6 Oct 2016

စံ တိမ်းလွဲမှုများ နှင့် ကျွန်တော်တို့၏ အနာဂတ်



ခေါင်းစည်းဖတ်ပြီးတော့ ကြီးကြီးမားမားကြီး မတွေးလိုက်ကြပါနဲ့ ဦး။ ခေါင်းစဉ်တပ် ရေးမိတဲ့ ကျွန်တော်ကိုယ်တိုင် ဘာမှ သေချာမသိပါဘူး။ မသိရင် ပြောမနေပါနဲ့လား မောင်သောကြာရယ် လို့တော့လည်း မပြောလိုက်ပါနဲ့ဦးဗျာ။ ကျွန်တော် တွေးနေတာလေး မှန်မမှန် ဝေဖန်ပေးကြဖို့ သိအောင်တော့ ပြောပါရစေ..။

လက်ရှိ ကျွန်တော်တို့ ဝန်းကျင်မှာ တိုးတက် ဖြစ်တည်လာမှုတွေနဲ့ အတူ အခြေအနေအတိုင်းအတာ တစ်ခုအရ ပြောင်းလဲမှု့တွေ တစ်ခုပြီး တစ်ခု ရင်ဆိုင်ကြုံတွေ့ လက်ခံနေကြတယ် မဟုတ်လား။ အဓိက က Cultural Change ယဉ်ကျေးမှု့ ပြောင်းလဲလာခြင်း ဗျာ ။ နောက် Social-ecomomic Change လူမှုစီးပွါးရေးပြောင်းလဲမှု့တွေ.. အစရှိသည့် ခေတ်တစ်ခုရဲ့ စိန်ခေါ်မှု့၊ ခေတ်တစ်ခုရဲ့ဖျားယောင်းမှု့နောက် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကျွန်တော်တို့ လိုက်ပါ စီးနင်း ပြောင်းလဲ နေကြရတယ်။ သဟဇာတဖြစ်အောင် အရောင်တွေ ပြောင်းလဲခဲ့ကြရတယ် မဟုတ်လားဗျာ။ ဆိုတော့ ပြောင်းလဲလာတဲ့ အနေအထားတစ်ခုမှာ ကျွန်တော်တို့တွေ လမ်းဆုံးထိ မလျောက်ခင် ပြန်လည်သုံးသပ်ကြည့်ကြဖို့ လိုကြလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံ မတိုးတက်ပါဘူး လို့ မျက်စိမှိတ် အော်နေလို့ မရသလို တိုးတက်လာမှုတွေမှာ ဘယ်အတိုင်းအတာအထိ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ ပြန်မဆန်းစစ်ဘဲ နေလို့ မရပါဘူး။

ဒီအကြောင်းအရာက ပြောရရင် မောင်သောကြာတို့လို ကချွတ်ကမွှားလေးတွေ ဆွေးနွေးရမယ့် အပိုင်းမဟုတ်လို့ ဆက်မပြောပါဘူး။ သောကြာ ပြောချင်တာ သောကြာတို့ ရပ်ကွက်လေးထဲက ကလေးတွေ နောက် သောကြာ သင်ရတဲ့ ကလေးတွေ အကြောင်းပါ။ သောကြာ နှစ်ပိုင်းခွဲပြောပါမယ့်။ ရပ်ကွက်ထဲက ကလေးတွေအကြောင်းနဲ့ ကျောင်းက ကလေးတွေအကြောင်း ဆိုပြီး။

