9 Jul 2014

အချစ်ရဲ့ သော့

 
လူတွေရဲ့ ဦးနှောက်ထဲမှာ စကားတစ်ခွန်းကို သိုသိုသိပ်သိပ် ဖွက်ထားကြတယ်။ အဲဒီစကားက မေ့ပစ်လို့ မရသလို တခြားလူကို ပြောလို့လည်း မရဘူး။ အဓိပ္ပာယ် ကြီးကြီးမားမား မရှိဘူး ဆိုပေမယ့် အဲဒီစကားက အရေးပါတဲ့ စကားဖြစ်တယ်။
အဲဒီစကား တစ်ခွန်းက သော့ဖြစ်တယ်။ ခေတ် သစ်သော့ ဖြစ်ပါတယ်။ ပိုက်ဆံ အိတ်ထဲမှာ၊ ကားပေါ်မှာ၊ ကိုယ့်အိမ်က တံခါးပေါ်မှာ အရင်ကလို သော့ပေါက်မျိုး မရှိကြတော့ပါဘူး။ အခုခေတ်သစ်သော့က နားရွက်သဏ္ဍာန်နဲ့ တူတဲ့ အရာလေးပါ။ ကိုယ့်ပါးစပ်ကို အဲဒီသော့နားကပ်ပြီး စကားတိုးတိုး တစ်ခွန်းပြောလိုက်ရင် သော့က ပွင့်သွားပါတယ်။ ဥပမာ တချို့က -- “Tulip ပန်းပွင့်ပြီ” လို့ပြောလိုက်တာနဲ့ သော့ပွင့်သွားပါတယ်။

ဒီကနေ့ခေတ်မှာ သော့ပျောက်လို့ ဆူညံပူညံ လုပ်တာမျိုးတွေ မရှိတော့ပါဘူး။ သော့ဖွင့်ဝိဇ္ဇာလည်း ဒီသော့ကို ဖွင့်ဖို့ မတတ်နိုင်ပါဘူး။ ဒီသော့ကိုဖွင့်ချင်လို့ စကားတွေမနားတမ်း တတွတ်တွတ်ပြောလည်း ဒီသော့က ပွင့်မှာမဟုတ်ပါဘူး။ ကိုယ့်ခေါင်းထဲက အဲဒီစကားတစ်ခွန်းကို ဘယ်သူ့ကိုမှ သင်မပြောပြခဲ့ရင် ဒီသော့ဟာ အရင်ခေတ်သော့ထက် ပိုပြီးလုံခြုံစိတ်ချရပါတယ်။

တစ်ခါတလေမှာ အတိတ်မေ့ရောဂါရလို့ သော့ဖွင့်မရခဲ့ရင် ရဲကိုအကြောင်းကြားပြီး တံခါးရိုက် ဖျက်ဝင် ရင်လည်း ရပါတယ်။ ဒါပေမယ့် ဒီလိုအဖြစ်က မဖြစ်သလောက်နည်းပါတယ်။ တကယ်လို့ အရက်မူးပြီး ဒီစကားတစ်ခွန်းကို ပြောထွက်ဖြစ်ခဲ့ရင်လည်း နောင်တရ၊ စိုးရိမ်စရာမလိုပါဘူး။ အိမ်ပြန်ရောက်တဲ့အခါ အထဲကစကားလုံးကို တခြားစကားလုံးနဲ့ ပြောင်းလိုက်ရုံပါပဲ။ မမှတ်မိမှာ စိုးလို့ဆိုပြီးလည်း စိတ်လှုပ်ရှား စရာမလိုပါဘူး။ တကယ်တော့ ဒီစကားတစ်ခွန်းက မှတ်ရမခက်ပါဘူး။ စိတ်ထဲကနေ အကြိမ်ကြိမ်ရွတ် ဆိုပေးရင် မျက်စိမှိတ်ထားလည်း အဲဒီစကားတစ်ခွန်းကို သင်မြင်ယောင်နိုင်ပါတယ်။ တကယ်မေ့မှ ကြောက်တယ် ဆိုရင်တော့ လက်ပတ်နာရီနောက်မှာ ရေးထားနိုင်ပါတယ်။

ဒီလိုဆိုရင် တခြားလူရဲ့ အိမ်သော့ကို ဖွင့်ချင်တဲ့သူတွေ မရှိတော့ပါဘူး။

ချောမောလှပတဲ့ မိန်းကလေးတစ်ဦးက ဒီလိုသော့ပါတဲ့ အိမ်တစ်လုံးကို ဝယ်လိုက်ပါတယ်။ သူရဲ့ချောမော လှပတာကို ပြောရမယ်ဆိုရင် သူ့မှာချစ်သူရှိပြီးတဲ့နောက် အချစ်က သူ့ကို ပိုလှပစေခဲ့တာ ဖြစ်ပါတယ်။ သူရဲ့အချစ်ရေးက အရမ်းလှပ ချိုမြိန်ခဲ့ပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ် သုံးကြိမ်လောက် သူ့ထက် အသက် နည်းနည်းကြီးတဲ့ ချစ်သူနဲ့ စားသောက်ဆိုင် သွားကြ၊ ကလပ်သွားကြပါတယ်။

