ



နှပ်ချေးထူ ။ ။ နေရောင်ခြည်ဟာ တန်ဖိုးရှိမှန်း အခုလိုရက်မျိုးမှ သိရတော့တယ်။ လေး ငါးရက် မိုးစွေနေလို့ အိမ်ထဲမှာ ကုပ်နေရတာ လူတောင် ချည့်နဲ့ချင်သွားတယ်။
နှပ်ချေးတွဲလောင်း။ ။ ငါကတော့ အပြင်ထွက် မကစားရရင် ပျင်းလို့သေတော့မယ်။ အိမ်မှာ ဗီဒီယိုစက်မရှိ၊ ကွန်ပျူတာ ဂိမ်းလည်းမရှိ။ ကစားစရာကောင်း မရှိ။
နှပ်ချေးယို ။ ။ ညည်းညူမနေနဲ့။ အဲဒါတွေ မရှိတာကိုက တို့တစ်တွေ ကံကောင်းနေတာ။
နှပ်ချေးတွဲလောင်း။ ။ဖြစ်နိုင်ပါ့မလား ယိုယိုရယ်။

နှပ်ချေးယို ။ ။ ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲတဲ့။ တို့မှာ ဒါတွေ မရှိတော့ အပြင်ထွက် ဆော့နေရတယ်။ အဲဒီတော့ နေရောင်ခြည်ရတယ်။ လေကောင်းလေသန့် ရတယ်။ ပေါင်းသင်းဆက်ဆံရေး ရတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်စွမ်း ရတယ်။ လွတ်လပ်မှု ရတယ်။ စိတ်ရော ကိုယ်ရော ဖွံ့ဖြိုးတိုးတက်မှု ရတယ်။
နှပ်ချေးထူ ။ ။ တယ်ဆိုတဲ့ စာပါလား။ မင်းဘယ်တုန်းက တိတ်တိတ်လေး ပညာရှိ ဖြစ်သွားတာလား။ တို့လည်းမသိလိုက်ပါလား။ အချင်းချင်း လက်တို့ ဦးမှပေါ့။
နှပ်ချေးယို ။ ။ ငါပြောတာ မဟုတ်ဘူး။ စိတ်ပညာရှင်တွေ၊ ကလေးပညာရှင်တွေ၊ လူ ၃၀၀ လောက် စုထုတ်ထားတဲ့ စစ်တမ်းတစ်စောင်ထဲမှာ ပါတယ်။ ဦးဆောင်တဲ့သူက စာရေးဆရာမ စူးပါးမား တဲ့။ သူက နာမည်ကျော် “အဆိပ်သင့် ကလေးဘဝ” စာအုပ်ရေးခဲ့သူ။
နှပ်ချေးတွဲလောင်း။ ။ သူ့စာအုပ်က ဟယ်ရီပေါ်တာလို ဖတ်ကောင်းလို့လား။
နှပ်ချေးယို ။ ။ သူ့စာအုပ်က ဝတ္ထုစာအုပ် မဟုတ်ဘူးကွ။ မျက်မှောက်ခေတ် ကလေးတွေ အိမ်ပြင်ထွက် ကစားခွင့်မရတော့လို့ စိတ်ရောကိုယ်ပါ ချို့ယွင်းပြီး အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး ထိခိုက်မယ့်အကြောင်း ရေးထားတာ။
နှပ်ချေးထူ ။ ။  ကလေးတွေက ဘာဖြစ်လို့ အိမ်ပြင်ထွက် မကစားကြတာလဲ။
နှပ်ချေးယို ။ ။ သူတင်ပြထားတာ အကြောင်းအမျိုးမျိုးပဲ။ ကွန်ပျူတာ ဂိမ်းတွေ၊ အဆင့်မြင့် နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ကလေးကစားစရာတွေ၊ ရုပ်မြင်သံကြား အစီအစဉ်တွေနဲ့ အိမ်ထဲမှာ အချိန်ကုန်နေတာလည်းပါတယ်။ ကျောင်းစာတွေ များလို့ ဖိစီးခံနေရတာလည်း ပါတယ်။ မိဘတွေက အိမ်ပြင်ထွက်ခွင့် မပေးတာလည်း ပါတယ်။
နှပ်ချေးတွဲလောင်း။ ။ ဘာကြောင့် ထွက်ခွင့်မပေးတာလဲ။
နှပ်ချေးယို ။ ။ ကလေးတွေအတွက် အန္တရာယ် အမျိုးမျိုး ရှိလို့ပေါ့။ မော်တော်ကားတွေ ထူထပ်တယ်။ ကလေးပြန်ပေးဆွဲမှုတွေ၊ ကလေး လူကုန်ကူးမှုတွေ ရှိတယ်။ ယူနီဆက်အဖွဲ့ရဲ့ နောက်ဆုံးစစ်တမ်း အရဆိုရင် ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ နိုင်ငံ ၂၁ နိုင်ငံမှာ ဗြိတိန်နိုင်ငံက ကလေးတွေက စိတ်ချမ်းမြေ့မှု အနည်းဆုံးတဲ့။
