25 May 2014

မရိုးနိုင်သည့် ကျောင်းဖွင့်ချိန် ဇာတ်လမ်းများ



ကျောင်းဖွင့်ချိန်သို့  ရောက်ရှိတော့ မည်ဖြစ်ရာ ရာသီစာဟု ခေါ်ဆိုနိုင်သည့် ကျောင်းဝင်ခွင့် အလှူငွေ ထည့်ဝင်ရသည့် ကိစ္စရပ်များ၏ အသံဗလံများက အလျှိုလျှိုထွက်ပေါ် လာပြီဖြစ်သည်။ ယခုပညာသင်နှစ် တွင် ကျောင်းအပ်ချိန်များ၌ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းရှိပါက ထိရောက်စွာ အရေးယူသွားမည် ဟုလည်း အခြေခံပညာ ဦးစီးဌာနများမှ ပြောကြားထားကြသည်။ သို့ရာတွင် အဆို ပါ ပြဿနာများကတော့ လုံးလုံးပျောက်ကွယ်ခြင်း မရှိသေး။

“ကိုယ့်သားသမီးကိုတော့ ကျောင်းကောင်းကောင်းမှာပဲ ထားချင်တာပေါ့။ ဒါပေမဲ့ ငွေကြေးမတတ်နိုင် လို့ နီးစပ်ရာကျောင်းမှာပဲ အပ်ထားတယ်။ နောက်အတန်းကြီးလာရင်ကျောင်းကောင်းမှာ ထားနိုင်ဖို့ ကြိုးစားရ မယ်” ဟု ဗဟန်းမြို့နယ်မှ မူလတန်းကျောင်းသား မိဘတစ်ဦးဖြစ်သူ မချိုချိုရီက ပြောပါသည်။

နေ့စဉ်ထုတ် သတင်းစာတစ်စောင်တွင်လည်း ကျောင်းဝင်ခွင့် အလှူငွေကောက်ခံမှု ငွေကျပ်ဆယ်သိန်း အထိရှိနေသည်ဟု သတင်းများ ထွက်ပေါ်ဟူသော သတင်းတစ်ပုဒ်ရေး သားဖော်ပြထားသည်ကို လည်း တွေ့ရသည်။

တစ်ဖန်မကြာသေးမီကလည်း ရန်ကင်းမြို့နယ်ရှိ နာမည်ကြီးကျောင်းတစ်ကျောင်းက နယ်ကျော် ကျောင်း အပ်နှံသည့် ကလေးများအားကျောင်းဝင်ခွင့် လက်ခံပေးပြီး ယင်းမြို့နယ်မှ ကလေးအား ကျောင်းဝင်ခွင့် မပေးဟုဆိုကာ ယင်းကျောင်းသားမိခင်က အွန်လိုင်းစာမျက်နှာတွင် ရင်ဖွင့်ရေးသားခဲ့ သည့်ဖြစ်ရပ်များကို လည်း တွေ့ရသည်။

အဆိုပါကိစ္စရပ်များက နှစ်စဉ်ပုံမှန်ဖြစ်ပေါ်နေကျ၊ ကြုံကြိုက်နေကျဖြစ်နေပြီဖြစ်၍ မည်သည့်ကျောင်းက မည်မျှကောက်ခံသည် ဆိုသည်ကိုလည်း ထူးခြားသတင်းတစ်ပုဒ် အနေဖြင့် စိတ်ဝင်တစားမရှိကြတော့ သည်မှာလည်း အမှန်ပင်ဖြစ်သည်။

ပြဿနာအရင်းအမြစ်

သည်ပြဿနာအရင်းအမြစ်ကို ရှာဖွေလျှင်လည်း ဝန်ကြီးဌာန၏ ဘတ်ဂျက်ဆိုင်ရာ အခက်အခဲ၊ ကျောင်းများ၏ အသုံးစရိတ်အခက်အခဲနှင့် ကျောင်းကောင်းများတွင် မိမိတို့သားသမီးကိုတက်စေလို သော စေတနာဖြင့် အဂတိပေးခြင်းကို ကျူးလွန်မိမှန်းမသိ ကျူးလွန်မိနေသော မိဘများတို့က မည်သူ့ ကိုတရားခံရှာ၍မ ရနိုင်အောင် သံသရာလည်နေကြဆဲပင်ဖြစ်သည်။

ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဦးဘိုဝင်းက “ဒါတွေ ရဲ့ ပြဿနာအစကပြောပြဖို့ ခက်တယ်။ ကျောင်းတွေမှာလဲ သူ့အခက်အခဲနဲ့သူရှိတယ်။ ကျောင်းသား မိဘ ဘက်ကလဲ သူတို့သား၊ သမီးကို ကျောင်းကောင်းမှာထားချင်တယ်။ အဲဒီတော့ ကျောင်းက မတောင်း ရင်တောင်မှ မိဘကိုယ်တိုင်က လိုလိုချင်ချင်ပေးချင်နေတာ။ အဲဒီတော့ ဒီကိစ္စက မုန့်လုံးစက္ကူ ကပ်” ဟု ပြောပြခဲ့ဖူးသည်။

မိဘများထံ စစ်ကူတောင်နေရသည့် ကျောင်းများ၏အခက်အခဲ

နာမည်ကြီးကျောင်းတချို့ကလည်း ကျောင်း၏ဂုဏ်သတင်း ပိုမိုကောင်းမွန်စေရန်၊ ကျောင်းအချင်းချင်း ပိုမို ယှဉ်ပြိုင်နိုင်စေရန်အတွက် ကျောင်းအင်္ဂါရပ်နှင့် ညီညွတ်စေမည့် Facilities များဖြည့်ဆည်းနိုင်ရန်တို့ အတွက်ဟုဆိုကာ အလှူငွေကောက်ခံမှုများ ရှိသကဲ့သို့ နာမည်ကြီးမဟုတ်သည့် ကျောင်းများ ကလည်း ကျောင်းဖွံ့ဖြိုးရေး၊ ကျောင်းလမ်းခင်းရေး၊ အဆောက်အအုံပြုပြင်ရေး အစရှိသည့်အခက်အခဲများ ကို ဖြေရှင်းရန်မိဘများထံ စစ်ကူတောင်းကြသည်ကိုလည်း တွေ့မြင်နေကြရပါသည်။

နယ်ကျော်ကျောင်းအပ်နှံခြင်းက အဓိကပြဿနာ

“ပုံမှန်အတိုင်းက ကျောင်းတိုင်းက ကိုယ့်မြို့နယ်ကကျောင်းသားကိုပဲ ဦးစားပေးလက်ခံရမှာ။ အဲဒီမြို့ နယ်ရဲ့ သန်းခေါင်စာရင်းရှိတဲ့ ကျောင်းသားကိုပဲ လက်ခံရမှာ။ ကျောင်းသားမိဘတွေကလဲ ဒီအချက်ကို လက်ခံကြဖို့ လိုတယ်။ အခုတော့ ကိုယ့်မြို့နယ်က ကျောင်းကနာမည်မကြီးရင် မအပ်ချင်ကြတော့ နယ် ကျော်တယ်။ အဲဒီအခါ အလှူငွေကိစ္စကပါလာတယ်။ အဲဒီမြို့နယ်က ကျောင်းသားတွေလဲ ဝင်ခွင့်ရ တယ်ဆိုရင်တော့ ကိစ္စမရှိဘူး။ ဦးစားပေးလက်ခံရမယ့် ကျောင်းသားတော့ဝင်ခွင့်မရဘဲ တခြားမြို့နယ် ကကျောင်းသားက ဝင်ခွင့်ရသွားရင် ဒီပြဿနာကပေါ်လာတာပဲ။ မကျေမနပ်အသံတွေ ထွက်လာတာ ပဲ။ ကျောင်းဘက်က တင်မဟုတ်ဘူး။ ကျောင်းသားမိဘတွေကိုယ်တိုင်ကိုက စည်းရှိကြဖို့လိုတယ်။ အဲဒီ ကျောင်းမှာမှ ထားချင် တယ်ဆိုရင် ရှင်းရှင်းလေးပဲ ကလေးကိုသန်းခေါင်စာရင်းပြောင်းလိုက်လေ။ ဒါကတရားဝင်ပဲ” ဟု အငြိမ်းစားပညာရေးမှူးတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်ရပ်မျိုးမှာ ကျောင်းတိုင်းတွင် ဖြစ်နေသည်ဟု မဆိုလိုသော်လည်း ယင်းကဲ့သို့ကျောင်းဝင် ခွင့်၊ ကျောင်းထွက်လျှောက်ခြင်းတို့အတွက် အလှူငွေထည့်ဝင်နေကြရသည်ဟူသော ပြဿနာမျိုးကတော့ ဆက်လက်ရှိနေဦးမည်ဖြစ်ပါသည်။

