14 Oct 2014

လိပ်ကျွန်းလူသတ်မှု အစိုးရသက်သေတွေ ထွက်ဆိုချက် အမှုမမြောက်

 ဓာတ်ပုံ- ဂူဂဲလ်


လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး အစိုးရ တရားလိုပြ သက်သေ ထွက်ဆိုချက်တွေက လူသတ်မှုနဲ့ ဖမ်းဆီးခံထားရသူ မြန်မာ ၂ ဦး အတွက် အမှု မမြောက် နိုင်ဘူးလို့ သိရပါတယ်။ 
 
လိပ်ကျွန်း လူသတ်မှု တရားခံအဖြစ် ထိုင်းရဲက စွပ်စွဲ ဖမ်းဆီးထားတဲ့ မြန်မာ အလုပ်သမား မောင်ဇော်လင်း နဲ့ မောင်ဝင်းဇော်ထွန်းတို့ကို တရားရုံး တင်နိုင်ရေး အစိုးရ တရားလို သက်သေ ၃ ဦးကို ကော့စမွီတရားရုံး၊ တရားသူကြီး ရှေ့မှောက် ကြိုတင်သက်သေ စစ်ဆေးချက်ရယူခဲ့တာမှာ သက်သေ မောင်မောင် အပါအဝင် စုစုပေါင်း မြန်မာ ၃ ဦးရဲ့ ထွက်ဆိုချက်တွေဟာ အမှုနဲ့ပတ်သက်ပြီး မြင်သိထားတာ မရှိတာကို ထွက်ဆို သွားကြတယ်လို့ သိရပါတယ်။ 
 

 "မောင်မောင် နဲ့ နောက်ထပ် သက်သေ ၂ ဦး စုစုပေါင်း ၃ ဦးက ကြိုတင်သက်သေ ထွက်ဆိုချက် ပေး တာမှာ သူတို့ က အမှုနဲ့ပတ်သက်ပြီး မမြင်၊ မသိတဲ့တဲ့အကြောင်းတွေ ထွက်ဆိုသွားကြပါတယ်။ ဒီတော့ ဟို ကလေး ၂ ယောက်ကို လူသတ်မှုနဲ့ တရားစွဲဖို့ အမှုမမြောက်တဲ့သဘောပါ၊ မောင်ဇော်လင်းနဲ့ 
မောင်ဝင်းဇော်ထွန်း တို့ကလည်း တရားခွင်ရောက်ရင် အမှန်အတိုင်း အကုန် ထွက်ဆိုမယ်လို့ သိရပါတယ်" လို့ မြန်မာ သံရုံးကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီကို ပြောပါတယ်။ 
 

ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ မနက် ၁ဝ နာရီခွဲကတည်းက ထိုင်း တောင်ပိုင်း ကော့စမွီတရားရုံး မှာ အစိုးရ တရားလို သက်သေ ၃ ဦးကို တရားသူကြီး ရှေ့မှောက် ကြိုတင်စစ်ဆေး ထွက်ဆိုချက် ပေးကြ ရတာဖြစ်ပြီး လူသတ်မှု ကျူးလွန်သူအဖြစ် ထိုင်းရဲက စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ မောင်ဇော်လင်း နဲ့ 
မောင်ဝင်းဇော်ထွန်းတို့ ၂ ဦးလည်း တရားခွင်ကို ရောက်လာကြပါတယ်။ 
 

အခုလို အစိုးရ တရားလိုပြသက်သေ ၃ ဦးကို ကြိုတင်စစ်ဆေး ထွက်ဆိုချက်ပေးတဲ့နေ့မှာပဲ ဗြိတိန်နိုင်ငံ ဒု နိုင်ငံခြားရေး ဝန်ကြီးက လန်ဒန်မှာ ရှိတဲ့ ထိုင်း သံရုံး အကြီးအကဲကို ဆင့်ခေါ် ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်း စစ်ဆေးမှုတွေ မှန်ကန်ပြီး ပွင့်လင်းမြင်သာမှု ရှိဖို့ သတိပေးကာ တရားဝင် စာလည်း ပေးခဲ့ပါတယ်။ 
 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း မြန်မာသံအမတ်၊ ဗြိတိန် သံအမတ်နဲ့ ထိုင်းဘုရင့် ရဲတပ်ဖွဲ့တို့ကလည်း လိပ်ကျွန်း လူသတ်မှု အမှုမှန်ပေါ်ပေါက်ရေ၊ လွတ်လပ်ပြီး တရားမျှတတဲ့ စုံစမ်း စစ်ဆေးရေးနဲ့ တရား စီရင်ရေးတွေဖြစ်စေဖို့ ၃ ပွင့်ဆိုင်ဆွေးနွေးကြပါတယ်။ 


 အိမ့်သံစဉ် ~ 


0 comments:

Post a Comment