16 Dec 2011

သက်သက်လွတ်စားခြင်းသည် မြတ်သလား?


အစွန်းသုံးပါးမှ လွတ်ကင်းစင်ကြယ်သော သားငါးကို ရဟန်းတို့အား ဘုရားရှင်ခွင့်ပြုတော်မူ၏။ အရှင်ဒေ၀ဒတ်က ရဟန်းတော်များ အသက်ထက်ဆုံး သားငါးမစားဖို့တားမြတ်ဖို့ရာ လျှောက်ထားသောအခါ ခွင့်မပြုခဲ့၊ မြင်ခြင်း ကြားခြင်း ယုံမှားခြင်းအစွန်းသုံးပါးလွတ်ကင်းစင်ကြယ်သော သားငါးကို စားသောက်ဖို့  ငါဘုရားခွင့်ပြုထားကြောင်း မိန့်ကြားတော်မူ၏။             ထိုထိုပါဠိအရ ဘုရားရှင်ကိုယ်တော်တို့၏ သားငါးဘုဉ်းပေးတော်မူသည်ကို သိရပါ၏၊ အာမဂန္ဓသုတ်အရဆိုလျှင် "ထမင်း ဟင်း သား ငါးတို့ကို အာမဂန္ဓ = အညှီအဟောက်" ဟုဆိုသော အာမဂန္ဓရသေ့ကို သားငါးက အာမဂန္ဓမဟုတ်ကြောင်း ပါဏာတိပါတစသည် ကာမဂုဏ်မှီဝဲမှုစသည် ရသာရုံ၌ တွယ်တာမှုစသည် ဤတရားများသာ အညှီအဟောက် အာမဂန္ဓ ဖြစ်ကြောင်း မိန့်တော်မူခဲ့၏။
            ဤသုတ္တန်အရ သားငါးစသည်က ရသေ့ရဟန်း တို့အား အန္တရာယ်ပြုသည်မဟုတ်၊ တကယ်အန္တရာယ်ပြုသည်က သူတို့ကြောက်သော သားငါးမဟုတ်၊ ရသာ တဏှာ လောဘ စသည်တို့ကသာ အန္တရာယ်ပြုတတ်၏။ ထိုအန္တရာယ်ပြုတတ်သော လောဘ တဏှာ စသည်မှာ သားငါးတို့ကိုသာ စွဲ၍ဖြစ်သည်မဟုတ်၊ သူတို့က နိရာမဂန္ဓ (အညှီအဟောက်မဟုတ်)ဟု ဆိုလျက်သုံးဆောင်နေသော သစ်သီး သစ်ဥ သစ်ဖုစသည်တို့ကိုလည်း အစွဲပြုဖြစ်သည်သာ၊ ပေါရိသာဒ လူသားစွဲသလို၊ သုဇာတသူကြွယ်၏သားကလေး ရသေ့တွေပေးသော သပြေသီးစားရပြီး ရသေ့တွေပြန်သွား၍ မရသောအခါ သေသွားရသည်အထိ မက်မောစွဲလမ်းမှုဖြစ်ရ၏။ (ဇာတက-ဋ္ဌ-၅-၅၃၁)
            ဤသို့ဆိုလျှင် တဏှာဆိုသည်မှာ သားငါးစသည်တို့ကို အစွဲပြု၍သာ လွန်ကဲစွာဖြစ်သည်မဟုတ်၊ သစ်သီး သစ်ရွက် သစ်ဥစသော သက်သက်လွတ်ပစ္စည်းတို့ကို အစွဲပြု၍လည်း အလွန်အကဲ ဖြစ်ရသည်သာ။
            ထို့ကြောင့် တကယ်ရှောင်ရမှာက သားငါးလော၊ သစ်သီး သစ်ရွက်စသည်လော၊ ရသာတဏှာစသည်လော ဤအချက်ကို လေးနက်စွာ စဉ်းစားသင့်ပါ၏။
            ဗုဒ္ဓ၀ါဒမှာ သားငါးရှောက်ကြဉ်ဖို့မဟုတ်၊ ဆန္ဒရာဂ (လိုချင်တပ်မက်မှု) ကိုရှောင်ဖို့ ဖျက်ဖို့သာဖြစ်၏၊ သားငါးဟင်းကို ရှောင်ဖို့မဟုတ်၊ တိကောဋိပရိသုဒ္ဓ (အစွန်းသုံးပါး လွတ်ကင်းစင်ကြယ်မှု) ဖြစ်လျှင် အန၀ဇ္ဇ (အပြစ်မရှိ) ဖြစ်သည်ဟူသော ဘုရားအလိုတော် အရလည်းကောင်း၊ ရှုမှတ်ပွားများခြင်းဖြင့် ဆန္ဒရာဂဖျက်ဖို့ လိုလားသော ဘုရားအလိုတော်အရလည်း ကောင်း စားသင့်သော အာဟာရသာ ဖြစ်ပေသည်။