အဘယ့်ကြောင့်နည်း

ကျောင်းများ၏လိုအပ်ချက်ကို အပြည့်အဝ မဖြည့်ဆည်းပေးနိုင်သေးသည့် ဘတ်ဂျက်

ပညာရေးဝန်ကြီးဌာနက နှစ်စဉ်ဘတ်ဂျက်များ တိုးမြှင့်လျက်ရှိသည်ဖြစ်သော်လည်း ကျောင်းတိုင်း၏ လိုအပ် ချက်များကို အပြည့်အဝမဖြည့်ဆည်းပေးနိုင်သည့်အတွက်ကြောင့်ပင် ဖြစ်သည်ဟုကျောင်းအုပ် ဆရာမကြီး တစ်ဦးက ဆိုပါသည်။

ဗဟန်းမြို့နယ် အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတစ်ဦးက “အခက် အခဲကတော့ရှိတယ်။ နှစ်စဉ်ကြုံနေကျ အခက်အခဲပဲ။ ဘတ်ဂျက်ပေါ့။ ဝန်ကြီးဌာနက ပုံနှိပ်စာအုပ်ဖိုး၊ ဘာဖိုး၊ ညာဖိုးဆိုပြီး ခေါင်းစဉ်တပ်ပြီး ဘတ်ဂျက်ချပေးတာမျိုးတွေရှိပေမယ့် အမှန်တကယ်က ဒီ့ ထက်ပိုပြီး ကုန်ကျရ တာမျိုးတွေအမြဲရှိတယ်။ တချို့ကိစ္စတွေက စာရင်းနဲ့ပြလို့မရဘူး။ ဥပမာအားဖြင့် ကျောင်းကပွဲလိုဟာမျိုး လုပ်မယ်ဆိုရင် ဘတ်ဂျက်ရှိပေမယ့် အဲဒီပမာဏထက် ပိုသုံးရတာမျိုးတွေရှိ တယ်။ အဲဒီအခါမျိုးတွေ မှာ ကျောင်းက စိုက်လိုက်ရတာတွေရှိတယ်။ ကျောင်းကမတတ်နိုင်တဲ့အခါမျိုး မှာ ကျောင်းသားမိဘတွေကိုပါ ဝိုင်းကူခိုင်းရတာမျိုးတွေရှိပါတယ်။ ဒါကကျောင်းတိုင်းလိုလို ကြုံတွေ့ နေကျတဲ့ပြဿနာပါ” ဟု ပြောပြခဲ့သည်။

လတ်တလောတွင်လည်း ရန်ကုန်တိုင်းအတွင်းရှိ မူလတန်းကျောင်းတစ်ကျောင်းက ကျောင်းထွက် လက်မှတ်ပေးရာတွင် လမ်းခင်းရန်အတွက်ဟုဆိုကာ အလှူငွေတောင်းခံနေသည်ဟု ကျောင်းသား မိဘတစ်ဦးက ဆိုပါသည်။

“ကျောင်းအုပ်ကြီးက ကလေးကျောင်းထွက်လက်မှတ်ကို ထုတ်ပေးဖို့အဆင်သင့်ဖြစ်နေပေမယ့် ထုတ် မပေးသေးဘဲ လမ်းခင်းဖို့ရှိတယ်။ အလှူငွေလိုတဲ့အတွက် ကျောင်းထွက်လက်မှတ်တစ်စောင်အတွက် အလှူငွေငါးထောင်ဆိုပြီး ကောက်တယ်။ ကျွန်မတို့လဲ အဆင်မပြေတော့ တတ်နိုင်သလောက် တစ်ထောင်၊ ထောင့်ငါးရာလောက်ပဲ ထည့်နိုင်ကြတယ်။ အဲဒါကိုမကျေနပ်ကြတဲ့သူတွေ အများကြီးပဲ” ဟု အဆိုပါအလှူငွေထည့်ဝင်ခဲ့သော ကျောင်းသားမိဘတစ်ဦးကပြောသည်။

