အလံတိုင်ရဲ့ထိပ်မှာ ပုစဉ်းတစ်ကောင် နားနေတာကို ပိတုန်း တစ်ကောင်က
မကျေမနပ်နဲ့ နေရာလုပါ တယ်။ ပိတုန်းရဲ့ ကိုယ်လုံးက ပုစဉ်းထက်စာရင် ကြီးတော့
ကိုယ်လုံးနဲ့ ၀င်တိုက်လိုက်ရင် ပုစဉ်း လွင့်ထွက် သွားလိမ့်မယ်လို့ ပိတုန်းက
ထင်ပုံရပါ တယ်။ ဒါပေမယ့် ပိတုန်း ဘာလုပ်လုပ် ပုစဉ်းက ခန္ဓာကိုယ်ကို
ထောင်ပြီး အလံတိုင်ထိပ်က သံကွင်း ကလေးကို သူ့ခြေတွေနဲ့ ဖက်တွယ်ထားတော့
ပိတုန်းလည်း ပုစဉ်းကို အလံတိုင်ထိပ်က ရွေ့သွား အောင် ဘယ်လိုမှ
တွန်းထုတ်လို့ မရဘူးဖြစ်နေ ပါတယ်။ အဲဒါနဲ့ ပိတုန်းက အခြားတစ်နေရာကို
ပျံသွားပြီး အလံတိုင်ထိပ်ကပုစဉ်း ထွက်သွားတဲ့ အချိန်ကိုစောင့်ပါတယ်။
ခဏနေတော့ ပုစဉ်းက နားနေရတာလည်း ကြာပြီ၊ အနားမှာလည်း ပိတုန်းကို မတွေ့တာနဲ့
အနီးအနားကို ထပျံပါတယ်။ အဲဒီမှာ ပိတုန်းက ချောင်းနေတဲ့ နေရာက ထွက်လာပြီး
အလံတိုင်ထိပ်ကို တန်းတန်းမတ်မတ် အမြန်ဆုံး ပျံလာပါတယ်။ ဒါပေမယ့် ပုစဉ်းက
ပိတုန်းမရောက်ခင် အလံတိုင်ထိပ်ကို ပြန်ဦးထားပြီး အရင်တုန်းကလိုပဲ
ခန္ဓာကိုယ်ကိုထောင်၊ ခြေတွေနဲ့ အလံတိုင် ထိပ်က သံကွင်းကလေးကို
တွယ်ထားပြန်ပါတယ်။ ပိတုန်းလည်း ပုစဉ်းကို လှည့်ပတ် တွန်းတိုက်ပြီး ဘာမှ
မတတ်နိုင်တာနဲ့ လက်လျှော့ပြီး ထွက်သွားပါတော့တယ်။
အလံတိုင်ထိပ်နေရာကို ဘာဖြစ်လို့ ပုစဉ်းနဲ့ ပိတုန်း လုနေကြသလဲ မသိပါဘူး။ အလံတိုင်ထိပ်ထက် မြင့်တဲ့ သစ်ကိုင်းလို၊ သစ်ပင်ထိပ်ဖျားလို အခြားနေရာတွေလည်း အများကြီးပါပဲ။ ဒါပေမယ့် ရက်အတော်ကြာတဲ့ အထိ ပုစဉ်းက အလံတိုင်ထိပ်မှာ ရှိနေတုန်းပဲ၊ အခြားကို ခဏတစ်ဖြုတ် ပျံသွားတဲ့အခါ ရှိပေမယ့် မကြာခင် ပြန်လာ တယ်။ ပိတုန်းကလည်း မကြာမကြာလာပြီး ပုစဉ်းကို လှည့်ပတ် ရန်ရှာတယ်။
အလုပ်ထဲမှာ ရာထူးနေရာ၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ နာမည်ကောင်း စတာတွေနဲ့ ပတ်သက်ပြီး ဦးထားတဲ့သူက ဦးထား၊ ၀င်လုတဲ့သူက ၀င်လု လုပ်နေကြတာကို တွေ့တဲ့အခါ ပုစဉ်းနဲ့ပိတုန်း ဖြစ်ပျက်နေပုံနဲ့ တူတယ်လို့ တွေးမိ ပါတယ်။ နှစ်ဖက်စလုံး သိပ်ပြီးမသက်သာ လှပါဘူး။ မလုပ်ချင်တာ တွေကို ရက်လနှစ်တွေအကြာကြီး လုပ်နေကြ ရသလို လုပ်ချင်တာတွေကို လည်း ကာလကြာမြင့်စွာ မလုပ်နိုင်ဘဲရွှေ့ဆိုင်း ထားကြရပါတယ်။ ကျယ် ပြောတဲ့ ကောင်းကင်ပြာကြီးထဲမှာ တိမ်တွေ အဖြူရောင် မီးခိုးရောင် စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့ လွင့်မျောသွားကြတာတွေ၊ မြေပြင်ပေါ်မှာ ဖြူနီဝါညို အရောင်အမျိုးမျိုးရှိတဲ့ ပန်းတွေ ဖူးပွင့်နေကြတာတွေ၊ လေပြေ လေညှင်းကလေး တိုက်လာ လိုက်၊ ခပ်ကြမ်းကြမ်း လေကြမ်းတိုက်လာ လိုက် ဖြစ်နေချိန်မှာ ငှက်ကလေးတွေ တစ်ကျီကျီနဲ့ ဟိုဟိုသည်သည် ပျံသန်း သွားနေတာတွေကို မတွေ့မြင်မခံစားနိုင်တော့ဘဲ အလံတိုင်ထိပ် ဆိုတဲ့ နေရာကလေး