16 Jul 2014

အချစ်သည် စတင်ရန်လွယ်ပြီး အဆုံးသတ်ရန် ခက်မြဲဖြစ်သည်

 
 
(က) လောင်ဇူးက ပြောဖူးတယ်။
“တစ်စုံ တစ်ယောက်သော သူက နက်နက်နဲနဲ ချစ်တဲ့အခါ (အဲ့ဒီလိုမျိုး အချစ်ခံရတဲ့ အခါမှာ) ခွန်အားတွေ ရှိလာတယ်” တဲ့။

တကယ်တော့ လူတစ်ယောက် ကိုယ့်စိတ်ထဲမှာ ရှိနေတယ်ဆိုတဲ့ ကိစ္စက သိပ်ပြီးတော့ အကျပ်အတည်း မဖြစ်သေးဘူး။ သူ ကိုယ့် စိတ်ထဲကို အတိုင်းအတာ တစ်ခုအထိ ရောက်နေ ပါလားလို့ သိလိုက်ရတဲ့ အချိန်ဟာ ကိုယ်ဟာ သက်တမ်း ကုန်ဆုံးသွားတဲ့ ကိတ်မုန့်တစ်လုံးကို စားမိနေတဲ့ သူလိုပါပဲ။ ရွက်ဆုတ် ပြက္ခဒိန်တစ်ခုကို ပြန်လှည့်ခွင့် မရတော့သလို ကုန်သွားတဲ့ နာရီတွေကို လက်ဝဲအတိုင်း ပြန်ရစ်လို့ မရတော့ဘူး။ အရာရာဟာ နောက်ပြန်ဆုတ်ဖို့ ခက်ခဲခဲ့ပြီ။ ဒါပေမယ့် . . ။


တခါတလေ ကိုယ် မိုးရေစိုနေတဲ့ အချိန်မျိုးးမှာ သူ့ကို ခြောက်ခြောက်သွေ့သွေ့ ပတ်ဝန်းကျင်မျိုးမှာ ရှိနေစေချင်တယ်။ ကိုယ် အစာမမှန်လို့ အစာအိမ် ပြန်အောင့်တတ်တဲ့ အခါမျိုးမှာ အစားမှန်မှန်စားစေ ချင်တယ်။ ကိစ္စတစ်ခုခုကို ရင်ဆိုင်ဖြေရှင်းနေရလို့ အိပ်ရေးပျက်တဲ့ ညတွေကြုံလာတဲ့ အခါမျိုးမှာ အိပ်စက် ချိန်ရဲ့ အရေးပါပုံတွေ သိစေချင်တယ်။ အဲ့ဒါကို ဘေးလူတွေ အမြင်မှာ အချစ်ဆိုတဲ့ စကားနဲ့ ပေါ့ပေါ့ပါးပါး ဘောင်မခတ်စေချင်ဘူး။ သာမန်လူတွေ ခံစားလို့ရတဲ့ အပေါ်ယံကနေ လူတွေ ပေါ့ပေါ့ပါးပါး သတ်မှတ် ထားတဲ့ ဘောင်တစ်ခု အလွန်မှာ သူရှိနေတယ်။ အဲ့ဒီ အနားကွပ်တစ်ခုရဲ့ အပြင်ဘက် လွတ်လပ် ကျယ်ပြောတဲ့ တစ်စုံတစ်ရာဟာ သူ့ရဲ့ နိစ္စဓူဝ အစစကို အဆင်ပြေချောမွေ့နေစေလိမ့်မယ်။


ကိုယ်ပေးနိုင်တဲ့ ခွန်အားက အဲ့ဒီလို ချစ်ခြင်းမျိုး။


(ခ) လောင်ဇူးကပဲ ထပ်ပြောသေးတယ်။
“တစ်စုံတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်မိတဲ့အခါ သတ္တိတွေ ရှိလာတယ်” တဲ့။


