28 Aug 2014

Ooredoo တာဝါတိုင် တည်ဆောက်ပေးသူများ ပိုက်ဆံမရရှိ၍ တရားစွဲရန် ပြင်ဆင်နေ


ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo ကုမ္ပဏီအတွက် တာဝါတိုင် တည် ဆောက်ပေးခဲ့သူများသည် တာဝါတိုင်တည်ဆောက်စရိတ်အတွက် ငွေကြေးပြန်လည် မရရှိသည့်အတွက် တရားစွဲရန် ပြင်ဆင်နေကြသည်ဟု သိရသည်။


တာဝါတိုင်တည်ဆောက်ခြင်း စရိတ်အတွက် ငွေကြေးပြန်လည် ပေးဆောင်ခြင်းမရှိသည်မှာ Ooredooနှင့် သက်ဆိုင်ခြင်းမရှိဘဲ Ooredoo မှ တာဝါတိုင်တည်ဆောက်ရန် လွှဲအပ်ထားသည့် Zamil Infra Tele လီမိတက်သာ ဖြစ်သည်ဟုသိရသည်။ တာဝါတိုင် တည်ဆောက်ခြင်းအတွက် ကုန်ကျစရိတ် ပြန်လည် မရရှိခဲ့သည့် ဆောက်လုပ်ရေး ကုမ္ပဏီမှာ တစ်ခုတည်းမဟုတ်ဘဲ ကုမ္ပဏီခုနှစ်ခုဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီတို့သည် မကွေး၊ ရေတာရှည်၊ မင်းဘူး၊ စဥ့်ကူး၊ တောင်တွင်းကြီး၊ ပြည်၊ စစ်ကွင်း၊ အုတ်ဖိုစသည့် မြို့နယ်များအတွင်း တာဝါတိုင်များကို တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။


“အကိုတို့ အခုလူစုပြီး ပိုက်ဆံလာတောင်းတာပေါ့နော်။ မရဘူးဆိုရင်တော့ တရားစွဲသွားဖို့ရှိတာပေါ့။ သူတို့ဘက်ကတော့ ခဏခဏ ရက်ရွှေ့ပြီးချိန်းနေတယ်။ အခု အကိုဆိုရင် သုံးခါရှိပြီ။ ရက်ရွှေ့ထားတဲ့အတိုင်း လာပြီး စောင့်စောင့်နေရတာ။ တချို့ကုမ္ပဏီတွေဆိုရင် ဒီ (ရန်ကုန်) ကို ၂၃ ခေါက်တောင်ရှိပြီ။ သူတို့ ရက်ရွှေ့ချိန်းနေလို့” ဟု တာဝါတိုင် တည်ဆောက်ပေးခဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ ဦးကျော်စည် သူအောင်က ပြောသည်။


တာဝါတိုင် တည်ဆောက်ပေးခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီများသည် အထက်ပါ မြို့နယ်များ၌ တာဝါတိုင် တစ်ခု သို့မဟုတ် တာဝါတိုင် နှစ်ခုကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး တာဝါတိုင်တစ်ခုအတွက် ပျမ်းမျှအားဖြင့် ငွေကျပ် သိန်း ၁၉၀ ဝန်းကျင် အကုန်အကျ ရှိခဲ့သည်ဟု သိရသည်။ အဆိုပါသတင်းနှင့် ပတ်သက်၍ Zamil Infra Tele လီမိတက်သို့ ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ရှိသူတစ်ဦးက တာဝါတိုင်အတွက် ကုန်ကျစရိတ်ကို ရာခိုင်နှုန်းတချို့ ပေးထားပြီးဖြစ်ပြီး စက်တင်ဘာလအတွင်း တာဝါတိုင်ကုန်ကျစရိတ် ၁၅ ရာခိုင်နှုန်းကို ထပ်မံပေးအပ်သွားမည်ဟု ပြန်လည်ပြောကြားခဲ့သည်။


စာချုပ်အရ တာဝါတိုင်တည်ဆောက်မှု ကုန်ကျစရိတ်ကို အရစ်ကျပေးအပ်ရန် သဘောတူညီထားကြောင်း၊ လက်ရှိအချိန်၌ အချို့သော တာဝါတိုင်ဆောက်လုပ်ရေး ကုမ္ပဏီများသည် Zamil ထံမှ ငွေကျပ် သိန်း ၁၀၀ ခန့် ရရှိရန် ကျန်ရှိနေပြီး တာဝါဆောက်လုပ်ရေးကုမ္ပဏီ ၇ ခုအနေဖြင့် စုစုပေါင်း ငွေကျပ် သိန်း တစ်ထောင်နီးပါးကို Zamil ထံမှ ရရှိရန် ကျန်ရှိနေသည်ဟု သိရသည်။


www.internetjournal.com

 

0 comments:

Post a Comment