
ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကက ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လျှင်
တိုင်းပြည်နှင့်လူမျိုးပျက်စီးသွားစရာ မရှိကြောင်း၊ ဗုဒ္ဓဘာသာလည်း
မှေးမှိန်ပျောက်ကွယ်စရာမရှိကြောင်း၊ ထို့ပြင် သူမသမ္မတဖြစ်ပါက
မြန်မာနိုင်ငံသည် ဘာသာခြားတိုင်းပြည် ဖြစ်သွားဖြစ်သွားရန်လည်း
အကြောင်းမရှိကြောင်း တို့ကို ဇူလိုင်လ ၅ ရက်နေ့ စံတော်ချိန် သတင်းစာ
အင်တာဗျူးတွင် မိန့်ကြားထားသည်။
“ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်ရုံနဲ့ ဦးပဉ္စင်းတို့ရဲ့ တိုင်းပြည်နဲ့လူမျိုး
ပျက်စီးသွားစရာမရှိပါဘူး။ ဗုဒ္ဓဘာသာလည်း မှေးမှိန်ကွယ်ပျောက်သွားစရာ
လုံးဝမရှိပါဘူး။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က
ဘာသာတရားအလွန်ကိုင်းရှိုင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေလို့ပါပဲ” ဟု
အထက်ပါသတင်းရင်းမြစ်တွင် ဖော်ပြထားသည်။
ဆရာတော် အရှင်ဆန္ဒာဓိက သည် ဒေါ်အောင်ဆန်းစုကြည် ကိုနိုင်ငံတော်သမ္မတဖြစ်စေလိုကြောင်းကိုလည်းအောက်ပါအတိုင်း မိန့်ဆိုခဲ့သည်။
“ဦးပဉ္စင်းက ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော်သမ္မတကြီး
ဖြစ်စေချင်တာပါ။ ဖြစ်ပါစေလို့ ဦးပဉ္စင်းကတော့ နေ့တိုင်းဆုတောင်းတယ်။
နိုင်ငံသူ၊နိုင်ငံသား အားလုံးကလည်း ဆုတောင်းပေးကြပါလို့ ဦးပဉ္စင်းက
ပြောချင်ပါတယ်” ဟု ဖော်ပြထားသည်။
ဆရာတော် အရှင်ဆန္ဒာဓိကသည်
အစိုးရနှင့် NLDပါတီ ကြားမနေဘဲ အမှန်တရားဘက်ကသာရပ်တည်မည် ဖြစ်ကြောင်း၊
အမှန်ကို သိလျှက်နှင့် ကြား နေခြင်းမှာ
အမှားဘက်လိုက်ခြင်းပင်ဖြစ်ကြောင်း၊NLD ပါတီမှာ ပြည်သူချစ်သော
ပါတီဖြစ်သောကြောင့် NLD ပါတီ၏ လက်ကိုင်တုတ်ဟု ပြောလျှင်လည်း
ဝမ်းသာကြောင်းတို့ကို မိန့်ဆိုခဲ့သည်။
“ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်ရုံနဲ့ ဘာသာကွယ်စရာ အကြောင်းမရှိဘူး။ ဘာသာခြားတိုင်းပြည်
ဖြစ်သွားစရာလည်း အကြောင်းမရှိဘူး။ လူကိုလူလို သဘောထားဖို့
လူကိုလူလိုမေတ္တာထားဖို့ဆိုတာကလည်း ဘာသာရေးအဆုံးအမ ပဲလေ။ အဲဒီ့တော့
ဒကာမကြီးက လူ့အခွင့်အရေးလှုပ်ရှားတယ်ဆိုတာက လူကိုလူလို သဘောထားတဲ့စိတ်
အားကောင်းလာအောင်၊ လူသားချင်း ကိုယ်ချင်းစာတဲ့စိတ် အားကောင်းလာအောင်၊
လူသားချင်းစာနာတဲ့ ယဉ်ကျေးမှု ထွန်းကားလာအောင် လုပ်ဆောင်နေတာဖြစ်တဲ့အတွက်
ဗုဒ္ဓဘာသာလည်း ကွယ်ပျောက်သွား စရာအကြောင်းမရှိပါဘူး” ဟု ဆရာတော်က
မိန့်ကြားသည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတဖြစ်လာပါက
ဘာသာခြားများ နေရာရကြီးစိုးပြီး ဗုဒ္ဓဘာသာအတွက်
စိုးရိမ်ဖွယ်ရာများရှိကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင်
ဝါဒဖြန့်မှုများရှိနေသည်။
ကိုးကား။ ။ ၅ရက် ၇လ ၂၀၁၅ နေ့ထုတ် စံတော်ချိန်
0 comments:
Post a Comment