သူ နေကောင်းတယ်၊ အစစ အရာရာမှာ အဆင်ပြေပြေ ရှိနေတဲ့ သတင်းမျိုးကို ကြားရတဲ့အခါမှာ ကိုယ့်စိတ်က ဘာကြောင့် လွတ်လပ်ပေါ့ပါး နေရတာလဲဆိုတဲ့ မေးခွန်းမျိုးကို ဘယ်တုန်းကမှ ကိုယ့်ကိုယ် ကို မမေးဖူးဘူး။ သီချင်းတစ်ပုဒ်ရဲ့ အဓိပ္ပါယ်ကို ပိုပြီးတော့ လေးနက်နိုင်စေ စွမ်းတဲ့သူ၊ ညနေခင်း တစ်ခုရဲ့ သာယာမှုကို ပိုပြီးတော့ ကြည်လင်စေနိုင်စွမ်းတဲ့သူ၊ အဲ့လိုလူ တစ်ယောက်ဟာ ကိုယ့်စိတ်ထဲကို ဘယ်အချိန် ဘယ်လိုရှု့ထောင့်မျိုးကနေ ၀င်ရောက်လာခဲ့ မိပါလိမ့် ဆိုတာကို ကိုယ်တိုင် တောင်မှ သတိမထားမိခဲ့ဘူး။


အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းလား၊ ရယူခြင်းလား၊ ဖွင့်ဆိုမှုတွေ အမျိုးမျိုးကြားက သူဟာ အမှတ်သဥာ တစ်ခု အနေနဲ့ ကိုယ့်ဆီကို ရောက်ရှိလာခဲ့တာတော့ သေချာဖူးတယ်။ မတော်တဆ တွေ့ဆုံမှုပြီးတဲ့နောက် ရက်ပိုင်းများစွာ ကိုယ် ပျော်ရွှင်နေမိတာ . . ဒါဟာ ရူးသွပ်တစ်ခုမျှသာ ဖြစ်ပြီး သာယာမှုမဟုတ်ပါစေနဲ့လို့ အခါခါ ဆုတောင်းမိခဲ့ပါသေးတယ်။ ကိုယ့်ရဲ့ ၀ါသနာဟာ သူ့ကို ပျော်ရွှင်စေမယ့် အရာမျိုး ဖြစ်စေချင်တယ်။ အနည်းဆုံးတော့ ကိုယ့်ရဲ့ ကဗျာဆိုတာကို နည်းနည်းလောက် ဖတ်ကြည့်စေချင်မိတယ်။ ဒါပေမယ့် . . ။


ဘ၀မှာ သူရဲ့ အထင်သေးခြင်းကို ရူးမတတ်ကြောက်ရွံခဲ့တဲ့ ကိုယ်က သူ့ ရှေ့မှာ အကြိမ်ကြိမ် လူကြီးဖြစ် ချင်ခဲ့တယ်။ ကိုယ့်ကို လူကြီးတစ်ယောက်လို အရေးတယူရှိစေချင်ခဲ့တယ်။ ကိုယ့် ဆုံးဖြတ်ချက်တွေဟာ သူ့အနေနဲ့ ဟာသ မဖြစ်စေချင်ခဲ့ဘူး။ တွေဝေမှုကို မနှစ်သက်တဲ့ လူတစ်ယောက်အတွက် ကိုယ်ဟာ ပြတ်သားမှုတွေနဲ့ ယဉ်ပါးလာခဲ့တယ်။ ပေါ့ပါးသွက်လက်နေတဲ့ သူတစ်ယောက်အတွက် ကိုယ်ဟာ လေအဖြစ်ကို ပျော်မွေ့ခဲ့တယ်။