သောကြာက ကျောင်းပိတ်ရက်ဆို အမေအိမ်ပြန်နေလေ့ ရှိပါတယ်။ တစ်နှစ်မှ တစ်ခါလောက်ပြန်တာဆိုတော့ အပေါင်းအသင်းရယ် သတ်သတ်မှတ်မှတ်လည်း အဲသည်မှာ မရှိဘူးပေါ့။ ဒီတော့ သောကြာ ဘာလုပ်သလဲ ဆိုတော့ ရပ်ကွက်ထဲက ကလေးတွေကို နည်းနည်း သတိထား အကဲခပ်ကြည့်ပါတယ်။ အစကတော့ စကားပြောဖော်ရှာတာပါ။ နောက်တော့ သေသေချာချာ လေ့လာ အကဲခပ်ဖြစ်သွားပါတယ်။ နယ်မြို့တစ်မြို့ရဲ့ ထုံးစံအတိုင်း ပညာရေး အလေးထားတတ်သော ဝန်းကျင် ရှားတယ်ပေါ့ဗျာ။ ဆယ်တန်းအောင်ပြီး အဝေးသင် တက်နိုင်ရင်ကို တော်တော်လေး အတန်းပညာထွန်းပေါက်ပြီ ဆိုတဲ့ ဝန်းကျင်ဆိုပါတော့။ ရန်ကုန် မန္တလေးလောက်သာ ဟိုးကလေး ပေါက်စ အူဝဲလေးက စပြီး မဟာတက်တဲ့အထိ ကျူရှင်ယူ နောက် Lenguage တွေလျောက်တက် Computer ဘာညာ အစရှိတာတွေ ဖက်ရှင်တစ်ခုလို လုပ်နိုင်တာကိုးဗျ။ နယ်တွေမှာတော့ အဓိက က စီးပွားရှာတတ်ဖို့ ဘဲ လိုတာလေ။ ပွဲရုံလုပ်ငန်းကျွမ်းကျင်ရင် ကုန်ရောင်းကုန်ဝယ် လုပ်တတ်ရင် လူရာဝင်တဲ့ အသိုင်းအဝိုင်း ပေါ့ဗျာ။သင်တန်းဘာညာ စိတ်ဝင်စားလို့တက်ချင်ရင်တောင် တူတူတန်တန် ရှိတာမှ မဟုတ်တာ။ဒီတော့ အဲလိုဝန်းကျင်က ကလေးတွေ နဲ့ မောင်သောကြာ တွေ့ဖြစ်တယ်ပေါ့။

တွေ့စ မြင်စက သောကြာ ဘယ်လိုမှ ကြည့်မရဘူးဗျာ။ ဆံပင် အဝတ်အစား အပြောအဆို အကုန်ပါဘဲ ကောင်လေးတွေဆို ဂျစ်တစ်တစ် ပေကန်ကန် ကောင်မလေးတွေဆို ခပ်လန်လန် လေးတွေ အများဆုံး။ အဲ ခပ်အေးအေးလေးတွေကျတော့လည်း နောက်မှ သိရတာ တစ်မျိုးလေးတွေဗျ။ သောကြာ အိမ်ရှေ့က ညီအစ်မတွေဆို ဆိုင်ကယ်တစ်စင်းစီနဲ့ ဝင်လိုက်ထွက်လိုက် ကောင်လေးတွေက တရုန်းရုန်းဗျ။ အရွယ်ကောင်းလေးတွေမို့ အတန်းပညာ ဘယ်ရောက်ပြီလဲ မေးကြည့်တော့ ညီမနှစ်ယောက်လုံး ဆယ်တန်း ၂ ခါစီ ဖြေထားတယ်တဲ့ဗျ။ ထားတော့ သူရို့တွေအကြောင်းပြောနေရရင် လိုရင်းပျောက်လိမ့်မယ်။ များသောအားဖြင့် နည်းပညာ တိုးတက်ပြောင်းလဲလာမှု့ကြောင့် ကမ္ဘာ ရွာကြီး ဖြစ်လာချိန်မှာ သူရို့က ကျွန်တော်တို့ဆီက အခြေခံဖြစ်တဲ့ ဆယ်တန်းဆိုတဲ့ အတန်းပညာ ကိုတောင် တန်ဖိုးမထား နိုင်ကြဘူး ဖြစ်နေတယ်။ ဟုတ်ပြီ ဝန်းကျင်အရ ပညာ တန်ဖိုးနားမလည်တာထား ကျန်တဲ့ နေရာတွေကိုရော.. ကြည့်မိတယ်ဗျာ။ ယောကျာင်္းလေး ဆယ်ယောက်မှာ ကိုးယောက်လောက်က တွေ့လိုက်ရင် ပါးစပ်မှာ ကွမ်း လက်မှာဆေးလိပ် နဲ့ နေကုန်နေခမ်း လက်ဖက်ရည်ဆိုင်လိုလို လမ်းဘေးအုတ်ခုံလိုလို နဲ့ အချိန်ဖြုန်းနေကြတယ်ဗျာ။ ဆယ့်ရှစ်နှစ် မပြည့်သေးဘူး အရက်ကောင်းကောင်း သောက်တတ်နေပြီ မဟုတ်တာ လုပ်ရကောင်းမှန်းသိနေပြီ။ သောကြာ မေးကြည့်တယ် သူတို့ကို။ ညီ မင်းတို့ ကိုယ့်ဘဝကို ရုန်းရတော့မယ်ဆိုရင် ဘာတွေလုပ်မယ် စိတ်ကူးလဲပေါ့။ အားရစရာကြီးဗျာ ရေရေရာရာ ဘာမှ မရှိဘူး ဖြတ်လမ်းလိုက်မယ့် အလွယ်နည်းလမ်းတွေ ပြောပြကြတယ်။