နှပ်ချေးထူ ။ ။ ဒါဆို တို့ကံကောင်းတာပေါ့။ တကယ်တော့ ကလေးနဲ့ မြေတလင်းဆိုတာ ခွဲလို့မရတဲ့ အရာတွေကွ။ တို့ ဒီလို လွတ်လွတ်လပ်လပ် ဆော့ချင်းတိုင်း ဆော့လို့ရတာ ကုသိုလ်ထူးလို့ပေါ့နော်။
နှပ်ချေးယို ။ ။ မှန်တာပေါ့ကွာ။ ကိုယ်ရောစိတ်ပါ ကျန်းမာနိုင်တယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ဒုက္ခရောက်နေတဲ့ ကလေးတွေလည်း အများကြီးကွ။  ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးတွေက ကလေးတွေ ခုနကလို “အဆိပ်သင့်နေတဲ့ ပန်းကလေး” တွေ ဖြစ်နေသလို၊ မဖွံ့ဖြိုးသေးတဲ့ အာရှ၊ အာဖရိက နဲ့ လက်တင် အမေရိက က ကလေးတွေကျတော့လည်း ကောင်းကောင်း မစားရ၊ မနေရ၊ ကျန်းမာရေး စောင့်ရှောက်မှု မခံရ၊ ပညာမသင်ရနဲ့ ရေငတ်တဲ့ ပန်းကလေးတွေ ဖြစ်နေတယ်။
နှပ်ချေးထူ ။ ။ ဟုတ်တယ်။ ငါ ဂျာနယ်ထဲမှ ဖတ်လိုက်ရတယ်။ အီရတ်လို အကြမ်းဖက် တိုက်ခိုက်မှုတွေ မပြတ်ဖြစ်နေတဲ့ နိုင်ငံက ကလေးငယ်တွေဟာ ကျန်းမာရေး၊ ပညာရေး၊ လူအှုရေး အဘက်ဘက်မှာ ချို့ယွင်းလို့ အကူအညီး ပေးဖို့ လိုအပ်နေတယ်လို့ ယူနီဆက်က သတိပေးနေတာ ကြားလိုက်ရတယ်။ အဲဒီက ကလေးငယ်တွေကို ကူညီဖို့ ၆ လ အတွက် ဒေါ်လာ ၄၂ သန်း လိုတယ်တဲ့။ ဒါကြောင့် ရန်ပုံငွေ ထည့်ဖို့ လှုံ့ဆော်နေရတာ။
နှပ်ချေးယို ။ ။  အဲဒါထက် ဆိုးတာရှိသေးတယ်။ အယ်လ်ကေဒါလို အကြမ်းဖက် အဖွဲ့အစည်းတွေက ကလေးတွေကို စည်းရုံး သိမ်းသွင်းပြီး အသုံးချဖို့ ကြိုးစားနေတာပဲ။ သူတို့က အရွယ်မရောက်သေးတဲ့ ကလေးတွေကို လက်သပ်မွေးပြီး ဇာတ်သွင်း ပျိုးထောင်နေတာ၊ ကလေးတွေကို သက်သက်ဓားစားခံ လုပ်နေတာပဲကွ။
နှပ်ချေးတွဲလောင်း။ ။ နေဦး လောလောဆယ် နာဂစ်ကြောင့် မြစ်ဝကျွန်းပေါ်ဘက်မှာ ဒုက္ခရောက်သွားတဲ့ ကလေးတွေ မနည်းလှဘူးဆို။
နှပ်ချေးထူ ။ ။ ဟုတ်တယ်ဟေ့၊ မိဘမဲ့ကလေးတွေ တော်တော်များတယ်။ ခုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ စေတနာရှုင်တွေက အစစအရာရာ ကူညီနေကြပါပြီ။ သူတို့က ကျောင်းသားကျောင်းသူတွေကို ဆက်ပြီး ပညာ ဆည်းပူးနိုင်အောင် အထိပေါ့။
နှပ်ချေးယို ။ ။ ကောင်းပါတယ်။ တို့တွေက ကျောင်းတက်သလို၊ သူတို့တွေသာမက ကလေးတိုင်း ကျောင်းဖွင့်ချိန်မှာ ကျောင်းတက်နိုင်စေချင်တယ်။
နှပ်ချေးတွဲလောင်း။ ။  မင်းပြောသလိုဆို “ပန်းကလေးများ တေးဆိုချင်ပေါ့”။

သစ္စာနီ 
Ecovision ၂၅ ဇွန်၊ ၂၀၀၈