
နှစ်ပေါင်းများစွာ ကတည်းက ရေအောက်တွင် နစ်မြုပ်နေခဲ့သော ဓမ္မစေတီ
ခေါင်းလောင်းတော်ကြီးအား လာမည့် မြန်မာသက္ကရာဇ် ၁၃၇၆ခုနှစ် ၀ါဆိုလဆန်း ၁၄
ရက်( သြဂုတ်လ ၈ရက်)တွင် ရေထဲမှ ကုန်းပေါ်သို့ နှစ်ပတ်အတွင်း ဆယ်ယူသွားမည်
ဖြစ်ကြောင်း ခေါင်းလောင်းတော်ကြီးအား ဦးဆောင်ဆယ်ယူမည့်သူ
ဦးစံလင်း(ကော့သောင်း)၏ ပြောကြားချက်အရ သိရသည်။
ယင်းနှင့်ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲအား ဇူလိုင်လ၂၅ရက်က ရန်ကုန်မြို့ Orchid Hotelတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပရလောကသား အကူညီများဖြင့် ဆယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
“ခေါင်းလောင်းဆယ်ယူတဲ့ နေရာမှာ မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ပရလောကသားတွေရဲ့ အကူအညီနဲ့ ဆယ်ယူသွားမှာပါ။ သိပံ္ပခေတ်ကြီး ရောက်နေတဲ့ အတွက် ပရလောက အကူအညီနဲ့ ဆယ်တယ်ဆိုတာ ယုံချင်မှယုံမှာပါ။ ဒါပေမဲ့ မယုံလို့တော့ မရပါဘူး” ဟု ခေါင်းလောင်းတော်ကြီး ဆယ်ယူမည့် ဦးစံလင်းက ပြောကြားသည်။
ခေါင်းလောင်းတော်ကြီးသည် ရေအောက်၌ နစ်မြုပ်တည်ရှိနေသည်ကို ဒဏ္ဍာရီပုံပြင်ဆန်ဆန် မှတ်ယူနေကြသော်လည်း ယခုကဲ့သို့ ဆယ်ယူမည်ဟု ဆိုခြင်းကို မဖြစ်နိုင်ဟု ထင်မြင်ယူဆနေကြ သော်လည်း ၄င်းခေါင်းလောင်းတော်ကြီးကို ယခုအခါ ရှိ/မရှိ ရှာဖွေခြင်း မဟုတ်ဘဲ မြန်မာ့နည်း၊ မြန်မာ့ဟန် အဆင့်မြင့် နည်းပညာများအပြင် သီလ၊သမာဓိ၊ပညာ ကတိသစ္စာများနှင့် ၁၂နှစ်တိတိ ကြိုးစားအားထုတ်ပြီးမှ ယခုကဲ့သို့ တူးဖော်ဆယ်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်မှာဖြစ်ပြီး ရှာဖွေခြင်း လုပ်ငန်းကို လုပ်ဆောင်ခဲ့သည့်အပြင် ၁၁-၈-၁၉၉၈ ခုနှစ် မြန်မာ သက္ကရာဇ် (၁၃၆၀ပြည့်နှစ် ၀ါခေါင် လပြည့်ကျော်၎ရက်)တွင် ရေအောက်သို့ ကိုယ်တိုင်ရေငုတ် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။
ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးသည် ရေအောက် ၂၇ပေ၊ မြေကြီးအောက် ၂၅ပေ၊ စုစုပေါင်း ၅၂ ပေတွင် တည်ရှိနေသည်ကို တွေ့ရှိရပြီး နစ်မြုပ်လျက်ရှိသော ခေါင်းလောင်းတော်ကြီး အပေါ်တွင် ပေ၁၀၀ အရှည်ရှိသော ဂျပန်ခေတ်က နစ်မြုပ်ခဲ့သည့် သံသင်္ဘောကြီးရှိနေပြီး ၎င်းကို ဖယ်ရှားပြီးမှသာလျှင် ၄င်းဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ဆယ်ယူရရှိမည်ဖြစ်ကြောင်း၊ ဆယ်ယူရာ၌ ၀ါခေါင်လအပြီး ရေစီးအသန်ဆုံးနှင့် အကြမ်းဆုံးအချိန်ကို ရွေးချယ်ထားကြောင်း ဓမ္မစေတီခေါင်း လောင်းတော်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ကျော် ကမ္ဘာပေါ်တွင် “သံ” မပေါ်ခင် အချိန်က ရွှေ၊ ငွေ၊ ကြေး၊ ဘော်၊ သတ္တု လေးမျိုးဖြင့် သွန်းလောင်းထားပြီး သံပါဝင်ခြင်း မရှိသည့်အတွက် ယခုအခါ ခေါင်းလောင်းတော်ကြီး၏ (ပုဇွန်တုပ်ကွေး) ကွင်းသည် မရှိတော့ပဲ ခေါင်းလောာင်းတော်ကြီးမှာ အောက်သို့ ၄၅ ဒီဂရီ စောင်းနေပြီး အ၀မှာ အပေါ်တွင် ရှိနေသောကြောင့် ခေါင်းလောင်းတော်ကြီးကို Buffer စနစ်ဖြင့် Bouyancy ပြုလုပ်ကာ ကုန်းပေါ်သို့အရောက် ဆယ်ယူ သွားမည်ဖြစ်ကြောင်း ဦးစံလင်းက ဆိုသည်။
“ဆယ်ယူမည့်အချိန်က အကြာဆုံး ၃ရက်၊ အခက်အခဲရှိရင် ၁၀ရက်လောက် ကြာသွားနိုင်ပါတယ်” ဟု ဦးစံလင်းက ခေါင်းလောင်းတော်ကြီးအား ဆယ်ယူမည့် ကြာချိန်ကို ပြောကြားခဲ့သည်။
အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို သယ်ယူရန် သြဂုတ်လ ၈ရက်နေ့တွင် စတင် အချိန်ယူကာ သြဂုတ်လ ၉ ရက်နေ့မှ သြဂုတ်လ ၂၆ရက်နေ့အထိ နောက်ဆုံးထားကာ ဆယ်ယူသွားမည် ဖြစ်ပြီး ယင်းသို့ဆယ်ယူရန် အတွက်ကိုလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံမှ ဇူလိုင်လ ၁၄ရက်က ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကာ ဆယ်ယူရန် ခန့်မှန်း ကုန်ကျငွေ (၁၈၆၄၀၀၀၀၀) သိန်းခန့် ကုန်ကျနိုင်မည် ဖြစ်ကြောင်းနှင့် ဆယ်ယူပြီးစီးပါကလည်း ၄င်းဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို တပ်မတော်(ရေ)တပ်၊ ဧရာဝတီရေတပ် စခန်း ဌာနချုပ်၊ အမြောက်ကြီး နေရာတွင် တင်ပြီး စစ်ရေးပြအဆောင်တွင် ၃လခန့်အချိန်ယူကာ သတ္တုလေးမျိုး ဓာတ်ပြုမှုကြောင့် ခေါင်းလောင်းတော်ကြီး၌ တွယ်ကပ်နေသော ချေးများကို အနုစိတ် ရှင်းလင်း ဆောင်ရွက်ပြီး ရွှေတိဂုံ စေတီတော်ကြီး၌ အပူဇော်ခံ ထားသွားမည်ဖြစ်ကြောင်း ဦးစံလင်းက ပြောကြားခဲ့သည်။
Tomorrow News
0 comments:
Post a Comment