29 Oct 2011

သင်္ဂါယနာ

ပိဋကတ်သုံးပုံဟူသော သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ တရားတော်များကို အမှားအယွင်းမရှိအောင် စုပေါင်းရွတ်ဆို၍ အတည်ပြုခြင်းကို သင်္ဂါယနာတင်သည်ဟု ခေါ်သည်။

ပထမသင်္ဂါယနာကို သာသနာတော်နှစ် (၁) (၅၄၄-ဘီစီ) မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် ၃-လအကြာ အဇာတသတ်မင်း လက်ထက်တွင် ရာဇဂြိုဟ်ပြည်၊ ဝေဘာရတောင်၊ သတ္တပဏ္ဏိလိုဏ်ဂူ မဏ္ဍပ်တော်၌ တင်ခဲ့သည်။
အရှင်မဟာကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး ၅၀၀-တို့က သင်္ဂါယနာတင်တော်မူခဲ့ကြသည်။
၇-လကြာမှ ပြီးဆုံးသည်။
ထိုသင်္ဂယနာသည် နှုတ်တက်ရွတ်ဆိုသော သင်္ဂါယနာ ဖြစ်၏။

ဒုတိယသင်္ဂါယနာကို သာသနာတော်နှစ် ၁၀၀ (၄၄၃-ဘီစီ) တွင် ဝေသာလီပြည်၊ ကာလာသောကမင်း လက်ထက်၌ တင်ခဲ့သည်။ ၀ါဠုကာရာမကျောင်းတိုက်၌ တင်သည်။
အရှင်ယသ၊ အရှင်သဗ္ဗကာမိ၊ အရှင်ရေ၀တ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး ၇၀၀-တို့က တင်တော်မူခဲ့ကြသည်။
နှုတ်ဖြင့် ရွတ်ဆိုပြုလုပ်သော သင်္ဂါယနာပင်ဖြစ်သည်။
အချိန်ကာလ ၈-လ ကြာမြင့်သည်။

တတိယသင်္ဂါယနာကို သာသနာတော်နှစ် ၂၃၅ (၃၀၈-ဘီစီ) တွင် ပါဋလိပုတ်ပြည်၊ သီရိဓမ္မာသောကမင်း (အသောကမင်း) လက်ထက်၌ တင်ခဲ့သည်။
အရှင်မဟာမောဂ္ဂလိပုတ္တတိဿ၊ အရှင်မဇ္ဈန္တိက အမှူးပြုသော ရဟန္တာမဟာထေရ်ကြီး အပါး ၁၀၀၀-တို့က တင်ခဲ့ကြသည်။
နှုတ်ဖြင့်ရွတ်ဆိုပြုလုပ်သော သင်္ဂါယနာပင်ဖြစ်သည်။
အချိန်ကာလအားဖြင့် ၉-လကြာမြင့်ခဲ့သည်။

စတုတ္ထသင်္ဂါယနာကို သာသနာတော်နှစ် ၄၅၀ (၉၄-ဘီစီ) တွင် သီရိလင်္ကာ (သီဟိုဠ်) နိုင်ငံ၊ ၀ဋ္ဋဂါမဏိမင်း လက်ထက်၌ တင်ခဲ့သည်။
အရှင်မဟာဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး ၅၀၀-တို့က တင်ခဲ့သည်။
ယခင်သင်္ဂါယနာများကဲ့သို့ စုပေါင်းရွတ်ဆိုခြင်းကို အရင်းခံ မထားပေ။
ပေပေါ်၌ အက္ခရာတင်၍ ရေးသားခြင်းကိုသာ အရင်းခံထားသည်။
အချိန်အားဖြင့် ၁-နှစ်ကြာသည်။

မြန်မာနိုင်ငံ၊ မန္တလေးနေပြည်တော်တွင် သာသနာတော်နှစ် ၂၄၁၅ (ခရစ်နှစ်-၁၈၇၁) မင်းတုန်းမင်း လက်ထက်၌ တင်သော ပဉ္စမသင်္ဂါယနာမှာ တမူထူးခြားသည်။
ဆရာတော်၊ သံဃာတော် အရှင်မြတ်တို့ ပိဋကတ်တော်၊ ပါဠိတော်တို့ကို ရွတ်ဆိုခြင်းပြုသော်လည်း ဤသို့ ရွတ်ဆိုခြင်းကို အရင်းခံပဓာနမထားပေ။ ကျောက်သား ၇၂၉-ချပ်ပေါ်တွင် အက္ခရာတင်၍ ရေထိုးခြင်းကိုသာ အရင်းခံပဓာနထားသည်။

ဆဋ္ဌသင်္ဂါယနာကိုကား သာသနာတော်နှစ် ၁၄၉၈-ခုနှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူတော်ကြီးတွင် မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း။ ကမ္ဘောဒီးယား၊ လာအို စသော ထေရ၀ါဒ ၅-နိုင်ငံမှ ကျမ်းတတ်ဆရာတော်ကြီးများကို ပင့်ဖိတ်လျက် သံဃာတော် ၂၅၀၀-ဖြင့် ကျင်းပခဲ့သည်။
အချိန်အားဖြင့် ၂-နှစ်ကြာသည်။
ယင်းပိဋကတ်သုံးပုံကို စာအုပ်များအဖြစ် ပုံနှိပ်ထုတ်ဝေသည်။
စာအုပ်ဆိုက်ကြီးအရွယ်ဖြင့် စုစုပေါင်း စာမျက်နှာ ၈၀၂၆-ရှိသည်။
ထေရ၀ါဒဗုဒ္ဓသာသနာတော်၌ သင်္ဂါယနာ ခြောက်တန် တင်ခဲ့ပြီး ဖြစ်သည်။
မူရင်း။ ။မင်္ဂလာသတင်းစဉ်

0 comments:

Post a Comment