သောကြာ ဆိုလိုချင်တာက ကလေးတွေမှာ ပညာဆိုတာ တန်ဖိုးထားရမယ် ဆိုတာ မသိတော့ဘူး။ ပညာထက် ငွေ ရှိဖို့က အဓိက ဖြစ်သွားပြီ။ ရွယ်တူချင်း ပေါင်းရင်တောင် ငွေရှိသူ သားသမီးက အပေါ်ကဘဲ။ ငွေသာလျင် အဓိက ဆိုတဲ့ အယူအဆ ကြီး စွဲထင်နေမှတော့ ငွေရလျှင် ဘာမဆို လုပ်ရဲသော အတွေးများ လွမ်းမိုးလာတာ မဆန်းပါဘူး။ နောက် ရှက်စရာဆိုတာ မသိတော့ဘူး။ လမ်းဘေး အပေါ့စွန့်ဖို့ ဝန်မလေးတော့သလို ပါးစပ်ကနေ ဖရုတ်သဝါစာ စကားတစ်ခွန်း လူပုံအလယ် လူကြီးသူမရှေ့ ပြောဖို့ မကြောက် မရှက်တော့ဘူး။ မရှက်တော့တာမဟုတ်ဘူး ရှက်စရာလို့ မထင်တော့တာ။ စီးပွားရှာမယ် ဆိုတော့ လည်သူစားတမ်း ဆိုတဲ့ လောကက ကြီးစိုးနေတော့ ကလေးတွေစိတ်ထဲမှာ သမာအာဇီဝ ဆိုတဲ့ စကားလုံး မသိတော့ဘူး။ "ဟိုကောင်ကို ငါဘယ်လို ရိုက်လိုက်တာကွာ" :ဘယ်သူက ဘယ်လို ဖန်သွားတာကွာ" "ဟာ ဒီကောင်က ဆရာကြီး အဲဂွင်မှာ"... စသည်ဖြင့် တစ်ယောက်ကို တစ်ယောက်လှိမ့်တာ ပတ်တာ လုပ်နိုင်ကြတာတွေ ဂုဏ်ယူစွာ လက်ခံ ကျင့်သုံးနေကြတာ မောင်သောကြာတစ်ယောက် ရင်လေးစွာနဲ့ နားထောင် ကြည့်မြင်ခဲ့နေမိပါတယ်။ ရိုးသားစွာ အသက်မွေးခြင်း ရိုးဂုဏ် ဆိုတာ ကလေးတွေ နားမလည်တော့ပါဘူး။ ဒါ အများစုသော လူငယ်တွေ ဖြစ်ပျက်နေတဲ့ အနေအထားပါ။