ယင်းနှင့်ပတ်သက်ပြီး အဆိုပါကျောင်းမှတာဝန်ရှိသူက “ကျောင်းလမ်းခင်းဖို့က ၃၃ သိန်းလောက်ကုန်ဖို့ ရှိတယ်။ မိဘဆရာအသင်းက ဝိုင်းဝန်းလိုက်တော့ သိန်းသုံးဆယ်လောက်ရတယ်။ သုံးသိန်းလောက် လိုနေတော့ ကျောင်းထွက်လက်မှတ်ယူတဲ့ ကျောင်းသားတွေကို ဝိုင်းလှူကြဖို့မေတ္တာရပ်ခံခဲ့တာပါ” ဟု ဆိုသည်။

ထိုကဲ့သို့သော အလားသဏ္ဌာန်တူသည့်ကိစ္စများက မသိကြလျှင်သာရှိမည်။ ဖြစ်ပေါ်နေဆဲ။ ဆက် လက်ဖြစ်ပေါ်နေဦးမည့် ပြဿနာပင်ဖြစ်သည်။

လက်ရှိပညာရေးအသုံးစရိတ်


အစိုးရအနေဖြင့် ပညာရေးဘတ်ဂျက်ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးမြှင့်ပေးခဲ့ရာတွင် ယခုပညာသင် နှစ် တွင် ၁၂ ဘီလီယံအထိ တိုးမြှင့်သုံးစွဲခွင့်ပေးသွားမည်ဟု သိရသည်။

ပြည်ထောင်စုငွေစာရင်း ပူးပေါင်းကော်မတီ အစည်းအဝေး (၄/၂၀၁၄) ၏ ထုတ်ပြန်ချက်အရ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပညာရေးအသုံးစရိတ် ၉၀၉ ဒသမ ၄၅၉ ဘီလီယံရှိပြီး ယင်းနှစ်စုစုပေါင်း အသုံးစရိတ်၏ ၅ ဒသမ ၄၃ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ၁၁၄၂ ဒသမ ၃၂၈ ဘီလီယံလျာ ထားပြီး စုစုပေါင်းအသုံးစရိတ်၏ ၅ ဒသမ ၉၂ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း သိရသည်။

နယ်ကျော်ကျောင်းအပ်ခြင်းကို ထိထိရောက်ရောက်တားမြစ်ဖို့လို

ပညာရေးလေ့လာသူ ဒေါက်တာစိုးဝင်းဦးက “အမှန်ကန်ဆုံးနည်းလမ်းတစ်ခုလို့ပြောလို့မရပေမယ့် အရင် ဦးဆုံးဖြေရှင်းနိုင်တဲ့နည်းလမ်းက နယ်ကျော်ကျောင်းအပ်တာကို ထိထိရောက်ရောက်တားမြစ်ဖို့ ပဲ။ အဓိက က ကျောင်းသားမိဘတွေကိုယ်တိုင်က စာသင်ကောင်းတာ၊ မကောင်းတာအပထား။ အဲဒီ နာမည် ကြီးကျောင်းက လူကြီးသားသမီးဆိုတာတွေနဲ့ ကိုယ့်သားသမီးကို သိကျွမ်းစေချင်တာမျိုး။ အဲလိုအသိုင်း အဝိုင်းထဲကို ဝင်ချင်ကြတာမျိုးတွေကြောင့် ပိုက်ဆံဘယ်လောက်ကုန်ကုန် နာမည်ကြီးမှာ ဝင်ခွင့်ရဖို့ ကြိုးပမ်းနေကြတာ။ ဒါတွေကိုထိထိရောက်ရောက် တားဆီးပိတ်ပင်နိုင်လိုက်ခြင်းက ဒီလိုငွေ ကြေးကောက် ခံတယ်ဆိုတဲ့ ပြဿနာတွေကိုအထိုက်အလျောက်တော့ အဟန့်အတားဖြစ်စေနိုင်ပါလိမ့် မယ်” ဟု ပြောသည်။

ယင်းသို့နာမည်ကြီးကျောင်းတစ်ကျောင်းသို့ နယ်ကျော်ကျောင်းအပ်ထားပြီးမှ အသင်အပြ မကောင်း ခြင်းကြောင့် နီးစပ်ရာကျောင်းများသို့ ပြန်လည်အပ်နှံသူများလည်းရှိကြောင်း သိရသည်။

