
အနုပညာ နယ်ပယ်တွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများတွင်ဖြစ်စေ အောင်မြင်မှုများ ရရှိပြီးနောက် ကြွယ်ဝချမ်းသာလာသည့် လူငယ်လူရွယ်များစွာ ရှိသည်။
အချို့သော လူငယ်များသည် အောင်မြင်မှုအပြင် ကံကြမ္မာ ထောက်ပံ့မှုများကြောင့်ပါ ဆယ်ကျော်သက် အရွယ်ကတည်းက သန်းကြွယ်သူဌေးလေးများ ဖြစ်လာကြသည်များလည်း ရှိသည်။
အမျိုးမျိုး အဖုံဖုံသော အကြောင်းများကြောင့် အသက်ငယ်ငယ်နှင့် သန်းကြွယ်သူဌေးလေးများ ဖြစ်လာခဲ့သည့် လူငယ်များ အနက်မှ အကြွယ်ဝဆုံး ၁၀ ဦးကို ကောက်နုတ် ဖော်ပြလိုက်ရပါသည်။
၁၀။ ဂျပ်စတင်ဘီဘာ

ဘီဘာသည် YouTube မှတစ်ဆင့် စတင်လူသိများလာပြီး အသက်(၁၈)နှစ်အရွယ်တွင် ကမ္ဘာသိ အဆိုတော်လေးတစ်ဦး ဖြစ်လာခဲ့သည်။ ကနေဒါ ပေါ့ပ်ဂီတ ကြယ်ပွင့်သည် ယခုအခါ အသက်(၂၀)သာ ရှိသေးသော်လည်း ဒေါ်လာ ၅၃ သန်းမျှ ကြွယ်ဝနေပြီ ဖြစ်သည်။ ၎င်း၏ Baby သီချင်းသည် ဘီဘာကို ကမ္ဘာ့နာမည်အကြီးဆုံး အဆိုတော်တစ်ဦး ဖြစ်လာအောင် တွန်းတင်ပေးခဲ့သည်။
၉။ အင်ဒီရာရို့စ်ဂျိမ်းစ်

ဂျိမ်းစ်၏ ချမ်းသာကြွယ်ဝလာပုံကမူ အတန်ငယ် ထူးခြားသည်။ သူမသည် ကာလသားကြိုက် မဂ္ဂဇင်းကြီး Soho ကို ဖြန့်ဝေပေးသည့် သူဌေးကြီး ပေါလ်ရေမွန်၏ မြေးမလေး ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ရေမွန်သေဆုံးသွားပြီးနောက် ၎င်း၏အမွေကို လေးနှစ်ကြာ အမွေဆက်ခံနိုင်သည့် အရွယ်တွင် ဂျိမ်းစ်က ခွဲဝေရရှိခဲ့သည်။ သူမသည် ဒေါ်လာသန်း ၆၀ မျှ ချမ်းသာကြွယ်ဝနေပြီ ဖြစ်သည်။
၈။ မိုင်လေဆိုင်းရပ်စ်

ဆယ်ကျော်သက်ဘဝတွင် စတင်အောင်မြင်ပြီး ကြွယ်ဝလာသည့် အနုပညာရှင် နောက်တစ်ဦးမှာ ဆိုင်းရပ်စ်ဖြစ်သည်။ Disney ၏ အစီအစဉ်များတွင် ပါဝင်ရင်း နာမည်ကျော်လာသည့် အဆိုတော်မင်းသမီးလေးသည် ယခုအခါ အသက်(၂၁)နှစ် ရှိနေပြီဖြစ်ပြီး ဒေါ်လာ သန်း ၁၀၀ မျှထိ ပိုင်ဆိုင်ထားသည်။
၇။ အမ်မာဝပ်ဆန်

Harry Potter ရုပ်ရှင်ဇာတ်လမ်းတွဲများသည် ကလေးများ၏ စိတ်နှလုံးကို သိမ်းကျုံးညှို့ယူခဲ့ဖူးသည်။ အဆိုပါ ဟောလိဝုဒ်ရုပ်ရှင်များတွင် အစဉ်တစိုက် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဗြိတိသျှ ရုပ်ရှင်မင်းသမီးလေးသည်လည်း ဇာတ်ကားများ၏ အောင်မြင်မှု အရှိန်အဝါကြောင့် ဝင်ငွေကောင်းခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် သူဌေး ဖြစ်လာခဲ့သည်။ အသက်(၂၄)နှစ်ရှိ အမ်မာသည် ဒေါ်လာသန်းပေါင်း ၁၂၀ ကျော် ကြွယ်ဝသူတစ်ဦးဖြစ်သည်။
၆။ ဒါကိုတာဖန်နင်း

ဖန်နင်းသည် ကလေးသရုပ်ဆောင် ဘဝကတည်းက ဟောလိဝုဒ်တွင် လူသိများခဲ့သူ ဖြစ်သည်။ ၎င်းအသက် (၁၀)နှစ်ခန့်က နာမည်ကျော်မင်းသား တွမ်ခရုစ်နှင့်အပြိုင် War of the Worlds ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့ဖူးသည်။ ဟောလိဝုဒ်၌ တက်လမ်းကောင်းမွန်သည့် မင်းသမီးငယ်တစ်ဦးအဖြစ် ရပ်တည်နေသည့် အသက်(၂၀)အရွယ် မိန်းကလေးသည် ယခုအခါ ဒေါ်လာသန်းပေါင်း ၁၃၀ မျှ ပိုင်ဆိုင်နေပြီဖြစ်သည်။
၅။ ဆယ်လီနာဂိုမက်ဇ်