တစ်ခုထဲကို သဲသဲမဲမဲ ဂရုပြု အာရုံစိုက်နေတာကို သူတို့အစား ဘေးနားက မြင်ရတဲ့သူတွေ စိတ်မောစရာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပုစဉ်းနဲ့ ပိတုန်းတို့ဟာ အလံတိုင်ထိပ်ကို လုဖို့အတွက် မလုပ်ချင်တာတွေကို လုပ်နေကြရတယ်၊ လုပ်ချင် တာတွေကိုကျတော့ မလုပ်နိုင်ဘဲ ရွှေ့ဆိုင်းထားကြရတယ်၊ ကောင်းကင်ပြာကြီး၊ တိမ်ရောင်စုံ၊ အရောင်အသွေး စုံတဲ့ ပန်းအမျိုးမျိုး၊ လေပြေလေညှင်းနဲ့ လေကြမ်း၊ ငှက်ကလေးတွေ စသည်ဖြင့် ပတ်ဝန်းကျင်ရဲ့ သာယာမှုတွေ ကိုလည်း မခံစားနိုင်ကြဘူးလို့ထင်မြင်တာဟာ တကယ်ရောအမှန်တရားနဲ့ နီးစပ်ရဲ့ လား။ အလံတိုင်ထိပ်ကို လုနေတာဟာ ပုစဉ်းနဲ့ ပိတုန်းရဲ့ စိတ်အစဉ်မှာ တကယ့်အနှစ်သာရ ဘ၀အဓိပ်္ပာယ်နဲ့ ပြည့်ဝတဲ့တိုက်ပွဲကြီးကို ဆင်နွှဲနေ တာလား စဉ်းစားစရာ ရှိပါတယ်။
ရာထူးနေရာ၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ နာမည်ကောင်းတွေကို အသိစိတ်ထဲမှာ တကယ့်အနှစ်သာရ ဘ၀အဓိပ်္ပာယ်လို့ ထုတ်ဖော်ယူဆ ထားတာမျိုးမရှိပေမယ့် လက်တွေ့လုပ်ရပ်တွေက အဲဒီအတိုင်း ယူဆထား သလိုမျိုး ဖြစ်နေတတ်ပါ တယ်။ အထူးသဖြင့် ရာထူးနေရာ၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ နာမည်ကောင်းရှိသူတွေကို လူတော်တွေ၊ ရာထူးနေရာ၊ လုပ်ပိုင် ခွင့်၊ ခံစားခွင့်၊ နာမည်ကောင်းမရှိသူတွေကို လူညံ့တွေလို့ သတ်မှတ်တဲ့ ပတ်ဝန်းကျင်မှာ မွေးဖွားကြီးပြင်း လာသူတွေအဖို့ပတ်ဝန်းကျင်ရဲ့ အယူအဆတွေကို အလိုအလျောက် လက်ခံမိပြီး ဘယ်သူတွေအတွက် ဘယ်နေ ရာ ဘယ်အချိန်တွေမှာ ဘယ်လောက် အတိုင်းအတာ အထိဆိုရင် မှန်တယ်၊ ဘယ်သူတွေအတွက်၊ ဘယ်နေရာ ဘယ်အချိန်တွေမှာ ဘယ်လောက် အတိုင်းအတာထက် ကျော်လွန်မယ်ဆိုရင်တော့ မမှန်တော့ဘူး စသည်ဖြင့် မစိစစ်မိတော့ဘဲ လူပုဂ်္ဂိုလ် အချိန်နေရာမရွေး ဘယ်လောက် အတိုင်းအတာ အထိဖြစ်ဖြစ် အားလုံးအတွက် လုံးဝ
ဥဿုံ မှန်ကန်တဲ့ အမှန်တရား အနေနဲ့ လက်ခံမိတတ်ပါတယ်။ တကယ်တော့ လူမှုလောကထဲက
အမှန် တရားတွေ ဆိုတာ များသောအားဖြင့် လူပုဂ်္ဂိုလ် အချိန်နေရာ ရွေးပါတယ်၊
ဘယ်လောက် အတိုင်းအတာအထိပဲ မှန်တယ်ဆိုတဲ့ အကန့်အသတ်တွေ လည်း ကျိန်းသေပေါက်
ရှိပါတယ်။ အဲဒီလိုမျိုး သူ့နေရာနဲ့သူမှ မှန်ကန်တဲ့ အမှန်တရားတွေကို
အားလုံးအတွက် လုံးဝဥဿုံမှန်ကန်တဲ့ အမှန်တရား တွေလို့မှားယွင်းပြီး
ယုံကြည်လက်ခံ မိနေတာမျိုး၊ အသိမဲ့ ကျင့်သုံး မိနေတာမျိုး မဖြစ်ဖို့
လိုပါတယ်။
ပုစဉ်းနဲ့ ပိတုန်းလို အချင်းချင်းရန်လုပ်ပြီး အလံတိုင်ထိပ် နေရာ ကလေးကိုလုရင်း တန်ဖိုးရှိတဲ့ အချိန်တွေကို မကုန်လွန်စေဘဲ အလိုရှိသလောက် အလံတိုင်တွေ စိုက်ထူနိုင်တဲ့ အောင်မြင်သူ လူသားအဖြစ်ကို ရရှိအောင် ကြိုးစားကြဖို့ ဖြစ်ပါတယ်။
ဆရာသုတ
JOB Seeker Journal
0 comments:
Post a Comment