“နေတာက စမ်းချောင်းမှာ၊ နာမည်ကြီးကျောင်းက မိန်းကလေးကျောင်းဖြစ်နေလို့ ဒဂုံမြို့နယ်က အထက် တန်းကျောင်းတစ်ကျောင်းကို နယ်ကျော်အပ်လိုက်တယ်။ ငွေကြေးပေးရတာတော့ မဟုတ် ဘူး။ ဝင်ခွင့် အဆင်ပြေပေမယ့် စာအသင်အပြကျတော့ လုံးလုံးကိုစိတ်တိုင်းမကျဘူး။ ကလေးကပြန် လာတိုင်းတစ်ခု မဟုတ်တစ်ခုပျောက်ခဲ့တယ်။ အနိုင်ကျင့်ခံရတယ်။ စာဆိုလဲမပါလာဘူး။ အဲဒီစာမပါတဲ့ ကိစ္စကို အတန်းပိုင် ဆရာမက တာဝန်ယူရမယ့်အစား အိမ်ကလူတွေကိုပြန်ပြီး တာဝန်ပေးလိုက်သေး တယ်။ ကလေးစာမရေးပါ ဆိုပြီး။ အိမ်နဲ့ကျောင်းကဝေးတော့ အမြဲလိုက်မကြည့်နိုင်ဘူး။ ဒါပေမဲ့တောက် လျှောက်ဒီလိုပဲဖြစ်နေတဲ့အ ခါကျတော့ အလုပ်ဖျက်ပြီး ကလေးနောက်ပဲလိုက်ရတော့တယ်။ သူငယ် တန်းကလေးက ကျူရှင်သင်ရမယ့် အနေအထားဖြစ်သွားတယ်။ ဆရာမကကျူရှင်မှာပဲ ကောင်း ကောင်းသင်တယ်။ ကျောင်းမှာမသင်တာ။ သူငယ်တန်းတစ်နှစ်ပဲ ဒီလိုဖြစ်မှာပါ။ ကျောင်းဝင်ခွင့်ရထား တာလေး နှမြောတယ်ဆိုပြီး နောက်တစ်နှစ် ဆက်ထားတာ။ နောက်နှစ်လည်း ဒီအတိုင်းပဲ။ အဲဒါနဲ့ မတတ်နိုင်တော့လို့ ကိုယ့်အိမ်နဲ့နီးစပ်တဲ့ မူလ တန်းကျောင်းလေးမှာပဲ ပြောင်းထားလိုက်ရတယ်။ အဲဒီ ကျောင်းက ကျောင်းသားနည်းပေမယ့် ကျောင်း အုပ်ကြီးကအစ အရမ်းဂရုစိုက်တယ်။ အဲဒီကတည်းက နာမည်ကြီးကျောင်းဆိုရင် တော်ပါပြီလို့ကိုဖြစ် သွားတာ။ ပြောင်းထားရင်တောင် ပုဂ္ဂလိကကျောင်းတွေ မှာပဲ ထားတော့မယ်” ဟု စမ်းချောင်းမြို့နယ် တွင်နေထိုင်သည့် မူလတန်းကျောင်းသားမိဘတစ်ဦးဖြစ် သူ ကိုကျော်နိုင်ကဆိုသည်။

အလှူငွေကောက်ခံခြင်းများကို အရေးယူတော့မည်ဖြစ်သော်လည်း ထုတ်ပြန်မည်မဟုတ်


လာမည့်ကျောင်းအပ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများထံမှငွေကြေး တစ်စုံတစ် ရာ ကောက်ခံခြင်းများပြုခြင်းများကို စစ်ဆေးအရေးယူမည့် အစီအစဉ်များသည် ယခင်နှစ်အတိုင်းသာ အရေးယူသွားမည်ဖြစ်ပြီး ထူးခြားစွာထုတ်ပြန်မှုများပြုလုပ်သွားမည် မဟုတ်ကြောင်း အမှတ် (၁) အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကလည်းပြောသည်။