လှပတဲ့နွေညတွေမှာလည်း နှစ်ယောက်သား မြစ်ထဲမှာ လှေငယ်လေးစီးကြပါတယ်။ ငယ်ရွယ်နုပျိုခြင်းကို နှစ်ယောက်သား အတူတကွ ပျော်ပျော်ရွှင်ရွှင် ခံယူနေခဲ့ကြတယ်။

ဒါပေမယ့် ဒီညမှာတော့ မိန်းကလေးရဲ့ စိတ်ခံစားချက်က မကြည်လင်နေခဲ့ဘူး။ ဘာမှမဟုတ်တဲ့ ကိစ္စနဲ့ သူတို့စကားများကြတယ်။ စားသောက်ဆိုင်မှာ တွေ့ဖို့ ချိန်းထားတဲ့ ချစ်သူကို အကြာကြီး သူစောင့်နေစေခဲ့ လို့ပါပဲ။

“ကိုယ့်ကို ဒီလောက်အကြာကြီး စောင့်ခိုင်းထားတာ ခင် အားမနာဘူးလား”

“အဲဒီလောက် စိတ်မဆိုးပါနဲ့”

“ကိုယ် အလုပ်တွေ အမြန်လက်စသတ်ပြီး လာခဲ့ရတာ”

“ကျွန်မလည်း ကိုယ့်ကိုယ်ကို ခဏလောက်ပြင်ဆင်ပြီး လာခဲ့တာပါပဲ”

“ဒီမှာတွေ့မယ်လို့ ပြောထားတဲ့ ကိစ္စကို ခင်အစောကြီးကတည်းက သိပြီးပြီမဟုတ်လား”

အရင်တုန်းက တစ်ယောက်ယောက် စိတ်ခံစားချက် မကောင်းရင် ကျန်တစ်ယောက်က နှစ်သိမ့်နေကျ။ ဒီတစ်ကြိမ်မှာတော့ ဘာကြောင်းမှန်း မသိပါဘူး.. စကားနိုင်လု မဆဲဖြစ်ခဲ့ကြတယ်။

“ကျွန်မပြန်မယ်…” သူ ပြောပြောဆိုဆို ထထွက်လာတယ်။ ပြဿနာကိုပြေလည် ချင်တာကြောင့် ချစ်သူက သူ့ကို လှမ်းဆွဲမလို့ပါပဲ။ ဒါပေမယ့် လက်က သူ့ပခုံးပေါ်မရောက်ဘဲ သူ့နားကပ်ကို ထိမိသွားတယ်။

“ဒါဆိုလည်း ပြန်ကွာ…”

ဇာတ်လမ်းက အဲဒီက စပါတော့တယ်။

အိမ်အပြန်လမ်းမှာ သူနောင်တရမိတယ်။ ချစ်သူကို နောက်ထပ်တစ်ဖန် သူတွေ့ခွင့်မှ ရပါတော့မလား။ တကယ်လို့ နောက်ကျမှလာတဲ့သူက ချစ်သူကိုတောင်းပန်လိုက်ရင် ကိစ္စပြီးသွားမှာပဲလို့ သူတွေးမိတယ်။ ဒါပေမယ့် သူ ဘာကြောင့် မတောင်းပန်မိပါလိမ့်။ အခုလှည့်ပြန်ပြီး မှားကြောင်းပြောလိုက်ရင်လည်း အချိန်မီသေးတယ်ဆိုတာ သိပေမယ့် မလုပ်နိုင်ခဲ့ဘူး။ ဒါဟာလည်း ခေါင်းမာတာပဲဖြစ်မယ်။ မနက်ဖြန် ကစပြီး အပျော်မရှိတဲ့နေ့ရက်တွေကို သူဖြတ်သန်းရတော့မယ်။ လူငယ်လူရွယ်မို့ ထင်ပါတယ်.. အမှားကို သူဝန်မခံချင်ခဲ့ဘူး။
လေးလံတဲ့ခြေလှမ်းနဲ့ အိမ်တံခါးဝရှေ့ သူရောက်လာခဲ့တယ်။ တကယ်လို့ “ဒီနေ့အရမ်းပျော်ခဲ့တယ်”လို့ တံခါးနားကပ်ပြီး သူ,မပြောရင် တံခါးကပွင့်သွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် အခုချိန်မှာ ဒီစကား တစ်ခွန်းကို သူပြောမထွက်ခဲ့ဘူး။ မပြောရင် အိမ်ထဲဝင်လို့မရဘူး။ ဒါနဲ့ တံခါးရှေ့မှာ ငေးကြောင်ကြောင်နဲ့ သူရပ်နေခဲ့တယ်။ နောက်ဆုံးကျမှ အလွတ်ရွတ်ထားတဲ့ စာတစ်ပုဒ်လို စကားတစ်ခွန်းကို သူ တိုးတိုး ညင်းညင်းပြောလိုက်တယ်။ တံခါးဖြည်းဖြည်းချင်း ပွင့်သွားပါတယ်။ အထဲကနေ တံခါးပြန်ပိတ်လိုက်တာနဲ့ ဒီစကားတစ်ခွန်းကို သူလဲပစ်လိုက်ချင်မိတယ်။ ဒါပေမယ့် ဘယ်လိုတွေးတွေး သင့်တော်တဲ့ စကား တစ်ခွန်းကို သူမရခဲ့ဘူး။ မလဲလို့လည်း မဖြစ်ဘူး။ စဉ်းစားရင်း စီမိတဲ့ဝါကျက “ငါမှားသွားတယ်.. ခွင့်လွှတ်ပါ” ဆိုတာပဲဖြစ်တယ်။