အဲ မောင်သောကြာ သင်နေရတဲ့ တက္ကသိုလ်က ကလေးတွေကို ကြည့်ကြည့်ရအောင်ပါ။ သောကြာတို့ တက္ကသိုလ်က သက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခုဖြစ်လို့ တစ်နှစ်မှာမှ ကျောင်းသား ၂၅၀ ဝန်းကျင်ဘဲ ရွေးချယ် လက်ခံတဲ့အတွက် တော်ရုံအရည်အချင်းနဲ့တော့ ကျောင်းလာတက်လို့ မရပါဘူး။ အနည်းနဲ့အများတော့ အခြေခံရှိတဲ့ ကျောင်းသားမျိုးသာ လာလို့ရတဲ့နေရပါ။အများစု ဖြစ်ပျက်နေတဲ့ လူငယ်တွေနဲ့စာရင် ခေတ်တစ်ခုကို ပညာ အမြင်နဲ့ ကြည့်တတ်တယ် ကြည်နိုင်တယ် ဆိုရမယ့် ကလေးတွေပေါ့။ အနည်းဆုံးတော့ သူတို့မှာ ဘယ်ရောက်အောင်သွားမယ် ဆိုတဲ့ ရည်ရွယ်ရာလေးတစ်ခုရှိကြတယ် ဆိုရပါမယ်။ ဒါပေမယ့် မောင်သောကြာ တွေ့မြင်ရတာ စိတ်ထဲ ဘဝင်မကျတာတွေများပါတယ်ဗျာ။ တက္ကသိုလ်ကျောင်းသား ဆိုပြီး ဘေးဂရုမစိုက်ဘဲ လမ်းအပြည့် လျောက်တာ.. ဒါဟာ စည်းကမ်းမရှိတာ ကိုယ်ကိုကိုယ် တာဝန်မယူလိုတဲ့စိတ်တွေလို့ သောကြာ ထင်ပါတယ်။ နောက် ကလေးတွေစိတ်ထဲ သူများထက် ထူးချင်တဲ့စိတ် လွဲမှားတဲ့ အတွေးလေးတွေပေါ့ဗျာ ရည်းစားများတာ ရှက်စရာ မဟုတ်ဘူး ဆိုတဲ့ အသိ နောက် ပြောရရင် sex ကိစ္စတွေမှာ ကလေးမတွေကပါ လွယ်လွယ် လက်ခံလာကြတာဘဲဗျ.။ ဟိရိသြတ္တပ္ပ ဆိုတာ သိပ်နားမလည်တော့ဘူး။ အများစု ပြောတာပါ။ ကျောင်းသားတွေဆိုလည်း တစ်လုံး နှစ်လုံး သုံးလုံး လောင်းစရာ ရှိတာ အကုန်လောင်း ဒါဟာ မကောင်းမှု့လို့ မမြင်တော့ဘူး။ ဘွဲ့ရ အလုပ်ရှာတော့လည်း ခေါင်းစဉ်တပ် ကတည်းက အောက်ဆိုဒ် ကောင်းတဲ့ အလုပ်တဲ့ လစာက ရာထူးက အဓိက မကျ သလိုဘဲ။ မတရားရတဲ့ ဝင်ငွေဟာ နည်းမှန်လမ်းမှန်လို့ မြင်နေကြတာ ဆိုးပါတယ်။ အဲ ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ ကလေးရှိတော့ရှိပါတယ် တကယ်ကိုရည်မှန်းချက်ကြီးကြီး နဲ့ ကြိုးစားနေတဲ့ ကလေးတွေ။ ဒါပေမယ့် ဒါက တစ်ရာမှာ တစ်ယောက်ပါ။ ဆိုတော့ အများစု မြင်သမျှကို ပြောရရင်တော့ အများကြီးဗျ။ အစက တစ်ခုချင်း အသေးစိတ် ပြောပြဖို့ သောကြာ အတွေးရှိပါတယ်။ ဒါပေမယ့် ပြောနေရရင် အခန်းဆက်ရေးနေရပါလိမ့်မယ်။ ဒီလောက်ဆို ဖတ်သူတွေလည်း မြင်မှာပါ ခင်ဗျားတို့ ဝန်းကျင်မှာလည်း ရှိနေမယ်ထင်ပါတယ်။

ပြောချင်တာ အတိုချုပ် ပြောရရင်တော့ ကျွန်တော်တို့ ကလေးအများစု ဟာ အတွေးအခေါ် အသိအမြင်တွေ လွဲနေပါတယ်။ ရှက်စရာကို ရှက်ရကောင်းမှန်းမသိပါဘူး။တန်ဖိုးရှိတာ တန်ဖိုးထားရကောင်းမှန်းမသိပါဘူး။ ဝန်းကျင်ရဲ့ လွဲချော်နေမှု့ တစ်ခုအောက် သူတို့တွေဟာ လွဲချော်မှု့တွေကို အမှန်လို့ဘဲ သိမြင်နေကြပါတယ်။ အတုယူရမယ့် သူတို့ရဲ့ သူရဲကောင်း ပျောက်ဆုံးနေပါတယ်။ စံချိန် စံညွှန်း ထားရမယ့် တန်ဖိုးတွေ စံတိမ်းလွဲနေပါတယ်။ ကျွန်တော်တို့တွေ အသက်ကြီးလာလို့ နောင်တစ်ချိန် ဒီလိုလွဲနေတဲ့ စံတွေနဲ့ ကြီးပြင်းလာရတဲ့ ဒီကလေးတွေ နေရာ ယူလာချိန်ကြရင်...ကျွန်တော် စဉ်းစားနေတာပါ။ သူဘာသူ ဖြစ်သွားပါလိမ့်မယ်လို့ ကျွန်တော်တော့ အတွေးမပိုက်နိုင်တာ အမှန်ပါဘဲ။ ဘယ်သူတွေမှာ တာဝန်ရှိတယ် ဘယ်သူတွေ ဘာလုပ်ကြရမယ် ကျွန်တော် မသိပါဘူး။ ကျွန်တော် တွေးနေတာ ဒီလို စံတိမ်းလွဲမှု့တွေ ဘယ်လောက်များများ လူငယ်တွေ လွဲမှားစွာ လက်ခံထားကြပြီလဲ။ ဘယ်အရာက သူတို့ကို လမ်းကြောင်းအမှန်ရောက်အောင် ဆွဲခေါ်သွားမှာလဲ ဆိုတာပါဘဲ...။
 
 
ချစ်ခြင်းဖြင့်
ကြယ်သောကြာ


0 comments:

Post a Comment