11 Jan 2013

ညှို့မဂ္ဂဇင်း၏ ထုတ်ဝေခွင့်ကို ရုပ်သိမ်း


ဖက်ရှင်မဂ္ဂဇင်းအဖြစ် လျောက်ထားခဲ့သော်လည်း အမှန်တကယ် ထွက်ရှိလာသောအခါ လိင်ပညာပေးမဂ္ဂဇင်း အဖြစ် ထွက်ရှိခဲ့သည့် ညှို့မဂ္ဂဇင်းအား ထုတ်ဝေခွင့်မှတ်ပုံတင် သက်သေခံလက်မှတ်အား ပြန်လည်ရုတ်သိမ်းရန် ဇန်န၀ါရီ ၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုက်တွင် ဇန်န၀ါရီလ ၉ရက်နေ့က ဖော်ပြချက်အရ သိရသည်။ အဆိုပါမဂ္ဂဇင်းသည် မူလလျှောက်ထားစဉ်က ဖက်ရှင် ဦးစားပေးအဖြစ် လျှောက်ထားခဲ့သော်လည်း အမှန်တကယ် ဖြန့်ချိထုတ်ဝေသောအခါ လိင်ပညာပေးအဖြစ် ထုတ်ဝေလာသည့်အပြင် ဓါတ်ပုံနှင့် အရေးအသားများမှာလည်း လိင်ကိစ္စကို အသားပေးဖော်ပြပြီး စိတ်ကိုနှိုးဆွရာ ရောက်စေသည့် ဖော်ပြချက်များဖြင့် ဖြန့်ချိထုတ်ဝေခဲ့သည့်အတွက် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့မှ ထုတ်ဝေခွင့် မှတ်ပုံတင် သက်သေခံ လက်မှတ်ကို ရုတ်သိမ်း လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ယင်းမဂ္ဂဇင်းအပြင် မူလလျှောက်ထားစဉ်က ခွင့်ပြုချက်နှင့် မသက်ဆိုင်သော အခြားသတင်းများကို ထည့်သွင်းဖော်ပြ ထုတ်ဝေနေသည့် ကြော်ငြာ ကမ္ဘာဂျာနယ်၊ မြနန္ဒာဂျာနယ်၊ သွေးသစ်ဂျာနယ်၊ Media One ဂျာနယ်၊ The Farmer ဂျာနယ်၊ High Speed Car ဂျာနယ်များမှာလည်း ခေါ်ယူသတိပေးခြင်း ခံခဲ့ရကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။


0 comments:

Post a Comment