“ငွေကြေးပြဿနာတွေရှိနေတုန်းပဲဆိုတာက မိဘတွေရဲ့လောဘအပေါ်မှာ ဆရာ၊ ဆရာမတွေ ဖန်တီး လာလို့ဖြစ်နေကြရတာ။ ဖြစ်နေတာကလဲ သိန်းချီကောက်တဲ့ကျောင်းတွေကတော့ ပြဿနာမဖြစ်ဘဲ တစ်ထောင်လောက်ကောက်တဲ့ကျောင်းက ပြဿနာဖြစ်တာမျိုးတွေက တို့နိုင်ငံရဲ့အရေးယူမှုတွေ ကြောင့်ပါ။ သတိပေးစာထုတ်ပြန်နေရုံနဲ့ မရဘဲတခြားဒဏ်တပ်တာမျိုးတွေနဲ့ပါ လုပ်မှရမှာ။ ဆရာတို့ အနေနဲ့ အဲ့ဒီလိုငွေကြေးနဲ့ပတ်သက်ပြီး လုပ်ရင်လုပ်တဲ့သူ လေး၊ ငါးယောက်လောက်ကို စံပြအဖြစ်လုပ် ရမှာ။ ဒါမှကျန်တဲ့သူပါမလှုပ်ရဲတော့မှာ” ဟု ယင်းကထပ်မံပြောသည်။

အရေးယူခြင်းက အကောင်းဆုံးနည်းလမ်းမဟုတ်သေး

ကျောင်းဖွင့်ချိန်တိုင်းတွင် ကြုံတွေ့ရတတ်သည့် အဆိုပါအလှူငွေထည့်ဝင်ရခြင်းကိစ္စရပ်များကို အရေး ယူခြင်းဟူသော ပြစ်၏ဒဏ်များဖြင့် တားမြစ်နေကြသော်လည်း ယင်းမှာရေရှည်အတွက်အဆင်ပြေစေ မည့်နည်းလမ်းကောင်းတစ်ခုဟူ၍ ပြော၍မရနိုင်ဟု အငြိမ်းစား အလယ်တန်းပြဆရာမ တစ်ဦးဖြစ် သူ ဒေါ်ရီရီမြင့်က ဆိုပါသည်။

“ကျောင်းတွေမှာ အခက်အခဲရှိတာဟုတ်ပါလိမ့်မယ်။ အစိုးရကလဲ ဘတ်ဂျက်တိုးပေးတယ်ဆိုပေမယ့် အသုံးစရိတ်တွေကလဲ ဒီအတိုင်းပဲနေတာမဟုတ်တော့ အားလုံးလိုက်ဖြည့်ဆည်းပေးနိုင်မှာ မဟုတ် ဘူး။ ဆရာ၊ ဆရာမတွေရဲ့ လစာကလဲအရမ်းလုံလောက်နေတာမဟုတ်တော့ တစ်ခုခုဆိုရင် သူတို့ ချည်းပဲဖြေ ရှင်းဖို့ ခက်ခဲပါတယ်။ မိဘတွေက သားသမီးအကျိုးအတွက် အလိုက်တသိပေးနေကြတာက လဲ ဒီကိစ္စတွေ ကို အားပေးနေသလိုဖြစ်နေတယ်။ ကျေနပ်ကြရင် ဘာမှမဖြစ်ပေမယ့် မကျေနပ်ကြတဲ့ အခါ တိုင် ဟယ်၊ တောဟယ်နဲ့ အရေးယူကြရတယ်။ တစ်ဖက်ကိုအရေးယူလိုက်တိုင်းလဲ ဒီအခက်အခဲ တွေက ပြေ လည်သွားမှာမှမဟုတ်တာ။ ဘယ်သူ့ကိုမှ ပုံချလို့မရဘူး။ အားလုံးဝိုင်းဝန်းအဖြေရှာရ မယ့် ပြဿနာကြီးတစ်ခု ပါပဲ” ဟုယင်းကသုံးသပ်သည်။

နှစ်စဉ်ကြားနေကြရဦးမည်

သို့ဖြစ်ရာ အဆိုပါကိစ္စမှာ ဘဲဥအစရှာမရသကဲ့သို့ပင် ဖြစ်နေသည်ကို တွေ့ကြရမည်ဖြစ်သည်။

ဖြေရှင်းရန် နည်းလမ်းကောင်း ရှာမတွေ့သေးသရွေ့တော့ နှစ်စဉ်ကျောင်းဖွင့်ချိန်တိုင်းတွင် ကျောင်းဝင် ကြေး မည်သည့်ဈေးပေါက်နေ သည်ဆိုသည့် သတင်းများ ဖတ်ရှုနေကြရဦးမည်သာ . . . .။

Democracy Today Daily
အတွဲ(၁)၊ အမှတ်(၇၁)၊ မေလ(၁၉) ရက်၊ ၂၀၁၄ ခုနှစ်



0 comments:

Post a Comment