ဂျပ်စတင်ဘီဘာက ဂိုမက်ဇ်သည် ၎င်းနှင့်တွဲနေ၍ နာမည်ပိုကြီးလာကြောင်း စွပ်စွဲခဲ့ဖူးသော်လည်း အမှန်တကယ်အားဖြင့် ဘီဘာ၏ ချစ်သူဟောင်းသည် ဘီဘာထက်ပင် ပိုမိုချမ်းသာကြွယ်ဝနေပြီ ဖြစ်သည်။ ဂိုမက်ဇ်သည် အသက်(၂၁)နှစ်သာ ရှိသေးသော်လည်း ဒေါ်လာ သန်း ၁၅၀ ကျော် ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ၎င်းသည် အဆိုတော်တစ်ဦးအနေဖြင့်ရော၊ ဟောလိဝုဒ်၏ တက်သစ်စ မင်းသမီးလေးတစ်ဦးအဖြစ်ပါ ပရိသတ် အခိုင်အမာ ရှိနေသည်။
၎။ အန်းဂက်စ်ဂျုံးစ်

ဂျုံးစ်သည် ဟောလိဝုဒ်တွင် ခေတ်တစ်ခုကို အစပြုမည့် မင်းသားငယ်တစ်လက်အဖြစ် သတ်မှတ်ညွှန်းဆို ခံထားရသည်။ ၎င်းသည် အသက်(၂၀)မျှသာ ရှိသေးသော်လည်း ကြွယ်ဝမှု အစုစုသည် ဒေါ်လာ သန်း ၁၆၀ မျှထိ ရှိနေပြီ ဖြစ်သည်။ Two and a Half Men ဇာတ်လမ်းတွဲများတွင် ချာလီရှင်းနှင့်အပြိုင် သရုပ်ဆောင်ရင်း ဂျုံးစ်၏ အောင်မြင်မှုက ပိုမိုကျယ်ပြန့်လာခဲ့သည်။
၃။ အီယန်သီဖူလာဂါ

ဖူလာဂါသည် ၎င်း၏ လှပမှုနှင့် ဖက်ရှင်အမြင် ပြည့်ဝမှုတို့ကြောင့် အထိုက်အလျောက် လူသိများသူ ဖြစ်သည်။ သို့သော်လည်း ကမ္ဘာ့အချမ်းသာဆုံး လူငယ်များစာရင်းတွင် တတိယချိတ်ရသည့် အဓိကအကြောင်းရင်းမှာ ကံကြမ္မာကြောင့် ဖြစ်သည်။ သူမအသက် (၁၈)နှစ်အရွယ် ၂၀၀၈ ခုနှစ်က EuroMillions ထီပေါက်ပြီး ဒေါ်လာ ၁၀ သန်းကျော် ရရှိခဲ့သည်။ ထိုငွေများကို စနစ်ကျကျ ရင်းနှီးမြှုပ်နှံရင်း တစ်စထက်တစ်စ တိုးပွားလာရာ ခြောက်နှစ်အကြာတွင် ဖူလာဂါ၏ ကြွယ်ဝမှု အစုစုသည် ဒေါ်လာသန်း ၁၉၀ ဖိုးမျှ ရှိနေပြီဖြစ်သည်။
၂။ နစ်ခ်ဂျိုနက်စ်

Jonas Brothers အမျိုးသား အဆိုတော် အဖွဲ့မှ နာမည်အကြီးဆုံး ဖြစ်ခဲ့သည့် နစ်ခ်သည် စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးအနေဖြင့်ပါ လူသိများသည်။ Jonas Brothers အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သော်လည်း ၎င်းအနေဖြင့် အနုပညာ နယ်ပယ်တွင် သီးခြားလှုပ်ရှားနေဆဲ ဖြစ်သည်။ အသက်(၂၁)နှစ်အရွယ်တွင် ၎င်း၏ ပိုင်ဆိုင်မှု တန်ဖိုးသည် ဒေါ်လာသန်း ၂၀၀ မျှထိ ရှိနေသည်။
၁။ ဂျေဒန်စမစ်သ်

နာမည်ကျော် ဟောလိဝုဒ်မင်းသား ဝီလ်စမစ်သ်၏ သားဖြစ်ပြီး အသက်(၁၅)နှစ်မျှသာ ရှိသေးချိန်၌ ဒေါ်လာ ၂၁၅ သန်းမျှထိ ချမ်းသာနေသူ ဖြစ်သည်။ ထို့ကြောင့်လည်း ယခုစာရင်းတွင် အသက်အငယ်ဆုံးနှင့် အချမ်းသာဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ Karate Kid ဇာတ်ကားတွင် ဂျက်ကီချန်းနှင့်အပြိုင် သရုပ်ဆောင်ခဲ့သလို ဖခင်နှင့် တွဲဖက်ကာ After Earth ဇာတ်ကားတွင် ပါဝင်ခဲ့ခြင်းက ၎င်းအတွက် သရုပ်ဆောင်ကြေး အများအပြား ရရှိလာစေခဲ့သည်။ စမစ်သ်၏ အသက်မှာ ငယ်လွန်းသေးသော်လည်း အနုပညာပါရမီ ပြည့်ဝထက်သန်လွန်းသဖြင့် ဖခင်၏ခြေရာကိုနင်းကာ ဟောလိဝုဒ်၏ အထင်ကရ ကြယ်ပွင့်တစ်ဦး ဖြစ်လာမည်ဟုလည်း ခန့်မှန်းချီးကျူးခံထားရသည်။
_Top10 for Everything
7day daily
0 comments:
Post a Comment