19 Jul 2014

မှတ်မှတ်သားသား ဗိုလ်ချုပ်စကား


ဇူလိုင် ၁၉ ရက်နေ့သည်ကား မြန်မာပြည်သူတစ်ရပ်လုံး၏ မမေ့နိုင်သော၊ မမေ့အပ်သော နေ့တစ်နေ့ဖြစ်ပါသည်။ ဤနေ့သည်ကား မြန်မာပြည်သူတစ်ရပ်လုံး၏ ဝမ်းနည်းကြေကွဲဖွယ်ရာ အာဇာနည် နေ့ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွာ အာဇာနည်ခေါင်းဆောင် ကြီးများအား ထိုနေ့ရောက်တိုင်း သတိတရရှိနေဆဲ ဖြစ်ပါသည်။ အမှတ်ရနေဆဲဖြစ်ပါသည်။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော စကားများကို မှတ်မှတ်သားသားရှိနေဆဲ ဖြစ်ပါသည်။

ယနေ့အချိန်အခါသည် ကျွန်ုပ်တို့နိုင်ငံအနေဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက် အကောင်အထည်ဖော် ဆောင်ရွက်နေချိန် ဖြစ်ပါသည်။


ဒီမိုကရေစီနှင့်ပတ်သက်၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် မေ ၁၉ ရက် ပဏာမ ညီလာခံတွင် “ဒီမိုကရေစီဆိုတာ ဘယ်လိုအင်္ဂါရပ်မျိုးနဲ့ ညီညွတ်ရ မလဲ။ အဲဒီလို ကျပ်ပြည့်တင်းပြည့် ဒီမိုကရေစီမျိုးကို ကျုပ်တို့ ဘယ်လိုတည်ဆောက်ရမလဲ။ ချက်ချင်းဖြစ်မလား။ ဘယ်လောက် ကြာမလဲ။ ဘယ်နည်းအကောင်းဆုံးလဲဆိုတာတွေကို အခုကျုပ်တို့ တိုင်းပြည် တည်ဆောက်ရမယ့်အခါ အထူးစဉ်းစားရမယ့် အချက်တွေပဲ။ နိုင်ငံရေးဟာ စီးပွားရေးအခြေခံပေါ်မှာ တည်တယ်။ နိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေကလည်း စီးပွားရေး သဘော တရားတွေနှင့် ကင်းလို့မဖြစ်နိုင်ဘူး” ဟူ၍ မိန့်ကြားခဲ့ပါသည်။


တစ်ဖန် လွတ်လပ်ရေးနှင့်ပတ်သက်ပြီး အကျိုးရှိရှိအသုံးချ တတ်အောင်လည်း ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဧပြီ ၅ရက် အသံလွှင့်မိန့်ခွန်းတွင် “လွတ်လပ်ရေးရအောင် ကျွန်တော်တို့ကြိုးပမ်းနေကြတာဟာ မြန်မာတွေ လွတ်လပ်ပြီဟေ့လို့ ပြောကောင်းရုံလေးအတွက် ကြိုးပမ်းခဲ့ကြတာ မဟုတ်ပါဘူး။ ခပ်တိုတိုပြောရရင် မြန်မာတွေ လူတန်းစေ့စေ့ နေနိုင်အောင်လုပ်ပေးဖို့ လွတ်လပ်ရေး အတွက်ကြိုးပမ်းနေကြတာ၊ အဲဒီတော့ မြန်မာတွေ လွတ်လပ်ပြီးတဲ့နောက် လူတန်းစေ့စေ့နေနိုင်ဖို့ အလုပ်တွေကိုမလုပ်ရဘဲ၊ ကဖျက်ယဖျက်သမားတွေနဲ့ နှောင့်ယှက်မှုတွေကို တုံ့ပြန်နေရတာနဲ့ အချိန်ကုန်နေကြရမယ်ဆိုရင် လွတ်လပ်ရေးရတာဟာ အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး” ဟူ၍လည်း ပြောကြားခဲ့လေသည်။


မှန်ပါသည်။ ကျွန်ုပ်တို့နိုင်ငံတွင် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက်လျက်ရှိပါသည်။ ထိုအချိန်တွင် ပူးပေါင်းလုပ်ဆောင်နေရမည့်အစား ဝေဖန်မှု၊ တိုက်ခိုက်မှု၊ တစ်ဦးနှင့်တစ်ဦး အပြစ်ပြော အပုပ်ချနေမှုတို့ဖြင့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်မည်မဟုတ်ပါ။


ထို့အပြင် “လွတ်လပ်မှုနှင့်စည်းကမ်း” နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည်မှာ မှတ်သားစရာပင် ဖြစ်ပါသည်။ “လွတ်လပ်ရေးရဲ့ အဓိပ္ပာယ်က ဘာလဲ၊ လွတ်လပ်ရေးဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ တစ်မျိုးသားလုံး ကောင်းစားဖို့ဖြစ်စေ လုပ်တဲ့နေရာမှာ အခြားတစ်ဦး တစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ”ဟု ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက် ရန်ကုန်မြို့ မြို့တော်ခန်းမကြီး၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားခဲ့သည်။ ဆက်လက်၍လည်း “ ဒီတော့ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ကမ်းမဲ့သဘောမျိုးမဟုတ်ဘူး၊ စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ရှိမှသာလျှင် လွတ်လပ်ရေးဆိုတာဖြစ်နိုင်တယ်”ဟူ၍ မိန့်ကြားခဲ့လေသည်။


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်မှာချက်များသည်ကား မှတ်သားစရာများစွာ ရှိပါသည်။ အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိန့်မှာချက်များကို လေးစားလိုက်နာခြင်းဖြင့် ဂုဏ်ပြုလေးစားရာ ရောက်ပါသည်။ အလေးပြုရာလည်း ရောက် ပါသည်။ ဤအာဇာနည်နေ့မှသည် ဗိုလ်ချုပ်နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်များအား ဂုဏ်ပြုသောအားဖြင့် ၎င်းတို့ချမှတ်ခဲ့သော မိန့်မှာချက်များကို ပြည်သူတစ်ရပ်လုံးက လေးစားလိုက်နာအပ်ပေကြောင်း။ ။

MOI Webportal Myanmar


0 comments:

Post a Comment