
ယာယီ မန်နေဂျာ ရိုင်ယန်ဂစ်သည် အိုးထရတ်ဖို့ဒ်၏ အမြဲတမ်း မန်နေဂျာ ရာထူးနှင့် ထိုက်တန်သူ ဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်က ထောက်ခံ ပြောကြားလိုက်သည်။
ဒေးဗစ်မိုယက်စ် ထုတ်ပယ်ခံရပြီးနောက် ယူနိုက်တက်၏ ယာယီ မန်နေဂျာ ဖြစ်လာသည့် အသက် ၄၀ နှစ်အရွယ် ဂစ်သည် ၎င်း၏ ပထမဦးဆုံး မန်နေဂျာ ဘဝကို စနေနေ့တွင် နော်ဝစ်ခ်ျနှင့် ကစားရမည့် ပွဲ၌ စတင်ရမည် ဖြစ်သည်။
မန်ချက်စတာယူနိုက်တက်သည် ဂစ်ကို ယာယီ မန်နေဂျာအဖြစ် တာဝန်ပေးထားချိန်တွင် အသင်း၏ အမြဲတမ်း မန်နေဂျာ ရာထူးအတွက် ရီးယဲမက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီနှင့် နယ်သာလန် နည်းပြ လူးဝစ်ဗန်ဂါး တို့ကို စိတ်ဝင်စားလျက်ရှိသည်။
ကမ္ဘာ့ဖလားအပြီးတွင် နယ်သာလန် နည်းပြအဖြစ်မှ နှုတ်ထွက်ဖွယ်ရှိသည့် ဗန်ဂါးသည် ယူနိုက်တက်၏ မန်နေဂျာ ရာထူးအတွက် ရေပန်းစားလျက်ရှိပြီး ၎င်းကိုယ်တိုင်ကလည်း အိုးထရတ်ဖို့ဒ်သို့ လာရောက်ရန် စိတ်အားထက်သန် နေကြောင်း ဆိုထားသည်။
သို့သော်လည်း ဆာအဲလက်စ် ဖာဂူဆန်က ဂစ်တွင် ယူနိုက်တက်၏ အမြဲတမ်း မန်နေဂျာ ဖြစ်လာနိုင်မည့် အရည်အချင်းများ ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။
“ကျွန်တော့်အထင်တော့ ဂစ်အနေနဲ့ ယူနိုက်တက်ရဲ့ အမြဲတမ်း မန်နေဂျာ ဖြစ်လာနိုင်ပါတယ်။ သူက မန်ချက်စတာ ယူနိုက်တက်နဲ့ နှစ် ၂၀ ကျော် အတွေ့အကြုံရှိထားသူပါ။ ကျွန်တော်သူ့ကို ၁၃ နှစ်အရွယ် ကတည်းက အသင်းကို ခေါ်ယူခဲ့တာပါ။ သူ့အနေနဲ့ အသင်းမှာ ဘယ်လို ကစားသမားမျိုး လိုအပ်တယ်ဆိုတာကို အသေအချာ သိပါတယ်။ နောက်ပြီး ပေါလ်စခိုးနဲ့ နစ်ကီဘတ်ကို နည်းပြအဖွဲ့ဝင်ထဲ ခေါ်ယူခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။ သူတို့အားလုံးက အသင်းရဲ့ အကြောင်းကို အသေအချာ နားလည်သူတွေပါ” ဟု ဖာဂူဆန်က မန်ချက်စတာတွင် ပြုလုပ်ခဲ့သည့် ညစာစားပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
Ref: Goal
Soccer Myanmar
0 comments:
Post a Comment