            ဤနေရာ၌ ဗုဒ္ဓ၀ါဒကိုအတန်ငယ် ပြဆိုသင့်ပါ၏။ တိုင်းတစ်ပါးသွားမည့် ရဟန်းတော်တို့ကိုနည်းပေးတော်မူသော အရှင်သာရိပုတြာက ပစ္ဆာဘူမက သွားမည့်ရဟန်းတော်တို့အား တိုင်းတစ်ပါးရောက်သောအခါ မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ရဟန်းပညာရှိတို့က "ကိံဝါဒီပနာယသ္မန္တာနံ သတ္ထာ ကိမက္ခာယီ= အရှင်ဘုရားတို့၏ ဆရာဘုရားသည် ဘယ်သို့သောဝါဒ ရှိပါသနည်း" (သံ-၂-၆) ဟု မေးလျှင် "ဆန္ဒရာဂ၀ိနယက္ခာ ခေါ နော အာဝုသော သတ္ထာ = ငါ့အရှင်တို့ စင်စစ်ငါတို့ ဆရာဘုရားသည် ဆန္ဒရာဂ (လိုချင်တပ်မက်မှု) ပယ်ရှားခြင်းကို ဟောတော်မူသည်ဟု ဖြေဖို့ နည်းပေးတော်မူခဲ့၏။
            တစ်ခါ ဆန္ဒရာဂပယ်ရသည်ဆိုလျှင် "ဘယ်မှာဖြစ်သည့် ဆန္ဒရာဂကို ပယ်ရမည်နည်း"ဟုမေးလိမ့်ဦးမည်၊ ထိုအခါ "ရုပ်၌ဖြစ်သော ဆန္ဒရာဂကို ပယ်ဖို့ရာ ဟောတော်မူကြောင်း" ဖြေဖို့ နည်းပေးခဲ့ပြန်သည်။
            ရုပ်၌ဖြစ်သော ဆန္ဒရာဂပယ်ရမည်ဆိုတော့ ကဗဠီကာရအာဟာရရုပ်၌ဖြစ်သော ဆန္ဒရာဂကိုလည်း ပယ်ရမည်သာ၊ 
" ကဗဠီကာရေ ဘိက္ခဝေ အာဟာရေပဋိညာတေ ပဉ္စကာမဂုဏိကော ရာဂေါ ပရိညာတော ဟောတိ = ကဗဠီကာရ အာဟာရကို ပိုင်းခြားသိအပ်တော့သည်။" (သံ-၁-၃၂၃) အရ သား၊ ငါး၊ အာဟာရ ကဗဠီကာရ၌လည်း ပရိညာသုံးပါး ရနိုင်သည်သာ။
            သစ်သီး သစ်ရွက် သစ်ဥစသည် ကဗဠီကာရ အာဟာရသြဇာ၌လည်း ပရိညာသုံးပါး ရနိုင်သည်သာ၊ သို့ဖြစ်လျှင် ရှုမှတ်ခြင်းဖြင့် သားငါး၌ ပရိညာတရား ဖော်နိုင်မှ အစာစားတတ်သူဖြစ်၍ အမြတ်ရသလို သစ်သီးစသော အာဟာရတို့၌ လည်း ထိုသို့ပင် ရှုမှတ်ပွားများ ပရိညာတရားပေါ်အောင် ပြုလုပ်တတ်က စားတတ်သူ အမြတ်ရသူဖြစ်၍ ပရိညာမတင်၊ အဆင်ခြင်မရှိ စားရုံမျှ မထင်၊ ဘယ်အမြင်မျှမတက် သက်သက်စားရရုံမျှ စားရသူတစ်ယောက်ပါပေတည်း။
အမှန်တရား လွန်ထွန်းကား အများချမ်းသာစေ။
အမှားကိုကား လူအများ ပယ်ရှားနိုင်ပါစေ။
ရွှေတောင်ကုန်းဆရာတော်ကြီး မေးလျှောက်၍ သပြေကန်ဆရာတော်ကြီး ဖြေဆိုသည်။

0 comments:

Post a Comment