နှပ်ချေးထူ ။ ။ နေရောင်ခြည်ဟာ တန်ဖိုးရှိမှန်း
အခုလိုရက်မျိုးမှ သိရတော့တယ်။ လေး ငါးရက် မိုးစွေနေလို့
အိမ်ထဲမှာ ကုပ်နေရတာ လူတောင် ချည့်နဲ့ချင်သွားတယ်။
နှပ်ချေးတွဲလောင်း။ ။ ငါကတော့ အပြင်ထွက် မကစားရရင် ပျင်းလို့သေတော့မယ်။ အိမ်မှာ ဗီဒီယိုစက်မရှိ၊ ကွန်ပျူတာ ဂိမ်းလည်းမရှိ။ ကစားစရာကောင်း မရှိ။
နှပ်ချေးယို ။ ။ ညည်းညူမနေနဲ့။ အဲဒါတွေ မရှိတာကိုက တို့တစ်တွေ ကံကောင်းနေတာ။
နှပ်ချေးတွဲလောင်း။ ။ဖြစ်နိုင်ပါ့မလား ယိုယိုရယ်။
နှပ်ချေးယို ။ ။ ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲတဲ့။
တို့မှာ ဒါတွေ မရှိတော့
အပြင်ထွက် ဆော့နေရတယ်။ အဲဒီတော့ နေရောင်ခြည်ရတယ်။ လေကောင်းလေသန့်
ရတယ်။ ပေါင်းသင်းဆက်ဆံရေး ရတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်စွမ်း
ရတယ်။ လွတ်လပ်မှု ရတယ်။ စိတ်ရော ကိုယ်ရော ဖွံ့ဖြိုးတိုးတက်မှု ရတယ်။
နှပ်ချေးထူ ။ ။ တယ်ဆိုတဲ့ စာပါလား။ မင်းဘယ်တုန်းက တိတ်တိတ်လေး ပညာရှိ ဖြစ်သွားတာလား။ တို့လည်းမသိလိုက်ပါလား။ အချင်းချင်း လက်တို့ ဦးမှပေါ့။
နှပ်ချေးယို ။ ။ ငါပြောတာ မဟုတ်ဘူး။ စိတ်ပညာရှင်တွေ၊
ကလေးပညာရှင်တွေ၊ လူ ၃၀၀ လောက် စုထုတ်ထားတဲ့ စစ်တမ်းတစ်စောင်ထဲမှာ ပါတယ်။
ဦးဆောင်တဲ့သူက စာရေးဆရာမ စူးပါးမား တဲ့။ သူက နာမည်ကျော် “အဆိပ်သင့် ကလေးဘဝ”
စာအုပ်ရေးခဲ့သူ။
နှပ်ချေးတွဲလောင်း။ ။ သူ့စာအုပ်က ဟယ်ရီပေါ်တာလို ဖတ်ကောင်းလို့လား။
နှပ်ချေးယို ။ ။ သူ့စာအုပ်က ဝတ္ထုစာအုပ် မဟုတ်ဘူးကွ။
မျက်မှောက်ခေတ် ကလေးတွေ အိမ်ပြင်ထွက် ကစားခွင့်မရတော့လို့ စိတ်ရောကိုယ်ပါ
ချို့ယွင်းပြီး အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး ထိခိုက်မယ့်အကြောင်း ရေးထားတာ။
နှပ်ချေးထူ ။ ။ ကလေးတွေက ဘာဖြစ်လို့ အိမ်ပြင်ထွက် မကစားကြတာလဲ။
နှပ်ချေးယို ။ ။ သူတင်ပြထားတာ အကြောင်းအမျိုးမျိုးပဲ။
ကွန်ပျူတာ ဂိမ်းတွေ၊ အဆင့်မြင့် နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ကလေးကစားစရာတွေ၊
ရုပ်မြင်သံကြား အစီအစဉ်တွေနဲ့ အိမ်ထဲမှာ
အချိန်ကုန်နေတာလည်းပါတယ်။ ကျောင်းစာတွေ များလို့ ဖိစီးခံနေရတာလည်း ပါတယ်။
မိဘတွေက အိမ်ပြင်ထွက်ခွင့် မပေးတာလည်း ပါတယ်။
နှပ်ချေးတွဲလောင်း။ ။ ဘာကြောင့် ထွက်ခွင့်မပေးတာလဲ။
နှပ်ချေးယို ။ ။ ကလေးတွေအတွက် အန္တရာယ် အမျိုးမျိုး
ရှိလို့ပေါ့။ မော်တော်ကားတွေ ထူထပ်တယ်။ ကလေးပြန်ပေးဆွဲမှုတွေ၊ ကလေး
လူကုန်ကူးမှုတွေ ရှိတယ်။ ယူနီဆက်အဖွဲ့ရဲ့ နောက်ဆုံးစစ်တမ်း အရဆိုရင်
ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ နိုင်ငံ ၂၁ နိုင်ငံမှာ ဗြိတိန်နိုင်ငံက ကလေးတွေက
စိတ်ချမ်းမြေ့မှု အနည်းဆုံးတဲ့။
နှပ်ချေးထူ ။ ။ ဒါဆို တို့ကံကောင်းတာပေါ့။ တကယ်တော့
ကလေးနဲ့ မြေတလင်းဆိုတာ ခွဲလို့မရတဲ့ အရာတွေကွ။ တို့ ဒီလို
လွတ်လွတ်လပ်လပ် ဆော့ချင်းတိုင်း ဆော့လို့ရတာ ကုသိုလ်ထူးလို့ပေါ့နော်။
နှပ်ချေးယို ။ ။ မှန်တာပေါ့ကွာ။ ကိုယ်ရောစိတ်ပါ
ကျန်းမာနိုင်တယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ဒုက္ခရောက်နေတဲ့ ကလေးတွေလည်း
အများကြီးကွ။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးတွေက ကလေးတွေ ခုနကလို
“အဆိပ်သင့်နေတဲ့ ပန်းကလေး” တွေ ဖြစ်နေသလို၊ မဖွံ့ဖြိုးသေးတဲ့ အာရှ၊ အာဖရိက
နဲ့ လက်တင် အမေရိက က ကလေးတွေကျတော့လည်း ကောင်းကောင်း မစားရ၊ မနေရ၊
ကျန်းမာရေး စောင့်ရှောက်မှု မခံရ၊ ပညာမသင်ရနဲ့ ရေငတ်တဲ့
ပန်းကလေးတွေ ဖြစ်နေတယ်။
နှပ်ချေးထူ ။ ။ ဟုတ်တယ်။ ငါ ဂျာနယ်ထဲမှ ဖတ်လိုက်ရတယ်။
အီရတ်လို အကြမ်းဖက် တိုက်ခိုက်မှုတွေ မပြတ်ဖြစ်နေတဲ့ နိုင်ငံက ကလေးငယ်တွေဟာ
ကျန်းမာရေး၊ ပညာရေး၊ လူအှုရေး အဘက်ဘက်မှာ ချို့ယွင်းလို့ အကူအညီး ပေးဖို့
လိုအပ်နေတယ်လို့ ယူနီဆက်က သတိပေးနေတာ ကြားလိုက်ရတယ်။ အဲဒီက ကလေးငယ်တွေကို
ကူညီဖို့ ၆ လ အတွက် ဒေါ်လာ ၄၂ သန်း လိုတယ်တဲ့။ ဒါကြောင့် ရန်ပုံငွေ ထည့်ဖို့
လှုံ့ဆော်နေရတာ။
နှပ်ချေးယို ။ ။ အဲဒါထက် ဆိုးတာရှိသေးတယ်။ အယ်လ်ကေဒါလို
အကြမ်းဖက် အဖွဲ့အစည်းတွေက ကလေးတွေကို စည်းရုံး သိမ်းသွင်းပြီး အသုံးချဖို့
ကြိုးစားနေတာပဲ။ သူတို့က အရွယ်မရောက်သေးတဲ့ ကလေးတွေကို လက်သပ်မွေးပြီး
ဇာတ်သွင်း ပျိုးထောင်နေတာ၊ ကလေးတွေကို သက်သက်ဓားစားခံ လုပ်နေတာပဲကွ။
နှပ်ချေးတွဲလောင်း။ ။ နေဦး လောလောဆယ် နာဂစ်ကြောင့် မြစ်ဝကျွန်းပေါ်ဘက်မှာ ဒုက္ခရောက်သွားတဲ့ ကလေးတွေ မနည်းလှဘူးဆို။
နှပ်ချေးထူ ။ ။ ဟုတ်တယ်ဟေ့၊
မိဘမဲ့ကလေးတွေ တော်တော်များတယ်။ ခုတော့ သက်ဆိုင်ရာ
အဖွဲ့အစည်းတွေ၊ စေတနာရှုင်တွေက အစစအရာရာ ကူညီနေကြပါပြီ။
သူတို့က ကျောင်းသားကျောင်းသူတွေကို ဆက်ပြီး ပညာ ဆည်းပူးနိုင်အောင် အထိပေါ့။
နှပ်ချေးယို ။ ။ ကောင်းပါတယ်။ တို့တွေက ကျောင်းတက်သလို၊ သူတို့တွေသာမက ကလေးတိုင်း ကျောင်းဖွင့်ချိန်မှာ ကျောင်းတက်နိုင်စေချင်တယ်။
နှပ်ချေးတွဲလောင်း။ ။ မင်းပြောသလိုဆို “ပန်းကလေးများ တေးဆိုချင်ပေါ့”။
သစ္စာနီ
Ecovision ၂၅ ဇွန်၊ ၂၀၀၈
Ecovision ၂၅ ဇွန်၊ ၂၀၀၈
0 comments:
Post a Comment