အခုချိန်မှာ ဒီလိုပြောတာပဲ ကောင်းပါတယ်လေ… ငါကိုက ကမောက်ကမနိုင်တာ.. မနက်ဖြန်ကစပြီး ဒီစကားတစ်ခွန်းနဲ့ပဲ နေ့ရက်တွေကို ဖြတ်ကျော်ရတော့မယ်။

နောက်တစ်နေ့မနက်လင်းချိန်မှာ ချစ်သူက သူ့အိမ်ရှေ့ရောက်လာခဲ့တယ်။ ချစ်သူကလည်း သူလွန်ကြောင်း မတောင်းပန်ချင်လို့ စိတ်ရှုပ်နေခဲ့ရတယ်။ သူ့ကိုတွေ့ချင်လာလို့ နားကပ်ပြန်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ရဲ့ခွင့်လွှတ်ခြင်းကို ရဖို့ အခု သူ့အိမ်ရှေ့ကို ချစ်သူရောက်လာခဲ့တယ်။ ဘဲလ်တီး ချင်ပေမယ့် လက်က မလှုပ်ခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အမှားကို အရင်ဝန်မခံ ချင်တာနဲ့ နောက်ဆုံးမှာ နားကပ်ကို တံခါးဝမှာချိတ်ခဲ့ပြီး လှည့်ပြန်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ နားကပ်ကို အိတ်ကပ်ထဲက ထုတ်ပြီး တံခါးဝမှာ သူချိတ်လိုက်တယ်။

အရင်က ပျော်ရွှင်ခဲ့တဲ့ရက်တွေကို သူပြန်စဉ်းစားမိတယ်။ ပန်းခြံထဲက ခုံတန်းရှည်မှာ နှစ်ယောက်အတူ ထိုင်ပြီး ယုယကြည်နူး ခဲ့တာတွေကို သူသတိရမိတယ်။

မနေ့က ချစ်သူမိန်းကလေးအပေါ် သူပြောဆိုခဲ့တာတွေကို သူဝမ်းနည်းနောင်တရမိတယ်။ ဒီလိုဆိုရင် အခုဘာဖြစ်လို့ အိမ်ထဲဝင်ပြီး သွားမတောင်းပန်သလဲ။ ဒီလိုနဲ့ နားကပ်ကို တံခါးမှာ ချိတ်ပြီးတဲ့နောက် သူ့ပါးစပ်ကနေ စကားတစ်ခွန်း မသိမသာ ခုန်ထွက်သွားခဲ့တယ်။

တံခါး ဖြည်းဖြည်းချင်း ပွင့်သွားပါတယ်။ အိမ်ထဲမှာ သောကများနေတဲ့ သူမတစ်ယောက် ချစ်သူကို တွေ့တာနဲ့ လွှားခနဲထခုန်ပြီး ပြေးဖက်ငိုလိုက်ပါတယ်။ ပါးစပ်ကနေ ဘာစကားလုံးမှ ထွက်ကျမလာ ခဲ့ပေမယ့် ရင်မှာတော့ သော့ဖွင့်တဲ့ စကားတစ်ခွန်းကို သူပြောနေခဲ့မိပါတယ်။

ပွင့်သွားတဲ့ တံခါးရဲ့ နားရွက်သဏ္ဍာန် အပေါက်မှာ ချိတ်ထားတဲ့ နားကပ်လေးက ဖြည်းဖြည်းချင်း လှုပ်ယမ်းနေဆဲ …..

------
မူရင်းရေးသားသူ--- ဂျပန်စာရေးဆရာ Shinichi Hoshi (1926 - 1997)

နိုင်းနိုင်းစနေ ဘာသာပြန်ခံစားသည်။

**** The Chic မဂ္ဂဇင်း ဂျူလှိုင်လထုတ်အတွက် ရေးခဲ့တဲ့စာမူဖြစ်ပါတယ်။


0 comments:

Post a Comment