တကယ်တော့ ကိုယ်ဟာ သူ့စိတ်နဲ့ ကိုယ့်ကိုယ်ကို ပြတ်ရှနေအောင် သွေးခဲ့တဲ့ ဓါးတစ်လက်။

(ဂ) အီဗာ ဂေ့ဘာက ပြောတယ်။

“အချစ်ဟာ စစ်ပွဲတစ်မျိုး.. ဒါပေမယ့် နှစ်ဘက်စလုံးနိုင်တဲ့ တိုက်ပွဲ” တဲ့။

ဘေးနားက တိုက်ပြိုင်မရှိတဲ့ ကိုယ်တို့အခန်းလေးဟာ လေကောင်းလေသန့်ကို ရစေတယ်။ ကိုယ်အချိန် ရတဲ့အခါ စာရေးစာဖတ်လုပ်တဲ့ စာကြည့်ခုံနားက ပြတင်းတံခါးပေါက်ကို ဖွင့်လိုက်ရင် အဟန့်အတား မရှိဘဲ ကျယ်ဝန်းလွတ်လပ်တဲ့ ကောင်းကင်ပြင်ကြီးရှိတယ်။ အဲ့ဒီကောင်းကင်ထဲက တစ်လက်လက် ကြယ်ပွင့်လေးတွေထဲက ကိုယ် ပြတင်းပေါက်နဲ့ တန်းနေတဲ့ ကြယ်ကလေးကို သူ့နာမည်ပေးထားတယ်။


ကိုယ်သူ့ကို စကားတွေ အများကြီး ပြောဖြစ်တယ်။ သူနားလည်မယ်ထင်နိုင်တဲ့ စကားလုံးမျိုးရော၊ သူ မရင်းနှီးတဲ့ စကားလုံးမျိုးတွေရော . . ။ ကိုယ့်ရဲ့ ထွက်ပေါက်ဟာ အဲ့ဒီ ကြယ်ကလေး ဖြစ်မှန်းမသိ ဖြစ်လာ တယ်။ ဒီနေ့ညတော့ အုံ့အုံ့မှိုင်းမှိုင်းဖြစ်နေတဲ့ မိုးသား တိမ်လိပ်တွေကြောင့် ကိုယ် သူ့နာမည်နဲ့ ခပ်မိုက်မိုက် ကြယ်လေးကို မမြင်နိုင်ဘူး။ ပြတင်းပေါက်ကနေ အရှိန်ပြင်းပြင်းနဲ့ ကျွံကျလာတဲ့ မိုးစက် မိုးပေါက်တွေကို ဟန့်တားနိုင်ဖို့ ကြယ်ကလေးဆီ မြင်နိုင်တဲ့ ပြတင်းတံခါးကို ပိတ်လိုက်တယ်။ ပြီးတော့ ကိုယ် တစ်ခုခုကို သဘောပေါက်သွားတယ်။


ကိုယ် . . . တစ်ယောက်တည်း တိုက်မိတဲ့စစ်ပွဲမှာ ကိုယ်တစ်ဘက်သက် ကျရှုံးနေဆဲပဲဆိုတာ။ စစ်မျက်နှာ ကို ဖွင့်တဲ့သူတစ်ဘက်က ကိုယ်ဖြစ်နေမယ် ဆိုရင်တောင်မှ တစ်ဘက်က ဘယ်လိုမှ တုံ့ပြန်မှု မပေးတဲ့စစ်၊ တနည်းအားဖြင့်တော့ တစ်ဘက်တည်း တိုက်နေရပြီး တစ်ယောက်တည်း ကြိတ်ရှုံးနိမ့်နေရတဲ့ တိုက်ပွဲမျိုး၊ ဒါပေမယ့် . . ကိုယ့်ရဲ့ ယုံကြည်ချက်က တိတ်တခိုးအဖြစ်မှာ အလံဖြူတဖျတ်ဖျတ်နဲ့ ငြိမ်သက်သွားဖို့ ဘယ်တော့မှ မဟုတ်ဘူး။ 

နှင်းနုလွင်
၁၆၊ ၀၇၊ ၂၀၁၄


0 comments:

Post a Comment